အောင်မြတ်သာနှင့်ဘုရားအတိုက်(စ/ဆုံး)

Unicode Version

အောင်မြတ်သာနှင့်ဘုရားအတိုက်(စ/ဆုံး)
—————————————————-
” တုံ တုံ တုံ တုံ”
ရွာလယ်ဘုန်းကြီးကျောင်းကနေ ထွက်ပေါ်လာတဲ့ အုန်းမောင်းသံကြောင့် မလှဆောင်တစ်ယောက်အသင့်ပြင်ထားတဲ့ ဆွမ်းဗန်းလေးကို ခေါင်းပေါ်ရွက်ကာ အိမ်အောက်ကိုဆင်းလာခဲ့တယ်။
” မိစိန်ထောတို့ မိခင်မြင့်တို့ မပီးသေးဘူးလားဟေ့၊ ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်နေပြီနော်”
” ပြီးပြီ မလှဆောင်ရေ… ဘုရားကပ်ဖို့ စံပယ်ပန်းသီတာနောက်ကျနေလို့ပါရှင်”
အိမ်နီးနားချင်းတွေဖြစ်တဲ့ မိစိန်ထောနဲ့ မိခင်မြင့်တို့နှစ်ယောက်က တုတ်တံနဲ့သီထားတဲ့ စံပယ်ပန်းချောင်းတွေကိုလက်တစ်ဖက်မှာကိုင်၊ ဆွမ်းဗန်းကို ခေါင်းမှာရွက်ပြီး ဆင်းလာခဲ့တယ်။
လမ်းတစ်လျောက်မှာတော့ ယောဂီဝတ်စုံဝတ်ထားတဲ့ ယောင်္ကျားမိန်းမတွေက ဆွမ်းဗန်းလေးတွေကိုယ်စီရွက်ကာ ရွာလယ်ဘုန်းကြီးကျောင်းဆီကို စီစီရီရီသွားလာနေခဲ့ကြတယ်။
ဒါကတော့ ဥပုသ်နေ့ရောက်တိုင်းကြုံတွေ့နေကြဖြစ်တဲ့ လက်ပံနီရွာဓလေ့တစ်ခု။ ရွာမှာနေတဲ့သူတွေအများစုက မွန်လူမျိုးတွေဖြစ်တာနဲ့အညီ ဘာသာရေးပိုင်းမှာလဲ အခြားရွာတွေထက်ပိုမိုအားသာခဲ့ကြတယ်။ ယခုလဲ ရွာနေသက်ကြီးရွယ်အိုတွေသာမက အပျိုလူပျိုအရွယ်တွေအပြင် သိတတ်နားလည်စဖြစ်တဲ့ ကလေးအရွယ်တွေကပါ ဘုန်းကြီးကျောင်းဝင်းထဲကိုရောက်ရှိနေခဲ့ကြတယ်။
” ဆရာတော် တရားပေးတော့မယ်ဟေ့၊ ဆွမ်းစားဆောင်မှာဝိုင်းလုပ်တဲ့သူတွေထဲက ဥပုသ်ယူချင်ကြတဲ့သူတွေရှိရင် လာခဲ့ကြဟေ့”
ရွာဆော်ကြီးဦးကံဟိန်းရဲ့ အသံကြောင့် ဥပုသ်ယူလိုသူတွေက လုပ်လက်စတွေကိုချပြီး သီလပေးတဲ့နေရာကိုထွက်သွားသလို အချို့တွေကျတော့လဲ အိုးသံခွက်သံတွေမကြားရအောင်နေရာချပြီး တရားသံကိုနားစွင့်နေခဲ့ကြတယ်။
ဒေါ်လှဆောင်လဲ ဥပုသ်သီလယူပြီးတာနဲ့ သံဃာတော်တွေဆွမ်းဘုန်းတဲ့ကျောင်းဆောင်မှာ ဝေယျာဝစ္စတွေလုပ်ပေးနေတဲ့အချိန် ရွာအနောက်ပိုင်းမှာနေတဲ့ ဒေါ်စိန်တစ်ယောက် အနားကိုရောက်လာခဲ့တယ်။
” မလှဆောင် ဒီနေ့ ဥပုသ်ရရဲ့လား..”
” ရပါတယ် ဒေါ်စိန်ရဲ့… ဘာဖြစ်လို့လဲ”
” ကျွန်မကတော့ အိမ်ကအပူတွေကြောင့် ဥပုသ်မယူနိုင်ပါဘူးရှင်”
” အိမ်မှာဘာဖြစ်နေလို့ ဥပုသ်တောင်မယူနိုင်ဖြစ်ရတာလဲ”
” မြို့ကရွှေဆိုင်မှာအလုပ်လုပ်နေတဲ့ အလတ်ကောင်လေ… ရွေငါးမူးသားလက်စွပ်တစ်ကွင်းပျောက်တဲ့ကိစ္စနဲ့လျော်ရမယ်ပြောတယ်၊ မလျော်ရင် ထောင်ချမယ်ဆိုပြီးပြောလို့ စိတ်ညစ်နေတာ”
” ကြားရတာ စိတ်တော့မကောင်းဘူး မစိန်ရယ်.. သူယူတာတော့ မဟုတ်ဘူးမလား”
” သူကတော့ မယူဘူးလို့ပြောတာပဲ၊ ဒါပေမယ့် သူ့ကိုအပ်ထားရင်းပျောက်တာဆိုတော့ လျော်တာကလျော်ရမယ်တဲ့”
” ဟင်း… ဒါဆိုဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ”
” ဟိုလေ.. ပြောရမှာတော့ စိတ်မကောင်းပေမယ့်၊ ဒေါ်လှဆောင် အနေနနဲ့ ကျွန်မကို ငွေလေးအနည်းငယ်လောက် ချေးထားပေးလို့ရမလား၊ နောက်လေးလလောက် စပါးပေါ်ရင်ပြန်ပေးပါ့မယ်”
” မစိန်ရယ်… ကျွန်မကိုအထင်ကြီးနေပြန်ပီ၊ လက်ထဲမှာသုံးဖို့စွဲဖို့ကလွဲရင် အပိုအလိုမရှိပါဘူး”
ဒေါ်လှဆောင်စကားကြောင့် မစိန်မျက်နှာ ပျက်သွားပြီး
” ဟိုနေ့က ဒေါ်လှဆောင်ဆီ ငွေလွှဲရောက်တယ်ဆိုပြီးကြားမိလို့မေးမိတာပါ”
” အော် မစိန်ရယ်… ဒါက ကျွန်မပိုက်ဆံမှမဟုတ်တာ၊ မြို့ပေါ်မှာအလုပ်လုပ်နေတဲ့ သမီးနဲ့သားက အိမ်ပြင်ဖို့လွှဲပေးလိုက်တာပါရှင်”
” အင်းပါ အင်းပါ… ကျွန်မလဲ ဒီလောက်ပိုက်ဆံနဲ့လိမ်မယ့်သူတော့မဟုတ်ပါဘူး၊ မလှဆောင် အဆင်မပြေလဲ နောက်တစ်မျိုးကြံရတော့မှာပေါ့”
မစိန်က မနှစ်မြို့တဲ့မျက်နှာနဲ့ ချာခနဲလှည့်ထွက်သွားပြီး မီးဖိုချောင်ထဲကိုဝင်သွားခဲ့တယ်။
+++++
ညနေအိမ်ပြန်ရောက်တော့ တရားဘာဝနာပွားရင်း အိမ်ပြင်ဖို့ကိစ္စကိုတွေးနေတဲ့ချိန် ပဝါတစ်ထည်ကိုပခုံးပေါ်တင်ပြီး ပြန်ရောက်လာတဲ့ ယောင်္ကျားဖြစ်သူကိုမြင်လိုက်ရတယ်။
” ကိုမောင်သိန်း… ရှင်တစ်နေ့လုံး ဘယ်တွေပျောက်နေတာလဲ၊ ဘုန်းကြီးကျောင်းဇရပ်မှာလဲမတွေ့မိဘူးနော်”
” ရှိပါတယ် လှဆောင်ရယ်၊ မစိန်တစ်ယောက်နင့်ဆီလာတဲ့ချိန် ငါဘေးကဖြတ်သွားတာ သတိမထားမိဘူးဟုတ်လား”
” မစိန်ဆိုမှ ပြောပြရဦးမယ်၊ နေ့လည်က ကျွန်မဆီပိုက်ဆံလာချေးသေးတယ်၊ သူ့သား အလတ်ကောင် အလုပ်မှာ လျော်ဖို့ဆိုပြီးပြောတာပဲ”
” ရှုပ်ရှူပ်ယှက်ယှက်တွေမလုပ်စမ်းပါနဲ့၊ သူ့သားက မြို့ပေါ်မှာ လူဆိုးလူမိုက်တွေနဲ့ပေါင်းပြီး ပျက်စီးနေတာလို့ကြားတယ်နော်”
” ဟင် ဟုတ်လား…”
” နောက်ပြီး တစ်ရွာလုံးမှာပိုက်ဆံလိုက်ချေးထားတာ အတော်စုံနေပြီတဲ့၊ ပြန်တောင်းတော့လဲ ဟိုလှည့်ဒီလှည့်နဲ့ မပေးဘူးလို့ကြားနေရတယ်”
ဒေါ်လှဆောင်လဲ ကြားလိုက်ရတဲ့စကားကြောင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး ရေအိုးထဲကရေတစ်ခွက်ခပ်သောက်ကာ အိပ်ယာထဲဝင်ခဲ့လိုက်တယ်။
+++++
” ဟင်… ဟုတ်လား မလှဆောင်”
” ဟုတ်တယ်တဲ့… ဒါကြောင့် သူပိုက်ဆံလာချေးရင် သတိထားကြနော်”
” ကျွန်မတို့ကတော့ မချေးပါဘူး… နောက်ပြီး ကြားထားတာတစ်ခုက သူက ဖဲလဲရိုက်တယ်တဲ့”
” ဒါကြောင့် သူကအမြဲတမ်းပိုက်ဆံလိုနေတာဖြစ်မှာပေါ့၊ စကားပြောရင် သနားအောင်ပြောတတ်တာကြောင့် ငါက တကယ်ထင်ပြီးစိတ်မကောင်းတွေဖြစ်နေတာ”
မလှဆောင်က အာပေါင်အာရင်းသန်သန်နဲ့ပြောနေတဲ့အသံကို ခေါင်းရင်းထရံနားကနေ မိန်းမတစ်ယောက် ရပ်ပြီနားထောင်နေပြီး ခဏကြာတော့ အံကိုကြိတ်ကာ ချာခနဲလှည့်ထွက်သွားခဲ့တယ်။
++++++
ဒီလိုနဲ့ ဝါထွက်ပြီးနှစ်လလောက်အလိုမှာတော့ မလှဆောင်တို့လင်မယားလဲ စုထားတဲ့ငွေတွေနဲ့ အိမ်ကိုပြင်ဆင်ပြီး အိမ်တက်ပွဲကိုအကျဉ်းချုံးလေးပြုလုပ်ခဲ့ကြတယ်။
” လှဆောင်ရေ… ကိုဒွေးအောင်ကတော့ တိုင်ကပ်နာရီတစ်လုံးလက်ဆောင်ပေးတယ်ဟ”
လက်ဆောင်ပစ္စည်းတွေကို သားသမီးတွေနဲ့အတူဖောက်ကြည့်နေတဲ့ ကိုမောင်သိန်းက တိုင်ကပ်နာရီတစ်လုံးကို ဖင်ပြန်ခေါင်းပြန်ကြည့်ရင်း သဘောကျစွာလှမ်းပြောလိုက်တယ်။
ရွာဓလေ့အရ အိမ်တက်ပွဲလာကြတဲ့သူတွေအနေနဲ့ အလှူငွေတွေထည့်ကြသလို အခုလိုလက်ဆောင်ပေးတဲ့သူတွေလဲရှိခဲ့ကြတယ်။
မလှဆောင်လဲ လက်ဆောင်ဘူးတွေကို ဖောက်ကြည့်ရင်းကနေ တစ်ထွာသာသာကပ်ထူဘူးတစ်လုံးကိုဖွင့်ကြည့်လိုက်ရာ ရွှေရောင်တလက်လက်ထနေတဲ့ ဆင်းတုတော်တစ်ဆူကိုဖူးမြင်လိုက်ရတယ်။
” ဒီမှာ လာကြည့်ဦး ဘုရားဆင်းတုလေးတစ်ဆူပါလား၊ ဘယ်သူပေးသွားတာလဲမသိဘူး”
” ပြစမ်းပါဦး… ဟုတ်ပါရဲ့… မျက်နှာတော်လေးကသပ္ပါယ်လိုက်တာ၊ ဘူးပေါ်မှာ ဘယ်သူပေးတယ်ဆိုတာမပါဘူးလား”
” ဟအင်း ဘယ်သူဆိုတာမရေးထားဘူး”
” ဒါဖြင့်လဲ အိမ်မှာပူဇော်လို့ရတာပေါ့… သားနဲ့သမီးရော မြို့ပြန်ရင်ယူသွားမလား၊ ဟိုမှာကိုးကွယ်လဲရတယ်လေ”
“မြို့မှာက နေရာကျဉ်းတော့ ဘုရားကျောင်းဆောင်ကို အဆင်ပြေသလိုပူဇော်ထားရတာ၊ ဒါကြောင့် အိမ်မှာပဲပူဇော်ထားလိုက်တာက ပိုသင့်တော်မယ်ထင်တယ်”
ဦးမောင်သိန်းလဲ ဆင်းတုတော်ကို ရိုသေစွာပင့်ပြီး ဘုရားကျောင်းဆောင်ပေါ်မှာပူဇော်ထားလိုက်တယ်။
++++++
ဒီလိုနဲ့တစ်လလောက်ကြာတော့ မလှဆောင်တစ်ယောက် ကျန်းမာရေးချူချာပြီး တစ်ရှောင်ရှောင်ဖြစ်လာခဲ့တယ်။
ဦးမောင်သိန်းကတော့ နီးစပ်ရှာဆေးခန်းမှာပြလိုက် ဗေဒင်ယတြာတွေမေးလိုက်နဲ့အလုပ်ရှုပ်နေခဲ့ရာ တစ်နေ့မှာတော့ မလှဆောင်တစ်ယောက် ညကြီးသန်းခေါင် ဆံပင်ကြီးဖားလျားချပြီး ထဟီးဟီး တဟားဟားနဲ့ ထရီပါလေရော။
” လှဆောင် … လှဆောင် ညကြီးသန်းခေါင် ဘာဖြစ်လို့ထရီနေတာလဲ”
” ဖယ်စမ်း… ငါ လှဆောင်မဟုတ်လား အနားကပ်မလာနဲ့ ဟီးဟီးဟီး အဟီး”
အသံရော အမူအယာပါပြောင်းသွားတာမို့ ဦးမောင်သိန်းတစ်ယောက် အနားမကပ်တော့ပဲ ဘုရားကျောင်းဆောင်ပေါ်မှာရှိတဲ့ ပရိတ်ရေဘူးကိုယူကာ အဖုံးကိုဖွင့်လိုက်ချိန်
” နင်က ပရိတ်ရေနဲ့ပက်ဖို့ ကြံနေတာပေါ့လေ၊ လုပ်လိုက်စမ်း… နင့်လောက်အကြံကို ငါကမှုမယ်ထင်နေတာလား အဟီး အဟက်အဟက်” ဆိုတဲ့အသံထွက်လာခဲ့တယ်။
အဲဒါနဲ့ ဦးမောင်သိန်းလဲ ပရိတ်ရေဘူးကို ပြန်ဖုံးလိုက်ပြီး
” နင်ဘယ်သူလဲ… ပြော… ဘာရည်ရွယ်ချက်နဲ့ ငါ့မိန်းမ ကိုယ်ထဲဝင်နေတာလဲ”
” နင်တို့အိမ်မှာနေချင်လို့ကိုနေတာ .. နင်တို့မကြိုက်လဲ မတတ်နိုင်ဘူး အဟီး အဟီး”
မျက်ထောင့်နီနဲ့စိုက်ကြည့်ပြီးပြောလိုက်တဲ့အသံကြောင့် ဦးမောင်သိန်းတစ်ယောက် နံရံမှာချိတ်ထားတဲ့ သိမ်ဝင်ပုတီးကိုဆတ်ခနဲဆွဲယူကာ မလှဆောင်လည်ပင်းမှာ စွပ်ပေးလိုက်တယ်။
အဲဒီတော့မှ အသံနက်ကြီးနဲ့အော်ပြီး ဗိုင်းခနဲပစ်လဲကာ သတိလစ်သွားခဲ့သလို ဘေးအိမ်ကလူတွေကလဲ မလှဆောင်အော်သံကြောင့် လန့်နိုးပြီးရောက်လာခဲ့ကြတယ်။
” ကိုမောင်သိန်း… ဘာဖြစ်တာလဲဗျ၊ ခုနကအော်သံကြားလိုက်လို့ လာကြည့်တာ”
” မင်းတို့အစ်မ လှဆောင်ကို သရဲဝင်ပူးလို့ဟ၊ အခုပဲ သိမ်ဝင်ပုတီးနဲ့စွပ်ပေးလိုက်လို့ ထွက်သွားတာ”
မလှဆောင်ကတော့ လေးလံနေတဲ့ ဇက်ပိုးကိုလက်နဲ့ဖိနှိပ်ရင်း
” ကျွန်မ ကံနိမ့်နေလို့များလားမသိဘူး…. ခုနကအိမ်မက်ထဲမှာ ဘုရားကျောင်းဆောင်ရှေ့ငုတ်တုပ်ထိုင်နေတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်”
” မင်းက ဒီရက်ပိုင်း ဘုရားတရားမှသိပ်မလုပ်ဖြစ်တာ၊ ဒါကြောင့်ဖြစ်တာနေမယ်”
အိမ်နားကလူတွေလဲ မလှဆောင်ပြန်သတိရလာတာကိုမြင်တော့ စိတ်အေးသွားပြီး ကိုယ့်နေရာကိုအသီးသီးပြန်သွားခဲ့ကြတယ်။
နောက်တစ်နေ့ကစပြီး မလှဆောင်လဲ ဘုရားရှိခိုးတာကိုမပျက်မိအောင် သတိထားပြီးနေလာခဲ့တာ လေးရက်လောက်ကြာတော့ ဘုရားရှိခိုးနေရင်း နှာခေါင်းထဲမှာ ညှီစို့သို့ပုတ်အဲ့အဲ့အနံ့တစ်ခုကို မသတီစရာကောင်းအောင်ရရှိခဲ့တယ်။
” ယတ္တာနုဘာဝတော…. ”
” ဝုန်း…”
မေတ္တာသုတ်အစမှာပဲ အိမ်နောက်ဘေးမီးဖိုချောင်းကနေ ထမင်းအိုးပစ်ချတဲ့အသံကိုကြားလိုက်ရတယ်။ ဒီအသံကို ဘုရားရှိခိုးနေတဲ့ မလှဆောင်အပြင် ဆေးလိပ်ထိုင်သောက်နေတဲ့ ဦးမောင်သိန်းပါကြားလိုက်ရတာကြောင့် ခေါင်းနပန်းကြီးသွားပြီး ကြက်သီးမွှေးညှင်းတွေပါထလာခဲ့တယ်။
” လှဆောင် နင့်ဘာသာ လုပ်စရာရှိတာလုပ်၊ ငါသွားကြည့်လိုက်မယ်”
ဦးမောင်သိန်းလဲ ဖယောင်းတိုင်မီးကိုယူပြီး အိမ်နောက်ဖေးကိုသွားကြည့်လိုက်ရာ ထမင်းချက်တဲ့သတ္တုအိုးတစ်လုံးက ကြမ်းပေါ်မှာ ပြုတ်ကျနေတာကိုမြင်လိုက်ရတယ်။
” ဟင်း.. ကြွက်တွေသောင်းကျန်းပြန်ပီထင်တယ်၊ မနက်ကျမှ ဒင်းတို့နဲ့ငါနဲ့တွေ့ဦးမယ်”လို့ကြိမ်းဝါးရင်း ပြန်ထွက်လာခဲ့လိုက်တယ်။
အိမ်ရှေ့အရောက်မှာပဲ မိန်းမဖြစ်သူရဲ့ ဘုရားရှိခိုးသံနဲ့အတူ အိမ်ထရံကိုလက်သီးနဲ့ထိုးတဲ့အသံ တဘုန်းဘုန်းကိုအရှင်းသားထပ်ကြားလိုက်ရတယ်။ ဒီတစ်ခါတော့ မလှဆောင်တစ်ယောက် ဘုရားရှိခိုးသံတွေပါ တုန်ရီလာပြီး ပြူတင်းပေါက်ကို လက်ညိုးထိုးပြခဲ့တယ်။
ဦးမောင်သိန်းလဲ မိန်းမဖြစ်သူပြတဲ့ ပြူတင်းပေါက်ကို လှမ်းကြည့်လိုက်ရာ တံခါးဘောင်ပေါ်မှာ မျက်လုံးပြူးပြူးနဲ့ငုတ်တုတ်ထိုင်နေတဲ့ မျောက်ဝံလိုလို လူလိုလိုအမွှေးစုတ်ဖွားကောင် တစ်ကောင်ကို မီးအလင်းရောင်နဲ့မြင်တွေ့လိုက်ရတယ်။
ဒီတစ်ခါတော့ ထင်ထင်ရှားရှားကြီးမြင်လိုက်ရတာမို့ ဦးမောင်သိန်းတစ်ယောက် လန့်ဖြန့်သွားပြီး ဘုရားရှိခိုးနေတဲ့ မိန်းမဖြစ်သူရဲ့လက်ကိုဆွဲကာ အိမ်အောက်ကိုဆင်းပြေးပါလေရော။
” ကယ်ကြပါဦး…. အိမ်ပေါ်မှာ သရဲ သရဲ သရဲ …”
သွေးရူးသွေးတန်းနဲ့ အော်ပြီးပြေးလာတဲ့ လင်မယားနှစ်ယောက်ကိုမြင်တော့ ရွာထဲကလူတွေ ထွက်လာကြပြီး စိတ်ငြိမ်အောင် ထိန်းပြုလိုက်တော့မှ အနည်းငယ်ငြိမ်သက်သွားခဲ့တယ်။ ဒါတောင် သူတို့မျက်လုံးတွေက ဂနာမငြိမ်နဲ့ ဘေးဘီကို အလန့်တကြားလိုက်ကြည့်နေခဲ့ကြတယ်။
” ကိုမောင်သိန်းတို့လင်မယား ဘယ်လိုဖြစ်ကြတာလဲဗျာ…”
” မင်းတို့ကိုပြောရရင် ယုံမှာမဟုတ်ဘူး… နင်တို့အစ်မ ဘုရားရှိခိုးနေရင်း အိမ်နောက်ဘေးမှာ အသံကြားလို့ထကြည့်တော့ ထမင်းအိုးကို လူတစ်ယောက်ပစ်ချထားသလို ဖြစ်နေတာ၊ အဲဒီကနေ ထွက်လာတော့ ပြူတင်းပေါက်ပေါ်မှာ အမွှေးစုတ်ဖွားနဲ့ကောင်တစ်ကောင် ငုတ်တုတ်ထိုင်နေတာဟ၊ ငါအခုပြောရင်းတောင် ကြက်သီးတွေထလာပြီ”
” ဘုရားရှိခိုးနေရင်းတောင် အဲလိုဖြစ်တာလား”
” အေးကွ… ငါတို့လဲဘယ်လိုလုပ်ရမှန်းမသိတော့ပါဘူးကွာ”
” ဟိုလေ… အိမ်အသစ်ဆောက်တုန်းက မသန့်တဲ့သစ်တွေများပါလာတာရောမဖြစ်နိုင်ဘူးလား”
” အဲဒါတော့ ငါလဲမသိဘူးကွ… တစ်ခါမှလဲမကြုံဖူးတော့ ဘယ်လိုလုပ်ရမှန်းတောင်မသိတော့ပါဘူး”
” ဒါဖြင့် ဒီညတော့ အိမ်မှာပဲအိပ်လိုက်ကြတော့၊ မနက်ကျမှ ဘာဆက်လုပ်ရမလဲတိုင်ပင်တာပေါ့”
ညီတစ်ဝမ်းကွဲဖြစ်သူ မောင်ထွန်းရဲ့စကားကိုလင်မယားနှစ်ယောက်လုံး သဘောတူလိုက်ကြတယ်။
မနက်ရောက်တော့ အိမ်အခြေအနေကိုပြန်ကြည့်ရာ တစ်အိမ်လုံးဗြောင်းဆန်အောင် သောင်းကျန်းထားတဲ့ခြေရာလက်ရာတွေအပြင် ရွံ့ဗွက်တွေပေနေတဲ့ ခြေရာတွေကိုလဲမြင်တွေ့လိုက်ရတယ်။ ဒါပေမယ့် ထူးဆန်းတာက အိမ်မှာရှိတဲ့ပစ္စည်းတွေ ဘာတစ်ခုမှမပျောက်ရှတာကိုပဲ”
” မောင်သိန်းရေ… ညကလေ နင့်အိမ်ထဲမှာ ပစ္စည်းတွေပစ်ထုတ်နေတဲ့အသံတွေကြားရတယ်၊ ငါတို့လဲ အသာချောင်းကြည့်တာ လူကိုမတွေ့ရပဲ အဝတ်တွေဖွာလန်ကျဲနေတာပဲမြင်ရတာ”
အိမ်ခေါင်းရင်းက ဒွေးလေးယဉ်လှ ပြောတဲ့စကားကြောင့် အိမ်ကိုလိုက်ပို့တဲ့သူတွေအားလုံး ကြောက်လန့်သွားခဲ့ကြတယ်။
” ကိုမောင်သိန်း… တစ်ခုခုတော့လုပ်မှဖြစ်တော့မယ်၊ ဆရာတော်ကိုသွားလျောက်ကြည့်ကြမလား”
” အင်း ကောင်းတယ်၊ ဒါမျိုးက ကမ္မဝါဖတ်ပြီး နှင်ထုတ်လို့ရတယ်မဟုတ်လား၊ အခုပဲသွားကြရအောင်”
လူအုပ်ကြီးက ဦးမောင်သိန်း အိမ်ကနေ ရွာလယ်ဘုန်းကြီးကျောင်းဆီကိုရောက်လာခဲ့ကြတယ်။ ကျောင်းပေါ်ရောက်တော့ စာဖတ်နေတဲ့ ဆရာတော်ကိုတွေ့တာနဲ့ ဖြစ်ပျက်ခဲ့တာတွေကို လျောက်တင်မေးမြန်းခဲ့ရာ
” အိမ်း ဒကာမောင်သိန်းတို့အိမ်မှာဖြစ်နေတာတွေကို ဆက်စပ်တွေးတောလိုက်ရင် အိမ်ပရဝဏ်ထဲမှာ မကောင်းတဲ့အရာတစ်ခုခုရှိနေတယ်လို့ ယူဆရတယ်”
” ဒါဆို ဘယ်လိုလုပ်ရမလဲဘုရား၊ သံဃာတော်တွေပင့်ဖိတ်ပြီး ကမ္မဝါရွတ်ဖတ်လို့ကောမရဘူးလား”
” ဘုန်းကြီးတို့က မြတ်ဗုဒ္ဓရဲ့အဆုံးမအောက်မှာနေတာဆိုတော့ တစ်ပါးသူထိခိုက်နစ်နာအောင် လုပ်လို့မရဘူးကွဲ့၊ ဘုရားတရားကိုသာ မြဲမြံအောင်လုပ်ရင် ဘယ်သူမှ ဒုက္ခပေးလို့မရဘူး ဒကာကြီး”
” တင်ပါဘုရား… တပည့်တော်တို့လဲ နေ့ရောညပါ ဘုရားရှိခိုးအမျှဝေတာတွေလုပ်ပေမယ့် ကြုံတွေ့နေရတဲ့အရာက ပိုပိုဆိုးလာလို့ပါဘုရား”
” ဒါဖြင့်ရင် ခဏလောက်စောင့်ဦး”
ဆရာတော်က ဖတ်လက်စစာအုပ်ကို ဘေးမှာချပြီး ကျက်သရေတိုက်ထဲကိုဝင်သွားခဲ့တယ်။ ခဏနေတော့ ပရိတ်ကြိုးနှစ်ခုယူလာပြီး ဦးမောင်သိန်းနဲ့ မလှဆောင်ရဲ့လက်မှာပတ်ပေးကာ
” ဒီပရိတ်ကြိုးက ဘုန်းကြီးနေ့စဉ် ရွတ်ဖတ်နေတဲ့ ဂုဏ်တော်တွေထုံမွှမ်းထားတာကြောင့် ဒကာကြီးတို့အတွက် အထောက်အကူဖြစ်စေမှာပါ၊ မပျောက်ပျက်အောင်သေချာဆောင်ထားကြ” လို့မိန့်တော်မူပြီး ကျက်သရေတိုက်ထဲကိုပြန်ကြွသွားခဲ့တယ်။
ဦးမောင်သိန်းတို့လဲ ဆရာတော်ချီးမြှင့်တဲ့ ပရိတ်ကြိုးကိုဆောင်ထားတာမို့ ယခင်ကထက်အားတက်လာပြီး ကိုယ့်အိမ်ကိုပြန်လာခဲ့ကြတယ်။
ဒီလိုနဲ့ သုံးလေးရက်ကြာတဲ့အထိ ဘာမှမမြင်မကြားရတာမို့ အဆင်ပြေပြီထင်ခဲ့ရာ လေးရက်မြောက်နေ့ညမှာတော့ ဘုရားသောက်တော်ရေလဲနေတဲ့အချိန် အနောက်ကနေ ဆံပင်ဆောင့်ဆွဲတာခံရပြီး လဲကျသွားခဲ့တယ်။
” အမလေး… သေပါပြီတော်..”
” ဟဲ့ လှဆောင် ဘာဖြစ်တာလဲ”
” ကိုမောင်သိန်း… ကျွန်မကို ဆံပင်ဆောင့်ဆွဲလို့တော့”
ကြမ်းပြင်မှာ ဖင်ထိုင်လျက်ကျနေတဲ့ လှဆောင်ရဲ့ စကားကြောင့် ကိုမောင်သိန်း ဘေးဘီကိုလိုက်ကြည့်ပြီး
” မင်းစိတ်ထင်လို့ဖြစ်တာနေမှာပါ … ”
” စိတ်ထင်စရာလား… ဒီမှာကြည့်ဆံပင်တွေတောင် ဖွာလန်ကျဲနေတာမတွေ့ဘူးလား”
မလှဆောင်က ငိုမဲ့မဲ့နဲ့ပြောပြီး အခန်းထောင့်မှာကပ်ကာ ကြောက်လန့်နေခဲ့တယ်။
” ဆရာတော်ပေးထားတဲ့ ပရိတ်ကြိုးရှိနေတာတောင် ဒီလိုဖြစ်တယ်ဆိုတော့ ဘယ်လိုလုပ်ရမှန်းမသိတော့ပါဘူး”
လင်မယားနှစ်ယောက်လဲ တုန်တုန်ရီရီနဲ့ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန် အိမ်နံရံကို တဖုန်းဖုန်းနဲ့ လာရိုက်တဲ့အသံကိုကြားလိုက်ရတယ်။
” ကိုမောင်သိန်း … ရှင်ကြားလိုက်တယ်မဟုတ်လား၊ ကျွန်မတော့ ဒီမှာမနေရဲတော့ဘူး ၊ အိမ်အသစ်ဆောက်ပြီးထဲက တစ်ခုပြီးတစ်ခုဖြစ်နေတာ ကျွန်မ ကြောက်လာပြီ”
” စိတ်အေးအေးထားစမ်းပါ… ဒင်းပဲခြောက်နိုင်မလား ငါတို့ကပဲ နေနိုင်မလား ကြည့်ရအောင်”
ကိုမောင်သိန်းက နံရံမှာချိတ်ထားတဲ့ပုတီးကို လက်မှာကျစ်ကျစ်ပါအောင်ကိုင်ပြီး အရိပ်အခြေကိုစောင့်ကြည့်နေခဲ့တယ်။ ဒီလိုနဲ့ ညသန်းခေါင်အချိန်ရောက်တော့
” လှဆောင်…. နင့်လက်မှာပတ်ထားတဲ့ကြိုးကို ဖြတ်လိုက်၊ မြန်မြန်ဆွဲဖြုတ်လိုက်” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။
” ဟအင်း မဖြုတ်ဘူး… ငါ့ကိုလာဖြုတ်ခိုင်းမနေနဲ့၊ သွားကြ သွားကြ၊ ကိုမောင်သိန်း လုပ်ပါဦး နားထဲမှာ ပရိတ်ကြိုးကိုဆွဲဖြုတ်ဖို့ တိုးတိုးလေးလာပြောနေတယ်”
” လှဆောင် စိတ်ထိန်းစမ်း… ”
” အား… နားထဲမှာ မခံနိုင်အောင်လာပြောနေကြတယ်၊ လာပြောတဲ့သူတွေက အများကြီးပဲ… ကျွန်မ ကျွန်မရူးတော့မယ်နဲ့တူတယ်”
ကိုမောင်သိန်းလဲ မိန်းမဖြစ်သူ ကြောက်လန့်နေတာကိုမကြည့်ရက်တော့ပဲ လက်ကိုဆွဲယူကာ အိမ်ပေါ်ကနေဆင်းလာခဲ့လိုက်ပေမယ့် စိတ်ထဲမှာတော့ ဒေါသနဲ့ကြောက်စိတ်တွေရောထွေးပြီး အံတကြိတ်ကြိတ်ဖြစ်နေခဲ့တယ်။
ကိုမောင်သိန်းလဲ မောင်ထွန်းတို့အိမ်ရောက်တဲ့တိုင်အောင် ကြောက်စိတ်မပြေသေးတဲ့ လှဆောင်ကို အမျိုးမျိုးချော့မော့ပြောကာ ပရိတ်ရေတွေတိုက်၊ ဘုရားစာတွေရွတ်ပေးတော့မှ အနည်းငယ်ငြိမ်သက်သွားခဲ့တယ်။
+++++++
နောက်တစ်နေ့ နေ့လည်လောက်ရောက်တော့ မောင်ထွန်းတို့အိမ်ကို ကပ္ပိယကြီးရောက်လာပြီး
” ကိုမောင်သိန်း… ခင်ဗျားကို ဆရာတော်ခေါ်ခိုင်းလိုက်တယ်၊ အခုချက်ချင်း လာခဲ့ပါဦးတဲ့”
” ဘာကိစ္စရှိလို့လဲ ကပ္ပိယကြီး”
” အဲဒါတော့မသိဘူး… ကိစ္စမရှိရင် အခုသွားလိုက်ဦးနော်”
ကိုမောင်သိန်းလဲ ကပ္ပိယကြီးစကားကြောင့် နံရံမှာချိတ်ထားတဲ့ခမောက်ကိုဆောင်းကာ ဘုန်းကြီးကျောင်းဘက်ကိုထွက်လာခဲ့လိုက်တယ်။ ကျောင်းရောက်တော့ ဧည့်သည်နှစ်ယောက်နဲ့ စကားပြောနေတဲ့ဆရာတော်ကိုမြင်လိုက်တာကြောင့် ခပ်ယို့ယို့လေးအနောက်မှာ ထိုင်နေတဲ့ချိန်
” ဒကာမောင်သိန်း အရှေ့ကိုလာလေ… ”
” တင်ပါဘုရား… တပည့်တော်ကိုခေါ်တယ်ဆိုလို့ ဘယ်လိုအရေးကိစ္စများရှိလို့ပါလဲဘုရား”
” အင်း… ဒကာကြီးတို့အိမ်မှာဖြစ်ပျက်နေတဲ့ကိစ္စကို ဒီဆရာနှစ်ယောက်က ကူညီပေးနိုင်တယ်ပြောလို့ ခေါ်လိုက်ရတာပါ”
” တင်ပါဘုရား… ညကလဲ အိမ်မှာမအိပ်ရဲလို့ မောင်ထွန်းတို့အိမ်မှာ အိပ်လိုက်ရတယ်ဘုရား”
” အင်း… ဘုန်းကြီးလဲ အရုဏ်ဆွမ်းဘုန်းတော့ ဒကာကြီးတို့အကြောင်းကြားမိပါတယ်”
” ဒါနဲ့ ဒီဆရာနှစ်ယောက်ကို အရင်ကမမြင်ဖူးပါဘူး၊ ဧည့်သည်တွေလားဘုရား”
” ဟုတ်တယ်ကွယ့်… သူတို့က လှည်းကျိုးရွာဘက်ကိုသွားမလို့ ခရီးတစ်ထောက်နားရာကနေ ဘုန်းကြီးနဲ့စကားစပ်မိပြီး ဒကာကြီးတို့အကြောင်းကိုပြောမိခဲ့တာ”
” တင်ပါဘုရား.. တပည့်တော်လဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေပြီ၊ မနေ့ညကဆို လှဆောင်တစ်ယောက် ပရိတ်ကြိုးပတ်ထားရင်းကို ဆံပင်ဆွဲဆောင့်ခံရတယ်ဘုရား”
ကိုမောင်သိန်းစကားကြောင့် ငြိမ်သက်ပြီးနားထောင်နေတဲ့ ဧည့်သည်က
” ဆရာတော် ပြောပုံနဲ့ ကိုမောင်သိန်းပြောသလိုဆို အတော်ကိုဆိုးရွားတဲ့ပုံပဲ၊ ကာယကံရှင်တွ သဘောတူမယ်ဆိုရင် အိမ်ကိုလိုက်ပြီး ကြည့်ပေးပါမယ်”
” သဘောမတူစရာမရှိပါဘူး ဆရာရယ်၊ အဆင်ပြေတဲ့အချိန်ကြည့်လို့ရပါတယ်”
” ကဲကဲ ဒါမျိုးကအချိန်ဆွဲနေလို့မကောင်းဘူး၊ မောင်သိန်းတို့ဘက်ကလဲ လက်ခံတယ်ဆိုရင် ချက်ချင်းသွားကြည့်လိုက်တာပိုကောင်းတယ်”
ဆရာတော်ရဲ့ စကားကြောင့် ကိုမောင်သိန်းလဲ ဧည့်သည်ဆရာနှစ်ယောက်ကို မောင်ထွန်းတို့အိမ်ဆီအရင် ပင့်လာခဲ့လိုက်တယ်။ အိမ်ရောက်တော့ ဆရာနှစ်ယောက်ထဲက တစ်ယောက်က မလှဆောင် ခန္ဓာကိုယ်မှာသူတစ်ပါးပြုစားထားတာရှိမရှိ စစ်ဆေးကြည့်ပေမယ့် ထူးခြားတာဘာမှမတွေ့ရတဲ့အတွက် ကိုမောင်သိန်းကိုထပ်စစ်ကြည့်ရာ ဘာမှမတွေ့၊ ဒါကြောင့် ကာယကံရှင်တွေကိုတိုက်ထားတာမဟုတ်ကြောင်း နားလည်အောင်ရှင်းပြပြီး ကိုမောင်သိန်းတို့အိမ်ရှိရာဘက်ကို ကူးလာခဲ့ကြတယ်။
ရွာခံလူတွေကလဲ အထူးအဆန်းတွေမြင်တွေ့ရနိုးနိုးနဲ့ မလှမ်းမကမ်းကနေ လိုက်ပါလာခဲ့ကြတယ်။ ဆရာနှစ်ယောက်က ခြံဝကိုရောက်တာနဲ့ ခြေလှမ်းတွေကိုရပ်လိုက်ပြီး
” အိမ်ထဲကနေ မကောင်းတဲ့ အငွေ့အသက်တွေထွက်နေတာခံစားမိနေတယ်၊ ဒါကြောင့် မဆိုင်တဲ့သူတွေအနေနဲ့ ခြံဝိုင်းထဲကိုမဝင်လာပဲ အပြင်ဘက်မှာပဲနေပေးကြပါ” လို့မေတ္တာရပ်ခံပြီး ကိုမောင်သိန်းနဲ့မလှဆောင်ကိုသာခေါ်ယူပြီး အိမ်ထဲကိုဝင်လာခဲ့လိုက်တယ်။
အိမ်ပေါ်တက်ခါနီး လှေကားထစ်အရောက်မှာတော့ ဆရာနှစ်ယောက်က ခြေဖနောင့်ကို ဒုန်းခနဲဆောင့်ချလိုက်ရာ အိမ်နောက်ဘေးရေကပြင်ပေါ်ကနေ ဘုတ်ခနဲခုန်ချပြီးထွက်ပြေးသွားတဲ့ခြေသံတစ်ခုကို ပြတ်သားစွာကြားလိုက်ရတယ်။
” ဆရာတို့ ကြားတယ်မဟုတ်လား… ဒီကောင်တွေ အိမ်ထဲမှာ တံခါးမရှိ ဓါးမရှိဝင်ထွက်နေကြတာဗျာ”
” မကြာခင်သေချာတဲ့အဖြေတစ်ခုရလာမှာမို့ စိတ်တွေကိုလျော့ထားပေးကြပါ၊ ဒါနဲ့ အိမ်ရဲ့ဘုရားကျောင်းဆောင်က သပ္ပါယ်လှတယ်နော်”
” ဟုတ်တယ် ဆရာ… လှဆောင်က တစ်နေ့ကို သောက်တော်ရေနှစ်ကြိမ်ကပ်တယ်၊ ပန်းတွေကိုလဲ အမြဲလဲလှယ်ပေးတာ၊ ကျွန်တော်တောင် သူ့လောက် မလုပ်နိုင်ဘူး”
” အင်း… ဘုရား တရားမြဲတဲ့ အိမ်မှာတောင် ဒီလိုအဖြစ်မျိုးကြုံနေရတယ်ဆိုရင်တော့ ကျုပ်ထင်တာများဖြစ်နေမလားပဲ”
” ဟင်.. ဆရာက ဘယ်လိုမျိုးထင်နေလို့လဲ”
” ဒီတစ်လောမှာ ဘုရားဆင်းတုတော်ဖြစ်ဖြစ် ပုံတော်ဖြစ်ဖြစ် အသစ်ပူဇော်ထားတာများရှိလား”
” အိမ်သစ်တက်တုန်းက ဘယ်သူပေးလာမှန်းမသိတဲ့ ဆင်းတုတော်တစ်ဆူတော့ ရခဲ့ဖူးတယ်၊ ဒီမှာလေဆရာ”
ကိုမောင်သိန်းက ဘုရားကျောင်းဆောင်ပေါ်မှာ ပူဇော်ထားတဲ့ဆင်းတုတော်ကိုယူပြလိုက်ရာ ဆရာနှစ်ယောက်က လက်ဖျားနဲ့ပင်မထိပဲ နေရာမှာပြန်ချခိုင်းလိုက်ပြီး
” လုပ်တဲ့သူတွေက ငရဲလဲမကြောက်ကြတော့ပါလား” လို့ရေရွတ်ကာ ရေသန့်တစ်ခွက်တောင်းယူပြီး လက်ညိုးနဲ့မွှေကာ တောက်လိုက်တယ်ဆိုရင်ပဲ အိမ်တက်တုန်းကရလာတဲ့ဆင်းတုတော်က ဗိုင်းခနဲ လဲကျသွားတာကို မြင်လိုက်ရတယ်။
” ကိုမောင်သိန်း… လဲကျသွားတဲ့ဆင်းတုကိုပြန်ထောင်လိုက်ပါဦး”
ဒုတိယအကြိမ်ပြန်ထောင်ပြီးချိန်မှာလဲ ရေစက်နဲ့တောက်ရာ ထပ်မံလဲကျသွားခဲ့တယ်။
” လေမတိုက် ဘာမတိုက်ပဲ ဘယ်လိုဖြစ်လို့ ဒီဆင်းတုတစ်ဆူထဲလဲကျနေတာလဲဆရာ”
” အကြောင်းရှိလို့ပေါ့ ကိုမောင်သိန်းရယ်… မောင်ကောင်းရေ အိမ်နောက်ဖေးက ဓါးတစ်ချောင်းသွားယူလာခဲ့”
ခဏနေတော့ မောင်ကောင်းဆိုတဲ့ဆရာက ထင်းခုတ်တဲ့ဓါးမကိုယူလာပြီး ကမ်းပေးလိုက်ရာ ဆရာဖြစ်သူက လဲကျနေတဲ့ ဆင်းတုကို ကောက်ကိုင်ပြီး ပလ္လင်အောက်ခြေကနေ ဓါးနဲ့ခွဲချလိုက်တယ်။
” ဟင်…”
” ဟာ”
” ဘာတွေထွက်လာတာလဲ”
ဘုရားဆင်းတုထဲကနေ ထဘီစတွေအပြင် ကြေးပြားနဲ့လိပ်ထားတဲ့ အင်းစမတွေထွက်ကျလာခဲ့တယ်။
” ဆရာ … ဒါတွေက ဘာလို့ ဆင်းတုထဲမှာရှိနေရတာလဲ”
” အရပ်စကားနဲ့ပြောရရင်တော့ ကိုမောင်သိန်းတို့အိမ်ကို ဘုရားအတိုက်လုပ်ထားတာ”
” ဗျာ… ဘုရားအတိုက် ဟုတ်လား၊ ကျုပ်ဖြင့်တစ်ခါမှ မကြားဖူးပါဘူးဗျာ”
” ဟုတ်တယ်… သူက ဘုရားတရားလုပ်လေလေ ပိုထိလေလေပဲ၊ ဒါကြောင့် မလှဆောင်အနေနဲ့ ပိုခံစားရတာ”
” ယုတ်မာလိုက်ကြတာဗျာ… ကျွန်တော်တို့မှာ ရန်သူလဲမရှိပဲနဲ့ ဘာကြောင့် ဒီလိုလုပ်ရတာလဲမသိဘူး”
” ရန်သူဆိုတာ ကိုယ့်ကိုအတိအလင်းလာပြောတာမဟုတ်ဘူးလေ၊ ဒါကြောင့် ပတ်ဝန်းကျင်မှာ ကိုယ့်ကိုမနာလိုသူတွေအမြဲရှိနေနိုင်တယ်”
” ကျွန်တော်တို့ကို ဘယ်သူလုပ်တယ်ဆိုတာရော သိလို့ရမာလားဆရာ”
” ဒါမျိုးကိစ္စတွေကိုတော့ ကျုပ်တို့ပြောပိုင်ခွင့်မရှိပါဘူး၊ ဒါပေမယ့် သိပ်ပြီးစိတ်ပူမနေပါနဲ့ ဒီအစီအရင်ကို ဖျက်စီးပြီးပြီမို့ ထပ်မဖြစ်တော့ပါဘူး”
” ကျွန်တော်တို့အနေနဲ့ အခြားဘာတွေလုပ်ဖို့လိုသေးလဲဆရာ”
” အိမ်ထဲမှာ မသန့်တဲ့ပစ္စည်းရောက်နေတာကြောင့် သံဃာတော်တွေပင့်ဖိတ်ပြီး ပရိတ်တရားတော်နာရွတ်ဖတ်သင့်တယ်၊ ကျုပ်တို့အနေနဲ့လဲ ဆန်မန်း သဲမန်းတွေလုပ်ပြီး နောက်ထပ်အနှောက်ယှက်တွေမဝင်အောင်တားဆီးပေးခဲ့ပါမယ်”
” ကျေးဇူးတင်ပါတယ်ဆရာ… ဆရာတို့အတွက်ခြေကြွခကိုလဲ လက်ခံပေးပါ”
ကိုမောင်သိန်းက ခြေကြွအဖြစ်ငွေအချို့ကို ကမ်းပေးပေမယ့် ဆရာနှစ်ယောက်က လက်ကာပြပြီး
” ကျုပ်တို့နှစ်ယောက်ကိုပေးတာထက် ဘုန်းကြီးကျောင်းမှာလိုအပ်သလိုသုံးဖို့လှူပေးပါ” လို့ပြောပြီး ဘုရားဆင်းတုအကွဲကို အဝတ်တစ်ခုနဲ့ထုပ်ယူနေခဲ့ကြတယ်။
ပြီးတာနဲ့ သဲမန်း ဆန်မန်းတွေကို အိမ်အတွင်းအပြင် ပက်ဖြန်းပေးပြီး အိမ်အဝင်တံခါးတွေမှာ အင်းမစစာရွက်တွေကပ်ပေးခဲ့ကာ ဘုန်းကြီးကျောင်းဘက်ကို ပြန်ထွက်သွားခဲ့ကြတယ်။
++++++
အရှိန်အဟုန်နဲ့တောက်လောင်နေတဲ့ မီးတောက်ထဲမှာတော့ တစ်ထွာသာသာရှိတဲ့ ဘုရားဆင်းတုအကျိုးအပျက်က တစ်ငွေ့ငွေ့လောင်ကျွမ်းနေခဲ့တယ်။ မီးပုံရဲ့ဘေးမှာတော့ လူနှစ်ယောက်က ငြိမ်သက်စွာထိုင်နေပြီး မီးတောက်မီးလျှံတွေကို ထိုင်ကြည့်နေခဲ့ကြတယ်။ အဲဒီအချိန် ခပ်ဖွဖွနင်းလျောက်လာတဲ့ ခြေသံတစ်ခုကြောင့် ဖျတ်ခနဲလှည့်ကြည့်လိုက်ရာ ကျော့မော့စွာဝတ်စားထားတဲ့ သက်လတ်ပိုင်းမိန်းမတစ်ယောက်ကိုမြင်တွေ့လိုက်ရတယ်။
” သင်ရောက်လာပြီလား…”
” ဆရာတို့ခေါ်တော့လဲ မလာလို့ ဘယ်ရပါ့မလဲရှင်”
” နောက်တစ်ခေါက် ဒီရွာအနီးတစ်ဝိုက်မှာ အလားတူအတိုက်မျိုးထပ်ဖြစ်တာကြားရင် သင်အနှစ်နှစ်အလလသင်ယူခဲ့တဲ့ပညာတွေကို ပျက်စီးအောင်လုပ်ရလိမ့်မယ်”
ပြတ်သားလှတဲ့စကားကြောင့် မိန်းမကြီးမျက်နှာ ကွက်ခနဲပျက်သွားပြီးမှ ဟန်မပျက်ပြနိနေလိုက်ရင်း
” ကျွန်မတို့အနေနဲ့ကတော့ ပြုလုပ်ခိုင်းသူရှိရင် လုပ်ပေးရတယ်ဆိုတာ ဆရာတို့လဲသိမှာပါ၊ ဒါပေမယ့် နောက်နောင်ဒီလိုမျိုးထပ်မလုပ်ရဘူးဆိုတော့လဲ ထပ်မလုပ်ရုံပဲပေါ့ရှင်”
” သင့်နှုတ်ထွက်စကားကို သင်တည်ပါစေလို့ပဲ ပြောချင်တယ်၊ သင့်ဘယ်မှာနေတယ် ဘယ်လိုတွေလုပ်တယ်ဆိုတာ ကျုပ်တို့မသိချင်ယောင်ဆောင်ပေးလိုက်မယ်၊ နောက်ထပ်ကြားလို့ကတော့ ကျုပ်တို့အလွန်မဟုတ်တော့ဘူးနော်၊ သင်သွားလို့ရပြီ”
မိန်းမကြီးက မကျေနပ်ပေမယ့် ဘာမှပြောမနိုင်တာကြောင့် နှုတ်ဆိတ်ကာလာရာလမ်းအတိုင်းပြန်ထွက်သွားခဲ့တယ်။
” ဆရာ… ဒီလိုမိန်းမမျိုးက သေရင် အဝီဇိကိုတန်းသွားမှာကို ဘာလို့ စကားကုန်ခံပြီးပြောရတာလဲဗျာ”
” ဒီလိုပြောထားတော့ နောက်နောင် လက်လွတ်စပယ်မလုပ်တော့ဘူးပေါ့ မောင်ကောင်းရယ်”
” အင်း ဒါလဲဟုတ်တာပဲနော်.. အော်ဒါနဲ့ လှည်းကျိုးရွာကို ဘယ်တော့ခရီးဆက်ကြမလဲဆရာ”
” မနက်ဖြန် အရုဏ်တက်တာနဲ့သွားကြမယ်၊ ဒီညတော့ သတင်းထူးတစ်ခုရလာပါစေမျှော်လင့်ရတာပဲ”
မောင်ကောင်းလဲ အရှိန်သေစမီးပုံကို အနားမှာရှိတဲ့ သဲတွေနဲ့လောင်းဖို့ပြီးချိန်မှာပဲ ဘုန်းကြီးကျောင်းဆီကနေ ဘုရားရှိခိုးဖို့အချက်ပေးတဲ့ အုန်းမောင်းသံ ထွက်ပေါ်လာခဲ့တယ်။
မကြာခင် သံဃာတော်တွေရဲ့ ဘုရားရှိခိုးသံက ညီညာစွာထွက်ပေါ်လာခဲ့သလို အနောက်ဘက်မှာရှိတဲ့ နေမင်းကြီးကလဲ မိုးကုတ်စက်ဝိုင်းကြားထဲကိုခေါင်းငိုက်စိုက်ကာ တိုးဝင်ပျောက်ကွယ်သွားခဲ့တော့တယ်။
+++++
” ရှပ် ရှပ် ရှပ် ရှပ်”
စင်္ကြန်လျောက်နေတဲ့ အောင်မြတ်သာက ကျောအနောက်ကနေ ကြားလိုက်ရတဲ့ခြေသံကြောင့် ခြေလှမ်းတွေကိုရပ်လိုက်ပြီး လှည့်ကြည့်လိုက်ရာ ခြေထောက်နှစ်ဖက်လုံး ခွင်နေတဲ့ လူငယ်တစ်ယောက်ကိုမြင်လိုက်ရတယ်။
” ငခွင်တောင်ရောက်လာပြီကိုး… ဘာအရေးထူးပြီလဲကွယ့်”
” ဆရာပြောတဲ့လူ လှည်းကျိုးရွာထဲကိုရောက်နေပြီ၊ သူ့လွယ်အိတ်ထဲမှာ ကျွဲတွေရော၊ ဘီလူးတွေရော၊ မြွေတွေရောပါလာတယ်ဗျ”
” ဒီလောက်ဆို ရပါပြီ… မင်းလဲ ဟန်မပျက်နေနေဦး၊ မနက်အရုဏ်တက်တာနဲ့ ငါတို့ရောက်လာခဲ့မယ်”
အောင်မြတ်သာစကားကို ခြေထောက်နှစ်ဖက်ခွင်နေတဲ့လူက သေချာနားထောင်ပြီး ဘုန်းကြီးကျောင်းအနောက်ဘက်အမှောင်ထုထဲကို တိုးဝင်သွားခဲ့တယ်။
+++++
လှည်းကျိုးရွာထဲကိုရောက်နေတဲ့ လူက ဘယ်သူဖြစ်မလဲ။
အောင်မြတ်သာက သူ့ကိုဘာလို့စောင့်ကြည့်နေရသလဲဆိုတာကိုတော့
” အောင်မြတ်သာနှင့် မရဏအငြိုးဆိုတဲ့ ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)