“ကွင်းပိုင်သရဲ နှင့် မိုက်ခဲဘဆွေ”(စ/ဆုံး)

“ကွင်းပိုင်သရဲ နှင့် မိုက်ခဲဘဆွေ”(စ/ဆုံး)

————————————————

သာပေါင်းဘက်က အပြန်မှာ ရေကြောင်းခရီးဖြင့်
ပဲ့ထောင့်စီး၍ သံပုရာချောင်မှတဆင့် ကန်ကြီးထောင့်သို့
သတိရသွားခဲ့သည်။ လှေစီးရင်း သူငယ်ချင်းက သတိရစရာတွေ
ထွေရာလေးပါးပြောရင်းမှ ဂျုံးဂျုံးကျအင်း အကြောင်း
ပါလာသဖြင့် ကျနော်အရာရှိပေါက်စဖြစ်ချိန်တွင်
ကြုံတွေ့ရသည့်အမှတ်တရ အဖြစ်အပြစ်ကို
သတိရသွားသည်။

ရှေးထုံးလည်း မပယ်နဲ့ဟူသည့် ရှေးလူကြီးများ၏
စကားသည် အတော်မှန်ကြောင်း ကောင်းကောင်းသဘော
ပေါက်စရာ ဖြစ်ရပ်တစ်ခုကို အမှတ်မထင် တွေ့မြင်ခဲ့ရခြင်း ဖြစ်၏။

ဂျုံးဂျုံးကျ အင်းကြီးသည် သာပေါင်းမြို့နယ်အပိုင်ဖြစ်၏
အင်းကြီးအင်းကောင်းဖြစ်၍ စျေးကောင်းရသည်။

ငါးကြီးငါးကောင်းများ၏ ။

ထို့ကြောင့် လူကြိုက်များသည့် အင်းကောင်းတစ်ခု
အဖြစ် ထင်ရှား၏

သည်နှစ်တော့ ဖထီးတို့က ငွေ မနိုင်သဖြင့်
ရန်ကုန်မှ ပွဲရုံသူဋ္ဌေးဖြင့် ပေါင်းပြီး အရယူလိုက်ရသည်။

သို့ဖြစ်၍ အုပ်ချုပ်မှုပိုင်းကို သူဋ္ဌေးက…

သူ့လူယုံများလွှတ်၍ ထိန်းစေလေသည်။

အစကတော့ အဆင်ပြေ၏ ။ သို့သော်
ငါးတွေ ကျမည့်အချိန်ကျမှ လူယုံကို
အပြောင်းအလဲ လုပ်လိုက်၏။

ထိုအချိန်မှစ၍ ကမောက်ကမ အဖြစ်အပျက်များက
တစ်ခုပြီး တစ်ခု တွေ့ရလေတော့သည်။

သူ့နာမည်က ဘဆွေ။

စကားကို ဂျစ်ကန်ကန် ပြောရုံမက ဒေါသလည်းကြီးသည်။
သူရောက်ပြီး တစ်ပတ်ခန့် ကြာသည့်အခါ မထင်မှတ်စရာ
တစ်ခုဖြစ်လာသည်။ ညပိုင်းတွင် အင်းထဲ၌သရဲမီး
တောက်နေသည်ကို အံ့သြစွာ မြင်ကြရလေသည်။

ဒေသအဆိုအရ ငါးများ အများကြီးရတော့မည်
အရိပ်အယောင်ဖြစ်သည်ဟု ဆိုကြသည်။

သရဲက ပျော်လွန်း၍ ငါးများကို ဖမ်းစားနေသည့်သဘောဖြစ်၏။

သည်အယူအဆများကို တစ်ယောက်တစ်ပေါက်ပြောနေချိန်တွင်
ဘဆွေက ကြားသွား၏။

“ဘယ်မလဲ သရဲမီး ။ သရဲနဲ့ တွေ့ချင်နေတာ အတော်ပဲ။
ဟေ့ကောင် ငမဲ ငါ သေနတ် ယူလာခဲ့စမ်းကွာ။
လှေထုတ်လိုက် ။ သွားပစ်ချရအောင်”

ဆိုတော့ တပည့်ကျော် ငမဲလည်း ကြောက်ကြောက်နှင့်ပင်
လှေကို ကြိုးဖြုတ်ကာ လှော်ရန် အသင့်ပြင်ရတော့သည်။

“ကိုဘဆွေရေ သတိထားနော်။
ဒေသက အယူအဆတွေကို မဆန့်ကျင်မိစေနဲ့
ပြီးတော့ ဒီလိုနာနာဘာဝတွေဟာ သေနတ်နဲ့ပစ်တိုင်း
မသေဘူးဗျ။ သူဘာသာသူ မီးတောက်တာပဲဗျာ
အေးဆေးနေစမ်းပါ ။ တော်ကြာ သရဲက အမှတ်ထားပြီး
လက်စားချေမှ အားလုံးကမောက်ကမတွေ
ဖြစ်ကုန်လိမ့်မယ်”

“အင်းသူကြီးကလည်း စိတ်မပူစမ်းပါနဲ့ဗျာ။
ကျုပ်လျှောက်သွားနေတာ နယ်ပေါင်းစုံလာပြီ။
ဒါမျိုးတွေ ပြောကြလွန်းလို့လည်း ရိုးနေပြီ။
ဘာမှ မပူနေနဲ့ ။ ငမဲလှေလှော်တော့ကွာ။
သေနတ်ထဲကို ကျည်ဖြည့်ထားပြီးပြီလား”

“ဟုတ်ကဲ့ဆရာ … ကျည်ဖြည့်ထားပြီးသားပါ။
မောင်းတင်ပြီး ပစ်ရုံပါပဲ”

ဆိုကာ သေနတ်ကို လှမ်းပေးပြီး လှော်ထွက်သွားလေသည်။

တဲပေါ်က လူများကတော့ ဘဆွေ၏
လုပ်ရပ်ကို မကျေနပ်သော်လည်း
ဘာမျှမတတ်နိုင်ဘဲ ခေါင်းခါနေကြရ၏။

နာရီဝက်ခန့် ကြာသည့်အခါ သရဲမီးက
တဖြည်းဖြည်း နီးလာ၏။ ခဏကြာတော့

“ဒိုင်း”

ဟူသော သေနတ်သံကို ကြားရသည်။

ဘာတွေ ဖြစ်ပြီး ပြန်လာကြမလဲ ဟူသည့်သဘောဖြင့်
တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်နေကြသည်။

သရဲမီးကတော့ ခဏပျောက်သွားသည်။

နေရာပြောင်းပြီး ပြန်တောက်နေသည်။

အင်းသူကြီးကတော့ မဲ့ပြုံးပြုံးနေ၏။

နာရီဝက်ခန့်ကြာသည့်အခါ ဘဆွေတို့
ဆရာတပည့်နှစ်ယောက် ရေများစိုရွှဲလျက်
ပြန်လာကြလေတော့၏။

အဖြစ်ကတော့ သရဲကို သေနတ်နဲ့ ပစ်လိုက်ချိန်တွင်
တစ်စုံတစ်ယောက်က လှေကို ရုတ်တရက်
လှန်ချလိုက်သည်ဟု ဆိုသည်။

“အလကားပါ အင်းသူကြီးရယ်။
ဒီကောင်ကြောက်ကြောက်နဲ့ လျှောက်ပြောနေတာပါ။
သရဲပစ်မလို့ ကျုပ်က ထလိုက်တာ လှေကစောင်းသွားတယ်။
သေနတ်အရှိန်ကြောင့် လွတ်ကျသွားလို့
လှမ်းဆွဲလိုက်တာကြောင့် မှောက်သွားပါ”

ဆိုတော့ တပည့်ကျော် ငမဲက
ဆက်မငြင်းရဲတော့ပေ။ သည်ညတော့
သည်မျှနှင့် ပြီးသွားခဲ့သည်။

အင်းထဲတွင် ရေလျော့ထားပြီး ဖြစ်သည်။

ငါးကျမည့်ရက်လည်း ကျော်လာခဲ့သည်မှာ
နှစ်ပတ်ခန့် ရှိပြီ ဖြစ်၍ တစ်ခု,ခုတော့ မှားနေပြီဟု
အင်းသူကြီး၏ စိတ်ထဲတွင် ထင်မိသည်။

သို့ဖြစ်၍ ရှေ့က ဆရာ့ဆရာများ မှာကြားခဲ့သည့်အတိုင်း
ထင်မြှောက်ရန် အကြံပြုလေသည်။

“အလကားပါ အင်းသူကြီးရယ်။
အစွဲအလမ်းတွေ မထားစမ်းပါနဲ့။
သူ့အချိန်ကျရင် ငါးတွေကျမှာပေါ့ဗျာ။
နေရာဒေသမရွေး သူတို့ တွေးပြီး ကြောက်တဲ့
ရှေးရိုးအစဉ်အလာတွေကို တမင်တကာ ပစ်ပယ်နေတာကို
ကြောက်နေပြတာလား။ ကျုပ်တားတားကို မှားတယ်ထင်ရင်
ခင်ဗျားတို့ အင်းပိုင်းနယ်ပိုင်တွေက ကျုပ်ကို လုပ်ချင်တာ
လုပ်စမ်းပါစေဗျာ။ ဘဆွေတို့က ပြုံးပြုံးကြီး ခံပါ့မယ့်”

ဆိုသည့်အခါ အင်းသူကြီးခမျာ ဒေါသထွက်သော်လည်း
လူကြီးဆိုတော့ မဲ့ပြုံးသာပြုံးနေတော့သည်။

နှစ်ရက်ခန့်ကြာသည့်အခါ ရန်ကုန်က သူဋ္ဌေးက
ဘယ်သူ့ထံမှ ကြားသည်မသိ။

နယ်ပိုင်အင်းပိုင်ပွဲများတင်ရန် ဖုန်းဖြင့် ညွှန်ကြားလေတော့သည်။

သည်တစ်ခါတော့ ဘဆွေ ဘာမျှမတတ်နိုင်တော့။

ပုသိမ်ကိုသွားပြီး သူသောက်တတ်သည့်
အရက်အကောင်းစားသုံးလုံးနှင့် လိုအပ်သည်များကို
ဝယ်လာခဲ့သည်။

နောက်နေ့တွင် ပိုင်ရာဆိုင်ရာများကို ကန်တော့ပွဲများ ပေး၍

“အမှားရှိလျှင် ခွင့်လွှတ်ပါ”

ဟု တောင်းပန်းရင်း…

“ငါးကြီးငါးကောင်းများ လျှောထဲသို့ ကျအောင်
လုပ်ပေးတော်မူပါ”

ဟု ဆုတောင်းကြလေသည်။

ညနေရောက်တော့ ပွဲများကို စွန့်ကာ အရက်ကတော့
ငါ့အတွက်ဆိုပြီး ယူသွားလေ၏။

တိုက်ဆိုင်မှု ရှိပြီလား။

သို့တည်း မဟုတ် ငါးများပင် မနေနိုင်တော့၍လားမသိ
အပေါ်ငါးများအတော်များများ စပြီးကျလာလေသည်။

“ဘယ်လိုလဲ အင်းသူကြီးရဲ့ အချိန်တန်တော့
ငါးကျလာတာပဲလေ”

ဟု လှောင်ပြုံး,ပြုံးကာ ပြောသည့်အခါ
အင်းသူကြီးက ဘာမျှပြန်မပြောဘဲ
လျှောထဲကိုသာ စိုက်ကြည့်ပြီး မြွေများကို
အထူးသတိပြုထားရန် မှာကြားနေလေသည်။

သည်ဆည်၏ သဘာဝမှာ ငါးများမကျမီ
အင်းထဲရှိ မြွေများ အရင် ကျသည်။

ပြီးမှ ငါးကြင်းများနှင့် ငါးပြေမများ။

ငါးရံ့ ငါးခူကြီးများ ကျလာတော့သည်။

အင်းလုပ်သားတွေကတော့ ငါးများများ
ကျလာသဖြင့် ပျော်နေကြလေသည်။

အင်းသူကြီးကတော့ အိပ်ရေးပျက်ခံကာ
အလုပ်သမားများနှင့်အတူ ငါးများကျသည့်
အခြေအနေကို စောင့်ကြည့်နေ၏။

ညတစ်နာရီခန့်ရောက်သည့်အခါ
ဘဆွေ၏ တပည့်ကျော် ငမဲတစ်ယောက်
ပျာပျာသလဲဖြင့် ရောက်လာသည်။

“ကျနော့်ဆရာကို ကယ်ပါဦး အင်းသူကြီးရယ်။
သူအိပ်နေတုန်း မြွေဟောက်ကြီးက လည်ပင်းကို
ကိုက်သွားတယ်။ သူ့အော်သံကြားလို့ ထကြည့်တော့
လူးလှိမ့်နေပြီ။ မြွေကတော့ မြင်ပဲမြင်လိုက်ရတယ်။
ရေထဲကို လျှောဆင်းသွားပြီ”

ဆိုတော့ အားလုံးက ချက်ချင်းလိုက်သွားကာ
လှော်ပေါ်သို့ ပွေ့တင်နေစဉ်မှာပင် ဘဆွေ၏
အသက်မရှိတော့ပေ။

သည်အဖြစ်အပျက်ကို ကြည့်ပြီး ရင်ထုမနာ
ဖြစ်နေသူက ငမဲ။ ချုံးပွဲချကာ ငိုလေတော့သည်။

ကျွန်တော်တို့လည်း သတင်းကြားလျှင်ကြားခြင်း
ရွာလူကြီးများကိုခေါ်ကာ လိုက်သွားကြသည်။

အင်းတဲရောက်သည့်အခါ ဘဆွေ၏ အလောင်းကိုသာ
တွေ့ရတော့သည်။

မနက်ရောက်တော့ သက်ပျောက်ဆွမ်းကပ်ကြသည်။

ဆရာတော်ကြီးတစ်ပါးကြွလာသည်။

တရားနာပြီး အမျှပေးဝေပြီးသည့်အချိန်
ကျတော့မှ ဆရာတော်က ဆုံးမစကားပြောလေသည်။

မနက်ရောက်တော့ သက်ပျောက်ဆွမ်းကပ်ကြသည်။

ဆရာတော်ကြီးတစ်ပါးကြွလာသည်။

တရားနာပြီး အမျှပေးဝေပြီးသည့်အချိန် ကျတော့မှ
ဆရာတော်က ဆုံးမစကားပြောလေသည်။

“ဝဋ်ကြွေးရှိလို့ ပေးဆပ်ရတယ်ဆိုပေမဲ့လည်း
အချိန်မတန်ဘဲ မိမိရဲ့တယူသန်စိတ်က တစ်ခါတစ်ခါတော့
ပေးတတ်တာလည်း ပါတာပေါ့လေ။ဒကာဘဆွေဟာ
ဒေသရဲ့ထုံးတမ်းစဉ်လာတွေကို ပစ်ပယ်မိတာက
စတယ်ပြောရမှာပေါ့ ။ သရဲတစ္ဆေဆိုတဲ့ နာနာဘာဝတွေရှိတာပေမဲ့
သူ့စည်းကိုယ့်စည်းနဲ့နေကြရင် ဘာမှ မဖြစ်ပါဘူး။
ကိုယ်က ရန်သူလိုသဘောထားရင် သူကလည်း
ပြန်ပြီး ရန်မူတာ သဘာဝပဲလေ။
မယုံကြည်ရင်နေ လှောင်ပြောင်တဲ့သဘောမပြောနဲ့။
နှုတ်နဲ့လည်း မစော်ကားနဲ့ ။စိတ်နဲ့လည်းမပြစ်မှားနဲ့။
မေတ္တာပို့ကြပါ။ အရင်ကလည်း ဒီအယူအဆတွေ
ရှိခဲ့ကြလို့ နယ်ရှင်ပယ်ရှင်တွေကို တင်မြှောက်ကြတာပေါ့။
သရဲသဘက်ဆိုတာ ကောင်းကျိုးသာ မပေးနိုင်ပေမယ့်
ဆိုးကျိုးတော့ ပေးနိုင်တယ်ဆိုတာ သတိထားကြပေါ့ဒကာ”

ဟု မိန့်ကြားသည့် ဆုံးမစကားသည် ကျနော့်၏
စိတ်တွင် မှတ်မှတ်ထင်ထင် ကျန်ရစ်နေတော့သည်။

မိုက်ခဲဘဆွေ အသုဘချပြီးသည့်နေ့သည်
ငါးအများဆုံးကျသည်နေ့ဖြစ်သည်။

ထိုညတွင် သရဲမီးတောက်ပြန်သည်။

သည်တစ်ခါတော့ မည်သူမျှ မပစ်ရဲကြတော့ဘဲ
ငါးကျသည့်ဘက် လျှောထဲမှာသာ
ငြိမ်သက်နေကြလေတော့သည်။

မူရင်းရေးသူ ဆရာ အောင်ကျော်ဆွေ(သန်လျင်)

ပြီးပါပြီ

credit

စာဖတ်သူများ စိတ်ရွှင်လန်းပါဇေ