သရဲဘညိုနှင့်ညောင်နှစ်ပင်ဆရာတော်

သရဲဘညိုနဲ့ ညောင်နှစ်ပင် ဆရာတော်(စ/ဆုံး)

 

ညောင်နှစ်ပင်ဆရာတော်ကား သက်တော်

ငါးဆယ်၊ ဝါတော် သုံးဆယ်ရှိ ငယ်ဖြူဆရာတော်

ဖြစ်သည်။ ယင်းမာရွာပြင်တောစပ်၊ ညောင်နှစ်ပင်

အောက်မှာ တစ်ပါးကျောင်းဆောက်၍ ဓူတင်

ကျင့်စဉ်ဖြင့် သီတင်းသုံးနေထိုင်ခဲ့ခြင်းကြောင့်

ညောင်နှစ်ပင်ကိုယ်တော်ဟု တစ်ရွာလုံး

ခေါ်ခဲ့သည်။

 

ဆရာတော်က ကျောင်းမှာ အစဉ်အမြဲ

သီတင်းသုံးမနေတတ်။ သပိတ်တစ်လုံး၊

နေကထိုင်၊ ဒုကုဋ်တောင်ဝှေးတစ်ချောင်းဖြင့်

သင်္ချိုင်းစုံ ဂန္ဓာရီကျင့်စဉ် လှည့်လည် တရားကျင့်ခဲ့သည်။

 

ဆရာတော်ကား ဓူတင်ကျင့်ဆောင်ပြီး

ကမ္မဋ္ဌာန်းတရား အမြဲမပြတ် အားထုတ်ခဲ့သည်။

နေရာဒေသ အစွဲမထားဘဲ ၊ တောရွာအနှံ့

လှည့်လည်သွားလာပြီး ကမ္မဋ္ဌာန်းတရား

အားထုတ်ခဲ့သည်။ ရောက်လေရာ မြို့ရွာ

သင်္ချိုင်းများမှ ၊ ညစဉ် သုသာန်ဓူတင်ဆောင်ခဲ့သည်။

 

နာမည်ကြီး သုသာန်များတွင် ကိုးရက်၊ ကိုးည

သုသာန်ဓူတင်ဆောင်ခဲ့သည်။ တစ်ချို့သုသာန်များတွင်

ရွာပြင်မှာသေ၍ မမြုပ်နှံရသေးဘဲ သင်္ချိုင်းဇရပ်မှာ

အလောင်းကို ထားသည့်နှင့်ကြုံလျှင် အခေါင်းနှင့်

ထားက အခေါင်းအဖုံးဖွင့်ကာ အသုဘကမ္မဋ္ဌာန်း

ရှုပြီး တရားအားထုတ်ခဲ့သည်။

 

အခေါင်းမပါ အလောင်းအတိုင်းထားလျှင်လည်း

အလောင်းကို မျက်နှာမူ ရှုပြီး အသုဘကမ္မဋ္ဌာန်း

အားထုတ်ခဲ့ပါသည်။

 

တစ်ခါတစ်ရံ ဆရာတော်နှင့်အတူ

ကပ္ပိယ ဦးစံထွန်းက လိုက်ပြီး ဆီမီးပူဇော်ပေးခြင်း

နေရာထိုင်ခင်းပြင်ဆင်ပေးခြင်းများကို

ဆရာတော်နှင့်အတူ လိုက်ပါဖြည့်ဆည်းခဲ့သည်။

 

သင်္ချိုင်းဓူတင်ဆောင်ရာတွင် အကြီးအကျယ်

ခြောက်လှန့်နှောင့်ယှက်မှုမျိုး မကြုံရသော်လည်း

အချို့သုသာန်များတွင် မဆိုသလောက်

ခြောက်လှန့် နှောင့်ယှက်မှု ၊ အပုပ်နံ့ပေးမှု

တို့သာ ကြုံရသည်။

 

ဆရာတော်၏ မေတ္တာပို့ခြင်း၊ ကျွတ်ထိုက်သူများကို

အမျှအတန်းဝေခြင်းတို့ကြောင့်လည်း

ကမ္မဋ္ဌာန်းအားထုတ်ရာတွင် ကြီးမားသော

နှောင့်ယှက်မှုမျိုးမရှိခဲ့ပါ။ ထိုကဲ့သို့ အဆင်ပြေချောမွေ့နေခဲ့ရာမှ

စစ်ကုန်းရွာသင်္ချိုင်းသို့ ဆရာတော်နှင့်အတူ

ကပ္ပိယ ဦးစံထွန်း တရားအားထုတ်ရန် လိုက်ပါ

ခဲ့သည်။

 

ထိုစစ်ကုန်းရွာသို့ ညနေလေးနာရီခွဲခန့် ရောက်ခဲ့သည်။

ဆရာတော်က ရွာထဲသို့ မဝင်သေးဘဲ၊ သစ်ပင်အရိပ်

အောက်ထိုင်၍ အညောင်းညာ ဖြေနေစဉ် ဦးစံထွန်းက

ရွာပြင်မှ ရွာထဲဝင်လာသော လူရွယ်တစ်ယောက်အား

စစ်ကုန်းရွာသင်္ချိုင်း ဘယ်အရပ်မှာ ရှိသည်ကို

စုံစမ်းကြည့်လိုက်သည်။

 

“သင်္ချိုင်းက ရွာရဲ့တောင်ဘက်မှာပါ။ ဒါက

ရွာရဲ့မြောက်ဘက်ဆိုတော့ …ဒီလမ်းအတိုင်း

တည့်တည့်သွားလို့ ရွာပြင်ရောက်တာနဲ့

သင်္ချိုင်းကို မြင်ရပါပြီ”

 

“ဆရာတော်နဲ့ ဦးလေးကြီးတို့က သင်္ချိုင်းမှာ

ဘာကိစ္စရှိလို့လဲ”

 

“ဒီည …သင်္ချိုင်းမှာ ကမ္မာန်းဋ္ဌာန်းတရား သွားထိုင်မလို့ ”

 

“ဘာဖြစ်လို့လဲ သူငယ်ရ”

 

“ဟာ ဒီသချုင်္ ိင်းမှာနေတဲ့ သရဲဘညိုကြီးက

အရမ်းခြောက်တာ၊ လူကို သေအောင်ခြောက်တာ၊

အရမ်းပဲ ရက်စက်တယ် ”

 

“ငါ့ဆရာတော်က ဒီလို နာမည်ကြီးတဲ့ သင်္ချိုင်းတွေ

သရဲအခြောက်ကြမ်းတဲ့ သင်္ချိုင်းတွေ ကြုံခဲ့ဖူးပါပြီ။

ဘယ်လောက်ပဲခြောက်ခြောက် မကြောက်ပါဘူး”

 

“ဒီသင်္ချိုင်းကို အဓိဋ္ဌာန်ဝင်မယ့်အစား အခြား

သင်္ချိုင်းမှာ သွား အဓိဋ္ဌာန်ဝင်ရင် ကောင်းမယ်

ထင်ပါတယ်”

 

“မင်းတို့ သင်္ချိုင်းက သရဲဘညိုကြီး ဘယ်လို

အခြောက်ကြမ်းတာလဲ ပြောစမ်းပါဦး သိထားရတာပေါ့”

 

“ဟာ …အဲဒီသရဲဘညိုကြီးက သူသေတော့

အငြိူးကြီးကြီးနဲ့ သေရတာ၊ သူများသတ်လို့ပေါ့။

လွန်ခဲ့တဲ့ ငါးနှစ်ကျော် ခြောက်နှစ်လောက်က

ဘညိုတစ်အိမ်လုံး အကြွေးကိစ္စနဲ့ ဦးထွန်းဇော်တို့

စကားများကြတယ်

 

စိတ်ဆတ်တဲ့ ဦးထွန်းဇော်က အားလုံးကို

သတ်ပစ်ပြီး ၊ အိမ်ကိုပါ မီးရှို့ခဲ့တယ်။

ရဲက ဖမ်းသွားပေမယ့် အချုပ်ထဲမှာ ကြောက်ပါပြီ

ဘညို၊ ငါ့ကို မခြောက်ပါနဲ့၊ ကြောက်ပါပြီဆိုပြီး

သေသွားတယ်။ ဦးထွန်းဇော်သေပြီး မကြာခင်

ဦးထွန်းဇော် မိသားစုလည်း အိမ်ထဲမှာနေရင်း

မြွေကိုက်ခံရပြီး သေသူကသေ၊ ညဘက်သရဲ

ဘညိုအခြောက်ခံရလို့ဆိုပြီး သေသူကသေ၊

 

ရက်ခြားဆိုသလိုပဲ။ အခုဆို သရဲဘညိုကြောင့်

သူ့မိသားစုကို သတ်ခဲ့တဲ့ ဦးထွန်းဇော်ရဲ့

မိသားစုလည်း ကုန်သလောက် ဖြစ်နေပြီ

သရဲဘညိုကတော့ လူတွေကို ဆက်ပြီး

ခြောက်လှန့်နေတုန်းပဲ ဦးလေး”

 

“ငါ့တူ စိုးရိမ်ပေးတာ ကျေးဇူးတင်ပါတယ်။

ဆရာတော်က ဆုံးဖြတ်ချက်ချပြီးရင် ဘယ်တော့မှ

နောက်ကြောင်း ပြန်မလှည့်ဘူး”

 

“ဒါဆိုလည်း သရဲဘညိုကြီးကို သတိတော့

ထားပေါ့ဗျာ။ သင်္ချိုင်းအလယ် ၊ လက်ပံကြီးမှာ

နေတယ်လို့ ပြောကြတာပဲ။ သင်္ချိုင်းမှာ

ဘယ်နှစ်ရက် အဓိဋ္ဌာန်ဝင်မှာလဲ”

 

“ကိုးရက် ကိုးညတိတိဝင်မှာ”

 

“ဒါဆို ဘယ်မှာတည်းမှာလဲ”

 

“သင်္ချိုင်းမှာ ဇရပ်ရှိရင် ဇရပ်မှာနေမယ်၊

ဇရပ်မရှိရင် သစ်ပင်အောက်ပေါ့ ”

 

“ဟာ မဟုတ်တာဘဲ၊ မနက် ကျွန်တော့်အိမ်မှာ

ဆရာတော်သီတင်းသုံးဖို့ ပင့်သွားပါရစေ၊

မနက်ဆွမ်း၊ နေ့ဆွမ်းလည်း ကပ်ပါရစေ”

 

“ဆရာတော်ကို ဆွမ်းပင့်ကျွေးလို့ မရဘူး၊

ဘယ်အိမ်မှာ မှလည်း တည်းမှာ မဟုတ်ဘူး

ဆရာတော်က ဓူတင်ဆောင်တာ ၊ မနက်ရောက်ရင်

ရွာထဲ ဆွမ်းခံဝင်လိမ့်မယ်၊ သူငယ်တို့ သဒ္ဓါတရား

ရှိရင် ၊ ဆရာတော်ကို ဆွမ်းလောင်းပါ

ဆရာတော်က သစ်ပင်အောက်၊ ဒါမှမဟုတ်

သင်္ချိုင်းမှာပဲ ဆွမ်းစားလိမ့်မယ် ”

 

“ဒါဆို ကျွန်တော် ရွာထဲဝင်ပြီး ဆွမ်းလောင်းလှူဖို့

ဆော်သြလိုက်ပါ့မယ် ”

 

ထိုစဉ် ဆရာတော်လည်း သစ်ပင်အောက်

ထိုင်နေရာမှ အညောင်းပြေပြီဖြစ်၍ ဦးစံထွန်းတို့

စကားပြေနေရာသို့ လျှောက်လာသည်။

လူရွယ်လည်း ဆရာတော်ကို ဦးသုံးကြိမ်ချ

ရှိခိုးလိုက်သည်။ ရွာသားလူရွယ် ရွာထဲဝင်သွားသလို

ဆရာတော်နှင့် ဦးစံထွန်းတို့လည်း လူရွယ်

ညွှန်ပြသည့် လမ်းအတိုင်း သင်္ချိုင်းရှိရာသို့

ထွက်ခဲ့ကြသည်။

 

မကြာခင် စစ်ကုန်းရွာပြင်ရောက်ပြီး သင်္ချိုင်းကုန်းကို

ခပ်လှမ်းလှမ်းမှာ တွေ့လိုက်သည်။ ငါးမိနစ်ခန့်

လျှောက်လာခဲ့ရာ သင်္ချိုင်းသို့ ရောက်လာခဲ့သည်။

သင်္ချိုင်းအတွင်းဝင်ကာ၊ တရားထိုင်၍ကောင်းမည့်

ဂူကို လိုက်ကြည့်သည်။

 

လက်ပံပင်ကြီးအောက် မကျတကျရှိ မပျက်မစီး

ရှိနေသည့် အုတ်ဂူပေါ်မှ အမှိုက်များ၊ ဖုံများကို

ွှရှင်းလိုက်သည်။ သင်္ချိုင်းအတွင်း ဇရပ်မရှိ။

 

ဂူပေါ်မှာ ပုဆိုးအဟောင်းတစ်ထည်ကို ခင်းလိုက်သည်။

ပုဆိုးအပေါ်တွင် သားရည်နယ် နေကထိုင်ကို

ခင်းပေးထားလိုက်သည်။ သင်္ချိုင်းမြေဖြစ်၍

လူသံ၊ တိရစ္ဆာန်သံ ဆူညံခြင်းမရှိ ၊ တိတ်ဆိတ်လှသည်။

တရားဓမ္မ ကျင့်ကြံအားထုတ်သူများအတွက်

တိတ်ဆိတ်မှုက ၊ အာရုံပိုမိုစူးစိုက်နိုင်ပြီး

အကျင့်တရား ပို၍ ရရှိနိုင်သည်။

 

တဖြည်းဖြည်းနှင့်အမှောင်ရိပ်သန်းလာသည်။

မကြာခင် နေဝင်သွားသည်။

ကဆုန်လဆန်းပေမယ့် လရောင်ကမရှိ၊

မိုးသားတိမ်ရိပ်တို့ကြောင့် လကိုတိမ်ဖုံးကာ

အမှောင်ဆုံးအချိန်ဖြစ်နေသည်။

အဓိဋ္ဌာန်ကို ညခုနှစ်နာရီမှ ထိုင်မည်ဖြစ်သည်။

 

ဆရာတော်ကတော့ အဓိဋ္ဌာန်မစသေးပေမယ့်

ဂူပေါ်မှာ တင်ပလ္လင်ဖွဲ့ခွေထိုင်လျက်

မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းနေပါသည်

 

ကပ္ပိယကြီး ဦးစံထွန်းကလည်း ဆရာတော်ရှေ့မှာ

ဖယောင်းတိုင်သုံးတိုင်ကို မီးထွန်ပေးလိုက်ပြီး

အမွှေးတိုင်များကိုပါ မီးညှိပေးလိုက်သည်။

ကပ္ပိယကြီးလည်း ဆရာတော်အနီးရှိ ဂူမှာ

တရားထိုင်နေသည်။

 

အချိန်က ခုနှစ်နာရီထိုးပြီ၊ ဆရာတော် ကမ္မဋ္ဌာန်း

တရားစ၍ ရှုမှတ်တော့သည်။ ကြိုတင်ထွန်းထားသော

ဖယောင်းတိုင် မီးငြိမ်းသွားပြီဖြစ်သည်။

 

သင်္ချိုင်းအတွင်းမှာ သက်ရှိလူသားဆို၍ ဆရာတော်နှင့်

ကပ္ပိယကြီးတို့သာ ရှိသည်။ ညပိုင်း ကမ္မဋ္ဌာန်းစ ဝင်ပြီး

ရှစ်နာရီ ၊ ကိုးနာရီ၊ ဆယ်နာရီ တစ်နာရီပြီး တစ်နာရီ

ကုန်လွန်သွားသည်။ ဘာသံမှ၊ ထူးဆန်းစွာ မကြားရ၊

 

ဒါပေမယ့် တိတ်ဆိတ်မှုကို ၊ ညဆယ့်တစ်နာရီ

ကျော်သည်နှင့်

 

“ဝုန်း …ဝေါ၊ ဖရော …ဝေါ…”

 

အသံကြီး ဆက်တိုက်ကြားလိုက်သည်။ လက်ပံပင်ကြီး၏

အရွက်များ အခက်များ လေမတိုက်ပါဘဲ ၊ ပြင်းပြင်း

ထန်ထန် လှုပ်ခတ်သံများပင် ဖြစ်ပါသည်။

 

“ဝေါ …ဝေါ …ဝုန်း …ဝုန်း …”

 

သစ်ပင် ၊ သစ်ခက် ၊ သစ်ရွက်တို့ ကျယ်လောင်သော

အသံမြည်ဟီးကာ ယိမ်းထိုးလှုပ်ယမ်းနေပါသည်။

 

“ဝုန်း”

 

အဓိဋ္ဌာန်ဝင်ရာ ၊ အုတ်ဂူအနီးသို့ လက်ပံပင်ကြီးပေါ်မှ

ခုန်ချလိုက်သံကို ကြားလိုက်ရသော ကပ္ပိယကြီးမှာ

ကြက်သီးမွေးညင်းထအောင် ထိတ်လန့် သွားရသည်။

ညနေက စစ်ကုန်းရွာသား၏ သတိပေးစကားကိုလည်း

အဓိဋ္ဌာန်ဝင်ရင်းမှ ကြားယောင်လာပြီး သွေးပျက်ဖွယ်

စိတ်က ချောက်ချားလာပါတော့သည်။

 

“ဝေါ …ဝေါ…ဖရော…ဝုန်း…”

 

အပြင်မှ ခုန်ချလိုက်သည်မှာ သရဲလား၊

တစ္ဆေလားမသိ၊ သင်္ချိုင်းအတွင်း ချုံများကို

တိုးဝှေ့ပြေးလွှားသွားနေကြသည့်အသံများကို

ကြားနေရသည်။

 

ထိုစဉ်မှာပင် မြွေကြီးတစ်ကောင်က

ဂူပေါ်တိုးလာပြီး၊ ဆရာတော်၏ ပေါင်ပေါ်သို့

တရွေ့ရွေ့လျှောက်လာသည်။ ဆရာတော်က

မေတ္တာပို့ ရင်း ကမ္မဋ္ဌာန်းတရားကိုသာ

ဆက်လက်ရှုမှတ်ပွားများနေလိုက်သည်။

 

မြွေကြီးက ဆရာတော်ပေါင်ပေါ်မှ လျောဆင်းသွားသည်။

ထို့နောက် ကပ္ပိယကြီး ပေါင်ပေါ်တက်လာပြန်သည်။

ကပ္ပိယကြီး ပေါင်ပေါ်တက်လိုက်သည်နှင့် …

 

“အား …အား…မြွေကြီး”

 

ကပ္ပိယကြီး တရားဆက်မရှုနိုင်တော့ဘဲ ၊

မြွေကြီးကိုလည်း မောင်းမချရဲ၊ သို့အတွက်ကြောင့်

ပါးစပ်က၊ ကြောက်လန့်မှုကို ထိန်းမရဘဲ

အသံထွက်အောင် အော်မိသည်။

 

“ဒကာကြီး စိတ်ကို သတိနဲ့ ထိန်း စိတ်ကို

လွှတ်မထားနဲ့၊ အသက်နဲ့ ခန္ဓာကို ဘုရား

လှူထားပြီးမှတော့ ဘာကိုကြောက်နေရတာလဲ၊

ကိုယ့်စိတ်ကိုယ်ထိန်းချုပ်ပြီး ဆက်ပြီးတရားရှုတော့”

 

ဆရာတော်၏ မိန့်စကားကြောင့်၊ ကပ္ပိယကြီးလည်း

အကြောက်တရားကို ထိန်းချုပ်နိုင်အောင်

ကြိုးစားပြီး တရားကို ဆက်၍ ရှုမှတ်ပွားများ

နေလိုက်တော့သည်။

 

ထိုအချိန် ပေါင်ပေါ်မှ မြွေကြီးလည်း လျောတိုက်

ဆင်းသွားသည့် ပုံစံမျိုး မဟုတ်ဘဲ၊ ရုတ်တရက်

ပေါ့ပါးသွားရသည့် ခံစားချက်ကြောင့်

ရိုးရိုးမြွေမဟုတ်ဘဲ နာနာဘာဝများ ဖန်ဆင်း

ထားသော မြွေဖြစ်ကြောင်း သိလိုက်သည်

 

အချိန်တို့ တရွေ့ရွေ့ကုန်လာသည်။

ညဉ့်ဦးပိုင်းမှာ တိမ်ထဲဝင်နေသော

တစ်ခြမ်းပဲ့ လက၊ အနောက်ဘက်မှာ

မေးတင်နေပြီ။

 

“ဝေါ …ဝေါ …ဝုန်း…ဘုန်း”

 

အနီးမှ လူကိုပတ်ပြီး ပြေးနေသည့်နှယ်

ခြေသံကြီးကို ကြားနေရသည်။

 

“တောက်”

 

ကျယ်လောင်သော တောက်ခေါက်သံကြီးကို

ပီပီသသ ကြားလိုက်ရသော ကပ္ပိယကြီး

မျက်လုံးပြူးကာ ခါးမတ်သွားသည်။

ကြီးမားလှသော လက်ပံပင်ကြီး ပြိုလဲကျလာသည့်နှယ်…

 

“ဝုန်း…ဝေါ …ဝေါ …ဝေါ…”

 

သင်္ချိုင်းတစ်ခုလုံးမှာလည်း ပြေးသံ၊ အော်သံများ

ဆူညံစွာ ဖြစ်ပေါ်လာသည်။

 

“ဟီး…ဟီး…ဟီး…ဟီး…ဝူး …ဝူး”

 

ရုတ်ချည်းပြောင်းလဲသွားသော အခြေအနေကြောင့်

မေတ္တာပို့ လွှတ်နေလိုက်သည်။ သင်္ချိုင်းအတွင်း

ရှိရှိသမျှသော ဖုတ်ပြိတ္တာ တစ္ဆေသရဲတို့ကို

စိတ်ညွှတ်ပြီး မေတ္တာပို့လွှတ်လိုက်သည်။

 

“သင်္ချိုင်းမြေမှာ မှီတင်းနေထိုင်ကြသော

သတ္တဝါမှန်သမျှ မြင်အပ် မမြင်အပ် နေထိုင်ကြကုန်သော

အပါယ်ဘုံသားအားလုံး ဘေးရန် ကင်းကြပါစေ

ကြောင့်ကြခြင်းကင်းငြိမ်းကြပါစေ၊

ဒုက္ခခပ်သိမ်း ငြိမ်းကြပါစေ၊ ဘဝအဆက်ဆက်က

ပြုပြုသမျှ ဒါနကုသိုလ် အပေါင်းတို့ကို

အမျှပေးဝေပါသည် အမျှရကြပါစေ”

 

ဆရာတော်က တည်ငြိမ်သော အသံနှင့်

မေတ္တာပို့လွှတ်နေပါသည်။ ဆူညံသော

အသံမျိုးစုံ မကြားရတော့ …

 

“ဝေါ…ဝေါ…ဝုန်း…ဝရော”

 

အားလုံး ငြိမ်သွားပေမယ့် အသံတစ်သံကတော့

ငြိမ်မသွား။ လူအနီးမှာ ကြားလာရပြန်သည်။

 

“ထွက်သွား…ဘာတရားမှ လာမဟောနဲ့

ထွက်သွား”

 

“ဝုန်း”

 

ကျယ်လောင်အသံကြီးအဆုံး ဝုန်းဆိုသော

အသံကြောင့် ကပ္ပိယကြီး မှိတ်ထားသော

မျက်လုံးနှစ်လုံးကို တပြိုက်တည်း ဖွင့်လိုက်သည်။

 

“ဟင်”

 

ဦးစံထွန်းမြင်လိုက်ရသည်က ထွားကြိုင်းသော

သရဲကြီးက အခေါင်းလွတ်ကြီးနှစ်လုံးကို

ဆရာတော် တရားထိုင်ရာ ဂူအနီးမှာ

ပစ်ချလိုက်သည်။

 

“ဟား ဟား ဟား ဟား ဒီအခေါင်းထဲကို

ဘုန်းကြီး ကြီးကို သွင်းရမယ်

ကျန်တဲ့ အခေါင်းလွတ်ကတော့

ကပ္ပိယကြီးကို ထည့်ရမယ်”

 

“ဝုန်း”

 

“မသေချင်ရင် သင်္ချိုင်းထဲက ထွက်ကြ၊

မထွက်ရင် အခေါင်းနှစ်လုံးထဲ ထည့်ပြီး

မြေအောက်မှာ မြှုပ်ပစ်မယ်”

 

ထိုသို့ ကြိမ်းဝါးသံကြီးကို အနီးကပ်

မြင်နေရသော်လည်း အကျင့်သိက္ခာနှင့်

ပြည့်စုံသော ဆရာတော်က ထိုအသံကို

ဥပေက္ခာပြုလျက် ချောက်ချားဖွယ်

အသံကြီးကို လျစ်လျူရှုထားလိုက်သည်။

 

အသံကြီးသာ ကြားနေရပြီး ကိုယ်ထိလက်

ရောက်တော့ မပြုမူပါချေ။

 

“ဝေါ…ဝရော…ဖရော…”

 

အနားသို့ ခဲများ၊ သဲများ၊ ရုတ်တရက် ကျလာပြန်သည်

အချိန်က လေးနာရီကျော်ပြီ အာရုံတက်တော့မည်။

ဆရာတော် ကမ္မဋ္ဌာန်းထိုင်ခြင်းကို ဖြုတ်လိုက်ပုံရသည်။

 

နေရာပြောင်းထိုင်လိုက်သည်။ မျက်လုံးမဖွင့်ဘဲ နှုတ်မှ…

 

“ဆရာတော် တရားထိုင်နေတုန်း လာနှောင့်ယှက်နေတာ

သရဲဘညို မဟုတ်လား”

 

“ဟုတ်ပါတယ် ဘုန်းကြီး”

 

“ဘဝအကျိုးပေးမကောင်းလို့ သရဲဘဝ

ရောက်နေတာတောင် အသိတရားမရှိသေးဘဲ

အကုသိုလ်ပိုကြီးအောင် လုပ်နေရသလား

ဆရာတော်ပို့တဲ့ မေတ္တာ၊ ကုသိုလ်ကို အမျှပေးဝေတာ၊

သာဓုခေါ်လို့ရရက်နဲ့၊ သာဓုမခေါ်ဘဲ ၊ ဘာကြောင့်

အနှောင့်အယှက် ပေးနေရတာလဲ”

 

“သရဲဘဝက ကျွတ်လွတ်ဖို့ လာမပြောနဲ့၊

ကျုပ် ဒီဘဝကို ရောက်အောင် ၊ လုပ်ခဲ့တဲ့

ထွန်းဇော်မိသားစုကို လက်စားချေလို့

မဝသေးဘူး။ ဒီတော့ ဘယ်တရားသံမှ

နားမထောင်ချင်ဘူး၊ အမျှဝေသံလည်း

သာဓုမခေါ်ဘူး”

 

“ဒကာ ဘညိုရဲ့ မိသားစုက အခု

အတူရှိနေလား”

 

“သေပြီးကတည်းက တစ်ယောက်တစ်နေရာစီ

ရောက်သွားကြတယ် ။ သားနဲ့ သမီးက

လူဝင်စား ပြန်ဖြစ်သွားပြီ၊ ဇနီးက ကျုပ်ထက်

အဆင့်မြင့်တဲ့ နေရာမှာ ရောက်နေတယ်

ကျုပ်က အငြိုးကြီးကြီးနဲ့ မကျေမနပ် သေခဲ့ရလို့

တစ္ဆေသရဲဘဝက၊ ဒီနေ့အထိ မကျွတ်မလွတ်ဘဲ

ရှိနေတာ”

 

“ဒကာရဲ့ စကားအရဆို ဒကာဘညိုရဲ့

မိသားစုက အရာအားလုံး၊ ဥပေက္ခာ ပြုနိုင်လို့

မြင့်ရာဘုံမှာ စိတ်အေးချမ်းသာစွာ စံနေနိုင်ပြီ၊

ရခဲလှတဲ့ လူ့ဘဝကိုလည်း ပြန်ဝင်စားကုန်ပြီ

ဒကာလည်း ဒကာကြီးအတွက်ပဲ ကြည့်သင့်ပြီး

ပြုသူအသစ်၊ ဖြစ်သူအဟောင်းဆိုသလို

သရဲပဲဖြစ်ဖြစ် ၊ လူပဲ ဖြစ်ဖြစ် ပြုပြီး ပြန်ခံရမှာပဲ၊

 

ဒကာကြီး တစ္ဆေ သရဲ ဘဝရောက်နေရတာတောင်

အငြိုးအတေးကြီးစွာနဲ့ သတ်ဖြတ်နေဦးမယ်ဆိုရင်

အထက်ဘုံ မတက်တော့ဘဲ …ငရဲရှစ်ထပ်ဆီ

တန်းဆင်းသွားမှာပဲ။ ဒကာကြီး…ငရဲမှာ

ခံစားရတဲ့ ဒုက္ခတွေကို မမျှော်ကိုးပါနဲ့။

 

ဒကာကြီးရဲ့ ရောက်ရာအနေအထားက

ကုသိုလ်ကောင်းမှုပေးလို့၊ ကုသိုလ်ကောင်းမှု

ခံယူတတ်ရင် အဆင့်မြင့်တဲ့ ဘုံဘဝကို

တက်လှမ်းနိုင်မှာပါ၊ သူတစ်ပါးအတွက်နဲ့

ကိုယ့်ကိုကိုယ့် ငရဲရောက်အောင် မလုပ်ချင်ပါနဲ့

ဒကာကြီး”

 

ဆရာတော် စကားအဆုံး သရဲဘညိုကြီးလည်း

တောင့်တောင့်ကြီး ရပ်နေရာမှ ဒူးထောက်ထိုင်ချလိုက်ပြီး

ဆရာတော်အား လက်အုပ်ချီထားရင်း ဆရာတော်

ဆက်မိန့်မည် စကားများကို

စောင့်နားထောင်နေလိုက်သည်။

 

“ဒကာကြီး စိတ်ကောင်းမွေးပြီး အငြိုးအာကာဒတွေ

ပယ်ဖျောက်ပြီး ဘုန်းကြီးတို့လို မေတ္တာပေးသူ၊

ကုသိုလ်ဝေမျှသူနဲ့ ကြုံတုန်း ကုသိုလ်ယူလိုက်စမ်းပါ။

တရားနာလိုက်ပါ။ အမျှဝေတာကို လိုလိုချင်ချင်နဲ့

သာဓုခေါ်လိုက်ပါ။ ဒါဆို ငရဲဘုံနဲ့ ဝေးရာ

တစ္ဆေသရဲထက်မြင့်တဲ့ ဘုံကိုဆက်တက်သွား

မှာပေါ့ ဒကာ၊ လူ့ဘဝကို ပြန်ရောက်နိုင်တယ်။

ဒါကြောင့် ဒကာရဲ့ အငြိုးအတေးမုန်းတွေကို

သင်ပုန်းချေလိုက်ပါတော့။

 

ဒကာကြီးရဲ့ အခြောက်အလှန့်တွေ ကြီးမားတဲ့အတွက်

ရွာသူရွာသားတွေက ဒကာကြီးကို အကြောက်ကြီး

ကြောက်နေကြတယ်၊ ဒကာကြီးပြန်သတ်ခဲ့တဲ့

လူတွေကြောင့်လည်း ဒကာကြီးက သရဲဆိုပြီး

ဖြစ်နေပြီ မဟုတ်လား။

 

ဘုန်းကြီးရဲ့ စကားကို ဒကာကြီး နားဝင်တယ်ဆိုရင်

ဘုန်းကြီး ဒီသင်္ချိုင်းမှာ ကိုးရက်အဓိဋ္ဌာန်ဝင်မှာ

ဘုန်းကြီးကို မခြောက်မလှန့် မနှောင့်ယှက်ဘဲ၊

ဘုန်းကြီးအမျှဝေတာကို စောင့်ပြီး သာဓု ခေါ်စေချင်တယ်

 

ဒကာကြီးသာ လိုလိုချင်ချင်နဲ့ မေတ္တာခံယူ

သာဓုခေါ်ခဲ့ရင် ဘုန်းကြီးအဓိဋ္ဌာန် ကိုးရက်ပြည့်တာနဲ့

ဒကာကြီးလည်း ဒီထက်အဆင့်မြင့်တဲ့ ဘုံကို

တက်လှမ်းရမယ်လို့ အာမခံတယ်၊

 

ဘယ်လိုလဲ …ဒကာကြီးရဲ့ အမုန်းမီးကို

ဘုန်းကြီးကို လှူနိုင်မလား”

 

“တပည့်တော် မှားပါပြီ၊ ဒီည …တစ်ညလုံး

ဆရာတော်ကို ပစ်မှားမိလို့ အမှားကြီးမှားခဲ့ပါပြီ။

နောက်ညတွေမှာ ဆရာတော် ကမ္မဋ္ဌာန်းတရား၊

အဓိဋ္ဌာန်အောင်မြင်ပြီးမြောက်အောင်

စောင့်ရှာက်ပေးပါ့မယ် …ဆရာတော်ရဲ့

ပို့သတဲ့ မေတ္တာကို ခံယူပြီး သာဓုခေါ်ဖို့

စောင့်နေပါ့မယ်ဘုရား”

 

“သာဓု …သာဓု …သာဓု …ပါ ဒကာ”

 

သရဲ ဘညိုကြီးအား ဆရာတော်တရားပြဆုံးမအပြီး

ဘညိုကြီးလည်း ဆရာတော်အား ရှိခိုးလိုက်သည်။

 

ထို့နောက် အနားမှာ လာချထားသော

အခေါင်းလွတ် နှစ်လုံးကို တစ်ဖက်တစ်လုံးစီ

ကောက်ယူပွေ့ပိုက်လျက် အဝေးသို့

ထွက်ခွာပျောက်ကွယ်သွားပါသည်။

 

မကြာခင်မှာပင် အရှေ့ဆီမှ ရောင်နီသမ်းလာခဲ့ပြီ။

 

ကပ္ပိယကြီးလည်း ဆရာတော် အခြေအနေကို

စောင့်ကြည့်နေသည်။ ဆရာတော်လည်း

ဂူပေါ်မှ ဆင်းလိုက်ပြီး ၊ သင်္ကန်းကို

ပြင်ရုံလိုက်သည်။

 

တောင်ဝှေးကို ယူလိုက်ကာ သင်္ချိုင်းအတွင်း

အညောင်းပြေ လမ်းလျှောက်ရင်း မေတ္တာပို့နေလိုက်သည်။

တစ်ညလုံး အညောင်းထိုင်နေခြင်းကြောင့်

အညောင်းပြေစေရန် လမ်းလျှောက်ခြင်းလည်း

ဖြစ်သည်။ မကြာခင်မှာပင် ဝန်းကျင်တစ်ခွင်လုံး

နေရောင်ခြည်ဖြာဆင်းလာတော့သည်

 

ဆရာတော်လည်း တောင်ဝှေးတစ်ချောင်း၊

သပိတ်တစ်လုံး လွယ်၍ စစ်ကုန်းရွာအတွင်းသို့

ပိဏ္ဏပတ်ဆွမ်းခံရန် ကြွလှမ်းသွားလေတော့သည်

 

မူရင်းရေးသူ ဆရာ ဧကန်မင်း

 

ပြီးပါပြီ

 

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ