“ခလောက်မြွေ” (စ-ဆုံး)

“ခလောက်မြွေ” (စ-ဆုံး)
—————————————

သူ့ နာမည်က သံချောင်းတဲ့။ မိဘတွေက ကိုယ့်သားကလေး သံချောင်းလို မာအောင် ချာအောင် မှည့်ခဲ့ပုံရပါတယ်။ ဒါပေမဲ့ သံချောင်းက ပညတ်သွားရာ ဓာတ်သက် မပါလေတော့ နာမည်ကသာ သံချောင်း။ လူကတော့ ပျော့လိုက်တာမှ ငှက်ပျောရွက် နေလောင်ထားတဲ့ အတိုင်းပါပဲ။ ဘာတစ်ခုမှ လက်ကြောတင်းတင်း မလုပ်ချင်တဲ့အပြင် သူ့ကိုယ်သူလည်း ညှာသလား မမေးနဲ့။ အသက်တောင် ပြင်းပြင်းမရှူဘူး။ မောမှာစိုးလို့ ဆိုတဲ့ လူစားမျိုး။ ဒါပေမဲ့ သူ့ကို အပြစ်ပြောဖို့ရာကလည်း ခက်တယ်။ ဘာလို့လည်းဆိုတော့ သူက မွေးရာပါ မျက်စိမမြင်ရှာတဲ့သူကိုး။ မျက်စိနှစ်လုံးက မျက်ခွံထဲ ကပ်နေပြီး မျက်လုံးတောင် မဖွင့်နိုင်ရှာတဲ့သူပါ။ သည်တော့လည်း သူဘာအလုပ်မှ မလုပ်တာ အပြစ်တော့လည်း မဟုတ်ဘူး။ သံချောင်းကိုများ ဘာအလုပ်မှ မလုပ်တဲ့ ငပျင်းလို့ ပြောရင် သူက …
“ကျုပ်က မပျင်းပါဘူးဗျာ၊ အလုပ်ပဲ လုပ်ချင်တာပေါ့၊ ဒါပေသိ ကျုပ်လို မျက်မမြင်ကို ဘယ်သူကများ ဘာအလုပ် ခိုင်းမှာတုံး” တဲ့။

သံချောင်းမှာ မိဘနှစ်ပါး မရှိတော့ပါဘူး။ သူ့ကို ငယ်စဉ်တောင်ကျေးကတည်းက ရွာဦးကျောင်းဆရာတော်က ကျွေးမွေးထားတာပါ။ ဆရာတော်ကြီး ပျံတော်မူတော့လည်း သံချောင်းက ဘုန်းကြီးကျောင်းသားဘဝနဲ့ သည်ကျောင်းမှာ မြဲကျန်ရစ်ခဲ့ပါတယ်။ ဘုန်းကြီးကျောင်းဆိုတော့လည်း ဆွမ်းကျန် ကွမ်းကျန်ကလေးတွေက ပေါတယ်မဟုတ်လား။ သံချောင်း ဘာမှမလုပ်လည်း မနက်ထမင်း ညထမင်းတော့ လက်ရှိ ဆရာတော်ကလည်း ကျွေးတာပါပဲ။ ဟိုတုန်းက သံချောင်းကို ဆရာတော်က ကိုရင်ကြီး ဝတ်ပေးဖူးသေးတယ်။ ညည ထမင်းခိုးစားတာနဲ့ပဲ ငရဲငအုံကြီးမှာစိုးတာနဲ့ လူဝတ်ပြန်လဲပေးလိုက်ရတယ်။ သံချောင်းကလည်း သံချောင်းပါပဲ။ တခြား အပြင်အလုပ် မလုပ်တာထားဦး။ ကျောင်းထဲမှာ ရှိတဲ့ သူ နိုင်သမျှ ဝေယျာဝစ္စကလေးတောင် လုပ်ချင်တဲ့ကောင် မဟုတ်ဘူး။ တံမြက်စည်းကလေး လှည်းကျင်းပေးတာမျိုး၊ ရေကလေး ဖြည့်ပေးတာမျိုး၊ သစ်ပင်ပန်းပင်ကလေးတွေ ရေလောင်းတာမျိုး ဆိုတာလောက်တောင် လုပ်နိုင်ရက်သားနဲ့ လုပ်ချင်တာ မဟုတ်ဘူး။ ဆရာတော်က တံမြက်စည်း လှည်းခိုင်းရင် တမင် ဟိုတစ်ကွက်၊ ဒီတစ်ကွက် အမှိုက်တွေ ချန်ခဲ့တာတို့၊ ရေဖြည့်ခိုင်းရင် တမင်ဘေးကို သွန်လောင်းပစ်တာတို့၊ ဆရာတော်က ဝတ်ဖြည့်ခိုင်းရင် တံတောင်နဲ့ မနာ နာအောင် ဖိကြိတ်ပစ်လိုက်တာတို့ လုပ်တော့ ဆရာတော်ကသူ့ကို စိတ်မချတော့ မခိုင်းတော့ဘူး။ ဆရာတော်ကလည်း ခပ်အေးအေး နေတတ်သူပါ။ သည်တော့ သံချောင်းက အနေချောင်တာပေါ့။ တစ်ခါတလေ ဆရာတော်က …
“သံချောင်း… နင် ဘုန်းကြီးကျောင်းမှာ နေပြီး သူများက လှူလိုက်တန်းလိုက်တဲ့ ဆွမ်းကို သာမဏေမဟုတ်ဘဲ မစားကောင်းဘူးဟဲ့၊ ဆွမ်းထမင်း၊ ဆွမ်းဟင်းကို လူစားရင် ငရဲကြီးမှာပေါ့။ တံမြက် တလင်းလေး လှည်းလို့၊ ရေကလေး ခပ်လို့၊ ထင်းကလေး ခွဲလို့ ကျောင်းဝေယျာဝစ္စကလေးလုပ်ပြီး စားမှ အာပူမလောင်တော့မပေါ့၊ နင် ငရဲကြီးမှာ မကြောက်ဘူးလား” လို့ဆိုလိုက်ရင် သံချောင်းက…
“တပည့်တော် ငရဲကြီးမှာ ကြောက်ပါတယ်ဘုရား၊ ကျောင်းဝေယျာဝစ္စ တပည့်တော် တတ်နိုင်သလောက် လုပ်ပါ့မယ် ဘုရား”

ဆရာတော် သနားလာအောင် လျှောက်တယ်။ နှစ်ရက် သုံးရက်လောက် ဟုတ်တိပတ်တိ လုပ်နေသေးတာပဲ။ နောက်တော့ ဒုံရင်း ဒုံရင်း ပြန်ရောက်သွားတာပါပဲ။ တလွဲတချော်တွေ လုပ်လို့ ရေအိုး ကျကွဲတာမျိုး၊ လက်ကို ဓားထိတာမျိုးတွေ ဖြစ်လာတော့ ဆရာတော်က သူ့ကိုမခိုင်းရက်တော့ပါဘူး။ သံချောင်းက တမင်လုပ်တာမှန်း သိပေမဲ့ သူက မျက်မမြင်ကိုး။ စာမတတ် ပေမတတ်နဲ့ အသိဉာဏ်ကလည်းနည်း၊ မိဘနှစ်ပါး မရှိရှာရတဲ့အထဲ သူ့ခမျာ အမြင်အာရုံ ချို့တဲ့ရှာသူပဲလို့ ဆရာတော်ကတော့ သူ့ကို ခွင့်လွှတ်ထားလိုက်တာပါပဲ။

သံချောင်းကလည်းမျက်စိသာ မမြင်တာ၊ အကင်းပါးသလားတော့ မမေးနဲ့။ ဆရာတော်ရဲ့အညှာကို သူ သိနေတာသာ ကြည့်။ ဒါပေမဲ့ သံချောင်းက တစ်ခုတော့ အားကိုးရရဲ့။ အကြောင်းကြီးငယ် ကိစ္စရှိလို့ သူ့ကို ရွာထဲရပ်ထဲ လွှတ်လို့ကတော့ ဒုန်းပြေးတယ် ဆိုတဲ့ အထဲကပါ။

“ဟဲ့… သံချောင်း ကိုဘတုတ်အိမ် သွားစမ်း၊ မနက်ဖြန် ငါ တောင်ရွာက အလှူကြွမှာမို့လို့ ကျောင်းစောင့်ပေးပါဦးလို့ ပြောချေစမ်း”
လို့များ ခိုင်းလိုက်ရင် သံချောင်းက ဦးဘတုတ်အိမ် တန်းနေအောင် သွားတော့တာပါ။သူက မျက်စိသာ မမြင်တာကိုး။ မွေးကတည်းက သည်ရပ် သည်ရွာမှာ နေလာတာဆိုတော့ ရွာထဲ ရပ်ထဲက လူတွေ၊ လမ်းတွေ၊ အိမ်တွေကို သူ အကုန် အလွတ်ရတယ်။ ဘယ်သူ့အိမ်ကို ဘယ်လမ်းက သွားရမယ်၊ ဘယ်လို ချိုးရမယ်၊ ဘယ်လို ကွေ့ရမယ် သူ အကုန်သိတယ်။

ဘယ်သူ့အိမ်ထောင့်မှာ မန်ကျည်းပင်ကြီးရှိတယ်၊ ဘယ်လမ်းမှာ ချောက်။ ဘယ်ကွေ့မှာ ကျင်း၊ ဘယ်ဝိုင်းကကျော်ရင် ကမူ၊ သူ အကုန်သိတယ်။ အဲသလိုများ ဆရာတော် ခိုင်းလိုက်ရင် သံချောင်းက စူဠလိပ် ရေထဲ လွှတ်တဲ့အတိုင်းပါပဲ။ ငေါက်ခနဲ ထသွားလိုက်တာပါ။

ရွာထဲ ရပ်ထဲရောက်လို့ကတော့ တော်တော်နဲ့ ကျောင်းပြန်မရောက်တော့ဘူးသာမှတ်။ ရောက်ရာ အိမ်မှာ တွေ့ကရာ လူနဲ့ လေကန်နေတော့တာပဲ။ ဒါကြောင့်လည်း သွားချင်နေတာ။ တစ်ခါတလေ ဆရာတော်က လူအခေါ်ခိုင်းလို့ အဲသည်လူက ကျောင်းကနေ တစ်ခေါက် ပြန်လာတဲ့နောက်တောင် သံချောင်းက ကျောင်းပြန်မရောက်တတ်သေးဘူး။ ဆရာတော်က အခေါ်ခိုင်းတဲ့လူကိုပဲ သံချောင်း ပြန်လာဖို့ ပြန်မှာယူရတတ်တယ်။ သူ ပြန်လာလို့ကတော့ ရွာထဲရပ်ထဲ ရှိသမျှသတင်း ဆရာတော်အကုန်ပြန်ကြားရတာပဲ။

သံချောင်းက ကိုယ့်ရွာထဲ မပြောနဲ့ တခြားရွာကို လွှတ်လည်း သွားတာပဲ။ ဘုန်းကြီးပင့် စာပို့ခိုင်းတာတို့၊ ကိုယ့်ကျောင်းက သစ်သီးသစ်ဖုကလေး တခြားရွာက ကျောင်းကို လှူခိုင်းတာတို့၊ ဆရာတော်အချင်းချင်း တရားဓမ္မ ဆွေးနွေးမေးမြန်း စာလွှာ အပြန်အလှန် ပေးကြကမ်းကြတာတို့ဆိုရင်လည်း သံချောင်းက အဲသည်ရွာက ဘုန်းကြီးကျောင်းကို တန်းနေအောင် သွားတတ်တယ်။ သွားရင်းလာရင်းနဲ့ အဲသည်ရွာက လူတွေနဲ့ ခင်မင်နေလိုက်တာ သံချောင်းတဲ့ ဆိုရင် တစ်နယ်လုံးက သိနေတော့တာပါ။

သူ့မှာ နေ့ရယ် ညရယ်ကလည်း မရှိတော့၊ ညရေးညတာ အရေးတကြီး လွှတ်လည်း သူကတော့ သွားတာပဲ။ လူဆိုတာ မပြောနဲ့၊ ဘာတစ္ဆေ ဘာသရဲမှလည်း သူ မကြောက်တတ်ဘူး။ သည်တော့လည်း ဆရာတော်မှာ သံချောင်း မရှိလို့ မဖြစ်ပြန်ဘူးလေ။ သည်တော့ သံချောင်းအလုပ် လုပ်လုပ်၊ မလုပ်လုပ် ဆရာတော်ကတော့ ကျွေးမွေးစောင့်ရှောက်ထားရတာပါပဲ။ ကျောင်းမှာတော့ သူက ဆက်သားကိုး။ စာပို့သမားကိုး။

ဘာအလုပ်မှ မလုပ်ဘူးဆိုပေမဲ့ သံချောင်းက သူ အသုံးလိုတဲ့အခါမျိုးဆိုရင်တော့ ရွာထဲရပ်ထဲကို အနှိပ်အနင်းကလေး လိုက်တတ်တယ်။ ဒါကလည်း အမြဲတမ်း မဟုတ်ဘူး။ ပြီးတော့ ကြုံတဲ့ သူတိုင်းကို နင်းနှိပ်ပေးတာမျိုးလည်း မဟုတ်ဘူး။ သူ အသုံးလိုတဲ့အခါရယ်၊ ပိုက်ဆံတတ်နိုင်တဲ့သူရယ် အဲသလိုဆုံကျမှ သူက နင်းတာ၊ နှိပ်တာ။ ပိုက်ဆံ ဘယ်လောက်ပေးပေး သူအသုံးမလိုရင် လှည့်တောင်မကြည့်ဘူး။ သူ အသုံး ဘယ်လောက်လိုလို ပိုက်ဆံမတတ်နိုင်လို့ တစ်မူးတစ်ပဲနဲ့တော့ သူက မလိုက်ဘူး။ အနည်းဆုံး သူလိုနေတဲ့ ငွေကလေး ရပါမှ။ သူအသုံးလိုတယ် ဆိုတာကလည်း ဘုရားပွဲ ကျောင်းပွဲကလေး ရှိရင် သုံးချင် စားချင်တာရယ်၊ ပုဆိုးကလေး စွပ်ကျယ်ကလေး ဝယ်ချင်တာရယ်၊ ဗီဒီယိုရုံ သွားချင်တာရယ် သည်လောက်ပါပဲ။ ဗီဒီယိုဆိုလို့ သံချောင်းက မျက်စိတော့ မြင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အသံကြားနဲ့ဘေးက လူကို ဇာတ်လမ်း မေးမေးပြီး သူက ဗီဒီယိုကြည့်တာပါ။ တစ်ခါတလေ ရွာထဲမှာ စကားလက်ဆုံကျရင် သံချောင်းက သူ ကြည့်လာတဲ့ ဇာတ်ကားအကြောင်း ပြောပြနေတတ်တယ်။

“ဇာတ်ကားနာမည်တော့ မမှတ်မိတော့ပါဘူးဗျာ၊ မင်းသမီးက ဘယ်သူဆိုလားပဲ၊ မင်းသားကတော့ နေထက်လင်းဗျ၊ နေထက်လင်းက ဖိုးသာဓုတဲ့ မြင်းလှည်းမောင်းတာ၊ မင်းသမီးက သူတို့မြို့လာလည်ရင်း တွေ့ကြတာ၊ မင်းသမီးက သူကြိုက်နေတဲ့ရုပ်ရှင်မင်းသမီးကိုးဗျ၊ ဇာတ်လမ်းက သည်လို…”
ဆိုတဲ့ပြီး နားထောင်နေတဲ့သူတွေ ငေးယူရလောက်အောင် လက်တွေရော၊ ခြေတွေရော စုံလို့။ သံချောင်းက မျက်စိသာ မမြင်တာ။ သူ လုပ်ပြတဲ့ အမူအရာတွေက အဟုတ်ဆိုတော့ လူတွေက သဘောကျကြတာပေါ့။ ပြီးတော့ သူ ကြားလာခဲ့တဲ့ စကားလုံးကိုလည်း မှတ်မှတ်ရရပြန်ပြောတတ်တယ်။

“မင်းသမီးက ပြောတာ ဘာတဲ့ဗျာ၊ အဲ… ပပတို့လို ရုပ်ရှင်မင်းသမီး ဆိုတာ ဖိုးသာဓုတို့လို မြင်းလှည်းသမားလောက်တောင်မှ လောကမှာ လွတ်လွတ်လပ်လပ်ကြီး ပျော်ရွှင်စရာ မကောင်းပါဘူးတဲ့ဗျ၊ ဟိုနေရာ သွားလည်း လူတွေနဲ့တိုး၊ သည်နေရာသွားလည်း လူတတွေနဲ့ ရှောင်မရနဲ့တဲ့၊ နာမည်ကျော် ဖြစ်ရတာ မကောင်းပါဘူးတဲ့ဗျ၊ အင်း… သူပြောတာလည်း ဟုတ်မှာပဲ၊ ထက်ထက်မိုးဦးတို့ နန္ဒလှိုင်တို့ ကျုပ်တို့ရွာ လာကြည့်ပါလား၊ ကျုပ်က ရှေ့ဆုံးက ပြေးကြည့်မှာပဲ”

“နင်က ဘယ်မျက်လုံးနဲ့ ကြည့်မှာတုံး သံချောင်းရဲ့”

“ဟောသည် မျက်လုံးနဲ့ ဗီဒီယို ကြည့်သလို ကြည့်မှာပေါ့ဗျ”တဲ့။

အဲသလို စကားပြောနေရင်း သူ့ဘေးမှာ ကောင်မလေးတွေကို ဝိုင်းလို့။ မျက်စိ မမြင်ပေမယ့် သူ့ဘေးမှာ ကောင်မလေးတွေ ရှိတယ်ဆိုတာ သံချောင်းက သိတယ်။ ဟိုကောင်မလေးတွေက သူ့ကို တစ်မေးတည်း မေးနေကြတာကိုး။ ဒါကိုပဲ သံချောင်းက အသားယူပြီး ဗီဒီယိုထဲက နေထက်လင်းတို့၊ ဝေဠုကျော်တို့ လေသံနဲ့ ဟန်ပန်လုပ်ပြီး သူ့ကိုယ်သူ ဇာတ်လိုက် ထင်နေတဲ့ ကောင်ပါ။ တစ်ခါတလေ တကယ်မဟုတ်ဘဲ ဇာတ်လမ်းဆင်ပြီး တစ္ဆေ သရဲတွေနဲ့ သူ တွေ့တဲ့အကြောင်း ပြောချင် ပြောနေတတ်ပြန်ရော။

“မနေ့ညက ဘုန်းကြီးမသိအောင် ဗီဒီယို သွားကြည့်တာလေ၊ ညဥ့်နက်ရောဗျ၊ ဒါနဲ့ကျောင်းပြန်တော့ အရှေ့ပေါက်က ဝင်ရင် ဘုန်းကြီး သိမှာစိုးတာနဲ့ တောလမ်းက ပတ်ပြီး နောက်ပေါက်က ခိုးဝင်ရတာပေါ့၊ တောလမ်းဆိုတော့ စိတ်ထဲ ခပ်ကြောက်ကြောက်ပေါ့ဗျာ။ တစ်လမ်းလုံး ကိုယ်က သတိထားလာသမျှ ကျောင်းစည်းရိုး ရောက်တော့မှ နောက်ကနေ ဝုန်း…ဆို”

“အံမယ်လေး…”

ကောင်မလေးတွေက လန့်ဖျပ် အော်တော့ သူက ကျေနပ်သွားတယ်။ အဲသလို လန့်သွားအောင်လို့ သူက တမင်ဖြည်းဖြည်းကလေး ဆွဲပြောနေရာက ဝုန်းဆိုပြီး အသံမြှင့်ပစ်လိုက်တာပါ။

“ဝုန်းဆို ခြေထောက်ကို ဆွဲပါလေရောဗျ၊ ဆွဲတော့ လက်က ကြမ်းကြမ်းကြီး၊ စူးလိုက်တဲ့ လက်သည်းတွေ ဆိုတာများ ခြေသလုံးထဲ နစ်ဝင်သွားမလား အောက်မေ့ရတယ်၊ ဒါနဲ့ ကျုပ်က သိလိုက်ပြီ၊ ဒါ သရဲပဲ ဆိုတာ၊ အော်လိုက်လို့ ဘုန်းကြီး နိုးသွားရင် ကျုပ် အဆော်ခံရမယ်၊ သရဲကလည်း အတင်းဆုပ်ထားတာ ရုန်းမရဘူး၊ နောက်ဆုံးတော့ ဖြစ်ချင်ရာဖြစ် ဆိုပြီး ခါးကြား လိုရမည်ရ ထိုးထားတဲ့ ဓားမနဲ့ ပိုင်းချလိုက်ရော… ပိုင်းချလိုက်တော့ လက်ကြီးက ကျုပ် ခြေသလုံးမှာ ပြတ်ကျန်ရစ်ခဲ့တယ်၊ သရဲကတော့ ပြေးပြီ၊ ကျုပ်ကလည်း ကဲလေ… ငါ တရားနဲ့ပဲ အနိုင်ယူပါတော့မယ် ဆိုပြီး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ ကို သုံးကြိမ်သုံးခါရွတ်ပြီး လက်ပြတ်ကြီး သပ်ချပစ်လိုက်ရတယ်”

သံချောင်းက သည်လို မဟုတ်ကဟုတ်ကတွေလည်း ပြောတတ်သူပါ။ ဒါပေမဲ့ ရွာထဲက သူမို့လာရင် အပျင်းပြေတယ် ဆိုပြီး သူ့ကို စကားလက်ခံ ပြောကြတာပါပဲ။ သံချောင်းကလည်း သူ သည်လို ပြောတာဆိုတာကို လူတွေ သဘောကျကြတယ်လို့ သိတာပါပဲ။ တစ်ခါတလေသံချောင်းက သည်နားက စကားကို ဟိုပြော၊ ဟိုနားက စကားကို သည်ပြန်ပြောနဲ့ စကားရောင်း စကားဝယ် လုပ်တတ်ပါသေးတယ်။ ဒါပေမဲ့ လူတွေက သူ ကုန်းချောသွားတာကို မသိလိုက်ကြရပါဘူး။

“ပြောရဦးမယ်၊ အင်း… ပြောတော့ မပြောချင်ပါဘူးဗျာ၊ အဟင်း ဟင်း… မနေ့တုန်းက ကျုပ် ခင်ဗျားတို့အိမ်မှာ ဆန်မှုန့် ကူထောင်းပေးခဲ့တာလေ၊ ကျုပ်ကတော့ စေတနာနဲ့ပါ၊ ဪ… သူတို့ ပဲရိတ်တဲ့သူတွေ မုန့်ကျွဲသည်းလုပ်ကျွေးမှာ ငါ ကုသိုလ်ရတာပေါ့ဆိုပြီး မောင်းကလေးကူနင်းပေးခဲ့ပါတယ်။ အဲဒါ ဒေါ်အေးမက မြင်သွားပုံရပါတယ်၊ မနေ့တုန်းက ခင်ဗျားတို့ အိမ်ကအပြန် သူ့ အိမ်ရှေ့ရောက်တော့ သံချောင်းတဲ့ဗျ၊ ခဏလာပါဦးတဲ့၊ ဒါနဲ့ ကျုပ်က သွားတော့ နင် မိထိုက်တို့အိမ်ကို မောင်းကူထောင်းပေးနေတာ ငါ မြင်ခဲ့ပါတယ်တဲ့၊ အဲသည် ကောင်မကသိပ်ညွန့်တာတဲ့၊ နင့်ကို မျက်စိမမြင်တဲ့သူ ဆိုပြီး အနိုင်ကျင့်ခိုင်းတာတဲ့ဗျ၊ ကျုပ်စိတ်ထဲ မကောင်းချက်တော့” နဲ့ လုပ်လိုက်တော့ မမိထိုက်က ဆတ်ဆတ်ထိမခံဘဲ ဒေါ်အေးမကို ချက်ချင်း သွားရန်တွေ့တော့တာပဲ။

“တော်က ကျုပ်ကို ညွန့်တယ် ပြောရအောင်က တော့်ဆီက ဆန်တစ်လမယ် ကျုပ် ချေးဖူးသလား”

“ငါ့ဆီကသာ မချေးဖူးတာပါအေ၊ မဖွားမိ မြင်းခြံဈေး သွားလို့ ပိုက်ဆံ မပေးဘဲ ဈေးဖိုးမှာတာ ညည်း ညွန့်တာမဟုတ်လို့ ဘာတုံးအေ့”

“တော်ကရော…ဟင်… မိသေးကလေး ကောက်သင်းကောက်လာတဲ့ ပဲတောင်းထဲကပဲကို ပြည်ခိုးခြင်ပြီး ဝယ်တာလေ”

“ငါ ပြည်ခိုးခြင်တာ ထားပါဦး၊ ညည်းက ကိုသာအိ အခင်းထဲက မတ်ပဲတွေ ခိုးရိတ်တာကျတော့ရော”

လက်ခုပ် တဖျန်းဖျန်း ရိုက်ရိုက်ပြီး ရန်ဖြစ်လိုက်ကြတာ ဗြောင်းဆန်လို့၊ ရှိသမျှ ငယ်ကျိုးငယ်နာတွေကလည်း ရွာလူကြီး စစ်တုန်းက မပေါ်ဘူး။ အခုမှ ပေါ်ကုန်ကြတော့တာပါပဲ။ ဒေါ်အေးမနဲ့ မမိထိုက်တို့ ပွက်ပွက်ရိုက်နေတုန်း သံချောင်းကတော့ မနေ့တုန်းက မောင်းကူထောင်းထားလို့ မမိထိုက် ကျွေးထားတဲ့ မုန့်ကျွဲသည်း တစ်ပန်းကန်ကို စားလို့ပြောင်ပြီ။ ဒါက သူတို့အချင်းချင်း ဖြစ်ကုန်ကြတဲ့ သဘောပါ။ တစ်ခါတလေကျတော့ သံချောင်းပါဝင်ပြီး သင်္ကာရှင်းရတဲ့အခါလည်း ရှိသေးတယ်။ အဲသည် အခါကျရင် သံချောင်းက…
“ကျုပ် ပြောတာ အဲသည်သဘော မဟုတ်ပါဘူး၊ ခင်ဗျားက အကောက်လွဲလို့ပါ၊ ကျုပ် ပြောတာက သည်လို…” နဲ့ ဒေါသဖြစ်နေတဲ့ သူကို ချော့ကာမော့ကာ လုပ်ပြီး သူက ရှောင်ထွက်တတ်တယ်။ တစ်ခါတလေ သူ့အပေါ် ဒေါသပုံကျလာရင်လည်း သံချောင်းက …
“လုပ်ပါဗျာ… ခင်ဗျားတို့လုပ်လည်း ခံရုံပါပဲ၊ ကျုပ်က မျက်စိမမြင်တဲ့ သူဆိုတော့ အကြားနဲ့ ပြောရတာကို ဗွေယူချင်တယ်ဆိုလည်း ယူကြပါဗျာ”
ဆိုတော့ လူတွေမှာ အခက်လေ။ သံချောင်းက မျက်စိမှ မမြင်တာကိုး။ စာပေမှ မတတ်ရှာတာကိုး။ ဘယ့်နှယ် လုပ်ပါ့မတုံး။

သံချောင်းက ရွာထဲ ရပ်ထဲ သွားရင်းလာရင်းနဲ့ ကြားလာသမျှ သတင်းတွေကို ဆရာတော်ကို ဖောက်သည်ချလေ့ရှိပေမဲ့ သံချောင်း မပြောဘဲ ထိန်ချန်ထားတဲ့ သတင်းတစ်ခုရှိတယ်။ ဒါကို ဆရာတော်လည်း မသိဘူး။ ရွာထဲက ဘယ်သူမှလည်း မသိပါဘူး။ သည်အကြောင်း သိသူက သံချောင်းနှင့် ကိုဝါသီး နှစ်ယောက်တည်းရယ်။

ကိုဝါသီးဆိုတာက သံချောင်းတို့ရွာက အမဲပေါ် ဝက်ပေါ် လိုက်တဲ့သူပါ။ သူကသာ အမဲပေါ် ဝက်ပေါ်လိုက်ရတာ၊ မိန်းမကတော့ ရွှေတွေကို ညွှတ်လို့၊ ညွှတ်ဆို ကိုဝါသီးရဲ့ အရှိန်အဝါကလည်း သေးမှ မသေးဘဲကိုး။ ရွာတစ်ရွာမှာ လူမိုက် တစ်ယောက်လောက်တော့ ရှိတတ်ကြတယ် မဟုတ်လား။ ဟိုတုန်းကတော့ စုန်းရှိမှ ရွာတည်ရသတဲ့။ သံချောင်းတို့ရွာကတော့ လူမိုက်ရှိမှ ရွာတည်ရသလို ဖြစ်နေပြီ။ ကိုယ့်ရွာမှာ လူမိုက် မရှိရင် တစ်ရွာက လာစော်ကားမှာ လန့်နေရသေးတာကိုး။ ကိုဝါသီးကတော့ နွားသတ် ဝက်သတ်နေတဲ့သူဆိုတော့ လက်က ယဉ်ပြီးသားနေမှာပေါ့။ သည်နယ်က ဘာပဲလုပ်လုပ် အမဲပေါ်ချင် ဝက်ပေါ်ချင်လို့ကတော့ ကိုဝါသီးကို လှမ်းမှာလိုက်ရုံပဲ။ ကိုဝါသီးကလည်း ဘယ်ရွာက ခေါ်ခေါ် လိုက်တာပဲ။ ဒါက သူ့အလုပ်ကိုး။ ရွာစဉ်ကိုးပေါက် ရောက်နေတဲ့သူဆိုတော့ ရွာတကာမှာ လူမိုက်မှန်သမျှ သူ့မိတ်ဆွေချည်းပဲ။ သည်တော့လည်း ဝါသီးတဲ့ဟေ့ဆိုရင် ရွာက မီးသေပြီးသားပါ။ ကိုဝါသီးကလည်း ရွာကို စောင့်ရှောက်ပါတယ်။ သူ ရှိနေသမျှ ကာလပတ်လုံး ရွာမှာ နွားခိုးမှု မရှိဘူး။ လူသတ်မှု မရှိဘူး။ မုဒိမ်းမှု မရှိဘူး။ ဒါကြောင့်ကိုဝါသီးရဲ့ အရှိန်အဝါက မသေးဘူး။

အဲသည် ကိုဝါသီးကိုတော့ သံချောင်းက ကြောက်တယ်။ ကြောက်တယ်ဆိုတာ သူက ဘာမှ လုပ်လို့တော့ မဟုတ်ပါဘူး။ အလိုလို လန့်တာမျိုးပေါ့။ ကိုဝါသီးကများ နင်းဖို့ နှိပ်ဖို့ ခေါ်ရင် သံချောင်း အရောက်ပြေးရတယ်။ ကိုဝါသီးကို ကြောက်တာကလည်း တစ်ကြောင်း၊ နင်းနှိပ်ခကို မြိုးမြိုးမြက်မြက်ကလေး ပေးတတ်တာကလည်း တစ်ကြောင်းပေါ့။

အဲသည်နေ့က ကိုဝါသီးက သံချောင်းကို နင်းပေးဖို့ လူခေါ်လွှတ်လိုက်တယ်။ သံချောင်းလည်း ထမင်းစား ရေမိုးချိုးပြီး ရွာထဲ ထွက်ခဲ့တယ်။ ကိုဝါသီး အိမ်က ကျောင်းနဲ့ လှမ်းပေမဲ့ သံချောင်းကတော့ အရောက် သွားတတ်ပါတယ်။ ဘုန်းကြီးကျောင်းက ရွာမြောက်ဖျားမှာ၊ ကိုဝါသီးအိမ်က ရွာတောင်ဖျားမှာ။ တောင်ဖျားမှာတောင် ကိုဝါသီးအိမ်က ချောင်းချောက်ကြီးကို ဖြတ်ရသေးတာ။ ဒါပေမဲ့ သံချောင်းက အဲသည် ချောင်းချောက်ကြီးထဲက သဲလောက်တော့ ထည့်မတွက်ပါဘူး။ နေ့လယ်နေပူကြီးကျက်ကျက် ရောက်လာတဲ့ သံချောင်းကို ကိုဝါသီးက ဆီးပြီး မခိုင်းသေးဘူး။ ရေနွေးကလေး၊ အမြည်းကလေးနဲ့ ဧည့်ခံပါသေးတယ်။ တစ်အောင့်လောက်နေတော့ သူ့မိန်းမ မမြဒေါကို…

“မြဒေါ… နင့်အမေအိမ် သွားချင်လို့ဆို၊ သွားလေ၊ ငါ အိမ်စောင့်နေလိုက်မယ်၊ သံချောင်း အနင်းလည်း ခံချင်လို့”

ကိုဝါသီးက ပြောတော့ မမြဒေါလည်း ဝမ်းသာအားရနဲ့ သုတ်ခနဲ ရွာဘက် ထွက်သွားတော့တာပဲ။ အဲသည်နေ့က ကိုဝါသီးဟာ သံချောင်းကို ခါတိုင်းလို၊ စဟယ် နောက်ဟယ် မလုပ်ဘဲ ကောင်းကောင်းမွန်မွန်ပဲ စကားပြောတယ်။ တစ်ခုပြီး တစ်ခု ကျွေးတယ်။ သံချောင်းစိတ်ထဲ နည်းနည်းတော့ ထူးခြားနေတာပေါ့။ ပက်လက်ရော၊ မှောက်ရက်ရော နင်းပြီးတော့ အပူထုတ်ပေးနေတုန်း ကိုဝါသီးက သံချောင်းကို ပြောတယ်။

“သံချောင်း… မင်း မြောက်ရွာက ကိုဒင်ကြီးကို သိလား” ဆိုတော့ သံချောင်းက …

“လူမိုက်ဒင်ကြီးလား”တဲ့။

“ရှီးတဲ့မှ… သူ့သွားပြီး လူမိုက်ဒင်ကြီးခေါ်နေ၊ မင်း ဇက်ပြုတ်သွားချင်လို့လား” နဲ့လုပ်လိုက်တော့ သံချောင်းက ကြောက်ချင်ယောင်ဆောင်ပြလိုက်တယ်။ သံချောင်းကို ပြောတဲ့ကိုဝါသီးလေသံကတောင် ဒင်ကြီးကို ကြောက်နေတဲ့ ပုံမျိုးပေါ့။

“သူ့အိမ်ကို မင်းသိလား”

“အိမ်တော့ ကျုပ် ဘယ်သိပါ့မလဲ”

“အေး… အိမ်မသိရင်လည်း ရတယ်၊ မင်း ငါခိုင်းတာ လုပ်ပေးမလား၊ မင်းကို မုန့်ဖိုး ၅၀၀ ပေးမယ်”

ကိုဝါသီးက ၅၀၀ ပေးမယ်ဆိုတော့ သံချောင်း အံ့ဩသွားတယ်။ ခါတိုင်း အနင်းခံရင် ၁၀၀ ငွေဆိုတာ ကိုဝါသီးမို့ ပေးနိုင်တာ မှုတ်လား၊ အခု ၅၀၀ ပေးမယ်ဆိုတော့ တစ်ခုခုတော့ ထူးခြားနေပြီလေ။

“ကျုပ် လုပ်နိုင်တာဆို လုပ်ပေးမှာပေါ့ဗျ”

“မင်း ဘာမှ လုပ်စရာမလိုဘူး၊ ငါ ပေးလိုက်တဲ့ စာကို ဘယ်သူမှ မသိအောင် ပုဆိုးကြားထဲ လိပ်ထည့်သွားရုံပဲ၊ ရွာသာညောင်ပင်ကြီးအောက်ကော မင်း သွားတတ်လား”

“သင်္ချိုင်းမြောက်ဘက်က ရွာသာညောင်ပင်လား”

“အေး…”

“အပျော့ပေါ့ဗျာ”

“အေး… အဲသည်အပင်အောက်မှာ ဒင်ကြီးရဲ့ သားလေးရှိတယ်၊ နွားကျောင်းနေတာလေ၊ သူ့ကို မင်း စာပေးခဲ့ရုံပဲ၊ ဘယ့်နှယ့်လဲ… လုပ်ပေးမလား”

သည်စာကလေး ပေးရုံနဲ့ ၅၀၀ ပေးမယ် ဆိုတာကတော့ တော်တော့်ကို မတန်တာပါ။ တစ်နေကုန် ခြေပန်းလက်ပန်းကျအောင် နင်းမှ ၁၀၀ ရတဲ့ သံချောင်းက ရွာသာညောင်ပင်ဆီ သွားပြီး စာကလေး ပေးရုံနဲ့ ၅၀၀ ဆိုတော့…

“စာပေးရုံပဲဗျာ၊ လုပ်တာပေါ့”

“စာပေးရုံတင်မကဘူး၊ သည်စာကို ဘယ်သူမှ မမြင်အောင် ဝှက်ယူသွားရမယ်၊ ဒင်ကြီး သားလက်ထဲ ရောက်အောင် ထည့်ရမယ်၊ ကြားမှာ တစ်ခုခု ဖြစ်ရင်တော့ မင်း မချောင်ဘူးမှတ်”

“ရပါတယ်ဗျာ၊ ကျုပ်ခါးက ပုဆိုးလည်း ဘယ်သူမှ ဆွဲမချွတ်ပါဘူး”

“အေး… သည်စာ ပေးတဲ့အကြောင်းကိုလည်း မင်း ဘယ်သူ့ကိုမှ မပြောရဘူး၊ ပြောရင် မင်းအသက် ဖက်နဲ့ထုပ်ပေတော့”

သည်သဘောတူညီချက်နဲ့ပဲ သံချောင်းက ကိုဝါသီးစာကို ယူသွားတော့တာပါ။ သည်သတင်းက လျှို့ဝှက်ရမယ့် သတင်းဆိုတာကို သံချောင်း သိနေသလို ကိုဝါသီးကိုလည်း ကြောက်ရတယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် သံချောင်းကတော့ ငွေ ၅၀၀ နဲ့ ရွာက ဈေးသည် ဒေါ်ဖွားမိကို ပုဆိုးကလေးတစ်ထည်နဲ့ စွပ်ကျယ်ကလေး တစ်ထည် မှာပြီးပြီ။ တန်ဆောင်မုန်းလ ဘုရားပွဲ မတိုင်မီကလေးမှာပဲ အရှေ့တောရွာ ဓားပြတိုက်မှု ဖြစ်တယ်။ အမှုလိုက်ကြတော့ ဒင်ကြီးရဲ့လက်ချက်ဆိုပြီး ဒင်ကြီး အဖမ်းခံရတယ်။ အဲသည်ညက ကိုဝါသီးကတော့ ရွာမှာ ရှိနေခဲ့တယ်။ ဒင်ကြီးတို့ အဖမ်းခံရတဲ့သတင်း ကြားတော့ ကိုဝါသီးက သံချောင်းဆီ ပြေးလာတယ်။

“သံချောင်း… ဟိုစာကိစ္စ ဘယ်သူ့မှ မပြောနဲ့နော်”

သံချောင်းက မျက်စိမမြင်ရဘဲနဲ့ ကိုဝါသီးကို ကြည့်ပြီး ပြုံးလိုက်တယ်။ ပြီးတော့ ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်ပြလိုက်ရင်း…

“ကိုဝါသီး… ကျုပ်ကို ဘုရားပွဲသုံးဖို့ မုန့်ဖိုး ပေးဦး”တဲ့။

ကိုဝါသီးကလည်း “အေးပါကွာ” ဆိုတဲ့ပြီး သံချောင်းကို ငွေ ၅၀၀ ထပ်ပေးလိုက်တယ်။ အဲသည်နောက်ပိုင်းတော့ သံချောင်းက အနင်းအနှိပ် လိုက်မစားတော့ပါဘူး။ ဘုရားပွဲ ကျောင်းပွဲရှိလို့ပဲ ဖြစ်ဖြစ်၊ ဗီဒီယိုလေး ကြည့်ချင်လို့ပဲဖြစ်ဖြစ် သူမို့ အသုံးလိုလာရင် ကိုဝါသီးဆီသွားပြီး လက်ဖြန့်ခံလိုက်ရုံပဲ။ တစ်ခါတလေလည်း ကိုဝါသီးက သူ တောင်းသလောက် ပေးတယ်။ တစ်ခါတလေတော့ သံချောင်းကို ကြိမ်းမောင်းပြီး သင့်သလောက်ပဲ ပေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သံချောင်းကတော့ ကိုဝါသီးအကြောင်းကို ရွာထဲ လျှောက် မပြောပါဘူး။

မနေ့ တစ်နေ့ကတော့ ကိုဝါသီး ဆုံးသွားရှာတယ်။ ညကြီးအချိန်မတော် အိမ်ပြန်လာတုန်း ချောင်းချောက်ကြီးထဲက မြွေကိုက်လိုက်လို့တဲ့။ ကိုဝါသီး ဆုံးသွားတယ် ဆိုတော့ ရွာက ဟင်ခနဲတောင် ဖြစ်သွားကြသေးတယ်။ ကိုဝါသီး ရှိနေတုန်းက သူတို့ရွာမှာ ဘယ်သူ့ရန်မှ မကြောက်ရဘူး မဟုတ်လား။ လူမိုက်ဆိုပေမဲ့ ရွာအပေါ် စောင့်ရှောက်ဖော်ရတော့ အားကိုးကြရတာပေါ့။ ရန်ကို လုံလို့ပါ။ အခုလို ကိုဝါသီး ဗြုန်းခနဲ ဆုံးသွားတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် အားတော့ ငယ်သွားကြတာပေါ့လေ။

အားငယ်သွားကြတဲ့အထဲမှာ သံချောင်းလည်း ပါတယ်။ ကိုဝါသီး မရှိတော့ သူ့ကို မုန့်ဖိုးပဲဖိုးလေး အချောင်ပေးမယ့် သူက မရှိတော့ဘူးလေ။ သည်တော့ ငွေအသုံးလိုလာရင်း အနင်းအနှိပ်ကလေး လိုက်ရတော့တာပဲ။ ဒါပေမဲ့ သံချောင်းမှာ ကိုဝါသီး သိမသွားတဲ့ အချက်တစ်ချက် ရှိသေးတယ်။ ကိုဝါသီး သေတော့ သံချောင်းက သူ့ထင်းရှူးသေတ္တာကလေးထဲမှာ သော့ခတ်သိမ်းထားတဲ့ စာရွက်ကလေးကို ထုတ်ယူလိုက်တယ်။ ပြီးတော့ ဘယ်သူမှ မသိအောင် ပုဆိုးကြားထဲ လိပ်ထည့်လာပြီး ကျောင်းအောက်က မီးဖိုကလေးထဲ ပစ်ထည့်လိုက်တယ်။စာရွက်ခေါက်ကလေး မီးလောင် မလောင် သူက စမ်းကြည့်လိုက်သေးတယ်။ စာရွက်ကလေး တစ်စမကျန် လောင်သွားတော့မှ သံချောင်းတစ်ယောက် စိတ်အေးလက်အေး ရွာထဲ ထွက်ခဲ့တယ်။

“လာဟေ့… သံချောင်း”

အရီးတင့်က လှမ်းခေါ်တော့ သံချောင်းက-
“ဘာကျွေးမှာလဲဗျ”တဲ့။

ခါတိုင်းလို ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေးပါပဲ။ အရီးတင့်တို့ အိမ်မှာ သည်ကနေ့ မြေပဲ ဆွတ်နေကြတာ ဆိုတော့ အပျိုတွေကလည်း အုံးအုံးထလို့ပေါ့။ သည်သတင်းကို မနက်ကတည်းက သံချောင်း ရပြီးသားပါ။ မနက်တုန်းက ဆရာတော်ကို သာကူယိုလာလှူတော့ သံချောင်းကမေးလိုက်ပြီးသားလေ။

“ညည်းတို့ မျှော်နေတဲ့ သံချောင်း လာပါပြီတော်၊ ကဲ… သာကူယို အရင် သောက်လိုက်ဦး”

အရီးတင့်က အပျိုတွေဘက် လှည့်ပြောရင်း သံချောင်းကို သာကူယို တိုက်တယ်။ သာကူယိုက ပူနေလို့ သံချောင်းမှာ တစ်ဇွန်းချင်း လေမှုတ်ပြီး သောက်နေရတယ်။

“သံချောင်း… မနေ့ညက ဘာဇာတ်ကား ကြည့်ခဲ့ရတုံး၊ ပြောပြဦး” ဆိုတော့ သံချောင်းက

“ကျုပ် ဗီဒီယို မကြည့်တာ ကြာပြီ”တဲ့။

“ဘာဖြစ်လို့တုံး သံချောင်းရဲ့၊ ကိုဝါသီးကို ကြောက်လို့လား” လို့ မသေးတာက မေးတော့ မမိဆွဲက ကြားဝင်တဲ့ပြီး…

“ကိုဝါသီးဆိုလို့ ပြောရဦးမယ်၊ ကိုဝါသီးကို ကိုက်တဲ့မြွေက ခလောက်မြွေတဲ့တော့်”

“ခလောက်မြွေ…”

သံချောင်းက သူ တစ်ခါမှ မကြားဖူးတဲ့ နာမည်မို့ ခေါင်းထောင်ပြီး နားစွင့်လိုက်တယ်။

“ခလောက်မြွေဆိုတာ မြွေက ခလောက်ဆွဲထားသလို မြည်လို့လို့ အဘက ပြောတာပဲ၊ တို့နယ်ဘက်မှာတော့ တစ်ခါမှ မမြင်ဖူးပါဘူး၊ အံမယ်လေး… ကိုက်လိုက်ရင်တော့ ဆေးမမီဘူးတဲ့ တော်ရေ့…”

“သူ့မိန်းမ မမြဒေါက ပြောတော့ အဲသည်မြွေကို မမိလိုက်ဘူးတဲ့၊ ကိုဝါသီးအော်သံ ကြားလို့ သူတို့ ပြေးသွားကြတော့ မြွေက မရှိတော့ဘူးတဲ့၊ ကိုဝါသီး ဆိုတာများ နှုတ်ခမ်းတွေ ပြာနှမ်းလာတော့တာတဲ့။ အဆိပ်ပြင်းချက်ကတော့…”

“အဲသည်မြွေ မမိလိုက်သာ ဆိုးသာပဲ၊ တော်ကြာ ရွာထဲ ခိုကပ်နေပြီး လူတွေကို အန္တရာယ်ပြုမှဖြင့်…”

“နတ်ကတော် မသန်းစိန်က ပြောတော့ ဘာမြွေမှ မဟုတ်ဘူးတဲ့၊ တိုက်မြွေတဲ့အေ့၊ ကိုဝါသီးက နွားသတ် ဝက်သတ်နဲ့မို့ နတ်က မကြိုက်လို့ တိုက်တာလို့ ပြောသာပဲ”

“ဘာမြွေပဲဖြစ်ဖြစ်အေ… ညဘက် အပြင်မထွက်ကြနဲ့ပေါ့အေ့”

မိန်းမတွေ တစ်ယောက်တစ်ပေါက် ပြောနေကြတာကို သာကူယို သောက်ရင်း ကြားနေရတဲ့ သံချောင်းမှာတော့ လက်ဖျားခြေဖျားတွေ အေးစက်လို့။

****

“သံချောင်း… ရွာတောင်ဖျားက ကိုလှဘော်ကို သွားခေါ်စမ်း၊ မနက်ဖြန် သူ မြို့သွားမယ် ပြောတယ်၊ ငါ ဘုရားပုံတော်ကလေးအတွက် မှန်ပေါင် မှာလိုက်ချင်လို့”

ဆရာတော်က ခိုင်းတာကို သံချောင်းက ပေကပ်ကပ်လုပ်နေတယ်။ ခါတိုင်း ရွာထဲရပ်ထဲ လွှတ်ရင် အူမြူးနေတတ်တဲ့ သံချောင်းက သည်တစ်ခါ ဖင်လေးနေတော့ ဆရာတော်က…

“ဟဲ့… သံချောင်း… ဘာဖြစ်နေတာတုံး”

“တ.. တပည့်တော်… ညဘက် မသွားရဲဘူး ဘုရား”

“အမယ်… နင့်မှာ နေ့ရယ်.. ညရယ် ရှိသေးသလား သံချောင်းရဲ့”

“ရှိတာပေါ့ ဘုရား၊ နေ့ကျလင်းတော့ ရွာလမ်းတွေမှာ လူသူလေးပါး ရှိတာပေါ့ ဘုရား၊ ညကျ လူသွားလူလာမှ မရှိတာ ဘုရား”

သံချောင်း ကြေးများနေပုံကို ဆရာတော်က ပြုံးတယ်။

“ဘာလဲ… နင်က ဝါသီး ခြောက်မှာ ကြောက်နေတာလား၊ နာနာဘာဝက ရွာထဲ မနေနိုင်ပါဘူး သံချောင်းရဲ့”

“တင်… တင်ပါ့ဘုရား၊ တပည့်တော် နားလည်ပါတယ်ဘုရား၊ တပည့်တော် သရဲ မကြောက်တတ်ပါဘူး ဘုရား”

“ဒါဖြင့် နင်က ဘာကြောက်နေတာတုံး”

ဆရာတော်က လေသံမာမာနဲ့ မေးတော့ သံချောင်း လန့်ဖျပ်သွားတယ်။

“တ… တပည့်တော်ကြောက်တာ ခလောက်မြွေပါ ဘုရား”

ကိုဝါသီးလက်ထဲက စာကို ဒင်ကြီးဆီ ရောက်အောင် မပေးဘဲ နေဝံ့တဲ့ သံချောင်းက သူတစ်ခါမှ မမြင်ဖူး၊ မကြားဖူးတဲ့ ခလောက်မြွေကိုတော့ ကြောက်သတဲ့လေ။ စာပေး စာယူ လုပ်ကြကတည်းက သည်လူနှစ်ယောက် မတွေ့ဝံ့ကြလို့ပဲ ဆိုတာ သံချောင်းက တွက်ပြီးသားကို။ နေရဲတာပေါ့။ ခလောက်မြွေ ဆိုတာမျိုးကျတော့ သူ တွက်လို့မှ မရတာ။ ကြောက်မယ်ဆိုရင်လည်း ကြောက်မှာပေါ့လေ၊ ဆရာတော်က…

“နင့်လို လူကများ… ခလောက်မြွေ ကြောက်ရသေးသလား သံချောင်းရဲ့” ဆိုတော့သံချောင်းက…

“တင်ပါ့ဘုရား၊ သူက အဆိပ်ပြင်းသတဲ့ဘုရား”တဲ့။

အဲသည်နောက်တော့ ညဘက်ဆို သံချောင်းကို ဘယ်မှ လွှတ်လို့မရတော့ဘူး။ ဗီဒီယိုရုံလည်း မသွားတော့ဘူး။ ဒါပေမဲ့ နေ့လယ်နေ့ခင်းတော့ ခါတိုင်းလို ရွာထဲရပ်ထဲ လျှောက်သွားတုန်း၊ မဟုတ်ကဟုတ်က ဇာတ်လမ်းတွေ ဆင်ပြောတုန်း။ လူတွေကလည်း သံချောင်းပြောတာကို နားထောင်နေကြတုန်း။

ပြီးပါပြီ

ရေးသားသူ- ခင်ခင်ထူး

📒 ရွှေအမြုတေမဂ္ဂဇင်း (ဒီဇင်ဘာလ၊ ၂၀၀၁)