“သရဲပေတလူ” (စ/ဆုံး)

“သရဲပေတလူ” (စ/ဆုံး)

************************
ကျုပ်တို့ရွာစည်းရုံးမှာ တံခါးလေးပေါက်
ရှိပါတယ်ဗျ။ အရှေ့တံခါးက ဆရာတော်
တို့ကျောင်းရှိတဲ့ဘက်မှာ။ အရှေ့တံခါးက
ထွက်ရင် အရှေ့ဘက်ထန်းတောကြီးရှိ
တာဗျ။ ရွာဦးကျောင်းနဲ့ ရွှေတောင်ဦး
ဘုရားကတော့ ရွာရဲ့အရှေ့မြောက်
ဘက်မှာဗျ။ အဲဒီဘက်ကတောင်ကုန်း
အမြင့်ဗျ။

တောင်ဘက်စည်းရုံးမှာ တောင်တံခါး၊
မြောက်ဘက်စည်းရုံးမှာ မြောက်တံခါး၊
အနောက်ဘက်စည်းရုံးမှာ အနောက်
တံခါးဗျ။ အနောက်တံခါးကထွက်ရင်
တော့ ကုက္ကိုပင်၊ ထနောင်းကုန်းပင်
တွေအုပ်ဆိုင်းနေတဲ့ ထနောင်းကုန်း
သင်္ချိုင်းရှိတယ်ဗျ။ အနောက်တံခါးက
ထွက်ထွက်ချင်းမှာ လူသုံးဖက်စာ
လောက်ရှိတဲ့ မန်ကျည်းပင်ကြီး
တစ်ပင် ရှိတယ်။

သင်္ချိုင်းနဲ့တော့ တော်တော်လှမ်းသေး
တယ်ဗျ။ အဲဒီမန်ကျည်းပင်ကြီးမှာ ကျုပ်
တို့ တစ်ရွာလုံးနဲ့သိတဲ့ ပေတလူလို့ ခေါ်
တဲ့ သရဲတစ်ယောက်နေတယ်။

ကျုပ်တို့ရွာသားတွေကတော့ သူပြော
လူပြောနဲ့ ယုံကြတာပေါ့ဗျာ။ ကျုပ်က
တော့ အကြောင်းကိစ္စရှိလို့ ညဘက်
မဖဲဝါပင့်တဲ့အခါ ဒီမန်ကျည်းပင်ကြီး
ပေါ်ကို မသိမသာမော့ကြည့်နေကျ
ဗျ။ ကျုပ်က မျက်ကွင်းဆေး ကွင်း
ထားတာဆိုတော့ ပေတလူကို ကျုပ်
က မြင်ရတာပေါ့ဗျာ။

နည်းတဲ့အကောင်ကြီးဗျာ။

ကျုပ်စိတ်ထင်တော့ သရဲကြီးပေတလူ
ရဲ့အရပ်ဟာ ဆယ့်ငါးပေတော့ သေချာ
ပေါက်ရှိမယ်ဗျ။ ခေါင်းက ဆံပင်ကြီးတွေ
က ပခုံးပေါ်ကို ဖားလျားကြီးကျနေတာဗျို့။
မျက်လုံးကြီးတွေက အကြမ်းပန်းကန်လုံး
လောက်ရှိသဗျ။ နီရဲပြီး ရှေ့ကို ပြူးထွက်
နေတာဗျ။ လျှာနီနီကြီးက တွဲလောင်းကျ
နေတယ်။ အပေါ်ပိုင်းမှာ ဘာမှမပါဘူး။

အမွေးအမျှင်မည်းမည်းကြီးတွေပေါက်
နေတယ်။ ခါးအောက်ပိုင်းမှာတော့
ပုဆိုးကွက်တုံးကြီးဝတ်လို့ဗျ။

ခြေထောက်ကြီးတစ်ဖက်တစ်ဖက်ကို
အုန်းပင်လုံးလောက် ရှိမယ်ဗျ။ အဲဒီ
ရွာနောက်က မန်ကျည်းပင်ကြီးဟာ
သရဲကြီးပေတလူရဲ့ ဗိမာန်ကြီးပဲပေါ့
ဗျာ။ ကျုပ်တို့ထနောင်းကုန်းရွာသား
တွေရဲ့ စာရင်းမှာ ပေတလူဆိုတဲ့
သရဲတစ်ကောင်လည်း ပါနေတာဗျ။

ဘယ်အိမ်မှာ အလှူလုပ်လုပ် အဲဒီမန်
ကျည်းပင်ကြီးအောက်မှာ ငှက်ပျောဖက်
ခင်းပြီး ပေတလူကို သွားကျွေးကြတာ။
အဲဒီလို ကျွေးမွေးပြီးရင် ပါးစပ်ကလည်း
ပြောကြသေးသဗျ

“ပေတလူရေ၊ ကျုပ်တို့ ထနောင်ကုန်းရွာ
နဲ့ ရွာသူရွာသားတွေကို စောင့်ရှောက်
ပါနော်”

လို့ ပြောကြတာ။ နေဦးဗျ။ စောင့်ရှောက်
တယ်လို့ပဲ ပြောရတော့မှာပေါ့ဗျာ။ တစ်
ခါက ကျုပ်တို့ရွာကို ဓါးမြအဖွဲ့တစ်ဖွဲ့က
မြင်းတွေနဲ့ လာပြီး တိုက်ဖို့ကြံစည်တာ
ဗျ။ အဲဒါကို ပေတလူက အနောက်ပိုင်း
က အရီးမယ်စိုကြီးကို ဝင်ပူးပြီး ပြော
တာဗ်။

“ငါ ပေတလူကွ၊ နင်တို့ရွာကို လကွယ်
နေ့ညမှာ ဓါးမြတိုက်လိမ့်မယ်၊ ဓါးမြက
နှစ်ဆယ်လောက်ရှိတယ်၊ ရှင်မတောင်
ဘက်က လာမှာ၊ နင်တို့ ကြိုပြီးကာနိုင်
ရင်ကာကြ၊ မကာလို့ကတော့ ရွာတောင်
မီးရှို့ချင်ရှို့မှာ”

လို့ ပေတလူက ပြောတာဗျ။

ဒီသတင်းက ရွာထဲမှာ ပျံ့သွားတော့
တာပေါ့ဗျာ။ လကွယ်ညရောက်ဖို့က
သုံးရက်တောင် လိုသေးတော့ ပြင်
ဆင်ချိန်လည်း ရကြတာပေါ့ဗျာ။
ဒီမှာတင် ဘန့်ဘွေးကုန်းသားတွေ
နဲ့ ထနောင်းကုန်းသားတွေ ပေါင်းပြီး
လက်နက်ကိုယ်စီပြင်ကြတာပေါ့ဗျာ။

ပထမဆုံးလက်နက်က ဒူးလေးဗျ။
ဒူးလေးမှာ ယမ်းမြားတပ်ပြီးပစ်တာ။
ထီးရိုးအချောင်းကို နောက်ဘက်က
မြားတံတပ်ပြီး ထိပ်ဖူးက ကျည်ဆံ
ထိပ်ဖူးလို သစ်သားကိုချွန်ပြီး တပ်ရ
တာဗျ။ ပြီးရင် ထီးရိုးထဲမှာ ယမ်းမှုန့်ကို
စပ်ပြီး ဖွဖွလေးထောင်းသိပ်ရတယ်။
အဲဒီနေရာမှာ မကျွမ်းကျင်လို့ကတော့
‘အုန်း’ကနဲ ထပေါက်ပြီး လက်တောင်
ပြတ်တတ်တယ်ဗျ။

ဒူးလေးကျွမ်းတဲ့ လူတွေက ဒူးလေးနဲ့
ယမ်းမြားဆယ်ချောင်းစီလောက်ကို
မြားကျည်တောက်နဲ့ လွယ်ကြလို့ပေါ့
ဗျာ။ ဒုတိယ လက်နက်က ခဲသီးဗျ။
မြစ်ထဲချောင်းထဲမှာ ပိုက်ချတဲ့အခါ
ပိုက်မှာဆွဲတဲ့ ခဲသီးကိုဖြတ်ပြီး လုံး
အောင်သွေးထားတာဗျ။

ပြောရရင်တော့ ခဲလောက်စာလုံးပေါ့
ဗျာ။ အဲဒါကို လောက်လေးခွနဲ့ ထည့်
ပြီးပစ်မှာဗျ။ ကျန်တဲ့လူတွေကတော့
အနားကပ်လာရင် ခုတ်ဖို့ ဓါးရှည်တွေ
လှံတွေနဲ့ဗျ။ လကွယ်နေ့ညရောက်
တော့ အဖွဲ့တွေ ဖွဲ့ပြီး ရှင်မတောင်
ဘက်က ဆင်းလာမယ့်လမ်းမှာ
ကင်းပုန်းတွေ ဝပ်ပြီး စောင့်ကြတာ
ပေါ့ဗျာ။ ဟုတ်ပါ့ဗျာ၊ သရဲပေတလူ
ပေးတဲ့သတင်းက အမှန်ပဲဗျို့။

ညကိုးနာရီလောက်ရောက်တာနဲ့ ရှင်မ
တောင်ဘက်ကနေ မြင်းတွေလာကြ
တာဗျို့။ မြင်းက ဆယ်ကောင်လောက်
ရှိမယ်၊ ကျန်တဲ့လူတွေက မြင်းတွေ
နောက်က လျှောက်ပြီးလိုက်လာကြ
တာ။ ကင်းပုန်းဝပ်စောင့်နေတဲ့ ဘန့်
ဘွေးကုန်းသားနဲ့ ထနောင်းကုန်း
သားတွေက မြားတစ်ပစ်လောက်
ရောက်တော့မှ ဒူးလေးတွေနဲ့ ပစ်
ကြတာဗျို့။

ယမ်းမြားတွေက တအုန်းအုန်းထပြီး
ပေါက်ရောဗျို့။ ဒီမှာတင် ကျုပ်တို့
ခဲလောက်စာလုံးအဖွဲ့ကလည်း
လောက်လေးခွတွေနဲ့ မြင်းအုပ်ထဲ
ကို ပစ်ကြတာဗျို့။ ပထမတော့ ဓါးမြ
တွေက ခံတန်တန်လုပ်နေသေးသဗျ။
နောက်တော့မှ လောက်စာလုံးတွေ
မိုးရွာသလိုရွာချတော့မှ ရှေ့မတိုးရဲ
တော့ဘဲ မြင်းတွေက ဦးတည်ရာ
ပြေးတော့တာဗျို့။

ကျုပ်တို့လည်း ဒီတော့မှ ညာသံပေးပြီး
ထွက်လိုက်ကြတာ။ လူတစ်ရာကျော်ရဲ့
အော်သံကြီးက ညဘက်မှာ ဟိန်းထွက်
လာတော့ ဓါးမြတွေဆိုတာ ရှင်မတောင်
ဘက်ကိုတန်းပြေးတော့တာဗျို့။

နောက်ညမှာ ထနောင်းသားတွေက
သရဲပေတလူကို မန်ကျည်းပင်အောက်
မှာ အစားအသောက်တွေ သွားကျွေး
ကြသဗျို့။ ပေတလူကို ကျွေးတော့
မွေးတော့ ကျုပ်ကိုပဲလုပ်ခိုင်းကြတာ
ပေါ့ဗျာ။ ငှက်ပျောဖက်ထဲမှာ ထမင်း
တစ်ပြည်ချက်နဲ့ အမဲသားတွေ ချက်
လို့ဗျ။

“မန်ကျည်းပင်နေတဲ့ ပေတလူဗျာ၊
ခင်ဗျားကျေးဇူးကြောင့် ကျုပ်တို့
ထနောင်းကုန်းရွာသားတွေ ဓါးမြ
ရန်က လွတ်ခဲ့တာပါ ပေတလူဗျာ၊
ဒီကျေးဇူးကို တုန့်ပြန်တဲ့အနေနဲ့
ထမင်းနဲ့ အမဲသားကို ကျွေးပါတယ်၊
ဆေးလိပ်လည်း အဆင်သင့် မီး
ညှိပေးထားပါတယ် ပေတလူဗျာ၊
စားပါ သောက်ပါဗျာ၊ စားပါ
သောက်ပါ”

မျက်ကွင်းဆေးရဲ့အစွမ်းကြောင့် ကျုပ်
က ပေတလူကြီးကို မြင်ရတာပေါ့ဗျာ။
ဒါပေမဲ့ ကျုပ်တို့က ခပ်လှမ်းလှမ်းက
သွားပြီး ကြည့်ကြရတာဗျ။ ပေတလူ
ကြီးက မန်ကျည်းပင်ကနေ ဇောက်
ထိုးဆင်းလာတာဗျို့။ နည်းတဲ့အ
ကောင်ကြီးမှ မဟုတ်တာဗျာ။ စား
တော့တာပဲဗျို့။ ကျုပ်တို့ ထနောင်း
ကုန်းသားတွေကျွေးတဲ့ ထမင်းတွေ
ဟင်းတွေကို အားရပါးရကိုစားတာ
ဗျ။ ထမင်းတွေ စားသောက်ပြီးတော့
မှ အဆင်သင့်မီးညှိပြီး အုတ်ခဲကျိုး
ပေါ်မှာ တင်ထားတဲ့ မစိန်ညွန့်
ဆေးပေါ့လိပ်ကြီးကို သောက်တော့
တာပဲဗျို့။ မီးကို ရဲကနဲ ရဲကနဲနေ
အောင် ဖွာတာဗျို့။ ဒါကိုတော့
တခြားသူတွေလည်းမြင်ရတာဗျ။

“ဟာ ဆေးလိပ်သောက်နေပြီဟေ့၊
မီးကို ရဲကနဲ ရဲကနဲ နေတာပဲဟေ့”

ဆိုပြီး တစ်ယောက်နဲ့တစ်ယောက်
လက်တို့ပြီး ပြောကြတာဗျ။ တစ်ခါ
တော့ ကျုပ်တို့ရွာက အသက်နှစ်
ဆယ်ကျော် သုံးဆယ်အရွယ်လောက်
ကာလသားတွေ ဘောလုံးအသင်း
ဖွဲ့ပြီး မီးလောင်ကုန်းက ကာလသား
တွေနဲ့ ဘောလုံးကန်ကြရောဗျို့။
ကျုပ်တို့ရွာက ကာလသားတွေက
တစ်ရက်ကြိုပြီး ပေတလူကို
သွားပြောတယ်။

ဘောလုံးနိုင်ရင်အောင်လုပ်ပေးရင်
ပေတလူကို အမဲသားနဲ့ထမင်းကျွေး
မယ်လို့ ပြောသဗျ။ ဘောလုံးပွဲကလည်း
ရွာအနောက်က ဘိုးစုံတို့ယာထဲမှာ
လုပ်တာဆိုတော့ ပေတလူကြီးနေ
တဲ့ မန်ကျည်းပင်နဲ့လည်း သိပ်မဝေး
ဘူးပေါ့ဗျာ။ မီးလောင်ကုန်းကလူတွေ
ဆိုတာ ဘောလုံးပွဲစကတည်းက
တဘုန်းဘုန်း လဲချည်းနေတာဗျ။

ကျုပ်တို့ထနောင်းကုန်းဘက်ကို
ဂိုးသွင်းဖို့ ဘောလုံးဆွဲလာပြီဆိုတာနဲ့
ဘိုင်းကနဲ လဲတော့တာပဲဗျို့။ ဘော
လုံးပွဲပြီးတော့ ကျုပ်တို့ထနောင်းကုန်း
က ကိုးဂိုး ဂိုးမရှိနဲ့ နိုင်တာပေါ့ဗျာ။
လောင်းကြေးကလည်း မနည်းဘူးဗျာ။
အဲဒီညက ကာလသားတွေဆိုတာ
ပျော်ပြီးသောက်ကြစားကြနဲ့ ပေ
တလူကြီးကိုလည်း ပေးထားတဲ့
ဂတိအတိုင်း အမဲသားနဲ့ ထမင်း
ကျွေးကြတယ်ဗျ။

ဒါပေမဲ့ ဒီသတင်းကို သူကြီးကြား
သွားပြီးဘောလုံးအသင်းကို ခေါ်ဆူ
ပါလေရောဗျာ။နောင်ကို ဒါမျိုးမလုပ်ဖို့၊
ရိုးရိုးသားသားမကစားရင် ဘယ်တော့မှ
ကစားခွင့်မပေးဘူးလို့ သူကြီးက ပြော
တော့တာဗျ။ တစ်ခါကတော့ ပေတလူရဲ့
လက်ဝှေ့ပွဲဗျို့။ ညဘက်ဗျ။ အဲဒီညက
လသာတယ်။ ယာခင်းတွေထဲမှာ
လရောင်က လင်းထိန်နေအောင်
သာတာဗ်။

အံ့သြစရာပဲဗျို့။ တစ်ရွာလုံးက ခွေး
တွေ ရွာမြောက်ဘက်ကို ပြေးထွက်ပြီး
ဝိုင်းဟောင်နေကြတာဗျို့။ ခွေးအကောင်
တစ်ရာနီးပါး ဝိုင်းဟောင်နေတဲ့ အသံက
ဆူညံနေတော့တာပေါ့ဗျာ။

“ဝုတ်” “ဝုတ်” “ဝုတ်” “ဝုတ်”

ရွာထဲမှာ ကျန်နေတဲ့ ခွေးတွေကလည်း
နောက်ကျသွားမှာ စိုးတဲ့ပုံမျိုးနဲ့ ရွာ
မြောက်ပိုင်းကို ပြေးထွက်သွားကြတာ
ဗျို့။ ခွေးတွေရဲ့ဟောင်သံက မတူ
ဘူးဗျ။ အကြောင်းအရာပေါ်မှာ
လိုက်ပြီး ကွာတယ်၊ အခုဟောင်သံ
က သူတို့အတွက် တော်တော်ကို
ထူးခြားနေပုံပဲဗျ။

ရွာစည်းရိုးက တံခါးပိတ်ထားပြီလေဗျာ။
ဒီကောင်တွေ ရွာပြင်တော့ ထွက်လို့
မရဘူးဗျာ။ ရွာစည်းရိုးအပေါက်ကနေ
အပြင်ကို ချောင်းကြည့်ပြီး ဟောင်
နေတာဗျ။ ရွာတွေက လူတွေကလည်း
ဘာဖြစ်မှန်း မသိတော့ မြောက်ပိုင်း
ကိုပြေးပြီး စပ်စုကြတာပေါ့ဗျာ။

“ကိုကြီးတာတေ၊ ကိုကြီးတာတေ”

ဟော ကျောက်ခဲဗျ၊ ဒီကောင်မြောက်
ပိုင်းက ပြန်လာပြီထင်တယ်။

“ကိုကြီးတာတေ၊ ရွာအပြင်မှာ
ဘာဖြစ်တယ်မသိဘူးဗျ”

“ဟေ …ဘာဖြစ်လို့တုံးကွ ကျောက်ခဲရ”

“တစ်ရွာလုံးက ခွေးတွေမြောက်ပိုင်း
ကိုပြေးပြီး စည်းရိုးကနေ အပြင်ကို
ချောင်းကြည့်ပြီး ဟောင်နေတာဗျ၊
ကျုပ် သစ်ပင်ပေါ်တက်ပြီး ရွာပြင်ကို
ကြည့်တော့လည်း ဘာမှတော့မမြင်
ဘူးဗျ”

တကယ်တော့ ကျုပ်က မြောက်ပိုင်းကို
တစ်ခေါက်ရောက်ပြီးသားဗျ။ ကပျာ
ကယာ အိမ်ပြန်လာပြီး မျက်ကွင်းဆေး
ကွင်းတာ။ အခု အိမ်က ထွက်လာတာက
နောက်တစ်ခါထွက်လာတာ။ ကျောက်ခဲ
က ကျုပ်အခု အိမ်က ထွက်လာ
တယ်ထင်ပြီး ပြောနေတာ။ ကျုပ်
မျက်ကွင်းဆေးပြန်ကွင်းတာကို ဒီ
ကောင် မသိဘူးလေဗျာ။

ကျောက်ခဲနဲ့ ကျုပ်နဲ့ မြောက်ပိုင်းကို
ရောက်တော့ စည်းရိုးနဲ့ကပ်နေတဲ့
သရက်ပင်ကြီးပေါ်ကို တက်ခဲ့ကြ
တယ်ဗျ။ ကိုင်းကြီးကြီးတစ်ကိုင်း
ကိုကူးပြီး ရွာပြင်ကိုလှမ်းကြည့်
လိုက်တော့ …ဟာ သရဲကြီးနှစ်
ကောင် သတ်ပုတ်နေတာပဲကိုး။
ဒါကြောင့် ခွေးတွေ ဝိုင်းဟောင်
နေတာဗျ။ ခွေးတွေက နာနာဘာ
ဝကို မြင်ကြရတယ်လေဗျာ။

“ဝုတ်” “ဝုတ်” “ဝုတ်” “ဝုတ်”

ခွေးဟောင်သံတွေ ဆူညံနေတဲ့ကြားမှာ
သရဲကြီးနှစ်ကောင်ကလည်း အသေအ
ကြေကို သတ်ပုတ်နေကြတာဗျို့။တစ်
ကောင်က ပုဆိုးကွက်တုံးကြီးနဲ့ ကျုပ်
တို့ရဲ့ပေတလူကြီးဗျ။ နောက်တစ်
ကောင်ကတော့ နယ်ကျွံလာတဲ့
ကောင်လည်း မသိဘူး၊ ကြည့်ရတာ
တော့ နယ်ကျွံလာတဲ့ သရဲကြီးနဲ့ ပေ
တလူနဲ့ သတ်ပုတ်နေတာထင်ပါရဲ့ဗျာ။
ကျုပ်က မျက်ကွင်းဆေးကို နားတွေမှာ
ပါလိမ်းပြီး ဒိဗ္ဗသောတဂါထာရွတ်ထား
တော့ အသံပါကြားရတော့တာပေါ့ဗျာ။

“ဘုန်း” “ဘုန်း” “ဘုန်း” “အီး” “အား”

သရဲကြီးနှစ်ကောင်က တစ်ကောင်နဲ့
တစ်ကောင် အသေအလဲကို ထိုးကြိတ်
သတ်ပုတ်နေကြတာဗျို့။ ဟော တစ်
ကောင်လဲသွားပြီဗျို့။ ဟာ ပက်လက်
ကြီးလန်ပြီး လဲသွားတာဗျ။ ပေတလူ
ကြီးက အပေါ်က ကားယားကြီးခွစီး
ပြီး လက်သီးနဲ့ တရစပ်ကိုထိုးနေ
တော့တာဗျို့။

“အား ” “အား”

ဟော အော်ပြီဗျို့။ အောက်ကအထိုးခံ
ရတဲ့ သရဲကြီးပါ။ ပါးစပ်ကြီးဖြဲပြီး အော်
နေတော့တာဗျို့။

“ဘုန်း” “ဘုန်း” “အီး” “အား”

ဟော အောက်ကသရဲကြီးက အပေါ်က
ပေတလူကြီးကို ဆောင့်တွန်းပစ်လိုက်တာ။
ပေတလူကြီးနောက်ကို နှစ်လံသုံးလံလောက်
ကို လွင့်ထွက်သွားရောဗျာ။ ဟော ပြေးပြီ။
ပြေးပြီဗျို့။ အောက်က ရှုံးသွားတဲ့ သရဲကြီး
က ပေတလူကြီးကို ဆောင့်တွန်းလိုက်ပြီး
ပေတလူကြီး လွင့်ထွက်အသွားမှာ ဖျတ်
ကနဲ ထပြီး ပြေးတော့တာဗျို့။

ဟာ လိုက်တယ်ဗျို့၊ လိုက်တယ်၊ ပုဆိုး
ကွက်တုံးကြီး ဝန်ထားတဲ့ ပေတလူကြီး
က ပေတလူကြီးက နောက်ကပြေးလိုက်
သေးတယ်။ ဒါပေမဲ့ သူတို့မှာ နယ်ရှိပုံရ
တယ်ဗျ။ တစ်နေရာရောက်တော့ ပေတ
လူက တုံ့ကနဲရပ်သွားပြီး ဆက်မလိုက်
တော့ဘူးဗျ။ နယ်ကျွံလာတဲ့ သရဲကြီးက
ပေတလူထက်တောင် အရွယ်ကြီးသေး
တာဗျ။ တစ်ကိုယ်လုံး အမွေးအမျှင်တွေ
ဖုံးနေတာဗျ။ နည်းနည်းနောနော အ
ကောင်ကြီး မဟုတ်ဘူးဗျ။

ဒါပေမဲ့ ကျုပ်တို့ပေတလူက ဟိုကောင်
ကြီးထက် အသက်အပုတ်သာပုံရတယ်။
အဲဒီညက သရဲကြီးနှစ်ကောင်ရဲ့ လက်
ဝှေ့ပွဲမှာ ပေတလူ နိုင်သွားတာပေါ့ဗျာ။

“တာတေ ဘာမြင်တုံး”

လို့ ကျုပ်ကို ဝိုင်းမေးကြတယ်။
မပြောလို့လည်း မရတော့ ကျုပ်တစ်
ယောက် နှစ်ယောက်ကိုပဲခပ်တိုးတိုး
ပြောပြခဲ့တာဗျ။ ဒါပေမဲ့ ကျုပ်သိတာ
ပေါ့ဗျာ။တစ်ယောက် နှစ်ယောက်ပြော
လည်း တစ်ရွာလုံးသိမှာပဲဆိုတာ။
ကျုပ်နဲ့ ကျောက်ခဲမြောက်ပိုင်းက
ပြန်တော့ ခွေးတွေပါ ပြန်လာကြ
တာဗျ။ ဒီကောင်တွေက ပွဲကြီးပွဲ
ကောင်း ကြည့်လာရတာဆိုတော့
ကျေနပ်နေကြပုံပဲဗျ။

မော့မော့မော့မော့နဲ့ ကိုယ်ဝိုင်းကိုယ်
ပြန်ကြတော့တာပေါ့ဗျ။ တစ်ခါက
ဆောင်းတွင်းကြီးဗျ။ အေးလိုက်တာ
မှ အရိုးထဲအထိကို စိမ့်နေသလား
မှတ်ရတာဗျို့။ အင်မတန်ဖြစ်ခဲ့တဲ့
အဖြစ်ပါဗျာ။ မနက်အစောကြီး ရွာ
တံခါးတွေ ဖွင့်တဲ့အချိန်မှာ ထွက်
သွားတာ ဖြစ်မယ်ဗျ။ ညကတည်းက
မြင်းစောင်းက လွတ်နေတာ ဖြစ်လိမ့်
မယ်။ ယာကွက်တွေထဲမှာ လိုက်ရှာ
တာလည်း မတွေ့ဘူးဗျ။ အနီးအနား
ရွာတွေမှာလည်း စုံစမ်းလို့မရဘူး။

ဒီအနီးအနားရွာတွေကလည်း တိမ်
ညိုကြီးကို မသိတဲ့သူ မရှိဘူးဗျာ။
နောက်ဆုံးတော့ ကျုပ်တို့ရွာကလူ
တွေက တိမ်ညိုကြီးကို ခိုးသွားတာ
လို့ပဲ ထင်ကြေးပေးကြတော့တာဗျ။
ဘယ်လိုမှ ကြံစည်လို့မရတော့တဲ့
အဆုံး ကျုပ်ဆီကို ရောက်လာကြ
တော့တာပေါ့ဗျာ။

“တာတေရေ၊ ကိုကြီးတို့လည်း တိမ်ညိုကို
ရှာကြဖွေကြတာနှံ့နေပြီကွာ၊ ဘယ်မှာမှကို
မတွေ့တာကွ၊ မင်းမှာ အကြံရှိရင်
ပြောစမ်းပါဦးကွာ”

ကျုပ်လည်း စဉ်းစားတယ်ဗျ။ မဖဲဝါကို
ပင့်ပြီးမေးရင်ကောင်းမလားပေါ့ဗျာ။
ဒါပေမဲ့ မြင်းပျောက်တာကအစ သူ့ကို
မေးလို့မသင့်တော်မှန်း ကျုပ်တွေးတယ်။
နောက်တော့ ကျုပ်ခေါင်းထဲမှာ အကြံ
တစ်ခု ရလာတယ်ဗျ။

“အေး ကောင်းသားပဲကွ တာတေရ၊
အမဲသားတော့ မရှိဘူးကွ၊ ကြက်နှစ်
ကောင်ချက်ပြီး ကျွေးကွာ”

ကျုပ်ပြောတဲ့အတိုင်း မြင်းရှင်တွေက
လုပ်ပေးကြပါတယ်လေ၊ တိမ်ညိုကြီး
ရဲ့ ပိုင်ရှင်ကို ခင်ဗျားမှတ်မိမှာပါ။
‘ကျောက်တလားချောင်း’ဝတ္ထုမှာ
တစ္ဆေကိုက်ခံရတဲ့လူလေဗျာ။

ညရောက်တော့ ထမင်းတောင်းလေး
ထမ်းပြီး ရွာနောက်ဘက်တံခါးက ထွက်
လာခဲ့တယ်။ ကျုပ်နဲ့အတူတူ ရွာက ကာ
လသားနှစ်ယောက် ပါလာတာဗျ။

ကျုပ်က ငှက်ပျောဖက်နဲ့ ထုတ်ထားတဲ့
ထမင်းထုပ်ကို ဖြည်ပြီး မန်ကျည်းပင်
ကြီးအောက်မှာ ထမင်းပွဲကြီးပြင်လိုက်
တယ်။

“ထနောင်းကုန်းရွာသူရွာသားတွေရဲ့
မိတ်ဆွေကြီးပေတလူဗျား၊ ကျုပ်တို့
ရွာက တိမ်ညိုလို့ခေါ်တဲ့ မြင်းကြီး
တစ်ကောင်ဟာ ပျောက်ခြင်းမလှ
ပျောက်သွားလို့ပါဗျာ၊ နေရာအနှံ့
လိုက်ရှာပေမယ့်လည်း ပေတလူ
စားဖို့ ထနောင်းကုန်းရွာသားတွေ
ကိုယ်စား ထမင်းဟင်းတွေကို
ကျုပ်က လာပို့ပေးပါတယ်ဗျာ”

ကျုပ်က မျက်ကွင်းဆေး ကွင်းလိုက်တယ်။
ပေတလူကြီး သစ်ပင်ပေါ်က ဇောက်ထိုး
ကြီးဆင်းလာပြီး ကျုပ်ယူလာတဲ့ ထမင်း
တွေကို စားတယ်ဗျ။ ပြီးတော့ သူ့လက်
ဖက်နဲ့ မြင်းစီးသလို လုပ်ပြတယ်။ ပေ
တလူကြီး ဘာကိုပြောချင်မှန်းတော့
ကျုပ်မသိဘူးဗျ။ ဒါပေမဲ့ ကျုပ်ပြောတဲ့
မြင်းကိစ္စကိုတော့ သူသိသွားတဲ့ပုံပဲဗျ။

စားသောက်ပြီးတာနဲ့ ပေတလူက ကျုပ်
အဆင်သင့်ညှိပေးထားတဲ့ မစိန်ညွန့်
ဆေးပေါ့လိပ်ကြီးကို ဖွာနေပြန်ရောဗျ။
ပြီးတော့ သူ့လက်နှစ်ဖက်နဲ့ မြင်းစီးသ
လိုလုပ်ပြန်ရောဗျ။ ပြီးတာနဲ့ မန်ကျည်း
ပင်ပေါ်ကို ဇောက်ထိုးကြီးတက်သွား
ပြန်ရောဗျို့။ ကျုပ်တို့လည်း ရွာထဲကို
့ပြန်လာခဲ့ကြတယ်။ ညသန်းခေါင်
လောက်ရောက်တော့ …

“တာတေ၊ တာတေ၊ တာတေ”

“ဟဲ့ ဘယ်သူတုံး ညကြီးမိုးချုပ်”

“အရီး…ကျုပ်တို့ပါဗျ၊ ဦးမြဒင်သားတွေပါ”

“သြော်”

“ဟဲ့ တာတေ၊ မြဒင်သားတွေ နင့်ကို
လာနှိုးနေကြလို့ဟဲ့”

အမေဝိုင်းထဲကို လှမ်းမေးနေကတည်းက
ကျုပ် နိုးနေတာဗျ။

“အမေ ကျုပ်နိုးပြီ”

“တာတေ နင် ဘာတွေ လုပ်ထားလို့တုံး”

အမေက ကျုပ်ကိုစိတ်မချလို့ မေးတာဗျ။

“ကျုပ်က ကူညီတာပါအမေရ၊ သူတို့မြင်း
တိမ်ညိုကြီးပျောက်သွားလို့ ကျုပ်ကအကူ
အညီတစ်ခု ပေးထားတာပါ”

“ဘာလဲ၊ နင် မဖဲဝါကိုမြင်းရှာခိုင်းတာလား”

“ဟာ မဟုတ်ပါဘူး အမေရ၊ မဖဲဝါ
မဟုတ်ပါဘူး၊ ပေတလူကြီးကို
ရှာခိုင်းတာပါ”

“နင်ကတော့လေ၊ တစ်ခုခုကိုမှမပွေလီ
ရရင် နေနိုင်တဲ့ကောင် မဟုတ်ဘူးနော်”

ကျုပ်က ဝိုင်းထဲကို ပြေးဆင်းလာခဲ့တယ်

“တာတေ၊ တိမ်ညိုကြီးရွာပြင်မှာ
ပတ်ပြေးနေတယ်ကွ”

“ဟာ ဟုတ်လားဗျ၊ ဒါဆိုရင် ထွက်ပြေး
ဆွဲလိုက်တော့ပေါ့”

“ဟ…ငါတို့ မဆွဲရဘူးကွ၊ မင်းနဲ့ ပေတလူ
နဲ့ ဘာတွေ ပြောဆိုထားမှန်းမှ မသိတာ
တာတေရ”

“သြော် ဒါကြောင့်လား၊ ဒါဆိုရင် ခဏ
နေကြဦးဗျာ”

ကျုပ်က အိမ်ပေါ်ကိုပြေးတက်ပြီး
မျက်ကွင်းဆေးကွင်းလိုက်တယ်။
ပြီးတာနဲ့ ကျုပ်သူတို့နဲ့ လိုက်ခဲ့တာ
ပေါ့ဗျာ။ တောင်ဘက်တံခါးကို ဖွင့်ပြီး
ရွာပြင်ထွက်လိုက်တော့ ဟုတ်တယ်
ဗျို့။ တိမ်ညိုကြီးက ရွာပြင်မှာ ဒုန်း
စိုင်းပြီး ပြေးနေတာဗျ။ ဟော အနောက်
ဘက်ကနေ အရှေ့ဘက်ကို ပြေးလာ
တာဗျို့။ မြင်းပေါ်မှာ ပေတလူကြီး
ထိုင်လို့ဗျ။ ပေတလူက မြင်းစီးနေ
တာကိုး။

ဟော ကျုပ်တို့နဲ့ နီးလာပြီဗျို့။

“ခွပ်” “ခွပ်” “ခွပ်” “ခွပ်”

ပေတလူက မြင်းစီးကောင်းဗျ။
မြင်းစီးလာလိုက်တာများ တကယ့်ကို
စစ်သူကြီးတစ်ယောက်ပဲဗျာ။ ဟော
ရပ်လိုက်ပြီဗျို့။ ကျုပ်တို့နဲ့ မလှမ်းမ
ကမ်းမှာ ရပ်လိုက်တာဗျ။ မြင်းပေါ်
မှာ ခန့်ခန့်ကြီးထိုင်နေတဲ့ ပေတလူ
က ဆံပင်ဖားလျားကြီးနဲ့ဗျ။ မျက်လုံး
နီနီကြီးနှစ်လုံးကလည်း ပြူးထွက်
လို့ဗျို့။ အပေါ်ပိုင်းမှာ ဗလကျင်းပြီး
အမွေးအမျှင်တွေနဲ့ဗျ။ အောက်
ဘက်မှာတော့ ပုဆိုးကွက်တုံး
ကြီးနဲ့ဗျ။ ကျုပ်က ရှေ့ကိုနည်း
နည်း ထွက်လိုက်တယ်။

“ပေတလူကို ကျေးဇူးတင်ပါတယ်ဗျာ”

ဟော ဆင်းပြီဗျို့။ ဆင်းလိုက်ပြီဗျို့။
ပေတလူကြီးမြင်းပေါ်က ခုန်ဆင်း
သွားတယ်။ ဒါပေမဲ့ မသွားသေးဘူး
ဗျ။ ကျုပ်ကို စိုက်ကြည့်တယ်။ကျုပ်
လည်း ပေတလူ ဘာပြောချင်တာ
လဲ ဆိုတာ မတွေးတတ်ဘူးဗျ။
ဒါနဲ့ပဲ…

“ပေတလူ၊ တိမ်ညိုကြီးကို ဘယ်က
ပြန်ရှာတွေ့ခဲ့တာတုံး”

ဟာ ဟုတ်သွားပြီဗျို့။ ပေတလူက
အဲဒါကို ပြောပြချင်နေပုံပဲဗျို့။ ဟော
ဟော ပေတလူက ကျုပ်ကို အမူအရာ
လုပ်ပြတယ်ဗျ။

သူ့ခေါင်းပေါ်မှာ လက်ထောက်ပြတယ်
နားနှစ်ဖက်မှာ လက်တွေကပ်ပြတယ်ဗျ။
ဟော ဟော သူ့ရှေ့မှာ လက်နှစ်ကာ
ပြတယ်။ ပေတလူ ဘာပြောချင်တာလဲ
ဆိုတာ ကျုပ်တွေးနေတာဗျ။ သြော်
သိပြီဗျို့၊ သိပြီ၊ ကျုပ်သိပြီ။ တိမ်ညို
ကြီးကို နတ်ဖွက်ထားလို့ပြောတာဗျ။

“ပေတလူကြီး တိမ်ညိုကိုနတ်ဖွက်
ထားတာ ဟုတ်လား”

လို့ ကျုပ်လှမ်းမေးလိုက်တော့ ပေ
တလူက ဝမ်းသာသွားတဲ့ပုံနဲ့ ကျုပ်
ကို ခေါင်းကြီးညိတ်ပြတယ်ဗျ။ သူ
ခေါင်းညိတ်လိုက်တော့ သူ့ခေါင်းက
ဖားလျားကြီးကျနေတဲ့ ဆံပင်တွေ
က ဖတ်လပ်ဖတ်လပ်နဲ့ဖြစ်သွား
တာဗျို့။ သူ့ပါးစပ်က တွဲလောင်း
ကျနေတဲ့ လျှာနီနီကြီးကလည်း
လှုပ်လှုပ်လှုပ်လှုပ် ဖြစ်သွားတယ်။
သူပြောချင်တာကို ပြောပြပြီး
တော့မှ ပေတလူက ကျေကျေ
နပ်နပ်နဲ့ ထွက်သွားတာဗျို့။

ကျုပ်က တိမ်ညိုကို ပြေးဆွဲလိုက်တယ်။
ပြီးတော့ သူ့ပိုင်ရှင်တွေလက်ထဲ ပြန်
အပ်ပေးလိုက်တယ်။ ဦးမြဒင်သားတွေ
ကတော့ ဝမ်းသာသွားကြတာပေါ့ဗျာ။

“တာတေ၊ မင်း ပေတလူကြီးကို
တွေ့လိုက်လား”

ကျုပ်က ခေါင်းညိတ်ပြလိုက်တယ်။

“ပေတလူက မင်းကို ဘာပြောသွား
တုံးကြ”

“တိမ်ညိုကို နတ်ဖွက်ထားတာလို့
ပြောသွားတယ်ဗျ”

“ဟာ…ဟုတ်လား၊ ဒါ ဒါဆို ဘာလုပ်
ရမှာတုံး တာတေ”

“ပေတလူက အဲဒါကို ပြောသွားတာ
ဖြစ်မယ်ဗျ။ တိမ်ညိုက နတ်မြင်းအ
မျိုးအစားထဲက ထင်တယ်ဗျ၊ ဒီတော့
တိမ်ညိုကိုပွဲတစ်ပွဲပြင်ပြီး နတ်အပ်
လိုက်ဗျာ၊ ဆိုင်ရာပိုင်ရာနတ်ပေါ့
ကိုကြီးရာ”

“အေး အေး ဟုတ်ပြီ၊ တိမ်ညိုနဲ့ ဆိုင်ရာ
ပိုင်ရာနတ်ကို ရည်ရွယ်ပြီး ပင့်လိုက်
မှာပေါ့ကွာ၊ မနက်ဖြန်ပဲလုပ်လိုက်
မယ်ဟေ့”

အညာနွေကတော့ ပူချက်ဗျာ။
ကျုပ်ဒီနေ့ ရေစည်တိုက်ရတယ်ဗျ။
ရေစည်တိုက်ပြီး ပြန်လာတော့ ထမင်း
စားချိန်ပေါ့ဗျာ၊ အမေချက်တဲ့ ဝက်ပုန်း
ရည်ကြီးဟင်းလေးနဲ့ ပဲကြီးဆူးပုတ်
ဟင်းလေးစားပြီး မျက်လုံးလေးကလည်း
စင်းလာရောဗျို့။ ဝိုင်းထဲက မန်ကျည်း
ပင်ကြီးအောက်က သစ်သားကွပ်ပျစ်
ပေါ်မှာ ဝါးဘိုးခြမ်းလေးခေါင်းအုံးပြီး
နဂါးဆေးပေါ့လိပ်ကလေး ဖွာနေတာ
ဗျ။ ဆေးလိပ်တောင် သုံးလေးဖွာပဲ
ဖွာရသေးတယ်။ မျက်စိပိတ်ကျလာ
တော့တာဗျို့။

သောက်လက်စဆေးလိပ်တိုလေးကို
ဆေးလိပ်ခွက်ကလေးထဲ ထည့်လိုက်
ရတော့တာပေါ့ဗျာ။ အညာနွေမှာ တိုက်
တဲ့လေကလည်း လေပူကြီးဗျ။ ဒါပေမဲ့
ကျုပ်တို့ကတော့ ရိုးနေပြီပေါ့ဗျာ။
ပူလည်းအိပ်ပျော်တာပဲဗျ။ မနက်က
ရေစည်တိုက်ထားတော့လည်း ပင်
ပန်းနေတာကိုး။ ကျုပ်အိပ်မက် မက်
တယ်ဗျ။ ဒီလောက်ပူအိုက်နေတဲ့
အချိန်ကြီးမှာကို မက်တာဗျ
နေ့လည် အိပ်မက်ဗျ

ပေတလူကြီးကို သစ်ပင်ကြီးတစ်ပင်မှာ
ကြိုးနဲ့တုပ်ထားတာဗျို့။ ပေတလူကရုန်း
နေတာဗျ။ နှုတ်ခမ်းမွေးကားကားနဲ့ လူ
ကြီးတစ်ယောက်က ကြိမ်လုံးကြီးတစ်
လုံးနဲ့ ပေတလူကိုရိုက်နေတာဗျို့။

“ရွှမ်း” “ရွှမ်း” “ရွှမ်း”

လေထဲမှာ ကြိမ်လုံးဝေ့တဲ့အသံကိုတောင်
ကျုပ်နားထဲမှာ ကြားနေရတာဗျ။ ‘ရွှမ်း’ဆို
တစ်ချက်ရိုက်လိုက်၊ ပေတလူကြီးက
ကျောကြီးကော့သွားလိုက်နဲ့ပေါ့ဗျာ။
နှုတ်ခမ်းမွေးနဲ့ လူကြီးက လွယ်အိတ်
ကြီးတစ်လုံးလည်း လွယ်ထားသေးတာ
ဗျ။ ဒီလူကြီးက ပေတလူကို ဘာအတွက်
ဖမ်းပြီး ရိုက်ပုတ်နေတယ်ဆိုတာတော့
ကျုပ် နားမလည်ဘူးဗျ။

“အား၊ အီး၊ အား”

ပေတလူကြီး နာလွန်းလို့အော်တဲ့ အသံ
ကြီးဗျ။

“ကိုကြီးတာတေ၊ ကိုကြီးတာတေ”

ကျုပ်အိပ်မက်ကနေ လန့်နိုးသွားတယ်ဗျ။
ဒါပေမဲ့ ဝက်သားနဲ့ ပုန်းရည်ကြီးအရှိန်ရယ်
ဆူးပုတ်နဲ့ပဲကြီးစားထားတဲ့ အရှိန်ရယ်
ပေါင်းပြီး မျက်စိဖွင့်မရအောင်တက်နေ
တာဗျို့

“ကိုကြီးတာတေ”

“ဟေ”

ဒီတစ်ခါတော့ ကျုပ် မျက်လုံးတွေ
ဖျက်ကနဲကိုပွင့်သွားတာဗျို့။မပွင့်လို့
လည်း မရဘူးလေဗျာ၊ ဒီကောင်ကျောက်
ခဲက ကျုပ်နားထိရောက်လာပြီး အော်
ခေါ်လိုက်တာဗျ။

“ကိုကြီးတာတေဗျာ၊ နေ့ခင်းဘက်ကြီး
အိပ်တာ နှိုးလို့တောင် မရအောင်ကို
အိပ်တော့တာပါလား”

“ဟာ ကျောက်ခဲကလည်း ငါက
အိပ်မက် မက်နေတာကွ”

“ဗျာ၊ အိပ်မက်ဟုတ်လား၊ ကိုကြီးတာ
တေရာ ဒီလောက်ပူတဲ့အချိန်ကြီးမှာ
ဘယ်ကအိပ်မက် လာပြီးမက်နေရ
တာတုံးဗျာ”

“ပေတလူ အိပ်မက်ကွ ကျောက်ခဲရ”

“ဘာဗျ၊ ပေတလူအိပ်မက် ဟုတ်လား၊
ကျုပ်ဖြင့် တစ်ခါမှ မကြားဖူးပါဘူးဗျာ။
ဘယ်ပေတလူတုံး၊ မန်ကျည်းပင်က
ပေတလူလား၊ ဟိုတလောကလေး
တင် ပေတလူက တိမ်ညိုကို လိုက်
ဖမ်းပေးသေးတာပဲ မဟုတ်လား”

“အေးကွ ကျောက်ခဲရ၊ ငါ့အိပ်မက်
ထဲမှာတော့ ပေတလူ ဒုက္ခရောက်
နေတယ်ကွ”

“ဟင်၊ ဘယ်လိုဖြစ်လို့တုံး ကိုကြီး
တာတေရာ”

” နှုတ်ခမ်းမွေးကားကားကြီးနဲ့ ဆရာ
ကြီးတစ်ယောက်က ပေတလူကို
သစ်ပင်တစ်ပင်မှာ ကြိုးနဲ့တုပ်ပြီး
ရိုက်နေတာကွ”

“ဗျာ၊ ဟုတ်လား ကိုကြီးတာတေ”

“အေးကွ ကျောက်ခဲရ၊ ဒီအိပ်မက်
သာမှန်နေရင်တော့ ပေတလူကြီး
ဒုက္ခရောက်နေပြီကွ၊ ဒါပေမဲ့လည်း
နေ့ခင်းအိပ်မက်ဆိုတော့ ဟုတ်ချင်
မှလည်း ဟုတ်မှာပေါ့ကွာ”

“ကိုကြီးတာတေ ထမင်းစားများ
သွားလို့ ဗိုက်တင်းပြီး မက်တာလည်း
ဖြစ်ချင်ဖြစ်မှာပေါ့ဗျ”

“ကျောက်ခဲရေ၊ ငါကြိုက်တဲ့ဟင်းချက်
တဲ့နေ့ဆိုရင် ဗိုက်ကတော့ အမြဲတင်း
နေတာကွ”

“ကိုကြီးတာတေနဲ့ စကားကောင်းနေ
တာနဲ့ ကျုပ်လာတဲ့ ကိစ္စတောင်
မေ့သွားတယ်ဗျ”

“အေး၊ ငါလည်း မင်းကို မေးမလို့ကွ။
ဒီလောက်နေပူတဲ့အချိန်မှာ မင်းက
ခေါင်းဆောင်မပါ ဘာမပါနဲ့ လျှောက်
သွားနေတာ၊ ဘာတွေ အရေးကြီးနေ
လို့တုံး ကျောက်ခဲရဲ့”

“အရေးကြီးတယ်လို့တော့ မဟုတ်ပါဘူး
ကိုကြီးတာတေရာ၊ ဒါပေမဲ့ နည်းနည်း
ထူးဆန်းနေလို့ဗျ”

“ဟေ…ဘာတွေများ ထူးဆန်းနေလို့တုံး
ကွ ကျောက်ခဲရ”

“ရွာမြောက်ပိုင်းက ကိုမိုးညိုတို့ မနက်
တို့ လင်မယားကို သိတယ်မို့လား
ကိုကြီးတာတေ”

“ဟ ကျောက်ခဲရဲ့၊ ထနောင်းကုန်း
တစ်ရွာလုံးမှာမသိတဲ့သူရယ်လို့ ရှိမလားကွ၊
ကိုမိုးညိုတို့ အစ်မနက်တို့ ဘာဖြစ်လို့တုံး”

“ဖျားတာဗျ၊ ဗိုက်တွေလည်းအောင့်လို့
အိပ်ရာထဲလဲနေတာကြတယ်။ ထမင်း
ဟင်းတောင် ထမချက်နိုင်လို့ ကလေး
နှစ်ယောက်ကို မနက်အမေက လာ
ခေါ်သွားရတယ်ဗျ”

“ဟ ဆေးလေးဘာလေး မထိုးကြ
ဘူးလေကွ၊ မနေ့ကတောင် ဆေးထိုး
ဆရာကိုဘမောင်ကို ငါမြင်လိုက်ပါ
သေးတယ်”

“ဆေးမှူး ကိုဘမောင်လည်း ဆေးထိုး
တာပဲဗျ၊ ခုထိမကောင်းသေးဘူး၊ အဲဒါ
ထက် ဆိုးတာက သူတို့အနီးအနားက
အိမ်တွေမှာပါ သူတို့လိုပဲ ဖြစ်ကုန်ကြ
တာဗ်”

“ဟေ …ဘယ်လိုကွ ကျောက်ခဲရဲ့”

“သူ့အရှေ့ဘက်က အိမ်လေးအိမ်၊
သူတို့အနောက်ဘက်က အိမ်နှစ်အိမ်၊
သူတို့ပါဆိုရင် အိမ်ခုနှစ်အိမ်တိတိ
သူတို့ဖြစ်သလို လိုက်ပြီးဖြစ်ကြတာဗျ”

“ဟာ၊ ဒါတော့ မဟုတ်သေးပါဘူးကွာ”

“ဟုတ်ပါတယ်ဆိုဗျာ၊ တဖြည်းဖြည်း
ကူးသွားတာ၊ အားလုံးခုနှစ်အိမ်တိတိ
့ဖြစ်လို့ဗျ၊ တစ်အိမ်မှာ တစ်ယောက်
နှစ်ယောက်ပဲ ဖြစ်တာ၊ တစ်အိမ်လုံး
ဖြစ်တာတော့ မဟုတ်ဘူးဗျ”

“ဖျားပြီး ဗိုက်အောင့်တာပဲလား”

“ဟုတ်တယ်ဗျ၊ တစ်အိမ်နဲ့ တစ်အိမ်
ဖြစ်တာ တစ်ပုံစံတည်းပဲဗျ”

“အေးကွ၊ ဆန်းတော့ ဆန်းနေတာပဲ”

“အဲဒါကြောင့် ဒီအကြောင်းကို ကျုပ်
လာပြောတာပေါ့ဗျ”

“ဆေးမှူးကိုဘမောင်လည်း ကုနေတာ
ပဲမို့လား”

“ကုနေတာပဲဗျ၊ ဒါပေမဲ့ ဘယ်သူမှ
သက်သာမလာဘူး”

“ဆေးမှူးက ဘာပြောတုံး”

“ဒီမနက်ပဲ ဆေးမှူးက ပြောသွားတယ်တဲ့
ဗျ၊ မြို့ကဆေးရုံ သွားတက်ဖို့တဲ့ဗျာ၊ သူကု
လို့တော့ ပျောက်မှာမဟုတ်ဘူးတဲ့ဗျ”

“ဟာ အဲဒီလိုပြောလား၊ သူလည်း
ပြန်သွားပြီလား”

“မြို့ပြန်သွားပြီတဲ့ဗျ”

“ဟင်၊ ဒါဆိုရင် ဘယ်လိုလုပ်ကြမတုံး”

“အဲဒါ ကျုပ်ပြောမလို့ဗျ၊ ခုပဲ ကျုပ်
မြောက်ပိုင်းရောက်ခဲ့တယ်၊ ဗမာဆရာ
ကြီးတစ်ယောက် ရောက်နေတယ်ဗျ”

“ဟေ…ဘယ်ကရောက်လာတာတဲ့တုံး”

“ဒါတော့ မသိဘူးဗျ၊ ရွာထဲကို ဒီအတိုင်း
ဝင်လာတာဆိုပဲ၊ ‘နေမကောင်းတဲ့သူတွေ
ဘာတွေ ရှိသလား။ ကျုပ်က ဆေးဆရာပါ၊
ဆေးဝါးကောင်းကောင်းကုတတ်ပါတယ်’
လို့ ပြောသတဲ့ဗျ”

“ဟေ…ဟုတ်လားကွ”

“ဒါနဲ့ မြောက်ပိုင်းက လူတွေက ကိုမိုးညို
တို့ လင်မယားကစပြီး ခုနှစ်အိမ်တိတိဖျား
နေပြီး ဗိုက်တွေအောင့်နေတဲ့အကြောင်း
ပြောပြတော့ အဲဒီဆေးဆရာက ကျုပ်ကို
ပြပါ၊ ကျုပ် ကုပေးပါမယ်လို့ပြောသတဲ့ဗျ၊
ဒါနဲ့ အဲဒီဆေးဆရာကို ကိုမိုးညိုတို့ မနက်
တို့ အိမ်ကို အရင်ဆုံး ပင့်သွားတာဗျ”

“အဲဒီဆေးဆရာကို မင်းတွေ့ခဲ့လား၊
ဘယ်လိုပုံစံတုံးကွ၊ ကျောက်ခဲရ”

“အသားညိုညို လူကဂင်တိုတိုဗျ၊
နှုတ်ခမ်းမွေးကားကားကြီးနဲ့ဗျ၊
ဒါပေမဲ့ ဒီဆရာရဲ့ မျက်လုံးကြည့်
ပုံတွေကို ကျုပ်တော့ သိပ်မကြိုက်
လှဘူးဗျာ”

“ဟေ…ဟုတ်လား၊ ဘယ်လိုများ
ကြည့်လို့တုံးကွ”

“တွေ့သမျှလူတွေကို အကုန်လိုက်ပြီး
အကဲခတ်နေသလိုပဲဗျ၊ သူ့မျက်လုံး
တွေက ဂဏှာမငြိမ်ဘူး”

ကျောက်ခဲပြောတဲ့ နှုတ်ခမ်းမွေးကား
ကားကြီးနဲ့ ဆိုတဲ့ စကားကိုကြားတော့
ကျုပ်နည်းနည်းတော့ အံ့သြသွားတယ်
ဗျ။ ကျုပ်စောစောကမက်တဲ့ အိပ်မက်
ထဲမှာ ပေတလူကို ကြိုးတုပ်ပြီး ရိုက်
နေတဲ့ လူကြီးကလည်း နှုတ်ခမ်းမွေး
ပြားပြားကြီးနဲ့ပဲဗျ။

“မင်း အခြေအနေကို စောင့်ကြည့်
ထားလေ ကျောက်ခဲရာ၊ အဲဒီဆရာ
ကုတာ သက်သာသလား၊ မသက်
သာဘူးလား၊ ပြီးတော့ ဒီဆရာက
တခြား ဘာအကြံအစည်ရှိနေတုန်း
ဆိုတာကို အကဲခတ်ကြည့်ကွာ”

“ကောင်းပြီ၊ ဒီအတွက်တော့ စိတ်ချ
ကိုကြီးတာတေ၊ မျက်ပြူးတို့ ခေါင်းကြီး
တို့ကို ဆရာနဲ့ဝင်ရောပြီး ဆရာခိုင်း
တာတွေ လုပ်ပေးဖို့ ၊ ဆရာမေးတာတွေ
ကို သေသေချာချာ မှတ်ထားဖို့ ကျုပ်
မှာပြီးပြီဗျ”

ကျုပ်တို့ရွာမှာ မျက်ပြူးတို့၊ ခေါင်းကြီးတို့
အဖွဲ့တွေက ရှစ်နှစ် ကိုးနှစ်သားတွေလေဗျ။
ဒီကောင်တွေက ဒီရွာမှာအိမ်ပေါက်စေ့
ရောက်နေကြတာဗျ။ ဘယ်အိမ်မှာ ဘာ
ဖြစ်တယ်ဆိုတာ ဒီကောင်တွေ အကုန်
သိတယ်။ ပြီးတော့ ဒီကောင်တွေက
ကျုပ်ကောင်ကျောက်ခဲတို့ သံမဏိတို့
ရဲ့ တပည့်တွေဗျ၊ ကျောက်ခဲခိုင်းတာ
ဆိုရင် ဘာမဆိုလုပ်ပေးတဲ့ကောင်တွေဗျ

“အေး ကောင်းတယ်၊ ကျောက်ခဲ၊
ကောင်းတယ်”

ကျောက်ခဲ ပြန်သွားတော့ နေ့ခင်းကြောင်
တောင် ပူလောင်ကြီးမှာမက်တဲ့ ကျုပ်ရဲ့
အိပ်မက်အကြောင်းကို ကျုပ်ဆက်တွေး
နေတာဗျ။ နောက်နှစ်ရက်ကြာတော့မှ
ကျောက်ခဲ ကျုပ်ဆီရောက်လာတယ်။

“ဘယ်လိုလဲကွ ကျောက်ခဲရဲ့၊ မြောက်
ပိုင်းက လူတွေ နေကောင်းသွားကြပြီ
လားကြ”

“အဲဒါပြောမလို့ လာတာဗျ၊ အကုန်လုံး
ကောင်းသွားကြပြီဗျ၊ ဆရာက ဆေး
နှစ်ခွက်ပဲ တိုက်ရသေးတာ၊ အားလုံး
ကောင်းသွားကြရောဗျို့၊ ပြီးတော့
လည်း ဆရာတိုက်တဲ့ ဆေးက နည်း
နည်းလေးဆိုပဲဗျ”

“သြော် ဒါကတော့ ကျောက်ခဲရယ်၊
ဆေးကောင်းရင် သန်းခေါင်လို့တောင်
ပြောကြတာပဲလေကွာ”

အခုဆရာကတော့ ဆေးတော်တော်
စွမ်းတဲ့ဆရာပဲဗျ။

“နို့ ဒီဆရာက တည်းတော့ ဘယ်မှာ
တည်းတာတုံးကွ”

“ကိုမိုးညိုတို့ အရှေ့ဘက်ကပ်လျက်က
ဘိုးရင်မောင်ဝိုင်းမှာတဲ့ဗျ၊ ဘိုးရင်မောင်
တို့က အဘိုးကြီးအဘွားကြီးလင်မယား
နှစ်ယောက်ပဲနေတာဆိုတော့ ဆရာကို
သူတို့အိမ်မှာပင့်ထားတာဗျ။ ဟိုနေ့က
ဖျားတဲ့အထဲမှာ ဘိုးရင်မောင်ကြီးလည်း
ပါတာကိုး၊ ကိုကြီးတာတေရဲ့”

“သြော်…အေး အေး၊ ဟုတ်တာပေါ့၊
ဘိုးရင်မောင်တို့ အိမ်က ဘယ်သူမှ
ရှိတာမှမဟုတ်တာ၊ အိမ်ကလည်း
ကျယ်တာပဲလေ”

“ကျုပ်တို့ထနောင်းကုန်းသားတွေကတော့
ကိုကြီးတာတေ သိတဲ့အတိုင်းပဲလေဗျာ။
ဒီသတင်းကြားလို့ကတော့ မရှိ ရှိတဲ့
ရောဂါကို သွားပြီးပြနေကြတော့တာ
ပေါ့ဗျာ။အခုဆိုရင် ဘိုးရင်မောင်ရဲ့
အိမ်မှာ လူကိုစည်လို့ဗျ။ လူများလို့
ထိုင်တောင်စောင့်နေရတာဆိုပဲ၊
ဒီကြားထဲ တောင်ပိုင်းက ဘာဖြစ်လို့
ဆိုပြီး လာပင့်လိုက်၊ အနောက်ပိုင်း
က ဘာဖြစ်လို့ဆို လာပင့်လိုက်နဲ့
ဆရာဆိုတာ ထမင်းစားချိန်တောင်
မရပါဘူးဗျာ၊ ထမင်းကျွေးဖို့လည်း
ဟိုအိမ်က ဟင်းတစ်ခွက်ပို့၊ ဒီအိမ်
က ဟင်းတစ်ခွက်ပို့နဲ့ ဘုန်းကြီးပွဲ
လား မှတ်ရတယ်ဗျို့”

ကျုပ်က ကျောက်ခဲပြောတာကို
ခေါင်းညိတ်ပြီးတော့ပဲ နားထောင်
နေတာဗျ။ နဂါးဆေးပေါ့လိပ်ကလေး
လည်း ဖွာလို့ပေါ့ဗျာ။

“ကျွိ၊ ကျွိ၊ ကျွိ၊ ဟဲ့ နွား၊ တယ်၊ ဒီနွား
တည့်တည့်ဆွဲလေ၊ ဟာ…ဘယ်တုံး
ဖျန်း”

နွားလှည်းတစ်စီး မောင်းလာတဲ့အသံကို
ခပ်လှမ်းလှမ်းက ကြားနေရတာဗျ၊ ဒါက
ကျုပ်တို့အညာသားတွေ လှည်းမောင်း
ရင် နွားငေါက်တဲ့ အသံလေဗျာ။

“နေဦးဗျ ကိုကြီးတာတေရေ၊ ဒီလှည်းက
ဆရာကိုလာပင့်တဲ့လှည်းလား မသိဘူး
ဗျ၊ ကျုပ် ကြည့်လိုက်စမ်းမယ်”

ပြောပြောဆိုဆိုနဲ့ ကျောက်ခဲက ဝိုင်းဝ
ကို ပြေးထွက်ပြီး လှည်းမောင်းတဲ့ဘက်
ကို လှမ်းကြည့်တယ်။ ပြီးတာနဲ့ ကျုပ်
ဘက်ကို လှည့်ပြီး လက်ယက်ခေါ်တယ်
ဗျ။ ကျုပ်လည်းဝိုင်းဝကို ခပ်သုပ်သုပ်
ထွက်ပြီး မောင်းလာတဲ့ လှည်းကို
မသိမသာကြည့်လိုက်တယ်။

“ကိုကြီးတာတေ ကြည့်ကြည့်၊
အဲဒါ ကျုပ်ပြောတဲ့ ဆရာဗျ”

ကျုပ်တို့ဝိုင်းရှေ့က လှည်းဖြတ်သွားတော့
လှည်းပေါ်က နေကထိုင်ဖျာလေးပေါ်မှာ
တင်ပလ္လင်ခွေထိုင်လျက်ပါသွားတဲ့ဆရာ
ကို ကျုပ်ကြည့်လိုက်တယ်။လည်ကတုံး
အင်္ကျီအဖြူပေါ်ကနေ တိုက်ပုံအင်္ကျီ
ခပ်ညိုညိုတစ်ထည် ဝတ်လို့ ပုဆိုးက
လည်း ခပ်ညိုညိုအကွက်ကလေးနဲ့ဗျ။
ခေါင်းမှာတော့ ကျေးတစ်ရာဆင်ခေါ်
တဲ့ ပုဝါလေးကို ပေါင်းလို့ဗျ။

ဒါပေမဲ့ ဆံပင်က သျှောင်မဟုတ်ဘူး။
ဘိုးဆံတောက်ပဲဗျ။ ထူးခြားတာက နှုတ်
ခမ်းမွေးကြီးတွေက ကားကားကြီးဗျ။
ကျုပ်ဒီလူကို မြင်ဖူးပါတယ်။

ဟာ…ကျုပ် ချက်ချင်းသတိရသွားတယ်ဗျို့။
ကျုပ်အိပ်မက်ထဲမှာ သရဲကြီးပေတလူကို
သစ်ပင်မှာ ကြိုးတုပ်ပြီး ကြိမ်လုံးနဲ့ ရိုက်နေ
တဲ့လူရဲ့ပုံစံနဲ့ လှည်းပေါ်မှာ ပါသွားတဲ့
ဆရာရဲ့ ပုံစံနဲ့က တစ်ပုံစံတည်းပဲဗျို့။
ကျုပ်အိပ်မက်ကို အံ့သြလိုက်တာဗျာ။

ကျုပ် မန်ကျည်းပင်အောက်က ကွပ်ပျစ်
ကို ပြန်လာခဲ့ပြီး နဂါးဆေးပေါ့လိပ်ကလေး
တစ်လိပ်ကို မီးညှိပြီးဖွာလိုက်တယ်။
ကျောက်ခဲလည်း ကျုပ်နောက်က
လိုက်လာပြီး ကျုပ်ဘေးမှာ ဝင်ထိုင်
လိုက်တယ်။

“ကိုကြီးတာတေ၊ မြင်ပြီမို့လား၊
ဘယ်လို အကဲခတ်မိတုံးဗျ”

“ဒီဆရာရဲ့ မျက်လုံးတွေက တစ်မျိုးပဲ
ကွ၊ ကျောက်ခဲရ၊ တစ်ခုခုကို ဖုံးကွယ်
ထားသလိုပဲ”

“အဲဒါကြောင့် ကျုပ်ပြောတာပေါ့
ကိုကြီးတာတေရ၊ လူတွေကို
အကဲခတ်လွန်းနေတယ်ဗျ”

“အေးကွ ကျောက်ခဲရ၊ မင်းတော့
အလုပ်ရှုပ်တော့မယ်ဟေ့”

“ဟာ ပြောသာပြောပါဗျာ၊ ကျုပ်က
အလုပ်ရှုပ်မှာကို ကြောက်တဲ့ကောင်
မဟုတ်ဘူးဗျ၊ အလုပ်မရှိမှာကိုသာ
ကြောက်တဲ့ကောင်ဗျ”

“အေး …ငါပြောမယ်၊ ဒီဆရာမှာ
အကြံတစ်ခုခုရှိတဲ့ပုံကွ၊ ဘာဆိုတာ
တော့ ငါလည်း မပြောတတ်ဘူး၊
မင်းကို ငါနှစ်ခုပြောမယ်”

“ပြောစမ်းပါ ကိုကြီးတာတေရာ”

“ဒီလိုကွ၊ ပထမတစ်ခုက ဒီဆရာရောက်
မှာ ငါတို့ရွာတစ်ရွာလုံး ဟိုလူနေမကောင်း
လိုက်၊ ဒီလူဖျားလိုက်၊ ဟိုလူဗိုက်အောင့်
လိုက်၊ ဒီလူခေါင်းမူးလိုက်နဲ့ တစ်ရွာ
လုံးပတ်ပြီး ဖြစ်နေတာကို မင်းသတိ
ထားမိသလား”

“ဟုတ်ပါ့ဗျာ၊ ကိုကြီးတာတေထောက်ပြ
တော့မှ ကျုပ် မြင်တာဗျို့။ဟုတ်တယ်
ဗျို့၊ ဟုတ်တယ်၊ မြောက်ပိုင်းမှာ ခုနှစ်
အိမ်ဆက်တိုက် နေမကောင်းဖြစ်တဲ့
အချိန်မှာ ဒီဆရာရောက်လာတာဗျ။
ပြီးတော့ ဆေးမှူးကုလို့ မပျောက်တဲ့
အချိန်မှာ သူဝင်ကုလိုက်တာ ဆေး
လေးတစ်ခွက် နှစ်ခွက်တိုက်ရုံနဲ့
ပျောက်သွားတာဗျ။ ဒီမှာတင် ဒီဆရာ
က ချက်ချင်းနာမည်ကြီးသွားပြီး သူ့
သတင်းက ကျုပ်တို့တစ်ရွာလုံးပျံ့
သွားတာ။ အဲဒီနောက်တော့ ရွာ
အရှေ့ပိုင်းမှာဖြစ်လိုက်၊ ရွာနောက်
ပိုင်းမှာ ဖြစ်လိုက်၊ ရွာတောင်ပိုင်းမှာ
ဖြစ်လိုက်၊ အလယ်ပိုင်းမှာဖြစ်လိုက်
နဲ့ နေမကောင်းတဲ့လူတွေဆိုတာ
တစ်ရက်မပြတ်ပဲဗျ။ ဒီဆရာလည်း
ကုလိုက်ရတာ လက်မလည်အောင်
ပါပဲဗျာ။ ဆေးကုခငွေတွေလည်း
တော်တော်ရမှာပဲဗျို့”

“ဟာ ရမှာပေါ့ကွာ၊ ဒီလူက နာမည်
တစ်လုံးရဖို့နဲ့ ငွေရှာဖို့ ဒီလောက်လွယ်
နေတာ ရိုးပါ့မလားလို့ ငါတွေးမိတယ်”

” ဟာ ဟုတ်တာပေါ့ ကိုကြီးတာတေရာ”

“ပြီးတော့ မင်းကို ငါပြောချင်တဲ့ နောက်
တစ်ခုက ဟိုတစ်နေ့က မင်းလာတော့
နေ့ခင်းဘက်ကြီးအိပ်နေတုန်း ငါ အိပ်မက်
မက်တယ်လို့ ပြောပါရောလား”

“ဟုတ်တယ်လေ၊ ကိုကြီးတာတေ ကျုပ်ကို
ပြောသားပဲ”

“အေး၊ အဲဒီအိပ်မက်က ဘာအိပ်မက်လို့
မင်းထင်တုံး”

“ပေတလူကိုကြိုးတုပ်ပြီး ရိုက်နေတာဆို၊
ကိုကြီးတာတေပြောတယ်လေ”

“အေး ဟုတ်တယ်၊ ငါ့အိပ်မက်ထဲမှာ
ရွာအနောက်ဘက် မန်ကျည်းပင်မှာ
နေတဲ့ ပေတလူကြီးကို လူတစ်ယောက်
က သစ်ပင်မှာ ကြိုးနဲ့တုပ်ပြီး ကြိမ်လုံး
နဲ့ ရိုက်နေတာကွ”

“ပေတလူက ဒီလူကို ဘာမှ ပြန်မ
လုပ်ဘူးလားဗျ”

“ဟကောင်ရ လုပ်လို့မရလို့ ဖြစ်မှာပေါ့
ကွ၊ ရိုက်တဲ့လူက တော်တော်ကို အစွမ်း
ထက်တဲ့ အောက်လမ်းဆရာတစ်ယောက်
ဖြစ်ချင်ဖြစ်နေမှာပေါ့ကွ”

“ဒါလည်း ဟုတ်တာပဲဗျ”

“အေး …အိပ်မက်ထဲမှာ ပေတလူကို
ကြိုးတုပ်ပြီး ရိုက်နေတဲ့လူဟာ ဘယ်
သူလို့ မင်းထင်တုံး”

ကျုပ်မေးတော့ ကျောက်ခဲက မျက်
လုံးလေး ပြူးပြူးနဲ့ ကျုပ်ကို ကြည့်ပြီး
ခေါင်းခါတယ်ဗျ။

“တခြားမဟုတ်ဘူးကွ ကျောက်ခဲရ၊
စောစောက လှည်းပေါ်မှာ ပါသွားတဲ့
ဆရာပဲကြ”

“ဗျာ ဟုတ်လား ကိုကြီးတာတေ”

“ဟုတ်တယ် ကျောက်ခဲ၊ ဒီလူမှ
ဒီလူအစစၸဲ”

“ဒုက္ခပါပဲဗျာ၊ ကျုပ်တို့ရွာတော့ ဒုက္ခ
ဖြစ်တော့မယ် ထင်တယ်”

“ဟကောင် ကျောက်ခဲရဲ့၊ ဒုက္ခဖြစ်
တော့မှာ မဟုတ်ဘူးကွ၊ ဒုက္ခက
အခု ဖြစ်နေပြီလေကွာ၊ ရွာထဲက
လူတွေ တော်တော်များများ မကျန်း
မမာ ဖြစ်နေကြပြီလေ”

“ဒါဆိုရင် ဒီအတိုင်းကြည့်နေလို့တော့
မဖြစ်တော့ဘူးဗျ ကိုကြီးတာတေရဲ့”

“ဟုတ်တယ် ကျောက်ခဲ၊ တို့ တစ်ခုခု
တော့ လုပ်မှဖြစ်မယ်၊ ဒါပေမဲ့ ဒီကိစ္စ
သိပ်လွယ်မှာတော့ မဟုတ်ဘူးကွ၊
ပေတလူကို ဒီလူ ဘာလုပ်ထားသ
လဲ ဆိုတာ ငါတို့မသိနိုင်ဘူးကွ၊ ဒီ
တော့ ဒီည မဖဲဝါကို မေးမှဖြစ်မယ်”

“ဟာ လုပ်လေဗျာ၊ ကျုပ် ကြက်သွား
ဝယ်ရမလားပြော”

“နေဦး ကျောက်ခဲ၊ တို့လုပ်တာတွေကို
ရွာထဲကလူတွေ သိလို့မဖြစ်ဘူးကွ၊
တို့ရွာသားတွေက ဒီဆရာကို လွှတ်
ကြည်ညိုနေကြတာ၊ အခုနေ တစ်ခု
ခုဖြစ်ရင်တောင် ဒီဆရာဘက်က
ရပ်တည်ကြမှာ”

“ဒါဆိုရင် ဘယ်လိုလုပ်မှာတုံး”

“ငါ ဒီည မဖဲဝါကိုမေးမယ်ကွာ၊
ဒါပေမဲ့ ကြက်ဝယ်ဘာဝယ် လုပ်ပြီး
သင်္ချိုင်းထဲသွားမေးရင် တစ်ယောက်
မဟုတ် တစ်ယောက် သိသွားမှာကွ၊
ပြီးတော့ ဒီဆရာမှာ အစွမ်းရှိရင် သူ
လည်း သိသွားနိုင်တယ်၊ ဒီတော့
ငါ့ဟာငါပဲ တခြားသူမသိအောင်
မဖဲဝါကို မေးလိုက်မယ်။ နောက်နေ့
မနက်ကျရင် မင်းလာခဲ့ ကျောက်ခဲ”

“ကောင်းပြီ ကိုကြီးတာတေ”

ကျောက်ခဲပြန်သွားတော့ ဒီအကြောင်း
ကို ကျုပ် ဆက်တွေးတယ်ဗျ။ ဒီဆရာ
ကို ကျုပ်ကဘာဖြစ်လို့ အိပ်မက်,မက်
တာတုံး။ ပြီးတော့ ဒီဆရာက ပေတလူ
ကို ဘာကြောင့်ကြိုးတုပ်ပြီး ရိုက်ရတာ
တုံး။ အဲဒါကရော တကယ်လား။ပေ
တလူကို တကယ် ရိုတ်ပုတ်နှိပ်စက်
တာဆိုရင်တော့ ဒီလူဟာ အထက်
လမ်းဆရာတော့ မဖြစ်နိုင်ဘူး၊အောက်
လမ်းဆရာပဲ ဖြစ်မယ်ထင်တယ်၊
အောက်လမ်းဆရာ ဟုတ်ရင်တော့
ကျုပ်တို့ရွာကို တစ်ခုမဟုတ်တစ်ခု
ဒုက္ခပေးတော့မှာသေချာတယ်ဗျ။

ဒီကိစ္စ မဖဲဝါကို မေးမှရတော့မှဗျ။
ဒါပေမဲ့ ခါတိုင်းလို ထမင်းတောင်းနဲ့
ထွက်လို့တော့ ဖြစ်မယ်မထင်ဘူး။
ရွာထဲက လူတော်တော်များများက
ဒီဆရာကို လွှတ်ကြည်ညိုနေကြတဲ့
အချိန်မှာ ကျုပ်က ဒီဆရာကိစ္စ
မဖဲဝါကိုပင့်ပြီး မေးတယ်ဆိုရင်
ကျုပ်နဲ့ ပြဿနာဖြစ်လာနိုင်တယ်
ဗျ။ ကျုပ်တို့ တောသူတောင်သား
ဆိုတာကလည်း အခက်သားလား
ဗျာ။ လူတစ်ယောက်ကိုအထင်ကြီး
မိပြီဆိုရင် ဘာကိုမှ သိပ်စဉ်းစာတော့
တာ မဟုတ်ဘူးဗျ။ ညအိပ်ရာဝင်တော့
မဖဲဝါကျုပ်ကို ပေးထားတဲ့ ကိုယ်တူ
ကိုယ်ခွဲ အရုပ်ခလေးကို လက်ထဲမှာ
ဆုပ်ထားပြီးတော့ မဖဲဝါကို ကျုပ်က
အကြောင်းပြုလိုက်တယ်။

“သင်္ချိုင်းရှင်မကြီး မဖဲဝါဗျာ၊ ကျုပ်တို့ရွာ
မှာ ဆရာတစ်ယောက်ရောက်နေတယ်ဗျ၊
ဒီလူကို ကျုပ်သိပ်မသင်္ကာဘူး မဖဲဝါ၊
အဲဒါ ဒီလူအကြောင်းကို ကျုပ်သိချင်
လို့ပါ၊ ကျုပ်ကို မဖဲဝါပြောပြပေးပါ”

ကျုပ်က မဖဲဝါအရုပ်ကလေးကို
ကိုင်ပြီး မဖဲဝါကို စိတ်ညွှတ်ပြီး
တမ်းတလိုက်တယ်ဗျ။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီး၊ အီ၊အီ”

ကျုပ်နားထဲမှာ တော်တော်ဝေးဝေး
နေရာတစ်ခုက နေပြီး မဖဲဝါရဲ့ ခွေး
နက်ကြီးအူတဲ့အသံကို ကျုပ်ကြား
လိုက်ရသလိုပဲဗျ။ ကျုပ်လက်ထဲမှာ
ကိုင်ထားတဲ့ မဖဲဝါအရုပ်ကလေးက
ဆတ်ကနဲ တုန်သွားတယ်ဗျ။ အရုပ်
ကလေးကို ခေါင်းအုံးအောက်မှာ
ထားပြီး ကျုပ်အိပ်လိုက်တယ်
ကျုပ်အိပ်ပျော်သွားတော့ အိပ်မက်
မက်တယ်။ လေတွေ တဝူးဝူးတိုက်
နေတဲ့ နေရာပေါ့ဗျာ။ ကျုပ်ရှေ့မှာ
တစ်ပင်လုံးပန်းအဝါတွေပွင့်နေတဲ့
ဆယ့်နှစ်ရာသီပင်ကြီးဗျ။

လေတွေ ဘယ်လောက်တိုက်တိုက်
ဆယ့်နှစ်ရာသီပင်ကြီးကတော့ အ
ရွက်ကလေးတစ်ရွက်တောင် မလှုပ်
ဘူးဗျ။ ဟော မဖဲဝါပေါ်လာပြီဗျို့။
ဆယ့်နှစ်ရာသီပင်ကြီးရဲ့နောက်
ဘက်က ထွက်လာသလိုလို၊ လေ
ထဲက ပေါ်လာသလိုလိုပဲဗျ။ ကျုပ်
နဲ့ ရွယ်တူလောက်ရှိမယ့် ကောင်
မလေးတစ်ယောက်ပုံပေါ့ဗျာ။

ထဘီက သရက်ထည်လုံချည်လေး
နဲ့ဗျ။ အပေါ်မှာတော့ ခါးတောင်အင်္ကျီ
ဝါ ဖျော့ဖျော့လေး ဝတ်ထားတယ်။
နားရွက်ရဲ့အပေါ်မှာ ဆယ့်နှစ်ရာသီ
အဝါလေးတစ်ပွင့်ပန်ထားတယ်ဗျ။

“တာတေ၊ နင်တို့ ရွာကို ရောက်နေတဲ။
ဆရာက ကိုးသင်္ချိုင်းအောင်ထားတဲ့
အောက်လမ်းဆရာ၊ ကိုးသင်္ချိုင်းစံညိုတဲ့။
ဒီကောင် ပညာက နည်းနည်းနောနော
မြင့်တာ မဟုတ်ဘူးဟဲ့။ ဒါပေမဲ့ ဒီကောင်
က သူများသားပျိုသမီးပျိုကိုဖျက်ဆီး
သူများမယားကို ကျုးလွန်နေတဲ့ အ
ကောင်ဟဲ့။ ဒီတော့ ဒီကောင်က အမြဲ
တမ်းစည်းပေါက်နေတဲ့ အယောင်
ဆောင် ဆရာဟဲ့ တာတေရဲ့၊ အခု
လည်း နင်တို့ရွာမှာ သူကြိုက်တဲ့
မိန်းမတွေ့ရင် ဆေးဝါးတွေနဲ့ လုပ်ပြီး
ရအောင်ယူသွားမှာ။ ဒီကောင်က
ရောက်လေရာမှာ ဆေးကုတဲ့ဆရာ
ဟန်ဆောင်ပြီး ဆေးကုနေတာ။

တကယ်တော့ ဒီကောင်က သူရောက်
တဲ့ရွာအနီးအနားက သရဲတစ်ကောင်
ကို သူ့ပညာနဲ့ ဖမ်းချုပ်ပြီး ရွာထဲက
လူတွေ နေမကောင်းအောင် လုပ်
ခိုင်းတယ်။ ပြီးရင် သူက ရောဂါပျောက်
အောင် အသာလေးကုပြလိုက်တယ်

သရဲတိုက်ထားတာကို ဆေးကုရတာ
လွယ်လွယ်လေးပါဟယ်၊ အဲဒီလို
ဆေးကုရင်း ရသမျှ ပိုက်ဆံကိုယူ
တယ်။ ပြီးတော့ သူကြိုက်တဲ့မိန်းမ
တွေ့ရင် ဆေးဝါးနဲ့လုပ်ပြီး ယူတယ်။
အခု ပေတလူကို ဒီကောင် ဖမ်းချုပ်
ခိုင်းစားနေတာ။ ပေတလူက နင်
တို့ ရွာသားတွေကို သိပ်ခင်တာ။
ဒါပေမဲ့ ကိုးသင်္ချိုင်းစိန်ညိုကို
ကြောက်လို့ သူ ခိုင်းတာတွေကို
လုပ်ပေးနေရတာဟဲ့”

“ဟာ …ဒါဆိုရင် ဒီအောက်လမ်းကြီး
ကို ဘယ်လိုလုပ်ရမှာတုံး မဖဲဝါ”

“နင် မပူနဲ့ တာတေ။ဒီကောင် ပေတလူ
ကို အစာကျွေးဖို့ မေ့နေတာ တစ်ပတ်
ရှိသွားပြီ။ သရဲနဲ့ အလုပ်လုပ်တဲ့လူက
သိပ်ဂရုစိုက်ရတာ။ အဲဒီလို ကတိပျက်
သွားရင် သရဲက ပြန်သတ်လို့ရတယ်
နင် သွားပြီး ပေတလူကို လွှတ်ပေး
လိုက်”

“ဗျာ၊ ပေတလူက ဘယ်မှာတုံး မဖဲဝါ”

“သင်္ချိုင်းမြောက်ဘက်က ကုက္ကိုင်ပင်
ကြီးမှာ၊ စံညိုက ခြေမန်းကွင်းနဲ့စွပ်ပြီး
ကြိုးတုပ်ထားတယ်၊ နင့်ကို ဆရာကြီး
တွေ ပေးထားတဲ့ စမအင်းနဲ့ ပစ်လိုက်
ရင် ပေတလူကို ချုပ်နှောင်ထားတာ
တွေ အားလုံးပြတ်ထွက်သွားလိမ့်မယ်
နင် ဘာမှလုပ်စရာမလိုဘူး၊ စံညိုကို
ပေတလူ သတ်လိမ့်မယ်၊ ဒီကောင်က
စည်း အကြိမ်ကြိမ်ပေါက်နေတဲ့အ
ကောင်၊ သူ့အတတ်နဲ့သူစူးပြီး သရဲ
သတ်လို့သေမယ့်ကောင်ဟဲ့၊ မနက်
ဖြန်ညမှာ ပေတလူကို ခိုင်းဖို့ သင်္ချိုင်း
ထဲကို လူမသိအောင်လာလိမ့်မယ်
ပေတလူရဲ့ မန်ကျည်းပင်အောက်
ရောက်တာနဲ့ သစ်ပင်ပေါ်က ပေတ
လူ ခုန်ချပြီး စံညိုကို သတ်လိမ့်မယ်”

ကျုပ်အိပ်မက်က လန့်နိုးသွားတယ်
ပြန်အိပ်လို့လည်း ကောင်းကောင်း
မပျော်တော့ပါဘူးဗျာ၊ မိုးလင်းတာနဲ့
ကျုပ်ရဲ့ ဆေးလွယ်အိတ်ထဲမှာ မ
ဖဲဝါပြောတဲ့ စမအင်းကို ရှာတယ်။

တွေ့တာပေါ့ဗျာ။ ဒီအင်းက ကျုပ်ကို
ဆရာနွံဖပေးခဲ့တာဗျ။ ခုမှပဲ အသုံး
ဝင်တော့တယ်ဗျို့။ ညမိုးချုပ်တာနဲ့
ကျုပ်က ထမင်းထုပ်တစ်ထုပ်ကို
ဖွက်ယူပြီး ထနောင်းကုန်းသင်္ချိုင်း
ထဲကို လာခဲ့တာဗျ။ ရွာထဲက လူခြေ
တိတ်တာနဲ့ မဖဲဝါပြောတဲ့ ကုက္ကိုပင်
ကြီးကို ကျုပ်သွားရှာတယ်။

ဟုတ်ပါ့ဗျာ၊ ပေတလူကို ကြိုးနဲ့
တုပ်ထားတာဗျို့။ ကျုပ်က မျက်
ကွင်းဆေးကွင်းလာတာဆိုတော့
မြင်နေရတာပေါ့ဗျာ။ ပေတလူက
ကျုပ်ကိုတွေ့တော့ အားကိုးတကြီး
နဲ့ကြည့်နေတယ်ဗျ။ ကျုပ်က သူ့
ကိုလက်ဟန်ခြေဟန်နဲ့ပြပြီး ကျုပ်
သူ့ကို လွတ်အောင် လုပ်ပေးမယ့်
အကြောင်းပြောတယ်။ ပေတလူ
နားလည်တယ်ဗျ။

ကျုပ်က အချိန်မဆိုင်းတော့ဘဲ
လက်ထဲမှာ အသင့်ကိုင်လာတဲ့
အင်းနှိုးပြီးတော့ စမအင်းနဲ့
ပေတလူကို ပစ်လိုက်တာဗျို့။

“ဝုန်း”

ဟာ ‘ဝုန်း’ဆိုတဲ့အသံကြီးနဲ့ အခိုး
အငွေ့တွေ ထွက်လာတာဗျ။ ကျုပ်
လည်းပေတလူကို မမြင်ရတော့ဘူး။
လွတ်ပဲ လွတ်သွားသလား၊ မလွတ်
ဘူးလားဆိုတာ ကျုပ်လည်း မပြော
တတ်တော့ဘူးဗျ။ ခဏနေတော့
အခိုးတွေတဖြည်းဖြည်း ပျက်သွား
တယ်။ ဟော တွေ့ပြီဗျို့။ တွေ့ပြီ။

ပေတလူကြီးကို ကျုပ်တွေ့ပြီဗျို့။
ဟာ ပေတလူကြီးလွတ်သွားပြီဗျို့။
ကျုပ်ကိုစိုက်ကြည့်နေတယ်။ ကျုပ်
က အုတ်ဂူတစ်လုံးပေါ်မှာ ထမင်း
ထုပ်ကို ဖြည်ပြီး ထားလိုက်တယ်။

“ပေတလူ ထမင်းနဲ့ ဟင်းကို စားလိုက်ဦး၊
ဆာနေရောပေါ့၊ အောက်လမ်းက အစာ
မကျွေးဘဲခိုင်းထားတာ တစ်ပတ်ကျော်
ပြီမို့လား၊ အောက်လမ်းကို ကြောက်စ
ရာမလိုတော့ဘူး၊ စားပေတော့၊ ပြီးတော့

ကျုပ်တစ်ခုပြောချင်တယ်၊
အခု ဒီကောင်က ကျုပ်တို့ထနောင်း
ကုန်း ရွာသားတွေကို ဒုက္ခပေးတော့
မှာဗျ။ ဆေးကုချင်ယောင်ဆောင်ပြီး
မိန်းမရှာနေတာ၊ ဒီလူ ကျုပ်တို့ကို
ဒုက္ခပေးတော့မှာ ပေတလူရဲ့”

ကျုပ်က ဒါလောက်ပဲပြောပြီး ပြန်လာ
ခဲ့တာဗျို့။ ကျုပ် ဘာလုပ်လိုက်တယ်
ဆိုတာ ကျုပ်တို့တစ်ရွာလုံး မသိလိုက်
ကြဘူးဗျ။ လူမသိအောင် လုပ်ရတဲ့
ကိစ္စဆိုတာ တစ်ယောက်တည်းလုပ်
မှ စိတ်ချရတာဗျ။ ဒါကြောင့် ကျုပ်
ကျောက်ခဲကိုတောင် ဘာမှမပြော
တော့တာ။ ဒီကောင်ကတော့ လာ
မေးပါတယ်။ ဒါပေမဲ့ ကျုပ်က ငါ
စဉ်းစားနေတုန်းကွ ကျောက်ခဲရ
လို့ ပြောလိုက်ရတာဗျ။

အိမ်ပြန်ရောက်တော့ နဂါးဆေးပေါ့
လိပ်ကလေးတစ်လိပ်ကုန်အောင်
သောက်ပြီး ကျုပ် အိပ်ရာဝင်ခဲ့တယ်။
ကျုပ်လည်း ပင်ပန်းနေတော့ တစ်
ချိုးတည်းကို အိပ်သွားတာဗျို့။

“ကိုကြီးတာတေ၊ ကိုကြီးတာတေ”

“ဟဲ့ တာတေ၊ နင့်ကို ကျောက်ခဲ
လာခေါ်လို့ ”

ကျောက်ခဲခေါ်သံရော၊ အမေကျုပ်ကို
နှိုးတဲ့အသံရော ကြားတော့မှ ကျုပ်နိုး
သွားတာဗျ။ အိပ်ရာက ကပျာကယာ
ထပြီး…

“ဟေ့ကောင် ကျောက်ခဲ၊ လာလေ”

လို့ခေါ်လိုက်ရတယ်ဗျ။ ဒီကောင်အိမ်
ပေါ်ကို လှေကားကနေ ပြေးတက်
လာတာဗျို့။

“ကိုကြီးတာတေ၊ ဟို ဟိုဆရာ သေပြီဗျ”

“ဟေ…ဘယ်ဆရာတုံးကွ”

“ဟာ ကိုကြီးတာတေကလည်းဗျာ၊
ကျုပ်တို့ရွာသားတွေ လွှတ်ကြည်ညိုနေ
တဲ့ ဆေးဆရာကိုပြောတာဗျ။ ပေတလူ
ကြီးနေတဲ့ မန်ကျည်းပင်အောက်မှာ လျှာ
တစ်လစ်ကြီးထွက်ပြီး သေနေတာဗျို့။ပေ
တလူကြီးများ သတ်လိုက်တာလား၊ မသိ
ဘူးနော် ကိုကြီးတာတေ”

ကျုပ်က အံ့သြဟန်လုပ်ပြပြီး ပြောရ
တာပေါ့ဗျာ။

“ဟုတ်ရင်လည်း ဟုတ်မှာပေါ့
ကျောက်ခဲရာ”

“ရွာထဲက လူတွေတောင် ဒီဆရာကို
နည်းနည်းသံသယဝင်ကုန်ကြပြီဗျ
ကိုကြီးတာတေရ”

“ဟေ…ဘာဖြစ်လို့တုံး ကျောက်ခဲရ”

“ညအချိန်မတော် တိတ်တိတ်ကလေး
ထပြီး ရွာပြင်ကို ထွက်တာ မရိုးဘူးလို့
သူတို့ထင်နေကြတယ်ဗျ၊ ပြီးတော့ ပေ
တလူက ကျုပ်တို့ရွာကို စောင့်ရှောက်
တဲ့သရဲလေဗျာ၊ အခုသေတာကလည်း
ပေတလူနေတဲ့ မန်ကျည်းပင်အောက်
မှာ လျှာတစ်လစ်ကြီးထွက်ပြီး သေနေ
တာဆိုတော့ ရွာထဲကလူတွေလည်း
စဉ်းစာကြတာပေါ့ဗျာ။ လူတွေသွား
ကြည့်နေကြတာဗျ၊ ကိုကြီးတာတေ
ရော သွားမကြည့်ဘူးလား”

“ဟာ မကြည့်ချင်ပါဘူးကွာ၊ သေသွား
တော့လည်း သင်္ဂြိုဟ်လိုက်ရုံပေါ့ကွာ”

“ကိုကြီးတာတေပြောတာ နောက်တောင်
ကျနေပြီဗျ၊ သူကြီးအမိန့်နဲ့ သင်္ချိုင်းထဲမှာ
မြေကျင်းတောင်တူးနေကြပြီဗျ”

ကျုပ်က ဘာမှပြန်မပြောတော့ဘဲ
နဂါးဆေးပေါ့လိပ်ကလေး တစ်လိပ်
ကို မီးညှိပြီး ဖွာနေလိုက်တော့တာပေါ့ဗျာ။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ တာတေအားလေးစားလျက်

စာဖတ်သူများစိတ်ရွှင်လန်းပါစေ

ခေါင်းပြတ်တောင်စောင့် မဖဲဝါ
စာအုပ်မှ ကောက်နုတ်တင်ပြထားသည်။