ဟင်းထုပ်လုတဲ့သရဲ

ဟင်းထုပ်လုတဲ့ သရဲ (စ/ဆုံး)

——————————–

ဒီနေ့က ရုံးပိတ်ရက်ဖြစ်သည်မို့ ကျွန်တော်အတွက်အချိန်များပိုနေခဲ့၏။
ကျန်သောရက်များမှာတော့ရုံးနဲ့အိမ်ကိုသာကူးသန်းနေရ
သည်ကများခဲ့ရပေသည်။
သို့သော်ယခင်က အိမ်၌ ဇနီးသည်ခင်ခင်ရှိ၍အဆင်ပြေ၏။ ယခုတော့ ခင်ခင်ကမရှိ။
တလောကမှ သူမ၏မိခင်ဖြစ်သူနာမကျန်း၍ နေရပ်သို့ပြန်သွားခဲ့ရသည်။

ယခု ကျွန်တော်တို့လင်မယားနေထိုင်​ကြသည့်အိမ်သည် ခင်ခင်မိဘများ၏လက်ဖွဲ့အိမ်လေးပင်ဖြစ်သည်။
ရုံးဝန်ထမ်းဖြစ်သော ကျွန်တော်ဟာ မလောက်မင လစာလေးသာရသည်မို့ ခင်ခင်မိဘများက သဘောမတူခဲ့ကြပေ ။
သို့ရာ ခင်ခင်ရဲ့သဘောထားကို သိသွားကြပြီးနောက်မှာတော့ ကျွန်တော်တို့အား လက်ထပ်ပေးခဲ့ကြပြီး ယခုနေထိုင်သော အိမ်လေးကို စီစဥ်ပေးခဲ့ကြ၏။

ရုံးဝန်ထမ်းလေး ကျွန်တော်ဟာ အားလပ်ရက်၌ မည်သူတစ်ဦးမှမရှိသော အိမ်လေးထဲ၌ မနေလို။
ထို့ကြောင့် ကျွန်တာ်၏တစ်ဦးထဲသော ဆွေမျိုးဖြစ်သော ဘကြီးမောင်၏ သရက်ခြံသို့ သွားဖို့ရန်ပြင်ဆင်နေမိ၏။

ဘကြီးမောင်ရဲ့သရက်ခြံသည်က မြို့ပြင်ဘက်၌ရှိလေသည်။
စိန်တစ်လုံးသရက်သီးများကိုခြံကျယ်ကြီးဖြင့် စိုက်ပျိုးထားခြင်းဖြစ်၏။

ထိုဘကြီးမောင်ခြံဆီသို့ ကျွန်တော် ပိုင်ဆိုင်သော KENBO 125(ကန်ဘို) ဆိုင်ကယ်လေးဖြင့်ထွက်လာခဲ့တော့​သည်။
ဘကြီးမောင်ခြံက ကျွန်တော် နေထိုင်သော ရပ်ကွက်လေး နှင့် အနည်းငယ် ကွာဝေး၏။

မြို့ငယ်လေးပေမို့ လမ်း၌ တွေ့မြင်ရသောလူများက ကျွန်တော်အားပြုံးရယ်ပြကာ နူတ်ဆက်ကြ၏။
ထိုသူတို့အပြုံးသည်အေးချမ်းသည်ဟုကျွန်တော်ယူဆပြီး ပြန်လည်ပြုံးပြခဲ့လေသည်။
ကျွန်တော်ဒီမြို့လေး၌ နေထိုင်ခဲ့သည်မှာ ကျွန်တော် တစ်သက်ပင်ဖြစ်သည်။
ထို့ကြောင့် တချို့သောသူများနှင့်မသိသော်လည်း မျက်မှန်းတမ်းမိနေခြင်းဖြစ်သည်။

ငယ်စဥ်ကတည်းက မိဘများမရှိတော့သော ဆွေမျိုးမဲ့ ကျွန်တော်လိုလူအား ဘကြီးမောင်က ကျွေးမွေးခဲ့သည်။
ထိုမျှမက ဘွဲ့ရပညာတတ်အဖြစ်ပါ ထောက်ပံ့ခဲ့ရှာ၏။
ဘကြီးမောင်သည်လည်း ကျွန်တော်ကဲ့သို့ ဆွေမျိုးမရှိသော တစ်ကောင်ကြွက်လူပျိုကြီးပင်ဖြစ်သည်။
ကျွန်တော်နှင့်အတူနေထိုင်ချိန်မှာတော့ ကျွန်တော်တို့ဟာ နှစ်ကောင်ကြွက်များဖြစ်သွားခဲ့ရ၏။
ကျွန်တော် အိမ်ထောင်ကျသွားသည့်အချိန်၌ ဘကြီးမောင်အား မြို့ထဲရှိ ကျွန်တော့်ယောက္ခမများစီစဥ်ပေးထားသည့် အိမ်လေး၌ အတူလာရောက်နေထိုင်ဖို့ရန် ခေါ်ပါသေးသည်။
သို့သော် ဘကြီးမောင်ကငြင်းဆန်ခဲ့၏။

“ငါ့ခြံလေးထဲပဲငါပျော်ပါတယ်ကွာ…။လတ်ဆတ်တဲ့လေကို တဝကြီးငါရှုလို့ရတယ်….မင်းတို့ ရပ်ကွက်က အသက်ရှုရခက်ခက်၊နောက်ပြီး အနံ့အသက်ဆိုးတွေကအပြည့်နဲ့ ငါမနေနိုင်ဘူးဟေ့…..”

ဆိုတဲ့စကားက ဘကြီးမောင်ရဲ့ လက်စွဲလိုပင်ဖြစ်နေခဲ့၏။

***

“တီ…တီ…တီ……”

ဆူးကိုင်းခက်များကာရံထားသော သရက်ခြံဆီသို့
ကျွန်တော်ရောက်လာခဲ့လေပြီ။
သရက်ပင်များ အစီအတန်းဖြင့်စိုက်ပျိူးထားသော်လည်း သရက်သီးသီးချိန်မဟုတ်၍ အရွက်များသာဝေနေခဲ့၏။

“ဘကြီးမောင်ရေ….ဗျို့….တောပျော်ကြီးရေ…”

တောပျော်ကြီးဆိုတာ ကျွန်တော် စနောက်တတ်သောနာမည်ဖြစ်၏။

ဘကြီးမောင်၏ထူးသံမကြားရ၍ ဆိုင်ကယ်ကို သရက်ပင်တန်းဘေးရှိ တဲအိမ်လေးထဲသို့ ထိုးရပ်ထားလိုက်သည်။
တဲအတွင်းကြည့်တော့လည်း ဘကြီးမောင်အား မတွေ့ရ။
သို့သော် စိုထိုင်းထိုင်းမြေသားများကြောင့်…

“သြော်..တောပျော်ကြီးက သရက်ခြံရေဖြန်းနေတာကို…”

ရေတွင်းရှိရာဆီသွားဖို့ပြင်လေတော့ သရက်ခြံအပြင်မှ တဲဆီသို့လာနေသောလူတစ်ယောက်ကြောင့် ခြေလှမ်းကို အရှိန်သတ်လိုက်ပြီး ရပ်ကြည့်နေလိုက်၏။
နေအပူရှိန်ကြောင့် မျက်လုံးများပြာနေကာ မျက်နှာအားသေချာမမြင်ရ။
အနားရောက်လာလေမှ ထိုသူ ဘယ်သူဆိုတာ သိလိုက်ရတော့သည်။

“ဟာ…ငဇော်မင်းရောက်နေတာလား…ဘာလဲရုံးပိတ်တာလားဟ….”

ကျွန်တော့်အား ဝမ်းသာအားရပြောသည့်သူက ဘကြီးမောင်ခြံနှင့်ဘေး​ခြင်းကပ်ရှိသော ခြံ၌နေထိုင်သူ ကိုမြင့်စမ်းဖြစ်၏။

“ဟုတ်တယ် ကိုမြင့်ရေ…ကျွန်တော်လည်း ရုံးကပိတ် နောက်ပြီး မိန်းမကမရှိမို့…ဒီကိုပဲ ထွက်လာခဲ့လိုက်တာ…ဒါနဲ့ ကိုမြင့်လက်ထဲက ဘာကောင်ကြီးလည်းဗျ….”

စကားပြောနေရင်းမှာပင် မျက်လုံးက ကိုမြင့်လက်ကိုကြည့်မိလိုက်သည်။
ကျွန်တော့်အမေးကို ကိုမြင့်က…

“တောကြက်ပါကွာ…မင့်တောပျော်ကြီးကို ဂွေးတောက်ရွက်နဲ့ဟင်းချို လုပ်တိုက်မလို့ဟေ့..
အခုမင်းလာတော့ စားရကံကြုံတာပေါ့ဟ…..”

“ဒါပေါ့ဗျ…..ဟား…ဟား…..”

ကိုမြင့်စကားကြောင့် ကျွန်တော် ရယ်မိသည်။
ခဏကြာတော့ ဘကြီးမောင်က တဲကို ပြန်ရောက်လာသည်မို့ ကျွန်တော်လိုက်ခေါ်စရာပင်မလိုတော့။

တဲအတွင်း ကွပ်ပျစ်ထက်၌ထိုင်နေသောကျွန်တော်ကို ဘကြီးမောင်က မြင်လေတော့…

“ဟကောင်…မင်းအိမ်များမှား လာသလားကွာ….”

ဘကြီးမောင်က ကျွန်တော်အားမြင်လျှင်စနောက်လို့မပြီး။ဒါကိုသိသိနဲ့ ကျွန်တော်ကလည်း…

“ဟာ…ဟုတ်သားဗျာ…။ကျုပ်ဇနီးချောလေးရှိတဲ့အိမ်ကိုမသွားမိဘဲ…။ဘယ့်နဲ့ တဲအိုပျက်က ကြွက်ဘိုးကြီးဆီရောက်လာတာပါလိမ့်….”

“တယ်…ငါလုပ်လိုက်ရ…။ငါ့များ ကြွက်ဘိုးကြီးတဲ့… မွေးရကျိုးမနပ်တဲ့ ငမိုက်သား….”

“ဟားး…ဟားး…ဟားး…ဟားး…လိုက်လည်းလိုက်ကြ တဲ့ လူတွေဗျာ…”

ဘေးရှိ ကိုမြင့်ကတော့ တဟားဟားရယ်မောနေ၏။
ဘကြီးမောင်ကတော့ မောနေသည်ထင်သည် သောက်ရေအိုးထဲမှရေအား ကြေးခွက်လေးဖြင့် ခပ်ကာ သောက်နေလေ၏။
ရေကို တကြိုက်ထဲမော့သောက်အပြီးမှာ….

“ဟား…အေးနေတာပဲကွာ……
အမောကိုပြေသွားတာပဲဟေ့ ”

ဘကြီးမောင် က သူ၏ရေအားချီးကျုးနေသည်။
ဒါကိုတော့ကျွန်တော်လက်ခံ၏။
ဘကြီးမောင် ၏ ရေအိုးထဲမှရေသည် ရေခဲသေတ္တာများထဲမှရေထက် ပို၍ သောက်လို့ကောင်းသည်။
မြေအိုးဖြစ်သည်က တစ်ကြောင်း ၊နေရာဒေသအေးမြမှုက တစ်ကြောင်းပေမို့ သောက်လို့ကောင်းခြင်း
ဖြစ်သည်ဟု ကျွန်တော်ထင်မိသည်။

” မောင်မြင့် ဘာတွေလုပ်နေတာတုန်းဟ….”

ဘကြီးမောင် ကျွန်တော့်အနီး၌ ဝင်ထိုင်လိုက်ပြီး ရေနွေးအိုးတည်ဖို့ရန်အတွက် မီးမွှေးဖို့ပြင်ဆင်နေသော ကိုမြင့်ကို မေးလေသည်။

ကျွန်တော်တို့ထိုင်သည့်နေရာသည်က
နေ့ခင်းအချိန်မှာ လူထိုင်စရာကွပ်ပျစ်အ​ဖြစ်လည်းကောင်း၊ညဘကအချိန်မှာဖြင့် အိပ်စရာကုတင်အဖြစ်လည်းကောင်းအသုံးပြုကြ၏။
ဘကြီးမောင်တဲအိမ်လေးကို သက်ကယ်မိုးထရံကာ သာ ဆောက်လုပ်ထားပြီး ကွပ်ပျစ်ရှိရာ ဘေးခြမ်းကိုတော့ မိုးကာစဖြင့် ဇွယ်ချလို့ထားသည်။
ထမင်းဟင်းချက်စရာ မီးဖို ဟူ၍ သက်သက်မရှိ။
တဲဘေး မြေပြင်၌ သာ အုတ်ချပ်သုံးခုကို ဖိုခနောက်လုပ်၍ ထင်းဖြင့်သာ ချက်ကြလေသည်။
ယခု ကိုမြင့်သည်လည်း ဘကြီးမောင်ရဲ့ ထင်းချောင်းများကို ချိုးပြီး မီးမွှေးဖို့ပြင်ဆင်နေလေတော့ ဘကြီးမောင်က မေးလိုက်ခြင်းဖြစ်၏။

” ဒီမှာလေ တောကြက်ပါလာတာ…အဲ့ကောင် ရေနွေးဖျော ပြီး အမွှေးနူတ်မလို့ဗျ ဘကြီးရ…”

“ဟာ…ဒါဆို ဒီနေ့တော့ ဟင်းကောင်းတာပေါ့ဟ…”

“ဒါပေါ့ ဘကြီးရာ…”

ကိုမြင့်က ဘကြီးမောင်ကို ဖြေရင်း သူ့အလုပ်သူဆက်လုပ်နေခဲ့သည်။
ဘကြီးမောင်အတွက် ကိုမြင့်ရှိ၍ စိတ်ချရ၏။
ညဘက်လည်း အတူတူ လာအိပ်ပေးသည်မို့ ကိုမြင့်က ဘကြီးမောင်ခြံ၌ တံခါးမရှိ ဓားမရှိ သွားလာနေနိုင်သူ ဖြစ်သည်။

ဝတ်လာသော အပေါ်ဝတ် ဂျာကင်ကို ချွတ်ယူလိုက်ပြီး အနီးရှိ တိုင်မှာ ချိတ်ထားလိုက်လေသည်​။ပြီးလေမှ ဘကြီးမောင်ကို ကြည်မိတော့
ဘကြီးမောင်က ကွမ်းအစ်ကို သူ့အနီးချပြီး ကွမ်းရွက်တစ်ရွက်အား ထုံးသုတ်၊ကွမ်းသီးထည့်လိုက်၏။ထည့်စရာအမယ်စုံလေတော့ ကွမ်းရွက်ကိုလိပ်၍ ပါးစောင် ထဲသို့ထည့်ကာ ကြိတ်ဝါးနေတော့သည်။

“ဘကြီး သရက်ခြံက ဒီနှစ်ဘယ်လိုလဲ”

“အေး…မန်းလေးက အသိကတော့ အပင်ပြတ်လိုက်ဝယ်ချင်တာလို့တော့ ဖုန်းဆက်တယ်ဟ…”

“အဲ့တာ ဘကြီးကဘယ်လိုလုပ်မှာတုန်း…”

“အပင်ပြတ်ဝယ်ချင်ရင်ရောင်းလိုက်မယ်ကွာ…သရက်သီးခူးချိန်ကျ အိတ်စွပ်ရ၊လူငှားရ နောက်ပြီးသရက်သီး အိတ်ပြန်ချွတ် ခူးရနဲ့ ဒါတင်မကဘူးလေ
သရက်သီးထည့်ဖို့ခြင်းတွေဝယ်ရဆိုတော့ အလုပ်ကရှုပ်သေးတာမလား…အခု​တော့ အပြတ်ရောင်းရင် သူတို့ဘာသာ စီစဥ်ကြမှာလေ….မကောင်းဘူးလား ငါ့တူရ….”

“အပြတ်ဆိုတာ သီးတဲ့သရက်သီးအကုန်ကိုပြောတာမလားဘကြီး…”

“အေးပေါ့ဟ…သီးတဲ့သရက်သီးပဲပေါ့…”

“သြော်….ကောင်းပါတယ် ။
ဘကြီး ပင်ပန်းရသက်သာတာပေါ့….”

“အမယ်…ငါက ပင်ပန်းတာကိုမမှုပါဘူးကွာ…။ခုက အသက်လေးရလာလို့ဟေ့…မဟုတ်ရင်အရင်ကလို မြို့ထဲနဲ့ ဒီကို ကူးသန်းပြီး သွားတောင်ရောင်းချင်သေးတာ…ဇရာက အိုလာလို့သာ ငြိမ်နေရတာ…အရင်ဖျတ်လတ်တုန်းကဆို သရဲနဲ့တောင် အားပြိုင်ခဲ့တာ ကွ…..”

“ဗျာ…ဘကြီးက သရဲနဲ့အားပြိုင်တယ်…ဟုတ်လား ဘကြီး…”

ဘကြီးမောင်ရဲ့ စကားက စိတ်ဝင်စရာကောင်းနေသည်မို့ သိချင်စိတ်ကတားမရဘဲ ကျွန်တော် မေးလိုက်လေသည်။

“အေး…မင်းသိချင်လို့လား…ဒါက ကြာပါပြီကွာ…လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကအဖြစ်အပျက်ပေါ့…”

ဘကြီးမောင် ရဲ့အဖြစ်အပျက်ကို ကျွန်တော်တင်မက ရေနွေးအိုးတည်နေသော ကိုမြင့်ကပင် စိတ်ဝင်စားသွားပြီး အနားသို့ ရောက်လာခဲ့၏။
ကျွန်တော်ကလည်း သိချင်တာကြောင့် ဘကြီးမောင်ကို ပြောပြပေးဖို့ရန် အပူကပ်ရတော့သည်။

“ဘကြီး…ပြောပြစမ်းပါ…ကျုပ်က စာတိုပေတိုရေးရတာသဘောကျတာ ဘကြီးသိတာပဲလေ …အဲ့တာ ဘကြီးပြောပြ တာလေး အခြားသူတွေသိအောင် ရေးပြချင်လို့ပါ ဗျ….”

“အေးပါ…စာရူးရာ…ငါပြောပြပါ့မယ်….မောင်မြင့်ရေ မင်းကြက်နောက်မှ ကိုင်တော့ဟေ့ ဒီမှာဝင်ထိုင်လိုက်တော့….”

ဘေးမှာ မတ်တပ်ရပ်နေသော ကိုမြင့်ကို ကွပ်ပျစ်၌ ဝင်ထိုင်စေသည်။
ကိုမြင့်ကလည်း ဘကြီးမောင်ပြောသလိုပင် ဝင်ထိုင်လိုက်၏။
ကျွန်တော်နဲ့ ကိုမြင့်တို့ ဘကြီးပြောပြမည့်အကြောင်းအား ကြားချင်နေမိကြသည်။
ဘကြီးကလည်း…

“ဒီလိုဟေ့…သရက်သီးပေါ်ချိန်တုန်းက မြို့ထဲက
ငါ့မိတ်ဆွေတစ်ယောက်က သရက်သီးလာပို့ဖို့မှာတော့ ညနေစောင်းကြီး ငါလည်း သရက်သီးတောင်းလေးရွက်ပြီး သွားပို့ရတာပေါ့…အဲ့တုန်းက မင်းက အိမ်မှာကျန်ခဲ့တယ်လေ ငဇော်ရ…..”

ကျွန်တော်နာမည်အရင်းက ဇော်လတ် ဖြစ်သည်။
ဘကြီးမောင်ပြောသည့် ဖြစ်ရပ်က ဤသို့ဖြစ်၏။

****
သရက်သီးမှာယူသော မိတ်ဆွေထံသို့ ကိုယ်တိုင်ခြေလျှင်ပင်သွားပို့ခဲ့၏။
ခါတိုင်းစီးနေကြ စက်ဘီးလေး ချိန်းကြိုးပျက်နေ၍ အိမ်မှာသာ ထားခဲ့ရသည်။
ယခု သရက်သီးဖိုးလေးရသည်မို့ မြို့ထဲရှိ “မြင့်မြင့်စန်း”ထမင်းဆိုင်မှ အမဲနပ်ဝယ်ကာ ပြန်လာခဲ့၏။
အိမ်မှာက ငါးပိရည်သာရှိသည်။
ယခု ဟင်းလေးဝယ်ခဲ့သည်မို့ တူဝရီးနှစ်ယောက် ညစာအတွက် မပူရတော့။
သရက်ခြံရှိရာဆီပြန်ဖို့က ရပ်ကွက် တစ်ခုကိုဖြတ်ကျော်ရပေမည်။
ထိုရပ်ကွက်ကို မြို့အခေါ်အရ အမှတ်(၂)ရပ်ကွက်ဟုခေါ်၏။
မြို့၌ အမှတ်(၁)မှ အမှတ်(၅)အထိ ရပ်ကွက် ငါးခုရှိ၏။
အမှတ်(၁)နှင့်အမှတ်(၂)ကိုတော့ ဂျပန်ခေတ်က ဖောက်လုပ်ထားသော မီးရထားလမ်းက ပိုင်းခြားလို့ထား၏။
ထိုမီးရထားလမ်းသည် မန္တလေး ၊မြစ်ကြီးနား ကူးလူးသွားလာနေသော ရထားများ ခုတ်မောင်းပြေးတတ်၏။
ထိုအချိန်က အမှတ်၂ ရပ်ကွက်၌ နေထိုင်သူ အနည်းငယ်သာရှိသေးသည်။
ဟိုတစ်ကွက်ဒီတစ်ကွက် အိမ်ကွက်များသာရှိ၏။
အချို့နေရာများမှာတော့ လယ်တောများ၊ ခြုံဘုတ်များသာ အပြည့်ရှိနေခဲ့လေသည်။

မိုးသည်ကား ချုပ်လု့ပြီမို့ အိမ်သို့ အမြန်ပြန်ရောက်ဖို့စိတ်စောနေမိခဲ့သည်။
အမဲသားချက် အထုပ်လေးအား လက်တစ်ဖက်ကဆွဲ ကျန်တစ်ဖက်က သရက်သီးခြင်းအလွတ်အား ဆွဲကာ မြေသားလမ်းပေါ် ခပ်သွက်သွက်လျှောက်လာခဲ့လေသည်။

အမှောင်ရိပ်သည် တစတစ တိုးလာခဲ့၏။
အမှတ်၂ ရပ်ကွက်ကို ကျော်ပြီးမှ သူ၏ သရက်ခြံသို့ရောက်ပေမည်။
သို့သော် ယခုသူလျှောက်လှမ်းလာသော လမ်းမ ထက်၌ သွားလာသူကမရှိတော့။
ခပ်သွက်သွက်လျှောက်လာရင်း ဟိုးယခင်ကတည်းကရှိသော ကုက္ကိုပင်အကြီးကြီးနှင့် ရေကန်ကြီးဆီသို့ ရောက်လာခဲ့၏။
ထိုကုက္ကိုပင်ကြီးမည်မျှကြီးမားသလဲဆိုလျှင်ဖြင့် အပင်ကြီး၏ အကိုင်းအခတ်များသည် လမ်းမပေါ်သို့ အရိပ်ကြီးသဖွယ် အပေါ်စီးမှ အုပ်မိုးလို့ထားလေသည်။
ကုက္ကိုပင်ကြီး၏ အနောက်မှာတော့ ဘယ်ခေတ်ဘယ်ခါက ရှိမှန်းမသိသော ရေကန်ကြီးရှိ၏။
ထိုရေကန်ကြီးနှင့် ကုက္ကိုပင်ကြီး၏ သက်တမ်းဟာဖြင့် အတူတူလောက်ပင်ဟုထင်ရသည်။

ထိုနေရာသို့ ရောက်တော့ ခြေလှမ်းက ပိုသွက်လာခဲ့ရ၏။
အဘယ့်ကြောင့်ဆို ကုက္ကိုပင်နှင့်ရေကန်ကြီး၏ အနောက်ဘက်မလှမ်းမကမ်းတွင် ရထားသံလမ်းရှိလေသည်။
ထိုရထားလမ်း၌ တလောကပင် အရက်သမားတစ်ယောက် ရထားသံလမ်းပေါ် ခေါင်းခု၍ အိပ်ပျော်နေခဲ့ရာ ရထားလာသည်နှင့်တိုးသွားပြီး
ရထားကကြိတ်ဖြတ်မိ၍ သေဆုံးသွားခဲ့ရသည်။

အများပြောနေကြသည်က ထိုနေရာသည် လူစားသောနေရာဖြစ် သည်ဟုဆိုကြ၏။
ထိုမျှမကသေးထိုသေသော သရဲများသည် ကုက္ကိုပင်ကြီး၌ နေ၍ ​ခြောက်လန့်ကြသည်ဟု ဆိုကြ ပြန်သည်။
ထိုကြောင့် အငွေ့အသက်မကောင်းသော ထိုနေရာ၌ ကြာရှည်မနေလို၍ ခပ်သွက်သွက်လျှောက်လာခဲ့ရ၏။

ကုက္ကိုပင်ကြီး၏ မျက်နှာခြင်းဆိုင်မှာတော့ လျှပ်စစ်ရုံးလေးနှင့် အိမ်ခြေအချို့ကိုတွေ့ရသော်လည်း အရာရာကဆိတ်ဆိတ်နေခဲ့လေသည်။

“ဗြုန်း…..”

“ဟာ…..”

ကုက္ကိုပင်ကြီးကိုကျော်ယုံမျှရှိသေး သူကိုင်ဆောင်လာသော အမဲသားထုပ်အားရုတ်တရက် ဆွဲလု့ခံရ၏။
ရုတ်တရက် ဆိုသော်လည်း သတိကမလွတ်သည်မို့ ပြန်လည် ဆွဲယူထားရ၏။
ကျန်လက်တစ်ဖက်မှာကိုင်ထားခဲ့သော သရက်သီးခြင်းကတော့ဖြင့် လမ်းဘေးဆီသို့ ပြုတ်ကျသွားခဲ့လေပြီ။

လူယောင်တောင်မမြင်ရသော်လည်း ဆွဲလု့ခံထားရခြင်းကြောင့် ရင်က တဒိတ်ဒိတ်ခုန်ပြီး ချွေးစေးများပင်ပျံနေခဲ့ရသည်။
လွှတ်ပေးလို့လည်းမဖြစ် ဒီည ဟင်းမပါလျှင် သူတို့၌ ငါးပိရည်သာ ရှိပေမည်။

“တောက်…ဘယ်ခွေးမသား ငါ့အထုပ်ကို လု့နေတာလဲ….”

အသံကျယ်ကျယ်အော်၍ ဆဲလိုက်လေသည်။
သို့သော် ဟင်းထုပ်အား ဆွဲထားစဲပင်။
ဘေးကကြည့်လျှင် လေဟာနယ်၌ ဟင်းထုပ်တစ်ဖက်က မြှောက်တက်နေသည်။

“မပေးဘူဟေ့….မပေးဘူး….မင်းတို့ဘာသာ ငတ်လို့ လုလု….အဲ့တာ မင်းတို့ အကုသိုလ်ကံပဲ……”

ကြောက်စိတ်ကို မကြီးထွားလာစေရန် နူတ်မှ
ဆဲလို​က်ခြင််းဖြစ်သည်။
အနီးအနားမှာလည်း လူသူအရိပ်အယောင်သည်ကမရှိ။
ထို့ပြင်အမှောင်ကလည်းကြီးလာ၍ ကုက္ကိုပင်ကြီးသည်ပင် မည်းမည်းအကောင်ကြီးတစ်ကောင်ကဲ့သို့ပင် တူနေခဲ့သည်။
ဖြစ်နိုင်လျှင်ထိုနေရာမှ ဟင်းထုပ်ကိုလွှတ်ချ၍ ပြေးချင်မိ၏။
သို့သော် စိတ်တို့သည်က ဟင်းထုပ်အား လက်မလွှတ်နိုင်ခဲ့။
ထို့ကြောင့် ဟင်းထုပ်ကို မလွတ်တမ်းဆွဲထားခဲ့ပြီး
တစ်ဖက်ကလည်း အားဖြင့် ဆွဲယူနေပြန်သည်။
ဆွဲထားသည့်ဘက်က အားသည်အတော်ပင်ကောင်းလှ၏။
ဟင်းထုပ်လေးက အိတ်နှစ်ထပ်ပေမို့သာမပြဲခြင်းပင်။ထိုမျှမက မိမိသည်လည်းဗလတောင့်သူပေမို့ တစ်ဖက်မှ အားကို အပြိုင် ​ဆွဲထားနိုင်၏။

ကြာလာလေတော့
ခေါင်းတစ်ခုလုံးထူပူလာခဲ့ ပြီး မည်သို့လုပ်ရမည်မသိစဥ်မှာ စိတ်အာရုံအတွင်းသို့ ဝင်ရောက်လာသည်က ရွာကျောင်း၌ နေစဥ် ရွာဦးဆရာတော်သင်ပေးခဲ့သည့် ဘုရားစာပင်။
ထိုဘုရားစာသည် သူ၏ တစ်သက် ရွတ်ဆို ခဲ့သည်ဖြစ်၍ ချက်ချင်းပင် အသံကျယ်ကျယ်ရွတ်ဆိုလိုက်မိသည်။

ဘုရားစာကိုရွတ်ဆိုရင်း….လက်ထဲမှာလည်း
ဟင်းထုတ်အားဆွဲယူထားရသေး၏။

“ဗုဒ်ဓေါမေ သရဏံ အညံနတ်ထိ…။
ဓမ္မောမေ သရဏံ အညံနတ္ထိ….။
သံဃောမေ သရဏံ အညံနတ္ထိ…….

ဗုဒ္ဓေါမေ သရဏံ အညံ နတ္ထိ…………”

ဘုရားစာအားအဆက်မပြတ်ရွတ်ဆိုနေမိ၏။
ရွတ်ဆိုနေစဥ်
တစ်ဖက်ရှိ မမြင်ရသောအရာသည် မိမိအား တစ်ခုခုလုပ်လိုက်မှာကိုလည်းစိုးရိမ်ရသေးပြန်သည်။
ဘုရားစာကို ဆိုနေရင်းမှာပင် လက်မှကိုင်ဆွဲထားရသော ဟင်းထုပ်သည်ပေါ့ပါးစွာ မိမိလက်ထဲသို့ ပြန်ပါလာခဲ့၏။ ထိုအခါဝမ်းသာမိပြီး ထိုနေရာမှ ချက်ချင််းပင် သုတ်ချေတင်ပြေးလာခဲ့ရတော့၏။
လမ်းဘေး၌ကျနေခဲ့သော သရက်သီးခြင်းကိုပင် မကောက်ယူမိခဲ့တော့ပေ။

***

“ဟာ…ဒါဆို သရဲလု့တဲ့အမဲသားချက်ကြီး ကျွန်တော်စားခဲ့ရသေးတာပေါ့ ဟုတ်လားဘကြီး…”

“အေးပေါ့ဟ…ပြန်မလုလို့ ဟင်းမရှိရင်ပို ခက်မှာပေါ့…။ငါလည်း ကြောက်ကြောက်နဲ့ ပြန်ဆွဲထားရတာ…တော်သေးတာပေါ့ ဆရာတော်သင်ပေးထားတဲ့ ဘုရားစာလေး အမှတ်ရသွားလို့ မဟုတ်ရင် ငါ့ကိုတောင် ပြန် ဒုက္ခပေးနိုင်တယ်ဟ….”

“ဘကြီးပြောတာဖြစ်နိုင်တယ်…ကျွန်တော် ငယ်ငယ်က ကန်ကြီးက သရဲခြောက်လို့….ကန်ကြီးက သရဲခြောက်တယ်ဟဲ့ ဆိုတာတွေ ကြားဖူးခဲ့တယ်ဗျ…”

“အေးလေ…မောင်မြင့်ရယ်…ရပ်ကွက်လေး လူစည်လာတော့ အဲ့ကန်ကြီးအောက် နှစ်ဆန်းတစ်ရက်နေ့တိုင်း ပရိတ်တရားနာတာ အခုထိပဲလေကွာ….”

ဘကြီးမောင် နဲ့ ကိုမြင့်တို့ပြောနေကြသည်ကို နားထောင်ရင်းကျွန်တော်ပါ ဝင်ပြောလိုက်သည်။

“အခု…အဲ့ကန်ကြီးမှာ နာရေးအသင်းကားတွေထားတာမလား…။လျှပ်စစ်မီးတွေကလည်း ထိန်နေတာပဲလေ ကြောက်စရာမကောင်းတော့ပါဘူးဗျာ…”

“အေးပေါ့ ငဇော်ရ မြို့ကလည်းတိုးတတ်ပြီဆိုတော့ ရပ်ကွက်တိုင်း နာရေးအသင်းတွေဖွဲ့ထားနိုင်ပြီလေ…။အရင်ကဆို နာရေးတစ်ခုဖြစ်ရင် မလွယ်ဘူးဟ…ခုတော့ အသင်းအဖွဲ့တွေနဲ့ဆိုတော့ အဆင်ပြေကြတာပေါ့ကွာ….”

ဘကြီးမောင်ကပြောလိုက်ခြင်းပင်။

“ဒါနဲ့လေ ဘကြီး…အခုအဲ့ကန်ကြီးက သရဲမရှိတော့ဘူးမလား…”

ကျွန်တော်၏ သိချင်စိတ်က မရပ်သေးဘဲ
ဘကြီးမောင်ကို မေးမိလေတော့…

“အေး…အရင်ကလောက်တော့ မကြားရတော့ဘူးကွ…။အရင်တုန်းကဆို ကန်ထဲရေချိုးတဲ့ကလေးရေနစ်လို့ဆုံးတာလည်းရှိဖူးတယ်…ခုတော့ ​အဲ့လိုတွေလည်း မကြားရသလောက်ပဲကွာ…..”

“​ သြော်….တော်သေးတာပေါ့…ကျွန်တော် ညနေပြန်ရင် အဲ့ဘက်က ဖြတ်ပြန်ရမှာဆိုတော့ ကြောက်လို့ပါဗျ…”

“ဟ…ခါတိုင်းမင်းသွားနေကြပါ ငဇော်ရာ….”

“တူမလား ဘကြီးရာ…အရင်က ဘကြီးဟင်းထုပ်လု့ခံရတာ သိမှမသိခဲ့တာ…ခု​တော့ သရဲ​ခြောက်တာ သိတော့ကြောက်တာပေါ့…….”

“ဒါတော့ ဒါပေါ့ကွာ…အရမ်းကြောက်စရာမလိုပါဘူး…။သရဲဆိုတာ လူတွေထက် ဘုန်းကံနိမ့်ကျ တယ်လေ…အဲ့တော့လူက ကံနိမ့်မှသာ သူတို့နဲ့ ကြုံကြိုက်ရတာ…ကြုံကြိုက်မိရင်လည်း မကြောက်နဲ့ဟေ့…မင်းကို ငါငယ်ငယ်ကတည်းက သင်ပေးထားတဲ့ ဘုရားစာသာရွတ်…ဒါဆို ဘယ်သရဲမှ ကြောက်စရာမလိုတော့ဘူး….”

ဘကြီးမောင်ပြောသော စကားများကြောင့် ကျွန်တော်၏
ကြောက်စိတ်တို့အနည်ထိုင်သွားခဲ့ရသည်။
သရဲ နှင့်အပြိုင် ပြန်လုရဲသော ဘကြီးမောင်ရဲ့ သတ္တိကို လေးစားမိ၏။
ကျွန်တော်သာ ထိုနေရာမှာဆိုလျှင်ဟင်းထုပ်ကို လွှတ်ချပြီးပြေးမိမှာအမှန်ပင််ဖြစ်သည်။

သို့သော်…
ယခုချိန်မှာတော့ မြို့လူဦးရေများပြားလာပြီး လျှပ်စစ်မီးကိုလည်း ပိုပိုသာသာသုံးစွဲနိုင်ကြပြီမို့ ယခင်ကဲ့သို့ သရဲ ခြောက်သည်ဆိုသော အသံများမကြားရတော့ပေ။

ဘကြီးမြင့်ရွတ်ဆိုသော ဘုရားစာ၏အကျယ်သည်ကဤကဲ့သို့ဖြစ်၏။

“ဗုဒ်ဓေါမသေရဏံ အညံနတ်ထိ…

(ဘုရားမှတစ်ပါး အခြားကိုးကွယ်ရာမရှိ)

ဓမ္မောမေသရဏံ အညံနတ္ထိ….

(တရားတော်မှအပ အခြားကိုးကွယ်ရာမရှိ)

သံဃောမေသရဏံ အညံနတ္ထိ…….

(သံဃာတော်များ အပ အခြားကိုးကွယ်ရာမရှိ)

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)