သိုက်ကလာသူ

သိုက်ကလာသူတစ်ယောက်အကြောင်း ( စ၊ ဆုံး)

 

” အို…မလိုက်ပါဘူးတော်၊ ရှုပ်ရှုပ်ယှက်ယှက်။ ကျုပ် ဒါမျိုးတွေ ဘယ်တုန်းက လိုက်ကြည့်ဖူးလို့လဲ…”

” အေးပါ…အဲ့ဒါဆိုလည်း နောက်ကျနေပြီ၊ ငါ သွားတော့မယ်…”

ကိုသန်းဆောင် မမြမူကို လက်ပြနှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့တယ်။

မမြမူကတော့ ယောက်ျားလုပ်သူရဲ့ ကျောပြင်ကို လှမ်းကြည့်ပြီး ” ဒီနေ့ သိပ်ထူးဆန်းနေပါလား…” ရယ်လို့ တွေးမိရင်း ခေါင်းကို ခါရမ်းမိနေလေရဲ့။

*******

ညနေနေ၀င်ရီတရော အချိန်…။

မမြမူတစ်ယောက် အိမ်ရှေ့ဆီကနေ ယောက်ျား ပြန်အလာကို စောင့်ဆိုင်းနေမိတယ်။

” ကိုသန်းဆောင်ကလည်း နောက်ကျလိုက်တာနော်။ တကတည်း ဒီက ဗိုက်ဆာနေပါပြီဆို၊ သူ့ကို မစောင့်ဘဲ စားရင်လည်း စိတ်ဆိုးပြန်ဦးမယ်…”

မမြမူ ခပ်တိုးတိုး ရေရွတ်မိတယ်။

အဲ့ဒီ့အခိုက် သူ့အိမ်ရှေ့ဆီကို လူသုံးယောက် သုတ်သီးသုတ်ပြာနဲ့ ရောက်လာခဲ့ရဲ့။

” မြမူ…မြမူ…”

” ဪ…ကိုကြီးသာစိန်တို့၊ သုတ်သီးသုတ်ပြာနဲ့ ဘာအရေးများရှိလို့လဲ…”

” နင့်ယောက်ျား သန်းဆောင် ကုံးသီးမှန်လို့ ဆေးရုံပို့ရတယ်…”

” ရှင်…”

ထင်မှတ်မထားတဲ့ စကားမို့ မမြမူ ရင်ဘတ်ကို ဖိရင်း ထိုင်ရက်သား လဲကျသွားရတယ်။

” ဟုတ်…ဟုတ်ရဲ့လား ကိုကြီးသာစိန်ရယ်။ ကုံးသီးမှန်တာ ကျွန်မယောက်ျားဆိုတာ ဟုတ်ကော ဟုတ်လို့လား…”

” အေး…ဟုတ်ဆိုမှ ဟုတ်ပဲ။ အခုပဲ ကျန်တဲ့သူတွေက မြို့ဆေးရုံကို သွားပို့နေကြတယ်။ ငါတို့သုံးယောက်က ရွာကို ပြန်အကြောင်းကြားကြတာ…”

မမြမူ ဘာပြန်ပြောရမယ် မသိဘူး။ခင်ပွန်းသည်အတွက် မျက်ရည်စတွေက တနင့်တပိုး ပါးပြင်ဆီကို လိမ့်ဆင်းကျလာခဲ့ရပြီး ခြံအပြင်ဆီကို အရူးတပိုင်းနဲ့ ပြေးထွက်သွားခဲ့တယ်။

” ဟေ့…သူတစ်ယောက်ထဲ တစ်ခုခု ဖြစ်နေဦးမယ်။ လိုက်သွားကြဦး…”

အခြေအနေက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတယ်။

ဆူညံသံတွေကြောင့် ပတ်၀န်းကျင်က လူတွေလည်း ချက်ချင်း ရောက်ရှိလာခဲ့ကြပြီး…။

” ဘယ်လိုများ ဖြစ်ရတာလဲ…”

” သန်းဆောင် ဘောလုံးပွဲမှာ ကုံးသီးမှန်လို့…”

” ဟာ…”

” ဖြစ်မှ ဖြစ်ရလေ…”

” အခု အခြေအနေကကော…”

” ဘယ်လိုများ ဖြစ်တာလဲ…”

တစ်ယောက်တစ်ပေါက် မေးမြန်းသံတွေ စုံလင်လှတယ်။

” ဘောလုံးပွဲမှာ နှစ်ဖက်က ရွာသားတွေပါ ရန်ဖြစ်ကြပြီး လေးခွတွေနဲ့ ပစ်ကြတာကနေ သန်းဆောင်ရဲ့ နားထင်ကို ကုံးသီးလါမှန်တာပဲ…”

” အို ဘုရား…ဘုရား…”

ကြားမိသူတို့ သန်းဆောင်အတွက် ရင်ထိတ်ကုန်ကြရတယ်။ ပြောပြသူက…

” သန်းဆောင်က ရန်ပွဲထဲမှာ မပါဘူး။ သူအစကြည့်နေတဲ့ နေရာမှဆိုရင်လည်း ထိမှာမဟုတ်ဘူး။ ကြည့်နေရင်း ရေခဲချောင်းစားချင်လို့ဆိုပြီး ရေခဲချောင်းသည်အနား သွား၀ယ်စားပြီး အသည်ရဲ့ စက်ဘီးနား ထိုင်ကြည့်နေတာ။ အဲ့ဒါကို ကုံးသီးက စမုတ်တံကြားကနေ ဖြတ်ပြီး လာမှန်တာ…”

” ဟာ…ဖြစ်မှဖြစ်ရလေဗျာ။ သန်းဆောင်တို့ အဖို့များ ပါလာရော့သလား…”

” ဟုတ်တယ်…ငါတို့လည်း အဲ့ဒါကို ပြောချင်တာ။ တကယ်ဆိုရင် ကုံးသီးက စမုတ်တံတွေကို မှန်ရမှာပဲကို၊ အခုက ကြားက ဖြတ်ပြီး တိုက်တိုက်ဆိုင်ဆိုင် သန်းဆောင်ကို မှန်တာ…”

အဖြစ်က မဆန်းသလိုနဲ့ ထူးတယ်ပဲ ဆိုရပါမယ်။

အဲ့ဒီ့အချိန် တင်မြင့်ကတော့ နေ့လည်က သူငယ်ချင်းဖြစ်သူနဲ့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်စဉ်းစားမိနေတော့ပါတယ်။

*******

ကိုသန်းဆောင်တစ်ယောက် ဆေးရုံမရောက်ခင် လမ်းမှာတင် ဆုံးပါးသွားခဲ့ပါတယ်။

အလောင်းကို ရွာတွင်းဆီ ပြန်သယ်မရဘဲ ရွာအပြင် သုသာန်မှာပဲ ထားရစ်ပြီး သဂြိုဟ်ခဲ့ရတယ်။

သဂြိုဟ်ချိန်မှာ သရဏဂုံတည်ပြီး အလောင်းကို မြေဖို့ချိန်ကျတော့ နာရေးပို့လာကြတဲ့ သူတွေထဲဆီက မိန်းမတစ်ယောက်ကို ကိုသန်းဆောင် ၀င်ပူးခဲ့တယ်။

” မြမူ…မြမူ…ငါ သန်းဆောင်လေ။ မင်းကို သိပ်ချစ်တဲ့ မင်းရဲ့ လင် သန်းဆောင်ပါ။ ငါ့ကို သိုက်က ပြန်ခေါ်တာ။ ငါ မင်းကို မချစ်လို့ ထွက်သွားတာ မဟုတ်ပါဘူး။ မင်းဆီကို ငါ အခွင့်ရှိတိုင်း ပြန်လာခဲ့ပါ့မယ်ဟာ…”

ကိုသန်းဆောင် ၀င်ပူးခံရတဲ့ မိန်းမက ငိုသံပါကြီးနဲ့ အော်တာ။ ကြားရသူတို့ စိတ်မကောင်းဖြစ်ကြ၊ မျက်ရည်ကျကြနဲ့ပေါ့။

ရက်လည်တဲ့ ညမှာတော့ မမြမူရဲ့ အိမ်ဆီမှာ အလွန်ပဲ မွှေးပျံတဲ့ ရနံ့တွေ သင်းကြိုင်နေခဲ့တယ်။ ပြီးတော့ မမြမူရဲ့ အိပ်မက်ဆီကိုလည်း ကိုသန်းဆောင် ရောက်လာခဲ့ပြန်ပါတယ်။

အိပ်မက်ထဲမှာ ကိုသန်းဆောင်ရဲ့ အစွင်အပြင်က ရှေးခေတ်အ၀တ်အစားနဲ့။ သျှောင်တစ်စောင်းကြီးကိုလည်း ထုံးဖွဲ့ထားတယ်။ ပြီးတော့ ကိုသန်းဆောင်ရဲ့ အနောက်ပါးဆီက လိုက်ရင်း ဘုရားတစ်ဆူဆီကို ရောက်ခဲ့တယ်။

ဒီဘုရားကို မမြမူ ကောင်းကောင်းကြီးသိပါတယ်။

ချောင်းရဲ့ တစ်ဖက်ကမ်း၊ လယ်မရွာထိပ်ဆီမှာ ရှိတဲ့ ကျွဲထိုင်ဘုရားရယ်ပါ။ စေတီရဲ့ အလှမ်းမကမ်းမှာလည်း ကျောင်းထိုင်တွေ၊ ဘုန်းကြီးတွေ နေလို့မရတဲ့ ကျောင်းပျက်ကြီးကလည်း ထင်းလို့ပေါ့။

” ကိုသန်းဆောင်က ကျွဲထိုင်ဘုရားသိုက်ကပေါ့…”

မမြမူ ယုံကြည်မိခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကနေ နောက်ပိုင်းကာလတွေမှာတော့…။

မမြမူဟာ ကိုသန်းဆောင်ရဲ့ မွေးနေ့တိုင်းမှာ ကျွဲထိုင်ဘုရားဆီကို မရောက်ရောက်အောင် သွားဖြစ်ခဲ့ပြီး ခင်ပွန်းသည်အတွက်ကို ရည်မှန်းလို့ ကောင်းမှုကုသိုလ်တွေ ပြုပေးနေခဲ့တာ ယနေ့အချိန် အသက် ၆၀ ကျော်ခဲ့တဲ့ အချိန်အထိ တစ်နှစ်မှ မပျက်ခဲ့ပါပဲ…။

ပြီးပါပြီ။

နောင်ရိုး(ဆေးတပ်)