ဒုတိယမ္ပိကျတဲ့မျက်ရည်

***ဒုတိယမ္ပိကျတဲ့မျက်ရည်***(စ/ဆုံး)

—————-@@@@@——————

စိမ်းရောင်လွင်

သာမဏေကျော်စာမေးပွဲကျင်းပနေတာ ဒီနေ့ပါ
ဆိုရင် နှစ်ရက်ရှိပြီ။ ဒီနေ့က ဦးသုနန္ဒစိတ်ထဲ အခက်
ဆုံးလို့သတ်မှတ်ထားတဲ့ အင်္ဂုတ္တိုရ်နေ့။ စာစစ်၊ ပုစ္ဆာ
ထုတ်အဖွဲ့ထဲပါတဲ့အတွက် ဒီနေရာသို့ ဦးသုနန္ဒ
တစ်ကျော့ပြန်ခြေချခဲ့ရတယ်။ သူ့အနေနဲ့ ကြေကွဲဖွယ်
အတိတ်ကိုအမှတ်ရစေမယ့်အလုပ်မျိုးကို လုံးဝမလုပ်
ချင်ရှာ။ အပူရုပ်ကိုဟန်လုပ်နေရပေမယ့်လို့ စိတ်ထဲက
ထိခိုက်နာကျင်မှုကိုတော့ ဖုံးထားလို့မရ။
ဝရန်တာဘက်ထွက်ပြီး စင်္ကြံလျှောက်နေတာ
တစ်နာရီလောက်ရှိပြီမို့ ခြေထောက်တွေညောင်းညာ
လာတယ်။ အဲဒါနဲ့ စင်္ကြံလျှောက်နေတာကိုရပ်တန့်ရင်းဥဒဟိုပြေးလွှားနေတဲ့လမ်းမပေါ်က ကားကြီး၊ ကားငယ် အသွယ်သွယ်ကိုငေးကြည့်နေမိတယ်။ နံနက် ၉ နာရီထိုးတော့မှာဖြစ်ပေမယ့် နှင်းမှုန်တွေ ကောင်းကင်ပေါ်က မပြယ်သေးဘူး။ မကွဲသေးတဲ့နှင်းထုကြားမှာလူးလာစုန်ဆန်ပြေးလွှားနေတဲ့ကားတွေ၊ နောက်ပြီးကွပ်ပျစ်ပေါ်စာပြန်နှေးနေကြတဲ့စာဖြေ ရှင်သာမဏေလေးတွေ။ အရေးကြီးဆုံးအချိန်ဖြစ်တော့ သူတို့ခမျာစိတ်လှုပ်ရှားနေကြမှာပါပဲ။ စာရွက်တွေကို တစ်ရွက်ချင်း လှန်ကြည့်လိုက်၊ ထူးတဲ့နေရာဆို မှတ်မိအောင်နှုတ်ကရွတ်လိုက်နဲ့ ကားသံ၊ လူသံဆူညံသံတွေကိုတောင် သတိထားကြပုံမရပါဘူး။ အခုလိုအချိန်ကစာသင်သားတစ်ပါးအတွက် အရေးကြီးဆုံးအချိန်စာမေးပွဲကလွဲလို့ တခြားဘာကိုမှ စိတ်ဝင်စားနိုင်မှာမဟုတ်ပါဘူး။ စာမေးပွဲပြီးမှ တစ်နှစ်တာပင်ပန်းခဲ့ရတာတွေကို သူတို့အတိုးချအနားယူကြလိမ့်မယ်။

“ဒေါင်… ဒေါင် … ဒေါင် … ဒေါင်”

၁၂ နာရီထိုးတာနဲ့ သံချောင်းခေါက်သံ တဒေါင်ဒေါင်မြည်လာတယ်။ စာဖြေသံဃာတွေ ကိုယ့်စာဖြေခုံ
မှာ သီတင်းသုံးဖို့ အချက်ပေးလိုက်တာပါ။ သံချောင်း
ခေါက်သံကြားရတယ်ဆိုရင်ပဲ ကိုရင်ငယ်တွေက ကြည့်လက်စစာအုပ်တွေကို လွယ်အိတ်ထဲပြန်ထည့်နေကြတယ်။ ဘောပင်နဲ့ပေတံနှစ်ခုကိုယူပြီး စာဖြေခန်းထဲခေါင်းမော့၊ ရင်ကော့ဝင်လာကြပါတယ်။ တစ်နှစ်ပတ်လုံးကြိုးစားခဲ့တယ်ဆိုတာကိုသက်သေပြဖို့ အချိန်ကနီးကပ်နေပြီမဟုတ်လား။ သူတို့စိတ်ထဲကမျှော်လင့်ချက်တွေကို မကြာခင်အကောင်အထည်ဖော်ကြရတော့မယ်။ ကြိုးစားမှုရဲ့ရလဒ်က အောင်မြင်ခြင်းဆိုတဲ့သဘောကို သူတို့လက်ခံကြတယ်။ အဲဒါကြောင့်လည်းတစ်နှစ်ပတ်လုံးကြိုးစားခဲ့ကြရတယ်။ အောင်မြင်မှုကသူတို့ပင်ပန်းနွမ်းနယ်မှုတွေကို ချွေးသိပ်ပေးတော့မယ်။ သူတို့မျက်နှာလေးတွေလည်း စိတ်အားထက်သန်မှုနဲ့အတူ ကြည်လင်ဝင်းပလျက်ရှိပါတယ်။

“အရှင်ဘုရား မေးခွန်းတွေဝေဖို့ အချိန်နီးကပ်
နေပြီဘုရား”

“ကောင်းပါပြီဒကာကြီး၊ လာခဲ့ပါ့မယ်”

ဒကာကြီးထွက်သွားပြီးမကြာခင် ဦးသုနန္ဒလည်း
စာဖြေခန်းထဲဝင်လာတယ်။ စာဖြေခန်းထဲရောက်တာ
နဲ့ အဖြေလွှာဝေခြင်း၊ မေးခွန်းဝေခြင်း၊ ခုံနံပါတ်တပ်
ခြင်းစတဲ့အလုပ်တွေအတွက် အသင်းဒကာတွေကို
ညွှန်ကြားလျက်ရှိပါတယ်။ ဦးသုနန္ဒကိုယ်တိုင်လည်း
စာဖြေသံဃာတွေ ခုံနံပါတ်တပ် မတပ်၊ ပျက်ကွက်
စာရင်းတွေ ရှိ၊ မရှိ လိုက်လံစစ်ဆေးနေပါတယ်။
စာဖြေကိုရင်အားလုံးလိုလို စာဖြေရင်း ချွေးတလုံးလုံး
ဖြစ်နေကြရှာတယ်။

မေးထားတဲ့မေးခွန်းက သိပ်အခက်ကြီးမဟုတ်ပေ
မယ့် ချောင်ကြိုချောင်ကြား အကပ်အသပ်ပါမကျန်
ကျက်မှတ်ထားတဲ့စာကိုရင်တွေအဖို့ ခေါင်းစား
စရာမလိုဘဲ မေးခွန်းလွှာရတာနဲ့ တန်းဖြေရုံပါပဲ။
ဒါပေမဲ့ စာလည်းမကျေ အပေါ်ယံကောင်းနိုးရာရာ
လောက်သာ ရွေးကျက်ထားတဲ့ကိုရင်ငယ်တွေအဖို့
တော့ ချွေးပြန်ချင်စရာဖြစ်ရမှာမလွဲပေ။ ညနေ ၄ နာရီ
ထိုးဖို့ ၁၅ မိနစ်လောက်ပဲလိုတော့တယ်။ ဒကာတွေ
က အဖြေလွှာတွေသိမ်းပြီး ဦးသုနန္ဒရှေ့က စားပွဲပေါ်
စီစီရီရီလာထပ်ထားကြတယ်။ ရောက်လာသမျှ
အဖြေလွှာတွေခုံနံပါတ် တပ်၊ မတပ်ကို ဦးသုနန္ဒက
တစ်ရွက်ချင်းပြန်စစ်တယ်။ အားလုံးမှန်ကန်ပြီဆိုမှ
ဒကာကြီးတွေကို အဖြေလွှာတွေသေချာသိမ်းဆည်း
ယူဆောင်ခဲ့ဖို့မှာကြားရင်း တည်းခိုရာအဆောင်
ပြန်ကြွဖို့ စာဖြေခန်းမထဲကထွက်လာခဲ့တယ်။ အသင်း
ဗိမာန်ရှေ့ရောက်တော့ စာဖြေပြီးကြတဲ့ တချို့ကိုရင်
တွေက ပြန်မကြွကြသေးဘဲ မေးခွန်းနဲ့ဖြေထားတဲ့အဖြေကိုက်ညီမှု ရှိ၊ မရှိတိုက်ဆိုင်စစ်ဆေးငြင်းခုံနေ
ကြတယ်။

“ဟာ – အမှားတွေချည်းပဲ”

အသားမည်းမည်းနဲ့ကိုရင်တစ်ပါးက အဖြေတိုက်
ရင်း ညည်းနေတယ်။

“သွားပြီ ဒီနှစ်လည်း ကျပြီထင်တယ်၊ ငါပြန်နှင့်ပြီ
သူငယ်ချင်းတို့”

ဦးသုနန္ဒက လွယ်အိတ်ကိုလွယ်ပြီး စိတ်ပျက်
လက်ပျက်ဖြင့် တစ်ပါးတည်းထွက်သွားတဲ့ကိုရင်ငယ်
ကို စိတ်ဝင်စားစွာငေးကြည့်နေမိတယ်။ အသင်းက
ဒကာတွေက ညနေ ၅ နာရီထိုးမှ ကားနဲ့တည်းခိုရာ
ကျောင်းပြန်ပို့မှာမို့ အခုမှ ၄ နာရီကျော်ခါစရှိသေးတော့အချိန်ရသေးတယ်၊ စိတ်ပျက်လက်ပျက်နဲ့ ကားလမ်းဘက်ထွက်သွားတဲ့ကိုရင်ကို အားပေးမယ်အကြံနဲ့နောက်က လိုက်သွားမိတယ်။

ကိုရင်ငယ်က ကားလမ်းနံဘေးမှာ ရပ်နေတယ်။
တစ်စုံတစ်ယောက်ကိုစောင့်မျှော်နေပုံရပါတယ်။

“ကိုရင် ဘယ်သူ့စောင့်နေတာလဲကွ”

ကိုရင်က စိတ်ညစ်ညူးတဲ့မျက်နှာနဲ့ ဦးသုနန္ဒကို
လှည့်ကြည့်တယ်။ နောက်မှ စာစစ်ဘုန်းကြီးမှန်းသိ
သွားပုံနဲ့ လက်အုပ်ချီရင်း –

“မှန်ပါ တပည့်တော်အစ်မကိုစောင့်နေတာဘုရား၊
အစ်မက ဘယ်သွားနေမှန်းမသိဘူး၊ စာမေးပွဲမဖြေနိုင်
လို့ စိတ်ညစ်ပါတယ်ဆိုမှဘုရား၊ သူ့စောင့်နေရတာကို
က တစ်ဒုက္ခ”

ကိုရင်ကအခုချိန်ထိပေါ်မလာသေးတဲ့ သူ့အစ်မ
ဆိုသူကို စိတ်တိုနေပုံရပါတယ်။

“ဪ… ကိုရင့်အစ်မလည်း လုပ်စရာတစ်ခုခု
ရှိလို့နေမှာပေါ့ကွာ”

“ဟင်း”

ကိုရင်က အဲဒီလိုစောင့်နေရတာကို စိတ်မရှည်ပုံနဲ့ သက်ပြင်းချနေတယ်။ ခဏနေတော့ ဆိုင်ကယ်တစ်စီး သူတို့ရှေ့ထိုးရပ်လာတယ်။ ဆိုင်ကယ်ပေါ်ကနေ မိန်းမပျိုတစ်ယောက်အထုပ်အပိုးတွေနဲ့ ဆင်းလာ
တယ်။ မိန်းမပျိုက ကိုရင့်ရှေ့ရောက်တာနဲ့ –

“ကိုရင်စာဖြေနိုင်လား၊ တပည့်တော်မလည်းဘဏ်မှာ ပိုက်ဆံထုတ်ရ၊ ကိုရင့်အတွက် မုန့်တွေဝယ်ရနဲ့ ကြာနေတာဘုရား”

မိန်းမပျိုက ရုပ်ဆိုးဆိုး၊ ဂျစ်ကန်ကန်ဖြစ်ပုံရတဲ့
ကိုရင်လေးကို ချော့မော့ပြောပြနေတယ်။

“မဖြေနိုင်ဘူးဗျ၊ ဘာတွေမေးမှန်းကိုနားမလည်ဘူး၊ အောင်မှတ်ရရင် ကံကောင်းပဲ၊ စိတ်ပျက်တယ်ဗျာ၊
ဒီနှစ်စာမေးပွဲကျရင် ကျောင်းကထွက်ရတော့မယ်”

“ကိုရင်ကတော့ လုပ်ပြီ၊ စာမေးပွဲဖြင့်မပြီးသေးဘူး
အားက လျှော့နေပြီ၊ စာမေးပွဲအောင်ရင် ကိုရင်လိုချင်
တဲ့ဖုန်းလည်း တပည့်တော်မက ဝယ်ပေးမယ်လို့ပြော
ထားသားပဲ၊ အခုစာမေးပွဲဖြေချိန်လည်း ကိုရင်ကြိုက်တဲ့မုန့်တွေဘုဉ်းပေးရအောင် တကူးတကရှာဝယ်လာတာ၊ ကိုရင်စာပဲကြိုးစား ကြားလား၊ ဘာလိုအပ်လဲ၊ လိုအပ်တာရှိရင် တပည့်တော်မကိုပြောနော်၊ စိတ်ဓာတ်ကလည်း ပျော့ညံ့လိုက်တာဘုရား၊ ကြည့်စမ်းပါအုံး”

“ဘာဆိုင်လဲဗျ၊ သူတို့က ခက်အောင်မေးနေတော့
စိတ်ဓာတ်ကျတာပေါ့”

“ကိုယ်စာမကျက်တာတော့အပြစ်မမြင်ဘဲ ဘာဖြစ်လို့ သူတစ်ပါးသွားအပြစ်တင်နေရတာလဲ၊ ဒီမှာ ကိုရင် သုံးချင်တာသုံးရအောင် ဝတ္ထုငွေ၊ ဒီဟာက ကိုရင်
ဘုဉ်းပေးဖို့မုန့်တွေ၊ စိတ်ဓာတ်မကျရဘူးနော်၊ အစ်မ
လည်း မိုးမချုပ်ခင် ရွာအရောက်ပြန်ရမယ်ဘုရား”

မိန်းမပျိုက မောင်ဖြစ်သူကိုရင်ကို လှူစရာရှိတာ
တွေလှူ၊ မှာစရာရှိတာတွေ မှာပြီးပြန်သွားတယ်။
ကိုရင်က သူ့အစ်မလှူခဲ့တဲ့မုန့်တွေ၊ ဝတ္ထုငွေတွေကို
လွယ်အိတ်ထဲထိုးထည့်ရင်း ရွာပြန်သွားပြီဖြစ်တဲ့ သူ့
အစ်မဆိုင်ကယ်လေးကို မြင်ကွင်းက ပျောက်တဲ့အထိ
ငေးမောနေရှာတယ်။

“ဘုန်းဘုန်း တပည့်တော်ကိုပြန်ခွင့်ပြုပါအုံးဘုရား”

“ဪ – ကောင်းပါပြီကိုရင်၊ ကိုရင့်အစ်မက ကိုရင့်ကို အတော်ချစ်ရှာသကိုးကွ”

“မှန်ပါ၊ သူက တပည့်တော် လူမထွက်အောင်လို့
ဒီလောက် အလိုလိုက်နေတာဘုရား”

“ကိုရင်လည်းစာကြိုးစားပါကွာ၊ အားမလျှော့ပါနဲ့၊
စာမေးပွဲမပြီးမချင်း၊ ဂေဇက်မထွက်မချင်း ငါအောင်ကို
အောင်ရမယ်ဆိုတဲ့စိတ်နဲ့ကြိုးစား ကြားလား၊ ကိုရင့်အစ်မဆို ကိုရင့်အပေါ် ဘယ်လောက်ဂရုစိုက်လဲ၊
သူတို့ရဲ့ ကျေးဇူးတွေကို စာကြိုးစားပြီးပြန်ဆပ်လိုက်”

“မှန်ပါဘုရား”

ကိုရင်ငယ်က ဦးသုနန္ဒကိုကန်တော့ပြီးနောက်
ဆိုင်ကယ်တစ်စီးကိုလက်ပြတားကာ ပြန်ကြွသွားပါ
တယ်။ လမ်းနံဘေးမှာ ဦးသုနန္ဒတစ်ပါးတည်းကျန်ခဲ့
တယ်။ အဲဒီနောက် ဗိမာန်ဝင်းထဲပြန်ဝင်လာခဲ့တယ်။ သူ့မျက်နှာပေါ်မှာ ကြေကွဲထိခိုက်မှုတွေက အထင်းသားပေါ်နေတယ်။ မျက်ဝန်းအစုံကလည်း ပြိုတော့မယ့်မိုးလို မှိုင်းမှိုင်းညို လို့နေပါတယ်။ ကွပ်ပျစ်ပေါ်မှာ မေးတင်လဲလျောင်းနေတဲ့သစ်ရွက်ကြွေတွေကို နေရာထိုင်နဲ့ခါချလိုက်တယ်။ ရှင်းလင်းသွားတဲ့ကွပ်ပျစ်ပေါ်နေရာထိုင်ခင်းပြီးနောက် အရုပ်ကြိုးပြတ်ပမာ ထိုင်ချလိုက်တယ်။ ကားလမ်းပေါ်ဥဒဟိုပြေးလွှားနေတဲ့ကားတွေကိုလည်း အဓိပ္ပာယ်မဲ့ငေးကြည့်နေမိတယ်။ ခုနက ကိုရင်ငယ်နဲ့အစ်မဖြစ်သူတို့တွေ့ဆုံခဲ့တဲ့နေရာလေးတွင် ကားတစ်စီးထိုးရပ်ထားပါတယ်။ လေတစ်ချက်တိုက်လိုက်တိုင်း သစ်ရွက်ကြွေတွေကလမ်းမပေါ်ခုန်ပေါက်ပြေးသွားကြသလို ဦးသုနန္ဒရဲ့မျက်ရည်ဖုံးနေတဲ့စိတ်အစဉ်ဟာလည်း အတိတ်သို့ခုန်ပေါက်ထွက်ပြေးပါတော့တယ်။
++++++++++++++++++++++++++

“ကိုယ့်ဘာသာပြန်ထနိုင်အောင် ကြိုးစားစမ်းပါ
မောင်လေးရယ်၊ ယောက်ျားမဟုတ်တဲ့အတိုင်းပဲ၊ အမြဲ
တမ်းတော့ အစ်မက လိုက်ထူမပေးနိုင်ဘူးလေ၊ ကိုယ့်
ဘာသာကိုယ် ပြန်ထတတ်အောင်ကြိုးစား”လို့ မိန်းမပျိုက မချင့်မရဲပြောလိုက်ရာ တဗြဲဗြဲအော်ငိုနေတဲ့သာဂိရဲ့ ငိုသံရပ်တန့်သွားတယ်။ နောက်ပြီး အစ်မဖြစ်သူ
ကို အားကိုးမရတော့မှန်းသိသွားပုံနဲ့ လဲကျနေရာက
သူ့ဟာသူ လူးလဲထလိုက်တယ်။

ရှေ့ကသွားနှင့်တဲ့မိန်းမပျိုက ဈေးတောင်းကို
ခေါင်းပေါ်ရွက်ရင်း သာဂိကိုစောင့်ဆိုင်းနေပါတယ်။
သာဂိမျက်နှာပြင်တစ်ခုလုံးမျက်ရည်စတွေ၊ ဖုန်မှုန့်တွေလူးလျက်။ သာဂိက ပွန်းပဲ့သွားတဲ့ဒူးပေါ်ကဒဏ်ရာကိုလက်ဖြင့်ဖိသိပ်ပြီးနောက် မိန်းမပျိုဆီတန်းပြေးတယ်။

“ဒါမှ ငါ့မောင်လေး၊ တော်လိုက်တာ ကြည့်စမ်း”

မိန်းမပျိုက သူ့ဆီပြေးလာတဲ့သာဂိကို ချီးကျူး
စကားဆိုပြီး ပါးတစ်ဖက်ကို ရွှတ်ခနဲနမ်းလိုက်ပါတယ်။ မိန်းမပျိုရဲ့ နွေးထွေးတဲ့ကြိုဆိုမှုကြောင့် ငိုမဲ့မဲ့ဖြစ်နေတဲ့သာဂိတစ်ယောက် သဘောကျကျေနပ်ကာ ရယ်မောနေရှာပါတယ်။

“နောက်တစ်ခါ ကျွန်တော်လဲမကျအောင် ဂရုစိုက်
မယ်မမ၊ လဲကျရင်လည်း မငိုတော့ဘူး၊ မမကိုလည်း
မထူခိုင်းတော့ဘူးနော်”

သာဂိက အားမာန်အပြည့်နဲ့ မိန်းမပျိုကိုပြောလိုက်
ရာ သာဂိအပြောကို သဘောကျသွားပုံရတဲ့မိန်းမပျိုက
တောင်းထဲကမုန့်တစ်ခုထုတ်ပေးလိုက်ပါတယ်။ သာဂိ
က မိန်းမပျိုပေးတဲ့မုန့်ကို အားရပါးရကိုက်စားရင်း
မိန်းမပျိုအား ကြည်ကြည်နူးနူးကြည့်တယ်။ မိန်းမပျို
ကလည်း သာဂိကိုမေတ္တာရွှန်းတဲ့မျက်နှာနဲ့ တုံ့ပြန်ကြည့်ပါတယ်။ အဲဒီအပြုံးထဲမှာ အားမာန်တွေအပြည့်ပါနေတာကိုတော့ သူတို့နှစ်ဦးသာ သိပါလိမ့်မယ်။
+++++++++++++++++++++++++++++++

အဲဒီမိန်းမပျိုက တခြားလူမဟုတ်။ သာဂိရဲ့အချစ်
ဆုံးနဲ့ လေးစားမြတ်နိုးရတဲ့တစ်ဦးတည်းသောအစ်မ
ပဲဖြစ်ပါတယ်။ မိန်းမပျိုအမည်ကား စိုးစိုး။ သာဂိနဲ့
အသက် ၁၀ နှစ်လောက်ကွာတယ်။ အဲဒီလို အသက်
ကွာလို့လည်း သာဂိကို စိုးစိုးက အလိုလိုက်တယ်။
မောင်ဖြစ်သူကို ရိုက်ဖို့ဝေးစွ မာန်တာငေါက်တာပင်
မလုပ်ရက်။

သာဂိကလည်း ဆိုးသွမ်းတဲ့ကလေးတော့မဟုတ်၊
အစ်မဖြစ်သူ စကားနားထောင်တယ်။ အဖေရယ်၊
အမေရယ်၊ သူတို့မောင်နှမရယ် အားလုံးပေါင်းမှ ဒီ
လေးယောက်ပဲရှိတယ်။ ဖခင်ဦးသာရွှေက စာရင်းငှား၊
မိခင်ဒေါ်ဝေက ဈေးရောင်းတယ်။ စိုးစိုးအရွယ်ရောက်
လာတော့ မိခင်ကို အိမ်မှာအနားပေးပြီး စိုးစိုးက
ဈေးရောင်းတယ်။ ကျောင်းပိတ်ရက်ရောက်ရင်
သာဂိကအစ်မဖြစ်သူနောက် ဈေးရောင်းလိုက်တယ်။
လွန်ခဲ့တဲ့တစ်လလောက်က သာဂိကို ဆွမ်းအုပ်နဲ့
သင်္ကန်းဆီးပေးခဲ့တယ်။ စိုးစိုးမှာ မောင်ဖြစ်သူအတွက်
အလှူကြီးမပေးနိုင်လို့ စိတ်မကောင်းဖြစ်ရရှာတယ်။
မောင်ဖြစ်သူသာဂိ ကိုရင်သာဝတ်သွားတယ်။ အခြား
ကလေးတွေလို မောင်ရှင်လောင်းဝတ်စုံကြီးနဲ့ ရှင်လောင်းလှည့်ခွင့်မရခဲ့ပါ။
++++++++++++++++++++++++++++++++

“မမရေ- ဘုန်းကြီးက မနက်ဖြန်စာသင်တိုက်ပို့
တော့မယ်တဲ့ဗျာ၊ အဖေ၊ အမေနဲ့ မမတို့ကိုခွဲရတော့
မယ်၊ မသွားချင်ဘူး”

ကိုရင်သုနန္ဒက အဲဒီလိုပြောလိုက်တော့ ညနေ
စာချက်ဖို့ ဆန်ရွေးနေတဲ့စိုးစိုးက –

“ကိုရင့် အသက်မငယ်တော့ဘူးလေ၊ အခုဆို
၁၂ နှစ်တောင်ရှိပြီ၊ ငယ်ငယ်ကတည်းက စာသင်မှ
အသက်ကြီးတဲ့အခါ မျက်နှာမငယ်ရမှာပေါ့၊ ရွာက
ဦးပဉ္စင်းပေသီးကိုကြည့်ပါလား၊ စာသိပ်မတတ်တော့
ရွာကလူတွေ သူ့ကို မလေးစားကြဘူးမဟုတ်လားကွဲ့”

“ဒါတော့ ဒါပေါ့မမရယ်၊ အိမ်မှာ မမတစ်ယောက်တည်း ဈေးရောင်းရ၊ အိမ်မှုကိစ္စလုပ်ရနဲ့မို့ လူထွက်ပြီး မမကိုကူညီမယ်ဆိုတော့လည်း မမက လက်မခံဘူး”

ကိုရင်သုနန္ဒရဲ့ လူထွက်မယ်ဆိုတဲ့စကားကြောင့်
စိုးစိုးစိတ်ထိခိုက်သွားပုံရပါတယ်။

“အခုလိုသင်္ကန်းဝတ်နေတော့ အဖေတို့၊ အမေ
တို့လည်း ကိုရင့်အတွက် စိတ်အေးရတယ်၊ အစ်မလည်း ကိုယ့်မောင်လေး ပင်ပင်ပန်းပန်းလုပ်ကိုင်စားနေရမှာကို မမြင်ရက်ပါဘူး၊ လူထွက်ဖို့ ဘယ်တော့မှမစဉ်းစားနဲ့ ကြားလားကိုရင်”

“မမတို့က လူ မပင်ပန်းတာသာသိတယ်၊ ကိုရင်
ဝတ်နေရတာနဲ့မိဘတွေနဲ့လည်း အတူမနေရဘူး၊ သီလမခြုံဘူးဆိုရင်လည်း ငရဲသွားရအုံးမယ်လို့ ဘုန်းကြီးကမိန့်တယ်၊ ကိုယ်လုပ်ချင်တာလည်း ဘာမှလုပ်မရဘူး၊ လူတွေမျက်နှာရိပ်မျက်နှာကဲကြည့်ပြီး စားရတဲ့ဘဝဗျ၊ ဒီကြားထဲ သူများလှူတာစားပြီး ဘာလုပ်တယ်၊ ညာလုပ်တယ်နဲ့ ဝိုင်းအပြစ်တင်ချင်ကြသေးတယ်”

“ဒါတော့ဒါပေါ့ကိုရင်ရယ်၊ လူတွေဦးချမှုကိုခံယူ
တဲ့ပုဂ္ဂိုလ်ဆိုတာ လူတွေလုပ်တဲ့အလုပ်တွေကိုတတ်နိုင်သလောက်ရှောင်ကြဉ်ရမယ်ကိုရင်၊ အဲဒါမှ လူတွေကပိုကြည်ညိုမှာပေါ့၊ မပြည့်တဲ့အိုးဘောင်ဘင်ခတ်ဆိုသလို ကိုရင်က ငယ်သေးတော့ သိက္ခာပုဒ်အားလုံး မစောင့်စည်းနိုင်အုံးထားတော့၊ အသက်ကြီးလာတဲ့အခါဂုဏ်တွေ၊ အသက်အရွယ်တွေကိုငဲ့ပြီး စောင့်စည်းလာနိုင်မှာပါ၊ ကဲ ကိုရင် စာသင်ဖို့သာ စိတ်ချလက်ချသွားပါ၊ အိမ်အတွက် ဘာမှနောက်ဆံမတင်းပါနဲ့ဘုရား”
+++++++++++++++++++++++++++++++

နောက်တစ်ရက် ဆရာဘုန်းကြီးနဲ့အတူ ကိုရင်သုနန္ဒ စာသင်တိုက်သွားခဲ့ရတယ်။ မြို့သွားခါနီးလာ
နှုတ်ဆက်တဲ့အစ်မဖြစ်သူရဲ့မျက်နှာကို ခုချိန်ထိမြင်
ယောင်ရင်းဆို့နင့်ကြေကွဲနေမိတယ်။ အဖေနဲ့အမေ
ကအပြုံးမပျက်နှုတ်ဆက်နိုင်ပေမယ့် အစ်မဖြစ်သူမှာ
တော့ မျက်ရည်လည်ရွဲဝမ်းနည်းကြေကွဲမှုကို မဖုံးနိုင်၊
မဖိနိုင်။

“ဪ… ဖြစ်ရလေမမရယ်၊ မောင်ဖြစ်သူနဲ့မခွဲ
နိုင်ဘဲ ဘာကြောင့်များ မြို့ပေါ်ကို အတင်းစေလွှတ်ရပါလိမ့်’ လို့လည်း ကိုရင်သုနန္ဒ မကျေမချမ်းသွားလိုက်
မိပါတယ်။

ကိုရင်သုနန္ဒစာသင်တိုက်ရောက်ခါစနှစ်က မအူ
မလည်မို့ အိမ်ကိုသတိရတဲ့စိတ်နဲ့ နေ့တိုင်းလိုလို
ငိုကြွေးခဲ့မိတယ်။ ရောက်ပြီး တစ်နှစ်၊ နှစ်နှစ်လောက်
ကြာတော့ နေသားကျပြီး ပျော်ရွှင်လာပါတယ်။
အပေါင်းအသင်းတွေလည်း စုံလာတယ်။ စာသင်တိုက်
လာတုန်းကတော့ ရည်ရွယ်ချက်က စာတတ်ဖို့ဖြစ်ပေ
မယ့် အခုတော့ အဲဒီရည်ရွယ်ချက်တွေကို သတိမရ
တော့။ အိမ်ကိုလည်း အရင်ကလို လွမ်းဆွတ်ပြီးငိုကြွေးမနေတော့ပါ။ စာမကြိုးစားဘဲ အပေါင်းအဖော်တွေခေါ်ရာ ဘောလုံးပွဲ၊ ဇာတ်ပွဲတွေ လိုက်ကြည့်တယ်။ အပတ်စဉ်စာမေးပွဲတွေ တဖုန်းဖုန်းကျလို့ အဲဒီနှစ်က စာမေးပွဲဖြေဆိုခွင့်မရခဲ့ပါ။ ကိုရင်သုနန္ဒမိဘတွေက တောသူ၊ တောင်သားလူရိုးကြီးတွေမို့ စာတတ်တာ၊ မတတ်တာထက် သင်္ကန်းဝတ်လေးနဲ့ မြင်နေရရင်ကို ကျေနပ်နေရှာတာပါ။ ဒါပေမဲ့ အစ်မဖြစ်သူကတော့သင်္ကန်းဝတ်နေရုံလောက်နဲ့ မကျေနပ်။

ကိုရင်သုနန္ဒစာမေးပွဲကျတယ်ဆိုတဲ့သတင်းကြား
ရတိုင်း မျက်ရည်ကျဝမ်းနည်းနေတတ်တယ်။ ကိုရင်
သုနန္ဒလည်း အပတ်စဉ်စာမေးပွဲတွေကျပါများတဲ့
အတွက် အစိုးရစာမေးပွဲဖြေခွင့်တောင်မရဘူးဆိုတော့
ရွာပြန်ရမှာကို ဝန်လေးနေတယ်။ သူ့ကိုရွာက လူတွေ
အထင်သေးတဲ့မျက်စိနဲ့ကြည့်မယ့်ဒဏ်ကိုလည်း မခံ
ချင်ဘူး။ အဆိုးဆုံးက သူ့အပေါ်အလွန်မျှော်လင့်ပြီး
အမြဲတမ်းအနစ်နာခံပံ့ပိုးပေးနေတဲ့ အစ်မဖြစ်သူကို
မျက်နှာချင်းပင် မဆိုင်ဝံ့တော့။ အဲဒါကြောင့် နွေ
ကျောင်းပိတ်ပေမယ့် ရွာမပြန်ပါ။ ကိုရင်သုနန္ဒရွာပြန်
မလာတော့ အစ်မဖြစ်သူမြို့ကိုလိုက်လာတယ်။ မောင်
ဖြစ်သူကိုရင်ကိုတွေ့တယ်ဆိုရင်ပဲ –

“ကိုရင် ဘာဖြစ်လို့ ရွာကိုပြန်မလာတာလဲ၊ မိဘ
တွေကိုကော၊ အစ်မဖြစ်တဲ့တပည့်တော်မကိုကော
သတိရရဲ့လား”ဟု အပြစ်တင်ရင်း မေးလျှောက်ပါ
တယ်။

“မငိုပါနဲ့မမရာ၊ ဒီနှစ်လည်း စာမေးပွဲကျပြန်ပြီဗျာ၊
ဒီနှစ်မှမအောင်ရင်တော့ လူထွက်ပြီ”

ကိုရင်သုနန္ဒစကားကြောင့် စိုးစိုး မျက်နှာတင်းမာ
သွားတယ်။

“ကိုရင့်ကို တပည့်တော်မ ငယ်ငယ်ကတည်းက
ဘယ်လိုသင်ပေးထားလဲ၊ ဘယ်လောက်ပဲလဲကျလဲကျ
ပြန်ထနိုင်ရမယ်၊ သူတစ်ပါးထူပေးတာကို မျှော်မနေနဲ့
လို့ သင်ပေးခဲ့တာမေ့နေပြီလား၊ ပြောစမ်းပါအုံး ကိုရင်
ရယ်”

စိုးစိုးက ကိုရင်သုနန္ဒမျက်နှာကိုစူးစိုက်ကြည့်ရင်း
လျှောက်ထားတယ်။ နောက်ပြီး ငိုလည်းငိုတယ်။ ကိုရင်သုနန္ဒရင်ထဲမှာလည်း နှလုံးသားတွေပြိုကျနေပါတယ်။ အံကြိတ်အားတင်းထားတဲ့ကြားက မျက်ဝန်းမှမျက်ရည်စတွေက အလုအယက်တိုးထွက်လို့လာပါတယ်။
+++++++++++++++++++++++++++++

ကိုရင်သုနန္ဒလည်း အစ်မဖြစ်သူပြန်သွားပြီး
နောက် သူ့အမှားတွေကို နောင်တရသိမြင်လာတယ်။
အဲဒါကြောင့် အပျော်အပါးရှောင်ရှားပြီး စာဖိကြိုးစား
လိုက်တာ အဲဒီနှစ်က အလတ်တန်းအောင်သွားပြီး
လူလည်းမထွက်ဖြစ်တော့။ စိုးစိုးလည်း မောင်ဖြစ်သူ
စာမေးပွဲအောင်တာရယ်၊ လူမထွက်တော့တာရယ် နှစ်ခုပေါင်းကာ အပျော်ကြီးပျော်နေရှာတယ်။ အိမ်နီးချင်း
တွေကို မောင်ကိုရင်စာမေးပွဲအောင်တဲ့အကြောင်း
မမောနိုင် မပန်းနိုင်လိုက်ပြောနေရှာတယ်။

အစ်မပျော်နေတာမြင်တော့ ကိုရင်သုနန္ဒလည်း
အတိုင်းအဆမရှိ ပျော်မိတယ်။

“ငါသာ အစကတည်းကကြိုးစားခဲ့ရင် အစ်မဖြစ်
သူ ဘယ်လောက်ပျော်လိုက်မလဲ၊ အခုတော့ ငိုဆယ်ခါ
ရယ်တစ်လှည့်နဲ့ ငါအသုံးမကျလိုက်လေခြင်း”လို့လည်းမချင့်မရဲတွေးနေပါတယ်။

“ဒီနေ့ကစပြီး စာကိုပိုပြီးကြိုးစားတော့မယ်၊ ဒီနှစ်
သာမဏေကျော်စာမေးပွဲဝင်ဖြေမယ်”

ကိုရင်သုနန္ဒက အဲဒီလိုဆုံးဖြတ်ပြီးအစ်မဖြစ်သူ
ကို လှမ်းခေါ်လိုက်တယ်။

“မမလာပါအုံး၊ တိုင်ပင်စရာရှိလို့”

“ခဏနေအုံးကိုရင်၊ ကိုရင့်အတွက် ဖျော်ရည်ဖျော်
လိုက်အုံးမယ်”

စိုးစိုးက ကိုရင်ဉာဏကို ဖျော်ရည်ကပ်ရင်း –

“ပြောပါဘုရား၊ ဘာများပြောစရာရှိလို့လဲ”

“ဒီလိုမမရေ၊ ဒီနှစ် ကိုရင် သာမဏေကျော်ဝင်ဖြေ
မယ်၊ ပါဠိတော်စာအုပ်ကြီးတွေကိုင်ရမှာဆိုတော့ ဝတ္ထု
ငွေလိုတယ်”

“ကိုရင်က အကြီးတန်းမဖြေတော့ဘူးလား”

“မဖြေတော့ဘူးမမ၊ သာမဏေကျော်ဘွဲ့ ရပြီးမှ
ပြန်ဖြေတော့မယ်”

“ကိုရင်ဖြေချင်တဲ့စာမေးပွဲဖြေပါဘုရား၊ စာအုပ်ဖိုး
လည်း တပည့်တော်မ ဝယ်လှူပါ့မယ်ဘုရား၊ ဘာမှမပူနဲ့၊ ကိုရင်သာ သာမဏေကျော်ဘွဲ့ရအောင်ကြိုးစား၊ တပည့်တော်မ ရွာထိပ်ထိလာကြိုနေမယ်”

“ဟုတ်မမ၊ ကိုရင်ကြိုးစားပါ့မယ်”
+++++++++++++++++++++++++++++

ကိုရင်သုနန္ဒ သာမဏေကျော်ဘွဲ့မရမချင်း ရွာ
မပြန်တော့လို့ဆုံးဖြတ်ပြီး စာကိုတစိုက်မတ်မတ်ကြိုးစားတယ်။ သူငယ်ချင်းတွေကျောင်းပိတ်လို့ ရွာပြန်တော့လည်းပြန်မလိုက်။ မောင်ဖြစ်သူရွာပြန်မလာတော့ စိုးစိုးက မြို့လိုက်လာပြီး စားစရာနဲ့ဝတ္ထုငွေတွေ လာလှူတယ်။ ကိုရင်သုနန္ဒ အစ်မဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေကို သတိထားလာမိတယ်။ အရင်က ဖြူစင်ဝင်းပတဲ့အသားအရေပိုင်ရှင်ဖြစ်တဲ့အစ်မဖြစ်သူ အခုတော့ အသားအရေ မည်းညစ်လာတယ်။ ခန္ဓာကိုယ်ကလည်း တစ်နေ့တခြား ပိန်ချုံးချည့်နဲ့လာသလိုလိုထင်မိတယ်။

“မမနေကောင်းရဲ့လား၊ ကျန်းမာရေးကိုဂရုစိုက်”

“ကိုရင်သာ နေကောင်းအောင်နေ၊ တပည့်တော်မ
အတွက် ဘာမှမစိုးရိမ်နဲ့”

ကိုရင်သုနန္ဒက မေးလိုက်တိုင်း အစ်မဖြစ်သူက
အဲဒီလိုသာဖြေတတ်ပါတယ်။

အစ်မဖြစ်သူ ရစေချင်တဲ့ သာမဏေကျော်ဘွဲ့ရ
အောင်ယူပြီး မိဘတွေနဲ့အစ်မဖြစ်သူကို ကျေးဇူးဆပ်
မယ်လို့ဆုံးဖြတ်ချက်ချပြီး အပတ်တကုတ်ကြိုးစား လာခဲ့တာ အခုဆိုရင် ပထမဆင့်၊ ဒုတိယဆင့်တို့ကို
ဆက်တိုက်အောင်မြင်လာပါတယ်။

“ဒီနှစ်တတိယဆင့်အောင်ရင် သာမဏေကျော်ဘွဲ့
ရပြီ၊ ရွာကိုပြန်မယ်၊ အဖေနဲ့အမေရော၊ နောက်ပြီး သူ့
အပေါ် အစစအရာရာအနွံတာခံခဲ့တဲ့မမလည်း အရမ်း
ပျော်နေမှာ”

အဲဒီလိုတွေးတောရင်း ရွာပြန်ချင်စိတ်နဲ့ အပြင်း
အထန်ကြိုးစားခဲ့ပေမယ့် ထင်မှတ်ထားသလို စာမေးပွဲ
မအောင်မြင်ခဲ့ပါ။ ကျရှုံးမှုနဲ့သာ ရင်ဆိုင်လိုက်ရပါတယ်။ စာမေးပွဲကျမှာကြောက်လို့ ကြိုးစားခဲ့ရဲ့သားနဲ့ အရှုံးနဲ့သာရင်ဆိုင်လိုက်ရတဲ့အတွက် ကိုရင်သုနန္ဒစိတ်ထဲ မချိတင်ကဲဖြစ်နေပါတယ်။ “ဒီနှစ်ဘွဲ့ရရင် ပြန်လာမယ်”လို့ အစ်မဖြစ်သူကို ကတိပေးထားခဲ့တယ်။ အဲဒီကတိကိုသူဖျက်ရတော့မယ်။

မောင်ဖြစ်သူရွာပြန်မလာတော့ ထုံးစံအတိုင်း
ကျန်းမာရေးမကောင်းတဲ့ကြားက အစ်မဖြစ်သူစိုးစိုး
လိုက်လာပါတယ်။

ကျောင်းမုခ်ပေါက်ဝကဝင်လာတဲ့အစ်မဖြစ်သူကို
မြင်လိုက်ရတော့ ကိုရင်သုနန္ဒစိတ်ထဲ နင့်ခနဲဖြစ်သွားပါတယ်။ သူ့အပေါ် အလိုလိုက်ချစ်ခင်ခဲ့ရှာသောအစ်မ
ဖြစ်သူခမျာ အသားအရေက ဖြူဖပ်ဖြူရော်။ ရုပ်ရည်ကလည်း အရင်ကနဲ့ ဘာမှမဆိုင်တော့သလိုပဲ။ အရွယ်နဲ့မလိုက်အောင် အိုစာလှပါတယ်။

“ကိုရင့်အစ်မမှာ နှလုံးရောဂါရှိတယ်၊ သူစိတ်ဆင်း
ရဲစေမယ့်စကားတွေ မပြောမိပါစေနဲ့ဘုရား”လို့ မှာထားတဲ့ ဖခင်ရဲ့စကားကို အခုမှ ပြန်လည်အမှတ်ရမိတယ်။ စိတ်ဖိစီးမှုတွေများလွန်းလို့ရခဲ့တဲ့ အဲဒီရောဂါဟာ မိသားစုစားဝတ်နေရေးကြောင့်ရခဲ့တာမဟုတ်လောက်ပါဘူး။ မြို့ပေါ်မှာထင်သလိုနေပြီး ဖြစ်ချင်သလိုဖြစ်နေခဲ့တဲ့သူ့အပေါ် စိုးရိမ်ပူပန်စိတ်နဲ့ရခဲ့တာပဲဖြစ်ပါလိမ့်မယ်။

“မမ ကိုရင့်ကိုခွင့်လွှတ်ပါဗျာ၊ ခွင့်လွှတ်ပါ”

ကိုရင်သုနန္ဒက အစ်မဖြစ်သူကိုပြေးကြိုရင်း ငိုယို
တောင်းပန်လိုက်တယ်။ စိုးစိုးက သူ့ကိုတောင်းပန်နေ
တဲ့ကိုရင်သုနန္ဒကို အံ့အားသင့်တဲ့အမူအရာနဲ့ကြည့်ရင်း –

“ကိုရင်က ဘာအပြစ်လုပ်ထားလို့တပည့်တော်မကို တောင်းပန်နေရတာလဲ၊ ကိုရင်က ဘုရားသားတော်
လိမ္မာယဉ်ကျေးတဲ့ကိုရင်လေးတစ်ပါးပါဘုရား၊ ကိုရင်
က ဘာအပြစ်မှမလုပ်ဘဲ တပည့်တော်မက ဘာကို
ခွင့်လွှတ်ရမှာလဲ၊ တပည့်တော်မတောင်မျက်ရည်မကျ
ဘူး၊ ကိုရင်က မျက်ရည်လွယ်လိုက်တာ”

အစ်မဖြစ်သူစိတ်ချမ်းသာအောင် ကိုရင်သုနန္ဒ
အငိုရပ်လိုက်တယ်။ ရင်ထဲမှာတော့ ကမ္ဘာဖျက်မိုး
သွန်းဖြိုးလို့ကောင်းတုန်း။

“မမ ဒီနှစ်က စာလည်းသိပ်မကျေတော့သာမဏေကျော်ဘွဲ့မရလိုက်ဘူး၊ နောက်နှစ်တော့ သေချာပေါက်ရအောင်ကြိုးစားမယ်ဗျာ၊ မမက ရွာထိပ်ကကြိုနေ၊ အဖေနဲ့အမေကိုလည်း နောက်နှစ်သေချာပေါက်ရွာပြန်လာခဲ့မယ်လို့ပြောပေးပါ”

ကိုရင်သုနန္ဒက အစ်မဖြစ်သူကို ကားဂိတ်လိုက်
ပို့တယ်။ စိုးစိုးက ကားပေါ်တက်ပြီးနောက် ကိုရင်သုနန္ဒကို ခပ်ယဲယ့်အနေအထားနဲ့ပြုံးပြတယ်။ နှုတ်မဆက်
စဖူး လက်ပြနှုတ်ဆက်တယ်။ မျက်ရည်အလိမ့်လိမ့်ကျနေတဲ့မျက်စိတွေက ကိုရင်သုနန္ဒကိုသာ စူးစူးစိုက်စိုက်ကြည့်နေတယ်။ အဲဒီလိုစူးစူးစိုက်စိုက်ကြည့်ခြင်းက နောက်ဆုံးနှုတ်ဆက်ခြင်းဆိုတာ ကိုရင်သုနန္ဒသိခဲ့ရင် အစ်မဖြစ်သူကို အခုလိုတစ်ယောက်တည်းပြန်လွှတ်ဖြစ်မယ်မထင်ပါဘူး။
++++++++++++++++++++++++++++++++++

မနေ့ကစာမေးပွဲ ဖြေပြီးခဲ့ပြီ။ ဒီနေ့မနက်ဆယ်နာရီ
အောင်စာရင်းထွက်တော့မယ်။ ကိုရင်သုနန္ဒရင်ဘတ်ကိုကပ်ပြီးနားထောင်ကြည့်မယ်ဆိုရင် ရထားဆယ်စီးခုတ်မောင်းနေသလို ဆူညံနေတဲ့နှလုံးခုန်သံတွေကို ဧကန်ကြားရပါလိမ့်မယ်။

“ဂေဇက်ထွက်ပြီဟေ့”

ကိုရင်သုနန္ဒဂေဇက်ထဲမှာ သူ့ခုံနံပါတ်နှင့်ဘွဲ့အမည်
ပါ၊ မပါ ရင်တထိတ်ထိတ်နဲ့ကြည့်နေတယ်။

“အောင်စဉ်(၁) ရှင်သုနန္ဒလင်္ကာရ(ပထမ)”ဆို
တဲ့စာကြောင်းလေးကို ကိုရင်သုနန္ဒမြင်လိုက်တယ်
ဆိုရင်ပဲ –

“ဟေး … ငါ သာမဏေကျော်ဘွဲ့ရပြီကွ”လို့
ခုန်ပေါက်အော်ဟစ်ကာ တည်းခိုရာအဆောင်ကို ပြန်ပြေးပါတယ်။ ပစ္စည်းတွေအားလုံးသိမ်းဆည်းပြီးတာ
နဲ့ ဆိုင်ကယ်ကယ်ရီငှားပြီး ကားဂိတ်ကိုမောင်းပို့ခိုင်း
လိုက်တယ်။

“ဟေ့ကောင်ကြီး ပြန်ပြီလားဟ၊ နေပါအုံး ငါတို့ကို
လည်းစောင့်ပါအုံး၊ မုန့်ကျွေးရမှာကြောက်တာနဲ့ လစ်
ပြေးပြီဟေ့”

ဂေဇက်ကြည့်ရာကပြန်လာတဲ့သူငယ်ချင်းတွေက
ကိုရင်သုနန္ဒကို နောက်ပြောင်ကြပါတယ်။

ကားဝင်းထဲရောက်တာနဲ့ လက်မှတ်ချက်ချင်းဖြတ်
ပြီး ကားပေါ်ထိုင်နေတယ်။ အပျော်တွေက တစ်ကိုယ်
လုံးလွှမ်းခြုံထားရာ လောကကြီးတစ်ခုလုံး သူတစ်ယောက်တည်းရှိနေသလို ထင်မှတ်နေပါတယ်။ ညနေနေဝင်ချိန်လောက် ရွာထိပ်ရောက်တယ်။ ကြိုဆိုမယ်ဆိုတဲ့ သူ့အစ်မကိုမတွေ့ရပါ။ ရွာထဲရောက်တော့ မှောင်ရီသန်းစပြုနေပါပြီ။ အိမ်တိုင်းလိုလို မီးထွန်းထားကြပါတယ်။

“ညမှောင်ပြီဆိုတော့ အစ်မလည်း ရွာထိပ်ကို
ဘယ်လာကြိုနိုင်ပါ့မလဲ၊ ဖုန်းကြိုပြီးမဆက်မိတာ ငါ့အမှားပဲ”

ကိုရင်သုနန္ဒ အဲဒီလိုရေရွတ်ရင်း ရှေ့ဆက်သွား
တယ်။ အိမ်ရှေ့ရောက်ပြီဆိုတာနဲ့ –

“ဗျို့ အဖေ အမေနဲ့မမတို့ရေ၊ ကိုရင်ပြန်လာပြီဗျ”

ကိုရင်သုနန္ဒက ဝမ်းသာအားရအော်လိုက်တော့
အိမ်ထဲက တံခါးဖွင့်သံကြားရတယ်။ အိမ်ထဲက အရင်
ထွက်လာတာက ဖခင်ဦးသာရွှေ။ နောက်တွင် တဘက်ခြုံထားတဲ့မိခင်ဒေါ်ဝေ။ အစ်မဖြစ်သူစိုးစိုးကား ထွက်မလာ။

“ဟင် မမကိုမမြင်ပါလား၊ အဖေ မမကိုလည်း
မမြင်ပါလား၊ ဘယ်သွားနေတာလဲ၊ အစောကြီးအိပ်နေ
တာလား၊ ကိုရင့်အသံတောင် မမှတ်မိဘူးလား”

သူ့အမေးကို မိဘနှစ်ပါးကမဖြေဘဲ အိမ်ထဲဝင်
သွားလို့ ကိုရင်သုနန္ဒစိတ်တိုတိုနဲ့ မိဘနှစ်ပါးနောက်က
လိုက်သွားပါတယ်။

“အဖေနဲ့အမေမျက်နှာငယ်နေတာက ဘာ
ကြောင့်ပါလိမ့်” လို့လည်း နောက်ကနေ တွေးနေတယ်။ ကိုရင်သုနန္ဒခမျာ အစ်မဖြစ်သူကို စိုးရိမ်စိတ်နဲ့သောကအပူက နှလုံးအိမ်ကိုဝင်ဆောင့်လေရာ ခေါင်းတစ်ခုလုံး မူးနောက်နောက်ဖြစ်သွားတယ်။

“မမ ဘယ်မှာလဲလို့မေးနေတယ်လေ၊ ပြန်ဖြေကြ
ပါအုံးဗျာ”

အမေ့မျက်နှာပေါ်စီးကျနေတဲ့မျက်ရည်တွေက
မီးရောင်အောက်မှာအရောင်လဲ့နေပါတယ်။ အဖေက
ခေါင်းကိုတွင်တွင်ခါရင်း ဗလာစာအုပ်လေးကို ကိုရင်
သုနန္ဒလက်ထဲထည့်ပေးလိုက်တယ်။ သူအလတ်တန်း အောင်တဲ့နှစ်က ရွာပြန်လာရင်း အိမ်မှာမေ့ကျန်ခဲ့တဲ့
ဗလာစာအုပ်လေး။ စာရွက်တွေကို တစ်ရွက်ချင်း
လှန်ကြည့်တော့ စာအုပ်အလယ်တည့်တည့်မှာ အစ်မ
ဖြစ်သူရဲ့လက်ရေးနဲ့ရေးထားတဲ့စာတစ်ပိုဒ်ကိုတွေ့
လိုက်ရပါတယ်ဆိုရင်ပဲ ကိုရင်သုနန္ဒမျက်ရည်ဖြိုင်ဖြိုင်
ကျရပါတော့တယ်။

“မောင်လေး၊ ကိုရင့်ကို မောင်လေးလို့ နောက်ဆုံး
အားရပါးရခေါ်ပါရစေဘုရား၊ မောင်လေး ကိုရင်ဝတ်
သွားကတည်းက ကိုယ့်မောင်အရင်းကို မောင်လေးလို့
ခေါ်ခွင့်မရတော့ဘူး၊ သူစိမ်းဆန်ဆန် ကိုရင်လို့ခေါ်နေ
ရတာ ဘယ်လောက်ရင်နာရလဲဆိုတာ မောင်လေး
နားလည်မှာမဟုတ်ပါဘတော့လောက်ပါဘူး၊ မောင်လေး သာမဏေကျော်ဘွဲ့ရတာကိုမြင်ချင်လွန်းလို့ ရောဂါကိုတင်းခံထားပေမယ့် ရောဂါက တဖြည်းဖြည်းပိုဆိုးလာတယ်၊ မောင်လေးကိုနောက်ဆုံးမှာခဲ့ချင်တယ်၊ အစ်မမရှိတော့တဲ့နောက်ပိုင်း အားမငယ်ရဘူးနော်၊ ဘယ်လောက်ပဲကျရှုံးကျရှုံး၊ ဘယ်လိုပဲလဲကျလဲကျလောကကြီးကို အရှုံးမပေးဘဲပြန်ထပါ၊ အဖေနဲ့အမေကိုလည်း ပစ်မထားပါနဲ့၊ အစ်မကိုယ်စားစောင့်ရှောက်ပါလို့ နောက်ဆုံးမှာခဲ့ပါရစေဘုရား”

ကိုရင်သုနန္ဒ သူ့အစ်မရေးထားတဲ့စာဖတ်ပြီးတာ
နဲ့ စာအုပ်ကိုဒေါသတကြီးနဲ့လွှင့်ပစ်လိုက်တယ်။ နောက်တော့ အိမ်ထဲကနေပြေးထွက်လာတယ်။ သူ့ခြေထောက်တွေက ရွာအပြင်သင်္ချိုင်းသို့ဦးတည်နေပါ
တယ်။ ပြေးရင်း ခလုတ်တိုက်လဲတယ်။ ပြန်ထတယ်။
သင်္ချိုင်းရောက်တော့ လရောင်နဲ့ သူ့အစ်မမြေပုံကို
လိုက်ရှာတယ်။

တွေ့လိုက်ပါပြီ။ သူ့အစ်မကိုမြှုပ်နှံထားရာ မြေပုံ
အသစ်စက်စက်လေးတစ်ခု ခရေပင်ခြေရင်း ငြိမ်သက်
လဲလျောင်းနေပါတယ်။ သူ့အစ်မကိုဝါးမျိုသွားတဲ့ မဟာပထဝီမြေကြီးကိုရွံ့မုန်းသွားပုံရတဲ့ ကိုရင်သုနန္ဒက မြေပုံပေါ် ဒူးတုပ်ချလိုက်တယ်။ နောက်တော့ မြေပုံပေါ်က မြေစာခဲတွေကိုမျက်စိစုံမှိတ်ကာ လက်သီးနဲ့အဆက်မပြတ်ထိုးပစ်လိုက်ပါတော့တယ်။
+++++++++++++++++++++++++++++

“အရှင်ဘုရား – ဘာဖြစ်လို့လဲဘုရား”

အသင်းဒကာကြီးရဲ့ အံ့အားသင့်မေးလျှောက်သံကြောင့် အတိတ်ဆီခြေကျွံသွားခဲ့တဲ့ဦးသုနန္ဒသတိပြန်
လည်လာတယ်။ ကွပ်ပျစ်ကို လက်သီးနဲ့ ဘယ်နှချက်
ထိုးလိုက်မိတယ်မသိဘူး။ ညာဘက်လက်ဖမိုးပေါ်မှာ
ပွန်းပဲ့ဒဏ်ရာတွေက အထင်းသား။ အဲဒီဒဏ်ရာက
ထွက်ကျလာတဲ့သွေးတွေက ကွပ်ပျစ်ပေါ်တစ်စက်ချင်းကျနေဆဲ။ ဦးသုနန္ဒမျက်နှာပေါ်က မျက်ရည်စတွေလည်း ထိုနည်းအတူ တစ်စက်ချင်း၊ တစ်စက်ချင်း မြေခလျက်။ ။

စိမ်းရောင်လွင်

————————————————