နတ်ဖွက်ထားသည့်မိန်းမပျို

အောင်မြတ်သာနှင့်နတ်ဖွက်ထားသည့်မိန်းမပျို

ကောင်းကင်တစ်ခုလုံး တိမ်သားတွေကင်းစင်နေပြီး ပြာလဲ့လဲအရောင်သန်းနေတဲ့ နံနက်ခင်း အချိန်ကာလမှာ ရွှေရောင်တစ်လက်လက်ထနေတဲ့ ကိုးတောင်ပြည့်စေတီထီးတော်တင်ပွဲကို အောင်မြတ်သာတို့ဆရာတပည့်တွေ မထင်မရှားဟန်နဲ့ ရောက်ရှိခဲ့ကြတယ်။ စေတီအဝင်ဝ မုဒ်ဦးမှာတော့ လက်ရာ မြောက်စွာထုဆစ်ထားတဲ့ ဂဠုန်ငှက်ရုပ်ထုကြီးကလဲ ရောက်လာသူ အပေါင်းကို တစ်မျိုးတစ်ဖုံ စွဲဆောင်နေခဲ့တယ်။
ထီးတော်တင်ပွဲပြီးဆုံးတဲ့အချိန်မှာတော့ မုဒ်ဦးအဝင်ဝမှာ ထိုင်ပြီး ငိုယိုနေတဲ့ ယောင်္ကျား တစ်ယောက်အမှတ်မထင်မြင်တွေ့လိုက်ရတယ်။ ဘုရားထီးတင်ပွဲလာကြတဲ့ပရိတ်သတ်တွေကတော့ မုဒ်ဦးဝမှာထိုင်ငိုနေတဲ့လူကို သတိမမူမိကြပဲ မိမိတို့သွားလိုရာခရီးလမ်းကို ဖြောင့်တန်းစွာ သွားလာ နေကြတာမြင်လိုက်ရတဲ့ အောင်မြတ်သာက
“သက်ခိုင် မုဒ်ဦးဝမှာ ယောင်္ကျားတစ်ယောက်ထိုင်ငိုနေတာ မြင်ရလား” လို့မေးလိုက်တော့ သက်ခိုင်က အောင်မြတ်သာကြည့်တဲ့ဘက်ကို လှည့်ကြည့်လိုက်ပြီး
“မြင်ရတယ်ဆရာ သူ့မှာဘာအပူပင်တွေများရှိလို့ အခုလိုကုသိုလ်ရေးလုပ်တဲ့အချိန်မှာ ငိုကြွေးနေရတာလဲမသိဘူးနော်”
“ မဟုတ်ဘူးသက်ခိုင် သူထိုင်ငိုနေတာကို ဖြတ်သွားဖြတ်လာလူတွေ တစ်ယောက်မှ သတိ မထားမိကြသလို တစ်ယောက်မှလဲ စောင်းငဲ့ပြီး မကြည့်သွားကြဘူး ဒါကိုကြည့်ခြင်းအားဖြင့် ငိုနေတဲ့ သူဟာ လူသားတစ်ယောက်မဟုတ်ဘူးလို့ယူဆလို့ရတယ်”
သက်ခိုင်လဲ အောင်မြတ်သာစကားကြောင့် အနည်းငယ်တွေဝေသွားပြီး
“ဆရာပြောတဲ့အတိုင်းဆို သူကနာနာဘာဝ ဒါမှမဟုတ် ဒီဘုရားကိုစောင့်ရမယ့် အစောင့်ထဲက တစ်ယောက်များဖြစ်နေမလား”လို့ပြောလိုက်တော့ အောင်မြတ်သာက ဘာမှဆက်မပြောပဲ ထိုင်ငို နေတဲ့လူရှိတဲ့ဘက်ကို ထွက်သွားခဲ့တယ်။
သက်ခိုင်နဲ့တောက်ရလဲ အောင်မြတ်သာထွက်သွားတဲ့နောက်ကိုလိုက်သွားပြီး မုဒ်ဦးဝ ရောက်တော့ အောင်မြတ်သာက
“သင်ဘာကြောင့် အခုလိုရှိုက်ကြီးတငင် ငိုကြွေးနေရတာလဲ”လို့မေးလိုက်တော့ ငိုနေတဲ့သူက အံ့သြတဲ့မျက်နှာနဲ့ အောင်မြတ်သာတို့ကိုကြည့်ပြီး
“ကျုပ်ငိုနေတာကို သင်တို့မြင်ကြတယ်ပေါ့လေ”
“သင်ဒီနေရာကိုစရောက်လာထဲက ကျုပ်မြင်နေရပါတယ် ဘာအတွက်ကြောင့် ကုသိုလ်ယူ နေတဲ့အချိန်မှာ သာဓုမခေါ်ပဲ ငိုကြွေးနေတဲ့ပုံကိုလေ့လာကြည့်ရင် သင့်မှာအလွန်အရေးကြီးတဲ့ အခက်အခဲတစ်ခုရှိနေပြီထင်တယ်”
အောင်မြတ်သာစကားအဆုံးမှာ ငိုကြွေးနေတဲ့သူက ထိုင်နေရာကနေ မတ်တပ်ထရပ်လိုက်ပြီး
“ကျုပ်နာမည်က ထွန်းသာလို့ခေါ်ပါတယ် ကျုပ်ကဒီတောင်ရဲ့ အရှေ့ဘက်ကရွာမှာနေပါတယ် ကျုပ်မှာအသက်ထက်ချစ်ရတဲ့ချစ်သူတစ်ဦးလဲရှိပါတယ် သူ့နာမည်က မိုးသားဖြူတဲ့”
ထွန်းသာဆိုတဲ့သူက ကောင်မလေးနာမည်ကို ရေရွတ်ရင်း တောင်ရဲ့အရှေ့ဘက်ကို ငေးမော ကြည့်လိုက်ပြီး ငြိမ်သက်သွားခဲ့တယ်။
“ပြောပါ သင်ဖြစ်ခဲ့တာတွေကို ကျုပ်တို့ကို ယုံကြည်စွာပြောပြလို့ရပါတယ်”
အောင်မြတ်သာရဲ့လမ်းဖွင့်တဲ့စကားကြောင့် ငြိမ်သက်စွာရပ်နေတဲ့လူငယ်ရဲ့ မျက်လုံးတွေ အရောင်လက်လာပြီး
“ကျုပ်အခုပြောချင်တာကတော့ ကျုပ်အတွက်မဟုတ်ပါဘူး မိုးသားဖြူအတွက် ပြောပြချင် တာပါ ဒီကပုဂ္ဂိုလ်တွေက သီလသမာဓိပညာနဲ့ပြည့်စုံမယ့်သူတွေလို့ယုံကြည်လို့ မိုးသားဖြူ အကြောင်းကိုအစအဆုံးပြောပြချင်ပါတယ်”
“သင်ပြောတာကို ကျုပ်တို့လေးလေးနက်နက် နားထောင်ပေးပါ့မယ် ဒီနေရာက လူသွားလူလာများတော့ လူရှင်းတဲ့တစ်နေရာကို ကျုပ်တို့သွားကြရအောင်”
ထွန်းသာဆိုတဲ့လူငယ်လဲ အောင်မြတ်သာစကားကို ထောက်ခံတဲ့အနေနဲ့ ခေါင်းညိမ့်ပြ လိုက်ပြီး အနောက်ကနေလိုက်ပါလာခဲ့တော့တယ်။
အောင်မြတ်သာတို့လဲ လူသူအရောက်ပေါက်နည်းတဲ့ လျှိုတစ်ခုအနားကိုရောက်တာ့
“ဒီနေရာက အရိပ်လဲရတယ် လူသွားလူလာလဲမရှိဘူး ဒါကြောင့်သင်ပြောချင်တာကို လွပ်လပ် စွာပြောလို့ရပါပြီ”
“ ကျုပ်အခုဖြစ်နေတာတွေကို ဘယ်လိုမှမယုံနိုင်သေးဘူးဖြစ်နေတယ် ကျုပ်မှတ်မိတာက တစ်နေ့ညအချိန်ထိ ကျုပ်အိမ်မှာရှိနေသေးတယ် အိပ်ယာကနိုးလာတော့ တစ်ခါမှမရောက်ဘူးတဲ့ တောတစ်နေရာကိုရောက်နေခဲ့တယ် ကျုပ်လဲတစ်ခါမှမ‌ရောက်ဘူးတဲ့နေရာကနေ ရွာရှိတဲ့ဘက်ကို ခက်ခက်ခဲခဲကြိုးစားရှာဖွေပြီး ပြန်လာခဲ့တာ ရွာထိပ်အစပ်ကိုရောက်ခဲ့တယ် ဒါပေမယ့် ကျုပ် ရွာထဲကို ဝင်မယ်လုပ်ရင် တစ်ကိုယ်လုံးနီရဲနေပြီး လုံချည်ကိုခါးထောင်းကျိုက်ထားတဲ့ လူနှစ်ယောက်ပေါ် လာပြီး ကျုပ်လက်နှစ်ဖက်ကိုချုပ်ကိုင်ပစ်ထုတ်ကြတယ် ကျုပ်လဲငိုယိုတောင်းပန်ပြီး ရွာထဲကို ဝင်ဖို့ ပြောပေမယ့် ဘယ်လိုမှပြောလို့မရခဲ့ဘူး ဒါကြောင့်စိတ်ညစ်ညစ်နဲ့ ထွက်လာခဲ့တာ ဘုရားထီးတင်တဲ့ နေရာကိုရောက်လာခဲ့တယ် ကျုပ်လဲဘုရားပေါ်ကိုတက်မလို့ပြင်လိုက်ရုံပဲရှိသေးတယ် လူလိုလို ငှက်လိုလိုအကောင်က ကျုပ်ကိုသူတို့ရဲ့တောင်ပံတွေနဲ့ ပုတ်ထုတ်ကြတယ် ကျုပ်လဲတက်မရတဲ့အဆုံး ရွာမှာကျန်ခဲ့တဲ့ အမေနဲ့ မိုးသားဖြူအကြောင်းကိုတွေးပြီး ငိုချလိုက်တာ ဒီကပုဂ္ဂိုလ်တွေရောက်လာတဲ့ အထိပါပဲ”
အောင်မြတ်သာက ထွန်းသာပြောတဲ့စကားတွေကို နားထောင်ပြီးတဲ့အချိန်
“မင်းကအခုဘယ်ဘဝရောက်နေတယ်ဆိုတာ‌ရောသိရဲ့လား”
“ကျုပ်က ဘယ်ဘဝကိုရောက်ရမှာလဲ ခင်ဗျားတို့ဘာတွေပြောနေကြတာတုန်း”
“မဟုတ်သေးဘူး ထွန်းသာ မင်းကအခုရောက်နေတာက သာမန်လူတွေဘဝနဲ့ခြားနားတဲ့ ဘဝသစ်တစ်ခုပဲ ဒါကြောင့်မင်းရွာထဲကိုဝင်မရတာ”
“ဟာဗျာ မဖြစ်နိုင်ပါဘူး ခင်ဗျားပြောတဲ့သဘောက ကျုပ်ကသေသွားပြီလို့ဆိုလိုတာလား”
“ငါတို့လဲစိတ်မကောင်းပါဘူး မင်းအခုဖြစ်နေတဲ့အခြေအနေတွေကို မယုံဘူးဆိုရင် သက်သေ ပြစရာတစ်ခုရှိတယ်”
အောင်မြတ်သာက ပြောရင်းဆိုရင်း ထွန်းသာရဲ့ ဂုတ်ပိုးကိုဆွဲကိုင်လိုက်တဲ့အချိန် ခန္ဓာကိုယ် တစ်ခုလုံးငှက်တောင်မွှေးတစ်ခုကဲ့သို့ ပေါ့ပါးသွားပြီး လေပေါ်မှာပျံဝဲနေသလိုခံစားလိုက်ရတယ်။ စက္ကန့်အနည်းငယ်လောက်အကြာမှာတော့ အလွန်မတ်စောက်တဲ့ ချောက်ကမ်းပါးတစ်ခု‌ပေါ်မှာ မတ်တပ်ရပ်နေတဲ့အနေအထားဖြစ်သွားခဲ့တယ်။
“မင်းအခုရောက်နေတဲ့နေရာကို အရင်ကရောက်ဖူးခဲ့လား”
အောင်မြတ်သာစကားကြောင့် ထွန်းသာက ချောက်ကမ်းပါးပတ်ဝန်းကျင်ကို အကဲခတ် လိုက်ပြီး
“ဒီနေရာကို အပြင်မှာတစ်ခါမှမရောက်ဖူးပေမယ့် အိမ်မက်ထဲမှာတော့ မကြာခဏဆိုသလို ရောက်ခဲ့ဖူးတယ် ဒီနေရာကိုရောက်ရင် ခင်ဗျားရပ်နေတဲ့နေရာမှာ ကိုယ်ရောင်ကိုယ်ဝါတောက်ပ နေတဲ့ လူတစ်ယောက်ခါးထောက်ပြီးရပ်နေလေ့ရှိတယ် အိမ်မက်ကလန့်နိုးခါနီးရင်တော့ သူက ကျုပ်ကိုမျက်ထောင့်နီနဲ့စိုက်ကြည့်တတ်တယ်”
“ဒီအိမ်မက်ကို မင်းဘယ်အချိန်ထဲက စမက်ခဲ့တာလဲ”
“အင်း မှတ်မှတ်ရရပြောရရင် မိုးသားဖြူက ကျုပ်ကိုချစ်ပါတယ်လို့အဖြေပေးတဲ့နေ့မှာ ဒီအိမ်မက်ကိုစမက်ခဲ့တာပဲ အဲ ကျုပ်မှတ်မိပြီ ကျုပ်နဲ့မိုးသားဖြူ ချိန်းတွေ့တဲ့နေ့တွေဆိုရင် ဒီလို အိမ်မက်မျိုးအမြဲလိုလိုမက်တတ်တယ် တစ်ခါတစ်လေ အိမ်မက်ထဲက လူက ကျုပ်ကိုစားမတတ် ဝါးမတတ်အကြည့်မျိုးနဲ့ကြည့်ပြီး လက်ညိုးငေါက်ငေါက်ထိုးကြိမ်းဝါးလေ့ရှိတယ်”
အောင်မြတ်သာလဲ ထွန်းသာပြောတဲ့စကားတွေကို နားထောင်ပြီး
“မင်းပြောတဲ့စကားတွေအရဆိုရင် အိမ်မက်ထဲက လူဟာ မင်းကိုဒီနေရာကို ရင်းနှီးအောင် အရင်ဆုံးခေါ်ဆောင်ခဲ့တာပဲ လူတွေဟာအိပ်ပျော်နေတဲ့အချိန် သူတို့ရဲ့ဝိဉာဏ်က ခန္ဓာကိုယ်ရဲ့ အပြင်ဘက်ကိုထွက်သွားတတ်တယ်ဆိုတာ မင်းကြားဖူးလား”
“ကြားဖူးတယ် ကျုပ်ချစ်သူ မိုးသားဖြူလဲ ခင်ဗျားပြောသလို တစ်ခါတစ်လေဖြစ်တတ်တယ် အဲလိုဖြစ်တဲ့နေ့ဆိုရင် ကျုပ်ဆီကိုသူလာလေ့မရှိဘူး ကျုပ်ရွာပြန်ရောက်ရင် ခင်ဗျားနဲ့သူ့ကို မိတ်ဆက် ပေးမယ်”
ထွန်းသာက မိုးသားဖြူအကြောင်းပြောရင်း စိတ်တွေတက်ကြွလာတာမြင်တော့ အောင်မြတ်သာစိတ်မကောင်းဖြစ်သွားပြီး
“ငါဒီစကားကိုမပြောသင့်မှန်းသိပေမယ့် အခုတော့ပြောရတော့မယ် မင်းဟာသေသွားခဲ့ပြီ ထွန်းသာ”
“ဟေ့လူ ခင်ဗျားက လာနောက်နေတာလား ကျုပ်ရွာထိပ်ကိုတောင် ပြန်ရောက်ခဲ့သေးတယ် လေဗျာ ရွာထဲမှာအမှုတစ်ခုခုဖြစ်နေလို့ ရွာပြင်ရောက်နေတဲ့ကျုပ်ကို မပေးဝင်ပဲမောင်းထုတ်ခဲ့တာ ဖြစ်မှာပါ အသားနီနီနဲ့လူတွေက မြို့ကအရာရှိမင်းတွေခေါ်လာတဲ့ သက်တော်စောင့်တွေ ဖြစ်ချင်ဖြစ် နေမှာပေါ့”
“ မင်းမယုံဘူးဆိုရင်လဲ ယုံကြည်အောင် ငါသက်သေပြပါ့မယ်”
အောင်မြတ်သာကပြောရင်းဆိုရင်း ထွန်းသာရဲ့ နောက်ကျောကို လက်ဖဝါးနဲ့တွန်းထုတ် လိုက်တဲ့အချိန်
“အားးးးးး”ဆိုတဲ့အော်သံနဲ့အတူ အလွန်မတ်စောက်တဲ့ ချောက်ကမ်းပါးထဲကို ထွန်းသာ ပြုတ်ကျသွားခဲ့တယ်။
ထွန်းသာလဲ ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျသွားတဲ့အချိန် ရင်ထဲထိတ်ခနဲဖြစ်သွားပြီး မျက်လုံးအစုံကိုမှိတ်ထားကာ အောက်ကြမ်းခြေနဲ့ထိတွေ့မယ့်အချိန်ကို စောင့်နေ‌ပေမယ့် လူက အောက်ကိုမရောက်နိုင်ပဲ လေထဲမှာငြိမ်နေတာကို သတိထားမိလာတဲ့အတွက် ပိတ်ထားတဲ့ မျက်လုံး တွေကိုဖွင့်ကြည့်လိုက်ချိန်မှာတာ့ ခန္ဓာကိုယ်က လေထဲမှာလွင့်မျောသွားလာနေတာကို သိလိုက် ရတယ်။
ထွန်းသာလဲ လေထဲမှာမျောနေတဲ့ ခန္ဓာကိုယ်ကို ဟန်ချက်မပျက်အောင်ထိန်းကျောင်းကာ မျောလွင့်နေတဲ့အချိန် ချောက်ကမ်းပါးအလယ်တစ်နေရာမှာရှိတဲ့ ကျောက်စွန်းတစ်ခုပေါ်မှာ ရုပ်ပျက် ဆင်းပျက်သေဆုံးနေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်။
“ ဟင် ဟိုလူဝတ်ထားတဲ့ အင်္ကျီနဲ့လုံချည်က ငါအခုဝတ်ထားတဲ့အတိုင်းပါလား”ဆိုတဲ့ အတွေးက ရင်ဝကိုဒိန်းခနဲလာဆောင့်ခဲ့တယ်။ ထွန်းသာလဲ သေချာအောင်အနီးကပ်ပြီး ကြည့်လိုက် တဲ့အချိန်မှာတော့ သေဆုံးနေတဲ့သူရဲ့ ညာဘက်လက်မှာဝတ်ထားတဲ့ ကြိုးအနီတစ်ချောင်းကို မြင်လိုက်ရတယ်။
“ငါတကယ်သေသွားတာပါလား မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး ငါသေလို့မရသေးဘူး” လို့အော်ဟစ်လိုက်တဲ့အချိန် ခန္ဓာကိုယ်က ချောက်ကမ်းပါးအပေါ်ဘက်ကို မြောက်တက်သွားခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံး အိုးထိန်းစက်တစ်ခုလို လည်သွားကာ သတိလစ်သွားခဲ့တယ်။ သတိပြန်ရချိန်မှာတော့ ရွာနဲ့မလှမ်း မကမ်းမှာရှိတဲ့ စောင်းလျားပင်အောက်ကိုရောက်နေခဲ့ပြီး ဘေးမှာ တော့ ချောက်ကမ်းပါးပေါ်မှာကျန်ခဲ့တဲ့လူနဲ့သူ့တပည့်တွေကိုမြင်လိုက်ရတယ်။
“ထွန်းသာ မင်းအဖြစ်မှန်ကိုလက်ခံလိုက်ပါ အခုမင်းမှာနေစရာမရှိဘူးဟုတ်လား”
အောင်မြတ်သာစကားအဆုံးမှာ ထွန်းသာ ခေါင်းကိုခါလိုက်ပြီး
“ဟုတ်တယ် ကျုပ်မှာနေမယ့်နေရာမရှိဘူး”
“အခုလောလောဆယ်တော့ ဒီစောင်းလျားပင်ပေါ်မှာ ခေတ္တနေနေဦးပေါ့ ဒီအပင်မှာရှိတဲ့ပုဂ္ဂိုလ်ကိုလဲ ငါခွင့်တောင်းပြီးပါပြီ သူကလဲမင်းကိုမနှင်ထုတ်ဘူးလို့ပြောတယ်”
အောင်မြတ်သာစကားကြောင့် ထွန်းသာက စောင်းလျားပင်ပေါ်ကိုမော့ကြည့်လိုက်ရာ သစ်ကိုင်း သစ်ခက်တွေမှာ နေရာလပ်မရှိအောင်ပြည့်ကြပ်နေတဲ့ ပုံသဏ္ဍာန်မျိုးစုံနာနာဘာဝတွေကို မြင်လိုက်ရတယ်။ စောင်းလျားပင်ရဲ့ထိပ်ဆုံးအပိုင်းမှာတော့ ငွေရောင်တဖိတ်ဖိတ်တောက်နေတဲ့ ဗိမ္မာန်တစ်ခုရှိနေပြီး အပေါက်ဝမှာတော့ မျက်နှာသွယ်သွယ်နဲ့ပုဂ္ဂိုလ်တစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရတယ်။
စောင်းလျားပင်ပေါ်မှာရှိနေတဲ့ နာနာဘာဝတွေကတော့ ထွန်းသာကို သိပ်မကြည်တဲ့ မျက်နှာ တွေနဲ့စိုက်ကြည့်နေကြတယ်။ အဲဒီအချိန် ဗိမ္မာန်ပေါ်မှာရှိနေတဲ့ ပုဂ္ဂိုလ်က စောင်းလျားပင်အောက်ကို ဆင်းလာပြီး
“ဆရာပြောတာဒီကောင်လေးလား”
“ဟုတ်ပါတယ် ဒီကောင်လေးကို သင့်လက်ထဲအပ်ခဲ့ပါမယ် ကျုပ်တို့မှာလဲ လုပ်စရာကိစ္စလေး ရှိသေးတဲ့အတွက် သူ့အတွက်နေရာရှာပေးဖို့က အချိန်မရသေးလို့ပါ”
“ ရပါတယ်ဆရာ သူတစ်ယောက်စာအတွက်ကတော့ နေရာရှိပါတယ် ဗလကြီးနဲ့ ငထွန်းသာ မင်းတို့နှစ်ယောက်က ငါမရှိတဲ့အချိန် ဒီကောင်လေးကိုသေချာစောင့်ရှောက်ထားကြ ကြားလား”
စောင်းလျားပင်စောင့်ပုဂ္ဂိုလ် စကားအဆုံးမှာ ညာဘက်သစ်ကိုင်းပေါ်မှာထိုင်နေတဲ့ သရဲနှစ်ကောင်က အမိန့်နာခံတဲ့သဘောနဲ့ လူတစ်ပွေ့စာလောက်ရှိတဲ့သစ်ကိုင်းကို လှုပ်ခါရုံလေး လှုပ်ပြလိုက်တယ်”
“ကဲ အားလုံးအဆင်ပြေပီဆိုတော့ မင်းလဲ စောင်းလျားပင်စောင့်ပုဂ္ဂိုလ်ရဲ့စကားကို သေချာ နားထောင်ပြီး နေခဲ့ပါ ငါတို့လိုအပ်တဲ့အချိန် မင်းကိုခေါ်လိုက်ပါ့မယ်”
အောင်မြတ်သာစကားကြောင့် ထွန်းသာက ခေါင်းကိုဆတ်ပြလိုက်ပြီး ရွာဘက်ကိုလှည့်ကြည့် ကာ
“ဆရာတို့ ရွာထဲရောက်ရင် ကျုပ်နေတဲ့အိမ်ရဲ့ တံစက်မြိတ်အဝင်ဝမှာ ဝါးလုံးသုံးလုံးတန်းပြီး မိုးထားတဲ့ တောင်ထန်းမိုးတစ်ခုရှိတယ် အဲဒီဝါးလုံးသုံးလုံးရဲ့ တတိယအလုံးမှာ ကျုပ်စုထားတဲ့ ငွေတိုငွေစအနည်းငယ်ရှိပါတယ် အဲဒီငွေတွေရဲ့တစ်ဝက်ကို ကျုပ်အမေကိုပေးပြီး ကျန်တစ်ဝက်ကို ကျုပ်ချစ်သူကိုပေး ပေးပါ”
“ကောင်းပါပြီ ကျုပ်တို့သင်ဆန္ဒပြည့်မြောက်အောင် ဆောင်ရွက်ပေးပါမယ်”
အောင်မြတ်သာတို့လဲ ထွန်းသာကိုနှုတ်ဆက်ပြီး စောင်းလျားပင်အောက်ကနေ ရွာဘက်ကို ထွက်လာခဲ့ကြတယ်။ အောင်မြတ်သာတို့ရွာအဝင်ဝကိုရောက်တော့ အလွန်ပြင်းထန်တဲ့လှိုင်းတစ်ခုက အောင်မြတ်သာတို့ခန္ဓာကိုယ်ကိုလာရောက်ရိုက်ခတ်တာ ခံစားလိုက်ရတယ်။
“ဆရာ ဒီရွာထဲမှာ အဆင့်မြင့်တဲ့ပုဂ္ဂိုလ်တစ်ယောက်တော့ရှိနေပြီထင်တယ်”
တောက်ရစကားကြောင့် အောင်မြတ်သာ အနည်းငယ်စဉ်းစားလိုက်ပြီး
“အခုငါတို့ဆီကိုလာတဲ့လှိုင်းက စတုမဟာရာဇ်နတ်အနွယ်ဝင်တွေရဲ့ ကိုယ်ကနေ ထုတ်လွှတ်တဲ့စက်တစ်မျိုးပဲဖြစ်တယ် ငါထင်တာမမှားဘူးဆိုရင် ရွာထဲမှာ ပြဿနာတစ်ခုတက်နေ လောက်ပြီ ကဲ ရွာထဲကိုသွားပြီး အခြေအနေသွားကြည့်ရအောင်”
အောင်မြတ်သာတို့သုံးယောက်ရွာထဲကိုဝင်လာတဲ့အချိန်မှာတော့ ရွာသားတွေ အားလုံး ပြာယာခတ်နေပြီး တစ်စုံတစ်ယောက်ကိုလိုက်ရှာနေတာကို တွေ့လိုက်ရတယ်။
“ဦးကြီး ရွာထဲမှာဘာဖြစ်နေတာလဲ”
သက်ခိုင်စကားကြောင့် မျက်နှာသုတ်ပဝါကိုခေါင်းမှာပတ်ထားတဲ့လူက အောင်မြတ်သာတို့သုံး ယောက်ကိုခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး
“မင်းတို့က ခရီးသွားတွေလား”
“ဟုတ်ပါတယ် ကျုပ်တို့ကခရီးသွားတွေပါ”
“ခရီးသွားတွေဆိုလဲ သွားမယ့်ခရီးကိုဆက်သွားကြပါ ရွာထဲမှာနေနေရင် အခြားသူတွေ မင်းတို့ကိုသံသယဝင်လာကြလိမ့်မယ်”
“ကျုပ်တို့ကဘာမှမလုပ်ပဲ ဘာလို့သံသယဝင်ရမှာလဲ”
“ဟူး မင်းတို့နဲ့တော့ခက်ပြီ ဒီမနက်ပဲရွာမှာ မိန်းကလေးတစ်ယောက်ပျောက်သွားလို့ဟေ့ ငါတို့လဲသွားတတ်လာတတ်တဲ့နေရာတွေမှာလိုက်ရှာကြည့်ပြီးပြီ အစနတောင်မတွေ့ဘူး”
ဦးကြီးစကားကြောင့် အောင်မြတ်သာက
“ပျောက်သွားတဲ့မိန်းကလေးနာမည်က မိုးသားဖြူလား”
“ဟင် မင်းတို့က ခရီးသွားတွေလဲ ပြောတယ် သူ့နာမည်အရင်းကို ဘယ်လိုသိနေရတာလဲ ငါတို့က သူ့ကိုရွာနာမည်ပဲခေါ်ကြတာ”
“ကျုပ်တို့ဘယ်လိုသိတာက အရေးမကြီးပါဘူး ပျောက်သွားတဲ့မိန်းကလေး အန္တရာယ်မဖြစ်ဖို့ပဲ အရေးကြီးတယ် အခုဖြစ်တာက သာမန်မဟုတ်ဘူး ကျုပ်တို့အချိန်ဆွဲနေရင် မိန်းကလေးရဲ့ အသက်ကို ဆုံးရှုံးသွားနိုင်တယ်”
အောင်မြတ်သာစကားကြောင့် ဦးကြီးထိတ်လန့်သွားပြီး
“ဒါဆိုလဲ ရွာလူကြီးအိမ်ကိုခေါ်သွားပေးမယ် သူ့ကိုအကျိုးကြောင်းပြောပြပြီးလုပ်တာပို ကောင်းမယ်ထင်တယ် လာကြလာကြ”
အောင်မြတ်သာတို့လဲ ဦးကြီးခေါ်တဲ့နောက်ကိုလိုက်သွားခဲ့ပြီး ရွာအလယ်လောက်အရောက် မှာ ပျဉ်ထောင်နှစ်ထပ်အိမ်တစ်လုံးကိုတွေ့လိုက်ရတယ်။
“ သူကြီး သူကြီး ဧည့်သည်တွေက တွေ့ချင်လို့တဲ့”
ဦးကြီးစကားကြောင့် အိမ်အနောက်ဘက်မှာ ဓါးသွေးနေတဲ့ သူကြီးထွက်လာခဲ့ပြီး
“မောင်ကြိုင် ဘယ်ကဧည့်သည်တွေလဲ”
“သူတို့က မလှရင်သမီးပျောက်တဲ့ကိစ္စ သူကြီးနဲ့တိုင်ပင်ချင်လို့တဲ့”
“ဟင် မလှရင်သမီးက ပြန်တွေ့ပြီလား”
“မတွေ့သေးပါဘူး ပြန်တွေ့အောင်သူတို့ လုပ်ပေးမယ်ပြောလို့ သူကြီးဆီခေါ်လာခဲ့တာ”
ဦးကြီးစားအဆုံးမှာ သူကြီးက လက်ထဲမှာကိုင်ထားတဲ့ ငှက်ကြီးတောင်ဓါးကို စားပွဲပေါ် တင်လိုက်ပြီး
“အေး ပြောပါဦး မင်းတို့ကဘယ်လိုလုပ်ပေးမှာလဲ ဒီကောင်မလေးပျောက်နေတဲ့ကိစ္စက ငါ့မှာလဲတာဝန်ရှိနေတယ်” လို့ပြောလိုက်တော့ အောင်မြတ်သာက
“ဒီရက်ပိုင်းသူကြီးတို့ရွာမှာ ညဘက်ရောက်ရင် ရွာခွေးတွေ အူခြင်းဟောင်ခြင်းမရှိခဲ့ဘူးမဟုတ် လား”
“ အေး မင်းတို့ပြောမှ သတိထားမိတာ ငါ့အိမ်မှာမွေးထားတဲ့ တိုင်းကျော်ဆိုတဲ့ခွေးက လူရိပ် မြင်ရင်ထိုးထိုးဟောင်လွန်းလို့ ညဘက်ဆို အိပ်မရဖြစ်နေတာ ဒါပေမယ့်အခုရက်ပိုင်း ဒီကောင်ဆီက ဟောင်သံမကြားရဘူးဖြစ်နေတယ်”
“ ဒါဆိုကျုပ်ခန့်မှန်းတာမှန်နေတာပေါ့ ဖြစ်နိုင်ရင် မိန်းကလေးရဲ့မိဘတွေနဲ့ တွေ့ချင်ပါတယ်”

“မင်းတို့တွေ့ချင်တယ်ဆိုရင် ငါခေါ်ပေးပါ့မယ် မောင်ကြိုင် မင်းကမိန်းကလေးမိဘတွေကို သွားခေါ်လာခဲ့ကွာ”
သူကြီးစကားကြောင့် ဦးကြီးက ကွပ်ပြစ်ပေါ်မှာထိုင်နေရာကနေ ထပြီး ရွာထဲဘက်ကိုထွက် သွားခဲ့တယ်။
“သူကြီး ဒီရွာမှာထွန်းသာဆိုတဲ့လူငယ်တစ်ယောက်ရှိခဲ့ဖူးလား”
“ထွန်းသာ ဟုတ်လား အင်း ……”
သူကြီးက ထွန်းသာဆိုတဲ့အမည်ကိုစဉ်းစားနေရင်း
“ မိန်းမရေ ထွန်းသာဆိုတာ ဒေါ်ငယ်ရဲ့သားမဟုတ်လား”
သူကြီးစကားကြောင့် အိမ်နောက်ဘေးမှာ နွားစာစဉ်းနေတဲ့ သူကြီးကတော်က
“ဟုတ်တယ်လေ ဒီကောင်လေး ရွာကနေပျောက်နေတာ တစ်လလောက်ရှိပြီ သူ့အမေဆို တစ်ငိုငိုတစ်ရီရီဖြစ်နေတာ ကြာပေါ့”
သူကြီးကတော်စကားကြောင့် အောင်မြတ်သာက
“ထွန်းသာဆိုတဲ့လူငယ်နဲ့ အခုပျောက်နေတဲ့မိန်းကလေးရဲ့အဖြစ်အပျက်က သာမန်လူတွေ မမြင်နိုင်တဲ့ပုဂ္ဂိုလ်တစ်ဦးကြောင့်ဆိုရင် သူကြီးယုံမလား”
“ မင်းပြောပုံအရဆိုရင် အခုဖြစ်နေတဲ့ကိစ္စတွေက နနာဘာဝ ဝိနာဘာဝတွေနဲ့များပတ်သတ် နေတာများလား”
“ဒီညကျုပ်တို့အခြေအနေကို အကဲခတ်ကြည့်ရင် ဘာကြောင့်လဲဆိုတာ အဖြေပေါ်လာ ပါလိမ့်မယ် သူကြီးတို့ဘက်က ကျုပ်တို့ကိုယုံကြည်ပေးဖို့တော့လိုတာပေါ့”
“ဘယ်သူမှမထိခိုက်ဘူးဆိုရင် မင်းတို့‌ပြောတာကိုငါလက်ခံလို့ရပါတယ်”
အောင်မြတ်သာတို့စကားကောင်းနေတဲ့အချိန် ခပ်ဝဝမိန်းမတစ်ယောက် ခြံထဲကို ဝင်လာတာ မြင်လိုက်ရတယ်။
“သူကြီး ကျွန်မကိုခေါ်တယ်ဆိုလို့”
“ဟော မငယ် လာလာ ဒီမှာလာထိုင်”
မငယ်ဆိုတဲ့မိန်းမကြီးက အောင်မြတ်သာတို့ကို တစ်ချက်ကြည့်လိုက်ပြီး လွတ်နေတဲ့ ခုံတန်းမှာ ဝင်ထိုင်လိုက်တယ်။
“သူကတော့ ပျောက်နေတဲ့မိန်းကလေးရဲ့ မိခင်ပဲ မငယ် သူတို့က နင့်သမီးပျောက်နေတာကို ပြန်တွေ့အောင်ကူညီပေးမယ့်သူတွေပဲ”
သူကြီးစကားအဆုံးမှာ မငယ်ဆိုတဲ့မိန်းမကြီးက အောင်မြတ်သာတို့ကိုကြည့်ပြီး
“ကူညီနိုင်ရင် ကူညီပါဦးရှင် သမီးလေးက အရမ်းအေးတာ မတော်တရော်လူတွေက ဖမ်းတာ ဆီးတာဆိုရင် ကျွန်မရင်ကျိုးရပါချည်ရဲ့”
“အရီး စိတ်ကိုအေးအေးထားပါ ကျုပ်တို့အတတ်နိုင်ဆုံးကူညီပေးပါ့မယ် အခုလောလောဆယ် ကျုပ်တို့သိချင်တာလေးတွေကို အရီးဖြေပေးပါ”
“ရပါတယ် ရပါတယ် လူလေးတို့သိချင်တာရှိရင်မေးပါ”
“ အရီးရဲ့ သမီးက ညဘက်တွေဆိုရင် ယောင်ပြီးလမ်းထ‌လျောက်တတ်တဲ့ အကျင့်ရှိလား”
အောင်မြတ်သာစကားကြောင့် မငယ်ဆိုတဲ့မိန်းမကြီးက အံ့အားသင့်သွားပြီး
“ လူလေးတို့ဘယ်လိုသိတာလဲ ကျွန်မသမီးလေးက ညဘက်တွေဆိုရင် ထသွားတတ်တဲ့ အကျင့်ရှိတယ် အဲဒါကြောင့် ညဘက်အိပ်ရင် သူနေတဲ့ အခန်းဆိုရင်လဲ အပြင်ကနေ မင်းတုန်းချပြီးမှ အိပ်တာ ပျောက်တဲ့နေ့ကလဲ မင်းတုန်းချထားတာပဲ ဘယ်လိုဖွင့်ပြီးပျောက်သွားလဲဆိုတာ တွေးတောင်မတွေးတတ်တော့ပါဘူးရှင်”
“အရီးဆီမှာ သူအရမ်းနှစ်သက်တဲ့ပစ္စည်းတစ်ခုခုများရှိလား ရှိတယ်ဆိုရင် ကျုပ်တို့လိုချင် ပါတယ်”
အောင်မြတ်သာစကားကိုကြားတော့ မိန်းမကြီးက စဉ်းစားလိုက်ပြီး
“သူအရမ်းနှစ်သက်တဲ့အရုပ်လေးတစ်ရုပ်ရှိတယ် ညဘက်တွေဆိုရင်အဲဒီအရုပ်ကို ဖက်ပြီးမှ အိပ်တတ်တာ လူလေးတို့လိုချင်တယ်ဆိုရင် ကျွန်မသွားယူပေးပါမယ်”
“ပြန်ယူပေးရင်ပိုကောင်းတာပေါ့ဗျာ အရီးသမီးက လိပ်ပြာလှတော့ သူ့ကိုခေါ်သွားတဲ့သူက ပြန်မလွှတ်တော့ပဲ လူ့လောကကိုမေ့အောင်လုပ်ထားတယ် ဒါကြောင့် သူနှစ်သက်တဲ့ပစ္စည်းတစ်ခုခုနဲ့ သတိရအောင်ပြန်လုပ်ယူရမယ်”
“ဒါဆို ခဏစောင့်ပေးကြဦးနော် ကျွန်မအခုသွားယူပေးပါ့မယ်”
မိန်းမကြီးက အောင်မြတ်သာတို့ကိုစောင့်ခိုင်းပြီး ခြံအပြင်ဘက်ကို ခပ်သုတ်သုတ်ထွက်သွား ခဲ့တယ်။ ခဏကြာတော့ တစ်တောင်သာသာရှိတဲ့ အရုပ်တစ်ရုပ်ကိုယူပြီး ပြန်ရောက်လာခဲ့တယ်။
“ဒီအရုပ်ကိုသူအရမ်းကြိုက်တာ လူလေးတို့ဒါကိုသုံးပြီး ကျွန်မသမီးလေးကို ပြန်ခေါ်ပေးပါနော် လယ်တွေယာတွေကုန်ချင်ကုန်သွားပါစေ သမီးလေးပြန်ရောက်လာရင် ရပါပြီ”
“အရီး ကျုပ်တို့ကိုအထင်လွဲနေပါပြီ ကျုပ်တို့ကအခကြေးငွေရဖို့အတွက် ကူညီနေတာမဟုတ် ပါဘူး”
“တောင်းပန်ပါတယ် လူလေးတို့ရယ် ကျွန်မကသမီးလေးဇောနဲ့မို့ပြောလိုက်မိတာပါ စိတ်မဆိုး ကြပါနဲ့နော်”
“ရပါတယ် ကျုပ်တို့အတတ်နိုင်ဆုံးပြန်ပါလာအောင်ကူညီပေးပါ့မယ် အခုတော့ အရီးပြန်နား လိုက်ပါဦး”
မိန်းမကြီးလဲ အောင်မြတ်သာတို့ကိုကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောပြီး သူကြီးခြံထဲကနေ ပြန်ထွက်သွားခဲ့တယ်။
“သူကြီး ကျုပ်တို့သုံးယောက် ဒီညလုပ်ရမယ့်ကိစ္စလေးတွေရှိလို့ လူမနေတဲ့အိမ်တစ်လုံး လောက်စီစဉ်ပေးနိုင်မလား”
အောင်မြတ်သာစကားကြောင့် ခြံအပြင်ဘက်ကိုငေးနေတဲ့သူကြီး သတိပြန်ဝင်လာပြီး
“မင်းတို့လိုချင်တယ်ဆိုရင် ငါအရင်နေခဲ့တဲ့ အိမ်တစ်လုံးတော့ရှိတယ် အဲဒီမှာနေလို့ရပါတယ်”
“ ဒီညမှောင်တာနဲ့ ရွာထဲမှာရှိတဲ့ အိမ်တွေအားလုံး အပြင်ဘက်ကိုမထွက်ကြဖို့ သူကြီးကပဲ ဆော်သြပေးပါ ထွက်ခဲ့မယ်ဆိုရင် ကျုပ်တို့အလုပ်ကိုအနှောက်အယှက်ဖြစ်နိုင်တယ်”
“စိတ်ချပါ မင်းတို့ဖြစ်ချင်တဲ့အတိုင်းဖြစ်စေရမယ် ဒီရွာမှာ ငါ့အမိန့်ကိုလွန်ဆန်ရဲတဲ့သူ မရှိပါဘူး”
သူကြီးကသူ့ရွာကိုသူပိုင်ကြောင်း ဂုဏ်ယူစွာပြောဆိုရင်း အောင်မြတ်သာတို့နေရမယ့် အိမ်ကို လိုက်ပြခဲ့တယ်။
“ကဲ ဒီအိမ်က ငါ့သားကြီးရှိတုန်းက နေခဲ့တဲ့အိမ်ပဲ လွန်ခဲ့တဲ့နှစ်က သူဆုံးသွားတော့ ငါတို့ကပဲ ထိန်းသိမ်းထားရတာ လိုအပ်တာရှိရင် ငါ့ကိုလာပြောကြ ညစာကိုတော့ နေမဝင်ခင်လာပို့ပေးကြ လိမ့်မယ်”
“ရတယ် သူကြီး အခုလိုစီစဉ်ပေးတာကိုပဲ ကျေးဇူးတင်နေပါပြီ ကျုပ်တို့က အသားငါးမစားတဲ့ အတွက် ချက်ရပြုတ်ရအဆင်မပြေဖြစ်နေပါဦးမယ်”
“ မဟုတ်တာကွာ မင်းတို့အတွက် သက်သက်လွတ်ဟင်းချက်ပြီး လာပို့ပေးပါ့မယ် အခုတော့ နားလိုက်ကြဦးငါလဲရွာထဲလှည့်ပတ်ပြီး ဆော်သြ လိုက်ဦးမယ်”
သူကြီးက အောင်မြတ်သာတို့ကိုနှုတ်ဆက်ပြီး ရွာအရှေ့ဘက်ပိုင်းကိုထွက်သွားခဲ့တယ်။ အောင်မြတ်သာတို့လဲ သူကြီးစီစဉ်ပေးတဲ့အိမ်ပေါ်မှာရှိတဲ့ ဘုရားကျောင်းဆောင်ကို သန့်ရှင်းရေး လုပ်ပြီး အိမ်အနောက်ဖေးမှာ အသင့်ရှိနေတဲ့ရေစည်ထဲက ရေနဲ့ကိုယ်လက်သန့်စင်ခဲ့ကြတယ်။ ညနေ နေဝင်ခါနီးအချိန်ရောက်တော့ သူကြီးအိမ်ကလာပို့ပေးတဲ့ သက်သက်လွတ်ထမင်းဟင်းကို စားသောက်လိုက်ပြီး ဘုရားကျောင်းဆောင်ရှေ့မှာ ထိုင်ကာ ဘုရားရှိခိုးခြင်း၊ အင်းကွက်ချခြင်းနဲ့ တရားထိုင်ခြင်းအမှုတွေကိုပြုခဲ့ကြတယ်။
အင်းကွက်ဆွဲပြီးလို့ တရားထိုင်နေတဲ့အချိန်မှာ ခြေရင်းအိမ်မှာမွေးထားတဲ့ ခွေးတွေက တစ်စုံ တစ်ယောက်ကိုကြောက်လန့်ပြီး တအီအီအော်မြည်နေတဲ့အသံကို ကြားလိုက်ရတယ်။ အောင်မြတ်သာလဲကြားလိုက်ရတဲ့အသံကို စိတ်ထဲကနေ ချက်ချင်းဆိုသလိုဖျောက်ပစ်လိုက်ပြီး သမထကိုစူးနစ်နေအောင် ဝင်စားလိုက်တယ်ဆိုရင်ပဲ အမြင်ဓါတ်နဲ့အကြားဓါတ်က ချက်ချင်း ဆိုသလို ပွင့်ထွက်လာခဲ့တယ်။
“ လူလေး အောင်မြတ်သာ ထလော့ ရုန်းထွက်လော့”
ချိုသာအေးမြတဲ့အသံက နားဖျားကနေ နားစည်အတွင်းပိုင်းထိကို ယိုစီး ကျလာတဲ့အချိန် အောင်မြတ်သာရဲ့လိပ်ပြာက ခန္ဓာကိုယ်ထဲကနေ အပြင်ဘက်ကိုထွက်လာခဲ့တယ်။ အောင်မြတ်သာ လဲ တရားထိုင်နေတဲ့ သူ့ခန္ဓာကိုယ်နဲ့ ဘေးမှာထိုင်နေတဲ့ သက်ခိုင်နဲ့ တောက်ရတို့ကိုတစ်ချက်မျှ ကြည့်လိုက်ပြီး အိမ်ပေါ်ကနေ ဆင်းလာခဲ့လိုက်တယ်။ အိမ်အောက်ရောက်တော့ ဥဒဟိုသွားလာ နေကြတဲ့ ရွာသားတွေရဲ့ဝိဥာဉ်အချို့ကိုတွေ့လိုက်ရတယ်။ ရွာသားတွေရဲ့ဝိဥာဉ်မှာတော့ ပြင်ပခန္ဓာကိုယ်နဲ့ချိန်ဆက်ထားတဲ့ ကြိုးမျှင်သေးသေးလေးတွေကို မြင်လိုက်ရတယ်။ ကြိုးမျှင်လေးတွေက ဘယ်နေရာကိုသွားသွား ဘယ်လောက်ဝေးဝေးသွားသွား ကုန်သွားတယ်ဆိုတာ မရှိပဲ တစ်စတစ်စရှည်လျားသွားခဲ့ကြတယ်။(စကားချပ်။ ဒါကို ကျွန်တော်တို့အိမ်မက်မက်စဉ် အခါမှာ အများဆုံးကြုံတွေ့ရတတ်ပါတယ် ဝိဥာဥ်နဲ့ခန္ဓာကိုယ်ချိတ်ဆက်ထားတဲ့ ကြိုးမျှင်လေးတွေက တော်ရုံ မပြတ်တောက်တတ်သလို ပြတ်တောက်ခဲ့ရင်လဲ ခန္ဓာကိုယ်ထဲကို ပြန်ဝင်လို့မရတဲ့ဖြစ်စဉ်တွေ ဖြစ်တတ်ပါတယ်)
အောင်မြတ်သာလဲ ရွာသားတွေရဲ့ ဝိဥာဉ်တွေကို ရှောင်တိမ်းပြီး ရွာထိပ်ဘက်ကို ထွက်လာတဲ့ အချိန် လေထဲကနေ လွင့်လာတဲ့ လှိုင်းတွန့်တစ်ခုကို မြင်လိုက်ရတယ်။ အရှိန်ပြင်းပြင်းနဲ့ လွင့်ထွက် လာတဲ့လှိုင်းတစ်ခုက အောင်မြတ်သာအရှေ့ကိုရောက်တော့ ရှေ့ဆက်မတိုးနိုင်တော့ပဲ မြူမှုန်တွေလို တစ်စစီကွဲထွက်ကာ ပျောက်ကွယ်သွားခဲ့တယ်။ အောင်မြတ်သာလဲ သူ့ဆီဝင်လာတဲ့ လှိုင်းရှိရာဘက်ကို လိုက်သွားခဲ့ရာ လူသူအရောက်ပေါက်နည်းတဲ့ ရွာအနောက်ဘက် ဖုန်းဆိုးတောထဲ ကိုတစ်ဖြေးဖြေးနဲ့ရောက်လာခဲ့တယ်။
ဖုန်းဆိုးတောထဲကိုရောက်တဲ့အချိန်မှာ မိန်းမတစ်ယောက်နဲ့ ယောင်္ကျားတစ်ယောက် စကားအချေအတင်ပြောဆိုနေတဲ့အသံသဲ့သဲ့တစ်ခုကို ကြားလိုက်ရတယ်။ အောင်မြတ်သာလဲ အသံကြားရာဘက်ကို လျောက်လာရင်းနဲ့ လူသုံးဖက်စာလောက်ကြီးမားတဲ့ ညောင်ညိုပင်တစ်ပင် အနားကိုရောက်တော့ ဆံပင်ဖားလျားချထားတဲ့မိန်းမပျိုတစ်ယောက်က ခန္ဓာကိုယ်တစ်ခုလုံး စက်ရောင်တွေပြိုးပြိုးပျက်ပျက်လက်နေတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ပေါင်ပေါ်မှာ အိပ်ကာ စကားစမည်ပြောနေတာကိုမြင်လိုက်ရတယ်။
အဲဒီအချိန်မှာ အောင်မြတ်သာက လွယ်ထားတဲ့အိတ်ထဲကနေ မိန်းမပျိုလေးအမေပေးထားတဲ့ အရုပ်ကိုပြီး လေညာဘက်မှာထောင်လိုက်တယ်ဆိုရင်ပဲ ရယ်မောစွာစကားပြောနေတဲ့ ယောင်္ကျားရဲ့ မျက်နှာက ရုတ်တရက်ခက်ထန်လာပြီး အောင်မြတ်သာရှိတဲ့ဘက်ကို မျက်စောင်းထိုးကာ စောင်းကြည့်လိုက်တယ်။ မိန်းမပျိုကလဲ လေညာကနေ ရုတ်တရက်ထွက်လာတဲ့ ရနံ့တစ်ခုကိုရတာနဲ့ ပေါင်ပေါ်မှာအိပ်နေရာကနေ ဆတ်ခနဲထထိုင်လိုက်ပြီး
“ရှင် ရှင်ဘယ်သူလဲ ကျွန်မက ဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေရတာလဲ”
“ အို နှမရယ် မောင်တော်ကို မသိတော့ဘူးလား နှမငယ် အရမ်းချစ်မြတ်နိုးပါတယ်ဆိုတဲ့ မောင်တော်ဒတ္တလေ”
သာမာန်လူတွေထက်သန်မာထွားကြိုင်းပြီး ပြိုးခနဲပျက်ခနဲကိုယ်ရောင်တွေထွက်နေတဲ့ လူက မကျေချမ်းတဲ့အကြည့်နဲ့ အောင်မြတ်သာကိုကြည့်လိုက် ဘေးမှာရပ်နေတဲ့ မိန်းမပျိုကိုချော့လိုက် ဖြစ်နေတဲ့အချိန် အောင်မြတ်သာက သြဇာအပြည့်ပါတဲ့အသံနဲ့
“မိုးသားဖြူ သင်အိမ်ပြန်ဖို့အချိန်ရောက်ပြီ သင့်မိခင်လဲ သင်ပျောက်နေလို့ စိတ်တွေပူပန်နေရပြီ သင့်ကိုတွေ့ရင် ဒီအရုပ်လေးကို ပေးလိုက်ပါဆိုလို့ ကျုပ်ယူလာပေးတာ သင် မယုံရင်ကျုပ်ပေးတဲ့အရုပ်ကိုကြည့်လိုက်ပါ” လို့ပြောပြီး မိန်းမပျိုရှိတဲ့ဘက်ကို ပစ်ထုတ်ပေးလိုက်တယ်။
မိန်းမပျိုလဲ အောင်မြတ်သာပစ်ပေးတဲ့အရုပ်ကို ကောက်ယူပြီး ကြည့်လိုက်တဲ့အချိန်
“ဒါ ကျွန်မအရုပ်ပဲ အမေ အမေရော”
“သင့်အမေက သင်ပြန်လာမယ့်အချိန်ကို အမြဲတမ်းစောင့်မျှော်နေပါတယ် အခုသင်ကျုပ်နဲ့ ပြန်လိုက်ခဲ့မယ်မဟုတ်ပါလား”
မိန်းမပျိုလဲ အောင်မြတ်သာစကားကိုကြားတော့ အတိတ်ကိုသတိပြန်ရလာပြီး
“ အိမ်ပြန်ရမယ် ကျွန်မအိမ်ပြန်ချင်တယ် ကျွန်မကိုပြန်ခေါ်သွားပေးပါ”လို့ပြောကာ အော်ဟစ်ငိုယိုပါလေရော။
“တိတ်စမ်း နင်က ငါ့ဆီကနေ ဘယ်မှထွက်သွားလို့ မရစေရဘူး နင့်ကိုငါစုံမက်တယ် ဒါကြောင့် နင့်ကိုပိုးပန်းနေတဲ့လူကို ငါ့အစွမ်းနဲ့ဖျားယောင်းသွေးဆောင်ပြီး သတ်ပစ်ခဲ့ပြီးပြီ နင့်အတွက်ဆိုရင် လူအယောက်တစ်ထောင် တစ်သောင်း တစ်သိန်းသတ်ရလဲ ငါမမှုဘူး .. သာယာနေတဲ့ ငါတို့ဘဝကို လာဖျက်ဆီးတဲ့ကောင်ကို အရင်သတ်ပြီး နင့်ကိုပြန်ခေါ်ထားမယ် ဟင်းဟင်း”
စိတ်ဆိုးမာန်ဆိုးနဲ့အော်ပြောလိုက်တဲ့အချိန် နုပျိုချောမောနေတဲ့မျက်နှာက ချက်ချင်းဆိုသလို နီရဲလာပြီးပါးစပ်ကနေ လက်သုံးလောက်ရှိတဲ့အစွယ်တွေကွေးပြီး ထွက်လာခဲ့တယ်။ မိန်းမပျိုက ချက်ချင်းပြောင်းလဲသွားတဲ့ရုပ်ရည်ကိုမြင်ပြီး ကြောက်လန့်ကာ နေရာမှာတင်လဲကျသတိလစ်သွား ခဲ့တယ်။ အောင်မြတ်သာကတော့ ရုပ်ရည်အစစ်အမှန်ချပြလိုက်တဲ့ နတ်ဘီလူးကိုမြင်တော့
“ဟိတ် နတ်ဘီလူးယုတ် သင်က ကိုယ်နေရမယ့်နေရာမှာ မနေပဲ လူ့ဘောင်လောကထဲလာပြီး မိန်းမပျိုတွေကို သွေးဆောင်ဖျားယောင်းနေတာ မရှက်ဘူးလား”လို့ပြောလိုက်တော့ နတ်ဘီလူးဒတ္တက
“ တယ် စကားများတဲ့လူသားပါလား ထပ်ပြီးမပြောနိုင်အောင် ငါရဲ့သန်လျက်နဲ့ခုတ်ပိုင်း လိုက်မယ် လာလေရော့” ဆိုပြီး ညာဘက်လက်ကို ဖြန့်လိုက်တယ်ဆိုရင်ပဲ အထူလက်လေးသစ်ခန့် ရှိတဲ့သန်လျက်တစ်ချောင်းပေါ်လာပြီး အောင်မြတ်သာခန္ဓာကိုယ်ရှိတဲ့ဘက်ကို အရှိန်နဲ့ပိုင်းချလိုက် တယ်။
“ ဝုန်း ဂျွတ် ဖြောင်း ဖြောင်း”ဆိုတဲ့အသံနဲ့အတူ အောင်မြတ်သာပတ်လည်မှာရှိတဲ့ သစ်ပင် ကြီးငယ်တွေအားလုံး ငှက်ပျောလက်ကိုဓါးနဲ့ပိုင်းခံထိသလို တိခနဲပြတ်ကျသွားခဲ့ပေမယ့် အောင်မြတ်သာကိုတော့ စိုးစင်းမျှမထိခိုက်ခဲ့ပေ။
ဒီတစ်ခါတော့ နတ်ဘီလူးဒတ္တ အံ့သြသွားခဲ့လေပြီ။
“ငါ့ဓါးချက်က ဆင်ပြောင်တစ်ကောင်ရဲ့ခေါင်းကိုတောင် တိခနဲကျအောင် ခုတ်ပိုင်းနိုင်တာ ဘယ်လိုကြောင့် ဒီလူကိုထိခိုက်အောင်မလုပ်နိုင်ရတာလဲ”ဆိုပြီး စိတ်ထဲကနေ တိုးညှင်းစွာ ရေရွတ်လိုက်တဲ့အချိန်
“ဘယ်လိုလဲ ဒတ္တ သင်အံ့သြနေပြီလား ကျုပ်ခွင့်ပြုချက်မရရင် ကျုပ်ရဲ့ဆံချည် တစ်မျှင်ကိုတောင် သင်ထိခိုက်အောင်လုပ်လို့မရဘူးဆိုတာ အခုသိမြင်ရပြီမဟုတ်လား ဒါကြောင့် သင့်အနေနဲ့ ကျူးလွန်ခဲ့တဲ့အပြစ်တွေကို ကျုပ်အရှေ့မှာဝန်ချတောင်းပန်မယ်ဆိုရင် အပြစ်ဒဏ်လျော့ ပေါ့အောင် ကျုပ်မေတ္တာရပ်ခံပေးမယ်”
“ တယ်……ဒတ္တဆိုတဲ့ကျုပ်က သင့်လိုလူကို တောင်းပန်စရာလား ကိုယ်ထိလက်ရောက် လုပ်မရရင် သင့်နှလုံးသွေးရပ်ပြီးသေအောင်ကျုပ်လုပ်မယ်”
ဒတ္တက ပြောဆိုကြိမ်းမောင်းရင်း သူ့ခန္ဓာကိုယ်ကို သာမန်လူတွေမြင်လိုက်တာနဲ့ နှလုံးသွေးရပ်တဲ့အထိ ကြောက်လန့်အောင် ဖန်ဆင်းပြီး ကြောက်မယ်ဖွယ်အဆင်း အသံတွေကို အသုံးပြုကာ အောင်မြတ်သာကိုတိုက်ခိုက်ခဲ့တယ်။
အောင်မြတ်သာကတော့ သူ့ကိုစားမတတ် ဝါးမတတ်ခြောက်လှန့်နေတဲ့ နတ်ဘီလူးရဲ့ အတ္တဘောရုပ်ကို ခပ်ပြုံးပြုံးမျက်နှာထားနဲ့ စေ့စေ့စိုက်ကြည့်လိုက်တဲ့အချိန် မျက်လုံးထဲကနေ နီရဲတောက်ပလွန်းတဲ့ မီးတန်းကြီးတစ်ခုထွက်ပေါ်လာခဲ့ပြီး နတ်ဘီလူးရဲ့ခန္ဓာကိုယ်ထဲကို စိုက်ဝင် သွားခဲ့တယ်။
“ အား ….. အ…အ… သင်လူသားမှဟုတ်ရဲ့လား မျက်လုံးထဲကနေ ထွက်လာတဲ့ မီးတောက်က ကျုပ်ခန္ဓာကိုယ်ထဲတစ်မြေ့မြေ့လောင်ကျွမ်းနေပြီ အား…. ပူလိုက်တာ”
နတ်ဘီလူးဒတ္တလဲ ကြီးမားစွာဖန်ဆင်းထားတဲ့ ခန္ဓာကိုယ်ကြီးကို မြေကြီးပေါ်လှိမ့်ကာ ပူလောင်တဲ့ဒဏ်ကို အလူးအလဲခံစားနေရတဲ့အချိန် မိန်းမပျိုရဲ့ခန္ဓာကိုယ်ထဲမှာစိမ့်ဝင်နေတဲ့ စက်တွေက အပြင်ဘက်ကိုဖွာခနဲ ဖွာခနဲ လွင့်ထွက်လာခဲ့တယ်။
အလွန်အားပြင်းတဲ့စက်တွေရဲ့ တွန်းကန်မှုက ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ သစ်ပင်အချို့ကို ယိမ်းထိုးလှုပ်ရှားစေတဲ့အထိပြင်းထန်ခဲ့တယ်။ အောင်မြတ်သာလဲ မြေပေါ်မှာလူးလိမ့်ကာ ဝေဒနာ ခံစားနေရတဲ့ နတ်ဘီလူးကို ထွက်မပြေးနိုင်အောင် ရှစ်ကွက်အင်းနဲ့ချုပ်ထားလိုက်ပြီး ကုဝေရနတ်မင်းကိုတိုင်တည်အာရုံပြုလိုက်တယ်ဆိုရင်ပဲ ကိုယ်ရောင်ကိုယ်ဝါ တစ်ဖျတ်ဖျက် တောက်ပနေတဲ့ နတ်ဘီလူးလေးပါးက လှံစင်္ကြာကိုယ်စီကိုင်ပြီးပေါ်လာခဲ့တယ်။
နတ်ဘီလူးဒတ္တကလဲ ရုတ်တရက်ပေါ်လာတဲ့ နတ်ဘီလူးတွေကိုမြင်တော့ ကြောက်လန့်တကြားထွက်ပြေးဖို့ကြိုးစားတဲ့အချိန် အောင်မြတ်သာရဲ့ညာဘက်ထောင့်မှာရပ်နေတဲ့ နတ်ဘီလူးရဲ့လက်ထဲကနေ အလင်းတန်းတစ်ခုထွက်ခဲ့တာကို မြင်လိုက်ရတယ်။
အလင်းတန်က ဒတ္တခန္ဓာကိုယ်ကိုထိတယ်ဆိုရင်ပဲ မီးအားပြင်းပြင်းနဲ့ထိလိုက်တဲ့ စက္ကူတစ်ရွက်လို ပြာကျသွားခဲ့တယ်။ ခဏနေတော့ ပြာအဖြစ်ကနေ ပုံမှန်သဏ္ဍာန်ပြန်ဖြစ်ပေါ် လာခဲ့ပြီး နတ်ဘီလူးလေးပါးရဲ့ခြေရင်းမှာ ဒူးကွေးညွှတ်ထိုင်ကာ
“တပည့်မှားသွားပါတယ် ဆရာတို့ပေးအပ်တဲ့တာဝန်ကို ထမ်းဆောင်ပြီးအပြန်မှာ အတိတ်ဘဝကတော်စပ်ခဲ့ဖူးတဲ့ ဇနီးဖြစ်သူကိုမြင်လိုက်ရတဲ့အတွက် စိတ်မထိန်းနိုင်ပဲ သွေးဆောင် ဖျားယောင်းမိခဲ့ပါတယ် တပည့်ကိုခွင့်လွှတ်ပေးကြပါ” ဆိုပြီးတောင်းပန်တော့ နတ်ဘီလူးလေးပါးက
“တယ်…. ဒီငမိုက်သား ငါထပ်လုပ်လိုက်ရ ပြာအတိဖြစ်ရော့မယ် နင့်တန်ခိုးအရာလောက်နဲ့ ထွက်ရပ်ပေါက်ဆရာတစ်ဆူကို ထိခိုက်အောင်လုပ်ဖို့ကြံစည်ရဲတယ်ပေါ့လေ အခုချက်ချင်း ဆရာ ကျေနပ်တဲ့အထိ တောင်းပန်စမ်း” လို့ပြောလိုက်တော့ နတ်ဘီလူးဒတ္တက အောင်မြတ်သာ‌ ခြေအစုံကို နဖူးနဲ့ထိပြီး အကြိမ်ကြိမ်အခါခါတောင်းပန်ပါလေရော။
အောင်မြတ်သာကလဲ အမှားကိုသိပြီးဖြစ်တဲ့ ဒတ္တကို ခွင့်လွှတ်ပေးခဲ့ပြီး ကုဝေရနတ်မင်းစေလွှတ်ခဲ့တဲ့ နတ်ဘီးလူးလေးပါးကို နောက်ဒီလိုမဖြစ်အောင် သေချာကြပ်မတ် ထိန်းသိမ်းပေးဖို့မေတ္တာရပ်ခံခဲ့တယ်။
နတ်ဘီလူးလေးပါးလဲ အောင်မြတ်သာကို နောက်ဒီလိုမဖြစ်စေဖို့ ကတိအထပ်ထပ်ပေးကာ သတိလစ်မေ့မျောနေတဲ့ မိန်းမပျိုရဲ့ ခန္ဓာကိုယ်ထဲကျန်ရှိနေတဲ့ စက်တွေကိုပြန်သိမ်းခဲ့ပြီး ကောင်းကင်ခရီးနဲ့ပြန်လည်ထွက်ခွာသွားခဲ့ကြတယ်။ နတ်ဘီလူးလေးပါးထွက်သွားတာနဲ့ သတိလစ် နေတဲ့မိန်းမပျိုကပြန်သတိရလာခဲ့တယ်။
အောင်မြတ်သာလဲ သတိရလာတဲ့ မိန်းမပျိုကို ရွာထဲကိုပြန်လည်ခေါ်‌ဆောင်လာခဲ့ပြီး အိမ်ရှေ့ရောက်တော့
“ အိမ်ကိုပြန်ရောက်ပါပြီ မိန်းကလေး မင်းကတော့ အရမ်းကံကောင်းတယ် သေကံမပါလို့ ချောချောမွေ့မွေ့ မိမိအိုးအိမ်ကိုရောက်လာခဲ့တယ် အချို့လူတွေကျတော့ မင်းအတွက်နဲ့ သူ့အသက်ကိုပေးဆပ်ခဲ့ရတယ်”
အောင်မြတ်သာစကားကြောင့် မိန်းမပျို အံ့အားသင့်သွားပြီး
“အချို့လူဆိုတာက ဘယ်သူ့ကိုပြောတာလဲ”လို့မေးတော့ အောင်မြတ်သာက
“ မကြာခင် မင်းသိပါလိမ့်မယ် အခုတော့ အိမ်ကလူတွေကို ခေါ်လိုက်ပါဦး”
မိန်းမပျိုလဲ အိမ်တံခါးကိုထုပြီး အိမ်သားတွေကိုအော်ခေါ်လိုက်တဲ့အချိန် ခုနကဘေးမှာ ရှိနေတဲ့အောင်မြတ်သာက ပျောက်ချင်းမလှပျောက်ကွယ်သွားခဲ့တယ်။
နောက်တစ်နေ့မနက်ရောက်တော့ သူကြီးအိမ်မှာတည်းနေကြတဲ့ လူငယ်သုံးယောက်ကို မတွေ့ရတော့ပဲ ထွန်းသာမိဘတွေနဲ့မိန်းမပျိုရဲ့ အိမ်ရှေ့မှာ စက္ကူနဲ့ ထုပ်ထားတဲ့ ငွေသားအချို့ ကိုသာတွေ့လိုက်ရတယ်။ ထုပ်ထားတဲ့စက္ကူကို ဖြန့်ကြည့်လိုက်တဲ့အခါ အထဲမှာ
“ ထွန်းသာကို ရည်စူးပြီးအလှူလုပ်တဲ့အခါ ရွာပြင်က စောင်းလျားပင်အောက်ကနေ သူ့ကိုခေါ်ပြီးအမျှဝေပါ”ဆိုပြီးရေးထားတာတွေ့လိုက်ရတယ်။
ဒီစာကိုတော့ ဘယ်သူတွေရေးခဲ့တယ်ဆိုတာ စာဖတ်သူတွေသိလောက်ပြီ ထင်ပါတယ်။
နောက်ဝတ္တုမှာတော့ ဘုရားတည်တဲ့အခါ လိုအပ်တဲ့ ဌာပနာပစ္စည်းတွေကို လိုက်ရှာပေးတတ်တဲ့လူငယ်တစ်ယောက်အကြောင်းကို စာဖတ်သူတွေဖတ်ရှုရမှာဖြစ်ပါတယ်။ ဝတ္တုနာမည်က အောင်မြတ်သာနှင့်ဌာပနာမျက်လုံးတဲ့။

လေးစားစွာဖြင့်
ဇေယန(ရာမည)

#ညမဖတ်ရ