အောင်မြတ်သာနှင့်ဖိုးသူတော်သိုက်(စ/ဆုံး)

Unicode Version

အောင်မြတ်သာနှင့်ဖိုးသူတော်သိုက်(စ/ဆုံး)
————————————————–
” တောင်ကုန်းကျောင်း”
နာမည်နဲ့လိုက်အောင် ကုန်းမြင့်တစ်ခုပေါ်မှာတည်ထားတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းဖြစ်သလို ဘုန်းကြီးကျောင်းအနောက်ဘက်မှာတော့ တောင်ကုန်းစေတီတစ်ဆူတည်ရှိခဲ့တယ်။
ဘုန်းကြီးကျောင်းရဲ့အရှေ့ဘက်မှာတော့ လူနေရပ်ကွက်တစ်ခုရှိပြီး အခြေခံလူတန်းစားတွေအများစုနေထိုင်ခဲ့ကြတယ်။ တောင်ကုန်းဆရာတော်ဥူးဝေပုလ္လလာပြီဟေ့ဆိုရင် ဘယ်လောက်ဆိုးသွမ်းပြီးဆဲဆိုနေတဲ့သူဖြစ်ပါစေ တွေ့ရာချောင်ကိုဝင်ပြီးပုန်းပေတော့၊ မပုန်းဘူးဆိုရင် ဆရာတော်ရဲ့လက်စွဲတော်တောင်ဝှေးက ဦးခေါင်းထက်ကို ဒေါက်ခနဲရောက်လာတတ်လို့ပဲ။
အခုလဲ ဆိုးပေတို့ကလေးတစ်စု ဆရာတော်ကျောင်းမှာ မွေးထားတဲ့ ကြက်ကိုခိုးဖို့ ကြခတ်ရုံအောက်မှာ ပုန်းနေခဲ့ကြတယ်။ ဆရာတော်က ညနေဘက်ဆိုရင် လမ်းလျောက်ထွက်တတ်တာမို့ ဆရာတော်လစ်တာကို ခြင်ကိုက်ခံကာစောင့်နေခဲ့ကြတယ်။
” ဆိုးပေ… ဆရာတော် ကျောင်းအောက်ဆင်းလာပြီကွ”
သံဒိုးရဲ့စကားကြောင့် ပါလာတဲ့သူတွေက ကြခတ်ရုံအနောက်မှာ မလှုပ်မယှက်ဝပ်နေလိုက်ကြတယ်။
ဆရာတော် ကျောင်းပြင်ပကိုရောက်ပီဆိုတာနဲ့ ခြုံတွေကိုအကာအကွယ်ယူပြီး ဆရာတော်မွေးထားတဲ့ ကြက်တွေအနားကိုတိုးကပ်လာခဲ့ကြတယ်။ ညနေ နေဝင်ရီတရောအချိန်ရောက်နေပြီမို့ အိပ်တန်းတက်နေကြတဲ့ ကြက်တွေက မင်းဂွတ်ပင်ပေါ်မှာ အစီအရီ။
သံဒိုးက အိပ်တန်းတက်နေကြတဲ့ အပင်အောက်ကို ခြေသံလုံလုံနဲ့ကပ်သွားပြီး ရေစွတ်ထားတဲ့လုံချည်ကို လက်မှာခပ်တင်းတင်းကိုင်ထားလိုက်တယ်။
” အွတ်… ဂွတ်… ”
” ဖလပ် ဖလပ်”
မျက်စိတစ်မှိတ်မှ တကယ်မျက်စိတစ်မှိတ်။
တောင်ပံခတ်သံတစ်ချက်သာကြားလိုက်ရတဲ့အချိန်တွင်း သံဒိုးရဲ့လက်ထဲက လုံချည်ထဲမှာ ဆူဖြိုးနေတဲ့ကြက်တစ်ကောင်ပါလာခဲ့တယ်။
သံဒိုးဆိုတာက ကြက်ခိုးတဲ့နေရာမှာဆရာတစ်ဆူ၊ ဘယ်လောက်ဖမ်းရခက်တဲ့ကြက်ဖြစ်ပါစေ သံဒိုး ခိုးရင် အော်သံတစ်ချက်မှမထွက်ပဲ ပါလာစမြဲ။
အခုလဲ လုံချည်နဲ့ပတ်ထားတဲ့ကြက်ကိုယူပြီး မှင်မပျက် ဘုန်းကြီးကျောင်းထဲကနေ ပြန်ထွက်လာခဲ့လိုက်တယ်။
++++++
” ဒေါင် ဒေါင် ဒေါင် ဒေါင်”
မီးကင်းတဲကနေ ထွက်လာတဲ့သံချောင်းခေါက်သံကြောင့် ဒေါ်မေခင်တစ်ယောက် ကောက်ညှင်း‌ထုပ်လုပ်မယ့် ဖက်တွေကို ရေဆေးပြီး အိမ်နောက်ဘေးက စင်ပေါ်မှာနေရာချနေလိုက်တယ်။
” ဖလပ် ဖလပ်…”
အိမ်နောက်ဘေး ဘူးခြံကနေ ကြားလိုက်ရတဲ့အသံကြောင့် လက်ထဲကိုင်ထားတဲ့ ဓါတ်မီးနဲ့ထိုးကြည့်လိုက်ပေမယ့် ဘာမှမတွေ့ရတာကြောင့် ကောက်ညှင်းကိုရေစိမ်ပြီး အိမ်ထဲပြန်ဝင်ဖို့ဟန်ပြင်ပီးကာမှ တစ်လုံးထဲသီးနေတဲ့ ဘူးသီးကိုစိတ်မချဟန်နဲ့ လက်ထဲကဓါတ်မီးနဲ့ လှမ်းထိုးကာကြည့်လိုက်တယ်။
တစ်တောင်သာသာရှိတဲ့ ဘူသီးကြီးက ဓါတ်မီးအလင်းအောက်မှာ ဝင်းခနဲမြင်လိုက်ရတာကြောင့် စိတ်အေးသွားပြီး အိမ်ထဲကိုဝင်လာခဲ့လိုက်တယ်။
ဒေါ်မေခင် အိမ်ထဲရောက်တာနဲ့ ခြံစည်းရိုးအပြင်ကအမှောင်ထုထဲမှာအသင့်စောင့်နေကြတဲ့ လူနှစ်ယောက်က တိုင်ပင်ထားခြင်းမရှိပဲ ခြံစည်းရိုးကိုလွှားခနဲခုန်ကျော်လာခဲ့ကြတယ်။
များမကြာမီအချိန်အတွင်း ကင်းတဲဘက်ကနေ မွှေးပျံ့တဲ့ဟင်းနံ့က လေအဝှေ့နဲ့အတူ ထွက်ပေါ်လာခဲ့တယ်။
+++++++++
” တုံ တုံ တုံ တုံ”
အုန်းမောင်းသံထွက်လာပြီးမကြာခင်မှာ ဆရာတော်က ကျက်သရေတိုက်ထဲကနေ သင်္ကန်းရုံပြီးထွက်လာခဲ့တယ်။ ဆွမ်းစားကျောင်းကိုရောက်တော့ အသင့်ပြင်ထားတဲ့ဆွမ်းကိုဘုန်းပေးပြီး အချိုပွဲသုံးဆောင်နေတဲ့အချိန်
” ဘုန်းဘုန်း ဘုရားကို တပည့်တော် လျောက်တင်စရာရှိလို့ပါ”
” အေ.. ဘာလျောက်တင်ချင်တာလဲ ပြော”
ဆရာတော်က စကားကိုခပ်ပြတ်ပြတ်ပြောတတ်တာမို့ ဒေါ်မေခင်တစ်ယောက် ကိုယ်ကိုကျုံ့လိုက်ပြီး
” တပည့်တော်အိမ်က ဘူးသီးတစ်လုံးညကပျောက်သွားလို့ဘုရား… အဲဒီဘူးသီးကို မနက်ကျရင် ဆရာတော်ဘုရားကိုဆွမ်းချက်ကပ်မလို့ ရည်းစူးထားတာ အခုတော့ တပည့်တော်ရည်မှန်းချက်တွေ မပြည့်တော့ဘူးဘုရား…”
” ဟဲ့ ခင်မေ… နင် ဘူးသီးပျောက်တာ သေချာလား”
” သေချာပါတယ် ဘုရား… တပည့်တော် မအိပ်ခင်ကတောင် သေချာကြည့်လိုက်ပါသေးတယ်”
ဆရာတော်က ဒေါ်ခင်မေစကားကိုနားထောင်ပြီးတာနဲ့ တိုက်အုပ်ဆရာတော်ကိုခေါ်ကာ
” မနေ့ညက မီးကင်းတာဝန်ကျတာဘယ်သူတွေလဲ”
” ဆိုးပေတို့အဖွဲ့လို့ကြားတယ်ဘုရား”
” အဲဒီကောင်တွေအကုန်လုံး ငါ့ဆီခေါ်လာခဲ့… နောက်ပြီး ကျက်သရေတိုက်ထဲက ထားဝယ်ကြိမ်ကိုပါ ထုတ်လာခဲ့”
ဆရာတော်က လက်ဆေးနေရင်း ပြောလိုက်တာကြောင့် တိုက်အုပ်ဆရာတော်လဲ ကျောင်းအောက်ကိုဆင်းသွားပြီး ကပ္ပိယကိုအကျိုးကြောင်းပြောကာ ဆိုးပေတို့အုပ်စုကိုဆင့်ခေါ်ခိုင်းခဲ့တယ်။
မကြာခင် ထားဝယ်ကြိမ်နှစ်လုံးပြူးကို လက်မှာကိုင်ကာ လေထဲကိုတရွှမ်းရွှမ်းရိုက်နေတဲ့ ဆရာတော်ကို ဒေါ်မေခင်တစ်ယောက်မြင်လိုက်ရတယ်။
++++
” မင်းတို့ထဲက ဘူးသီးခိုးတဲ့ကောင်ဘယ်သူလဲ”
ဆရာတော်ရဲ့ အသံက ဘုရား‌ခန်းတစ်ခုလုံးဟိန်းထွက်သွားခဲ့တယ်။
” တပည့်တော်တို့ မသိ..မသိပါဘူးဘုရား”
” မသိဘူးဟုတ်လား… ဖိုးထိန် မနက်ကငါယူလာတဲ့ အထုပ်ယူလာစမ်း”
ဆရာတော်စကားကြောင့် ကပ္ပိယကြီးက ပလပ်စတစ်အိတ်နဲ့ထုပ်ထားတဲ့အထုပ်တစ်ခုကိုယူလာခဲ့တယ်။
” ဟေ့ကောင်တွေ ဖွင့်ကြည့်စမ်း… ”
ဆိုးပေတို့လဲ သူတို့ရှေ့ရောက်လာတဲ့ အထုပ်ကိုဖွင့်ကြည့်လိုက်ရာ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ ကြက်မွှေးတွေနဲ့ ဘူးသီးခွံတွေကိုမြင်လိုက်ရတယ်။
” ဒါတွေက ဘာတွေလဲ…”
” ဟို ဟို ကြက်မွှေးနဲ့ ဘူးသီးခွံတွေပါဘုရား”
” အေး… မင်းတို့က ယောင်္ကျားဟုတ်တယ်မလား”
” ဟုတ် ဟုတ်ပါတယ်ဘုရား”
” အေး… ယောင်္ကျားဆို ကိုယ်လုပ်ရင် ကိုယ်ခံရဲရမယ်… ပြောစမ်း မင်းတို့ မနေ့က ဒေါ်မေခင်အိမ်က ဘူးသီးခိုးခဲ့လား မခိုးခဲ့ဘူးလား”
အားလုံး အသံမထွက်ပဲ ခေါင်းငိုက်စိုက်ကျနေခဲ့တယ်။
” ဟေ့ကောင်တွေ ငါမေးနေတယ်လေ”
” ခိုး ခိုးမိပါတယ်ဘုရား… ”
” အေး… မင်းတို့ကောင်တွေ ငါမွေးထားတဲ့ကြက်ကိုလဲခိုးပီးသတ်စားကြသလို သူများအိမ်ကဘူးသီးကိုလဲ ခိုးပြီးစားကြတယ်… မင်းတို့အပြစ်မင်းတို့သိလား”
” သိ သိပါတယ်”
” သိရင် တိုင်ကိုဖက်ထားကြစမ်း”
ဆရာတော်စကားကြောင့် ဆိုးပေတို့အဖွဲ့လဲ ကျွန်းတိုင်တွေကိုဖက်ပြီး အံကိုကြိတ်ထားလိုက်ကြတယ်။
မကြာခင် ထားဝယ်ကြိမ်သံ တရွှမ်းရွှမ်းနဲ့အတူ နာကျင်စွာအော်လိုက်တဲ့အသံတွေထွက်ပေါ်လာခဲ့တယ်။
ဒေါ်မေခင်ကတော့ ဆိုးပေတို့အဖွဲ့ ရိုက်ခံထိတာကို အရသာခံကြည့်ပြီး စိတ်ကျေနပ်သွားတဲ့ဟန်နဲ့ ဆရာတော်ကိုဦးချကာပြန်သွားခဲ့တယ်။
” ဟိုကောင်တွေ … မင်းတို့အပြစ်က ဒီလောက်နဲ့မပီးသေးဘူး…. သီလရှင်ကျောင်းဟောင်းဘက်မှာခြုံတွေများနေတာမြင်တယ်မဟုတ်လား… အကုန်လုံးပြောင်အောင်ရှင်းပီးမှ ပြန်ရမယ်ကြားလား”
ဆိုးပေတို့လဲ ဆရာတော်စကားကို မလွန်ဆန်နိုင်ပဲ ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ လိုအပ်တဲ့ပစ္စည်းတွေထုတ်ဖို့ ကပ္ပိယကြီးနောက်ကိုလိုက်သွားခဲ့ကြတယ်။
” ကပ္ပိယကြီး… ”
” ဟေ .. ဘာတုန်း”
” ဆရာတော်က ဒီအမှိုက်ထုပ်ကိုဘယ်ကနေရသွားတာလဲ”
” ဒါတော့ ငါလဲဘယ်သိမလဲ… မင်းတို့သိချင်ရင် ဆရာတော်ကိုသွားမေးပေါ့ကွ”
” ဒါနဲ့လေ…. သီလရှင်ကျောင်းဟောင်းဘက်မှာ သရဲခြောက်တယ်ဆိုတာ တကယ်ပဲလား”
” ဟီးဟီး… မင်းတို့အခုသွားတဲ့အခါ သရဲခြောက်မခြောက် သေချာသိရမှာပေါ့ ”
ဆိုးပေတို့အဖွဲ့လဲ ထော့နဲ့ထော့နဲ့ နဲ့ ပေါက်တူးနဲ့ ဓါးမတွေကိုယူပြီး သီလရှင်ကျောင်းဟောင်းရှိတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။
++++++
ရှေးဟောင်းတိုက်ကျောင်းတစ်လုံးဘေးမှာတော့ ထူထပ်နေတဲ့ခြုံနွယ်တွေက လူတစ်ရပ်ခန့်အထိမြင့်တက်နေတာကြောင့် ပါလာတဲ့ ပစ္စည်းတွေနဲ့ တစ်နာရီလောက်ခုတ်ထွင်ခဲ့ကြရတယ်။
” ငါ့လခွမ်းထဲမှ … မောလိုက်တာကွာ”
ဆိုးပေက လက်ထဲကပေါက်တူးကိုပစ်ချပြီး ညဉ်းတွားလိုက်တဲ့အချိန် တိုက်ကျောင်းထဲကနေ ရယ်သံသဲ့သဲ့အချို့ထွက်ပေါ်လာခဲ့တယ်။
” ဘယ်ကောင်ရယ်လိုက်တာလဲကွ…ဟေ့ကောင် သံဒိုး မင်းလား…”
” မင့်မေကလွှား… ငါ့ဘာသာ ခြုံရှင်းနေတာ မင်းကိုဘာလို့ရယ်ရမှာလဲ”
” ဒါဆို ကျောက်လုံးနဲ့ စောမောင်လား”
” ဟေ့ကောင် ဆိုးပေ… မင်းမရစ်နေနဲ့…. ငါတို့က ရယ်ဖို့နေနေသာသာ အသက်တောင်မနည်းရှူနေရတာကွ၊ မကြာခင် မိုးကလဲချုပ်တော့မယ်… စကားမများနဲ့ လုပ်စရာရှိတာလုပ်ကွာ”
ဆိုးပေလဲ စိတ်ထဲအောင့်သက်သက်နဲ့ ပေါက်တူးကိုပြန်ကိုင်ပြီး ခြုံတောထဲကို အားကုန်လွှဲပေါက်လိုက်တဲ့အချိန် တိုက်ကျောင်းပေါ်ကနေ တချွင်ချွင်နဲ့လိမ့်ကျလာတဲ့ ငွေအ‌ကြွေစေ့အချို့ကိုမြင်လိုက်ရတယ်။
” ဟေ့ကောင်တွေ… ဒီမှာလာကြည့်စမ်း… ပိုက်ဆံတွေကွ..”
” အေး .. ဟုတ်တယ် ငွေအကြွေတွေပါလား… ဘယ်ကကျလာတာလဲ”
” ကျောင်းပျက်ပေါ်ကနေ လိမ့်ကျလာတာဖြစ်မယ်၊ ဘယ်ကကျကျကွာ အကုန်သာကောက်ကြ”
ဆိုးပေက ပေါက်တူးကိုပစ်ချပီး ငွေအကြွေစေ့တွေကို လိုက်ကောက်နေခဲ့ရာ နောက်ဆုံးအ‌ကြွေစေ့ဆီအရောက်မှာတော့ ခြုံတောထဲမှာရပ်နေတဲ့ ဖြူဖြူဖွေးဖွေးခြေထောက်တစ်စုံကိုမြင်လိုက်ရတယ်။
တစ်ထွာနီးပါးလောက်ရှိတဲ့ ခြေထောက်ကိုမြင်တော့ ဆိုးပေက အပေါ်ကိုမော့ကြည့်လိုက်ရာ ပိတ်ဖြူစကိုကိုယ်မှာပတ်ထားပြီး သူ့ကိုငုံ့ကြည့်နေတဲ့ ဖိုးသူတော်တစ်ပါးက်ုမြင်လိုက်ရတယ်။
လူနှစ်ရပ်လောက်မြင့်တဲ့ ဖိုးသူတော်က ဆိုးပေကိုမြင်တော့ ပိုးစားနေတဲ့သွားတွေပေါ်အောင်ရယ်ပြလိုက်ရာ..
” အမလေး… သရဲ သရဲ သရဲ….”ဆိုတဲ့အသံနဲ့အတူ ဆိုးပေတစ်ယောက် ပုဆိုးကိုကွင်းသိုင်းကာ ထွက်ပြေးပါလေရော။
ဆိုးပေပြေးတော့ ကျန်တဲ့သူတွေလဲ ဘုမသိဘမသိနဲ့ အနောက်ကလိုက်ပြေးခဲ့ကြတယ်။ ဘုန်းကြီးကျောင်းရှေ့ရောက်တော့ ငယ်သံပါအောင်အော်ပြီးပြေးလာတဲ့ဆိုးပေတို့ဆီကို ဆရာတော်ကြွလာပြီး
” ဟိုကောင်တွေ… ဘယ်လိုဖြစ်ကြတာလဲ”
” ကျောင်းတိုက်အပျက်နားမှာ ကျောင်းတိုက်အပျက်နားမှာ ဖိုးသူတော်တစ်ပါးကိုမြင်လို့ ထွက်ပြေးလာတာ…
ဘုရား”
” ဟုတ်လား… သူက မင်းတို့ကို ဘာတွေပေးလိုက်သေးလဲ”
” ဘယ်သူပေးလဲတော့မသိဘူး… ငွေအကြွေစေ့တွေတော့ရလာတယ်ဘုရား”
” အေး… ရလာရင် ယူလိုက်ကြ… နောက်တစ်ခါ သူများပစ္စည်းခိုးလို့ကတော့ ကျောင်းတိုက်ပျက်ထဲမှာ ပိတ်ထားမယ်… ကြားလား”
” မလုပ်ရဲတော့ပါဘူးဘုရား…. တပည့်တော်တို့ကြောက်ပါပြီ”
” အေးအေး… ကျောင်းပေါ်မှာ ငှက်ပျောသီးတွေရှိတယ်… တစ်ယောက်တစ်ဖီးယူသွားကြ”
ဆရာတော်က ဆိုးပေတို့အဖွဲ့ကို ငှက်ပျောသီးတစ်ဖီးစီပေးကာပေးပြန်လိုက်တယ်။
ဆိုးပေတို့ ဖိုးသူတော်တစ္ဆေနဲ့တွေ့ပြီး ငွေအကြွေစေ့တွေရလာတယ်ဆိုတဲ့သတင်းက ရပ်ကွက်ထဲကို ညတွင်းချင်းပြန့်သွားခဲ့တယ်။ ဆိုးပေတို့ပြောတာကိုယုံတဲ့သူရှိသလို အချို့တွေကတော့ ပေါက်ကရပြောတယ်ဆိုပြီးမယုံကြတဲ့သူတွေလဲရှိခဲ့တယ်။
++++++
” ‌ဟေ့ကောင် … သက်ဦး… မင်းကရော ဆိုးပေတို့ပြောတာယုံလား”
” ငါကြားဖူးတာတော့ အဲဒီတိုက်ပျက်က အရင်တုန်းက သီလရှင်တွေနေတာတဲ့၊ တစ်နေ့မှာတော့ သီလရှင်တစ်ပါး ကြိုးဆွဲချသေသွားတာကနေ မကျွတ်လွတ်ပဲ ခြောက်လှန့်လို့ ဘယ်သူမှမနေရဲတာလို့ကြားဖူးတယ်”
” ငါလဲ မင်းပြောသလိုကြားဖူးတယ်… ဒါပေမယ့် ဆိုးပေတို့က ဖိုးသူတော်လို့ပြောနေတဲ့အပြင် ငွေတွေပါရလာတယ်လို့ပြောနေတော့ သိပ်ပြီးမသင်္ကာချင်ဘူး”
” မသင်္ကာရင် မင်းက ဘာလုပ်ချင်လို့လဲ… ‌တိုက်ပျက်ထဲသွားကြည့်မလို့လား ဟားဟား”
” အောင်မာ… မင်းက ငါမသွားရဲဘူးထင်နေတာလား… ”
” သွားရဲရင်သွားလေ… မင်းသွားရဲရင် တစ်ပတ်လုံး မင်းကိုအရက်တိုက်မယ်”
” ဟက်ဟက်… အရက်ရော အမြည်းပါ မင်းတာဝန်ယူရမယ် ဘယ်လိုလဲ”
” အိုကေလေ… သဘောတူတယ်… ဒါပေမယ့် မင်းသွားတာသေချာအောင် ကျောင်းပျက်ထဲက ဘုရားဆင်းတုကိုယူလာခဲ့ရမယ်”
” ဘာဆင်းတုလဲကွ”
” အဲဒီကျောင်းပျက်ထဲမှာ စကျင်ကျောက်နဲ့ထုထားတဲ့ ဘုရားတစ်ဆူရှိတယ်၊ ဆင်းတုဆိုပေမယ့် လက်တစ်ဖက်ကကျိုးနေတာကြောင့် ဘယ်သူမှမယူပဲ ဒီတိုင်ထားထားတာ၊ မင်းအနေနဲ့ အဲဒီဆင်းတုကိုယူလာနိုင်ရင် ပြောထားတဲ့အတိုင်း ဒကာခံမယ်ကွာ”
” မင်းက ကျောင်းပျက်ထဲမှာဆင်းတုရှိတာ ဘယ်လိုသိတာလဲ”
” လွန်ခဲ့တဲ့ တစ်ပတ်လောက်က ဆရာတော်နဲ့အတူ ကျောင်းတိုက်ပျက်ထဲကိုလိုက်သွားဖူးလို့သိတာပါကွာ…”
” ကောင်းပြီလေ… ခဏနေ ငါပြန်လာမယ် .. မင်းသာကတိတည်ပါစေ”
မောင်စိုးက သက်ဦးပခုံးကို ပုတ်လိုက်ပြီး အရက်ခွက်ထဲက လက်ကျန်ကိုတစ်ကျိုက်ထဲမော့ချကာ ဘုန်းကြီးကျောင်းဘက်ကိုထွက်သွားခဲ့တယ်။
+++++
” ကျစ် ကျစ် ကျစ် ကျစ်”
ပုရစ်‌တွေရဲ့အော်သံက တိတ်ဆိတ်နေတဲ့ဘုန်းကြီးကျောင်းဝင်းထဲကနေ ဆူညံစွာထွက်ပေါ်နေခဲ့သလို တောကြောင်အချို့ရဲ့ မာန်ဖီသံကလဲ ကျောင်းအနောက်ဘက်ခြုံတွေထဲကနေ တစ်ချက်တစ်ချက် ထွက်ပေါ်‌နေခဲ့တယ်။
မောင်စိုးလဲ ဘုန်းကြီးကျောင်းအနောက်ဘက်အုတ်တံတိုင်းနားရောက်တော့ ဖိနပ်ကို ပုဆိုးကြားထဲထိုးပြီး အနားမှာရှိတဲ့သစ်ကိုင်းကိုအားယူကာ အုတ်တံတိုင်းပေါ်ကိုခုန်ကျော်လိုက်တယ်။
” ချွတ် ချွတ် ဂျွတ်”
သစ်ကိုင်းခြောက်တွေနင်းမိပြီးထွက်လာတဲ့အသံကြောင့် မောင်စိုးအနောက်လှည့်ကြည့်လိုက်ရာ ပုတီးစိပ်ကိုလက်မှာကိုင်ကာ စင်္ကြန်လျောက်နေတဲ့ ဆရာတော်ကိုဖူးမြင်လိုက်ရတယ်။
” မောင်စိုး… မင်း မကြံကောင်းမစည်ရာတွေ လုပ်မလို့လား”
” အရှင်ဘုရား… တပည့်တော် ဟိုလေ ဟို”
” အခုချက်ချင်း ပြန်တော့… နောက်ထပ် ဒီလိုဖြစ်ရပ်မျိုးထပ်လုပ်ရင်တော့ ငါလဲကယ်နိုင်မှာမဟုတ်ဘူး”
မောင်စိုးလဲ ဆရာတော်ကို ဦးချပြီး လာရာလမ်းအတိုင်းပြန်ထွက်သွားခဲ့တယ်။
++++++
ကျောင်းပေါ်ရောက်တော့ ဆရာတော်က ဘုရားရှိခိုး၊ မေတ္တာပို့ပြီး အမျှဝေနေတဲ့ချိန် အနောက်ဘက်လှေကားကနေ ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့တက်လာတဲ့ခြေသံကိုကြားလိုက်ရတယ်။
ခြေသံက ကျောင်းပေါ်လဲရောက်ရော ငြိမ်သက်သွားတာကြောင့် အနောက်လှည့်ကြည့်လိုက်ရာ စိတ်ဆိုးဒေါသထွက်နေတဲ့ ဖိုးသူတော်တစ်ပါးကိုမြင်လိုက်ရတယ်။
” ဟဲ့ မောင်သူတော်…. ဘယ်လိုကြောင့် စိတ်ဆိုးမာန်ဆိုးဖြစ်နေရတာလဲ”
” လူတွေ မကောင်းဘူး ဘုရား… တပည့်တော်တို့သည်းခံနေတာကိုအခွင့်ကောင်းယူကြတယ်…”
” ဘာတွေဖြစ်ကြတာလဲ… ပြောပါဦး”
” တပည့်တော်တို့ ဆရာတော်ဆုံးမစကားကို အမြဲနားထောင်ခဲ့ပါတယ်… ဒီတစ်ခါတော့ နားမထောင်နိုင်တာ ခွင့်လွှတ်ပေးပါ”
ဖိုးသူတော်က စကားဆုံးတာနဲ့ ချာခနဲလှည့်ထွက်ပြီး အနောက်ပေါက်ကနေ ပြန်ဆင်းသွားခဲ့တယ်။
ဆရာတော်လဲ တစ်ခုခုထူးပီဆိုတာသိတာကြောင့် ကပ္ပိယနဲ့ တိုက်အုပ်ဆရာတော်ကို‌အမြန်ခေါ်ပီး ကျောင်းအနှံ့လိုက်ကြည့်ရာ တိုက်ပျက်လှေကားရင်းမှာ အမြုပ်တစီစီထွက်ကာသေဆုံးနေတဲ့ မောင်စိုးကိုမြင်လိုက်ရတယ်။
” ငါဒီလောက် တားနေတဲ့ကြားထဲက ဒီငမိုက်သား လုပ်ဖြစ်အောင်လုပ်ခဲ့သေးတာကိုး… “လို့ရေရွတ်ကာ ကျောင်းပေါ်ကိုပြန်တက်လာခဲ့လိုက်တယ်။
မောင်စိုးသေပြီးလို့ ရက်လည်တဲ့နေ့မှာပဲ သက်ဦးတစ်ယောက် ကောက်ကာငင်ကာ သွေးအန်ပြီးသေပါလေရော။ သူမသေခင်အချိန်မှာတော့ ဖိုးသူတော်တွေ သူ့ကို ရိုက်နေပါတယ်ဆိုပြီးအော်ဟစ်သွားခဲ့တယ်ဆိုတဲ့အကြောင်းကို မိသားစုတွေထံကနေတစ်ဆင့်ကြားသိခဲ့ရတယ်။
မောင်စိုးနဲ့သက်ဦးတို့နှစ်ယောက် သေပြီးတဲ့နောက်မှာတော့ ဘုန်းကြီးကျောင်းထဲက တိုက်ပျက်နားကို ဘယ်သူမှမသွားရဲတော့ပေ။ ဆရာတော်ကလဲ ဒီကိစ္စတွေဖြစ်ပြီးတဲ့ချိန်ကစလို့ အပြင်ကိုမထွက်တော့ပဲ အခန်းထဲမှာပဲနေထိုင်ခဲ့သလို ကျောင်းနဲ့ပတ်သတ်တဲ့ကိစ္စအ၀၀ကိုလဲ တိုက်အုပ်ဆရာတော်ထံကိုသာအပ်နှံထားခဲ့လိုက်တယ်။
++++++
လေးလခန့်အကြာ…
ဆွမ်းစားဆောင်ပေါ်ကို တက်လာတဲ့ ကိုရင်ကြီးတစ်ပါး၊ သူ့အနောက်မှာတော့ ညစ်ပတ်ပေရေနေတဲ့ အဝတ်အစားတွေဝတ်ဆင်ထားတဲ့ ဆယ်ကျော်သက်အရွယ်ကလေးနှစ်ယောက်ပါလာခဲ့တယ်။
ကိုရင်ကြီးက ဆွမ်းဘုန်းနေတဲ့ ဆရာတော်ကို ဦးချလိုက်ပြီး
” ဆရာတော် ကျန်းမာပါရဲ့လား”
” အိမ်း ကျန်းမာပါတယ်… ဒါနဲ့ ဒီကလေးတွေက ဘယ်သူတွေလဲ”
” တပည့်တော်ရွာက ကလေးတွေပါဘုရား… ကလေးမိဘတွေက လွန်ခဲ့တဲ့လက ဆုံးပါးသွားခဲ့တာမို့ ကူရာကယ်ရာမဲ့နေတဲ့ ကလေးနှစ်ယောက်ကို တပည့်တော်ခေါ်လာခဲ့တာပါ”
” အင်း… မင်းကရော ဒီမှာပဲ နေမလို့လား”
” တပည့်တော် စာဝါလိုက်ရင်း ဆရာတော်ကျောင်းမှာ နေပါ့မယ်.. ကလေးတွေကိုလဲ ဒီကျောင်းမှာ ကျောင်းသားအဖြစ်လက်ခံပေးပါဘုရား”
” မင်းအဆင်ပြေတယ်ဆိုပြီးတာပါပဲ… တိုက်အုပ်ဆရာတော်ကိုပြောပြီး နေကြပေါ့”
ဆရာတော်က စကားကိုလိုတိုရှင်းပြောပြီး ကျက်သရေတိုက်ထဲကိုပြန်ကြွသွားခဲ့တယ်။
+++++++
” မောင်လုံး … မောင်ပြား…. ဟာ ဒီနှစ်ကောင် ဘယ်သွားနေကြလဲမသိပါဘူး”
ကပ္ပိယကြီးအော်သံကြောင့် တစ်ကိုယ်လုံးဖုန်တွေ တလူးလူးထနေတဲ့ ကျောင်းသားနှစ်ယောက် ပြေးလာပြီး
” ဦးလေး…. ဘာခိုင်းမလို့လဲ”
” မင်းတို့ကို ထင်းတွေစီခိုင်းထားတာ လုပ်ပီးပီလား”
” လုပ်ပီးပီလေ…”
” လုပ်ပီးရင်လဲပြီးရော… မင်းတို့နှစ်ကောင် ဆော့ရင် ဒီနားမှာပဲဆော့ ကြားလား”
” ဟုတ်ကဲ့ ဦးလေး”
မောင်လုံးနဲ့ မောင်ပြားက ကပ္ပိယကြီးစကားကို ခေါင်းတညိမ့်ညိမ့်လုပ်ပြီး ကစားဖို့ထွက်သွားခဲ့ကြတယ်။
+++++
” သူတော် မင်း မညစ်နဲ့ကွာ… ဒီ သားရေကွင်းက စည်းနဲ့မထိဘူးလေ”
” အေးလေကွာ… မင်းက ညစ်တာပဲ”
မောင်လုံးနဲ့ မောင်ပြားကစားနေရင်း ပြောလိုက်တဲ့စကားကြောင့် အိပ်ပျော်လုဆဲဆဲဖြစ်နေတဲ့ကပ္ပိယကြီး ခေါင်း‌ထောင်လာပြီး အသံကြားတဲ့ဘက်ကို ထွက်လာခဲ့လိုက်တယ်။
” ဟင်… ဒီနှစ်ကောင် ဘယ်သူနဲ့စကားပြောနေတာပါလိမ့်… မဟုတ်မှလွဲရော…”
ကပ္ပိယကြီးက ကစားနေရင်း နှစ်ယောက်အပြိုင်ငြင်းခုံနေတာကိုမြင်တော့ စိတ်ထဲထင့်သွားပြီး
” ဟိုနှစ်ကောင်…. ဒီကိုလာစမ်း….”
” ဗျာ ဦးလေး… ”
” မင်းတို့ ဘယ်သူနဲ့ဆော့နေတာလဲ”
” ဖိုးသူတော်တွေနဲ့ဆော့နေတာလေ… ဘာဖြစ်လို့လဲ ဦးလေး”
” ဘယ်က ဖိုးသူတော်တွေလဲကွ… ငါလဲမတွေ့မိပါဘူး”
” သူတို့က တောင်ကုန်းစေတီအနောက်ဘက်က ဘုန်းကြီးကျောင်းမှာနေတယ်လို့ပြောတယ်… ဒီသူတော်တွေ အငြင်းသန်တယ် ဦးလေးရာ”
” နောက်တစ်ခါ သူတို့နဲ့မဆော့နဲ့ကြားလား… ”
” ဘာဖြစ်လို့လဲ ဦးလေးရ”
” ငါကမဆော့နဲ့ဆို မဆော့နဲ့ပေါ့ကွ… နှစ်ကောင်လုံး ကျောင်းပေါ်လိုက်ခဲ့”
ကပ္ပိယကြီးစကားကြောင့် ကျောင်းသားနှစ်ယောက်က စေတီဘက်ကို လှည့်ကြည့်ပြီး လက်ပြနှုတ်ဆက်ကာ လိုက်လာခဲ့ကြတယ်။
++++
” ဟေ့ကောင်တွေ ထစမ်း… ထစမ်း…”
ခြေထောက်ကို လှုပ်နှိုးတာကြောင့် မောင်လုံးနဲ့မောင်ပြားနှစ်ယောက်လန့်နိုးလာခဲ့ကြတယ်။
” ဟာ… သူတော်.. ပါလား”
” မင်းတို့ ဘာလို့မလာတော့တာလဲ… ငါတို့ကစောင့်နေတာ”
” ကပ္ပိယကြီးမလွှတ်လို့ကွ… ဒါနဲ့ ညဘက်ကြီး မင်းတို့ ဘယ်လိုရောက်လာကြတာလဲ”
” ဒီနေ့ ဆရာတော် မရှိဘူးလေ… ဒါကြောင့် မင်းတို့ကိုလာခေါ်တာ… ဟိုမှာ ကစားဖို့စောင့်နေကြပြီ”
မောင်လုံးနဲ့မောင်ပြားလဲ ကစားရမယ်ဆိုတာနဲ့ အိပ်နေရာကနေထပြီး သားရေကွင်းထုပ်ကိုယူကာ အနောက်ကလိုက်သွားခဲ့ကြတယ်။
+++++++
” မောင်လုံးရေ… မောင်ပြားရေ”
” ကပ္ပိယကြီး ရှာတွေ့ပီလား”
” မတွေ့သေးဘူး ကိုရင်ကြီး… ဒီကောင်တွေ ဘယ်သွားကြမှန်းမသိပါဘူး”
” ကလေးတွေက ဒီရောက်တာ မကြာသေးတော့ အပြင်တော့သွားမှာမဟုတ်ဘူး… တစ်နေရာရာမှာများအိပ်နေကြတာလားမသိပါဘူး”
” စေတီဘက်မှာရော ရှာပီးပီလား”
” အဲဒီဘက်ကျန်သေးတယ်…. မရှာရသေးဘူး”
” ဒါဖြင့် တပည့်တော်သွားရှာလိုက်ပါဦးမယ်… ကိုရင်ကြီးက ကျောင်းဝင်းထဲရှာကြည့်ပါဦး”
ကပ္ပိယကြီးလဲ တောင်ကုန်း‌စေတီပေါ်ကိုတက်လာပြီး လိုက်ရှာကြည့်ရာ တရားထိုင်နေတဲ့ လူသုံးယောက်ကလွဲပြီး ကျောင်းသားတွေကိုမတွေ့ရ။
“ဒုက္ခပါပဲ… ဒီနှစ်ကောင် ဘယ်တွေများ လျောက်သွားနေလဲမသိပါဘူး”
ကပ္ပိယကြီးလဲ စိတ်ပေါက်ပေါက်နဲ့ ဂြိုလ်ခွင်ထောင့်မှာထိုင်ကာ စဉ်းစားနေတဲ့အချိန်..
” ဘယ်သူပျောက်နေလို့လဲ ဦးလေး”
” ကျောင်းသားလေးနှစ်ယောက်ပျောက်နေလို့ လိုက်ရှာနေတာပါ… ဒါနဲ့ တရားထိုင်တာအနှောက်အယှက်များဖြစ်သွားလားဗျာ”
” မဖြစ်ပါဘူး…. ကျုပ်တို့လဲ ခုပဲတရားဖြုတ်တာပါ… ဒါနဲ့ ညကတော့ ကလေးနှစ်ယောက် စေတီပေါ်တက်လာတာမြင်လိုက်တယ်”
” ဟင်… ဟုတ်လား… သူတို့နှစ်ယောက်ထဲတက်လာတာလား”
” အိမ်း… သူတို့ဘေးမှာတော့ ဖိုးသူတော်ကလေးတွေ လေးယောက်လောက်ပါသေးတယ်”
” ဒုက္ခတော့များပီထင်ပါတယ်… အဲဒီဖိုးသူတော်လေးတွေက လူတွေမဟုတ်ဘူးဗျ”
” ကျုပ်လဲ ဒီတိုင်းဆော့ကစားနေကြတာထင်လို့ မပြောလိုက်မိတာ… သိပ်လဲစိတ်ပူမနေပါနဲ့ နေ့ဝက်လောက်ကျရင် ကျောင်းသားနှစ်ယောက်လုံးပြန်လာအောင် ခေါ်ပေးပါ့မယ်”
” ဒီကမိတ်ဆွေတို့က ဘယ်လိုပြန်ခေါ်မှာလဲ… ဆရာတော်မရှိတဲ့ချိန်မှ ခုလိုဖြစ်တာဆိုတော့ ကျုပ်လဲအတော်ကိုခေါင်းကြီးနေပြီ”
” ကျုပ်တို့က အတွေ့အကြုံရှိဖူးတာမို့ သေချာပေါက်ပြန်ခေါ်လာပေးပါ့မယ်”
” မိတ်ဆွေတို့စကားကို ယုံပြီးစောင့်နေပါ့မယ်… ”
ကပ္ပိယကြီးက သက်ပြင်းရှည်တစ်ချက်ကိုချပြီး စေတီပေါ်ကနေပြန်ဆင်းသွားခဲ့တယ်။
++++++
” ဆရာ…. ကျောင်းသားလေးနှစ်ယောက် ပျောက်နေတယ်ဆိုပြီးကြားလိုက်လို့”
” ဟုတ်တယ်… ဒီကလေးနှစ်ယောက်ကို ဖိုးသူတော်လေးတွေခေါ်သွားတာ မနေ့ညက မြင်လိုက်သေးတယ်”
” ဒါဆို ကလေးနှစ်ယောက်က သူတို့ဆီမှာရှိနေမှာပဲ…ဘယ်လိုလုပ်ကြမလဲဆရာ”
” မင်းတို့နှစ်ယောက်က ဘုရားပေါ်မှာပဲနေခဲ့ပါ… ငါကိုယ်တိုင် ကလေးတွေကိုပြန်ခေါ်ခဲ့လိုက်ပါမယ်”
” ဆရာကတော့ ဘယ်ရောက်ရောက် တစ်ခုမဟုတ်တစ်ခု ကြုံလိုက်ရမှ.. အခုလဲ ထူးထူးဆန်းဆန်းဖြစ်ရပ်နဲ့ကြုံရပြန်ပီ ”
တပည့်ကျော်မောင်ကောင်းရဲ့စကားကြောင့် အောင်မြတ်သာ မဆိုစလောက်လေးရယ်လိုက်ပြီး ကလေးတွေထွက်သွားတဲ့ဘက်ကို လျောက်လာခဲ့လိုက်တယ်။
စေတီအရှေ့ဘက်လှေကားရင်းနားရောက်တော့
” ငါတို့ပြန်ချင်ပီကွ… မင်းတို့နဲ့နောက်နေ့မှ လာကစားမယ်လေ… ငါတို့ကိုပြန်ပို့ပေးတော့ကွာ” ဆိုတဲ့ငိုမဲ့မဲ့အသံကိုကြားလိုက်ရတယ်။
အောင်မြတ်သာလဲ အသံကြားတဲ့ဘက်ကို မျက်နှာမူပြီး အာရုံစိုက်ကြည့်လိုက်ရာ ကျောင်းသားနှစ်ယောက်ကို ပတ်ပတ်လည်ဝိုင်းပြီး ဟားတိုက်ရယ်မောနေကြတဲ့ ဖိုးသူတော်လေးတွေကိုမြင်လိုက်ရတယ်။
” တယ်… ဒီကောင်တွေ အုပ်စုနဲ့ကိုအနိုင်ကျင့်နေကြပါလား… ဒီသိုက်ကို ဘယ်သူအုပ်ချုပ်တာပါလိမ့်” လို့စိတ်ထဲကနေတွေးလိုက်တဲ့ချိန် ရယ်မောနေတဲ့အသံတွေအကုန်ငြိမ်သက်သွားခဲ့တယ်။
” ဖိုးသူတော်လေးတွေ ကျုပ်ပြောတာကိုကြားရင် အထဲမှာချုပ်ထားတဲ့ ကျောင်းသားနှစ်ယောက်ကို သိုက်ထဲကနေပြန်လွှတ်ပေးပါ… မဟုတ်ရင်တော့ သင်တို့ကိုအုပ်ချုပ်တဲ့သိုက်ချုပ်အဖိုးကိုပင့်ဖိတ်ပြီး ဆုံးမခိုင်းရလိမ့်မယ်”
အောင်မြတ်သာရဲ့ စကားအဆုံးမှာ သိုက်နန်းထဲကနေ လှောင်ရယ်သံတွေကျယ်လောင်စွာထွက်လာပြီး အနီးနားမှာရှိတဲ့ အုန်းပင်ပေါ်ကနေ အမွှေးရှည်ရှည်နဲ့ကောင်တစ်ကောင်ခုန်ဆင်းလာခဲ့တယ်။
” ကိုယ့်လမ်းကိုယ်သွားစမ်း… အထဲမှာ ကလေးတွေကစားနေကြတယ်”
” သင်က ဘယ်သူပါလဲ… ”
” ငါက သိုက်ပထမစည်းစောင့်အမွှေးရှည်ကောင်ပဲ… ငါတို့သိုက်နန်းထဲဖြစ်နေတာတွေကို ဝင်စွက်ဖက်ဖို့မကြိုးစားနဲ့ သွား…. ထွက်သွား”
” ကျုပ်က သင်တို့သိုက်နန်းကိစ္စကို ဝင်စွက်ဖက်နေတာမဟုတ်ဘူး… သင်တို့ကသာ ကိုယ်နဲ့မသက်ဆိုင်တဲ့ ဘုံက သူတွေကိုဆွဲသွင်းထားတာ… ဘုန်းကြီးကျောင်းသားနှစ်ယောက်ကို အခုပြန်လွှတ်ပေးဖို့ ပြောလိုက်ပါ… မဟုတ်ရင်တော့ ကျုပ်အဆိုးမဆိုပါနဲ့”
အောင်မြတ်သာစကားအဆုံးမှာ အမွှေးရှည်ကောင်က သူ့ရဲ့ခန္ဓာကိုယ်ကိုအဆမတန်ကြီးထွားအောင်ဖန်ဆင်းပြီးရှေ့ကနေ ပိတ်ထားလိုက်တယ်။
” ကျုပ်မေတ္တာရပ်ခံလို့မရဘူးဆိုတော့ လုပ်ထုံးလုပ်နည်းအတိုင်းသွားရတာပေါ့” လို့ပြောကာ လွယ်အိတ်ထဲအသင့်ပါလာတဲ့ အင်းစမချပ်ကိုမြေကြီးပေါ်ပစ်ချလိုက်တယ်ဆိုရင်ပဲ သိုက်ပထမစည်းတစ်ခုလုံး မီးဟုန်းဟုန်းတောက်လောင်ကုန်တယ်။
” အမလေး… ပူလှချည်ရဲ့…. ငါ ငါမခံနိုင်တော့ဘူး… အင်းချပ်ကိုဖယ်ပေးပါတော့… အမြန်ဖယ်ပေးပါတော့”
အမွှေးရှည်ကောင်က မီးဟုန်းဟုန်းတောက်နေတဲ့ သိုက်စည်းထဲမှာ ပြေးလွှားရင်းအသံနက်ကြီးနဲ့အော်နေတာကြောင့် သိုက်ထဲမှာရှိတဲ့ ဖိုးသူတော်တွေ အကုန်ပြေးထွက်လာခဲ့ကြတယ်။
” အမလေး… ပူလိုက်တာ… ဟဲ့ အမွှေးရှည်ကောင်… ဘာဖြစ်တာလဲ”
” နင်တို့ကိုကူညီလို့ ငါအခု မီးတောက်လောက်နေရပြီ… ပြောတော့ နင်တို့ထိန်းနိုင်တယ်ဆို အမလေး ပူလိုက်တာ …”
အောင်မြတ်သာလဲ သိုက်နန်းထဲကနေထွက်လာတဲ့ ဖိုးသူတော်လေးတွေကိုစိုက်ကြည့်ပြီး သိမ်ဝင်ပရိတ်ကြိုးကိုလေပေါ်ပစ်တင်လိုက်ရာ ပရိတ်ကြိုးထဲက ချည်မျှင်လေးတွေက ဖွာခနဲဖြစ်သွားပြီး ဖိုးသူတော်လေးတွေရဲ့ကိုယ်မှာ တင်းနေအောင်ရစ်ပတ်နေခဲ့တယ်။
” လွှတ်စမ်း… ငါတို့ကိုလွှတ်စမ်း… ”
” သင်တို့က သိုက်ချုပ်အဘိုးမရှိတာနဲ့ အတော်မွှေကြတာပဲ…. ဘုန်းကြီးကျောင်းသားနှစ်ယောက်ဘယ်မှာလဲ အခုခေါ်ထုတ်ပေးစမ်း”
အာဏာစက်ပြင်းထန်လှတဲ့စကားကြောင့် ဖိုးသူတော်တွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ငိုမဲ့မဲ့ဖြစ်ကုန်တယ်။
” တယ်… အခုထိပေကပ်ကပ်လုပ်နေတုန်းလား… ချည်ထားတဲ့ကြိုးတွေကို မီးဟုန်းဟုန်းတောက်အောင် လုပ်လိုက်ရမလား”
အောင်မြတ်သာရဲ့ ခြိမ်းခြောက်စကားအဆုံးမှာ အကြီးဆုံးဖိုးသူတော်က ညာခြေ‌ထောက်ကို မြေကြီးနဲ့ပေါက်လိုက်ရာ စေတီလှေကားအောက်ခြေနားမှာ ကျောင်းသားလေးနှစ်ယောက် ထိုင်လျက်အနေအထားနဲ့ပေါ်လာခဲ့တယ်။
” ကလေးတွေ ဒီကိုလာခဲ့”
ဘုန်းကြီးကျောင်းသားလေးတွေလဲ တုန်တုန်ရီရီနဲ့ အောင်မြတ်သာအနားကိုတိုးကပ်လာပြီး ကြိုးတုပ်ခံထိထားတဲ့ ဖိုးသူတော်လေးတွေကို မဝံ့မရဲစိုက်ကြည့်နေခဲ့ကြတယ်။
” မင်းတို့ကို ဘာလုပ်ကြသေးလဲ”
” သူတို့က သားရေကွင်းပစ်တာမနိုင်လို့ သားတို့ကို ပေးမပြန်ဘူး.. နောက်ပြီး အမွှေးစုတ်ဖွားကောင်တွေနဲ့လဲ ခြောက်သေးတယ်”
” ဟင်း… မင်းတို့တော့ အတော်ကိုမွှေတဲ့ကောင်တွေပဲ… ဒီနေ့ဒီအချိန်ကစပြီး မင်းတို့သိုက်နန်းထဲကသူတွေ အပြင်လောကသားတွေကို ဆက်သွယ်လို့မရအောင် သိုက်ချုပ်အဖိုးကို ထိန်းခိုင်းရမယ်… အကုန်သိုက်ထဲပြန်ဝင်တော့”
အောင်မြတ်သာက ဟိန်းဟောက်ပြောဆိုပြီး လက်ကိုရုတ်သိမ်းလိုက်ရာ ဖိုးသူတော်တွေရဲ့ကိုယ်မှာရစ်ပတ်ထားတဲ့ ချည်ကြိုးတွေအားလုံးပျောက်ကွယ်သွားပြီး မူလသိမ်ဝင်ပရိတ်ကြိုးအဖြစ်ပြောင်းသွားခဲ့တယ်။
” အမွှေးရှည်ကောင်… မင်းလဲ ကလေးတွေကို အလိုက်မလိုက်နဲ့… နောက်တစ်ခါဆို ဒီထက်ပိုခံရမယ်” လို့ပြောလိုက်တော့ အမွှေးရှည်ကောင်က ခေါင်တဆတ်ဆတ်ညိမ့်ကာ အုန်းပင်ပေါ်ကိုခုန်တက်သွားခဲ့တယ်။
အောင်မြတ်သာလဲ ကြောက်လန့်နေတဲ့ ဘုန်းကြီးကျောင်းသားနှစ်ယောက်ကို ချော့မော့ပြောဆိုပြီး စေတီပေါ်ကိုပြန်ခေါ်လာခဲ့လိုက်တယ်။
++++
ညနေစောင်းရောက်တော့ ဘုန်းကြီးကျောင်းဝင်းထဲကနေ ကြိမ်လုံးသံတရွှမ်းရွှမ်းနဲ့အတူ ကျောင်းသားနှစ်ယောက်ရဲ့‌ငိုသံက စီခနဲထွက်ပေါ်လာခဲ့ပြီး ညဦးယံအချိန်မှာတော့ သိုက်နန်းထဲကနေ ကြိမ်လုံးသံတွေထွက်ပေါ်လာခဲ့တယ်။
ညသန်းခေါင်ယံအချိန်ရောက်တော့ အောင်မြတ်သာဆီကို ဝတ်ဖြူစင်ကြယ်နဲ့အဖိုးအိုတစ်ဦးရောက်လာပြီး ဖိုးသူတော်လေးတွေရဲ့အပြစ်ကိုဗွေမယူဖို့ လာရောက်တောင်းပန်စကားဆိုခဲ့တယ်။
သိုက်စောင့်အဖိုးပြန်သွားတဲ့အချိန်မှာတော့ မလှမ်းမကမ်းမှာရှိတဲ့ ညောင်ပင်ဆီကနေ လက်ခမောင်းခတ်သံကို ကျယ်လောင်စွာကြားလိုက်ရတယ်။
ဒီအသံကြောင့် စင်္ကြန်လျောက်နေတဲ့ မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက် အောင်မြတ်သာအနားကပ်လာပြီး
” ဆရာ… ခုနက အသံကို ကြားလိုက်တယ်မဟုတ်လား… ဒီအချိန်ကြီး လက်ခမောင်းခတ်သံကြားရတာ သိပ်တော့ မဟုတ်ဘူးနော်”
“ဒါကမင်းတို့နှစ်ယောက်အတွက် အတွေ့အကြုံသစ်တစ်ခုဖြစ်လာလိမ့်မယ်… ကဲကဲ ကိုယ်လုပ်စရာရှိတာ လုပ်ထားကြ” လို့ပြောကာ တနင်္ဂနွေထောင့်ကိုထသွားခဲ့တယ်။
မောင်ကောင်းနဲ့ ခွန်းလှတို့ကြားလိုက်ရတဲ့ လက်ခမောင်းခတ်သံက ဘာဖြစ်မလဲဆိုတာ‌ကိုတော့ အောင်မြတ်သာနှင့်ဖိုးရွှေမှုန်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)