သရဲမွေးသူရဲ့နိဂုံး

သရဲမွေးသူရဲ့ နိဂုံး (စ/ဆုံး)

——————————————-

” အောက် အီး အီး အွတ် ”

မနက်ခင်း တောကြက်တွန်သံများ၊ ငှက်ကလေးများ ပျော်ရွှင်မြူးတူး နေတာကို ကိုဝင်းသိန်း တစ်ယောက်

ကြည်နူးစွာ ကြည့်ရှု့ခံစားနေတာ။

 

ကိုဝင်းသိန်းက မြို့နှင့်တော်တော် အလှမ်းဝေးတဲ့ တောစပ်တစ်နေရာမှာ အခင်းစိုက်ပြီးနေတာ။အခင်းထဲမှာက သရက်၊ သံပရာ၊ သံပရို၊ ဆီးချိုသီး ပင်တွေ အစုံပဲ။

 

အိမ်ကတော့ မြို့ထဲမှာရှိပေမဲ့ ကိုဝင်းသိန်းက အခင်းခြံမှာပဲ အိပ်လေ့ရှိတယ်။ခါတိုင်းကတော့ ခြံမှာ မအိပ်ပါဘူး ဒါပေမဲ့ နောက်ပိုင်းမှာ ခြံထွက် သစ်သီးဝလံတွေကို ခိုးတဲ့လူရှိတာကြောင့် အိပ်ရတာ။

 

ကိုဝင်းသိန်း မိန်းမဖြစ်သူ ဒေါ်ခင်တင့်က နေ့လည်စာကို ချိုင့်နဲ့ ပို့ပေးတာ ညစာကိုကတော့ အိမ်ပြန်စားတယ်။သားသမီးက မထွန်းကားတော့ ကိုယ်တိုင်သွား ကိုယ်တိုင်လာပဲ။

တစ်ရက်ကျတော့…..

” တောက်…သူခိုးဝင်ပြန်ပြီကွာ၊ ဒီလောက် အတန်တန် စောင့်အိပ်တာကို ပျောက်မြဲတိုင်း ပျောက်နေတယ် ”

 

” ဗျို့…ကိုဝင်းသိန်း ဘာတွေလုပ်နေတာလဲဗျ ”

နဂါးမောက်ခြံ ပိုင်ရှင်ကိုသူရိန်ကမေးတာ…။

 

” အေး ဒီဘက်မှာ သံပရိုသီးတွေ ပျောက်နေပြန်လို့ကွာ သူခိုးက အတင့်ရဲလိုက်တာ ”

 

” ဟုတ်တယ်ဗျာ ကျွန်တော်ခြံကတောင် တပည့်တွေကို အမြဲစောင့်ခိုင်းထားရတာ၊ ကိုဝင်းသိန်းလဲ ခြံစောင့်လေး ဘာလေးမွေးပါလားဗျ ”

 

” မမွေးခြင်ပါဘူးဗျာ ပိုက်ဆံ မပေးနိုင်ဘူးဗျ ”

 

” ကျွန်တော်ပြောတာက ပိုက်ဆံပေးပြီး ခိုင်းရတာ မဟုတ်ဘူးဗျ ”

 

” ဟေ..ဟုတ်လား ”

ကိုသူရိန်ပြောသော စကားကြောင့် ကိုဝင်းသိန်း အံ့ဩသွားတာ။ကိုဝင်းသိန်းက အူတူတူဖြင့်….

 

” ဒါဆို ဘယ်လိုမျိုးလဲ ”

 

” ကျွန်တော်က နာနာဘာဝ တွေပြောတာ ကိုဝင်းသိန်းရ၊ သရဲမွေးတာပေါ့ဗျာ ”

 

” အာ..မမွေးရဲ ပါဘူးဗျာ တော်ကြာ အခန့်မသင့်လို့ ဂုတ်ချိုးသတ်ရင် ဘယ်လိုလုပ်မလဲဗျ ”

 

” အဲ့လို မဟုတ်ဘူးလေဗျာ လကွယ်ညဆိုရင် အမဲသား တစ်ပိဿာ ကြွေးရတယ်ဗျ ”

 

” ကိုယ်က သစ္စာရှိလေ သူတို့ကပိုစောင့်ရှောက်လေပေါ့ဗျာ ”

 

” ဟေ….အဲ့လိုလား ”

 

” အဲ့လိုပေါ့ဗျာ ကျွန်တော်ခြံက အသီးတွေဆို ဘာတစ်ခုမှ

မပျောက်ဘူးဗျို့ ”

 

” ဒါနဲ့ အဲ့သရဲက ဘယ်လိုမွေးရတာလဲ ကိုသူရိန်ရ ”

 

” ဒီလိုဗျာ ဒီမြို့မ သင်္ချိုင်း ကနေဦးခေါင်းခွံ တစ်ခုကိုယူပြီး

ငါမင့်ကို လကွယ်ညတိုင်း အမဲသားကြွေးမယ် မင်းငါ့အခင်းကို စောင့်ရှောက် ဒီနေ့ကစပြီးငါမင်းသခင်ဖြစ်ပြီ ငါ့နောက်လိုက်ခဲ့တော့ ဆိုပြီးဦးခေါင်းခွံလေးကို ယူပြီးစင်လေးတစ်စင်မှာ တင်ထားလိုက် အဲ့တာဆိုရပြီဗျာ ”

 

” ပြီးတော့ရှိသေးတယ် ”

 

” အေ ဘာလဲ ”

 

” သူကအစိမ်းသေတွေဆို ပိုကောင်းတယ်ဗျ အဲ့အခါကြရင် ခေါင်းခွံမရချင်​နေ မြေစာခဲယူပြီး စောနကကျွန်တော်ပြောသလိုပြောပြီး ယူလာလဲရတယ်ဗျ ”

 

” ဟုတ်ပြီဗျာ၊ ဟုတ်ပြီ ”

 

” ဒါပေမဲ့ ကတိတည်ဖို့တော့ လိုတယ်နော် ကိုဝင်းသိန်း ”

 

” စိတ်ချပါဗျာ ”

 

” ဒါဆို ကျုပ်ပြန်ပြီဗျို့ ”

ဆိုပြီး ကိုသူရိန်က ပြန်သွားတယ်။

 

ကိုဝင်းသိန်းက ဒီလိုကိစ္စမျိုးတွေ မလုပ်ဖူးဘူး။ဒါကြောင့်

သေသေချာချာ စဥ်းစား နေတယ်။ဒါပေမဲ့ မဖြစ်မနေတော့လုပ်ရတော့မှာ သံပရိုသီးတစ်လှည့် ဆီးသီးတစ်လှည့် ပျောက်နေတာ။

 

ဘယ်လောက်ပဲ ဂရုစိုက်စောင့်ပါစေ အသီးတွေကတော့ ပျောက်မြဲတိုင်းပျောက် နေတာ။ကိုသူရိန်နှင့် စကားပြောနေတာမနက် ၁၀နာရီ ထိုးချေပြီ မနေ့က အိမ်ကပါလာခဲ့တဲ့

ကော်ဖီနှင့် ကိတ်မုန့်လေးကိုစားကာ ခြံထဲလျှောက်ပတ်သွား

နေတာ။

 

အပင်က အသီးတွေ အောင်လား ကန်းလားဆိုတာကို သေသေချာချာ ကြည့်ရှု့နေတာ။အောင်တဲ့ အလုံးတွေဆို

အိတ်စွပ်ပြီး မအောင်တဲ့အလုံးတွေဆို ခြွေချ ပြီးလျှင် သန့်မြေဩဇာလိုလား ရေလိုလား ဆိုတာကို ကိုဝင်းသိန်းက

အမြဲစောင့်ကြည့်နေတာ။

 

” ကိုဝင်းသိန်းရေ ကိုဝင်းသိန်း ”

 

” အေး ငါဒီအောက်ကျင်းမှာဟ ”

 

” ဒီမှာ တော့်အတွက် ထမင်းလာပို့တာ ”

 

” အေအေ မိန်းမ အဲ့မှာထားခဲ့အုံး ဒီအောက်ခန

ဆင်းလာအုံး ”

 

” လာပြီ တော်ရေ လာပြီ ”

 

” ဒီနေ့ည သူခိုးဝင်သွားပြန်ပြီဟ သံပရို

သီးတွေ ပါသွားပြန်ပြီ အဲ့တာ အစောင့်မွေးရတော့မယ် ”

 

” အလိုတော် တော်ကဘာအစောင့်မွေးမာ မို့လို့လဲ အစောင့်ထားရအောင်က ပေးစရာကမ်းစရာလဲ မရှိဘူး ”

 

” မိန်းမကလဲ ပိုက်ဆံပေးစရာမလိုဘူးကွ ”

 

” ဒါဖြင့်ဘယ်သူလဲ ”

 

” အစိမ်းသရဲ ”

 

” ဟဲ့..ပလုတ်တုတ် ”

ကိုဝင်းသိန်းစကားကြောင့် ဒေါ်ခင်တင့်လန့်သွားတာ။

 

” အာ..ဘယ့်နယ် ကိုဝင်းသိန်း တော်ပေါက်ကရတွေမလုပ်နဲ့ နော် ကျုပ်ကတော့ ကြောက်ပါတယ် ”

 

” မိန်းမကလဲ ကိုသူရိန်တို့က အဲ့လိုမျိုးတွေ မွေးထားတာတဲ့ဟ အဲ့တာကြောင့် သူ့ခြံက အသီးတွေ မပျောက်တာတဲ့ ”

 

ကိုဝင်းသိန်းက ကိုသူရိန်​ပြောသမျှကို စီကာပတ်ကုံး ပြောပြလိုက်မ ဒေါ်ခင်တင့် ယောင်နနဖြင့် သဘောပေါက်သလို မပေါက်သလိုလိုနှင့်..

 

” ဪ..အင်း ”

 

သာပြောကာကုန်းပေါ်တက်သွားတယ်။

 

” ကိုဝင်းသိန်း လာတော့ ထမင်းစားရအောင် ”

 

” အေအေ လာပြီဟ ”

 

” ဘာဟင်းတွေနဲ့ ထည့်လာတာတုန်း မိန်းမ ”

 

” တော်ကြိုက်တဲ့ ဝက်သားနီချက်ရယ် ခရမ်းချဉ်သီး ပန်ထွေဖျော်လေးရယ် မုန်လာချဥ်သုတ် လေးနဲ့ထည့်လာတယ် ”

 

” ရှယ်ပဲ မိန်းမရေ ”

 

” ဒါဖြင့် ကျုပ်ပြန်တော့မယ် ”

 

” အေအေ မိန်းမ ”

 

ကိုဝင်းသိန်းက ဝက်သားနီချက်လေးနဲ့ ဗိုက်ကားအောင်စားပြီး ခြံထဲက သရက်ပင်ကြီးအောက်က ကွပ်ပျစ် ပေါ်မှာ

တစ်ရေးတစ်မော အိပ်လိုက်တယ်။

 

” ဝါး…. ”

 

” ဘယ်နနာရီ ရှိသွားပြီလဲဟ ”

 

ကိုဝင်းသိန်း နာရီကြည့်လိုက်တော့ ညနေ၃နာရီထိုးပြီးပြီ။

 

” အပင်တွေ လိုက်ကြည့်လိုက်အုံးမပါ ပြီးရင် အိမ်စောစောပြန်ရမယ် ”

ကိုဝင်းသိန်းက ခြံထဲက အပင်တွေလိုက်ကြည့်ပြီး သိမ်းဆည်းစရာရှိတာများ သိမ်းဆည်းကာ အိမ်ကိုပြန်ခဲ့တယ်။အိမ်အပြန်လမ်းကတော့ စိတ်ကူးအပြည့်နဲ့ပဲ အိမ်ကနေအပြန် သင်္ချိုင်းထဲဝင်ပြီး ဦးခေါင်းခွံတစ်လုံး ယူမယ်ဆိုပြီးစိတ်ကူးနဲ့ပြန်ခဲ့တာ။

 

” မိန်းမရေ မိန်းမ ”

 

” ဒီမိန်းမ ဘယ်များသွားနေလဲ မသိဘူး ခေါ်မကြား အော်မကြားနဲ့ ”

 

” ခင်တင့်ရေ…”

 

” ဟေ…ဒီဘက်မှာတော့် ”

 

” မင်းကလဲ မိန်းမခေါ်တော့မထူးဘူး ခင်တင့်ဆိုတော့မှ ထူးတယ် ”

 

” တောင်ဘက်ခနသွားနေလို့ပါတော် ”

 

” ရေချိုးတော့မယ် ပြီးရင်ထမင်းခူးထားအုံး ”

 

” ဟုတ်ပါပြီ အဲ့မှာရေဆွဲထားတယ် သွားချိုးချေတော့ ”

 

ကိုဝင်းသိန်းက ရေမိုးချိုးပြီး ထမင်းစား ယူစရာရှိတာများယူကာအခင်းတဲကို ပြန်မည်အလုပ်..

 

” ယောက်ျား ပြန်တော့မလို့လား ”

 

” အေးလေ စောစောပြန်တော့မလို့ ”

 

” မနက်ကတော်ပြောတဲ့ ဟာကြီးကတော့ မမွေးပါနဲ့လား

ယောက်ျားရယ် ကျုပ်ကတော့ကြောက်ပါတယ် မတော်တရော် ဂုတ်ချိုးသတ်သွားမှဖြင့် ”

 

” အေးပါ မိန်းမရာ ငါကစကားအဖြစ်ပြောတာပါ ”

 

ကိုဝင်းသိန်းက သူ့မိန်းမ မခင်တင့် ပြောတဲ့စကားကို နားမဝင် ကြားရတာကောင်းအောင်သာ အလိုက်အထိုက်လေးပြောထားခဲ့တာ။အခင်းတဲကို အပြန်ကျတော့ သင်္ချိုင်းကုန်းထဲဝင်လိုက်တယ် ဒါပေမဲ့သူထင်ထားသလို အလွယ်တကူ ယူလို့မရခဲ့ သူထင်ထားတာနှင့် တလွဲစီ။

 

” ဒီနေ့ညနေက သုသာန်ထဲမှာ လူတွေပေါနေပါလား ဧကန်နတော့ အရေးပေါ်ဖြစ်လို့ လာသင်္ဂြိုဟ် တာထင်တယ် ”

 

” ခနလောက်ဝင်မေးလိုက်အုံးမှပါလေ ”

 

ဆိုပြီး သုသာန်ထဲကိုဝင်သွားတာ။

 

” ဗျို့ နောင်ကြီးဘာဖြစ်လို့လဲဗျ ”

 

” ရပ်ကွက်ထဲက လူတစ်ယောက်ပါဗျာ စိတ်ညစ်ပြီး ကြိုးဆွဲချသေသွားတာ ”

 

” ဩ စိတ်မကောင်းစရာပါပဲဗျာ ”

 

” ဒါနဲ့သေသွားတဲ့လူ နာမည်ကဘာလဲဗျ ”

 

” ကိုချစ်ညိုတဲ့ဗျ ”

 

ကိုဝင်းသိန်းက သေသူနာမည်မေးတာ အကြံနှင့်မေးတာ

ရက်မလည်ခင် သူကအရင်ဦးအောင် ဝိညာဥ်ခေါ်ရတောင်မေးတာ။ကိုဝင်းသိန်းက ဦးခေါင်းခွံမရတော့ သင်္ချိုင်းကုန်းထဲ ကိစ္စချလာတဲ့လူတွေနှင့် လေနဲနဲ ပေါပြီးတော့ အခင်းတဲကို ပြန်ခဲ့တယ်။

 

ည…..။

 

ညသည် တိတ်ဆိတ်စွာအတိ။

လသည် သိပ်သိပ်သာတယ်။

နွေဦးညက ပူပေတယ်။

လေရူးနှမက ကလူချေဘိ။

 

လပြည့်ကျော် ဖြစ်သောကြောင့် ငွေစန္ဒာလမင်းကြီးက လောက တစ်ခွင် ကောင်းကောင်း အလင်းမပေးစွမ်းနိုင်သေးပေ။ထိုအရာကို အခွင့်ကောင်းယူပြီး မှောင်ရိပ်ခိုကာ

သင်္ချိုင်း ကုန်းဘက်သို့ ခက်သွက်သွက် သွားနေသော လူတစ်ယောက်။

 

ထိုသူကား မည်သူနည်း…။

 

သင်္ချိုင်းကုန်းအတွင်းသို့ စဝင်လိုက်သည်နှင့် ဧရာမ နှစ်ချို့

ကုက္ကားပင်ကြီးက ဆီးကြိုလျှက်။လရောင် မုန်ဝါးဝါးဖြင့် အဝေးကကြည့်လျှင် အုတ်ဂူအပျက်အစီးများ မှတ်တိုင် အကျိုးအပဲ့များက တစ္ဆေ တစ်ကောင် ထိုင်ကြည့်နေသည့်အလား ထင်ရတယ်။

 

ကိုဝင်းသိန်းက ညနေပိုင်းက မြုတ်ထားသော မြေစာပုံအသစ်ကို ရှာလိုက်တယ်။ကြာကြာမရှာရ ကသစ်ပင်ကြီးအောက်က မြေစာပုံမို့မို့ ဆီကိုလျှောက်သွားခဲ့တယ်။

 

ပြီးလျှင် မြေစာခဲ တစ်ခုကိုကောက်ယူကာ..

 

” ကဲ ကိုချစ်ညို ခင်ဗျားကျွန်တော့်နောက်ကို လိုက်ခဲ့ပေတော့ တစ်လတစ်ခါ အမဲသားတစ်ပိဿာ ကြွေးပါမယ် ပြီးတော့ ကျွန်ုပ် အခင်းကိုလဲ အသင်စောင့်ရှောက်ပေးပါ ”

 

ဆိုပြီး မြေစာခဲလေးကို အသင့်ပါလာတဲ့ အဝတ်စလေးနှင့်ထုပ်ကာ သင်္ချိုင်းထဲက ထွက်လာခဲ့တယ်။

 

ထိုစဥှ…။

 

” အူ ဝူး ဝူး အူး ”

 

” ရှပ် ရှပ် ရှပ် ”

 

ကိုဝင်းသိန်းက မလုံမလဲဖြင့် နောက်ကို လှည့်ကြည့်လိုက်တယ်။

 

” အမလေး..ဘာကြီးလဲဟ ”

 

ကိုဝင်းသိန်းမြင်လိုက်ရတဲ့ မြင်ကွင်းက သူ့နောက်ကလိုက်ပါလာခဲ့တဲ့ အရိပ်မဲကြီး တစ်ခု ပြီးတော့ သင်္ချိုင်းအတွင်းကနေ ကြည့်နေကြတဲ့ နီရဲရဲမျက်လုံးများကို တွေ့ရတယ်။

 

ကိုဝင်းသိန်းက ကြက်သီမွေးညင်းထကာ နောက်လှည့်မကြည့်ပဲ အခင်းတဲဆီကို သုတ်ခြေတင် ပြေးပါတော့တယ်။

အခင်းတဲရောက်တော့ မြေစာခဲထုပ်လေးကို သရက်ပင်ကြီးအောက်က စင်လေးတစ်ခုပေါ်မှာ သပ်သပ်ရပ်ရပ်လေးတင်ပြီးတော့..

 

” ကဲ.ညိုကြီးရေ အခင်းကိုစောင့်ရှောက်ပေတော့ ငါအေးအေးဆေးဆေး အိပ်တော့မယ် ”

ဆိုပြီးတော့ အိပ်ပျော်သွားတယ်။

 

မနက်ရောက်တော့ အခင်းထဲတွေ ပတ်ကြည့်တယ် ဘာတစ်ခုမှ့ မပျောက်ဘူး ခြေရာလက်ရာ မပျက် အကုန်သူ့နေရာနှင့်သူပဲ အကုန်ရှိနေတယ်။နောက်ရက်တွေကျတော့ ကိုဝင်းသိန်းတစ်ယောက် ခြံထဲညဘက်အဆင်း မဲမဲအကောင်ကြီး ပြေးလွားလှုပ်ရှားနေတာ မြင်ရတယ်။

 

အစပိုင်းကတော့ ကြောက်မိပေမဲ့ တစ်ရက်ပြီးတစ်ရက် ဆက်တိုက်မြင်နေရတော့ ရိုးသွားတယ်။ ရက်ကိုလစား လကိုနှစ်စား ဆိုသည့်အတိုင်း အချိန်တွေ ကုန်ဆုံးလာတယ်။ခြံထွက်အသီးတွေ စံချိန်မီပြီး စျေးကောင်းကလဲရတော့ မြေကွက်တွေဝယ်လာနိုင်တဲ့ အဆင့်ထိ ဖြစ်လာခဲ့တယ်။

 

တစ်ရက်ကျတော့ ကိုဝင်းသိန်း အလုပ်ကိစ္စနဲ့ နယ်ဘက်ဆင်းလာတယ်။ညိုကြီးကို အစာကြွေးဖို့ ၅ရက်အလိုလောက်

နယ်ဘက်ဆင်းလာတယ်။အလုပ်က ၃ရက်လောက်ပဲ ကြာမှာမို့ သူ့မိန်းမ ဒေါ်ခင်တင့်ကို အကျိုးအကြောင်း မပြောပြထားခဲ့ဘူး။

 

ကိုဝင်းသိန်းနယ်ဘက်ဆင်းလာတာ ခုဆို၄ရက်မြောက်နေ့ကို ရောက်လေပြီ ညိုကြီးကိုအစာကြွေးဖို့ ရက်ကနီးလာလေ

စိတ်ထဲက မတင်မကျ ကြီးကဖြစ်လာလေပဲ။

 

ကိုဝင်းသိန်းတို့ ၅ရက်မြောက်နေ့မှ အလုပ်အကြောင်းပြောဖြစ်ကြတယ်။ပြန်လာတော့ ၆ရက်နေ့မှ ပြန်လာရတယ်။ညနေရောက်တော့ ကိုဝင်းသိန်းတစ်ယောက် အတော်အလုပ်ရှုပ်နေခဲ့တယ်။ဒေါ်ခင်တင့်ကို အမဲခုံက အမဲသားနှစ်ပိဿာဝယ်ခိုင်းတယ် ပြီးတော့ အခင်းတဲကို မမောတကော ပြေးတယ်။

 

” ညိုကြီးရေ ငါတောင်းပန်ပါတယ် တစ်ရက်လေးနောက်ကျသွားတာပါကွာ။အဲ့တာကလဲ ငါအလုပ်ကိစ္စနဲ့နယ်ဘက်သွားနေလို့ပါ ဒီမှာမင်းအတွက် အမဲသားနှပိဿာဝယ်လာတယ် အားရပါးရစားပေတော့ ”

 

ဆိုပြီး အမဲသားတွေကို ငှက်ပျောဖက်ကြီးကြီးပေါ် ပုံပြီး

ဘေးမှာရေဖလားတစ်ခုကို ချကာအိပ်ပြန်ခဲ့တယ်။

 

အိမ်ရောက်တော့ ရေမိုးချိုးပြီး ထမင်းစားကာ အကြမ်းရည်သောက် ဆေးလိပ်လေးဖွာနဲ့ စည်းစိမ်ရစ်နေတယ်။

မိန်းမဖြစ်သူ ဒေါ်ခင်တင့်ကတော့ စာအုပ်တစ်အုပ်နှင့် စာရင်းတွေစစ်နေတာ။

 

ကိုဝင်းသိန်းတို့ လင်မယားဟာ ၁၀နာရီလောက် အိပ်ရာဝင်ခဲ့ကြတယ်။

 

” ဝင်းသိန်း..မင်းငါ့ကိုကတိမတည်ဘူး၊ မင်းငါ့ကို ကတိမတည်ဘူး မင်းတို့လင်မယားအသက်ကို ယူရလိမ့်မယ် ”

 

” အီး ဟီး ဟီး ဟား ဟား ဟား ”

 

” ဟ..ဘာတုန်းဟ ”

 

” ဟူး…ငါအိမ်မက်မက်နေတာပဲ ”

 

ကိုဝင်းသိန်းတစ်ယောက် ဇောချွေးများပြန်ပြီး အလွန်လဲကြောက်နေခဲ့တယ်။နာရီကို ကမန်းကတန်းကြည့်လိုက်တော့

၁၂နာရီထိုး ကွက်တိ ဖြစ်နေတယ်။သောက်ရေအိုးထဲက ရေတစ်ခွက်ကို ခပ်ကာသောက်ပြီး ဆေးပေါ့လိပ် ထိုင်ဖွာနေတယ်။

 

” ဟူး…တစ်ကယ်ကြီးများလား မဟုတ်လောက်ပါဘူးလေ

မနေ့က စိတ်စွဲပြီး မက်တာဖြစ်ပါလိမ့်မယ် ”

 

ဆိုပြီး ပြန်အိပ်သွားတယ်။မနက်ရောက်တော့…

 

” ဗျို့ ကိုဝင်းသိန်း ရှိလားမသိဘူး ”

 

” ဟုတ်ကိုဝင်းသိန်းရှိတယ် နောက်ဖေးဘက်မှာ အထဲဝင်​

ခဲ့လေ ”

 

” ဟုတ်ကဲ့ ဟုတ်ကဲ့ ”

 

” ဩ… ဘယ်သူများလဲလို့ ကိုသူရိန်ပါလား ထိုင်ပါအုံးရှင် အကြမ်းရည်လေးသောက်ပါအုံး ကော်ဖီဖျော်လိုက်အုံးမယ် ”

 

” ဟာ..ရပါတယ်ဗျာ မလိုပါဘူး ”

 

” မဟုတ်တာရှင် ”

 

ဆိုပြီး ဒေါ်ခင်တင့်တစ်ယောက် မီးဖိုချောင်ထဲဝင်သွားတယ်။

 

” ဟ..မလာစဖူး ဘယ်ကနေ မျက်စိလည်ပြီးရောက်လာတာလဲဗျ ”

 

” ဒီကိုပဲ သပ်သပ်လာတာဗျ ဒီနေ့ ကုန်သည်တွေလာမှာဗျ အဲ့တာ ကိုဝင်းသိန်းခြံထဲမှာ ရှိတဲ့အသီးတွေ ရောင်းချင်ရောင်းရအောင်လို့ လာပြောတာ ”

 

” ဒါဆိုရောင်းမှာပေါ့ဗျ ”

 

” ဒါဆိုလာဗျာ လက်ဖက်ရည်ဆိုင်မှာသွားစောင့်ရအောင် ”

 

” မိန်းမရေ ငါတို့လက်ဖက်ရည်ဆိုင်သွားလိုက်အုံးမယ် ခြံကိုသွားလိုက်အုံး ခနနေ ကုန်သသည်တွေလာမှာတဲ့ ”

 

” ဟုတ်ပါပြီတော် ”

 

ကိုဝင်းသိန်းနှင့် ကိုသူရိန်ကလက်ဘက်ရည်ဆိုင်ကို ထွက်လာခဲ့ကြတယ်။ဒေါ်ခင်တင့်ကတော့ ခြင်းတောင်းလေးတစ်ခုကိုင်ကာ အခင်းခြံကိုထွက်ခဲ့တယ်။

 

အိမ်မှာက အလင်းရောင်ကောင်းစွာရနေပြီဖြစ်သော်လဲ ခြံထဲမှာကတော့မရသေး မုန်ဝါးဝါးသာမြင်ရတယ်။

 

” ခုက ကုန်သည်တိုက်ရိုက်လာတော့ အသီးတွေစျေးကောင်းပိုရမာပဲ ”

 

ဒေါ်ခင်တင့်တစ်ယောက် အတွေးတွေနဲ့ ခြံကိုရောက်ခဲ့တယ်။ခြံကိုရောက်တော့ တဲဝင်အဝင်းက လူမနေတာကြာပြီဆိုတော့ အမိုက်တွေ သိမ်းဆည်းပြီး ခြံထဲပတ်ကြည့်နေတာ။

​ခြံစည်းရိုးအစပ်နားရောက်တော့..

 

” ဂျွတ် ဂျလွတ် ”

 

” ခွီး ဂီးဂီး ”

 

မာန်ဖီသံတွေနှင်အတူ ဂျလွတ် ဂျလွတ် ဝါးသံများကြောင့်

မိန်းမသားပီပီ စပ်စုချင်စိတ်ကိုထိန်းမရပဲ ခြေကိုအသာဖော့ကာ အနီးကပ်ကြည့်လိုက်တယ်။

 

” ဟာ…အမလေး ဘာကောင်ကြီးလဲ ”

 

” အီး ဟီးဟီးဟီး ”

 

ဒေါ်ခင်တင့် မြင်လိုက်ရတဲ့မြင်ကွင်းက တစ်ကယ့်သွေးပျက်ဖွယ်အတိ။မဲမဲအကောင်ကြီး တစ်ကောင်က ကြောင်တစ်ကောင်ကို အရှင်လတ်လတ် ကိုက်ဖဲ့စားနေတာ။

 

” အမလေး..အမလေး ဘာကောင်ကြီးတုန်း ”

 

” အား….. ”

 

ဒေါ်ခင်တင့်တစ်ယောက် နှလုံးရောဂါကလဲ ရှိတာကြောင့် အား..ဟုတစ်လုံးထဲသာအောက်ကာ ထိုနေရာ၌ပင် မျက်ဖြူဆိုက်ကာ အသက်ဆုံးသွားပါတော့တယ်။ဒေါ်ခင်

တင့်တစ်ယောက် လမ်းမှာ အပျော်ကြီးပျော်ပြီး အခင်းလာခဲ့တာ သူ့အတွက် ဒီနေ့ဟာ သေနေ့ဆိုတာ မသိလေလျော့လား အပျော်က ဆုံးခန်းတိုင်အောင်မပျော်သွားခဲ့ရဘူး။

 

ထိုအချိန် အတွင်းမှာပဲ ကိုဝင်းသိန်းတို့လူတစ်စု အခင်းတဲကိုရောက်လာခဲ့တယ်။

 

” မိန်းမရေ မိန်းမ ”

 

” ခေါ်မကြားအော်မကြားနဲ့ ဒီမိန်းမ ဘယ်ကိုများသွားနေလဲ မသိဘူး ”

 

” ခနနော် ကိုသူရိန် အောက်ကျင်းဖက် ပတ်ကြည့်လိုက်အုံးမယ် ”

 

” ရပါတယ်ဗျာ အေးဆေးလုပ်ပါ ”

 

ကိုဝင်းသိန်း တစ်ယောက် အောက်ကျင်းဖက် အရင်ပတ်ပြီးမတွေ့တော့မှ အနောက်ခြံစည်းရိုးဖက်က ပတ်တက်ခဲ့တာ။

တစ်နေရာ အရောက်မှာတော့…

 

” ဟင်…မိန်းမ မိန်းမ ဘာဖြစ်တာလဲ ”

 

” မိန်းမရေ ထပါအုံးဟ ”

 

” အီး ဟီးဟီး ”

 

” ဟာ…ဘာဖြစ်တာလဲကိုဝင်းသိန်း ”

 

ကိုဝင်းသိန်းရဲ့ ငိုသံနှင့်အော်သံကြားပြီး အပြေးရောက်လာကြသော ကိုသူရိန်တို့လူတစ်စု။

 

” ဟ..ဟိုဘက်မှာ တိရစ္ဆာန်အသေကောင်တွေ ”

ကုန်သယ်အုပ်စုထဲက လူတစ်ယောက်က အော်ပြောတာ။

 

” သွားပြီ ဒါဆိုသေချာပြီ ညိုကြီး သတ်လိုက်လိုက်ပြီ ”

 

ကိုဝင်းသိန်းရဲ့ ခပ်တိုးတိုးရေရွတ်စကားကို ဘေးနားကလူတွေကြားလိုက်မည်မထင်။

 

” ကဲကိုဝင်းသိန်း လုပ်မနေနဲ့ဗျာ အလောင်းကို အိမ်သယ်ရအောင် ”

 

” အေးပါ သွားကြတာပေါ့ ”

 

ကိုဝင်းသိန်းတစ်ယောက် အိမ်အပြန်လမ်းက မသာယာ လေးတိလေးကန်ခြေလှမ်းများဖြင့်သာ အိမ်သို့ပြန်လာခဲ့ကြတယ်။အိမ်ရောက်တော့ ရပ်ကွက်လူကြီးကို အကြောင်းကြားပြီးအိမ်ရှေ့မှာပဲ ကနားဖျင်းထိုးပြီးထားရတယ်။သားသမီးတွေမရှိတော့ ရပ်ကွက်ထဲက လူတွေကနာရေးအတွက် ကူညီပြင်ဆင်ပေးကြတယ်။

 

” တောက်..တွေ့ကြသေးတာပေါ့ ညိုကြီးရာ ဝင်းသိန်းအ​ကြောင်းကောင်းကောင်းကြီးပြရသေးတာပေါ့ ”

 

ဆိုပြီး ဓားရှည်တစ်လက် ရေနံဆီပုံး တစ်ပုံးကိုင်ကာ အခင်းကိုထွက်လာခဲ့ပြန်တယ်။အခင်းရောက်တော့ ညိုကြီးကို ပေးထားတဲ့ သရက်ပင်ကို ရေနံဆီတွေနဲ့ပတ်ပတ်လည် လောင်းပြီး..။

 

” တောက်..ညိုကြီး ထွက်ခဲ့ပါ မင်းက သရဲပါးဝတာလား

ငါကြွေးလို့ ဝဝလင်လင်စားနေရတဲ့သရဲကများ ”

 

ကိုဝင်းသိန်း ကသရက်ပင်ကြီးကို မီးရှို့လိုက်တယ်။

ထိုစဥှ..။

 

” ဟီး ဟီး ဟီး ”

 

” ဘုတ် ”

 

ကိုဝင်းသိန်းရှေ့ကို မီးတောက်တွေကြားကနေ ခုန်ချလာခဲ့တယ်။မြင်မြင်ချင်းမှာပဲ ကိုဝင်းသိန်းက ဓားနှင့်ဝင်ပိုင်းတယ်

သို့ပေမဲ့ ရုပ်မရှိပဲ နာနာဘာဝ ဖြစ်တာကြောင့် လေကိုပဲခုတ်မိနေတယ်။ကိုဝင်းသိန်းက စိတ်မရှည်ဟန်ဖြင့် ဝင်လုံးပြန်တယ်

ဒါပေမဲ့လဲ သူသာအထိနာနေတယ်။

 

” တောက်..မြေနိုးမ သရဲ မင်းကသတ္တိမရှိတာလား ”

 

ဆိုပြီးအော်ပြောနေချိန်….။

 

” ဂျွတ်… ”

 

” ဘုတ် ”

 

ကိုဝင်းသိန်းတစ်ယောက် ဆဲဆိုနေတာတောင်မဆုံးလိုက်

ဇက်လည်ကာ မြေပြင်ကို ပစ်လဲကျသွားတယ်။

နာ​​ရေးအိမ်၌ အလုပ်တွေရှုပ်နေသောကြောင့် ကိုဝင်းသိန်းကိုသတိမထားမိခဲ့ ညနေပိုင်းရောက်တော့မှ ကိုဝင်းသိန်းတစ်ယောက် ပျောက်နေတာကို သတိထားမိပြီး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်။

 

” ကိုဝင်းသိန်း ဘယ်ဘက်ကိုထွက်သွားကြတာလဲ မမြင်ကြဘူးလား ”

 

ကိုသူရိန်ရဲ့ အမေးစကား။

 

နေ့လယ်ကရှိတယ် ညနေပိုင်းလောက်မ ပျောက်သွားတာကြီးပဲ ​ခွန်းတုံ့ပြန်နေကြတယ်။

 

” ကျွန်တော်မြင်တယ် ဦးသူရိန် ”

 

ရပ်ကွက်ထဲက ကလေးတစ်ယောက်ကပြောတာ..။

 

” အေပြော ”

 

” ညနေက ကျွန်တော်နဲ့ တွေ့တယ် ပုံးတစ်ပုံးကိုင်ပြီး အခင်းဘက်ထွက် ထွက်သွားတာ ”

 

” ဟ ဒါဆိုအခင်းကိုသွားတာပေါ့ မဖြစ်သင့်တာတွေ ဖြစ်ကုန်တော့မှာကွာ ”

 

ကိုသူရိန်တို့ လူတစ်စု ဓာတ်မီးကိုယ်စီယူကာ အနောက်တောစပ်က အခင်းကို လိုက်လာခဲ့တယ်။အခင်းရောက်တော့ မြင်ကွင်းက စိတ်မကောင်းစရာပဲ။

 

မီးတွေ တစ်ဟုန်းဟုန်း တောက်လောင်နေတဲ့ သရက်ပင်ကြီးနှင် အနီးအနားမှာ ဒဏ်ရာပလပွနှင့် လဲကျနေတာကို ကိုသူရိန်တို့မြင်ရတယ်။

 

” ဟိုမှာ ကိုဝင်းသိန်းပဲ သွားကြည့်စမ်း ”

 

” ဟာ.. ”

 

” ဟင် ”

 

” ခေါင်းကြီးက ကျောဖက်လည်နေတာဟ ”

 

” ကဲ ကြည့်နေလို့ မပြီးဘူးဗျ အလောင်းကို အိမ်ကို သယ်ရအောင် ”

 

ကိုသူရိန်ပြောတော့မှ ကြည့်နေကြတဲ့လူများက ကိုဝင်းသိန်း အလောင်းကို စောင်နှင့်ထုပ်ကာ သယ်ခဲ့ကြတယ်။အိမ်ကိုရောက်တော့ လူကြီးတွေနှင့်တိုင်ပင်ကာ လင်မယားနှစ်ယောက်စလုံး ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးလိုက်ပါတော့တယ်။

 

နောက်ပိုင်းကျတော့ ကိုဝင်းသိန်းတို့ အခင်းခြံကြိီးဟာ အခြောက်အလှန့် တအားများလာပြီး လူအဝင်အထွက်မရှိတော့ချေ။ကိုဝင်းသိန်းဟာ မလုပ်သင့်မလုပ်ထိုက်တဲ့အရာကိုလုပ်ပြီး ကတိမတည်မိတဲ့အတွက် လင်မယားနှစ်ယောက်စလုံး လောကကြီးကနေ သေနေ့မစေ့ပဲ ထွက်ခွာသွားကြသည်မှာ သံဝေဂရစရာ အတိပင်ဖြစ်လေသည်။

 

မှတ်ချက် – ထိုဇာတ်လမ်းလေးသည် ကျွန်တော်တို့ နယ်ဘက်

မှာဖြစ်သွားခဲ့တာပါ။အခုချိန်ထိ ထိုခြံဝင်းကြီး

ထဲ ညဘက်ဆိုမထားနှင့် နေ့ဘက်တောင် တစ်

ယောက်ထဲ မဝင်ရဲကြဘူး။သီးပင်စားပင် တွေက

လဲ ခုချိန်ထိရှိနေပါသေးတယ်။ဒါပေမဲ့ လူကမပြု

ပြင်ပေးတဲ့အတွက် အသီးတွေကစားမကောင်း

တော့ပဲ အသီးရိုင်းတွေဖြစ်သွားပါပြီ။တစ်ခါတစ်

လေဆို ဖြူဖြူအရိပ်များ စကားပြောသံများ ခု

ချိန်ထိ မြင်နေ ကြားနေရပါသေးတယ်။

 

#ပြီးပါပြီ

 

ငမိုး (ရွှေဝန်းမြေ)