ပုံပျက်ပန်းပျက်ရသေ့ကြီးနှင့်မိုးကြိုးနိမိတ်အဟော(စ/ဆုံး)

ပုံပျက်ပန်းပျက်ရသေ့ကြီးနှင့်မိုးကြိုးနိမိတ်အဟော(စ/ဆုံး)

—————————————————

ကျွန်ုပ်သည် လောကီဂမ္ဘီရဆိုသည့် ပညာရပ်များကို လွန်စွာမှ အယုံအကြည် နည်းခဲ့သူတစ်ဦးဖြစ်၏။ သို့ဖြစ်၍ ဗေဒင်၊ ယတြာ၊ ခေါစာ၊ ဓါတ်ဆင်၊ ဓါတ်ရိုက်၊ အတ္တပ္ပန၊ တဘောင်၊ – စနည်း၊ ဘဝေါ၊ နက္ခတ်၊ ဟူးရား အစီအရင်စသည်များကို အရိုအသေနည်းခဲ့သည်။ အထင်အမြင် သေးခဲ့၏။

 

အထူးသဖြင့် အရူးလိုလို ဘိုးတော်များ၊ အူကြောင်ကြောင် မြေ လျှောက်ဝိဇ္ဇာဆိုသူများ၊ ဘိုးမင်းခေါင်ဒီဇိုင်းမျိုး ဆံပင်ရှည်ရှည် ပုဂ္ဂိုလ်များ၊ နှုတ်ခမ်းမွေးကားကား ဝတ်ဖြူစင်ကြယ်နှင့် “အဘ”ဆိုသူ ပုဂ္ဂိုလ်များကို- အထင်ကြီးခြင်းမရှိဘဲ လေးစားခြင်းမရှိဘဲ ကြုံလျှင် ကြုံသလို၊ ကန့်လန့် တိုက်ခဲ့သည်ကများ၏။

 

သို့ဖြစ်၍ . . ဖော်ပြပါ ပုဂ္ဂိုလ်မျိုးများ စကားဝိုင်း၊ အလုပ်စခန်းဝိုင်းသို့ ကျွန်ုပ်အကြောင်းကြောင်းကြောင့် ရောက်သွားလျှင် ပွဲပျက်လျှင်ပျက်၊ မပျက်လျှင် စကားထများရသည်ကများ၏။

 

အချို့သံလုံးပြောင်ပြောင်လေးများကို “ဓာတ်လုံး”ဆိုပြီး လှည့်ညာ လှည့်ဖြား ရောင်းစားကြံဖန်နေသည်ကို ကျွန်ုပ်အကြိမ်ပေါင်းများစွာ မြင်ဖူး၏။

 

ဓားပြီးသလေး၊ တုတ်ပြီးသလေးဆိုပြီး လက်ဖွဲ့များ၊ အင်းချပ်များ ညာရောင်းနေသည့် မျက်လှည့်ဆရာလို လူစားမျိုးသည် အများကြီး ကြုံဖူး၏။

 

အချို့ဆရာများ ကျွန်ုပ်လက်သီးနှင့်နှုတ်ခမ်းကွဲပြီး သွေးချင်းချင်း ရဲခဲ့၏။ အချို့ကျွန်ုပ်အုတ်ခဲနှင့်ထု၍ သုံးလေးချက်ချုပ်ရ၏။

 

အမြုတေ …..

ချိုးအမြုတေ၊ မြွေအမြုတေ၊ ဆင်အမြုတေ၊ ဝက်မာန်စွယ်၊ ဆင်မာန်စွယ်စသည့်သူများနှင့် ကြုံဖူး၏။ မီးမကူးဘူးဟု အသံကုန်ဟစ်၏။

 

ကျွန်ုပ်မိတ်ဆွေ၏ ပွိုင်တူးတူးသေနတ်နှင့် လောင်းကြေးစားကြေး ပင်ကြသောအခါ ပစ္စည်းပါ တစ်စစီဖြစ်ကုန်၍ အရှက်ကွဲခဲ့ဖူး၏။ အချို့ရှိသေး၏။ –

 

လူတစ်ယောက်လက်ကိုကိုင်ပြီး ရှေ့ဘာဖြစ်မယ်။ အလယ်ဘာ ဖြစ်မယ်။ နောက် ဘာဖြစ်မယ်နှင့်​ဖြီးကြ၏။

 

အထာကြည့်၍ဟောပြောကြသဖြင့် နည်းနည်းမှန်၏။ အချက်ကျ ကျ အဓိကကျသည်ကို ရက်စွဲ နေ့စွဲနှင့်မေးသောအခါ ချွေးပြန်ပြီး တုန်လှုပ်စရာကောင်းသည့် ကြောက်မက်ဖွယ်နိမိတ်ဆိုးများကို ဟောပြီး မကြာခင် မင်းဘာဖြစ်တော့မည်၊ ရတနာသုံးပါ၊ မြဲရင်မြဲ၊ မမြဲရင် ပွဲနှစ် ပွဲပေးမှ ဒီအန္တရာယ်က ပွတ်ကာသီကာ လွတ်မည်ဟု ဇာတ်ပိတ်ကြိတ် လေ၏။

ကျွန်ုပ်ကား ဘာကန်တော့ပွဲမျှမပေး။ မှည့်လို့ပွဲလဲသည့် ကန်တော့ ပွဲများမှ အလုံးလှလှငှက်ပျောသီးများကိုသာ သဒ္ဒါလို့ကျွေးရင် အားရပါးရတီးလေ၏။

သို့ဖြစ်၍ ဆရာဆိုသူများ၊ ပုဂ္ဂိုလ်ဆိုသူများ၊ ဂမ္ဘီရပညာရှင်ဆို သူများသည် လုပ်ငန်းကိစ္စရှိလျှင် သူတို့၏ သားတပည့်များအား အယုံ အကြည်နည်းသူ၊ ထော်လော်ကန့်လန့်လုပ်သူ၊ ပွဲပျက်အောင်လုပ်သူ၊ အရှက်တကွဲ အကျိုးနည်းအောင်လုပ်သူ ‘ကျွန်ုပ်’အား လုံးဝခေါ်မလာရန် နှင့် လာခဲ့လျှင် လုပ်လက်စပွဲကို ချက်ချင်းရပ်ပစီမည်ဟု သတိပေးစကား နို့တစ်ထုတ်ကြ၏။

သို့ဖြစ်၍ ကျွန်ုပ်၏အသိ (၎င်းကိစ္စများကို ယုံကြည်ကိုးစားသူများ) သည် ထိုဂမ္ဘီရပွဲများရှိလျှင် ကျွန်ုပ်ကို လုံးဝအသိမပေး။ သူတို့ဘာသာ သူတို့ သွားကြ၏။ ကျွန်ုပ်ကား ယုံအောင်ပြလျှင် ယုံမည်ဟု ပြောခဲ့ဖူး၏။ သို့သော်’ ကျွန်ုပ်လက်ခံယုံကြည်အောင် မည်သူမျှ လုပ်မပြနိုင်ခဲ့။

တစ်နေ့သောအခါ ကျွန်ုပ်အိမ်ခြံဝသို့ ထူးဆန်းသော အူကြောင် ကြောင်ရုပ်ပျက်ဆင်းပျက် ရသေ့ကြီးတစ်ပါး ရောက်ရှိလာ၏။

“မောင်ကျိုင်း ရှိလားကွယ့်”

 

ထိုအချိန်က ကျွန်ုပ်သည် အိမ်ရှေ့တံစက်မြိတ်ရှေ့ မြေပြင်မှာ ကုလားထိုင်ချ၍ ကားလ်မတ်၏အရင်းကျမ်းစာအုပ်နှင့် အနုပဋိလောမ စာအုပ်ကို သဲကြီးမဲကြီးဖတ်နေချိန်ဖြစ်၏။

 

“မောင်ကျိုင်း. . ရှိလားဟေ့”

 

“ရှိတယ်”

 

“ရှိရင် တံခါးခဏဖွင့်ပါကွယ်”

 

ကျွန်ုပ်စာအုပ်ကိုချပြီး ခြံတံခါးဝမှာ ရပ်လိုက်၏။ တံခါးကို အတွင်း မှ တရုတ်နီလုပ် အာမခံသော့နှင့်ခတ်ထား၏။

 

သံဆန်ခါတံခါးကွက်မှ လှမ်းကြည့်လိုက်သောအခါ ပုံပျက်ပန်းပျက် ရသေ့လိုပုဂ္ဂိုလ်တစ်ဦးကို ဦးစွာမြင်လိုက်ရ၏။

 

ခေါင်းပေါ်မှာ ခေါက်ရိုးကျိုးနေသည့် ဒေါက်ခြာကို ဆောင်းထား၏။ မျက်လုံးနှစ်လုံးအနက် ဘယ်ဘက်မျက်လုံးက ကျောက်မျက်လုံးဖြစ်နေ၏။ နဖူးအလယ်နှာရောင်အထက်မှာ အခွံမချွတ်ရသေးသော ကွမ်းသီးတစ်လုံး ခန့်မျှ ချိုင့်နက်ကြီးရှိနေ၏။

 

ဒါ့အပြင် နားရွက်နှစ်ဖက်မှာလည်း ဘယ်ဘက်နားရွက်ပြတ်နေပြီး ညာဘက်နားရွက်က ရှည်လျားစွာ တွဲလောင်းပျော့တွဲ ကျနေ၏။ ကျနေသည့် နားရွက်ရှည်ကြီးက နားပေါက်ကျယ်အပေါက်ကြီးနှင့် ခန္ဓာကိုယ်ပေါ်မှာ ယောဂီသင်္ကန်းကြီးကို ခြုံထား၏။

 

ဒီမှာပို၍ ထူးဆန်းသည်ကား ဘယ်ဘက်လက်သည် တစ်တောင် ခန့်သာရှည်ပြီး ညာဘက်လက်က ကျွန်ုပ်တို့ လူသာမန်လက်များထက် နှစ်ထွာခန့်ပိုရှိနေပြီး လက်ချောင်းကြီးများက တုတ်တုတ်ခိုင်ခိုင် ရှည် ရှည်လျားလျားရှိနေရကား စွန်ခြေထောက် သိမ်းငှက်ခြေထောက် ဖြန့် ကားထားသကဲ့သို့ရှိ၏။

 

ဒါနှင့်မျှမပြီးသေး … ခြေထောက်နှစ်ချောင်း။ ညာခြေသည် တို၍နိမ့်နေ၏။ ဘယ်ခြေက လူသာမန်ခြေခန့်ရှိရကား ရသေ့ကြီးကို ကြည့်ရသည်မှာ လွန်စွာအရုပ်ဆိုးလှ၍ မြင်မြင်ချင်း ကျွန်ုပ်က ပုံပျက်ပန်းပျက် ရသေ့ကြီးဟု စိတ်ထဲက ကင်ပွန်းတပ်လိုက်၏။

 

သူ့ကိုကြည့်ပြီး ရယ်လည်းရယ်ချင်၏။ စိတ်လည်းအလွန်ပျက်မိ၏။

 

သူ့ပုံသဏ္ဌာန်ကား ဆပ်ကပ်ထဲက လူရွှင်တော်သို့တည်း။ ဆေးကွာနေသော သပိတ်ကို တိုနေသော ဘယ်လက်နှင့်ခိုင်မြဲစွာပိုက်ထား၏။ ပခုံးပေါ်မှာ ဘာသရေနှင့် လုပ်ထားချုပ်ထားမှန်း မသိသော လွယ်အိတ်ကို လွယ်ထားလိုက်သေး၏။ ပြောရလျှင် ကျွန်ုပ်တွေ့ဖူး မြင်ဖူး ကြုံဖူးသည့်ဘာလိုလို ညာယောင်လူစားများထဲမှာ အလွန်ပုံပျက်ပန်းပျက်နိုင်ပြီး အယောက်တစ် သောင်းမှာ ပုံသဏ္ဌာန်တူ တစ်ယောက်မရှိနိုင်သည့် ကြန်အင်လက္ခဏာ ဆန်းနှင့်လူတစ်ဦးဖြစ်လေ၏။

 

ကျွန်ုပ်ကလည်း သူ့ကိုတွေ့သော် စိတ်ပျက်မိသော်လည်း ဝမ်းသာ၏။ ကျွန်ုပ်နှင့်စကားပြိုင်ဘက်၊ ပညာစမ်းဘက်အသစ်တစ်ဦးတွေ့ပြီဟု ဝမ်းသာခဲ့ရ၏။

 

‘“ဘာကိစ္စလဲဗျ”

 

“မင်းနဲ့စကားနည်းနည်းပြောချင်လို့”

 

“ခင်ဗျားက ဘာလဲ။ အရူးလား။ အလှူခံလား။ အလှူခံဆိုသွား တော့ဗျာ”

 

“ငါက အရူးလည်းမဟုတ်ဘူး။ အလှူခံလည်း မဟုတ်ဘူး။ မင်းကင်ပွန်းတပ်လိုက်သလို ပုံပျက်ပန်းပျက် ရသေ့အိုကြီးပါ”

 

အံမယ် စလာသည့်အဆင်က မဆိုးလှ။ ကျွန်ုပ်က စိတ်ထဲကနေ၍ သူ့ကို ပုံပျက်ပန်းပျက်ရသေ့ကြီးဟု ကင်ပွန်းတပ်လိုက်သည်ကို သူ ဒက် ခနဲ ပြောနိုင်၏။

 

ဆန်းတာတော့ မဆန်း။ ဒါမျိုးက သူ့ရုပ်သူကြည့်ပြီး သူတင် သာမက လူတိုင်းတွေးဆပြောနိုင်သည့်စကားမျိုးသာဖြစ်၏။

 

“ဘာပြောချင်လဲ”

 

ဒီမှာရသေ့အိုပုံပျက်ပန်းပျက်ကြီးက ကျွန်ုပ်ကို တစ်လုံးတည်း ကောင်းသည့် မျက်လုံးနှင့်စိုက်ကြည့်ပြီး-

 

“မင်းကို ပညာနည်းနည်းပေးချင်လို့”

 

“အလဲ့ တယ်ဆိုတဲ့စာပါလားဗျ။ ခင်ဗျားက ကျုပ်ကို ပညာပေး ရအောင် ခင်ဗျားဘယ်နှစ်တန်း ပညာသင်ဖူးလို့လဲ။ ကျုပ် ဘီအက်စ်စီဘွဲ့ ပြီးသား။ အင်္ဂလန်မှာ ဗိသုကာပညာ ဒီပလိုမာယူထားတဲ့လူ။ အမေရိ ကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်း (၆)နိုင်ငံ လှည့်လာခဲ့ တဲ့သူဗျ”

 

“မင်းသင့်ခဲ့တဲ့ပညာက အတန်းပညာပဲကွ။ အတတ်ပညာ မဟုတ် ဘူး။ အကျင့်ပညာမဟုတ်ဘူး။”

 

“ခင်ဗျားကရော ဘာဘွဲ့များရခဲ့ဖူးလို့လဲ ပြောပါဦး လူကြွားကြီးရ”

 

“ငါ သုံးတန်းပဲစာဖတ်ဖူးပါတယ်”

 

“ဟား… ဟား. . – ဟား. . . ဟား ဒါနဲ့များ ဗွီ

အဟတ်….အဟတ်”

 

“ဒါပေမဲ့ မင်းနဲ့ငါ ကြိုက်ရာဘာသာနဲ့ ပြောလို့ရတယ်”

 

“ခင်ဗျားကြွားနေတာလား”

 

“တံခါးမဖွင့်ခင် ပဏာမ စမ်းကြည့်လေကွာ”

 

သို့နှင့် ကျွန်ုပ်က ဟုတ်မဟုတ်သိချင်၍ အင်္ဂလိပ်လို မေးလိုက်၏။

 

“ခင်ဗျားနာမည်က ဘယ်သူလဲ”

 

“ငါ့နာမည်က ဦးရသေ့”

 

အလဲ့တယ်ဟုတ်ပါလား။ သူက အင်္ဂလိပ်လို`ပြန်ပြော၏။

 

“ခင်ဗျား၊ ဘယ်မှာနေလဲ”

 

ဒီမှာ သူအင်္ဂလိပ်စကားလုံးများကို နေသားကျစွာ အသံထွက် မှန်စွာနှင့်ပြောချလိုက်၏။

 

“ငါနေတာ မြန်မာပြည်အနှံ့က ဂူကျောင်းသင်္ခမ်း၊ သင်္ချိုင်း၊ ဇရပ်၊ ပုထိုး၊ တောတောင်အစုံပဲ၊ ဟိမဝန္တာမှာလည်း နေဖူးတယ်ငါ့သား ..”

 

အင်း. . . အင်္ဂလိပ်လို သူပြောနိုင်သည်ကား . . ကျွန်ုပ်တွေ့ဖူး သမျှ ပုံမကျပန်းမကျ လူစားများထဲမှာ လူထူးဆန်းဆိုသော ပုဂ္ဂိုလ်များ ထဲမှာ သူတစ်ယောက်ရှိနေ၏။ သို့နှင့်ကျွန်ုပ်က ဂျပန်ဘာသာနှင့်သူ့ကို ပညာစမ်းလိုက်၏။

 

“ခင်ဗျားအသက်ဘယ်လောက်လဲ”

 

“ငါ့အသက် ၁၅ဝ နှစ်”

 

အလိုလေး၊ သူပြန်ပြောလိုက်သည့်စကားက အင်္ဂလိပ်စကား မဟုတ်။ ဂျပန်စကားစစ်စစ်တည်း။

 

“ခင်ဗျား ဂျပန်လိုလည်းတတ်တာပဲလားဦးရသေ့ကြီး”

 

“ငါ ဂျပန်ခေတ်တစ်လျှောက်လုံး ဂျပန်စကားပြန်လုပ်ခဲ့ဖူးသလို၊ ဂျပန်စာသင်ဆရာလည်း သုံးနှစ်လုပ်ခဲ့ဖူးတယ် လူကလေး။ မင်းနား ထောင်ချင်ရင် ငါ ဂျပန်သီချင်းပါ ဆိုပြမယ်နားထောင်”

 

သူသည် သို့ကလိုပြောရင်းက လွန်ခဲ့သည့် (၁၉၄၃-၄၅) ဝန်းကျင် ခန့်က ဂျပန်ဧကရာဇ် ဘုရင်မင်းမြတ်ကို ဂုဏ်ပြုဖွဲ့ဆို ဂါရဝပြုသည့် ဂျပန်တော်ဝင်သီချင်းကို ဂျပန်လို

ဆိုပြလိုက်ရကား ကျွန်ုပ်လွန်စွာ အံ့သြ သွားရ၏။

 

မှန်ရာပြောရလျှင် ကျွန်ုပ်ထိုသီချင်းကို ဂျပန်များရှိစဉ် စစ်ပြန်ကြီး တစ်ဦးထံမှ ကြားဖူးခဲ့၏။ မြန်မာပြည်မှာ မည်သူမျှ မဆိုကြ။ မဆိုနိုင်ကြ၊

 

ဒီမှာ သူက ကျွန်ုပ်ကို ဟိန္ဒူစတန်နီလေသံစကားနှင့်မေးလိုက်၏။ ကျွန်ုပ်ကြောင်သွားခဲ့ရသည့် အကြောင်းကား ဟိန္ဒူစတန်နီစကား ကို ကျွန်ုပ်တစ်လုံးမျှ နားမလည်သောကြောင့်တည်း။

 

ဒီမှာပဲ သူက ကိုရီးယားစကားနှင့်ကျွန်ုပ်ကို လှမ်းပြောလိုက်ရာ ကျွန်ုပ်မျက်လုံးပြူးသွားခဲ့ရလေသည်။

 

“တောင်ကိုရီးယားမှာ မင်းနှစ်နှစ်နေခဲ့ဖူးတယ် မဟုတ်လား မောင်ရင်က”

 

“ဟုတ်. . . ဟုတ်ကဲ့ ရသေ့ကြီး၊ နေပါဦးခင်ဗျ။ ရသေ့ကြီး တောင်ကိုရီးယားစကားရော ပြောနိုင်တာပဲလားဟင်”

 

“ဘာခက်လို့လဲ. . . ကွာ”

 

“အလိုလေး”

 

ဘာကြောင့် ကျွန်ုပ်အံ့သြသွားရသည်ထင်ပါသလဲ။. စာဖတ်သူ သူအခုပြောလိုက်သည့်စကားသည် တောင်ကိုရီးယားစကားမဟုတ်တော့။ ထိုင်း (ယိုးဒယား)စကားဖြစ်နေသောကြောင့်တည်း။ အာဂရသေ့ကြီးပါတလား။

 

သူဘာသာစကားတော်တော်များများ ပြောနိုင်၏။ ကျွန်ုပ်ကိုရီးယား မှာ နှစ်နှစ်နေခဲ့သည်ကို သူသိနေ၏။ လျှာဆက်ရှည်လျှင် သူမာဂဓတို့ သက္ကတတို့ ပါဠိတို့နှင့် ကျွန်ုပ်ကို မှုတ်နိုင်ဖွယ်ရှိ၏။ ပြန်မပြောနိုင်လျှင် ကျွန်ုပ်ခံရမည်။ ငြိမ်နေမှ။

 

သူဘာလဲ . .

 

ဒါကို ကျွန်ုပ်သိချင်နေပါပြီ။

 

သို့နှင့် ကျွန်ုပ်ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားနေစဉ် –

 

“ဒီမှာကွ တံခါးခဏဖွင့်ပေးပါ’”

 

“ ရသေ့ကြီး”

 

“ဘာလဲကွ”

 

“တံခါးကို အာမခံသော့နဲ့ခတ်ထားတယ်ဗျ”

 

“အေးလေ တံခါးဖွင့်လေကွာ”

 

“ခင်ဗျားဘာသာ ခင်ဗျားဖွင့်ပြီး ဝင်လို့ရရင် ဝင်ခဲ့လေကွာ”

 

“ဒါဆို သော့ပေးလေကွာ”

 

“သော့မပါဘဲခင်ဗျားဘာသာ ခင်ဗျားရအောင်ဝင်ဗျာ”

 

“ဒါဆို ငါက တံခါးပေါ်က ကျော်တက်ရမှာလားကွ ဟေ”

 

“မဟုတ်ဘူး၊ ဒီတံခါးပဲ ဖွင့်ဝင်ခဲ့”

 

“မင်း လူကန့်လန့်၊ လူ့ခွစာပါလားကွ”

 

“ရသေ့ကြီး ကြားဖူးလို့ လာခဲ့တာ မဟုတ်လား။ ဒီတံခါးဖွင့်လို့ရရင် ဒီနေ့ရသေ့ကြီးနဲ့ကျုပ် နှစ်နာရီကြာ ထိုင်စကားပြောမယ် ဒါပဲ”

 

ကျွန်ုပ်သည် ထိုသို့ပြောဆိုပြီးနောက် မူလထိုင်ရာ ပက်လက် ကုလားထိုင်ရှိရာသို့ ပြန်လာခဲ့ပြီး အနုပဋိလောမရုပ်ဝါဒစာအုပ်ကို မျက်စိ ရှေ့မှာထောင်၍ အားရပါးရ ဖတ်နေလိုက်၏။

 

ပုံပျက်ပန်းပျက် ရသေ့ကြီးကိုလည်း မေ့ထားလိုက်၏။ အချိန်သည် ငါးမိနစ်ခန့်ကြာသွား၏။

 

“ဘုတ်”

 

“အမလေးဗျ”

 

လေးလံမာကျောသော ပစ္စည်းတစ်ခုသည် ကျွန်ုပ်ပေါင်ခွကြားသို့ အရှိန်နှင့်ပစ်ကျလာရကား လွန်စွာနာကျင်လှ၍ အမလေးဗျဟုအော်ရင်း ငုံ့ကြည့်လိုက်သောအခါ …

 

“ဟင်”

 

ကျွန်ုပ်ပေါင်ခွကြားမှ လက်ဝါးခန့်ရှိသော စတီးလ်နှင့်ပြုလုပ်ထား သည့် ခြံတံခါးအာမခံသော့ခလောက်ကြီး ဖြစ်နေ၏။

 

သို့နှင့် အံ့သြခြင်းကြီးစွာနှင့် မော့ကြည့်လိုက်သောအခါ

 

‘ဟာ”

 

“ဟား . .ဟား…ဟား…ဟား…ဟား”

 

“ဟီး . .ဟီး. . ဟီး ..ဟီး”

 

“အဟတ်… အဟတ်..အဟတ်”

“ရ. . . ရသေ့ကြီး”

“ရက်စ် – – ရက်စ် ဟား. . . ဟား… ဟား… ဟား” ”

ကျွန်ုပ်ရှေ့မှာ ခါးထောက်၍ ခြေထော့နင်း၍ ရပ်နေသူကား စောစောက ခြံတံခါးအပြင်ဘက်မှ ရပ်နေသည့် ပုံပျက်ပန်းပျက် ရသေ့ကြီး အစစ်ဖြစ်နေသောကြောင့်တည်း။

“ရသေ့ကြီး”

 

“ဘာတုံးကွ”

 

“ရသေ့ကြီး ဒီ … ဒီ အာမခံသော့ကို ဘယ်လိုဖွင့်လိုက်တာလဲ ဟင်”

 

ကြည့်လေဗျာ။ ဒီအာမခံသော့ဖွင့်သည့် သော့တံသည် ကျွန်ုပ် ခါးကြားရှိ သော့တွဲမှာ ယခုတိုင်ရှိနေသည် မဟုတ်ပါလား။

 

“လွယ်လွယ်လေးပါကွာ”

 

“ဗျာ. . . လွယ်လွယ်လေး၊ ခင်ဗျား သော့တူနဲ့ဖွင့်လိုက်တာလား ”

 

“သော့တူက သော့ဝိဇ္ဇာကုလားတွေ အလုပ်ပါကွာ ပေးစမ်း …..ပွင့်နေတဲ့ မင်းသော့ကို ငါအခုချက်ချင်း ပိတ်လိုက်မယ် “ပေး”

 

ကျွန်ုပ်မယုံနိုင်လွန်း၍ ပေါင်ပေါ်မှ ပွင့်နေသည့် အာမခံသော့ ကို သူ့ထံကမ်းပေးလိုက်သည်။

 

ဒီမှာ သူက သော့ပေါက်မှာ ချိတ်ကိုတေ့ပြီး လက်တံရှည်လက်ဝါး ကြီးနှင့် ဖိချလိုက်သောအခါ အာမခံသော့သည် ချောက်ခနဲအသံမြည်ပြီး ပိတ်သွားခဲ့လေ၏။

 

“ရော့. . . မင်းခါးကြားက သော့နဲ့ဖွင့်ကြည့်စမ်း”

 

ကျွန်ုပ်သူလှမ်းပေးသည့် သော့ခလောက်ကို သေသေချာချာ စစ်ဆေးကြည့်လိုက်၏။ သော့ပိတ်နေပါကလား၊ အလိုလေးလေး။ ဒီသော့ မျိုးသည် လက်နှင့်ဖိနှိပ်၍ ခတ်သည်တော့မဟုတ်။ နိုင်ငံတကာ စံချိန်မီ အာမခံသော့ အဖိုးတန်အကောင်းစားဖြစ်၏။ သူ့သော့နှင့်သူ ဖွင့်မှ ပိတ်မှ လှည့်မှရ၏။ ကြည့်စမ်း သော့ပိတ်လို့။

 

“မင်းသော့နဲ့ဖွင့်ကြည်စမ်းပါကွ. . . လူကန့်လန့် လူ့ခွစာရ”

 

သို့နှင့်ကျွန်ုပ်ခါးကြားမှ သော့တွဲကို ယူလိုက်ပြီး သူ့သော့တံနှင့် ထိုးလှည့်ဖွင့်လိုက်၏။ အလိုလေးဗျား သော့မပွင့်ပါလား။ . တင်းခံနေပါ ကလား။ ဘယ်လိုလုပ် “ဂျမ်း”ဖြစ်သွားပါလိမ့်။

 

ကျွန်ုပ်က သော့နှစ်ချောင်းပြောင်း၍ဖွင့်၏။ ဘယ်လိုမျှဖွင့်လို့မရ၊

 

“ ဟေ့ကောင် . . တစ်နေကုန်ဖွင့် မပွင့်စေရဘူးကွ”

 

ကျွန်ုပ်အမျိုးမျိုးခေါက်၍ လှည့်၍ထု၍ဖွင့်၏။ ချွေးသာစို့လာ၏။သော့ကား လုံးဝမပွင့်

 

“ပေးစမ်း… … … ငါဖွင့်ပေးမယ်”

 

ကျွန်ုပ် သော့ခလောက်နှင့် သော့တံကိုပေးလိုက်၏။ ဒီမှာသူက သော့တံပါသော သော့တွဲကြီးကို လွှင့်ပစ်လိုက်ပြီး သော့ခလောက်ကို တွင်းမှကိုင်၍ ခါချလိုက်သောအခါ…

 

“ထပ်”

 

“ဟင်. . . ပွင့်သွားပြီး”

 

“ဟား .. ဟား. . . ဟား. . . ဟား မြင်ပြီလားကွ။ သိပြီလားကွ၊ လူ့ကန့်လန့်ခွစာရ ဟင်”

 

ကျွန်ုပ်အံ့ဩလို့ မဆုံးနိုင်တော့။

 

“ရသေ့ကြီး. . . ထိုင်. . . ထိုင်ပါခင်ဗျာ”

 

ကျွန်ုပ်ထူးဆန်းသော လူတစ်ဦးနှင့် တွေ့နေရသည်မို့ ကုလားထိုင် တစ်လုံးပေါ်မှ ချက်ချင်း နေရာပေးလိုက်သည်။

 

“အချိန်ဘယ်လောက်ရှိပြီလဲကွ. . . လူ့ကန့်လန့်”

 

“နံနက် ၁၁ နာရီထိုးပါပြီ။ ရသေ့ကြီး”

 

“ငါ ဆွမ်းမစားရသေးဘူး။ မင်းအိမ်မှာ ဆွမ်းစားချင်တယ်’”

 

ကျွန်ုပ်သည် သူဘယ်လို ပုဂ္ဂိုလ်မျိုးဆိုတာကို ပို၍သိချင်၍ ပညာစမ်းလိုက်၏။

 

“ကျွန်တော့အိမ်မှာ ဘာဟင်းချက်သလဲ မှန်အောင်ပြောနိုင်ရင် ကိုယ်တိုင်ထမင်းကျွေး ..”

 

“ဆွမ်းကပ်မယ်လို့ ပြောပါကွ”

 

“အဲ . . အဲ ဆွမ်းကပ်ပါ့မယ် ခင်ဗျား”

 

“မမှန်ရင် မကပ်ဘူးပေါ့” .

 

“အဟဲ .. ဒါပေါ့ဗျ”

 

“ဟေ့ကောင် လူ့ကန့်လန့်”

 

“ ခင်ဗျ. . .”

 

“မင်း အိမ်မှာ ဝက်သားနဲ့မျှစ်ချဉ်ချက်တယ်ကွ”

 

“ဗျာ”

 

“ပုန်းရည်ကြီးသုပ်လည်း. . . ပါတယ်ကွ”

 

“အလိုလေး”

 

“ပြီးတော့ တရုတ်ကန်စွန်းရွက်ကို ဟိုတယ်ချက်ကြော်ထားသကွ”

 

“ဒါပဲလားဗျ”

 

“ငါးမြွေထိုးခြောက်ကြော်နဲ့ ဆယ့်နှစ်မျိုးဟင်းချိုလည်း ပါသေးသဟေ့”

 

“ဟုတ်ပါ့မလားဗျ”

 

“မယုံရင်. . . မင်းမိန်းမခေါ်မေးလိုက်ပေါ့ကွာ”

 

သို့နှင့် ကျွန်ုပ်က အိမ်ဖော်တစ်ဦးကို လှမ်းခေါ်ပြီး ဇနီးသည်ကို လာခဲ့ရန် မှာလိုက်၏။ ဇနီးသည်ရောက်လာ၏။ ချောမောလှပသော ဇနီးသည်သည် ပုံပျက်ပန်းပျက်ရသေ့ကြီးကို ရုတ်ခြည်းမြင်လိုက်သောအခါ လန့်၍ ထူးဆန်းသလို ကြည့်နေ၏။

 

ကြည့်ရင်းမှ ကျွန်ုပ်ကိုလည်း ဘယ်လိုလူစားမျိုးနှင့် စကားပြော နေသလဲဆိုသည့် အကြည့်နှင့် လှမ်းကြည့်လိုက်၏။

 

“မသုန်”

 

“ရှင်. . . အစ်ကို”

 

“ဒီနေ့ . . အိမ်မှာ ဘာဟင်းချက်သလဲကွယ်’”

 

“ဝက်သားနဲ့မျှစ်ချဉ် အစ်ကို”

 

“ဟေ… . ပြီးတော့ရော”

 

“အစ်ကိုအကြိုက် ပုန်းရည်ကြီးကို ပုစွန်ခြောက်နဲ့ သုပ်ထားတယ်”

 

“ဟင်”

 

“ဟား.. ဟား… ဟား. . ဟား။ ဆက်မေးလေကွာ။မေးပါ”

 

“ပြီးတော့ရော”

 

“တရုတ်ကန်စွန်းကို မှိုနဲ့ကြက်သွန်ဖြူဓားပြားရိုက်လေးချက်ထား”

 

“ဟေ…”

 

“ဟား . . ဟား .. ဟား. . . အဟင်း… ဟင်း… ဟင်း ဆက်ပေးလေကွာ။ မေးပါဟ”

 

“အကြော်ပါသေးလား . . မိန်းမ”

 

“ပါတယ်အစ်ကို။ မြစ်ဝကျွန်းပေါ်က အမေတို့လာပို့ထားတဲ့ ငါးမြွေထိုးခြောက်ပါကြော်ထားတယ်”

 

“ဟား .. ဟား .. ဟား ငါ့ကိုလှည့်မကြည့်နဲ့ လူကန့်လန့်ရဲ့။ ဆက်မေးလေကွာ။ နောက်ဆုံးတစ်ခွက်ကျန်သေးတယ်။ မေးပါ ရဲရဲမေး လိုက်စမ်းပါဟ”

 

“အရည်သောက်ကရော မိန်းမရယ်”

 

“ဆယ်နှစ်မျိုးကြာဆံဟင်းချို.. အစ်ကို”

 

“ဟေ…..အေ…..ဟေ”

 

“ဟား… ဟား… ဟား… ဟား… အဟစ်. ဟစ်

မင်း ကတိအတိုင်းနော် လူ့ကန့်လန့်”

 

“အစ်ကို စားတော့မလို့လားစတင်”

 

“ငါ မစားသေးဘူး။ ဒီ. . . ဒီရသေ့ကြီးအတွက် ဆွမ်းဟင်း အမြန်ပြင်. . . ပြင်လိုက်”

 

“ဟင်”

 

ဇနီးလုပ်သူ မသုန်သုန်ဦးသည် . ကျွန်ုပ်၏ပြောစကားကြောင့် လွန်စွာ အံ့ဩသွားပြီး ပုံပျက်ပန်းပျက် ရေသေ့ကြီးကိုကြည့်၍ ပါးစဟ သွားခဲ့၏။ အံ့သြလျှင်လည်း အံ့သြနိုင်ပါပေ၏။ အကြောင်းကား ကျွန်ုပ် ၏ တိုက်ပေါ်မှာ လူကုံထံပညာတတ် သူဋ္ဌေးသူကြွယ် လူရည်သန့်များကိုသာ အထူးသီးသန့်ဖိတ်၍ ထမင်းကျွေးလေ့၊ လက်ဖက်ရည်ပွဲတည်ခင်းလေ့ ရှိပြီး တစ်ခါမျှ ဒီလိုသပိတ်ဆေးကွာ ပုံပျက်ပန်းပျက် အူကြောင်ကြောင် ရသေ့လို ပုဂ္ဂိုလ်မျိုးကို ထမင်းမကျွေးဘူးသောကြောင့်တည်း။

 

ကျွန်ုပ်၏ဇနီး မသုန်သုန်ဦးသည် ကျွန်ုပ်စကားကို မြေဝယ်မက နားထောင်လေ့ရှိ၏။ အိမ်ထောင်ကျစမှစ၍ ယနေ့ထိ ခွန်းတုံ့ပြန်စကာ လုံးဝမပြော။ ကျွန်ုပ်ကိုလွန်စွာ ချစ်ခင်မြတ်နိုးလေ၏။ ယခုလည်း ပုံပျက် ပန်းပျက်ရသေ့ကြီးအတွက် ဆွမ်းထမင်းဟင်းများကို ကျကျနနပြင်ပေး၏ ကျွန်ုပ်သည် ရသေ့ကြီးကိုကြည့်၍ လွန်စွာမှ အံ့သြခဲ့ရ၏။ သူသည် ဒီအိမ်မှာ ဘာဟင်းချက်သည်ကို တစ်လုံးမမှားအောင် ပြောနိုင်၏။

 

ကြည့်စမ်း. . . ထမင်းစားပွဲများပေါ်မှ ဟင်းလျာများသည် ရသေ့ ကြီးပြောသည့် ဟင်းလျာများအားလုံး ကွက်တိ ​ဖြစ်၏။ ကျွန်ုပ်တို့လင်မယား ပုံပျက်ပန်းပျက် ရသေ့ကြီးကို ဆွမ်းကပ်လှူ၏။

 

ဒီမှာရသေ့ကြီးက ပြောလိုက်၏။

 

“ဒီမှာ လူကန့်လန့်”

 

“မောင်ကျိုင်းလို့ခေါ်ပါတယ် ရသေ့ကြီး။ ဒါ ကျွန်တော့်ဇနီး သုန်ပါ”

 

“အေး မောင်ကျိုင်း၊ ရသေ့ရဟန်းကို ဆွမ်းကပ်တာ ဒါပထမဦးဆုံး • အကြိမ်ကွ။ ဟုတ်ရဲ့လားဟ”

 

“ဟုတ်. . . ဟုတ်ပါရဲ့ခင်ဗျ”

 

ထူးဆန်းလှချည်ကလား။ ကျွန်ုပ်သည် ရသေ့ရဟန်းများကို ဖိတ်၍ လှူဒါန်းလေ့မရှိ။ အကျိုးစီးပွားဖက်များကိုသာ အခွင့်အရေး အတွက် မျှော်လင့်ပြီး ကျွေးလေ့ရှိ၏။

 

“မင်း. . . အိမ်မှာ ဘုရားစင်မရှိဘူး။ ဟုတ်ကော ဟုတ်ရဲ့လား’

 

“ဟုတ်.. ဟုတ်ကဲ့ခင်ဗျ”

 

“မင်းက ရုပ်ဝါဒ သိပ္ပံသမား’-

 

“ဟုတ်. . . ဟုတ် . . ကဲ့ခင်ဗျ”

 

“မမိုက်နဲ့ကွ”

 

“ဗျာ”

 

“မိစ္ဆာဒိဋ္ဌိ အလုပ်မလုပ်နဲ့”

 

“ဗျာ. . . ဘာဖြစ်လို့လဲခင်ဗျ”

 

“ငါ ဆွမ်းစားလိုက်ဦးမယ်ကွာ။ မွန်းတည့်တော့မယ်”

 

သူ့စကားကို ရပ်လိုက်၏။ ဆွမ်းစား၏ လက်တံရှည် လက်ချောင်း ကြီးကြီးနှင့် အားရပါးရစား၏။ သို့သော် အသားငါးများကို လုံးဝမစား။ တရုတ်ကန်စွန်းရွက်ကြော်နှင့် ဆားအနည်းငယ်တို့၍ ထမင်း နှစ်ပန်းကန် စား ပြီး လက်စသတ်လိုက်လေ၏။

 

ပြီးနောက် ကျွန်ုပ်တို့နှစ်ဦး စောစောက မြေပြင်မှာ ပြန်ထိုင်ကြ၏။

 

“မောင်ကျိုင်း’

 

“ခင်ဗျ”

 

“မိစ်ဆာဒိဋ်ဌိဆိုတာ သိလား”

 

“ ဟင့်အင်း . . မသိဘူးခင်ဗျ”

 

“မင်း . . ဘာလူမျိုးလဲ”

 

“မြန်မာလူမျိုးပါခင်ဗျ”

 

‘ “ဘာကိုးကွယ်လဲကွဲ့”

 

“ဘာမျှ မကိုးကွယ်ဘူးခင်ဗျ”

 

“ရုပ်ဝါဒသမားပဲ မဟုတ်လား”

 

“ဟုတ်ပါတယ်ခင်ဗျာ”

 

“မိစ္ဆာဒိဋ္ဌိဆိုတာ မှားသောအယူကို ယူတဲ့လူကို ဆိုလိုတာကူး တို့မြန်မာလူမျိုးမှာ ဗုဒ္ဓဘာသာရှိတယ်။ မွတ်စလင်လူမျိုးမှာ မူဆက် ဘုရားသခင်နဲ့ မူဆက်ဘာသာရှိတယ်။ ခရစ်ယာန်မှာ ယေရှုနဲ့ ခရစ်တော် ဘာသာရေးဝါဒရှိတယ်။ လူမျိုးတိုင်းမှာ သူ့ဘာသာ သူ့ဘုရား သူ့တရား ဓမ္မ အဆုံးအမနဲ့သူရှိပြီးသာ အဲဒီဓမ္မရဲ့ အဆုံးအမနဲ့ ယဉ်ကျေးသိမ်မွေ့နေ ကြတာပဲ။ ဘာသာနဲ့ ယဉ်ကျေးမှုမရှိရင် အဲဒီတိုင်းပြည်. အဲဒီလူမျိုး ရိုင်းစိုင်းသွားရော။ ဂုဏဝုတ္ထိဝယဝုတ္တိ မရှိတော့ဘူး။ မိမှန်း၊ ဖမှန်း သားသမီးမှန်း၊ နှမမှန်း၊ ဆွေမျိုးမှန်း မသိတော့ဘူး။ အကြင်နာတရ ဗြဟ္မစိုရ်တရားခေါင်းပါးပြီး လူလူချင်း ရက်စက်ကြမ်းကြုတ်မှုနဲ့ လောဘ ဒေါသ၊ မောဟ ပင်လယ်သမုဒ္ဒရာမှာ နစ်မွန်းပျက်သုဉ်းကြကုန်ရော။ ကိလေသာ ရာဂမီးနဲ့ လောင်မီးကျကုန်ရော။ ဒီနေရာမှာ လောကီဒို လောကုတ္တရာ နှစ်မျိုးရှိတယ်။ လောကီသဲကန္တာရကို ဖြတ်ပြီးမှ လူ့ဟာ လောကုတ္တရာနိဗ္ဗာန်လို့ခေါ်တဲ့ အေးမြရာ ငြိမ်းချမ်းရာ ရပ်ဝန်းကို ရောက်ရတာ။ ဒီမှာ မောင်ကျိုင်း လောကီဖြစ်ရပ်ဆန်းကြယ်ကို မင်းယုံသလား”

“ဟင့်အင်း”

“အေး မင်းက သိပ္ပံသမားကိုး။ ဟေ့ကောင့် နက်ဖြန် မင်းအိမ်ရှေ့က ကုက္ကိုပင်ကို မိုးကြိုးပစ်လိမ့်မယ်” “

“ဘယ်အချိန်လဲဗျ”

“မနက်ကိုးနာရီတိတိ”

“ဟုတ်ပါ့မလား”

“စောင့်ကြည့်ပေါ့ကွာ။ အဲဒီအချိန်မှာ ကုက္ကိုပင်အောက်ဝန်းကျင်မှာ မင်းတို့လုံးဝမနေနဲ့”

“နေရင် ဘာဖြစ်မှာလဲ ရသေ့ကြီးရ”

“နေရင် မင်းတို့ မီးသွေးတုံးဖြစ်ပြီကွ”

“ဟုတ်ပါ့မလား”

“စောင့်ကြည့်ကွာ ငါပြန်မယ်”

“ရသေ့ကြီး”

“ဘာတုံးကွ”

“နောင်ကို ကျွန်တော်ဘာဖြစ်ဦးမှာလဲဗျ လုပ်ပါဦး”

“မင်းက လူ့ကန့်လန့်ကွ။ ငါက လောကီရဲ့ဆန်းကြယ်မှုထဲက အစအနအသေးအမွှားလေးတွေကို မင်းလို လူကန့်လန့် ရုပ်ဝါဒသမား နားလည်သဘောပေါက်အောင် နမူနာထုတ်ပြနေတာ။ မင်းနောက်ကို ဘာဖြစ်မလဲဆိုတာသိဖို့ နောက်ဥပုသ်နေ့ကျရင် ငါလာခဲ့မယ်။ ဒီမှာ ဟေ့ကောင် လူ့ကန့်လန့်…”

“ခင်ဗျ. . . ”

“ခေတ်တိုင်း၊ ခေတ်တိုင်း. . . သမိုင်းတိုင်း သမိုင်းတိုင်းမှာ အတုနဲ့ အစစ်နှစ်မျိုးရှိသကွ။ အတုနဲ့အစစ်ကို ခွဲခြားပြီး သိလာခဲ့ရင် အမှားနဲ့အမှန်ကို သဘောပေါက်လာမှာပဲ။ အမှားနဲ့အမှန်ကို နားလည်သဘောပေါက်ရင် ဓမ္မနဲ့အဓမ္မခွဲခြားသိလာမှာပဲ၊ အဲဒီကျရင် သူ့က ဘယ်အရပ်ကလာတာလဲ။ အဓမ္မက ဘယ်အရပ်က လာတာလဲ။ တစ်နေ့မင်းတို့နားလည်လာလိမ့်မယ်။ ဟေ့ကောင်. . .”

“ခင်ဗျာ”,

“မနက် ကိုးနာရီနော်”

“အဟဲ. . . ဟင်း .. ဟင်း ဟုတ်ကဲ့ခင်ဗျာ”

သို့ကလိုပြောရင်း ပုံပျက်ပန်းပျက် ရသေ့အိုကြီးသည် သူ့သပိတ်လေးကို ကောက်မကာ ကျွန်ုပ်အိမ်ခြံထဲမှ ထွက်သွားခဲ့လေသည်။

မိုးလင်းတော့ အပြင်မှာ မိုးများရွာသွန်းနေ၏။ ဒီနေ့မှ ပိုးကောင်း . လွန်းလှ၏။ မကြာခင် မိုးစဲသွားပြန်၏။ မိုးစဲပြီး မကြာသေး။

လေပြင်းများကျလာ၏။ သစ်ပင်သစ်ကိုင်းများ ယိမ်းထိုးနေ၏။ မကြာခင် လျှပ်စီးလက်ဟန်များကို မြင်ရကြားရ၏။

ဂျိုးဂျိုးဂျိမ်းဂျိမ်း မိုးခြိမ်းသံများက မြေကို တုန်လို့ မိုးခြိမ်းသံများ ကြားလျှင် ကျွန်ုပ်ဇနီးသည် ကြောက်လေ့ရှိ၏။ သို့ဖြစ်၍ ကျွန်ုပ်အပါးမှာ ကပ်နေ၏။

နာရီကို ကြည့်လိုက်သောအခါ မနက်ကိုးနာရီထိုးတော့မည်။ မနေ့က ထူးဆန်းသော ပုံပျက်ပန်းပျက် ရသေ့ကြီးက ကြိုပြော သွားတာရှိ၏။ ဒီနေ့မနက် ကိုးနာရီ ကုက္ကိုပင်ကြီးကို မိုးကြိုးပစ်လိမ့်မည်တဲ့။ ဟုတ်ပါ့မလား. . .

သင်က ဒီလိုအတိအကျပြောနိုင်ရအောင် သူ့ဉာဏ်မျက်စိက ကွန်ပျူတာဉာဏ်မျက်စိလား။ ဦးနှောက်အသိလား။

ဒီလိုဖြီးဖြန်းပြီး ညာဝါစားတဲ့ လူများကို ကျွန်ုပ်ကြုံဖူးသည်။ သို့သော် ပုံပျက်ပန်းပျက်ရသေ့ကြီးက ကျွန်ုပ်တွေ့ဖူးသမျှထဲမှာ အတော်အတန် ထူးဆန်းသည်။

အာမခံသော့ကို သော့တံမပါဘဲ အလိုအလျောက် ဖွင့်နိုင်ပိတ် နိုင်၏။ ပြီးအိပ်မှာ ဘာဟင်းချက်သည်ကို တစ်ခုမလွဲ ပြောနိုင်၏။ ကောင်းပြီ။ ဒီလောက်လေးပြောနိုင်ရုံ၊ လုပ်ပြနိုင်ရုံနှင့်ကျွန်ုပ်က သူ့ကို ကိုးကွယ်ယုံကြည်အောင် လူပုဂ္ဂိုလ် အထူးအဆန်းစာရင်းမှာ သွင်းရမည်လား။ ဝေးပါသေးရဲ့။

နောင် သူဘာတွေလုပ်ပြဦးမှာလည်း သိချင်၍ မိတ်ဖြစ်ဆွေဖြစ် ထမင်းတစ်နပ် ကျွေးလိုက်ခြင်းရယ်သား။

ထိုအချိန်၌. . .

နွားသိုးတစ်ကောင်သည် အိမ်ရှေ့ကုက္ကိုလ်ပင်အောက်မှာ မိုးဝင်ခိုနေ၏။

ကျွန်ုပ်၏မာလီလည်း သစ်ကိုင်းသစ်ခက် အကျိုးအပဲ့များကို မိုးရေ မိုးဖွားလျှပ်စီးကြားမှာ လိုက်ကောက်သန့်ရှင်းရေးလုပ်နေ၏။

“အဲဒီအချိန် ကုက္ကိုလ်ပင်အောက်ဝန်းကျင်ကို မင်းတို့ လုံးဝမနေ နဲ့။ နေရင် အားလုံးမီးသွေးတုံးဖြစ်သွားမယ်။”

ကျွန်ုပ်သည် ထူးဆန်းသော ပုံပျက်ပန်းပျက် ရသေ့ကြီးပြောသွား သည့် စကားကို ပြန်ကြားယောင်နေမိ၏။ ယုံတော့ မယုံချင်။ သို့နှင့်လိုရမည်ရ မာလီလုပ်သူကို လှမ်းအော်ပြောလိုက်၏။

“ကို… ထိန်. . . ဗျို့. . . ကို… ထိန်”

“ခင်ဗျာဆရာ . . . ဘာခိုင်းမလို့လဲဟင်”

“ “ကိုထိန် အိမ်ရှေ့မှာ အမှိုက်မကောက်ပါနဲ့။ နောက်ဖေးမှာသွားနေစမ်း”

“အမှိုက်တွေ အများကြီးပဲဆရာရဲ့”

“သွားမှာ သွားစမ်းကွာ”

ကျွန်ုပ်၏အမိန့်စကားကြောင့် မာလီကိုထိန်သည် အမှိုက်များကို ဆယ်ပြီး နောက်ဖေးဘက်သို့ ထွက်သွားလိုက်လေ၏။ ထိုအချိန်မှာပဲ တိုင်ကပ်နာရီမှ ကိုးနာရီထိုးသံမြည်လာ၏။

“ဒင်ဒင် ဒင်ဒင် ဒင်ဒင် ဒင် ဒင်ဒင်”

ကျွန်ုပ်သည် တိုင်ကပ်နာရီကိုကြည့်ပြီး မြည်သံကို နားစွင့်နေချိန် မှာပင် ကောင်းကင်မှာ လျှပ်တစ်ချက်လင်းသွားပြီး. . .

“ဒိုင်း. . . ဂျိုင်း”

“ဖြောင်း”

“ဝုန်း”

“ဝမ်း. … ဘဲ”

“ဟာ”

“အမလေး”

ကြောက်လန့်စရာ ကောင်းလှသည်။ မိုးကြိုးပစ်ခတ်သံကြောင့် ကျွန်ုပ်၏ဇနီးသည် ကျွန်ုပ်ကိုဖက်၍ အော်လိုက်၏။ ဒါနှင့်အတူ အိမ်ရှေ့ ကုက္ကိုပင်ကြီးကို မိုးကြိုးထိမှန်ပြီး ကုက္ကိုပင်ကြီးနှစ်ခြမ်းကွဲသွားကာ ဝုန်းခနဲ ပဲ့ကျသွားသံ သိမ့်သိမ့်တုန်ခါသွား၏။ဒါနှင့်အတူ နွားတစ်ကောင်ရဲ့ အော်ဟစ်သံကို ကြားလိုက်ရ၏။” မိုးကြိုးသံစဲ၍ အတန်ကြာငြိမ်သွားပြီးမှ ကျွန်ုပ်တို့အောက်ဆင်း၍ ကြည့် လိုက်သောအခါ ကုက္ကိုလ်ကိုင်းကျိုးများကြား မည်းတူးသွားသည့် နွားသိုး အသေကောင်ကို အံ့ဖွယ်ပြင်လိုက်ရသောအခါ. . .

–——————————-

#မောင်ညိုမှိုင်း (သန်လျင်)

Leave a Reply

Your email address will not be published. Required fields are marked *