“လက်ပြတ်ကြီး” (စ/ဆုံး)

“လက်ပြတ်ကြီး” (စ/ဆုံး)
—————————————-

ပြာသိုလလေဗျာ။ လွှတ်အေးတဲ့ လပေါ့။ ကျုပ်
တို့အညာသားတွေ နှမ်းရိုးနဲ့ မီးလှုံကြတဲ့ လပေါ့
ဗျာ။ စောင်ခြုံလို့ လုံတာမှ မဟုတ်တာ။ မီးလှုံမှ
ကို နွေးတာဗျ။ ဝိုင်းထဲမှာ မီးလှုံကြရင်း အကြမ်း
ကလေးသောက်၊ လက်ဖက်ကလေးစား၊ ဆေး
လိပ်ကလေးဖွာ၊ဟိုအကြောင်း သည်အကြောင်း
ပြောကြနဲ့ ပြာသိုလရဲ့ အညာသားစည်းစိမ်ပဲ
ပေါ့ဗျာ။ ကျောက်ခဲနဲ့ သံမဏိကတော့ ကျုပ်
တို့ ဝိုင်းကို ညတိုင်းလာပြီး မီးလှုံတာဗျ။

လူတွေကြည့်လိုက်ရင် ခေါင်းစွပ်ကြီးတွေ
စွပ်လို့။ ဂွမ်းစောင်ကြီးတွေ ကိုယ်မှာပတ်လို့။
ခြေအိတ်ကလည်း စွပ်ကြရသေးဗျား။ ဒီည
တော့ ကျုပ်တို့ စကားပြောရင်း ကျုပ်က
ကျောက်ခဲနဲ့ သံမဏိကို သရဲ၊ တစ္ဆေမွေးတဲ့
အကြောင်း ပြောပြတာဗျ။

ကျုပ်ကြုံခဲ့ဖူးတဲ့ ဆိတ်ဖလူးပင်ကို ကြက်လည်
လှီးပြီး ကျလာတဲ့သွေး ခံစိုက်တဲ့ ကျုပ်တို့ရွာက
ကိုနီတာအကြောင်း၊ထောင်ထဲမှာ သေဒဏ်ချတဲ့
ကြိုးနဲ့ ခြံကာပြီး သရဲမွေးတဲ့ ကျုပ်တို့ထနောင်း
ကုန်းသား ဦးဘိုးထင်အကြောင်း၊ ဂျပန်သတ်
လို့ သေတဲ့ သူခိုးကြီးရဲ့ ဦးခေါင်းခွံကို ဆေးစီ
ရင်ပြီး သရဲမွေးတဲ့ ငွေတွင်းကုန်းက ကိုမင်းဒင်
တို့အဘိုး ဦးအိုအကြောင်းတွေ ပြောပြတာ
ပေါ့ဗျာ။

(ဒီအကြောင်းတွေကို ငနက်ကြီးရဲ့ဆရာ၊
စောရဦးခေါင်း၊ ကြိုးနဲ့ကာတဲ့ခြုံ ဆိုတဲ့ ဝတ္ထု
တွေမှာ ဖတ်ပါ)

ကျောက်ခဲနဲ့ သံမဏိဆိုတဲ့ကောင်တွေ လက်
ဖက်မစားဘဲ ငြိမ်ပြီးနားထောင်ကြတာဗျို့။

“ဟေ့ကောင် တာတေ၊ ခွေးကြည့်ပါဦးကွ”

“ဟင်…ဘယ်သူတုံးဗျ၊ ကျုပ်တို့အိမ်မှာ
ခွေးမှမရှိတာ”

“ဟေ…ဟုတ်လားကွ၊ ဒါဆိုရင် ဝင်ခဲ့ပြီဟေ့”

ညဘက်ကြီးလာတဲ့ ဧည့်သည်ဆိုလို့ ကျောက်
ခဲနှင့် သံမဏိပဲ ရှိတာဗျ။ ဘယ်သူတုံးဆိုတာ
ကျုပ်မတ်တတ်ရပ်ပြီး ကြည့်လိုက်တယ်။

“ကိုသိန်းမောင်ကြီးပါလား၊ ဘယ့်နှယ် အ
ချိန်မတော်ကြီး ရောက်လာရတာတုံး။ ၁၁
နာရီတောင် ထိုးပေါ့ ကိုသိန်းမောင်ရဲ့”

“ဟုတ်ပကွာ။ အရေးရှိတော့လည်း အချိန်
ရှိရတော့တာပ တာတေရာ”

“ဟင်…ဟုတ်လား ကိုကြီးသိန်းမောင်ရဲ့။
လာလေဗျာ၊ လာ…ဒီခုံမှာထိုင်ဗျ။ မီးလှုံရင်း
ပြောကြတာပေါ့။ ဒီပြာသိုက အတော်အေး
သားဗျနော”

“အေးတယ်ကွ တာတေရ။ အဘတို့၊ အရီး
တို့ကော နေကောင်းကြလား”

“ကောင်းတယ် ကိုကြီးသိန်းမောင်ရဲ့၊ စော
စောကပဲ အိမ်ပေါ်တက်သွားကြတာ”

ကျုပ်က နဂါးဆေးပေါ့လိပ်ကလေး မီးညှိပြီး
ကမ်းပေးလိုက်တယ်။ ကျုပ်တို့အရပ်ကတော့
နဂါးပဲ အသောက်များတာဗျ။ ဆေးပေါ့လိပ်
ကလေး တစ်ဖွာ၊နှစ်ဖွာ ဖွာလိုက်ပြီးမှ ကိုသိန်း
မောင်ကြီးက စကားကို စပြောဖို့ ပြင်တာဗျ။
ကိုကြီးသိန်းမောင်က ကျုပ်ထက် ဆယ်နှစ်
တော့ ကြီးမှာဗျ။အရပ်ပုပျပ်ပျပ်၊ဗလကောင်း
ကောင်းဗျ။ အိမ်ထောင်လည်း မပြုဘူး။ မိဘ
တွေကိုလုပ်ကျွေးနေတဲ့ လူပျိုကြီးဗျ။သဘော
မနောကလည်း လွှတ်ကောင်းတာဗျ။ ငွေတွင်း
ကုန်းသားတွေက ကိုသိန်းမောင်ကြီးဆို လွှတ်
ခင်ကြတာဗျို့။

“ပြောပါဦး ကိုကြီးသိန်းမောင်ရဲ့၊ ညဘက်
ကြီး ပေါက်ချတဲ့ ကိစ္စကို”

ကျုပ်ကပဲ စကားစပေးလိုက်တော့တာဗျို့။

“ငါတို့ရွာမှာတော့ ဗြောင်းဆန်နေပြီ
တာတေရေ”

“ဗျာ…ငွေတွင်းကုန်းမှာ ဗြောင်းဆန်နေပြီ
ဟုတ်လား၊ ဘာတွေဖြစ်လို့တုံးဗျ”

“သရဲကွ တာတေရ…သရဲ။ အိမ်ခေါင်မိုးတွေ
ပေါ် အုန်းခနဲ ခုန်ချ၊ခေါင်မိုးတွေပေါ် လျှောက်
ပြေး၊ အိမ်တွေထဲဝင်၊ ပစ္စည်းတွေ တွန်းချနဲ့ကွ”

“ဗျာ…ဘယ်လိုသရဲတုံးဗျ၊ လူကိုခြောက်တာ
လှန့်တာလည်း မဟုတ်ဘဲနဲ့”

“ခြောက်နေတာတော့ မဟုတ်လောက်ဘူးကွ”

“နို့ …ဘယ်အိမ်တွေကို ခုန်ချတာတုံး”

“ဒီညနဲ့ပါဆိုရင် သုံးညရှိပြီကွ၊ ရွာထဲကအိမ်
တွေစေ့တော့မယ်၊ အိမ်တိုင်းလို ရောက်လာ
ပြီး အိမ်ထဲတွေ ဝင်မွှေတော့တာပဲကွ၊ ငါတို့
ငွေတွင်းကုန်းသားတွေလည်း လန့်ဖျပ်ပြီး ရွာ
ကနေ ထွက်ပြေးရတော့မလိုကို ဖြစ်ကုန်ပြီ
ဟေ့”

ကိုကြီးသိန်းမောင်က စကားကို ခဏရပ်ပြီး
ဆေးလိပ်ဖွာတယ်ဗျ၊ ပြီးတော့မှ …

“ငါတို့အားလုံး တိုင်ပင်ထားတာကွ။ ဒီည
ဆက်ဖြစ်ရင်တော့ မင်းကို လာခေါ်မယ်ဆို
ပြီး စောင့်ကြည့်နေကြတာကွ။ ၉ နာရီလည်း
ထိုးရော ရွာအနောက်ပိုင်းမှာ ဖြစ်တော့တာ
ပဲကွာ။ ဒါနဲ့ လှည်းကောက်ပြီး မောင်းချလာ
တာကြ”

“ဟင်…ကိုကြီးသိန်းမောင် တစ်ယောက်တည်း
လာတာလား”

“မဟုတ်ဘူးကွ။ ငါ့တူနှစ်ယောက် ပါတယ်။
ဘထွေး စံမြတို့ဝိုင်းမှာ လှည်းဖြုတ်ပြီး ဒီ
ကောင်နှစ်ယောက် နေခဲ့တယ်။ ငါကသာ
မင်းအိပ်သွားမှာစိုးလို့ ခပ်သုတ်သုတ်ထွက်
လာခဲ့တာကြ”

ကျုပ်စဉ်းစားတယ်။ ဒါ ဘာဖြစ်တာလဲ
ပေါ့ဗျာ။

“ဒီကိစ္စ မဖြစ်ခင်က ကိုကြီးသိန်းမောင်တို့ရွာ
မှာ ထူးထူးခြားခြားဖြစ်တာ ဘာရှိတုံးဗျ”

“ဘာမှတော့ မဖြစ်ပါဘူးကွာ။ ဘိုးစံရင်ဆို
တဲ့အဘိုးကြီးတစ်ယောက် ဆုံးတာတော့
ရှိတယ်ကွ”

“နို့ …ဆုံးသွားတဲ့ ဘိုးစံရင်က ဘာတွေ ထူး
ခြားတာ ရှိတုံးဗျ”

“ဘာမှတော့ ထူးခြားတာ မရှိပါဘူးကွာ။
နှစ်လ၊ သုံးလလောက် အိပ်ရာထဲမှာ နာ
တာရှည်ဖြစ်ပြီး ဆုံးသွားတာပါ။ လူကြီးနာ
ပေါ့ တာတေရာ၊အသက်က ရှစ်ဆယ်လေ
ကွာ။ဘိုးစံရင်ကတော့ သရဲဖြစ်သွားတောင်
တစ်ရွာလုံး အုန်းဆန်အောင် ခြောက်မှာ
မဟုတ်ပါဘူးကွာ”

ကျုပ်ခေါင်းညိတ်လိုက်တယ်။

“အဲဒီ ဘိုးစံရင်က ငယ်ငယ်တုန်းက အထက်
လမ်းဆရာ ဘာတွေ လုပ်ဖူးလားဗျ၊ အထက်
လမ်းမဟုတ်လည်း အောက်လမ်းပေါ့ဗျာ”

“ဟာ.…မလုပ်ဖူးပါဘူးကွာ။ ဒါပေမဲ့ ဘိုးစံရင်
ငယ်ငယ်တုန်းကတော့ လက်ဝှေ့တွေဘာတွေ
ထိုးဖူးတယ်လို့ ပြောကြတယ်။ပြီးတော့ ဘိုးစံရင်က လက်ဖျံရိုးတစ်ချောင်းတည်းလို့ ပြော
တယ်ကွ။ လက်သီးအား ပြင်းတယ်ဆိုပဲ။ ဒါ
ကလည်း ငယ်ငယ်တုန်းက ထိုးတာဖြစ်မှာ
ပါ။ နောက်တော့လည်း ဘိုးစံရင်က ယာပဲ
လုပ်နေတာ တွေ့တာပါကွာ”

ကျုပ်လည်း ဘာမှမတွေးတတ်တော့ဘူးဗျ။

“မနက်ဖြန်တော့ မင်းကို တစ်ပါတည်းခေါ်ခဲ့
ဖို့ ရွာက လူတွေက သေသေချာချာ မှာလိုက်
တယ်ကွ တာတေရ။ တို့ရွာသားတွေက မင်း
ကို အတော်လေး အားကိုးကြတာကွ”

“ကျုပ်လိုက်ခဲ့မှာပေါ့ ကိုကြီးသိန်းမောင်ရာ၊
ဒါပေမဲ့ အဘတို့၊ အမေတို့က အိပ်သွားပြီ
ဆိုတော့ မနက်မှ အကျိုးအကြောင်းပြော
ရမှာဗျ။ ဒီတော့ မနက် ၉နာရီလောက်မှ
ထွက်ကြတာပေါ့ဗျာ။ ဘယ့်နှယ်တုံး…”

“ဟာ…တာတေကလည်း၊ ငါ့တာဝန်က
မင်းကို ပါအောင်ခေါ်ဖို့ပါ ဆိုနေကွာ။ မင်း
ကြိုက်တဲ့အချိန်သာ သွားကွာ။ မင်းလိုက်
လာရင် ပြီးတာပဲ ”

“ဟုတ်ပြီ ဟုတ်ပြီ။ ဒါဆို ၉နာရီသွားမယ်ဗျာ”

“အေး…အေး၊ ဒါဆိုရင် ဒီကပဲ စောင့်နေ။
ငါ့လှည်းကို ဒီဝိုင်းအထိ မောင်းလာပြီး မင်း
ကို လာခေါ်မယ်။ကဲ ငါ သွားမယ် တာတေ။
ဘထွေးစံမြတို့ ငါ့ကို စောင့်နေကြမှာ”

ကိုကြီးသိန်းမောင်က ပြောပြောဆိုဆို ဝိုင်း
ဝကို ထွက်သွားရောဗျ။ ကျောက်ခဲနဲ့ သံမ
ဏိက ကျုပ်နဲ့ ဆက်ပြီး စကားပြောနေသေး
တာ။နာရီဝက်လောက်ကြာတော့မှ ဒီကောင်
နှစ်ကောင်လည်း ပြန်သွားရောဗျို့။

မနက်ကျတော့ အဘနဲ့ အမေ့ကို အကျိုး
အကြောင်းပြောပြီး ကိုကြီးသိန်းမောင်လှည်း
နဲ့ ငွေတွင်းကုန်းကို လိုက်ခဲ့တယ်။မီးလောင်
ကုန်းကနေ တောင်ကိုချိုးပြီး လှည်းလမ်းအ
တိုင်း လိုက်ချသွားရင် ငွေတွင်းကုန်းကို
လှည်းနဲ့ တစ်နာရီပဲ သွားရတာဗျ။

ငွေတွင်းကုန်းမှာက ကျုပ်သူငယ်ချင်းတွေ
အများချည်းဗျ။ အားလုံး လူခင်တွေချည်း
ပဲ။ ကျုပ်လိုက်လာတော့ တော်တော်ကို
ဝမ်းသာသွားကြတာဗျို့။

“ဟာ…တာတေ၊ မတွေ့တာတောင် ကြာပေါ့”

“ဟာ …တာတေက ပိုချောလာပါလားကွ”

“မဖဲဝါက တာတေကို ပီယဆေးပေးထားလား
မှ မသိတာ”

လှည်းပေါ်ကတောင် မဆင်းရသေးပါဘူးဗျာ၊
ငွေတွင်းကုန်းသားတွေ ကျုပ်ကို ဝိုင်းစကြပါ
ရောဗျာ။ လူခင်တွေဗျ။ချစ်ညိုတို့၊ ဝင်းမြင့်တို့၊
အောင်ဗလတို့ဆိုတဲ့ ကောင်တွေလေဗျာ။
ဟုတ်တော့ ဟုတ်လားဗျ။ ဒီကောင်တွေနဲ့
ကျုပ်နဲ့ မတွေ့တာ ကြာပေါ့။

“ဟကောင်…ချစ်ညိုရ၊ ကိုကြီးသိန်းမောင်
ပြောပါကောလားကွ။ မင်းတို့ရွာမှာ ညဘက်
ညဘက် သန်းခေါင်းစာရင်း လိုက်စစ်လို့ဆို”

ကျုပ်က လှည်းပေါ်ကဆင်းရင်း ချစ်ညိုကို
စလိုက်တာဗျ။

” ဟာ …တာတေရာ၊ သန်းခေါင်စာရင်းစစ်
ချက်ကတော့ကွာ။ ငါတို့မှာ ညဘက် ကောင်း
ကောင်းမအိပ်ရတာ နှစ်ည၊ သုံးည ရှိပြီကွ”

ကိုကြီးသိန်းမောင်တို့အိမ်ကနေ ကျုပ်ကို
လာစောင့်နေကြတာဗျို့။ ငွေတွင်းကုန်းက
ကာလသားတွေ ခြောက်ယောက်၊ ခုနှစ်
ယောက်လောက်ဗျ။ ကျုပ်ကို လာခေါ်တဲ့
ကိုကြီးသိန်းမောင်ရဲ့ တူနှစ်ယောက်က
လှည်းဖြုတ်ပြီး နွားတွေဆွဲသွားသဗျ။

“လာ…တာတေ၊ အိမ်ပေါ်တက်ရအောင်”

ကိုကြီးသိန်းမောင်တို့အိမ်က နှစ်ဆောင်ပြိုင်
ဗျ။ခေါင်နှစ်ခုနဲ့လေ။ လွှတ်ကျယ်တာပေါ့ဗျာ။
ဒီအိမ်မျိုးက ကျုပ်တို့အညာမှာ လူချမ်းသာ
တွေပဲ ဆောက်ကြတာပေါ့ဗျာ။ ခြေတံရှည်
အိမ်ကြီးရဲ့ အောက်ထပ်တစ်ခြမ်းကို တစ်
ထပ်လုပ်ပြီး ကျန်တဲ့တစ်ခြမ်းကတော့ ဒီအ
တိုင်း လွှတ်ထားတာဗျ။အဲဒီနေရာမှာတော့
ကျုပ်တို့အညာဓလေ့ပေါ့ဗျာ။

တန်းလျားနှစ်လုံး၊ စားပွဲတစ်လုံး၊ သစ်သား
ကုလားထိုင် သုံးလေးလုံး ချထားတာပေါ့ဗျာ။
သစ်သားလှေကားကြီးကနေ ကျုပ်တို့က အိမ်
ပေါ်ထပ်ကို တက်ခဲ့ကြတာပေါ့။ ငွေတွင်းကုန်း
က ကာလသားတွေလည်း တက်လိုက်လာ
ကြတယ်။ အိမ်ကြီးပေါ်ကလည်း ကျယ်ပါ့ဗျာ။

“လာဟေ့ …တာတေ၊ မင်းလည်း ငွေတွင်း
ကုန်းဘက် မရောက်လာတာ ကြာပေါ့”

ကိုကြီးသိန်းမောင်ရဲ့အဘ ဦးငွေတိုးဗျ။ ဘိုး
ငွေတိုးကြီးက ကျုပ်ကို လွှတ်ခင်တာဗျို့။

“ဟုတ်ပ အဘရယ်။ ကျုပ်လည်း အဘနဲ့
ယာထဲဆင်းနေရတာဗျို့”

“ဟာ…အေးပေါ့ကွ တာတေရ၊ မင်းက
တစ်ဦးတည်းသော သားလေကွာ။ မင်း
မလုပ်ရင် ဘယ်သူလုပ်မတုံး။ နို့ …ကို
ကြီးဥာဏ်တို့၊ အစ်မငွေစိန်တို့ နေကောင်း
ကြလား”

“ကောင်းပါတယ် အဘရဲ့”

“အေး…အေး၊ အဘက သတင်းမေးတယ်
လို့ ပြောလိုက်ပါကွာ”

“ဟုတ်ကဲ့ပါ အဘ၊ ကျုပ်ပြောလိုက်ပါ့မယ်”

“အေး…အေး၊ ထိုင်ပြီး အကြမ်းလေးဘာလေး
သောက်၊ ဆေးလိပ်လည်း သောက်ကွ”

“နို့ …အရီးကျော့ရော မမြင်ပါလား အဘ”

“ဟာ…တာတေရ၊ မင်းအရီး အနောက်ပိုင်း
သွားလို့ဟေ့။ အဲဒီမှာ ငသယ်တို့ ဝက်ပေါ်
တယ်ကြားလို့ ဝက်သားလေး ဘာလေး ဆုံ
ဖို့သွားတယ်ကွ။ မင်းအရီးက မင်းလာမယ်
ဆိုတာ သိလို့ပေါ့။ ငါ့တူတာတေ မလာတာ
ကြာပြီ၊ ရောက်သခိုက်မှာ ဝက်သားဟင်း
ကောင်းကောင်း ချက်ကျွေးရဦးမယ်လို့ပြော
ပြီး ထွက်သွားတာဟေ့။ မင်းအရီး လာခါနီး
ပါပြီ”

ကျုပ်နဲ့ ငွေတွင်းကုန်းသားတွေ အကြမ်းဝိုင်း
မှာ ဝိုင်းထိုင်မိကြတော့ ညက ကိစ္စတွေ ကျုပ်
ကို ပြောပြကြတာပေါ့ဗျာ။

“ညကတော့ ရွာအရှေ့ပိုင်းက စဖြစ်တာကွ
တာတေရ၊အရှေ့ပိုင်းက ဘိုးရွှေဝတို့ ဝိုင်းထဲ
က မန်ကျည်းပင်ကြီးပေါ်ကနေ အိမ်ခေါင်
မိုးပေါ်ကို ခုန်ချတာကွ။ ‘အုန်း’ဆိုတဲ့ အသံ
ကြီးမှ အကျယ်ကြီးပါကွာ”

“ခုန်ချပြီးတော့ ဘာဆက်ဖြစ်တုံးဗျ”

“ဒီလိုလေကွာ။ပထမနှစ်ည ဆက်တိုက်ဖြစ်
သွားတော့ ငါ့တို့ရွာက ကာလသားတွေ ကင်း
တွဲပြီး ညကစ ကင်းစောင့်ကြတာလေကွာ။
ကင်းတစ်တွဲကို နှစ်ယောက်၊ နှစ်ယောက်တွဲ
ပြီး တစ်ယောက်က လောက်လေးခွနဲ့လောက်
စာလုံးအိတ် လွယ်လို့၊ နောက်တစ်ယောက်က ရေထမ်းပုံးနဲ့ တုတ်တစ်ချောင်းကိုင်လို့
ပေါ့ကွာ။ ညက အရှေ့ပိုင်းမှာ ကင်းကျတာ
က သာတင့်နဲ့ ငမောင်ကွ။

ဘိုးရွှေဝတို့ ခေါင်မိုးပေါ်ကို ‘အုန်း’ဆို ခုန်ချ
လိုက်တဲ့အသံ ကြားတာနဲ့ ဒီကောင်နှစ်ကောင်
ပြေးလာပြီး တစ်ယောက်က လေးခွနဲ့ ရမ်းပစ်
တာပေါ့ကွာ။ တစ်ယောက်က သံပုံးကို ဒုန်း
ခနဲ ဒုန်းခနဲ မြည်အောင် ဆက်တိုက်တီးတာ
ဟေ့။ဒီတော့ အဲဒီကောင်က ဘိုးရွှေဝတို့ ခေါင်
မိုးပေါ်မှာ ဝုန်းခနဲ၊ ဝုန်းခနဲ မြည်အောင် ပြေး
တော့တာကွ။

ဘိုးရွှေဝတို့အိမ်ကနေ အရီးမယ်မြတို့အိမ်
ခေါင်ပေါ် အုန်းခနဲ ခုန်ကူးပြီး ဆက်ပြေး
တယ်။ နောက်တော့ ကိုဘခင်တို့ ခေါင်မိုး
ကို ခုန်ကူးပြီး ဆက်ပြေးပြန်တယ်။ သာ
မောင်တို့ကလည်း သံပုံးဆက်တိုက်တီးပြီး
လေးခွနဲ့ လိုက်ပစ်တော့တာဟေ့။

အရှေ့ပိုင်းက ဝုန်းဝုန်းဒိုင်းဒိုင်း အသံတွေ
ကြားတော့ ကျန်တဲ့ကင်းသမားတွေကလည်း
သံပုံးတွေတီး၊ အိမ်တွေကလည်း သံပုံးတွေ
တီးနဲ့ တစ်ရွာလုံးကို ညံသွားရောပေါ့ကွာ။ အဲ
ဒါလည်းပြီးရော ကိုသိန်းမောင်လည်း လှည်း
ကောက်ပြီး မင်းဆီ တန်းမောင်းတာပေါ့
တာတေရာ”

“ညက ဒီတစ်ခါပဲလား။ ထပ်ဖြစ်သေးလား”

“ဟာ…ဖြစ်ပါပြီလားကွ။ မိုးလင်းခါနီးအထိ
လေးခါထပ်ဖြစ်တယ်။ အနောက်ပိုင်းမှာဖြစ်
လိုက်၊တောင်ပိုင်းဖြစ်လိုက်၊ အလယ်ပိုင်းဖြစ်
လိုက်နဲ့ကွ။ တို့တစ်ရွာလုံးလည်း ညမအိပ်ရ
တာ သုံးညရှိပြီကွ”

ကျုပ်ကို ပြောပြနေတာက ကိုကြီးသိန်းမောင်
ရဲ့သူငယ်ချင်းဗျ။ ကိုကြီးကျော်စိန် ပြောပြတာ။
ကိုကြီးကျော်စိန်ကို ငွေတွင်းကုန်းသားတွေက
ကျော်စိန်လို့ခေါ်တဲ့သူ တစ်ယောက်မှ မရှိပါဘူး
ဗျာ။ ‘ဒူးရှည်’လို့ပဲ ခေါ်ကြတာ။လူငယ်တွေက
လည်း သူ့ကို ကိုကြီးဒူးရှည်၊ ကိုကြီးဒူးရှည်ပဲ
ခေါ်ကြတာဗျ။ လူက ခြေရိုးတံ ရှည်ရှည်ကြီး
ဗျ။ ကျုပ်လည်း ဒီလိုပဲ ခေါ်တာပါပဲ။

ကိုဒူးရှည်က ဒီရွာက ကာလသားခေါင်းဗျ။
ကျုပ်တို့အညာဓလေ့ကတော့ မြောက်ခေါင်း
ခေါ်တာပေါ့ဗျာ။ရွာမြောက်ပိုင်းက ကာလသား
ခေါင်းမို့လို့မြောက်ခေါင်းလို့ ခေါ်တာပေါ့ဗျာ။ဒါ
ပေမဲ့ဗျို့ …ကြာလာတော့လည်း အကျင့်ပါသွား
ကြတာဗျ။ မျက်စိအကျင့်၊ ဝမ်း အချင့်ဆိုပေမဲ့
ပါးစပ်ကလည်း အကျင့်ပါတာပါပဲဗျာ။

ဘာဖြစ်လို့တုံးဆိုတော့ တောင်ပိုင်းက
ကာလသားခေါင်းဖြစ်လာရင်လည်း ပါးစပ်
က အကျင့်ပါနေကြတော့ မြောက်ခေါင်းပဲ
ခေါ်ကြတာပါ။ ဘယ်သူမှ တောင်ခေါင်းလို့
မခေါ်ကြဘူးဗျ။ ငွေတွင်းကုန်းမှာတော့
‘မြောက်ခေါင်းဒူးရှည်’ဆိုရင် မသိတဲ့လူ
ရှိမလားဗျာ။ ပြီးတော့ ကို ဒူးရှည်က သြ
ဇာလည်း ညောင်းသားဗျ။ လူချစ်လူခင်
ကလည်း လွှတ်ပေါတဲ့လူ။

“နေပါဦး ကိုဒူးရှည်ရဲ့။ ကိုကြီးသိန်းမောင်
ပြောတော့ အိမ်တွေထဲလည်း ဝင်တယ်ဆို”

“ဟုတ်ပ တာတေရာ၊ အိမ်တွေထဲဝင်ရုံတင်
မကဘူးဟေ့။ ဟိုဟာလှန်၊ ဒီဟာလှန်၊ ဟို
ဟာတွန်းလှဲ၊ ဒီဟာတွန်းလှဲနဲ့ ဝုန်းဒိုင်းကို
ကြဲရောကွာ”

“ဟင်…ဘယ်လိုသရဲမျိုးတုံးဗျ။ ကျုပ်ဖြင့်
ဒါမျိုးတစ်ခါမှ မကြုံဖူးပါဘူးဗျာ”

“ရှာဖွေရေးတွေ၊ ဘာတွေ သေပြီး သရဲဖြစ်
တာလားမှ မသိတာ ကိုကြီးတာတေရ”

ခေါင်းကြီးဆိုတဲ့ကောင်က မျက်စိလေး
ပေကလပ်၊ ပေကလပ်နဲ့ ဝင်ပြောတယ်။

“ဟာ…ဒီကောင် ခေါင်းကြီး၊ လူကြီးတွေ
စကားပြောနေတာကို ဝင်နှောက်စရာလား”

ကိုသိန်းမောင်က ခေါင်းကြီးကို ငေါက်တယ်
ဗျ။ခေါင်းကြီးငြိမ်သွားတယ်။ ခေါင်းကြီးပြော
တာလည်းဟုတ်သားဗျ။သရဲက အိမ်တွေထဲ
ဝင်ပြီး ဟိုရှာ၊ ဒီရှာ လုပ်နေတယ်ဆိုတော့
လည်း စဉ်းစားစရာပဲပေါ့ဗျာ။

“နို့ …ကိုဒူးရှည်တို့ရွာထဲမှာ ပရိတ်တွေ၊
ဘာတွေ ရွတ်ကြည့်သေးလားဗျ”

“ဟာ…တာတေရာ၊ နှစ်ညဆက်တိုက်ကြီး
ဖြစ်ပြီးကတည်းက နောက်တစ်နေ့ ကျောင်း
သုံးကျောင်းက သံဃာတွေ အကုန်ပေါင်းပြီး
ရွာထဲမှာ တစ်လမ်းဝင်၊ တစ်လမ်းထွက်နဲ့
တစ်လမ်းမကျန်အောင် ပရိတ်တွေရွတ်တာ
ကွ။ မင်းကို သိန်းမောင် မပြောဘူးလား”

“အေး…အဲဒါကို ငါပြောဖို့ မေ့နေလို့ကွ
ဒူးရှည်ရ”

“ဟာ …သိန်းမောင်ရာ၊ ဒါတွေမေ့လို့ မဖြစ်
ဘူးလေကွာ၊ တာတေကို အကုန်ပြောပြရ
မယ်။ ဒါမှ တာတေက ဝေဖန်ပိုင်းခြားနိုင်
မှာပေါ့ကွ”

“သြော်…ဒါတောင် ထပ်ဖြစ်နေသေးတာကိုး”

“ကဲ…ဒီတစ်ညတော့ ကျုပ်စောင့်ကြည့်ချင်
သေးတယ်ဗျာ။ မနက်ဖြန်မှပဲ ဘာလုပ်ရမယ်
ဆိုတာ တိုင်ပင်ကြတာပေါ့”

“မင်းကောင်းသလိုသာ စီစဉ်ကွာ။ လိုတာ
ရှိရင် ဘာမဆို ပြောဟေ့ တာတေ”

အဲဒီည ကျုပ်တို့ စောင့်နေကြတယ်။ ကိုသိန်း
မောင်ရယ်၊ ကိုဒူးရှည်ရယ် ကိုသိန်းမောင်တို့
အိမ်အောက်က စားပွဲမှာ အကြမ်းအိုးနဲ့ ဆေး
ပေါ့လိပ်လေးတွေ ဖွာနေကြတာဗျ။ ကိုဒူးရှည်
ကတော့ ကာလသားတွေကို တစ်ရွာလုံးအနှံ့
ကင်းချထားပြီးပြီဗျ။ အသံကို သူနားတစွင့်စွင့်
လုပ်နေတာ။ တောဓလေ့ဆိုတော့လည်း ည
၉ နာရီဆို လူခြေတိတ်ရောဗျာ။

“ဟော…သိန်းမောင်၊ နားထောင်စမ်း။ ပုံးတီး
သံမို့လား။ ဒါ…တောင်ပိုင်းက အသံကွ”

“ဒုန်း…ဒုန်း…ဒုန်း…ဒုန်း…ဒုန်း”

မကြာပါဘူးဗျာ။ တစ်ရွာလုံး သံပုံးသံတွေ
ဆူညံသွားတော့တာဗျို့။ ကျုပ်တို့သုံးယောက်
လည်း သံပုံးထုသံတွေ ကြားရတဲ့ ရွာတောင်
ပိုင်းကို ဓါတ်မီးတွေထိုးပြီး ပြေးရတာပေါ့ဗျာ။

“ဟေ့ကောင်…ငပု၊ ဘာဖြစ်တုံး”

“ကိုစံမောင်ကြီးတို့ ခေါင်မိုးပေါ်ကို ခုန်ချ
တာဗျ ကိုကြီးဒူးရှည်ရ”

“ခု ဘယ်ရောက်သွားတုံး”

“မရောက်ဘူးဗျ။ အုန်းဆိုတဲ့ အသံတစ်သံ
ပဲ ကြားပြီး ငြိမ်သွားတာ”

ကျုပ်က မျက်ကွင်းဆေးအဆင်သင့်ကွင်း
ထားပြီးသားလေဗျာ။ ကျုပ်အသာကလေးရှေ့တိုးပြီး ကိုစံမောင်တို့ ဝိုင်းထဲကို ဝင်လိုက်
တယ်။ ဝိုင်းထဲမှာ လူလေးငါးယောက်ဗျ။သံ
ပုံးတီးတဲ့ လူကတီး၊ ဓါတ်မီးနဲ့ အိမ်ခေါင်မိုး
ပေါ်ကို ထိုးကြည့်တဲ့လူက ကြည့်နေတာ။

ကျုပ်က ကိုဒူးရှည်လက်ထဲက ဓါတ်မီးကိုယူ
ပြီး ကိုစံမောင်တို့ အိမ်ခေါင်မိုးပေါ်ကို ထိုး
ကြည့်လိုက်တယ်။ ဟာ…တွေ့ပြီဗျို့။ ကျုပ်
တွေ့ပြီ။ အိမ်ခေါင်မိုးပေါ်မှာ မားမားကြီးရပ်
နေတာဗျို့။ ဟင်…ဘယ်လိုဟာပါလိမ့်။ အို
လက်ကြီးတစ်ဖက် ပြတ်နေပါလား။ လက်
ကောက်ဝတ်သာသာလောက်ကကို ပြတ်
နေတာဗျ။ တစ်ကိုယ်လုံး အမွေးတွေ ဖုံးနေ
တာဗျို့။ ဟော…ဟော…ကျုပ်ဘက်ကို တ
ဖြည်းဖြည်း လှည့်ကြည့်ပြီဗျို့။

ကျုပ်ကလည်း ဓါတ်မီးကို မပြတ်ထိုးထား
တာဗျ။ သရဲက လူသရဲမှ မဟုတ်တာ။ လူ
ဝံသရဲကြီးဗျ။ အစွယ်ကြီးတွေမှ ဖွေးနေတာ
ဗျို့။ မျောက်မျက်နှာကြီးနဲ့ အစွယ်ဖွေးဖွေး
ကြီးတွေဗျို့။ မျက်လုံးကြီးတွေမှ ရဲတောက်
နေတာပါပဲဗျာ။ ဒါ…ဘယ်လိုဖြစ်ရတာတုံး။

“ငပု …ငါဓါတ်မီးထိုးထားတဲ့ နေရာကို လေး
ခွနဲ့ ဆက်တိုက်ပစ်စမ်းကွာ”

“ဟုတ်ကဲ့ …ကိုကြီးတာတေ”

ငပုဆိုတဲ့ကောင်က မြန်လိုက်တာဗျာ။ ချက်
ချင်းကို ပစ်တော့တာဗျို့။

“ဒုန်း…ဒုန်း”

“အိမ်ခေါင်မိုးပေါ်ကို လောက်စာလုံးမှန်တဲ့
အသံဗျ။ဟော…ပြေးပြီဗျို့။ ပြေးပြီ။ ဟာ…
ခုန်ပြီ။

“အုန်း…”

“ဒုန်း…ဒုန်း…ဒုန်း”

ကိုစံမောင်နဲ့ ကပ်လျက်က အိမ်ခေါင်မိုးပေါ်
ကို လှမ်းခုန်ပြီး အနောက်ပိုင်းကို ပြေးတော့
တာဗျို့။

“ဟာ…ပြေးပြီဟေ့၊ ပြေးပြီ”

ရွာထဲက လူတွေရော၊ ငပုတို့ရော အသံကြား
တဲ့ဘက်ကို သံပုံးတွေတီးပြီး ပြေးလိုက်ကြ
ရောဗျို့။

“ကဲ…ကိုဒူးရှည်၊ ကျုပ်တို့ ကိုသိန်းမောင်တို့
အိမ် ပြန်ကြစို့ဗျာ”

“ဟေ…ပြန်မယ် ဟုတ်လား တာတေ၊ အ
နောက်ပိုင်းကို မလိုက်တော့ဘူးလား”

“မလိုက်တော့ပါဘူးဗျာ”

“မင်းမြင်လိုက်ပြီလား တာတေ”

“ကျုပ်မြင်လိုက်ပါပြီဗျ၊ အိမ်ရောက်မှ ပြော
ကြတာပေါ့ဗျာ”

“သြော် …အေး …အေး”

ကျုပ်တို့အိမ်ရောက်တော့ ဘိုးငွေတို့ရော၊
အရီးကျော့ရော မအိပ်ကြသေးဘူးဗျ။

“တာတေ…ထူးလားကွ”

ဘိုးငွေတိုးက ကျုပ်ကို ဆီးပြီးမေးသဗျ။
ကျုပ်တို့အားလုံး အိမ်ကြီးပေါ်မတက်ဘဲ
ဝိုင်းထဲက တန်းလျားမှာပဲ အကြမ်းသောက်
ရင်း စကားပြောကြတာ။

“ထူးတယ် အဘရဲ့၊ ထူးသမျှ တော်တော်ကို
ထူးတာ”

“ဟေ…ဟုတ်လား တာတေရဲ့၊ ပြောပြပါ
ဦးကြ”

ကိုကြီးသိန်းမောင်ရော၊ ကိုဒူးရှည်ရောက
ကျုပ်ကို ငေးကြည့်ပြီး ဘာပြောမလဲလို့
စောင့်နေကြတာဗျ။

“သရဲက လက်ကြီးတစ်ဖက် ပြတ်နေတယ်
ဗျ။ ပြီးတော့ လူမဟုတ်ဘူး၊ လူဝံကြီးဗျ”

“ဟေ” “ဟာ” “ဘုရား … ဘုရား”

အားလုံး အံ့သြကုန်တာပေါ့ဗျာ။ ကိုဒူးရှည်
ကတော့ မျက်မှောက်ကြီးကုတ်ပြီး စဉ်းစား
နေတယ်ဗျ။ ဘိုးငွေတိုးကတော့ ခေါင်းလေး
ညိတ်ပြီး ဆေးပေါ့လိပ်ကလေး မီးညှိလိုက်
တယ်။

“ဘိုးစံရင်ယာထဲက လက်ပြတ်ကြီးကိုး။
ဘယ်လိုဖြစ်ပြီး လူဝံကြီး ဖြစ်နေရတာတုံး”

ကိုဒူးရှည်က စကားကို ခပ်လေးလေးကြီး
ပြောတယ်။

“ဟင် …လက်ပြတ်ကြီးကို ခင်ဗျားတို့ သိ
တယ် ဟုတ်လား ကိုဒူးရှည်”

ကျုပ်က အံ့သြပြီး မေးလိုက်တော့ ကိုဒူးရှည်
က ခေါင်းညိတ်ပြီး ပြောတယ်။

“ငွေတွင်းကုန်းတို့၊ မီးလောင်ကုန်းတို့၊ ဆပ်
သမြောင်တို့က လူတွေ တော်တော်များများ
လက်ပြတ်ကြီးကို သိကြတယ် တာတေ၊ ည
ဘက် အချိန်မတော် ဘိုးစံရင်ယာထဲကို ဖြတ်
လျှောက်တာတို့၊ မြေပဲခိုးနုတ်တာတို့၊ နှမ်း
တောင်ခိုးတာတို့ လုပ်မိလို့ကတော့ လက်
ပြတ်ကြီးလိုက်လို့ လျှာထွက်မတတ် ပြေး
ကြရတာချည်းပဲဟေ့”

“ဟာ…ဒါဆိုရင် လက်ပြတ်ကြီးက ဘိုးစံရင်
ယာတောကိုစောင့်တဲ့ အစောင့်သရဲပေါ့။
ဟုတ်လား ကိုဒူးရှည်”

“အေး …ဟုတ်တယ် တာတေ၊ ငွေတွင်းကုန်း
မှာ လက်ပြတ်ကြီး အလိုက်ခံရဖူးတဲ့သူတွေ
လေးငါးယောက် ရှိတယ်ကွ။ တစ်ကိုယ်လုံး
အမွေးမည်းမည်းကြီးတွေ ဖုံးနေတဲ့ သရဲကြီး
တဲ့။ လက်ကြီးတစ်ဖက် ပြတ်နေတာတဲ့။ ဒါ
ပေမဲ့ မင်းအခု တွေ့သလို လူဝံကြီးဆိုတာ
တော့ ဘယ်သူမှ မသိဘူး တာတေ၊ မင်း
ပြောလိုက်တော့မှ ငါလည်း တော်တော်ကို
ခေါင်းခြောက်သွားတာ။ ဒီအဟိတ်တိရစ္ဆာန်
သရဲကြီးကို ပရိတ်ရွတ်တော့ကော သိမတဲ့
လား။ ကောင်းမှုကုသိုလ်ပြုပေးလို့လည်း
သိမှာမှမဟုတ်တာ။ ဒုက္ခပါပဲကွာ။ ကြံစမ်း
ပါဦး ငါ့ညီရာ။ မင်းကိုပဲ အားကိုးပါတယ်
တာတေရာ”

ဘိုးငွေတိုးက ဆေးပေါ့လိပ်ကလေးကို
ဆက်တိုက်ဖွာနေရင်း ပြောလိုက်တယ်။

“ဘိုးစံရင်လုပ်ခဲ့တဲ့ကိစ္စတွေပေါ့ကွာ။ သူ
မသေခင်က ရှင်းအောင်လင်းအောင် လုပ်
မသွားတော့ ရွာပါနာပြီပေါ့ကွာ”

“ဗျာ …ဘိုးစံရင် လုပ်တာ ဟုတ်လားအဘ”

ကိုသိန်းမောင်က သူ့အဘကို တအံ့တသြ
နဲ့ မေးတာဗျို့။

“ဟုတ်တယ် လူကလေး။ ဒီကိစ္စတွေကို
အဘရဲ့ဘထွေး ဘိုးညိုမောင်ပြောပြလို့
သိတာ။ ဘိုးညိုမောင်လည်း ရှိတော့တာ
မဟုတ်တော့ ဘယ်သူမှ မေးလို့မရတော့
ဘူးပေါ့ကွာ”

“အဘကို ဘိုးညိုမောင် ဘာတွေပြောလို့တုံး”

“ဒီလိုကွ။ ဘိုးစံရင်က ငယ်ငယ်က လက်ဝှေ့
သမားဆိုပဲ။ ငါ့ဘထွေးနဲ့က ငယ်သူငယ်ချင်း
တွေလေကွာ။ ဘိုးစံရင်က ရွာစဉ်လှည့်ပြီး
လက်ဝှေ့ကြေးစားထိုးဆိုပဲ။ သူသွားထိုးတိုင်း
ဘထွေးက အဖော်လိုက်ရတာတဲ့ကွ။ တစ်
နေ့တော့ မြောက်ဘက်က ရွာတွေမှာ လက်
ဝှေ့သွားထိုးပြီး သူငယ်ချင်းနှစ်ယောက် ပြန်
အလာ ရိုးမတောထဲဖြတ်တော့ လူဝံကြီး
တစ်ကောင်နဲ့ ပက်ပင်းတိုးရောဆိုပဲ”

“ဒီလူဝံက ဘယ်ကများရောက်လာတုံး
ဘကြီးရဲ့”

ကိုဒူးရှည်က ဝင်မေးတာဗျ။

“ငါ့ဘထွေးပြောတော့ ဟိမန္တာဘက်မှာ တအားအေးလို့ ဒီဘက်ကို ဆောင်းခိုဖို့ ရောက်
လာတာဆိုပဲ ဒူးရှည်ရဲ့၊ အမြဲလာတာတော့
မဟုတ်ဘူးတဲ့ကွ။ တစ်ခါတလေ နယ်ကျွံပြီး
ရောက်လာတာ ဖြစ်မယ်တဲ့ကွ”

“ဟင်… ဒီတော့ ဘိုးစံရင်က လူဝံကြီးကို
ဘာလုပ်လိုက်တုံးဗျ”

“ဘိုးစံရင်က လုပ်တာ မဟုတ်ဘူးကွ။ လူဝံ
က ဘိုးစံရင်ကို တွေ့တယ်ဆို ပြေးပြီးထိုး
တာဆိုပဲကွ။ ဒီမှာတင် ဘိုးစံရင်က

‘ဟေ့ကောင် …ညိုမောင်၊ မင်းဝေးဝေးသွား
နေ၊ ငါ အခြေအနေမကောင်းရင် မင်းလွတ်
အောင်ပြေးပေတော့ ‘လို့ ပြောသတဲ့။ ဘ
ထွေးကလည်း…

‘ဟာ…စံရင် မင်းတစ်ယောက်တည်း ဘယ်
ဖြစ်မှာတုံး၊ ငါပါဝင်ချမယ်’

‘မင်း ဒီကောင်တွေအကြောကို နားမလည်
ပါဘူး။ ဝေးဝေးသာ သွားနေစမ်းပါ’

ငါ့ဘထွေးလည်း မလှမ်းမကမ်းက သစ်ပင်
ကြီးတစ်ပင်ကို နောက်ကနေ ပုန်းပြီး ကြည့်
နေရတာဆိုပဲ။ လူဝံကလည်း လက်ဝှေ့တတ်
တယ်တဲ့ဟေ့။ လူဝံက ဘိုးစံရင်ကို ပြေးပြီး
ထိုးတိုင်း ဘိုးစံရင်က လွတ်အောင်မနည်း
ရှောင်ရတာတဲ့။ လူဝံလက်သီးတစ်ချက်မိ
လိုက်ရင် သတိလစ်သွားမှာတဲ့ကွ။ အဲဒီလို
ရှောင်ရင်းနဲ့ လူဝံရဲ့ဗိုက်ကို တစ်ချက် နှစ်
ချက် ထိုးလိုက်ရတာတဲ့ဟေ့။

ဘထွေးက ပြောတယ်။ လူဝံက လူလိုတော့
အသိဥာဏ် မရှိဘူးတဲ့ကွ။ သူထိုးဖို့ပဲ သိတာ
တဲ့။ ရှောင်ဖို့ တိမ်းဖို့ နားမလည်ဘူးတဲ့ကွ။ဘိုး
စံရင်ထိုးသမျှ ထိတာချည်းပဲတဲ့။

နောက်တော့ ဘိုးစံရင်က လူဝံကြီးကို သစ်
ပင်ကြီးတွေ ရှိတဲ့ဘက်ကို မျှားခေါ်သွားတာ
တဲ့ဟေ့။ သစ်ပင်အကြီးကြီးတစ်ပင်နားမှာ
ကပ်ပြီး လက်ဝှေ့ရေးပြသလို လုပ်တော့
လူဝံကြီး ဒေါသတအားဖြစ်လာရောတဲ့ကွ။

ဘာပြောကောင်းမလဲ။ ခေါင်းကြီးစိုက်ပြီး
ဘိုးစံရင်ရဲ့ ရင်ဝကို သူ့ခေါင်းကြီးနဲ့ တရ
ကြမ်းပြေးပြီး ဆောင့်တာတဲ့ဟေ့။ ဘိုးစံ
ရင်က ဘေးကို ဖျတ်ခနဲ ခုန်ရှောင်လိုက်
တော့ သစ်ပင်ကို ခေါင်းကြီးနဲ့ ပြေးဆောင့်
မိပြီး နောက်ကို ပက်လက်လန်ကျသွား
ရောတဲ့ဟေ့။ ခေါင်းကြီးကွဲပြီး သွေးတွေ
ဖျာခနဲ ထွက်ကုန်ရောတဲ့ကွ။

ဒီမှာတင် ဘိုးစံရင်က လူဝံကြီးရင်ဘတ်ကို
ခွစီးပြီး ရင်ဘတ်တစ်နေရာတည်းကိုချည်း
ဆက်တိုက်ထိုးတာတဲ့။

‘ဘုန်း…ဘုန်း…ဘုန်း’

ဘိုးစံရင်ရဲ့လက်သီးနဲ့ လူဝံကြီးရဲ့ ရင်ဘတ်
ထိတဲ့အသံကြီးက တောထဲမှာကို ဟိန်းထွက်
နေတာတဲ့ကွ။ ပထမတော့ လူဝံကြီးက ဘိုး
စံရင်ကို ခံထိုးသေးတာတဲ့။ နောက်တော့
နှလုံး ကွဲသွားတယ် ထင်ပါရဲ့ကွာ။

လူဝံကြီး ငြိမ်သွားရောတဲ့။ ဒီမှာတင် ဘိုးစံ
ရင်က ဘထွေးဆီက ဓါးမြှောင်ကိုတောင်းပြီး
လူဝံရဲ့ ရင်ကိုခွဲပြီး သည်းခြေကိုထုတ်ယူတယ်။
ပြီးတော့ ဘထွေးပခုံးမှာ လွယ်လာတဲ့ ဓါးရှည်
ကိုတောင်းပြီး လူဝံရဲ့လက်တစ်ဖက်ကို လက်
ကောက်ဝတ်သာသာလောက်ကနေ ခုတ်ဖြတ်
ယူလိုက်တယ်။

‘ညိုမောင်…ဒါမျိုးဆိုတာ ကြုံတောင့်ကြုံခဲကွ။
ဝံလက်ကို ဝံသည်းခြေနဲ့ စီရင်တတ်ရင် မင်း
တစ်သက်လုံး ဒီကောင့်ဝိညာဉ်ကို ခိုင်းစားလို့
ရတယ်ကွ’

‘ဟေ…ဟုတ်လား။ မင်းလုပ်တတ်သလား
စံရင်’

‘ဟာ…လုပ်တတ်တာပေါ့ ညိုမောင်ရဲ့၊ ငါ့
အဘိုး ငါ့ကို သင်ပေးသွားတာကွ။ ငါ ဒီ
ကောင်ကြီးကို စီရင်မှာ။ နောက်တော့ မင်း
ကြားရမှာပေါ့ကွာ’

လို့ ပြောပြီး လူဝံသည်းခြေနဲ့ လူဝံလက်ပြတ်
ကြီးကို ငှက်ပျောဖက်နဲ့ ထုပ်ပြီး ဘိုးစံရင် ယူ
သွားတာတဲ့ဟေ့။ နောက်မကြာခင်မှာပဲ ဘိုး
စံရင်တို့ယာတောမှာ လက်ပြတ်သရဲကြီး
လိုက်လို့ ဆိုပြီး ပြောသံဆိုသံတွေ ကြားရ
တော့တော့တာပဲတဲ့ဟေ့။ အဲဒီနောက်ပိုင်း
တော့ ဘိုးစံရင်လည်း လက်ဝှေ့မထိုးတော့
ဘဲ သူ့မိဘအမွေပေးတဲ့ ယာမှာပဲ လုပ်ကိုင်
နေတော့တာတဲ့”

“ဟာ…ဘိုးစံရင်ကလည်း သူမသေခင် ဒါ
ကြီးကို လွှတ်ပေးခဲ့ရမှာဗျ။ ဒါကြီးက ကျုပ်
တို့ရွာမှာ မွှေနေပြီ။ ဘယ်လိုလုပ်ကြမလဲ။
လူစကားလည်း နားလည်တာ မဟုတ်တော့
လည်း ခက်သားလားဗျ”

ကိုသိန်းမောင်က စိတ်ညစ်တဲ့အသံကြီးနဲ့
ပြောတာဗျို့။

“နေပါဦး ကိုကြီးသိန်းမောင်ရယ်။ ကျုပ် မဖဲဝါ
နဲ့ တွေ့ကြည့်ပါဦးမယ်”

“ဟေ…မဖဲဝါ ဟုတ်လား တာတေ”

“ဟုတ်တယ်ဗျ ကိုကြီးသိန်းမောင်၊ မနက်ဖြန်
ညမိုးမချုပ်ခင် ကြက်တစ်ကောင်နဲ့ ဆန်တစ်
ပြည် ချက်ပြီး ထမင်းတောင်းတစ်တောင်း အ
ဆင်သင့်လုပ်ပေးကြဗျာ။ ပြီးတော့ နတ်ဝင်
သည်တစ်ယောက် ရှာပေးဗျာ”

“ဟာ…ရှိတယ် ရှိတယ်။ မီးလောင်ကုန်းက
ဒေါ်တုတ်ခေါ်ပေးမယ်လေကွာ။ ဒေါ်တုတ်
က မင်းအထာကို သိပြီးသားမို့လားကွ”

“ဒေါ်တုတ်ဆိုရင်တော့ ပိုပြီးအဆင်ပြေတာ
ပေါ့ဗျာ။ ဒေါ်တုတ်က မဖဲဝါပင့်နေကျဗျ”

နောက်တစ်နေ့ည ၉ နာရီလောက်မှာ ကို
ဒူးရှည်ရယ်၊ ကိုသိန်းမောင်ရယ်၊ ကျုပ်ရယ်၊
ဒေါ်တုတ်ရယ် ငွေတွင်းကုန်းသင်္ချိုင်းကို
ထွက်ခဲ့ကြတယ်။ ကိုသိန်းမောင်ကိုယ်တိုင်
ထမင်းတောင်းထမ်းလို့ဗျ။

“အုန်း…ဒုန်း…ဒုန်း …ဒုန်း”

ကျုပ်တို့ ရွာအနောက်က ထွက်တဲ့အချိန်မှာ
ပဲ ရွာထဲက သံပုံးတီးသံတွေ ကြားရတော့
တာပါပဲဗျာ။ ငွေတွင်းကုန်းသင်္ချိုင်းရောက်
တော့ ထုံးစံအတိုင်း ကျုပ်က ထမင်းထုပ်
ကို ဂူကြီးတစ်လုံးပေါ်မှာ ဖြေပြီး စားပွဲ
သောက်ပွဲ ပြင်တယ်။

ဒေါ်တုတ်ကလည်း လုပ်နေကျဆိုတော့
အဆင်သင့်ပဲဗျ။

“သုသာန်တစ၊ သင်္ချိုင်းဝက သင်္ချိုင်းရှင်မ
မဖဲဝါဗျာ။ ကျုပ်တာတေက စားပွဲသောက်
ပွဲများနဲ့ ပင့်ဖိတ်ပါတယ်။ ကြွပါဗျာ၊ ကြွပါ၊
အခုချက်ချင်း လှမ်းကြွခဲ့ပါဗျား”

မြန်တယ်ဗျို့ …မြန်တယ်။ ငွေတွင်းကုန်း
သင်္ချိုင်းမြောက်ဘက်က မဖဲဝါရဲ့ ခွေးကြီး
အူသံကို ကြားရတယ်ဗျို့။

“ဝူး…ဝူး…ဝူး…ဝူး…အီး…အီး”

ဟော…ဝင်ပြီ၊ ဝင်ပြီ။ ဒေါ်တုတ်အသားတွေတဆတ်ဆတ်တုန်နေပြီဗျို့။ ဟာ…ခုန်ပြီဗျာ။
လွှားခနဲပဲဗျ။ ဒေါ်တုတ် ဂူကြီးပေါ်ရောက်သွား
ပြီ။ အို…ဂူပေါ်ရောက်တာနဲ့ စားတော့တာ
ပဲဗျာ။ ဆံပင်ဖားလျားကြီးနဲ့ ဒူးကြီးတွေ
ထောင်းပြီး စားတော့တာဗျ။

“ခွပ်…ခွပ်…ခွပ်…”

ကြက်ရိုးတွေများ ကိုက်လိုက်တာဗျာ…
ခွပ်ခနဲ ခွပ်ခနဲ နေတာဗျို့။ ပြီးတော့ အ
ရိုးတွေထွေးထုတ်တာလည်း မတွေ့ရ
ဘူး။ အရိုးပါ မဖဲဝါ စားပစ်တာဗျို့။
ဟော…ဟော…ကျုပ်ကို မျက်လုံးပြူး
ကြီးနဲ့ ကြည့်နေပြီဗျ။

“သင်္ချိုင်းရှင်မကြီး မဖဲဝါ၊ ဟောဒီငွေတွင်း
ကုန်းရွာမှာ ညဘက်ဆိုရင် သရဲကြီးတစ်
ကောင် သောင်းကျန်းနေပါတယ်ဗျာ။အိမ်
ခေါင်မိုးတွေပေါ်မှာ လျှောက်ပြေးပြီး အိမ်
တွေထဲလည်း ဝင်လို့တဲ့ဗျား”

“တာတေ…အဲဒါ လူဝံကြီး။ စံရင်သတ်ပြီး
ဆေးစီရင်ထားတာ။ စံရင့် ယာကိုစောင့်
တဲ့ အကောင်။ ဒီအကောင်က သိပ်ဆိုး
တာ။တစ်ခါတလေ စံရင့်ယာထဲကို ဖြတ်
သွားမိရင် ငါ့ကိုတောင် လိုက်ဆွဲတာ။ ငါ
တစ်နှစ်တစ်ခါ ရိုက်ထားလို့ နောက်မဆွဲ
တော့တာ။ ဒီအကောင်က စံရင်သေရင်
ထွက်သွားရမှာ။ ဘာလို့ မသွားသေးတာ
လဲဆိုတော့ စံရင် ဆေးစီရင်ထားတဲ့ သူ့
လက်ပြတ်ကြီး ပြန်မရသေးလို့ဟဲ့။ အဲ
ဒီ လက်ပြတ်ကြီးကို လိုက်ရှာနေတာ”

“ဟာ …ဘိုးစံရင်အိမ်မှာ မရှာဘဲ ဘာဖြစ်
လို့ ရွာထဲမှာ လိုက်ရှာနေတာတုံးဗျ”

“စံရင်အိမ်မှာရှာတာ မတွေ့လို့ဟေ့။ နင်
အဲဒါကို အခု ချက်ချင်းသွားရှာပြီး သူ့ကို
ပေးလိုက်ရင် သူရွာထဲက ချက်ချင်းထွက်
သွားလိမ့်မယ်။ ဒီလူဝံကြီး သူလာခဲ့တဲ့
ဟိမန္တာကိုပြန်မှာ”

“ဟင် …အဲဒီလူဝံရဲ့ လက်ပြတ်ကြီးကို
ကျုပ် ဘယ်မှာသွားရှာရမှာတုံးဗျ မဖဲဝါရဲ့”

“စံရင့်အိမ်ဝိုင်းထဲက ဆိပ်ဖလူးပင်ကြီး
အောက်တည့်တည့် တောင်ဘက်မှာတူး၊
သေတ္တာနဲ့ ထည့်ပြီး မြှုပ်ထားတယ်။ အဲဒါ
ပေးလိုက်၊ ချက်ချင်း ထွက်သွားလိမ့်မယ်”

မဖဲဝါ စားသောက်ပြီး ပြန်ထွက်သွားတယ်။
ဒေါ်တုတ်ကို ပြန်ခေါ်ပြီး ကျုပ်တို့ ပြန်ခဲ့ကြ
တယ်။

အိမ်ရောက်တာနဲ့ကိုဒူးရှည်ရယ်၊ကိုသိန်း
မောင်ရယ်၊ ကျုပ်ရယ် တူရွင်းတစ်ယောက်
တစ်ချောင်း ယူပြီး မြောက်ပိုင်းက ဘိုးစံရင်
ရဲ့ဝိုင်းကို လာခဲ့ကြတယ်။

ဘိုးစံရင်ရဲ့ အိမ်သားတွေကို အကျိုးအ
ကြောင်းပြောပြီး မဖဲဝါပြောတဲ့ ဆိပ်ဖလူး
ပင်ကြီးရဲ့ အောက်တည့်တည့် တောင်
ဘက်မှာ ကျုပ်တို့ တူးကြတယ်ဗျို့။ သိပ်
ကြာကြာ မတူးလိုက်ရဘူးဗျ။

“ဒုတ်…” “ဒုတ်…” “ဟော…တွေ့ပြီဟေ့
တွေ့ပြီ”

ကိုကြီးသိန်းမောင်က အရင်ဆုံးမိတာဗျ။
ကျုပ်တို့ ခပ်ဖြည်းဖြည်းပဲ တူးကြတော့တာ
ပေါ့ဗျာ။ နှစ်တောင် မရှိတရှိမှာ သွားတွေ့
တာဗျ။ ဘိုးစံရင်တို့ အိမ်သားတွေကလည်း
ဝိုင်းကူလုပ်ပေးကြပါတယ်။ကျုပ်တို့ကို မီးပြ
ပေးတယ်ဗျ။ဟော…ပေါ်လာပြီ။ ပေါ်လာပြီ။

အောင်မလေး…ကြေးသေတ္တာလေးဗျ။ တစ်
တောင်လောက် ရှိမယ်ထင်တယ်။ ကျုပ်က
သေတ္တာသော့ကို ကလန့်ဖွင့်လိုက်ပြီး သေ
တ္တာအဖုံးကို ဖွင့်လိုက်တယ်။ ဟာ…ဟုတ်ပ
ဗျာ။ လူဝံကြီးရဲ့ လက်ပြတ်ကြီးဗျ။ အမွေး
မည်းမည်းကြီးတွေနဲ့ဗျို့။ သေသေချာချာ
ကို ခြောက်အောင် လုပ်ထားတာ။

လက်ပြတ်ကြီးရဲ့ ဘေးမှာ ပုလင်းတစ်လုံး
လည်း တွေ့တယ်ဗျ။ ဒါကတော့ လူဝံသည်း
ခြေထည့်ထားတာ ထင်တယ်ဗျ။

ကျုပ်လူဝံရဲ့ လက်ပြတ်ကြီးကို ထုတ်ယူ
လိုက်တယ်။

“ကဲ…ကိုဒူးရှည်၊ ကျုပ်တို့ သွားကြရအောင်”

ကျုပ်တို့ ဘိုးစံရင်ရဲ့ ဝိုင်းထဲက ထွက်လာပြီး
ကင်းသမားတွေကို မေးရတာပေါ့ဗျာ။ ဘယ်
ဘက်မှာ အသံကြားတုံးဆိုတော့ ရွာတောင်
ဘက်မှာတဲ့ဗျာ။ လူဝံကြီးကတော့ သူ့လက်
ကြီး မရမချင်း ညတိုင်းကို မွှေမယ့်ပုံပဲဗျ။

“ကိုကြီးတာတေ…လာ…လာ၊ အရီးလုံး
တင်တို့ အိမ်ခေါင်ပေါ်ကို အခုပဲ ခုန်ချ
သွားတာဗျ”

ကင်းစောင့်နေတဲ့ ငပုက ရှေ့ကသွား၊ ကျုပ်
တို့က နောက်က လိုက်ကြတာပေါ့ဗျာ။ အရီး
လုံးတင်တို့ ဝိုင်းထဲကို ရောက်တော့ …

“မီးထိုးစမ်းဗျာ…ကိုဒူးရှည်”

ကျုပ်က မိုးချုပ်ကတည်းက မျက်ကွင်းဆေး
ထားတာဗျို့။ ဟော…တွေ့ပြီ။ တွေ့ပြီ။ကိုဒူး
ရှည် ထိုးလိုက်တဲ့ ဓါတ်မီး မီးရောင်အောက်
မှာ မတ်တတ်ကြီး ရပ်ပြီး ကျုပ်တို့ကို ကြည့်
နေတာဗျို့။

“ဒုန်း…ဒုန်း…ဒုန်း”

သံပုံးတီးသံတွေကတော့ ညံနေတာပေါ့ဗျာ။
တစ်ရွာလုံးကို ဆူနေတာဗျို့။ ကျုပ်က လူဝံ
ကြီးရဲ့ လက်ပြတ်ခြောက်ကြီးကို ဓါတ်မီး
ရောင်အောက်မှာ ထောင်ပြလိုက်တယ်။
ဟာ…လူဝံကြီး သေသေချာချာကြည့်နေ
တယ်ဗျို့။ဟော…ဟော …လျှောက်လာပြီ
ဟာ…ခုန်ချပြီ၊ ခုန်ချပြီဗျို့။

“ဘုန်း”

မြေကြီးပေါ်ကို အိမ်ခေါင်ပေါ်ကနေ ခုန်ချ
တာဗျို့။ ကိုဒူးရှည်က အသံကြားတဲ့ဆီကို
ဓါတ်မီးထိုးပြထားတယ်။ လူဝံကြီးက ကျုပ်
ကိုင်ထားတဲ့ သူ့လက်ပြတ်ကြီးကိုပဲ စိုက်
ကြည့်နေတယ်ဗျ။

“ကိုဒူးရှည်…မီးကို ငြိမ်ပြီးထိုးထား”

ကျုပ်က သူ့လက်ပြတ်ကြီးကို မြှောက်ပြီး
သူ့ဆီကို ပစ်ပေးမလို လုပ်ပြတယ်။ လူဝံ
ကြီးကလည်း ကျန်နေတဲ့ လက်တစ်ဖက်
နဲ့ ကမ်းပေးမလို လုပ်တယ်။

တစ်ခါ နှစ်ခါ လုပ်ပြပြီးတော့ ကျုပ်လက်
ပြတ်ကြီးကို သူ့ဆီ ပစ်ပေးလိုက်တယ်။

ဟော…ဖမ်းတယ်ဗျို့။ ဖမ်းတယ်။

မိသွားပြီဗျ။ လက်ပြတ်ကြီးကိုကိုင်ပြီး သေ
သေချာချာ ကြည့်တယ်။ ပြီးတော့ ကျုပ်ကို
လှမ်းကြည့်နေတယ်။ ဟော…နောက်ဘက်
ကို လှည့်ပြီး ပြေးပြီဗျို့။ ဝိုင်းထဲကနေ ပြေး
ထွက်သွားပြီ။

“ဝူး… ဝူး… ဝူး… ဝူး”

ဟော …ခွေးတွေ အူပြီဗျို့။ သည်တော့မှပဲ
ခွေးတွေလည်း အူရဲတာဗျ။ စောစောက
တော့ အသံတောင် မကြားရဘူး။

ငြိမ်နေကြတာ။ ဒါဆိုရင်တော့ လူဝံကြီး
ထွက်သွားတာ သေချာပြီပေါ့ဗျာ။မဖဲဝါ ပြောသလို ဆိုရင်တော့ ဒီကောင်ကြီး
ဟိမဝန္တာကို ပြန်တော့မှာပေါ့လေ။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ တာတေ

စာဖတ်သူမျာစိတ်ရွှင်လန်းပါစေ