ကွင်းပိုင်ကြီးနဲ့ လိပ်ပြာလှသူ (စ/ဆုံး)

ကွင်းပိုင်ကြီးနဲ့ လိပ်ပြာလှသူ (စ/ဆုံး)

—————————————

အပျိုကြီးဒေါ်မြိုင်တစ်ယောက် ဘယ်သူနှင့်မျှ

စကားမပြောဘဲ တစ်နေ့လုံး တမှိုင်မှိုင် ဖြစ်နေသည်။

မိသားစုခြောက်ယောက်ရှိသော ဒေါ်မြိုင်တို့အိမ်တွင်

ဒေါ်မြိုင်က အသက်ငါးဆယ်ဖြစ်သည်။

ဒေါ်မြိုင်အစ်မ ဒေါ်ခင်အေးက အသက်ငါးဆယ်

လေးနှစ်ရှိက အိမ်ထောင်ရှိသည်။ ခင်ပွန်းသည်

ဦးမြမိုးနှင့် သားသမီးသုံးယောက် ရှိသည်။

 

အားလုံးအိမ်ထောင်ကျကုန်ပြီ။ အလတ်မနှင့်

ခင်ပွန်းသည်ကလွဲပြီး အားလုံးအိမ်ခွဲနေကြသည်။

အလတ်မအမည်က မအေးကျင်၊ အသက်က

သုံးဆယ်ခြောက်နှစ်ရှိပြီး၊ ဆယ့်ခြောက်နှစ်အရွယ်

သားတစ်ယောက်သာ ထွန်းကားခဲ့သည်။

သူတို့မိသားစုက အိမ်ခွဲမနေဘဲ၊ မိဘလယ်ယာကို

တာဝန်ယူ လုပ်ကိုင်ပေးနေသည်။ မိုးကျသည်နှင့်

လယ်သမားများ၊ လယ်လုပ်ခွင်ဝင်ရန် လယ်ကွင်းမှာ

ဆောက်ထားသော တဲများသို့ ပြောင်းရွှေ့နေထိုင်ပြီး

လယ်လုပ်ခွင် ဝင်ကြသည်။

 

စပါးစိုက်ပြီး၍ မကြာခင်ရိတ်သိမ်းရတော့မည်။

ယခုလည်း ဦးမြမိုးနှင့် သမီးမအေးကျင်တို့

လင်မယား လယ်ကွင်းအတွင်းရှိ တဲသို့

စပါးစိုက်ချိန်ကတည်းက ပြောင်းနေကြသည်။

အိမ်တွင် ဒေါ်မြိုင်နှင့် အစ်မဒေါ်ခင်အေး၊

မြေးဖြစ်သူ ငစိုးတစ်ယောက်သာ ကျန်ခဲ့သည်။

ဒေါ်မြိုင်တစ်ယောက် တစ်နေ့လုံး မေးမရ၊

ခေါ်မရ စကားမပြောဘဲ မှိုင်တွေနေသဖြင့်

ဒေါ်ခင်အေးက ညီမဖြစ်သူ အပြင် သွားရင်

လာရင်း တစ္ဆေသရဲများ၊ ပူးကပ်လိုက်ပါ

လာသည်လား ဝေခွဲမရ ဖြစ်နေသည်။

 

“ဟဲ့ …ငစိုး ”

“ဗျာ …အဖွား ”

အိမ်နောက်ဘက်သို့ ငစိုးအား လက်တို့ခေါ်ပြီး

ရွာထဲမှ ဦးသာဒွန်းကို အခေါ်လွှတ်လိုက်သည်။

ဦးသာဒွန်းက အသက်လေးဆယ့်ခြောက်နှစ်သာ

ရှိသေးသည်။ ဟိုစပ်စပ် သည်စပ်စပ် နေရာတကာ

ပါသူလည်း ဖြစ်သည်။ ကလေးမာတြာလည်း

ကုတတ်သည်။ လောကီကိစ္စပညာလည်း

မတောက်တခေါက် တတ်သည်။

 

အသေးအမွှားကိစ္စတို့ဆိုလျှင် ဦးသာဒွန်းနှင့်သာ

ပြီးသည်။ အပြုအမှုကို မသင်္ကာသဖြင့် မြေးဖြစ်သူကို

ဦးသာဒွန်းအား အခေါ်ခိုင်းလိုက်ခြင်းဖြစ်သည်။

မကြာခင် ငစိုးနှင့် အတူ ဦးသာဒွန်း ရောက်လာသည်။

ဦးသာဒွန်းအား ငစိုးက ဒေါ်မြိုင်၏ အပြုအမူ အနေ

အထိုင်ကို မသင်္ကာ၍ လိုက်ကြည့်ပေးပါဟု ပြောပြီး

ခေါ်လာသည့်အတွက် ရောက်ရောက်ခြင်း ဘုရားစင်

ရှေ့သွားပြီး ဘုရားရှိခိုးလိုက်သည်။

 

“ကဲ …ဒီက ဒေါ်မြိုင်ရဲ့ ခန္ဓာကိုယ်မှာ ဘယ်ပုဂ္ဂိုလ်က

ဝင်ရောက်ပြီး ပူးကပ်နေတာလဲ၊ အခုချက်ချင်း ပြောပြပါ။

ဘာလို့ ချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ ဘယ်သူ့ကို

မကျေနပ်လို့လဲ ”

ဒေါ်မြိုင်က ဘာမှ မပြော။

ဦးသာဒွန်းမျက်နှာကိုသာ စိုက်ကြည့်နေသည်။

ပါးစပ်က ဘာမှ မပြော။

“ဘယ်သူလဲလို့ မေးနေတာ မပြောဘူးလား ”

တစ်ခွန်းမေးသည်။ ဒေါ်မြိုင် ပြန်မဖြ။

နှစ်ခွန်းမေးသည် မဖြေ။

 

သုံးခွန်းတိုင် မဖြေသောအခါ ဦးသာဒွန်း

ကျွဲမြီးတိုလာသည်။ ဒေါသထွက်လာသည်။

သူ့ကို စမ်းနေသည်ဟု ထင်သွားသည်။

သည်းမခံနိုင်တော့ ထိုကြောင့် ဒေါ်မြိုင်အား

“ကဲ …ဒီလောက် မေးလို့ မရတာ ”

 

ထြီ…

ထြီ…

ဒေါ်မြိုင်၏မျက်နှာကို တံထွေးများနှင့် လှမ်းထွေးလိုက်သည်။

ထိုအခါ ဒေါ်မြိုင်မျက်နှာ တင်းသွားပြီး၊ မျက်မှောင်ကြိုတ်

လိုက်သည်။

“ဟား …ဟား …ဟား ”

ဒေါ်မြိုင်ပါးစပ်မှ ယောင်္ကျားအသံကြီးနှင့် ကျယ်လောင်စွာ

အော်ရယ်ပါတော့သည်။

 

ဟား ဟား ဟား ဟား

“မင်းက ဘာကောင်မို့၊ မျက်နှာကို တံထွေးနဲ့ ထွေးရတာလဲ၊

ငါ့ကို ဘယ်သူမှတ်လဲ၊ ငါက …ဒီနယ်တဝိုက်ကို ပိုင်တဲ့

ကွင်းပိုင်ကြီးပဲ၊ မင်းလို မလောက်လေး မလောက်စားကောင်က

ငါ့မျက်နှာကို တံတွေးနဲ့ ထွေးဝံ့တယ် ”

” မ…မသိလို့ပါအဘိုး ”

“ဒီရွာက ဘုရားဒကာ၊ ကျောင်းဒကာ ဖိုးချင်းတို့တောင်

အချိန်တန်ရင် ရိုရိုသေသေ ငါ့ကို ပသတင်မြှောက်ကြတယ်

မင်းက ငါ့ကို တံတွေးနဲ့ ထွေးဝံ့တယ်၊ မင်း ဒီနေ့က

စပြီး ခုနှစ်ရက်အတွင်း အသက်နဲ့ ကိုယ် ဖက်နဲ့ ထုပ်ထား ”

“သား …အဘိုးမှန်း မသိလို့ပါ …ခွင့်လွှတ်ပါအဘိုး ”

 

“မင်းကိုမင်း ဆရာမှတ်နေလား ၊ ရိုသေရမှန်း လေးစား

ရမှန်းမသိ၊ အခု မမြိုင်က မင်းနဲ့ အသက်အရွယ်

အတူတူပဲလား။ တံတွေးနဲ့ ထွေးသင့်လား ”

“မှား…မှားပါတယ် …အဘိုး …”

“အေး …မမြိုင်က လိပ်ပြာလှလို့ သူဆီလာခဲ့တာ၊

အချိန်တန် မမြိုင်က ငါ့လက်အောက် ရောက်လာမှာ

မင်းတို့အားလုံး မမြိုင်ကိုလည်း မလေးမစား မလုပ်ရဘူး။

အရေးကိစ္စရှိရင် မမြိုင်ကိုမေး၊ ငါ့ကိုယ်မေး မမြိုင်

ပြောလိမ့်မယ်”

 

“သားဒို့ မှတ်ထားပါ့မယ် …အခု

သားရဲ အပြစ်ကို ခွင့်လွှတ်ပါအဘိုး …သားမှားပါတယ် ”

” ဟား ဟား ဟား း ဟား”

“ငါက ခွင့်လွှတ်တယ်ထား၊ ငါ့အောက်မှာ

နေတဲ့ တပည့်လက်သားတွေ အများကြီး

ငါက ခွင့်လွှတ်ရင်တောင် သူတို့က ခွင့်လွှတ်မှာ

မဟုတ်ဘူး၊ အခု မင်းမှတ်ထားရမှာက

ခုနှစ်ရက်အတွင်း ငါ့ကို စော်ကားခံတဲ့

အပြစ်ဒဏ် မင်းပြန်ခံရမယ် ”

 

ထိုသို့ ပြောပြီး ဒေါ်မြိုင်၏ ခန္ဓာကိုယ်မှ

ကွင်းပိုင်ကြီး ပြန်ထွက်ခွာသွားပါတော့သည်။

ဦးသာဒွန်းလည်း ခြေပစ် လက်ပစ် ကျသွားသည်။

ခုနှစ်ရက်အတွင်း အိမ်ထဲမှ အိမ်ပြင် မထွက်ဘဲ

နေရင်တောင် မည်ကဲ့သို့ ပြစ်ဒဏ်ချမည် မဟုတ်၊

သို့ကြောင့် အိမ်သို့ စိတ်လက်ဆင်းရဲစွာ ပြန်လာခဲ့သည်။

အိမ်ရောက်တော့ ဇနီးနှင့် သားသမီးများကို

ပြောပြသည်။

 

သူတို့အားလုံး ဦးသာဒွန်းအတွက် အစိုးရိမ်ပိုသွားကြသည်။

“ဒီအတိုင်းဆို ဒီတစ်ပတ်အတွင်း လယ်ထဲ မဆင်းနဲ့တော့ ”

“ဟာ စပါးရိတ်ချိန် ရောက်နေပြီ၊ ငါ မဆင်းလို့ ဘယ်သူ

ဆင်းမှာလဲ ”

“တော့အစား လူငှားထည့်လိုက်လို့ ရတာပဲ

သားတစ်ယောက်လုံး ရှိနေတာ၊ စိတ်ပူနေစရာ မလိုပါဘူး ‘

ထို့နောက် ဦးသာဒွန်းလည်း လယ်ကွင်းထဲ မဆင်းတော့ဘဲ

အိမ်မှာပင် အောင်းနေလိုက်သည်။ ထိုကိစ္စဖြစ်ပြီး

တစ်ပတ်တိတိ ကြာခဲ့ပြီ။ ထိုနေ့က ဦးသာဒွန်း လယ်ဘေးက

လယ်ကွက်တွင် စပါးများ ရင့်မှည့်ပြီဖြစ်၍ အမျိုး

သားများရော၊ အမျိုးသမီးများပါ နေ့စားခယူ၍

စပါးရိတ်သိမ်း နေကြသည်။

 

ဦးသာဒွန်း လယ်ရိတ်ရန် စပါးများရင့်မှည့်နေသော်လည်း

နေ့စားခပေး၍ ငှားထားသည့် စပါးရိတ်မည့်သူများ

ပေးထားသော ရက်ချိန်းက နှစ်ရက် လိုသေးသည့်

အတွက် မရိတ်သိမ်းရသေးပေ။

သို့ကြောင့် ကွင်းပိုင်ကြီး ပြောထားသည့် တစ်ပတ်အတွင်း

လယ်ကွက်အတွင်းသို့ မည်သူမျှ ရောက်မလာ ။

သို့သော် ဦးသာဒွန်း၏လယ်ကွက်နှင့် ကပ်လျက်ရှိ

စပါးခင်းက ရိတ်သိမ်းနေပေပြီ။

“ဟာ …ဟိုမှာ ပိုးထိလို့တဲ့ ”

စပါးရိတ်နေသော အမျိုးသားတစ်ယောက်

ပိုးထသည်ဆိုပြီး လဲသွားသည်။

 

“ပိုးထိတာ ဘာကောင်လဲ ”

“မြွေပွေးကြီး လက်မောင်းလောက်ရှိတယ် ”

“ဆေးရုံတင်မှ ဖြစ်မယ်၊ အဲဒီမြွေပွေးကို ရအောင်ဖမ်း ”

“မြွေက အခုရှာလို့ မတွေ့တော့ဘူး။ ဒီလူအော်သံ

ကြားတာနဲ့ လှည့်ကြည့်လိုက်တော့ မြွေပွေး

တစ်ကောင်ကို မြင်လိုက်တယ် ”

“ကဲ …ခြေထောက်ကိုလည်း တတ်သမျှ လုပ်ပေးပြီး

သွားပြီ၊ စောင်နဲ့ ပုခတ်လည်း ရောက်လာပြီ၊

ဆေးရုံကို သွားမလား၊ ရွာကိုသွားမလား ”

“တစ်ယောက်က ရွာကို သတင်းပို့၊ ဒီက ထမ်းပြီး

ဆေးရုံပို့နှင့်မယ် ”

 

ထိုအချိန် ဒေါ်မြို၏ အိမ်တွင် လူကြီးနှစ်ယောက်

သုံးယောက်ခန့် စကားပြောနေကြသည်ဝ

ရုတ်တရက် ဒေါ်မြိုင်ပါးစပ်မှ မထင်မှတ်သော

အသံ ထွက်လာသည်။

“ဟာ …မှားသွားပြီ …မှားသွားပြီ မင်းတို့ကွာ၊

သာဒွန်းမှတ်ပြီး သွားလုပ်တာ ၊ သာဒွန်းမဟုတ်ဘူး၊

ဖြစ်သွားတယ် ”

ဒေါ်မြိုင် ပြောလိုက်သောစကားကြောင့်

အိမ်လည်လာသူ ဦးကောင်းစံနှင့် ဦးလှတို့

မျက်လုံးပြူးသွားသည်။

“ဒီကောင် လယ်ထဲမှာ စပါးရိတ်နေတယ်ဆိုပြီး

ငါ့တပည့်တစ်ယောက်က မြွေအဖြစ် ဖန်ဆင်းလို့

ကိုက်လိုက်တာ မှားသွားပြီ၊ သာဒွန်းက

အိမ်ပေါ်က အိမ်အောက်တောင် မဆင်းသေးဘူး”

ထိုအချိန် လယ်ကွင်းမှ လူတစ်ချို့ ဒေါ်မြိုင်အိမ်သို့

အမောတကော ရောက်လာကြသည်။

 

“ဘာလဲ ဘာပြောမလို့ လဲ ”

“အညာက စပါးလာရိတ်တဲ့ အဖွဲ့ထဲက

ကိုသာဒွန်းဆိုတဲ့ လူတစ်ယောက် ပိုးထိသွားလို့

လူနာကိုတော့ ဆေးရုံပို့မလို့ သယ်သွားပါပြီ …

အသက်အန္တရာယ် မကျရောက်အောင် ကွင်းပိုင်ကြီးကို

တောင်းပန်ခိုင်းချင်လို့ ဒေါ်လေးဆီ လာခဲ့တာပါ ”

“အေး …သာဒွန်းတော့ သာဒွန်းပဲ …ငါ့ကောင်တွေ

နာမည်ကြည့်ပြီး လူမှားလုပ်လိုက်တာ။

 

သွား …သွားကြ …ဆေးရုံရောက်အောင်သာ

ပို့လိုက်ကြ အသက်မသေပေမယ့်

ခြေထောက်အောက်ပိုင်းတော့

ဖြတ်ရလိမ့်မယ့် ”

“အဘိုး …ကယ်ပါ၊ အမိုက်အမဲတွေကို ခွင့်လွှတ်ပါ ”

“ငါ့တပည့်တွေက သာဒွန်းကို အသေသတ်တာ”

“သာဒွန်းအစစ်က လယ်ထဲမရောက်ဘဲ၊ တခြားသာဒွန်းက

လယ်ထဲရောက်သွားတာကိုး၊ ငါ့မျက်နှာ တံတွေးနဲ့ ထွေးတဲ့

အကောင် ကံကတော့ အတော်လေး ကောင်းနေတာပဲ၊

ကဲ မင်းတို့ စိတ်မပူကြနဲ့ ၊ လူမှားမှန်း သိလိုက်ကတည်းက

အဆိပ်မတက်အောင် ငါလုပ်ထားတယ်၊ အဆိပ်က

ခြေထောက်မှာ စုနေတဲ့အတွက် ခြေထောက်တော့

ဖြတ်ရလိမ့်မယ်၊ ဆေးရုံလိုက်သွားကြ၊ ဒီထက်တော့

ငါ မကောင်းနိုင်ဘူး ”

ထိုမျှသာ ပြောပြီး ကွင်းပိုင်ကြီး ထွက်သွားတော့သည်။

 

ထိုအကြောင်းကို ဦးသာဒွန်းကြားတော့ နေစရာမရှိအောင်

ကြောက်လန့်နေသည်။ သို့ကြောင့် အိမ်ပေါ်က အိမ်အောက်ပင်

မဆင်းတော့ဘဲ အငြိမ့်သား အနားရနေတော့သည်။

ကွင်းပိုင်ကြီးက ခွင့်လွှတ်သည့်တိုင် နောက်လိုက်

နောက်ပါများက ခွင့်မလွှတ်၊ တကယ်လုပ်မှန်းသိတော့

ဇနီးနှင့်သားသမီးများက လယ်အလုပ်၊ ကိုင်းအလုပ်

ဘာမှ မခိုင်းတော့ပေ။

 

သို့ဖြင့် ရက်မှသည် လ၊ လမှသည် ရာသီတွေ ပြောင်းခဲ့သည်။

စပါးသိမ်း၊ ကိုင်းစိုက်၊ ကိုင်းသိမ်း၊ လယ်သမား ၊ ယာသမားများ

အလုပ်ခွင် နေ့စဉ်ဝင်နေကြသည်။ လယ်အလုပ် မလုပ်ချင်

သူများက သူတို့ရွာ အနောက်ရှိ အင်းမှာ နေ့စားဝင်လုပ်ကြသည်။

အင်းရာသီ သိမ်းနေပြီ၊

နောက်နှစ်ရာသီ မစခင် အင်းအစွန်အဖျားများတွင်

ရွာသူရွာသားတို့ တပိုင်တနိုင် ငါးဆင်းရှာကြသည်။

ရေခမ်းစပြုနေသည့် အိုင်သေးသေးလေးများ ရေမြောင်းလေး

များတွင် နုံးထိုးငါးများကို ရှာကြသည်။

အချိန်တွင် ကြာသွားပြီ ဖြစ်၍ ဦးသာဒွန်းလည်း

ဤအချိန် ဤရက်လောက်ဆိုလျှင် ကွင်းပိုင်အဘိုး

စိတ်ပြေလောက်ပြီဟု ထင်မိလိုက်သည်။

 

မိသားစုများလည်း အစိုးရိမ်လျော့သွားကြပြီး

အရေးတယူ မရှိကြတော့၊

ထို့ကြောင့် ဦးသာဒွန်းလည်း အိမ်နီးချင်း သံချောင်း၊ လှဖေတို့ကို

အဖော်စပ်၍ အင်းကြီးအစပ်ရှိ ကိုင်းတောကြားက

ရေမြောင်းလေးမှာ ငါးပက်ရန် ထွက်ခဲ့ကြသည်။

 

အင်းက ငါးရှာပြီးပေမယ့် ရေမခမ်းသေးသော ရေမြောင်းများတွင်

နုံးထဲတိုးဝင်ပြီး နေသော ငါးများကို ကံကောင်းလျှင် နှစ်ပိဿာ၊

သုံးပိဿာခန့်ပင် ရနိုင်သည်။ သို့ကြောင့် ရေပက်ပြီး

ငါးဖမ်းရန် ခနွဲ၊ ပေါက်တူး၊ ရေပုံး၊ တို့နှင့် ကိရိယာ

အပြည့်အစုံယူကာ ထွက်လာကြသည်။

ဆယ်နာရီခန့်မှ စပြီး မြောင်းကို တာဖို့ကာ

ခနွဲစင်ထိုးပြီး ခနွဲနှင့် ရေပက်ကြသည်။

တစ်ယောက်တစ်လှည့်စီ ခနွဲထိုးကြသည်။

ဦးသာဒွန်းက အသက်စကား ပြောလာသည်။

 

လူငယ်တွေလို ခနွဲပက်အား မရှိတော့။ ရပ်လျက်

ခဏသာ ခနွဲထိုးပက်နိုင်သည်။ ထို့ကြောင့် မြေကြီးပေါ်

ဒူးနှစ်ချောင်းထောက်ထိုင်ကာ ခနွဲကို တွန်း,တွန်းပြီး

ထိုးပက်နေသည်။ သံချောင်းက ဦးသာဒွန်းနောက်မှ

နေ၍ ပေါက်တူးတစ်လက်နှင့် ရေစီးကောင်းအောင်

ရွံ့နွံ့များကို ယက်တင်နေသည်။

ခနွဲကို ဦးသာဒွန်းက တစ်ချက်ချင်း ထိုးပြီး

ရေပက်နေစဉ် ရေမျက်နှာပြင်က လှုပ်ခတ်နေသည်။

ဒူးထောက်ထားသော ဦးသာဒွန်း၏ဖနောင့်တစ်ဖက်က

ခနွဲပက်လိုက်၊ ရေကလှုပ်လိုက်၊ ဖနောင့်သားက

ရေမှာပေါ်လိုက်၊ မြုပ်လိုက်ဖြစ်နေသည်။

 

ထိုအချိန်နောက်မှာ ရေမြောင်းယက်ဖော်နေသော

သံချောင်း၏ မျက်လုံးအမြင်မှာ ငါးရံ့ကြီးတစ်ကောင်

ရွှံ့လူးနေသည်ဟု မြင်လိုက်သည်။ သို့ကြောင့်

ငါးရံ့ကြီး၊ ရွှံ့မြေအတွင်း ထိုးဝင်မသွားခင် အမိတရ

ပေါက်တူးဖြင့် ခုတ်ချလိုက်သည်

“စွပ် ”

“အား ”

ဦးသာဒွန်းပါးစပ်မှ သွေးပျက်ဖွယ် အော်သံကြီး

ထွက်သွားသည်။

 

“ဟာ …ဘာဖြစ်တာလဲ ”

နောက်ဘက်မှာ ငါးဖမ်းနေသော လှဖေက ဦးသာဒွန်း၏

အသည်းခိုက်အောင် အော်လိုက်သံကြောင့် အပြေးလာပြီး

မေးလိုက်သည်။

သံချောင်းက ပေါက်တူးကို ဆွဲထုတ်လိုက်သည်။

ပေါက်တူးဆွဲဖယ်ရာမှ ဖြာထွက်သွားသော

သွေးများကို ကြည့်ပြီး ကြောင်ရပ်နေသည်။

နောက်မှ လှဖေက သတိဝင်လာပြီး ဦးသာဒွန်းကို

ရေထဲမှ ဆင်းဆွဲ မပြီး ကုန်းပေါ် ဆွဲတင်လိုက်သည်။

ကုန်းပေါ်ရောက်တော့ ပြတ်လုလု ဖြစ်နေသော

ခြေမနောင့်သားကို ရေလောင်းချပြီး အပိုပါသော

ပုဆိုးကို ဆွဲဆုတ်၍ စုချည်လိုက်သည်။

 

“ကျနော့်မျက်လုံးထဲမှာ ငါးရံ့ကြီးပဲ မြင်လို့

အခုလို ပေါက်တူးနဲ့ ခုတ်လိုက်မိတာ ”

“မင်း …မင်း …ကွာ …ငါးရံ့ပဲ ထားပါတော့၊

ဦးသာဒွန်းခြေထောက်အနီးမှာ ရှိတာ သတိထားဦးမှာပေါ့ ”

“ငါ ဘာမှ မပြောတတ်တော့ဘူး၊ ပြောရင်

ဆင်ခြေပဲ အောက်မေ့မယ် …ငါ ငါးရံ့ကြီးပဲ

မြင်လိုက်တယ် ”

ဦးသာဒွန်းက စကားမပြောနိုင်။ နာကျင်၍

စုတ်သတ်နေပြီး ကွင်းပိုင်ကြီးနောက်လိုက်များ

လက်ချက်ပဲဟု စိတ်မှာ ထင်နေသည်။

 

“တောင့်ထားဦးသာဒွန်း ကျနော်တို့ တစ်ယောက်

တစ်လှည့် ကျောပိုးပြီး ခေါ်သွားမယ် ”

ထိုအချိန် ဒေါ်မြိုင်ကို ကွင်းပိုင်အဘိုး ဝင်စီးပြီး

ပြောလာသည်။

“သာဒွန်းတို့ကတော့ ကံကောင်းသွားပြန်ပြီ”

“ဘာဖြစ်လို့လဲ အဘိုး၊ ဦးသာဒွန်း ဘာဖြစ်လို့လဲ ”

“ဒီကောင် ခြေထောက်ကို ငါးမှတ်ပြီး ခုတ်လိုက်တာ

ခြေထောက်တစ်ချောင်းလုံး မပြတ်ဘဲ ဖနောင့်သားပဲ

ပြတ်သွားတယ်၊ အခု ရွာကို ပြန်လာနေကြပြီ၊

ငါမေ့နေလောက်ပြီ ဆိုပြီး၊ အိမ်ပေါ်က အိမ်အောက်

မဆင်းတဲ့ အကောင်၊ အိမ်အောက်လည်း ဆင်းရော၊

မှတ်လောက်သားလောက်တော့ ဖြစ်သွားပြီ၊

 

သွား ဒီက တစ်ယောက် ရွာပြင်ထွက်ပြီး

ဆေးရုံကို အမြန် သွားခိုင်းလိုက်၊ သွေးထွက်

လွန်သွားရင် အသက်အန္တရာယ်ရှိတယ်

သွား …သူ့အိမ်ကိုလည်း ပြောလိုက်ဦး ”

ဒေါ်ခင်အေးလည်း လူလွှတ်ပြီး ဦးသာဒွန်းမိသားစုထံ

သွားပြောခိုင်းလိုက်သည်။ ဦးသာဒွန်း မိသားစု

ဆွေမျိုးများနှင့် သံချောင်းတို့ ရွာအဝင်မှာ

ဆုံကြသည်။ လှည်းတစ်စီး စီစဉ်ပြီး မြို့ဆေးရုံသို့

ပို့ကြသည်။ ဆေးရုံမှာ ဆယ်ရက်ခန့် နေလိုက်ရသည်။

ခြေမနောင့်နောက်ပိုင်း အသားအရိုးကို

အနည်းငယ် ပြတ်သွားသဖြင့် လမ်းလျှောက်သည့်အခါ

ဂျိုင်းထောက် အကူအညီနှင့် လျှောက်နေရတော့သည်။

ဦးသာဒွန်းလည်း ဆေးရုံမှ ဆင်းပြီး နောက်ပိုင်း

လယ်လုပ်ခွင်လည်း မဝင်နိုင်တော့၊

 

ဂျိုင်းထောက်တစ်ဖက်နှင့်သာ သွားလာရတော့သည်။

ထိုကိစ္စဖြစ်ပြီး နောက်ပိုင်းမှ ရွာအတွင်း သွားရဲ လာရဲ

ဖြစ်သွားပြီး၊ ဟိုစပ်စပ် သည်စပ်စပ် နေရာတကာ

မပါတော့၊ ရွာသူရွာသားတို့ အကြောင်းကိစ္စရှိလျှင်

ဒေါ်မြိုင်ကိုသာ မေးစစ်ရတော့သည်။

ကြာတော့ ဒေါ်မြိုင်က ရွာ၏ အားကိုးရာ အကြား

အမြင်ရသူ တစ်ယောက် သဘောမျိုး ဖြစ်လာသည်။

များသောအားဖြင့် ဒေါ်မြိုင်အား ကွင်းပိုင်ဘိုးဘိုးက

ဝင်ရောက်စီးပြီး စိုက်ပျိုးရေးကိစ္စ၊ လယ်ယာကိစ္စ

ပိုးမွှားအန္တရာယ်တို့ကို အဓိက ထားပြီး ညွှန်ပြပြောကြားသည်။

ထို့ကြောင့် ရပ်ရေး၊ ရွာရေး၊ လူမှုရေး၊ စီးပွားရေးက

အစ ဒေါ်မြိုင်ကိုသာ အားကိုးခဲ့ကြသည်။

 

လယ်သမားများ လယ်ယာအလုပ်ခွင်ဝင်တော့မည်

ဆိုလျှင် ကွင်းပိုင်အဘိုးအား ပူဇော်ပသကြသည်။

ထိုသို့ ပသပြီးမှ လယ်ယာအလုပ်ခွင် ဝင်ဝံ့ကြတော့သည်။

လယ်အလုပ်ခွင်ဝင်ပြီး မိုးအကုန် ဆောင်းအရောက်မှာ စပါးများ

ရင့်မှည့်၍ ရိတ်သိမ်းတော့မည့် ဆိုလျှင် ပိုးမွှားအန္တရာယ်

ကင်းရှင်းစေရန် ကွင်းပိုင်အဘိုးကို တင်မြှောက်ပသပြီး

ဆုတောင်းကြသည်။ ယခု ကျော်ဝင်း၏ လယ် စပါးများ

ရင့်မှည့်နေပြီ။ စပါးရိတ်သိမ်းပေးမည့် နေ့စားများကိုလည်း

ရိတ်ခပေးထားပြီးပြီ။ နောက်သုံးရက်မှာ သူ့လယ်ကွက်

ရိတ်ရက်ပေးထားသည်။

 

ယနေ့ ကျော်ဝင်းဘေးကပ်လျက် လယ်ကွက်မှ

ကိုတင်အုံးလည်း သူ၏ လယ်မှ စပါးမှ ရှင့်မှည့်နေပြီ

ဖြစ်၍ မရိတ်ခင် ကွင်းပိုင်ကို တင်မြှောက်ပသနေသည်။

ကွင်းပိုင်တင်ရာသို့ ကျော်ဝင်းရောက်သွားသည်။

ကွင်းပိုင်တင်ရာတွင် အနီးအပါးမှာ ရင်းနှီးသူ

မည်မျှ ရှိနေပါစေ လာပါဟု မခေါ်ရ။

တစ်ဦးနှင့် တစ်ဦး နားလည်မှုဖြင့် လာလိုက

လာနိုင်သည်။ ကွင်းပိုင်ကို တင်မြှောက်ပသပြီးပါက

စားစရာနှင့် အရက်များကို ရောက်နေသူများ

ဝိုင်းဝန်းစားသောက်ကြသည်။

 

စားသောက်နေစဉ် ဖြတ်သွားဖြတ်လာများကို

ခေါ်မကျွေးရ။ ကိုတင်အုံး တင်မြှောက်ပသနေစဉ်

စကားမပြောဘဲ ထိုင်ကြည့်နေသည်။ အဘိုးအား

တင်မြှောက်ပသ ဆုတောင်းပါသည်။

ဆုတောင်းပြီး ခဏနေတော့ ပွဲသိမ်းလိုက်သည်။

အဘိုး၏နောက်လိုက်နောက်ပါများအတွက်

ငှက်ပျောဖက် အတွင်းထည့်၍ မနီးမဝေး ကန်သင်းပေါ်

သွားတင်ပြီး အဘိုး၏ နောက်လိုက်နောက်ပါများ

ပျော်ပျော်ပါးပါး သုံးဆောင်ပါရန် ပြောဆိုလိုက်သည်။

အားလုံး သိမ်းဆည်းပြီးသည့်နှင့် ရောက်နေသူ

အားလုံး စုစုဝေးဝေး စားသောက်ကြသည်။

 

အရက်နှင့် ကြက်သားဟင်းတို့ဖြင့် ခေါင်းမဖော်တမ်း

စားသောက်ကြသည်။

“ကျော်ဝင်း မင်း ဘယ်တော့ ကွင်းပိုင်တင်မြှောက်မှာလဲ ”

“စပါး မရိတ်ခင် တင်မြှောက်မှာပေါ့၊ ကိုတင်အုံးရဲ့၊

ဒါက ထုံးစံ မဟုတ်လား၊ ကိုယ်ဟာ မမေ့မလျော့မှ

အန္တရာယ်ကင်းကင်း လုပ်နိုင်မှာ ”

“ငါတို့ လယ်ထဲဆင်းတဲ့ ရက်မှာ ပသဖို့ မမေနဲ့နော် ”

“စိတ်ချပါ ကိုတင်အုံးရာ ”

“ဒီရက်ပိုင်းအတွင်းမှာပဲ ပသမှာပါ ”

ထိုကဲ့သို့ ပြောပြီး …တင်မြှောက်ပသမည်ဟု

ကြံစည်တိုင်း လက်ထဲပိုက်ဆံမရှိ ဖြစ်နေသည်။

 

ဝင်ငွေကလည်း မရှိ။ စပါးရိတ်သော လူများအတွက်

ရှိသမျှ ပိုက်ဆံကို သူများ မခေါ်ခင်၊ ရက်ချိန်းရဖို့

ကြိုတင် ပေးထားရသည်။

ထိုသို့ မဟုတ်ပါက မိမိရိတ်သိမ်းရမည့်ရက်၊

လူရှာမရ ဖြစ်တတ်သည်။ ထိုရက်မျိုးက

လယ်သမားတိုင်း စပါးရိတ်ကြသည့် အချိန်ဖြစ်သည်။

သို့ကြောင့် ငွေကြိုပေး ရက်ချိန်း ယူထားရသည်။

 

စပါးရိတ်သည့်ရက်သို့ ရောက်သည့်အခါ

ကျော်ဝင်းမိသားစု လက်ထဲ ငွေပြတ်နေသည်

ကွင်းပိုင်ဘိုးဘိုးကြီးကို တောင်းပန်ပြီး

မှည့်နေသော စပါး ‘၃’ဧကကို လူရတုန်း

ရိတ်လိုက်သည်။

“ဟင် …ဒီမှာ မြွေကြီး ”

ခဏ ကြာတော့ …

“ဟာ ကိုကျော်ဝင်း …လာပါဦး၊

ဒီမှာ မြွေပွေးကြီး ”

တနေ့ကို ပိုးကောင် သုံးလေးကောင်ခန့် တွေ့ရသည်။

ကျော်ဝင်းတို့ လယ်ရှစ်ဧက ရှိသည်။

ကျန်လက်ငါးဧက,က စိုက်ရန် နောက်ကျသဖြင့်

ရှေ့သုံးဧကနှင့် ဆယ်ရက်ခန့်အကွာမှ ရိတ်ရမည်။

 

တစ်ဧကကို လူအားဖြင့် တစ်ရက်နှင့် အပြီး

ရိတ်ခြင်းကြောင့် ‘၃’ဧကကို ‘၃’ရက်နှင့် ရိတ်ကွက်

ပြတ်သွားသည်။

လယ် ‘၃’ဧကရိတ်ရာတွင် ‘၃’ရက်အတွင်း မြွေ ‘၁၀’ကောင်ခန့်

တွေ့ပြီး၊ တစ်ကောင်မှ မသတ်ဖြစ်လိုက်၊ တစ်ဦးမှလည်း

အကိုက်မခံလိုက်ရ။ ကျော်ဝင်းလည်း ကျန်’၅’ဧက

မရိတ်ခင် ကွင်းပိုင်ကိုတင်မှ ဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။

ကျော်ဝင်းရွာထဲသို့ ထွက်ခဲ့သည်။ ဒေါ်မြိုင်

အိမ်ရှေ့သို့ ဖြတ်လျှောက်စဉ် ဒေါ်မြိုင်၏

အိမ်ထဲ ဝင်ချင်စိတ် ပေါက်လာသဖြင့် ခြံထဲ

ဝင်ခဲ့သည်။ အိမ်ပေါ်သို့ ကျော်ဝင်းခြေချရုံ

ရှိသေးသည် ။ ခေါင်းရင်းခန်းမှာ ရေနွေးထိုင်

သောက်နေသော ဒေါ်မြိုင်၏ နှုတ်မှ…

“ဘယ်နှယ်လဲဟေ့ …မင်းလယ်ရိတ်တာ …ပိုးကောင်

မွှားကောင်တွေ …တပျော်ကြီးပဲ မတွေ့ဘူးလား ”

“ဗျာ …ဒေါ်လေးမြိုင်က ဘယ်လို သိတာလဲ ”

“ဘာကွ …မင်းရဲ့လယ်ထဲကကိစ္စ…မမြိုင်က

သိမလား၊ မင်းက စကားကို ဟိုပြော ဒီပြော…ဟိုနေ့ တင်မယ်

ဒီနေ့ တင်မယ်နဲ့ …နေ့ရွှေ့ ညရွှေ့ လုပ်နေလို့ ငါ

ကြိုးလေးတွေ တုတ်ချောင်းလေးတွေ ချပြီး

နည်းနည်းလှန့်လိုက်တာ ”

 

“ဗျာ အဘိုးကွင်းပိုင်ကြီးပါလား၊ ပိုက်ဆံလက်ထဲ

ပြတ်နေလို့ ကတိပျက်သလို ဖြစ်သွားပါတယ်၊

နောက် လယ်ငါးဧက မရိတ်ခင်၊ အရက်ကောင်းကောင်း

ကြက်သားဟင်းနဲ့ တင်ပါ့မယ် ”

“အေး …မင်းဘက်က ကတိတည်မယ်ဆိုတော့လည်း

ငါလာချထားတဲ့ တုတ်လေးတွေ၊ ကြိုးလေးတွေကို

ဖယ်ရှားပေးရမှာပေါ့ကွာ ”

“အားကိုးပါတယ် အဘိုး ”

“အေး နောက်ကို ပေးပြီးတဲ့ ကတိကိုတော့ မပျက်စေနဲ့ ”

ကျော်ဝင်းအား သတိပေးစကားပြောပြီး ဒေါ်မြိုင်

ခန္ဓာကိုယ်မှ ထွက်သွားပါသည်။ ကျော်ဝင်းလည်း

ဒေါ်မြိုင် အား နှုတ်ဆက်ပြီး ပြန်ခဲ့သည်။

 

နောက်နှစ်ရက်ရောက်သည်နှင့် ကျော်ဝင်းလည်း

ကတိရှိထားသည့်အတိုင်း မိမိရိတ်သိမ်းမည့်

စပါးခင်း၏ ထောင့်တွင် လေးတိုင်စင်လေးထိုးပြီး

ထိုစင်ပေါ်၊ ငှက်ပျောရွက် သန့်သန့်လေးများကို

ခင်းကာ ထမင်းနှင့် ကြက်သားဟင်းတို့ ထည့်လိုက်သည်။

စင်ကို နှစ်ဆင့်ထိုးပြီး လှေကားအသေးလေး

နှစ်စင်းကို မြေပြင်မှာ အောက်စင် ၊ အောင်စင်မှ

အပေါ်စင်သို့ လှေကားလေးများ ထောင်ပေး

ထားလိုက်သည်။ ဝါးတိုင်အခွလေးများတွင်

ကွမ်းယာများကို ထိုးညှပ်လိုက်သည်။

 

လက်ဖက်ပါ ပြင်ဆင်ချပေးလိုက်သည်။ ပါးစပ်မှ

တင်မြှောက်ပသပြီးနောက်၊ စင်ကို ဖျက်ကာ

အဘိုး၏ နောက်လိုက် နောက်ပါများကို

ကျွေးမွေးပြီးသည့်နှင့် တပျော်တပါး ဝိုင်း၍

စားကြသည်။

ထိုနေရာသို့ ကိုတင်အုံးနှင့် စပါးရိတ်နေသော

လူငယ်နှစ်ယောက် ရောက်လာပြီး စားသောက်ခဲ့သည်။

စပါး ‘၅’ ဧက ရိတ်သိမ်းသော ရက်များအတွင်း

မြွေကင်းစသော အဆိပ်ရှိသည့် ပိုးမွှားတစ်ကောင်မျှပင်

မတွေ့ရပါလေ။

ကွင်းပိုင်ဘိုးဘိုးကြီး၏ စောင့်ရှောက်မှု

လယ်သမား၊ ယာသမားတို့၏ ယုံကြည်

ကိုးကွယ်မှုတို့ဖြင့် တစ်ဦးနှင့် တစ်ဦး

ကိုင်းကျွန်းမှီ ကျွန်းကိုင်မှီ အစဉ်အဆက်

လက်တွဲခိုင်မြဲလျက် ရှိကြလေသည်။

 

ပြီးပါပြီ။

 

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ

 

ရေးသားသူ – ဆရာဧကန်မင်းအားလေးစားလျက်

 

#အသစ်တင်တိုင်းဖတ်ရှုရအောင်PageကိုLike&Shareလုပ်ပေးသွားပါအူံးနော်။