လူပျိုတော်နတ်

အောင်မြတ်သာနှင့်လူပျိုတော်နတ်

 

အောင်မြတ်သာကိုယုံကြည်ကိုးကွယ်ခဲ့ကြတဲ့ မြေလတ်ရွာအကြောင်းကို ကိုယ်ပွားလမိုင်းဝတ္တုမှာ စာဖတ်သူတွေဖတ်ရှုခဲ့ပြီးဖြစ်ပါလိမ့်မယ်။ ကိုယ်ပွားလမိုင်းကိုအောင်မြတ်သာမောင်းထုတ်ပြီးတဲ့နောက်မှာတော့ မြေလတ်ရွာကိုမစွန့်ခွာ‌သွားပဲ သက်ခိုင်၊ တောက်ရတို့နဲ့အတူ ရွာထဲမှာသုံးလလောက်နေထိုင်သွားခဲ့ပါသေးတယ်။

ဘာကြောင့်နေထိုင်သွားလဲဆိုတာကိုတော့ အောက်မှာဇာတ်လမ်းသဘောမျိုးပြန်ရေးပြပါမယ်။ဒါပေမယ့် မြေလတ်ရွာသူရွာသားတွေက အောင်မြတ်သာကို သူတို့ကိုးကွယ်တဲ့ပုဂ္ဂိုလ်ဖြစ်မှန်းမသိခဲ့ကြဘူး။ ဘာကြောင့်မသိလဲဆိုတာကိုတော့ ဝတ္တုထဲဖော်ပြပေးသွားပါမယ်။ ဒီလိုနဲ့ အောင်မြတ်သာ၊ သက်ခိုင်နဲ့ တောက်ရတို့ကလည်း မြေလတ်ရွာလေးထဲကို ပြန်လည်ဝင်ရောက်လာခဲ့ကြပါတယ်။

++++++++++

 

ရွာလမ်းကြီးတစ်လျောက် ဝင်လာကြတဲ့ သက်ခိုင်နဲ့တောက်ရအပြင် အခြားလူငယ်တစ်ယောက်ကိုပါမြင်လိုက်ကြရတဲ့အတွက် မြေလတ်ရွာသားတွေ ဝမ်းသာသွားကြတယ်။

 

” ဆရာလေးတို့ ရှိသေးတယ်ဟေ့ ရွာကထွက်သွားတာမဟုတ်ဘူး ဦးကြီးစိန်သောင်းကိုအမြန်သွားပြောဦးဟ”

 

မနက်အလင်းရောင်ရချိန် လယ်ယာလုပ်ငန်းခွင်ဝင်ဖို့ရွာထဲကနေထွက်လာကြတဲ့ လယ်သမားမိသားစုတစ်စုရဲ့အော်သံကြောင့် ထမင်းဟင်းထချက်နေကြတဲ့ရွာသားတွေ အိမ်ရှေ့ကိုအစီအရီထွက်လာခဲ့ကြတယ်။

 

” ဆရာလေးတို့ ရွာကထွက်သွားတယ်ဆိုပြီး ဦးစိန်သောင်းကစိတ်မကောင်းဖြစ်နေတာ ”

 

ချည်သဘက်လေးကိုခေါင်းမှာပတ်ထားတဲ့ မိန်းမကြီးရဲ့စကားကြောင့် သက်ခိုင်က

 

” အားလုံးကိုစိတ်ပူစေခဲ့မိရင် တောင်းပန်ပါတယ်ဗျာ ဒီကကျုပ်တို့ရဲ့ဆရာရောက်နေတယ်ဆိုလို့ ရွာပြင်မှာထွက်ကြိုတာပါ ”

 

” အော် ဒီလူငယ်လေးက ဆရာလေးတို့ရဲ့ဆရာလား ငယ်ငယ်လေးပဲရှိသေးတယ်နော် ဘာပဲဖြစ်ဖြစ် ရွာကမထွက်သွားတာဝမ်းသာလှပါပြီ ဆရာလေးတို့လဲ နားလိုက်ကြဦး ကျုပ်လဲအကြော်ကြော်ဖို့ မီးထည့်လိုက်ဦးမယ်”

 

သက်ခိုင်တို့လဲ အကြော်ကြော်ဖို့ပြင်ဆင်နေတဲ့ မိန်းမကြီးကိုနှုတ်ဆက်ပြီး ဦးစိန်သောင်းအိမ်ရှိရာထွက်လာခဲ့လိုက်တယ်။

 

” သက်ခိုင် ဒီရွာမှာ ငါ့ရုပ်ထုတွေရှိတယ်လို့သိရတယ် အဲဒါဟုတ်သလား”

 

” ဟုတ်တယ်ဆရာ လမိုင်းကောင်က ဘယ်အချိန်ထဲက စွဲဆောင်ထားလဲမသိဘူး ကျွန်တော်တို့ရောက်လာတော့ ဆရာနဲ့အလွန်တူတဲ့ရုပ်ထုတွေကိုတွေ့ရတာပဲ”

 

” အိမ်းး လူတွေနဲ့မပတ်သတ်ချင်လို့ အေးအေးလူလူနေတာတောင် ဒီလိုဖြစ်သွားသေးတယ်”

 

” ဆရာ အခုဦးစိန်သောင်းအိမ်သွားရင် ဆရာ့ကိုသူမှတ်မိမှာပဲ အဲဒီတော့မှ ထိန်းမရဖြစ်နေဦးမယ်”

 

” သူမမှတ်မိလောက်ပါဘူး ဟိုရောက်ရင် အလိုက်သင့်လေးတော့နေဦးမှပဲ”

 

အောင်မြတ်သာတို့ ဦးစိန်သောင်းအိမ်ရှေ့ရောက်တော့

 

” ဆရာလေးတို့ထွက်သွားတာသိထဲက ကျုပ်စိတ်မကောင်းဖြစ်နေတာ အခုလိုမြင်ရတော့မှ စိတ်အေးသွားရတယ် ဒီဘက်ကလူငယ်က ဘယ်သူများလဲဆရာလေး”

 

ဦးစိန်သောင်းစကားကြောင့် သက်ခိုင်က

 

” ဦးကြီးကိုမိတ်ဆက်ပေးရဦးမယ် ကျုပ်တို့ထွက်သွားတာက ဒီကဆရာရောက်နေတယ်ဆိုလို့ သွားကြိုတာပါ ”

 

” အော် ဒီကလူငယ်က ဆရာလေးတို့ရဲ့ဆရာလား”

 

” ဟုတ်ပါတယ် ဦးကြီး ကျုပ်တို့ရဲ့ဆရာပါ”

 

” ဘာပဲဖြစ်ဖြစ် ဝမ်းသာပါတယ် နေဖို့ထိုင်ဖို့စားဖို့သောက်ဖို့ မပူကြနဲ့ အားလုံးစီစဉ်ပေးထားတယ်”

 

” ကျေးဇူးတင်ပါတယ် ဦးကြီး ကျုပ်တို့ဆရာလဲခရီးပန်းလာတော့ အပေါ်တက်နားပါစေဦး”

 

” အေးကွယ် အေးကွယ် ကျုပ်လဲစကားကောင်းနေတာ ဒီအိမ်ကဆရာလေးတို့အတွက်ဆောက်ထားပေးတာဆိုတော့ လွတ်လွတ်လပ်လပ်နေပါ ကျုပ်ကဆရာလေးတို့မရှိလို့သာ ခေတ္တနေနေရတာ အိမ်မှာလဲအလုပ်လေးတွေရှိသေးတော့ သွားလိုက်ပါဦးမယ်”

 

ဦးစိန်သောင်းထွက်သွားတော့ အောင်မြတ်သာတို့ အိမ်ပေါ်ကိုတက်လာခဲ့ကြတယ်။ အပေါ်ရောက်တော့

 

” ဆရာ ဆရာဘာလုပ်လိုက်တာလဲ”

 

သက်ခိုင်ရဲ့အံ့ဩတကြီးမေးခွန်းကြောင့် အိမ်နံရံမှာ လွယ်အိတ်ချိတ်နေတဲ့ အောင်မြတ်သာက

 

” ဘာလုပ်လို့လဲ ”

 

” ဒီမှာလေဆရာ ဆရာပုံစံထုထားတဲ့ရုပ်ထုမျက်နှာက ဆရာနဲ့မတူတော့ဘူး”

 

သက်ခိုင်စကားကြောင့် တောက်ရက ရုပ်ထုကိုကြည့်ပြီး

 

” ဟာ ဟုတ်တာပဲ ဆရာမျက်နှာနဲ့မတူတော့ပဲ ပုံစံပြောင်းသွားတယ် ”

 

တောက်ရစကားကြောင့် အောင်မြတ်သာ ပြုံးလိုက်ပြီး

 

” အဲဒါတော့ ငါလဲမသိဘူး မင်းတို့သိချင်တယ်ဆိုရင် အဖိုးရွှေလူကိုပဲမေးတော့ ”

 

” ဘယ်ကအဖိုးရွှေလူလဲ ဆရာ ရွာမှာအဲဒီနာမည်ခေါ်တာမကြားဖူးဖူး”

 

” ခဏနေရင် လှေကားကနေ တက်လာလိမ့်မယ် သူ့ကိုသာမေးကြည့်ပေတော့ ငါလဲဘုရားရှိခိုး တရားထိုင်လိုက်ဦးမယ် ”

 

သက်ခိုင်နဲ့တောက်ရလဲ ရုတ်တရက်ပြောင်းလဲသွားတဲ့ရုပ်ထုအကြောင်းကိုတွေးရင်း ထိုင်ချလိုက်တဲ့အချိန် လှေကားပေါ်ကို တက်လာတဲ့ အဖိုးကြီးတစ်ယောက်ကိုမြင်လိုက်ရတယ်။

 

လှေကားပေါ်ကနေတက်လာတဲ့အဖိုးအိုက သက်ခိုင်နဲ့တောက်ရကိုကြည့်ပြီး

 

“ဒီက ဆရာလေးတို့ ကျုပ်ကိုမသိကြဘူးဟုတ်လား”

 

” ဟုတ်တယ်အဖိုးကို ရွာမှာမမြင်ဖူးဖူး ဘယ်မှာနေတာလဲ”

 

” ဘယ်မြင်ဖူးပါ့မလဲ ဆရာလေးတို့လာတဲ့အချိန် ကျုပ်က ရွာစောင့်နတ်အစည်းအဝေးတက်နေရတာကိုး”

 

” အော် အဖိုးက ဒီရွာစောင့်နတ်လား”

 

” ဟုတ်ပါ့ ကျုပ်နာမည် ရွှေလူလို့ခေါ်တယ် ဒီရွာကိုဆရာအောင်မြတ်သာလမိုင်းကပ်တော့ ကျုပ်သတိပေးဖို့ကြိုးစားသေးတယ် ဒါပေမယ့် ကျုပ်အစွမ်းလောက်နဲ့ မရဘူးလေ အဲဒီမှာ ရွာကိုးရွာက ရွာစောင့်နတ်တွေ စုဖို့အမိန့်ကျလာတော့ ကျုပ်လဲထွက်သွားခဲ့ရတာ ဟိုရောက်တော့ ဆရာအောင်မြတ်သာအစစ်ကိုတွေ့ခွင့်ရခဲ့တယ် သူက ရွာစောင့်နတ်တွေရဲ့ကျောပြင်မှာ အင်းစမတစ်ကွက်စီ‌ဆွဲပေးပြီး အယောင်ဆောင်တွေလာရင် သူ့ကိုအကြောင်းကြားပေးဖို့ပြောခဲ့တယ် ကျုပ်လဲအစည်းအဝေးပြီးလို့ပြန်မယ်လုပ်တော့ ဆရာအောင်မြတ်သာက ရွာမှာရှိတဲ့ရုပ်ထုတွေကို ပုံစံပြောင်းခိုင်းခဲ့တယ် ဒါကြောင့် ဆရာလေးတို့အံ့ဩသွားကြတာ”

 

” ရွာစောင့်နတ်ကြီးပြောမှပဲ ဇာတ်ရည်လည်တော့တယ်ဗျို့ အခုရွာစောင့်နတ်ကြီးကို ဆရာကပင့်ထားတာလား”

 

” ကျုပ်ဆရာကိုလာနှုတ်ဆက်တာပါ ”

 

” ရွာစောင့်နတ်ကြီးက ဒီရွာမှာပဲနေတာမဟုတ်လား ဘယ်လိုလာနှုတ်ဆက်တာလဲ”

 

” ကျုပ်မနက်ဖြန်အာရုဏ်တက်ရင် ဒီဘဝကနေ နောက်ဘဝကိုကူးတော့မှာ ဒါကြောင့် နောက်ဆုံးအနေနဲ့ လာနှုတ်ဆက်ဖို့စောင့်နေတာ”

 

ရွာစောင့်နတ်ရဲ့စကားကိုကြားတော့ သက်ခိုင်နဲ့တောက်ရစိတ်မကောင်းဖြစ်သွားပြီး

 

” စိတ်တော့မကောင်းပါဘူးဗျာ ဆရာကခုနကမှ ဘုရားရှိခိုးတာဆိုတော့ နည်းနည်းကြာဦးမယ်ထင်တယ် ”

 

” ရပါတယ် ကျုပ်စောင့်နေပါ့မယ် ဆရာလေးတို့လဲလုပ်စရာရှိတာလုပ်ကြပါ ကျုပ်ကိုအားမနာပါနဲ့”

 

” ဒါဆိုကျုပ်တို့လဲ ဘုရားရှိခိုးလိုက်ဦးမယ် ”

 

သက်ခိုင်တို့ကရွာစောင့်နတ်ကိုပြောပြီး အောင်မြတ်သာအနောက်မှာထိုင်ကာ ဘုရားရှိခိုး‌၊တရားထိုင်နေခဲ့တယ်။

 

နေ့လည်ထမင်းစားချိန်ရောက်ခါနီးကျတော့ဆရာတပည့်သုံးယောက်အတူတူတရားဖြုတ်လိုက်ကြပြီး အမျှတန်းပေးဝေတဲ့အချိန် အနောက်မှာထိုင်နေတဲ့ ရွာစောင့်နတ်ရဲ့ သာဓုခေါ်သံကိုအတိုင်းသားကြားလိုက်ရတယ်။

 

အောင်မြတ်သာလဲကိစ္စဝိစ္စတွေပြီးလို့ လှည့်ကြည့်လိုက်တော့ စိတ်ရှည်ရှည်နဲ့ထိုင်စောင့်နေတဲ့ရွာစောင့်နတ်ကိုကြည့်ပြီး

 

” ရွာစောင့်အဖိုး သင်အခုလို စောင့်နေပုံထောက်ရင် အကြောင်းတစ်ခုခုတော့ရှိရမယ် သင်ကျုပ်ကိုဘာများပြောချင်လို့လဲ”

 

အောင်မြတ်သာရဲ့စကားလမ်းကြောင်းဖွင့်ပေးမှုကြောင့် ရွာစောင့်နတ်အဖိုးက

 

” ဆရာကို လာနှုတ်ဆက်ရင်း ရွာစောင့်ရှောက်သူအသစ်အကြောင်းပြောပြချင်လို့ပါ”

 

” သင်ပြောချင်တာ ပြောနိုင်ပါတယ် ကျုပ်နားထောင်ပေးပါ့မယ်”

 

” အခုဆို ကျုပ်ကဒီဘဝကိုစွန့်ခွာရတော့မှာဆိုတော့ မြေလတ်ရွာကိုစောင့်ရှောက်မယ့်ပုဂ္ဂိုလ်နဲ့ဆရာတို့ဆုံစေချင်တယ်”

 

” သင်တို့ရဲ့အကြီးအကဲတွေက ရွာစောင့်နတ်ဖြစ်မယ့်ပုဂ္ဂိုလ်ကိုရွေးချယ်ပြီးသွားပြီလား”

 

” ဟုတ်ပါတယ် ကျုပ်တို့ရွေးချယ်ပြီးပါပြီ ဒါပေမယ့် သူကအခုလက်ရှိမှာ လူသားတစ်ဦးအဖြစ်ပဲရှိပါသေးတယ် ”

 

” ရွာစောင့်နတ်စကားအရဆိုရင် ကျုပ်တို့ကသူ့ကို စောင့်ကြည့်ရမယ်ဆိုပါတော့”

 

” ဟုတ်ပါတယ်ဆရာ သူကနောက်သုံးလနေရင် လူ့ကံကုန်ပါတော့မယ် သူအသက်ရှိစဉ်ကာလအတွင်း ကျန်ရှိတဲ့အချိန်တွေကို ဆရာတို့ထိန်းကြောင်းပေးစေချင်ပါတယ်”

 

” သူကအခုလက်ရှိဘဝမှာ မကောင်းမှုတွေကို ကျူးလွန်နေခဲ့လို့လား”

 

” မဟုတ်ပါဘူးဆရာ သူကလူရိုးလူအေးတစ်ယောက်ပါ ဒါပေမယ့် သူကရွာမှာရှိတဲ့မိန်းမပျိုတွေအားလုံးကိုစိတ်ဝင်စားတတ်တဲ့အကျင့်ရှိတယ် စိတ်ဝင်စားတယ်ဆိုပေမယ့် သူ့စိတ်ထဲ ဖြူဖြူစင်စင်စိတ်ဝင်စားတတ်တာပါ အရောင်အစင်းတော့မရှိပါဘူး ခက်တာက ရွာကမိန်းမပျိုတွေအားလုံးက သူ့ကိုတွေ့ရင် ဝေးဝေးကရှောင်ကြပါတယ်”

 

” ဘာကြောင့်များ သူ့ကိုရှောင်ကြတာလဲရွာစောင့်နတ်ကြီး”

 

” ဘာကြောင့်လဲဆိုတော့ သူကမွေးရာပါအကြောအားနည်းနေတဲ့လူတစ်ယောက်ဖြစ်တဲ့အပြင် ပါးစပ်ကနေလဲ သွားရည်တွေအမြဲလိုလိုကျနေတတ်တော့ ဘယ်မိန်းကလေးကစိတ်မဝင်စားတာမဆန်းပါဘူး”

 

” ရွာစောင့်နတ်ပြောတာကိုနားထောင်ပြီး ကျုပ်တို့ဘာဆက်လုပ်ရမလဲဆိုတာ သဘောပေါက်ပါတယ် ”

 

” ဆရာတို့ကူညီပေးမယ်ဆိုတာသိရတော့ ကျုပ်စိတ်အေးပါပြီ ကျုပ်လဲစိတ်ဖြောင့်ပြီမို့ သွားခွင့်ပြုကြပါ”

 

” ကောင်းပါပြီ ရွာစောင့်နတ်ကြီး သင့်ခရီးလမ်းဖြောင့်ဖြူးပါစေ”

 

ရွာစောင့်နတ်လဲအောင်မြတ်သာတို့ကိုနှုတ်ဆက်ပြီးအိမ်ပေါ်ကနေပြန်ဆင်းသွားတဲ့အချိန်

 

” ဆ ဆ ဆရာလေးတို့ ရှိ ရှိ ရှိလား”

 

အိမ်အောက်ကနေ လျာလေးအာလေးအသံနဲ့အော်ခေါ်နေတဲ့အသံကြောင့် တောက်ရမတ်တပ်ရပ်လိုက်ပြီး

 

” အပေါ်တက်ခဲ့ပါဦး ကျုပ်တို့ရှိပါတယ်”

 

တောက်ရစကားသံကြောင့် အိမ်အောက်လှေကားကနေ အပေါ်ကို ဖြေးဖြေးချင်းတက်လာတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်။ သူ့လက်ထဲမှာတော့ ဆွဲခြင်းတစ်လုံးကိုကိုင်ထားပြီး အကြောအနည်းငယ်ဆွဲနေတဲ့ခြေထောက်ကြောင့် သာမန်လူတစ်ယောက်လိုသွက်လက်မှုမရှိပဲ လေးကန်နေတဲ့ပုံစံကိုတွေ့လိုက်ရတယ်။

 

” ဆ ဆ ဆရာလေး တို့ အ အတွက် ထ ထမင်း နဲ့ ဟင်း ဟင်းလာ လာပို့ပေး ပေးတာပါ”

 

” အေးအေး တောက်ရရေ ထမင်းဟင်းတွေယူလိုက်ပါဦး ကောင်လေး ဒီမှာခဏထိုင်ပြီးနားလိုက်ဦး မင်းကြည့်ရတာ ‌မောနေတဲ့ပုံပဲ”

 

အောင်မြတ်သာစကားကြောင့် အကြောဆွဲနေတဲ့လူငယ်က ပါးစပ်ထဲကနေစီးကျလာတဲ့ သွားရည်တွေကို လက်ခုံနဲ့သုတ်ကာပြုံးလိုက်ပြီး

 

” ရ ရပါတယ် ဆ ဆ ဆရာ ဒါ ဒါ တွေ က အ အ ကျင့် ဖြစ် ဖြစ်နေပါပြီ”

 

” မင်းကို ဦးစိန်သောင်း‌ခိုင်းခိုင်းလိုက်တာလား”

 

” ဟုတ် ဟုတ် ပါ တယ်”

 

” မင်းနာမည်ကဘယ်လိုခေါ်လဲ”

 

” ကျုပ် ကျုပ် နာ နာ မည်က မောင် ကျော် လို့ ခေါ် ခေါ်တယ်”

 

” မောင်ကျော် ရွာထဲမှာ မင်းစိတ်ဝင်စားတဲ့ ကောင်မလေးဘယ်နှစ်ယောက်လောက်ရှိလဲ”

 

အောင်မြတ်သာစကားကြောင့် မောင်ကျော် ရှက်သွားပြီး

 

” ဆ ဆ ရာ တို့ ကို ဘယ် သူ ပြော ပြော တာလဲ ခု ခု နက အိမ်ပေါ်က နေ ဆင်း ဆင်းသွားတဲ့ အဖိုးကြီး ပြော ပြော တာလား”

 

မောင်ကျော်စကားကြောင့် သက်ခိုင်နဲ့ တောက်ရအံ့အားသင့်သွားပြီး

 

” မင်းက ခုနက ဆင်းသွားတဲ့အဖိုးအိုကိုမြင်တာလား”

 

” မြင် မြင်ရတာပေါ့ သူ သူနဲ့က သိ သိတာကြာပြီ တစ်ခါ တစ် လေ သူက မုန့်တွေ ဘာတွေကျွေးတယ်”

 

” ဟုတ်တယ် မင်းအကြောင်းကို သူပြောပြလို့သိတာ မင်းမှာရင်ဖွင့်စရာလူမရှိဘူးဟုတ်လား ဒါကြောင့်ငါတို့သုံးယောက်ကိုမင်းရဲ့သူငယ်ချင်းလိုသဘောထားပြီး ပြောပြလို့ရတယ် ဟိုမှာထိုင်နေတဲ့နှစ်ယောက်က မင်းလူပျိုလှည့်ရင်လိုက်ကူညီပေးကြဦးမှာ”

 

အောင်မြတ်သာစကားကြောင့် ဘေးမှာထိုင်နေတဲ့ သက်ခိုင်နဲ့တောက်ရ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး ငြိမ်သက်သွားကြတယ်။

 

” ဟဲ ဟဲ ဒါ ဒါဆို ကျုပ်အမှန်တိုင်းပြောပြမယ် အစကတော့ ညနေစောင်းရင် ပန်းဖြူတို့အိမ်ဘက်သွားမလို့ပဲ ဒါပေမယ့် မသွားတော့ဘူး”

 

” ဟေ ဘာဖြစ်လို့မသွားတော့တာလဲ”

 

” ခုနကဆင်းသွားတဲ့အဖိုးကြီး မျက်နှာမကောင်းတာ တစ်ပတ်လောက်ရှိပြီ ဒီညနေ သူ့ဆီလာဖို့လဲပြောသွားတယ် ဒါကြောင့် သူ့ဆီသွားလည်ရမှာ”

 

မောင်ကျော်စကားကြောင့် အောင်မြတ်သာခေတ္တစဉ်းစားလိုက်ပြီး

” မင်းသဘောတိုင်းလုပ်ပါ အကူအညီလိုရင်တော့ ငါတို့ဆီလာခဲ့”

 

” ဟီး ဟီး စိတ်ချပါ အ အကူ အညီလိုရင် လာခဲ့မယ် ကျုပ် ဦးစိန်သောင်းအိမ်မှာ ရေတွေဖြည့်ပေးရဦးမှာဆိုတော့ ပြန်လိုက်ဦးမယ်”

 

မောင်ကျော်လဲ အောင်မြတ်သာတို့ကို နှုတ်ဆက်ပြီး လှုပ်လီလှုပ်လဲ့နဲ့အိမ်ပေါ်ကနေဆင်းကာထွက်သွားခဲ့တယ်။

 

နောက်တစ်နေ့မနက်ရောက်တော့ မောင်ကျော်ရောက်ချလာခဲ့တယ်။

 

” ဆ ဆရာ လေး ဆ ဆရာလေး”

 

အိမ်ပေါ်မတက်ဘဲ အိမ်အောက်ကနေ အော်နေတဲ့ မောင်ကျော်အသံကြောင့် အင်းကွက်ဆွဲနေတဲ့အောင်မြတ်သာက

 

” အိမ်ပေါ်တက်ခဲ့မောင်ကျော်”

 

” အဲဒါဆို တက်လာပြီနော်”

 

အိမ်ပေါ်ရောက်တော့ မောင်ကျော်က

 

” ဆရာ ဆရာလေး ရွာထိပ်ကအဖိုးကြီး မရှိတော့ဘူး ”

 

” ဘယ်လိုမရှိတာလဲ သေသေချာချာပြောပြပါဦး”

 

” မနေ့က ဆရာတို့ဆီကနေ ထွက်သွားပြီး ညနေလောက်ရောက်တော့ သူ့ဆီသွားခဲ့တယ် အဖိုးကြီးကဒီနေ့တော်တော်ပျော်နေတယ်ထင်တယ် ကျုပ်ကိုရီစရာတွေလဲပြောပြတယ် ကျုပ်ပြန်ဖို့လုပ်တော့ သူကမပေးပြန်ပဲ အာရုဏ်တက်တဲ့ထိနေခိုင်းထားတယ် အာရုဏ်တက်ခါနီးကျတော့ သူ့ကိုယ်ထဲက အဖြူရောင်အလင်းတန်းတွေမျက်စိကြိမ်းလောက်တဲ့ထိထွက်လာတော့ ကျုပ်လဲမျက်စိကိုလက်နဲ့ကာထားလိုက်ရတယ် ကျုပ်လက်ပြန်ဖယ်လိုက်တော့ သူမရှိတော့ဘူး ဒီအဖိုးကြီး ဘယ်တွေသွားလိုက်ပြန်လဲမသိဘူး အဲဒါဆရာတို့ကိုလာပြောပြတာ”

 

” သူဘယ်သွားလဲမင်းကသိချင်လို့လား”

 

” မသိချင်ပါဘူး ကျုပ်ကဒီရွာမှာပဲနေချင်တာ ရွာကမိန်းကလေးတွေနဲ့ စနောက်ရတာပဲပျော်တယ် ညနေစောင်းရင် ပန်းဖြူတို့ရေခပ်ဆင်းမယ်ထင်တယ် အဲဒါကျုပ်တစ်ယောက်ထဲမသွားရဲလို့ ဆရာတို့ကိုလာခေါ်တာ ဟိဟိ”

 

” မင်းကဘယ်အချိန်သွားမှာလဲ ငါတို့လာခေါ်မယ်လေ”

 

” ဒါဆိုကျုပ်ပြန်အိပ်လိုက်ဦးမယ် ညနေစောင်းရင် ဦးစိန်သောင်းအိမ်နားက တဲမှာစောင့်နေမယ်”

 

မောင်ကျော်လဲ အောင်မြတ်သာကိုနှုတ်ဆက်ပြီး အိမ်ပေါ်ကနေဆင်းသွားခဲ့တယ်။

 

ညိုသူချော ဖြူတဲ့သူလှစေတဲ့ တိမ်တောက်တဲ့အချိန် ညနေခင်းရောက်တော့

 

” မောင်ကျော် ထစမ်း ညနေစောင်းနေပြီကွ”

 

တစ်စုံတစ်ယောက်လှုပ်နှိုးတဲ့အသံကြောင့် ကွေးကွေးလေးအိပ်နေတဲ့ မောင်ကျော်လန့်နိုးလာခဲ့တယ်။

 

” ဟာ ဆ ဆရာ ကျုပ် အိပ်ပျော်သွားတာ ”

 

” မင်းကအိပ်ပျော်နေ ပန်းဖြူတို့က ရေခပ်ဆင်းနေပြီ”

 

” ဒုက္ခပါပဲ ကျုပ်ရေချိုးလိုက်ဦးမယ် မကြာဘူးဆရာခဏပဲ”

 

” မြန်မြန်ချိုး နောက်ကျရင် မင်းထိုက်နဲ့မင်းကံပဲ”

 

အောင်မြတ်သာစကားကြောင့် မောင်ကျော်ကမန်းကတမ်းပြေးဆင်းသွားပြီး အိမ်အနောက်မှာခပ်ထားတဲ့ရေပုံးထဲကရေကိုအလောတကြီးချိုးကာ ပြန်တက်လာပြီး ထန်းခေါက်ဖာအစုတ်လေးထဲမှာကျကျနနခေါက်ပြီးထည့်ထားတဲ့ ခပ်နွမ်းနွမ်းလုံချည်နဲ့အင်္ကျီကိုထုတ်ကာဝတ်လိုက်တယ်။

 

” ဆ ဆရာ ရပီ သွားကြရအောင်”

 

ရှိုးအပြည့်နဲ့ဆင်းလာတဲ့ မောင်ကျော်ကိုမြင်တော့ အောင်မြတ်သာက

 

” ဒီလိုဆိုတော့လဲ မင်းကကြည့်ကောင်းသားပဲ လာကွာ သွားကြရအောင်”

 

အောင်မြတ်သာလဲ မောင်ကျော်ကိုခေါ်ပြီး ရွာအနောက်ဘက်ရေကန်ရှိရာထွက်လာခဲ့လိုက်တယ်။

 

” ဆရာ ဒီလမ်းက ပန်းဖြူတို့ရေသွားခပ်တဲ့လမ်းမဟုတ်ဘူးလေ”

 

” ဒီနေ့ပန်းဖြူတို့က အရင်ခပ်နေကြနေရာမှာ သွားမခပ်ဘူးကွ အခုရွာအနောက်ဘက်မှာ ရေကန်အသစ်တစ်ခုပေါ်နေတာ မင်းမသိဘူးလား”

 

အောင်မြတ်သာစကားကြောင့် မောင်ကျော် ခေါင်ူကိုကုတ်လိုက်ပြီး

 

” ကျုပ်မသိဘူးနော် ဘယ်တုန်းကရေကန်အသစ်ပေါ်လာတာလဲ”

 

မောင်ကျော်စကားကြောင့် အောင်မြတ်သာမျက်မှောင်ကျုံ့လိုက်ပြီး

 

” မင်းကစကားတော်တော်များတဲ့ကောင်ပဲ ဟိုရောက်ရင်ကြည့်ပေါ့ကွာ အခုအဲဒီရေကန်မှာ အနီးနားက သူငယ်မတွေတောင် ရေလာခပ်နေကြပြီကွ”

 

အောင်မြတ်သာစကားကြောင့် မောင်ကျော်ရဲ့ခြေလှမ်းတွေပိုသွက်လာတာကိုမြင်လိုက်ရတယ်။

 

အတန်ကြာလျောက်လာပြီးတဲ့နောက်မှာတော့ မိန်းမပျိုလေးတွေရဲ့ခိုးခိုးခစ်ခစ်ရယ်မောသံ စကားပြောသံအချို့ကိုကြားလိုက်ရတယ်။

 

” ဆ ဆရာ ကျုပ်မသွားရဲတော့ဘူး ဒီနားကပဲစောင့်နေလို့ရလား”

 

” မင်းသဘောပဲမောင်ကျော် ငါကတော့ ဟိုဘက်နားသွားလိုက်ဦးမယ် မင်းကိုပန်းဖြူကစကားလက်ခံပြောဖို့ပဲလိုတာ”

 

” ရပါတယ်ဆရာ ကျုပ်က သူ့မျက်နှာကိုမြင်ရရင်ကျေနပ်ပါပြီ ”

 

” ဟော ဟိုမှာအပျိုတစ်သိုက်လာနေပြီ ငါသွားတော့မယ်”

အောင်မြတ်သာက ပြောရင်းဆိုရင်း မလှမ်းမကမ်းမှာရှိနေတဲ့ တောတန်းလေးဘက်ကိုထွက်သွားခဲ့လိုက်တယ်။

 

ခဏကြာတော့ ရေအိုးကိုယ်စီရွက်ထားတဲ့ အပျိုတစ်သိုက်ပြန်လာတာမြင်လိုက်ရတယ်။

 

” ပန်းဖြူ ‌ဟဲ့ ပန်းဖြူ ”

 

” ဘာတုန်းဟ ”

 

” ဟိုမှာ နင့်ရဲ့အကိုတော် စောင့်နေတယ်”

 

” ဘယ်မှာလဲ ”

 

” ဟိုသစ်ပင်အောက်မှာမတွေ့ဘူးလား အမယ် မောင်မင်းကြီးသားက ဒီနေ့ချောလို့သန့်လို့ပါလား”

 

အပျိုမတစ်သိုက်စကားတစ်ပြော‌ပြောနဲ့လျောက်လာခဲ့တာ မောင်ကျော်ရပ်နေတဲ့သစ်ပင်အနားကိုရောက်လာခဲ့တယ်။

 

” ပန်းဖြူ ”

မောင်ကျော်ခေါ်သံကြောင့် ပန်းဖြူရဲ့ခြေလှမ်းတွေရပ်သွားပြီး

 

” နင်ဘာလာလုပ်တာလဲ ”

 

ပန်းဖြူစကားကြောင့် ဘေးမှာပါလာတဲ့အပျိုမလေးတွေက တစ်ခစ်ခစ်ရယ်လိုက်ပြီး

” ငါတို့ရှေ့နားမှာစောင့်နေမယ် အေးဆေးစကားပြောကြ”

 

အပျိုမလေးတွေစကားကြောင့် မောင်ကျော် အံ့ဩသွားပြီး

 

” အရင်က ငါ့ကိုတွေ့ရင် အော်ဟစ်ဆူဆဲနေကြတဲ့မိန်းမတွေဒီနေ့ဘာဖြစ်လို့သဘောကောင်းနေကြတာလဲ” လို့ရေရွတ်လိုက်တာကို ပန်းဖြူကြားတော့

 

” ကိုယ်တော်ချော ကျုပ်ရေအိုးရွက်ထားရတာ လေးတယ်ရှင့် အောက်ကိုချပေးဖို့စိတ်ကူးများမရှိဘူးလား”

 

” ဟုတ်သားပဲ ရုတ်တရက်ဆိုတော့ ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတာ ပေး ပေး ကျုပ်အောက်ချပေးမယ်”

 

မောင်ကျော်က ပန်းဖြူခေါင်းပေါ်ကရေအိုးကို အောက်ချပေးလိုက်ပြီး

 

” ဒီနေ့ ဘယ်လိုဖြစ်လို့ ဒီမှာရေလာခပ်တာလဲ အခါတိုင်းရွာအပြင်ကရေကန်မှာခပ်နေကြမဟုတ်လား”

 

” ဟုတ်တယ် ရွာအပြင်ရေကန်မှာက ခပ်တဲ့သူများတော့ ရေကနောက်လို့ ဒီမှာလာခပ်တာ နင်ကရော ဒီမှာဘာလာလုပ်တာလဲ”

 

” ဟဲ ဟဲ ငါကနင့်ကိုလာကြည့်တာ”

 

” နင်ဒီနေ့စကားလဲမထစ်တော့ဘူး အကြောလဲမဆွဲတော့ဘူး ဘယ်ဆရာနဲ့ကြိတ်ပြီးကုထားလဲ”

 

ပန်းဖြူစကားကြောင့် မောင်ကျော် သူ့ခြေလက်တွေကိုပြန်ကြည့်လိုက်ပြီး

 

” ဟာ ငါ သတိမထားမိဘူး ငါဘာမှမဖြစ်တော့ဘူးဟ ငါ ပြန်ကောင်းသွားပြီ ထင်တယ်”

 

” ခစ်ခစ် အရူး ”

 

ပန်းဖြူက ရှက်သွေးဖြာတဲ့ပုံစံနဲ့ မောင်ကျော်ကိုကြည့်ပြီး

 

” နင်အမြဲတမ်းရွာကကောင်မလေးတွေကို လိုက်ပိုးနေတယ်ဆို”

 

” မဟုတ်ပါဘူးဟာ ငါက အားလုံးကို မောင်နှစ်မလိုပဲသဘောထားတာပါ ”

 

” ဟွန့် ဒါဆို ငါ့ကိုလဲ သူတို့နဲ့တူတူသဘောထားတာပေါ့လေ”

 

” ဒါကတော့ ငါ ငါ”

 

မောင်ကျော်စကားမဆုံးခင်မှာ ပန်းဖြူက မောင်ကျော်လက်ကိုကိုင်လိုက်ပြီး

 

” နင်ငါ့ကိုလက်ထပ်မယ်မဟုတ်လား ငါကလဲနင့်ကိုသံယောဇဉ်ရှိပါတယ် နင့်အရင်ပုံစံနဲ့ကျတော့ ဘယ်လိုမှအဆင်မပြေလို့ပါ ငါနဲ့နင်တူတူနေကကြမယ်လေဟာ”

 

ပန်းဖြူကပြောရင်းဆိုရင်း မောင်ကျော်ရင်ဘတ်ထဲတိုးဝင်ဖို့အလုပ်

 

” မဖြစ်ဘူး မဖြစ်ဘူး ငါကနင်တို့ကို မောင်နှစ်မလိုပဲချစ်တာ နင်အခုလိုပြောတဲ့ပုံမျိုးမဟုတ်ဘူး ”

 

မောင်ကျော်လဲ ရင်ခွင်ထဲတိုးဝင်လာတဲ့ ပန်းဖြူကို တွန်းထုတ်ပြီး အနောက်ကိုဆုတ်လိုက်တဲ့အချိန်

 

” ဒါဆို နင်ကဘာလဲ ငါရေခပ်ဆင်းတိုင်းနင်လိုက်ကြည့်နေတာကရော ငါ့ကိုပိုင်ဆိုင်ချင်လို့မဟုတ်ဘူးလား အခုငါနင်နဲ့အတူနေဖို့ဆုံးဖြတ်ထားတယ်လေ ”

 

” မဟုတ်ဘူး ပန်းဖြူ နင်တစ်ခုခုဖြစ်နေပြီ ငါကနင့်ကိုဖြူဖြူစင်စင်ပဲချစ်တာ နင့်သူငယ်ချင်းတွေလဲ စောင့်နေကြပြီ ငါရေအိုးပြန်တင်ပေးမယ် နင်ပုံစံကြည့်ရတာ ငါကြောက်လာပြီ”

 

” အလကားကောင် ဟွန့် ငါ့ရေအိုးပြန်တင်ပေး နောက်ဆိုငါ့အနားကပ်ဖို့မစဉ်းစားနဲ့ သူရဲဘောကြောင်တဲ့ကောင်”

 

ပန်းဖြူက ဆောင့်ဆောင့်အောင့်အောင့်နဲ့ ရေအိုးကိုခေါင်းပေါ်တင်ကာ ရွာဘက်ကိုထွက်သွားခဲ့တယ်။ ပန်းဖြူထွက်သွားတော့မှ မောင်ကျော် သက်ပြင်းရှည်တစ်ချက်ချပြီး နဖူးပေါ်ကချွေးစတွေကိုသုတ်လိုက်တဲ့အချိန်

 

” တော်တယ် မောင်ကျော် တော်တယ် ” ဆိုတဲ့အသံကြားလို့ကြည့်လိုက်တော့ မလှမ်းမကမ်းမှာရှိတဲ့ ခြုံဘေးကနေထွက်လာတဲ့ အောင်မြတ်သာကိုမြင်လိုက်ရတယ်။

 

” ဆရာ ဆရာ အကုန်မြင်လိုက်တာလား”

 

” မြင်တာပေါ့ကွ မင်းရဲ့စိတ်ဓါတ်ကိုလဲ လေးစားတယ်ကွာ ကဲ မင်းပထမသင်ခန်းစာကိုအောင်မြင်သွားတဲ့အတွက် ဂုဏ်ယူပါတယ် ”

 

” ဗျာ ဘယ်လိုပထမသင်ခန်းစာလဲ ”

 

” နောက်သိလာရမှာပေါ့ အခုမိုးချုပ်တော့မယ် မင်းအိပ်နေတာလဲနိုးသင့်ပြီ ထတော့ မောင်ကျော်”

 

အောင်မြတ်သာကမောင်ကျော်ခေါင်းကိုပုတ်ပြီးပြောလိုက်တဲ့အချိန်

 

” ဟေ့ကောင် မောင်ကျော် မိုးချုပ်နေပြီ မင်းကအိပ်နေတုန်းပဲလား ဆရာလေးတို့အတွက် ဟင်းသွားပို့ရမယ်လေ အခုထစမ်း”ဆိုတဲ့ ဦးစိန်သောင်းအသံကြောင့် မောင်ကျော်လန့်နိုးလာခဲ့တယ်။

 

” ဟင် ငါ အိမ်မက်မက်နေတာပါလား အိမ်မက်လဲတကယ်ဖြစ်နေသလိုပဲထူးဆန်းလိုက်တာ”

 

မောင်ကျော်က နားမလည်မှုများစွာနဲ့ ထလိုက်ပြီး ဦးစိန်သောင်း ပြင်ထားပေးတဲ့ထမင်းချိုင့်ကိုဆွဲကာ အောင်မြတ်သာတို့ရှိရာအိမ်ဘက်ကို ထွက်လာခဲ့လိုက်တယ်။

 

အိမ်ရှေ့ရောက်တော့ အပေါက်ဝမှာအသင့်စောင့်နေတဲ့ အောင်မြတ်သာကိုမြင်လိုက်ရတယ်။

 

” မောင်ကျော် မင်းဒီညနေ နောက်ကျတယ် အိမ်မက်တွေကောင်းနေတယ်ထင်ပါ့”

 

အောင်မြတ်သာစကားကြောင့် မောင်ကျော် ခေါင်းကုတ်လိုက်ပြီး

 

” အိမ်က်ထဲနစ်မြောသွားတာ မိုးချုပ်မှနိုးလာလို့ ထမင်းချိုင့်ပို့တာနောက်ကျသွားတယ်”

 

” မင်းအချိန်ရရင် အိမ်ပေါ်တက်ခဲ့ဦး”

 

အောင်မြတ်သာစကားကြောင့် မောင်ကျော် အိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။

 

” မောင်ကျော် မင်းအိမ်မက်မက်ပြီးတော့ တစ်ခုခုထူးခြားတာခံစားမိလား”

 

အောင်မြတ်သာစကားကြောင့်မောင်ကျော်စဉ်းစားလိုက်ပြီး

 

” ပုံမှန်ပါပဲဆရာလေး ဘာမှမထူးခြားပါဘူး”

 

” ဟားဟား မောင်ကျော် မင်းကတကယ့်ကိုရိုးအတဲ့ကောင်ပဲ အရင်ကဆို မင်းစကားပြောရင် ထစ်နေတယ်မဟုတ်လား အခုရောထစ်သေးလား”

 

” ဟုတ်တယ်ဗျ ကျုပ်စကားမထစ်တော့ဘူး ကျုပ်အရင်လိုထစ်ငေါ့ထစ်ငေါ့မဖြစ်တော့ဘူး ထူးဆန်းလိုက်တာ ဒီနေ့တော့ထူးဆန်းမှုတွေကြုံနေရတာဆက်တိုက်ပဲ အိမ်မက်ထဲမှာလဲ ပန်းဖြူက ကျုပ်ကိုအတင်းဝင်ဖက်လို့ တွန်းထုတ်ရသေးတယ် နောက်ပြီး ဆရာက ကျုပ်ကိုပြောသေးတယ် ပထမသင်ခန်းစာအောင်မြင်သွားပြီတဲ့ ကျုပ်လဲဘာမှနားမလည်တော့ဘူး”

 

” ဟုတ်တယ် မောင်ကျော် မင်းပထမသင်ခန်းစာကိုအောင်မြင်သွားလို့ အခုလိုစကားမထစ်တော့တာ ”

 

” ဒါဆိုရင် အိမ်မက်ထဲကအတိုင်းဖြစ်ခဲ့တာလား”

 

“အဲဒါကတော့ မင်းကိုယ်တိုင်ဆုံးဖြတ်ရမှာ အခုမင်းရွာထဲကဘယ်ကောင်မလေးကိုတွေ့ချင်သေးလဲ”

 

” အင်း ကျုပ်သူတို့ကိုတွေ့ရင် အိမ်မက်ထဲကလို လုပ်ကြဦးမှာလား ”

 

” ဖြစ်ကောင်းဖြစ်နိုင်တာပေါ့ ဘာလဲမင်းပဲသူတို့ကိုတွေ့ချင်တယ်ဆို အခုကျတော့ဘယ်လိုဖြစ်သွားတာလဲ”

 

” အာ ကျုပ်က တွေ့ချင်တယ်ဆိုတာ ရိုးရိုးသားသားချစ်ခင်လို့ပါဗျ သူတို့လုပ်ပုံက တကယ်ကြောက်စရာကြီး ”

 

” ဒါဖြင့်ရင် မင်းသူတို့ကိုမတွေ့ချင်တော့ဘူးပေါ့ ”

 

” သူတို့ဘက်ကရိုးသားရင်တော့ တွေ့ချင်တာပေါ့ မရိုးသားရင်တော့မတွေ့ချင်ဘူး”

 

” အခုမင်းစကားမထစ်တော့ပေမယ့် ခြေတွေလက်တွေကတော့ အကြောဆွဲနေသေးတယ်မဟုတ်လား မင်းအကြောဆွဲတာကိုရောမပျောက်ချင်ဘူးလား”

 

” ဘယ်လိုမေးလိုက်တာလဲဆရာရယ် ပျောက်ချင်တာပေါ့ ကျုပ်လူကောင်းလိုသွားလာချင်တယ် ဟိုတစ်လောက ရွာလမ်းဖောက်တော့ ကျုပ်ဝင်ကူလုပ်ပေးချင်တာ ဒါပေမယ့်ကျုပ်ခြေလက်အခြေအနေကြောင့် လုပ်မရခဲ့ဘူး”

 

” ကဲ အဲဒါဆို မင်းရောဂါပျောက်မယ့်နည်းပေးရင် လုပ်မလား”

 

” လုပ်မှာပေါ့ ဘယ်လိုလုပ်ရမယ်ဆိုတဲ့နည်းသာပေး ကျုပ်လုပ်မယ်”

 

” ကောင်းပြီ မင်းလုပ်ရမှာက တစ်နေ့ကို သုံးကြိမ်တရားထိုင်ရမယ် တစ်ခါထိုင်ရင် သုံးနာရီထိုင်ရမယ် မင်းတစ်ရက်မှမပျက်ပဲလုပ်မယ်ဆိုရင် တစ်လအတွင်းမှာ ခြေထောက်အကြောဆွဲတာ ကောင်းလိမ့်မယ် ”

 

” သေချာလားဆရာ ဒါဖြင့်ကျုပ်တရားထိုင်မယ်ဗျာ ပြောမယ့်သာပြောရတာ ကျုပ်ကတစ်ခါမှတရားထိုင်ဖူးတာမဟုတ်ဘူး ဖြစ်ပါ့မလား”

 

” မင်းယောင်္ကျားမဟုတ်ဘူးလား ဆုံးဖြတ်ထားရင် ဖြစ်အောင်လုပ်ရမှာပေါ့ ”

 

” ဒါဆိုလဲလုပ်မယ်ဗျာ ဒီနေ့စထိုင်ရမလား ”

 

မောင်ကျော်စကားကြောင့် အောင်မြတ်သာရယ်လိုက်ပြီး

 

” ဒီနေ့တော့ နားလိုက်ပါဦး မနက်ဖြန်ကစပြီး တရားထိုင်ရမယ် မနက်အာရုဏ်တက်ချိန် ဒီကိုအရောက်လာခဲ့ ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြမယ်”

” ကျုပ်လာခဲ့မယ် ဟောဒီခြေထောက်ပြန်ကောင်းအောင် ကျုပ်တရားထိုင်မယ်”

 

” ဒါဖြင့်ရင် မင်းပြန်နားလိုက်တော့ ”

 

အောင်မြတ်သာစကားအဆုံးမှာ မောင်ကျော်တစ်ယောက်ကြည်သာရွှင်ပျစွာနဲ့ အိမ်ပေါ်ကနေဆင်းသွားခဲ့တယ်။

++++++

မနက်အာရုဏ်တက်ချိန်ရောက်တော့ မောင်ကျော် ရောက်ချလာခဲ့တယ်။

 

” ဆရာ ကျုပ်တရားထိုင်ရတော့မလား”

 

” နေဦး တရားမထိုင်ခင် ဘုရားရှိခိုး မေတ္တာပို့ရတယ် ဒါမှသာ ကိုယ့်အနားမှာ နတ်ကောင်းနတ်မြတ်တွေရှိနေမှာ ”

 

” ဘုရားရှိခိုးဆိုတာတော့ဟုတ်ပါပြီ ကျုပ်မှဘုရားစာကောင်းကောင်းမှမရတာ ”

 

” ဒါတော့စိတ်မပူနဲ့ သက်ခိုင်က အရှေ့ကနေတိုင်ပေးလိမ့်မယ် မင်းကသူဆိုသလိုလိုက်ဆိုရင်ရပြီ”

 

” ဟာဗျာ အဆင်သင့်လိုက်တာ အဲလိုဆိုကျုပ်အတွက်ပိုကောင်းတာပေါ့”

 

ဒီလိုနဲ့မောင်ကျော်လဲ အောင်မြတ်သာတို့ဘုရားရှိခိုးချိန် အနောက်ကနေလိုက်ဆို၊ တရားထိုင်ချိန် လိုက်ထိုင်ခဲ့တာ ပထမအကြိမ်တရားဖြုတ်တဲ့အထိ ‌အဆင်ပြေခဲ့တယ်။

 

တရားဖြုတ်တော့ အောင်မြတ်သာက

” မောင်ကျော် မင်းတရားထိုင်ဆိုထိုင်နေတာပဲ မင်းစိတ်ထဲ ဘယ်လိုတွေးပြီးထိုင်လဲပြောပြဦး”

 

” ကျုပ်ကတော့တရားထိုင်နေတဲ့အချိန် အာရုံထဲပေါ်လာတဲ့အရာတွေနောက်ကိုလိုက်သွားတာပဲ ဟိုဘက်ရွာတွေပါရောက်တယ်”

 

မောင်ကျော်စကားကြောင့် အောင်မြတ်သာတို့ပြုံးလိုက်ကြပြီး

 

” အစကတော့ ဒီလိုပါပဲ နောက်တစ်ခါ ထိုင်ရင် ဘယ်ရွာမှလျောက်မသွားနဲ့ ဘုရားကျောင်းဆောင်မှာပူဇော်ထားတဲ့ ဆင်းတုတော်ကိုပဲ မြင်အောင်ကြည့် စိတ်တစ်ခြားလွင့်သွားရင် ချက်ချင်းပြန်ခေါ် ဘုရားဆင်းတုတော်ရဲ့မျက်နှာကိုပဲ အာရုံထဲမှာပေါ်ပါစေ”

 

” ဆရာ အဲလောက်လွယ်သလား ဘုရားဆင်းတုတော်ကိုအာရုံထဲမှာမြင်အောင်ကြည့်ရုံနဲ့ ကျုပ်ခြေလက်တွေအကောင်းပြန်ဖြစ်မှာလား”

 

” ဒါပေါ့ကွ နောက်တစ်ခေါက် တရားထိုင်ရင် ကြိုးစားကြည့်ပေါ့”

 

အောင်မြတ်သာလဲ မောင်ကျော်ကိုအလိမ်မာနဲ့ဆုံးမပြီး ဦးစိန်သောင်းလာပို့ပေးတဲ့ ထမင်းနဲ့ဟင်းကို နေ့လည်စာအဖြစ်စားခဲ့ကြတယ်။ ထမင်းစားပြီးတဲ့အချိန် မောင်ကျော်ပြန်ရောက်လာပြိး

 

” ဆရာ တရားထိုင်တော့မလား”

 

” ခဏနေတရားပြန်ထိုင်ရမယ် ဒီတစ်ခါတော့ တရားမထိုင်ခင်မှာ မင်းရဲ့အသက်ခန္ဓာကို မြတ်စွာဘုရားထံပေးလှူထားရမယ်”

 

” ဟမ် ဘာဖြစ်လို့ကျွန်တော်ကိုယ်ခန္ဓာကိုပေးလှူရတာလဲ”

“ဒီတစ်ခါတရားထိုင်ရင် မျက်လုံးကိုလုံးဝဖွင့်မကြည့်ရဘူး မင်းကိုအန္တရာယ်ပြုမယ့်အရာရောက်နေသည့်တိုင် မင်းလုံးဝတရားဖြုတ်လို့မရဘူး အသေခံမယ် တရားမဖြုတ်ဘူးဆိုတဲ့စိတ်ကိုမွေးရမယ် ဘယ်လိုလဲ မင်းလုပ်နိုင်ပါ့မလား”

 

အောင်မြတ်သာစကားကြောင့် မောင်ကျော်အနည်းငယ်စဉ်းစားလိုက်ပြီး

” လုပ်မယ်ဗျာ ကျုပ်ခန္ဓာကိုယ်ပြန်ကောင်းဖို့ဆိုရင် ဒီလောက်ကတော့ အေးဆေးပါ”

 

” ကဲ ဒါဖြင့်ရင် ဒုတိယအကြိမ်စလိုက်ကြရအောင်”

 

အောင်မြတ်သာတို့ဒုတိယအကြိမ်ပြန်စခဲ့တာ ညနေနေဝင်ရီတရောအချိန်မှာတရားဖြုတ်ခဲ့ကြတယ်။ တရားဖြုတ်လဲပြီးရော မောင်ကျော်က

 

” ဆရာ ဆရာ ကျုပ်စိတ်ထဲ တရားထိုင်တာကို အလွယ်လေးမှတ်နေတာ တကယ်မလွယ်ဘူးဗျ”

 

” ဘာဖြစ်လို့ မလွယ်တာလဲပြောပါဦး”

 

” ဆရာပြောသလို စိတ်ကိုစုစည်းထားပေမယ့် ဒီကောင်က တစ်ချိန်လုံးထွက်ပြေးနေတာ ကျုပ်လိုက်ဖမ်းရတာ ချွေးစေးတွေကိုပြန်နေတာပဲ နည်းနည်းငြိမ်လာပြီဆိုရင် တစ်ကိုယ်လုံးပိုးကောင်တွေအများကြီးတက်လာသလို ဖြစ်လာတယ် ခြေထောက်တွေလဲကျဉ်တယ် ကျုပ်အဝတ်အစားတွေကိုပဲကြည့်ပါဦး ရေချိုးထားသလိုပဲ ”

 

” ဒါကအစမို့လို့ပါ နောက်ပိုင်းဒီဒုက္ခတွေကို သည်းခံနိုင်ရင် အေးချမ်းတဲ့အချိန်တွေကို ခံစားရမှာပဲ မင်းစိတ်မလျော့ဖို့ပဲလိုတယ်”

 

” ဆရာ ကျုပ်ဒီလိုတရားထိုင်တာကို ဘယ်လောက်လုပ်ရဦးမလဲ”

 

” အလွန်ဆုံးသုံးလပေါ့ကွာ သုံးလပြည့်ရင် မင်းခြေတွေလက်တွေပြန်ကောင်းလာလိမ့်မယ်”

 

” သုံးလတောင်လုပ်ရမှာလား ဟူး”

 

မောင်ကျော်ကတော့ သုံးလတရားထိုင်ရမယ်ဆိုလို့သက်ပြင်းရှည်ကြီးချကာ အိမ်ပေါ်ကဆင်းသွားခဲ့တယ်။ အိမ်အောက်ရောက်တော့

 

” ညဘယ်အချိန်ပြန်လာရမလဲဆရာ”ဆိုပြီးအော်မေးတဲ့အသံကြောင့် အောင်မြတ်သာသဘောကျစွာရယ်လိုက်ပြီး

 

” ညခုနှစ်နာရီ အရောက်ပြန်လာခဲ့” ဆိုပြီးလှမ်းပြောလိုက်တယ်။

 

ဒီလိုနဲ့ ကျော်ရဲ့စိတ်တွေတစ်ဖြေးဖြေးတည်ငြိမ်လာခဲ့ပြီးပထမတစ်လပြည့်တဲ့ညမှာတော့

 

” ဆရာ ဒီညအတော်ထူးဆန်းတာတစ်ခု မြင်လိုက်ရတယ် ”

 

” ဘာများလဲမောင်ကျော်”

 

” ဟိုအဖိုးကြီးကိုမြင်ရတာ သူကကျုပ်ကိုလက်လှမ်းပြရင်း ကလေးသေးသေးလေးဖြစ်သွားတယ် ဒါပေမယ့် ကလေးသေးသေးလေးက ကျုပ်ကိုစကားပြောတယ်”

 

” မင်းကိုဘာတွေပြောလိုက်လဲ ပြောပါဦး”

 

” သူနေတဲ့အိမ်မှာဘုရားမရှိဘူးတဲ့ ဘုရားရှိအောင်လုပ်ပေးပါလို့ပြောတယ်”

 

” နောက်တော့သူဘာထပ်ပြောသေးလဲ”

 

” အဲဒါပဲပြောတာ ကျန်တာတော့ဘာမှမပြောဘူး ”

 

” အခုတရားထိုင်တာ ဒီတစ်ခုပဲမြင်ရတာလား နောက်ဘာတွေဖြစ်သေးလဲ”

 

” ကျုပ်စိတ်တွေအရင်လိုလိုက်မဖမ်းရတော့ဘူး အကြာကြီးနေမှ တစ်ခါလောက်ပဲပြေးတော့တယ် ဘုရားဆင်းတုတော်မျက်နှာတော်ကလဲ တစ်ဖြေးဖြေးပြုံးလာတာမြင်ရတယ် နာကျင်ကိုက်ခဲတာတွေလဲ လျော့လာတယ် ”

 

” မင်းအခြေအနေတိုးတက်လာတယ် မောင်ကျော် ဒီပုံစံအတိုင်းဆက်သွားရင် မင်းရောဂါအမြန်ဆုံးပျောက်ကင်းလိမ့်မယ် ဒီတစ်ခါ မင်းဖယောင်းတိုင်မီးကို ကြည့်ရမယ် စိတ်ထဲမှာဖယောင်းတိုင်မီးလောင်ကျွမ်းနေတာကိုပဲမြင်အောင်ကြည့်ရမယ် ဒီအဆင့်ကို မနက်ဖြန်စမယ်”

 

ဒီတစ်ခါမှာတော့ မောင်ကျော်စိတ်မညစ်တော့ပဲ ဘာဖြစ်ဖြစ်လုပ်မယ်ဆိုတဲ့စိတ်ကိုအောင်မြတ်သာမြင်လိုက်ရတယ်။

 

အောင်မြတ်သာတို့ဆရာတပည့်တွေလဲ မောင်ကျော်ကိုလိုက်ပြီးအားဖြည့်ပေးခဲ့တာ ဒုတိယလရဲ့တစ်ဝက်ကိုရောက်လာခဲ့တယ်။

 

တစ်ညမှာတော့

 

” ဆရာ ဆရာ တစ်ရွာလုံးမီးတွေလောင်နေတယ် လုပ်ကြပါဦး ”

 

မောင်ကျော်ရဲ့အလန့်တကြားအော်သံကြောင့် တရားထိုင်ဖို့ပြင်နေတဲ့ အောင်မြတ်သာတို့ဆရာတပည့်တွေ အိမ်ရှေ့ကိုထွက်လာခဲ့ကြတယ်။

 

” မောင်ကျော် ဘယ်မှာလောင်လို့လဲ ငါတို့လဲမတွေ့ပါလား”

 

” ဟိုမှာလေဆရာ တစ်ရွာလုံးမီးတောက်တွေထနေတာ ဆရာတို့အိမ်မှာလဲမီးတွေလောင်နေတယ် ရေ ရေပုံး ရေပုံးနဲ့ပက်မှရမယ်”

 

‌သွေးရူးသွေးတန်းဖြစ်နေတဲ့မောင်ကျော်ရဲ့ပုံစံကိုကြည့်ပြီး အောင်မြတ်သာက

 

” ဒီကောင်ကိုအပေါ်ခေါ်တက်ခဲ့တော့ သူ့သမထအားတွေအတော်ကောင်းနေပြီပဲ”

 

အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့တောက်ရက မောင်ကျော်ကို ချုပ်ပြီးအိမ်ပေါ်ခေါ်တင်လာခဲ့လိုက်တယ်။

 

” မောင်ကျော် ”

 

” ဗျာ ဆရာ ”

 

” အခုအိမ်ပေါ်မှာ မီးတွေလောင်နေသေးလား”

 

” မလောင်တော့ဘူးဆရာ ခုနကထိလောင်နေတာ ကျုပ်တွေ့ခဲ့တယ်”

 

” မင်းတရားဖြုတ်ပြီးပြန်တော့ ဘာတွေလုပ်လဲငါ့ကိုပြောပြ”

 

အောင်မြတ်သာစကားကြောင့်မောင်ကျော်က

” တရားဖြုတ်ပြီးပြန်တော့ အိမ်မှာထမင်းစားတယ်ဆရာ ထမင်းစားနေရင်း ခုံမှာထွန်းထားတဲ့ ဖယောင်းတိုင်မီးကိုစိုက်ကြည့်လိုက်တာ ကျုပ်အိမ်ရော ဦးစိန်သောင်းအိမ်ရော တစ်ရွာလုံးကအိမ်တွေပါ မီးတွေထတောက်နေတယ်လို့မြင်နေရတယ် ”

 

” မောင်ကျော် မောင်ကျော် မင်းကတော့လေ လုပ်လိုက်ရင်အရာရာနဲ့အကြောင်းကြောင်းပဲ ဒီနေ့ကစပြီး မီးတောက်ကိုမကြည့်နဲ့တော့ ပိတ်ဖြူကိုကြည့်ပြီး တရားထိုင်ရမယ် ဘယ်နှစ်ရက်နဲ့ မင်းအမြင်တွေတက်လာလဲဆိုတာ စောင့်ကြည့်မယ် ဒီတစ်ခါအောင်မြင်ရင် နောက်ဆုံးအဆင့်ကိုကျင့်ရမယ်”

 

” ဆရာ ကျုပ်ပိတ်ဖြူနဲ့မကျင့်ပဲ အခြားအရာတွေနဲ့ကျင့်လို့ရောမရဘူးလား”

 

” မင်းကဘာနဲ့ကျင့်ချင်လို့လဲ”

 

” ကျုပ်ရေနွေးအိုးနဲ့ကျင့်ချင်တယ် ”

 

မောင်ကျော်ရဲ့ ပေါက်ပေါက်ရှာရှာစကားကြောင့် အောင်မြတ်သာပြုံးလိုက်ပြီး

 

” မင်းကျင့်ချင်သပဆိုလဲကျင့်ပေါ့ကွာ မင်းဒီတစ်လပြည့်ရင် သုံးလပြည့်မှာဆိုတော့ အစစအရာရာ ဂရုစိုက်ရမယ် ငါတို့လဲမင်းဘေးနားမှာအမြဲရှိနေမယ်”လို့ပြောတော့ မောင်ကျော်က

 

” ဆရာ ကျုပ်…”

 

” ဘာဖြစ်လဲမောင်ကျော်”

 

” ဘာမှမဟုတ်တော့ပါဘူးဆရာ ကျုပ်တရားထိုင်လိုက်ဦးမယ်”လို့ပြောပြီး ဘုရားကျောင်းဆောင်ရှေ့ကိုထွက်သွားခဲ့တယ်။

 

မောင်ကျော်ထွက်သွားတဲ့ကျောပြင်ကိုကြည့်ပြီး အောင်မြတ်သာပြုံးရုံဆိုသလောက်လေးပြုံးလိုက်တယ်။ ဒီတစ်ခါအပြုံးမှာတော့ ကျေနပ်မှု၊ ဝမ်းသာမှုအရိပ်အယောင်တွေပါနေတယ်ဆိုတာ သက်ခိုင်နဲ့တောက်ရတို့တောင်မသိခဲ့ကြဘူး။

 

နှစ်လပြည့်တဲ့နေ့ကစပြီး မောင်ကျော် မရောက်လာတော့ဘူး။ အောင်မြတ်သာကလဲ သူ့ဘာသာစိတ်တိုင်းကျကျင့်လို့ရအောင် လွှတ်ထားပေးခဲ့တယ်။ ရွာထဲကလူတွေကတော့ တစ်နေကုန်တစ်နေခမ်း ရေနွေးကရားအဟောင်းကိုထိုင်ကြည့်နေတဲ့ မောင်ကျော်ကို ရူးသွားပြီလို့တောင်ထင်ခဲ့ကြတယ်။

 

သုံးလရဲ့တစ်ဝက်ကျော်ကိုရောက်လာတော့ အောင်မြတ်သာက

” သက်ခိုင် မင်းနဲ့တောက်ရ ဘုရားကျောင်းဆောင်ပေါ်မှာကပ်ထားတဲ့ ငှက်ပျောသီးကိုယူပြီး မောင်ကျော်ဆီကိုသွားကြ ဟိုရောက်ရင် သူ့မျက်လုံးကိုအရင်အဝတ်စည်းပေးပါ ပြီးမှ ငှက်ပျောသီးနဲ့ပျားရည်ရောပြီးကျွေးပေး “ဆိုပြီးပြောခဲ့တယ်။

 

သက်ခိုင်နဲ့တောက်ရလဲ အောင်မြတ်သာပြောတဲ့အတိုင်း ငှက်ပျောသီးကိုစွန့်ပြီး ဦးသောင်းစိန်အိမ်ကနေပျားရည်အနည်းငယ်တောင်းကာ မောင်ကျော်နေတဲ့တဲကိုလိုက်သွားခဲ့တယ်။ တဲပေါ်ရောက်တော့ နံရံကိုမှီပြီးတရားထိုင်နေတဲ့ မောင်ကျော်ကိုမြင်လိုက်ရတယ်။သူ့ဘေးမှာတော့ ထမင်းနဲ့ဟင်းထည့်ထားတဲ့ ပန်းကန်တစ်ချပ်ကိုအကောင်းပကတိအတိုင်းတွေ့ရတယ်။

 

မောင်ကျော်ရဲ့ ရုပ်အဆင်းကတော့ ပိန်ခြုံးခြောက်ကပ်နေပြီး အရိုးပေါ်အရေတင်ဖြစ်နေတာကိုအံ့ဩစွာမြင်လိုက်ရတယ်။ သက်ခိုင်တို့ရောက်သွားတဲ့အချိန် တရားမဖြုတ်သေးတဲ့အတွက် မလှမ်းမကမ်းကနေ ထိုင်ကြည့်နေခဲ့ကြတယ်။

 

တရားထိုင်နေရင်း အားပြတ်ကာ လဲကျသွားပေမယ့် ရှိတဲ့အားနဲ့ပြန်ထကာ တရားမပြီးမချင်းကြိုးစားထိုင်နေတဲ့ မောင်ကျော်ကိုမြင်တော့ သက်ခိုင်နဲ့တောက်ရ စိတ်ထဲကနေသာဓုအကြိမ်ကြိမ်ခေါ်ဆိုမိခဲ့တယ်။

 

မောင်ကျော်တရားလဲဖြုတ်အပြီး လူလဲဗိုင်းကနဲလဲအကျမှာ သက်ခိုင်က အသင့်ပါလာတဲ့ အဝတ်နဲ့မျက်လုံးကိုစည်းလိုက်ပြီး တောက်ရက ငှက်ပျောသီးနဲ့ပျားရည်ကို ခလောက်ကာ မောင်ကျော်ပါးစပ်ထဲကိုထည့်ပေးလိုက်တယ်။

 

နှစ်ဇွန်းလောက်ခွံ့ကျွေးပြီးတဲ့အချိန်မှာတော့ မောင်ကျော်သတိရလာပြီး

 

” ဆရာတို့ ကျုပ်ဆီလာကြတယ်ပေါ့လေ ကျုပ်အခုတစ်လောနေလို့သိပ်မကောင်းဘူး ဒါပေမယ့် အဓိဌာန်‌မပျက်အောင်ကြိုးစားနေပါတယ်”

 

” မင်းလုပ်ရပ်ကိုငါတို့လေးစားပါတယ်မောင်ကျေယ် မင်းရည်မှန်းချက်လဲပြည့်တော့မှာပါ ၁၅ရက်ပဲကျန်တော့တယ် တောင့်ထားစမ်းပါ”

 

” ကျုပ်ကိုခုနကဘာတွေကျွေးလိုက်တာလဲ ကျုပ်အားတွေပြည့်လာသလို ခံစားရတယ်”

 

” မင်းအတွက် ဆရာကငှက်ပျောသီးနဲ့ပျားရည်ယူလာခိုင်းလို့ ငါတို့လာကျွေးပေးတာ”

 

” ကျုပ်ဘာမှစားမရတာ ၁၀ရက်ကျော်ပြီ ဆရာကကျုပ်ဘာဖြစ်နေတယ်ဆိုတာသိတယ်ထင်တယ် ဆရာကအရမ်းစွမ်းတာပဲ”

 

” မင်းအဆင်ပြေရဲ့လား ဖြစ်ကောဖြစ်ပါ့မလား”

 

” ဖြစ်ပါတယ် ကျုပ်အားတွေပြည့်လာပါပြီ ဆရာတို့လဲပြန်ကြပါ ကျုပ်ခဏနေ တရားပြန်ထိုင်ရဦးမယ်”

 

မောင်ကျော်စကားကြောင့်သက်ခိုင်နဲ့တောက်ရလဲ အားနာစွာနဲ့ပြန်လာခဲ့လိုက်ကြတယ်။ အိမ်ရောက်တော့ အောင်မြတ်သာက

 

” သူသုံးရက်လောက်တော့ အားပြည့်နေမှာ နောက်သုံးရက်နေရင် အခုလိုပဲ သွားကျွေးရမယ်”

 

“ဆရာ သူကဘာဖြစ်လို့ အဟာရပြတ်နေတာလဲ သူ့ဘေးမှာ ဦးစိန်သောင်းလာပို့ထားတဲ့ ထမင်းဟင်းတွေတွေ့ရတယ်”

 

” တကယ်တော့ ဒီကောင်က သမထအဆင့်တစ်ခုထိရောက်နေပြီ သူက သူ့စိတ်ကူးထဲကလာတဲ့အတိုင်းကိုကျင့်တာ ရေနွေးကရားကိုမင်းတို့မြင်တယ်မဟုတ်လား တကယ်တော့ မင်းတို့အမြင်မှာသာရေနွေးကရားလို့မြင်နေတာ သူကရေနွေးကရားကို မစင်တုံးလို့သဘောထားပြီး ကျင့်နေခဲ့တာ အရမ်းကိုခက်ခဲတဲ့ကျင့်စဉ်ပဲ အခုသူအမြင်အာရုံမှာ ဘယ်အရာကိုကြည့်ကြည့် မစင်တုံးပဲမြင်နေရတော့ ဘယ်လိုစားလို့သောက်လို့ဝင်တော့မလဲ ဒါကြောင့် မျက်လုံးကိုအဝတ်စည်းပြီး အစာကျွေးခိုင်းတာ”

 

“သူကဒီလကုန်ဆိုရင် လူ့သက်တမ်းကုန်တော့မှာဆိုတော့ ”

 

” လမကုန်ခင်တစ်ရက်မှာ သူ့ရောဂါတွေအကုန်ပျောက်သွားပြီးကျင့်စဉ်လဲပြီးသွားလိမ့်မယ် ”

 

သက်ခိုင်တို့လဲအောင်မြတ်သာစကားအဆုံးမှာ သက်ပြင်တစ်ချက်ချလိုက်ပြီး တစ်ယောက်တစ်နေရာစီထိုင်ကာ အင်းစမတွေကိုရေးဆွဲနေခဲ့လိုက်တယ်။

 

သက်ခိုင်တို့လဲ သုံးရက်တစ်ခါ အဟာရပြည့်အောင် ကျွေးမွေးခဲ့ပြီး လမကုန်ခင်တစ်ရက်အလိုမှာတော့ ပိန်ခြုံးနေတဲ့အသားအရည်နဲ့ မောင်ကျော်ရောက်လာခဲ့တယ်။

 

အိမ်ပေါ်ရောက်တော့ ဘုရားကျောင်းဆောင်ကိုဦးချပြီး အောင်မြတ်သာဘက်လှည့်ကာ

 

” ဆရာ ကျုပ်မနက်ဖြန်သွားရတော့မယ်ဆိုတာ ဆရာလဲသိမှာပါ ကျုပ်ဒီရွာကိုချစ်တယ် ဒီရွာကလူတွေကို ခင်တယ် ကျုပ်ရဲ့ကျေးဇူးရှင်ဖြစ်ခဲ့တဲ့ ဦးစိန်သောင်းကိုလဲ ကျေးဇူးပြန်ဆပ်ချင်တယ် ဒါကြောင့် ကျုပ်ဒီရွာမှာဆက်နေပါရစေ ဆရာတို့အားလုံးကို ကျုပ်ရဲ့ကျေးဇူးရှင်ဆရာသခင်တွေအဖြစ်အမြဲအမှတ်ရနေမှာပါ “လို့ပြောပြီး ဦးသုံးကြိမ်ချကာ သူ့ရဲ့တဲအိမ်ဆီကိုပြန်သွားခဲ့တယ်။

 

သုံးလပြည့်တဲ့နေ့မှာတော့ မောင်ကျော်တစ်ယောက် အိပ်ယာထဲမှာ အဝတ်အစားအပြည့်အစုံဝတ်ပြီး ပြုံးလျက်သေဆုံးနေခဲ့တယ်။ မောင်ကျော်သေဆုံးတဲ့နေ့ကတော့ မြန်မာတွေရဲ့အထင်ကရနေ့တစ်နေ့ဖြစ်တဲ့ သင်္ကြန်အကြိုနေ့ဖြစ်ခဲ့တယ်။

 

အောင်မြတ်သာတို့လဲ မောင်ကျော်အသုဘမြေကျတဲ့အထိမြေလတ်ရွာမှာနေခဲ့ပြီး မြေကျပြီးနောက်ရက်မနက်အာရုဏ်တက်ချိန်မှာတော့ ဘယ်သူမှမသိအောင် ရွာထဲကနေ ထွက်လာခဲ့ကြတယ်။

 

ရွာထိပ်လဲရောက်ရော ကိုယ်ရောင်ကိုယ်ဝါတောင်ပစွာနဲ့ပြုံးပြုံးကြီးရပ်စောင့်နေတဲ့ မောင်ကျော်ကိုမြင်လိုက်ရတယ်။

 

အောင်မြတ်သာတို့ကိုမြင်တော့ မောင်ကျော်က အရိုအသေပေးပြီး

 

” ဆရာတို့ပြန်တော့မယ် ဆိုတာသိလို့ လာနှုတ်ဆက်တာပါ ”

 

” ကောင်းပေစွ ကောင်းပေစွ မောင်ကျော် ဒီရွာဘေးအန္တရာယ်ကင်းအောင်လုပ်ရမှာ သင့်တာဝန်ဖြစ်သွားပြီနော် သင့်ကျင့်ကြံခဲ့တဲ့သမထကိုလဲ ယခုဘဝမှာလဲဆက်လက်ကျင့်ကြံပါ သင့်အစွမ်းသတ္တိတွေဒီထက်မကပိုတိုးလာပါလိမ့်မယ်”

 

” ဆရာတို့လမ်းညွှန်ခဲ့တဲ့အတိုင်း ဆက်လက်ကျင့်ကြံသွားပါမယ် ဆရာတို့အကူညီလိုရင် ဟောဒီခရာသင်းလေးကိုမှုတ်လိုက်ပါ ကျုပ်လာခဲ့ပါမယ်”

 

မောင်ကျော်လဲအောင်မြတ်သာကို ပုလဲအရောင်လိုဆွတ်ဆွတ်ဖြူနေတဲ့ ခရုသင်းတစ်ခုကိုပေးအပ်ခဲ့တယ်။

 

” ကောင်းပါပြီ ကျုပ်တို့လဲ သင်ပြောထားတဲ့ကိစ္စကိုကူညီဖို့သွားရဦးမယ်”

 

အောင်မြတ်သာစကားကြောင့် မောင်ကျော်အံ့ဩသွားပြီး

 

” ဘယ်ကိစ္စလဲဆရာ”

 

” ရွာစောင့်နတ်ကြီးကလဲမေ့တတ်ပြန်ရော ဘုရားမရှိတဲ့အိမ်မှာနေနေရတဲ့ကလေးကို ဘုရားရှိအောင်လုပ်ပေးရဦးမှာလေ”

 

” ဟုတ်ပါ့ဗျာ ကျုပ်သတိမေ့သွားတယ် ဆရာတို့အားလုံးဘေးအန္တရာယ်အပေါင်းမှကင်းဝေးကြပါစေ”

 

အောင်မြတ်သာတို့လဲ မြေလတ်ရွာစောင့်နတ်တစ်ဖြစ်လဲ မောင်ကျော်ရဲ့ဆုတောင်းစကားကို သာဓုခေါ်ကာ ရွာကနေထွက်လာခဲ့လိုက်တယ်။

 

မြေလတ်ရွာမှာတော့ နတ်စဉ်နှစ်တိုင်း သင်္ကြန်အကြိုနေ့ရောက်ရင် လူပျိုတော်နတ်ပွဲကို

စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြတယ်။ လူပျိုတော်နတ်ပွဲရဲ့ထူးခြားချက်က လူပျိုတော်နတ်ဝင်မယ့်သူဟာ ယောင်္ကျားစစ်စစ်ဖြစ်ရမယ်။ လူပျိုစစ်စစ်ဖြစ်ရမယ်။ သတ်သတ်လွတ်၃လတိတိစားရမယ်။ ဒီအချက်တွေနဲ့ကိုက်ညီပြီး လိပ်ပြာလှတဲ့သူကိုမှ လူပျိုတော်နတ်ဝင်ပူးတာဖြစ်ပါတယ်။

 

လူပျိုတော်နတ်ဝင်တဲ့ယောင်္ကျားလေးဆိုရင် အပျိုမတွေသည်းသည်းလှုပ်အားပေးကြတာကလဲမြေလတ်ရွာရဲ့ဓလေ့တစ်ခုလိုဖြစ်ခဲ့ကြတယ်။ တစ်ချို့လူတွေပြောတာကတော့ လူပျိုတော်နတ်ကိုမျက်နှာသစ်ပေးတဲ့ ပဝါကိုဆောင်ထားရင် လူချစ်လူခင်များကြတယ်တဲ့။

 

ဒီနေရာမှာ အောင်မြတ်သာနှင့်လူပျိုတော်နတ်ဆိုတဲ့ဝတ္တုလေးပြီးဆုံးခဲ့ပါပြီ။ နောက်ဝတ္တုမှာတော့ ကျောကုန်းမှာအင်းစမပုံအမှတ်ပါတဲ့လူဝင်စားကလေးရဲ့စိတ်ဝင်စားဖွယ်ဖြစ်ရပ်တွေကိုတော့ အောင်မြတ်သာနှင့် စမတစ်ကွက်သွေးပွက်ပွက်ဆိုတဲ့ဝတ္တုလေးမှာဖတ်ရှုပေးကြပါဦး။

 

လေးစားစွာဖြင့်

ဇေယန(ရာမည)

 

#ညမဖတ်ရ