စုန်းမကြီးဒေါ်အိုစာ

စုန်းမကြီးဒေါ်အိုစာ (စ/ဆုံး)

———————

သူမနာမည် ဒေါ်အိုဇာတဲ့။ အသက်(၅၀) ကျော် ၊ မုဆိုးမတစ်ဦးဖြစ်ပြီး သားသမီးတစ်ယောက်မှမထွန်းကားချေ။ ယောကျ်ားဖြစ်သူ ဦးဘကျော်က အောက်လမ်းဆရာ။ ယောကျ်ားဖြစ်သူရဲ့ ပညာ အမွေကို ရထားသူ။ ဦးဘကျော် မြွေကိုက်ခံရလို့ သေဆုံးသွားပြီးတဲ့နောက် ယောကျ်ားဘက်က အမွေတွေကို ဒေါ်အိုဇာ ရလိုက်၏ ။

 

တစ်နေ့ … ။

 

လူငယ်လေး ၄ ယောက် စကားလက်ဆုံကျနေကြသည်။

 

” ကိုခွေး…ဒေါ်အိုဇာတို့အိမ်မှာမွေးထားတဲ့ ကြက်မကြီးက အကောင်ကြီးပြီး ဆူဖြိုးနေတာပဲ…စားလိုက်ရရင်တော့ ဟင်း…ဟင်း ”

 

ဖိုးတုတ်က အားရပါးရပြောလိုက်သည်။

 

” ဟုတ်တယ်ကွ ၊ ဒေါ်အိုဇာရဲ့ကြက်ကို စားလိုက်ရင် တော်တော်လေးကို အရသာရှိမှာကွ ၊ သူ့ကြက်က သူများကြက်တွေလို မဟုတ်ဘူး ၊ အကောင်ကြီးမျိုးကွ ”

 

ခွေးပုက ကွမ်းစားရင်း ထောက်ခံလိုက်၏ ။

 

” ကဲ…ဒါဆို မင်းတို့ ဒေါ်အိုဇာရဲ့ကြက် စားမလား ”

 

” အေး…စားမယ် ”

 

အားလုံးက တစ်ပြိုင်တည်း ပြောလိုက်ကြသည်။

 

” ဒါဆိုရင် ဒီည ဒေါ်အိုဇာရဲ့ကြက်ကို သွား ခိုးကြမယ် ” မဲလုံးက ပြောလိုက်တော့…

 

” အေး…သွားမယ် ”

 

အောင်ပုက ရယ်ပြီးပြောသည်။

 

ညအချိန် အမှောင်ထုက ဖုံးလွှမ်းကာ ပတ်ဝန်းကျင်တစ်ခုလုံး အိပ်မောကျလျက်ရှိသည်။ ဖိုးတုတ်က လက်နှိပ်ဓာတ်မီးထိုးလျက် သူတို့အားလုံး ဒေါ်အိုဇာအိမ်နားသို့ ရောက်ရှိလာ၏။ ဒေါ်အိုဇာ၏အိမ်မှာ မည်းမှောင်နေသည်။

 

” ဒေါ်အိုဇာတော့ အိပ်မောကျနေပြီ ၊ ငါတို့ လုပ်ငန်းစကြမယ် ” အောင်ပုကပြောသည်။

 

သူတို့လေးယောက်စလုံး ခြံထဲဝင်ရန် ခြေလှမ်းပြင်လိုက်စဥ် မိုးကောင်းကင်ပေါ်သို့ မီးလုံးကြီးနှစ်လုံး တက်လာသည်ကို ဖိုးတုတ်မြင်တွေ့လိုက်ရသဖြင့် –

 

” ဟာ…ဟိုမှာ…ဟိုမှာ… ”

 

” ဘာလဲကွ ၊ မင်းက အလန့်တကြား ”

 

” မိုးပေါ်မှာ မီးလုံးကြီးနှစ်လုံးတက်လာတာ ဟိုမှာကြည့်စမ်း ”

 

ဖိုးတုတ်ညွှန်ပြရာကို ကြည့်လိုက်ကြရာတွင်…

 

” ဟာ… ”

 

” ဟင်… ”

 

” အို… ”

 

အားလုံး အံ့အားသင့်နေကြသည်။

 

” ဟာ…မီးလုံးကြီးနှစ်လုံးပါလား ၊ အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ ဟော…ဟော…ဆင်းသွားပြီ ကြည့်လို့ကောင်းလိုက်တာ… ဒီတစ်ခါပဲမြင်ဖူးတယ်…၊ ငါ့အဘတစ်ယောက်ပြောဖူးတယ် ၊ ဒီလိုစုန်းတက်တာဆိုရင် အနီးအနားမှာ စုန်းတတ်တဲ့သူရှိတယ်လို့ ပြောဖူးတယ် ”

 

” ဖြစ်နိုင်တယ် ”

 

သူတို့လေးယောက်စလုံး ဒေါ်အိုဇာတိုက်နား ရောက်ရှိလာသည်။ ပြတင်းပေါက်တစ်ပေါက် ဖွင့်ထားရာ အထဲမှာတော့ မီးရောင်မှိန်ပျပျလေး မြင်တွေ့ရသည်။ မီးရောင်ဖြင့် ဒေါ်အိုဇာကို မြင်တွေ့ရသည်။

 

” ဒေါ်အိုဇာ ဘာတွေသောက်နေတာလဲ မသိဘူး ”

 

တကယ်တော့ ဒေါ်အိုဇာသောက်နေသည်မှာ သွေးများပင် ဖြစ်သည်။

 

” ဟဲ့ မိစိမ်း…မိစိမ်း ”

 

” အိုအို ဘာခိုင်းမလို့လဲ ”

 

” ငါ့ခြံဝင်းထဲမှာ မသာလေးလေးယောက် ရောက်နေတယ်…သူတို့ကို ခြောက်လိုက်စမ်း ”

 

” ဟုတ်ကဲ့ အိုအို ”

 

ဝိညာဥ်မ မိစိမ်းသည် လင်းနို့ကြီးတစ်ကောင်ကို ဖန်ဆင်းလိုက်သည်။

 

” ဂီး…ဂီး…ဂီး ”

 

” ဟာ…ဘာလဲမသိဘူး ၊ ဓာတ်မီးနဲ့ထိုးစမ်း ”

 

မဲလုံးက ပြောလိုက်တော့ အောင်ပုက ဓာတ်မီးထိုးလိုက်ရာ –

 

” ဟာ…လင်းနို့ကြီးကွ ၊ ငါတို့ဆီကို လာနေတာ အကောင်က ကြီးလိုက်တာ… ပြေးဟေ့…ပြေး… ပြေး… ”

 

လေးယောက်စလုံး ထွက်ပြေးလာခဲ့သည်။

 

” ဟား ဟား ဟား …

ဟီး ဟီး ဟီး … ”

 

ဝိညာဥ်မက သူတို့လေးယောက်စလုံးကို ခြောက်လိုက်သဖြင့် သူတို့အားလုံးထွက်ပြေးလာတော့သည်။ သူတို့လေးယောက်စလုံး ဒေါ်အိုဇာခြံထဲသို့ ဘယ်တော့မှ မသွားတော့ပါ။

 

နောက်တစ်နေ့တွင် ဒေါ်အိုဇာ စျေးဝယ်ရန် စျေးထဲသို့ထွက်လာခဲ့သည်။ ငါးဝယ်ရန် ငါးစိမ်းတန်းထဲ ဝင်လာခဲ့သည်။

 

” ဟဲ့ ကောင်မလေး… ၊ ငါးပြေမ ဘယ်စျေးလဲ ”

 

” တစ်ထောင် ”

 

” များလိုက်တာတော် ”

 

” များရင် မဝယ်နဲ့ ”

 

” မဝယ်ဘူး ”

 

ဒေါ်အိုဇာပြောပြီး ချာခနဲလှည့်ထွက်လာခဲ့သည်။

 

” ဒီငါး ဘယ်စျေးလဲ ”

 

” ငါးရာပါ ”

 

” လေးဆယ်သားပေး ”

 

ငါးသည်မက ငါးစင်ရိုင်း လေးဆယ်သား ချိန်ပေးလိုက်သည်။

 

ဒေါ်အိုဇာ ဆွဲခြင်းတောင်းဆွဲပြီး သူ့အိမ်ပြန်လာသည်။ အိမ်ရောက်တော့ မသင်္ကာသဖြင့် ငါးကို ချိန်ကြည့်ရာ သုံးဆယ်သားပဲရှိသည်။

 

” ကောင်မ…ငါနဲ့တွေ့ကြသေးတာပေါ့ ”

 

ဒေါ်အိုဇာ ဆွဲခြင်းတောင်းဆွဲပြီး စျေးထဲ တစ်ခေါက်ပြန်လာသည်။ စျေးထဲရောက်တော့ …

 

” ဟဲ့ ကောင်မ ၊ ညည်းကို ငါပြောသားပဲ အလေးမှန်မှန်ပေးပါဆိုတာ ညည်းပဲပြောတယ်လေ… ၊ ကြိုက်တဲ့နေရာမှာ သွားချိန်ဆို ၊ ငါချိန်ကြည့်တော့ ငါးလေးဆယ်သားက သုံးဆယ်သားပဲ ရှိတယ်… ၊ ဒီလောက်ခိုးတော့ ဘယ်ကောင်းမလဲ ”

 

” ရှင် ရမ်းမပြောနဲ့…၊ ကဲ ပေး ကျွန်မ ချိန်ပြမယ် ”

 

ငါးစိမ်းသည်မက ငါးလေးဆယ်သားကို ချိန်ပြလိုက်သည်။ ငါးက လေးဆယ်သားရှိသည်။ ဟင် ဒေါ်အိုဇာမျက်လုံးပြူးသွားသည်။ သူမ အိမ်က အလေးတွေက အလေးပြည့်။

 

” ကဲ အဖွားကြီး…၊ ဒါ ရှင့်အကြံအစည်လား…၊ ကျွန်မ အလေးမခိုးဘူး ၊ ရှင်ကြိုက်လို့ ရှင်ဝယ်တာ ၊ ကျွန်မအတင်းခေါ်ရောင်းတာမှ မဟုတ်တာ ”

 

ငါးစိမ်းသည်မက ဒေါ်အိုဇာကို ကက်ကက်လန်အောင် ရန်တွေ့တော့သည်။ ဒေါ်အိုဇာ လူပုံအလယ်မှာ အရှက်ခွဲခံလိုက်ရသည်။

 

ကောင်မ…နင့်ကို ငါလုံးဝမကျေနပ်ဘူး ၊ စျေးထဲကလူတွေ ငါ့ကိုကြည့်လိုက်တဲ့မျက်လုံးတွေက တစ်မျိုးပဲ…။ ငါရှက်လိုက်တာ။ ဒေါ်အိုဇာရင်ထဲမှာ တော်တော်ပေါက်ကွဲသွားသည်။ ကောင်မ…သူကပဲ ငါးကို အလေးခိုးသေးတယ် ၊ ငါ့ကို လူပုံအလယ်မှာ အရှက်ခွဲတယ်။ နင့်ကို လူ့ဘဝမှာ အရှင်မထားဘူး။ ဒေါ်အိုဇာတဲ့ ဟင်း ဟင်း…ဒင်းကို သေမင်းဆီ ပို့ပစ်ရမယ်။

 

” ဟဲ့ မိစိမ်း ”

 

” အိုအို ဘာခိုင်းမလို့လဲ ”

 

” နင် ဒီငါးစိမ်းသည်မကို သွားသတ်ပေးရမယ်…၊ နင့်ကို ငါကျွေးမယ် ”

 

ဒေါ်အိုဇာသည် အရုပ်မလေးကို ယူပြီး ကော်ပတ်ရုပ်ပေါ် ဖယောင်းတိုင်ထွန်းညှိလိုက်သည်။ သွေးများကို အရုပ်ပေါ်သို့ လောင်းချလိုက်သည်။

 

” မိစိမ်း သတ်ပေးပါ့မယ် အိုအို ”

 

ဒေါ်အိုဇာ ကျေနပ်သွားသည်။

 

နှစ်ရက်နေပြီး ငါးစိမ်းသည်မ သေဆုံးသွားသည့်သတင်း ဒေါ်အိုဇာကြားလိုက်ရသဖြင့် ကျေနပ်သွားမိသည်။

 

ဒေါ်အိုဇာသတ်လိုက်လို့ ငါးစိမ်းသည်မ သေဆုံးသွားသည့်သတင်းက စျေးထဲတွင် ပျံ့နှံ့သွားသည်။ ငါးစိမ်းသည်မမှာ ဘာရောဂါမှမရှိ။ ပတ်ဝန်းကျင်က ဒေါ်အိုဇာကို မဆက်ဆံတော့သလို အနားလည်း မကပ်ရဲကြတော့ပေ။

 

သို့သော် …

 

ဖိုးတုတ် ၊ အောင်ပု ၊ ဖိုးခွေးနှင့် မဲလုံးတို့ လေးယောက်စလုံးက ဒေါ်အိုဇာတို့အိမ်က ကြက်ကို မစားလိုက်ရ၍ မကျေနပ်ချေ။ ကြက်ခိုးစားရန် လေးယောက်သား တိုင်ပင်ကြပြန်သည်။ ဒေါ်အိုဇာ အပြင်သွားခိုက် အခွင့်သာသည်နှင့် သူ့ကြက်ကို ခိုးစားလိုက်ကြသည်။

 

ဒေါ်အိုဇာ သိရှိသောအခါ ဒေါသတွေ ပေါက်ကွဲပြီး မှန်ချပ်ကြီးကို ဂါထာမန်းမှုတ်ပြီး လက်ဖြင့် ပွတ်သပ်လိုက်ရာ –

 

” ဟင်-ဒင်းတို့လေးယောက်ပါလား ၊ ငါ့ကြက်ကို ခိုးစားသွားတာကို … ၊ တွေ့မယ် ၊ ဒင်းတို့ လှလှပပကြီး ခံစားပေတော့… ဟားဟားဟားဟား… ”

 

ဒေါ်အိုဇာ သဘောကျစွာရယ်လိုက်၏ ။

 

” ကွတ်…ကွတ်..

ညောင်…ညောင်

ဝုတ်…ဝုတ်

အိုင်…အိုင်… ”

 

အောင်ပု ၊ ဖိုးတုတ် ၊ ဖိုးခွေး ၊ မဲလုံးတို့ ဗိုက်ထဲမှာ အသံတွေမြည်နေသည်။

 

” ဟာ…ငါတို့ဗိုက်ထဲက အော်နေတာ မင်း ဗိုက်ထဲက ကြောင်အော်နေတယ် မဲလုံး… ”

 

” မင်းဗိုက်ထဲကလည်း အော်နေတယ် ငါတို့လေးယောက်စလုံးရဲ့ ဗိုက်ထဲက အော်နေပြီ ၊ ဘယ်လိုလုပ်ကြမလဲကွ ”

 

လေးယောက်စလုံး တုန်လှုပ်သွား၏။

 

” ဒီလိုသာ တစ်ညလုံးအော်နေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ ဘုရား… ဘုရား ကယ်တော်မူကြပါ ”

 

သူတို့၏အဖြစ်ကို မိဘများသိရှိသွားကြသောအခါ…

 

” ကဲ နင်တို့ ဘာအမှားတွေလုပ်ခဲ့သလဲ ၊ မှန်မှန်ပြော နင်တို့ လိမ်မယ်မကြံနဲ့ အမှန်တိုင်းပြော ၊ မပြောရင် နင်တို့ဗိုက်ထဲက အသံတွေအော်နေမှာပဲ ”

 

မိဘလေးယောက်စလုံးက သူတို့၏ သားတွေကို မေးမြန်းကြသည်။

 

” ဟေ့ကောင် အောင်ပု ပြောလိုက်ကွာ ”

 

မဲလုံးက အောင်ပုမျက်နှာကိုကြည့်၍ ပြောလိုက်သည်။ မပြောလို့က မဖြစ်။

 

” အမေ…သားတို့ လေးယောက် ဒေါ်အိုဇာရဲ့ကြက်ကို ခိုးစားမိတယ် ”

 

” ဟယ်… ”

 

” ဟာ… ”

 

” အို… ”

 

” ဟင်… ”

 

မိဘလေးယောက်စလုံး တုန်လှုပ်သွားတော့၏။

 

” သူ့ကို ဘာဖြစ်လို့ပတ်သက်ရတာလဲ…ဒီမိန်းမက စုန်းမဟဲ့ ၊ နင်တို့တော့ ခက်တာပဲ ဒီမိန်းမလုပ်တာ သေချာပြီ ဘယ်လိုလုပ်မလဲ ”

 

မိဘလေးယောက်စလုံး တိုင်ပင်လိုက်ကြသည်။

 

” ဒေါ်အိုဇာဆီကိုသွားပြီး တောင်းပန်ရတော့မှာပေါ့ ”

 

မိဘများက သူတို့သားတွေကို ဒေါ်အိုဇာ့ထံ ခေါ်လာခဲ့သည်။

 

” နင်တို့ ဘာလာလုပ်တာလဲ ပြောစမ်း ”

 

” ဒေါ်အိုဇာကို လာတောင်းပန်တာပါ ”

 

” ဘာကိစ္စနဲ့တောင်းပန်ရတာလဲအေ့ ”

 

” ဒီလိုပါ… ဒေါ်အိုဇာ… ”

 

ဒေါ်အိုဇာ့ကြက်ခိုးစားခဲ့တဲ့အကြောင်း တစ်လုံးမကျန်ပြောပြလိုက်သည်။

 

” ငါ့ကြက်မပျောက်ဘူး ၊ ငါ့ကို တောင်းပန်စရာမလိုဘူး ၊ ကဲ ညည်းတို့ ပြန်ကြတော့ ”

 

ဒေါ်အိုဇာကို ဘယ်လိုမှတောင်းပန်လို့မရ။

 

ဆရာတော်ဘုရားထံ လျှောက်တင်ကြသည်။ ဖြစ်ခဲ့သမျှတွေကိုလည်း အစအဆုံးပြောပြသည်။ ကျောင်းသားလေးတစ်ယောက်ကို ဒေါ်အိုဇာ့အိမ်သို့ လွှတ်လိုက်သည်။

 

” ဟေ့ကောင်လေး ဘာကိစ္စရှိလို့လဲ ”

 

” ဘုန်းဘုန်း ခေါ်ခိုင်းလိုက်လို့ပါ ”

 

ဆရာတော်ဆိုတော့လည်း ဒေါ်အိုဇာ ငြင်းပယ်လို့မရ။

 

” ငါ လာခဲ့မယ် ”

 

ဒေါ်အိုဇာပြောတော့မှ ကျောင်းသားလေး ထွက်သွားသည်။ နောက်မှ ဒေါ်အိုဇာလည်း ဘုန်းတော်ကြီးကျောင်းသို့ လာခဲ့သည်။

 

” ဆရာတော်ဘုရား ခေါ်တယ်ဆိုလို့ပါ ”

 

” ဟုတ်တယ်…ဒကာမကြီးရဲ့ ပညာကို စွန့်ပစ်လိုက်ပါ ၊ ဒကာမကြီးက ဘာဖြစ်လို့လူတွေကို ဒုက္ခရောက်အောင်လုပ်ရတာလဲ ၊ မကောင်းတဲ့နည်းလမ်းတွေလုပ်တော့ ဘာအကျိုးထူးမှာလဲ ဒကာမကြီး…၊ အပ္ပါယ်ငရဲ မကြောက်ဘူးလား ၊ ဘဝတစ်လျှောက်မှာ အပြစ်တွေ အများကြီးပဲ ၊ သာသနာရဲ့အကျိုးကို သန့်စင်တဲ့ ရေနဲ့ဆေးကြောပစ်လိုက်ပါ…၊ ဘဝကူး ကောင်းသွားလိမ့်မယ် ၊ ဘုရား တရား သံဃာကို လက်ကိုင်ထားပါ ၊ ဒေါသ မောဟ အတ္တတွေ ၊ မာနတွေဝင်နေရင် အပ္ပါယ်ငရဲခံရမယ်…၊ လူတွေ ၊ တိရစ္ဆာန်တွေအပေါ်မှာ အမုန်းတွေမပွားပါနဲ့ ၊ တရားတောထဲမှာ နေလိုက်ရင် ဒကာမကြီးရဲ့ ပူလောင်နေတဲ့အပူမီးတွေက သူ့အလိုလို ငြိမ်းပြီး အေးချမ်းတဲ့အရိပ်မှာ တရားဘာဝနာတွေ ရနိုင်မှာပါ ”

 

” တင်ပါ့ဘုရား…တပည့်တော် ဘုန်းဘုန်းရဲ့ တရားကြောင့် နောင်တတွေ ရလိုက်ပါပြီ ၊ တတ်ထားတဲ့ ပညာတွေကိုလည်း ဘုန်းဘုန်းကို လှူပါတယ် ဘုရား ”

 

” သာဓု…သာဓု…သာဓု…ဒကာမကြီးဘဝ တရားရိပ်မှာ ပျော်သွားမှာပါ ”

 

ဒေါ်အိုဇာက ဆရာတော်၏ဆိုဆုံးမမှုကို နားလည်သဘောပေါက်ကာ သီလရှင်ဘဝ ကူးပြောင်းသွား၏။

 

” သြော်…ပူလောင်တဲ့သောကတွေက ငါ့ဘဝကို ဖျက်ဆီးခဲ့တာကိုး ၊ ငါ့ဘဝက ဘုရား တရားအရိပ်ရောက်မှ အေးချမ်းလိုက်တာ… အခုမှ နေရာမှန် ၊ ဘဝမှန်ကို ငါရောက်ခဲ့တာ ဘုန်းဘုန်းကြောင့်ပဲ ၊ ငါလူဝတ်ဘဝနဲ့လုပ်ခဲ့တဲ့ အကုသိုလ်တွေကို ငါပေးဆပ်ရမယ် ၊ လူ့ဘဝမှာ ငါဟာ တော်တော်ကို ယုတ်မာခဲ့တာ…ငါ့ ရုပ်လည်း လူရုပ်တောင်မပေါက်ခဲ့ဘူး ၊ တစ်နေ့တစ်ခြား ပိန်လှီပြီး စုန်းမကြီးဘဝ ရောက်ခဲ့ရတာ ၊ ငါယုတ်မာခဲ့တာတွေကို နောင်တရပါပြီ ၊ ကိုယ် လုပ်ခဲ့တဲ့ အကုသိုလ်က ကိုယ့်ကို ခြောက်လှန့်စေခဲ့တယ်…အခု ဘုရားတရားအရိပ်ရောက်မှ ငါ့မျက်နှာ ကြည်ကြည်လင်လင်နဲ့ ကြည့်လို့ ကောင်းလာခဲ့တယ် ၊ ငါ့ဘဝတွေ ပေးဆပ်ရရင် ငါသေပျော်ပါပြီ ”

 

ယခုမှ ဒေါ်အိုဇာဘဝက ထာဝရငြိမ်းချမ်းသွားရလေသတည်း။ ။

 

ဖြူစင်သောမေတ္တာဖြင့်

သန်လျင်ချမ်းမြေ့အောင်

 

photo credit

 

မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်။