” အောင်မြတ်သာနှင့်တောက်မည့်မီးခဲတရဲရဲ ”(စ/ဆုံး)

Unicode Version

” အောင်မြတ်သာနှင့်တောက်မည့်မီးခဲတရဲရဲ ”(စ/ဆုံး)

—————————————————–
ဇေယန(ရာမည)

ညသန်းခေါင်အချိန်…

လူသူရှင်းလင်းနေတဲ့ လမ်းလေးခွဆုံဇရပ်ပေါ်ကနေ ဖယောင်းတိုင်မီးအလင်းရောင်တွေ ထွက်ပေါ်နေခဲ့တယ်။ ဇရပ်တွင်းမှာတော့ အောင်မြတ်သာတို့ဆရာတပည့်သုံးယောက်က ဖိုခနောက်ဆိုင်ထိုင်ပြီး ပုရပိုက်တစ်ချပ်စီကိုကိုင်ကာ ငြိမ်သက်စွာ စိုက်ကြည့်နေကြတယ်။

” တစ်ခါမှ မမြင်ဖူးတဲ့ အင်းစမတွေပါလား ဆရာ”

” နတ်တွေဖွက်ထားတဲ့ပုရပိုက်ဖြစ်လို့ ဒီထဲမှာပါတဲ့ စမတွေကို အသက်၀င်အောင်ရေးဆွဲဖို့ဆိုတာ အတော်ကြိုးစားယူရမယ်ထင်တယ်”

” ကျွန်တော်တော့ကြိုးစားကြည့်ချင်တယ်… ”

” တစ်ယောက်နဲ့တစ်ယောက် ဉာဏ်ပညာချင်းမတူကြတာမို့ ကိုယ့်ဉာဏ်စွမ်းရှိသလို ရေးဆွဲကြပါ… ပါရမီပါလာရင် ဘယ်အရာမှတားဆီးနိုင်စွမ်းရှိမှာမဟုတ်ဘူး”

အောင်မြတ်သာက ပုရပိုက်တစ်ရွက်ကို အရှေ့မှာချပြီး အထဲမှာပါတဲ့ စမတစ်ခုကို မိုင်းကိုင်စက္ကူပေါ်မှာ ရေးဆွဲနေလိုက်တယ်။ အလားတူ မောင်ကောင်းနဲ့ ခွန်းလှကလဲ ပုရပိုက်ပါအင်းစမတွေကို ကြိုးစားရေးဆွဲဖို့ နေရာယူလိုက်ကြတယ်။

ဇရပ်ပတ်ပတ်လည်မှာထွန်းထားတဲ့ ဖယောင်းတိုင်မီးတွေအလင်းရောင်မှိန်လာတာနဲ့အမျှ အချိန်ကလဲ တစ်ဖြေးဖြေးနက်လာခဲ့တယ်။ အဲဒီအချိန် မောင်ကောင်းက ရေးဆွဲထားတဲ့ စမတစ်ရွက်ကို မြိုကာကြမ်းကိုဖနောက်နဲ့ပေါက်လိုက်တယ်ဆိုရင်ပဲ ဇရပ်ပတ်ပတ်လည်နေရာမှာ တင်းပုတ်ကိုယ်စီကိုင်ထားတဲ့ ဂုမ္ဘာန်တွေပေါ်လာခဲ့တယ်။

အောင်မြတ်သာနဲ့ခွန်းလှတို့လဲ မောင်ကောင်းဖြစ်စဉ်ကိုကြည့်နေတဲ့အချိန်

” အကျွန်ုပ်တို့ကိုဆင့်ခေါ်ရတဲ့ အကြောင်းရင်းကဘာများလဲဆရာ‌” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

” သင်တို့က ဘယ်လိုရောက်လာကြတာလဲ”

” အကျွန်ုပ်တို့က စမတိုက်ကိုစောင့်ကြပ်တဲ့ ဂုမ္ဘာန်တစ်ထောင်ပဲဖြစ်ပါတယ်… ဆရာအနေနဲ့ ဂုမ္ဘာန်ခေါ်စမကို မြိုပြီးဖနောင့်ပေါက်လိုက်တာကြောင့် မနေနိုင်လို့ ရောက်လာရခြင်းဖြစ်ပါတယ်”

” ကျုပ်ကြောင့် သင်တို့အလုပ်များစေရပြီ… ကိစ္စထွေထွေထူးထူးမရှိတာမို့ သင်တို့နေရာကိုပြန်နိုင်ပါပြီ”

မောင်ကောင်းရဲ့ နှုတ်ထွက်စကားအဆုံးမှာ ဇရပ်ပတ်ပတ်လည်မှာရှိနေကြတဲ့ ဂုမ္ဘာန်တွေအားလုံး ဖျတ်ခနဲပျောက်ကွယ်သွားခဲ့ကြတယ်။

” ဆရာ… ဒီစမက ဂုမ္ဘာန်တစ်ထောင်ခေါ်တဲ့စမပဲ…”

မောင်ကောင်းရဲ့၀မ်းသာအားရပြောတဲ့အသံကြောင့် အောင်မြတ်သာနဲ့ခွန်းလှတို့က ပြုံးရွှင်တဲ့မျက်နှာနဲ့ ခေါင်းငြိမ့်ပြလိုက်ကြတယ်။

အောင်မြတ်သာတို့ဆရာတပည့်တွေလဲ တစ်ညလုံး မနားတမ်းကြိုးစားခဲ့ကြရာ မနက်အရုဏ်တက်ချိန်အရောက်မှာတော့ ပုဏ္ဏကယက္ခရာဇာမြင်းစမ၊ ဟတ္ထိပါလနတ်မင်းထုတ်ပေးသောဆင်စမ၊ နဂါးလေးကောင်အမြှီးကိုပြန်မြိုထားတဲ့ဟန်ရှိတဲ့ နဂါးပတ်ကျော့ကွင်းစမတွေကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ကြတယ်။

ဒုတိယမြောက်နေ့မှာတော့ ပုရပိုက်ထဲပါတဲ့ စမတစ်ခုဖြစ်တဲ့ ” ရ င လ စ” စမအက္ခရာတွေကိုစက္ကူမှာရေးဆွဲပြီး ဘေးမှာချထားတဲ့အချိန် ရုတ်တရက်တိုက်ခတ်လာတဲ့လေကြောင့် စမစာရွက်က ခြေရင်းနေရာကို အမှတ်မထင်ရောက်သွားခဲ့တယ်။

အောင်မြတ်သာတို့လဲ သတိမထားမိပဲ အခြားအင်းစမတွေကိုရေးဆွဲနေတဲ့အချိန် စူးစူးဝါးဝါးထိုးဟောင်လိုက်တဲ့ ခွေးအူသံကို ကြားလိုက်ရတယ်။ ခွေးအူသံက အဝေးကနေ တစ်ဖြေးဖြေး နီးလာခဲ့ရာ ဇရပ်နဲ့မလှမ်းမကမ်းကိုရောက်လာခဲ့တယ်။

” ဆရာ… ဟိုမှာ ဘာကောင်ကြီးတုန်း”

ခွန်းလှအသံကြောင့် လှမ်းကြည့်လိုက်ရာ ဇရပ်အပြင်ဘက် လမ်းမပေါ်မှာ ငုတ်တုတ်ကြီးထိုင်နေတဲ့ မဲမဲကောင်တွေကိုမြင်တွေ့လိုက်ရတယ်။

” ဟိတ်… သင်တို့က ဘယ်သူတွေတုန်း”

” ကျုပ်တို့က ဒီအရပ်ဒေသမှာကျက်စားနေတဲ့ နာနာဘာ၀တွေပါ…”

” ဟင်… သင်တို့က ဒီကိုဘာလာလုပ်ကြတာလဲ”

” ဆရာတို့ စီရင်ထားတဲ့ စမရဲ့အစွမ်းကြောင့် လာရောက် ကန်တော့တာပါ…”

” ငါတို့က သင်တို့ကို လာရောက်ဖို့မခေါ်ထားပါဘူးလေ”

” ဆရာတို့မခေါ်ပေမယ့် ခြေရင်းမှထားထားတဲ့ လေးလုံးစမအုပ်ကြောင့် ကျုပ်တို့ဘယ်လိုမှမနေနိုင်ဖြစ်နေရပါတယ်… ဒါကြောင့် ရွာတော်ရှင်အဖိုးကို ခွင့်တောင်းပြီး ဆရာတို့ကို မဝံ့မရဲလာရောက်ကန်တော့ရခြင်းဖြစ်ပါတယ်”

အဲဒီတော့မှ အောင်မြတ်သာလဲ မျက်လုံးဝေ့ကြည့်လိုက်ရာ လေတိုက်လို့ ခြေရင်းနားကိုရောက်နေတဲ့ စမတစ်ချပ်ကိုမြင်တွေ့လိုက်ရတယ်။

” လတ်စသတ်တော့ ဒီစမကြောင့်ကိုး… သင်တို့လာရောက်ကန်တော့တာကိုအစွဲပြုပြီး ဒီစမကို မိစ္ဆာနိုင်လေးလုံးစမလို့သတ်မှတ်ပေးမယ်… သင်တို့ကိုလဲ ကျုပ်တို့ပြုလုပ်ခဲ့တဲ့ကုသိုလ်တွေကို အမျှတန်းပေးဝေပါတယ်… ”

အောင်မြတ်သာရဲ့ အမျှဝေသံကို သာဓုခေါ်နိုင်ကြတဲ့ သူတွေအနေနဲ့ ကိုယ်ရောင်ကိုယ်ဝါတွေတောက်ပလာပြီး တစ်ဆင့်မြင့်တဲ့နေရာကိုရောက်သွားကြတာကို ကြည်နူးဖွယ်မြင်တွေ့လိုက်ရတယ်။

သန်းခေါင်အချိန်အရောက်မှာတော့ ရှင်သီ၀လိစမကို အောင်မြင်စွာဖော်ထုတ်နိုင်ခဲ့ကြတယ်။ အောင်မြတ်သာတို့လဲ အဆိုပါစမကိုရေးဆွဲပြီးချိန်မှာတော့ တစ်ယောက်တစ်ချပ်စီမြိုကာ စမရဲ့အစွမ်းသတ္တိကိုသိစေဖို့အတွက် စင်္ကြန်လျောက်နေတဲ့အချိန် မီးတုတ်ကိုယ်စီကိုင်ထားတဲ့ လူဆယ်လောက်လောက်က ဇရပ်ရှိရာကို ဦးတည်လာနေတာကိုမြင်တွေ့လိုက်ရတယ်။

” ဆရာ… ညကြီးသန်းခေါင်အချိန်ကြီး… မီးတုတ်တွေနဲ့ ဒီကိုလာနေကြတာဆိုတော့ သာမန်လူတွေတော့မဟုတ်လောက်ဘူးထင်တယ်”

မောင်ကောင်းစကားကြောင့် အောင်မြတ်သာက လက်ကာပြပြီး အခြေအနေကိုစောင့်ကြည့်နေလိုက်တယ်။

” ဟိတ် ဘယ်သူတွေလဲဟေ့”

” ကျွန်တော်တို့က ဆရာတို့ကိုရန်ပြုမယ့်သူတွေမဟုတ်ပါဘူး… ညကြီးသန်းခေါင် ဆာလောင်နေမှာစိုးလို့ စားစရာအချို့လာပို့ပေးတာပါ”

” အေးအေး… ဇရပ်ပေါ်တက်လာခဲ့ကြပါဦး”

” မတက်တော့ပါဘူးဆရာ.. စားစရာတွေကို ဇရပ်အောက်ခြေမှာပဲထားခဲ့လိုက်ပါ့မယ်… နောက်ရက်တွေလဲ ဆရာတို့ သုံးဆောင်ဖို့ စားဖွယ်တွေ လာပို့ပေးပါဦးမယ်”

ခေါင်းဆောင်ဖြစ်ဟန်တူတဲ့လူက မျက်ရိပ်မျက်ခြေပြလိုက်ရာ အနောက်မှာပါလာတဲ့သူတွေက ခေါင်းပေါ်ရွက်လာတဲ့ တောင်းတွေကို ဇရပ်ခြေရင်းမှာချကာ ခပ်သုတ်သုတ်ပြန်ထွက်သွားခဲ့ကြတယ်။

” ခွန်းလှရေ… ဒီညတော့ မင်းတို့ စားကောင်းသောက်ဖွယ်တွေစားရပြီထင်တယ်… ဘာတွေပါလာလဲသိရအောင်သွားယူလိုက်ပါဦး”

အောင်မြတ်သာစကားကြောင့် ခွန်းလှက ခြင်းတောင်းသုံးလုံးကို ဇရပ်ပေါ်ယူလာပြီးဖွင့်ကြည့်လိုက်ရာ အငွေ့တထောင်းထောင်းထနေတဲ့ ကောက်ညှင်းပေါင်း‌ေတွ၊အသီးအနှံအချို့အပြင် ပွက်ပွက်ဆူနေတဲ့ရေနွေးတွေထည့်ထားတဲ့ ခရားတွေကိုပါမြင်လိုက်ရတယ်။

” ဒါတွေက စားလို့ရော ရပါ့မလား… မတော်လို့ ပညာစမ်းတာတွေဖြစ်နေရင် ဒုက္ခများနေပါဦးမယ်ဆရာရယ်”

” မဖြစ်ပါဘူး… ခုနထဲက ဒီစားစရာတွေကို မူလပြန်ဖို့အမိန့်ပြန်လိုက်ပေမယ့် ထူးခြားတာမတွေ့ခဲ့ဘူး… ငါ့အထင်ပြောရရင် ဒီအဖြစ်တွေက ရှင်သီ၀လိစမရဲ့အစွမ်းပဲဖြစ်ရမယ်”

” ဒီစမတွေက အတော်ကို စွမ်းတာပဲဆရာရယ်… ဒါတောင် ကျွန်တော်တို့လက်တွေ့မစမ်းရသေးတာတွေရှိသေးတယ်နော်”

အောင်မြတ်သာက မောင်ကောင်းစကားကို ပြုံးရွှင်တဲ့မျက်နှာထားနဲ့ အသိမှတ်ပြုလိုက်ပြီး ကုန်စပြုနေတဲ့ ဖယောင်းတိုင်တွေကိုအသစ်လဲလှယ်နေလိုက်တယ်။

” ဆရာ… ကောက်ညှင်းပေါင်းလာစားပါဦး… နှမ်းထောင်းကလဲကောင်းတယ်ဗျ”

အောင်မြတ်သာလဲ ခွန်းလှကမ်းပေးတဲ့ ကောက်ညှင်းပေါင်းကို လှမ်းယူကာ အိန္ဒြေရရစားနေလိုက်တယ်။

” ဆရာ… ကျွန်တော်တို့ ဂိုဏ်းရဲ့အခြေခံအင်းကိုစချတာနဲ့ ပုဂ္ဂိုလ်တွေက အနားမှာစောင့်ရှောက်နေတာကိုမြင်ဖူးတယ်”

” တယ်ဟုတ်ပါလား… ဘာတွေမြင်ခဲ့ရလဲ ပြောစမ်းပါဦး”

” ကျွန်တော် ပထမအဆင့်စတဲ့အချိန် အနားမှာ မတ်တရပ်ရပ်နေတဲ့ မိန်းကလေးသုံးယောက်ကိုမြင်လိုက်ရတယ်… ဆရာ့ကိုမေးမယ် မေးမယ်နဲ့ စကားမကြုံတာမို့ မမေးဖြစ်တာ”

‌” အင်း… မောင်ကောင်းရော ခွန်းလှလိုပဲမြင်ရလား”

” ကျွန်တော်က ဒုတိယအဆင့်တက်တဲ့အချိန်မှာပဲမြင်ရတာ… ခွန်းလှလိုတော့ မိန်းကလေးမဟုတ်ဘူးဗျ… ကျွန်တော်မြင်တာက ယက္ခဘီလူးသုံးပါး”

” နှစ်ယောက်လုံးမြင်တွေ့ရတာတွေက ဂိုဏ်းရဲ့အစောင့်ရှောက်တွေပဲ… နားလည်အောင်ပြောရရင် ငါတို့ဂိုဏ်းရဲ့ ပညာရပ်ကကိုးဆင့်တိတိရှိတယ်။ ဒါကို ပလ္လင်ခံမင်္ဂလာပညာကိုးဆင့်လို့‌လဲခေါ်ကြတယ်။ ပထမမင်္ဂလာပညာရပ်ကို သဒ္ဓါဒေဝီ၊ ကဝိစိန္တာဒေဝီ၊ စိန္တလတ္တဒေဝီကစောင့်ရှောက်တယ်။ဒုတိယမင်္ဂလာပညာရပ်ကိုတော့ ယက္ခရာဇာသုံးပါးစောင့်ရှောက်တယ်။ နာမည်တွေအတိအကျပြောရင်ရှည်မှာစိုးလို့ ထည့်မပြောတော့ဘူး။ အဲလိုပဲ တတိယမင်္ဂလာပညာရပ်ကိုတော့ ဒေဝီလေးပါးစောင့်ရှောက်တယ်။ ပထမ၊ ဒုတိယ၊ တတိယပညာဆင့်က သုံးကွက်အင်းဖြစ်လို့ ဒီအစောင့်ရှောက်တွေက ပထမပလ္လင်ခံသုံးကွက်အင်းစောင့်ပုဂ္ဂိုလ်တွေပဲ”

” ဒါဆို အခြားအဆင့်တွေမှာလဲ သူနဲ့ဆိုင်ရာ အင်းစောင့်ပုဂ္ဂိုလ်တွေရှိနေတာပေါ့”

” သုံးကွက်အင်း သုံးဆင့်မှာ အင်းစောင့်၁၀ပါး၊ လေးကွက်အင်းမှာ၄ပါး၊ ငါးကွက်အင်းမှာ ၄ပါး၊ ခြောက်ကွက်အင်းမှာ ၅ပါး၊ ခုနှစ်ကွက်အင်းမှာ ၅ပါး၊ရှစ်ကွက်အင်းမှာ ၅ပါး၊ ကိုးကွက်အင်းမှာ ၅ပါး၊ စုစုပေါင်းအင်းစောင့်ပုဂ္ဂိုလ်၃၈ပါးတိတိရှိတယ်၊ နားလည်အောင်ပြောရရင် အဆိုပါအင်းစောင့်ပုဂ္ဂိုလ်တွေက ၃၈ပါးသော မင်္ဂလာတရားတော်တွေကို ဆောက်တည်ကျင့်သုံးကြတဲ့သူတွေဖြစ်တယ်။ ဒါကြောင့် ဂိုဏ်းထဲမှာ သီလအာစာရရှိကြတဲ့သူတွေကို သူတို့က အမြဲတမ်းကူညီစောင့်ရှောက်ပေးနေကြတာပဲ”

” ကျွန်တော်တို့က အင်းစ‌မတွေရဲ့အသုံး၀င်ပုံတွေကိုပဲ လေ့လာခဲ့တော့ ခုလိုအသေးစိတ်ကို မသိခဲ့ရဘူး… ဒီညတော့တကယ်ကိုအကျိုးရှိခဲ့ပြီဆရာရယ်”

” ကဲကဲ… ရေနွေးတွေလဲအေးတော့မှာဆိုတော့ လက်စသတ်လိုက်ဦး… စားပြီးရင် ပုရပိုက်ပါအင်းစမတွေကို ပြန်ကြည့်ရဦးမယ်မဟုတ်လား”

မောင်ကောင်းနဲ့ ခွန်းလှတို့လဲ စကားစကိုဖြတ်ပြီး ရေနွေးကြမ်းကိုမှုတ်သောက်လိုက်ကြတယ်။
+++++++

‌ငါးရက်မြောက်နေ့ရောက်တော့ ပုရပိုက်ပါ အင်းစမအတော်များများကို အဓိပ္ပါယ်ဖော်နိုင်ခဲ့သလို အင်းစမရေးဆွဲနေတဲ့အချိန်မှာလဲ အင်းစောင့်ပုဂ္ဂိုလ်တွေရဲ့ လှုပ်ရှားသွားလာနေမှုတွေကိုမြင်တွေခဲ့ကြရတယ်။

” ဂစ် ဂစ် ဂစ်…”

ကျယ်လောင်စွာထွက်ပေါ်လာတဲ့ ငှက်ဆိုးထိုးသံကြောင့် ဇရပ်ပေါ်မှာစင်္ကြန်လျောက်နေကြတဲ့ အောင်မြတ်သာတို့သုံးယောက်လုံး တိုင်ပင်မထားပဲ လှမ်းကြည့်လိုက်ကြတယ်။

” ငှက်ဆိုးတွေ ဒီညအတော်သောင်းကျန်းနေကြပါလား… ဘာတွေဖြစ်ဦးမလဲမသိဘူး”

အောင်မြတ်သာက တီးတိုးရေရွတ်နေရင်း ခပ်လှမ်းလှမ်းမှာရှိတဲ့အမှောင်ထုကိုစိုက်ကြည့်နေခဲ့တယ်။

” ဆရာ… ဘာတွေ့လို့လဲ”

” အမှောင်ထဲကနေ ငါတို့ကို စိုက်ကြည့်နေတဲ့ခံစားချက်ဖြစ်နေတယ်…”

” ကျွန်တော်တို့ ဇရပ်ပတ်ပတ်လည်ကို စည်းချထားလို့ အနားကိုမလာနိုင်တာများလားမသိဘူး”

မောင်ကောင်းစကားကြောင့် အောင်မြတ်သာလဲ စည်းချထားတာကိုရုပ်သိမ်းလိုက်ရာ အမှောင်ထုထဲကနေ တရှပ်ရှပ်နဲ့လမ်းလျောက်လာတဲ့အသံကိုကြားလိုက်ရတယ်။

” ထင်တဲ့အတိုင်းပဲဆရာရေ.. ဒီကောင်က ကျွန်တော်တို့အနားကိုလာမရလို့ အဝေးကနေကြည့်နေတာ”

တရိပ်ရိပ်နဲ့ရွေ့လျားလာတဲ့ အရာကိုကြည့်ပြီးပြောလိုက်တဲ့ ခွန်းလှစကားကြောင့် အောင်မြတ်သာက ဇရပ်လှေကားဝကိုလျောက်သွားပြီး

” သင် ဘယ်သူလဲ… ကျုပ်တို့ကို တစ်ခုခုများပြောစရာရှိနေလို့ လာချောင်းကြည့်နေတာလား” လို့ပြောလိုက်တော့ ရွေ့လျားနေတဲ့အရိပ်မဲက မလှမ်းမကမ်းအကွာအဝေးမှာရပ်လိုက်ပြီး

” ကျုပ်က ဟိုဘက်မြေအစပ်က တောသရက်ပင်မှာနေပါတယ်… အရင်က ဒီဇရပ်အနီးတစ်ဝိုက်မှာ အဆင့်နိမ့်တဲ့ နာနာဘာ၀တွေကျက်စားတတ်ကြပေမယ့် ဆရာတို့ရောက်တဲ့အချိန်ကစပြီး သူတို့ဒီမှာမနေရဲတော့ပဲ ကျုပ်ရဲ့နေရာကိုရောက်လာကြတယ်… ကျုပ်မှာလဲ ကိုယ့်လူနဲ့ကိုယ်ပြည့်နေတာမို့ သူတို့အတွက်နေစရာမပေးနိုင်တော့တာ‌ကြောင့်အခုလိုအရဲစွန့်ပြီး လာပြောရတာပါ”

အောင်မြတ်သာလဲ တောသရက်ပင်စောင့်ပုဂ္ဂိုလ်ရဲ့စကားကိုကြားပြီးတော့ သနားဂရုဏာသက်တဲ့ဟန်နဲ့ သက်ပြင်းရှည်တစ်ချက်ကိုချကာ

” ကျုပ်တို့ကြောင့် သူတို့တွေ နေစရာပျောက်သွားရလို့ စိတ်မကောင်းဖြစ်မိပါတယ်… ဒါကြောင့် အရုဏ်တက်ချိန်မှာ ဒီနေရာကနေ ထွက်ခွာပေးမှာမို့ ယခင်နေခဲ့တဲ့သူတွေပြန်လာနေကြဖို့ သင်ကပဲသတင်းပါးပေးလိုက်ပါ”

” ကျေးဇူးတင်ပါတယ်… ဆရာတို့အနေနဲ့ ဒီကနေထွက်ရင် ကျုပ်နေတဲ့ တောသရက်ပင်အောက်ကို ကြွလာပေးဖို့ ထပ်မံတောင်းဆိုပါတယ်…”

” ကောင်းပါပြီ… ကျုပ်တို့ သင်နေရာကို ခေတ္တ၀င်လာခဲ့ပေးပါ့မယ်”

တောသရက်ပင်စောင့်ပုဂ္ဂိုလ်ထွက်သွားတာနဲ့ အောင်မြတ်သာတို့လဲ ပစ္စည်းပစ္စယတွေကို သိမ်းဆည်းပြီး အရုဏ်တက်တာနဲ့ ထွက်ခွာနိုင်အောင် အသင့်ပြင်ထားလိုက်ကြတယ်။
+++++

” အောက်အီးအီးအွတ်….”

အရုဏ်တက်တဲ့အချိန် အော်မြည်လိုက်တဲ့ တောကြက်တွန်သံနဲ့အတူ အောင်မြတ်သာတို့ဆရာတပည့်တွေ ဇရပ်ပေါ်ကနေ ဆင်းလာခဲ့လိုက်ကြတယ်။

” ဆရာ… တောသရက်ပင်ဆီကိုသွားဦးမှာလား..”

” ခေတ္တတော့၀င်ရမှာပေါ့… သူ့ကိုကြည့်ရတာ ငါတို့ကို တစ်ခုခုပြောချင်တဲ့ပုံစံပေါက်နေတယ်”

” ဟုတ်ကဲ့ဆရာ… ဇရပ်ပေါ်မှာနေတဲ့သူတွေလဲ ကျွန်တော်တို့ထွက်သွားတာသိရင် အတော်ပျော်နေကြမှာ”

ဆရာတပည့်တွေ စကားတစ်ပြောပြောနဲ့ လမ်းလျောက်လာခဲ့တာ ရွာနှစ်ရွာနယ်နိမိတ်ထိစပ်နေတဲ့ နေရာအရောက်မှာတော့ အတော်ကြီးမားတဲ့ တောသရက်ပင်တစ်ပင်ကိုမြင်တွေ့လိုက်ရတယ်။

” ဆရာပြောတော့တောသရက်ပင်ဆိုတာ ဒါပဲဖြစ်ရမယ်…”

ခွန်းလှက သရက်ပင်ကိုလက်ညိုးထိုးပြော‌လိုက်တဲ့အချိန် အလန့်တကြားထွက်ပြေးနေသံတွေကို ကြားလိုက်ရတယ်။

” ခွန်းလှ…မင်းလက်ကိုပြန်ချလိုက်”

အောင်မြတ်သာက လက်ကိုဖျတ်ခနဲရိုက်ချလိုက်တာကြောင့် ခွန်းလှတစ်‌ယောက် ကြောင်အအဖြစ်သွားခဲ့တယ်။

” ဘာဖြစ်လို့လဲဆရာ…”

” မနေ့ညက ကြာဖူးခံငါးလုံးစမကို လက်ပေါ်မှာဆွဲခဲ့တယ်မဟုတ်လား”

” ဟုတ်ကဲ့”

” ဒီမစထိုးထားတဲ့လက်နဲ့သွားထိုးတော့ ဟိုကောင်တွေ ဆောက်တည်ရာမရဖြစ်ကုန်တာပေါ့… နောက်ဆို သတိထားပါ”

အောင်မြတ်သာက ခွန်းလှကိုသတိပေးပြီး သရက်ပင်အောက်ကိုလျောက်သွားခဲ့ရာ ပင်စည်အနောက်ကနေ ရှည်းလျားနေတဲ့ဆံပင်ကိုဖျားလျားချထားတဲ့ လူတစ်ယောက်ထွက်လာခဲ့တယ်။

” ခုနက ဘယ်သူထိသွားသေးလဲ”

” ဘယ်သူမှမထိပါဘူးဆရာ… ဒါပေမယ့် ရုတ်တရက် ငရဲမီးလိုပူလောင်လာတော့ အကုန်ထွက်ပြေးကြရတာပါ.. ဒါမျိုးက ဘုန်းကြီးသင်္ကန်းစနဲ့ ခဏခဏရိုက်ခံထိနေကြမို့ ဒီကောင်တွေနေသားကျနေပါပြီ”

” သင်္ကန်းစနဲ့ရိုက်ခံထိနေကြဆိုတာက.. ဘယ်လိုမျိုးလဲ”

” အရင်ကဆို ရွာကျောင်းက ဦးဇင်းတွေ အရုဏ်ဆွမ်းကြွတဲ့အခါ သရက်ပင်အောက်ကနေဖြတ်ကြတယ်… အဲဒီလိုကြွရင် သပိတ်ထဲကနေ ထွက်လာတဲ့ ဆွမ်းနံ့တွေကို အပင်မှာနေတဲ့ကောင်တွေမခံနိုင်တဲ့အတွက် နှိုက်စားဖို့ကြိုးစားကြတယ်။ အချို့ကျတော့လဲ လက်တစ်ဆုပ်စာထမင်းတွေရသလို အချို့ကျတော့လဲ သင်္ကန်းစနဲ့ထိပြီး လူးလိမ့်အော်ရတာတွေရှိတယ်။ သူတို့တွေပြန်ပြောတာက သင်္ကန်းစနဲ့ထိတဲ့အချိန် ငရဲမီးနဲ့မြိုက်သလိုခံစားရတယ်ဆိုပဲ”

” အော်… ဒါကြောင့် ဘုရားရှင်က ရဟန်းတော်တွေ ညရေးညတာအပြင်ထွက်ရင် သင်္ကန်းကိုကိုယ်နဲ့ကပ်နေအောင်ရုံဖို့ ပညတ်ခဲ့တာကိုး”
(မှတ်ချက်။ သင်္ကန်းမှာပါတဲ့ ကြယ်သီးလိုအလုံးတွေက သင်္ကန်းစတွေလေထဲမပျံ့လွင့်အောင်စည်းနှောင်ဖို့ထည့်ထားပေးခြင်းဖြစ်ပါတယ်။)

” ဆရာတို့ ဒီကနေ ဘယ်ကိုခရီးဆက်ကြမလို့လဲ”

” ခြေဦးတည့်ရာသွားရမှာပေါ့… အတိအကျခရီးစဉ်ရယ်လို့မှမရှိတာ”

” ဆရာတို့ကို ခလွန်းရွာသုဿာန်ကို သွားစေချင်ပါတယ်”

” ဟင်…ခလွန်းရွာသုဿာန်က ဘာဖြစ်နေလို့လဲ”

” ခလွန်းရွာသုဿာန်မှာရှိတဲ့ နတ်ရဲပင်အောက်မှာ ပညာပြိုင်ရာကနေ ရှုံးနိမ့်ထားတဲ့ဆရာတွေရဲ့ ဝိဉာဉ်ကိုချုပ်နှောင်ထားပါတယ်…”

” ဘယ်သူကချုပ်နှောင်ထားတာလဲ ပြောပါဦး”

” ခလွန်းရွာရဲ့ ကဝေပညာသည်ဒေါ်မြိုင်ကိုယ်တိုင်ဖမ်းစီးထားတာပါ… ဆရာတို့ရဲ့ပညာနဲ့ ဒီမိန်းမကြီးကိုဆုံးမပေးစေချင်ပါတယ်”

” သင်က အလုံးစုံကိုသိနေပါရောလား…”

အောင်မြတ်သာစကားကြောင့် တောသရက်ပင်စောင့်ပုဂ္ဂိုလ်ဆီကနေ ငိုရှိုက်သံသဲ့သဲ့ထွက်လာပြီး

” ဘာလို့သိရလဲဆိုရင် ကျုပ်ကိုယ်တိုင် ဖမ်းဆီးခံခဲ့ရတဲ့ ဆရာတစ်ယောက်ဖြစ်ခဲ့လို့ပဲ”

” ဘယ်လို… သင်က ဖမ်းဆီးခံထိဖူးတဲ့သူ ဟုတ်လား”

” ဟုတ်ပါတယ်… ကျုပ်ပညာနုစဉ်ကာလ ကဝေပညာသည်ဒေါ်မြိုင်နဲ့ ပက်ပင်းတိုးရင်ဆိုင်ခဲ့ရတယ်။ ကျုပ်က ဒီမိန်းမကြီးကို သာမန်ပညာသည်လို့ထင်ပြီး ရင်ဆိုင်ခဲ့ပေမယ့် သူက ၁၂ကြိုးကို ထုံးလို‌ကြေရေလိုနောက်တတ်မြောက်ထားတဲ့သူ ကဝေမကြီးဖြစ်နေခဲ့တယ်။ သူ့ကိုမယှဉ်နိုင်တဲ့ကျုပ်ကို လိပ်ပြာနှုတ်ပြီး အခြားဆရာတွေရဲ့ဝိဉာဉ်နဲ့အတူ နတ်ရဲပင်အောက်မှာ မြုပ်နှံကာ သူ့ရဲ့အခိုင်းအစေအနေနဲ့ အသုံးချခဲ့တယ်။ ကျုပ်တို့ကိုနတ်ရဲပင်အရိပ်ကျတဲ့နေရာတစ်ဝိုက်မှာပဲသွားလို့ရအောင် ချုပ်နှောင်ထားခဲ့ကြတယ်။ ဒါပေမယ့် တစ်ရက်မှာတော့ ကျုပ်တစ်ယောက်ထဲ နတ်ရဲပင်အပြင်ဘက်ကိုထွက်လို့ရသွားခဲ့တယ်။ ဘာကြောင့်ထွက်လို့ရတယ်ဆိုတာကိုတော့ အခုထိမသိသေးဘူး”

” သင် လွတ်မြောက်တာနှစ်ပေါင်းဘယ်လောက်ကြာပီလဲ”

” နှစ်သုံးဆယ်ကျော်ပါပြီ… ဆရာ”

” ဒါဆို ဒေါ်မြိုင်ရဲ့အသက်က အနည်းဆုံး ၈၀ကျော်တော့ရှိရောပေါ့”

” အတိအကျတော့မပြောတတ်ဘူးဆရာ… ကျုပ်နဲ့ပညာပြိုင်တဲ့အချိန် သူ့အသက်က ၃၀တောင်မပြည့်သေးဘူး”

” သင်ပြောတဲ့ပုံအရ ဒေါ်မြိုင်ဆိုတဲ့ပညာသည်က ၁၂ကြိုးပညာရပ်ထဲပါတဲ့ နွယ်စင်ကြိုးပညာရပ်ကိုသုံးပြီး ချုပ်နှောင်ထားတာပဲ… ”

” ဆရာတို့ကို အကူအညီတောင်းပါတယ်… ဒီမိန်းမကြီးရဲ့ နှိပ်စက်မှုအောက်မှာရှိတဲ့သူတွေကိုကယ်တင်ပေးပါ”

အောင်မြတ်သာတို့လဲ တောသရက်ပင်စောင့်ပုဂ္ဂိုလ်ရဲ့စကားကြောင့် ဦးတည်ရာမရှိတဲ့ခြေလှမ်းတွေအဖြစ်ကနေ ခလွန်းရွာကိုသွားမယ့် ခြေလှမ်းတွေအဖြစ်ကို ကူးပြောင်းခဲ့ကြတယ်။
+++++

” အဟီးအဟီး ဂစ်ဂစ်ဂစ်ဂစ်…”

ခြုံစောင်ထဲကနေ ထွက်ပေါ်လာတဲ့ ညဉ်းသံကြောင့် အိပ်ပျော်နေတဲ့ ရွှေမိတစ်ယောက်လန့်နိုးလာခဲ့တယ်။

” အမေကြီး အဖျားတွေတက်နေပြန်ပီလား”

” အင်း… တစ်ကိုယ်လုံးချမ်းစိမ့်နေတာပဲ ရွှေမိရယ်.. ကြက်စွတ်ပြုတ်ပူပူလေးသောက်ချင်လိုက်တာ”

” အမေကြီးကလဲ… ဒီအချိန်ကြီး ကြက်သားကိုဘယ်ကသွားရှာရမှာလဲ… နောက်ပြီး ရွှေမိက ကြက်ကိုမသတ်ရဲဘူး”

” ဟင်းဟင်းဟင်း… နင်ကတော့လေ ငါ့မြေးလုပ်နေပြီး ဒါတောင်မလုပ်ရဲဘူးလား… ကဲကဲ ထားတော့ နင်မသတ်ရဲရင်တောင် ကြက်တော့ခုတ်တတ်တယ်မလား”

” အဲလောက်တော့လုပ်တတ်ပါတယ်…”

အမယ်အိုကြီးက တုန်ရီနေတဲ့လက်နဲ့ အိမ်အပြင်ကိုလက်ညိုးထိုးပြီး အံကိုအသံမြည်အောင်ကြိတ်လိုက်ရာ ဝါးလုံးတန်းပေါ်မှာ အိပ်တန်းတက်နေတဲ့ ကြက်တစ်ကောင် ဘုတ်ခနဲလဲကျသွားခဲ့တယ်။

” ရွှေမိ… အဲဒီကြက်ကို ခုတ်ထစ်ပြီး စွပ်ပြုတ်လေးလုပ်ပေးစမ်း”

အမေကြီးရဲ့ ထူးဆန်းတွေကအပြုအမူကို မကြာခဏဆိုသလိုမြင်တွေ့နေရတဲ့ရွှေမိအဖို့ အခုလိုအဖြစ်က အဆန်းတကြယ်မဟုတ်တဲ့အတိုင်း မြေကြီးပေါ်ပြုတ်ကျနေတဲ့ကြက်ကိုကောက်ယူဖို့ ထသွားခဲ့တယ်။

” ရှပ် ရှပ် ရှပ်…”

ရွှေမိထွက်သွားတဲ့ချိန် ခေါင်းရင်းကျူထရံပေါက်နားမှာ လမ်းလျောက်နေတဲ့ ခြေသံကြောင့် အဖျားတက်နေတဲ့ အမယ်အိုကြီးက တုန်ရီသောအသံနဲ့

” ဘယ်သူလဲကွယ့်… အသံပေးနေတာ”

” ကျွန် ကျွန်တော် ငနီကြီးပါ အမေ”

” အေး ငနီ… ဘာကိစ္စရှိလို့လဲ”

” ရွာထဲကို ဘယ်ကရောက်လာမှန်းမသိတဲ့ ဆရာသုံးယောက်၀င်လာလို့ အမေကြီးကို လာပြောတာပါ”

ငနီကြီးစကားကြောင့် အမယ်အိုကြီးမျက်နှာ တင်းခနဲဖြစ်သွားပြီး

” အေးအေး… နင်တို့ငါ့အမိန့်မရပဲ ဘာမှမလုပ်ကြနဲ့… ကိုယ့်နေရာမှာ ကိုယ်သတိနဲ့နေကြ ကြားလား”

” ဟုတ်ကဲ့ အမေကြီး”

ငနီကြီးထွက်သွားတော့ အမယ်အိုကြီးက သူ့ရဲ့စူးရှတဲ့မျက်လုံးနဲ့ ရွာထိပ်ဘက်ကို စောင်းငဲ့ကြည့်တဲ့အချိန် အမြင်အာရုံတစ်ခုလုံးအမှောင်ထုတွေဖုံးလွှမ်းသွားခဲ့တယ်။

မကြာခင် မီးခိုးတလူလူထွက်နေတဲ့ အိမ်ထဲကနေ ကျယ်လောင်တဲ့ တောက်ခတ်သံတစ်ချက်ထွက်ပေါ်လာပါလေရော။
++++++++

” ဆရာ… ခုနက ဖြတ်ချလိုက်တဲ့ စက်ဖြတ်စမက အတော်ထူးခြားတာပဲ”

” ဘာဖြစ်လို့လဲ မောင်ကောင်း”

” လက်ဝါးစောင်းနဲ့ဖြတ်ချလိုက်တဲ့အချိန် ပိုးအိမ်မျှင်တွေပြတ်ထွက်သလိုခံစားလိုက်ရတယ်”

” ဒေါ်မြိုင်ဆိုတဲ့ အမယ်အိုကြီး ဆင်ထားတဲ့ စက်ကြိုးတွေအကုန်ပြတ်ထွက်သွားတဲ့ပုံစံပဲ… အခုငါတိုသုံးတဲ့စက်ဖြတ်စမက အသွားရှစ်ခုပါတာဆိုတော့ ဘယ်လောက်ရှုပ်ထွေးပါတယ်ဆိုတဲ့ စက်ကိုမဆို တိခနဲဖြတ်ချနိုင်တယ်”

” ဒါဆို ကျွန်တော်တို့ရောက်နေတာကို ဒေါ်မြိုင်ဆိုတဲ့မိန်းမကြီးသိနေလောက်ရောပေါ့”

” သေချာတာပေါ့ မောင်ကောင်းရယ်… ဟော… ပြောရင်းဆိုရင်း သုသာန်၀ကိုတောင်ရောက်လာပါရောလား”

အောင်မြတ်သာက သုဿာန်၀ကိုရောက်တော့ ဆိုင်ရာပိုင်ရာတွေထံခွင့်ပန်ပြီး အတွင်းကိုခြေချလိုက်တယ်ဆိုရင်ပဲ ပူနွေးတဲ့လေပြင်းတစ်ခုက မျက်နှာကိုလာရောက်ရိုက်ခတ်သလို ခံစားလိုက်ရတယ်။

” ဒီနေရာက ပညာစက်တွေအတော်သုံးထားတဲ့ပုံပဲ… အရင်ဆုံး နတ်ရဲပင်ရှိတဲ့ဘက်ကိုသွားကြရအောင်”

အလင်းရောင်မှိန်ပြပြကျနေတဲ့ ခလွန်းရွာသုဿာန်ရဲ့အလယ်မှာတော့ ညောင်မုတ်ဆိတ်တွေရှည်လျားစွာကျနေတဲ့ ညောင်ပင်အိုကြီးတစ်ပင်က တစ္ဆေအိုကြီးတစ်ကောင်ငုတ်တုတ်ထိုင်နေသလို ဖြစ်နေခဲ့တယ်။

ညောင်ပင်ပတ်ပတ်လည်မှာတော့ ပြိုပျက်နေတဲ့ အုတ်ဂူအဟောင်းတွေအပြင် တောခွေးတွေယက်ထားလို့ ဖရိုဖရဲဖြစ်နေတဲ့ မြေပုံမို့မို့တွေက မသတီစရာကောင်းအောင် တည်ရှိနေသလို လေအဝှေ့မှာ ပါလာတဲ့ ပုတ်အဲ့အဲ့အနံ့ဆိုးတွေကလဲ သုဿာန်ဆိုတဲ့ဝေါဟာရကိုပိုပြီးအသက်၀င်စေခဲ့တယ်။

ညောင်ပင်အောက်ခြေမှာတော့ သုံးပေသာသာရှိတဲ့ နတ်ကွန်းတစ်ခုကိုမြင်လိုက်ရပြီး အတွင်းမှာတော့ နွမ်းလုဆဲဆဲဖြစ်နေတဲ့တောပန်းတွေထိုးထားတဲ့ပန်းအိုးတစ်လုံးရှိနေခဲ့တယ်။

” ဆရာ… ဒီအပင်က တောသရက်ပင်စောင့်ပုဂ္ဂိုလ်ပြောတဲ့အပင်ပဲဖြစ်ရမယ်…”

” ဒါက နတ်ရဲပင်ဆိုတာသေချာတယ်… ဒါပေမယ့် မြုပ်နှံထားတဲ့အစီအရင်တွေကို ရှာဖို့ပဲခက်တာ”

” ဆရာခွင့်ပြုမယ်ဆိုရင် ကျွန်တော်တို့ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားကြည့်မယ်လေ”

အောင်မြတ်သာလဲတပည့်နှစ်ယောက်ရဲ့ တက်ကြွနေမှုကိုမြင်တော့ ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း

” မင်းတို့ရဲ့ပညာစွမ်းတွေကိုစမ်းသပ်တဲ့အနေနဲ့ လုပ်ခွင့်ပေးလိုက်မယ်… ဒါပေမယ့် ဖြစ်လာသမျှ ကိစ္စတွေအကုန် မင်းတို့နှစ်ယောက်တာ၀န်ယူဖြေရှင်းရမှာနော်”

” စိတ်ချပါဆရာ.. ကျွန်တော်တို့တာ၀န်ယူဖြေရှင်းပါ့မယ်”

အောင်မြတ်သာလဲ မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက်ကို မျက်ခုံးလေးပင့်ကာ ကြည့်လိုက်ပြီး အနီးနားမှာရှိတဲ့ အုတ်ဂူတစ်လုံးပေါ်တက်ထိုင်ကာ စောင့်ကြည့်နေခဲ့တယ်။

မောင်ကောင်းနဲ့ခွန်းလှတို့လဲ နတ်ရဲပင်ကို လက်ယာရစ်ပတ်ပြီး စည်းတားနေတဲ့အချိန် ရာ၀င်အိုးတစ်လုံးလောက်ရှိတဲ့ သစ်ခေါင်းပေါက်ထဲကနေ မီးခဲလိုနီရဲနေတဲ့ မျက်လုံးနှစ်လုံးပေါ်လာခဲ့တယ်။

” ခွန်းလှ သူ့ကိုအာရုံစိုက်မနေနဲ့… လုပ်စရာရှိတာလုပ်”

မောင်ကောင်း လှမ်းသတိပေးလိုက်တော့ ခွန်းလှလဲ ဘယ်ကိုမှဆက်မကြည့်တော့ပဲ စည်းကိုဆက်တားနေခဲ့လိုက်တယ်။

အားလုံးပြီးစီးသွားချိန်မှာတော့ သစ်ခေါင်းပေါက်ထဲကနေချောင်းနေတဲ့အကောင်က ချွန်မြနေတဲ့လက်သည်းကို ပင်စည်နဲ့ တဂျစ်ဂျစ်မြည်အောင် ကုတ်ဖဲ့ရင်း ကုန်းကုန်းကွကွပုံစံနဲ့ ထွက်လာခဲ့တယ်။

” ဒီကောင် ဘာတုန်းဟ… ခေါင်းမှာလဲ ဆံပင်တွေက ကျိုးတိုးကျဲတဲ၊ မျက်လုံးမှာလဲ မျက်ခွံမပါဘူး၊ မဟုတ်မှလွဲရော ဟိုမိန်းမကြီးမွေးထားတဲ့ ဖုတ်ဘီလူးများလား”

မောင်ကောင်းက ခွန်းလှကြားအောင် တီးတိုးပြောနေတဲ့အချိန် နတ်ရဲပင်အောက်မှာ ဘေးဘက်ထောက်ပြီး လျောက်သွားနေတဲ့ကောင်က တစ်ထွာလောက်ရှိတဲ့ အစွယ်ကိုသွားဖုံးအပြင်ဘက်ကိုထုတ်ပြီး ဝူးဝူးဝါးဝါးအော်ကာ အနားကပ်လာခဲ့တယ်။

” သင့်ကို ကျုပ်တို့က ရန်ပြုဖို့လာတာမဟုတ်လို့ ကိုယ့်နေရာကိုယ်ပြန်နေလိုက်ပါ…”

မောင်ကောင်းစကားကြောင့် အနားကပ်လာတဲ့ ဖုတ်ဘီလူးက ရှေ့ဆက်မတိုးလာတော့ပဲ ပြူးကျယ်နေတဲ့မျက်လုံးတွေနဲ့ ပတ်၀န်းကျင်ကိုလိုက်ကြည့်နေခဲ့တယ်။

” ဒီကောင်က အခုလိုကျတော့လဲ ပြောစကားနားထောင်သားပဲ…”

ခွန်းလှက ကျေနပ်တဲ့လေသံနဲ့ပြောပြီး ရယ်နေတဲ့အချိန် ကျီးကြည့်ကြောင်ကြည့်လုပ်နေတဲ့ ဖုတ်ဘီလူးကောင်က တဟုန်ထိုးပြေး၀င်လာခဲ့တယ်။ ဒါပေမယ့် အနားမရောက်ခင်မှာပဲ အနောက်ကို ဂျွမ်းပြန်ကာလဲကျသွားတယ်။

ခွန်းလှကြည့်လိုက်တော့ မောင်ကောင်းရဲ့လက်ဝါးမှာ သရဏဂုံအင်းကိုကိုင်ထားတာမြင်လိုက်ရတယ်။

အထိနာသွားတဲ့ဖုတ်ဘီလူးကောင်က အနားကိုထပ်မလာရဲတော့ပဲ သစ်ခေါင်းပေါက်ထဲပြန်၀င်ဖို့လုပ်တဲ့အချိန် ခွန်းလှက မြင်းပုံစံရေးဆွဲထားတဲ့ပုဏ္ဏကယက္ခရာဇာအင်းကို ဘယ်လက်ဖဝါးပေါ်တင်ပြီး ညာလက်နဲ့ဖြောင်းခနဲမြည်အောင်ရိုက်ချလိုက်ရာ ‌နတ်ရဲပင်အနောက်ကနေ တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူနေတဲ့ မြင်းတစ်ကောင် ခုန်ပေါက်ထွက်လာပြီး သစ်ခေါင်းပေါက်ထဲ၀င်ဖို့လုပ်နေတဲ့ ဖုတ်ဘီလူးကို နောက်ပြန်ကန်ချလိုက်တယ်။

” ခွပ်…. ”

” အင့်… ဝုန်း”

မြင်းဖြူကြီးက လဲကျသွားတဲ့ ဖုတ်ဘီလူးကို လှုပ်မရအောင်ခွာနဲ့တက်နင်းပြီး ခွန်းလှဘက်ကို စောင်းငဲ့ကြည့်လိုက်တယ်။

” အိုး… လှလိုက်တဲ့ မြင်းဖြူကြီးကွာ… လည်ဆံမွှေးတွေက ပိုးသားလိုဖြောင့်စင်းရှည်ကျနေပါလား”

ခွန်းလှက အံ့ဩစွာရေရွတ်ရင်း အနားကပ်သွားတဲ့အချိန် မြင်းဖြူကြီးက သူ့ရဲ့ခေါင်းကို ထိုးပေးတာကြောင့် အသာယာပွတ်သပ်ပေးရင်း အောက်ကိုကြည့်ကာ

” နတ်ရဲပင်အောက်မှာ ချုပ်နှောင်ခံထားရတဲ့သူတွေရှိသေးတယ်မဟုတ်လား…”လို့မေးသော်လည်း ဘာမှမတုံ့ပြန်တဲ့အတွက် အနောက်မှာရပ်နေတဲ့ မောင်ကောင်းက ရှေ့တက်လာပြီး

” ဆိုင်ရာပုဂ္ဂိုလ်များအနေနဲ့ စကားပြောလို့ရအောင် နှုတ်ဖွင့်ပေးပါ” လို့ ပြောလိုက်တော့မှ အောက်မှာ ညဉ်းညူနေတဲ့ ဖုတ်ဘီလူးဆီကနေ အသံထွက်လာခဲ့တယ်။

” နတ်ရဲပင်အောက်မှာ အခြားဘယ်သူတွေရှိသေးလဲ… အမှန်တိုင်းမဖြေပဲလိမ်ညာမယ်ဆိုရင် ဦးခေါင်းကိုစိစိညက်ကြေအောင် ခွာနဲ့နင်းခိုင်းရလိမ့်မယ်”

” ငါမလိမ်ရဲပါဘူး… ငါသိသလောက် ဆံပင်ဖားလျားနဲ့လူလေးယောက်ရှိတယ်…”

” သူတို့ကို ဘယ်နားမှာ မြုပ်ထားတာလဲ”

” ဒါတော့ ငါလဲမသိဘူး… အမေကြီးလုပ်ထားတာဆိုတော့ သူပဲသိလိမ့်မယ်”

မောင်ကောင်းနဲ့ခွန်းလှလဲ ကြောက်လန့်တကြားပြောနေတဲ့ ဖုတ်ဘီလူးကိုကြည့်ပြီး

” သူပြောနေတာတွေကအမှန်ဖြစ်မှာပါ… ဒီလောက်နဲ့လွှတ်ပေးလိုက်ကြရအောင်” လို့ပြောလိုက်တော့ ခွန်းလှက မြင်းဖြူရဲ့လည်ဆံမွှေးကိုပွတ်သပ်လိုက်ရာ အဖြူရောင်အခိုးငွေ့တွေအဖြစ်ပြောင်းသွားပြီး လေထဲကိုလွင့်ပျံ့သွားခဲ့တယ်။

” အဟွတ် အဟွတ် အဟွတ်”

မောင်ကောင်းတို့လဲ ချောင်းဆိုးသံကြောင့် လှည့်ကြည့်လိုက်ရာ သုဿာန်ထဲကို တုန်ချိစွာ၀င်ရောက်လာတဲ့ လူရိပ်နှစ်ခုကိုမြင်လိုက်ရတယ်။

” အဖွား ရရဲ့လား… ”

” ရပါတယ်အေ… ညဉ်းသာ ငါ့ကိုထိန်းထားပေး… အဟွတ် အဟွတ်… ဟေ့ အပင်အောက်‌က ကောင်လေးတွေ လူကြီးတစ်ယောက်လုံးလာတာကိုတောင် အဖက်မလုပ်ကြဘူး…”

ဗျစ်တောက် ဗျစ်တောက်ပြောရင်း သုဿာန်ထဲ၀င်လာတဲ့ အမယ်အိုကြီးကိုမြင်တော့ အုတ်ဂူပေါ်တင်ပလွှဲထိုင်နေတဲ့ အောင်မြတ်သာက အောက်ကိုဆင်းကာမတ်တပ်ရပ်နေလိုက်တယ်။

” ဒီကောင်လေးကတော့ ယဉ်ကျေးမှုရှိသားပဲ…”

အမယ်အိုက အောင်မြတ်သာကို စောင်းငဲ့ကြည့်ကာ ပြောလိုက်ပြီး နတ်ရဲပင်အောက်ကို တုန်ချိစွာဆက်လျောက်လာရင်းကနေ ဟိုဟိုဒီဒီလိုက်ကြည့်နေခဲ့တယ်။

” ငါ့ကလေးတွေကို ဘယ်လိုတောင် ကြောက်အောင် လုပ်ထားကြတာလဲ… သူ့ခဗျာ ငါလာတာကိုတောင် ထွက်မကြိုနိုင်ရှာဘူး ကျွတ် ကျွတ် ကျွတ်”

” ဘာမှမလုပ်ရပါဘူးဗျာ… ကျွန်တော်တို့သိချင်တာလေးတွေမေးဖို့ခေါ်ရုံပါပဲ”

” မင်းတို့က ဘာသိချင်နေကြတာလဲ… အခုငါ့ကိုမေးလို့ရတယ်နော်”

” အမေကြီးက ခွင့်ပြုတော့လဲမေးရတာပေါ့ဗျာ… ကျွန်တော်တို့သိရသလောက် နတ်ရဲပင်အောက်မှာ အမေကြီး ချုပ်နှောင်ထားတဲ့ သူတွေရှိတယ်ဆိုပဲ”

မောင်ကောင်းစကားကြောင့် အမယ်အိုကြီးက ပါးရည်တွေတွန့်လိပ်အောင်ရယ်လိုက်ပြီး
” ကောလဟာလတွေပါ ကလေးတို့ရယ်… ဘယ်ကနေကြားလာပြန်ပီလဲ..”

” ကောလဟာလမဟုတ်လောက်ပါဘူး… ဘာလို့ဆို ဒီအပင်ကနေလွတ်မြောက်လာတဲ့သူကိုယ်တိုင် ပြောခဲ့တာမို့ပါ”

” အဟွတ်အဟွတ်… ဘိုးဇံဆိုတဲ့ကောင် လက်ထောက်ချလိုက်ပြီထင်တယ်… ဒီကောင်က တကယ်မလွယ်တဲ့ကောင်ပဲ”

” အမေကြီးရယ် ဟန်ဆောင်မ‌နေပါနဲ့တော့… ”

” ကဲကဲ…. နင်တို့က အကုန်သိနေတာဆိုတော့လဲ အမှန်တိုင်းပြောရမှာပေါ့… ဟုတ်တယ်… ငါနဲ့ပညာပြိုင်လို့ ရှုံးသွားတဲ့သူတွေကို လိပ်ပြာနှုတ်ပြီး ဒီအပင်အောက်မှာ ချုပ်နှောင်ထားတယ်”

” သူတို့ကို လွှတ်ပေးဖို့ရော စိတ်ကူးမရှိဘူးလားဗျ”

” နင်တို့က လွှတ်ပေးစေချင်ရင်တော့လဲ လွှတ်ပေးရမှာပေါ့… ဒါပေမယ့် ဒီတိုင်းတော့မလွှတ်ပေးဘူး”

” အမေကြီးက ဘယ်လိုဖြစ်စေချင်လဲဆိုတာပြောပါ”

” မင်းတို့ရဲ့ပညာကို ငါအသိအမှတ်ပြုအောင် လုပ်ပြလေ… ဒါဆိုရင် လွှတ်ပေးမယ်”

မောင်ကောင်းလဲ အမယ်အိုကြီးစကားကြောင့် ခွန်းလှကိုနောက်ဆုတ်ခိုင်းလိုက်ပြီး

” အမေကြီးက ကျွန်တော်ရဲ့အဖွားအရွယ်လောက်ရှိတာဆိုတော့ ဦးစားပေးတဲ့အနေနဲ့ ကျွန်တော်ဘက်က ဒီတိုင်းငြိမ်နေပေးမယ်… အဆုံးအဖြတ်အနေနဲ့ နှစ်တောင်စည်းအတွင်းကနေ ကျွန်တော်ကိုထွက်အောင် တိုက်နိုင်ရင် အမေကြီး နိုင်မယ်… မတိုက်နိုင်ဘူးဆိုရင်‌တော့ ကျွန်တော်အနိုင်ပေါ့”

” ဟီးဟီးအဟက်အဟက်… ဟုတ်ပီ ဟုတ်ပီ… စည်းဝိုင်းလိုက်ပါဦး”

မောင်ကောင်းလဲ အနားမှာရှိတဲ့ သစ်ကိုင်းခြောက်တစ်ခုကို ကောက်ယူကာ အချင်းနှစ်တောင်ရှိတဲ့ စည်းတစ်ခုကိုတားကာ အတွင်းဘက်မှာ မတ်တပ်ရပ်နေလိုက်တယ်။

” ရွှေမိ… ငါ့တောင်ဝှေးယူထားလိုက်”

အမယ်အိုက တောင်ဝှေးကို ဘေးမှာရပ်နေတဲ့ ကောင်မလေးဆီကိုပစ်ပေးလိုက်ပြီး ပြေလျော့နေတဲ့ ခဘီကိုခပ်တင်းတင်းပြင်၀တ်လိုက်တယ်။

” ကောင်လေး…. နင့်ဘက်က အသင့်ဖြစ်ပြီလား”

” အမေကြီးဘက်က စလို့ရပါပြီ”

အမယ်အိုကြီးက မဲ့ပြုံးတစ်ချက်ပြုံးပြီး ဂါထာတစ်ပုဒ်ကို အသံအနေအထားနဲ့ရွတ်ဖတ်လိုက်ရာ အနားပတ်၀န်းကျင်မှာရှိနေတဲ့ သစ်ကိုင်းခြောက်တွေအားလုံးအဆိပ်ပြင်းမြွေတွေအဖြစ်ပြောင်းလဲသွားပြီး မောင်ကောင်းဆီကို စုပြုံတိုး၀င်လာခဲ့ကြတယ်။

ဒါပေမယ့် စည်းဝိုင်းအတွင်းကို၀င်မရပဲ အပြင်ဘက်မှာသာစုပြုံနေတာကြောင့် အမယ်အိုကြီးက ဒုတိယအကြိမ်အနေနဲ့ သေးသွယ်တဲ့လက်ကိုဝှေ့ယမ်းလိုက်ရာ နတ်ရဲပင်မှာပေါက်နေတဲ့ နွယ်ပင်တွေက သက်ရှိတွေလိုလှုပ်ရှားလာပြီး ရှောခနဲ ရှောခနဲ အောက်ကိုဆင်းလာခဲ့ကြတယ်။ စည်းဝိုင်းနဲ့ တစ်လံအကွာကိုရောက်တော့ လေးဘက်လေးတန်ကိုဝိုင်းကာ အရှိန်နဲ့ပြေးဆောင့်ပါလေရော။

ပြင်းထန်အားပါတဲ့ အရှိန်ကြောင့် စည်းထဲမှာရပ်နေတဲ့ မောင်ကောင်းက တစ်ချက်တစ်ချက် ယိုင်ခနဲဖြစ်သွားတာကို အမယ်အိုကြီးသတိထားမိခဲ့တယ်။ နောက်တစ်ခေါက် ခန္ဓာကိုယ်ယိုင်တဲ့အချိန်မှာတော့ လက်မနဲ့လက်ညိုးကြားထဲမှာ စက်ကိုလုံးပြီး ဇယ်တောက်သလို ပစ်လွှတ်လိုက်ရာ မောင်ကောင်းတားထားတဲ့ စည်းကိုဖောက်ထွက်ပြီး ရင်ညွန့်တည့်တည့်ဆီကို စူး၀င်လာခဲ့တယ်။

ဒါပေမယ့် စက်လုံးအရွယ်က ဆိတ်‌ချေးသီးခန့်သာရှိတာမို့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ကိုယ်လုံအင်းကို မကျော်လွှားနိုင်ပဲ အပြင်ကိုပြန်ကန်ထွက်သွားခဲ့တယ်။

” အဟီးအဟီး ဟက်ဟက်…. ကောင်ကလေး… မင်းက ဘယ်ဆိုးလို့တုန်း… ဒါပေမယ့် ပညာက နုသေးတယ်ကွယ့်”

” အမေကြီး ကျွန်တော်ကို စည်းအပြင်ထွက်အောင် မတိုက်နိုင်သေးဘူးလေ”

” မောင်ကောင်း… အမေကြီးက မင်းကို ညှာလိုက်တာ… တကယ်လို့ သူသာ ကွမ်းသီးလောက်လောက်ရှိတဲ့ စက်နဲ့ပစ်ရင် မင်းဒီနေရာမှာတင် သွေးအန်ပြီးအသက်‌ဆုံးရှုံးနိုင်တယ်”

အုတ်ဂူပေါ်မှာထိုင်ရင်း လှမ်းပြောလိုက်တဲ့ အောင်မြတ်သာစကားကြောင့် မောင်ကောင်း မျက်နှာပျက်သွားခဲ့တယ်။

” ဟိတ်… အုတ်ဂူပေါ်က ဆရာလေး… နင်ကရော ငါနဲ့ဘာလို့ရင်မဆိုင်တာလဲ”

” အမေကြီးက ပြိုင်စေချင်နေတာလား…”

” အေးကွယ်… ငါ့အနေနဲ့ အခုထိ လက်ရည်တူ ယှဉ်ပြိုင်ရတဲ့သူမရှိသေးဘူး… မင်းကိုစတွေ့ထဲက ပညာစွမ်းမနိမ့်ဘူးဆိုတာခန့်မှန်းမိတယ်… ငါမသေခင် တစ်ပွဲတစ်လမ်း ပညာကုန် ပြိုင်ချင်သေးတယ်ကွယ့်”

အမယ်အိုကြီးစကားကြောင့် အောင်မြတ်သာက အုတ်ဂူပေါ်ကနေ ဆင်းလာပြီး

” ဒါဆို အမေကြီးဘက်ကရှုံးရင် ပညာတွေအကုန် ဘုရားလှူမှာလား…”

” အမယ်..မင်းကလဲ အလာကြီးပါလား… ပြိုင်တောင်မပြိုင်ရသေးဘူး ပညာတွေအကုန်စွန့်ခိုင်းနေပီ”

” အမေကြီးဘက်က ကတိတည်မယ်ဆိုမှ ကျုပ်စည်းထဲ၀င်လာမယ်… ဘာလဲ အမေကြီးက ပညာတွေစွန့်ရမှာ စိတ်ပူနေတာလား”

” ဘာ…..တောက်စ်… ”

ရုတ်တရက်ထွက်လာတဲ့ တောက်ခတ်သံကြောင့် နတ်ရဲပင်က သစ်ရွက်တွေ လေမတိုက်ပဲလှုပ်ခါနေတာကို သတိထားမိခဲ့တယ်။ အောင်မြတ်သာလဲ အမယ်အိုကြီးရဲ့ စိတ်ကိုဆွလိုက်ရာ ချက်ချင်းပင် ပညာသည်မာန်ထလာခဲ့တယ်။

” နင့်လောက်ကိုငါကစာဖွဲ့စရာလား… မယ်မြိုင်ဆိုတဲ့ငါ့အကြောင်း နင်သိအောင်ပြရသေးတာပေါ့”

” အမေကြီး ရှုံးရင် ကတိအတိုင်း ပညာစွန့်ရမှာနော်”

” နင့်အသက်မသေအောင်သာ သတိထား”

ဒေါ်မြိုင်ဆိုတဲ့ အမယ်အိုကြီးက အံကိုကြိတ်ပြီး ဖနောင့်ကိုပေါက်ချလိုက်ရာ ၀မ်းဗိုက်နေရာကနေ ပြိုးခနဲပျက်ခနဲအလင်းရောင်တွေထွက်လာခဲ့တယ်။

” ဒီမိန်းမကြီးက နတ်စက်ကြိုးရပညာသည်ပဲ… ဒါကြောင့် မောင်ကောင်း မခံနိုင်တာကိုး”

အောင်မြတ်သာက တီးတိုးရေရွတ်လိုက်ပြီး ညာဘက်လက်နဲ့ ခေါင်းကနေ ခြေဖျားထိသပ်ချလိုက်ရာ ရွှေရောင်အဆင်းရှိတဲ့ စမစာလုံးတွေက အရည်ပြားထဲကနေ အပြင်ကိုတိုးထွက်လာပြီး သံချပ်ကာသဖွယ် ကာရံပေးထားခဲ့တယ်။

အမယ်အိုကြီးကလဲ ခါးမှာချိတ်ထားတဲ့ လက်ကိုင်ပဝါကို ခါယမ်းပြီးမန်းမှုတ်လိုက်ရာ အုန်းသီးတစ်လုံးစာလောက်ကြီးတဲ့ တောပိတုန်းနက်တစ်ကောင်အဖြစ်ပြောင်းသွားပြီး အောင်မြတ်သာရှိရာ ထိုးစိုက်ဖို့၀င်လာခဲ့တယ်။ ဒါပေမယ့် ပိတုန်းနက်ရဲ့အစွယ်က သံချပ်ကာသဖွယ်ကာရံထားတဲ့ စမအက္ခရာတွေကို မထိုးဖောက်နိုင်ခဲ့ပေ။

တောပိတုန်းနက်အတိုက်နဲ့မရတော့ ၃၇မင်းနတ်တွေကို ဆင့်ခေါ်ပြီးတိုက်ပါလေရော။ ဒါပေမယ့် ပညာရည်ပြည့်နေတဲ့ အောင်မြတ်သာအနားကို ကပ်လို့တောင်မရပဲ ခြေဦးတည့်ရာ ထွက်ပြေးကြကုန်တယ်။

ဒုတိယအတိုက်မှာလဲမအောင်မြင်တဲ့ အမယ်အိုကြီးရဲ့ ပညာမာန်က တစ်ဖြေးဖြေးကြီးထွားလာသလို စက်တွေပစ်လွှတ်တိုက်ခိုက်မှုကလဲ ကြောက်မခန်းလိလိပြင်းထန်လာခဲ့တယ်။

အောင်မြတ်သာလဲ အမယ်အိုကြီးရဲ့ ပညာမာန်ကို ဖြတ်မချရင်မရတော့ကိုသိတဲ့အတွက် အသွား၈ခုပါတဲ့သန်လျက်စက်ဖြတ်စမကို ညာလက်ဝါးပေါ် ရိုက်ပြီး ခန္ဓာကိုယ်ကနေထုတ်လွှတ်ထားတဲ့ စက်‌ကြိုးတွေကို ဖြတ်ချလိုက်ပေမယ့် စက်ကြိုးကပြတ်မသွားပဲ လက်ဝါးစောင်းသာအနောက်ကိုကန်ထွက်လာခဲ့တယ်။

အမယ်အိုကြီးဆီကနေ ပစ်လွှတ်နေတဲ့ စက်တွေက အရပ်ရှစ်မျက်နှာကနေ ဖျတ်ခနဲ ဖျတ်ခနဲ ထိုး၀င်လာတာကြောင့် အောင်မြတ်သာအနေနဲ့သတိကြီးကြီးထားပြီး ဘေးကိုဆွဲပစ်နေခဲ့ရတယ်။အဲဒီအချိန်

” လူလေး… နတ်စက်ကြိုးရပညာသည်တွေရဲ့ ဗူးစောင့်က စတုမဟာရာဇ်နတ်ဘုံက ပြည်ပြေးတွေဖြစ်တာမို့ သူတို့နဲ့သက်ဆိုင်တဲ့ စမကိုသုံးပြီး နှိမ်နင်းပါ” ဆိုတဲ့အသံကိုကြားလိုက်ရတာကြောင့် ပုရပိုက်ထဲကနေ ဖော်ထုတ်ရရှိထားတဲ့ နတ်မင်းကြီးလေးပါးစမကို အာရုံပြုလိုက်ရာ လွတ်အိတ်အတွင်းထဲကနေ ငါးလက်မခန့်ရှိတဲ့ အင်းစမတစ်ချပ်အပြင်ကိုတိုးထွက်လာခဲ့တယ်။
အောင်မြတ်သာလဲ အပေါ်ကိုတိုးထွက်လာတဲ့ နတ်မင်းကြီးလေးပါးစမကို ဖမ်းယူပြီး အသက်သွင်းဂါထာရွတ်ဖတ်လိုက်ရာ စမအက္ခရာတွေက မိုင်းကိုင်စက္ကူထဲကနေ အပြင်ကိုထွက်လာပြီး အမယ်အိုကြီးရဲ့ လေးဖက်လေးတန်ကို ပတ်ဝိုင်းထားလိုက်ကြတယ်။

ဝိုင်းပတ်ထားတဲ့ စမအက္ခရာတွေအနေနဲ့ စတုမဟာရာဇ်နတ်မင်းကြီးလေးပါးရဲ့ ပုံတော်အပွားတိုင်းဖြစ်တည်လာတာကြောင့် ဗူးစောင့်ပုဂ္ဂိုလ်တွေအနေနဲ့ ကြောက်လန့်ပြီး ၀မ်းဗိုက်ထဲမှာရှိတဲ့ ဗိမ္ဗာန်ထဲကို ၀င်ပြေးသွားခဲ့ကြတယ်။ ဗူးစောင့်တွေငြိမ်ကျသွားတာနဲ့ အမယ်အိုကြီးရဲ့ပညာမာန်ပါ ထိုးကျသွားပြီး လူပါပျော့ခွေဆင်းသွားခဲ့တယ်။

” အဖွား… အဖွား… ရရဲ့လား”

ရွှေမိက လဲကျသွားတဲ့ အမယ်အိုကြီးကိုပြေးထူလိုက်သလို အောင်မြတ်သာကလဲ အနားကိုတိုးကပ်လာပြီး အနားက အုတ်ဂူကိုပေးမှီစေခဲ့တယ်။

” အမေကြီး… နေလို့အဆင်ပြေရဲ့လား”

” ဟင်း…. နင်က ဘယ်လိုကြောင့် ဒီလိုမျိုးပညာတွေ တတ်နေရတာလဲ… ငါ့တစ်သက်မှာ နင့်လိုဆရာမျိုး အခုမှတွေ့ဖူး‌တယ် ကောင်လေးရယ်”

” အမေကြီးရဲ့ ပညာကလဲ ထက်မြက်လွန်းလှပါတယ်…”

” ကောင်ကလေး… ငါ နင့်ကိုမယှဉ်နိုင်ခဲ့လို့ ကတိအတိုင်း ပညာတွေစွန့်ပေးမယ်.. ဒါပေမယ့် ၁၂ကြိုးပညာရပ်ထဲက အလင်းတန်းကြိုးကိုတော့ ချန်ထားပေးပါ”

အမေအိုကြီးက စကားပြောနေရင်း မောသွားဟန်နဲ့ ခဏနားလိုက်တယ်။

” အလင်းတန်းကြိုးဆိုတာက အလိုရှိသလောက်ဖြန့်ကျက်ပြီး သွားလို့ရတဲ့ပညာရပ်မဟုတ်လား”

” ငါ မသေခင် ဘုရားတွေဖူးသွားချင်သေးတယ်… ဒါကြောင့် အဲဒီကြိုးကိုမလှူပါရစေနဲ့”

” အမေကြီး ပညာတွေမလှူခင် ချုပ်နှောင်ခံထားရတဲ့ သူတွေကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်”

” ဒီနတ်ရဲပင်အောက်က နတ်ကွန်းအနောက်မှာ ကျင်းတူးပြီးမြုပ်ထားတယ်… အဲဒါကိုဖော်ပြီး မီးရှို့လိုက်ရင် သူတို့လွတ်မြောက်သွားလိမ့်မယ်”

အောင်မြတ်သာလဲ ချက်ချင်းပဲ မောင်ကောင်းနဲ့ ခွန်းလှကို တူးစေခဲ့ရာ ပုံဆိုးပန်းဆိုးရုပ်ထုနှစ်ခုနဲ့ အနီရောင်ကြိုးနဲ့ရစ်ပတ်ထားတဲ့ ကြေးပြားလိပ်‌သုံးခုထွက်လာခဲ့တယ်။ ကြေးပြားထဲမှာတော့ ဆံပင်စတွေကို မြင်လိုက်ရတယ်။

” ဒါတွေက အခုလက်ရှိ ငါခိုင်းနေတဲ့သူတွေပဲ… ”

” တောသရက်ပင်မှာနေတဲ့ သူက ဘယ်လိုကြောင့်လွတ်သွားတာလဲ”

” အရင်တုန်းက ဒီကောင်တွေရဲ့လိပ်ပြာချုပ်ကို အိမ်မှာပဲထားတာ၊ အဲဒီအချိန် ရွှေမိအဖေက ကလေးသဘာ၀ဆော့ကစားရင်း ချည်မန်းကြိုးကိုဖြတ်မိသွားတယ်လေ…. ငါသိတော့ ဘိုးဇံဆိုတဲ့ကောင်က လွတ်နေပြီ… ဒီကောင်က လူလည်မို့ ဟိုဘက်ရွာနယ်နိမိတ်ထဲ၀င်ပြေးပြီး ငါဖမ်းလို့မရအောင် နေနေတာ”

အောင်မြတ်သာတို့လဲ အမယ်အိုကြီးပြောပြတာကိုနားထောင်ပြီး လိပ်ပြာချုပ်အစီအရင်တွေကို မီးရှို့လိုက်ရာ နတ်ရဲပင်အောက်ကနေ ဆံပင်ဖားလျားချထားတဲ့ လူသုံးယောက်ပေါ်လာပြီး ခြေဦးတည့်ရာကိုထွက်ပြေးသွားတာမြင်လိုက်ရတယ်။

” ဆရာ ဟိုကောင်က သစ်ခေါင်းပေါက်ကနေ ထွက်မလာဘူး”

ခွန်းလှအသံကြောင့် အမယ်အိုကြီးက သစ်ခေါင်းပေါက်ကိုလှမ်းကြည့်ပြီး တောက် တစ်ချက်ခေါက်လိုက်တော့မှ မဲမဲကောင်တစ်ကောင် ထွက်လာပြီး ဘိစပ်ခြုံတွေဘက်ကိုထွက်ပြေးသွားခဲ့တယ်။

အောင်မြတ်သာတို့လဲ အမယ်အိုကြီးကို အိမ်အထိလိုက်ပို့ပေးပြီး ကန်တော့ပွဲနဲ့အပ်ကာ ပညာကိုအလှူခံခဲ့ကြတယ်။

အမေကြီးကတော့ ပညာလှူပြီးတဲ့အချိန် အနားမှာရှိ‌ေနတဲ့ မောင်ကောင်းနဲ့ ခွန်းလှကိုကြည့်ပြီး

” နောက်တောက်လာမယ့် မီးခဲလေးတွေပါလား” လို့ချီးကျူးစကားဆိုခဲ့တယ်။

အောင်မြတ်သာတို့ ခလွန်းရွာကနေပြန်ထွက်လာပြီးချိန်မှာလဲ ပုရပိုက်ပါပညာရပ်တွေကို အပတ်တကုပ်ကြိုးစားလေ့လာခဲ့ကြတယ်။ ဒီလိုနဲ့ တစ်ညမှာတော့ အင်းချနေတဲ့အချိန် ရုပ်သေးရုပ်တွေချိတ်ဆွဲထားတဲ့ နေအိမ်တစ်လုံးကို အာရုံထဲမှာမြင်တွေ့လိုက်ရတယ်။

အစကတော့ သာမန်စိတ်ပျံ့လွင့်တာလို့ထင်ပြီး မြင်သမျှကိုဖျက်ချကာ အင်းဆွဲတာကိုပဲအာရုံစိုက်ထားပေမယ့် အာရုံထဲခဏခဏပေါ်လာတာကြောင့် စိတ်ကိုညွှတ်ပြီးကြည့်လိုက်ရာ ရုပ်သေးရုပ်ပေါင်းများစွာအလှဆင်ထားတဲ့ဆိုင်တစ်ခုကိုမြင်လိုက်ရတယ်။ ဆိုင်ထဲမှာတော့ ရွှေရောင်ဆေးခြယ်ထားတဲ့ မျက်နှာဖုံးတွေအပြင်၊ ဘီလူးခေါင်းပုံစံမျက်နှာဖုံးတွေ၊ အခြားရုပ်သေးရုပ်ပေါင်းများစွာရှိနေခဲ့တယ်။ အောင်မြတ်သာလဲ မြင်သမျှ အရာတွေကို သတိကပ်ပြီးကြည့်နေခဲ့ရာ မှန်စီရွှေချထားတဲ့ဗီဒိုရဲ့အပေါ်မှာတော့ ” ငါ့မင်းငါ့ချင်း” ဆိုတဲ့စာလုံးကို ရွှေအိုရောင်ဖောင်းကြွနဲ့ရေးထားကို မြင်တွေ့လိုက်ရတယ်။

အဲဒီအချိန် နှာခေါင်းထဲစူး၀င်လာတဲ့ သွေးညှီနံ့ကြောင့် သတိပြန်၀င်လာပြီး ရေးလက်စအင်းကို အပြီးသတ်ကာ ဝေနေယျသတ္တဝါတွေကိုမေတ္တာပို့လိုက်တော့မှ အညှီနံ့က ပျောက်သွားခဲ့တယ်။

++++++

အာရုံထဲမြင်လိုက်ရတဲ့ မြင်ကွင်းက အောင်မြတ်သာတို့နဲ့ဘယ်လိုပတ်သတ်နေမလဲ၊ ဘယ်လို အံ့ဩစရာတွေကြုံရမလဲဆိုတာကိုတော့ ” အောင်မြတ်သာနှင့်ရုပ်သေးခေါ်သံ” ဆိုတဲ့၀တ္တု

မှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Zawgyi Version

 

” ေအာင္ျမတ္သာႏွင့္ေတာက္မည့္မီးခဲတရဲရဲ ”(စ/ဆုံး)

—————————————————————–

ေဇယန(ရာမည)

ညသန္းေခါင္အခ်ိန္…

လူသူရွင္းလင္းေနတဲ့ လမ္းေလးခြဆုံဇရပ္ေပၚကေန ဖေယာင္းတိုင္မီးအလင္းေရာင္ေတြ ထြက္ေပၚေနခဲ့တယ္။ ဇရပ္တြင္းမွာေတာ့ ေအာင္ျမတ္သာတို႔ဆရာတပည့္သုံးေယာက္က ဖိုခေနာက္ဆိုင္ထိုင္ၿပီး ပုရပိုက္တစ္ခ်ပ္စီကိုကိုင္ကာ ၿငိမ္သက္စြာ စိုက္ၾကည့္ေနၾကတယ္။

” တစ္ခါမွ မျမင္ဖူးတဲ့ အင္းစမေတြပါလား ဆရာ”

” နတ္ေတြဖြက္ထားတဲ့ပုရပိုက္ျဖစ္လို႔ ဒီထဲမွာပါတဲ့ စမေတြကို အသက္၀င္ေအာင္ေရးဆြဲဖို႔ဆိုတာ အေတာ္ႀကိဳးစားယူရမယ္ထင္တယ္”

” ကြၽန္ေတာ္ေတာ့ႀကိဳးစားၾကည့္ခ်င္တယ္… ”

” တစ္ေယာက္နဲ႔တစ္ေယာက္ ဉာဏ္ပညာခ်င္းမတူၾကတာမို႔ ကိုယ့္ဉာဏ္စြမ္းရွိသလို ေရးဆြဲၾကပါ… ပါရမီပါလာရင္ ဘယ္အရာမွတားဆီးႏိုင္စြမ္းရွိမွာမဟုတ္ဘူး”

ေအာင္ျမတ္သာက ပုရပိုက္တစ္႐ြက္ကို အေရွ႕မွာခ်ၿပီး အထဲမွာပါတဲ့ စမတစ္ခုကို မိုင္းကိုင္စကၠဴေပၚမွာ ေရးဆြဲေနလိုက္တယ္။ အလားတူ ေမာင္ေကာင္းနဲ႔ ခြန္းလွကလဲ ပုရပိုက္ပါအင္းစမေတြကို ႀကိဳးစားေရးဆြဲဖို႔ ေနရာယူလိုက္ၾကတယ္။

ဇရပ္ပတ္ပတ္လည္မွာထြန္းထားတဲ့ ဖေယာင္းတိုင္မီးေတြအလင္းေရာင္မွိန္လာတာနဲ႔အမွ် အခ်ိန္ကလဲ တစ္ေျဖးေျဖးနက္လာခဲ့တယ္။ အဲဒီအခ်ိန္ ေမာင္ေကာင္းက ေရးဆြဲထားတဲ့ စမတစ္႐ြက္ကို ၿမိဳကာၾကမ္းကိုဖေနာက္နဲ႔ေပါက္လိုက္တယ္ဆိုရင္ပဲ ဇရပ္ပတ္ပတ္လည္ေနရာမွာ တင္းပုတ္ကိုယ္စီကိုင္ထားတဲ့ ဂုမာၻန္ေတြေပၚလာခဲ့တယ္။

ေအာင္ျမတ္သာနဲ႔ခြန္းလွတို႔လဲ ေမာင္ေကာင္းျဖစ္စဥ္ကိုၾကည့္ေနတဲ့အခ်ိန္

” အကြၽႏ္ုပ္တို႔ကိုဆင့္ေခၚရတဲ့ အေၾကာင္းရင္းကဘာမ်ားလဲဆရာ‌” ဆိုတဲ့အသံကိုၾကားလိုက္ရတယ္။

” သင္တို႔က ဘယ္လိုေရာက္လာၾကတာလဲ”

” အကြၽႏ္ုပ္တို႔က စမတိုက္ကိုေစာင့္ၾကပ္တဲ့ ဂုမာၻန္တစ္ေထာင္ပဲျဖစ္ပါတယ္… ဆရာအေနနဲ႔ ဂုမာၻန္ေခၚစမကို ၿမိဳၿပီးဖေနာင့္ေပါက္လိုက္တာေၾကာင့္ မေနႏိုင္လို႔ ေရာက္လာရျခင္းျဖစ္ပါတယ္”

” က်ဳပ္ေၾကာင့္ သင္တို႔အလုပ္မ်ားေစရၿပီ… ကိစၥေထြေထြထူးထူးမရွိတာမို႔ သင္တို႔ေနရာကိုျပန္ႏိုင္ပါၿပီ”

ေမာင္ေကာင္းရဲ႕ ႏႈတ္ထြက္စကားအဆုံးမွာ ဇရပ္ပတ္ပတ္လည္မွာရွိေနၾကတဲ့ ဂုမာၻန္ေတြအားလုံး ဖ်တ္ခနဲေပ်ာက္ကြယ္သြားခဲ့ၾကတယ္။

” ဆရာ… ဒီစမက ဂုမာၻန္တစ္ေထာင္ေခၚတဲ့စမပဲ…”

ေမာင္ေကာင္းရဲ႕၀မ္းသာအားရေျပာတဲ့အသံေၾကာင့္ ေအာင္ျမတ္သာနဲ႔ခြန္းလွတို႔က ၿပဳံး႐ႊင္တဲ့မ်က္ႏွာနဲ႔ ေခါင္းၿငိမ့္ျပလိုက္ၾကတယ္။

ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြလဲ တစ္ညလုံး မနားတမ္းႀကိဳးစားခဲ့ၾကရာ မနက္အ႐ုဏ္တက္ခ်ိန္အေရာက္မွာေတာ့ ပုဏၰကယကၡရာဇာျမင္းစမ၊ ဟတၳိပါလနတ္မင္းထုတ္ေပးေသာဆင္စမ၊ နဂါးေလးေကာင္အျမႇီးကိုျပန္ၿမိဳထားတဲ့ဟန္ရွိတဲ့ နဂါးပတ္ေက်ာ့ကြင္းစမေတြကို ေအာင္ျမင္စြာ ေဖာ္ထုတ္ႏိုင္ခဲ့ၾကတယ္။

ဒုတိယေျမာက္ေန႔မွာေတာ့ ပုရပိုက္ထဲပါတဲ့ စမတစ္ခုျဖစ္တဲ့ ” ရ င လ စ” စမအကၡရာေတြကိုစကၠဴမွာေရးဆြဲၿပီး ေဘးမွာခ်ထားတဲ့အခ်ိန္ ႐ုတ္တရက္တိုက္ခတ္လာတဲ့ေလေၾကာင့္ စမစာ႐ြက္က ေျခရင္းေနရာကို အမွတ္မထင္ေရာက္သြားခဲ့တယ္။

ေအာင္ျမတ္သာတို႔လဲ သတိမထားမိပဲ အျခားအင္းစမေတြကိုေရးဆြဲေနတဲ့အခ်ိန္ စူးစူးဝါးဝါးထိုးေဟာင္လိုက္တဲ့ ေခြးအူသံကို ၾကားလိုက္ရတယ္။ ေခြးအူသံက အေဝးကေန တစ္ေျဖးေျဖး နီးလာခဲ့ရာ ဇရပ္နဲ႔မလွမ္းမကမ္းကိုေရာက္လာခဲ့တယ္။

” ဆရာ… ဟိုမွာ ဘာေကာင္ႀကီးတုန္း”

ခြန္းလွအသံေၾကာင့္ လွမ္းၾကည့္လိုက္ရာ ဇရပ္အျပင္ဘက္ လမ္းမေပၚမွာ ငုတ္တုတ္ႀကီးထိုင္ေနတဲ့ မဲမဲေကာင္ေတြကိုျမင္ေတြ႕လိုက္ရတယ္။

” ဟိတ္… သင္တို႔က ဘယ္သူေတြတုန္း”

” က်ဳပ္တို႔က ဒီအရပ္ေဒသမွာက်က္စားေနတဲ့ နာနာဘာ၀ေတြပါ…”

” ဟင္… သင္တို႔က ဒီကိုဘာလာလုပ္ၾကတာလဲ”

” ဆရာတို႔ စီရင္ထားတဲ့ စမရဲ႕အစြမ္းေၾကာင့္ လာေရာက္ ကန္ေတာ့တာပါ…”

” ငါတို႔က သင္တို႔ကို လာေရာက္ဖို႔မေခၚထားပါဘူးေလ”

” ဆရာတို႔မေခၚေပမယ့္ ေျခရင္းမွထားထားတဲ့ ေလးလုံးစမအုပ္ေၾကာင့္ က်ဳပ္တို႔ဘယ္လိုမွမေနႏိုင္ျဖစ္ေနရပါတယ္… ဒါေၾကာင့္ ႐ြာေတာ္ရွင္အဖိုးကို ခြင့္ေတာင္းၿပီး ဆရာတို႔ကို မဝံ့မရဲလာေရာက္ကန္ေတာ့ရျခင္းျဖစ္ပါတယ္”

အဲဒီေတာ့မွ ေအာင္ျမတ္သာလဲ မ်က္လုံးေဝ့ၾကည့္လိုက္ရာ ေလတိုက္လို႔ ေျခရင္းနားကိုေရာက္ေနတဲ့ စမတစ္ခ်ပ္ကိုျမင္ေတြ႕လိုက္ရတယ္။

” လတ္စသတ္ေတာ့ ဒီစမေၾကာင့္ကိုး… သင္တို႔လာေရာက္ကန္ေတာ့တာကိုအစြဲျပဳၿပီး ဒီစမကို မိစာၦႏိုင္ေလးလုံးစမလို႔သတ္မွတ္ေပးမယ္… သင္တို႔ကိုလဲ က်ဳပ္တို႔ျပဳလုပ္ခဲ့တဲ့ကုသိုလ္ေတြကို အမွ်တန္းေပးေဝပါတယ္… ”

ေအာင္ျမတ္သာရဲ႕ အမွ်ေဝသံကို သာဓုေခၚႏိုင္ၾကတဲ့ သူေတြအေနနဲ႔ ကိုယ္ေရာင္ကိုယ္ဝါေတြေတာက္ပလာၿပီး တစ္ဆင့္ျမင့္တဲ့ေနရာကိုေရာက္သြားၾကတာကို ၾကည္ႏူးဖြယ္ျမင္ေတြ႕လိုက္ရတယ္။

သန္းေခါင္အခ်ိန္အေရာက္မွာေတာ့ ရွင္သီ၀လိစမကို ေအာင္ျမင္စြာေဖာ္ထုတ္ႏိုင္ခဲ့ၾကတယ္။ ေအာင္ျမတ္သာတို႔လဲ အဆိုပါစမကိုေရးဆြဲၿပီးခ်ိန္မွာေတာ့ တစ္ေယာက္တစ္ခ်ပ္စီၿမိဳကာ စမရဲ႕အစြမ္းသတၱိကိုသိေစဖို႔အတြက္ စၾကၤန္ေလ်ာက္ေနတဲ့အခ်ိန္ မီးတုတ္ကိုယ္စီကိုင္ထားတဲ့ လူဆယ္ေလာက္ေလာက္က ဇရပ္ရွိရာကို ဦးတည္လာေနတာကိုျမင္ေတြ႕လိုက္ရတယ္။

” ဆရာ… ညႀကီးသန္းေခါင္အခ်ိန္ႀကီး… မီးတုတ္ေတြနဲ႔ ဒီကိုလာေနၾကတာဆိုေတာ့ သာမန္လူေတြေတာ့မဟုတ္ေလာက္ဘူးထင္တယ္”

ေမာင္ေကာင္းစကားေၾကာင့္ ေအာင္ျမတ္သာက လက္ကာျပၿပီး အေျခအေနကိုေစာင့္ၾကည့္ေနလိုက္တယ္။

” ဟိတ္ ဘယ္သူေတြလဲေဟ့”

” ကြၽန္ေတာ္တို႔က ဆရာတို႔ကိုရန္ျပဳမယ့္သူေတြမဟုတ္ပါဘူး… ညႀကီးသန္းေခါင္ ဆာေလာင္ေနမွာစိုးလို႔ စားစရာအခ်ိဳ႕လာပို႔ေပးတာပါ”

” ေအးေအး… ဇရပ္ေပၚတက္လာခဲ့ၾကပါဦး”

” မတက္ေတာ့ပါဘူးဆရာ.. စားစရာေတြကို ဇရပ္ေအာက္ေျခမွာပဲထားခဲ့လိုက္ပါ့မယ္… ေနာက္ရက္ေတြလဲ ဆရာတို႔ သုံးေဆာင္ဖို႔ စားဖြယ္ေတြ လာပို႔ေပးပါဦးမယ္”

ေခါင္းေဆာင္ျဖစ္ဟန္တူတဲ့လူက မ်က္ရိပ္မ်က္ေျချပလိုက္ရာ အေနာက္မွာပါလာတဲ့သူေတြက ေခါင္းေပၚ႐ြက္လာတဲ့ ေတာင္းေတြကို ဇရပ္ေျခရင္းမွာခ်ကာ ခပ္သုတ္သုတ္ျပန္ထြက္သြားခဲ့ၾကတယ္။

” ခြန္းလွေရ… ဒီညေတာ့ မင္းတို႔ စားေကာင္းေသာက္ဖြယ္ေတြစားရၿပီထင္တယ္… ဘာေတြပါလာလဲသိရေအာင္သြားယူလိုက္ပါဦး”

ေအာင္ျမတ္သာစကားေၾကာင့္ ခြန္းလွက ျခင္းေတာင္းသုံးလုံးကို ဇရပ္ေပၚယူလာၿပီးဖြင့္ၾကည့္လိုက္ရာ အေငြ႕တေထာင္းေထာင္းထေနတဲ့ ေကာက္ညႇင္းေပါင္း‌ေတြ၊အသီးအႏွံအခ်ိဳ႕အျပင္ ပြက္ပြက္ဆူေနတဲ့ေရေႏြးေတြထည့္ထားတဲ့ ခရားေတြကိုပါျမင္လိုက္ရတယ္။

” ဒါေတြက စားလို႔ေရာ ရပါ့မလား… မေတာ္လို႔ ပညာစမ္းတာေတြျဖစ္ေနရင္ ဒုကၡမ်ားေနပါဦးမယ္ဆရာရယ္”

” မျဖစ္ပါဘူး… ခုနထဲက ဒီစားစရာေတြကို မူလျပန္ဖို႔အမိန႔္ျပန္လိုက္ေပမယ့္ ထူးျခားတာမေတြ႕ခဲ့ဘူး… ငါ့အထင္ေျပာရရင္ ဒီအျဖစ္ေတြက ရွင္သီ၀လိစမရဲ႕အစြမ္းပဲျဖစ္ရမယ္”

” ဒီစမေတြက အေတာ္ကို စြမ္းတာပဲဆရာရယ္… ဒါေတာင္ ကြၽန္ေတာ္တို႔လက္ေတြ႕မစမ္းရေသးတာေတြရွိေသးတယ္ေနာ္”

ေအာင္ျမတ္သာက ေမာင္ေကာင္းစကားကို ၿပဳံး႐ႊင္တဲ့မ်က္ႏွာထားနဲ႔ အသိမွတ္ျပဳလိုက္ၿပီး ကုန္စျပဳေနတဲ့ ဖေယာင္းတိုင္ေတြကိုအသစ္လဲလွယ္ေနလိုက္တယ္။

” ဆရာ… ေကာက္ညႇင္းေပါင္းလာစားပါဦး… ႏွမ္းေထာင္းကလဲေကာင္းတယ္ဗ်”

ေအာင္ျမတ္သာလဲ ခြန္းလွကမ္းေပးတဲ့ ေကာက္ညႇင္းေပါင္းကို လွမ္းယူကာ အိေျႏၵရရစားေနလိုက္တယ္။

” ဆရာ… ကြၽန္ေတာ္တို႔ ဂိုဏ္းရဲ႕အေျခခံအင္းကိုစခ်တာနဲ႔ ပုဂၢိဳလ္ေတြက အနားမွာေစာင့္ေရွာက္ေနတာကိုျမင္ဖူးတယ္”

” တယ္ဟုတ္ပါလား… ဘာေတြျမင္ခဲ့ရလဲ ေျပာစမ္းပါဦး”

” ကြၽန္ေတာ္ ပထမအဆင့္စတဲ့အခ်ိန္ အနားမွာ မတ္တရပ္ရပ္ေနတဲ့ မိန္းကေလးသုံးေယာက္ကိုျမင္လိုက္ရတယ္… ဆရာ့ကိုေမးမယ္ ေမးမယ္နဲ႔ စကားမႀကဳံတာမို႔ မေမးျဖစ္တာ”

‌” အင္း… ေမာင္ေကာင္းေရာ ခြန္းလွလိုပဲျမင္ရလား”

” ကြၽန္ေတာ္က ဒုတိယအဆင့္တက္တဲ့အခ်ိန္မွာပဲျမင္ရတာ… ခြန္းလွလိုေတာ့ မိန္းကေလးမဟုတ္ဘူးဗ်… ကြၽန္ေတာ္ျမင္တာက ယကၡဘီလူးသုံးပါး”

” ႏွစ္ေယာက္လုံးျမင္ေတြ႕ရတာေတြက ဂိုဏ္းရဲ႕အေစာင့္ေရွာက္ေတြပဲ… နားလည္ေအာင္ေျပာရရင္ ငါတို႔ဂိုဏ္းရဲ႕ ပညာရပ္ကကိုးဆင့္တိတိရွိတယ္။ ဒါကို ပလႅင္ခံမဂၤလာပညာကိုးဆင့္လို႔‌လဲေခၚၾကတယ္။ ပထမမဂၤလာပညာရပ္ကို သဒၶါေဒဝီ၊ ကဝိစိႏၲာေဒဝီ၊ စိႏၲလတၱေဒဝီကေစာင့္ေရွာက္တယ္။ဒုတိယမဂၤလာပညာရပ္ကိုေတာ့ ယကၡရာဇာသုံးပါးေစာင့္ေရွာက္တယ္။ နာမည္ေတြအတိအက်ေျပာရင္ရွည္မွာစိုးလို႔ ထည့္မေျပာေတာ့ဘူး။ အဲလိုပဲ တတိယမဂၤလာပညာရပ္ကိုေတာ့ ေဒဝီေလးပါးေစာင့္ေရွာက္တယ္။ ပထမ၊ ဒုတိယ၊ တတိယပညာဆင့္က သုံးကြက္အင္းျဖစ္လို႔ ဒီအေစာင့္ေရွာက္ေတြက ပထမပလႅင္ခံသုံးကြက္အင္းေစာင့္ပုဂၢိဳလ္ေတြပဲ”

” ဒါဆို အျခားအဆင့္ေတြမွာလဲ သူနဲ႔ဆိုင္ရာ အင္းေစာင့္ပုဂၢိဳလ္ေတြရွိေနတာေပါ့”

” သုံးကြက္အင္း သုံးဆင့္မွာ အင္းေစာင့္၁၀ပါး၊ ေလးကြက္အင္းမွာ၄ပါး၊ ငါးကြက္အင္းမွာ ၄ပါး၊ ေျခာက္ကြက္အင္းမွာ ၅ပါး၊ ခုႏွစ္ကြက္အင္းမွာ ၅ပါး၊ရွစ္ကြက္အင္းမွာ ၅ပါး၊ ကိုးကြက္အင္းမွာ ၅ပါး၊ စုစုေပါင္းအင္းေစာင့္ပုဂၢိဳလ္၃၈ပါးတိတိရွိတယ္၊ နားလည္ေအာင္ေျပာရရင္ အဆိုပါအင္းေစာင့္ပုဂၢိဳလ္ေတြက ၃၈ပါးေသာ မဂၤလာတရားေတာ္ေတြကို ေဆာက္တည္က်င့္သုံးၾကတဲ့သူေတြျဖစ္တယ္။ ဒါေၾကာင့္ ဂိုဏ္းထဲမွာ သီလအာစာရရွိၾကတဲ့သူေတြကို သူတို႔က အၿမဲတမ္းကူညီေစာင့္ေရွာက္ေပးေနၾကတာပဲ”

” ကြၽန္ေတာ္တို႔က အင္းစ‌မေတြရဲ႕အသုံး၀င္ပုံေတြကိုပဲ ေလ့လာခဲ့ေတာ့ ခုလိုအေသးစိတ္ကို မသိခဲ့ရဘူး… ဒီညေတာ့တကယ္ကိုအက်ိဳးရွိခဲ့ၿပီဆရာရယ္”

” ကဲကဲ… ေရေႏြးေတြလဲေအးေတာ့မွာဆိုေတာ့ လက္စသတ္လိုက္ဦး… စားၿပီးရင္ ပုရပိုက္ပါအင္းစမေတြကို ျပန္ၾကည့္ရဦးမယ္မဟုတ္လား”

ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔လဲ စကားစကိုျဖတ္ၿပီး ေရေႏြးၾကမ္းကိုမႈတ္ေသာက္လိုက္ၾကတယ္။
+++++++

‌ငါးရက္ေျမာက္ေန႔ေရာက္ေတာ့ ပုရပိုက္ပါ အင္းစမအေတာ္မ်ားမ်ားကို အဓိပၸါယ္ေဖာ္ႏိုင္ခဲ့သလို အင္းစမေရးဆြဲေနတဲ့အခ်ိန္မွာလဲ အင္းေစာင့္ပုဂၢိဳလ္ေတြရဲ႕ လႈပ္ရွားသြားလာေနမႈေတြကိုျမင္ေတြခဲ့ၾကရတယ္။

” ဂစ္ ဂစ္ ဂစ္…”

က်ယ္ေလာင္စြာထြက္ေပၚလာတဲ့ ငွက္ဆိုးထိုးသံေၾကာင့္ ဇရပ္ေပၚမွာစၾကၤန္ေလ်ာက္ေနၾကတဲ့ ေအာင္ျမတ္သာတို႔သုံးေယာက္လုံး တိုင္ပင္မထားပဲ လွမ္းၾကည့္လိုက္ၾကတယ္။

” ငွက္ဆိုးေတြ ဒီညအေတာ္ေသာင္းက်န္းေနၾကပါလား… ဘာေတြျဖစ္ဦးမလဲမသိဘူး”

ေအာင္ျမတ္သာက တီးတိုးေရ႐ြတ္ေနရင္း ခပ္လွမ္းလွမ္းမွာရွိတဲ့အေမွာင္ထုကိုစိုက္ၾကည့္ေနခဲ့တယ္။

” ဆရာ… ဘာေတြ႕လို႔လဲ”

” အေမွာင္ထဲကေန ငါတို႔ကို စိုက္ၾကည့္ေနတဲ့ခံစားခ်က္ျဖစ္ေနတယ္…”

” ကြၽန္ေတာ္တို႔ ဇရပ္ပတ္ပတ္လည္ကို စည္းခ်ထားလို႔ အနားကိုမလာႏိုင္တာမ်ားလားမသိဘူး”

ေမာင္ေကာင္းစကားေၾကာင့္ ေအာင္ျမတ္သာလဲ စည္းခ်ထားတာကို႐ုပ္သိမ္းလိုက္ရာ အေမွာင္ထုထဲကေန တရွပ္ရွပ္နဲ႔လမ္းေလ်ာက္လာတဲ့အသံကိုၾကားလိုက္ရတယ္။

” ထင္တဲ့အတိုင္းပဲဆရာေရ.. ဒီေကာင္က ကြၽန္ေတာ္တို႔အနားကိုလာမရလို႔ အေဝးကေနၾကည့္ေနတာ”

တရိပ္ရိပ္နဲ႔ေ႐ြ႕လ်ားလာတဲ့ အရာကိုၾကည့္ၿပီးေျပာလိုက္တဲ့ ခြန္းလွစကားေၾကာင့္ ေအာင္ျမတ္သာက ဇရပ္ေလွကားဝကိုေလ်ာက္သြားၿပီး

” သင္ ဘယ္သူလဲ… က်ဳပ္တို႔ကို တစ္ခုခုမ်ားေျပာစရာရွိေနလို႔ လာေခ်ာင္းၾကည့္ေနတာလား” လို႔ေျပာလိုက္ေတာ့ ေ႐ြ႕လ်ားေနတဲ့အရိပ္မဲက မလွမ္းမကမ္းအကြာအေဝးမွာရပ္လိုက္ၿပီး

” က်ဳပ္က ဟိုဘက္ေျမအစပ္က ေတာသရက္ပင္မွာေနပါတယ္… အရင္က ဒီဇရပ္အနီးတစ္ဝိုက္မွာ အဆင့္နိမ့္တဲ့ နာနာဘာ၀ေတြက်က္စားတတ္ၾကေပမယ့္ ဆရာတို႔ေရာက္တဲ့အခ်ိန္ကစၿပီး သူတို႔ဒီမွာမေနရဲေတာ့ပဲ က်ဳပ္ရဲ႕ေနရာကိုေရာက္လာၾကတယ္… က်ဳပ္မွာလဲ ကိုယ့္လူနဲ႔ကိုယ္ျပည့္ေနတာမို႔ သူတို႔အတြက္ေနစရာမေပးႏိုင္ေတာ့တာ‌ေၾကာင့္အခုလိုအရဲစြန႔္ၿပီး လာေျပာရတာပါ”

ေအာင္ျမတ္သာလဲ ေတာသရက္ပင္ေစာင့္ပုဂၢိဳလ္ရဲ႕စကားကိုၾကားၿပီးေတာ့ သနားဂ႐ုဏာသက္တဲ့ဟန္နဲ႔ သက္ျပင္းရွည္တစ္ခ်က္ကိုခ်ကာ

” က်ဳပ္တို႔ေၾကာင့္ သူတို႔ေတြ ေနစရာေပ်ာက္သြားရလို႔ စိတ္မေကာင္းျဖစ္မိပါတယ္… ဒါေၾကာင့္ အ႐ုဏ္တက္ခ်ိန္မွာ ဒီေနရာကေန ထြက္ခြာေပးမွာမို႔ ယခင္ေနခဲ့တဲ့သူေတြျပန္လာေနၾကဖို႔ သင္ကပဲသတင္းပါးေပးလိုက္ပါ”

” ေက်းဇူးတင္ပါတယ္… ဆရာတို႔အေနနဲ႔ ဒီကေနထြက္ရင္ က်ဳပ္ေနတဲ့ ေတာသရက္ပင္ေအာက္ကို ႂကြလာေပးဖို႔ ထပ္မံေတာင္းဆိုပါတယ္…”

” ေကာင္းပါၿပီ… က်ဳပ္တို႔ သင္ေနရာကို ေခတၱ၀င္လာခဲ့ေပးပါ့မယ္”

ေတာသရက္ပင္ေစာင့္ပုဂၢိဳလ္ထြက္သြားတာနဲ႔ ေအာင္ျမတ္သာတို႔လဲ ပစၥည္းပစၥယေတြကို သိမ္းဆည္းၿပီး အ႐ုဏ္တက္တာနဲ႔ ထြက္ခြာႏိုင္ေအာင္ အသင့္ျပင္ထားလိုက္ၾကတယ္။
+++++

” ေအာက္အီးအီးအြတ္….”

အ႐ုဏ္တက္တဲ့အခ်ိန္ ေအာ္ျမည္လိုက္တဲ့ ေတာၾကက္တြန္သံနဲ႔အတူ ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြ ဇရပ္ေပၚကေန ဆင္းလာခဲ့လိုက္ၾကတယ္။

” ဆရာ… ေတာသရက္ပင္ဆီကိုသြားဦးမွာလား..”

” ေခတၱေတာ့၀င္ရမွာေပါ့… သူ႔ကိုၾကည့္ရတာ ငါတို႔ကို တစ္ခုခုေျပာခ်င္တဲ့ပုံစံေပါက္ေနတယ္”

” ဟုတ္ကဲ့ဆရာ… ဇရပ္ေပၚမွာေနတဲ့သူေတြလဲ ကြၽန္ေတာ္တို႔ထြက္သြားတာသိရင္ အေတာ္ေပ်ာ္ေနၾကမွာ”

ဆရာတပည့္ေတြ စကားတစ္ေျပာေျပာနဲ႔ လမ္းေလ်ာက္လာခဲ့တာ ႐ြာႏွစ္႐ြာနယ္နိမိတ္ထိစပ္ေနတဲ့ ေနရာအေရာက္မွာေတာ့ အေတာ္ႀကီးမားတဲ့ ေတာသရက္ပင္တစ္ပင္ကိုျမင္ေတြ႕လိုက္ရတယ္။

” ဆရာေျပာေတာ့ေတာသရက္ပင္ဆိုတာ ဒါပဲျဖစ္ရမယ္…”

ခြန္းလွက သရက္ပင္ကိုလက္ညိဳးထိုးေျပာ‌လိုက္တဲ့အခ်ိန္ အလန႔္တၾကားထြက္ေျပးေနသံေတြကို ၾကားလိုက္ရတယ္။

” ခြန္းလွ…မင္းလက္ကိုျပန္ခ်လိုက္”

ေအာင္ျမတ္သာက လက္ကိုဖ်တ္ခနဲ႐ိုက္ခ်လိုက္တာေၾကာင့္ ခြန္းလွတစ္‌ေယာက္ ေၾကာင္အအျဖစ္သြားခဲ့တယ္။

” ဘာျဖစ္လို႔လဲဆရာ…”

” မေန႔ညက ၾကာဖူးခံငါးလုံးစမကို လက္ေပၚမွာဆြဲခဲ့တယ္မဟုတ္လား”

” ဟုတ္ကဲ့”

” ဒီမစထိုးထားတဲ့လက္နဲ႔သြားထိုးေတာ့ ဟိုေကာင္ေတြ ေဆာက္တည္ရာမရျဖစ္ကုန္တာေပါ့… ေနာက္ဆို သတိထားပါ”

ေအာင္ျမတ္သာက ခြန္းလွကိုသတိေပးၿပီး သရက္ပင္ေအာက္ကိုေလ်ာက္သြားခဲ့ရာ ပင္စည္အေနာက္ကေန ရွည္းလ်ားေနတဲ့ဆံပင္ကိုဖ်ားလ်ားခ်ထားတဲ့ လူတစ္ေယာက္ထြက္လာခဲ့တယ္။

” ခုနက ဘယ္သူထိသြားေသးလဲ”

” ဘယ္သူမွမထိပါဘူးဆရာ… ဒါေပမယ့္ ႐ုတ္တရက္ ငရဲမီးလိုပူေလာင္လာေတာ့ အကုန္ထြက္ေျပးၾကရတာပါ.. ဒါမ်ိဳးက ဘုန္းႀကီးသကၤန္းစနဲ႔ ခဏခဏ႐ိုက္ခံထိေနၾကမို႔ ဒီေကာင္ေတြေနသားက်ေနပါၿပီ”

” သကၤန္းစနဲ႔႐ိုက္ခံထိေနၾကဆိုတာက.. ဘယ္လိုမ်ိဳးလဲ”

” အရင္ကဆို ႐ြာေက်ာင္းက ဦးဇင္းေတြ အ႐ုဏ္ဆြမ္းႂကြတဲ့အခါ သရက္ပင္ေအာက္ကေနျဖတ္ၾကတယ္… အဲဒီလိုႂကြရင္ သပိတ္ထဲကေန ထြက္လာတဲ့ ဆြမ္းနံ႔ေတြကို အပင္မွာေနတဲ့ေကာင္ေတြမခံႏိုင္တဲ့အတြက္ ႏႈိက္စားဖို႔ႀကိဳးစားၾကတယ္။ အခ်ိဳ႕က်ေတာ့လဲ လက္တစ္ဆုပ္စာထမင္းေတြရသလို အခ်ိဳ႕က်ေတာ့လဲ သကၤန္းစနဲ႔ထိၿပီး လူးလိမ့္ေအာ္ရတာေတြရွိတယ္။ သူတို႔ေတြျပန္ေျပာတာက သကၤန္းစနဲ႔ထိတဲ့အခ်ိန္ ငရဲမီးနဲ႔ၿမိဳက္သလိုခံစားရတယ္ဆိုပဲ”

” ေအာ္… ဒါေၾကာင့္ ဘုရားရွင္က ရဟန္းေတာ္ေတြ ညေရးညတာအျပင္ထြက္ရင္ သကၤန္းကိုကိုယ္နဲ႔ကပ္ေနေအာင္႐ုံဖို႔ ပညတ္ခဲ့တာကိုး”
(မွတ္ခ်က္။ သကၤန္းမွာပါတဲ့ ၾကယ္သီးလိုအလုံးေတြက သကၤန္းစေတြေလထဲမပ်ံ႕လြင့္ေအာင္စည္းေႏွာင္ဖို႔ထည့္ထားေပးျခင္းျဖစ္ပါတယ္။)

” ဆရာတို႔ ဒီကေန ဘယ္ကိုခရီးဆက္ၾကမလို႔လဲ”

” ေျခဦးတည့္ရာသြားရမွာေပါ့… အတိအက်ခရီးစဥ္ရယ္လို႔မွမရွိတာ”

” ဆရာတို႔ကို ခလြန္း႐ြာသုႆာန္ကို သြားေစခ်င္ပါတယ္”

” ဟင္…ခလြန္း႐ြာသုႆာန္က ဘာျဖစ္ေနလို႔လဲ”

” ခလြန္း႐ြာသုႆာန္မွာရွိတဲ့ နတ္ရဲပင္ေအာက္မွာ ပညာၿပိဳင္ရာကေန ရႈံးနိမ့္ထားတဲ့ဆရာေတြရဲ႕ ဝိဉာဥ္ကိုခ်ဳပ္ေႏွာင္ထားပါတယ္…”

” ဘယ္သူကခ်ဳပ္ေႏွာင္ထားတာလဲ ေျပာပါဦး”

” ခလြန္း႐ြာရဲ႕ ကေဝပညာသည္ေဒၚၿမိဳင္ကိုယ္တိုင္ဖမ္းစီးထားတာပါ… ဆရာတို႔ရဲ႕ပညာနဲ႔ ဒီမိန္းမႀကီးကိုဆုံးမေပးေစခ်င္ပါတယ္”

” သင္က အလုံးစုံကိုသိေနပါေရာလား…”

ေအာင္ျမတ္သာစကားေၾကာင့္ ေတာသရက္ပင္ေစာင့္ပုဂၢိဳလ္ဆီကေန ငိုရႈိက္သံသဲ့သဲ့ထြက္လာၿပီး

” ဘာလို႔သိရလဲဆိုရင္ က်ဳပ္ကိုယ္တိုင္ ဖမ္းဆီးခံခဲ့ရတဲ့ ဆရာတစ္ေယာက္ျဖစ္ခဲ့လို႔ပဲ”

” ဘယ္လို… သင္က ဖမ္းဆီးခံထိဖူးတဲ့သူ ဟုတ္လား”

” ဟုတ္ပါတယ္… က်ဳပ္ပညာႏုစဥ္ကာလ ကေဝပညာသည္ေဒၚၿမိဳင္နဲ႔ ပက္ပင္းတိုးရင္ဆိုင္ခဲ့ရတယ္။ က်ဳပ္က ဒီမိန္းမႀကီးကို သာမန္ပညာသည္လို႔ထင္ၿပီး ရင္ဆိုင္ခဲ့ေပမယ့္ သူက ၁၂ႀကိဳးကို ထုံးလို‌ေၾကေရလိုေနာက္တတ္ေျမာက္ထားတဲ့သူ ကေဝမႀကီးျဖစ္ေနခဲ့တယ္။ သူ႔ကိုမယွဥ္ႏိုင္တဲ့က်ဳပ္ကို လိပ္ျပာႏႈတ္ၿပီး အျခားဆရာေတြရဲ႕ဝိဉာဥ္နဲ႔အတူ နတ္ရဲပင္ေအာက္မွာ ျမဳပ္ႏွံကာ သူ႔ရဲ႕အခိုင္းအေစအေနနဲ႔ အသုံးခ်ခဲ့တယ္။ က်ဳပ္တို႔ကိုနတ္ရဲပင္အရိပ္က်တဲ့ေနရာတစ္ဝိုက္မွာပဲသြားလို႔ရေအာင္ ခ်ဳပ္ေႏွာင္ထားခဲ့ၾကတယ္။ ဒါေပမယ့္ တစ္ရက္မွာေတာ့ က်ဳပ္တစ္ေယာက္ထဲ နတ္ရဲပင္အျပင္ဘက္ကိုထြက္လို႔ရသြားခဲ့တယ္။ ဘာေၾကာင့္ထြက္လို႔ရတယ္ဆိုတာကိုေတာ့ အခုထိမသိေသးဘူး”

” သင္ လြတ္ေျမာက္တာႏွစ္ေပါင္းဘယ္ေလာက္ၾကာပီလဲ”

” ႏွစ္သုံးဆယ္ေက်ာ္ပါၿပီ… ဆရာ”

” ဒါဆို ေဒၚၿမိဳင္ရဲ႕အသက္က အနည္းဆုံး ၈၀ေက်ာ္ေတာ့ရွိေရာေပါ့”

” အတိအက်ေတာ့မေျပာတတ္ဘူးဆရာ… က်ဳပ္နဲ႔ပညာၿပိဳင္တဲ့အခ်ိန္ သူ႔အသက္က ၃၀ေတာင္မျပည့္ေသးဘူး”

” သင္ေျပာတဲ့ပုံအရ ေဒၚၿမိဳင္ဆိုတဲ့ပညာသည္က ၁၂ႀကိဳးပညာရပ္ထဲပါတဲ့ ႏြယ္စင္ႀကိဳးပညာရပ္ကိုသုံးၿပီး ခ်ဳပ္ေႏွာင္ထားတာပဲ… ”

” ဆရာတို႔ကို အကူအညီေတာင္းပါတယ္… ဒီမိန္းမႀကီးရဲ႕ ႏွိပ္စက္မႈေအာက္မွာရွိတဲ့သူေတြကိုကယ္တင္ေပးပါ”

ေအာင္ျမတ္သာတို႔လဲ ေတာသရက္ပင္ေစာင့္ပုဂၢိဳလ္ရဲ႕စကားေၾကာင့္ ဦးတည္ရာမရွိတဲ့ေျခလွမ္းေတြအျဖစ္ကေန ခလြန္း႐ြာကိုသြားမယ့္ ေျခလွမ္းေတြအျဖစ္ကို ကူးေျပာင္းခဲ့ၾကတယ္။
+++++

” အဟီးအဟီး ဂစ္ဂစ္ဂစ္ဂစ္…”

ၿခဳံေစာင္ထဲကေန ထြက္ေပၚလာတဲ့ ညဥ္းသံေၾကာင့္ အိပ္ေပ်ာ္ေနတဲ့ ေ႐ႊမိတစ္ေယာက္လန႔္ႏိုးလာခဲ့တယ္။

” အေမႀကီး အဖ်ားေတြတက္ေနျပန္ပီလား”

” အင္း… တစ္ကိုယ္လုံးခ်မ္းစိမ့္ေနတာပဲ ေ႐ႊမိရယ္.. ၾကက္စြတ္ျပဳတ္ပူပူေလးေသာက္ခ်င္လိုက္တာ”

” အေမႀကီးကလဲ… ဒီအခ်ိန္ႀကီး ၾကက္သားကိုဘယ္ကသြားရွာရမွာလဲ… ေနာက္ၿပီး ေ႐ႊမိက ၾကက္ကိုမသတ္ရဲဘူး”

” ဟင္းဟင္းဟင္း… နင္ကေတာ့ေလ ငါ့ေျမးလုပ္ေနၿပီး ဒါေတာင္မလုပ္ရဲဘူးလား… ကဲကဲ ထားေတာ့ နင္မသတ္ရဲရင္ေတာင္ ၾကက္ေတာ့ခုတ္တတ္တယ္မလား”

” အဲေလာက္ေတာ့လုပ္တတ္ပါတယ္…”

အမယ္အိုႀကီးက တုန္ရီေနတဲ့လက္နဲ႔ အိမ္အျပင္ကိုလက္ညိဳးထိုးၿပီး အံကိုအသံျမည္ေအာင္ႀကိတ္လိုက္ရာ ဝါးလုံးတန္းေပၚမွာ အိပ္တန္းတက္ေနတဲ့ ၾကက္တစ္ေကာင္ ဘုတ္ခနဲလဲက်သြားခဲ့တယ္။

” ေ႐ႊမိ… အဲဒီၾကက္ကို ခုတ္ထစ္ၿပီး စြပ္ျပဳတ္ေလးလုပ္ေပးစမ္း”

အေမႀကီးရဲ႕ ထူးဆန္းေတြကအျပဳအမူကို မၾကာခဏဆိုသလိုျမင္ေတြ႕ေနရတဲ့ေ႐ႊမိအဖို႔ အခုလိုအျဖစ္က အဆန္းတၾကယ္မဟုတ္တဲ့အတိုင္း ေျမႀကီးေပၚျပဳတ္က်ေနတဲ့ၾကက္ကိုေကာက္ယူဖို႔ ထသြားခဲ့တယ္။

” ရွပ္ ရွပ္ ရွပ္…”

ေ႐ႊမိထြက္သြားတဲ့ခ်ိန္ ေခါင္းရင္းက်ဴထရံေပါက္နားမွာ လမ္းေလ်ာက္ေနတဲ့ ေျခသံေၾကာင့္ အဖ်ားတက္ေနတဲ့ အမယ္အိုႀကီးက တုန္ရီေသာအသံနဲ႔

” ဘယ္သူလဲကြယ့္… အသံေပးေနတာ”

” ကြၽန္ ကြၽန္ေတာ္ ငနီႀကီးပါ အေမ”

” ေအး ငနီ… ဘာကိစၥရွိလို႔လဲ”

” ႐ြာထဲကို ဘယ္ကေရာက္လာမွန္းမသိတဲ့ ဆရာသုံးေယာက္၀င္လာလို႔ အေမႀကီးကို လာေျပာတာပါ”

ငနီႀကီးစကားေၾကာင့္ အမယ္အိုႀကီးမ်က္ႏွာ တင္းခနဲျဖစ္သြားၿပီး

” ေအးေအး… နင္တို႔ငါ့အမိန႔္မရပဲ ဘာမွမလုပ္ၾကနဲ႔… ကိုယ့္ေနရာမွာ ကိုယ္သတိနဲ႔ေနၾက ၾကားလား”

” ဟုတ္ကဲ့ အေမႀကီး”

ငနီႀကီးထြက္သြားေတာ့ အမယ္အိုႀကီးက သူ႔ရဲ႕စူးရွတဲ့မ်က္လုံးနဲ႔ ႐ြာထိပ္ဘက္ကို ေစာင္းငဲ့ၾကည့္တဲ့အခ်ိန္ အျမင္အာ႐ုံတစ္ခုလုံးအေမွာင္ထုေတြဖုံးလႊမ္းသြားခဲ့တယ္။

မၾကာခင္ မီးခိုးတလူလူထြက္ေနတဲ့ အိမ္ထဲကေန က်ယ္ေလာင္တဲ့ ေတာက္ခတ္သံတစ္ခ်က္ထြက္ေပၚလာပါေလေရာ။
++++++++

” ဆရာ… ခုနက ျဖတ္ခ်လိုက္တဲ့ စက္ျဖတ္စမက အေတာ္ထူးျခားတာပဲ”

” ဘာျဖစ္လို႔လဲ ေမာင္ေကာင္း”

” လက္ဝါးေစာင္းနဲ႔ျဖတ္ခ်လိုက္တဲ့အခ်ိန္ ပိုးအိမ္မွ်င္ေတြျပတ္ထြက္သလိုခံစားလိုက္ရတယ္”

” ေဒၚၿမိဳင္ဆိုတဲ့ အမယ္အိုႀကီး ဆင္ထားတဲ့ စက္ႀကိဳးေတြအကုန္ျပတ္ထြက္သြားတဲ့ပုံစံပဲ… အခုငါတိုသုံးတဲ့စက္ျဖတ္စမက အသြားရွစ္ခုပါတာဆိုေတာ့ ဘယ္ေလာက္ရႈပ္ေထြးပါတယ္ဆိုတဲ့ စက္ကိုမဆို တိခနဲျဖတ္ခ်ႏိုင္တယ္”

” ဒါဆို ကြၽန္ေတာ္တို႔ေရာက္ေနတာကို ေဒၚၿမိဳင္ဆိုတဲ့မိန္းမႀကီးသိေနေလာက္ေရာေပါ့”

” ေသခ်ာတာေပါ့ ေမာင္ေကာင္းရယ္… ေဟာ… ေျပာရင္းဆိုရင္း သုသာန္၀ကိုေတာင္ေရာက္လာပါေရာလား”

ေအာင္ျမတ္သာက သုႆာန္၀ကိုေရာက္ေတာ့ ဆိုင္ရာပိုင္ရာေတြထံခြင့္ပန္ၿပီး အတြင္းကိုေျခခ်လိုက္တယ္ဆိုရင္ပဲ ပူေႏြးတဲ့ေလျပင္းတစ္ခုက မ်က္ႏွာကိုလာေရာက္႐ိုက္ခတ္သလို ခံစားလိုက္ရတယ္။

” ဒီေနရာက ပညာစက္ေတြအေတာ္သုံးထားတဲ့ပုံပဲ… အရင္ဆုံး နတ္ရဲပင္ရွိတဲ့ဘက္ကိုသြားၾကရေအာင္”

အလင္းေရာင္မွိန္ျပျပက်ေနတဲ့ ခလြန္း႐ြာသုႆာန္ရဲ႕အလယ္မွာေတာ့ ေညာင္မုတ္ဆိတ္ေတြရွည္လ်ားစြာက်ေနတဲ့ ေညာင္ပင္အိုႀကီးတစ္ပင္က တေစၦအိုႀကီးတစ္ေကာင္ငုတ္တုတ္ထိုင္ေနသလို ျဖစ္ေနခဲ့တယ္။

ေညာင္ပင္ပတ္ပတ္လည္မွာေတာ့ ၿပိဳပ်က္ေနတဲ့ အုတ္ဂူအေဟာင္းေတြအျပင္ ေတာေခြးေတြယက္ထားလို႔ ဖ႐ိုဖရဲျဖစ္ေနတဲ့ ေျမပုံမို႔မို႔ေတြက မသတီစရာေကာင္းေအာင္ တည္ရွိေနသလို ေလအေဝွ႔မွာ ပါလာတဲ့ ပုတ္အဲ့အဲ့အနံ႔ဆိုးေတြကလဲ သုႆာန္ဆိုတဲ့ေဝါဟာရကိုပိုၿပီးအသက္၀င္ေစခဲ့တယ္။

ေညာင္ပင္ေအာက္ေျခမွာေတာ့ သုံးေပသာသာရွိတဲ့ နတ္ကြန္းတစ္ခုကိုျမင္လိုက္ရၿပီး အတြင္းမွာေတာ့ ႏြမ္းလုဆဲဆဲျဖစ္ေနတဲ့ေတာပန္းေတြထိုးထားတဲ့ပန္းအိုးတစ္လုံးရွိေနခဲ့တယ္။

” ဆရာ… ဒီအပင္က ေတာသရက္ပင္ေစာင့္ပုဂၢိဳလ္ေျပာတဲ့အပင္ပဲျဖစ္ရမယ္…”

” ဒါက နတ္ရဲပင္ဆိုတာေသခ်ာတယ္… ဒါေပမယ့္ ျမဳပ္ႏွံထားတဲ့အစီအရင္ေတြကို ရွာဖို႔ပဲခက္တာ”

” ဆရာခြင့္ျပဳမယ္ဆိုရင္ ကြၽန္ေတာ္တို႔ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ႀကိဳးစားၾကည့္မယ္ေလ”

ေအာင္ျမတ္သာလဲတပည့္ႏွစ္ေယာက္ရဲ႕ တက္ႂကြေနမႈကိုျမင္ေတာ့ ေခါင္းတၿငိမ့္ၿငိမ့္လုပ္ရင္း

” မင္းတို႔ရဲ႕ပညာစြမ္းေတြကိုစမ္းသပ္တဲ့အေနနဲ႔ လုပ္ခြင့္ေပးလိုက္မယ္… ဒါေပမယ့္ ျဖစ္လာသမွ် ကိစၥေတြအကုန္ မင္းတို႔ႏွစ္ေယာက္တာ၀န္ယူေျဖရွင္းရမွာေနာ္”

” စိတ္ခ်ပါဆရာ.. ကြၽန္ေတာ္တို႔တာ၀န္ယူေျဖရွင္းပါ့မယ္”

ေအာင္ျမတ္သာလဲ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ႏွစ္ေယာက္ကို မ်က္ခုံးေလးပင့္ကာ ၾကည့္လိုက္ၿပီး အနီးနားမွာရွိတဲ့ အုတ္ဂူတစ္လုံးေပၚတက္ထိုင္ကာ ေစာင့္ၾကည့္ေနခဲ့တယ္။

ေမာင္ေကာင္းနဲ႔ခြန္းလွတို႔လဲ နတ္ရဲပင္ကို လက္ယာရစ္ပတ္ၿပီး စည္းတားေနတဲ့အခ်ိန္ ရာ၀င္အိုးတစ္လုံးေလာက္ရွိတဲ့ သစ္ေခါင္းေပါက္ထဲကေန မီးခဲလိုနီရဲေနတဲ့ မ်က္လုံးႏွစ္လုံးေပၚလာခဲ့တယ္။

” ခြန္းလွ သူ႔ကိုအာ႐ုံစိုက္မေနနဲ႔… လုပ္စရာရွိတာလုပ္”

ေမာင္ေကာင္း လွမ္းသတိေပးလိုက္ေတာ့ ခြန္းလွလဲ ဘယ္ကိုမွဆက္မၾကည့္ေတာ့ပဲ စည္းကိုဆက္တားေနခဲ့လိုက္တယ္။

အားလုံးၿပီးစီးသြားခ်ိန္မွာေတာ့ သစ္ေခါင္းေပါက္ထဲကေနေခ်ာင္းေနတဲ့အေကာင္က ခြၽန္ျမေနတဲ့လက္သည္းကို ပင္စည္နဲ႔ တဂ်စ္ဂ်စ္ျမည္ေအာင္ ကုတ္ဖဲ့ရင္း ကုန္းကုန္းကြကြပုံစံနဲ႔ ထြက္လာခဲ့တယ္။

” ဒီေကာင္ ဘာတုန္းဟ… ေခါင္းမွာလဲ ဆံပင္ေတြက က်ိဳးတိုးက်ဲတဲ၊ မ်က္လုံးမွာလဲ မ်က္ခြံမပါဘူး၊ မဟုတ္မွလြဲေရာ ဟိုမိန္းမႀကီးေမြးထားတဲ့ ဖုတ္ဘီလူးမ်ားလား”

ေမာင္ေကာင္းက ခြန္းလွၾကားေအာင္ တီးတိုးေျပာေနတဲ့အခ်ိန္ နတ္ရဲပင္ေအာက္မွာ ေဘးဘက္ေထာက္ၿပီး ေလ်ာက္သြားေနတဲ့ေကာင္က တစ္ထြာေလာက္ရွိတဲ့ အစြယ္ကိုသြားဖုံးအျပင္ဘက္ကိုထုတ္ၿပီး ဝူးဝူးဝါးဝါးေအာ္ကာ အနားကပ္လာခဲ့တယ္။

” သင့္ကို က်ဳပ္တို႔က ရန္ျပဳဖို႔လာတာမဟုတ္လို႔ ကိုယ့္ေနရာကိုယ္ျပန္ေနလိုက္ပါ…”

ေမာင္ေကာင္းစကားေၾကာင့္ အနားကပ္လာတဲ့ ဖုတ္ဘီလူးက ေရွ႕ဆက္မတိုးလာေတာ့ပဲ ျပဴးက်ယ္ေနတဲ့မ်က္လုံးေတြနဲ႔ ပတ္၀န္းက်င္ကိုလိုက္ၾကည့္ေနခဲ့တယ္။

” ဒီေကာင္က အခုလိုက်ေတာ့လဲ ေျပာစကားနားေထာင္သားပဲ…”

ခြန္းလွက ေက်နပ္တဲ့ေလသံနဲ႔ေျပာၿပီး ရယ္ေနတဲ့အခ်ိန္ က်ီးၾကည့္ေၾကာင္ၾကည့္လုပ္ေနတဲ့ ဖုတ္ဘီလူးေကာင္က တဟုန္ထိုးေျပး၀င္လာခဲ့တယ္။ ဒါေပမယ့္ အနားမေရာက္ခင္မွာပဲ အေနာက္ကို ဂြၽမ္းျပန္ကာလဲက်သြားတယ္။

ခြန္းလွၾကည့္လိုက္ေတာ့ ေမာင္ေကာင္းရဲ႕လက္ဝါးမွာ သရဏဂုံအင္းကိုကိုင္ထားတာျမင္လိုက္ရတယ္။

အထိနာသြားတဲ့ဖုတ္ဘီလူးေကာင္က အနားကိုထပ္မလာရဲေတာ့ပဲ သစ္ေခါင္းေပါက္ထဲျပန္၀င္ဖို႔လုပ္တဲ့အခ်ိန္ ခြန္းလွက ျမင္းပုံစံေရးဆြဲထားတဲ့ပုဏၰကယကၡရာဇာအင္းကို ဘယ္လက္ဖဝါးေပၚတင္ၿပီး ညာလက္နဲ႔ေျဖာင္းခနဲျမည္ေအာင္႐ိုက္ခ်လိုက္ရာ ‌နတ္ရဲပင္အေနာက္ကေန တစ္ကိုယ္လုံးဆြတ္ဆြတ္ျဖဴေနတဲ့ ျမင္းတစ္ေကာင္ ခုန္ေပါက္ထြက္လာၿပီး သစ္ေခါင္းေပါက္ထဲ၀င္ဖို႔လုပ္ေနတဲ့ ဖုတ္ဘီလူးကို ေနာက္ျပန္ကန္ခ်လိုက္တယ္။

” ခြပ္…. ”

” အင့္… ဝုန္း”

ျမင္းျဖဴႀကီးက လဲက်သြားတဲ့ ဖုတ္ဘီလူးကို လႈပ္မရေအာင္ခြာနဲ႔တက္နင္းၿပီး ခြန္းလွဘက္ကို ေစာင္းငဲ့ၾကည့္လိုက္တယ္။

” အိုး… လွလိုက္တဲ့ ျမင္းျဖဴႀကီးကြာ… လည္ဆံေမႊးေတြက ပိုးသားလိုေျဖာင့္စင္းရွည္က်ေနပါလား”

ခြန္းလွက အံ့ဩစြာေရ႐ြတ္ရင္း အနားကပ္သြားတဲ့အခ်ိန္ ျမင္းျဖဴႀကီးက သူ႔ရဲ႕ေခါင္းကို ထိုးေပးတာေၾကာင့္ အသာယာပြတ္သပ္ေပးရင္း ေအာက္ကိုၾကည့္ကာ

” နတ္ရဲပင္ေအာက္မွာ ခ်ဳပ္ေႏွာင္ခံထားရတဲ့သူေတြရွိေသးတယ္မဟုတ္လား…”လို႔ေမးေသာ္လည္း ဘာမွမတုံ႔ျပန္တဲ့အတြက္ အေနာက္မွာရပ္ေနတဲ့ ေမာင္ေကာင္းက ေရွ႕တက္လာၿပီး

” ဆိုင္ရာပုဂၢိဳလ္မ်ားအေနနဲ႔ စကားေျပာလို႔ရေအာင္ ႏႈတ္ဖြင့္ေပးပါ” လို႔ ေျပာလိုက္ေတာ့မွ ေအာက္မွာ ညဥ္းညဴေနတဲ့ ဖုတ္ဘီလူးဆီကေန အသံထြက္လာခဲ့တယ္။

” နတ္ရဲပင္ေအာက္မွာ အျခားဘယ္သူေတြရွိေသးလဲ… အမွန္တိုင္းမေျဖပဲလိမ္ညာမယ္ဆိုရင္ ဦးေခါင္းကိုစိစိညက္ေၾကေအာင္ ခြာနဲ႔နင္းခိုင္းရလိမ့္မယ္”

” ငါမလိမ္ရဲပါဘူး… ငါသိသေလာက္ ဆံပင္ဖားလ်ားနဲ႔လူေလးေယာက္ရွိတယ္…”

” သူတို႔ကို ဘယ္နားမွာ ျမဳပ္ထားတာလဲ”

” ဒါေတာ့ ငါလဲမသိဘူး… အေမႀကီးလုပ္ထားတာဆိုေတာ့ သူပဲသိလိမ့္မယ္”

ေမာင္ေကာင္းနဲ႔ခြန္းလွလဲ ေၾကာက္လန႔္တၾကားေျပာေနတဲ့ ဖုတ္ဘီလူးကိုၾကည့္ၿပီး

” သူေျပာေနတာေတြကအမွန္ျဖစ္မွာပါ… ဒီေလာက္နဲ႔လႊတ္ေပးလိုက္ၾကရေအာင္” လို႔ေျပာလိုက္ေတာ့ ခြန္းလွက ျမင္းျဖဴရဲ႕လည္ဆံေမႊးကိုပြတ္သပ္လိုက္ရာ အျဖဴေရာင္အခိုးေငြ႕ေတြအျဖစ္ေျပာင္းသြားၿပီး ေလထဲကိုလြင့္ပ်ံ႕သြားခဲ့တယ္။

” အဟြတ္ အဟြတ္ အဟြတ္”

ေမာင္ေကာင္းတို႔လဲ ေခ်ာင္းဆိုးသံေၾကာင့္ လွည့္ၾကည့္လိုက္ရာ သုႆာန္ထဲကို တုန္ခ်ိစြာ၀င္ေရာက္လာတဲ့ လူရိပ္ႏွစ္ခုကိုျမင္လိုက္ရတယ္။

” အဖြား ရရဲ႕လား… ”

” ရပါတယ္ေအ… ညဥ္းသာ ငါ့ကိုထိန္းထားေပး… အဟြတ္ အဟြတ္… ေဟ့ အပင္ေအာက္‌က ေကာင္ေလးေတြ လူႀကီးတစ္ေယာက္လုံးလာတာကိုေတာင္ အဖက္မလုပ္ၾကဘူး…”

ဗ်စ္ေတာက္ ဗ်စ္ေတာက္ေျပာရင္း သုႆာန္ထဲ၀င္လာတဲ့ အမယ္အိုႀကီးကိုျမင္ေတာ့ အုတ္ဂူေပၚတင္ပလႊဲထိုင္ေနတဲ့ ေအာင္ျမတ္သာက ေအာက္ကိုဆင္းကာမတ္တပ္ရပ္ေနလိုက္တယ္။

” ဒီေကာင္ေလးကေတာ့ ယဥ္ေက်းမႈရွိသားပဲ…”

အမယ္အိုက ေအာင္ျမတ္သာကို ေစာင္းငဲ့ၾကည့္ကာ ေျပာလိုက္ၿပီး နတ္ရဲပင္ေအာက္ကို တုန္ခ်ိစြာဆက္ေလ်ာက္လာရင္းကေန ဟိုဟိုဒီဒီလိုက္ၾကည့္ေနခဲ့တယ္။

” ငါ့ကေလးေတြကို ဘယ္လိုေတာင္ ေၾကာက္ေအာင္ လုပ္ထားၾကတာလဲ… သူ႔ခဗ်ာ ငါလာတာကိုေတာင္ ထြက္မႀကိဳႏိုင္ရွာဘူး ကြၽတ္ ကြၽတ္ ကြၽတ္”

” ဘာမွမလုပ္ရပါဘူးဗ်ာ… ကြၽန္ေတာ္တို႔သိခ်င္တာေလးေတြေမးဖို႔ေခၚ႐ုံပါပဲ”

” မင္းတို႔က ဘာသိခ်င္ေနၾကတာလဲ… အခုငါ့ကိုေမးလို႔ရတယ္ေနာ္”

” အေမႀကီးက ခြင့္ျပဳေတာ့လဲေမးရတာေပါ့ဗ်ာ… ကြၽန္ေတာ္တို႔သိရသေလာက္ နတ္ရဲပင္ေအာက္မွာ အေမႀကီး ခ်ဳပ္ေႏွာင္ထားတဲ့ သူေတြရွိတယ္ဆိုပဲ”

ေမာင္ေကာင္းစကားေၾကာင့္ အမယ္အိုႀကီးက ပါးရည္ေတြတြန႔္လိပ္ေအာင္ရယ္လိုက္ၿပီး
” ေကာလဟာလေတြပါ ကေလးတို႔ရယ္… ဘယ္ကေနၾကားလာျပန္ပီလဲ..”

” ေကာလဟာလမဟုတ္ေလာက္ပါဘူး… ဘာလို႔ဆို ဒီအပင္ကေနလြတ္ေျမာက္လာတဲ့သူကိုယ္တိုင္ ေျပာခဲ့တာမို႔ပါ”

” အဟြတ္အဟြတ္… ဘိုးဇံဆိုတဲ့ေကာင္ လက္ေထာက္ခ်လိုက္ၿပီထင္တယ္… ဒီေကာင္က တကယ္မလြယ္တဲ့ေကာင္ပဲ”

” အေမႀကီးရယ္ ဟန္ေဆာင္မ‌ေနပါနဲ႔ေတာ့… ”

” ကဲကဲ…. နင္တို႔က အကုန္သိေနတာဆိုေတာ့လဲ အမွန္တိုင္းေျပာရမွာေပါ့… ဟုတ္တယ္… ငါနဲ႔ပညာၿပိဳင္လို႔ ရႈံးသြားတဲ့သူေတြကို လိပ္ျပာႏႈတ္ၿပီး ဒီအပင္ေအာက္မွာ ခ်ဳပ္ေႏွာင္ထားတယ္”

” သူတို႔ကို လႊတ္ေပးဖို႔ေရာ စိတ္ကူးမရွိဘူးလားဗ်”

” နင္တို႔က လႊတ္ေပးေစခ်င္ရင္ေတာ့လဲ လႊတ္ေပးရမွာေပါ့… ဒါေပမယ့္ ဒီတိုင္းေတာ့မလႊတ္ေပးဘူး”

” အေမႀကီးက ဘယ္လိုျဖစ္ေစခ်င္လဲဆိုတာေျပာပါ”

” မင္းတို႔ရဲ႕ပညာကို ငါအသိအမွတ္ျပဳေအာင္ လုပ္ျပေလ… ဒါဆိုရင္ လႊတ္ေပးမယ္”

ေမာင္ေကာင္းလဲ အမယ္အိုႀကီးစကားေၾကာင့္ ခြန္းလွကိုေနာက္ဆုတ္ခိုင္းလိုက္ၿပီး

” အေမႀကီးက ကြၽန္ေတာ္ရဲ႕အဖြားအ႐ြယ္ေလာက္ရွိတာဆိုေတာ့ ဦးစားေပးတဲ့အေနနဲ႔ ကြၽန္ေတာ္ဘက္က ဒီတိုင္းၿငိမ္ေနေပးမယ္… အဆုံးအျဖတ္အေနနဲ႔ ႏွစ္ေတာင္စည္းအတြင္းကေန ကြၽန္ေတာ္ကိုထြက္ေအာင္ တိုက္ႏိုင္ရင္ အေမႀကီး ႏိုင္မယ္… မတိုက္ႏိုင္ဘူးဆိုရင္‌ေတာ့ ကြၽန္ေတာ္အႏိုင္ေပါ့”

” ဟီးဟီးအဟက္အဟက္… ဟုတ္ပီ ဟုတ္ပီ… စည္းဝိုင္းလိုက္ပါဦး”

ေမာင္ေကာင္းလဲ အနားမွာရွိတဲ့ သစ္ကိုင္းေျခာက္တစ္ခုကို ေကာက္ယူကာ အခ်င္းႏွစ္ေတာင္ရွိတဲ့ စည္းတစ္ခုကိုတားကာ အတြင္းဘက္မွာ မတ္တပ္ရပ္ေနလိုက္တယ္။

” ေ႐ႊမိ… ငါ့ေတာင္ေဝွးယူထားလိုက္”

အမယ္အိုက ေတာင္ေဝွးကို ေဘးမွာရပ္ေနတဲ့ ေကာင္မေလးဆီကိုပစ္ေပးလိုက္ၿပီး ေျပေလ်ာ့ေနတဲ့ ခဘီကိုခပ္တင္းတင္းျပင္၀တ္လိုက္တယ္။

” ေကာင္ေလး…. နင့္ဘက္က အသင့္ျဖစ္ၿပီလား”

” အေမႀကီးဘက္က စလို႔ရပါၿပီ”

အမယ္အိုႀကီးက မဲ့ၿပဳံးတစ္ခ်က္ၿပဳံးၿပီး ဂါထာတစ္ပုဒ္ကို အသံအေနအထားနဲ႔႐ြတ္ဖတ္လိုက္ရာ အနားပတ္၀န္းက်င္မွာရွိေနတဲ့ သစ္ကိုင္းေျခာက္ေတြအားလုံးအဆိပ္ျပင္းေႁမြေတြအျဖစ္ေျပာင္းလဲသြားၿပီး ေမာင္ေကာင္းဆီကို စုၿပဳံတိုး၀င္လာခဲ့ၾကတယ္။

ဒါေပမယ့္ စည္းဝိုင္းအတြင္းကို၀င္မရပဲ အျပင္ဘက္မွာသာစုၿပဳံေနတာေၾကာင့္ အမယ္အိုႀကီးက ဒုတိယအႀကိမ္အေနနဲ႔ ေသးသြယ္တဲ့လက္ကိုေဝွ႔ယမ္းလိုက္ရာ နတ္ရဲပင္မွာေပါက္ေနတဲ့ ႏြယ္ပင္ေတြက သက္ရွိေတြလိုလႈပ္ရွားလာၿပီး ေရွာခနဲ ေရွာခနဲ ေအာက္ကိုဆင္းလာခဲ့ၾကတယ္။ စည္းဝိုင္းနဲ႔ တစ္လံအကြာကိုေရာက္ေတာ့ ေလးဘက္ေလးတန္ကိုဝိုင္းကာ အရွိန္နဲ႔ေျပးေဆာင့္ပါေလေရာ။

ျပင္းထန္အားပါတဲ့ အရွိန္ေၾကာင့္ စည္းထဲမွာရပ္ေနတဲ့ ေမာင္ေကာင္းက တစ္ခ်က္တစ္ခ်က္ ယိုင္ခနဲျဖစ္သြားတာကို အမယ္အိုႀကီးသတိထားမိခဲ့တယ္။ ေနာက္တစ္ေခါက္ ခႏၶာကိုယ္ယိုင္တဲ့အခ်ိန္မွာေတာ့ လက္မနဲ႔လက္ညိဳးၾကားထဲမွာ စက္ကိုလုံးၿပီး ဇယ္ေတာက္သလို ပစ္လႊတ္လိုက္ရာ ေမာင္ေကာင္းတားထားတဲ့ စည္းကိုေဖာက္ထြက္ၿပီး ရင္ၫြန႔္တည့္တည့္ဆီကို စူး၀င္လာခဲ့တယ္။

ဒါေပမယ့္ စက္လုံးအ႐ြယ္က ဆိတ္‌ေခ်းသီးခန႔္သာရွိတာမို႔ ခႏၶာကိုယ္ထဲမွာရွိေနတဲ့ ကိုယ္လုံအင္းကို မေက်ာ္လႊားႏိုင္ပဲ အျပင္ကိုျပန္ကန္ထြက္သြားခဲ့တယ္။

” အဟီးအဟီး ဟက္ဟက္…. ေကာင္ကေလး… မင္းက ဘယ္ဆိုးလို႔တုန္း… ဒါေပမယ့္ ပညာက ႏုေသးတယ္ကြယ့္”

” အေမႀကီး ကြၽန္ေတာ္ကို စည္းအျပင္ထြက္ေအာင္ မတိုက္ႏိုင္ေသးဘူးေလ”

” ေမာင္ေကာင္း… အေမႀကီးက မင္းကို ညႇာလိုက္တာ… တကယ္လို႔ သူသာ ကြမ္းသီးေလာက္ေလာက္ရွိတဲ့ စက္နဲ႔ပစ္ရင္ မင္းဒီေနရာမွာတင္ ေသြးအန္ၿပီးအသက္‌ဆုံးရႈံးႏိုင္တယ္”

အုတ္ဂူေပၚမွာထိုင္ရင္း လွမ္းေျပာလိုက္တဲ့ ေအာင္ျမတ္သာစကားေၾကာင့္ ေမာင္ေကာင္း မ်က္ႏွာပ်က္သြားခဲ့တယ္။

” ဟိတ္… အုတ္ဂူေပၚက ဆရာေလး… နင္ကေရာ ငါနဲ႔ဘာလို႔ရင္မဆိုင္တာလဲ”

” အေမႀကီးက ၿပိဳင္ေစခ်င္ေနတာလား…”

” ေအးကြယ္… ငါ့အေနနဲ႔ အခုထိ လက္ရည္တူ ယွဥ္ၿပိဳင္ရတဲ့သူမရွိေသးဘူး… မင္းကိုစေတြ႕ထဲက ပညာစြမ္းမနိမ့္ဘူးဆိုတာခန႔္မွန္းမိတယ္… ငါမေသခင္ တစ္ပြဲတစ္လမ္း ပညာကုန္ ၿပိဳင္ခ်င္ေသးတယ္ကြယ့္”

အမယ္အိုႀကီးစကားေၾကာင့္ ေအာင္ျမတ္သာက အုတ္ဂူေပၚကေန ဆင္းလာၿပီး

” ဒါဆို အေမႀကီးဘက္ကရႈံးရင္ ပညာေတြအကုန္ ဘုရားလႉမွာလား…”

” အမယ္..မင္းကလဲ အလာႀကီးပါလား… ၿပိဳင္ေတာင္မၿပိဳင္ရေသးဘူး ပညာေတြအကုန္စြန႔္ခိုင္းေနပီ”

” အေမႀကီးဘက္က ကတိတည္မယ္ဆိုမွ က်ဳပ္စည္းထဲ၀င္လာမယ္… ဘာလဲ အေမႀကီးက ပညာေတြစြန႔္ရမွာ စိတ္ပူေနတာလား”

” ဘာ…..ေတာက္စ္… ”

႐ုတ္တရက္ထြက္လာတဲ့ ေတာက္ခတ္သံေၾကာင့္ နတ္ရဲပင္က သစ္႐ြက္ေတြ ေလမတိုက္ပဲလႈပ္ခါေနတာကို သတိထားမိခဲ့တယ္။ ေအာင္ျမတ္သာလဲ အမယ္အိုႀကီးရဲ႕ စိတ္ကိုဆြလိုက္ရာ ခ်က္ခ်င္းပင္ ပညာသည္မာန္ထလာခဲ့တယ္။

” နင့္ေလာက္ကိုငါကစာဖြဲ႕စရာလား… မယ္ၿမိဳင္ဆိုတဲ့ငါ့အေၾကာင္း နင္သိေအာင္ျပရေသးတာေပါ့”

” အေမႀကီး ရႈံးရင္ ကတိအတိုင္း ပညာစြန႔္ရမွာေနာ္”

” နင့္အသက္မေသေအာင္သာ သတိထား”

ေဒၚၿမိဳင္ဆိုတဲ့ အမယ္အိုႀကီးက အံကိုႀကိတ္ၿပီး ဖေနာင့္ကိုေပါက္ခ်လိုက္ရာ ၀မ္းဗိုက္ေနရာကေန ၿပိဳးခနဲပ်က္ခနဲအလင္းေရာင္ေတြထြက္လာခဲ့တယ္။

” ဒီမိန္းမႀကီးက နတ္စက္ႀကိဳးရပညာသည္ပဲ… ဒါေၾကာင့္ ေမာင္ေကာင္း မခံႏိုင္တာကိုး”

ေအာင္ျမတ္သာက တီးတိုးေရ႐ြတ္လိုက္ၿပီး ညာဘက္လက္နဲ႔ ေခါင္းကေန ေျခဖ်ားထိသပ္ခ်လိုက္ရာ ေ႐ႊေရာင္အဆင္းရွိတဲ့ စမစာလုံးေတြက အရည္ျပားထဲကေန အျပင္ကိုတိုးထြက္လာၿပီး သံခ်ပ္ကာသဖြယ္ ကာရံေပးထားခဲ့တယ္။

အမယ္အိုႀကီးကလဲ ခါးမွာခ်ိတ္ထားတဲ့ လက္ကိုင္ပဝါကို ခါယမ္းၿပီးမန္းမႈတ္လိုက္ရာ အုန္းသီးတစ္လုံးစာေလာက္ႀကီးတဲ့ ေတာပိတုန္းနက္တစ္ေကာင္အျဖစ္ေျပာင္းသြားၿပီး ေအာင္ျမတ္သာရွိရာ ထိုးစိုက္ဖို႔၀င္လာခဲ့တယ္။ ဒါေပမယ့္ ပိတုန္းနက္ရဲ႕အစြယ္က သံခ်ပ္ကာသဖြယ္ကာရံထားတဲ့ စမအကၡရာေတြကို မထိုးေဖာက္ႏိုင္ခဲ့ေပ။

ေတာပိတုန္းနက္အတိုက္နဲ႔မရေတာ့ ၃၇မင္းနတ္ေတြကို ဆင့္ေခၚၿပီးတိုက္ပါေလေရာ။ ဒါေပမယ့္ ပညာရည္ျပည့္ေနတဲ့ ေအာင္ျမတ္သာအနားကို ကပ္လို႔ေတာင္မရပဲ ေျခဦးတည့္ရာ ထြက္ေျပးၾကကုန္တယ္။

ဒုတိယအတိုက္မွာလဲမေအာင္ျမင္တဲ့ အမယ္အိုႀကီးရဲ႕ ပညာမာန္က တစ္ေျဖးေျဖးႀကီးထြားလာသလို စက္ေတြပစ္လႊတ္တိုက္ခိုက္မႈကလဲ ေၾကာက္မခန္းလိလိျပင္းထန္လာခဲ့တယ္။

ေအာင္ျမတ္သာလဲ အမယ္အိုႀကီးရဲ႕ ပညာမာန္ကို ျဖတ္မခ်ရင္မရေတာ့ကိုသိတဲ့အတြက္ အသြား၈ခုပါတဲ့သန္လ်က္စက္ျဖတ္စမကို ညာလက္ဝါးေပၚ ႐ိုက္ၿပီး ခႏၶာကိုယ္ကေနထုတ္လႊတ္ထားတဲ့ စက္‌ႀကိဳးေတြကို ျဖတ္ခ်လိုက္ေပမယ့္ စက္ႀကိဳးကျပတ္မသြားပဲ လက္ဝါးေစာင္းသာအေနာက္ကိုကန္ထြက္လာခဲ့တယ္။

အမယ္အိုႀကီးဆီကေန ပစ္လႊတ္ေနတဲ့ စက္ေတြက အရပ္ရွစ္မ်က္ႏွာကေန ဖ်တ္ခနဲ ဖ်တ္ခနဲ ထိုး၀င္လာတာေၾကာင့္ ေအာင္ျမတ္သာအေနနဲ႔သတိႀကီးႀကီးထားၿပီး ေဘးကိုဆြဲပစ္ေနခဲ့ရတယ္။အဲဒီအခ်ိန္

” လူေလး… နတ္စက္ႀကိဳးရပညာသည္ေတြရဲ႕ ဗူးေစာင့္က စတုမဟာရာဇ္နတ္ဘုံက ျပည္ေျပးေတြျဖစ္တာမို႔ သူတို႔နဲ႔သက္ဆိုင္တဲ့ စမကိုသုံးၿပီး ႏွိမ္နင္းပါ” ဆိုတဲ့အသံကိုၾကားလိုက္ရတာေၾကာင့္ ပုရပိုက္ထဲကေန ေဖာ္ထုတ္ရရွိထားတဲ့ နတ္မင္းႀကီးေလးပါးစမကို အာ႐ုံျပဳလိုက္ရာ လြတ္အိတ္အတြင္းထဲကေန ငါးလက္မခန႔္ရွိတဲ့ အင္းစမတစ္ခ်ပ္အျပင္ကိုတိုးထြက္လာခဲ့တယ္။
ေအာင္ျမတ္သာလဲ အေပၚကိုတိုးထြက္လာတဲ့ နတ္မင္းႀကီးေလးပါးစမကို ဖမ္းယူၿပီး အသက္သြင္းဂါထာ႐ြတ္ဖတ္လိုက္ရာ စမအကၡရာေတြက မိုင္းကိုင္စကၠဴထဲကေန အျပင္ကိုထြက္လာၿပီး အမယ္အိုႀကီးရဲ႕ ေလးဖက္ေလးတန္ကို ပတ္ဝိုင္းထားလိုက္ၾကတယ္။

ဝိုင္းပတ္ထားတဲ့ စမအကၡရာေတြအေနနဲ႔ စတုမဟာရာဇ္နတ္မင္းႀကီးေလးပါးရဲ႕ ပုံေတာ္အပြားတိုင္းျဖစ္တည္လာတာေၾကာင့္ ဗူးေစာင့္ပုဂၢိဳလ္ေတြအေနနဲ႔ ေၾကာက္လန႔္ၿပီး ၀မ္းဗိုက္ထဲမွာရွိတဲ့ ဗိမၺာန္ထဲကို ၀င္ေျပးသြားခဲ့ၾကတယ္။ ဗူးေစာင့္ေတြၿငိမ္က်သြားတာနဲ႔ အမယ္အိုႀကီးရဲ႕ပညာမာန္ပါ ထိုးက်သြားၿပီး လူပါေပ်ာ့ေခြဆင္းသြားခဲ့တယ္။

” အဖြား… အဖြား… ရရဲ႕လား”

ေ႐ႊမိက လဲက်သြားတဲ့ အမယ္အိုႀကီးကိုေျပးထူလိုက္သလို ေအာင္ျမတ္သာကလဲ အနားကိုတိုးကပ္လာၿပီး အနားက အုတ္ဂူကိုေပးမွီေစခဲ့တယ္။

” အေမႀကီး… ေနလို႔အဆင္ေျပရဲ႕လား”

” ဟင္း…. နင္က ဘယ္လိုေၾကာင့္ ဒီလိုမ်ိဳးပညာေတြ တတ္ေနရတာလဲ… ငါ့တစ္သက္မွာ နင့္လိုဆရာမ်ိဳး အခုမွေတြ႕ဖူး‌တယ္ ေကာင္ေလးရယ္”

” အေမႀကီးရဲ႕ ပညာကလဲ ထက္ျမက္လြန္းလွပါတယ္…”

” ေကာင္ကေလး… ငါ နင့္ကိုမယွဥ္ႏိုင္ခဲ့လို႔ ကတိအတိုင္း ပညာေတြစြန႔္ေပးမယ္.. ဒါေပမယ့္ ၁၂ႀကိဳးပညာရပ္ထဲက အလင္းတန္းႀကိဳးကိုေတာ့ ခ်န္ထားေပးပါ”

အေမအိုႀကီးက စကားေျပာေနရင္း ေမာသြားဟန္နဲ႔ ခဏနားလိုက္တယ္။

” အလင္းတန္းႀကိဳးဆိုတာက အလိုရွိသေလာက္ျဖန႔္က်က္ၿပီး သြားလို႔ရတဲ့ပညာရပ္မဟုတ္လား”

” ငါ မေသခင္ ဘုရားေတြဖူးသြားခ်င္ေသးတယ္… ဒါေၾကာင့္ အဲဒီႀကိဳးကိုမလႉပါရေစနဲ႔”

” အေမႀကီး ပညာေတြမလႉခင္ ခ်ဳပ္ေႏွာင္ခံထားရတဲ့ သူေတြကို လႊတ္ေပးဖို႔ ေတာင္းဆိုပါတယ္”

” ဒီနတ္ရဲပင္ေအာက္က နတ္ကြန္းအေနာက္မွာ က်င္းတူးၿပီးျမဳပ္ထားတယ္… အဲဒါကိုေဖာ္ၿပီး မီးရႈိ႕လိုက္ရင္ သူတို႔လြတ္ေျမာက္သြားလိမ့္မယ္”

ေအာင္ျမတ္သာလဲ ခ်က္ခ်င္းပဲ ေမာင္ေကာင္းနဲ႔ ခြန္းလွကို တူးေစခဲ့ရာ ပုံဆိုးပန္းဆိုး႐ုပ္ထုႏွစ္ခုနဲ႔ အနီေရာင္ႀကိဳးနဲ႔ရစ္ပတ္ထားတဲ့ ေၾကးျပားလိပ္‌သုံးခုထြက္လာခဲ့တယ္။ ေၾကးျပားထဲမွာေတာ့ ဆံပင္စေတြကို ျမင္လိုက္ရတယ္။

” ဒါေတြက အခုလက္ရွိ ငါခိုင္းေနတဲ့သူေတြပဲ… ”

” ေတာသရက္ပင္မွာေနတဲ့ သူက ဘယ္လိုေၾကာင့္လြတ္သြားတာလဲ”

” အရင္တုန္းက ဒီေကာင္ေတြရဲ႕လိပ္ျပာခ်ဳပ္ကို အိမ္မွာပဲထားတာ၊ အဲဒီအခ်ိန္ ေ႐ႊမိအေဖက ကေလးသဘာ၀ေဆာ့ကစားရင္း ခ်ည္မန္းႀကိဳးကိုျဖတ္မိသြားတယ္ေလ…. ငါသိေတာ့ ဘိုးဇံဆိုတဲ့ေကာင္က လြတ္ေနၿပီ… ဒီေကာင္က လူလည္မို႔ ဟိုဘက္႐ြာနယ္နိမိတ္ထဲ၀င္ေျပးၿပီး ငါဖမ္းလို႔မရေအာင္ ေနေနတာ”

ေအာင္ျမတ္သာတို႔လဲ အမယ္အိုႀကီးေျပာျပတာကိုနားေထာင္ၿပီး လိပ္ျပာခ်ဳပ္အစီအရင္ေတြကို မီးရႈိ႕လိုက္ရာ နတ္ရဲပင္ေအာက္ကေန ဆံပင္ဖားလ်ားခ်ထားတဲ့ လူသုံးေယာက္ေပၚလာၿပီး ေျခဦးတည့္ရာကိုထြက္ေျပးသြားတာျမင္လိုက္ရတယ္။

” ဆရာ ဟိုေကာင္က သစ္ေခါင္းေပါက္ကေန ထြက္မလာဘူး”

ခြန္းလွအသံေၾကာင့္ အမယ္အိုႀကီးက သစ္ေခါင္းေပါက္ကိုလွမ္းၾကည့္ၿပီး ေတာက္ တစ္ခ်က္ေခါက္လိုက္ေတာ့မွ မဲမဲေကာင္တစ္ေကာင္ ထြက္လာၿပီး ဘိစပ္ၿခဳံေတြဘက္ကိုထြက္ေျပးသြားခဲ့တယ္။

ေအာင္ျမတ္သာတို႔လဲ အမယ္အိုႀကီးကို အိမ္အထိလိုက္ပို႔ေပးၿပီး ကန္ေတာ့ပြဲနဲ႔အပ္ကာ ပညာကိုအလႉခံခဲ့ၾကတယ္။

အေမႀကီးကေတာ့ ပညာလႉၿပီးတဲ့အခ်ိန္ အနားမွာရွိ‌ေနတဲ့ ေမာင္ေကာင္းနဲ႔ ခြန္းလွကိုၾကည့္ၿပီး

” ေနာက္ေတာက္လာမယ့္ မီးခဲေလးေတြပါလား” လို႔ခ်ီးက်ဴးစကားဆိုခဲ့တယ္။

ေအာင္ျမတ္သာတို႔ ခလြန္း႐ြာကေနျပန္ထြက္လာၿပီးခ်ိန္မွာလဲ ပုရပိုက္ပါပညာရပ္ေတြကို အပတ္တကုပ္ႀကိဳးစားေလ့လာခဲ့ၾကတယ္။ ဒီလိုနဲ႔ တစ္ညမွာေတာ့ အင္းခ်ေနတဲ့အခ်ိန္ ႐ုပ္ေသး႐ုပ္ေတြခ်ိတ္ဆြဲထားတဲ့ ေနအိမ္တစ္လုံးကို အာ႐ုံထဲမွာျမင္ေတြ႕လိုက္ရတယ္။

အစကေတာ့ သာမန္စိတ္ပ်ံ႕လြင့္တာလို႔ထင္ၿပီး ျမင္သမွ်ကိုဖ်က္ခ်ကာ အင္းဆြဲတာကိုပဲအာ႐ုံစိုက္ထားေပမယ့္ အာ႐ုံထဲခဏခဏေပၚလာတာေၾကာင့္ စိတ္ကိုၫႊတ္ၿပီးၾကည့္လိုက္ရာ ႐ုပ္ေသး႐ုပ္ေပါင္းမ်ားစြာအလွဆင္ထားတဲ့ဆိုင္တစ္ခုကိုျမင္လိုက္ရတယ္။ ဆိုင္ထဲမွာေတာ့ ေ႐ႊေရာင္ေဆးျခယ္ထားတဲ့ မ်က္ႏွာဖုံးေတြအျပင္၊ ဘီလူးေခါင္းပုံစံမ်က္ႏွာဖုံးေတြ၊ အျခား႐ုပ္ေသး႐ုပ္ေပါင္းမ်ားစြာရွိေနခဲ့တယ္။ ေအာင္ျမတ္သာလဲ ျမင္သမွ် အရာေတြကို သတိကပ္ၿပီးၾကည့္ေနခဲ့ရာ မွန္စီေ႐ႊခ်ထားတဲ့ဗီဒိုရဲ႕အေပၚမွာေတာ့ ” ငါ့မင္းငါ့ခ်င္း” ဆိုတဲ့စာလုံးကို ေ႐ႊအိုေရာင္ေဖာင္းႂကြနဲ႔ေရးထားကို ျမင္ေတြ႕လိုက္ရတယ္။

အဲဒီအခ်ိန္ ႏွာေခါင္းထဲစူး၀င္လာတဲ့ ေသြးညႇီနံ႔ေၾကာင့္ သတိျပန္၀င္လာၿပီး ေရးလက္စအင္းကို အၿပီးသတ္ကာ ေဝေနယ်သတၱဝါေတြကိုေမတၱာပို႔လိုက္ေတာ့မွ အညႇီနံ႔က ေပ်ာက္သြားခဲ့တယ္။

++++++

အာ႐ုံထဲျမင္လိုက္ရတဲ့ ျမင္ကြင္းက ေအာင္ျမတ္သာတို႔နဲ႔ဘယ္လိုပတ္သတ္ေနမလဲ၊ ဘယ္လို အံ့ဩစရာေတြႀကဳံရမလဲဆိုတာကိုေတာ့ ” ေအာင္ျမတ္သာႏွင့္႐ုပ္ေသးေခၚသံ” ဆိုတဲ့၀တၱဳ

မွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)