ရိုးရာနတ်

ရိုးရာနတ်(စ/ဆုံး)

————-

ဝါဝင်ပြီး၍ ဝါထွက်ချိန်။

 

” ဤနယ်အတွင်းမှာရှိသော အဘဦးရှင်ကြီး ရှင်…. အဘကို ကျွန်တော်မျိုးမ လက်ဖက်ဆက်ပါတယ်…. ကြွရောက်သုံးဆောင်တော်မူပါ အဘဦးရှင်ကြီး ရှင်…… ”

 

အသက်အရွယ် အိုမင်းနေပြီဖြစ်သော အဖွားတင်ရွှေ၏ အသံ။

 

” ဤအိမ်အတွင်းကို စောင့်ရှောက်တော်မူသော အိမ်တွင်းအဖေကြီးရှင်….. အဖေကြီးကို လက်ဖက်ဆက်ပါတယ်…. ကြွရောက်သုံးဆောင်တော်မူပါ…. ”

 

လက်ဖက်ပန်းကန်ကို လက်နှစ်ဖက်ဖြင့် ကိုင်မြှောက်၍ တိုင်တည်ပြီးသော် စားပွဲပုလေးပေါ်သို့ အသာပြန်ချထားလိုက်သည်။

 

” ယနေ့မှစ၍ ဤအိမ်အတွင်းမှာ ရှိကြကုန်သော ခုနှစ်ရက်သားသမီးများ၏ မကောင်းသောကံများကို ဖယ်ရှာပေးတော်မူပါ……မကောင်သော ဘေးအပေါင်းကိုလည်း ဝေးသွားအောင် စောင့်ရှောက်ပေးပါ……အိမ်တွင်းရန်နှင့် အိမ်ပြင်ရန် ဟူသမျှကိုလည်း ဖယ်ရှားပေးပါ…… ကျန်းမာရေးနှင့် လူမှုရေးအပြင် စီးပွားလာဘ်လာဘတွေလည်း တစ်ဟုန်ထိုး တိုးတက်ပွားများလာအောင် ကူညီ​မစ ပေးတော်မူပါ…………. ”

 

လက်ဖက်သုတ်ပန်းကန်ကို ရှေ့ချလျက် လိုသမျှဆုကို အားမနာပါးမနာဖြင့် တောင်းနေသော အဖွားတင်ရွှေကို မြေးဖြစ်သူ ဖိုးစန်းလေးက မျက်လုံးကလယ်ကလယ်ဖြင့် ကြည့်နေ၏။

 

အဖွားတင်ရွှေက နတ်တင်ပြီးသည့်နောက် ကွမ်းအစ်ထဲမှ ကွမ်းတစ်ယာကို ထုတ်ယာပြီး ပါးစပ်ထဲသို့အပြည့် ထိုးထည့်လိုက်သည်။ ထို့နောက် ချက်ချင်းမဝါးသေးဘဲ ပါးစောင်တွင်ကပ်၍ ငုံထားလိုက်သည်။

 

” မြေးလေး…. ငြိမ်ငြိမ်လေးနေနော်… ဟိုကိုင်ဒီကိုင် လျှောက်မကိုင်နဲ့ ကြားလား … ဘဘကြီးရိုက်လိမ့်မယ် … ဘဘကြီးတို့ဆီကစွန့်ပြီးရင် ငါ့မြေးကို အဖွားကျွေးမယ်နော်… ”

 

အသက်သုံးနှစ်သာရှိသေးသော မြေးလေးဖိုးစန်းက လက်ဖက်သုတ်ပန်းကန်ကိုသာ ငေးနေ၏။ ထို့နောက် ပါးစပ်ထဲမှ စီးကျလာသော သွားရေများကို လက်ဖမိုးနှင့် ဖိ၍သုတ်လိုက်သည်။

 

ကျေးလက်တောရွာများတွင် ထိုသို့ ရိုးရာနတ်တင်သောဓလေ့ ရှိကြသည်။ ဝါတွင်းကာလ ပြီးမြောက်၍ ဝါထွက်သောအချိန်တွင် တင်တတ်ကြ၏။ အဓိကကတော့ အိမ်တွင်းနတ်နှင့် နယ်ပိုင်နတ်ကို ပူဇော်ခြင်းဖြစ်သည်။

 

အိမ်တွင်းနတ်မှာ ခုနှစ်ပါးရှိ၏။ ( ၁ ) အိမ်တွင်း မင်းမဟာဂီရိ၊ ( ၂ ) အမေရွှေနဘေ၊ ( ၃ ) မထွေးဖြူ၊ ( ၄ ) မမြတ်လှ၊ ( ၅ ) ရှင်ညို၊ ( ၆ ) ရှင်ဖြူ၊ ( ၇ ) ရှင်နှဲမိ ခေါ် မနှဲလေး တို့ဖြစ်ကြသည်။ ၄င်းတို့ ခုနှစ်ပါးစလုံးမှာ မိသားစုဝင်များဖြစ်ကြသည်။

 

နယ်ပိုင်နတ်ကတော့ နယ်အလိုက်ကွဲပြားမှုရှိသည်။ ဥပမာ ဧရာဝတီတိုင်းဆို ဦးရှင်ကြီး၊ ရှမ်းပြည်နယ်ဆို ကိုးမြို့ရှင်၊ ပဲခူးတိုင်းဆို နကရိုင်းမယ်တော်၊ မန္တလေးဆိုလျှင် မြင်းဖြူရှင် စသဖြင့် ကွဲပြားကြ၏။

 

အိမ်တစ်အိမ်လျှင် တစ်နှစ်ကို တစ်ကြိမ်မျှ တင်တတ်ကြ၏။ မတင်ဖြစ်ခဲ့သည်ရှိသော် လူကြီးများမှာ စိတ်မဖြောင့်ကြတော့ပေ။ ထို့ကြောင့် ဘယ်လိုအခြေနေမျိုးပဲရောက်နေပါစေ မဖြစ်ဖြစ်အောင် တင်တတ်ကြ၏။

 

အဖွားတင်ရွှေမှာလည်း နတ်တင်ရန်အတွက် လက်ဖက်ကိုသီးသန့်ဝယ်ကာ ဘူးအလွတ်ထဲသို့ ကြိုထည့်ထား၏။ မိမိတို့စားသောလက်ဖက်နှင့် မရောစေရန် နတ်အတွက်ကို သီးသန့်သပ်သပ် ဖယ်ထားခြင်းဖြစ်သည်။ ထိုသို့ သီးသန့်ဖယ်ထားသော လက်ဖက်ကို ပဲဆီသန့်သန့်ဖြင့် ရော၍သုတ်ထားသဖြင့် လက်ဖက်နံ့မှာ သင်းနေ၏။

 

” ဟဲ့… ဟဲ့…. မြေးရေ…. သွားပါပြီ သွားပါပြီတော်…. မကိုင်နဲ့လို့ ပြောထားတာကို ဘာလို့နှိုက်စားနေတာတုန်း မြေးရဲ့….. ”

 

အိမ်နောက်ဖေးမှ အပေါ့သွားပြီးပြန်လာသော အဖွားတင်ရွှေက နတ်တင်ထားသည့် လက်ဖက်များကို ပလုပ်ပလောင်းဖြင့် နှိုက်စားနေသော ဖိုးစန်းလေးကို မြင်သဖြင့် အထိတ်တလန့် ဖြစ်သွား၏။

 

” ငါ့မြေး ဘဘကြီးရိုက်မှာ မကြောက်ဘူးလား….. ဒုက္ခ ပါပဲမြေးရယ်…. ”

 

ဖိုးစန်းလေးက နှုတ်ခမ်းတွင်ပေနေသော လက်ဖက်များကို လျှာဖြင့်သိမ်းပစ်လိုက်သည်။

 

” ဖွားဖွား….. တားတား ခေါင်းမူးတယ် ”

 

ဖိုးစန်းလေးက သူ၏ခေါင်းလေးကို ကိုင်လျက် မျက်လုံးလေးမှေးစင်းကာ ပြောလိုက်၏။

 

” ဟေ… ခေါင်းမူးတယ် ဟုတ်လား…. ကိုယ်ကျိုးတော့နည်းပြီးထင်တယ် ခင်စန်းရေ….. နင့်သား နတ်ကိုင်ခံရပြီးထင်တယ်….. ဒီကိုလာပါဦးဟဲ့ ”

 

မီးဖိုထဲတွင် ဟင်းချက်နေသော ဖိုးစန်းလေး၏အမေ မခင်စန်းက အမေဖြစ်သူ၏ အထိတ်တလန့်ခေါ်သံကြောင့် ပြာပြာသလဲနှင့် ပြေးထွက်လာ၏။

 

” ဘာဖြစ်တာလဲ အမေ…. သမီး မီးဖိုထဲမှာ ဟင်းအိုးတန်းလန်းကြီး… ”

 

” နင့်ဟင်းအိုးက အရေးမကြီးဘူး…. ဒီမှာ နင့်သား နတ်ကိုင်ခံရပြီ… ”

 

” ဘယ်လို…. ဘာလို့ နတ်ကိုင်ခံရတာတုန်း အမေရဲ့ ”

 

” ဒီမှာ နင့်သားက နတ်တင်ထားတဲ့ လက်ဖက်တွေကို နှိုက်စားပြီး အခုခေါင်းမူးလို့တဲ့…. ”

 

” ဟုတ်လား သား…. ”

 

မခင်စန်းက သားဖြစ်သူ ဖိုးစန်းလေးကို ဖက်၍မေးလိုက်၏။ ကလေးမှာ သိသိသာသာကို ငြိမ်ကျနေ၏။

 

” ဟုတ် ”

 

ဖိုးစန်းလေးဆီမှ လေသံခပ်လေးလေးသာ ကြားရ၏။ မျက်လုံးပင် မဖွင့်နိုင်တော့။ မိခင်၏ ရင်ခွင်ထဲတွင် ခွေခွေလေးနှင့် ငြိမ်နေရှာသည်။

 

” ဒုက္ခ ပါပဲအမေရယ်…. ဘယ်လိုလုပ်ကြမလဲ ”

 

” ဘယ်လိုလုပ်ရမှာလဲ….. အဖေကြီးတို့ကို တောင်းပန်ရမှာပေါ့… ”

 

အဖွားတင်ရွှေက နတ်များကို တောင်းပန်ရန်အတွက် လက်ဖက်အသစ် ထပ်သုတ်ရန် ပဲဘူးနှင့် လက်ဖက်ဘူးကို သွားယူလာ၏။

 

မခင်စန်းက သူ၏ရင်ခွင်ထဲတွင် ပါးစပ်လေးဟကာ မှိန်းနေသော ဖိုးစန်းလေးကိုကြည့်ကာ စိတ်မကောင်းဖြစ်နေ၏။ ကလေးဆိုတော့လည်း မသိနားမလည်သဖြင့် အပြစ်တင်လို့မရ။ မိခင်ဖြစ်သည့်အတွက် သားကို စိတ်ပူသည့်ဇောဖြင့် ရင်တွေပူလာ၏။

 

” လက်ဖက်အသစ်နဲ့ ထပ်ဆက်ပါတယ်….. အဘဦးရှင်ကြီးနှင့် အိမ်တွင်းအဖေကြီးရှင်…. ကျွန်တော်မျိုးမရဲ့မြေး​လေးမှာ မသိနားမလည်းတဲ့အတွက် အဖေကြီးတို့ကိုဆက်ထားတဲ့ လက်ဖက်ကိုယူစားခဲ့မိပါတယ်…. မြေးလေးရဲ့ အမိုက်အမဲကို ခွင့်လွှတ်ပေးတော်မူပါ……. ”

 

အဖွားတင်ရွှေက လက်ဖက်အသစ်ပန်းကန်ကိုကိုင်မြှောက်လျက် နတ်များကိုပြန်တောင်းပန်လိုက်၏။

 

” ဝေါ့…. ဝေါ့…ဝေါ့…….. ”

 

ကလေးမှာ ရုတ်တရက်ထကာ အန်လိုက်သည်။ ထို့ကြောင် မခင်စန်းက ကလေး၏ ကျောကုန်းကို အသာဖိပေး၏။

 

” အန်ထုတ်ပစ် သားလေး…. ကောင်းတယ်… အန်…အန်… ”

 

နတ်များကို တောင်းပန်နေသော အဖွားတင်ရွှေမှာ ကလေးအန်တာကို မြင်သဖြင့် ကလေးအနားသို့ ချက်ချင်းရောက်လာ၏။

 

” တော်သေးတယ် ငါ အမြန်တောင်းပန်လိုက်လို့…. မဟုတ်ရင် ဒီကလေး မလွယ်ဘူး… ”

 

အဖွားတင်ရွှေက ကလေးခေါင်းလေးကို လက်ဖြင့်သပ်ကာ နှုတ်ကလည်း တစ်တွတ်တွတ်ဖြင့် ရေရွတ်နေ၏။

စားထားသမျှ အကုန်ပြန်အန်လိုက်သဖြင့် ဖိုးစန်းလေး အနည်းငယ် ပြန်လန်းလာသည်။ မခင်စန်းလည်း အခုမှ အနည်းငယ် စိတ်သက်သာရာ ရသွား၏။

 

” အမေ….. ကြည့်ပါဦး ဒါ ဘာအဖတ်တွေလဲ ”

 

မခင်စန်းက ကလေးပြန်အန်ထုတ်ထားသော အရာများကိုကြည့်၍ အဖွားတင်ရွှေကို ပြောလိုက်သည်။ အန်ထားသည့် အရာများထဲတွင် လက်ဖက်အပြင် လက်ဖက်နှင့်မတူဘဲ မည်းနက်နေသော အဖတ်များပင် ပါနေ၏။

အဖွားတင်ရွှေက မခင်စန်းပြသည့်အရာများကို သေချာငုံ့ကြည့်လိုက်သည်။ သို့သော် အသက်အရွယ်ကြောင့် အားနည်းနေပြီဖြစ်သော မျက်လုံးများက ထိုအရာ၏အဖြေကို မဆုံးဖြတ်နိုင်။

 

” အမေ… သမီးကို လက်ဖက်ထည့်ထားတဲ့ဘူး ခဏပေးပါဦး ”

 

အဖွားတင်ရွှေက သူသီးသန့်ထည့်ထားသော လက်ဖက်ဘူးကို ကမ်းပေးလိုက်သည်။

မခင်စန်းက လက်ဖက်ဘူးကို သေချာဖွင့်ကြည့်လိုက်သည်။ ထို့နောက် မခင်စန်း မျက်လုံးပြူးသွား၏။

 

” အမေရေ…. ဒါက ကွမ်းစားဆေးဘူး အဟောင်းကြီးလေ အမေရဲ့… ”

 

” ဟေ…. ဟုတ်လား ”

 

ဖွားတင်ရွှေဆီမှ အံဩတုန်လှုပ်သွားသောအသံ။

 

” ကွမ်းစားဆေးလက်ကျန် ဘူးခွံထဲကို အမေက လက်ဖက်တွေကို မှားပြီး သွားထည့်ထားတာကို အမေရဲ့… အဲ့တော့ ကလေးက လက်ဖက်နဲ့ရောနေတဲ့ ကွမ်းစားဆေးဖတ်တွေကို စားမိတော့ မူးတော့မှာပေါ့… တော်သေးတယ် အကုန်ပြန်အန်လိုက်လို့… မဟုတ်ရင် ကလေးတော့ မလွယ်ဘူး…. ”

 

ဖွားတင်ရွှေမှာ ဘူးကိုတစ်လှည့် ကလေးကိုတစ်လှည့် ကြည့်လိုက်သည်။ ထို့နောက် မိမိကြောင့် မိမိမြေးလေး ဒုက္ခတွေ့ရသဖြင့် ကိုယ့်ကိုကိုယ် အပြစ်တင်လို့မဆုံး ဖြစ်နေ၏။ ထို့ကြောင့် ဖိုးစန်းလေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေရှာသည်။

 

” ကလေးက ကွမ်းစားဆေးဖတ်တွေ ပြန်အန်ထုတ်လိုက်တယ်ဆိုပေမယ့်… ပိုစိတ်ချရသွားအောင် ကျန်းမာရေးမှုးဆီမှာ သွားပြရင်ပိုကောင်းမယ်ထင်တယ် သမီး….. ”

 

” ဟုတ်တယ် အမေ…. သမီးလည်း သွားပြမလို့ တွေးနေတာ… ”

 

မခင်စန်းမှာ ဖိုးစန်းလေးကို ခါးထစ်ခွင်ချီကာ အိမ်ထဲမှ ထထွက်သွားတော့သည်။

အဖွားတင်ရွှေက မခင်စန်းထွက်သွားသည်နှင့် နတ်ဆက်ထားသော လက်ဖက်ရှိရာ ခုံပုလေးနားသို့ သွားပြန်ထိုင်လိုက်၏။

 

” ကျွန်တော်မျိုးမရဲ့ မိုက်ပြစ်တွေပါ…. အဖေကြီးတို့နဲ့ မဆိုင်ပါဘူး… အဖေကြီးတို့ မကိုင်ပါဘဲနဲ့ ကိုင်တယ်ဆိုပြီး စွတ်စွဲပြောဆိုမိတဲ့ အတွက်လည်း ကျွန်တော်မျိုးမကို သနားသောအားဖြင့် ခွင့်လွှတ်ပေးတော်မူကြပါ …. ”

 

အဖွားတင်ရွှေ၏ နတ်များကို တောင်းပန်သံနှင့်အတူ မီးဖိုထဲမှ ဟင်းအိုးတူးသည့်အနံ့မှာ တစ်အိမ်လုံးကို လှိုက်ထသွားတော့သည်။

 

_________________***************__________________

 

#နွယ်ယဥ်မောင်