ဇီဝိန်ချွေမဲ့တိုက်မြွေ

*ဇီဝိန်ချွေမည့် တိုက်မြွေ*📖📖📖

 

***************************

 

နေလုံးနီနီကြီးက ရေကန်ထဲထိုးဆင်းတိမ်မြုပ်သွားသကဲ့သို့ရှိနေသည်။ ညနေဆည်းဆာချိန်သည်ကား အရုပ်ဆိုးအကျည်းတန်နေသည့် အမျိုးသမီးတစ်ယောက်ကိုပင် လှပစေနိူင်သည်။ ဝင်လုဆဲဆဲနေဝန်းနီနီကြီး၏နီစွေးစွေးအရောင်ကြောင့် ရေပြင်သည်ပင်နီမြန်းသွားသယောင်။ သို့သော် ကန်ကြီး၏နံဘေးတွင်ကား ရေလာခပ်သူ၊ရေချိုးဆင်းသူများဖြင့် စီကားနေဆဲပင်။

 

” ဟာ….ဟိုမှာဆရာမလေးပါလားကွ….တက်ထွန်း…မင်းဆရာမလေးကို မေတ္တာသက်ဝင်နေတယ်ဆိုကွ….ဒီအချိန်အခွင့်အရေးဘဲဟ လက်လွတ်မခံသင့်ဘူး…..”

 

” ဟာ….မလုပ်ပါနဲ့ဗျာ ကျွန်တော်ကဆရာမလေးကိုမေတ္တာရှိပေမဲ့ ဆရာမလေးကပညာတတ်ကွ….ငါ့လိုကကြီးခခွေးတောင် ဖြောင့်အောင်မဆိုတတ်တဲ့ကောင်ရဲ့မေတ္တာကို ဘယ်လက်ခံနိူင်မလဲဗျာ….”

 

” မင်းကလဲဒုံးဝေးနေပြန်ပြီကွာ….ဟိုကပညာတတ်မလို့မင်းကိုပြောနေရတာပေါ့….ပညာတတ်တော့ လူ့အဆင့်အတန်းကိုခွဲခြားပြီး ဆက်ဆံနေမှာမဟုတ်ဘူး….ငါပြောတာမဟုတ်ဘူးလားအောင်ဟိန်း….”

 

” သိပ်ဟုတ်တာပေါ့ဗျာ….ဟေ့ကောင် တက်ထွန်း မင်းလက်နှေးရင် ဟိုမြောက်ရွာက ဇော်ထက် လက်ဦးသွားလိမ့်မယ်နော်….ဒီကောင်လည်း ဆရာမလေးကိုမေတ္တာရှိနေတယ်လို့ငါသတင်းကြားတယ်ကွ…..”

 

သူငယ်ချင်း နှစ်ယောက်၏စကားကြောင့် တက်ထွန်းတစ်ယောက်တွေဝေနေ၏။ ဆရာမလေးကိုဧကန်ပင်မေတ္တာရှိသော်လည်း သူ့ဘဝနှင့်ဆရာမလေး၏ဘဝက မိုးနှင့်မြေကဲ့သို့ပင်။ နောက်ဆုံး၌ ခေါင်းကိုတွင်တွင်ရမ်းလိုက်ကာ

 

” တော်ပါပြီကွာ…..ဆရာမလေးရဲ့ သာယာနေတဲ့ဘဝလေးကို မုန်တိုင်းမထန်စေချင်တော့ဘူး….ငါအဝေးကနေဘဲဆရာမလေးရဲ့အပြုံးကို ငေးကြည့်နေတော့မယ်ကွာ….”

 

” တက်ထွန်းရာ မင်းကသတ္တိရှိမယ်လိုလိုနဲ့

အရာရာတွန့်ဆုတ်နေတတ်တဲ့ကောင်ဘဲကွ….ငါတို့ကတော့အကြံပေးသင့်တာပေးပြီးပြီ ကျန်တာမင့်သဘောဘဲ….”

 

” မင်းတို့နှစ်ယောက်ကိုလည်း ငါကျေးဇူးတင်ပါတယ်ကွာ….သူ့ဘဝလေးနဲ့သူရှိပါစေတော့…..”

 

သူငယ်ချင်းနှစ်ယောက်လည်း ပြောမရသည့်အဆုံး ရေစည်တိုက်ကာ လှည်းကိုရွာဘက်သို့လှည့်လိုက်ကြတော့၏။ ကန်၏ရေချိုးဆိပ်တွင်ကား ရွာသူလှပျိုဖြူများနှင့်အတူ ဆရာမလေးတစ်ယောက် ရေချိုးနေလေ၏။

 

သူမ၏နာမည်ကား နှင်းယုဖြူ။ ပညာရေးကောလိပ်သင်တန်းဆင်းပြီး ဤရွာသို့ပထမဆုံးအကြိမ်တာဝန်ကျလာခြင်းပင်။ မိဘနှင့် ခွဲခွာရသော်လည်း ဖော်ရွေသည့် ရွာသူရွာသားများကြောင့် သူမပျော်မိ၏။ ယခုဆိုဤရွာကလေးသို့ သူမတာဝန်ကျခဲ့သည်မှာသုံးနှစ်သုံးမိုးပင် ရှိနေပြီမို့ ရွာသူရွာသားများနှင့်ပင် ခင်မင်ရင်းနှီးနေလေပြီ။

 

ဤနေ့ကား တနင်္လာနေ့။ ကျောင်းဖွင့်ရက်ဖြစ်သဖြင့် အစောထကာ ချက်ပြုတ်ပြင်ဆင်ရသည်။ ကျောင်းသို့စောစီးစွာရောက်မှသာ ကလေးများကိုတာဝန်ခွဲပေးနိူင်မည်။ ရွာကျောင်းကလေးဖြစ်သော်လည်း မူလွန်ကျောင်းဖြစ်သဖြင့် ကျောင်းသူကျောင်းသားများသည်။ ဆရာဆရာမမူ သူမအပါ၄ယောက်သာရှိသည်။

 

ပြင်ဆင်ပြီးသည်နှင့် ချိုင့်ကလေးဆွဲကာ ကျောင်းရှိရာသို့ ဦးတည်လိုက်သည်။ သူမနေထိုင်သည့်နေရာနှင့် စာသင်ကျောင်းက နာရီဝက်ကြာအောင်လျှောက်ရသေးသည်။

 

” မင်္ဂလာပါဆရာမ….”

 

ကျောင်းရောက်ဖို့သာစိတ်စောနေသဖြင့် အနောက်မှလူပါသည်ကိုပင် သတိမထားမိ။ အသံကြား၍ လှည့်ကြည့်လိုက်မှ ရွာထဲကကာလသားတစ်ယောက်မှန်းသိလိုက်သဖြင့်

 

” မင်္ဂလာပါရှင့် အစ်ကို….”

 

” ဆရာမ ကျောင်းသွားတော့မှာလားဗျ….အစောကြီးရှိသေးတယ်….”

 

” ဟုတ်တယ်အစ်ကိုရဲ့….ဒီနေ့တနင်္လာနေ့ဆိုတော့ ကျောင်းတွင်းသန့်ရှင်းရေး လုပ်ရမှာဘာညာဆိုတော့ ကျောင်းကိုအစောရောက်မှဖြစ်မှာလေ….ဒါနဲ့အစ်ကိုရော ဘယ်သွားမလို့လဲ…..”

 

” ကျွန်တော် ရွာတောင်ပိုင်းက ဘကြီးအိမ်ကိုသွားမလို့ဗျ….”

 

” ဪ….ဒါဆို ဖြူနှင့်လမ်းသင့်နေတာဘဲ အတူသွားကြတာပေါ့….”

 

” ဟုတ်ဆရာမလေး….”

 

ဆရာမလေးနှင့် တက်ထွန်းတို့နှစ်ယောက် ဘေးချင်းယှဉ်သွားနေကြသည်ကို ရွာထဲရှိငမူးသာအောင်ကလှမ်းတွေ့လိုက်၏။

 

” အံမယ်….ဒီကောင်တက်ထွန်းက အနူလက်နဲ့ရွှေခွက်နိုက်ချင်နေတာကိုးကွ….တောက်! မတန်မရာကွာ….ထွီး….. ”

 

ငမူးသာအောင်က မကျေမချမ်းရေရွတ်ပြီး ရွာဘက်သို့ပြန်လှည့်သွား၏။

 

ကို ညိုမြ၏ထန်းတောတွင်ကား သောက်စားသူများဖြင့်ပြည့်နှက်နေ၏။ သူ့ဆိုင်တွင် ထန်းရည်သာမက ချက်အရက်ဖြူနှင့် ခေါင်ရည်ပါရ၏။ အမြည်းကား ကိုညိုမြ၏ဇနီးက ဒိုင်ခံလုပ်ပေးသဖြင့် ဖွယ်ဖွယ်ရာရာရှိ၏။

 

” ကိုကြီးညိုမြ ဒီဝိုင်းကိုထန်းရည်တစ်မြူနှင့် ချက်အရက်ပြင်းပြင်းနှစ်လုံးချဗျာ….အမြည်းကဆိတ်သားခြောက်ကြော်ချပေး….”

 

” အေးအေးရမယ်ဗျ….ခဏစောင့်….”

 

” ဟျောင့်ညိုမြ….ဒီဘက်ဝိုင်းကိုလည်း ချက်အရက်သုံးလုံးချဗျ….”

 

ကိုညိုမြကား အရက်ချလိုက်၊အမြည်းချလိုက်ဖြင့် ထိုင်ရသည်ဟုပင်မရှိ။

 

” သာအောင်…. မင်းပြောတာအမှန်ဘဲလားကွ….ဆရာမလေးနှင့် ဟိုကောင်တက်ထွန်းက ဘေးချင်းယှဉ်ပြီး လမ်းအတူလျှောက်တဲ့အဆင့်တောင်ရောက်နေပြီလား….”

 

” ရောက်ပါသော်ကောအာစရိရယ်….ဟိုကောင်ကဆရာမလေးရဲ့ ခြင်းတောင်းလေးကိုတောင်ကူဆွဲပေးသဗျ…ဒါကိုလည်းဆရာမလေးကအတော်သဘောကျပုံရတယ်…. မျက်နှာကပြုံးဖီးလို့ဗျ…..”

 

” ဖွီး….တက်ထွန်း….တက်ထွန်း….မင်းကအသက်မရှည်ချင်တော့လို့ ငါကြိုက်တဲ့ဆရာမလေးကို လုယူရဲတာထင်တယ်…..”

 

” ဒုန်း….”

 

” ကလွမ်….”

 

ဇော်ထက်က ကြားလိုက်ရသောစကားကြောင့် ဒေါပွကာ အရက်စားပွဲဝိုင်းကို ဒုန်းခနဲထုချလိုက်ရာ အမြည်းပန်းကန်ရော အရက်ပုလင်းပါ မြေပေါ်သို့ ပြန့်ကျဲသွားကုန်၏။ ထိုအချိန်ကိုညိုမြကြီးက စားပွဲအနားရောက်လာပြီး

 

” အသာလုပ်ပါဆရာတို့ရယ်….ကျုပ်ရဲ့ပစ္စည်းတွေကိုတော့ မဖျက်ဆီးပစ်ပါနဲ့….”

 

” ဘာလဲကိုမြကြီး…. မင်းပစ္စည်းရဲ့တန်ဖိုးကဘယ်လောက်ရှိလို့လဲ….ကဲရော့ကွာအာရုံနောက်တယ်….သွားတော့ မဟုတ်ရင်နောက်ထပ်ထိုးမဲ့ဟာက မင်းဖြစ်သွားမယ်….”

 

ဇော်ထက်က ငွေအချို့ကို စားပွဲပေါ်ပစ်ပေးလိုက်ရာ ညိုမြလည်းထိုငွေကိုယူပြီး တဲထဲသို့ဝင်သွား၏။ ထောင့်နားရှိစားပွဲဝိုင်းမှ လူတစ်ယောက်ကား ချက်အရက်ဖြူပြင်းပြင်းကို ရေမရောဘဲ ပုလင်းလိုက်မော့သောက်နေတော့၏။

 

နွေရာသီကျောင်းပိတ်ရက်တစ်ခု၌ တက်ထွန်းသည် နွားကျောင်းရင်း ပုလွေလေးကိုမှုတ်ကာ ဆရာမလေးကိုလွမ်းဆွတ်နေမိ၏။

 

” ဟေ့ကောင်တက်ထွန်း….မင်းကို နွားကျောင်းခိုင်းတာကို မင်းကဒီမှာလာထိုင်ပြီး သာယာနေတယ်ပေါ့ဟုတ်လား….ဟိုမှာကြည့်စမ်း မင့်နွားတွေငါ့ခြံထဲရောက်ကုန်ပြီကွ….”

 

” ဟာဗျာ…ဦးကြီးကလည်းနွေခေါင်ခေါင်မှာ အခင်းထဲဘာပင်ရှိတာမှတ်လို့ဗျာ….. ဘာမှပျက်စီးစရာမှမရှိဘဲ ….”

 

” ရှိရှိ မရှိရှိကွာ….မင့်နွားတွေငါ့ခြံထဲကနေမောင်းထုတ်….”

 

” နွားကိုလူစကားပြောနေလဲ ဘယ်နားလည်မလဲဦးကြီးရာ….နွားကိုဟောဒီလိုပြောရတယ်ဗျ….ဟေ့ကောင်တွေ ဒီနွားကိုဝိုင်းသမကြစမ်းကွာ…..”

 

” ဖြစ်စေရမယ်အာစရိ….”

 

” ဟာ….ဟေ့ကောင်တွေ မင်းတို့လက်လွန်မယ်နော်….”

 

ဦးကြီးတစ်ယောက် ဝင်တားလိုက်သော်လည်းအချိန်မမှီလိုက်။

 

” ခွပ်….ခွပ်….”

 

” ဒုတ်….ခွပ်…”

 

” အား……”

 

ဘယ်တုန်းကရောက်လာမှန်းမသိသော ဇော်ထက် နှင့် အပေါင်းအပါများက သူ့အား ဝိုင်းသမကြလေရာ တက်ထွန်းတစ်ယောက် ပြန်၍ပင်မထနိူင်တော့ချေ။

 

” မှတ်ပြီလားဟေ့ကောင်…. ငါချစ်တဲ့ဆရာမလေးကို မင်းလိုက်နှောင့်ယှက်နေတာ….

ဆရာမလေးကိုတော့မရဘူး….ငါ့လက်သီးစာဘဲရမယ်ကြားလား….နောက်မင်းဆရာမလေးကိုလိုက်နှောင့်ယှက်နေတယ်လို့ထပ်ကြားရင် မင်းကိုသတ်မှာ….ထီ်ွး….ဟေ့ကောင် တွေသွားမယ်….”

 

တက်ထွန်းတစ်ယောက် ထိုလူတစ်စု၏ပြောစကားများကိုမကြားတချက် ကြားတချက် ဖြစ်ကာ အမြင်အာရုံများ ဝေဝါးလာပြီး နောက်ဆုံး၌ အမှောင်ထုထဲသို့လုံးဝရောက်သွားတော့သည်။

 

” ဟာ…ဟေ့ကောင်…. ထစမ်း….ထ ထ…ဟာ… အသက်မရှူတော့ဘူး….သေ….သေသွားပြီလားမသိဘူး…..”

 

ဦးထွန်းကြီးတစ်ယောက် မြေပေါ်၌သွေးအလိမ်းလိမ်းဖြင့်လှဲကျနေသော တက်ထွန်း၏နှာဝသို့ လက်စမ်းကြည့်ရာ ထွက်သက်ဝင်သက်မရှိတော့သည်ကို သိလိုက်ရ၏။

 

” မဖြစ်ဘူး….ဒီကောင်သေသွားရင် ငါ့ကိုအမှုပတ်မှာ…..”

 

ဦးထွန်းကြီးက အမှုပတ်မည်စိုးသဖြင့် ထိုနေရာနှင့်ဝေးသည့်အရပ်သို့ထွက်ပြေးသွား၏။

 

” ကျလိ….ကျိလိ….ကျစ်….ကျစ်….”

 

” က်လိ….က်လိ….”

 

နားထဲတိုးဝင်လာသည့် ငှက်ကလေး၏အသံများကြောင့် တက်ထွန်းပြန်သတိရလာ၏။

 

” အာ့…ကျွတ်…. ကျွတ်….”

 

လှဲနေရာမှဖြည်းငြင်းစွာထရင်း ဖူးယောင်နေသောညာဘက်ပါးကိုလက်ဖြင့်အသာစမ်းကာ စုတ်သပ်၏။

 

” ဒီကောင်တွေ ငါနှင့်ဆရာမလေးကိုအထင်လွဲနေပုံရတယ်….ငါ့ရဲ့အဖြစ်ကလည်း မခိုးရဘဲ သူခိုးလို့ယိုးစွပ်ခံနေရတဲ့အပြစ်သားနဲ့တောင်တူနေပြီ….”

 

မြေပေါ်ပြန့်ကျဲနေသော လွယ်အိတ်နှင့် ဝါးပလွေကိုကောက်ယူပြီး ခန္ဓာကိုယ်ပေါ်မှ ပေကျံနေသော ဖုန်မှုန့်များကို ခါထုတ်လိုက်၏။

 

” အတော်နောက်ကျနေပြီဘဲ….. ငှက်ကလေးတွေတောင် အိပ်တန်းတက်နေကြပြီ….အဖေတော့ငါ့ကိုစိတ်ပူနေတော့မှာ….”

 

ထိုသို့တွေးပြီး နွားများကိုသိမ်းကာ ရွာထဲသို့ဝင်လာခဲ့၏။ ရွာစည်းရိုးသစ်ပင်ကြီး၏ အနောက်တွင်ကား လူတစ်ယောက်က တက်ထွန်းပြန်ရောက်လာသည်ကို တွေ့လိုက်သဖြင့်

 

” ဒီကောင် တော်တော်အသက်ပြင်းတာဘဲ….”

 

ဟုမှတ်ချက်ချ၏။

 

ရာသီအလီလီကူးပြောင်းသွားပြီး ရာသီစက်ဝန်းကြီးသည်လည်း အဖန်ဖန်လည်ပတ်လေရာ ကျောင်းပြန်ဖွင့်သည့် မိုးရာသီသို့ပင် ပြန်လည်ရောက်ရှိလာခဲ့ချေပြီ။ သူသိပ်ချစ်ရသည့် ဆရာမလေးနှင့်လည်း ပြန်တွေ့နေရပြီ။ သို့သော် သူ၏မေတ္တာကို ဆရာမလေးငြင်းမည်စိုးသဖြင့် သူငယ်ချင်းဘဝနဲ့သာ ဆက်၍ချစ်သွားရန်ဆုံးဖြတ်လိုက်သည်။

 

မိုးရာသီကားတောင်သူလယ်သမားတို့၏စိုက်ပျိုးရေးရာသီဖြစ်သဖြင့် လူတိုင်းမအားမလပ်နိူင်ကြချေ။ နွေရာသီ၌ပပ်ကြားအက်ခဲ့သော လယ်ကွင်းကြီးသည်ကား ယခုမူ ရေဖွေးဖွေးတို့ဖြင့် ပြန်လည်အသက်ဝင်လာချေပြီ။

 

” ငါ့သား…. မင်းမနက်ဖြန်ကျရင် တို့လယ်ကွက်ကို အပြီးသွားထွန်ချေ….သူများအကွက်ဆိုစပါးတွေတောင်စိုက်နေရောပေါ့….”

 

” မလောပါနဲ့အဖေရာ…. သားလုပ်မှာပါ… ပြီးခဲ့တဲ့နှစ်တွေကလည်း သားတို့နောက်ကျမှစိုက်တာဘဲမလား….”

 

” ဒါတော့ဒါပေါ့ကွာ….တို့လယ်ထွန်ပြီးတော့ နွားညီနောင်ကို သူများလယ်အငှါးလိုက်ရင် အပိုငွေလေးရမလားလို့ပါ….”

 

” ဦးလေးပြောတာမှန်တယ်တက်ထွန်းရေ….ခုဘဲငါ့အိမ်ကအဲကိစ္စပြောဖို့ လွှတ်လိုက်တာဟေ့….”

 

” ဟာ….သူငယ်ချင်း လာလေ….မင်းမှာလဲ ငါ့အိမ်ဘက်မလှည့်တာကြာတော့ နေများမကောင်းဘူးလားလို့….”

 

သားအဖနှစ်ယောက်စကားကောင်းနေကြစဉ်ဝိုင်းဝသို့ရောက်လာသူက ငယ်ပေါင်းဖြစ်သည့် ဖိုးလှ။

 

” နေကောင်းပါတယ်ဗျာ….ခုရာသီကစိုက်ပျိုးရေး ရာသီဆိုတော့ မင်းသိတဲ့အတိုင်းဘဲလေသူငယ်ချင်းရာ….ဒါကြောင့်မို့ မင်းဆီမလာအားတာပါ….”

 

” အေးပါကွာ….ဒါနဲ့ဟိုကောင်အောင်ဟိန်းတစ်ယောက် သူ့အမျိုးဆီသွားတာပြန်မလာသေးဘူးထင်….”

 

” အေးဟ…ဒီကောင်ကြီး ဟိုမှာပျော်နေလောက်ပြီ….ဒါနဲ့မင်းနှင့်ဆရာမလေးအခြေနေရော ဘယ်အဆင့်ရောက်ပြီလဲကွ…”

 

” ဒီတိုင်း သူငယ်ချင်းပါဘဲကွာ…ဆရာမလေးကိုငါဒီအတိုင်းငေးကြည့်ခွင့်ရတာနဲ့တင်ကျေနပ်ပါပြီ….”

 

” အေးပါကွာ….”

 

ဖိုးလှက ထိုသို့သာပြန်ပြောပြီးအဝေးတစ်နေရာသို့ ငေးမျော်ကြည့်နေ၏။ သူငယ်ချင်းနှစ်ယောက်နာရီဝက်အကြာ ထွေရာသောပါးပြောဆိုရင်းဖိုးလှက မိခင်ခိုင်းထားတာရှိသေးသည်ဟုဆိုကာ တက်ထွန်းအားနူတ်ဆက်ပြီး ပြန်သွား၏။

 

နှင်းယုဖြူတစ်ယောက် အဆောင်းမပါသည့် ကလေးငယ်တစ်ယောက်၏ပုခုံးကိုဖက်ရင်း စာသင်ကျောင်းဘက်မှ ရွာအဝင်လမ်းအတိုင်းဝင်လာ၏။ ထိုစဉ်လူလေးယောက်သည် သူမ၏အရှေ့၌ပိတ်ရပ်ကာ

 

” ဆ…ဆရာမလေး ကျောင်းဆင်းပြီလားဗျ….”

 

ဟူသောအာလေးလျှာလေးအသံနှင့်အတူ ယမကာနံ့ပါရလိုက်သဖြင့် ငမူးမှန်းသိလိုက်၏။ သူမလည်း ငမူးတွေဆိုကြည့်မရတတ်သဖြင့်

 

” ရှင်မမြင်ဘူးလား….ကျွန်မအရှေ့ကနေဖယ်စမ်း….ဒီမှာကျွန်မကလေးမိုးမိနေပြီ….”

 

” ဟာဗျာ….ဆရာမလေးကလဲ ဒါလေးမေးတာကိုဒေါသထွက်ရတယ်လို့…..ဆရာမလေးက ကလေးမိုးမိတာကိုဘဲမြင်တယ်…ဟောဒီကျုပ်ရဲ့ရင်ဘတ်ထဲက ဆရာမလေးကိုချစ်တဲ့အချစ်တွေကျမမြင်ဘူးဗျာ….”

 

အမူးသမားကသူ၏ရင်ဘတ်ကြီးအား တဘုန်းဘုန်းပုတ်ပြပြီးပြောနေ၏။ ထိုမြင်ကွင်းကြောင့်ဆရာမလေးမှာ ပို၍ဒေါသထွက်သွားပြီး

 

” ကျွန်မမှာ ရှင်တို့နဲ့ပြောဖို့အချိန်မရှိဘူး…ကျွန်မရှေ့ကနေဖယ်ပါ….”

 

” နေပါအုံး ဆရာမလေးရယ်….ကိုယ်ပြောတာခဏလောက်နားထောင်ပေးပါအုံး…. ”

 

ငမူးက ဆရာမလေး၏လက်ကိုပိုင်စိုးပိုင်နင်းဆွဲယူလိုက်ရာ ဆရာမကိုင်ထားသောထီးမှာ အနောက်သို့ပြုတ်ကျသွား၏။

 

” ရှင်မမိုက်ရိုင်းနဲ့နော်….ဒီမှာ ကလေးကိုမိုးစိုသွားပြီ…..ရှင်ဖယ်မှာလားမဖယ်ဘူးလားပြော….”

 

” မဖယ်ဘူးကွာ…”

 

” အင့်….မဖယ်ချင်အုံး…..”

 

” ဖြန်း….”

ဆရာမလေး၏လက်ဖဝါးနုနုကငမူး၏ပါးပြင်ပေါ်သို့ကျလာ၏။ နောက်တစ်ချက်ထပ်ရိုက်ရန်အလုပ်ငမူးကဆရာမ၏လက်ကိုဖမ်းဆွဲထားလေရာ

 

” လွှတ်စမ်းကျမလက်ကို….လွှတ်….”

 

” လမ်းမကြီးအလယ်မှာ မိန်းကလေးတစ်ယောက်ကိုဆွဲလားရမ်းလားလုပ်တာ မြင်မကောင်းဘူးကိုယ့်လူတို့….”

 

ဟူသောအသံနှင့်အတူရောက်လာသူက တက်ထွန်း။

 

” ထပ်ပြီးမင်းဘဲလားဟေ့ကောင်….အရင်တစ်ခေါက်သေငယ်စောခံရတာတောင် မင်းမမှတ်သေးဘူးလား…. ဟေ့ကောင်တွေဒီကောင့်ကို ပညာပေးလိုက်စမ်း….”

 

ထိုနေ့တွင်လည်း လေးယောက်တစ်ယောက်မုိ့တက်ထွန်းခံရပြန်သည်။ ဆရာမလေးကတက်ထွန်းကိုတွဲခေါ်ပြီးအိမ်ပြန်ပို့ပေးသည်။ ဤသည်ကိုပင်ဇော်ထက်ကမကျေနပ်နိူင်။

 

” တောက်! ခွေးကောင်တက်ထွန်း….တနေ့မင်းငါ့အကြောင်းကောင်းကောင်းသိစေရမယ်….”

 

ထိုသို့မကျေမနပ်ရွတ်ဆိုပြီး အပေါင်းအပါများနှင့်အတူပြန်လှည့်ထွက်သွားသည်။

 

လမင်းကြီးသည်ဝင်းပလျက် လအိမ်ဖွဲ့ကာ လောကကြီးကိုအလင်းပေးနေသည်။ ညသည်ကားတိတ်ဆိတ်လျက် မကောင်းမှုကိုအားပေးနေသယောင်ပင်။ မှိတ်တုတ်မှိတ်တုတ်လင်းနေသော မီးရောင်အောက်တွင် အသက်၄၀အရွယ်လူလတ်ပိုင်းတစ်ယောက်နှင့် အသက်၁၉နှစ်အရွယ်လူငယ်တစ်ယောက်က ခေါင်းချင်းဆိုင်ပြီး ကိစ္စတစ်ခုကိုတီးတိုးတိုင်ပင်နေကြသည်။

 

” ဒီကောင့်ကိုလက်သည်မပေါ်အောင်သတ်ပြီးရင် ဆရာမလေးနှင့် ကျွန်တော်ကိုနီးစပ်အောင်လုပ်ပေးဗျာ…..ဆရာမလေးကိုတခြားလူနဲ့ရှိနေတာမမြင်ချင်တော့ဘူး….”

 

” စိတ်ချစမ်းပါ….သေတယ်ဆိုတာဘာလဲဆိုတာတောင်ဒီကောင်မသိအောင်လုပ်ပေးမယ်…..”

 

” အားကိုးပါတယ်ဗျာ…..ကျွန် တော် ဒီကိုလာတာဘယ်သူမှမသိစေနဲ့နော်….ဒါက အလုပ်အတွက်စရံ….အလုပ်ပြီးရင်ကျန်တာထပ်ပေးမယ်….”

 

” အေးပါ…စိတ်ချလက်ချသာနေ….သတင်းသာနားစွင့်ထား…”

 

နှစ်ဦးနှစ်ဖက်အလုပ်ကိစ္စအဆင်ပြေသွားသည်နှင့် လူငယ်ကဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းပြီး အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။

 

မနက်စာစားသောက်ပြီးသည်နှင့်တက်ထွန်းတစ်ယောက် လယ်ထဲဆင်းရန်အတွက်ပြင်ဆင်နေ၏။ အားလုံးပြီးသည်နှင့် လယ်ထွန်နွားကိုဆွဲကာ လယ်ထဲဆင်းသွား၏။

လယ်ထဲရောက်သည်နှင့် သီချင်းသံတအေးအေးနှင့် တက်ထွန်းတစ်ယောက် လယ်ထွန်နေစဉ် ယာဘက်ခြေခုံ၌ပူခနဲခံစားလိုက်ရ၏။

 

” အာ့…..ဘာလဲဟ….ငါ့ခြေခုံကိုဘာခြစ်မိသွားပြီလဲမသိဘူး…..”

 

လယ်ထွန်နေသည်ကိုခဏရပ်ပြီး ခြေခုံကို ငုံ့ကြည့်လိုက်ရာ သွေးအနည်းငယ်စို့နေသည်ကိုတွေ့လိုက်ရ၏။

 

” ဟာ….ငါ့…ငါ့ကိုပိုးထိသွားတာထင်တယ်….”

 

တက်ထွန်းတစ်ယောက်မိမိခြေခုံမှ သွေးစို့နေသည့်အပေါက်သုံးပေါက်ကိုတွေ့လိုက်သည်နှင့်အတွေ့အကြုံအရ ပိုးထိမှန်းသိသွားသဖြင့် လယ်စောင့်တဲရှိရာသို့အမြန်ပြေးသွား၏။ ရောက်သည်နှင့် သောက်ရေဗူးကိုအဖုံးဖွင့်ကာ ပိုးထိခံရသည့်နေရာအားရေဖြင့်ဆေးချလိုက်၏။ အဆိပ်မပြန့်စေရန် ပုဆိုးအောက်စကိုဖြဲကာ ခြေသလုံးကိုကြပ်ကြပ်စည်းထားလိုက်၏။ လတ်တလောတွင်ပူထူနေသော်လည်း ကျေးလက်ကျန်းမာရေးမှူးပို့ချထားသည့် ရှေးဦးသူနာပြုစုနည်းကို သတိတရဖြင့် ထိုသို့လုပ်ထားခြင်းပင်။

 

” မဖြစ်ဘူး… ငါအိမ်ကိုအမြန်ပြန်ရောက်မှဖြစ်မယ်….”

 

ထိုသို့တွေးပြီး တဲမှထွက်ကာကန်သင်းရိုးအတိုင်းလျှောက်လာ၏။ ထိုစဉ် မိမိ၏ခေါင်းမှာ ရိပ်ခနဲရိပ်ခနဲဖြစ်လာပြီး အမြင်အာရုံများဝေဝါးလာ၏။ နောက်ဆုံး၌ ကန်သင်းရိုးပေါ်ပုံလျက်လဲကျသွား၏။ လယ်နီးနားရှိ လူနှစ်ယောက်လည်း တက်ထွန်းလဲကျသည်ကိုမြင်လျှင်အပြေးလာကြပြီး

 

” တက်ထွန်း….တက်ထွန်း….ဟေ့ကောင် မင်းဘာဖြစ်တာတုံးကွ….”

 

တက်ထွန်းမှာဘာမှပြန်မပြောနိူင်တော့ချေ။

 

” ဟာ…ဟေ့ကောင်…. သတိထားဦးကွ…မင်းဘာဖြစ်လာတာလဲ….”

 

ထိုစဉ်တစ်ယောက်ကတက်ထွန်း၏ခြေထောက်ကိုပုဆိုးစဖြင့်စည်းနှောင်ထားသည်ကိုမြင်လျှင်

 

” ဒီကောင်ပိုးထိပြီနဲ့တူတယ်ကွ….မဖြစ်ဘူး

အဆိပ်မပြန့်ခင်ရွာပြန်ရောက်မှဖြစ်မယ်….”

 

ထိုလူနှစ်ယောက်လည်း တက်ထွန်းကိုစိတ်ပူသွားပြီး ခေါင်းတစ်ဖက်ခြေတစ်ဖက်မယူကာ ရွာဘက်သို့အပြေးပြန်လာကြ၏။

 

” တက်ထွန်းကိုပိုးထိသွားလို့ဟေ့…လုပ်ပါဦး…. ကျေးလက်ဆေးပေးခန်းကိုသွားပို့ရအောင်….”

 

ထိုအသံကြောင့် လမ်းပေါ်သို့လူများပြေးထွက်လာကြပြီး

 

” ဘယ်တုန်းကထိသွားတာလဲ….”

 

” အဆိပ်အတော်ပြန့်နေပြီ…. သူ့ကိုကိုက်တဲ့မြွေကဘာမြွေအမျိုးအစားလဲ….”

 

” အဆိပ်စုပ်ထုတ်ရမယ်….အဆိပ်စုပ်ထုတ်ရမယ်….”

 

” ဟာ…တိတ်ကြစမ်းလူနာကသေတော့မယ်….မင်းတို့ကတစ်ယောက်တစ်ပေါက်ပြောလို့မပြီးသေးဘူး…..သူ့ကိုကူမပြီး ကျေးလက်ဆေးပေးခန်းကိုပို့ရအောင်….”

 

” အေးအေး…အဲဒါအကောင်းဆုံးဘဲ…မကြဟေ့…”

 

သုတ်သုတ်ပြာပြာဖြင့် လူတစ်စုလည်း တက်ထွန်းကိုဝိုင်းမကာ ကျေးလက်ဆေးခန်းသို့ပို့ကြ၏။ ဆေးခန်းရောက်သည်နှင့်ဆေးမှူးလည်းမြွေဆိပ်ဖြေဆေးတစ်လုံးထိုးထားပေးသော်လည်း မြွေဆိပ်မှာကျမလာဘဲ လူနာမှာတစ်ကိုယ်လုံးပြာနှမ်းလာ၏။

 

” လူနာကိုမြို့ဆေးရုံအမြန်ပို့မယ်….နိူ့မဟုတ်ရင် လူနာအသက်ဆုံးရှုံးသွားလိမ့်မယ်ဗျ….”

 

” ဟာ…..”

 

” ဒါဆိုဆေးမှူးပါလိုက်ခဲ့ပေးပါ….လမ်းမှာတစ်ခုခုဖြစ်ရင် ကျုပ်တို့ဘာမှမလုပ်တတ်ဘူးဗျ….”

 

” အေးအေးကျုပ်လည်းလိုက်ခဲ့မယ်….ကျန်တဲ့လူက လူနာကိုကိုက်တဲ့မြွေကိုတွေ့အောင်ရှာခဲ့ကြ….”

 

ရွာသားများလည်း ပုဆိုးတစ်ကွင်းကိုပုခက်

လုပ်ကာ တက်ထွန်းအားမြို့ဆေးရုံပို့ရန်လုပ်ကြ၏။ ဆေးမှူးလည်းလိုအပ်သည့်ဆေးဝါးအစုံကိုထည့်ယူကာလိုက်လာခဲ့၏။ တက်ထွန်းကား သတိရတချက်မရတချက်ဖြစ်ကာ ယောင်ယမ်းနေရှာသည်။

 

မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်လည်း ကြက်ဥကိုရေစီးသန်သည့်ချောင်းထဲသို့မျောပြီးသည်နှင့် ကမ်းပေါ်သို့ပြန်တက်လာခဲ့သည်။ ချောင်းသည်ကားအတော်ကျယ်ပြန့်ပြီး ရွာနှစ်ရွာကိုခြားထားသကဲ့သို့ပင်ထင်ရသည်။ ရေစီးသန်သဖြင့် တစ်ရွာနှင့်တစ်ရွာကူးရန် သမ္ဗာန်ငယ်များရှိ၏။

 

” ဒီနေရာမှာခဏနားကြမလားဆရာ….နေအရမ်းပူသေးတော့ခရီးဆက်လို့မကောင်းဘူး….”

 

” အေးအေးထင်ပေါ် ခဏနားကြတာပေါ့…”

 

ချောင်းစပ်ရှိသစ်ပင်အောက်တွင် ဆရာတပည့်နှစ်ယောက်အေးအေးလူလူအနားယူနေစဉ် လူတစ်စုသည် ချောင်းစပ်သို့ရောက်လာကြ၏။

 

” ဟေ့ဟေ့….ကျပ်တို့အရေးကြုံလို့ ဟိုဖက်ကမ်းကိုလိုက်ပို့ပေးစမ်းပါ…..ပိုပေးပါ့မယ်….”

 

ထိုလူစုထဲမှတစ်ယောက်က မောင်ရေခဲတို့ထံလာပြီး သမ္ဗာန်လာငှါး၏။ ထိုအခါထင်ပေါ်က

 

” ကျုပ်တို့ကသမ္ဗာန်သမားမဟုတ်ဘူးဗျ….ခရီးသွားတွေပါ ဒီမှာအရိပ်ရလို့ခေတ္တအနားယူနေကြတာပါ…..”

 

” ဟာ…အဲဒါမှတကယ်ခက်ပြီ….”

 

ထိုလူကစိတ်ပျက်လက်ပျက်ဖြစ်သွားဟန်ဖြင့်

သူ့လူစုရှိရာသို့ဆင်းသွား၏။ အချို့ကချောင်း၏ဟိုဘက်ကမ်းကို လှမ်းမျှော်ရင်း သမ္ဗာန်ကိုမျှော်ကြည့်နေ၏။

 

” ဒီလူတွေဒုက္ခရောက်လာပုံရတယ်ထင်ပေါ်… သွားပြီးကြည့်ရအောင် ကူညီနိူင်ရင်ကူညီကြတာပေါ့….”

 

” ဟုတ်ဆရာ… ”

 

ဆရာတပည့်နှစ်ယောက် ချောင်းစပ်ရှိလူစုဆီသို့ဆင်းသွား၏။

 

” ဒီကမိတ်ဆွေတို့ ဘာဖြစ်ကြတာလဲဗျ….”

 

” ကျုပ်တို့ထဲကတစ်ယောက်ပိုးထိထားလို့ မြို့ဆေးရုံပို့မလို့ပါ….အဲဒါသမ္ဗာန်တွေကဒီနေ့ရှိကိုမရှိတာဗျ….ဒီပုံအတို့င်းဆို ဒို့လူကိုလက်လျှော့ရတော့မယ်ထင်ရဲ့ဗျာ….ဟူး….”

 

ထိုလူကစိတ်ပျက်အားလျှော့ဟန်ဖြင့်ဆိုလေသည်။ လူအုံနေသည့် လူနာကိုကြည့်လိုက်ရာ လူနာမှာမြွေဆိပ်တက်သဖြင့်ပြာနှမ်းနေပြီး ခိုက်ခိုက်တုန်နေသည်ကိုတွေ့လိုက်ရသည်။

 

” ဟာ…”

 

မောင်ရေခဲကလူနာအားသေချာကြည့်လိုက်ရာ သာမန်မြွေကိုက်ထားသည်မဟုတ်မှန်းတွေ့လိုက်ရ၏။ ထိုခဏ၌ချောင်းစပ်ဆီသို့ လူဆယ်ယောက်ခန့်ထပ်မံရောက်လာပြန်၏။

 

” သား….လူကလေး…..ဘယ်လိုဖြစ်ရတာလဲကွာ…..”

 

” တက်ထွန်း….မင်းဘယ်လိုဖြစ်ရတာလဲကွာ….”

 

” လူနာကိုကျွန်တော်ကြည့်ပါရစေ…ကျွန်တော်တို့ကဆေးပညာလည်းမတောက်တစ်ခေါက်တတ်ပါတယ်….”

 

မောင်ရေခဲ လည်းလူအုပ်ကြားတိုးဝင်လိုက်ပြီး ပြောလိုက်ရာ လူစုမှာရှဲသွားကြကုန်၏။

 

လူနာမှာအသက်ရှုသံသိပ်မမှန်ချင်တော့ပေ။ မျက်စိသူငယ်အိမ်မှာလည်း အတော်ပင်ကျယ်နေချေပြီ။

 

” သူပိုးထိခံရတဲ့အချိန်က ခန့်မှန်းခြေဘယ်လောက်ရှိပြီလဲဗျ….”

 

” ကိုက်တဲ့အချိန်ကိုအတိအကျမသိပေမဲ့ ကျုပ်တို့သူ့ကို တွေ့တဲ့အချိန်ကစပြောရရင် ၃နာရီကျော်ပါပြီ….”

 

” ကျွန်တော် အုန်းရေလိုချင်တယ်ဒီအနီးအနားမှာအလွယ်ရနိူင်မလား….”

 

” မရနိူင်လောက်ဘူးဗျ….”

 

ထိုစဉ်အုန်းသီးအပြည့်တင်လာသောသမ္ဗာန်ငယ်တစ်စီးကမ်းသို့ကပ်လာ၏။

 

” ဟာ…ဟိုသမ္ဗာန်ကအုန်းသီးတွေတင်လာတာဗျ…အခန့်သင့်တာဘဲကျွန်တော်တစ်လုံးလောက်သွားတောင်းဝယ်လာခဲ့မယ်….”

 

ခဏ၌ထိပ်ခွဲထားပြီးသားအုန်းသီးတစ်လံုး ရောက်လာ၏။ မောင်ရေခဲလည်း ထိုအုန်းသီးကိုယူလိုက်ပြီး ဂါထာတစ်ပုဒ်ရွတ်ကာမန်းလိုက်၏။

 

” မိတ်ဆွေ….ဒီအုန်းရေကိုလူနာကိုဝင်အောင်တိုက်ပေးပါ….ထင်ပေါ် မင်းကမြွေဆိပ်မကုန်မချင်း ထုတ်ပေး….”

 

” ဟုတ်ဆရာ…”

 

မောင်ထင်ပေါ်လည်းမြွေဆိပ်ထုတ်ရန် လူနာ၏ခြေထောက်ကိုကြည့်လိုက်ရာ အစွယ်ရာသုံးပေါက်နေရာ၌မည်းပုတ်နေပြီး စေးပျစ်ပျစ်သွေးပုပ်များကျနေသည်ကိုတွေ့လိုက်ရ၏။ မောင်ထင်ပေါ်မှာနဂါးဘဝမှာလာသူဖြစ်သဖြင့် သာမန်မြွေဆိပ်ကိုအလွယ်တကူထုတ်နိုင်သော်လည်း ယခုမြွေဆိပ်သည်တော်တော်နဲ့မကျနိုင်မှန်းသိလိုက်၏။ ထိပ်မှစ၍အောက်ခြေခုံအထိ လက်ဝါးဖြင့်သပ်ချလိုက်၊လက်ခုံဖြင့်အသာခုတ်လိုက်ဖြင့်မြွေဆိပ်ကိုထုတ်နေ၏။ ကြည့်နေသည့်လူများမှာ မောင်ရေခဲတို့လုပ်သမျှကို စိတ်ဝင်တစားကြည့်နေကြ၏။

 

အတော်ကြာထုတ်ပေးပြီးသည့်နောက် လူနာ၏အသားအရေမှာမူလအတိုင်းတဖြည်းဖြည်းပြန်ဖြစ်လာ၏။ မြွေစွယ်ရာမှ အဆိပ်များမှာအပြင်သို့မြောက်များစွာထွက်ကြလာ၏။ မြွေဆိပ်များကုန်စင်ပြီးချိန်၌လူနာမှာသတိပြန်လည်လာ၏။ ထိုအခါမောင်ရေခဲက

 

” လူနာမှာမြွေဆိပ်တော့မရှိတော့ဘူး….ဒါပေမဲ့သူ့ကိုတိုက်ထားတဲ့အတိုက်ကရှိနေသေးတာကိုကျွန်တော်တွေ့နေရတယ်….ဒီတော့ ကျွန်တော့ကိုဆက်လက်ကုသပေးဖို့ခွင့်ပြုပေးပါ….”

 

” ခွင့်ပြုပါတယ်ဆရာရယ်….အဖိုးကဒီလူနာရဲ့ဖခင်ပါ….”

 

တက်ထွန်း၏ ဖခင်ကကုသခွင့်ပေးလိုက်ရာမောင်ရေခဲလည်း မိမိလုပ်နေကြအတိုင်း

 

” ဟောဒီစနေသားရဲ့အသက်ကိုငါပိုင်တယ်….ဟောဒီစနေသားကိုအတိုက်လုပ်ထားတဲ့သူ ငါဆရာအရှေ့အမြန်လာခဲ့စမ်း….”

 

ထိုစဉ် မှိန်းမောနေသော လူနာတက်ထွန်းမှာ လက်ခမောင်းထခတ်လေ၏။

 

” ဟင်….”

 

” ဟာ….တက်ထွန်း….”

 

ကြည့်နေသည့် လူများမှာတက်ထွန်း၏အပြုအမူကြောင့် အံ့ဩသွားကြကုန်၏။ မောင်ရေခဲလည်း တက်ထွန်းကိုသေချာစူးစိုက်ကြည့်လိုက်ပြီး

 

” မင်းဘယ်သူလဲ….ဘာအတွက်စနေသားကိုအတိုက်ဆင်ရတာလဲ….”

 

” ဟား…..ဟား….ဟား….ပညာလေးမတောက်တခေါက်လောက်နဲ့ငါ့ကိုလာမစမ်းနဲ့ကိုယ့်လူ….ကိုယ်နဲ့မဆိုင်ရင်ဝင်မရှုပ်နဲ့ ….”

 

” ငါနဲ့မဆိုင်ပေမဲ့ ငါ့ရှေ့ရောက်လာတဲ့ လူနာမှန်သမျှကိုငါကယ်တင်ပေးရမဲ့ တာဝန်ရှိတယ်….ဒီတော့ငါမေးတာဘဲဖြေပါ….မင်းဘယ်သူလဲ…ဘာအတွက်စနေသားကို နှောင့်ယှက်ရတာလဲ….”

 

” မဖြေဘူးကွာ… မင်းမှာပညာတွေအရမ်းထက်နေရင် ငါဘာကောင်လဲဘယ်သူလဲဆိုတာ မင်းသိအောင်လုပ်လေ…ဟားဟားဟား….”

 

” မင်းကငါ့ကိုစိန်ခေါ်တာလား…. ရတယ်လေ… ပြီးမှငါ့ကိုအဆိုးမဆိုနဲ့…ကဲ…ထင်ပေါ်ငါ့ကိုအချုပ်အင်းတစ်ချပ်ပေးစမ်း….”

 

ထင်ပေါ်လည်း ဆရာဖြစ်သူတောင်းသည့်အင်းချပ်ကိုလွယ်အိတ်ထဲမှထုတ်ပေးလိုက်၏။ မောင်ရေခဲလည်းထိုအင်းချပ်ကိုအသက်သွင်းလိုက်ပြီး စနေသား၏ခေါင်းပေါ်သို့ကပ်ထားလိုက်၏။

 

” အား….ဖယ်စမ်း….အဲဒါကိုငါ့ခေါင်းပေါ်ကနေဖယ်စမ်း….”

 

တက်ထွန်းမှာလူးလွန့်ပြီး ခေါင်းပေါ်မှ အင်းချပ်ကိုအတင်းခါချ၏။ သို့သော်မောင်ရေခဲကအတင်းဖိကပ်ထားသဖြင့် ရုန်း၍မရတော့ဘဲနောက်ဆုံး၌ငြိမ်ကျသွား၏။

 

” ဖြေစမ်း….မင်းဘယ်သူလဲ… ဘာအတွက်စနေသားကိုအတိုက်လုပ်ထားရတာလဲ….”

 

” ငါ….ငါကကွင်းပိုင်ပါ…. ဒီကောင်ကငါရှိတဲ့နေရာမှာ ငါမကြိုက်တာလာလုပ်လို့ တိုက်လွှတ်လိုက်တာပါ….”

 

” သေချာလား…. ”

 

” သေ…သေချာပါတယ်….”

 

” မင်းလိမ်ရင်ဘာဖြစ်မလဲဆိုတာမင်းသိလား….”

 

” သိ….သိပါတယ်….”

 

” အဲဆိုဖြေ….ဘာအတွက်တိုက်လွှတ်လိုက်တာလဲ…”

 

” ငါ့…ငါ့ကိုခိုင်းလို့ပါ…ငါမလုပ်ပေးရင်ငါ့ကိုမီးမြိုက်ပြီးတသက်လုံးခိုင်းစားမယ်ဆိုလို့ပါ….”

 

” မင်းကိုခိုင်းတဲ့ကောင်ကိုပြောလိုက်…သတ္တိရှိရင်ငါနဲ့ထိပ်တိုက်လာတွေ့လို့….ဘယ်နှယ့်သူများအားကိုးနဲ့အတိုက်လုပ်ခိုင်းရတယ်လို့….မင်းလဲသူများခိုင်းတိုင်းကောင်းသည်ဆုိးသည် မစဉ်းစားဘဲ မြွေနဲ့တိုက်လွှတ်ရတယ်ပေါ့…ဒီစနေသားသာငါနဲ့မဆုံခဲ့ရင် မင်းတို့ပြုတိုင်းနုနေရတော့မှာ….”

 

ကွင်းပိုင်ကဘာမှပြန်မဖြေဘဲ ခေါင်းသာငုံ့ထား၏။

 

” ကဲ….မင်းလုပ်ထားတာတွေအကုန်ပြန်ယူ…ဘာခြေရာလက်ရာမှ မကျန်စေနဲ့….”

 

ထိုစဉ် ချောင်းရေပြင်ကိုဖြတ်၍တိုက်ခတ်လာသောလေကြမ်းကြီးသည် မောင်ရေခဲ၏မျက်နှာပြင်ကိုကလူကျီဇယ်သွား၏။ ထိုလေကြမ်းကြီးနှင့်အတူ မကောင်းသည့်အငွေ့အသက်ပါခံစားလိုက်ရသဖြင့် ကွင်းပိုင်အားစေခိုင်းသည့် ပုဂ္ဂိုလ်ရောက်လာသည်ကိုမောင်ရေခဲသိလိုက်၏။

 

” ဟားဟားဟား….ဘယ်နှယ့်လဲဆရာလေးရဲ့….ကျုပ်ကိစ္စတွေဝင်နှောင့်ယှက်ရတာ အရသာမှရှိရဲ့လားဗျ….”

 

” ငါတောင်ခေါ်စရာမလိုဘဲ ရောက်လာပေးလို့ကျေးဇူးတင်ပါတယ်…. ကဲရောက်လာပြီဆိုတော့လဲ ဘာအတွက်စနေသားကိုနှောင့်ယှက်ရတာလဲဆိုတာပါဖြေလိုက်ပါဦး….”

 

” ဟားဟားဟား…မင်းမေးတိုင်းငါကဖြေရအောင် မင်းကငါ့ဆရာလား… ”

 

” ငါကလည်းမင်းလိုယုတ်ညံ့တဲ့တပည့်မျိုးကိုမမွေးပါဘူး….”

 

” မင်းဘာစကားပြောတာလဲ…. မင်းစကားကိုပြန်ပြင်လိုက်ရင်ကောင်းမယ်…မဟုတ်ရင် ဒီကောင်အသေဘဲ….”

 

” မင်းလုပ်ရဲရင်လုပ်ကြည့်လိုက်လေ…. ”

 

” ဟင်…သား..မလုပ်နဲ့….”

 

မထင်မှတ်လိုက်သည့်အချိန်၌ တက်ထွန်းသည် လူအုပ်ကြားထဲမှ ထွက်ပြေးသွားပြီး ချောင်းထဲသို့ခုန်ချရန်လုပ်၏။

 

” ရပ်လိုက်စမ်း….ငါ့အမိန့်မရဘဲအဲနေရာကနေ တစ်ဖဝါးမှမရွှေ့နဲ့….”

 

မောင်ရေခဲက ထိုသို့အမိန့်ပြန်လိုက်ရာ တက်ထွန်းမှာထိုနေရာမှရွေ့၍မရတော့ချေ။

 

” စနေသားကိုထိခိုက်အောင်လုပ်ဖို့မကြံနဲ့…ထိုင်စမ်း …ရောက်တဲ့နေရာမှာဘဲထိုင်ချလိုက်စမ်း …”

 

တက်ထွန်းလည်းထိုနေရာ၌ပင် ထိုင်ချလိုက်၏။ ထို့နောက်မောင်ရေခဲလည်း လုပ်ထုံးလုပ်နည်းအတိုင်းလုပ်လိုက်ရာ နောက်ဆုံး၌

ဝန်ခံလာ၏။ (ကုသနည်းမှာထုံးစံအတိုင်းပင်ဖြစ်သဖြင့် ချန်လှပ်ထားလိုက်သည်)

 

” ငါ့ကိုလူတစ်ယောက်က လုပ်ခိုင်းလို့လုပ်ရတာပါ…. ငါ့ကိုငွေကြေးတွေပုံအောပေးပြီးသူချစ်တဲ့ ကောင်မလေးနဲ့နီးအောင် လုပ်ခိုင်းလို့လုပ်ရတာပါ…”

 

” အဲဒါဆို မင်းလုပ်ထားတာတွေပြန်ယူပြီးရင်သွားလိုရာသွားတော့….ကွင်းပိုင်ကြီးကိုလဲဒီတစ်ခါငါခွင့်လွှတ်လိုက်မယ်…အလိုရှိရာသွားပေတော့….”

 

မောင်ရေခဲကထိုသို့ပြောလိုက်သည်နှင့် ကွင်းပိုင်ကြီးနှင့် ကြိုးကိုင်သူပုဂ္ဂိုလ်မှာဝေဝါးပျောက်ကွယ်သွားကြ၏။

 

မြွေဆိပ်များအားလုံးပြေပျောက်သွားသည့်အပြင် ခိုင်းစေသည့်လူကိုပါနိူင်နင်းပြီးဖြစ်သဖြင့်တက်ထွန်းမှာ လူကောင်းအတိုင်းပြန်ဖြစ်လာပြီး လူအုပ်ကိုကြောင်တောင်တောင်ကြည့်နေ၏။ လူအုပ်သည်ကား တက်ထွန်းသနားသွားကြပြီး တက်ထွန်းနဲ့ရန်ငြိုးရန်စရှိခ့သည့်တဖက်ရွာကဇော်ထက်ကိုဆဲဆိုကြိမ်းမောင်းကြကုန်၏။

 

” တောက်! ဒီကောင် ဆရာမလေးရဲ့အချစ်ကိုမရလို့ဒီလို ယုတ်ညံ့တဲ့နည်းနဲ့တိုက်ခိုင်းတာပေါ့….သေမယ်ဒီကောင်တော့….”

 

” တောက်! ခွေးထက်မိုက်တဲ့အကောင်ကွာ…”

 

” ဒီကောင်နဲ့ကျုပ်တော့ တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ….”

 

တစ်ယောက်တစ်ပေါက်ဖြင့်တက်ထွန်းနှင့်အချစ်ပြိုင်ဘက်ဖြစ်သည့် ဇော်ထက်ကို ကျိန်ဆဲနေကြ၏။ ထိုအခါ မောင်ရေခဲက

 

” တော်ကြပါတော့…. ကိုယ့်အထင်နဲ့လျှောက်မလုပ်ကြပါနဲ့ မိတ်ဆွေတို့ ထင်တဲ့လူမဟုတ်ဘူး….”

 

” ဗျာ….”

 

” အဲကောင်ဇော်ထက်ကလွဲပြီး ဘယ်သူမှမဖြစ်နိုင်ဘူး….သူကတက်ထွန်းကိုအရင်တုန်းကလဲဝိုင်းရိုက်သေးတယ်…တလောကလည်းရန်ဖြစ်လို့ သူ့အကြောင်းကောင်းကောင်းသိစေရမယ်ဆိုပြီးကျိန်သွားသေးတယ်…ဒီကောင်မဟုတ်ရင်တခြားဘယ်သူဖြစ်နိူင်လို့လဲ….”

 

လူအုပ်ကမောင်ရေခဲဝင်ရောက်ဖြန်ဖြေသည့်တိုင် အငြင်းပွားနေကြဆဲပင်။ ထိုစဉ်တချိန်လုံးမောင်ရေခဲလုပ်သမျှကို စိတ်ဝင်တစားကြည့်နေသောကျန်းမာရေးမှူးက

 

” ဒီကမိတ်ဆွေတို့ကိုတစ်ခုလောက်မေးချင်လို့ပါ…စောစောကမြွေဆိပ်ထုတ်တာရယ်၊ သာမန်မြွေဟုတ်မဟုတ်ရယ်ကို ဘယ်လိုလုပ်ခွဲခြားနိူင်တာလဲ….”

 

” ဒါကပြောရရင် မြွေနဲ့ပတ်သက်တဲ့ ပညာတစ်ခုဘဲဗျ….နောက်နောင်အလိုရှိရင်သုံးလို့ရအောင် ကျုပ်သိတဲ့မြွေခွဲခြားနည်းကို မျှဝေပေးမယ်ဗျ….”

 

” ပထမဆုံး မြွေခွဲနည်းကိုပြောပြမယ်

 

ဥ ဒေါင်း ညို ပြာ လက်ယာခဲ တဲ့ …ဒီလင်္ကာအတိုင်းနေ့ကိုကောက်ရရင် တနင်္ဂနွေ၊စနေ၊အင်္ဂါ၊ကြာသပတေးစတဲ့နေ့တွေရတယ်ဗျ …အဲဒီနေ့မှာ လက်ယာဘက်ခြမ်းရဲ့နေရာတစ်ခုခုမှာ မြွေကိုက်ခံရရင် တကယ့်မြွေအစစ်ပေါ့….အဲဒီလိုမှမဟုတ်ဘဲအဲနေ့တွေမှာလက်ဝဲဘက်ကို ကိုက်ခံရရင်တော့ မြွေမှားလို့ခေါ်တဲ့ တိုက်မြွေ၊ကွင်းမြွေတွေပေါ့ဗျာ……”

 

” ဟုတ်ပြီမိတ်ဆွေ…နောက်တစ်နည်းကရောဗျ….”

 

” နောက်တနည်းက သား ရွှေ ခဲ လက်ဝဲခဲတဲ့….အဲဒီလင်္ကာအရ သောကြာ၊ဗုဒ္ဓဟူး၊တနင်္လာ နေ့မှာလက်ဝဲဘက်ကိုအကိုက်ခံရရင်တကယ့်မြွေအစစ်၊ လက်ယာဘက်ကိုက်ခံရရင်တော့ တိုက်မြွေ၊ကွင်းမြွေတွေပေါ့ဗျ…”

 

” နောက်ဆုံးတစ်ခုကတော့ ကိုယ့်ကိုကိုက်တဲ့မြွေကအဖိုလားအမလားဆိုတာသိစေတဲ့နည်းဗျ….”

 

” စိတ်ဝင်စားစရာဘဲဗျို့….ဆိုစမ်းပါဦး မိတ်ဆွေ…. ”

 

” အောင် စံ မြတ် သူ အဖိုယူတဲ့….အလင်္ကာအရ တနင်္ဂနွေ၊အင်္ဂါ၊ကြာသပတေး၊သောကြာ စတဲ့နေ့တွေမှာအကိုက်ခံရရင် ကိုက်တဲ့မြွေကမြွေဖိုဗျ….မြွေဖိုကလူယောကျာ်းကိုကိုက်ရင် ကိုက်ခံရတဲ့လူသေသဗျ….ကျန်တဲ့နေ့တွေမှာကိုက်ခံရရင်တော့မြွေမဘဲဗျ….လူမိန်းမကိုမြွေမကိုက်ရင်သေတယ်ဗျ….”

 

” အတော်စိတ်ဝင်စားဖို့ကောင်းတယ်ဗျ….ဒီလိုလေးသိထားတော့ ကျုပ်တို့လိုတောတိုးတောင်တိုးရတဲ့ လူတွေမြွေအန္တာရယ်ကြုံလာခဲ့ရင် ဖြေရှင်းနည်းရသွားတာပေါ့ဗျ….”

 

” ပိုပြီးမှတ်မိလွယ်အောင် လင်္ကာလေးနဲ့မှတ်ထားကြပေါ့…”

 

” ဥ ဒေါင်း ညို ပြာ လက်ယာခဲ

 

သား ရွှေ ခဲ လက်ဝဲခဲ

 

အောင် စံ မြတ် သူ အဖိုယူတဲ့….”

 

” သိပ်ရွတ်ရလွယ်တဲ့လင်္ကာဘဲဗျ….ဒါနဲ့ စောစောက လူနာကိုဘာလို့ရေမတိုက်ဘဲ အုန်းရေတိုက်ရတာလဲဗျ….”

 

” ဪဒါက မြွေကိုက်ခံရတဲ့လူကို ရေတိုက်ရင်မြွေဆိပ်ပိုပြန့်စေတယ်ဗျ..အဲဒါကြောင့် အုန်းရေတိုက်တာဗျ….”

 

” ဪ….အဲလို့ကိုး….”

 

မောင်ရေခဲနှင့်လူတစ်စုတို့ စကားကောင်းနေခိုက် ချောင်းနှင့်ခပ်လှမ်းလှမ်းရှိ သစ်ပင်အနောက်မှလူတစ်ယောက်သည် လူစုရှိရာသို့ မမှိတ်မသုန်ကြည့်လိုက်ပြီး တအောင့်အကြာ၌ မကျေနပ်ဟန်မျက်နှာထားဖြင့် အံကိုတင်းတင်းကြိတ်ကာ ပြန်လည်ထွက်ခွာသွားသည်ကို မောင်ရေခဲတွေ့လိုက်ရသဖြင့် နူတ်ခမ်းကေွးးရုံပြုံးမိ၏။

 

” ကဲ…လူနာလည်းနေကောင်းသွားပြီ….အချိန်လည်းအတော်လင့်နေပြီဆိုတော့ ကျုပ်တို့ကိုခွင့်ပြုကြပါအုံးဗျ….”

 

” ဟာ…ဟုတ်ပေသားဘဲဗျ…ကျုပ်တို့လဲတက်ထွန်းပြန်နေကောင်းသွားတာနဲ့ဝမ်းသာပြီးပတ်ဝန်းကျင်ကိုမေ့နေတာဗျ….ဒါနဲ့ ဆေးကုခဘယ်လိုယူပါသလဲ….”

 

” စေတနာနဲ့ကူညီပေးတာပါဗျာ….ကျုပ်မှမဟုတ်ဘူးတခြားလူတွေဆိုရင်လည်း ကူညီပေးကြမှာဘဲဗျ…”

 

မောင်ရေခဲပြောသည်မှာလည်း သဘာဝကျသဖြင့် လူတစ်စုလည်း ဘာမှဆက်မပြောတော့ပေ။ တက်ထွန်းကား မောင်ရေခဲဘက်လှည့်ပြီး အကြိမ်ကြိမ်ကန်တော့နေရှာ၏။

ကိစ္စပြီးသွားပြီဖြစ်သဖြင့် လူတစ်စုအားနူတ်ဆက်ပြီး သမ္ဗာန်ငယ်ဖြင့် ဆရာတပည့်နှစ်ယောက် တဖက်ကမ်းသို့ကူးသွားလေ၏။ ထိုအခါထင်ပေါ်က

 

” ဆရာ…. ချောင်းရဲ့ဒိဘက်ကမ်းကိုဘာလို့ပြန်လာတာလဲ…တက်ထွန်းကိုမြွေနဲ့တိုက်သတ်ခိုင်းတဲ့လူက သူ့ရန်ဖက်နဲ့မဟုတ်ဘူးဆိုတော့ ဘယ်သူလဲဗျ….”

 

” ဘာလို့ပြန်လာတာလဲဆိုတော့ လုပ်စရာမရှိတော့လို့ပေါ့ကွာ…တက်ထွန်းကိုတိုက်ခိုင်းတဲ့လူကတော့ သူ့ရဲ့ငယ်ပေါင်းဖော် အချစ်ဆုံး သူငယ်ချင်းဘဲထင်ပေါ်….”

 

” ဗျာ!…….”

 

ကြားလိုက်ရသောစကားကြောင့်ထင်ပေါ်မှာ အာမေဋိတ်သံများပင်ထွက်လာမိသည်။ ထိုနည်း၎င်းပင်။ လောက၌မိမိအယုံကြည်ရဆုံးသူသည် မိမိ၏နောက်ကျောကို ဓားနဲ့ထိုးမည့်လူဖြစ်နေတတ်သည်။……။

 

# ပြီးပါပြီ။

 

# စာ​ရေးသူ=ခွန်းအားလေးစားလျက်

 

Like&shareလေးနဲ့အားပေးပါအူံး