“တစ်ပွဲစားမုဆိုးနှင့်ရွှေမောင်းတောသိုက်က အပျိုတော် “(အပိုင်း 2 )
————————————————-
ရေးသူ- ထမံ(တောင်ငူ)
လှဖြူလေးတစ်ယောက် တောင်ပို့ကြီးတစ်ခု၏ အရှေ့၀ယ် ကွေးကွေးလေး အိပ်နေလေ၏။
” သမီးလေး…”
ကိုမြင့်မောင်က လှဖြူလေးကို ပြေးပွေ့လိုက်သည်။
အဖေလက်ထဲရောက်သည်အထိ ကလေးက အိပ်မောကျနေတုန်းဆဲ။
” သမီး…သမီးလေး…”
ကိုမြင့်မောင်က လှုပ်ခတ်ပြီး နှိုးလေသည်မို့ လှဖြူလေး အိပ်မှုန်စုံမွှားနဲ့ နှိုးလာလေ၏။
” ဖေဖေ…”
နိုးနိုးချင်း မိဘနှစ်ပါးက သူမအား စိုးရိမ်တကြီး ကြည့်နေတာမြင်ချိန် လှဖြူလေး အံ့သြသွားရလေသည်။
ပြီးနောက် ပတ်၀န်းကျင်ကို ဝေ့၀ိုက်ကြည့်ပြီး တစ်စုံတစ်ခုကို ရှာဟန်ပြုလေသည်။ ပြီးသော် စိတ်က အလိုမကျဟန်နှင့်…။
” ဖေဖေ…ဘိုးဘိုးတို့ ဘယ်ရောက်သွားတာလဲဟင်…”
” ဟင်…”
ကိုမြင့်မောင်တို့ လင်မယား ပါးစပ်အဟောင်းသားဖြစ်ကြရသည်။
” ဘယ်က ဘိုးဘိုးလဲ သမီးရဲ့…”
” ဪ…ညတုန်းက ဘိုးဘိုးနဲ့ မမလေ။ သူတို့သမီးကို ပွဲခင်းထဲဆီကို အလည် ခေါ်သွားကြတာလေ…”
” ပွဲခင်း…ဟုတ်လား။ ဘယ်က ပွဲခင်းလဲ…”
ကိုမြင့်မောင်က မေးတော့ လှဖြူလေးက သူတို့ရဲ့ အိမ်အနောက်ဘက်ကို လက်ညှိုးထိုးပြပြီး…။
” အဲ့ဒီ့ဘက်မှာလေ ဖေဖေရဲ့။ ပွဲခင်းကြီးမှ အကြီးကြီး။ လူတွေကလည်းအများကြီးပါပဲ။ မီးမီးဆို ပျော်လိုက်တာ မပြောပါနဲ့ ဖေဖေရယ်…”
” မဟုတ်သေးပါဘူး။ သမီးလေးက မနက်အထိ ဖေဖေတို့နဲ့ အတူတူအိပ်နေတာကို…”
” ဟုတ်ပါတယ် ဖေဖေရဲ့။ ညမှောင်မှောင်ကြီးမှာ မီးမီးသွားခဲ့ရတာ။ အဲ့မမက ပြောတယ်။ မီးမီးက သူ့ ညီမလေးတဲ့။ ဖက်ပြီးတော့လည်း ငိုတယ်။ ပြီးတော့ ပွဲခင်းထဲကို သတိမရဘူးလား။ အလယ်လိုက်ခဲ့ပါလား ခေါ်တယ်။ မီးမီးက လိုက်မယ်ပြော ဘိုးဘိုးက မမကို ပြောတယ်။ သူ့ မေမေနဲ့ ဖေဖေတို့ စိတ်ပူနေမှာစိုးလို့ မီးမီးကို မခေါ်နဲ့တဲ့။ မမက ရပါတယ် သူ စီစဉ်ခဲ့မယ်ပြောပြီး မီးမီးကို ခေါ်သွားခဲ့တာလေ…”
သမီးလေးလှဖြူ၏ စကားကြောင့် မလှဝေတစ်ယာက် ကိုယ်၀န်ဆောင်ကာစက အိပ်မက်မက်ခဲ့တဲ့ ပွဲခင်းကြီးကို သတိရသွားလေသည်။
” ကိုမြင့်မောင်…”
လှဝေက လက်တို့ လိုက်ကာဆိုလိုက်၏။ ထိုအခါ ကိုမြင့်မောင်က…
” အင်း… လှဝေ…”
” ကျုပ် တော့်ကို ပြောစရာ ရှိတယ်။ အခုတော့ မဟုတ်သေးဘူး။ ကလေးသိပ်လိုက်ဦး ပြီးမှ…”
” အင်း…”
” ကဲ…ကဲ…သမီးလေး။ အခု အိပ်ချင်သေးလား…”
” ဟုတ်ကဲ့ ဖေဖေ။ ညတုန်းက မမတို့ ပွဲကနေတာကို မီးမီးက ကြည့်ထားတော့ မအိပ်ရဘူး။ အခု အိပ်ဦးမယ်…”
” အင်း…အင်း သမီးလေး အိပ်နော်…”
ကိုမြင့်မောင် လှဖြူလေးဆီကို ခေါင်းလေးပွတ်ပြီး သိပ်လိုက်သည်။ မလှဝေကတော့ မီးဖိုခန်းဆီကို ပြန်၀င်သွားခဲ့လေ၏။
တစ်ခဏအတွင်း၀ယ် လှဖြူလေးသည် အိပ်မောကျသွားလေသည်။
ကိုမြင့်မောင်တစ်ယောက် မလှဝေရှိရာ မီးဖိုအတွင်းဆီကို လိုက်လာလိုက်၏။
” လွဝေ…”
မလှဝေသည် မီးဖိုထက်က ထမင်းအိုးနှပ်နေခြင်းကို အပြီးသတ် လုပ်ဆောင်လိုက်ပြီး ကိုမြင့်မောင်ဆီကို လှည့်ကြည့်လာသည်။ ပြီးသော်…
” ကျုပ် တော့်ကို သမီးလေး ကိစ္စပြောချင်လို့…”
” အင်း ပြော လှဝေ…”
” ကျုပ်လေ…သမီးလေးကို ကိုယ်၀န်မဆောင်ခင်မှာ အခု သမီးလေး ပြောသလို အဖြစ်မျိုးကို အိပ်မက်မက်ဖူးတယ်…”
” ဟင်…မင်းက ဘယ်လိုများ မက်မိတာလဲ လှဝေ…”
ကိုမြင့်မောင်က စိတ်၀င်တစားဖြစ်ကာ မေးလိုက်လေသည်။ ထိုအခါ မလှဝေက…
” အဲ့ဒ်ီ့တုန်းက ကျုပ်တို့ ဒီကို ရောက်ကာစ’လေ။ ကျုပ် အိမ်အနောက်ဘက်ကို ရောက်သွားတာ။ ပွဲခင်းကြီးတစ်ခုတော်။ လူတွေမှ ကြိတ်ကြိတ်ကို တိုးလို့ပဲ။ ကျုပ် အဲ့ဒီ့အထဲကို ရောက်သွားတာ။ သွားရင်းနဲ့ မြေ၀ိုင်းဇာတ်မှာ ကနေတဲ့ မင်းသမီးလေးက ကျုပ်ဆီကို ရောက်လာပြီး မေမေ ခေါ်တယ်။ ပြီးတော့ နေပါရစေတဲ့။ အဲ့ဒါနဲ့…”
” ငါ သိပြီ လှဝေ။ ဒါဆို သမီးက…ဒီက လူတွေ ပြောပြောနေတဲ့ ရွှေမောင်းတော သိုက်ကလာတယ်လို့ ဆိုချင်တာလား…”
ကိုမြင့်မောင်က မေးမြန်းလိုက်သည်။ ထိုစကားကြောင့်မလှဝေက ခေါင်းကို ညိတ်လိုက်ပြီး…။
” ဟုတ်တယ် အကိုမြင့်။ ကျုပ်ပြောချင်တာ အဲ့ဒါ။ သမီးလေးက သာမန်မဟုတ်ဘူး။ အခု သူပြောနေတာတွေက ကလေးတစ်ယောက် အိပ်မက်မက်ပြီး ပြောနေတာနဲ့လည်း မတူဘူး။ ပြီးတော့ သမီးလေးက လေးနှစ်ကျော် ငါးနှစ်ပြည့်တော့မယ်။ ဘာကဘယ်လိုဆိုတာ သူကောင်းကောင်းသိနေပြီလေ…”
ကိုမြင့်မောင်၏ မျက်နှာသည် မှိုင်းညို့သွားရလေ၏။ ပြီးသော် မလှဝေကို ကြည့်ပြီး…
” အဲ့ဒါများ လှဝေရယ်။ ငါ့ကို ဘာလို့များ ကြိုမပြောပြရတာလဲ။ ငါသာ ကြိုသိခဲ့ရင် တစ်ခုခု စီစဉ်မှာပေါ့ဟာ…”
ကိုမြင့်မောင်၏ စကားသည် အစကတည်းကသာ ကြိုသိခဲ့ရပါက သိုက်ကြိုးဖြတ်တာလိုမျိုး ပြုမူမည်ဟု ဆိုခြင်းပင်။
” ကျုပ်လည်း အဲ့ဒီ့တုန်းက အမှတ်တမဲ့ ဖြစ်ခဲ့ရတာပါတော်။ ဒါပေမယ့်လည်း အခု သတိရတော့ ပြောပြတယ်လေ…”
” ဒါပေမယ့်လည်း မတော်လို့ ညတုန်းကသာ သမီးလေးကို ပြန်မလွှတ်ခဲ့ရင်၊ ဒါမှမဟုတ် မနက်က တောင်ပို့ကြီးနားမှာ တွေ့ခဲ့တာဆိုတော့ ဘယ်အချိန်ကတည်းက အိပ်နေတယ်မသိရဘူး။ တကယ်လို့သာ တစ်စုံတစ်ခုဖြစ်ခဲ့မယ်ဆိုရင်…”
ကိုမြင့်မောင်၏ စကားသံ တိုးတိမ်သွားလေသည်။
မလှဝေသည်လည်း ကိုမြင့်မောင်၏ စကားတွေကို နားထောင်ကာ မျက်ရည်တွေပင် ဝဲတက်လာရလေ၏။
” လှဝေ…ငါတော့ သမီးလေးကို သိုက်ကြိုးဖြတ်ဖို့ အမြန်ဆုံး စီစဉ်မှထင်တယ်…”
မလှဝေတစ်ယောက် ရင်ထိတ်သွားရ၏…။
” အို…အကိုမြင့်။ အဲ့ဒီ့လို လုပ်လို့ ဖြစ်ပါ့မလားတော့်။ ကျုပ် ကြားဖူးတာ ရှိတယ်။ သိုက်ကလာတဲ့သူတွေကို အဲ့ဒိ့လို လုပ်ကြရင် မနိုင်တဲ့ဆရာနဲ့သာဆို တစ်ဖက်က အသေအကြေ လုပ်တတ်တယ်တဲ့။ တစ်မိသားစုလုံးကိုပါ ထိနိုင်တယ်တဲ့။ ဖြစ်ပါ့မလား အကိုမြင့်ရယ်…”
ကိုမြင့်မောင် တစ်ချက်တွေခနဲ ဖြစ်သွားရသည်။ အတန်ကြာသော်မှ သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး…
” ဒီအတိုင်းဆိုရင်ကကော ဘာထူးမှာလဲ လှဝေရယ်။ သမီးလေးကို သူတို့လာခေါ်တိုင်း ငါတို့က ဘာမှမလုပ်နိုင်ဘဲ ရှိနေရတော့မှာလား။ မတော်လို့ ပြန်မလွှတ်တော့ရင်ကော…”
မိခင်ဖခင်တို့ရဲ့ ပူပန်မှုတရားပင်။ လှဝေသည်က နှုတ်ဆိတ်သွားရလေ၏။
” အကိုမြင့်…”
” ဟေ…”
” တော့် စိတ်ထဲ အဲ့ဒီ့လို ရှိတယ်ဆိုရင်လည်း မထိမခိုက်ဖြစ်အောင် လုပ်ပါနော်…”
မလှေဝေ၏ စကား…။
ကိုမြင့်မောင်တစ်ယောက်ကား အတွေးနွံထဲ လွင့်မျောနေသည်မို့ ခေါင်းလည်းမညိတ်မိသလို ခေါင်းလည်းမခါမိခဲ့။
ထို့အပြင် တုန့်ပြန်စကားလည်း မဆိုမိခဲ့ပါချေ။
******
” ဖြန်း…ဖြန်း…”
ကိုမြင့်မောင်တစ်ယောက် သမီးအတွက် ကြိုးကုတ်လိုက်ခြင်းအဖြစ် ဖြူးနယ်ဘက်က ဆရာသိန်းဆိုသော ဆရာတစ်ယောက်ကို ပင့်လာခဲ့လေသည်။
ယခုမူကား အနှီဆရာသိန်းသည် ကိုမြင့်မောင်၏ ရင်ခွင်ဆီ၌ လှဖြူလေးကို ပိုက်ထားစောကာ သားအဖနှစ်ဦးသား သူ၏ အရှေ့ဆီ၌ ထိုင်နေစေသည်။
အြိမ်ပေါ်တွင်လည်း ကန်တော့်ပွဲ သုံးပွဲကို ထိုးထားစေပြီး အလင်းတိုင်၊ အမွှေးတိုင်တွေလည်း ထွန်းညိပူဇော်ကာ ထားလေ၏။
ကိုမြင့်မောင်တို့ အိမ်ကလေးပေါ်တွင်လည်း လာရောက်ကာ စပ်ဟုလေ့လာကြသူတို့က ၀န်းအုံခြံရံနေကြလျှက်…။
ဆရာသိန်းက အိမ်ထဲကို ဘယ်သူ့ကိုမှ ပေးမ၀င်ရန် မှာကြားထားသည့်မို့သာ။ မဟုတ်ပါက တစ်အိမ်လုံးပင် ပြည့်နေပေမည်လားမသိ။ ဒါကိုတောင် အဲ့ဒီ့လူတွေက အပြင်ကနေ စောင့်ကြည့်နေကြလေသည်။
ဆရာသိန်းသည် ဘုရား၀တ်ပြု မေတ္တာပို့ပြီး တစ်ဖက်က လှဖြူလေးရဲ့ အနွယ်တွေကို မေတ္တာပို့လေသည်။ ပြီးသော်…
” အဟမ်း…အထက်ဘဂဝါဆီက မဟိဒ္ဒိရှင် သိဒ္ဒိရှင်တို့၏ အဆိုအမိန့်၊ ငည၏ နှုတ်ဖျားက ထွက်သောစကားသည် ၎င်းတို့၏ စကားကို ကိုယ်စားပြုသည်။ ယခု အကျွန်ုပ်၏ အရှေ့မှောက်တွင် ရှိနေပါသော ဗုဒ္ဓဟူးသမီးဖြစ်သော မလှလှဖြူ၏ အတိတ်ဘ၀က အနွယ်တော်သည် ယခုပင် ရှေ့မှောက်ဆီ ရောက်ရှိပါစေ…”
ဆရာသိန်းက အမိန့်ပြန်လိုက်သည်။ ထို့နောက်…သူ့လက်ထဲတွင် ကိုင်ထားသည့် တစ်တောင်ခန့်သာ ရှိသော ညိုနက်နက် ကြိမ်ကလေးနှင့် ကြမ်းကို ပုတ်ကာ အာဏာစက်ဖြန့်သလိုလုပ်ဆောင်လိုက်လေ၏။
ထိုသို့ လုပ်ပြီးသည်နှင့် ချက်ချင်းဆိုသလိုပင် ကိုမြင့်မောင်၏ ရင်ခွင်ဆီက လှဖြူလေးသည် အိပ်မွေ့ချခံရသလိုဖြစ်သွားပြီး မှေးစက်အိပ်ပျော်သွားလေတော့၏။
” သမီး…သမီး…ဆ…ဆရာ…”
ကိုမြင့်မောင်၏ စိုးရိမ်တကြီးခေါ်သံ။
” မစိုးရိမ်နဲ့ ကိုမြင့်မောင်။ သူတို့ ကလေးကို ဆွဲယူဖို့ ကြိုးစားတာ။ ဒါပေမယ့် သူတို့ ဘာမှလုပ်မရအောင် ကျုပ် ခင်ဗျား သမီးရဲ့ လိပ်ပြာကို ချုပ်နှောင်ပေးထားတယ်။ သူတို့ ဒီအဆင့်ကနေ တက်မရအောင် ကျုပ် စည်းထပ်တားလိုက်မယ်…”
ဆရာသိန်းသည် ကိုမြင့်မောင်ကို ပြောလိုက်၏။ အဲ့ဒီအချိန် အိမ်အပြင်ဘက် လူအုပ်ထဲဆီက…
” ဟင်း…ဟင်း…ဟင်း…”
ကျယ်လောင်သော ညည်းသံတစ်ခု။
ကြည့်နေသော လူအုပ်ထဲဆီက တစ်စုံတစ်ယောက်သည် လှုပ်ရှားတိုးခပ်လာလေသည်။
အပြင်ဘက်၌ ရုတ်ရုတ်သည်းသည်း ဖြစ်ကုန်ကြလေ၏။
” ဟား…ဟား…ဟား…”
လူအုပ်ကြားဆီက ပထမထွက်ပေါ်လာသော ညည်းတွားသံအစား ရယ်မောခနဲ့သံကြီးက ခြောက်ကပ်ကပ် ကျယ်လောင်လောင် ထွက်ပေါ်လာပြန်သည်။
” မတင်စိန်…ဘာဖြစ်တာလဲ…”
” မတင်စိန်….မတင်စ်ိန်…”
ရယ်သံရှင်သည် မတင်စိန် အမည်ရှိ မိန်းမကြီးဖြစ်၏။
လူအုပ်ကြီးသည် နံဘေးရှဲလိုက်ချိန် မတင်စိန်သည် အားလုံး၏ အကြားဆီ၀ယ် တင်ပုလ္လင်ခွေထိုင်ကာ မျက်စိကိုစုံမှိတ်ထားလေပြီး လူက အရှေ့အနောက်သို့ ယိမ်းထိုးကာ လှုပ်ရှားနေလေသည်။
” သူ့ကို အိမ်ပေါ်ခေါ်လိုက်ပါ…”
ဆရာသိန်းစကားအဆုံး ကာလသားနှစ်ယောက်လောက်သည် မတင်စိန်ကို အိမ်ပေါ်ဆီသို့ ခေါ်ဆောင်လာကြလေ၏။
ထိုနေုက် မတင်စိန်အား ဆရာသိန်း၏ အရှေ့ မလှမ်းမကမ်းဆီတွင် ပေးထိုင်လိုက်လေသည်။
” အခုရောက်လာတာ ဘယ်သူလဲ…”
ဆရာသိန်းက မဆိုင်းမတွပင် မေးလိုက်၏။
ထိုအခါ မတင်စိန်က မျက်လုံးတွေကို မဖွင့်ဘဲ ယိမ်းထိုးမပျက်ရှိရင်းက…။
” ရွှေတိုင်ကြော့ …အပျိုတော်ရဲ့ အစ်မ။ ငါနဲ့ ငါ့ညီမကို နင်တို့က အပြီးသတ် ခွဲထုတ်ဖို့ ကြံနေတယ်ပေါ့လေ…”
အသံကား မတင်စိန်၏ အသံမဟုတ်။
အခြားသော မိန်းမတစ်ယောက်၏ အသံဖြစ်ကာ ခပ်စာစာ ခပ်စူးစူးနှင့်။ အသံ၏ နောက်ကွယ်ဆီ၀ယ် ဒေါသတို့ကလည်း ရောယှက်ပါ၀င်နေဟန်ပင်။
” အပျိုတော်ဆိုတာက ဘယ်သူလဲ…”
မတင်စိန်က အိပ်မောကျနေသည့် လှဖြူလေးဆီကို မေးငေါ့ပြလေသည်။
” သူက အပျိုတော်၊ ဒါဆို ရွှေတိုင်ကြော့ဆိုတာက နင်ပဲပေါ့…”
” ဟုတ်တယ်…”
အသံက တိုပြတ်ပြတ်။
” ရွှေတိုင်ကျော့…အင်း နာမည်ကတော့ မဆိုးပါဘူး။ ဒါနဲ့ နင်က ဘယ်ကလဲ…”
ဆရာသိန်းက ခပ်ပြေပြေထပ်မေးလိုက်သည်။
အိမ်အပြင်ဘက်က ချောင်းကြည့်နေသူတွေမှာတော့ အထူးအဆန်း ဖြစ်နေကြလေ၏။
လှဖြူလေး၏ မိဘတွေလည်းဖြစ် အနီးကပ်လည်းရှိနေကြရသည့် ကိုမြင့်မောင်တို့ လင်မယားသည်ကတော့ ပြောဖွယ်ရာပင် မရှိနိုင်။
လင်မယားနှစ်ယောက်စလုံး သမီးလေးအတွက် စိုးရိမ်ပူပန်နေကြရကာ ရင်အစုံတို့သည် လှိုင်းထန်သည့်နှယ် ရှိနေကြရလေ၏။
” ငါက…သိုက်က…”
မတင်စိန်၏ ပြန်ဖြေသံကား အရှေ့ကလိုပင် ခပ်ပြတ်ပြတ်။ ဆရာသိန်းက…
” ဘယ်သိုက်ကလဲ…ရွှေမောင်းတောသိုက်ကလား…”
” ဟုတ်တယ်…”
ဆရာသိန်းသည် ခေါင်းကို ညိတ်လ်ိုက်၏။
ကိုမြင့်မောင်တို့ လင်မယားက ဆရာသိန်းကို အားကိုးတကြီးကြည့်မိကြသည်။ အပြင်က လူအုပ်ကြီးက အိမ်ထဲ၌ ဘာဆက်ဖြစ်မလဲဟူသော သိချင်လွန်းစိတ်ဖြင့် စိတ်၀င်တစားရှိနေကြသည်။
” ဟုတ်ပါပြီ…အခု ဆရာ ဖိတ်ခေါ်ရတာကလေ။ ပြီးခဲ့တဲ့ အဖြစ်အပျက်ကြောင့် ဟော့ဒီက ကလေးမလေး မလှဖြူရဲ့ မိဘတွေက စိုးရိမ်နေကြတယ်။ အဲ့ဒါကြောင့် ဘ၀ချင်းကလည်းမတူတော့တာမို့ စည်းလေးထားပေးစေချင်တယ်ဆိုတာ မေတ္တာရပ်ခံလိုတာပါ…”
မတင်စိန် ပြင်းပြင်းထန်ထန်ပဲ ခေါင်းကို ခါရမ်းလိုက်၏။
” မရဘူး…ငါမလုပ်နိုင်ဘူး…”
ဆရာသိန်း၏ မျက်နှာက တစ်ချက်ပင် အပြုံးမပျက်။
” မလုပ်လို့ မရဘူးလေ ရွှေတိုင်ကြော့ရယ်…”
” ဒီဘက်က ဘ၀က မိဘတွေကို သနားမှပေါ့။ သူ့ကို ဒီဘ၀ကို လာဖို့ နင်တို့ကိုယ်တိုင်ပဲ ခွင့်ပြုပေးခဲ့တာမဟုတ်လား…”
” ဟုတ်တယ်…”
” ဒါနဲ့များ ရွှေတိုင်ကြော့ရယ်။ ကြည်ကြည့်ဖြူဖြူ ခွင့်ပြုပေးပြီးမှ အခုလို လာခေါ်နေတော့က…”
” ငါ သတိရလို့ လာခေါ်တာ။ အခုမှ မဟုတ်ဘူး အရင်ကလည်း ခေါ်ဖူးတယ်…”
” ဟာ…”
ကိုမြင့်မောင်တို့ လင်မယားဆီက တပြိုင်နက်ထဲ ထွက်လာသော အာမေဋိတ်ပင်။
ဆရာသိန်းကတော့ အံ့သြတဲ့ဟန်ရှိပေသော်ငြား ဟန်ကို အသာ ထိန်းလိုက်ပြီး…။
” ဘယ်နှစ်ကြိမ်တောင်များလဲ။
” သုံးကြိမ်…ငါလာခေါ်တိုင်း ညီမလေးကို ကိုယ်ပွားထုတ်ပြီး ထားခဲ့တယ်…”
ဆရာသိန်း နားလည်လိုက်လေ၏။
ကိုမြင့်မောင်တို့က ဤအကြောင်းကို ပြောပြထားခဲ့သည်။
သို့ပေမယ့် အားလုံး အခုမှ ထပ်သိရတာက ကလေးကို တောင်ပို့အနားတွင် မတွေ့ခင် ညပိုင်းမတိုင်ခင်ကတည်းက ရွှေတိုင်ကြော့တို့က ခေါ်ခေါ်ထုတ်သွားလေသည်ကိုပင်။
” ဘယ်အခါတွေတုန်းကလဲ…”
” အခါလည်ကျော်ပြီးနောက်ပိုင်း နှစ်ကြိမ် အခုတစ်ကြိမ်။ အဲ့ဒီ့တုန်းက ငါက ညီမလေးကို သိပ်တွေ့ချင်နေတာကြောင့်…”
” ရပြီ သိပြီ။ ဒါကြောင့် ကိုယ်ပွားထားပြီး ခေါ်သွားတယ်ဆိုပါတော့…”
” ဟုတ်တယ်…”
ဆရာသိန်းသည် သက်ပြင်းကို ခပ်သာသာချလိုက်၏၊
” ဒါနဲ့…ရွှေတိုင်ကြော့…နင်တို့အနေနဲ့ ကလေးကို ခေါ်ရင် လိပ်ပြာတင် ခေါ်တာမဟုတ်ဘူးလား…”
” ဟုတ်တယ်။ ဒါပေမယ့် ငါက ငါ့ညီမကို ခန္ဓာပါ တမင် ခေါ်ခဲ့တာ…”
” ဘာကြောင့်လဲ…”
” ငါတို့မှာက အတိုက်အခိုက်တွေသိပ်များတယ်။ တကယ်လို့ လိပ်ပြာချည်းခေါ်ရင် ငါ့ညီမလေး တစ်စုံတစ်ခုဖြစ်မှာ စိုးလို့…”
” အင်း…ဟုတ်ပါပြီ။ ဒါဆို ဒီတစ်ခေါက်ကကော ကလေးကို ဘာလို့ သူ့အိပ်ရာအထိ ပြန်မပို့တာလဲ…”
ရွှေတိုင်ကြော့၀င်ပူးကပ်ထားသော ဒေါ်တင်စိန်၏ မျက်နှာသည် တင်းမာသွားလေ၏။
” ညတုန်းက ငါတို့ဆီကို အတိုက်အခိုက်တွေ ရောက်လာလို့။ ဒါကြောင့် ပြန်မပို့နိုင်တော့တာ…”
” အငိး…ဟုတ်ပါပြီ။ ဒါပေမယ့်လေ အခုလို ခေါ်ခေါ်သွားတာက မဖြစ်သင့်ဘူး။ ကလေးအတွက် အန္တရာယ်သိပ်များတယ်ဆိုတာ နင် သိလား…”
” မသိဘူး။ သိဖို့လည်း မလိုဘူး။ ငါသိတာက ငါ့ညီမလေးကို ငါ လွမ်းရင် လာခေါ်မယ်…”
” ရွှေတိုင်ကြော့…”
” ဘာလဲ…နင်တို့အခု ငါတို့ ညီမအစ်မကို အပြီးသတ်ခွဲထုတ်ဖို့ ကြံစည်နေတာ ငါသိတယ်နော်…”
ရွှေတိုင်ကြော့၏ စကားသံသည် တင်းမာလွန်းလှနေသည်။
” မဟုတ်ဘူး ရွှေတိုင်ကြော့။ ကလေးရဲ့ မိဘတွေ တောင်းဆိုတာကတော့ ဟုတ်တယ်။ ဒါပေမယ့် သိုက်ကြိုးဖြတ်တယ်ဆိုတာက ငရဲသိပ်ကြီးတဲ့ အလုပ်တစ်ခုပဲ။ ဆရာက လုပ်မယ်လို့တော့ မရည်ရွယ်ထားဘူး။ ဒါကြောင့် သူ့အနွယ်ကို ဖိတ်ခေါ်ပြီး မေတ္တာရပ်ခံမလို့ပါ…”
” ဘာပဲဖြစ်ဖြစ် နင့်ကို ငါမယုံဘူး…”
” အင်း…ဆရာ အများကြီး အလျော့ပေးထားတယ်နော် ရွှေတိုင်ကြော့။ အခု ဆရာ့နေရာမှာသာ အခြားဆရာဆို အခုလို ပုံစံနဲ့ နင်မလွယ်ဘူး မှတ်ပါ…”
” ငါ မကြောက်ဘူး ဆရာကောင်။ ငါနဲ့ ငါ့ညီမကို ခွဲဖို့ကြံရင် ဒါမှမဟုတ် အခုအခြေအနေကနေ ဖျက်ဆီးဖို့ ကြံရင် အဲ့ကောင်ကို ဘဝရော အသက်ပါ ပျက်အောင်လုပ်မယ်…”
ရွှေတိုင်ကြော့က ကြိမ်းဝါး၏။ ဆရာသိန်း သက်ပြင်းကို အသာချလိုက်မိလေသည်။
သဘောသည်ကား…။
ရွှေတိုင်ကြော့ကို သူ အကြမ်းမကိုင်ချင်မိ။ သို့သော် ယခုတော့ မဖြစ်ဖြစ်အောင်လုပ်ရမည့် အခြေအနေ ဖြစ်နေလေပြီ။ သို့ကြောင့် ဆရာသိန်း.သက်ပြင်းကို အသာချလိုက်ခြင်းပင်။
” နင်တို့ ညီအစ်မကို သိုက်ကြိုးဖြတ်ပြီး ဆရာက ခွဲထုတ်ဖို့ မကြိုးစားပါဘူး။ ခွဲထုတ်လိုက်ရင်လည်း နင်တို့ ဘာမှမတတ်နိုင်ဘူး။ အခုက ဆရာ မေတ္တာရပ်ခံလိုတာပါ။ နင်တို့ ဒီကလေးကို သတိရရင် လာတွေ့ပါ။ ခေါ်မသွားပါနဲ့။ စောင့်ရှောက်လိုရင် အခြားနည်းနဲ့ စောင့်ရှောက်ပါ။ ဒီက မိဘတွေကို ငဲ့ညှာတဲ့အနေနဲ့ အကြမ်းမဖက်ဖို့ ဆရာက ကြား၀င်ပြီး နောက်ဆုံးအကြိမ် မေတ္တာရပ်ခံပါတယ်…”
ရွှေတိုင်ကြော့ ၀င်ပြီးပူးကပ်နေသည့် မတင်စိန် ငူငိုင်ငိုင်ကြီး ဖြစ်သွားလေ၏။
” ဘယ်လိုလဲ ဆရာ့ကို တစ်ခုခု တုန့်ပြန်ပြောပေးပါလား…”
မတင်စိန် ခေါင်းကို ခါရမ်းလာ၏။
” ငါ လက်မခံနိုင်ဘူး…”
” အင်း…ဒါဖြင့်လည်း ဆရာတို့ဘက်က မေတ္တာရပ်ခံပြီးသွားပြီမို့ ကာယကံရှင်တွေရဲ့ အလိုကျ စီစဉ်သင့်တာကို စီစဉ်ပါတော့မယ်။ ပြန်နိုင်ပါပြီ…”
ဆရာသိန်းက ပြောပြောဆိုဆိုပင် မတင်စိန်၏ နဖူးဆီသို့ သူ့လက်ထဲက ကြိမ်လုံးလေးနှင့် ထောက်လိုက်သည်။ ရုတ်ခြည်းပင် မတင်စိန်တစ်ယောက် အရုပ်ကြိုးပြတ်ဖြစ်ကာ ပျော့ခွေ လဲကျသွားလေသည်။
” အခြေအနေကတော့ မြင်တဲ့အတိုင်းပဲ ကိုမြင့်မောင်ရေ…”
ဆရာသိန်းက စကားစသည်။ ကိုမြင့်မောင်တစ်ယောက်ကား သမီးအပေါ် စိုးရိမ်စိတ်တို့ဖြင့် မချင့်မရဲ ဖြစ်ရကာ…။
” ဘယ်လိုလုပ်ကြမလဲ ဆရာ။ ကူညီပေးပါဦးဗျာ…”
” အင်း…သိုက်ကြိုးဖြတ်ဖို့ပဲ ရှိတော့မှာပေါ့…”
” လွယ်ပါ့မလား ဆရာ…”
” လွယ်တော့မလွယ်ဘူး။ ကျုပ်လည်း ဆရာအာပါတ်သင့်ခံရလိမ့်မယ်…”
” ဒါဖြင့်လည်း ဆရာရယ်…”
ကိုမြင့်မောင်ကို ဆရာသိန်းက လက်ကာပြလိုက်သည်။
” ဘယ်တတ်နိုင်မလဲဗျာ။ ကိစ္စတော့ မရှိပါဘူး။ လုပ်ကြည့်လိုက်ကြတာပေါ့…”
” ဆရာ…ဆရာ့ကို အာပါတ်သင့်မယ်ဆိုရင်တော့ မလုပ်ပါနဲ့ဗျာ။ အခြားနည်းနာကို တွေးကြည့်ပေးပါနော်…”
” အင်း…”
ဆရာသိန်းက တစ်ခဏ စဉ်းစားလိုက်သည်။
” လိပ်ပြာချုပ်အဆောင်…”
” ဗျာ…ဆရာ…”
” ကျုပ် လိပ်ပြာချုပ် အဆောင်လေး ပေးခဲ့မယ် ကိုမြင့်မောင်။ ဒါပေမယ့် ခင်ဗျားတို့ သတိထားရမှာက ဒီဟာလေးကို ကလေးဆီကနေ လုံး၀ပျာက်ပျက်မသွားအောင် ထိန်းသိမ်းရမယ်နော်။ အဆောင်လေး ရှိနေသရွေ့ သူတို့ ထိတွေ့လို့မရဘူး။ လိပ်ပြာခေါ်လို့ မရဘူး။ မရှိတော့ရင်တော့ သူတို့သဘောကျဖြစ်သွားလိမ့်မယ်…”
ကိုမြင့်မောင်တို့ လင်မယား ၀မ်းသာသွားလေ၏။
” ဟုတ်ပြီ ဆရာ။ အဲ့ဒါကိုပဲ စီစဉ်ပေးခဲ့ပါ။ ကျုပ်တို့ ရအောင် ထိန်းသိမ်းပါ့မယ်…”
” ကောင်းပြီလေ။ ကျုပ် စီစဉ်ပေးခဲ့ပါ့မယ်…”
ဆရာသိန်းက ချက်ချင်းပင် ငွေရောင်အင်းပြားလေးတစ်ခုနှင့် အနီရောင်ကြိုးစလေးကို ကျစ်လစ်ကာ လိပ်ပြာချုပ် အင်းလက်ဖွဲ့တစ်ခုကို စီစဉ်ပေးခဲ့ပါတော့သည်။
ထိုမှသည် စတင်ကာ လှဖြူလေးတစ်ယောက် အိပ်ရာကနေ ညဘက်၌ ပျောက်သွားတတ်သည့် အဖြစ်မျိုး၊ တစ်ဖက်က လာခေါ်သည်ကို ခံရသည့် အဖြစ်မျိုးဆီက ကင်းဝေးခဲ့ရပါတော့သည်။
သို့ပေမယ့် နောက်တစ်နှစ်ခန့်အကြာတွင်တော့…။
******
” ဖေဖေ…ဖိုးဖိုး သေတယ်…”
” ဟင်…ဘာပြောတာလဲ သမီးရဲ့…”
ကိုမြင့်မောင်တစ်ယောက် အလုပ်ကနေ နေ့တစ်၀က် ပြန်လာချိန် ခြံထဲ၌ ဆော့ကစားနေသည့် လှဖြူလေးက အသံစာစာလေးနှင့် ဆီးကြိုကာ ပြောလာခဲ့သည်။
ကိုမြင့်မောင်တစ်ယောက် လှဖြူလေး၏ စကားက မပီကလာမို့ ဘာပြောလိုက်သည်မှန်း အသေအချာ နားမလည်လိုက်မိ။
” ဖိုးဖိုး သေတယ်လို့…”
သည်တစ်ကြိမ်၀ယ် ကိုမြင့်မောင်သည် ကလေး၏ စကားကို နားလည်လိုက်သည်။ သို့ပေမယ့် အဆက်အစပ်က မရှိသည့်အတွက် ဘာကို ပြောချင်သည် ဖြစ်ကြောင်း၊ ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောနေသည်ကို နားမလည်နိုင်ပြီ။
” ဘယ်က ဖိုးဖိုးလဲ သမီးရဲ့…”
” အို…ဖေဖေကလည်း သမီးရဲ့ ဖိုးဖိုးကို ပြောနေတာပေါ့လို့…”
” အေးလေ…ဘယ်က ဖိုးဖိုးလဲလို့…”
လှဖြူလေး ဇဝေဇ၀ါနှင့် ခေါင်းကို ကုတ်လိုက်ပြီး…။
” အဲ့ဒါတော့ မီးမီးလည်း မသိဘူး…”
သမီးဖြစ်သူ၏ ချစ်စဖွယ်ပုံလေးကြောင့် ကိုမြင့်မောင် အမောပြေသွားရသည်။ ချက်ချင်းပင် သမီးလေးကို ကောက်ချီပြီး နမ်းလိုက်လေ၏။ ပြီးနောက်…
” သမီးရယ် မသိဘဲနဲ့ ပြောရတယ်လို့ကွယ်…”
သဘောကျ ကျေနပ်နေသည်ဟန်ဖြင့် ကိုမြင့်မောင် ပြောလိုက်သည်။
” တကယ်ပါ ဖေဖေရယ်။ ဖိုးဖိုးက တကယ်သေတာ…”
သည်တစ်ကြိမ်၀ယ် ကိုမြင့်မောင်တစ်ယောက် ရယ်မောလိုက်မိလေ၏။ ပြီးလျင် ကလေးက တစ်နေရာကနေ သည်စကားကို ကြားမိလာလို့ ပြန်ပြောသည်ဟုသာ ယူဆလိုက်လေသည်။
” မေမေကော သမီးရဲ့…”
” အိမ်အနောက်ဘက်မှာ အ၀တ်လျော်နေတယ် ဖေဖေ…”
ကိုမြင့်မောင်သည် လှဖြူလေးကို ချီပြီး မလှဝေရှိရာဆီကို လာခဲ့လိုက်၏။
မလှဝေသည်က ရေတွင်းဆီ၌ အ၀တ်တွေ တစ်ပုံတစ်ပင်ကို တဘုန်းဘုန်း ရိုက်ကာထုကာဖြင့် လျှော်ဖွပ်နေလေ၏။
” လှဝေရေ…ငါ ပြန်ရောက်ပြီ…”
” ဪ…အကိုမြင့်မောင်…ဒီနေ့ နေ့တစ်ပိုင်းပဲ ပေါ့…”
” အင်း ဟုတ်တယ်။ ကိုရင်သန်းဖေတို့ အိမ်ဆောက်ရင်း သစ်ကုန်သွားလို့။ သူတို့အိမ်က အခင်းခင်းနေပြီလေ။ အဲ့ဒါ ခင်းရင်းနဲ့ မလောက်ဘူး ဖြစ်နေတာ…”
” ရော်…”
မလှဝေက လျှော်လက်စ ကိုမြင့်မောင်၏ ပုဆိုးကို လက်ကအသာချလိုက်ပြီး…။
” ဒါနဲ့ သစ်က အိမ်အပင် တွက်ပြီး ၀ယ်ထားတာ မဟုတ်ဘူးလား…”
” ၀ယ်တုန်းကတော့ ဟုတ်တယ်။ ားပေမယ့် သစ်တွေက ဆောက်ကာမှ လျော့နေတယ်လေ…”
” ဟောတော်…”
” ငါ့ အထင်ကတော့ ၀ယ်တာတွက်တာ အကုန်ကွက်တိဟ။ ဆရာဘိုးထွန်းတွက်ပေးတာ။ ငါလည်း ဆရာဘိုးထွန်းနဲ့ လိုက်လာတာ ကြာပြီ။ညအိမ်အပင်နဲ့ လိုချင်တဲ့ အတိုင်းအတာကိုသာ ပြော…။ ဆရာဘိုးတွက်တာ ကွက်တိ။ တစ်ခါမှ လွဲဖူးတယ် မရှိဘူး…”
” ဒါဖြင့် အခုကကော…”
” အနောက်တောကနေ သစ်မှာထားရတာပေါ့…”
” ဪ…”
ကိုမြင့်မောင်နှင့်အတူ စကားပြောရင်း မလှဝေတစ်ယောက် အ၀တ်လျှော်တာ ပြီးစီးသွားခဲ့လေ၏။
အ၀တ်တွေကို လှန်းတော့လည်း လင်မယားနှစ်ယောက် စကားပြောရင်းနှင့်အတူပင်။
ထိုအချိန် လှဖြူလေးသည်က သူ့အဖေ၏ ပခုံးထက်ဆီမှာ မှေးစက်လို့ပင် နေလေပြီ။
နောက်တော့ လင်မယားနှစ်ယောက် ကလေးကို အိပ်ရာဆီသိပ်ပြီး ထမင်းပွဲပြင်လို့ အတူတကွ ထမင်းစားသောက်လိုက်ကြသည်။
ထမင်းစားပြီးနောက် ကိုမြင့်မောင်သည် ဆေးပေါ့လိပ်ကို ဖွာရင်း ထမင်းလုံးစီနေချိန် မလှဝေက စားပြီးသား ပန်းကန်တို့ကို ဆေးကြောနေလေ၏။
” လွဝေရေ…လွဝေ…”
အိမ်ရှေ့ဆီက ခေါ်သံ။
” အကိုမြင့်ရေ ဘယ်သူလဲ ထွက်ကြည့်ပါဦး…”
” ဪ…အေး…”
မလှဝေက မီးဖိုဆီက အော်လိုက်တာမို့ ကိုမြင့်မောင်လည်း အိမ်အပြင်ထွက်ကာ ကြည့်လိုက်သည်။
” ဟင်…ချစ်သန်းပါလား…”
ချစ်သန်းက သူတို့ အရင်နေခဲ့သည့် ရွာဆီကပင်။
” ဟော…ကိုမြင့်မောင်၊ ဟူး…တော်သေးတာပေါ့ဗျာ။ ကျုပ်ဖြင့် လာသာလာရတယ်။ တွေ့မှ တွေ့ပါ့မလားလို့…”
” အေး…လာ ချစ်သန်းရေ။ ဘယ်ကဘယ်လိုများ…”
” ကဲ…လာရင်းကတော့ ဒီကိုပဲ တကူးတကလာရတာ။ မလှဝေကော ကိုမြင့်မောင်…”
ချစ်သန်းက ပြောလည်းပြော၊ မေးလည်းမေး၏။
” အေး…ရှိတယ်။ ကဲ…ဆိုပါဦး ချစ်သန်းရ။ ဘာကိစ္စ…”
” ခင်ဗျား ယောက္ခမကြီး ဦးဘိုးတင် ညတုန်းက ဆုံးသွားလို့ဗျ…”
” ဟာ…”
ကိုမြင့်မောင် အံ့အားသင့်မိသွားရပြီ။ အဲ့ဒီအခိုက်၀ယ် အိမ်ကလေး၏ဆီက မလှဝေတစ်ယောက် ဧည့်သည် ရောက်သံကြားသည်မို့ ဆင်းထွက်ချလာသည်။
” ဟော…ချစ်သန်းပါလား။ ဘယ်ကဘယ်လို…”
” ဒီကိုပဲ လာတာ ငါ့အစ်မရေ။ ကျုပ်ကို အရီးလေး လွှတ်လိုက်တာ…”
” အမေကလား။ ဘာအကြောင်းများလဲ…”
ချစ်သန်းနှင့် လှဝေက ဆွေရိပ်မျိုးရိပ်မကင်းကြ။ သည်တော့ လှဝေ၏ မိဘများကို ချစ်သန်းက အရီးလေး၊ အဘိုးလေးဟုသာ ခေါ်တတ်လေ၏။
” ဟုတ်တယ် အစ်မ။ အရီးလေး လွှတ်လိုက်တာ…”
မိခင်ဖြစ်သူက လွှတ်လိုက်သည်ဟု.ဆိုသောကြောင့် လှဝေ အလွန်ပျော်ရွှင်သွားမိလေ၏။
ချစ်သန်းက ထိုအချင်းအရာကြောင့် ဆက်ပြောဖို့ရာ တွေးနေလေသည်။
ဆက်ရန်။