ရိုးမယ်ဖွဲ့အငြိုး

ရိုးမယ်ဖွဲ့အငြိုး(စ/ဆုံး)

——————————

(၁)

ဒီနေ့ဟာ ဆယ်တန်းအောင်စာရင်း ထွက်တဲ့နေ့။ ကျွန်တော်သိပ်ပျော်တဲ့နေ့လေး တစ်နေ့။ ကျွန်တော့်သမီးလေး မြရိပ်ချို ဆယ်တန်းစာမေးပွဲမှာ နှစ်ဘာသာဂုဏ်ထူးနဲ့ အောင်တယ်။ ပျော်လွန်းလို့ အိမ်ကို တန်းပြန် လာခဲ့တာ။

 

လမ်းလျှောက်နေရင်းမှာပဲ ကျွန်တော့် အပျော်တွေ ပျယ်စပြုလာတယ်။ ကျွန်တော် အိမ်မရောက်ခင် ပစ္စည်းတစ်ခုဝယ်ရဦးမယ်။တခြားတော့မဟုတ် ကွာရှင်းစာချုပ်ဝယ်ရမှာ။ဟုတ်တယ်။ ကျွန်တော်နဲ့ညို သမီးဆယ်တန်း အောင်တဲ့နေ့ကျရင် ကွာရှင်းကြမယ်လို့ ကတိ ပေးထားကြတယ်။ ကတိပေးထားတယ် ဆိုတာထက် ကျွန်တော်က ကတိတောင်းထား တာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကျေနပ်တယ်။ကျွန်တော် ဒီကိစ္စကို ၁၃ နှစ်လောက်ကြာတဲ့ အထိ အောင့်အည်းသည်းခံမြိုသိပ်ထားရတာ။

 

ကျွန်တော်လည်း သမီး စာမေးပွဲအောင် ကြောင်းပြောဖို့ ဘယ်သူရှိမလဲ အိမ်ထဲကို ကြည့်လိုက်တယ်။ သမီးကိုလည်း မမြင်မိဘူး။ ဒါပေမယ့် အိမ်နောက်ဖေးမီးဖိုချောင်မှာတော့ အသက်အလတ်ပိုင်း အမျိုးသမီးတစ်ယောက် ကို မြင်မိတယ်။ သူက တခြားသူတော့မဟုတ် ကျွန်တော်ဇနီး ညိုပါ။ ကျွန်တော် သူ့နား သွားပြီး စကားစလိုက်တယ်။

 

“တို့သမီး စာမေးပွဲအောင်တယ်၊ ဂုဏ်ထူး လည်း နှစ်ဘာသာပါတယ်”

“ေဩျာ”

သူဖြေပုံက ေဩာ် တဲ့။ တစ်လုံးတည်း အပို အလိုမရှိဖြေပြီး သူ့အလုပ်သူဆက်လုပ်တယ်။ကျွန်တော်လည်း ဧည့်ခန်းပြန်လာပြီး စာအုပ် ဟောင်းတစ်အုပ်ကို ကောက်ဖတ်နေလိုက် တယ်။ စာမျက်နှာတွေ တစ်ရွက်ပြီးတစ်ရွက် သာ ဖတ်သွားတယ်။ ဘာအကြောင်းအရာတွေ ရေးထားမှန်းလည်းမသိ။ ဘယ်သိမလဲ။ကျွန်တော့် မျက်လုံးတွေကသာ စာရွက်ပေါ်မှာ ရှိနေတာ ကျွန်တော့်စိတ်တွေကတော့ ရောင်စဉ်တန်းတွေကို လိုက်ဖမ်းနေသလို အတွေးတွေနဲ့ ဆောက်တည်ရာမရဖြစ်နေတာ။

 

(၂)

 

“မှန်တယ်၊ ငါမှန်တယ်၊ ငါ သူဝန်ခံဖို့ အခွင့်အရေးတွေ ပေးခဲ့တယ်၊ သူ့အတွက် အချိန်တွေ အများကြီး ပေးခဲ့တယ်၊ ဒါပေမယ့် ဆယ်စုနှစ်တစ်ခုကျော်ကြာတဲ့အထိ သူဝန်မခံ ခဲ့ဘူး၊ ဒါ သူ့အပြစ်၊ ဒါ သူ့အမှား၊ ‘ရဲရင့်’ မင်း အမှားမလုပ်ခဲ့ပါဘူး၊ မင်းလုပ်သင့်တာတွေ လုပ်ခဲ့ပြီးပြီ၊ မင်း မှန်မှန်ကန်ကန် မျှမျှတတ ရွေးချယ်ဆုံးဖြတ်နိုင်ခဲ့ပြီ၊ မင်းဘာတွေ တွေဝေ နေတာလဲ”

 

ထိုစကားလုံးတွေက ကျွန်တော့်ဦးနှောက် ကို လာနှိပ်စက်နေပြီ၊ ကျွန်တော့်ဆုံးဖြတ်ချက် ကို ပြင်ဖို့ကြိုးစားတိုင်း ပြန်ပြီးကြားယောင်လာ တဲ့စကားလုံးတွေက ရင်ကို စူးစူးကြီးအောင့် စေတယ်။ သူ့အစ်မတွေပြောပုံက

 

“မိညိုရယ်… ဗိုက်ကြီးတာ အဆန်းလုပ်လို့၊ နင်ရွာတုန်းကလည်း ကလေးနှစ်ယောက် မွေးထားတာပဲဟာ၊ ဘာခက်တာမှတ်လို့၊ နင်မွေးနိုင်မှာ အသာလေးရယ်၊ စိတ်ပူမနေနဲ့”

 

“တိုးတိုးပြောပါ အစ်မရယ်၊ နင်နဲ့တော့ ကိုရဲရင့်ကြားသွားရင် ဘယ်လိုလုပ်မလဲ”

 

ညိုနဲ့ သူ့အစ်မပြောနေတဲ့စကားတွေကို ကျွန်တော်အိပ်ရာထဲကနေ ကြားလိုက်တယ်။ကိုယ့်နားကိုယ်လည်း မယုံကြည်ဖြစ်မိတယ်။ဘာတဲ့။ ဒါဆို ညိုက အပျိုမဟုတ်ဘူးပေါ့။ကျွန်တော့်ထက် အသက်သုံးနှစ်ကြီးတဲ့ ညိုက ကျွန်တော့်ကို အပျိုကြီးပါဆိုပြီး ညာခဲ့တာ အခု ကျွန်တော့်ရင်သွေးလေး လွယ်ထားရသည် အထိပေါ့။ ရက်စက်လိုက်တာ။ ညို မင်း ကိုယ့်ကိုညာတယ်။ မင်းက ငါနဲ့မရခင် ကလေး နှစ်ယောက်တောင် ရှိခဲ့တယ်တဲ့လား။ကျွန်တော်စိတ်တွေ အလွန်တိုပြီး အံကို တင်းတင်းကြိတ်ထားတယ်။

 

(၃)

 

ကျွန်တော်စိတ်ညစ်ညစ်နဲ့ သူငယ်ချင်း ကဗျာဆရာအိမ် ရောက်လာတယ်။ ဒီည မူးအောင်သောက်မယ်။ တကယ်တော့ ဝီစကီ မသောက်ခင်ကတည်းက မူးနေတာပါ။

 

“ဟေ့ကောင်…ရဲကြီး မင်းဘာလို့ဒီည အ မူးသောက်နေတာလဲ။ သောက်နေကျလည်း မဟုတ်ဘဲနဲ့။ မင်းလိုလူ ရေခဲတုန်းကြီးဖြစ်နေ တာ ကြာပြီလေကွာ၊ အခုမှ ဒီအရက်နဲ့ အရည်ပျော်အောင် လုပ်နေတာလား”

 

“ငါ စိတ်ညစ်လို့ပါ၊ ပိုင်ဆက်ရာ…ငါ တကယ် စိတ်ညစ်နေတာ”

 

“မင်းဘာကိုစိတ်ညစ်နေတာလဲ၊ ငါ တတ်နိုင်ရင် ကူညီပေးမယ်..မင်း ငါ့ကိုပြောပြ လေကွာ”

 

ကျွန်တော် အရက်ရှိန်ကြောင့် ရင်ထဲ ရှိသမျှ အကုန်ဖွင့်အန်ပစ်နိုင်တယ်။ ညိုက ရည်းစားဘ၀တုန်းက အပျိုလို့ ညာခဲ့တာဖြစ် ကြောင်း၊ ညိုမှာ အရင်အိမ်ထောင်နဲ့ ကလေး နှစ်ယောက်ရှိခဲ့ပြီးတော့ အခု ကျောက်ပန်း တောင်းမှာရှိတဲ့ အဲဒီကလေးနှစ်ယောက်ကို လစဉ်ငွေပို့ပေးနေကြောင်း၊ ကျွန်တော့်ကို အခုလို လိမ်လည်လှည့်စားခဲ့တာသိပြီး စိတ်နာတဲ့အကြောင်းတွေ တရစပ်ပြောပြ လိုက်တယ်။ သူငယ်ချင်း ကဗျာဆရာက ကျွန်တော့်စကားတွေ ကြားလိုက်ရတာကို အံ့ဩတဲ့ပုံမပြတော့ ကျွန်တော်ပိုပြီး ခံရခက် သွားတယ်။ သူပြန်ပြောပုံကလည်း

“ငါသိတယ်….မင်းတစ်နေ့ ငါ့ဆီ အခုလို ရင်ဖွင့်လာလိမ့်မယ်လို့”

 

“ဘယ်လို”

 

“ဟုတ်တယ် ရဲကြီး၊ ညိုနဲ့ပတ်သက်ပြီး အဲသတင်းတွေ ငါကြားတာက မင်းမင်္ဂလာ ဆောင်တဲ့နေ့က၊ မင်းက မန္တလေးမှာ ပေတေ နေလို့ လားရှိုးကို ငါခေါ်လို့ရောက်လာတာ၊ ညိုတို့မိသားစုကလည်း မင်းအရင် နှစ်နှစ်၊ သုံးနှစ်လောက်ကမှ လားရှိုးကို ရောက်လာ ကြတာ။ အဲတော့ မင်းတို့နှစ်ယောက် ယူတော့ မှာလိုလို၊ ဘာလိုလိုဖြစ်နေကြတော့ ငါ အညာ က အသိတစ်ယောက်ကို တိုက်တိုက်ဆိုင်ဆိုင် စကားစပ်မိပြီး ညိုအကြောင်းတွေ စုံစမ်းဖြစ် တယ်၊ ပြီးတော့ အဲမိတ်ဆွေက ညိုကိုသိသလိုပဲ တဲ့၊ မသေချာလို့ သေချာစုံစမ်းပြီးမှ ဖုန်းပြန် ဆက်မယ်ပြောတယ်၊ ငါလည်း ဆက်မမေးဖြစ် တော့ဘူး။

 

ဒါပေမယ့် သူဖုန်းပြန်ဆက်လာတဲ့နေ့က မင်းမင်္ဂလာဆောင်တဲ့နေ့။ ငါဘယ်လိုလုပ်ရ မလဲ။ မင်းက သတို့သားဝတ်စုံကြီးနဲ့ ပြုံးပြုံး ပြုံးပြုံး ဖြစ်နေတာ။ အဲဒီအချိန် ညိုကလည်း အပျိုတစ်ယောက်လို ခန္ဓာကိုယ်တည်ဆောက် ပုံမျိုးနဲ့ အချိုးအဆစ်လှလှရှိနေသေးတာ ဆိုတော့ ငါဘယ်လိုမှ မင်းကိုပြောမထွက်ခဲ့ဘူး။အဲဒါကြောင့် ငါဆုံးဖြတ်လိုက်တယ်၊ ငါ မင်းကို မပြောပြတော့ဘူးဆိုပြီးတော့။ မင်္ဂလာဆောင် ပြီးနောက်ပိုင်း မင်းလည်း အေးအေးချမ်းချမ်း ပဲဆိုတော့ ငါနှုတ်ပိတ်နေခဲ့လိုက်တာ”

 

“ဘယ်လို… ဒါဆို မင်းက အစောကြီး တည်းက သိနေခဲ့တာပေါ့၊ မင်းကွာ…သူငယ် ချင်းကောင်း မပီသလိုက်တာ၊ ကိုယ့်သူငယ်ချင်း တစ်ယောက်လုံး နွားလုံးလုံးဖြစ်နေတာကို မင်းမို့ မြုံထားရက်တယ် ‘တောက်’ ငါတကယ် လှည်းကျိုးထမ်းခဲ့ရတာပါကွာ၊ ငါရှက်တယ်ကွ”

 

“ငါ့တစ်ဘ၀လုံး ဒီလိုကိစ္စတွေမှာ ကင်းကင်းရှင်းရှင်း ရိုးရိုးသားသား နေလာခဲ့ တာက အခုလို မရိုးသားတဲ့သူနဲ့ ဖူးစာဆုံဖို့တဲ့ လားကွာ… ငါကိုက တကယ်အတဲ့ကောင် ပါကွာ”

 

“မင်း အရင်ဘ၀က ဝဋ်ကြွေးရှိလို့ ဆပ်ရ တယ်လို့ သဘောထားလိုက်ကွာ..မင်းလည်း ကြားဖူးမှာပါ တစ်ယောက်နဲ့တစ်ယောက် ညားကြတယ်ဆိုတာ ဖူးစာပါလို့ညားတာ လည်း ဖြစ်နိုင်သလို ဝဋ်ကြွေးပါရင်လည်း ညားတတ်တယ်ဆိုတဲ့စကား မင်းမှတ်မိလား..အဲဒါကြောင့် မင်း ဒီဘ၀ ဝဋ်ကြွေးကျေအောင် ဆပ်လိုက်ပါကွာ….”

 

“ဟား…ဟား…ဟား”

 

ကျွန်တော်ငိုသံပါကြီးနဲ့ ပိုင်ဆက်စကားကို ခနဲ့တဲ့တဲ့ ရယ်လိုက်ရင်း

 

“မင်းကတော့ ဘေးလူဆိုတော့ ပြောရုံ လေးပဲ၊ ငါက ကာယကံရှင်ကွ၊ ငါ ဒီမိန်းမကို မသတီတော့ဘူး၊ ငါ ဆက်မပေါင်းနိုင်ဘူး၊ ငါကတော့ ငါရသမျှပိုက်ဆံတွေကို တစ်ပြား မကျန် အကုန်အပ်၊ ဘယ်လိုတွေသုံးနေလဲ ဆိုတာတောင် အစစ်ဆေးအမေးမြန်း တစ်ခါ မှမလုပ်ခဲ့ဖူးဘူး၊ သူကကျ ငါ့ကို…နွား တစ်ကောင်လိုသဘောထားခဲ့တာ..၊ အဲဒါ ကြောင့် ငါသူ့ကို ဘယ်လိုနည်းနဲ့မှ မပေါင်းနိုင် တော့ဘူး”

 

ကျွန်တော် ပြောလည်းပြော၊ ငိုလည်း ငိုရင်း ဒေါသတွေ အထွတ်အထိပ်ရောက်လာ တယ်။ အရက်ရဲ့အရှိန်ကြောင့် ကျွန်တော် ပေါက်ကွဲနေတဲ့အချိန်မှာ ပိုင်ဆက်ပြောပုံက

 

“မင်းမွေးလာမယ့် ကလေးမျက်နှာကို မင်းမကြည့်တော့ဘူးလား၊ မင်းသေချာစဉ်းစား ပြီးမှ ဆုံးဖြတ် ရဲရင့်၊ မင်းအတွက်ပဲ မင်းကြည့် မနေနဲ့၊ အခု ညိုမွေးလာမယ့် မင်းတို့ကလေး ရဲ့ဘ၀က မင်းအပေါ်မူတည်နေတာ၊ မင်းပဲ မိဘမဲ့ကလေးတွေကို သနားတယ်ဆို၊ မင်းတို့ ငယ်ဘ၀က ဆင်းရဲနွမ်းပါးတဲ့ တစ်ကောင်ကြွက် တွေလို မောင်နှမတွေအတူမနေရဘဲ မိတကွဲ၊ ဖတကွဲနေခဲ့ရလို့ မင်းအနှိမ်ခံခဲ့ရတယ်ဆို”

 

(၄)

 

“ညို မင်းက ကလေးပြုစုတာ သိပ်တော် တာပဲ၊ ကလေးချေးတည်တာ၊ ထမင်းဝါးခွန့် တာ၊ ကလေးအနှီးပတ်တာအစ၊ အကုန်လုံး မင်းလုပ် တတ်တာပဲ၊ မင်းသင်ထားသလား အောက်မေ့ ရတယ်၊ ကျွမ်းကျင်တာကတော့ ရှယ်ပဲ၊ အဲဒါတွေ ဘယ်လိုတတ်လာတာလဲ”

 

ညိုက ဟန်ဆောင်ပြုံး ပြုံးတယ်။ကျွန်တော့်စကားနှိုက်မှုတွေကို ပိပိရိရိ သေသေသပ်သပ် ဖုံးကွယ်ထားပြန်တယ်။ကျွန်တော် အခုထိမသိသေးဘူးဆိုတဲ့အထင်နဲ့ သှူကိုယ်သူ ကျေနပ်နေပုံရတယ်။

 

ကျွန်တော် ပွင့်ပွင့်လင်းလင်း မေးချင် လာတယ်။ အောင့်အည်းမထားနိုင်တော့။အတတ်နိုင်ဆုံး ဒေါသကိုမြိုသိပ်ပြီး ဒဲ့ ရင်ဆိုင် လိုက်တယ်။

 

“ညိုကို ကိုမေးစရာရှိတယ်။ အမှန်တိုင်း ဖြေတာပဲ ကိုကြားချင်တယ်။ ညို ကိုနဲ့ အိမ်ထောင်မကျခင် အရင်အိမ်ထောင်ရှိခဲ့ဖူးတယ်ကြားတယ်။ ကလေးနှစ်ယောက်လည်း ရှိခဲ့တယ်ဆို၊ အဲဒါအမှန်လား ညို၊ အခုချိန်မှာ ရှိခဲ့တယ်ဆိုလည်း ဘာမှမဖြစ်တော့ဘူး၊ ကို ခွင့်လွှတ်နိုင်တယ်၊ အဲတော့ အမှန်အတိုင်း ဖြေပါ ညို”

“ပေါက်ပေါက်ရှာရှာ ဘယ်က အိမ်ထောင် ရှိရမှာလဲ၊ အပျိုအစစ်ပါဆိုနေမှပဲ၊ မယုံဘူး ဆိုရင်လည်း ကျုပ်အစ်မတွေကို ရှင့်ဘာသာ ရှင် မေးကြည့်လေ၊ ခေါ်ပေးရမလား ပြော”

 

ကျွန်တော့်ကိုပင် မဟုတ်မဟတ်စွပ်စွဲလို့ ဆိုပြီး ဒေါသတကြီး အော်ဟစ်နေပြန်တယ်။ဟန်ဆောင်ကောင်းတာကတော့ ဟိုးအရင် တုန်းကလိုပါပဲလား။

 

(၅)

 

တစ်ကြိမ်မက နှစ်ကြိမ်မက အကြိမ်ကြိမ် ဝန်ခံဖို့ အခွင့်အရေးတွေပေးခဲ့ပေမယ့် အဲဒီ အခွင့်အရေးတွေကို ကောင်းကောင်းအသုံး မချခဲ့တဲ့ ညိုကို ကျွန်တော်ပိုပြီးစိတ်နာလာခဲ့ တယ်။ ဒါကြောင့် ကျွန်တော့်အိတ်ထဲက ကွာရှင်းစာချုပ်ကို ထုတ်လိုက်တယ်။ကျွန်တော် လက်မှတ်ထိုးရမယ့်နေရာမှာ ကြိုထိုးထားပြီး ညိုကို လက်မှတ်ထိုးပေးဖို့ ကျွန်တော်သွားပေးလိုက်တယ်။ အဲဒီအချိန် ညိုက သူ့အဝတ်အစားတွေကို အိတ်ထဲ ခေါက်ထည့်နေတာ။ ကျွန်တော်လည်း စာချုပ် ပေးပြီး အခန်းအပြင်ဘက်ကို ထွက်လာခဲ့လိုက် တယ်။ ကျွန်တော်တို့ရဲ့ သွေးအေးတိုက်ပွဲဟာ မကြာခင်ပြီးဆုံးတော့မယ်။

 

ညိုကတော့ မုသားတွေကြားမှာ ယဉ်ပါး နေတဲ့ သားကောင်တစ်ကောင်လိုပဲ ရှင်သန် နေဦးမှာလား။ ညိုဝန်မခံခဲ့တာက ကျွန်တော့် ကို ချစ်လို့လား၊ သမီးလေးကို ချစ်လို့လား၊ ဒါမှမဟုတ် မိသားစုပြိုကွဲမှာ စိုးလို့လား။

 

(၆)

 

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ စကားသံစကြားရတယ်။

“ကျွန်မ အခုချိန်ဝန်ခံရင်ရော နောက်ကျ သွားပြီလား…..”

ကျွန်တော်နှုတ်ဆိတ်နေတယ်။ပြောစရာ စကားတွေ မရှိတော့တာလား၊ ပြောမထွက် တော့တာလား။

“ကျွန်မ အိမ်ထောင်ကျခဲ့တယ်၊ ကလေး လည်း နှစ်ယောက်ရခဲ့တယ်၊ ဒါပေမယ့် ကျွန်မနဲ့ရခဲ့တဲ့ အစ်ကိုကြီးက ကျွန်မအပေါ် ကောင်းပေမယ့် သူထောင်ကျသွားပြီး ထောင်ထဲမှာပဲ ရုတ်တရတ် သေသွားတော့၊ ကျွန်မ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်ခဲ့တယ်။အစ်ကိုကြီး ဘာလို့ထောင်ကျခဲ့လဲဆိုတော့ သူ့ညီကြောင့်။ မန္တလေးမှာ တစ်ယောက်တည်း နေတဲ့သူ့ညီဆီ ခဏသွားဦးမယ်ဆိုပြီး ပြန်မလာတော့တာ ခုချိန်ထိပဲ။

 

တစ်ယောက်တည်းနေပြီး အထိန်းအကွပ် မရှိ၊ ရသမျှပိုက်ဆံနဲ့ ရသလောက်ဘိန်းဝယ်ပြီး သုံး၊ အဖွဲ့ကောင်းတော့ ညပိုင်း လမ်းပေါ် ပေါ်လာသမျှ ဆိုင်ကယ်တွေကို ရိုက်လု၊ ဒီလို တွေ လုပ်နေတဲ့သူ့ညီတို့အဖွဲ့နဲ့ တခြားအဖွဲ့ တစ်ဖွဲ့ရန်ဖြစ်ကြတော့ သူ့ညီလေးကို ရိုက်ရ မလားဆိုပြီး သူကဝင်ရိုက်တယ်။

 

အဲဒီမှာ ရဲအဖမ်းခံရတော့ နှစ်ယောက်ထဲ က တစ်ယောက်ပဲ အထဲဝင်မယ်ဆိုပြီး အစ်ကိုကြီး ဝင်သွားတာ၊ နှစ်ရက်ပဲကြာသေးတယ်။ ရုတ်တရတ် နှလုံးရောဂါဖောက်ပြီး ထောင်ထဲ မှာ ဆုံးသွားတယ်။ အဲဒီအစ်ကိုကြီးက တခြားသူ မဟုတ်ဘူး၊ ရှင့်အစ်ကို ကိုရဲမာန်ပဲ”

 

“ဘာ…ဘယ်လို ညို၊ ပြန်ပြောစမ်းပါ”

 

“ဟုတ်တယ်၊ ကျွန်မ ဝန်မခံခဲ့တာက ရှင့်ကို စိတ်နာမိလို့၊ အစ်ကိုတစ်ယောက်လုံးက သူ့ညီအတွက် အသက်တောင်ပေးခဲ့တာကို အစ်ကိုကြီးမိသားစုလေး အဆင်ပြေရဲ့လား ဆိုပြီး ရှင်တစ်ခါလေးစိတ်ပူခဲ့ရဲ့လား၊ ရှင် ကျွန်မကို သိပ်ချစ်တာကိုတော့ ကျေးဇူးတင်ပါ တယ်။ကျွန်မလည်း ရှင့်ကို အစ်ကိုကြီးညီမှန်း မသိခင်ကတည်းက ချစ်ခဲ့ပြီးယူခဲ့တာ။ ကျွန်မတို့ နှစ်ယောက်လုံး မှားခဲ့ကြတာပဲ။ ပြီးတော့ ကျွန်မကလေးနှစ်ယောက်ကိုလည်း ကျွန်မတို့ အနားမှာခေါ်ထားချင်ပေမယ့် ရှင်လက်ခံ နိုင်မယ့်အချိန်ကို ကျွန်မစောင့်နေခဲ့ တာ။ ဒါကြောင့် ကျွန်မနဲ့အတူမနေရတဲ့ သူတို့ လေးတွေကို သားသမီးမရတဲ့ သူ့အန်တီအိမ်မှာ နေခိုင်းရတာက ကျွန်မရော ရှင့်အတွက်ပါ အဆင်ပြေခဲ့တယ်၊ ကဲ…အခု ..ကျွန်မပိုက်ဆံ ပို့ပေးနေတဲ့သူတွေက ရှင့်တူမအရင်းတွေ ဆိုတော့ ရှင်အံ့ဩသွားလား…”

 

သူ့စကားသံတွေကြောင့် ကျွန်တော် အသား တွေတုန်လာတယ်။ ကျေးဇူးအကြွေး တွေရှိတဲ့ အစ်ကိုကြီးကို တစ်ခါလေးတောင် ညိုရှေ့မှာ သတိရကြောင်း မပြောဖြစ်ခဲ့။ အိမ်ခြေရာမဲ့တစ်ယောက်လို ငယ်ငယ်လေး ကတည်းက လေလွင့်နေခဲ့တဲ့ ကျွန်တော့်ကို အစ်ကိုကြီးရှာတွေ့ချိန်မှာ ကျွန်တော်စိတ်ရိုင်း တွေဝင်နေပြီ။ အဲဒါကြောင့် အစ်ကိုကြီး အကြောင်း ဘာမှမသိခဲ့၊ မမေးဖြစ်ခဲ့ဘူး။ကျွန်တော်ဆိုးခဲ့ပေခဲ့ချိန်တုန်းက ကျွန်တော့် အစ်ကိုကြီးအရင်း ကိုရဲမာန်ကြောင့် ထောင်ထဲ မဝင်ခဲ့ရတာအမှန်ပါ။ ဒီကျေးဇူးတွေကိုဆပ်ဖို့ အစ်ကိုကြီးမိသားစုကို ကျွန်တော် နည်းနည်း လေးတောင် သတိမရခဲ့ဘူး။ ပြဿနာဖြစ်ပြီး နောက်ပိုင်း ကျွန်တော့်အတိတ်တွေနဲ့ ဝေးရာ ဆီ ကျွန်တော်ထွက်ပြေးလာခဲ့တယ်။

 

ကျွန်တော် လူမပီသလိုက်တာ။ အရင် တုန်းကလို မမိုက်တော့ပေမယ့် အခုထိရိုင်းနေ တုန်းပါလား။

 

ကျွန်တော် ဝမ်းနည်းပက်လက်ဖြစ်ရင်း ညိုရှေ့မှာ ဒူးထောက်ငိုကြွေးမိတယ်။ခေါင်း ငိုက်စိုက်ကျရင်းက ကျွန်တော့်မျက်လုံးတွေက ညိုပြန်ပေးတဲ့ ကွာရှင်းစာချုပ်ဆီ ဝေဝေဝါးဝါး ရောက်သွားတယ်။

ကွာရှင်းစာချုပ်ပေါ်မှာက

 

ဒေါ်ညိုနှင်း

 

ညိုလက်မှတ်နေရာမှာ ဘာမှရေးခြစ် ထားခြင်းမရှိဘဲ အဖြူရောင်စာရွက်အတိုင်း ရှိနေခြင်းက ကျွန်တော့်ဆီက သံသယငြိုးတွေ ကင်းစင်ပျောက်ကွယ်သွားခြင်းကို ကိုယ်စား ပြုနေတာမျိုးလား။ ။

 

မြခက်လွှာ