သေရွာပြန်မစိုးစိုးသူ

သေရွာပြန် မစိုးစိုးသူ(စ/ဆုံး)

(၃၀ -၄- ၂၀၁၄)ရဲ့ ပူရှိန်ပြင်းတဲ့ နေ့လယ်ခင်းကြီးမှာပဲ
စာရေးသူဟာ ဆရာပွင့်ရဲ့ ဗေဒင်ဟောခန်းကို ရောက်သွားခဲ့တယ်။

ဆရာပွင့်ရဲ့ ဟောခန်းက လှိုင်မြို့နယ်၊ တရားရုံးအနီး၊
ကျိုက်သာဒီကံပွင့်ဆုတောင်းပြည့်စေတီမုခ်ဦးအရှေ့မှာပါ။

” ဆရာပွင့်က ဗေဒင်ဟောရုံတင်မကဘူး၊ ပယောဂအတိုက်
အခိုက်တွေပါ နိုင်နိုင်နင်းနင်း ဖယ်ရှားပေးနေတဲ့ဆရာ၊
သူ့ဆီမှာ အံ့သြစရာ ကုန်ကြမ်းတွေရှိတယ်”

ဆိုတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ လမ်းညွှန်ချက်ကြောင့်
စာရေးသူ ရောက်သွားရတာပါ။

ဟောခန်းရောက်တော့ ဆရာပွင့်မရှိဘူး။
ဧည့်သည်တွေနှင့် ထမင်းသွားစားကြတယ်တဲ့။
ဆယ့်ငါးမိနစ်လောက် ထိုင်စောင့်ပြီးမှ ဆရာပွင့်နှင့်အဖွဲ့
ရောက်လာကြတယ် …

စာရေးသူရေးတဲ့ စာအုပ်အချို့ လက်ဆောင်ပေးပြီး
မိတ်ဆက်လိုက်တယ်…။

ဆရာပွင့်ကလည်း သူဧည့်သည်တွေနှင့် ပြန်ပြီး
မိတ်ဆက်ပေးတယ် …။

သူတို့အားလုံး မတူတဲ့ အရပ်ဒေသအသီးသီးက ရောက်လာ
တဲ့သူတွေ …

သူတို့အားလုံးမှာ တူညီတဲ့အချက်တစ်ချက်တော့
ရှိလေရဲ့။ အဲဒါကတော့ သူတို့အားလုံး ရွှေရင်ကျော်
ဆရာတွေဆိုတဲ့ အချက်ပါပဲ။ စာရေးသူနှင့် သူတို့ဟာ
ထူးဆန်းတဲ့ အံ့သြဖွယ်ရာ အဖြစ်အပျက်တွေအကြောင်း
စကားပြောဖြစ်ကြပါတယ်။ အဲဒီအချိန်မှာ ဧည့်သည်
တစ်ယောက် ထပ်ရောက်လာပြီး စာရေးသူတို့ရဲ့
စကားဝိုင်းထဲ ဝင်လာပြန်ပါတယ်။

သူက ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊
ကျုံတနီးတိုက်နယ်မြို့လေးမှာ နေထိုင်တဲ့ ဆရာဇော်လွင်ပါ။
ဦးဇော်လွင်က သူပထမဆုံးကုသခွင့်ရခဲ့တဲ့ လူနာ
မစိုးစိုးသူအကြောင်းကို ပြောပြပါတယ်။

မြွေဆိုးကြီး အကိုက်ခံရပြီး ငါးရက်တိုင်တိုင်
သတိလစ်မေ့မြောသွားတဲ့ မစိုးစိုးသူကို သေပြီလို့ပဲ
အားလုံးက သတ်မှတ်ခဲ့ကြတယ်

ငါးရက်မြောက်တဲ့နေ့မှာ သုသာန်ကိုပို့ပြီး မီးသင်္ဂြိုဟ်တော့မယ်ဆဲဆဲ…
ဆရာဦးဇော်လွင်ဟာ ထင်မှတ်မထားတဲ့ အခြေအနေမှာ
အဲဒီသုသာန်ကို ရောက်သွားတယ်။ နောက်ဆုံးမှာတော့
မီးသင်္ဂြ ိုဟ်တော့မယ့် မစိုးစိုးသူရဲ့ အသက်ကို
ကယ်တင်နိုင်ခဲ့တယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့
နောက်တစ်ချက်က

“မမြင်ရတဲ့ ပုဂ္ဂိုလ်ထူးတွေက မစိုးစိုးသူရှိနေတဲ့
သုသာန်ထဲထိရောက်အောင် အတင်းစေလွှတ်လိုက်တာပါ”

ဆိုတဲ့ ဆရာဦးဇော်လွင်ရဲ့ ပြောစကားပါ။

အဲဒီနေ့က ဆရာဦးဇော်လွင်သွားတာက ပန်းတနော်မြို့
ဖြစ်ပေမယ့် …

သူတကယ်ရောက်သွားတာတော့ …

XXXXX

“အဲဒီနေ့က အကြောင်းပြချက် မယ်မယ်ရရမရှိဘဲ
ကျနော်အိမ်က ထွက်လာခဲ့ရတယ်။ အိမ်မှာ ကွမ်းခြံ
စိုက်ထားတယ်။ ရန်ကုန်ကွမ်း ဘယ်စျေးပေါက်နေလဲဆိုတာ
သိချင်တဲ့ အကြောင်းပြချက်လေးတော့ ရှိတာပေါ့။
ဒါပေမယ့် အရေးမကြီးဘူး။ မသွားလဲ ရတဲ့ကိစ္စ။
ဒါပေမယ့် မမြင်ရတဲ့ ပုဂ္ဂိုလ်ထူး၊ ဆရာသခင်တွေဟာ
အဲဒီအချိန်ကတည်းက ကျနော့်စိတ်ကို ချုပ်ကိုင်
ထိန်းသိမ်းနေပုံပါပဲ။

ကွမ်းစျေးကို အရမ်းသိချင်နေတယ်။ သွားမှကို
ဖြစ်မယ်ဆိုတဲ့ အတွေးဆန္ဒ၊ အာသီသတွေ ကျနော့်စိတ်ထဲမှာ
ပြင်းပြင်းထန်ထန် ဖြစ်ပေါ်နေတယ် …

အဲဒီအချိန်ဟာ မစိုးစိုးသူကို သင်္ဂြုဟ်ဖို့ အိမ်ကနေ
သုသာန်ကို စထွက်လာတဲ့ အချိန်လောက်ပေါ့…။

အဲဒီတုန်းက ကျနော် ပန်းတနော်မြို့နယ် ၊ အောက်စု
ကျေးရွာမှာ နေပါတယ်။

အိမ်ကနေ စက်ဘီးစီးပြီး ပန်းတနော်ကို ထွက်လာခဲ့တယ်
တာလမ်းမကြီးအတိုင်း နင်းလာရင်
ပန်းတနော်နှင့် ခရီးတစ်ဝက်၊ ရေလဲတောင်စုရွာ
သုသာန်အနီးကို ရောက်လာတယ်။

အဲဒီအချိန်မှာပဲ မမျှော်လင့်တဲ့ အဖြစ်အပျက်တွေ
စပြီး ဖြစ်တော့တာပါပဲ။ တာလမ်းမကြီးပေါ်မှာ
ဖြောင့်ဖြောင့်တန်းတန်း သွားနေတဲ့ ကျနော့်စက်ဘီးကို
မမြင်ရတဲ့ တစ်စုံတစ်ယောက်က ဆွဲလှည့်လိုက်သလို
လည်သွားတယ်။ အဲဒီနောက် အမြင့် ခုနှစ်ပေ၊
ရှစ်ပေလောက်ရှိတဲ့ တာလမ်းမပေါ်ကနေ ဆင်ခြေလျှော
အတိုင်း စက်ဘီးပြေးဆင်းသွားတယ်

ထူးဆန်းတာနော် …

ကျနော့်စက်ဘီးက ဘရိတ်အုပ်လိုက်တာနဲ့ ကျွိ၊
ရပ်ပဲ။ အခုတာလမ်းမပေါ်မှာ စက်ဘီးလည်သွား
ကတည်းက ဘရိတ်အုပ်လိုက်တာ၊ ဒါပေမယ့်
မရပ်ဘူး၊ လုံးဝမရဘူး။ တာလမ်းနှင့် သုသာန်ကြားမှာ
လယ်ကွက်တွေရှိတယ်။

နှစ်ပေ သုံးပေမြင့်တဲ့ လယ်ကန်သင်းရိုးတွေ ရှိတယ်
စက်ဘီးက လဲကျမသွားဘူး။ လယ်ကွင်းတွေ၊
ကန်သင်းတွေ၊ ကန်သင်းရိုးတွေပါ တစ်ခုပြီးတစ်ခု
ကျော်ဖြတ်၊ သူ့အလိုလို သွားနေတယ်။
ကျနော်လည်း ဘာမှ မတတ်နိုင်ဘူး။
စက်ဘီးပေါ်မှာ ထိုင်ပြီး စက်ဘီးခေါ်ရာ
လိုက်သွားရတဲ့ သဘော ဖြစ်နေတယ်။

စက်ဘီးကိုရအောင် ဘယ်လိုမှ မလုပ်နိုင်ခဲ့ဘူး
စက်ဘီးပေါ်ကလည်း ခုန်မဆင်းမိဘူး။
သုဿန်ထဲက အသုဘပို့တဲ့ လူအုပ်ကြီး
အနီးရောက်မှ စက်ဘီးက သူ့အလိုလိုရပ်သွားတယ်။

လူတွေကလည်း တာလမ်းမကြီးပေါ်ကနေ
စက်ဘီးနှင့် အပြေးဆင်းလာတဲ့ ကျနော်ကို
အထူးအဆန်း ဝိုင်းကြည့်လို့ပေါ့။ ဆရာ
စဉ်းစားကြည့်…

စက်ဘီးမတော်မဆဖြစ်တယ်၊ အသုဘပို့တဲ့
လူတွေအနီး ရောက်သွားတယ်…
ပုံမှန်အနေအထားဆိုရင် တောင်းပန်စရာရှိတာ
တောင်းပန်၊ စက်ဘီးပြန်လှည့်၊ တာလမ်းမပေါ်
တက်ပြီး ကျနော် ပန်းတနော် ဆက်သွားရမှာ။

ဒါပေမယ့် အခုဖြစ်နေတာက မမြင်ရတဲ့ ပုဂ္ဂိုလ်ထူး၊
ဆရာသခင်တွေရဲ့ အရေးအရာကိစ္စ ဖြစ်နေတယ်၊
ဒါကြောင့်လည်း ပုဂ္ဂိုလ်ထူးတွေ ညွှန်ပြသွန်သင်
သလို ကျနော့်ခန္ဓာကိုယ်က ပြောဆိုဆောင်ရွက်
နေရခြင်းပါ။ ဒါကြောင့်လည်း ကျနော်စက်ဘီးကို
ပြန်မလှည့်မိဘူး။ တာလမ်းပေါ် ပြန်မတက်မိဘူး။

“ဘာရောဂါနှင့် ဆုံးတာလဲ ”

လို့ အနီးက အသုဘပို့သူတစ်ဦးကို ကျနော်
မေးမိလိုက်တယ်။

“မြွေဆိုးကိုက်တာဗျ
မစိုးစိုးသူတဲ့၊ အသက် ဆယ်ရှစ်နှစ်ပဲ ရှိသေးတယ် …
အလောင်းကို ငါးရက်ထားပြီး ဒီနေ့ မီးသင်္ဂြိုဟ်တော့မလို့ …
သူ့ဦးလေးရောက်မလာသေးလို့ စောင့်နေတာ” တဲ့။

ကျနော် လူအုပ်ကြီးမျက်နှာမူတဲ့ ရှေ့ဆုံးကို
လှမ်းကြည့်လိုက်တယ်။ ဟုတ်တယ်ဗျ။
ကြီးမားတဲ့လောင်စာထင်းပုံကြီးပေါ်မှာ
အမျိုးသမီးငယ်ရဲ့ အလောင်းကို အခေါင်းထဲက
ထုတ်ပြီး တင်ထားတယ်။

မီးသင်္ဂြိုဟ်ဖို့ အားလုံးကို အဆင်သင့်ဖြစ်နေပြီ။
ကျနော်ထင်တယ်၊ အခြားသူတစ်စုံတစ်ယောက်သာ
ဆိုရင် “သြော်…ဟုတ်လား”ဆိုပြီး ပြန်လှည့်သွားမှာပဲ။

ကျနော်ကတော့ ထင်းပုံပေါ်က မိန်းခလေးအလောင်းကို
ကြည့်ရင်း ကြက်သီးတွေ တဖြန်းဖြန်းထလာတယ်

“သေနေတာမဟုတ်ဘူး၊ မြောနေတာ”

ဆိုတဲ့ အသံကိုလည်း နားထဲက ကြားနေတယ်…
ဒါကြောင့်လည်း ပုံမှန်မဟုတ်တဲ့ အလုပ်တစ်ခုကို
ကျနော် လုပ်မိလိုက်ပါတယ်…အလောင်းနှင့်အနီး
ဆုံးထိ တိုးဝင်သွားတယ်။ အလောင်းပိုင်ရှင်တွေကို
ရှာတယ်။

“သေတာတော့ သေပြီပေါ့ခင်ဗျာ။ ဒါပေမယ့်
အမှန်တကယ်သေတာ ဟုတ်၊ မဟုတ် စစ်ဆေးကြည့်
ချင်ပါတယ် …စမ်းသပ်ခွင့်ပြုပါ “လို့ ခွင့်တောင်းမိတယ်
သူတို့ကလည်း …

“မသေသေးဘူးဆိုရင် …”ဆိုတဲ့ မျှော်လင့်ချက်လေးနှင့်
စမ်းသပ်ကြည့်ဖို့ ခွင့်ပေးတယ်။

ကျနော် မစိုးစိုးသူရဲ့ ဖခင်နှင့်ဦးကြီးကို
ခေါ်ပြီး လောင်စာထင်းပုံပေါ် တက်လိုက်တယ်။
ထင်းပုံပေါ်က ဝါးကပ်ပေါ်မှာ မစိုးစိုးသူရဲ့အလောင်းကို
တပ်ထားတယ်။ အလောင်းနှင့် ယှဉ်ပြီး မစိုးစိုးသူကို
ကိုက်တဲ့ မြွေကြီးကိုလည်း တင်ထားတယ်။

မြွေက မြွေပွေးကြီးဗျ။ လက်မောင်းလောက်ကို တုတ်တယ်။
မြွေကြီးကို ချိန်ကြည့်တာ နှစ်ပိဿာမှာ ဆယ့်ငါးကျပ်သားပဲ
လျော့တယ်တဲ့။ နည်းတဲ့အကောင်ကြီး မဟုတ်ဘူး။
ထင်းပုံပေါ်ရောက်တော့ အပုပ်နံ့ကြီးက နံဟောင်နေတယ်။

ဒါပေမယ့် မြွေသေကောင်ရဲ့ အပုပ်နံ့ဗျ။
လူသေကောင်အပုပ်နံ့မဟုတ်ဘူး။
ဒီတစ်ချက်၊ ကျတော် သတိပြုမိလိုက်တယ်…
အလောင်းရဲ့ ညာခြေ၊ ခြေမနှင့် ခြေညှိုးကြားမှာ
မြွေကိုက်ခံရတဲ့ ဒဏ်ရာကို တွေ့တယ်။

မြွေကကြီးတော့ အစွယ်ရာနှစ်ပေါက်က
လက်တစ်လုံးခွဲလောက်တောင် ဝေးတယ်ဗျ…
အသားဖြူတဲ့သူဆိုတော့ အလောင်းရဲ့
လည်ပင်းတစ်ဝိုက်နဲ့ ဘယ်၊ ညာ၊ လက်မောင်း၊
လက်ဖျံတွေမှာ ကျပ်ပြားဝိုင်းလောက်ရှိတဲ့
အဆိပ်ကွက်တွေ အများကြီးတွေ့ရတယ်။

မျက်ကွင်းတွေကိုကလည်း မည်းနေတယ်။
ကျနော်က ခွင့်တောင်းပြီး ကလေးမလေးရဲ့
ဆံပင်လေးငါးပင်ကို စုပြီး ဆွဲနှုတ်ကြည့်လိုက်တယ်
“ဖြုတ်၊ ဖြုတ်”ဆိုပြီး ဆံပင်တွေ ကျနော့်လက်ထဲ
ပါလာတယ်။ ဆံပင်တွေကို ကြည့်လိုက်တော့
ကျနော်ရင်တွေ ဒိန်းခနဲ ခုန်သွားတယ်။

ဆွဲနှုတ်လိုက်တဲ့ ဆံပင်တွေမှာ တစ်ပင်မှ
အမြစ်ပါမလာဘူးလေ။

အဲဒီအချက်က လူသေမဟုတ်ဘူးဆိုတာ ပြနေတာပဲ။
အသက်မရှိတဲ့လူသေအလောင်းကို ဆံပင်နှုတ်ကြည့်
ဆယ်ပင်နှုတ်ရင် အနည်းဆုံးတော့ ရှစ်ပင်လောက်မှာ
အမြစ် ပါလာရမယ်။

အခု နှုတ်ကြည့်တော့ တစ်ပင်မှ အမြစ်မပါဘူး။
ဒီတစ်ချက်ထဲနှင့်တင် မစိုးစိုးသူ မသေသေးဘူးဆိုတာ
ပြောနိုင်တယ်။ ဒါပေမယ့် ပိုပြီးသေချာအောင်
နောက်တစ်နည်း စမ်းကြည့်လိုက်တယ်။

ဒုတိယအကြိမ် ခွင့်တောင်းပြီး မစိုးစိုးသူရဲ့ အင်္ကျီအောက်
အနားကို နည်းနည်းလှန်လိုက်တယ် ။ ပေါ်လာတဲ့
ဝမ်းဗိုက်သားတစ်နေရာတည်းကို ဝါးနှီးပြားလေးနှင့်
တစ်ချက်ချင်းတောက်ကြည့်တယ်။ ဆယ့်လေး၊
ငါးချက်တောက်မိတော့ ဝါးနှီးပြားထိတဲ့ ဝမ်းဗိုက်သား
နေရာက သွေးရောင်နီရဲလာတယ်။

တကယ် လူသေဆိုရင် သွေးဆုတ်ပြီး ဖြူဖတ်ဖြူရော်
ဖြစ်သွားရမှာ …

ခုတော့ သွေးရောင်လွှမ်းပြီး နီရဲလာတယ်။

အဲဒီအချိန်က ကျနော်ခံစားလိုက်ရတဲ့ ဝမ်းမြောက်ပီတိကို
ဘယ်လို စာဖွဲ့ရမယ်မှန်းတောင် မသိဘူး။ ကျတော်
တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းတွေ ထအောင်ကို
ဝမ်းသာခံစားလိုက်ရတယ်

ကျနော်လက်မထောင်ပြီး ပြောလိုက်တယ်။

“ဒီမိန်းခလေး မသေသေးဘူး…
ကျုပ် အတိအကျ ပြောရဲတယ် …”

ကျနော်လည်း ဒီလိုပြောလိုက်ရော အသုဘပို့လာတဲ့
သူအားလုံး အုတ်အော်သောင်းတင်း ဆူညံသွားတယ်။
မိဘတွေ၊ ဆွေမျိုးသားချင်းတွေဆို ဝမ်းသာအယ်လဲ
မျက်ရည်တွေရွှဲလို့ …။

“ဟုတ်မှ ဟုတ်ရဲ့လား” လို့ ဇဝေဇဝါ ဖြစ်သူတွေက
လည်းဖြစ်၊ “မဖြစ်နိုင်ဘူး”လို့ မယုံသင်္ကာဖြစ်သူတွေကလည်း
ဖြစ်လို့။ သုသာန်တစ်ခုလုံး စကားပြောသံတွေနှင့်
ပွတ်လောရိုက်သွားတော့တာပဲဗျို့ …

အဲဒီအချိန်မှာ ကျနော် ဘာဖြစ်နေတယ်လို့ ဆရာထင်သလဲ၊
ဒုက္ခရောက်နေတာ ဆရာရေ့၊ ကျတော်ဒုက္ခရောက်နေတာ။
မစိုးစိုးသူ မသေသေးဘူးဆိုတာ အတိအကျသိလိုက်ရပြီ။
အားလုံးကိုလည်း လက်မထောင်ပြီး ပြောလိုက်ပြီ၊

ဒါပေမယ့် ကလေးမလေးက ထင်းပုံထက်က
ဝါးကပ်ပေါ်မှာ တကယ့်လူသေကောင်အတိုင်းပဲ
ဖြစ်နေသေးတယ်။ဘာဆက်လုပ်ရမှန်း မသိဘူး။
ကျနော် ဘာဆက်လုပ်ရမယ်ဆိုတာ မသိတော့ဘူး။

XXXXX

ဆရာသိအောင် ပြောရဦးမယ်။

ကျနော်က တ.ဆ နံပါတ်ရ၊ တိုင်းရင်းဆေးဆရာတစ်ယောက်ပါ။
ပြီးတော့ ၊ ရွှေရင်ကျော်မှာလည်း အဆင့်(၃)၊ ကျနော်တို့
ရွှေရင်ကျော်ဂိုဏ်းတော်မှာက ဆေးတော်ပိုင်ပြီး သတ္တဝါတွေကို
ကယ်တင်ပေးနိုင်မှ၊ ပညာပြန့်ပွားအောင် လုပ်နိုင်မှ၊
အဆင့်(၉)၊ ဆရာကြီးအဖြစ် သတ်မှတ်ခံရတာ၊
ကျနော့်အဆင့်က (၃)ဆိုတော့ ဆရာပေါက်စပေါ့။

ကလေးမက မြွေဆိပ်မွှန်ပြီး ငါးရက်လုံးလုံး
သတိလစ်မေ့မြောနေခဲ့တာ။ သေပြီထင်လို့ တောင်
မီးသင်္ဂြိုဟ်တော့မယ်၊ ဒီအခြေအနေမှာ ကမ္ဘာကျော်
အနောက်တိုင်းဆေးပညာပါရဂူကြီးတွေ အကုန်လုံး
လာကုတောင် ချက်ချင်း သတိပြန်ရလာဖို့ ဆိုတာ
မဖြစ်နိုင်ဘူး။ ဒီအတိုင်းပဲ ကျနော်လည်း ဘာဆက်
လုပ်ရမှန်းမသိဘူး။ ဒါက ကျနော်ရဲ့ ပုံမှန်သိစ်ိတ်
သဘောထား။

ဒါပေမယ့် ကျနော်ကောင်းကောင်း သတိထားမိလိုက်တယ်…
ဘာဆက်လုပ်ရမှန်း မသိဖြစ်နေတဲ့ စိတ်က တဒင်္ဂပဲ၊
ကျနော့်အာရုံမှာ ထင်သွားတာ၊ အဲဒီ တဒင်္ဂရဲ့
နောက်မှာတော့ ကျနော်ရဲ့ ကိုယ်၊ နှုတ်၊ နှလုံး
သုံးပါးက လုပ်စရာ ရှိတဲ့ အလုပ်အားလုံးကို
သူ့အလိုလို လုပ်ဆောင်သွားခဲ့တယ်

ကျနော်အံ့သြလို့ မဆုံးဘူး။

အဘ ဆေးဝိဇ္ဇာတွေ ကျနော့်ကို ဝင်ရောက် ပူးကပ်
နေပြီဆိုတာ ကျနော် သတိပြုမိလိုက်တယ်။
ကျတော်က ကလေးမလေးရဲ့ နဖူးကို အသာအယာ
ပုတ်လိုက်တယ်။

“မြွေကိုက်ခံထားရတဲ့ မစိုးစိုးသူရဲ့ ခန္ဓာကိုယ်ထဲက
မြွေဆိပ်သမျှ ၊ မကောင်းသော အတိုက်အခိုက်၊
အနှောင့်အယှက်မှန်သမျှ ငါ့လက်ဝါးအောက်က
မီးလိုပူပြီးလိုက်ခဲ့ …” လို့ အမိန့်ပေးလိုက်တယ်။

ပြီးတော့ ကလေးမရဲ့ ခန္ဓာကိုယ်ကို မထိဘဲ ၊
နဖူးကနေ ခြေဖျားထိအောင် အဆိပ်တွေ သပ်ချတယ်။
ခြေဖျားဘက်ရောက်တော့ …

“စကြာဝဠာသို့ လွင့်စေသတည်း ” လို့ပြောပြီး
အဆိပ်တွေကို လွင့်ပစ်လိုက်တယ်။
ဒီလို ဆယ့်လေး၊ ငါးခါလောက် အဆိပ်တွေ
သပ်ချပြီးချိန်မှာ …

ကလေးမလေးဆီက ထွက်လာတဲ့ အသံတိုးတိုးလေး
တစ်ခု ကြားလိုက်ရတယ်။ ‘ရေပေးပါ’တဲ့။
ဝမ်းသာလိုက်တာဗျာ၊ ကျနော့် နှလုံးခုန်တာတောင်
ရပ်တန့်သွားတယ် ထင်မိလိုက်တယ်။
မစိုးစိုးသူရဲ့ ဖခင်နှင့် ဦးကြီးဆိုရင် ဝမ်းသာလွန်းလို့
မျက်ရည်တွေတောင် လည်လို့။

“သတိရလာပြီ” လို့ အားလုံးကို အော်ပြောလိုက်တယ်
အသုဘလိုက်ပို့တဲ့ လူအားလုံးကလည်း မီးသင်္ဂြိုဟ်မယ့်
ထင်းပုံပေါ်က ကျတော့်လုပ်နေသမျှကို မယုံမရဲ
စိတ်တွေနဲ့ မျက်တောင်မခတ်တမ်း စောင့်ကြည့်
နေကြတာဗျာ။ မစိုးစိုးသူ သတိရပြီးလည်း ဆိုရော
ထခုန်ကြတာဗျို့ …တအံ့တသြနဲ့ ဝမ်းသာကုန်ကြတာပေါ့၊

ကံအားလျော်စွာပဲ မစိုးစိုသူ မျက်လုံးဖွင့်ပြီး
ကြည့်လာတယ် …ကျတော် အောက်က လူတစ်ယောက်ဆီက
ဓါးလှမ်းတောင်းလိုက်တယ်။ မစိုးစိုးသူရဲ့ ခြေမ၊ လက်မတွေမှာ
ချည်နှောင်ထားတဲ့ ကြိုးအားလုံးကို ဖြတ်ပစ်လိုက်တယ်
ကလေးမကို ထင်းပုံပေါ်ကချပြီး အရိပ်ကောင်းတဲ့
နေရာတစ်ခုမှာ နေစေတယ်

ပြီးတာနဲ့ ရွာပြန်ပြီး အုန်းနုနုတစ်ခိုင် ခုတ်ခိုင်းလိုက်တယ်။
သုသာန်နှင့်ရွာက နာရီဝက်ခရီးဗျ။

အသွားအပြန် တစ်နာရီလောက်ကြာမှ အုန်းခိုင်ရောက်လာတယ်
ကျတော်က အုန်းသီးတွေ ထိပ်ဖွင့်ပြီး သံပုံးထဲကို အုန်းရေတွေ
သွန်ထည့်တယ်။

“ကျွန်ပ်သည် ရွှေရင်ကျော် အထက်လမ်းပညာကို
စေတနာရှင် ဆရာကြီးဦးသန်းညွန့်ထံမှ ယူတဲ့နေ့ကစပြီး
နွားသား၊ ကျွဲသားများကို ဘယ်သောအခါမှ သိလျက်နှင့်
မစားမသောက်ပါ။ ကာမပိုင်လင်ရှိမယားကို သိလျက်နှင့်
ဘယ်သောအခါမှ မခိုးယူ၊ မပေါင်းသင်းပါ ၊ မူးယစ်
စေတတ်သော သေရည်သေရက်၊ ထန်းရည်၊ ဘီယာ
တို့ကို သိလျက်နှင့် ဆေးအဖြစ်တောင်မှ ဘယ်သောအခါမှ
မလိမ်းမကျံ မသောက်မစားပါ ။ ဤသစ္စာကျိုး
ပေါက်ပါက ရွှေရင်ကျော်အထက်လမ်းပညာရပ်တွင်
ပျောက်ပျက်ပြီး သေချင်ဆိုးအမျိုးမျိုးဖြင့်
သွေးပွက်ပွက်အန်၍ သေရပါစေ၊ သေပြီးသည့်နောက်
မှာလည်း မဟာအဝီစိငရဲ၌ မကျွတ်တန်း ခံရပါစေ။
ဤသစ္စာတရား မှန်ကန်ခဲ့သည်ရှိသော် မစိုးစိုးသူမှာ
အကိုက်ခံထားရသော အဆိပ်မှန်သမျှ ၊ မကောင်းသော
ဘေးအန္တရာယ်စက် မှန်သမျှ မြူမှုန်မကျန်အောင်
ပျောက်ကင်းစေသော အဆိပ်ကျ ရေစင်များ
ဖြစ်ပါစေ …”

ကျတော် ဒီလို သစ္စာဆိုလိုက်တယ်
ပြီးတာနဲ့ အုန်းရေတွေထဲကို ဘယ်၊ ညာ လက်ညှိုး
နှစ်ချောင်းထည့်ပြီး မွှေလိုက်တယ်။ ဒီနည်းက
ရွှေရင်ကျော် အထက်ဂိုဏ်းရဲ့ ဆေးမွှေနည်းပုံစံပါ။

ဆေးမွှေပြီးမှ မစိုးစိုးသူကို တိုက်တယ်

ကလေးမက ငါးရက်လုံးလုံး အစာရေစာပြတ်ခဲ့တာဆိုတော့
မတ်ခွက်သုံးလုံးစာလောက်ကို သောက်တယ်
ခဏနေတော့ ဆီးသွားချင်တယ်၊ ဝမ်းသွားချင်တယ်
ပြောလာတယ်၊ သွားတော့လည်း မဲပုပ်ပုပ်
အရောင်တွေဗျို့။

ဒါဟာ မြွေဆိပ်တွေပါသွားတဲ့ လက္ခဏာပေါ့။
စောစောက တွေ့နေရတဲ့ ကျပ်ပြားဝိုင်းလောက်
အဆိပ်မကွက်တွေ အားလုံးလည်း အဲဒီအချိန်မှာပဲ
ယူပစ်လိုက်သလို ပျောက်သွားတယ်။

သစ္စာရဲ့တန်ခိုး …
အဘဆေးဝိဇ္ဇာတို့ရဲ့ ပညာစွမ်း …
မယုံနိုင်လောက်တဲ့ အံ့မခန်းအစွမ်းပါပဲ။
မစိုးစိုးသူ ချက်ချင်း ထူထူထောင်ထောင် ဖြစ်သွားတယ်
သုသာန်ကနေ ရွာပြန်တာတောင် သူကိုယ်တိုင် လမ်းလျှောက်
ပြန်ခဲ့တယ်ဗျ …

XXXX

ဒါ မဖြစ်နိုင်ဘူး၊ သေပြီးသားလူ၊ အသက်ပြန်ရှင်လာတယ်
ဆိုတာ လုံးဝကို မဖြစ်နိုင်ဘူး၊ အောက်လမ်းပညာနဲ့
ဖုတ်သွင်းလိုက်တာပဲ ဖြစ်ရမယ် …ဖုတ်သရဲဝင်တာ
ဆိုရင် စားပြီးသောက်ပြီးတာနဲ့ ပြန်ထွက်သွားမယ်၊
အဲဒီအချိန် ကောင်မလေး ပြန်သေသွားမှာပဲ။
ဒီအောက်လမ်းဆရာကို မျက်ခြေမပျက် စောင့်ကြည့်ကြ”

လူတစ်စုပြောနေတဲ့ စကားသံတွေက ကျတော့်နားထဲကို
ဆူးတွေလို ဝင်လာတယ်။ ကြားလိုက်တာနဲ့ ဒေါသက
ထောင်းခနဲ ထသွားတယ်။ အဲဒီအချိန်မှာ ကျတော့်
အသက်က နှစ်ဆယ့်ခြောက်နှစ်ပဲ ရှိသေးတယ်ဗျ…

တုန့်ပြန်ချင်တဲ့စိတ်က မြန်မြန်ဆန်ဆန် ရောက်လာတယ်။
ဒါပေမယ့် …

“ငါလုပ်နေတဲ့အလုပ်က မြင့်မြတ်တဲ့ အထက်လမ်း၊
သတ္တဝါတွေကို ကယ်တင်တဲ့အလုပ် ” လို့ သတိရပြီး
သည်းခံလိုက်တယ်။

“သူတို့ မသိလို့၊ နားမလည်လို့ ပြောတာပဲ ” ဆိုပြီး
တင်းမာနေတဲ့ စိတ်ကို ဖြေလျော့လိုက်ရတယ်
ဖြစ်တာက ဒီလိုဗျ…၊

သုသာန်ကပြန်လား၊ အိမ်ရောက်တာနဲ့ မစိုးစိုးသူရဲ့
ကိုယ်ခန္ဓာကိုယ်ထဲပြန့်နေတဲ့ မြွေဆိပ်တွေကို ရိုးရာ
တိုင်းရင်းနည်းနဲ့ စုပ်ယူရတယ်။ တွင်စုပ်တယ်လို့
ခေါ်တာပေါ့။ မြွေကိုက်ခံရတဲ့ဒဏ်ရာကို
စပါးလုံးတစ်ထောက်လောက် ခွဲလိုက်တယ်။
ပြီးတော့ ရေနွေးပွက်ပွက်ဆူထဲမှာ ထည့်ပြုတ်ထားတဲ့
ပနယ်စလင်ပုလင်းကို ညှပ်နဲ့ ယူပြီး ခွဲထားတဲ့
အနာပေါ် မှောက်လိုက်တယ် …

ပုလင်းက အရမ်းပူနေတော့၊ အသားကို မလောင်အောင်
အနာဝအနားမှာ ရေနည်းနည်း ချပေးရတယ်။
အနာကို ပုလင်းဝအုပ်လိုက်တာနဲ့ အနာထဲက
သွေးတွေ အဆိပ်တွေ အလိုလို စိမ့်ထွက်လာတယ်။
ဒီနည်းက အဆိပ်ကို စုတ်ထုတ်တဲ့ တိုင်းရင်နည်းပေါ့။

“သမီး ထမင်းဆာတယ်၊စားလို့ရလား” လို့မေးတယ်။

“သမီးစားချင်သလောက် ထမင်းသွားခူး၊
ခူးပြီးရင် မစားနှင့်ဦး ဆရာ့ဆီ ယူလာခဲ့ ”

လို့ ကျတော် ပြောလိုက်တယ်။ ကလေးမက
ထမင်းမစားရတာ ကြာပြီလေ။ စားချင်တဲ့
အာသီသကလည်း ပြင်းထန်နေမှာပေါ့၊ ခူးလာတဲ့
ထမင်းတွေက မနည်းဘူး၊ အခြားသူတွေလည်း
အံ့သြသွားတယ်။ ကျတော်တောင် ထမင်းတွေ
ကြည့်ပြီး ပြုံးမိလိုက်သေးတယ် …

ထမင်းပန်းကန်ထဲမှာ ဟင်းတွေလည်း ပုံပြီးသား
ထမင်းနှင့်ဟင်းတွေကို ကျတော်က ဝဲ၊ ယာ
လက်ညှိုးနှစ်ချောင်းနှင့် တစ်ပြိုင်နက်တည်း
မွှေတယ်၊ မွှေနေရင်းနှင့် အုန်းရေတိုက်တုန်းကလိုပဲ
သစ္စာဆိုတယ်၊

“အဆိပ်တွေနှင့် မကောင်းသော ဘေးအန္တရာယ်စက်
မှန်သမျှ မြူမှုန်မျှ မကျန်အောင် ပျောက်ကင်းစေသော
ဆေးထမင်း၊ ဆေးဟင်းများဖြစ်ပါစေ”

လို့ သစ္စာပြုရတယ်။ ပြီးတော့မှ ထမင်းကို စားစေတယ်
ကလေးမလေးကလည်း ထမင်းတွေကို ကုန်အောင်
စားနိုင်တယ်ဗျ…၊ ထမင်းစားပြီးတော့ “သမီးအိပ်ချင်လို့ပါ၊
အိပ်ခွင့်ပြုပါ “လို့ ပြောပြီး အိပ်ပျော်သွားတယ်…၊
ဒါကြောင့် နားမလည်တဲ့သူတစ်ချို့က ပြောကြတာ။

ဖုတ်တစ္ဆေသွင်းထားလို့သာ သေပြီးသားလူက
ပြန်ထလာတာ …၊ ထမင်းဟင်းတွေကိုလည်း
မယုံနိုင်အောင် အများကြီးစားတယ် …
စားပြီးတာနဲ့ ပြန်အိပ်သွားတယ် …

ဖုတ်တစ္ဆေပြန်ထွက်သွားရင် စိုးစိုးသူ ပြန်သေသွားမယ်လို့
သူတို့က ထင်နေကြတယ် ။

မစိုးစိုးသူရဲ့ မိဘတွေ တောင်းပန်လို့ ကျတော် အဲဒီ
အိမ်မှာပဲ ညအိပ်တည်းခိုလိုက်ရတယ် …
ကလေးမကလည်း စအိပ်ကတည်းက တစ်ညလုံး
တစ်ရေးမှ မနိုးတော့ဘူးဗျ။

တချို့က ပြန်သေသွားလားဆိုပြီး အနီးကပ် ကြည့်ကြ
သေးတယ်။ တကယ်တော့ မစိုးစိုးသူဟာ သေပြီလို့
သတ်မှတ်ခံထားရတဲ့ ငါးရက်တိုင်တိုင် ပြင်းထန်းတဲ့
မြွေဆိပ်ကြောင့် မေ့မြောသွားခဲ့တာပါ…။

အိပ်ပျော်နေတာနဲ့ မေ့မြောတာ မတူပါဘူး၊
အိပ်ပျော်နေတာက အနားယူခြင်းတစ်မျိုးဖြစ်ပြီး
မေ့မြောနေချိန်မှာတော့ သူမရဲ့ ဝိညာဉ်ဟာ
ပင်ပင်ပန်းပန်း သွားလာ လှုပ်ရှားနေရပါတယ်

ကျတော် စက်ဘီးကို ထိန်းမနိုင်၊ သိမ်းမနိုင်ဖြစ်၊
တာလမ်းမကြီးပေါ်ကနေ ထိုးဆင်း၊ လယ်ကွင်းတွေဖြတ်၊
ကန်သင်းတွေကျော်ပြီး သုသာန်ထဲ ဝင်လာတာကို
သူမြင်နေရတဲ့အကြောင်း …ကျတော့်စက်ဘီးနောက်က
ဝတ်ဖြူစင်ကြယ်နှင့် အဘိုးအို တစ်ဦးက
တွန်းပို့ပေးနေကြောင်း …

သတိလစ် မေ့မြောနေချိန်မှာ ဝိညာဉ်ဘဝနှင့်
သူမ မြင်တွေ့တဲ့ အရာတွေကို မစိုးစိုးသူ
သတိပြန်ကောင်းလာတဲ့အချိန်မှာ ကျတော့်ကို
ပြောပြခဲ့ပါတယ်

မစိုးစိုးသူဟာ မိုးစင်စင်လင်းမှ အိပ်ရာက နိုးထလာပါတယ်။
အဲဒီအချိန်မှာ ပကတိ ကြည်လင်ဝင်းပတဲ့ မျက်နှာနဲ့
လန်းလန်းဆန်းဆန်း ဖြစ်သွားပြီ။ မျက်ကွင်းညိုမဲ
တာတွေလည်း ပျောက်ပြီး တကယ့် လူကောင်းပကတိ
ဖြစ်သွားပါတယ် …။

အဲဒီတော့မှ သူမရဲ့ မိဘတွေ၊ ဆွေမျိုးမိတ်သင်္ဂဟတွေ
အားလုံး စိတ်ချ လက်ချ ပျော်နိုင်ကြပါတော့တယ်

မစိုးစိုးသူက …

“ဆရာပေးတဲ့အသက်ပဲ ရှိပါတော့တယ် “ပြောပြီး
ကျတော့်ကို လက်အုပ်ချီ ကန်တော့ရှာတယ်

သူမဝတ်ဆင်တဲ့ ခြယ်နားကပ်တစ်ရံ၊ ရွှေလက်စွပ်တစ်ကွင်း။
ရွှေလက်ကောက်တစ်ကွင်း၊ ရွှေဆွဲကြိုးတစ်ကုံးနှင့်
ငွေငါးထောင်ကိုလည်း ထည့်ကန်တော့ပါတယ်

ကျတော်က ကန်တော့ခံပြီး လက်ဝက်လက်စားတွေကို
ပြန်စွန့်ပေးတယ်။ ရွှေထည့်ပစ္စည်းတွေ လက်မခံတဲ့
အတွက် မစိုးစိုးသူရော သူ့မိဘတွေရော စိတ်မကောင်းကြဘူး။

ဒါပေမယ့်

“ကျတော့် တိုင်းရင်းဆေးပညာလေ့လာ
သင်ယူခဲ့တာ၊ ရွှေရင်ကျော်အထက်လမ်းပညာကို
ယူခဲ့တာဟာ ဥစ္စာပစ္စည်းလိုချင်လို့ မဟုတ်ပါဘူး
ခုနှစ်ရက်သားသမီးတွေကို ကယ်တင်ချင်လို့ပါ။
ကယ်တင်ခွင့် ရတာပဲ ဝမ်းသာလှပါပြီ ”

လို့ ပြောပြီး ငွေကိုပဲ လက်ခံရပါတယ်

ဒီအဖြစ်အပျက်က လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က
ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ မစိုးစိုးသူဟာ ခုချိန်ထိ
ဟင်္သာတမြို့မှာ သက်ရှိ ထင်ရှားရှိနေတုန်းပါ။

အိမ်ထောင်ကျပြီး သားနှစ်ယောက်နှင့် သမီးလေး
တစ်ယောက်တောင် ရနေပါပြီ။ ဆရာ ဦးဇော်လွင်ရဲ့
ထူးထူးခြားခြား ကိုယ်တွေ့ ‘သေရွာပြန် မစိုးစိုးသူ’
ဖြစ်ရပ်မှန် ဇာတ်လမ်းလေးက ဒီနေရာမှာပဲ
အဆုံးသတ်သွားခဲ့ပါပြီ။

စာရေးသူနှင့် သူတို့အဖွဲ့ကတော့ ဆရာပွင့်ရဲ့
ဟောခန်းလေးထဲမှာပဲ ။

အသက်တမ်းကုန်၍သေခြင်း…
ကံအစွမ်းကုန်၍သေခြင်း …
အသက်နှင့်ကံ နှစ်ခုစလုံးကုန်၍သေခြင်း …
ကံတစ်ပါးက သတ်ဖြတ်၍ သေခြင်းဆိုတဲ့
သတ္တဝါတို့ရဲ့ သေခြင်းအကြောင်းတရား (၄)ပါးကို
ဆက်ပြီး ဆွေးနွေးဖြစ်ခဲ့ကြပါတယ် …

သေခြင်းတရားတွေနဲ့ မစိုးစိုးသူရဲ့အဖြစ်ကို
ယှဉ်တွဲပြီး စဉ်းစားကြည့်ခဲ့ကြပါတယ်…

အဲဒီအချိန်က မစိုးစိုးသူရဲ့ အသက်က (၁၈)နှစ်သာ
ရှိသေးတဲ့အတွက် လူ့သက်တမ်း မကုန်သေးပါဘူး။

မြွေဆိုးအကိုက်ခံရတာ၊ သေပြီးအထင်နှင့်
မီးသင်္ဂြိုဟ်တော့မယ်အထိ ရောက်ခဲ့ရတာက
အတိတ်က မကောင်းတဲ့ အကြောင်းကံ တစ်ခုခုရဲ့
အကျိုးဆက်လို့ သတ်မှတ်ရပါမယ်။

ဒီအခြေအနေထိဖြစ်ပြီးမှ မမြင်ရတဲ့ပုဂ္ဂိုလ်ထူး၊
ပုဂ္ဂိုလ်မြတ်တွေက ဆရာဦးဇော်လွင်ကို စေလွှတ်ပြီး
ကယ်တင်စေခဲ့ပြန်တယ်။ ဒီအချင်းအရာတွေက
မစိုးစိုးသူဟာ လူသက်တမ်း မကုန်သေးသလို၊
ကံလည်း မပြတ်သေးဘူးဆိုတာ ပြနေပါတယ်

ဆရာဦးဇော်လွင် ပြောခဲ့တဲ့ စကားတွေထဲမှာ
မစိုးစိုးသူဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ဘာသာ
ကိုင်းရှိုင်းသူ၊ သီလစောင့်ထိန်းသူ၊ အလှူဒါန
ဝါသနာထုံသူဆိုတဲ့ အချက်တွေလည်း ပါရှိပါတယ်

မြွေဆိုးကိုက်ခံရလို့ မသေဘဲ မီးသင်္ဂြိုဟ်ခံရပြီး
သေတော့မယ်ဆဲ့ဆဲအချိန်မှာ အသတ်ကယ်မယ့်သူ
ရောက်လာခဲ့တယ်…

ဒီအကြောင်းချင်းရာက …

သံသရာမှာ ပြုခဲ့တဲ့ ကုသိုလ်ကံ တစ်ခုခု
ကျန်ရင်ကျန် ၊ အတိတ်ကံ မကျန်ရင်လည်း …

ယခု လက်ရှိ ဘဝမှာ ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုကံတွေက
ထောက်ပံ့ကူညီလို့ပဲ ဖြစ်ရပါမယ် …၊ စာရေးသူတို့
ဆွေးနွေးပြောဆို နေချိန်မှာပဲ အမျိုးသမီးနှစ်ယောက်နှင့်
အမျိုးသားငယ်တစ်ယောက် ဆရာပွင့်ရဲ့ ဗေဒင်
ဟောခန်းထဲ ဝင်လာကြတယ် …

စာရေးသူတို့လည်း အလိုက်တသိနှင့် အပြင်ဘက်
ထွက်ခဲ့ကြတယ် …၊

ပြီးပါပြီ

ဆရာ မောင်မှိုင်းညို့(ချောင်းဦး)ရေးသည့်
ဥစ္စာစောင့်တွေ လှူတဲ့ငွေ နှင့် သေရွာပြန်ဖြစ်ရပ်မှန်များ
စာအုပ်မှ လက်ခ စာဖတ်သူကို ကူးယူဝေမျှထားပါသည်။

#Credit