ဥစ္စာစောင့်မလေးနန်းယဥ်မေ

*ဥစ္စာစောင့်မလေးနန်းယဉ်မေ*📖📖📖

****************
**************
တောင်သာရွာမှာအဆင်းရဲဆုံးသူကိုပြပါဆိုလျှင် ဦးဘဇော်နှင့် ဒေါ်စိန်အေးတို့လင်မယားကိုပြရမည်။
သားထောက်သမီးခံလည်းမရှိသဖြင့် အသက်(၇၀)အရွယ်ရောက်နေသည့်တိုင်အောင် သမုဒ္ဒရာ၀မ်းတစ်ထွာအတွက် ရှာဖွေနေရရှာသည်။
ခြံထဲတွင်စိုက်ထားသော စံပယ်ပန်းလေးများကို ဒေါ်စိန်အေးခူးယူသီကုံးပြီးသောအခါ ဦးဘဇော်က စျေးထဲတွင်သွားရောက်ရောင်းချသည်။ စံပယ်ပန်းရောင်းလို့ရသည့်ငွေဖြင့် သူတို့လင်မယား ၀မ်းရေးအတွက်ဖြေရှင်းရသည်။

သည်နေ့လည်း ဇနီးဖြစ်သူခူးယူသီကုံးထားသည့် စံပယ်ပန်းကုံးလေးများကို စျေးထဲတွင်သွားရောက်ရောင်းချရန် မနက်စောစောတွင်ပင် ဦးဘဇော်ထွက်လာလိုက်၏။
စေတီတော်အနီးရှိ လက်ပံပင်ကြီးအလွန်အရောက်တွင်

” အဘ အဘ ”

အနောက်မှခေါ်သံကြောင့် ဦးဘဇော်လှည့့်ကြည့်လိုက်၏။ ထိုအခါ ကြည်လင်၀င်းပသောမျက်နှာနှင့် အသက် ၁၆၊၁၇ နှစ်မျှသာရှိသေးသော မိန်းကလေးတစ်ဦးကိုတွေ့လိုက်ရ၏။

” ဘာတုန်းကလေးမ ”

” အဘကိုင်ထားတဲ့စံပယ်ပန်းသမီးလိုချင်လို့ ”

ဦးဘဇော်၏လက်ထဲမှစံပယ်ပန်းကုံးလေးများကိုကြည့်ပြီး နန်းယဉ်မေပြောလိုက်သည်။

” ရတာပေါ့ကလေးမ … ဘယ်နှစ်ကုံးယူမှာလဲပြော ”

” တစ်ကုံးတည်းယူမှာပါအဘ ”

လက်ထဲမှစံပယ်ပန်းတစ်ကုံးကို နန်းယဉ်မေအား ဦးဘဇော်ကမ်းပေးလိုက်၏။
နန်းယဉ်မေလည်း စံပယ်ပန်းကုံးလေးကို အားရ၀မ်းသာယူလိုက်ပြီး နမ်းလိုက်သည်။

” မွှေးနေတာပဲနော်ပန်းလေးက ”

” မနက်ကမှ အဘရဲ့ဇနီးခူးပြီးသီထားတာ လက်လက်ဆတ်ဆတ်မို့အနံ့သင်းနေတာပေါ့ ”

” အဘက ဒီစံပယ်ပန်းလေးတွေကို ခူးပြီး ရောင်းစားနေရတာလား ”

” ဟုတ်တယ်ကလေးမ ဦးတို့လင်မယားကသားသမီးလည်းမထွန်းကားဘူးလေ ကျောထောက်နောက်ခံကလည်းမရှိတော့ အခုလိုစံပယ်ပန်းလေးခူးပြီး ရောင်းလို့ရတဲ့ငွေလေးနဲ့ စား၀တ်နေရေးဖြေရှင်းနေရတာပေါ့ကွယ် ”

ဦးဘဇော်ကိုကြည့်ပြီး နန်းယဉ်မေသနားသွားသည်။

” ဟုတ်လားအဘ … ဟိုလေ အဘကိုပေးဖို့စံပယ်ပန်းဖိုး သမီးမှာမရှိဘူး … အဲ့ဒါ ဒါလေးကိုပန်းဖိုးအဖြစ်ပေးပါရစေနော် ”

ရွှေဒင်္ဂါးတစ်ပြားကို ဦးဘဇော်လက်ထဲသို့ နန်းယဉ်မေထည့်ပေးလိုက်၏။
နန်းယဉ်မေပေးသော ရွှေဒင်္ဂါးပြားကိုကြည့်ကာ ဦးဘဇော်အံ့အားသင့်သွားပြီး

” ဟာ … မယူပါရစေနဲ့ကလေးမ အဘရဲ့စံပယ်ပန်းကဘယ်လောက်မှတန်ဖိုးမရှိဘူး ၊ ကလေးမပေးဖို့ပိုက်ဆံမပါဘူးဆိုရင်လည်း ပန်းကိုအဘအလကားပေးပါတယ် … ဒီရွှေဒင်္ဂါးပြားကိုတော့ အဘမယူပါရစေနဲ့ကွယ် ”

ရွှေဒင်္ဂါးပြားကို နန်းယဉ်မေထံ ဦးဘဇော်ပြန်လည်ကမ်းပေးလိုက်သည်။
ဆင်းရဲပေမယ့် သူတစ်ပါးပစ္စည်းအလကားမယူတတ်သော ရိုးသားသည့်ဦးဘဇော်ကို မည်သို့မှပေး၍မရမှန်း နန်းယဉ်မေသဘောပေါက်သွားသည်။ ထို့နောက် အကြံတစ်ခုရလာကာ

” ဒါဆိုရင်ဒီလိုလုပ်အဘ …အဘဆီက စံပယ်ပန်းတစ်နေ့တစ်ကုံးသမီးဒီကစောင့်ယူမယ်၊ ရွှေဒင်္ဂါးပြားကိုတော့ အဲ့ဒီနေ့တိုင်းယူမယ့်ပန်းဖိုးအဖြစ် အဘယူလိုက်… ကဲ သမီးသွားပြီနော်အဘ ”

ပြောပြီးတာနှင့် အမြန်ထွက်သွားသောနန်းယဉ်မေကို ဦဘဇော်တားချိန်မရလိုက်ပဲ ငေးကြည့့်ကာ သက်ပြင်းချလိုက်လိုက်၏။
ထို့နောက် စံပယ်ပန်းရောင်းရန် စျေးသို့အမြန်ထွက်လာလိုက်၏။

သည်ကနေ့ဦးဘဇော်ကံကောင်းသည်ဟုဆိုရမည်။ ယခင်က စျေးသိမ်းသည်အထိရောင်းတာတောင်မကုန်သည့်စံပယ်ပန်းကုံးများသည် ယခု စျေးရောက်ပြီးတစ်အောင့့်အကြာတွင်မှာပင် ရောင်းကုန်သွားတော့သည်။ ထို့ကြောင့် ဦးဘဇော်၀မ်းသာအားရဖြင့် အိမ်သို့ပြန်လာလိုက်သည်။

” စိန်းအေး … စိန်အေး ”

” ဘာတုန်းတော့ ကျုပ်ဒီမှာဟင်းချက်နေတယ် ”

ဒေါ်စိန်အေးရှိရာ မီးဖိုချောင်ထဲသို့ ဦးဘဇော်၀င်လာလိုက်ပြီး နန်းယဉ်မေပေးလိုက်သော ရွှေဒင်္ဂါးပြားကိုထုတ်လိုက်ကာ

” ဒီမှာကြည့်စိန်အေး ”

” ဟင် … ရွှေဒင်္ဂါးပြားပဲ … ရှင်ဘယ်ကရတာလဲ… ခိုးလာတာလား ”

ရွှေဒင်္ဂါးပြားကိုကိုင်ကြည့်ကာ ဒေါ်စိန်အေးအံ့အားသင့်စွာဆိုလိုက်၏။

” ဟာ … ဘယ်နှယ့်ခိုးလာရမလဲ … ကြံကြံဖန်ဖန် ”

” ဒါဆို ရှင်ဘယ်ကရတာလဲ ”

” ငါမနက်ကပန်းရောင်းဖို့သွားတုန်း လမ်းမှာ ကလေးမလေးတစ်ယောက်ကစံပယ်ပန်းတစ်ကုံး၀ယ်တယ် ၊ အဲ့ဒါ သူ့မှာပန်းဖိုးပိုက်ဆံမရှိဘူးတဲ့ ဒီရွှေဒင်္ဂါးပြားကိုပန်းဖိုးအဖြစ်ယူပါဆိုပြီးအတင်းပေးသွားတာပဲ ”

” ဒီလောက်အဖိုးတန်တဲ့ရွှေဒင်္ဂါးပြားကိုပန်းဖိုးအဖြစ်ပေးတယ်ဟုတ်လား … ဒီကလေးမစိတ်ရောပုံမှန်ဟုတ်ရဲ့လား ရှင်ကရောဘာလို့ယူခဲ့တာလဲ ”

” ငါလည်းငြင်းပါတယ် ဒါပေမယ့် သူ့ကိုစံပယ်ပန်း တစ်နေ့တစ်ကုံးပေးပါလို့ပြောပြီးအမြန်ကိုထွက်သွားတော့တာဟေ့ ”

” ဘယ်လိုပဲဖြစ်ဖြစ် ဒီရွှေဒင်္ဂါးကိုတော့ဒီအတိုင်းသိမ်းထားရမယ် သူပြန်လိုချင်လို့ပြန်တောင်းတဲ့အခါ ပြန်ပေးလိုက်ကြတာပေါ့ ”

” အေးပါကွာ အေးပါ ”

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

သည်နေ့လည်း မနက်စောစောတွင်ပင် စံပယ်ပန်းရောင်းရန် ဦးဘဇော်ထွက်လိုက်သည်။ ထိုအခါ သူ့အားစောင့်နေသောနန်းယဉ်မေကို စေတီတော်အနီးရှိ လက်ပံပင်အောက်တွင်တွေ့လိုက်ရ၏။

” ရော့ ဒီမှာကလေးမအတွက် ”

စံပယ်ပန်းကုံးတစ်ကုံးကိုယူပြီး နန်းယဉ်မေအား ဦးဘဇော်ပေးလိုက်၏။
နန်းယဉ်မေလည်း အားရ၀မ်းသာယူလိုက်ပြီး အားရပါးရနမ်းလိုက်၏။

” မွှေးနေတာပဲ … သမီးကစံပယ်ပန်းဆိုအရမ်းကြိုက်တာအဘ ”

စံပယ်ပန်းအရမ်းကြိုက်သော နန်းယဉ်မေကိုကြည့်ပြီး ဦးဘဇော်ပီတိဖြစ်ကာ ပြုံးလိုက်၏။

” အခုလို အဘရဲ့စံပယ်ပန်းကို နေ့တိုင်းအားပေးတဲ့အတွက်ကျေးဇူးပါကွယ် ၊ ကဲ အဘလည်းဟောဒီပန်းတွေကုန်အောင် စျေးထဲမှာသွားရောင်းအုံးမယ်ကွယ် ”

” ဟုတ်ကဲ့ပါအဘ ”

ဦးဘဇော် ပန်းရောင်းရန်စျေးထဲသို့ ထွက်လာလိုက်သည်။
သည်နေ့လည်း မနေ့ကလိုပင်ရောင်းကောင်းသဖြင့် တစ်ခဏအတွင်းမှာပင်ရောင်းကုန်သွားတော့သည်။

သည်လိုနှင့် နန်းယဉ်မေသည် လက်ပံပင်ကြီးအောက်တွင် ဦးဘဇော်ဆီက နေ့စဉ်နေ့တိုင်း စံပယ်ပန်းတစ်ကုံးစီ စောင့်ယူလေ့ရှိသည်။

အောက်လမ်းဆရာကြီး ဦးသာဗျောသည် နယ်ပယ်ဒေသအစုံကို လှည့်လည်လေ့လာရင်း တောင်သာရွာ၏ စေတီတော်အနီးသို့ရောက်လာခဲ့သည်။
ထိုအခါ ဘုရားဘေးတွင်ရှိနေသော တောင်ပို့ပုံသဏ္ဍန်နှင့်ဆင်တူသည့် မို့မောက်နေသော မြေအားကြည့်ပြီး မျက်လုံးအရောင်တဖိတ်ဖိတ်တောက်လာခဲ့၏။

” ငါတော့ချမ်းသာပြီကွ … ဟားဟားဟား ”

ဦးသာဗျော အားရ၀မ်းသာအော်ရယ်လိုက်ပြီးနောက် ထိုနေရာမှလျင်မြန်စွာပြန်ထွက်လာလိုက်တော့သည်။

ဦးသာဗျော ခရီးမှနေအိမ်သို့ပြန်ရောက်သည်နှင့် မနားတော့ပဲ လိုအပ်သည့်ပစ္စည်းအစုံကိုစုပြီး တပည့်ကျော်နှစ်ယောက်ဖြစ်သော တာတီးနှင့်ပေတိုးကိုခေါ်ကာ တောင်သာရွာသို့ ပြန်လည်၍ခရီးစတင်လိုက်၏။

နှစ်ညအိပ်သုံးရက်ခရီးနှင်ပြီးသည်နှင့် ညနေစောင်းအချိန်တွင် တောင်သာရွာသို့ရောက်လာခဲ့တော့သည်။
ထိုအခါ ရွာပြင်ဇရပ်တစ်ခုတွင် အသင့်ယူလာသော၀တ်ဖြူ စင်ကြယ်ပုဆိုး၊ အင်္ကျီနှင့်ခေါင်းပေါင်းကို ယခု၀တ်ထားသည့်အ၀တ်စားနှင့် ဦးသာဗျော လဲလှယ်၀တ်ဆင်လိုက်၏။
လည်ပင်းတွင်လည်း ပုတီးတစ်ကုံးဆွဲထားလိုက်ပြီး လက်တွင်တောင်ဝှေးကိုကိုင်ကာ သူတော်စင်တစ်ဦးအဖြစ် ဟန်ဆောင်လိုက်၏။

” မင်းတို့တွေ ငါမှာထားတဲ့အတိုင်း အိနြေ္ဒမပျက်နေကြ ကြားလား ”

” ဟုတ်ကဲ့ပါဆရာ ”

တပည့်နှစ်ဦးအား သတိပေးပြီးသည်နှင့် ရွာထဲသို့စတင်၀င်လာလိုက်သည်။
ထိုစဉ် လမ်း၌နွားကျောင်းသားလေးကိုမြင်သည်နှင့် ဦးသာဗျောအနားကပ်သွားလိုက်ပြီး

” လူလေး … အဘတို့ကိုသူကြီးအိမ်လိုက်ပို့ပေးလို့ရမလားကွဲ့ ”

၀တ်ဖြူ စင်ကြယ်နှင့် တည်ငြိမ်နေသောဦးသာဗျောကို နွားကျောင်းသားလေးကြည့်ကာ ကြည်ညိုသွားပြီး

” ရပါတယ်အဘ လိုက်ပို့ပါ့မယ် ”

” ကျေးဇူးပါလူလေး ”

နွားကျောင်းသားလေးခေါ်ရာနောက်သို့ ဦးသာဗျောနှင့်တပည့်နှစ်ဦးလိုက်လာကြ၏။
တစ်အောင့်အကြာတွင်တော့ ရေနံချေးဝနေသော ကြီးမားသည့်ပြင်ထောင်အိမ်ကြီးဆီသို့ရောက်လာခဲ့၏။

” ဗျို့ သူကြီး … သူကြီးရဲ့ဧည့်သည်ပါလာတယ် ”

နွားကျောင်းသားလေးခေါ်သံအဆုံး သူကြီး အိမ်ပေါ်မှဆင်းလာလိုက်သည်။

” ဟော သူတော်စင်အဘတို့ပါလား … လာလာ ထိုင်ကြ ”

ကွပ်ပျစ်တွင် သူကြီးနေရာပေးလိုက်သဖြင့် ဦးသာဗျော၀င်ထိုင်လိုက်၏။
သူကြီးလည်း လက်ဖက်သုပ် ရေနွေးကြမ်းဖြင့့်ဧည့်ခံလိုက်ပြီး

” သုံးဆောင်ပါအုံးဗျာ … ခရီးဝေးကလာကြတယ်ထင်တယ် ”

” ဟုတ်တယ်ကွဲ့ ”

” ဒါနဲ့ ဘာကိစ္စနဲ့ရောက်လာတာလဲသူတော်စင်အဘ ”

သူကြီးအမေးကို ဦးသာဗျော သက်ပြင်းအရှည်ကြီးချလိုက်ပြီး တည်ငြိမ်စွာဖြင့်

” အဘကနယ်လှည့်ပြီး သာသနာပြုလုပ်ငန်းတွေဆောင်ရွက်နေတာပါ …အဲ့ဒါနဲ့ ဒီရွာကိုဖြတ်လာတုန်း မကောင်းတဲ့အငွေ့သက်ရလို့ ကယ်တင်မလို့ရောက်လာခြင်းပဲဖြစ်တယ်ကွဲ့ ”

” ဗျာ … မကောင်းတဲ့အငွေ့သက်ဟုတ်လား ”

သူကြီးထိန့်လန့်သွားသည်။

” ဟုတ်တယ်ကွဲ့ … ဒီရွာမှာမကောင်းဆိုးရွားတွေရှိနေတယ် ၊ မကြာခင်တစ်ရွာလုံးကိုဒုက္ခပေးနိုင်တယ် … အဲ့ဒါကြောင့် အဘကဒီရွာလေးမှာခဏနေပြီး တရာဘာ၀နာပွားများပေးမယ် မကောင်းဆိုးရွားတွေကိုဖယ်ရှားပေးမယ် အဲ့ဒီအတွက်လာရောက်ခြင်းဖြစ်တယ်ကွဲ့ ”

” အားကိုးပါတယ်သူတော်စင်အဘရယ် … မကောင်းဆိုးရွားတွေကို မြန်မြန်ဖယ်ရှားပေးပါနော် ”

တစ်ရွာလုံးအတွက် သူကြီးစိုးရိမ်နေမိသည်။

” အဘရောက်လာပြီပဲ ဘာကိုမှမစိုးရိမ်ပါနဲ့ ”

” ဟုတ်ကဲ့… အဘတို့နေဖို့စားဖို့အားလုံးအဆင်ပြေအောင် ကျွန်တော့အိမ်မှာပဲအားလုံးစီစဉ်ပေးပါ့မယ် ”

” ရပါတယ်ကွယ်… အဘက တရားအားထုတ်ရမှာဆိုတော့ အေးချမ်းတဲ့နေရာမှာပဲနေချင်တယ် …အဲ့ဒါကြောင့် စေတီတော်မှာပဲနေပြီး တရားအားထုတ်မယ်လို့စီစဉ်ထားတယ် ”

” ဟုတ်ကဲ့ အဘကောင်းသလိုသာစီစဉ်ပါ … လိုအပ်တာရှိရင်ကျွန်တော့ကိုအချိန်မရွေးပြောပါ ”

” ကောင်းပါပြီကွယ် … ကဲ အဘတို့သွားမယ် ”

” ဟုတ်ကဲ့ပါအဘ ”

သူကြီးဆီကခွင့်ပြုချက်ရပြီးသည်နှင့် စေတီတော်ဆီသို့ ဦးသာဗျောနှင့်တပည့်နှစ်ဦးထွက်လာလိုက်ကြ၏။

စေတီတော်ကိုရောက်သည့်အချိန်မှာတော့ အနည်းငယ်မှောင်စပြုလာပြီ။
ခရီးပမ်းသဖြင့် သည်ညတော့ သူတို့၏အစီစဉ်ကိုအကောင်ထည်မဖော်သေးပဲ သုံးယောက်စလုံး စေတီတော်ရင်ပြင်တွင်အနားယူအိပ်စက်လိုက်ကြသည်။

နောက်တစ်နေ့ ညသန်းခေါင်းကျော်ရောက် သည်နှင့် ဦးသာဗျောတစ်ယောက် တောင်ပို့သဏ္ဍန် မို့မောက်နေသောမြေကြီးပတ်ပတ်လည်ကို အောက်လမ်းပညာဖြင့်စီမံထားသောကြိုးတွေနှင့်ရစ်ပတ်ထားလိုက်၏။
ထို့နောက် ထိုနေရာ၏အရှေ့တွင်ထိုင်ကာ ဖယောင်းတိုင်များထွန်းညှိထားလိုက်ပြီး
ပါးစပ်မှလည်း အောက်လမ်းဂါထာများ တတွတ်တွတ်ရွတ်ဆိုနေလိုက်၏။
တပည့်ကျော်နှစ်ယောက်ဖြစ်သော တာတီးနှင့်ပေတိုးကတော့ လူလာမလာ စောင့်ကြည့်နေကြသည်။
တစ်ခဏအကြာတွင်

” အ… အ.. အ ”

တောင်ပို့သဏ္ဍန်မြေကြီးပေါ်တွင် တစ်ကိုယ်လုံးကြိုးတုတ်ခံထားရသည့်နှယ် လက်တွေနောက်ပစ်ပြီး ဆံပင်ရှည်ရှည် နန်း၀တ်နန်းစားတွေနှင့် ချောမောလှပသောမိန်းကလေးသုံးဦး ပေါ်လာခဲ့၏။

” ဟား ဟား ဟား ”

ထိုမိန်းကလေးသုံးယောက်ကိုကြည့်ကာ ဦးသာဗျောအားရ၀မ်းသာအော်ရယ်လိုက်သည်။

” ညီမတို့အောက်လမ်းဆရာဖမ်းတာကိုခံလိုက်ရပြီမမ ”

” ဒုက္ခပဲ ဘယ်လိုလုပ်ကြမလဲမမ ”

” မမလည်းဘာမှမတတ်နိုင်တော့ဘူး … ဒီလူကြီးမမတို့ကိုဒုက္ခပေးတော့မှာသေချာတယ် ”

သူ၏ချုပ်နှောင်မှုအောက်တွင် မလှုပ်ရှားနိုင်ဖြစ်နေသော နန်းယဉ်မေနှင့် အမဖြစ်သူနှစ်ဦးကိုကြည့်ကာ ဦးသာဗျောကျေနပ်ပီတိဖြာဝေနေသည်။

” မင်းတို့ကိုအခုလိုဖမ်းရတဲ့အကြောင်းက မင်းတို့တွေစောင့်နေတဲ့ ရတနာတွေကိုငါလိုချင်လို့ပဲ… အခုငါ့ကိုပေးစမ်း ”

” အဲ့ဒီရတနာတွေက ရှင့်လိုလူနဲ့တန်လို့လား… မပေးနိုင်ဘူး ”

သူ့အား စေ့စေ့ကြည့်ကာ အပြောခံလိုက်ရမှုကြောင့် ဦးသာဗျောဒေါသထောင်းခနဲ့ထွက်သွားပြီး

” မင်းတို့ကခေါင်းမာနေတယ်ပေါ့ … ကဲကွာ ”

…. ဖ်န်း ….

…. ဖ်န်း …..

နန်းယဉ်မေနှင့်အမနှစ်ဦးအား ကြိမ်လုံးဖြင့့်အားရပါးရရိုက်ချလိုက်၏။
သူ၏ကြိမ်ဒဏ်ကြောင့် နာကျင်စွာတစ်ကိုယ်လုံးတွန့်လိမ်သွားသော ညီအမသုံးဦးကိုကြည့့်ပြီး ဦးသာဗျောကောက်ကျစ်စွာပြုံးလိုက်၏။

” ဒီညတော့ဒီလောက်ပဲ ၊ တာတီးနဲ့ပေတိုး မင်းတို့လည်းအနားယူတော့ ၊ကျန်တာကို မနက်ဖြန်ညမှဆက်လုပ်ကြမယ် ”

” ဟုတ်ကဲ့ပါဆရာ ”

ဦးသာဗျောနှင့်တပည့်နှစ်ဦး အိပ်စက်အနားယူလိုက်ကြတော့သည်။

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

စံပယ်ပန်းကုံးစောင့်ယူတတ်သော နန်းယဉ်မေကိုသည်ကနေ့မနက်မတွေ့ရသဖြင့် လက်ပံပင်ကြီးအောက်တွင် ဦးဘဇော်စောင့်နေလိုက်သည်။
တစ်အောင့်မျှစောင့်နေသော်လည်း နန်းယဉ်မေပေါ်မလာခဲ့ချေ။၊

” ဒီကလေးမ ဘာလို့ပေါ်မလာတာပါလိမ့် ၊ မအားလို့ပဲဖြစ်မှာပါလေ ”

တစ်ဦးတည်းတီးတိုးရေရွတ်ပြီး ပန်းရောင်းရန်စျေးသို့ထွက်လာလိုက်၏။

ညမိုးချုပ်လူခြေတိတ်ချိန်ရောက်သည်နှင့် ဦးသာဗျောတို့အဖွဲ့လုပ်ငန်းစတော့သည်။နန်းယဉ်မေတို့ညီအစ်မသုံးဦးကို ဘေးနားရှိကံ့ကော်ပင်ကြီးနှင့်ပူးကပ်ကာ အောက်လမ်းအစီရင်ကြိုးဖြင့် တုတ်နှောင်ထားလိုက်ပြီး

” တာတီးနဲ့ပေတိုး ဒီတောင်ပို့နေရာကိုတူးကြဟေ့ ”

ဦးသာဗျောညွှန်ကြားလိုက်သည်နှင့် တာတီးနှင့်ပေးတိုးတို့နှစ်ယောက် ပေါက်ပြား၊ ချွန်းတို့ဖြင့် ပေါက်ဖြိုတူးဆွကြတော့သည်။

” နောင်ပွင့်မယ့်ဘုရားအတွက်လှူဒါန်းဖို့ ညီမတို့စောင့်ရှောက်လာတဲ့ရတနာပစ္စည်းတွေ မသမာသူလက်ထဲကိုရောက်တော့မယ်မမ ၊ ညီမတို့ဘာလုပ်ကြမလဲ ”

” မမတို့ကသူ့ရဲ့ချုပ်နှောင်မှုကိုခံထားလိုက်ရပြီလေ၊ ဘာများတတ်နိုင်တော့မှာလဲ ”

” ဒီမသမာသူတွေ ညီမတို့ပစ္စည်းကိုမရစေရဘူး ၊ မမကြီးနဲ့မမငယ် ဘာမှစိတ်မပူနဲ့ သမီးကြိုးစားကြည့်မယ် ”

ပြောရင်း နန်းယဉ်မေမျက်လုံးအစုံမှိတ်ကာ စိတ်အာရုံကိုစုစည်းလိုက်ပြီး ဦးဘဇော်ကိုစိတ်ဖြင့်ဆက်သွယ်စကားပြောရန်ကြိုးစားလိုက်သည်။

” အဘ အဘ သမီးကိုကူညီပါအဘ ”

အိပ်နေရင်း တစ်စုံတစ်ယောက်စကားပြောသံကနားသို့တိုး၀င်လာခဲ့သည်။
အသိစိတ်ကနိုးကြားနေပေမယ့် ခန္တာကိုယ်ကအိပ်မောကျနေလျက်ပင်။

” ဘယ်သူလဲမသိဘူး ”

” အဘဆီကနေ့တိုင်းစံပယ်ပန်း၀ယ်နေတဲ့ သမီးနန်းယဉ်မေပါအဘ ”

” ဟေ ဟုတ်လား ၊ဒီနေ့တောင်စံပယ်ပန်းပေးဖို့လက်ပံပင်အောက်မှာအဘစောင့်နေသေးတယ်ကွဲ့ ”

” သမီးနဲ့သမီးရဲ့အစ်မနှစ်ယောက်ကို မသမာသူတွေဖမ်းထားလို့ပါအဘ ၊ အဘကိုအကူညီလာတောင်းတာ ကူညီပါနော်အဘ ”

” ဟင် အဘဘယ်လိုကူညီရမလဲကလေးမ ”

” စေတီတော်မှာလူသုံးယောက်ရောက်နေပါတယ် ၊ အဲ့ဒီလူတွေသမီးတို့စောင့်ရှောက်နေတဲ့ရတနာပစ္စည်းတွေကိုယူဖို့လုပ်နေပါပြီ ၊ သူတို့တွေကိုတားပေးပါအဘ ၊ အဘရဲ့ကျေးဇူးကိုသမီးပြန်ဆပ်ပါမယ် ကူညီပါနော်အဘ ”

” ဟင် ဘယ်လို ”

” တစ်ကယ်တော့သမီးကလူမဟုတ်ပါဘူး ၊ နောင်ပွင့်လာမယ့်မြတ်စွာဘုရားကိုလှူဖို့ ရတနာပစ္စည်းတွေကိုစောင့်နေတဲ့ဥစ္စာစောင့်မလေးပါအဘ ”

ဦးဘဇော်ယခုမှသဘောပေါက်သွား၏။

” ကူညီပါနော်အဘ ”

” အေးအေး … အဘကူညီမယ်ကလေးမ ”

” ကိုဘဇော် ကိုဘဇော် ၊ ရှင်ဘယ်သူနဲ့စကားပြောနေတာလဲ ”

ဇနီးသည်ဒေါ်စိန်အေးလှုပ်နိုးလိုက်သဖြင့် ဦးဘဇော်နိုးလာခဲ့ပြီးအိပ်ယာမှလူးလဲထလိုက်သည်။

” အရေးကြီးတယ်စိန်အေး ငါအခုပဲစေတီတော်ဆီသွားမှဖြစ်မယ် ”

” ဟင် … ရှင်ဘာဖြစ်နေတာလဲ စေတီတော်ကိုဒီအချိန်ကြီးဘာသွားလုပ်မှာလဲ ”

ဦးဘဇော်ကိုကြည့်ကာ ဒေါ်စိန်အေးနားမလည်နိုင်ဖြစ်သွားရ၏။

” နောက်မှငါရှင်းပြမယ် ”

ပြောရင်း မီးအိမ်ကိုမီးထွန်းညှိလိုက်ပြီး ဦးဘဇော်အောက်သို့ဆင်းလာလိုက်သည်။

” ကျွန်မလည်းလိုက်မယ်ကိုဘဇော် ”

ဘာတွေဖြစ်နေမှန်းမသိသော ဦးဘဇော်စိတ်မချသဖြင့် ဒေါ်စိန်အေးအမြန်လိုက်သွားလိုက်၏။

စေတီတော်အနားသို့ရောက်လာသည့်အခါမှာတော့

” စိန်အေး ဒီမှာပဲခဏစောင့်နေ ”

ဒေါ်စိန်အေးကိုအပြင်မှာပဲနေစေခဲ့ကာ စေတီတော်ဆီသို့ဦးဘဇော်တိတ်တဆိတ်၀င်လာလိုက်၏။
ထိုအခါ ဖယောင်းတိုင်မီးများလင်းထိန်နေအောင်ထွန်းထားပြီး လူနှစ်ဦးကပေါက်ပြား၊ချွန်တို့ဖြင့် မြေးကြီးအား အားရပါးရတူးဖော်နေကြ၏။ ကျန်တစ်ဦးက ခါးထောက်ကာမတ်တပ်ရပ်နေသည်ကိုတွေ့လိုက်ရသည်။

” ဒီလူတွေကဘာကိုတူးနေတာလဲ ၊ ငါတစ်ယောက်တည်းနဲ့သူတို့ကိုတားနိုင်မှာမဟုတ်ဘူး ၊ ဒီကိစ္စသူကြီးကိုသွားပြောရမယ် ”

ဦးဘဇော်ပြန်ထွက်လာလိုက်ပြီး ဒေါ်စိန်အေးကိုခေါ်ကာသူကြီးအိမ်သို့ထွက်လာလိုက်၏။

” သူကြီး … သူကြီး ”

သူကြီး၏တပည့်မောင်တူး အိပ်ချင်မူးတူးဖြင့့်မီးအိမ်ဆွဲကာထလာလိုက်သည်။

” ဦးဘဇော်ပါလား ဒီအချိန်ကြီးဘာကိစ္စလဲဗျ ”

” သူကြီးကိုခေါ်ပေးပါ အရေးကြီးလို့ မြန်မြန်လေး ”

” ဟုတ်ကဲ့ ”

ခဏအကြာမှာတော့ မောင်တူးနှင့်အတူ သူကြီးအိမ်ပေါ်မှဆင်းလာခဲ့၏။

” ဘာတွေအရေးကြီးနေလို့လဲဦးဘဇော် ”

” စေတီတော်မှာလူသုံးယောက်ရောက်နေတယ်သူကြီး ”

” သူတော်စင်အဘတို့ကိုပြောတာလား ၊ သူတို့ကကျွန်တော့ဆီမှာခွင့်ပြုချက်တောင်းပြီး တရားဘာ၀နာပွားများဖို့အတွက်နေနေကြတာပါ ”

” မဟုတ်ဘူးသူကြီး ၊သူတို့တွေပေါက်ပြားတွေချွန်းတွေနဲ့ တစ်ခုခုတူးနေကြတယ် ခုဏကပဲအဘမြင်ခဲ့တာ ”

” ဟာ ဒါဆို မဟုတ်မှလွဲရော သူတို့တွေဘုရားဌာပနာဖောက်ထွင်းဖို့လုပ်နေတာလား ”

မောင်တူး၀င်ပြောလိုက်မှသူကြီးစိုးရိမ်သွားပြီး

” ဒါဆိုမဖြစ်ဘူး ၊ မောင်တူး လူသုံးလေးယောက်လောက်သွားခေါ်ခဲ့ ”

” ဟုတ်ကဲ့သူကြီး ”

တစ်ခဏအကြာမှာတော့ ကာလသားငါးယောက်နှင့်အတူမောင်တူးပြန်ရောက်လာခဲ့ပြီး သူကြီးအပါအ၀င် စေတီတော်ကြီးဆီသို့ထွက်လာလိုက်ကြသည်။

တာတီးနှင့်ပေတိုး အတော်နက်တဲ့အထိတူးပြီးသော်လည်း ရတနာပစ္စည်းအစနတောင်မတွေ့ရသေးချေ။၊

” ဆရာ ကျွန်တော်တို့မောနေပြီ ”

” မြန်မြန်ဆက်တူးကြစမ်းကွာ၊ ဥစ္စာစောင့်မတွေ ရတနာပစ္စည်းတွေမြန်မြန်တွေ့အောင်လုပ်ပေးစမ်း ၊ မဟုတ်ရင်မင်းတို့ကိုဟော့ဒီကကြိမ်နဲ့ရိုက်မှာ ”

ခုထိရတနာပစ္စည်းမတွေ့သေးသဖြင့် ဦးသာဗျောဒေါသထွက်လာပြီး ကြိမ်လုံးကိုင်ကာ နန်းယဉ်မေတို့ညီအစ်မသုံးဦးအားခြိမ်းခြောက်လိုက်၏။
ထိုစဉ် သူကြီးတို့အဖွဲ့ သူတို့အနားသို့ရောက်လာကြ၏။

” ဟေ့ကောင်တွေ ၊ မင်းတို့ဘာတူးနေကြတာလဲ ”

” ဟင် သူကြီး ”

ရုတ်တရက် သူကြီးရောက်လာသဖြင့် ဦးသာဗျောနှင့်တပည့်နှစ်ဦး ထိန့်လန့်သွားတော့သည်။

” ငါ့ခွင့်ပြုချက်မရပဲနဲ့ ဒီနေရာကိုဘာကြောင့့်တူးနေရတာလဲ ၊ ပြောစမ်းကွာ ”

” သူကြီး ဒီလူတွေကလူကောင်းမဖြစ်နိုင်ဘူး ၊ အခုပဲဖမ်းပါသူကြီး ”

” ဟုတ်တယ်သူကြီး ဒီလူတွေကိုဖမ်းပြီးအပြစ်ပေးပါ ၊ ကျွန်တော်တို့ရွာရဲ့အထွဋ်မြတ်ထားတဲ့စေတီတော်ကြီးကို ဒီလူတွေဌာပနာဖောက်ထွင်းဖို့ကြံနေတာပဲဖြစ်မယ် ”

” သူတော်စင်ယောင်ဆောင်ပြီး ကျွန်တော်တို့ရွာကိုဒုက္ခပေးဖို့ရောက်လာတဲ့သူတွေပဲ ”

ရွာသားတွေ၏ပြောဆိုမှုအောက်တွင် ဦးသာဗျောငြင်းဆိုနိုင်စွမ်းမရှိတော့ပါ။

သူကြီးနှင့်ရွာသားများ ဦးသာဗျောနှင့်တပည့်နှစ်ဦးအား ဖမ်းခေါ်သွားကြတော့သည်။

” အဘ အဘ ”

ဦးဘဇော်ထွက်သွားမည်အပြု ခေါ်သံကြောင့်လှည့်ကြည့်လိုက်ရာ ကံ့ကော်ပင်တွင်ကြိုးဖြင့့်အချည်ခံထားရသော နန်း၀တ်နန်းစားတွေနှင့် မိန်းကလေးသုံးဦးကိုတွေ့လိုက်ရ၏။

” ကလေးမ ”

” သမီးတို့ကိုကြိုးဖြည်ပေးပါအဘ ”

” အေးအေး ”

တစ်ယောက်တည်းစကားတွေပြောပြီး ကံ့ကော်ပင်ဆီသို့လျှောက်သွားသောဦးဘဇော်ကို ဒေါ်စိန်အေးယခုချိန်ထိနားလည်လို့မရသေး။

ဦးသာဗျောတုတ်နှောင်ထားသောကြိုးတွေကို ဦးဘဇော်ဖြည်လိုက်ပြီးသည့်အခါမှာတော့ နန်းယဉ်မေနှင့်အစ်မနှစ်ဦးလွှတ်မြှောက်သွားတော့သည်။

” ကျေးဇူးတင်ပါတယ်အဘ ၊ အဘရဲ့ကျေးဇူးကိုသမီးတို့ပြန်ဆပ်ပါ့မယ် ”

” ရပါတယ်ကွယ် ”

” ကိုဘဇော် ရှင်ဘာလုပ်နေတာလဲ ”

ဒေါ်စိန်အေးစိတ်မရှည်စွာမေးလိုက်၏။

” ကဲ အဘပြန်တော့မယ်ကလေးမတို့ ”

” ဟုတ်ကဲ့ပါအဘ ”

➳ ➳ ➳ ➳ ➳ ➳ ➳

အိမ်ပြန်ရောက်သည့်အခါမှာတော့ ဘာမှနားမလည်ဖြစ်နေသော ဇနီးသည်ဒေါ်စိန်အေးအား ဖြစ်ကြောင်းကုန်စင်ကိုဦးဘဇော်ပြောပြလိုက်၏။
ဒေါ်စိန်အေးတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

” ဘာ ဘယ်လို ဥစ္စာစောင့်မလေးတွေကိုရှင်ကူညီလိုက်တာပေါ့ ဟုတ်လား ”

” ဟုတ်တယ်ကွ ”

” ကျွန်မဖြင့် ယုံတောင်မယုံချင်ဘူးတော် ”

ဒေါ်စိန်အေးတစ်ယောက် မယုံကြည်နိုင်အောင်ဖြစ်နေမိသည်။

နောက်တစ်နေ့
ဦးဘဇော်အိပ်မောကျနေစဉ်

” အဘ အဘ ”

ခေါ်သံကြောင့် လန့်နိုးလာပြီးကြည့်လိုက်ရာ သူ့အနားတွင်နန်းယဉ်မေကိုတွေ့လိုက်ရ၏။

” ဟေ ကလေးမပါလား ”

” အဘကိုနှုတ်ဆက်မလို့လာတာ ၊ ပြီးတော့ အဘရဲ့ကျေးဇူးကိုပြန်ဆပ်ချင်လို့ပါ ”

” နှုတ်ဆက်မလို့ဆိုတော့ ဘယ်ကိုများသွားမလို့လဲကွဲ့ ”

” သမီးတို့နေရာအသစ်ကိုပြောင်းတော့မလို့ပါအဘ ၊ ဒီမှာအဘအတွက် ”

ဦးဘဇော် ၏လက်ထဲသို့ ရွှေဒင်္ဂါးပြားငါးပြား နန်းယဉ်မေထည့်ပေးလိုက်၏။

” ဟာ … အဘမယူပါရစေနဲ့ကလေးမ ပြန်ယူသွားပါ ”

ဦးဘဇော်ပျာပျာသလဲငြင်းလိုက်၏။

” အဘကသမီးတို့ညီအစ်မကိုကူညီခဲ့လို့ သမီးကလည်းအဘကိုပြန်ပြီးကျေးဇူးဆပ်တာပါ ၊ အဘလည်းအသက်ကြီးပြီ စံပယ်ပန်းခူးပြီးရောင်းစားနေရတာပင်ပန်းရောပေါ့ ၊ ဒီရွှေဒင်္ဂါးပြားကိုထုခွဲရောင်းချပြီး အဘလိုရာသုံးပါ သမီးသွားပြီနော်အဘ ”

ပြောပြီးနန်းယဉ်မေချက်ချင်းပျောက်ကွယ်သွားသဖြင့် ဦးဘဇော်သက်ပြင်းချရင်းသာကျန်ခဲ့၏။

” ဟင်… ငါအိမ်မက်နေပါလား ”

အိမ်မက်မှလန့်နိုးလာခဲ့ပြီး ဦးဘဇော်ထထိုင်လိုက်စဉ် သူ၏လက်ထဲမှရွှေဒင်္ဂါးပြားငါးပြားရှိနေသည်ကိုသတိထားလိုက်မိသည်။

” ဒါ ဟိုကလေးမပေးတဲ့ရွှေဒင်္ဂါးပြားတွေပဲ
စိန်းအေး စိန်အေး ထအုံး ”

” အင်း… ဘာဖြစ်လို့လဲကိုဘဇော် ”

ဦးဘဇော်လှုပ်နိုးလိုက်သဖြင့် ဒေါ်စိန်အေးလူးလဲထလာခဲ့၏။

” ဒီမှာ ခုဏကအိမ်မက်ထဲမှာလိုလိုနဲ့ ကလေးမလေးငါ့ကိုလာပေးသွားတာကွ ”

ဦးဘဇော်လက်ထဲမှရွှေဒင်္ဂါးကိုကြည့်ကာ ဒေါ်စိန်အေးအံ့အားသင့်သွား၏။

” ရွှေဒင်္ဂါးပြားတွေပဲ ”

” ဟုတ်တယ်ကွ ၊ ငါ့ကိုလာနှုတ်ဆက်ရင်းပေးသွားတာ ”

” ထူးဆန်းလိုက်တာအေ ၊ ဒါတွေကတစ်ကယ်ပဲဖြစ်နေတာလား ”

” တစ်ကယ်ပေါ့ကွ ၊ ဒီရွှေဒင်္ဂါးပြားတွေကိုထုခွဲရောင်းချပြီး လိုအပ်တဲ့နေရာတွေမှာ ငါတို့တွေလှူဒါန်းကြမယ် ”

” ကောင်းတာပေါ့ရှင် ၊ဒီရွှေဒင်္ဂါးတွေကိုပေးတဲ့ ကလေးမတွေလည်းကုသိုလ်ရတာပေါ့ ”

” ဒါပေါ့ကြာ ”

ထိုအချိန်မှစ၍ ဦးဘဇော်နှင့်ဒေါ်စိန်အေးတို့လင်မယား ရွှေဒင်္ဂါးရောင်းလို့ရသည့်ငွေ တစ်၀က်ကိုလှူ၊ တစ်၀က်ကိုစားဖို့အတွက်ထားပြီး ပျော်ပျော်ရွှင်ရွှင်ဖြင့် နေထိုင်သွားကြလေတော့သည်။

ပြီးပါပြီ

(စာဖတ်သူအပေါင်းတို့ကိုကျေးဇူးတင်လျက်)

စာ​ရေးသူ =နေဇင်မင်းသော်အားလေးစားလျက်

#Like&shareလေးနဲ့အားပေးကြပါအုံး