မှင်စာပေးတဲ့လက်ဆောင်

မှင်စာပေးတဲ့လက်ဆောင်(စ/ဆုံး)

—————————————–

အောင်းကြီးရွာတွင် မူလတန်းကျောင်းတစ်ကျောင်း
ရှိသည်။ ရွာ၏ ပတ်ပတ်လည်တွင် လယ်ကွင်းများ
တစ်မျှော်တခေါ် ရှိနေသည်။ လယ်နှင့်ရွာဝေးသော
လယ်သမားတို့က တဲကို အခိုင်အခန့် ထိုး၍
ရွာကအိမ်ကို တံခါးပိတ်တားပြီး လယ်ကွင်းထဲမှာ
လာနေကြသည်။

စာသင်ရွယ်ကလေးများလည်း မိဘများနှင့်အတူ
ပါလာသည်။ ထိုအခါ တဲနှင့်နီးစပ်သော ရွာမူလတန်း
ကျောင်းများမှာ ထားကြသည်။ ဗိုက်ပူ၊ ခွေးပု။
တက်တိုးတို့ အုပ်စုက ကညင်နှစ်ပင်ရွာသားများ
ဖြစ်သည်။ သူ့မိဘလယ်တွေက အောင်းကြီးရွာနှင့်
နီးနီးမှာ ရှိသည်။

တာတီးက ဆင်ကူးရွာသားဖြစ်သည်။
သူ့မိဘများ လယ်ကလည်း အောင်းကြီးရွာနှင့်
နီးနီးမှာ ရှိသည်။ သူတို့ လယ်က သူတို့နေသည့်ရွာနှင့်
ဝေးသည့်အတွက် လယ်သို့ သွားချည်လာချည်းလုပ်ရန်
မလွယ်။ သို့ကြောင့် ရွာက အိမ်ကို လူကြီးများနှင့်
ထား၍ ရလျှင် ထားသည်။

ကိုယ်ခွဲမရှိပါက တံခါးလုံလောင် ပိတ်ထားပြီး
လယ်ကွင်းမှာ တဲ အခိုင်အခန့်ထိုးကာ လာနေကြသည်။

ထိုအခါ သားသမီးများကို တဲနှင့်
နီးသည့် ကျောင်းမှာ ထားကြသည်။
ကျောင်းက မနက်ကိုးနာရီတက်ပြီး
ညနေ သုံးနာရီခွဲ ကျောင်းဆင်းသည်။

တာတီးတို့ တဲစုမှ ကျောင်းသွားတက်သည့်
ကျောင်းသားလေးငါးယောက် ရှိသည်။
တာတီးက ကျောင်းကပြန်လျှင် ဘယ်တော့မှ
ကျောင်းလွတ်ပြီးပြီးချင်း ပြန်မရောက်၊
ညနေ ငါးနာရီဝန်းကျင်မှသာ ပြန်ရောက်သည်။

လူကြီးများက လယ်ကွင်းထဲမှာ အချိန်ကုန်
နေသည့်အတွက် တာတီးအချိန်မှန် ပြန်ရောက်ရောက်၊
ဂရုစိုက်မနေအား ၊ နောက်ကျမှန်းသိတဲ့နေ့ ဆိုလျှင်
ကြိမ်းမောင်းသည့်ရက် ကြမ်းမောင်းသည်၊
တုတ်နှင့်ရိုက်၍ ဆူသည်။

နောက်နေ့ စောစောပြန်မရောက်လျှင်
ခြေထောက်ကျိုးအောင် ရိုက်မည်ဟု
မိခင်ဖြစ်သူက ကြိမ်းမောင်းသည်။

ဒါပေမဲ့ တာတီးကတော့ မိခင် တုတ်ကိုင်ပြီး
ကြိမ်းဝါးသည့် အသံကို အောင်းကြီးရွာနှင့်
သူတို့တဲအကြားရှိ ကုက္ကိုပင်ကြီးအောက်
ရောက်သည်နှင့် မေ့လျော့သွားတော့သည်။

“ဟေ့ တာတီး၊ မင်းတစ်ယောက်တည်း
ဆော့လည်း ဆော့နိုင်တယ်၊ ငါတို့ မင်းအမေကို
ဝင်တိုင်မှာနော် ”

“ဟေ့ကောင် …ဗိုက်ပူနဲ့ ခွေးပု၊ တိုင်ချင်တိုင်လိုက်
ငါတဲရောက်ရင် ဆော့ရတော့မှာ မဟုတ်ဘူး၊
ဒီမှာ ဝအောင်ဆော့ပြီးမှ ပြန်မယ် …မင်းတို့ကော
ဆော့ဦးမလား ”

“ဗိုက်ဆာနေပြီ။ တဲပြန်တော့မယ် …ဘောလုံးကန်တာများ
တစ်ယောက်တည်း ကန်ရတယ်လို့ ”

တာတီးလည်း ဘောလုံးအလတ်စားတစ်လုံးကို
မိခင်အား ဝယ်ခိုင်းပြီး သစ်ပင်အောက် ချုံကြီးမှာ
ဖွက်ထားသည်။ ကျောင်းက ပြန်လာသည်နှင့်
ယူပြီး ကစားသည်။

ကစား၍ဝတော့ ပြန်သိမ်းပြီး ဖွက်ထားခဲ့သည်။

တကယ်တော့ ကုက္ကိုပင်ကြီးအောက်မှာ
ကစားနေသည်မှာ တာတီးတစ်ယောက်တည်း
မဟုတ်ပါ။

တာတီးထက် တစ်ပေခန့်ပုသော လူပုလိုလို၊
နားရွက်ချွန်ချွန် မျက်လုံးပြူးပြူး
ကောင်လေးတစ်ကောင် သူနှင့်အတူ
လာပြီး ကစားသည်။

ထိုကောင်လေးကို အခြားမည်သူမှ မမြင်ရ၊
တာတီးတစ်ယောက်သာ မြင်ရသည်။

ပထမဆုံးနေ့က တာတီးတစ်ယောက် ဗိုက်ပူတို့
အုပ်စုနှင့် ကျောင်းလွှတ်ချိန် မပြန်သေးဘဲ
ကုက္ကိုပင်ကြီးအောက်မှာ ဘောလုံး ကန်နေကြသည်။

တစ်နာရီခန့် ကစားပြီးတော့ ခွေးပု၊ ဗိုက်ပူတို့
ဗိုက်ဆာသည်ဆိုပြီး ကစားပွဲရပ်ကာ ပြန်သွားကြသည်။
တာတီးကတော့ မပြန်ချင်သေးသဖြင့်
ဘောလုံးတစ်လုံးနှင့် တစ်ယောက်တည်း
ကုက္ကိုပင်ကို ထိအောင် ပိတ်ပိတ်ပြီး
ကန်နေသည်။ ထိုစဉ် …

“ဗျို့ သူငယ်ချင်း …ငါလည်း ကစားချင်တယ် ”

ဘယ်ကမှန်းမသိ၊ ပီပီသသ ပြောလိုက်သော
စကားသံကို တာတီး ကြားလိုက်သည်။

သို့ကြောင့် ရှေ့နောက်ဝဲယာ လှည့်ပတ်ကြည့်လိုက်သည်။
ဘယ်သူ့ကိုမှ မတွေ့။

“ဘယ်မှာ ရှာနေတာလဲ …ကျနော်က ဒီမှာဗျ”

အသံက သစ်ပင်ပေါ်မှ ထွက်လာသဖြင့်
အပေါ်သို့ မော့ကြည့်လိုက်သည်။

“ဟင် …ဘာကောင်လေးလဲ ။ မင်းက ဘယ်သူလဲ၊
ဘာကောင်လေးလဲ ”

တာတီးထံမှ စကားသံကြားလိုက်သည့်နှင့်
သစ်ပင်ပေါ်က ကောင်လေးက မျောက်တစ်ကောင်ကဲ့သို့
လျင်မြန်စွာ ဆင်းလာသည်။

“ဟင် …မင်း …မင်း၊ လူလည်း မဟုတ်ဘူး ”

“ငါက မင်းတို့လို စကားပြောတတ်တဲ့ အကောင်လေး
တစ်ကောင်ပါကွာ။ ငါ့ကို ကြောက်ဖို့ မလိုပါဘူး၊
မင်းနဲ့ငါ …အတူတူ ကစားချင်လို့ပါ ”

“မင်းဘယ်သူလဲဆိုတာ …ပြောပြမှ ကစားမယ် ”

“ငါ့ကို မှင်စာလို့ ခေါ်ကြတာပဲ ”

“မှင်စာဆိုတာ ဘာအမျိုးအစားလဲ သရဲလား ”

“ဘယ်သိမလဲ၊ ငါတို့မှင်စာတွေက လူတွေကို
မခြောက်မလှန့်ပါဘူး ”

“ကဲ …ဒါဆို ဘောလုံးကော ကန်တတ်လား ”

“ကန်တတ်တာပေါ့ …အခု ကန်ကြမယ် ”

“ကဲ …ဒါဆို မင်းက ဒီဘက်ကနေ၊
ငါက ဟိုဘက်က နေမယ်၊ မင်းက
ဘောလုံးကို ဒီခဲနှစ်လုံးကြားထဲ ရအောင်
ကန်သွင်း၊ ငါက မင်းနောက်က ခဲနှစ်ကြားထဲ
ကန်သွင်းမယ်၊ ဘယ့်နှယ်လဲ ဖြစ်လား”

“ဖြစ်တာပေါ့…မင်းတို့ ကန်နေတာ …ငါသစ်ပင်ပေါ်က
ထိုင်ကြည့်နေလို့ …အကုန်နားလည်တယ် ”

“ကြည့်သေးတာပေါ့ ၊ အပြောကြီးတဲ့
မှင်စာလေးရယ် ”

သို့ဖြင့် မှင်စာလေးနှင့် တာတီးတို့ အပြန်အလှန်
လုပြီး ကန်နေကြသည်။

တစ်ရက်က နှစ်ရက်၊ နှစ်ရက်ကနေ ရက်များစွာ
ညနေရောက်တုန်း တာတီးနှင့် မှင်စာလေးတို့
နှစ်ယောက် မောပန်းရမှန်းမသိ ကစားနေကြသည်။

အချိန်ကုန်လို့ ကုန်မှန်းမသိအောင် ကစားနေကြသည်။
အမှောင်ထုကို တွေ့မှ တာတီးအမေ့ မျက်နှာကို
ပြေးမြင်လိုက်သည်။

“ငါ …ပြန်တော့မယ်၊ နောက်နေ့မှ ကစားကြမယ် ”

ဘောလုံးသိမ်းပြီး လွယ်အိတ်လွယ်ကာ တာတီး
တဲ ပြန်လာခဲ့သည်။

ထင်သည့်အတိုင်း တဲဝမှာ တုတ်တစ်ချောင်းကိုင်ပြီး
အမေရပ်နေသည်ကို တွေ့လိုက်သည်။

“လာ…မြန်မြန်၊ ဒီလောက်အဆော့မက်တဲ့ကောင်…
ဒီနေ့တော့ နာပြီမှတ်”

နေ့စဉ် ကသားသည်ကို သိသည်။ အချိန်အခါနှင့်
ပြန်လာသည်ဆိုလျှင် မသိချင်ယောင် မမြင်ချင်ယောင်
ဆောင်နေလိုက်သည်။ ယခု လယ်ကွင်းထဲက
အလုပ်သိမ်းပြီး အဖေလုပ်သူရော အစ်မလုပ်သူပါ
ပြန်ရောက်၍ ရေပင်ချိုးပြီးကြပြီ …တာတီး
ပြန်မရောက်သေး။ ဖခင်ဖြစ်သူက တောက်ခေါက်ပြီး
တုတ်ဆွဲနေပြီ…သို့ကြောင့် မိခင်ဖြစ်သူက
ဖခင်လက်မပါခင် တဲဝမှ ဆီးပြီး
တုတ်ကြိမ်း,ကြိမ်းရတော့သည်။

သို့ကြောင့် အမေ၏ ဒေါသတကြီး ရိုက်ချက်ကို
ကောင်းကောင်းခံလိုက်ရသည်။

နည်းနည်းနာပေမဲ့ များများအော်ငိုလိုက်မှ
အမေ၏ ရိုက်ချက်နားသွားသည်။

“ဟေ့ကောင် …အခု တိတ်စမ်း။ ငါ ဆင်းလာရင်
မင်း အမေရိုက်တာထက် ပိုဆိုးသွားမယ် ”

အဖေ၏ ဒေါသသံကို ကြားလိုက်တော့
အားရပါးရ အော်ငိုမည့်အကြံကို
လက်လျော့ပြီး အသံတိတ် ငိုရှိုက်နေလိုက်သည်။

“သွား …ရေချိုး၊ ပြီးမှ ထမင်းစားရမယ်…နောက်ကို
ထမင်းအငတ်ထားမယ်နော် ”

တာတီးအရိုက်ခံ၊ အဆူခံနေရသည်ကို
အားပေးသူများက တဲပေါ်မှာ ပြုံးစေ့စေ့နှင့်
ကြည့်နေသည်။

“အမေ …မမက ရယ်နေတယ်၊
ကျော်တင့်က သားကို လျှာထုတ်ပြတယ် ”

“ရေချိုးမှာ သွားချိုး၊ သူတို့ကို လျှောက်ကြည့်မနေနဲ့၊
ဟိုအကောင်နဲ့ ကောင်မ၊ ငါ့လက်ထဲမှာ
တုတ်ရှိသေးတယ်၊ နင်တို့ပါ ဆက်သွားမယ် ”

“ဟိ…ဟိ…ကောင်းတယ် နာမှ”

“အမေ …ကြားလား ၊ အမေ့သမီးပြောတာ ”

“ဒေါင်”

“ဟာ …အမေကလည်း နာလိုက်တာ ”

တာတီးအထက် သုံးနှစ်ကြီးသော အစ်မနှင့်
တာတီးအောက် သုံးနှစ်ငယ်သော ညီ ကျော်တင့်တို့က
တာတီးအရိုက်ခံရသည်ကို ကြည့်ပြီး သဘောကျနေသည်။

ထိုညပိုင်း တာတီးအမေ့ကို စိတ်ကောက်ပြီး
ထမင်းမစားဟု လုပ်နေသဖြင့် ဖခင်ဖြစ်သူ ရိုက်မည်လုပ်မှ
မျက်ရည်စမ်းစမ်းဖြင့် ထမင်း ထစားတော့သည်။

နောက်ပိုင်းရက်များ မကြာမီ နွေရာသီကျောင်းပိတ်ရှည်
ပိတ်လိုက်တော့သည်။ တာတီး ကုက္ကိုပင်အောက်သို့
ပုံမှန်မဟုတ် ရောက်ဖြစ်သည်။ လူကြီးများလစ်သည့်အချိန်
မနက်ပိုင်းရောက်လျှင် ရောက်တတ်သလို ညနေပိုင်း
လစ်လျှင် ညနေပိုင်း ရောက်တတ်သည်။

ရောက်တိုင်းလည်း မျက်ပြူးကို ခေါ်လိုက်သည်နှင့်
မှင်စာလေး ရောက်လာကာ နှစ်ယောက်သား
ချွေးတလုံးလုံးနှင့် ကစားသည်။ နွေရာသီကျောင်းပိတ်ရက်
ကုန်ဆုံး၍ ကျောင်းများပြန်ဖွင့်ပြီ၊ မိုးလေး
တဖြိုက်ဖြိုက် ရွာလာသည်။

သဲဆန်သည့်မြေဖြစ်သဖြင့် ကုက္ကိုပင်ကြီးအောက်မှာ
ရေမတင်၊ ကစား၍ပင် ကောင်းသေးသည်ဟု
တာတီးထင်သည်။ ကျောင်းဖွင့်၍ တစ်ပတ်ပြည့်အောင်ပင်
မကစားလိုက်ရ၊မှင်စာလေး မျက်ပြူး သစ်ပင်ပေါ်က
ဆင်းမလာ၊ ခေါ်သော်လည်း မထူး၊ သစ်ပင်ပေါ်မှာ
ရှိပုံမရ။

နှစ်ရက်တိတိ သစ်ပင်အောက်မှာ တစ်ယောက်တည်း
ကစားရင်း မှင်စာမျက်ပြူးအား အော်ခေါ်သော်ပေမဲ့
ပေါ်မလာ၊ နောက်တော့ မှင်စာမျက်ပြူးကို
မမျှော်လင့်တော့၊ ဘောလုံးယူပြီး တစ်ယောက်တည်း
ကစားနေသည်။

“ဟေ့ …သူငယ်ချင်း ၊ ငါ့ကို ခေါ်မထားတော့ဘူးလားကွ”

“ဟင် …မျက်ပြူးအသံပါလား ”

တာတီး ဝမ်းသာသွားပြီး သစ်ပင်ပေါ်သို့
မော့ကြည့်လိုက်သည်။

“ဟာ …မျက်ပြူး၊ လာလေကွာ။ ကစားမယ် ဆင်းခဲ့”

မျက်ပြူး ချက်ချင်းအောက်သို့ ရောက်လာသည်။

“မင်း ဘယ်ရောက်နေတာလဲကွ”

“ငါတို့မိဘတွေနဲ့ ခရီးသွားနေတာ ”

“မင်းတို့ ဘယ်ကိုသွားတာလဲ ”

“ဘယ်ကိုသွားတာလဲတော့ ငါ…မသိဘူး၊
ဒါပေမဲ့ ငါ အဲဒီနေရာကို သဘောကျတယ် ”

“ငါ့လို သူငယ်ချင်းတွေကော ရှိလား ”

“ဟိုမှာ မရှိနိုင်ဘူးကွ၊ လူတွေနေတဲ့ ရွာနဲ့ ဝေးတယ်၊
မင်းနဲ့ ငါနဲ့ တစ်ရက်နှစ်ရက်ပဲ ကစားရတော့မယ်၊
အခု မိုးလည်း ရွာစပြုနေပြီ၊မကြာခင် ဒီနေရာကြီး
ပျောက်သွားလိမ့်မယ်လို့ ငါ့အမေ ပြောတယ် ”

“ဘာ …ဘာပြောတယ် ”

“ဟုတ်တယ် …သူငယ်ချင်း၊ ငါ့မိဘတွေက ပြောတယ်၊
ဒီက ပြောင်းရမယ်တဲ့၊ မင်းတို့လည်း သတိထားကွ၊
ဒီနေရာမှာ ရေပြင်ကြီး ဖြစ်သွားမယ်လို့ ပြောတယ် ”

“ငါတော့ မသိဘူး၊ မိုးတွင်းရောက်ရင် ရေပြင်ကြီး
ကတော့ နှစ်တိုင်းပဲ ”

သို့ဖြင့် တာတီးတစ်ယောက် ဘာဖြစ်လာမည်ကိုလည်း
တွေးမပူ၊ ကြောက်စရာကောင်းသည်ဟုလည်း
မတွေးမိ၊ အချိန်ရှိတုန်း ကစားသည်။

အချိန်ကုန်တော့ လွယ်အိတ်ဆွဲပြီး တဲပြန်သည်။

နောက်နေ့ညနေ မျက်ပြူးနှင့်တွေ့တော့ မျက်နှာမကောင်း
သည့်ဟန်နှင့် စကားဆိုလာသည်။

“သူငယ်ချင်း မနက်ဖြန် မင်းနဲ့ ငါဆော့လို့
မရတော့ဘူး ။ ဒီညနေပဲ ဆော့လို့ရတော့မယ်။
ဒီတော့ …မင်းနဲ့ ငါ မခွဲခင်၊ မင်းကို ငါလက်ဆောင်
တစ်ခု ပေးခဲ့မယ် ”

“ဘာလက်ဆောင်လဲ ”

“အခုတော့ မပြောသေးဘူး၊ ဒါပေမဲ့ မင်းခိုင်းတာ
လုပ်ရမယ် ”

“လုပ်မယ်ကွာ…ဘာခိုင်းမှာလဲ ”

“ရော့ …”

မျက်ပြူးက လက်ကိုဖြန့်ပြီး ရှေ့သို့ တိုးပေးသည်။

“မင်းရဲ့ လက်ကို ငါက ဘာလုပ်ရမှာလဲ ”

“ဟောဒီလက်ချောင်းထဲက ကြိုက်တဲ့ လက်တစ်ချောင်းကို
ပြတ်အောင် ကိုက်ရမယ် ”

“ဟာ …မဟုတ်တာ ၊ ငါ မကိုက်ရဲဘူး၊ ကြောက်တယ် ”

“မင်း…ငါ့ကို ခင်တယ် မဟုတ်လား ”

“ခင်တာပေါ့ကွ”

“ခင်တယ်ဆိုရင် ငါ့လက်ချောင်းတစ်ချောင်းကို
ကိုက်ဖြတ်လိုက်လေကွာ ”

“ငါ …သွေးထွက်တာမြင်ရင် လန့်တယ်ကွ”

“သွေးမထွက်ပါဘူး …မျက်စိမှိတ်ပြီးသား
ကိုက်ဖြတ်လိုက်၊ ကဲ …ရော့ …မင်းပါးစပ်ဟ”

“မ…မ …ကိုက်ရဲဘူး”

“မင်း …ငါ့ကို ခင်တယ်မဟုတ်လား။
လက်မဖြစ်ဖြစ်၊ လက်ညှိုးဖြစ်ဖြစ်၊ တစ်ချောင်းတော့
ဖြတ်ရလိမ့်မယ်၊ ဒါမှ ငါ့ကို ခင်တယ်လို့ မှတ်မှာ”

“မင်းကလည်း အချင်းချင်း သတိရဖို့များ
လက်ဆောင်ပေးတာက လက်ပြတ်ကြီးလား၊
ငါက မင်းလက်ချောင်းအပြတ်ကြီးကို
ဘယ်မှာ ထားရမှာလဲ”

“ခု ဖြတ်ဆိုဖြတ် ပါးစပ်ဟ”

“မင်းက ဒီလောက် ကိုက်ဖြတ်ခိုင်းနေမှာတော့ ကိုက်ပြီ”

တာတီးက ကြုံရာလက်တစ်ချောင်းကို မျက်လုံး
စုံမှိတ်ပြီး ကိုက်ဖြတ်လိုက်သည်။

“ဟင် …မပြတ်သေးဘူး ၊ ငါကြောက်တယ် ”

လက်ညှိုးက မပြတ်ဘဲ အရေခွံနှင့် တွဲလောင်း
ဖြစ်နေသည်။

“မင်း မနာဘူးလား ”

“မနာပါဘူး ၊ ပါးစပ်နဲ့ ထပ်ပြီး မကိုက်ဖြတ်ချင်ရင်လည်း
ရော့ မင်းလက်နဲ့ ဆွဲဖြတ်လိုက် ”

“ဟာ …ကြောက်ပါတယ်ဆိုမှ”

“မျက်လုံးမှိတ်ပြီး ဆောင့်ဆွဲဖြတ်လိုက်”

မျက်ပြူးက အတင်းလုပ်ခိုင်းနေသဖြင့် တာတီးလည်း
တွဲလောင်းဖြစ်နေသော လက်ညှိုးလေးကို မျက်လုံး
မှိတ်ပြီး ဆောင့်ဆွဲလိုက်သည်။

“ဟာ …ပြတ်သွားပြီ”

တာတီးလက်ထဲ လက်ညှိုးအပြတ်လေး
ပါလာသည်။

တာတီးမျက်လုံးမှိတ်လျက်က အော်သည်။

မျက်လုံးဖွင့်လိုက်တော့ အနီးမှာ မျက်ပြူးမရှိတော့။

“ဟင် …မျက်ပြူးက ဘယ်မှာလဲ ”

အနီးမှာ လှည့်ပတ်ကြည့်သည် …မတွေ့။

“မင်း …လက်ပြတ်သွားလို့ သေသွားပြီလား ”

ကုက္ကိုပင်ကြီးကို မြင်လိုက်သဖြင့် အပေါ်သို့
မော့ကြည့်လိုက်စဉ် သစ်ကိုင်းတစ်ကိုင်းပေါ်မှာ
ရပ်နေသော မျက်ပြူးကို မြင်လိုက်သည်။

သစ်ပင်ပေါ်မှ လက်ညှိုးပြတ်လေးကို
ထောင်ပြနေသည်။ ထိုအခါမှ သူဆုတ်ထားသော
လက်ညှိုးပြတ်လေးကို လက်ဖြန့် ပြီး ကြည့်လိုက်သည်။

“ဟင် …”

“ဟာ …လက်ညှိုးက အဝါရောင် အတုံးလေး
ပြောင်းသွားပါလား …ထူးဆန်းလိုက်တာ ”

“ဒါ …ဒါ …ရွှေ…ရွှေ…ရွှေ…များလား”

သူအစ်မအား ကိုင်းအသီးအနှံတွေ ရောင်းချပြီး
ဆွဲကြိုးတစ်ကုံး အမေလုပ်ပေးထားသည့် ရွှေကို
မြင်ဖူးသည်။

အရောင်ကတော့ ရွှေရောင်ဖြစ်သည်။

အတုံးလိုက်လေး ဖြစ်နေ၍ ထူးဆန်းနေသည်။

“မျက်ပြူး …ဒါ …ဒါ… ရွှေလား”

“အေး …မင်းယူသွား၊ မကြာခင် အသုံးဝင်လိမ့်မယ် ”

“သူ …ငါ့ကို လက်ဆောင်ပေးမယ်ဆိုတာ ဒါလေးပဲ၊
သူ့ ငါ့ကို ပေးချင်လွန်းလို့ လက်ချောင်းကို ကိုက်ဖြတ်
ခိုင်းတာပဲ ”

တာတီးလည်း ထိုရွှေချောင်းလေးကို ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ပြီး တဲသို့ ပြန်လာခဲ့သည်။

တဲရောက်တော့ ဖြစ်ကြောင်းကုန်စင် ပြောပြပြီး
ရွှေချောင်းလေးကို ပေးလိုက်သည်။

” ဟာ …ရွှေအစစ်ပဲ ”

“သား …သူငယ်ချင်းက သားကို တော်တော်ခင်တာပဲ၊
တစ်ယောက်တည်း ကုက္ကိုပင်အောက်မှာ မျောက်ရှုံးအောင်
ကစားတာ အဖော်ကောင်း တွေ့နေလို့ကိုး ”

“ဟုတ်တယ် ၊ အခု သူတို့ ကုက္ကိုပင်ကြီးကနေ
နောက်နေ့ ပြောင်းတော့မယ်တဲ့၊ ပြီးတော့
သူက ပြောသေးတယ်၊ သိပ်မကြာခင် ဒီနေရာမှာ
ရေပြင်ကြီး ဖြစ်တော့မယ်တဲ့”

“မိုးတွင်းရောက်ရင် လယ်တွေ ရေမြှုပ်ပြီး
အမြဲရေပြင်ကြီး ဖြစ်နေတာပဲ။ အထူးအဆန်းမှ မဟုတ်တာ”

ဒါပေမဲ့ ဒီမိုးဦးမှာ ခါတိုင်းနှစ်တွေ နှင့် မတူတာတွေ
ဖြစ်လာသည်။ တစ်နာရီ မိုင်တစ်ရာကျော်
လေပြင်းကြီးများ ကျလာသည်။

မိုးများလည်း လေပြင်းများနှင့်အတူ
သဲသဲမဲမဲ ရွာနေသည်။

“ဝေါ… ဝေါ …ဝေါ ”

“ဝုန်း …ဝုန်း …ဝုန်း”

လေပြင်းတစ်ချက် ဆောင့်အတိုက်မှာ တာတီးတို့
တဲ အမိုးပွင့်ထွက်သွားသည်။

လေနှင့် တိုက်ရိုက်ထိတွေ့သော အခြမ်းမှာ
အမိုးတစ်ခုလုံး လေနောက်ပါသွားသည်။

ထရံများလည်း ပွင့်ထွက်ကုန်သည်။

မိုးလင်းသည်အထိ လေရောမိုးရော မရပ်သေး၊
သူတို့ မိသားစု မိုးရေထဲ ခိုက်ခိုက်တုန်အောင် ချမ်းနေသည်။

လွင်တီးခေါင်က တဲများ သစ်ပင်များ အလဲလဲ
အပြိုပြို ငှက်ပျောပင်များလည်း ထက်ပိုင်းကျိုးကုန်သည်။

လေက မုန်တိုင်းအဆင့်ဖြစ်သည်။

နေ့ခင်းရောက်မှ မိုးရော လေရော ရပ်သွားသည်။

တာတီးတို့ ကစားခဲ့သော ကုက္ကိုပင်ကြီးမှာလည်း
အမြစ်မှာ ကျွတ်ကာ လဲနေပြီး မှင်စာလေးမျက်ပြူး
ပြောသကဲ့သို့ လယ်ကွင်းပြင်ကြီးတစ်ခုလုံး
ရေပြင်ကျယ်ကြီး ဖြစ်နေတော့သည်။

တကယ်တော့ သစ်ပင်ကြီး ပြိုလဲတော့မည်ကို
သိသည့်အတွက် မှင်စာလေးတို့ ပြောင်းသွားကြခြင်း
ဖြစ်သည်။

မှင်စာလေးက မကြာခင် ရွှေတုံးလေးက အသုံးဝင်မည်ဟု
ပြောသွားသေးသည်။ ယခု မုန်တိုင်းကြောင့် ပျက်စီးသွား
သော တဲတစ်ခုလုံးကို ရွှေတုံးလေးရောင်းချပြီး
သစ်ဝါးတို့ဖြင့် ပြန်ဆောက်လိုက်နိုင်တော့သည်။

နောက်နှစ် နွေရာသီရောက်တော့ ကုက္ကိုပင်ကြီး ရှိခဲ့သော
နေရာသို့ ရောက်တိုင်း တာတီးတစ်ယောက်
မှင်စာလေးမျက်ပြူးကို သတိရနေတော့သည်။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ ဧကန်မင်း

‘မဖဲဝါတို့ မောင်နှမ နဲ့ အင်းသရဲ ‘စာအုပ်မှ
ကောက်နုတ်တင်ပြသည်။

Credit

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ