ဘွားမယ်စိန်နှင့်ကောက်ရခဲ့သောအရုပ်တစ်ရုပ်

ဘွားမယ်စိန်နှင့်ကောက်ရခဲ့သောအရုပ်တစ်ရုပ်

———————————————————

သောင်ထွန်းရွာ၌ဘွားမယ်စိန်နေထိုင်သည်ကို
အများသိရှိပြီးလောက်ပါပြီ။
ဘွားမယ်စိန်သည် သမီးဖြစ်သူဒေါ်ဝင်းနှင့်အတူနေထိုင်သူပင်ဖြစ်သည်။
ဘွားမယ်စိန်သည်
တရားဘဝနာပွားများရင်းအများအကျိုးဆောင်ကာ နေထိုင်သူတစ်ဦးပင်။
ရွာရှိလူများသာမက ဘေးရွာများမှလူများသည်လည်း ဘွားမယ်စိန်အားလေးစားကြလေသည်။

တစ်ရက်မှာတော့ဖြင့် ဘွားမယ်စိန်၏အိမ်ဆီသို့…

“ဟာ…ကျုပ်ဘာမှမဖြစ်ပါဘူးဆိုဗျာ…”

“မရဘူး…အခုလိုက်ခဲ့ နင့်ကိုဟိုကောင်မကသူ့အတတ်နဲ့မြူဆွယ်ထားတာ ဒါကြောင့်နင်ကတော်တော်ပြောမရဆိုမရနဲ့
အဲ့ကောင်မဘက်ကိုလိုက်နေတာ”

“အမေရာ…မဆိုင်လိုက်တာမဟုတ်​တာတွေ။
လူကြားမကောင်းအောင်မလုပ်ပါနဲ့ဗျာ…”

“ဟဲ့…ဒါဆိုနင်လိုက်ခဲ့လေ…အခုအသာလိုက်ခဲ့ ဘွားမယ်စိန်အိမ်ကို”

ဘွားမယ်စိန်အိမ်နှင့်မလှမ်းမကမ်းရှိရွာလမ်းမထက်တွင်
စကားပြောသံ၊အငြင်းပွာသံများဆူညံလို့နေ၏။
ရွာရှိလူများကလည်းစိတ်ဝင်တစားကြည့်နေကြလေသည်။
ထိုဆူညံသံတို့ကြောင့် ဒေါ်ဝင်း ခြံဝိုင်းအပြင်သို့ထွက်လာခဲ့သည်။
ဘွားမယ်စိန်သည်ကား သူ၏ဘုရားခန်း၌ ဝတ်ပြုလို့နေလေသည်။
ဒေါ်ဝင်း လူများဆူညံနေသည့်နေရာဆီသို့ တရွေ့ရွေ့လျှောက်လာလိုက်ပြီး…

“ဘယ်သူတွေဘာဖြစ်နေကြတာတုန်းအေ့”

ဒေါ်ဝင်းအမေးအားဘေးတွင်ရှိနေသော
ရွာသူတစ်ယောက်မှ…

“ရွာတောင်ပိုင်းကဒေါ်လှဝင်းပေါ့ သူ့သားနဲ့ကြိုက်နေတဲ့ကောင်မလေးက သူ့သားကိုပြုစားထားပါတယ်ဆိုပြီး မရမကဆွဲခေါ်လာလေရဲ့”

“ဟေ…”

“အံ့သြမနေနဲ့အစ်မ…ဒါဘွားရှင်းပေးမှရမှာရယ်…”

ဒေါ်လှဝင်းသည်သူ၏သားအား
ဘွားမယ်စိန်အိမ်ဆီသို့မရမကဆွဲခေါ်လာခဲ့သည်။
သားဖြစ်သူကတော့ယက်ကန်ယက်ကန်လိုက်ပါလာခဲ့၏။
နှုတ်မှလည်း အငြင်းပွား၍နေကြပြန်သည်။
လူအုပ်သည်လည်းသူတို့နောက်ပါးမှလိုက်ပါလာခဲ့ကြ၏။
ထိုလူအုပ်အတွင်းဒေါ်ဝင်းလည်းရော၍ပါလာခဲ့လေသည်။

ဘုရားဝတ်ပြုအပြီး ကွပ်ပျစ်ပေါ်သို့ရောက်နေခဲ့သော ဘွားမယ်စိန်သည် သူ၏အိမ်ဝိုင်းအတွင်းသို့ရောက်ရှိလာသူများကြောင့်…

“ဟဲ့…ဘယ်လိုဖြစ်ကြတာလဲ လူစုံတက်စုံပါလားအေ့”

“လူစုံတာမဟုတ်ဘူးဘွားရေ…ဒီအကောင့်ကို ဟိုဘက်ရွာက သူ့ကောင်မကပြုစားထားလို့လေ
အဲ့တာကြောင့်သူ့ကိုကျုပ်မရမက ဘွားဆီခေါ်လာရတာပဲဘွားရေ”

ဒေါ်လှဝင်းသည်.ဘွားမယ်စိန်အားဒေါနှင့်မောနှင့်ပြောပြ၏။
ထိုအခါသားဖြစ်သူက…

“မဟုတ်ပါဘူးဘွားရယ်…
ကျုပ်အမေကသူသဘောမကျတိုင်းစွပ်စွဲနေတာပါ…
ကျုပ်ချစ်သူကရိုးရိုးအေးအေးနေသူလေးဆိုတာ
အားလုံးကသိကြပါတယ်ဗျာ”

“ကြည်စမ်း…ကြည့်စမ်း…
ဒင်းကိုဟိုကတော်တော်ပြုစားထားတာပဲ။ဘွားရယ်…ကယ်ပါဦးတော်…
ကျုပ်သားလေးကို အရင်အတိုင်းပြန်ဖြစ်အောင်လုပ်ပေးပါတော်”

“မိဝင်း…သွား အမေ့ရဲ့ တောင်ဝှေးသွားယူခဲ့ချည်”

“ဟုတ်ကဲ့အမေ…”

ဒေါ်ဝင်း အိမ်အပေါ်ထပ်သို့တက်ကာ သွားလေသည်။
ဘွားမယ်စိန်ကကွပ်ပျစ်မှဆင်းလာကာ…

“ကျန်တဲ့သူတွေဘေးဖယ်နေကြစမ်း…
ဟိုဖျာကြမ်းဒီမှာခင်းပြီး
လှဝင်း ညည်းထိုင်…မောင်ရင်လည်းထိုင်”

ဘွားမယ်စိန်သည်ကွပ်ပျစ်ရှေ့
ခြံဝိုင်းအတွင်း ဖျာကြမ်းခင်းကာ ဒေါ်လှဝင်းနှင့်သားဖြစ်သူအားထိုင်စေသည်။
ဘွားမယ်စိန်ကတော့ ကွပ်ပျစ်ကိုသာ ကျောပေး၍ခြေစုံရပ်နေခဲ့သည်။
ခဏကြာတော့ ဒေါ်ဝင်းပေးသော တောင်ဝှေးကိုကိုင်ဆောင်ပြီး ဖျာကြမ်းထက်၌ ထိုင်နေကြသော သားအမိနှစ်ယောက်ထံသို့ရောက်လာခဲ့၏။

” ညည်းတို့ခါးတွေကုန်းထားကြစမ်း”

“ရှင်…”

“ဗျာ…”

“ဘာ ရှင်…ဗျာ…အော်နေကြတာလဲ…။ညည်းသားကိုဟိုကလေးမက ပြုစားထားတာမလား…အဲ့တော့ တစ်အိမ်ထဲနေတဲ့ညည်းကိုလည်းကုပေးရမှာပေါ့…
ကုတာက ဟောသည် တောင်ဝှေးနဲ့ညည်းတို့သားအမိ နဂိုအတိုင်းပြန်မကောင်းမခြင်း ငါကရိုက်ပစ်ရမှာပဲ”

“ဟင်…”

“အမလေး…”

“အမေ…”

ဒေါ်လှဝင်းတို့သားအမိကြောက်လန့်ကုန်သည်။
ဒေါ်ဝင်းသည်လည်း မိခင်ဖြစ်သူအား တားဆီးဖို့ခေါ်လိုက်မိလေသည်။

“ဘေးကလူတွေအသာနေကြစမ်း…။ဒီသားအမိအကြောင်းငါသိနေတာကြာပြီ…။ဘယ့်နဲ့ မအေကသားကိုမကြည်ဖြူ…
သားကအမေဖြစ်သူကိုမရိုသေနဲ့…
ညည်းတို့သားအမိတစ်ခါထဲ ကျောကော့သွားစေရမယ်အေ”

“အမလေး….ဘွားရယ်…မရိုက်ပါနဲ့တော် ဘွားရဲ့တောင်ဝှေးကပရောဂကုတဲ့နေရာမှာ
သုံးတာကိုကျုပ်သိပါတယ်…ဒါပေမယ့် လူကိုသာရိုက်ရင်ဖြင့် ကျုပ်တို့သေရချည်ရဲ့တော်”

“ဟုတ်ပါတယ်ဘွားရယ်…ကျုပ်တို့သေရပါလိမ့်မယ်ဗျာ”

ဒေါ်လှဝင်းတို့သားအမိမျက်နှာငယ်ဖြင့်စကားဆိုလေရာ…

“အေး…ဒါဆိုငါပြောတာနားထောင်ကြမှာလား…ဟမ်
ပြောကြစမ်း”

“ဟုတ်ကဲ့…နားထောင်ပါ့မယ်ဘွား”

“ဟုတ် ပြောပါဘွား”

“လှဝင်း ညည်းက ဟိုကလေးမကိုဘာလို့သဘောမကျရတာလဲ ပြောစမ်းပါဦး”

ဒေါ်လှဝင်းသည်
ဘွားမယ်စိန်၏အမေးအား ခေါင်းကိုကုပ်၍…

“အဲ့တာကလေ…ကျုပ်သေချာတော့မပြောတတ်ဘူးတော့။
အဲ့ကလေးမနဲ့ကြိုက်တဲ့အချိန်ကစပြီး ဒီအကောင်က အလုပ်ဆိုလည်းခိုင်းမရပြုမရ…အဲ့ကလေးမကို
သွားတွေ့ရတာနဲ့ ဘာနဲ့ပဲအချိန်ကုန်နေခဲ့တာလေ”

“ဟဲ့…ဟိုအကောင် မင်းကရော ဟိုကလေးမကိုလက်ထပ်ဖို့ရည်ရွယ်ထားသလား”

“ဟုတ်ကဲ့ဘွား…ကျုပ်သူ့ကိုတကယ်မြတ်နိုးမိတာပါ လက်ထပ်ဖို့အထိ”

“အေး…ဒါဆို မောင်ရင်လည်း ကိုယ်လုပ်ရမယ့်အလုပ်ကိုသေချာလုပ်..
မိဘကိုလည်း တိုင်ပင်သင့်တာတိုင်ပင် ဒါမှ မင်းတို့တွေအဆင်ပြေမှာ…ချစ်သူထားပြီး ယူဖို့လက်ကြောမတင်းပြန်ရင်လည်း မင်းကိုဘယ်သူကကြည်ဖြူမလဲ…
ဘွားပြောတာမဟုတ်ပေဘူးလား”

“ဟုတ်ကဲ့…ဘွားပြောတာမှန်ပါတယ်”

“အေး…ဒီလိုဆိုရင်ဖြင့် နောက်နောင်ကို ပြင်ဆင်ပြီးသာနေပေတော့…ဟိုလှဝင်း ညည်းလည်းသားသမီးကို ပြောရင် အော်ဟစ်ပြောမနေနဲ့အေ့…
မိဘဆိုတာသားသမီးနားဝင်အောင်ပြောဆိုရတယ်…
ဘီလူးဆိုင်းတီးလို့ကတော့ ဘီးလူးကပဲ
ကပြကြလိမ့်မယ် ကြားလား”

“ဟုတ်ကဲပါဘွား….။ကျုပ်လည်းပြင်ပါ့မယ်တော်”

“အေး…ဒါဆိုသွားကြတော့…
နောက်ဒီအသံတွေထပ်ကြားရင် ငါကိုယ်တိုင်လာခဲ့မယ် ညည်းတို့မလာစေရဘူး”

“ဟုတ်ကဲ့”

ထိုသို့ဖြင့် ဒေါ်လှဝင်းတို့သားအမိ ဘွားမယ်စိန်၏အဆုံးအမကိုနားခံပြီးနောက်
အိမ်သို့ပြန်သွားကြလေသည်။
ကြည့်ရှု့နေကြသူများသည်လည်း
တဖွဲဖွဲအိမ်သို့ပြန်သွားကြ​တော့၏။
အားလုံးပြန်သွားသော်လည်းမပြန်သေးဘဲရှိနေသည့် လူတစ်ဦး။
ထိုသူသည်သောင်ထွန်းရွာသားဖြစ်သည့် မောင်အုန်းပင်ဖြစ်ပေသည်။

“မောင်အုန်း…ကွပ်ပျစ်မှာလာထိုင်လေကွယ် ဘာတွေများငေးနေတာတုန်း”

“သြော်…ဟုတ်ကဲ့ဘွား…ကျုပ်အငေးလွန်နေလို့ပါ…
ဒါနဲ့လေဒေါ်လှဝင်းနဲ့သူ့သားတို့ဘာဖြစ်ကြတာလဲဘွား”

“မောင်ရင်ကအဲ့ကိစ္စကိုလာကြည့်တာမဟုတ်ဘူးလားကွဲ့”

မောင်အုန်းကွပ်ပျစ်၌ဝင်ထိုင်ရင်း…

“မဟုတ်ရပါဘူးဘွားရယ်…
ကျုပ်ကဘုန်းကြီးကျောင်းကနေလာတာ…
ကျောင်းမှာကဧည့်သည်တချို့ကရှိနေတယ်လေ…
အဲ့ကနေပြီး ဘွားဆီလွှတ်လိုက်လို့ကျုပ်လာခဲ့တာ”

“ဘာအကြောင်းများရှိတုန်းမောင်ရင်”

“အကြောင်းကတော့ကျုပ်လည်းသေချာမသိဘူးဘွား…။ဆရာတော်ဘုရားက တကာမကြီးဘွားမယ်စိန်ကို
ကျောင်းကိုခေါ်လာခဲ့ပေးပါဆိုလို့ ကျုပ်လာခဲ့ရတာဗျ”

“သြော်…အေး…အေး…
ဆရာတော်ကခေါ်ခိုင်းတာဆိုတော့ အကြောင်းကရှိမှာပဲ…ဘွားလိုက်ခဲ့မယ်ကွယ်”

“ဟုတ်ကဲ့ဘွား”

“မိဝင်းရေ…အမေ ဆရာတော်ဘုရားက ခေါ်လို့ကျောင်းကိုသွားဦးမယ်ဟေ့…
အိမ်မှာနေခဲ့ဦးကြားလား”

“သွားပါအမေရယ်…ကျုပ်လည်းကြားပါတယ်တော်…
တကယ်ပါပဲ အမေတို့က ကျုပ်များကလေးမှတ်လို့”

“ကလေးမှတ်လို့ပြောတာမဟုတ်ဘူးအေ့…။ဟိုတနေ့ကလည်း ညည်းသူများအိမ်မှာ
အတင်းသွားပြောနေတုန်း မီးဖိုချောင်ထဲက ငါးခြောက်ပြားတွေခွေးဝင်ဆွဲသွားတယ်လေ…
အဲ့တာကြောင့်ပြောရတာပေါ့….”

“ဟီး….အဲ့လိုလား…ဟုတ်ကဲ့ပါအမေရယ်…
ကျုပ်အိမ်မှာပဲနေမှာပါတော်”

“အေး…အေး…မဟုတ်ရင်တော့
အစောကဟိုသားအမိကျောမှာ
မရိုက်လိုက်ရတဲ့အရာတွေညည်းကိုရိုက်ပစ်မှာမိဝင်းရေ…
သတိသာထားနေပေတော့”

“ဟားး…ဟားး…ဟားး..ဟား…ဟားး…”

မောင်အုန်းတစ်ယောက် ဘွားမယ်စိန်တို့သားအမိအား
ကြည့်ကာ ရယ်မောမိလေသည်။

ခဏအကြာမှာတော့ ဘွားမယ်စိန်နှင့်မောင်အုန်းတို့ ဘုန်းကြီးကျောင်းဆီသို့ထွက်လာခဲ့ကြတော့၏။
ပြောရပေဦးမည်….။
သောင်ထွန်းရွာ၏ဘုန်းကြီးကျောင်းသည် ရွာ၏အနောက်ပိုင်း၌ရှိနေခြင်းသည်က ယခင်က ထိုဘုန်းကြီး ကျောင်း၏အနောက်ဘက်တွင်
သောင်ထွန်းရွာဟောင်းရှိ၏။
ခေတ်ကာလမကောင်းသည်ကတကြောင်း ရောဂါဘယများပေါများခြင်းကတကြောင်းပေမို့ ရွာ၏တည်နေရာအားရွေ့ပြောင်းလိုက်ကြရသည်။
ထိုအခါမရွေ့ဘဲကျန်ရစ်သော ဘုန်ကြီးကျောင်းသည်ကား ရွာသစ်၏အနောက်သို့ရောက်သွားခဲ့ရပြီး သင်္ချိုင်းကုန်းသည်ကား ယခင်ရွာဟောင်းဖြစ်၏။
ယခုတော့ ဘုန်းကြီးကျောင်းသည် ရွာအနောက်၌သာရှိနေခဲ့ပြီး သင်္ချိုင်းကုန်းသည်လည်း ဘုန်းကြီးကျောင်း၏အနောက်၌ရှိနေခဲ့ပေသည်။

**********************

ဘွားမယ်စိန်နှင့်မောင်အုန်းတို့ ဘုန်းကြီးကျောင်း၌ရောက်ရှိနေကြလေပြီ။
ဆရာတော်ဘုရားအားဦးချကန်တော့အပြီးမှာတော့ ဆရာတော်ဘုရားက ဘွားမယ်စိန်တို့နှင့်အတူထိုင်နေခဲ့သော ဧည့်သည်နှစ်ဦးကိုခေါင်းဆတ်ပြလိုက်ပြီး…

“ဒါက ဆရာတော်ရဲ့ တစ်ဝမ်းကွဲညီအစ်ကိုတော်စပ်သူပါတကာမကြီး”

“တင်ပါ့ဘုရား…”

ဘွားမယ်စိန်သည် ဆရာတော်ဘုရား မိတ်ဆက်ပေးသော လူနှစ်ဦးအားကြည့်လိုက်လေသည်။
တစ်ဦးသည်ကားဖခင်ဖြစ်ဟန်တူပြီး ကျန်တစ်ဦးသည်ကား သားဖြစ်ဟန်တူ၏။
ဖခင်ဖြစ်သူသည် ကိုယ်လုံးပြည့်ပြည့် ဝတ်ဆင်ထားသည့် အဝတ်အစားများမှာသားသားနားနားပေမို့ ငွေကြေးရှိသူဟုထင်ရပေသည်။
သားဖြစ်သူသည်ကား အနည်းငယ်ပိန်သွယ်၏။
ထိုလူငယ်၏မျက်လုံးများသည် မရွင်လန်းဘဲ အားအင်ကုန်ခမ်းနေသည့်သဘောရှိပေသည်။

“ကျုပ်နာမည်က…ဦးသိန်းနိုင်လို့ခေါ်ပါတယ်…ဒါက ကျုပ်သား သိန်းထိုက်ပါ ဘွား”

” တွေ့ဆုံရတာဝမ်းသာပါတယ်ကွယ်…။
ဘွားနာမည်က ဘွားမယ်စိန်ပါ”

“ဟုတ်ကဲ့…ဆရာတော်ဘုရားက ဘွားအကြောင်းတော်တော်များများပြောပြထားလို့ ကျုပ်ဘွားကိုတွေ့ချင်နေမိတာပါ”

“ဘာအကြောင်းများရှိလို့ ဘွားနဲ့တွေ့ချင်ရတာလဲကွဲ့”

ဘွားမယ်စိန်သည်ဦးသိန်းနိုင်ကိုမေးလိုက်လေတော့…
ဦးသိန်းနိုင်က သားဖြစ်သူ သိန်းထိုက်အား ကြည့်ကာ သက်ပြင်းတစ်ချက်ချရင်း…

“ကျုပ်တို့ကသားအဖနှစ်ယောက်ထဲရှိတာပါ…
အကြောင်းကတော့ ကျုပ်သား သိန်းထိုက် လမ်းမှာကောက်ရတဲ့အရုပ်တစ်ရုပ်ကို ယူခဲ့မိရာကစတာပါပဲဗျာ”

“အလို…အရုပ် ဟုတ်စ”

“ဟုတ်ပါတယ်ဘွား…ဒီကလေးက ဘာမှန်းညာမှန်းမသိယူလာခဲ့ပြီး သူ့အိပ်ရာခေါင်းရင်းမှာထားခဲ့မိတာလေ…
သား သားဆီကအရုပ်ကိုဘွားကိုပြလိုက်လေကွာ”

ဦးသိန်းနိုင်သားဖြစ်သူအားပြောလိုက်လေတော့
သိန်းထိုက်ကသူ၏အိတ်ကပ်အတွင်းမှ လက်မအရွယ်အစားအရုပ်သေးသေးလေးတစ်ခုအား
ထုတ်ယူပေးလေသည်။
ထိုအရုပ်လေးသည် ကလေးငယ်တစ်ဦးမတ်တပ်ရပ်နေသည့်ပုံဖြစ်ပြီး
အရုပ်၏နံငယ်ပိုင်းများကို အဖြူရောင်ဆေးတို့ဖြင့်သုတ်ခြယ် ဖုံးကွယ်၍ထားသည်။
ထိုမျှမကသေး အရုပ်သည်ကားနှစ်လိုဖွယ်မျက်နှာထားဖြင့် ပြုံးရယ်လို့နေပြန်၏။
ထိုဆံပင်ရှိဂတုံးပြောင်ပြောင်ရယ်မောနေသော လက်မအရွယ်သေးငယ်သောအရုပ်လေးကို ဘွားမယ်စိန်ကလက်ဖြင့်ကိုင်တွယ်ကြည့်ရင်း
ခေါင်းအားတငြိမ့်ငြိမ့်ပြုလေသည်။

“ကဲ…မောင်ရင်လေးရဲ့အဖြစ်ကိုပြောပါဦးဘွားကို”

သိန်းထိုက်ဆိုသောလူငယ်ကိုကြည့်ကာပြောလေတော့…

“အဲ့အရုပ်ကိုကျုပ်ကောက်ယူပြီး အိပ်ရာခေါင်းရင်းမှာထားတဲ့နေ့ကစပြီး…ညဘက်တွေဆို
ကျုပ်အခန်းထဲမှာ ကလေးငိုသံတွေ…
ရယ်သံတွေခဏခဏကြားရတယ်ဘွား…အိပ်နေရင်လည်း ခြေထောက်ကိုဆွဲချတာ…လက်နဲ့လှမ်းပုတ်တာတွေ
အစုံပဲကြုံရတော့တာပဲဗျာ…အစကတော့
ဒီအရုပ်ကိုသတိမထားမိခဲ့ဘူးလေ….
သတိထားမိပြီးလွှတ်ပစ်တော့လည်း ကျုပ်အိပ်ရာခေါင်းရင်းမှာပုံစံမပျက်ရောက်လာပြန်တာပဲ…ဘယ်လောက်ဝေးဝေးပစ်ပစ် ဒီအရုပ်က ကျုပ်ရှိတဲ့နေရာမှာပဲရောက်နေခဲ့တာ…”

“အင်း…မောင်ရင်ပြောပုံအရဆိုရင်…ဒီအရုပ်မှာ ကလေးသရဲတစ်ကောင်ရှိနေတယ်.. ဒါကလည်း စီရင်ခံထားရတဲ့အရုပ်တစ်ခုကို
မောင်ရင်ကောက်ယူ မိခဲ့လိုက်လို့ပဲလေ…
ကဲပါလေ ဆက်ပြောပါဦးကွယ်…”

“ဟုတ်ကဲ့…အဲ့လိုတွေကြုံနေရတော့ အဖေနဲ့ကျုပ်တိုင်ပင်ပြီး ဆရာတော်ဘုရားရဲ့ကျောင်းဆီကို
ရောက်လာခဲ့ရတာပါဘွား”

“အေးကွယ်…ဒီလိုကြုံရတာက အခန့်မသင့်လို့ဖြစ်ရတာပါ…ဘွားဒီကိစ္စကိုကူညီပေးပါ့မယ် မောင်ရင်အရုပ်ကိုတော့ ဘွားယူသွားရမယ်ကွယ်”

“ဟုတ်ကဲ့…ယူသွားပါဘွား ရပါတယ်…။ဒီအတွက်လည်းကျေးဇူးတင်ပါတယ်ဗျာ”

“ကျုပ်တို့သားအဖကိုကူညီဖို့ဆုံးဖြတ်ပေးတဲ့ဘွားကို ကျုပ်ကျေးဇူးတင်ပါတယ်ဗျာ…
တကယ်လို့ဘွားဘက်ကလိုအပ်တာရှိခဲ့ရင်လည်းပြောပါ…ကျုပ်တို့ကျေးဇူးဆပ်ချင်လို့ပါဗျာ…”

“ရပါတယ်မောင်ရင်…
ဘွားအတွက်ဘာမှမလိုအပ်ပါဘူးကွယ်”

“ဟုတ်ကဲ့ဘွား”

“ဆရာတော်ဘုရားတပည့်တော်ကိုသွားခွင့်ပြုပါဦးဘုရား”

“အေး…အေး…တကာမကြီး သွားပါ…သွားပါ”

ဘွားမယ်စိန်သည် သိန်းထိုက်၏အရုပ်​လေးအား
ယူဆောင်ကာကျောင်းဆောင်ပေါ်မှဆင်းလာခဲ့၏။
ဘွားမယ်စိန်နှင့်အတူ မောင်အုန်းသည်လည်းလိုက်ပါလာခဲ့လေသည်။
ကျောင်းဆောင်ပေါ်မှဆင်းလာအပြီး အိမ်သို့မပြန်သေးပေ။
ဘုန်းကြီးကျောင်း၏အနောက်ဘက်ရှိ သင်္ချိုင်းကုန်းဆီသို့ထွက်လာခဲ့ကြ၏။
သင်္ချိုင်းကုန်းသို့ရောက်လေတော့ ဘွားမယ်စိန်သည် လက်အတွင်းမှအရုပ်လေးကိုကြည့်ကာ…

“ကဲ…မင်းသွားလိုရာသွားပေတော့ ကလေးငယ်…။ဒီအရုပ်မှာချည်နှောင်ခံထားရတဲ့မင်းရဲ့လိပ်ပြာကို
ဘွားလွှတ်လပ်ခွင့်ပေးတယ်မင်းသွားပေတော့ မင်းကိုချုပ်နှောင်ထားတာတွေကိုဘွား​ ဖျက်စီးပေးတယ်…မင်းလွှတ်လပ်ပါစေကွယ်”

ဟု
စကားဆိုပြီးနောက် စိုထိုင်းသောသင်္ချိုင်းမြေအား လက်ဖြင့် အနည်းငယ်တူးယူလိုက်လေသည်။
ထိုသို့ တူးယူပြီး အရုပ်​လေးအားသင်္ချိုင်းမြေအတွင်း မြုပ်နှံလိုက်တော့၏။

ကိစ္စပြီး၍ထင်သည် ဘွားမယ်စိန်ထိုနေရာမှကျောခိုင်းကာထွက်လာခဲ့လေသည်။
ဘွားမယ်စိန် သင်္ချိုင်းကုန်းအားကျောပေးကာထွက်လာစဥ်
နောက်ပါးဆီမှ…

“ခစ်…ခစ်….ခစ်…ခစ်….ခစ်………..”

ကလေးရယ်သံလေးအားကြားလိုက်လေတော့…

“နေခဲ့ပေတော့ကလေးရေ…
မင်းဘဝလေးအေးချမ်းပါစေကွယ်”

ဟုဘွားမယ်စိန်ပြောလိုက်လေတော့သတည်း……။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)

သဘောကျရဲ့လားစာမူလေးကို…😊😊