မနောဗေဒင်

မနောဗေဒင် (စ/ဆုံး)

—————————

ကျွန်ုပ်သည် နှစ်ပေါင်းများစွာ ဗေဒင်တွက်ချက်၍ ဟောပြောသောအလုပ်ဖြင့် အသက်မွေးခဲ့လေ၏။ အချိန်ကာလ ကြာညောင်းလာသောအခါ ဗေဒင်ဟောပြောခြင်းကို မငြီးငွေ့သော်လည်း ဗေဒင်တွက်ချက်ခြင်းကိုမူ မလုပ်ချင်လောက်အောင် ငြီးငွေ့လာ၏။

 

ထို့ကြောင့် ဗေဒင်ဟောပြောသောအခါ တွက်ချက်ခြင်းမပြုတော့ဘဲ စိတ်ကို ငြိမ်အောင်ထားပြီးလျှင် မနောအိမ်၏ နောက်သို့ စိတ်ကိုပို့လိုက်၏။ ထိုမနောအိမ်၏ နောက်မှ ထင်ဟပ်သောရောင်ပြန်များကို ဗေဒင်ကြည့်သူအား ဟောပြောလိုက်၏။ ထိုသို့ ဟောပြောသောအခါ၌ ဟောချက်များသည် ကွတ်တိမှန်လေ၏။ ထို့ကြောင့် ဗေဒင်ကြည့်သူများက လွန်စွာသဘောကျလေ၏။

 

အချို့မှာ တွက်ချက်ပြီး ဟောပါမည်ဆိုလျှင်တောင် “မဟောပါနဲ့ဆရာ၊ အာရုံနဲ့ဟောပေးပါ” ဟု ပြောကြလေ၏။ အခါတိုင်းထက်ပို၍ နာမည်ကြီးလာလေ၏။ ကြည့်သော ပရိတ်သတ်လည်း အခါတိုင်းထက် ပိုမိုများပြားလာလေ၏။

 

တစ်နေ့တွင် ကျွန်ုပ်ထံသို့ ကျောင်းသားအရွယ် သူငယ်လေးသုံးဦး ဗေဒင်လာ၍ မေးလေ၏။ ထိုသို့မေးရာတွင် နှစ်ယောက်သော သူငယ်လေးများမှာ ကျွန်ုပ်အား ရိုသေစွာဆက်ဆံ၏။ ကျွန်ုပ်၏ပညာကို လေးလည်းလေးစား၏။ ကျွန်ုပ်သည် တစ်ယောက်ကို ဆရာဝန်ဖြစ်မည်။ နိုင်ငံခြားတွင် နေရမည်ဟု ဟောလိုက်၏။

 

တစ်ယောက်သော သူငယ်လေးအား စစ်ဘက်တွင် အကျိုးပေးမည်ဟု ဟောလိုက်လေ၏။ နောက်ဆုံးသူငယ်လေးမှာမူ ကျွန်ုပ်ကိုလည်း လေးလေးစားစား မဆက်ဆံ။ ကျွန်ုပ်၏ ပညာကိုလည်း များစွာအထင်ကြီးပုံမရပေ။ ထိုသူငယ်လေးက ထိုင်လိုက်သည်နှင့်…

“ဆရာ့ကို ကျွန်တော်ပြောရဦးမယ် ကျွန်တော်က ဗေဒင်ကို ယုံလည်းမယုံဘူး။ ဝါသနာလည်း မပါဘူး။ သူငယ်ချင်းသုံးယောက်လာတယ်။ နှစ်ယောက်က ကြည့်တယ်။ ကျွန်တော်တစ်ယောက်တည်း မကြည့်ရင် မကောင်းလို့ ကြည့်လိုက်တာ။ ကျွန်တော့်ကိုတော့ ဖြီးဖြန်းဟောလို့ မရဘူးဆရာ။ အတိအကျ ဟောနိုင်မှ ဟောလိုက်ပါ” ဟုပြောလေ၏။

 

ကျွန်ုပ်လည်း စိတ်ကို မနောအိမ်၏ နောက်ကွယ်သို့ ပို့လိုက်၏။ သို့ရာတွင် မည်သည့်အကြောင်းအရာမျှ ထင်ဟပ်မလာ၍ ဟောရခက်နေ၏။ ကျွန်ုပ်သည် မျက်စိကိုစုံမှိတ်၍ အာရုံကိုစောင့်လင့်နေ၏။ ခုနှစ်များနေရာတွင် ပျက်၍ လနှင့်ရက်နေရာတွင် ထင်ရှားသော စာလုံးကြီးများကို တွေ့ရ၏။ (သီတင်းကျွတ်လဆုပ် ၈ ရက်)ဟူ၍ တိတိကျကျ ဖတ်၍ရသော စာတန်းကြီး မြင်ရ၏။

 

ကျွန်ုပ်သည် မည်သည့်အဓိပ္ပာယ်ရှိသနည်းဟု မနောအိမ်မှ နောက်ကွယ်ကို ပြန်မေးလိုက်ရာ အသံတိုးတိုးဖြင့်သာ “အဲဒီကောင် သေမဲ့ရက်” ဟုကြားရလေ၏။ ထိုအသံမှာ “အဲဒီကောင်မယ့်ရက်” ဟူ၍ဖြစ်လေ၏။ ထို့ကြောင့် ကျွန်ုပ်က သူငယ်အား…

“ဒီမှာ သူငယ်… ခုနှစ်တော့ မပြောနိုင်ဘူး။ လနဲ့ ရက်ကိုတော့ သေချာမှတ်သွား၊ သီတင်းကျွတ်လပြည့်ကျော် ၈ရက်။ အဲဒါဟာ မင်းသေမယ့်ရက်ပဲ။ ပိုပြီးသေချာအောင် လောင်းကြေးစားကြေးလုပ်ပြီး ရှေ့နေတွေဘာတွေနဲ့ စာချုပ်ချင်ချုပ်ထားလိုက်” ဟု ပြောလိုက်ရာ ထိုသူငယ်က…

“ဗေဒင်တွေ ဘာတွေတော့ မယုံပါဘူး။ ဒါပေမဲ့ ဆရာလုပ်လိုက်တာနဲ့ ကျွန်တော့်ရင်ထဲမှာ အဲဒါဟာအစွဲဖြစ်သွားပြီ။ ကျွန်တော်ဟာ အဲဒီရက်ကို အကြောင်းမဲ့ ကြောက်နေရတော့မယ်။ ခပ်ရှင်းရှင်းပြောရရင် ဆရာဟာ လူယုတ်မာပဲ” ဟု ကျွန်ုပ်အား မညှာမတာပြောလေ၏။

 

ကျွန်ုပ်လည်း ထပ်ပြီးအာရုံယူကြည့်ရာ ထိုသူငယ်သည် အာရုံတွင် သွက်သွက်ခါအောင် ရူးနေသည်ကို တွေ့ရလေ၏။ ထို့ကြောင့် ကျွန်ုပ်က အာရုံကို “ဘယ်တော့ရူးမလဲ” ဟု ထပ်ပြီးမေးကြည့်ရာ ကျွန်ုပ်နားတွင် အသံတိုးတိုးဖြင့် တစ်စုံတစ်ယောက်က ပြောလိုက်သော အောက်ပါအသံကို ကြားလိုက်ရလေ၏။

“ဒီကနေ နှစ်လတိတိပြည့်တဲ့နေ့မှာ အဲဒီလိုဖြစ်မှာ” ဟုပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က …

“ဟေ့ကောင်.. မင်းဟာ ငါ့ကို ယုတ်မာတယ်ပြောလို့ ထပ်ပြီးပြောလိုက်ဦးမယ်။ ဒီကနေပြန်သွားပြီး နှစ်လတိတိပြည့်တဲ့နေ့မှာ မင်းသွက်သွက်ခါအောင် ရူးသွားလိမ့်မယ်” ဟု ပြောလိုက်ရာ ထိုသူငယ်က …

“တော်တော့ဗျာ” ဟုဆိုကာ ထွက်သွားလေတော့၏။

 

အထက်ပါအဖြစ်အပျက်များ ဖြစ်ပွားပြီး နှစ်အတန်ကြာသောအခါ ကျွန်ုပ်သည် ည ၉ နာရီခန့်လောက်တွင် မိတ္ထီလာမြို့မှဖြတ်၍ ခရီးသွားမိလေ၏။ မြို့မှထွက်ခါနီး ခေါက်ဆွဲဆိုင်တစ်ဆိုင် တွေ့သောအခါ ကားကိုရပ်၍ ခေါက်ဆွဲတစ်ပွဲနှင့် ၁၂ မျိုးဟင်းချိုတစ်ခွက် မှာယူလေ၏။ ထိုအချိန်၌ ကျွန်ုပ်၏ စားပွဲသို့ သူငယ်လေးတစ်ဦး ရောက်လာပြီး …

“ဆရာနဲ့တူပါတယ်ဆိုပြီး ကြည့်နေတာ၊ ကားမှာရေးထားတဲ့ ဆရာ့နာမည်တွေ့လို့ သေချာတယ်ဆိုပြီး လာခဲ့တာ။ ကျွန်တော်က ဟိုဘက်က ဗမာထမင်းဆိုင်ကပါ။ ဆရာ့ဆီမှာ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ကျွန်တော်တို့ သူငယ်ချင်း ၃ ယောက် လက္ခဏာလာပြီး ကြည့်ဖူးတယ်လေ။ ကျွန်တော်က ဆရာဝန်ဘွဲ့ ရပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်ဖို့လှမ်းပြီးတော့ ဆက်သွယ်ထားတယ်။”

“တစ်ယောက်ကတော့ တပ်ထဲဝင်သွားတယ်။ အခုအခါမှာ ဗိုလ်ကြီးရာထူး ရနေပါပြီ။ တစ်ယောက်ကတော့ ဒီဆိုင်ကကောင်ပဲ။ ဒီကောင်ဟာ တရုတ်ကပြား ဆရာ၊ သူ့နာမည်က “အန်းကောက်”တဲ့။ ဆရာ့ဆီမှာ လက္ခဏာမေးပြီး နှစ်လတိတိကြာတဲ့အခါမှာ ရူးသွားတော့တာပဲ။ တစ်ခုတော့ရှိတယ်ဆရာ။ လက္ခဏာဆရာ၊ ဗေဒင်ဆရာဆို ဒီကောင်က သိပ်ပြီးမုန်းတယ်။ ဒီမြို့နဲ့ ဟိုဘက်မြို့က လက္ခဏာဆိုင်နှစ်ဆိုင်ကို မီးရှို့မှုနဲ့ အဖမ်းခံရသေးတယ်။ ဒီကောင် ဒီဆိုင်နောက်ဖေးမှာ ရှိတယ်ဆရာ။ သူ့စိတ်ထဲမှာ လက္ခဏာဆရာလို့ထင်ရင် ဓားမြှောင်နဲ့ဝင်ပြီး ထိုးတော့တာပဲ။ ဆရာ့ကို သူမှတ်မိတယ်။ ဆရာ့ကို သူမြင်ရင် ဓားမြှောင်နဲ့ ထိုးလိမ့်မယ်။ ဆရာ ဒီမှာမစားသင့်ဘူး။ အကောင်းဆုံးကတော့ မစားဘဲနဲ့ ပါဆယ်ထုပ်သွားရင် ကောင်းမယ်။ ဒီကောင်တွေ့သွားရင် ဆရာမချောင်ဘူး။ ကျွန်တော်က စိုးရိမ်လို့ပြောတာပါဆရာ” ဟုပြောစဉ်၌ပင် လူငယ်တစ်ဦးသည် ဆိုင်ဘေးမှ အပြင်သို့ ထွက်လာပြီးလျှင် မလှမ်းမကမ်းမှနေ၍ ကျွန်ုပ်အား ခါးထောက် ကြည့်နေလေ၏။ ထို့နောက် ကျွန်ုပ်ကို မှတ်မိသွားသောအခါ၌ ခါးတွင် အသင့်ပါလာသော ဓားမြှောင်ကိုဆွဲထုတ်၍ …

“ဪ.. ခင်ဗျားကိုး။ တယ်သတ္တိကောင်းပါလား။ ခင်ဗျားဒီဆိုင်မှာ ခေါက်ဆွဲလာစားဝံ့တယ် ဟုတ်လား။ မွန်တွေလွှမ်းမိုးတဲ့ ရွှေမော်ဓောဘုရားမှာ တပင်ရွှေထီး နားတက်ထွင်းတယ်ဆိုတာမျိုး ခင်ဗျားက လုပ်လိုက်တာပေါ့လေ” ဟု ပြောလေ၏။

 

ထို့ကြောင့် ကျွန်ုပ်က ..

“ဟေ့ သူငယ် .. မင်းမှားမယ်နော်။ ငါနဲ့မင်းနဲ့ ဘာမျှမဖြစ်ဖူးဘူး။ ရန်ငြိုးရန်စလည်း မရှိဘူး” ဟု ပြောရာ ထိုသူငယ်က ဓားမြှောင်ကို ကျစ်ကျစ်ပါအောင်ဆုပ်၍ …

“ရန်ငြိုးရန်စ မရှိဘူးဟုတ်လား။ ရယ်ဖို့ကောင်းလိုက်တာဗျာ။ ခင်ဗျား ကျုပ်ကို ရူးမယ်လို့ဟောခဲ့တာလေ။ ပြီးတော့ ကျုပ်ကို တစ်ခုသော သီတင်းကျွတ်လဆုပ် ၈ ရက်နေ့မှာ သေမယ်လို့ ဟောခဲ့တာလေ ဟုပြောလေ၏။ ထိုအချိန်၌ ဘေးတွင် လူအများဝိုင်း၍ ကြည့်နေကြလေ၏။ လူအများကလည်း…

“အန်းကောက် မလုပ်နဲ့ မလုပ်နဲ့” ဟုဝိုင်း၍ အော်၍နေကြလေ၏။ ထိုအချိန်၌ပင် ထိုသူငယ်သည် ကိုင်ထားသော ဓားမြှောင်ဖြင့် ကျွန်ုပ်၏ ရင်ဝကို တအားကုန် စိုက်လိုက်လေတော့၏။ ကျွန်ုပ်သည် အသက် (၁၇) နှစ်အရွယ်ကပင် ဗန်တိုပညာကို ဆရာဖြစ်သည်အထိ တတ်ကျွမ်းခဲ့ရာ ကိုယ်ကိုအသာလေးယိမ်း၍ ရှောင်ပြီးလျှင် ဓားမြှောင်ကိုင်ထားသော သူ၏လက်ကို ဖမ်းကိုင်ကာ ဗန်တိုဆန်ဆန် ကိုင်ပေါက်လိုက်လေ၏။

 

သူသည် ဗုန်းခနဲ မြေပြင်ပေါ်သို့ ကျသွား၏။ သို့ရာတွင် လူးလဲထပြီး ဓားမြှောင်ဖြင့် တွက်ပြန်၏။ ကျွန်ုပ်သည် ထိုတွက်သော လက်ကို တံတောင်ဆစ်မှနေ၍ တွန်းပြီး ဖမ်းကိုင်ကာ တံကောက်ခွက်ကို နင်းချလိုက်လေ၏။ သူသည် ဓားမြှောင်ပိုက်လျက် ရှေ့သို့ မှောက်လျက် လဲကျသွားလေ၏။ ဓားမြှောင်ဦးသည် သူ၏ဗိုက်အတွင်းသို့ဝင်သွားလေတော့၏။ သူသည် မထနိုင်တော့ပေ။ သူ၏ ဗိုက်အောက်မှ သွေးများယိုစီးကျပြီးလျှင် ကုန်းကုန်းကြီး အသက်ထွက်သွားလေတော့၏။

 

ထိုအချိန်မှာပင် ဆိုင်အတွင်းမှ လူကြီးတစ်ဦးထွက်လာပြီးလျှင် ကျွန်ုပ်အား လှံဖြင့်ထိုးလိုက်လေ၏။ ကျွန်ုပ်သည် လှံဦးကို ခြေဖြင့်ခတ်ကာ ရှောင်လိုက်လေ၏။ ထိုသူလည်း အဆက်မပြတ်လိုက်၍ထိုးပြန်၏။ ထို့ကြောင့် ကုလားထိုင်တစ်လုံးကိုကိုင်ကာ လှံအချွန် မထိုးမိစေရန် ကာကွယ်ရလေတော့၏။

 

သူသည် အားရပါးရ ချိန်ရွယ်၍ လှံဖြင့်တစ်ချက်ထိုးလိုက်ရာ ကျွန်ုပ် အကာအကွယ်ယူနေသော ကုလားထိုင်တွင် သူ၏လှံသွားသည် ညပ်သွားလေတော့၏။ ကျွန်ုပ်သည် လှံကိုဖမ်းကိုင်ပြီး မျက်နှာကို တံတောင်ဖြင့်တွက်၍ အရှိုက်နေရာသို့ ဖနောင့်ဖြင့်ပေါက်ကာ ခုန်၍ ထွက်လိုက်လေ၏။

 

ထိုအချိန်၌ ရပ်ကွက်လူကြီးနှင့် ရဲများရောက်လာပြီး ကျွန်ုပ်ကို ဖမ်းဆီးလိုက်လေတော့၏။ ထိုအမှုအတွက် ကျွန်ုပ်သည် ရှေ့နေကောင်းကို ငှားရလေ၏။ ကျွန်ုပ်ဘက်မှ မျက်မြင်သက်သေများသည် ကျွန်ုပ် မလွန်ကြောင်း သက်သေလိုက်ရလေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း ထိုအမှုမှ လွတ်လေတော့၏။ အမှုလွတ်၍ အချုပ်မှ ထွက်သောအခါ ပန်းခွေတစ်ခွေဝယ်၍ အန်းကောက်၏ အုတ်ဂူတွင် အမှတ်တရ ချပေးပြီးလျှင် အန်းကောက်တစ်ယောက် ကောင်းရာမွန်ရာ ရောက်စေကြောင်း ဆုမွန်ကောင်း တောင်းပေးရတော့သည်။ ထိုအချိန်မှစ၍ ဗေဒင်ဟောပြောသောအခါ များစွာဆင်ခြင်၍ ဟောပြောသော အကျင့်တစ်ခုရသွားလေတော့၏။

 

ထို့နောက်တွင်လည်း မိတ်ဆွေများဖြင့် စကားစမည် ပြောသောအခါတွင် ကြောက်စရာ ကောင်းသော ညကလေးတစ်ညအဖြစ် ထိုညက အကြောင်းကို မကြာခဏ ပြောဖြစ်ခဲ့လေတော့သတည်း။

 

🙏 သဗေ သတာ ကမသကာ 🙏

✍ မင်းသိင်္ခ

 

📒 မင်းနန်သူနှင့် ဂမ္ဘီရလောကဝတ္ထုတိုများ

 

#မင်းသိင်္ခ #မနောဗေဒင်