ကိုယ်တော်လေးရဲ့ကြင်ယာတော်

ကိုယ်တော်လေးရဲ့ကြင်ယာတော်(စ/ဆုံး)

 

ကျုပ်တို့အညာမင်္ဂလာဆောင်ဆိုတာ

လွှတ်ပျော်ဖို့ကောင်းတာဗျ။ နှစ်ဖက်

ဆွေမျိုးမိဘတွေ သိုက်သိုက်ဝန်းဝန်း

နဲ့ သတို့သား သတို့သမီးတွေရဲ့ သူ

ငယ်ချင်းအပေါင်းအသင်းတွေကလည်း

တစ်ယောက်နဲ့တစ်ယောက် စကြ၊

နောက်ကြ၊ စားကြ၊ သောက်ကြနဲ့၊

အားလုံးကလည်း လူခင်တွေချည်း

လေဗျာ။ တီးချင် မှုတ်ချင် ဆိုချင်တဲ့

သူတွေကလည်း မယ်ဒလင်ဝိုင်း၊

ဘင်ဂျိုဝိုင်း၊ ဒုံမင်း၊ မြန်မာဂီတာ

စတဲ့ တူရိယာတွေကို တီးကြမှုတ်

ကြ ဆိုကြပေါ့ဗျာ။

 

လူချမ်းသာ သားသမီးတွေဆိုရင်တော့

ပြောစရာကို မလိုဘူးပေါ့ဗျာ၊ ယာတွေ

နွားတွေ၊ လှည်းတွေကအစ လက်ဖွဲ့

ကြတာဗျ။ တချို့လည်း ထန်းတော

တောင် လက်ဖွဲ့တဲ့ အဘိုး၊ အဘွားတွေ

ရှိတာဗျို့။ ရွှေဆိုတာတော့ ပြောမနေနဲ့

တော့ပေါ့ဗျာ။ ကျုပ်တို့အညာသားတွေ

က အလကားနေရင်း ရွှေပဲစုကြတာ

ဗျ။ တချို့များဆိုရင် နှစ်မွေခံ၊ သုံးမွေ

ခံတွေဗျ။ ပိဿာနဲ့တောင် ရကြတာဗျို့။

 

ကျုပ်ကတော့ ကျုပ်ချစ်သူ လှယဉ်

မရှိတော့ကတည်းက ဘာကိုမှ မတွေး

တော့တာပါဗျာ။ လှယဉ်အကြောင်းကို

သိချင်ရင်တော့ ကျုပ်ရေးခဲ့တဲ့ “ကဝေ

ပျိုရဲ့အချစ်”ဝတ္ထု ရှာဖတ်ကြည့်ဗျာ။

ဒီနေ့လည်း ကျုပ်တို့ရွာမှာ မင်္ဂလာ

ဆောင်ရှိတယ်ဗျ။ ကျုပ်တို့ ထနောင်း

ကုန်းသား ကိုသောင်းကိုနဲ့ ကပ္ပလီစု

ရွာက သတို့သမီး မနှောင်းညိုတို့

မင်္ဂလာပွဲလေဗျာ။ ကိုသောင်းကိုက

လည်း လူချမ်းသာသားပဲဗျ။

 

မနှောင်းညိုတို့မိဘတွေကလည်း

ရွှေမရှား၊ ငွေမရှားပါဘူးပါဗျာ။

 

မိတ်ဆွေအပေါင်းအသင်းကလည်း

လွှတ်ပေါ၊ လူချစ်လူခင်ကလည်း များကြ

တော့ မင်္ဂလာဆောင်ကို လာလိုက်ကြတာ

မှ နည်းပါဘူးဗျာ။ကိုသောင်းကို မိဘများရဲ့

ဝိုင်းကလည်း အကျယ်ကြီးဗျ။ မဏ္ဍပ်ကြီးမှ

ဝိုင်းပြည့်ထိုးထားတာ။ ဘယ်ရလိမ့်မတုံး

ဗျာ။ တောင်ဘက်ကပ်လျက်က ဘထွေး

မျိုးချစ်တို့ဝိုင်းကြီးမှာရော မြောက်ဘက်

ကပ်လျက်က ကျုပ်သူငယ်ချင်း အောင်

ချစ်တို့ ဝိုင်းကြီးမှာရော မဏ္ဍပ်ကြီးတွေ

ထိုးရတာဗ်။

 

ဟိုရွာ ဒီရွာကလာတဲ့ လှည်းတွေကိုတော့

ရွာထဲက ဝိုင်းတွေမှာ ဖြုတ်ပြီး နွားတွေ

ကို အစာရေစာ ကျွေးကြရတာပေါ့ဗျာ။

ပြီးတော့ ကျုပ်တို့အညာမှာက မင်္ဂလာ

ဆောင်ရှိပြီဆိုရင် အိမ်တိုင်းမီးခိုတိတ်ဗျ။

ဘယ်အိမ်မှ ထမင်းမချက်တော့ဘူး။

မင်္ဂလာဆောင်မှာပဲ စားကြတာ။

 

ထမင်းချက်တဲ့အဖွဲ့ဆိုတာ တစ်ရက်

တစ်ညတော့ မနားတမ်းကို ချက်ရတော့

တာဗျို့။ ကျုပ်တို့ရွာမှာတော့ လေးလေး

ချက်ကြီးတို့အဖွဲ့ပေါ့ဗျာ။ လေးလေးချက်

ကြီးဆိုတာက ကျုပ်ရေးခဲ့တဲ့ ‘ဘင်ဂျိုဘ

စော’ ဝတ္ထုထဲမှာ ပါတယ်လေဗျာ။ ဘင်

ဂျိုဘစောရဲ့တူပေါ့။ ဟင်းချက် လွှတ်

ကောင်းတဲ့လူပေါ့ဗျာ။ လေးလေးချက်

ကြီးရဲ့ဝက်သားချက်တဲ့လက်ရာကို

စားပြီးရင် ဘယ်ဝက်သားဟင်းမှ စား

ကောင်းမှာ မဟုတ်တော့ဘူးဗျ။

 

လေးလေးချက်ကြီး ဝက်သားချက်တာ

တို့ ကျုပ် သေသေချာချာ ကြည့်ဖူးတယ်

ဗျ။ ဝက်သားကို အရွယ်တော်တုံးပြီးတာ

နဲ့ မိုးဗြဲဒယ်ကြီးထဲမှာ ဆီပူထိုးတော့တာ

ဗျ။ ဆီပူထိုးတယ်ဆိုတာ ဒယ်ထဲက ဆီ

နည်းနည်းထည့်ပြီး ဝက်သားတွေထည့်

ပြီး အထက်အောက် မွှေပေးတာပေါ့ဗျာ။

 

ခဏဆိုရင် ဝက်သားထဲက ရေတွေ ထွက်

လာရောဗျ။ အသားထဲမှာရှိတဲ့ ရေကို ထုတ်

ပစ်တာပေါ့ဗျာ။ရေက ဖြူဖြူပျစ်ပျစ်ကြီးဗျ။

အဲဒီရေကို ဖယ်ထုတ်ပစ်ရတာ။ ဒါမှ ဝက်

သားက နှစ်ရေခမ်းရင် အိနေအောင် နူး

တာဗျ။ အရသာလည်း ပိုရှိလာတယ်။

အဲဒီလို ရေထုတ်ပြီးမှ ရေထုတ်ပြီးမှ ရေ

စင်စင်ဆေးပြီး ဆား၊ ဆနွင်း၊ ပဲငံပြာရည်

အချိုမှုန့် နယ်ပြီး ချက်တော့တာဗျ။

 

ဒုတိယရေထည့်ကာနီးမှ ရောချင်တာရှိရင်

ထည့်ရတယ်။ အာလူးတို့၊ ကြံမဆိုင်တို့၊

ပုန်းရည်ကြီးတို့ပေါ့ဗျာ။ အဲဒါ လေးလေး

ချက်ကြီးရဲ့ ဝက်သားချက်နည်းပဲဗျို့။

ကိုသောင်းကိုတို့ မင်္ဂလာဆောင်ပြီးတာနဲ့

သိပ်မကြာလှဘူးဗျ။ ကျုပ်တို့ရွာက ရွှေ

တောင်ဦးဘုရားပွဲအတွက် ပြင်ကြ၊ဆင်

ကြ၊ ဇာတ်တိုက်ကြ၊ ဒိုးပတ်ဝိုင်းတွေ

လည်း ပြိုင်ပွဲဝင်ဖို့ ပြင်ကြဆင်ကြတော့

တာပေါ့ဗျာ။

 

ကျုပ်တို့ရွာက ရွှေတောင်ဦးဘုရားပွဲဆိုတာ

လွှတ်စည်ကားတဲ့အကြောင်းကျုပ် မကြာ

မကြာ ရေးပြခဲ့ဖူးပါတယ်။ တစ်လလောက်

ကို ကျုပ်တို့တွေ ပင်ပန်းနေကြတာဗျ။

ဘုရားပွဲပြီးလို့ တစ်ပတ်လောက် ကြာ

တော့မှ ကျုပ်တို့တွေ နားကြရတာ။

 

ဘုရားပွဲက တပေါင်းလပြည့်ဆိုတော့

ဘုရားပွဲပြီးတဲ့အချိန်ဟာ ကျုပ်တို့အညာ

မှာ လွှတ်ပူတဲ့အချိန်ပေါ့ဗျာ။ ဒီနေ့တော့

ကျုပ်တို့တွေအားလုံး သိမ်းလို့ဆည်းလို့

လက်စသတ်တဲ့နေ့ပဲဗျ။ ကိစ္စတွေ ပြီးပြီ

ဆိုတော့မှ ကျုပ်နဲ့သိန်းဇော်နဲ့ရွှေတောင်

ဦးစေတီ တောင်ဘက်က ညောင်ပင်ကြီး

အောက်မှာ နားနေကြတာဗျ။

 

“ဟေ့ကောင် တာတေ၊ အဲဒါကို ပြော

တာကွ၊ အညာသားစည်းစိမ်ဆိုတာ”

 

ကျုပ်နဲ့ သိန်းဇော်က ညောင်ပင်အောက်

က မြက်ခင်းပေါ်မှာ လှဲအိပ်နေကြတာဗျ။

အသံကြားလို့ မျက်စိဖွင့်ကြည့်လိုက်တော့

ကျုပ်တို့နားမှာ ဒုံမင်းကြီးထမ်းပြီး ရပ်နေ

တာ ကိုကြည်လှဗျ။ ဒီရွာတစ်ဝိုက်တော့

သူ့ကို ဒုံးမင်းကြည်လှလို့ခေါ်တယ်။ ဒုံ

မင်းတီးတာ လွှတ်ကောင်းတဲ့ လူပေါ့ဗျာ။

လူလေးကတော့ လူဗလန်လေးဗျ။ကို

ကြည်လှက သေးသေးညှက်ညှက်ရယ်။

သူထမ်းလာတဲ့ ဒုံမင်းကတောင် သူနဲ့

စာရင် ကြီးနေသလိုပဲဗျ။

 

“ဟာ …ကိုကြည်လှ၊ ဘုရားပွဲပြီးကာနီး

မှ ဘယ်ကို ပျောက်သွားတာတုံးဗျ”

 

“တာတေရေ တီးဝိုင်းတစ်ခုက ငါ့ကို

လာငှားသွားလို့ ပါသွားတာကွ”

 

“ဟင် ဟုတ်လား၊ ဒါကြောင့် ဘုရားပွဲ

ကနေ ပျောက်သွားတာကိုး၊ ဘယ်ကို

လိုက်သွားရတာတုံး”

 

“မြို့ကိုပါကွာ၊ တီးဝိုင်းကြေးလေးကလည်း

ကောင်းတာနဲ့ ထလိုက်သွားတာကွ၊တီးရ

တာ အဆင်ပြေပါတယ်၊ တစ်ကိုယ်တော်

လက်စွမ်းပြ ဖျော်ဖြေတာမှာလည်း ဆုတွေ

တော်တော်ရခဲ့တယ်ကွ”

 

“ဟာ ဒါဆိုရင် ဟန်ကျတာပေါ့ ကိုကြီး

ကြည်လှရ၊ နို့ အလှူမှာ တီးရတာလား”

 

“မင်္ဂလာဆောင်ကွ၊ တော်တော်ကို

ကြီးကျယ်ခမ်းနားတဲ့ပွဲပါကွာ၊ ဒါပေမဲ့

တာတေရေ မင်္ဂလာဆောင်က လူ

မင်္ဂလာဆောင် မဟုတ်ဘူးကွ၊ နတ်

မင်္ဂလာဆောင်”

 

“ဗျာ…ဘယ်လိုဗျ ကိုကြီးကြည်လှရဲ့”

 

“မင်း ကြားဖူးမှာပါကွာ၊ မင်းလေးနဲ့

မင်္ဂလာဆောင်တာလေ”

 

“သြော် …ဒါကို ပြောတာလား၊ ဟား

ဟား ဟား လူတွေကလည်းဗျာ နတ်က

စောင့်ရှောက်မယ်ဆိုရင် နတ်နဲ့ ယူမှာ

ပဲဗျ။ ရုက္ခစိုးက စောင့်ရှောက်မယ်ဆို

ရင်လည်း ရုက္ခစိုးနဲ့ယူမှာပဲဗျ။ သြော်

လူတွေရဲ့ လောဘတွေပေါ့ဗျာ။ တ

အားချမ်းသာချင်၊ တအားတိုးတက်

ချင်တဲ့စိတ်တွေကြောင့် ဒါတွေလုပ်

ကြတာပေါ့ဗျာ”

 

“မင်းပြောတာ ဟုတ်တယ် တာတေ၊

ယောက်ျားက အစိုးရအလုပ်မှာ ရာ

ထူးရာခံ ရချင်လို့၊ မိန်းမကို မင်းလေး

နဲ့ သူကိုယ်တိုင် ပေးစားတာဆိုပဲကွ”

 

“ဗျာ…ဟုတ်လား ကိုကြီးကြည်လှ၊

အခု ခင်ဗျား ဒုံမင်းသွားတီးတဲ့ မင်း

လေးမင်္ဂလာက အဲဒီလိုဟာလား”

 

“အေး …ဟုတ်တယ်ကွ၊ ယောက်ျားက

ထောင်မှူးတဲ့ကွ၊ အဲဒါ ထောင်ပိုင်ကြီး

ဖြစ်ချင်လို့၊ ရာထူးတွေ ခပ်မြန်မြန်တက်

အောင် သူ့မိန်းမကို သူကိုယ်တိုင်

မင်းလေးနဲ့ ပေးစားတာတဲ့ကွ၊ သူ့

မိန်းမရဲ့ အမျိုးတွေရှိတဲ့မြို့မှာ မင်္ဂ

လာ လာလုပ်တာတဲ့ဟေ့”

 

” ဒီလူကလည်း မရှက်ဘူးလားဗျာ”

 

“တာတေနှယ် ရှက်ဖို့နေနေသာသာ

သူကိုယ်တိုင်ကို ဖိတ်စာကမ်းတာဆိုပဲ၊

ပြီးတော့ သူကိုယ်တိုင် ဧည့်ခံတာဟေ့”

 

“အိုဗျာ၊ ကျုပ်ဖြင့်ကြားနဲ့တောင် ရှက်

လိုက်တာဗျာ”

 

“ဟာ တာတေရေ၊ ဒီကိစ္စက သူတို့

လူကုံတန်လောကမှာ ဂုဏ်ယူစရာ

လို ဖြစ်နေတာကွ၊ ဒီလိုလုပ်တာကို

က ဂုဏ်ရှိနေပုံကွ”

 

“ကဲ ဒါဆိုရင်လည်း လူတွေဘက်ကို

ထားပါတောဗျာ၊ သူများမယားကို

ပြောင်ပြောင်တင်းတင်းယူတဲ့ နတ်က

ရော မလွန်ဘူးလားဗျ”

 

“ဟ အဲဒီနတ်က လူဘဝကတည်းက

ကိုရင်မောင်ဆိုတဲ့ လင်ကြီးငုတ်တုတ်

ရှိတဲ့ မရွှေဥကိုတောင် ကြံသေးတာပဲကွ”

 

“အင်း…ဒီလိုတော့လည်း ဟုတ်သားပဲဗျ”

 

“မင်းနှယ် မင်္ဂလာဆောင်တာမှ ကျကျနန

ကို ဆောင်တာနော် တာတေ၊ ဖိတ်စာကို

သေသေချာချာ ရိုက်တာ၊ တောင်ပြုန်း

နယ်ကို အပိုင်စားရတဲ့ ကိုယ်တော်လေး

တို့ ဘာတို့ ထည့်ထားတာကွ၊ ပြီးတော့

မင်္ဂလာအခမ်းအနားကို သေသေချာချာ

ပြင်ဆင်ပြီး ဘိသိပ်ဆရာတွေ ဘာတွေ

နဲ့ ဘိသိပ်သွန်းတာဟေ့”

 

“ဟား ဟား ဟား ဟား တော်ပါတော့

ကိုကြီးကြည်လှရာ၊ ကြာရင် ကျုပ်ရယ်

ရလွန်းလို့ အူတက်လိမ့်မယ်ဗျို့၊ ဒါပေ

မဲ့ ဒါမျိုးတွေ များများလုပ်လေ ဒုံမင်း

ကြည်လှတို့ စီးပွားရေးကောင်းလေပေါ့

ဗျာ၊ ဆောင်ပါစေဗျာ၊ များများဆောင်

ကြပါစေ၊ ဟား ဟား ဟား ဟား”

 

ညောင်ပင်အောက်မှာ မင်းလေးနဲ့

မင်္ဂလာဆောင်တဲ့အကြောင်းတွေပြော

ပြီး ကျုပ်ရယ်၊ သိန်းဇော်ရယ်၊ ကိုကြီး

ကြည်လှရယ် ရွာထဲကို ပြန်လာခဲ့ကြ

တယ်။ ဘုရားပွဲကိစ္စတွေ ပြီးသွားတာ

နဲ့ ကျုပ်ဘယ်ကိုမှ မသွားဘဲ အိမ်မှာ

ပဲ ငြိမ်နေတော့တာပေါ့ဗျာ။ ဒီလိုအ

ချိန်မျိုးဆိုရင် အမေက ကျုပ်ကို ဟင်း

ကောင်း ချက်ကျွေးနေကြလေဗျာ။

 

ဒီနေ့လည်း အမေက အမဲခြောက်တွေ

ရေစိမ်ထားတယ်ဗျ။ ပြီးတော့ ခရမ်းချဉ်

သီးနိုင်းချင်းနဲ့ ငရုတ်ပွသီးနဲ့ ချဉ်ချဉ်စပ်

စပ်ကို ချက်ထားတာဗျ။ ကျုပ်တို့ အညာ

ဟင်းဆိုတာ ဘာပဲချက်ချက် ဆီကတော့

မြုပ်နေတာလေဗျာ။ ပြီးတော့ မောင်မ

ခေါ်ပဲဟင်းလေးက တစ်ခွက်ဗျ။ ခြံစည်း

ရိုးမှာ တွယ်ကပ်နေတဲ့ ဖရုံရွက်၊ ကင်းမုံ

ရွက်၊ ကင်ပွန်းရွက်တွေကို ငရုပ်ပွလေးနဲ့

ပဲ ဆီအိနေအောင် ချက်ထားတာဗျ။

 

ထမင်းစာချိန်ကျတော့ ကျုပ်ဆိုတာ

သုံးပန်ကန်လောက်ကို စားပစ်လိုက်

တာဗျ။ စားလို့ကောင်းချက်ဗျာ။ စား

သောက်ပြီးတော့ နွေရာသီရဲ့ထုံးစံ

အတိုင်းပေါ့ မန်ကျည်းပင်ကြီးရဲ့

အောက်က သစ်သားကွပ်ပျစ်ပေါ်ကို

ကျုပ် ရောက်လာခဲ့တယ်။ ဝါးပိုးခြမ်း

ပေါ်မှာ ပုဆိုးဟောင်းတစ်ထည် ခေါက်

ပြီး ခင်းလိုက်တယ်။ ဒေါင်းလေးနှစ်

ကောင်ပုံပါတဲ့ စဉ့်ဆေးလိပ်ခွက်က

လေးရဲ့နောက်က ဆေးလိပ်ထည့်

တဲ့ အကန့်ကလေးထဲမှာ ထောင့်

ထည့်ထားတဲ့ နဂါးဆေးပေါ့လိပ်က

လေးတွေထဲက တစ်လိပ်ကိုယူပြီး

မီးညှိလိုက်တယ်။

 

ပြီးတော့ သုံးလေးဖွာ ဆက်ပြီးဖွာလိုက်

တယ်။မရတော့ဘူးဗျ။ကျုပ်မျက်လုံး

တွေစဉ်းကျလာပြီ။ စားကောင်းကောင်း

နဲ့နင်းစားလိုက်တော့ ဗိုက်လေးပြီး အိပ်

ချင်လာတာပေါ့ဗျာ။ ဝါးပိုးခြမ်းပေါ်မှာ

ခေါင်းအုံးလိုက်တာနဲ့ ကျုပ်တစ်ခါတည်း

အိပ်ပျော်သွားတော့တာဗျို့။ဘယ်

လောက်ကြာအောင် အိပ်ပျော်သွား

တယ်တော့ မသိဘူးဗျို့။

 

ကျုပ်မျက်စိဖွင့်ကြည့်လိုက်တော့ နေ

တောင်ချိုနေပြီ။ ကျုပ်လည်း ကပျာက

ယာ ထလိုက်တယ်။ နေ့လယ်နေ့ခင်း

အကြာကြီးအိပ်ရင်အဘက ကြိုက်တာ

မဟုတ်ဘူးဗျ။ခဏတဖြုတ်မှေးတာ

လောက်ပဲမပြောတာ၊ ကြာလာရင်

ပြောရောဗျ။

 

“လူကလေး မင်းက တောင်သူမို့လား၊

တောင်သူဆိုတာ အလုပ်က လွှတ်ပေါ

တာ၊ အိပ်နေလို့ရတာ မဟုတ်ဘူးကွ၊

အိပ်နေရင် ထမင်းငတ်သွားလိမ့်မယ်”

 

ဒီစကားတွေက ကျုပ်နားထဲမှာ စွဲ

နေပြီးသားလေဗျာ။ ဒီတော့လည်း

တစ်နေ့ခင်းလုံး အိပ်ပျော်နေတာ

ကို ကျုပ်စိတ်က မလုံမလဲ ဖြစ်နေ

တာဗ်။

 

“ဟဲ့ တာတေ၊ နိုးပြီလား၊ ဒီမှာ

ဧည့်သည်က နင်ကို စောင့်လို့”

 

“ဗျာ …ဘယ်သူတုံး အမေ”

 

“ဘယ်သူတုံး သိချင်ရင် အိမ်ပေါ်လာ

ကြည့်လေဟယ်”

 

ကျုပ်လည်း ကွပ်ပျစ်ပေါ်ကဆင်းပြီး

အိမ်ပေါ်တက်ခဲ့တာပေါ့ဗျာ၊ အိမ်ရှေ့

ခန်းက တန်းလျားလေးပေါ်မှာ ထိုင်

နေတာ ကိုသောင်းကိုဗျ။ ဟိုတလော

ကမှ မင်္ဂလာဆောင်တာလေဗျာ။

 

“ကိုကြီးသောင်းကို ဘယ်က

လှည့်ဝင်လာတာတုံး”

 

“ဘယ်ကမှ လှည့်လာတာ မဟုတ်ဘူး

ကွ တာတေရ၊ မင်းလည်း ရွှေတောင်ဦး

ဘုရားပွဲအပြီးမှာ ပင်ပန်းနေမှာပဲ ဆိုပြီး

လာခေါ်တာကွ၊ ငါ့အဘိုး ဘိုးမင်းဒင်က

သူ့ထန်းတောကို အမွေပေးလို့ ငါရတယ်

တာတေရ၊ အခု ငါ့ထန်းတောကို သွား

မလို့ မင်းကို ဝင်ခေါ်တာ၊ မင်းနဲ့လည်း

တိုင်ပင်စရာကိစ္စလေးတွေ ရှိနေလို့ကွ၊

ထန်းတောရောက်မှာပဲ တို့ညီအစ်ကို

အေးအေးဆေးဆေး ပြောကြဆိုကြ

တာပေါ့ကွာ”

 

ဘိုးမင်းဒင်ရဲ့ ထန်းတောက မသေး

ဘူးဗျ။ ထန်းပင်တစ်ရာလောက်ရှိတယ်၊

ဒါပေမဲ့ ဘိုးမင်းဒင်က ထန်းလုပ်ငန်းကို

ကိုယ်တိုင်လုပ်တာတော့ မဟုတ်ဘူးဗျ။

တခြားသူကို ချထားတာ၊ အခု ဒီထန်း

တောကို ကိုသောင်းကို အမွေပေး

တော့လည်း ကိုသောင်းကိုကလည်း

အရင်လူတွေကိုပဲ ဆက်ပြီးချထား

မှာပါ။ ထန်းတောကိုရောက်တော့

ထန်းတောပိုင်ရှင် ပါလာတာမို့လား

ဗျာ။ထန်းတဲက ကိုထွန်းကျော်တို့

လင်မယားဆိုတာ ပျာနေတော့

တာပေါ့လေ။

 

“ဟာ တာတေပါ ပါလာတာလား၊

ထိုင်လေ တာတေ၊ ဒီဘက်လာကွာ၊

ဒီဘက်က လေလေး တဖြူးဖြူးနဲ့

ထန်းရည်သောက်လို့ သိပ်ကောင်း

တာကြ”

 

ဝါးကွပ်ပျစ်တစ်ခုမှာ ကျုပ်နဲ့ ကိုသောင်း

ကို,ကို နေရာ သေသေချာချာ လုပ်ပေး

သဗျ။ထန်းတောထဲမှာ ရှိသမျှ ကွပ်ပျစ်

မှာလည်းလူက အပြည့်ဗျ။ ဒါပေမဲ့ တ

ချို့ကလည်းမူးနေကြပြီဆိုတော့ ကျုပ်

ကို လက်မြှောက်ပြရုံပြပြီး နှုတ်ဆက်ကြ

တယ်။ပါးစပ်ကလည်းနှုတ်မဆက်နိုင်

ကြတော့ဘူးဗျ။ မူးနေကြပြီ။

 

“နေညိုရင် ရွှေဘိုကို လွမ်းမိပေါ့ကွယ်”

 

တချို့ကောင်တွေကလည်း သီချင်း

တွေကို အော်ဆိုတဲ့လူက ဆိုလို့ပေါ့

ဗျာ။ ဒါဟာ ကျုပ်တို့ အညာသားတွေ

ရဲ့ စည်းစိမ်ပေါ့ဗျာ။

 

“ပန်းနွယ်ကစိမ်း…စိမ်းတယ်၊ စုံနံ့သာ

မြိုင် ရှာပုံဖွင့်ပါလို့ရယ်…”

 

တချို့ကလည်း တွံတေးသိန်းတန်ကို

ဟစ်ကြလို့ဗျ။

 

“မောင့်အပေါ်ဝယ် ဂုဏ်ရည်မတူလို့

လား၊ ငွေစံပယ်ဖြူ ချူချင်သူကများ…”

 

သြော်…လက်စသတ်တော့ ဒုံမင်းကြည်

လှပါ ရောက်နေတာကိုး၊ ကျုပ်ကို ဒီလူ

မမြင်ဘူးဗျ။

 

အမဲခြောက်ဖုတ်ကို ဆီနစ်နေအောင် စိမ်ထားတာတစ်ပွဲလာချတယ်။ ပြီးတော့

ထန်းရည်တစ်မြူ၊ အုန်းမှုတ်ခွက်ကလေး

နှစ်ခွက်၊ ဒါကတော့ ကျုပ်တို့ ထန်းရည်

သောက်တဲ့ ခွက်ပေါ့ဗျာ။

 

“သောက်ကွာ တာတေ၊ ပြီးမှ စကား

ပြောကြတာပေါ့ကွာ”

 

ပထမတစ်ခွက် ဒုတိယခွက် နားထင်းနား

ရင်းတွေ ပူတက်သွားပြီဗျ။ ကိုသောင်းကို

က သုံးခွက် လေးခွက်။ ရပ်လိုက်ပြီး အမဲ

ခြောက်ဖုတ်ကလေး ဝါးကြတယ်။ကျုပ်

ကတော့ အိတ်ကပ်ထဲမှာ ထည့်ယူလာတဲ့

နဂါးဆေးပေါ့လိပ်ကလေးကိုထုတ်ပြီးကြေး

မီးခတ်ကလေးနဲ့ ခတ်ပြီးညှိတယ်။ကိုကြီး

သောင်းကိုကိုလည်း နဂါးဆေးပေါ့လိပ်

တစ်လိပ် ပေးလိုက်တယ်။သူလည်း မီး

ညှိပြီး ဖွာတာပဲဗျ။

 

“ကိုကြီးသောင်းကို ဘာများကိစ္စ

အထူးအထွေ ရှိလို့တုံးဗျ”

 

ကျုပ်က ဆေးပေါ့လိပ် ဖွာရင်းကနေ

စကားစပေးလိုက်တယ်။

 

“တာတေ ငါတော့ ဒုက္ခရောက်နေပြီကွ။

ပြီးတော့ ဒီကိစ္စကို မင်းကလွဲရင် ဘယ်

သူ့ကိုမှ ငါမပြောရဲဘူးကွာ။ ဒါကြောင့်

မင်းကို ထန်းတောထဲကို ခေါ်လာပြီး

ပြောရတာကွ။ ပြီးတော့ ငါလည်း စိတ်

တွေ တော်တော်ထွေနေလို့ ထန်းရည်

သောက်ချင်နေတာကွ။ သောက်ကွာ။

သောက်ရင်းစားရင်းနဲ့ ငါက ပြောမယ်

မင်းကလည်း သောက်ရင်းစားရင်း

နားထောင်ကွာ”

 

“ဟုတ်ကဲ့ ကိုကြီးသောင်းကို၊ ဘာဒုက္ခ

တွေများရောက်နေလို့တုံးဗျ”

 

“ဒီလို တာတေရဲ့၊ ငါ အိမ်ထောင်ကျတာ

ဘယ်လောက်ရှိပြီလို့ မင်းထင်တုံး”

 

ကိုကြီးသောင်းကိုက ဗြုန်းစားကြီးမေး

တော့ ကျုပ်လည်း ဘာပြောရမှန်း မသိ

ဘူးဗျ။ အိမ်ထောင်ပြုတာက ကျုပ်မှ

မဟုတ်တာ၊ ကျုပ်က ရက်တွေလတွေ

ကို ဘယ်လိုလုပ်ပြီး မှတ်မိနေမှာတုံးဗျ။

 

“ငါနဲ့ နှောင်းညို အိမ်ထောင်ကျတာ

သုံးလပြည့်ပြီကွ”

 

“သြော် …ကိုကြီးသောင်းကို အိမ်ထောင်

ကျတာ သုံးလတောင် ရှိပြီပဲ၊ ကျုပ်စိတ်

ထဲမှာ သိပ်မကြာသေးဘူးပဲ ထင်နေ

တာဗ်”

 

“ဟုတ်တယ် တာတေ၊ ငါ အိမ်ထောင်

ကျတာတော့ သုံးလရှိပြီ၊ ဒါပေမဲ့ ငါ

အခုထက်ထိ အိမ်ထောင်သည် မဖြစ်

သေးဘူးကွ”

 

“ဗျာ၊ ဘယ်လိုဗျ ကိုကြီးသောင်းကို”

 

ကျုပ်ဖြင့် သူ ဘာပြောတာမှန်း နားကို

မလည်တာဗျ။

 

“ငါ အခုထက်ထိ နှောင်းညိုနဲ့ လင်

မယားအရာ မမြောက်သေးဘူးကွ

တာတေရ”

 

“ဟာ…ဘယ်လိုကြောင့်တုံးဗျ”

 

“ငါအမှန်အတိုင်းပြောရရင် လင်ရယ်

မယားရယ်ဆိုပြီး ခုထက်ထိ နှောင်းညို

အနားကို ကပ်လို့ကို မရသေးတာကွ”

 

“ဟင်၊ ဘယ်လိုကြောင့်တုံး၊ မနှောင်း

ညိုက လက်ထပ်ပြီးမှ စိတ်ပြောင်းသွား

လို့လား၊ ကိုကြီးသောင်းကိုနဲ့ မပေါင်း

သင်းချင်တော့လို့လား”

 

“အဲဒီလို မဟုတ်ဘူးကွ၊ နှောင်းညိုနဲ့

ငါနဲ့က တစ်ယောက်နဲ့တစ်ယောက်

ကြိုက်ပြီးမှ ယူတာပဲကွာ၊ မပေါင်း

သင်းချင်ဘဲ ရှိပါ့မလား တာတေရ”

 

“နို့ ဘယ်လိုဖြစ်တာတုံး”

 

“ငါတို့နှစ်ယောက် အတူနေမယ်လို့

ကြံလိုက်တာနဲ့ နှစ်ယောက်စလုံး

အိပ်ပျော်သွားကြရောကွ၊ ငါကတော့

တစ်ညလုံး တစ်ရေးမှကို မနိုးတော့

ဘဲ မနက်မိုးလင်းမှ နိုးလာတာကွ၊

နှောင်းညိုလည်း ဒီလိုပဲ၊ အေး…ပြီး

တော့ ပြောရဦးမယ်၊ ငါက နိုးလာ

ရင် အိပ်ရာထဲမှာ ဘယ်တော့မှ ရှိ

နေတာ မဟုတ်ဘူးကွ၊ အိပ်ခန်း

အပြင်ဘက်ကို ကြမ်းပြင်ပေါ်ကို

ရောက်နေတာချည်းပဲ”

 

“ဟာ ကိုကြီးသောင်းကိုဟာက

အထူးအဆန်းပဲဗျ”

 

ကျုပ်ရော ကိုသောင်းကိုရော ထန်းရည်

တစ်ခွက်စီ ထပ်သောက်လိုက်ကြတယ်ဗျ။

 

“အေး…အဲဒါနဲ့ ငါ အိပ်ရာခွဲအိပ်ကြတယ်

ကွ၊ အဲဒီလို ခွဲအိပ်တော့ ဘာမှမဖြစ်ဘူး၊

အတူနေမယ်လို့ ကြံလိုက်တိုင်း ငါ့မှာ

ကြမ်းပြင်ပေါ်မှာ မိုးလင်းသွားတာချည်း

ပဲကြ”

 

“ဒီကိစ္စကို မနှောင်းညိုရော သိသလား”

 

“ဟ…သိတာပေါ့ တာတေရ၊ သူရော

ငါရော အတူတူ ဖြစ်နေတာပဲလေ၊

သူကတော့ ငါလို ကြမ်းပြင်ပေါ် မ

ရောက်ဘူးကွ၊ ဒါပေမဲ့ သူလည်း အိပ်

ပျော်သွားတာချည်းပဲ၊ ငါဆိုတာ စိတ်

ကို ဘယ်လိုပဲ တောင့်ထား တောင့်

ထား မရဘူးဟေ့၊ အိပ်ပျော်သွား

တာချည်းပဲ။ အိပ်ပျော်သွားရင်လည်း

ထင်းတုံး၊ လက်ပံတုံးလိုပဲ ဘာမှကို

မသိတော့တာကွငါက ဒီကိစ္စကို

လူကြီးတွေကို ဖွင့်ပြောမယ်လို့

နှောင်းညိုကို တိုင်ပင်တော့

နှောင်းညိုက မပြောဖို့ တား

ထားတယ်”

 

“ဟင် ဘာဖြစ်လို့တုံးဗျ”

 

“လူကြီးတွေကို ပြောရမှာ ရှက်လို့ပေါ့

ကွာ၊ ဒါပေမဲ့ တာတေရ၊ မနေ့ကတော့

နှောင်းညိုက ပြောတယ်ကွ”

 

“ဟင်၊ ဘာပြောလို့တုံး”

 

“ကိုသောင်းကိုမှာ ရင်းနှီးတဲ့ ဆရာ

သမားတွေ ဘာတွေ မရှိဘူးလားတဲ့၊

ရှိရင် တိုးတိုးတိတ်တိတ် တိုင်ပင်ကြည့်

ပါလား၊ ဒီကိစ္စ သိပ်မရိုးဘူးထင်တယ်

လို့ ပြောတယ်ကွ”

 

“သြော်…ဒါကြောင့် ကိုကြီးသောင်းကို

က ကျုပ်နဲ့ လာပြီးတိုင်ပင်တာပေါ့

ဟုတ်လားဗျ”

 

“အေးလေကွာ၊ ဒီကိစ္စတွေ အတွေ့

အကြုံရှိတာ မင်းပဲရှိတာ တာတေရာ၊

တခြားသူကိုလည်း ငါမပြောရဲဘူးကွ၊

မင်းသိတဲ့အတိုင်းပဲ လူ့ပါးစပ်ဆိုတာ

ပိတ်လို့ရတာ မဟုတ်ဘူး။ တစ်ယောက်

သိရင် တစ်ရွာလုံး သိမှာလေကွာ၊တို့ရွာ

အကြောင်းလည်း မင်းသိသားပဲကွာ”

 

ဟုတ်တော့လည်း ဟုတ်သားဗျ။

ဒီလိုထူးဆန်းတဲ့ကိစ္စမျိုးဆိုရင် ကျုပ်

တို့ရွာသားတွေက နေပူမရှောင် မိုး

ရွာမရှောင်ကို လိုက်ပြီး သတင်းဖြန့်

ကြတာဗျ။စေတနာ့ဝန်ထမ်းတွေပေါ့ဗျာ။

 

“ဟုတ်တယ် ကိုကြီးသောင်းကို၊

ဒီကိစ္စကို ဘယ်သူမှ ငါနဲ့ နှောင်းညို

ပြီးရင် မင်းပဲ ရှိတာပါ”

 

” စိတ်ချ ကိုကြီးသောင်းကို၊ ကျုပ်ဆီ

ကတော့ မပေါက်ကြားစေရဘူး”

 

“ဟာ ငါ မင်းကို ယုံပါတယ် တာတေရာ၊

ယုံလို့လည်း အခုလို မင်းကို ဖွင့်ပြောပြီး

တိုင်ပင်တာပေါ့ကွ”

 

ကျုပ်လည်း နဂါးဆေးပေါ့လိပ်ကလေး

မီးညှိပြီး ဖွာလိုက်တယ်။ ပြီးတော့ ဒါ

ဘာဖြစ်တာတုံးဆိုတာ တွေးတာပေါ့ဗျာ။

ကိုသောင်းကိုကတော့ စိတ်တော်တော်

ကို ညစ်နေပုံပဲဗျ။ လူမသိအောင် ဟန်

ဆောင်နေရပေမယ့် အတွင်းမှာတော့

တော်တော်ကို ကျိတ်ခဲနေရပုံပေါ့ဗျာ။

ထန်းရည်ကို တစ်ခွက်ပြီးတစ်ခွက်

သောက်တော့တာဗျို့။ ကိုသောင်းကို

ရဲ့ ထန်းတောကို ဆွဲထားတဲ့ ကိုထွန်း

ကျော်ကလည်း ထန်းရည် တစ်မြူပြီး

တစ်မြူ၊ အမြည်း တစ်ပန်းကန်ပြီး

တစ်ပန်းကန် ချပေးရောဗျ။

 

“ငါ ကြားဖူးတာတွေတော့ ရှိတာပေါ့

ကွာ၊ နှောင်းညိုက သိုက်ကလာလို့

များသူလာခဲ့တဲ့သိုက်က အိမ်ထောင်

ပြုတာကို လိုက်နှောင့်ယှက်နေတာ

လားလို့ တာတေရ”

 

“အင်း…ဒါမျိုးလည်း ဖြစ်နိုင်တာပဲဗျ၊

ဒါပေမဲ့ ဘာဖြစ်တာဆိုတာကတော့

ရမ်းပြောလို့ မဖြစ်သေးဘူး ကိုကြီး

သောင်းကိုရဲ့ ”

 

“ဟုတ်တာပေါ့ တာတေရာ၊ ငါ့ညီကို

ပဲ အားကိုးပါတယ်ကွာ”

 

ကျုပ်လည်း ထန်းရည်တစ်ခွက် ထပ်

သောက်ပြီး အမဲခြောက် ဝါးတယ်။

ပြီးတော့ နဂါးဆေးပေါ့လိပ်ကလေး

ဖွာလိုက်တယ်။ ကိုကြီးသောင်းကို

ရင်ဆိုင်နေရတဲ့ကိစ္စက သိပ်လွယ်

မယ်လို့ ကျုပ်မထင်ဘူးဗျ။ ဘာဆို

တာတော့ ကျုပ် မသိသေးပါဘူး။

ဒါပေမဲ့ ခုအချိန်အထိ မနှောင်းညိုနဲ့

ပေါင်းသင်းမှာကို အနှောင့်အယှက်

ပေးနေတယ်ဆိုတော့ ဒီကိစ္စဟာ

ပေါ့သေးသေးကိစ္စ ဘယ်ဟုတ်မှာ

တုံးဗျာ။ အဲဒီညနေက ကိုသောင်း

ကိုရော ကျုပ်ရော ထန်းရည်တော်

တော်လေးထွေသွားတယ်ဗျ။

 

“ကဲ ကိုကြီးသောင်းကို အခုအတိုင်း

သာ ဆက်နေလိုက်ဦးဗျာ၊ ကျုပ် ဒီ

ကိစ္စကို ရှင်းရှင်းလင်းလင်းသိအောင်

လုပ်လိုက်ပါ့မယ်၊ ဘာဖြစ်တယ်ဆို

တာသိရင် ဘာလုပ်ရမယ် ဆိုတာ

လည်း သိလာမှာပါဗျာ”

 

“ငါညီ တာတေကို ကိုကြီး အားကိုးပါ

တယ်ကွာ၊ တခြားလူတော့ တစ်ယောက်

မှ မသိပါစေနဲ့ကွာ၊ ကိုကြီး ရှက်လွန်းလို့ပါ”

 

“ဟာ ဒီအတွက်တော့ စိတ်ချပါ

ကိုကြီးသောင်းကို၊ ကျုပ် တစ်ယောက်

တည်း လုပ်မှာပါဗျာ”

 

အိမ်ပြန်ရောက်တော့ မိုးတောင်ချုပ်နေ

ပြီဗျ။

 

“ဟဲ့ တာတေ၊ နင် ထမင်းရော

စားနိုင်ပါဦးမလား”

 

“စားနိုင်ပါတယ် အမရ”

 

“သိပါဘူး၊ သောင်းကိုနဲ့လိုက်သွားပြီး

ထန်းရည်တွေ သောက်လာတော့ ဗိုက်

ကြီးကယ်နေပြီလားလို့ပါတော်”

 

“မကယ်ပါဘူး အမေရ၊ ကျုပ်က

သိပ်မသောက်ပါဘူး”

 

“လေး၊ ငါးမြူလောက် ရှိမှာပါ၊

ဟား ဟား ဟား ဟား ”

 

အဘက ဝင်ပြောပြီး ရယ်တာဗျ။

အမေကလည်း ရောပြီးရယ်နေတယ်။

တကယ်တော့ ကျုပ်ကလည်း ညာ

ပြောတာဗျ။ ဘယ့်နှယ် ဗိုက်မကယ်

ဘဲ နေမလားဗျာ၊ တစ်မြူပြီးတစ်မြူ

ထိုင်သောက်နေတာလေ။

 

“ဟဲ့ တာတေရဲ့၊ အဲဒီထန်းတောက

သောင်းကိုကို သူ့ဘိုးက လက်ဖွဲ့

တာဆို”

 

“ဟုတ်တယ် အမေ၊ ကိုကြီးသောင်းကို

ပြောတယ်”

 

“နို့ ထန်းတက်တာတော့ ထွန်းကျော်

တို့ပဲမို့လား”

 

“ကိုထွန်းကျော်ကိုပဲ ဆက်ချထားတာပါ”

 

“အေး …အေး ကောင်းပါတယ်ဟယ်

နို့မို့ဆို ထွန်းကျော်ခမျာ လုပ်ကိုင်စား

စရာ ရှိမှာမဟုတ်ဘူး”

 

ကျုပ်လည်း ဗိုက်တော်တော်ချောင်

တော့မှ ထမင်းနည်းနည်းစားပြီး ဆေး

လွယ်အိတ်ကို ပြင်ဆင်လိုက်တယ်။

 

“ဟဲ့ နင်က ဒီလွယ်အိတ်နဲ့ ဘယ်သွား

ဦးမလို့တုံး”

 

“ကိစ္စလေး နည်းနည်းရှိလို့ အမေရဲ့”

 

” ညနေက သောင်းကိုလာတာ

ထူးတော့ ထူးတယ်လို့ ငါ့ထင်သား”

 

ကျုပ်က ဘာမှမပြောတော့ အမေရော

အဘရောက ဘာမှမမေးတော့ပါဘူး။

အမေရော အဘရော အိပ်သွားမှ ကျုပ်

ဝိုင်းထဲက ထွက်ခဲ့တာဗျ။ ဒီကိစ္စကို

ကျုပ် အချိန်မဆိုင်းချင်ဘူး။ ကိုကြီး

သောင်းကိုအတွက် ကျုပ်စိတ်မကောင်း

ဘူးဗျ။ ညဆယ့်တစ်နာရီဆိုတော့

ကျုပ်လည်း ထန်းရည်မူး ပြေနေပါ

ပြီဗျာ။ မျက်ကွင်းဆေးလည်း ကွင်း

ထားပြီးပြီလေ။ ကျောက်ခဲကတော့

ဘယ်ပဲသွားသွား သူ့ကို အဖော်

ခေါ်ပါလို့ ပြောထားတာဗျ။

 

ဒါပေမယ့် ဒီကိစ္စကို ကျုပ်တစ်ယောက်

တည်းပဲ လုပ်ချင်တယ်။ တခြားသူသိ

လို့လည်း မဖြစ်သေးဘူးလေဗျာ။ ကို

ကြီးသောင်းကို ဖြစ်နေတဲ့ကိစ္စကတော်

တော်လေးကို ထူးဆန်းနေတာဗျ။

 

ပြီးတော့ သူ့ခမျာ အိမ်ထောင်ကျတာမှ

သုံးလရှိသေးတယ်။ ဒီလိုကိစ္စမျိုး ဖြစ်တယ်

ဆိုတော့ ရွာထဲက လူတွေသာ သိသွား

လို့ကတော့ဗျာ ကျော်မကောင်း ကြား

မကောင်း ဖြစ်တဲ့အထိကို ပြောကြမှဗျ။

 

တာတေက ထနောင်းကုန်းသားပဲဗျာ။

ထနောင်းကုန်းသားတွေအကြောင်း

နောကြောပြီးသားပါ။ ဒါကြောင့်လည်း

တစ်ယောက်တည်း လာခဲ့ရတာဗျ။

ကိုသောင်းကိုတို့ဝိုင်းက တောင်ပိုင်းမှဗျ။

တောင်ပိုင်းမှာ အကျယ်ဆုံးဝိုင်း၊အကြီး

ဆုံးအိမ်ဟာ ကိုသောင်းကိုတို့ မိဘများ

အိမ်ပဲပေါ့ဗျာ။ ကိုသောင်းကိုတို့ဝိုင်း

ကလည်း ကျုပ်တို့ဝိုင်းလိုပဲဗျ။

 

ခွေးတွေဘာတွေ မရှိဘူး။ ကျုပ်က

ခြံစည်းရိုးနား ကပ်နေတဲ့ မန်ကျည်း

ပင်ကြီးပေါ်ကို ဖက်တက်လိုက်တယ်

မန်ကျည်းပင်က အကြီးကြီးဗျာ။

ကျုပ်တို့ဝိုင်းထဲက မန်ကျည်းပင်ကြီး

ထက်တောင် နည်းနည်းပိုကြီးမယ်

ထင်တယ်။ ကျုပ်က အလုံခြုံဆုံး

နေရာအထိ တက်ခဲ့တယ်။

 

ကိုင်းကြီးတွေကလည်း အကြီးကြီးတွေ

ဆိုတော့ သစ်ပင်ပေါ်မှာ ကျုပ်အိပ်နေ

ရင်တောင် ကျုပ်ကို အောက်က မော့

ကြည့်ရင် တွေ့မှာမဟုတ်ဘူးဗျ

 

“အောက် အီး အီး အွတ်”

 

ဟော သန်းခေါင်ကြက်တောင် တွန်ပြီဗျ။

ကျုပ်သေသေချာချာ သတိထားပြီး လိုက်

ကြည့်လိုက်တယ်။ရွာထဲဘက်ကိုလည်း

ကျုပ်သတိထားကြည့်တယ်။

 

“ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်”

 

ဟော ခွေးဟောင်သံတွေဗျ။ ရွာအ

နောက်ဘက်က ကြားတာ။

 

“ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်”

 

ခွေးဟောင်သံက တောင်ပိုင်းကို ရွေ့

လာသလိုပါပဲဗျ။ ဟိုမှာ ဖြူဖြူကြီးဗျ။

ဘာကောင်မှန်းတော့ ကျုပ်မသိဘူး။

ရွာလမ်းအတိုင်းလျှောက်လာတာ

ကျုပ်သေသေချာချာကြည့်လိုက်တယ်။

ဟာ လျှောက်လာတာ မဟုတ်ဘူးဗျ။

ရွေ့လာတာ၊ ရွေ့လာတာ။ ဟာ ကိုကြီး

သောင်းကိုတို့ဝိုင်းထဲကို ဝင်လာတာ

ဗျို့။ပိတ်ထားတဲ့ ဝိုင်းတံခါးကို ဖြတ်

ပြီးဝင်သွားတာ။ ဟာ အိမ်တံခါးကို

လည်း ဒီအတိုင်းဖြတ်ပြီး ဝင်သွား

တာဗျ။ ကျုပ်လည်း အသက်ရှု

တောင် ရပ်သွားသလိုပဲဗျို့။

 

ကျုပ် အိမ်ကြီးကို ကြည့်နေတယ်။

ဘာလုပ်ရမှန်းတော့ မသိသေးဘူးဗျ။

ကိုကြီးသောင်းကိုကို အိပ်မွေ့ချပြီး

အိပ်ခန်းအပြင်ဘက်ကို ပို့ထားတာ

ဒီဖြူဖြူကောင် ဆိုတာကိုတော့ ကျုပ်

တွေးမိတယ်ဗျ။ ဒါပေမဲ့ သူ့ပုံစံက

သဲသဲကွဲကွဲပုံစံ မဟုတ်ဘဲ ဖြူဖြူ

သဏ္ဌာန်တစ်ခုပဲ မြင်ရတာဗျ။

 

ဟာ ထွက်လာပြီဗျို့၊ ထွက်လာပြီ။

ဟာ ဒီတစ်ခါတော့ ပီပီပြင်ပြင် မြင်

ရပြီဗျို့။ ဟင်…နန်းဝတ်နန်းစားနဲ့ဗျ။

ခေါင်းမှာလည်း ပုဝါပြောင်းလို့၊ လ

ရောင် မရှိပေမဲ့ ကြယ်ရောင်နဲ့တော့

ခပ်ဝါးဝါး မြင်ရတာပေါ့ဗျာ။ ဒါ ဘယ်

လိုပုဂ္ဂိုလ်တုံးဗျ။ နာနာဘာဝမှ ဟုတ်

ရဲ့လား။ နတ်တွေ ဘာတွေများ ဖြစ်

နေမလားပဲ နတ်ဆိုရင်တော့ သူ့

ထက်မြင့်တဲ့ မန်ကျည်းပင်ပေါ်မှာ

တက်နေတဲ့ ကျုပ်ကို တစ်ခုခု

လုပ်သွားရင်တော့ ဒုက္ခပဲဗျာ။

 

ကျုပ် ကတ္တီပါအိတ်ရှုံ့လေးနဲ့ထည့်ပြီး

ကျုပ်ကိုယ်မှာ စလွယ်သိုင်း လွယ်ထား

တဲ့ မဖဲဝါကိုယ်ပွားရုပ်ကလေးကို ယောင်

ပြီး ဆုပ်ထားလိုက်မိတယ်။ မဖဲဝါကို

ပင့်လိုက်ရင် ကောင်းမလားလို့ တွေး

လိုက်သေးတယ်ဗျ။ ဒါပေမဲ့ ဘာလဲဆို

တာကို ဆုံးအောင်ကြည့်သင့်သေးတယ်

လို့ ကျုပ်တွေးမိတာနဲ့ မပင့်သေးဘဲ

ထားလိုက်တယ်။

 

နန်းဝတ်နန်းစားနဲ့လူက နောက်ကို

လှည့်ကြည့်ပြီး သူ့လက်နှစ်ဖက်ကို

ဆန့်တန်းလိုက်တယ်။ ဟာ နောက်

တစ်ယောက် အိမ်ထဲက ထွက်လာ

ပြန်ပြီဗျို့။ ဒါ ဘယ်သူတုံး၊ စောစော

က ဝင်သွားတာ ဖြူဖြူအရိပ်တစ်ခု

တည်းပါ။ အခု ပြန်ထွက်လာတော့

နှစ်ယောက်ဖြစ်နေတာ ဘာသဘော

တုံးဗျ။ ကျုပ်သေသေချာချာကြည့်

တယ်။ ကြယ်ရောင်ကလေးနဲ့ပဲ

ကြည့်ရတာဗျ။

 

ဟာ မနှောင်းညိုဗျ။ ကိုသောင်းကိုရဲ့

မိန်းမမနှောင်းညို။မနှောင်းညိုကလည်း

နန်းတွင်းသူတွေလိုပဲ ဝတ်စားထားတာ

ဗျို့။သူလည်း တံခါးကို ဖြတ်ထွက်သွား

တာ။ ကျုပ်ဆိုတာ အံ့သြလွန်းလို့ အော်

လိုက်မိတော့မလို့ဗျာ။ မနည်းကို သတိ

ထားလိုက်ရတယ်။

 

ဟော…ဟိုလူက မနှောင်းညိုရဲ့လက်ကို

လှမ်းဆွဲလိုက်တယ်ဗျ။ ဟာ နှစ်ယောက်

စလုံး လေထဲမှာ ရွေ့သွားတာဗျ။ လမ်း

လျှောက်သွားတာ မဟုတ်ဘူး။ ကျုပ်တွေး

မိပြီဗျို့။ မနှောင်းညိုရဲ့ကိုယ်ပွား ထွက်

သွားတာဗျ။ ကျုပ်အတတ်ပြောနိုင်တယ်။

အိပ်ရာထဲမှာ မနှောင်းညိုရဲ့ခန္ဓာကိုယ်

က အိပ်နေမှာ သေချာတယ်။ပြီးတော့

မနှောင်းညိုရဲ့ ကိုယ်ပွားကို လာခေါ်တဲ့

သူက ကိုသောင်းကိုတို့ တစ်အိမ်လုံးကို

အိပ်မွေ့ချထားပုံရတယ်ဗျ။ ဒါကြောင့်

တစ်အိမ်လုံး မိုးလင်းမှ နိုးကြတာ ဖြစ်

မယ်။ ဟော သွားကြပြီဗျို့။

 

ဘယ်ကိုသွားတယ်တော့ မသိဘူးဗျ။

ရွာအရှေ့ဘက်က ရွှေတောင်ဦးစေတီ

ဘက်ကို သွားကြတာပဲဗျ။ လေထဲမှာ

ရွေ့ပြီးတော့ သွားကြတာဗျ။

 

ကျုပ် ဘာလုပ်ရင်ကောင်းမလဲလို့ စဉ်း

စားတယ်။ အခုနေ အိမ်ပြန်သွားလို့လည်း

ဘာမှသိသွားတာမှ မဟုတ်တာ။ထူးခြား

လို ထူးခြားငြား သေသေချာချာတော့

စောင့်ကြည့်မယ်လို့ ကျုပ် ဆုံးဖြတ်လိုက်

တယ်။ လာမိမှတော့ မထူးပါဘူးဗျာ။

လင်းကြက်တောင် ဆော်နေပြီဗျ။

 

“ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်”

 

အရှေ့ပိုင်းက ခွေးဟောင်သံတွေ ကြား

တာနဲ့ ကျုပ် စောင့်ကြည့်နေတယ်။ကျုပ်

က အရှေ့ဘက်ကို မျှော်ကြည့်နေတာဗျ။

ဟင် ကျုပ်အိမ်ကြီးဘက်ကို လှည့်ကြည့်

လိုက်တော့ ဟာ ဘယ်တုံးက ဝိုင်းထဲ

ရောက်နေမှန်း ကျုပ် မသိလိုက်ဘူးဗျ။

 

ဟိုလူရော မနှောင်းညိုရော နန်းတွင်းအ

ဝတ်အစားတွေနဲ့ ပြန်ရောက်နေတယ်။

မနှောင်းညိုက အိမ်တံခါးကိုဖြတ်ပြီး အိမ်

ထဲကို ဝင်သွားတယ်။ ဟိုလူက ဝင်မလိုက်

ဘူးဗျ။ အိမ်ဝကပဲ လှည့်ပြန်သွားတယ်။

ဟာ ပျောက်သွားပြီဗျို့။ နည်းနည်းလေး

ရွေ့သွားပြီး ဖြတ်ကနဲ ပျောက်သွားတာ

ဗျ။ ကျုပ်လည်း အာရုံမလာခင် ကပျာ

ကယာ မန်ကျည်းပင်ပေါ်က ဆင်းလာ

ခဲ့တယ်။ ကျုပ်ဝိုင်းထဲ ပြန်ရောက်တော့

လင်းကြက်တွေ ဆော်လို့ဗျ။

 

“အောက် အီး အီး အွတ်”

 

“အောက် အီး အီး အွတ်”

 

ကျုပ်လည်း စေ့ထားတဲ့ တံခါးကို

အသာလေးဖွင့်ပြီး အိမ်ထဲကို ခြေဖွပြီး

ဝင်ခဲ့တယ်။ ပြီးတော့မှ အိပ်ရာထဲ ဝင်

အိပ်လိုက်တယ်။ ဒီအကြောင်းကို ကျုပ်

ဘယ်သူ့ကိုမှ မပြောရဲဘူးဗျ။ ကိုကြီး

သောင်းကို တွေးသလို မနှောင်းညို

ဟာ သိုက်ကလာတာ များလားလို့

ကျုပ်တွေးကြည့်တယ်။ကျုပ်မြင်ခဲ့တဲ့

အနေအထားနဲ့ဆိုရင် ဖြစ်နိုင်စရာတော့

ရှိတာပေါ့ဗျာ။ မနှောင်းညိုရော လာခဲ့

တဲ့ လူရော နန်းဝတ်နန်းစားတွေ ဝတ်

ထားကြတာလေဗျာ။

 

မနှောင်းညိုက ကိုယ်ပွားထွက်ပြီး လိုက်

သွားတာဗျ။ ဘယ်တွေကို သွားကြတာ

လဲဆိုတာတော့ ကျုပ်လည်း မသိဘူးဗျ။

ဒီအကြောင်းတွေကို တွေးရင်းနဲ့ ကျုပ်

မှေးကနဲ အိပ်ပျော်သွားတယ်။ ကျုပ် နိုး

လာတော့ မနက်ဆယ်နာရီတောင် ထိုး

နေပြီဗျို့၊ ကျုပ် ညက မိုးလင်းကာနီးမှ

ပြန်လာတယ်ဆိုတာ သိနေလို့ထင်တယ်။

 

ကျုပ်ကို မနှိုးဘဲ ထားလိုက်တာဗျ။

ကျုပ်နိုးလာတော့လည်း ဒီအကြောင်း

ကိုပဲ ဆက်ပြီး တွေးမိတော့တာပေါ့ဗျာ။

ဒီကိစ္စကြီးကို ကျုပ်တော့ ဘယ်လိုမှကို

မတွေးတတ်တော့ဘူးဗျို့၊ ဒါပေမဲ့ လွယ်

လွယ်ကူကူ ကိစ္စတော့ မဟုတ်ဘူးဆို

တာတော့ ကျုပ် နားလည်သွားတယ်။

ဒီကိစ္စကို ကျုပ် မဖဲဝါကို မေးရတော့

မှာပေါ့ဗျာ။ ဒါပေမဲ့ နတ်ကတော်ပင့်ပြီး

စားပွဲသောက်ပွဲနဲ့ မေးရင်လည်း ပေါက်

ကြားသွားမှာ စိုးရတယ်ဗျ။

 

ပေါက်ကြားလို့တော့ မဖြစ်ဘူး။ဒီကိစ္စ

က ကာယကံရှင် နှစ်ယောက်အတွက်

တစ်ဘဝလုံးနဲ့ဆိုင်တဲ့ကိစ္စဗျ။ဒါကို ကျုပ်

နားလည်တယ်။ နောက်ဆုံးတော့ ကျုပ်

တွေးလိုက်တယ်။ မဖဲဝါ ကျုပ်ကို အပ်

နှင်းထားတဲ့ သူ့ရဲ့ ကိုယ်တူကိုယ်ခွဲ

အရုပ်ကလေးကပဲ မေးမှဖြစ်မယ်လို့

ပေါ့ဗျာ။ တစ်နေ့လုံး အဘနဲ့ကူပြီး

နှမ်းတွေလှမ်း၊ ဖုန်တွေသဲတွေ မပါ

အောင် ပြာတီးပြီး အိတ်သွတ်ရတယ်။

 

နှမ်းအိတ်တွေကို သေသေချာချာထည့်

ပြီး အိမ်အောက်ထပ်မှာစီပြီး ထပ်ထား

ရတယ်။ လုပ်ရင်းကိုင်ရင်းနဲ့ တစ်နေ

ကုန်တာပါပဲဗျာ။ ညရောက်တော့ အ

မေချက်ထားတဲ့ ‘ဝက်သချဉ်’ဟင်းလေး

ကလည်း ကောင်းလိုက်တာမှ မပြော

ပါနဲ့တော့ဗျာ။ အောက်ပြည်က ပြန်

လာတဲ့ အရီးအုန်းစိန်တို့ ပါလာတာ

တဲ့ဗျ။ ဝက်သားအချဉ် ထည့်ထား

တာလေဗျာ။

 

တာတေဆိုတဲ့ ကျုပ်ကလည်း ဝက်သား

များဆိုရင် ဝက်သချဉ်ဖြစ်ဖြစ်၊ ဝက်သ

ချိုဖြစ်ဖြစ် အားလုံးကြိုက်ပြီးသားပဲဗျ။

ညကိုးနာရီထိုးလောက်ရောက်တော့

ကျုပ်လည်း မျက်စိကို ဖွင့်မရတော့ဘူး

ဗျို့။ အိပ်ရာထဲ ဝင်ခဲ့ရတော့တာပဲဗျာ။

 

မအိပ်ခင်တော့ ကျုပ် သေသေချာချာ

ပြောခဲ့ပါတယ်။မဖဲဝါရဲ့ ကိုယ်ခွဲရုပ်က

လေးကိုကိုင်ပြီး မဖဲဝါကို ကျုပ်ပင့်ရတာ

ပေါ့ဗျာ။

 

“သင်္ချိုင်းရှင်မ မဖဲဝါ၊ ကျုပ်တို့ထနောင်း

ကုန်းမှာတော့ ထူးထူးဆန်းဆန်းတွေ ဖြစ်

နေပြီကောဗျာ၊ ကိုသောင်းကိုရဲ့မိန်းမ

မနှောင်းညိုကို နန်းဝတ်နန်းစား ဝတ်ထား

တဲ့ လူတစ်ယောက်က ညတိုင်းလာပြီး

ခေါ်သွားလို့ဗျ မဖဲဝါရဲ့။ ဒီလူက မနှောင်း

ညိုရဲ့ ကိုယ်ပွားကိုထုတ်ပြီး ခေါ်သွား

တာ။ မခေါ်ခင် တစ်အိမ်လုံးကိုလည်း

အိပ်မွေ့ချထားပုံရတယ်ဗျ၊ ကိုသောင်း

ကို,ကိုလည်း အိပ်ခန်းအပြင်ကို အမြဲ

ပို့ထားခဲ့တာဗျာ။ ကိုသောင်းကိုလည်း

တော်တော် စိတ်ညစ်နေရှာပြီ မဖဲဝါ။

ဘာဖြစ်တာတုံးဆိုတာ ကျုပ်သိချင်

တယ်။ ပြီးတော့ မဖဲဝါ ကူညီပါလို့

ကျုပ်က တောင်းဆိုပါတယ်ဗျာ”

 

မဖဲဝါရဲ့ ကိုယ်ခွဲအရုပ်ကလေးကို

ကျုပ် ခေါင်းအုံးအောက်မှာ ထားပြီး

အိပ်လိုက်တယ်။ ခါတိုင်းလိုပဲဗျ။

လေတွေ တဝေါဝေါ တိုက်နေတဲ့ နေ

ရာတစ်ခုကို ကျုပ်ရောက်နေတယ်။

အိပ်မက်ထဲမှာ ကျုပ်မြင်နေကျ ဆယ့်

နှစ်ရာသီအပင်ကြီးကိုလည်း တွေ့

နေရတယ်။ ဆယ့်နှစ်ရာသီပွင့်အဝါ

တွေက တစ်ပင်လုံး ထိန်နေအောင်

ကို ပွင့်တော့တာဗျ။ဆယ့်နှစ်ရာသီ

အောက်ကို ရပ်နေတာက မဖဲဝါဗျ။

ကျုပ်နဲ့ရွယ်တူပုံစံ ဖန်ဆင်းထား

တာပေါ့ဗျာ။ အိပ်မက်ထဲမှာ ကျုပ်

တွေ့နေကျ ကောင်မလေးပါပဲ။

 

“တာတေ နင့်ကို ငါပြောပြမယ်၊သောင်း

ကိုနဲ့ယူတဲ့ ကပ္ပလီစုကနှောင်းညို ဆိုတဲ့

ကောင်မက သောင်းကိုနဲ့ မယူခင်က

တည်းက မင်းလေးနဲ့ လက်ထပ်ထား

တာဟဲ့”

 

“ဗျာ…ဟုတ်လား မဖဲဝါ”

 

“အေး …ဟုတ်တယ်၊ သူရွယ်ချက်က

တော့ မင်းလေးလက်ထပ်ရင် မင်းလေး

မ,လို့ ချမ်းသာတယ်လို့ ယုံပြီး သူ့မိဘ

တွေကို ချမ်းသာစေချင်လို့ပေါ့ဟာ။

မိဘအပေါ်မှာထားတဲ့ စေတနာကောင်း

လေးက အကျိုးပေးမှာပါ။ ဒါပေမဲ့ ဘယ်

မင်းလေးကမှ သူ့ကိုလာပြီး လက်မထပ်

ဘူးဟေ့၊ နင်တို့ရွာက ရွှေတောင်ဦးဘု

ရားတောင်ဘက်မှာရှိတဲ့ ညောင်ပင်က

တစ္ဆေက သွားပြီးလက်ထပ်တာ”

 

“ဗျာ…ဒါဆို မင်းလေး မဟုတ်ဘူးပေါ့”

 

“အေး …မင်းလေး မဟုတ်ဘူး၊ တစ္ဆေ

ဟေ့၊ တစ္ဆေ”

 

“ဟာ…ဒုက္ခပါပဲဗျာ”

 

“တစ္ဆေဆိုပေမယ့် ခပ်ညံ့ညံ့၊ စုတ်စုတ်

ပြတ်ပြတ်၊ ဆင်းဆင်းရဲရဲတစ္ဆေမဟုတ်

ဘူး တာတေရဲ့၊ တစ္ဆေတွေမှာလည်း

အမျိုးစုံရှိတယ်၊အကုသိုလ်တစ်ခုကြောင့်

တစ္ဆေဖြစ်ခဲ့ပေမယ့် လူ့ဘဝတုန်းက

သူများလှူတာတန်းတာကို စေတနာ

သန့်သန့်နဲ့ ဝင်ပြီးကူညီခဲ့တာမျိုးရှိတဲ့

လူတွေဟာ တစ္ဆေဖြစ်ရင်တောင် ဗိမာန်

တွေ ဘာတွေ ရတယ် တာတေရဲ့၊

တန်ခိုးဣဒ္ဓိပါတ်တွေလည်း ရှိကြတယ်။

မသိရင် နတ်နဲ့တောင် မှားနိုင်တယ်။

ဒါပေမဲ့ နတ်မဟုတ်ဘူး။

 

နှောင်းညိုက သူ့မိဘတွေကို ချမ်းသာ

စေချင်လို့ မင်းလေးနဲ့ လက်ထပ်တော့

ညောင်ပင်က တစ္ဆေက မင်းလေးနေရာ

မှာ ဝင်ပြီး လက်ထပ်လိုက်တယ်။ပြီးတော့

သူ့မှာလည်း တန်ခိုးဣဒ္ဓိပါတ်က ရှိနေတော့

နှောင်းညို ဖြစ်စေချင်တဲ့အတိုင်း သူ့မိဘ

တွေကို ချမ်းသာအောင် နည်းအမျိုးမျိုးနဲ့

လုပ်ပေးတယ်။ အခုဆိုရင် နှောင်းညို

မိဘတွေက ကပ္ပလီစုမှာ လူချမ်းသာ

စာရင်း ဝင်နေပြီလေ။ ပဲကုန်သည်၊

နှမ်းကုန်သည်ကြီးတွေ ဖြစ်နေပြီမို့လား။

ဒီတစ္ဆေကလည်း တစ္ဆေသာ ဆိုတာ

သူလည်း မင်းညီမင်းသားကနေ ဖြစ်

လာခဲ့တဲ့သူဆိုတော့ မင်းလေးတို့လို

ပဲပေါ့။ ဒါပေမဲ့ သူက နတ်တော့ မ

ဟုတ်ဘူး၊ တစ္ဆေပဲ”

 

“ဟာ ဒါဆိုရင် ဒီကိစ္စကို ဘယ်လိုလုပ်ရမှာ

တုံးဗျာ”

 

“ဒီလိုဟဲ့ တာတေရဲ့၊ နှောင်းညိုက သူက

တဲ့ဇာတ်ကို သူမနိုင်တော့တာ။ဒါပေမဲ့

တစ္ဆေတစ်ကောင်က လူကို နှောင့်ယှက်

ခွင့် မရှိဘူး။ အခုလို တိုင်တန်းတဲ့သူရှိရင်

ဆိုင်ရာက ဆုံးမရတယ်။အခုလာမယ့်

သောကြာနေ့ညမှာ ဒီအကောင်ကို စီရင်

ဖို့ ငါအထက်ကို တိုင်လိုက်မယ်။နင်

ဘာမှမပူနဲ့၊ အားလုံးပြီးသွားလိမ့်မယ်”

 

“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် မဖဲဝါ”

 

“အေး …နင် အခုလိုပြောတာ မြန်လို့၊

နောက်ကျသွားရင် သောင်းကို သေ

သွားလိမ့်မယ်၊ နှောင်းညိုနဲ့လက်ထပ်

တဲ့ ယောက်ျားမှန်သမျှကို ဒီတစ္ဆေက

သတ်မှာ၊ အခုလည်း အခါအခွင့် မသင့်

သေးလို့ မသတ်နိုင်သေးတာဖြစ်မယ်”

 

“ဟာ ကြောက်စရာပါလားဗျာ”

 

“အေး ဟုတ်တယ်၊ ဒါပေမဲ့ အခုတော့

မပူနဲ့ ”

 

“ဟုတ်ကဲ့ပါဗျာ၊ ဟုတ်ကဲ့ပါ”

 

“ဟဲ့ တာတေ၊ နင့်ကို ငါက ဘာပြောလို့

ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ လုပ်နေတာတုံး”

 

ကျုပ်အိပ်ရာဘေးမှာ အမေက ငုတ်တုတ်

ကလေးထိုင်ပြီး ကျုပ်ကို လှုပ်နိုးနေတာဗျ။

 

“ဗျာ…အမေ”

 

“ဘုန်းကြီးကျောင်းက တုံးခေါက်ရုံရှိသေး

တာ၊ နင်ယောင်နေသံကြားလို့ ငါလာနှိုး

တာဟဲ့”

 

ဒီတော့မှ ကျုပ်လည်း အိပ်မက်ထဲက

မဖဲဝါ ရောက်လာတာကို သတိရသွား

တော့တာပေါ့ဗျာ။ ကျုပ်က တာတေပဲ

ဗျာ။ ဘယ်နေလိမ့်မတုံး။ သောကြာနေ့

ည ဆယ့်တစ်နာရီလောက်မှ ကိုသောင်း

ကိုတို့ ဝိုင်းထဲက မန်ကျည်းပင်ကြီးပေါ်

ကို ကျုပ်ရောက်နေပြီဗျ။ ဒီညတော့

ကြယ်ရောင်တင် မကဘူးဗျ။ လရောင်

ဖျော့ဖျော့ကလေးပါ ရှိတယ်။ဟိုညက

ထက်ပိုပြီး လင်းတာပေါ့ဗျာ။ ကျုပ် မန်

ကျည်းပင်ပေါ်မှာ ငြိမ်ပြီး စောင့်နေတယ်။

 

“ဝူး၊ ဝူး၊ ဝူး၊ ဝုတ်၊ ဝုတ်၊ ဝုတ်”

 

ဟော သန်းခေါင်လည်းရောက်ရော

အနောက်ပိုင်းက ခွေးအူသံတွေရော

ခွေးဟောင်သံတွေရော ကြားနေရပြီဗျ။

 

“ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်”

 

ခွေးအူသံတွေက တဖြည်းဖြည်း ဒီ

ဘက်ကို ရွေ့လာနေပြီဗျို့။ ဟော

လာပြီဗျို့။ လာပြီ။ ဟိုညက မြင်ခဲ့တဲ့

ဖြူဖြူအရိပ်ကြီး လေထဲကနေ ရွေ့

လာပြီဗျို့။ ဝင်လာပြီ၊ ဝင်လာပြီ။

ဝိုင်းထဲကို ရိပ်ကနဲ ဝင်လာပြီ။ ဟော

အိမ်တံခါးကိုဖြတ်ပြီး အိမ်ထဲဝင်သွား

ပြီဗျို့။ ကြာတယ်ဗျ။ ဒီတစ်ခါ ဟို

ညကထက် နည်းနည်းပိုကြာနေ

တယ်။ ဟော ထွက်လာပြီဗျို့။

 

နန်းဝတ်နန်းစားနဲ့ဗျ။လူပုံစံအတိုင်းပဲဗျ။

လရောင်ဖျော့ဖျော့လေးအောက်မှာ ကျုပ်

ညောင်ပင်တစ္ဆေရဲ့မျက်နှာကို မြင်နေရ

တယ်။ လူက လူချော လူဖြောင့်ဗျ။နှုတ်

ခမ်းမွေးသဲ့သဲ့နဲ့ ခေါင်းမှာလည်း ပုဝါပေါင်း

လို့ဗျ။ ဒီလူက နောက်ဘက်ကို လှည့်

ကြည့်ပြီး အိမ်ကြီးထဲက မနှောင်းညို

ထွက်အလာကို စောင့်နေတယ်။

 

ဟော ရောက်လာပြီဗျို့။ ဒါပေမဲ့ မ

နှောင်းညိုတော့ မဟုတ်ဘူးဗျ။မည်း

မည်းအကောင်ကြီး နှစ်ကောင်ဗျ။

နန်းဝတ်နန်းစားတွေဝတ်ထားတဲ့

ကိုလူချောရဲ့ ဘေးတစ်ဖက် တစ်

ချက်မှာ ဘွားကနဲပေါ်လာတာဗျ။

နည်းတဲ့အကောင်ကြီးတွေ မဟုတ်ပါ

ဘူးဗျာ။ အရပ်ကြီးတွေက ဆယ်ပေ၊

ဆယ့်ငါးပေလောက်ရှိမယ်။ မျက်လုံး

နီနီကြီးတွေနဲ့ဗျ။ တစ်ကိုယ်လုံးမှာ

လည်း အမွေးအမျှင်တွေ အပြည့်

ဖုံးနေတာဗျို့။အိမ်ထဲက မနှောင်း

ညို ထွက်အလာကို စောင့်နေတဲ့

တစ္ဆေ လန့်ပြီး ထခုန်လိုက်တယ်။

 

“ဘုန်း၊ ဘုန်း”

 

နောက်ကျသွားပြီဗျို့။ တစ္ဆေ နောက်

ကျသွားပြီ။ သူက အခုန် မည်းမည်း

အကောင်ကြီး နှစ်ကောင်ရဲ့ တင်းပုတ်

ကြီးတွေက သူကိုယ်ပေါ်ကို ဘုန်းကနဲ

ဘုန်းကနဲ ကျသွားတာဗျ။ ဒူးထောက်

လျက်ကျသွားတဲ့ နန်းဝတ်နန်းစားနဲ့

တစ္ဆေကို မည်းမည်းအကောင်ကြီး

နှစ်ကောင်က တစ်ဖက်စီကိုင်ပြီး

ထခုန်လိုက်တာဗျ။

 

ဟော ပျောက်သွားပြီဗျို့။ဗြုန်းကနဲ

ပျောက်သွားတာဗျ။တစ္ဆေရော၊သူ့ကို

လာဖမ်းတဲ့ အကောင်ကြီးတွေရော

ပျောက်သွားတာဗျ။ကျုပ်အိမ်ကြီးရဲ့

တံခါးပေါက်ကို ဆက်ကြည့်နေတယ်။

မနှောင်းညိုရဲ့ ကိုယ်ပွားထွက်လာရင်

ဘာဖြစ်ဦးမလဲဆိုတာ သိချင်လို့ဗျ။

 

ဒါပေမဲ့ လင်းကြက်သာတွန်ရော၊

မနှောင်းညိုရဲ့ကိုယ်ပွားလုံးဝကို

ထွက်မလာတော့ဘူးဗျို့။ ကိစ္စ

ကတော့ ပြီးသွားပြီပေါ့ဗျာ။ကျုပ်

လည်း အိမ်ပြန်လာခဲ့တယ်။ အိမ်

ရောက်တော့ ကျုပ် ချက်ချင်းအိပ်

လို့မပျော်ပါဘူးဗျာ။ မနှောင်းညို

အကြောင်းကို တွေးနေမိတယ်။

သူ့မိဘတွေကို ချမ်းသာစေချင်လို့

မင်းလေးနဲ့ လက်ထပ်ခဲ့တဲ့ မိန်းမ

တစ်ယောက်လေဗျာ။

 

နောက်ဆုံးတော့ သူ့ဇာတ်ကို သူမနိုင်

တော့ဘဲ ယောက်ျားယူလိုက်ရင် ဒီ

ကိစ္စတွေ ပြတ်သွားမယ်လို့ ထင်ပုံ

ရတယ်ဗျ။ တကယ်တမ်းကျတော့

သူထင်သလို မဟုတ်ဘဲ ကိစ္စက

မပြတ်တဲ့အပြင် ပိုဆိုးလာတော့မှ

ဘာလုပ်ရမှန်းကို မသိအောင်ဖြစ်

တော့တာဗျို့။ မဖဲဝါရဲ့ကျေးဇူး

ကြောင့်သာ ကိစ္စပြီးသွားတာ။

 

ဒါပေမဲ့ ဒီအကြောင်းတွေကို ကျုပ်က

လွဲပြီး ဘယ်သူမှ မသိစေရဘူးလို့

ဆုံးဖြတ်လိုက်ပါတယ်၊ ကိုသောင်း

ကို ကိုတောင် ကျုပ်အကြောင်း

မပြောဘူးဗျာ။ ဒါတွေသိသွားရင်

သူ့ခမျာ စိတ်ကောင်းမှာ မဟုတ်

ဘူးလေဗျာ။ ဟိုတွေး ဒီတွေးနဲ့

နောက်တော့လည်း ကျုပ်အိပ်

ပျော်သွားတယ်။ ဘယ်အချိန်

ရောက်နေမှန်းတောင် ကျုပ်

မသိဘူးဗျ။ အမေ လာနှိုးတော့

မှ ကျုပ်နိုးသွားတာ။

 

“တာတေ အိပ်ရေးမဝသေးဘူးလား၊

ဒီမှာ သောင်းကိုတောင် ရောက်လို့ဟဲ့”

 

ကျုပ်အိပ်ရာက ချက်ချင်းထလိုက်တယ်။

ပြီးတော့ ကိုသောင်းကို လက်ကုတ်ပြီး

ဝိုင်းထဲက မန်ကျည်းပင်အောက်က ကွပ်

ပျစ်ပေါ်ကို ခေါ်လာခဲ့ရတယ်။အဘတို့၊

အမေတို့ရှေ့မှာ ဒါတွေပြောလို့ မကောင်း

ဘူးလေဗျာ။

 

“ကိုသောင်းကို ကိစ္စအားလုံး ပြီးသွား

့ပြီဗျ။ အားလုံးရှင်းပါပြီ”

 

“ငါထင်တယ် တာတေ၊ ညက ငါရော၊

နှောင်းညိုရော သန်းခေါင်ကျော်လောက်

မှာ လန့်နိုးသွားကြတယ်။ ပြီးတော့ ငါတို့

မှာ အနှောင်အယှက်မရှိတော့သလိုပါပဲကွ”

 

“ဟုတ်တယ် ကိုကြီးသောင်းကို၊ခင်ဗျား

တို့လင်မယားမှာ ဘာအနှောင့်အယှက်

မှ မရှိတော့ဘူးဗျ”

 

“ဝမ်းသာလိုက်တာ တာတေရာ၊မင်း

ကျေးဇူးကို ငါမမေ့ပါဘူးကွ၊ မင်းကို

ငါ အိမ်မှာ ထမင်းဖိတ်ကျွေးမယ်ကွာ

မင်းလာတော့စားမှ ဖြစ်မှာနော်”

 

“ဟာ ကိုကြီးသောင်းကိုကလည်း

ခင်ဗျား ကျွေးရမှာ ကျုပ်မဟုတ်ဘူး

ဗျ၊ မဖဲဝါကို ကျွေးရမှာ၊ ခင်ဗျားကိစ္စ

ကို မဖဲဝါ ရှင်းပေးတာ”

 

“ဟေ…မဖဲဝါ ဟုတ်လား တာတေ”

 

“ဟုတ်တယ် ကိုကြီးသောင်းကို၊

ဒီညပဲ မဖဲဝါကို စားပွဲပေးလိုက်ပေါ့ဗျာ”

 

“ဟာ ကျွေးရမှာပေါ့ တာတေရာ၊

မင်းစီစဉ်လိုက်လေ၊ လိုတာတွေ

အားလုံး ငါလုပ်ပေးမယ်”

 

အဲဒီညမှာပဲ မဖဲဝါကို ကျကျနန ကျွေး

မွေးခဲ့တယ်။ပြီးတော့ ကိုသောင်းကိုအ

စား ကျုပ်ကပဲ မဖဲဝါကို ကျေးဇူးတင်

စကား ပြောလိုက်တယ်။မဖဲဝါကတော့

စားရင်းသောက်ရင်း ခေါင်းညိတ်ပြတယ်

ဗျ။ မဖဲဝါကို ကျွေးမွေးပြီး ရွာထဲပြန်

ရောက်တော့ ကိုသောင်းကိုက ကျုပ်

ကို မေးတယ်။

 

“တာတေ ငါတို့က ဘာဖြစ်တာတုံးကွ”

 

“ကိုကြီးသောင်းကို ကိစ္စအားလုံး

ပြီးသွားပြီ၊ ဘာဖြစ်တယ် ဆိုတာတော့

ကျုပ်လည်း တိတိပပ မသိဘူးဗျ။

တိတိပပ သိတာတော့ မဖဲဝါပဲ ရှိမှာ”

 

“အေး…ဒါလည်း ဟုတ်တာပဲကွ၊

လောကမှာ ကိုယ့်ကိုမလိုတဲ့လူဆိုတာ

လည်း ရှိချင်ရှိမှာပေါ့ကွာ၊ တိုက်ထား

ခိုက်ထားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့”

 

ကျုပ်က ဘာမှပြန်မပြောဘဲ ငြိမ်နေ

လိုက်တယ်။ နောက်တော့လည်း စ

ကားလမ်းကြောင်း ပြောင်းသွားတော့

တာပေါ့ဗျာ။ ကျုပ်ကတော့ ရွှေတောင်

ဦးဘုရားတောင်ဘက်က ညောင်ပင်

ကြီးအောက်ရောက်တိုင်း နန်းဝတ်

နန်းစားနဲ့ တစ္ဆေကို အမြဲသတိရနေ

တော့တာပေါ့ဗျာ။

 

အခုတော့ ကိုသောင်းကိုနဲ့ မနှောင်းညို

တို့မှာ ကလေးနှစ်ယောက် ရနေကြပြီ

ဗျ။ နှစ်ယောက်စလုံး ယောက်ျားလေး

တွေချည်းပဲဗျ။ အကြီးကောင်နာမည်

က သောင်းညိုတဲ့၊ အငယ်ကောင်ရဲ့

နာမည်က နှောင်းကိုတဲ့ဗျာ။

 

မူရင်းရေးသူ ဆရာ တာတေ

#ပလက်ခpageမှတစ်ဆင့်ကူးယူဖော်ပြခြင်း

စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ(ရွှေပေါက်ကံ)

 

credit

 

စာဖတ်သူများစိတ်ရွှင်လန်းပါစေ