“ကျွဲထိုင်ဘုရားကို သိုက်တူးကြသူများ” (စ-ဆုံး)

“ကျွဲထိုင်ဘုရားကို သိုက်တူးကြသူများ” (စ-ဆုံး)

——————————————–

” ကျွဲထိုင်ဘုရားသိုက်တဲ့၊ အဲ့ဒီ့နေရာမှာ သိုက်စောင့်တွေက လေးနေရာခွဲပြီး စောင့်ကြတာလို့ သိရတယ်”

အလုပ်ကနေ ခွင့်တင်ပြီး အမေ့အိမ်ဆီရောက်နေတဲ့ ကျွန်တော်။

ညဘက်ပိုင်း သားအမိတတွေ စကားစပ်မိကြရင်း အမေပြောပြနေတဲ့ ဖြစ်ရပ်မှန် အကြောင်းအရာတွေကို ကျွန်တော်စိတ်၀င်တစားနဲ့ နားထောင် နေမိပါတယ်။

” သိုက်ရဲ့ ပိုင်ဆိုင်မှုမှာ ရတနာပစ္စည်းတွေကို ပုံလိုက်ရင် ကျွဲတစ်ထိုင်စာလောက်ကို ရှိကောပဲတဲ့”

” ဟုတ် အမေ…”

” ပြောရရင် အမေကလည်း အဲ့ဒီ့သိုက်က အဆက်အနွယ်ပဲ၊ ဆရာနဲ့ အသေအချာ စစ်ဆေးခဲ့တာ။ သိုက်အဆက်အနွယ်ဆိုပြီး စစ်ဆေးတုန်းက အကြောင်းကို အမေပြန်ပြောပြမယ်။ ထူးဆန်းတာတွေအများကြီးပါတာပေါ့…”

အမေပြောပြလာမယ့် အကြောင်းတွေကို ကျွန်တော်စိတ်၀င်တစား ငံလင့်မိနေရင်းက မှတ်စုစာအုပ်ကို သတိတရ ထုတ်ယူလိုက် လိုက်လံမှတ်သားဖို့ ပြင်လိုက်ပါတော့တယ်။

*****

လွန်ခဲ့တဲ့ အနှစ်လေးဆယ်ကျော်လောက်က။

ခေတ်ကာလက ဖွံ့ဖြိုးမှုအားနည်းနေသေးတော့ ကျေးလက်တွေမှာ လမ်းပန်းဆက်သွယ်ရေးတွေက မကောင်းသေးဘူး။

ဒီတော့ ခရီးတစ်ခုသွားဖို့ဆိုတာ ကားတစ်တန်၊ လှေတစ်တန်ဖြတ်သန်းပြီး အဆင့်ဆင့်သွားကြရတာ။

မနှင်းက မြို့ကနေ ကျေးလက်ကို အ၀တ်အထည်တွေ လာရောက်ရောင်းချနေတဲ့ စျေးသည်။

အိမ်ထောင်ကျပြီး သျှောင်နောက်ဆံထုံးပါလို့ ခင်ပွန်းဖြစ်သူ တာ၀န်ကျရာ မြို့ပေါ်ဆီလိုက်နေရင်း မြို့နဲ့ ဇာတိဖြစ်တဲ့ လယ်မရွာဆီကို အထည်တွေ ကူးချည်သန်းချည်ရောင်းချတယ်။

သွားတိုင်းလာတိုင်းမှာ မြို့လမ်းဆီကို ကားနဲ့ ဖြတ်သန်းပြီး ရွာဘက်လမ်းဆီကိုတော့ စက်ဘီးနဲ့ သွားရတယ်။

မြို့နဲ့ လယ်မဆီကို ရောက်ဖို့ ခရီးမိုင်က ရှစ်မိုင်နီးနီးတော့ရှိမယ်။ ကြားထဲမှာ စွန်ပါချောင်းကို လှေနဲ့ဖြတ်သန်းရသေးတယ်။

နွေဘက်ဆိုရင်တော့ ချောင်းရေကျပြီး ချောင်းထဲမှာ ဝါးတံတားလေးတွေထိုးကြတယ်။ မိုးဘက်ဆိုရင်တော့ လှေကိုသာအဓိက အားပြုသွားကြရတာပေါ့။

*****

လယ်မရွာ။

အချိန်က ဝါကျွတ်ကာနီးပြီဖြစ်ကာ မနက်အစောပိုင်းတစ်ခုဆီတွင်…။

” ကိုဖိုးအောင်တို့…ကျွဲထိုင်ဘုရားနဲ့ ကျောင်းကြီးကို ပြန်ပြင်တည်ဖို့ အစည်းအဝေးထိုင်နေကြတယ်တဲ့…”

” ဟေ…ဟုတ်သလားဟ”

” အဟုတ်ပါပဲဟေ။ ဘာတဲ့ ကျွဲထိုင်ဘုရားနဲ့ ပဋ္ဌာန်းဆက်ရှိတယ်ဆိုတဲ့ လူကြီးတစ်ယောက်လည်း ရောက်နေတယ်။ အဲ့ဒီ့လူကြီးက နယ်တကာလှည့်ပြီး ဘုရားတွေလိုက်ပြုပြင်နေတာတဲ့၊ ပြီးတော့…အခု ကျွဲထိုင်ဘုရားက အစောင့်အရှောက်တွေက သူ့ကို အိပ်မက်ပေးလို့ အခု ရောက်လာရတာလို့လည်းပြောတယ်”

” အင်း…ဟုတ်မှာပေါ့၊ ကျွဲထိုင်ဘုရားက ရှေးဟောင်းဘုရားဆိုတော့ အဆက်အနွယ်တွေဘာတွေရှိမှာပါပဲ။ အခုလို အပျက်အစီးကြီးအတိုင်း ထားတာထက်စာရင် ပြန်ပြင်တော့လည်း ကောင်းတာပေါ့လေ…”

လယ်မရွာထဲမှာ ကျွဲထိုင်ဘုရားနဲ့ ပက်သက်ပြီး ပြန်နှံ့နေတဲ့သတင်းပါ။

ကျွဲထိုင်ဘုရားရဲ့ တည်နေရာက လယ်မရွာနဲ့ တစ်ဖက်က ရှမ်းစုရွာကြားမှာ ရှိနေတယ်။

ပြောရရင် ကျွဲထိုင်ဘုရားက အတော့်ကို ရှေးကျလွန်းတယ်။

ဘယ်ခေတ်၊ ဘယ်မင်းလက်ထက်မှာ တည်တယ်ဆိုတာ ကျောက်စာတိုင်တို့ အထိမ်းအမှတ်စာတိုင်တို့ မကြွင်းရစ်လေတော့ တိတိပပပြောဖို့ ခက်ပေမယ့် ပါးစပ်ရာဇ၀င်တွေအရတော့ တောင်ငူခေတ်မတိုင်မီကတည်းက ရှိနေခဲ့တာတဲ့။

ပြီးတော့…ကျွဲထိုင်ဘုရားမှာ သိုက်ရှိတယ်။ ပိုင်ဆိုင်တဲ့ ရတနာပစ္စည်းဆိုတာက ကျွဲကြီးတစ်ထိုင်စာလောက်ရှိတယ်ဆိုတာကတော့ လယ်မနယ်တကြောမှာ လူတိုင်းသိတဲ့ အကြောင်းတရားပေါ့။

သိုက်ရှိသလို အစောင့်အရှောက်တွေကလည်း ကြမ်းလွန်းတယ်။ ဘုရားပုရဝုန်၊ ကျောင်းပရဝုန်ထဲကို လူစုလူဝေးနဲ့မှ မဟုတ်ရင် ဘယ်သူမှ ၀င်ဖို့မရဲကြဘူး။

နောက်ဆုံး ပြောရရင် ဘုန်းကြီးကျောင်းရှိသော်ငြား ကျောင်းထိုင်မရှိတဲ့အထိကိုပါပဲ။ ဒီတော့ တဖြေးဖြေးနဲ့ ကျောင်းကြီးဟာ ပျက်စီးလာရတယ်။

အခု ဘုရားနဲ့ ကျောင်းကြီးကို ပြန်လည်မွမ်းမံမယ်ဆိုတဲ့ သတင်းကို ကြားကြရတော့ အားလုံးက ၀မ်းသာအယ်လဲပါပဲ။

ဒီအတွက်ကိုလည်း လယ်မနဲ့ ရှမ်းစုဆီက လူကြီးတွေကလည်း တက်တက်ကြွကြွကိုပဲ ဦးဆောင်နေကြတယ်။

******

ဝါလကင်းလွတ်၊ သတင်းကျွတ်တဲ့။

သတင်းကျွတ်ကာလကို ရောက်ခဲ့ပြီးတဲ့အချိန်မှာတော့…အထက်ပါ ဘုရားပြုပြင်မယ့် ကိစ္စကို စတင်အကောင်အထည်ဖော်ကြတော့တာပဲ။

ဒီမှာတင် ပဋ္ဌာန်းဆက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဦးစီးဦးဆောင်ပြုလာသူတွေက ရှမ်းစုရွာ ရွာလူကြီး ဦးဖိုးအောင်ရယ်။

ပြီးတော့…အပေါ်မှာ ပြောခဲ့တဲ့ ဘုရားလိုက်ပြုပြင်နေတယ်ဆိုတဲ့ ဆရာကြီးရယ်၊ နောက်…ရှမ်းစုရွာက ကို၀င်းစိန်၊ မကံရှင်တို့ လင်မယားရယ်။ လယ်မရွာက လူပျိုကြီး အောင်တင့်ရယ်။ စုစုပေါင်း ငါးယောက်။

သူတို့ကပဲ အားလုံးကို ဦးစီးဦးဆောင်ပြုပြီး သိုက်ချော့ပွဲပေးရမယ်ဆိုပြီး ဘုရင်တွေလို၀တ်လို့စားလို့ နောက်ပါအရံတွေ တသီတတန်းကြီးနဲ့ အလှူလှည့်သလိုမျိုး လယ်မရွာနဲ့ ရှမ်းစုရွာကို လှည့်ပတ်လိုက်ကြသေးတယ်။

ပြီးတော့ ရွာနှစ်ရွာက ကျောင်းထိုင်ဘုန်းကြီးတွေကိုလည်း ဘာလုပ်မယ်၊ အစီအစဉ်က ဘယ်လိုဆိုပြီး လိမ်ညာလျှောက်လိုက်ကြသေးတယ်။

နောက်တော့…။

ပဋ္ဌာန်းဆက်ဆိုတဲ့ အကြောင်းကောင်းကိုပဲ အစွဲပြုလို့ ဘုရားထဲမှာ သူတို့လူစုချည်း အဓိဋ္ဌာန်၀င်ဖို့ စီစဉ်ကြတယ်။

သူတို့ အဓိဋ္ဌာန်၀င်ချိန်မှာလည်း ဘုရားအနားကနေ တစ်ယောက်မှ ဖြတ်သွားဖြတ်လာမလုပ်ဖို့၊ အကယ်လို့ သွားလာခဲ့ရင် အဓိဋ္ဌာန်ပျက်မယ်ပေါ့။

အဲ့ဒီ့အခါကျရင် သိုက်စောင့်တွေက စိတ်ဆိုးပြီး ဘုရားပြင်မယ့် ကိစ္စကို လက်မခံကြတော့ဘဲ နေမယ်ပေါ့။

မသူတော်တို့ကတော့ အမျိုးမျိုးသော လှိမ့်လုံးတွေနဲ့ သူတို့လိုရာလမ်းကို ခင်းနေကြတယ်။ ဒါပေမယ့် ရိုးသားသူ တောသူတောင်သားတို့အဖို့တော့ သူတို့ရဲ့ လိမ်လုံးညာလုံးတွေကို မသိရှိနိုင်ခဲ့ကြဘူးလေ။

အကယ်၍ သိခဲ့ရင်တောင်မှ ရှမ်းစုရွာကသူကြီးကိုယ်တိုင်ပါနေလို့ မဟုတ်တာမလုပ်လောက်ဘူးပဲ အထင်ရှိကြမှာပဲလေ။

ဒီလိုနဲ့ သူတို့လူစုကတော့ သိုက်ဖောက်၊ သိုက်တူးဖို့အတွက်ကို တိတ်တဆိတ် စီမံဆောင်ရွက်နေပါတော့တယ်။

******

မနှင်းတစ်ယောက် မြို့ပေါ်ကနေ ရောင်းချစရာပစ္စည်းတွေနဲ့ လယ်မကို ထွက်လာခဲ့တယ်။

စွန်ပါချောင်းဆီကို ရောက်တော့ လှေစီးဖို့ လှေစောင့်ပြီး တစ်ဖက်ကမ်းက ကူးလာတဲ့ လှေဆိုက်တာနဲ့ စက်ဘီးကော အထုပ်အပိုးတွေကော လူကော လှေပေါ်ကို တက်လိုက်တယ်။

လှေပေါ်အတက်မှာ လှေပေါ်ကနေ ဆင်းလာတဲ့သူတစ်ယောက်က ဖျတ်ခနဲ လက်မောင်းကိုလာရိုက်တယ်။ မနှင်း အဲ့ဒီ့သူကို ကြည့်လိုက်တော့ သူတစ်ခါမှ မမြင်ဖူးတဲ့သူတစ်ယောက်။

” ငါတို့ ဘုရားကို သိုက်တူးနေကြတယ်။ ငါးယောက်တူးတာ လေးယောက်သေပြီး တစ်ယောက်ရူးလိမ့်မယ်…”

” ဟင်…”

မနှင်း အံ့သြနေတုန်းမှာပဲ လူစိမ်းက ကမ်းပေါ်တက်သွားခဲ့ပြီ။

လှေကလည်း ထွက်နေပြီဆိုတော့ မနှင်းအဲ့ဒီ့လူရဲ့ ကျောပြင်ကို ငေးကြည့်နေရုံပဲ တတ်နိုင်ခဲ့တယ်။

******

” အမေ…ဘုရားကို သိုက်တူးနေတယ်ဆို…ဘယ်ဘုရားလဲ…”

အိမ်ထဲကို ၀င်၀င်ချင်း အထုပ်အပိုးတွေတောင် မချရသေးဘူး မနှင်း သူ့အမေကို မေးလိုက်တာ။

” ဟဲ့…ဒီကောင်မလေး၊ ဘယ်ကကြားပြီး ဘာတွေလာပြောနေတာလဲ…”

အမေအုန်းက ပြောတော့ မနှင်းမအူမလည်ဖြစ်သွားရတယ်။ ပြီးတော့…

” မသိဘူးလေ အမေရဲ့၊ သမီးကို လှေဆိပ်မှာ လူတစ်ယောက်ပြောသွားတာ၊ ငါတို့ဘုရားကို လူငါးယောက်သိုက်လာတူးတယ်တဲ့၊ ငါးယောက်မှာ လေးယောက်သေပြီး တစ်ယောက် ရူးလိမ့်မယ်တဲ့…”

” ဟေ…ဒါဖြင့် ဘယ်ဘုရားလို့ပြောတုန်း…”

” အဲ့လိုတော့ မပြောသွားဘူး။ ငါတို့ဘုရားလို့ပဲ ပြောတာ…”

” အင်း…ဒါဖြင့်ရင်တော့ မဟုတ်သေးပါဘူး။ မနှင်း…အဲ့ဒါ ညည်းရဲ့ အဆက်တွေများ ဖြစ်နေမလားဘဲ၊ အို ဒီအတိုင်းနေလို့ မဖြစ်သေးပါဘူး။ ကဲကဲ…အထုပ်တွေချ၊ နင့်ဦးကြီးစံမောင်ဆီ သွားစစ်ကြည့်ရအောင်…”

အမေအုန်းက မနှင်းကို အထုပ်အပိုးတွေ ချထားစေလို့ ချက်ချင်းပဲ ဆရာဆီကို ခေါ်သွားပါတော့တယ်။

******

” ဘုရား၊ တရား၊ သံဃာအမိန့်၊ ငါ ဆရာရဲ့ အမိန့်၊ ံကလေးမနဲ့ အဆက်အသွယ်ရှိတဲ့သူ ချက်ချင်း၀င်ရောက်လာစမ်း…”

ဘကြီးစံမောင်က ဘုရားဆီမှာ သီလခံယူ၊ မေတ္တာတွေဘာတွေပို့သပြီး မနှင်းဘက်ကို လှည့်လို့ အမိန့်ပြန်လိုက်တယ်။

” အင်း…ဟင်း…”

မျက်လုံးမှိတ်ထားတဲ့ မနှင်းရဲ့ ခန္ဓာကိုယ်က တုန်လာပြီး ဘုရားစင်ဆီကို ဦးလှည့်ပြီး ရှိခိုးလေတယ်။ ပြီးတော့… ပါးစပ်က ညည်းသံလိုလိုပြုလာတယ်။

” ကဲ…ဘယ်ကဆိုတာ ပြောစမ်းချေ…”

” ကျုပ်က ကျွဲထိုင်ဘုရားသိုက်က၊ ဒီကလေးက ကျုပ်တို့ရဲ့ အနွယ်တော်တစ်ယောက်ပဲ…”

” အင်း…ဒါဖြင့် လူငါးယောက် သိုက်တူးနေတယ်ဆိုပြီး ပြောသွားတာက”

” အဲ့ဒါ မနက်က ဒီကလေးကို ငါပြောသွားတာ၊ ငါတို့ သိုက်ကို လူငါးယောက် သိုက်လာတူးကြတယ်။ နောက်ဆုံး သူတို့မနိုင်တော့ ထွက်ပြေးကြတယ်။ ဒါပေမယ့် မကြာပါဘူး၊ သူတို့ထဲက လေးယောက်သေပြီိးတစ်ယောက်ရူးလိမ့်မယ်”

ဘကြီးစံမောင် ခေါင်းကို ညိတ်မိတယ်။ စိတ်ထဲကနေလည်း ဟိုဘုရားပြုပြင်မယ်ဆိုတဲ့ အဖွဲ့ကို သတိရမိလိုက်တယ်။ ပြီးတော့ ဘုရားပစ္စည်းကိုမှ ပစ်မှားတဲ့ သူတွေအပေါ်မှာ ဒေါသလည်း ထွက်သွားရတယ်။

” ဆရာ့အနေနဲ့ကော ဒီက ပုဂ္ဂိုလ်တို့ကို အကူညီပေးဖို့ လိုအပ်ဦးမလား…”

” ရတယ်…မလိုတော့ဘူး။ ကျုပ်တို့ သူတို့ကို နိုင်တယ်…”

” ကောင်းပြီ…ဒါဖြင့် ဒီကလေးမကို ပြောပြတာကကော ဘာကြောင့်လဲ၊ ပြန်ခေါ်ဖို့ အတွက်လား…”

” မဟုတ်ဘူး၊ သူ့ကို ပြန်မခေါ်သေးပါဘူး။ ကျုပ် ပြောပြတာက အနွယ်တော်တွေအားလုံးသိအောင် လိုက်ပြောတာပါ…သူ့အပြင်အခြားသူတွေကိုလည်း ကျုပ်လိုက်ပြောခဲ့ပါတယ်”

” ဟုတ်ပါပြီ…တကယ်လို့ ပြန်ခေါ်မယ်ဆိုရင်လည်း ဆရာက မခေါ်သေးပါနဲ့ဦးလို့ မေတ္တာရပ်ခံပါရစေ…ကဲ…ထွက်ခွာလိုက ခွာနိုင်ပါပြီ…”

ဘကြီးစံမောင်ရဲ့ စကားအဆုံး မနှင်းက ဘုရားကို နောက်တစ်ကြိမ်ထပ်ကန်တော့ပြန်တယ်။ ပြီးတော့…ဘုတ်ခနဲ ပျော့ခွေလဲကျသွားပါတော့တယ်။

” ကဲ…မယ်အုန်း၊ ကလေးကတော့ ဘယ်ကဆိုတာ နင်သိပြီနော်၊ ပြီးတော့ အခုလက်ရှိ ဘုရားမှာ ဟိုလူတွေ ဘာဖြစ်ခဲ့တယ် ဆိုတာကိုလည်း နင်သိပြီ၊ ဒါပေမယ့် နင့်ကိုငါ တစ်ခုတော့ မှာလိုက်မယ်။ ဒီအကြောင်းကို ဘယ်သူ့မှ မပြောမိစေနဲ့၊ ဘုရားပစ္စည်းကိုမှ လောဘတက်မိတဲ့ကောင်တွေ သူ့ထိုက်နဲ့ သူ့ကံ ခံကြပါလေ့စေ…”

” ဟုတ်ကဲ့…”

ဘကြီးစံမောင်က မနှင်းကို ရေမန်းနဲ့တောက်လိုက်တယ်။

” အင်း…ဟင်း…”

ပျော့ခွေနေတဲ့ မနှင်းပြန်သတိရလာခဲ့ပြီ။

အဲ့ဒီ့နောက် သားအမိနှစ်ယောက် ပြန်လာခဲ့ကြတယ်။

အိမ်ရောက်တော့ အမေအုန်းက မနှင်းကို ဖြစ်ကြောင်းကုန်စင်ပြန်ပြောပြပြီး ဘကြီးစံမောင်မှာလိုက်တာကိုလည်း ပြောပြခဲ့ပါတယ်။

******

” ရှမ်းစု ရွာလူကြီး…ညတုန်းက ကျွဲခတ်ခံရပြီး ဆုံးပြီတဲ့…”

နောက်တစ်နေ့မှာ ကြားရတဲ့ သတင်းဖြစ်ပါတယ်။

” ဟေ…ဘယ်လိုများဖြစ်တာလဲ၊ သူတို့တတွေ ဘုရားမှာ အဓိဋ္ဌာန်၀င်နေကြတာမလား”

” ဟုတ်တယ်။ ညတုန်းက အဓိဋ္ဌာန်ထွက်ပြီဆိုပြီး သူ့အိမ်ပြန်လာတယ်တဲ့၊ ပြီးတော့ ညဘက်အိပ်ကာနီး အိမ်အောက်ကို အပေါ့အပါးဆင်းသွားတဲ့အချိန် သူတို့အိမ် တင်းကုတ်ထဲက ကျွဲက ပြေး၀င်လာပြီး ခတ်လိုက်တာတဲ့…”

” သူတို့ ဘာအမှားများလုပ်မိလို့လဲ”

” အေးလေ…ဘုရားပြုပြင်မယ်ဆိုပြီး လုပ်နေတုန်းဖြစ်တာဆိုတော့ တစ်ခုခုမှားလို့ပေါ့…”

ရှမ်းစုရွာလူကြီးရဲ့ သေဆုံးမှုကို အမျိုးမျိုးသော ထင်ကြေးတွေပေးနေကြတယ်။

ဒါပေမယ့် သူတိူ့ထင်ကြေးတွေပေးနေလို့မှ မဆုံးသေးဘူး။

” ၀င်းစိန်နဲ့ ကံရှင်တို့ လင်မယား ညတုန်းက အိပ်ရာထဲမှာ မြွေကိုက်ခံရပြီး နှစ်ယောက်စလုံး သေကုန်တယ်တဲ့…”

အဲ့ဒီ့သတင်းကြောင့် အားလုံးက ရွာလူကြီး သေတုန်းကထက်ကို ပိုလို့ အုတ်အော်သောင်းနင်းနဲ့ ဖြစ်ကုန်တယ်။

” ဒါဆိုရင်တော့ သေချာပြီဟေ့…သူတို့တတွေ ဘုရားမှာ တစ်ခုခုလုပ်လာခဲ့ပြီ…”

နှစ်ဖက်ရွာသားတွေက ထင်ကြေးတွေ အမျိုးမျိုးပေးကြပြီး လူစုလို့ ဘုရားကို သွားကြည့်မယ် လုပ်ကြတယ်။ အဲ့ဒီ့အချိန်မှာပဲ…လှေဆိပ်ကနေ သတင်းတစ်ခုက ထပ်ရောက်လာပြန်တယ်။

” ဘုရားပြုပြင်မယ်ဆိုတဲ့ ဆရာကြီးရဲ့ အလောင်း လှေဆိပ်နားမှာ ပေါ်နေတယ်…”

” ဟာ…”

အားလုံး လှေဆိပ်ဆီပြေးကြည့်ကြတယ်။

သူတို့တတွေ ယုံကြည်ကိုးစားခဲ့ဖူးတဲ့ နယ်တကာလှည့် ဘုရားပြုပြင်နေသူလို့ သိထားတဲ့ ဆရာကြီးရဲ့ အလောင်းက ချောင်းစပ်မှာ မျက်လုံးကြီးပြူးပြီး ရုပ်ပျက်ဆင်းပျက်နဲ့ သေနေတယ်။

” သေချာပြီဟေ့…သူတို့တွေပဲ ဖြစ်တာဆိုတော့ ဒီလူတွေအားလုံး ကျွဲထိုင်ကျောင်းဘုရားမှာ မဟုတ်တာ လုပ်ခဲ့ကြပြီ…”

” ဟုတ်တယ်ဟေ့…ကဲ…ဒီလူ့ကို ဆယ်တဲ့သူက ဆယ်ထားကြ၊ တို့ကျန်တဲ့သူတွေက ဘုရားကို သွားကြည့်ကြရအောင်…”

လူအုပ်ကြီးက ရွာရဲ့ အနောက်ဘက်က ကျွဲထိုင်ကျောင်းနဲ့ ဘုရားဆီကို ဦးတည်သွားကုန်ကြတယ်။

ဘုရားနားကို ရောက်ကာနီးမှာတော့…။

” ဟာ…ဟိုးက ပြေးလာနေတာ အောင်တင်မဟုတ်လား…”

” အေး…ဟုတ်တယ်ဟ”

အောင်တင့်က အဓိဋ္ဌာန်၀င်မယ်ဆိုတဲ့ အဖွဲ့ထဲမှာ ပါတဲ့သူဆိုတော့ အားလုံးဖြစ်စဉ်ကို သိရအောင် မေးဖို့စောင့်နေကြတယ်။

အောင်တင့်ကတော့ သူတို့ကို အာရုံထားပုံမရဘူး။ အနောက်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ ပြေးလာနေတယ်။

အနားရောက်တော့ လူအုပ်ကြီးက အောင်တင့်ကို ဝိုင်းဖမ်းကြတယ်။ ပြီးတော့…ဖြစ်စဉ်ကို ဝိုင်းမေးတော့တယ်။

ဒါပေမယ့် သူတို့ ဘာမေးမေး၊ အောင်တင့်ကတော့ သူပြေးလာခဲ့တဲ့လမ်းကို အကြိမ်ကြိမ်လှမ်းလှမ်းကြည့်ပြီး ပါးစပ်က

” ကျား…ကျားတွေ…မ…မဟုတ်ဘူး၊ မြွေ…မြွေတွေ….ဘီ…ဘီလူးတွေ…ဟာ…ဟာ…လာကုန်ပြီ…ကယ်…ကယ်ကြပါဦး”

ရယ်လို့သာ အကြိမ်ကြိမ် အော်ဟစ်နေပါတော့တယ်။

အောင်တင့်ကတော့ သွေးပျက်ဖွယ်ရာအဖြစ်အပျက်တစ်စုံတစ်ရာကြောင့် သည်းခြေပျက်ပြီး ရူးသွပ်သွားခဲ့ပါပြီ။

လူအုပ်ကြီးက အောင်တင့်ကို ထားရစ်ပြီး ဘုရားဆီကို ဆက်လာကြတယ်။

ဘုရားဆီကို ရောက်တော့ ကန်တော့ပွဲတွေ၊ နောက်ပြီး ဘုရားအခြေက မြေသားတစ်ချို့ကို တူးယက်ထားတာတွေကို တွေ့ရှိရပါတော့တယ်။

” လက်စသတ်တော့ ဒီလူတွေက အားလုံးကို လိမ်ပြီး သိုက်တူးဖို့ လုပ်ကြတာကိုး…”

လူအုပ်ကြီးထံက ဒေါသတကြီး ကြုံးဝါးသံတချို့ ထွက်ပေါ်လာခဲ့ပါတော့တယ်။

******

” ဒါဆို…လေးယောက်သေပြီး တစ်ယောက်ရူးမယ်ဆိုတဲ့ အတိုင်းဖြစ်သွားတာပေါ့…ဟုတ်လားအမေ”

” အင်း…ဟုတ်တယ်။ အမေလည်း ကိုယ့်ကို လူစိမ်းတစ်ယောက်က အဲ့ဒီ့လိုကြီးပြောသွားတော့ ဘာကိုမှ နားမလည်နိုင်ဘူးဖြစ်နေတာ။ ဦးကြီးစံမောင့် ဆီရောက်မှပဲ အကုန်လုံးကို သိရတော့တယ်”

” ဒါဖြင့်…အဲ့ဒီ့အကြောင်းကို နောက်ကျတော့ အမေ သူများတွေကို မပြောပြဘူးလား…”

” ဦးကြီးမှာထားလို့ အမေကော မင်းတို့အမေကြီးကော အခုထိကို ဘယ်သူ့ကိုမှ မပြောဖြစ်တာ၊ အခုမှ ငါ့သားက စာရေးနေတယ်ဆိုလို့ အမေက ပြောပြတာ”

” ဪ…”

ကျွန်တော် မှတ်စုထဲ လိုက်မှတ်ထားတဲ့ အကြောင်းအရာတွေကို ပြန်စစ်လိုက်ပါတယ်။

ပြီးတော့…လိုအပ်တာတချို့ အမေ့ကို ထပ်မေးပြီး စာအုပ်ကို ပိတ်လိုက်ပါတော့တယ်။

အဲ့ဒီ့နောက်တော့ ညဉ့်နက်ပြီမို့ အမေလည်း အိပ်ရာဆီ၀င်သွားပါတော့တယ်။

ကျွန်တော်ကတော့ အမေပြောပြတဲ့ “ကျွဲထိုင်ဘုရားကို သိုက်တူးကြသူများ” အမည်နဲ့ ၀တ္ထုတိုတစ်ပုဒ်ဖန်တီးဖို့ စာစီနေမိပါတော့တယ်။

*******
ပြီးပါပြီ။

စာရေးသူ- နောင်ရိုး( ဆေးတပ်)အားလေးစားလျက်

Like&shareလေးနဲ့အားပေးကြပါအူံး