“မသာမြူးတဲ့ဆိုင်းသံ”(စ-ဆုံး)

“မသာမြူးတဲ့ဆိုင်းသံ”(စ-ဆုံး)

——————————————–
ရေးသားသူ…သူရေး

တောရွာလေးတစ်နေရာတွင် ဖြစ်သည် ။ လောကတွင် ကျွန်ုပ်အပါအဝင် စာဖတ်သူတို့ အတွက်မယုံကြည်နိုင်စရာ လက်လှမ်းမမီနိုင်သည့် အကြောင်း အရာ များစွာရှိနေသည် မဟုတ်ပါလား။

မျက်စိနှင့် မြင်မှသာ နားဖြင့်ကြားရမှသာယုံကြည်ရမည် မဟုတ်ပေ အကယ်၍ သက်သေများ အထောက်အထားများနှင့် တကွ လက်ဆုပ်လက်ကိုင် တိ တိ ကျကျ ပြလာခဲ့မည်ဆိုလျှင်ကျွန်ုပ်ကော သင်တို့ပါ ထိုအချင်းအရာများကို အကြွင်းမဲ့ မဟုတ်တောင် ငါးဆယ် ရာခိုင်နှုန်းထက် မနည်း လက်ခံရပေလိမ့်မည်။

ထိုနည်း အတူပင် လောကတွင် သရဲ/ တစ္ဆေ/ ဖုတ်/ ပြိတ္တာ နာနာဘာဝ ပရလောက သားများရှိသည်ကိုလည်း ယုံကြည်ရပေမည်။ အဘယ်ကြောင့် ဆိုသော် ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့သော ပရိတ်တရားတော်များတွင်ပါ ၄င်းသုံး ဆယ့်တစ်ဘုံသားများပင် ပါဝင်နေကြ သောကြောင့်ဖြစ်သည်။

ပြောမရုံကြုံမှသိဆိုသော လူများသည် တစ်ခါတစ်ရံ ဒုက္ခရောက်တတ် ကြသည်။ တားမြစ်ထားသော စည်းဘောင်များကို ကျော်လွန်မိ၍ လည်းဒုက္ခရောက်တတ်ကြသည်။ သူတို့အား ဒုက္ခပေးသော အရာများသည်ကား အခြား မဟုတ် နာနာဘာဝ ပရလောကသားများပင် ဖြစ်လေတော့၏ ။

“လူ့စည်း ဘီလူးစည်း” “နတ် နဲ့ နဂါး မကျီစားနဲ့ ” စသဖြင့် စကားပုံစာစုများသည် ရှေးလူကြီးများ အလကားသပ်သပ် ချန်ထားခဲ့သည့် အရာများတော့ ဖြစ်ဟန်မတူ။

*************

”သာယာ လိုက်တဲ့ …အသံကွာ”

”ဟုတ်ပ… ဒိုးလုံးရာ …ငါတောင် …ထခုန်ချင်…စိတ်ပေါက်လာလေရဲ့”

”အေးကွာ …ဆရာကြီး လက်သံကလည်း … ပြောင်ပ”

”အို …နယ်နယ်ရရ ဆရာကြီးမှ …မဟုတ်တာကွာ”

ဆိုင်းဆရာကြီး ဦးတေဇ ၏ ဆိုင်းသံကို ကြားရသူအပေါင်း ချီးမကျူးဘဲ မနေနိုင်။ နေမကောင်းသော သူပင် ဦးတေဇ ၏ ဆိုင်းသံကို ကြားရမည်ဆိုလျှင် ချက်ချင်း အားအင်ပြည့်လာသလိုခံစားရသည်ဟု လူတစ်ချို့ကပြောဖူးလေသည်။

ယခုလည်း ရွာကာလသားများ ဖြစ်ကြသောဘဒင် နှင့် ဒိုးလုံးက ဆိုင်းဆရာကြီးဦးတေဇအားချီးမွမ်းထောပနာ ပြုနေကြလေတော့သည်။ထိုစဉ်

”ဒီက …အကိုတို့”

ဒိုးလုံးတို့ ပြိုင် တူ ခေါင်းလှည့်ပြီးကြည့်လိုက်တော့ ရွာထဲက လူငယ်လေး ပေါ်ထွန်းအားတွေ့လိုက်ရလေတော့သည်။

”အေး .. ပေါ်ထွန်း ဘာလဲ”

”ဟိုလေ … ဆရာကြီး ဦးတေဇ ရှိလောက်လားမသိဘူး ”

”ရှိမှာပေါ့ဟ … ဆိုင်းထဲက ပတ်ဝိုင်းသံတွေ ကြားနေရတာပဲ”

”အဆင်သင့်လိုက်တာ … ကျေးဇူးပဲဗျို့”

ပေါ်ထွန်းလည်း ဝမ်းသာ အားရ ဦးတေဇ နေထိုင်ရာ ခြံဝန်းကြီးထဲ ပြေးဝင်သွားလိုက်လေတော့သည်။ ဒိုးလုံးတို့ကတော့ ပေါ်ထွန်းအားကြည့်ရင်း

”ဘယ်လိုကောင်လဲဟ ”

”အေး … ပေါကြောင်ကြောင်နဲ့”

”ထားလိုက်တော့ … လာ ဟေ့ကောင် … ကိုသာဗျောဆိုင်သွားပြီး ထန်းရေလေး တစ်မြူလောက်ဆွဲကြတာပါ့”

”နှိပ်ဟ …. သွားမယ်လေ”

ဒိုးလုံး နှင့် ဘဒင်လည်း အတိုင်အပေါက်ညီစွာတစ်ယောက် ပုခုံးကို တစ်ယောက်ဖက်ရင်းရွာထိပ်က ကိုသာဗျော ထန်းတောကြီးဆီသို့ခြေလှမ်းများကို ဦးတည်လိုက်လေတော့သည်။ပေါ်ထွန်းမှာတော့ ဆိုင်းဆရာကြီး ဦးတေဇ အိမ်ထဲ သို့ဝင်သွားလိုက်တော့၏။

ဦးတေဇ အိမ်ကြီးထဲ သို့ရောက်လျှင်ရောက်ချင်းရှေးမြန်မာ တူရိယာ များကို ပေါ်ထွန်းတွေ့ရလေသည်။ သို့သော် သူအိမ်ထဲ တန်းမဝင် အိမ်အပြင်ဘက်မှနေ၍

”ဗျို့ … ဆရာကြီး … ဆရာကြီး ဦးတေဇ ”

ဆိုင်းဆရာကြီးရှိသည်ကို သူသိသည်။ အဘယ်ကြောင့်ဆိုသော် အိမ်ထဲ တွင်ဆိုင်းဝိုင်းကိုတစ်ယောက်တည်း မြိုင်ဆိုင်စွာတီးနေသံကိုကြားနေရသည်မဟုတ်ပါလား။

သူခေါ်သော်လည်း အထဲ မှ အကြောင်းပြန်သံတစိုးတစိမှမကြားရပေ။ ဆိုင်းသံသာ အဆက်မပြတ်ထွက်ပေါ် နေလေတော့၏။ပေါ်ထွန်း ယခုရောက်လာခဲ့သည့် အကြောင်းမှာမူကား လွန်ခဲ့သော နှစ်ရက် ခန့်က ပေါ်ထွန်းတစ်ယောက် ဆိုင်းတီးပညာကို တတ်မြောက်ချင်သည်ဟု ဆရာကြီး ဦးတေဇ အား ပြောခဲ့သောကြောင့်ပင်။

သို့ကြောင့်လည်း ယခု မနက်ကိုးနာရီ အချိန်တွင် ဦးတေဇက ၄င်းအား သင်ပေးမည် ဖြစ်ကြောင်းပြောထားသောကြောင့် ရောက်လာခြင်းပင် ဖြစ်လေ၏။

”ဗျို့ … ဆရာကြီး”

ငါးမိနစ်ခန့်ကြာတော့ အိမ်ထဲ မှ ဆိုင်းတီးသံလည်း ပျောက်သွားလေတော့သည်။ ခနကြာတော့ ထိုအိမ်ကြီးထဲမှ အသက်ခြောက်ဆယ်အရွယ် ယောကျာ်း ကြီးတစ်ယောက်ထွက်လာပြီး

”အေး ….ပေါ်ထွန်း … ရောက်လာပြီလား”

”ဟုတ်ကဲ့ … ဆရာကြီး”

ပေါ်ထွန်းမှာတော့ ၎င်း၏ ဆရာမဖြစ်သေးသော ဦးတေဇအား လေးစားသမှုဖြင့် ဆရာကြီးဟု ခေါ်လေသည်။

”အေး….အာ့ဆို လာဒီမှာ လာထိုင် …ငါမင်းကို သတိပေးစရာကော …မေးစရာကော ရှိတယ်”

ဟုပြောကာ ထန်းလျက်ခဲနှင့် ရေနွေးကြမ်းကရားတစ်လုံးတင်ထားသော စားပွဲဆီသို့ ပေါ်ထွန်း အားခေါ်လိုက်လေတော့သည်။ ဦးတေဇ၏ စကား မှာ နည်းနည်းထူးဆန်းသည်။ မေးစရာမှာ အထူးအထွေ မဟုတ်မှန်း ပေါ်ထွန်းသိသော်လည်း သတိပေးစရာကား မည်သည့် အရာ ဖြစ်လောက်သနည်း ။

ပေါ်ထွန်းလည်း ဦးတေဇ နှင့် မျက်နှာချင်းဆိုင် နေရာတွင် ဝင်ထိုင်လိုက်တော့သည်။ ထိုအခါ ဦးတေဇက

”မင်းက … ဘာလို့ ဒီဆိုင်းတီးပညာကို သင်ချင်ရတာလဲ”

”မြန်မာလူမျိုးတစ်ယောက် ဖြစ်လို့ တတ်မြောက်ထားသင့်တယ် လို့ … ကျွန်တော်ထင်တယ် … နောက်ပြီးကျွန်တော်က ဂီတ ကိုအားကြီးဝါသနာပါတာ”

”အေး…ရည်ရွယ်ချက်ကတော့ ကောင်းပါတယ်ငါလည်း ..ကျောထောက်နောက်ခံ သားသမီးက မရှိတော့ ဒီပညာရပ် တွေ… ငါသေသွားရင် အလကားဖြစ်မှာ ကို စိုးရိမ်မိတယ် … မင်းသင်ချင်တယ် ဆိုတော့ ငါဝမ်းသာတယ်ကွာ”

”ဟုတ်ကဲ့ … ဆရာကြီး”

ဦးတေဇကို အပြောကို ထောက်ခံ ဟန်ဖြင့် ပေါ်ထွန်း ဟုတ်ကဲ့ ဟုသာပြောသည်။

”ဒါပေမယ့် ”

ဦးတေဇ တစ်ယောက် စကားကို ဆက်မပြောပဲရေနွေးခွက်ကြီးကိုကိုင်ကာ အဝေးကိုငေးနေလေသည်။ ပေါ်ထွန်းလည်း စိတ်မရှည်စွာဖြင့်

”ဒါပေမယ့် …. ဘာဖြစ်လို့လဲ ဆရာကြီး”

”ဒါပေမယ့် …မင်းဆိုင်းလက်သံကို …မသာအိမ်တွေမှာ မတီးမိ ဖို့တော့သတိထားရမယ်ကွ”

မမျှော်လင့်ထားသော စကားလုံးတစ်ချို့ ဦးတေဇနှုတ်ဖျားမှ ထွက်ကျလာလေတော့သည်။ ပေါ်ထွန်း လည်းခေါင်းကို တဗျင်းဗျင်း ကုပ်ရင်း

”ဘာလို့လဲ …. ဆရာကြီးရဲ့ ကျွန်တော်တို့ မြန့်မာ့ဆိုင်းက … ဌားတဲ့ အရပ် ငှားတဲ့ ဒေသ ကိုသွားတီး‌ပေးရတာ မဟုတ်လားဗျ … နောက်ပြီး အလှူအိမ်တွေကလည်း မင်္ဂလာဆိုင်း တီးဖို့ ခေါ်နိုင်သလို … နာရေးအိမ်တွေကလည်း ခေါ်နိုင်တာပဲဗျ ”

ဆရာကြီးလည်း ခေါင်းကို တွင်တွင်ရမ်းရင်း

”မင်းပြောတာက သဘာ၀ကျပါတယ်… နောက်ပြီး ခေတ်လူငယ်တွေ ဖြစ်နေကြလေတော့ … ငါပြောလည်းနားလည်မယ် မထင်ဘူး … ဒါပေမယ့် အရေးကြီးတာတော့မင်းဆိုင်းသံကို ဘယ်တော့မှ မသာအိမ်မှာ မတီးမိပါစေနဲ့ … ဒါကိုတော့ မြဲမြဲမှတ်ထား ”

ပေါ်ထွန်း၏ နားထဲ သို့ ထိုစကားသံကြီးက ပဲ့တင်ထပ်နေလေတော့သည်။ စိတ်က လက်မခံ ချင်သော်ငြားလည်း ဆရာကြီး၏ ဆုံးမ စကားဖြစ်သည်မို့ သူ အလေးအနက် ထားကို ထားရမည် မဟုတ်ပါလား။

ပြီးနောက်မှာတော့ ဆရာကြီးဦးတေဇလည်း ၎င်းတတ်သမျှ မြန်မာ့ဆိုင်းနှင့် ပတ်သက်သော ပညာရပ်များကို ပေါ်ထွန်းအား အိတ်သွန်ဖာမှောက် သင်ကြားပေးလေတော့၏။ အဓိက သင်ကြားပေးသည့် ဘာသာရပ်မှာ ဗုံတိုလေးများ ပတ်ပတ်လည် ဝိုင်းနေသည့် ဒိုးပတ်ဝိုင်း တီးခတ်ခြင်း အတတ်ပင်။

သိပ်ကြာကြာ ပင်မသင်လိုက်ရ။ ပေါ်ထွန်းမှာ ပါရမီ ဓာတ်ခံလည်း ရှိသလို သင်ချင်စိတ်ပြင်းပျနေသည့် အလျောက်ကာလ အတန်ကြာတွင် ပေါ်ထွန်း တစ်ယောက် ဆိုင်းပညာရပ် ဘာသာစုံ ကိုဆရာတစ်ပါး လိုတီးခတ်တတ်သွားလေတော့သတည်း။ ။

***********

”ဟေ့ … ပေါ်ထွန်း ကြားပြီးပြီလား”

ရုတ်တရက် ကောက်ခါငင်ခါမေးလာသော သာလှ၏ စကားကြောင့် ဆိုင်းဆရာပေါက်စလေးပေါ် ထွန်း ကြောင်အမ်းအမ်း ဖြစ်သွားလေတော့သည်။

”ဘာကိုလဲ… သာလှ ရ”

”ဟိုလေ …. မင်းငယ်သူငယ်ချင်း တိုးအောင် မိန်းမမအိမ်စည် မနေ့ည ကပဲ … ဆုံးလို့တဲ့”

”ဟေ …တမြန်နေ့ကမှ အကောင်းကြီးပါဟ … ငါနဲ့တောင် လမ်းမှာ စကားပြောဖြစ်ကြသေး ”

ပေါ်ထွန်းမှာ မယုံကြည်နိုင်လောက်အောင် အံ့အားသင့်နေ၏။ ယခုဆုံးပါးသွားသော ပေါ်ထွန်း၏ သူငယ်ချင်း မအိမ်စည်မှာလည်း သဘင်ပညာကို အတော် စိတ်၀င်စားသော အမျိုးသမီး တစ်ယောက် ဖြစ်လေ၏။

သူနှင့် လည်း ထိုဇာတ်‌များ ဆိုင်းများ သဘင်များအကြောင်းများကို မကြာခဏ ဆိုသလို ပြောဖြစ်ဖူးသည် ။

ယခင်က မအိမ်စည်လည်း ထိုပညာရပ်များကို လေ့လာဆည်းပူးဖြစ်သော်လည်း တိုးအောင်နှင့် အကြောင်းပါ အိမ်ထောင်ကျပြီးခါမှာတော့ မပြေလည်တဲ့ မိသားစုအတွက် ရုန်းကန်နေရရှာသည်။ ထိုကြောင့်လည်း အပျိုဘ၀ကလို မဟုတ်တော့ရှာပဲ အချိန်ရမှရသလိုသာ ပေါ်ထွန်းနှင့် စကားချင်း ပညာရပ် နှီးနှောဖလှယ်ခွင့်လေး သာ ကျေနပ်နေရရှာသူ ။

ယခု ရုတ်တရက်ကြီး ကောက်ကာ ငင်ကာ ဆုံးသွားတော့

”အေ …ငါတောင် ခုပဲ နာရေးသတင်း မေးပြီး ပြန်လာတာ …ပေါ်ထွန်းရ .. မင်းလည်း အားရင် သွားကြည့်လိုက်ပါအုံး ”

”အေးပါ …ငါသွားကြည့်လိုက်အုံးမယ်”

”တိုးအောင်ကတော့ … သနားပါတယ် … ငွေရေးကြေးရေးကလည်း မပြေလည် အခု .. မိန်းမ ကသေတော့ ဒုက္ခပင်လယ်ဝေနေရှာပြီ”

”ဒါဆို … ငါသွားကြည့်လိုက်အုံးမယ် သာလှ ”

ပေါ်ထွန်း လည်း သာလှ နှင့် စကားစကို ဖြတ်ကာ တိုးအောင်ရှိရာ နာရေးအိမ်သို့ ခရီးနှင်လာခဲ့လိုက်တော့သည်။

ပေါ်ထွန်း ထိုအိမ်ထဲ သို့ ရောက်လျှင်ရောက်ခြင်းသတိထားမိလိုက်သည်ကား တိတ်ဆိတ် လျက် စကားပြောသံ တစိုးတစိ မျှပင် မကြားရပေ။ ပေါ်ထွန်းလည်း

”တိုးအောင် သူငယ်ချင်း”

လှမ်း၍ အသံပြုလိုက်တော့မှ

”အေ … ပေါ်ထွန်း အိမ်ပေါ်လာလေကွာ”

တိုးအောင်က အိမ်ပြတင်းပေါက်ကလေးမှ ခေါင်းပြူထွက်ကာ ကြေကွဲ အက်ရှသော အသံဖြင့်လှမ်း ခေါ်လိုက်လေတော့သည်။

”ငါကြားပြီးပါပြီ… စိတ်မကောင်းပါဘူးသူငယ်ချင်းရာ လိုအပ်တာ ရှိရင်ပြော ငါလည်း တတ်နိုင်သလောက် …ကူညီပေးမယ်ကွာ”

”အေးပါ … ပေါ်ထွန်းရာ ငါမင်းစကားကြားရတာအားရှိပါတယ် ဒါပေမယ့်”

”ဒါပေမယ့် … ဘာဖြစ်လဲ သူငယ်ချင်း ငါဘာကူညီရမလဲ”

တိုးအောင်၏ ဒါပေမယ့်ကို ပေါ်ထွန်း အလိုက်သိစွာ ၀င်ထောက်လိုက်သည်။ အကူညီတောင်းဖို့ရာ တိုးအောင် တွန့်ဆုတ်နေခြင်း မဟုတ်လား။

”ငါ့မိန်းမ အိမ်စည် ရဲ့အသုဘ မှာ …. ငါ ဆိုင်းဝိုင်းလေးထည့် ချင်တယ်ကွာ … တို့ရွာဓလေ့ အရလည်း ဆိုင်းဝိုင်းလေးပါမှ မသာ အထမြောက်မယ် မဟုတ်လား … နောက်ပြီး ငါ့မိန်းမက မြန်မာ့ဆိုင်းကို အတော် နှစ်သက်တာ မင်းလဲအသိပဲ ”

တိုးအောင်၏ အသံမှာ ငိုသံစွက်နေလေသည်။သူ့ချစ်လှစွာသော ဇနီးလေး၏ အသုဘ စျာပနကို ကောင်းသည် ထက်ကောင်းစေချင်သည်ကိုပေါ်ထွန်းနားလည်သည်။ တိုးအောင်မျက်နှာများ ညှို့ မှိုင်းလို့နေလေ၏။

”အေး…ထည့်ပေါ့ သူငယ်ချင်းရ”

ပေါ်ထွန်းလည်း အားပေးရှာလေသည်။ သို့သော် ယခုခေတ် ယခုအခါ ဆိုင်းဝိုင်းတစ်ဝိုင်း၏ ဌားခ စရိတ်စက စျေးနှုန်းကား ပေါ့သေးသေးတော့ မဟုတ် ။ မပြေလည်တဲ့ တိုးအောင် အတွက်တော့ စိတ်ရှိတိုင်း လူက မစွမ်းဆောင်နိုင် ။

”ဒါပေမယ့် … သူငယ်ချင်းရာ မင်းသိတဲ့ အတိုင်းပဲငါ့ ဆီမှာ ပိုက်ဆံရယ်လို့မှ … မယ်မယ်ရရ မရှိတာ ငါ့မိန်းမ စျာပနကို‌‌ ‌တောင် ငါစည်ကားအောင် လုပ်ပေးနိုင်တော့မယ် မထင်ဘူး သူငယ်ချင်းရာ ”

ပြောကာဆိုကာ ဖြင့် တိုးအောင် တစ်ယောက်ယောကျာ်း ကြီးတန်မဲ့ လက်ဖျံဖြင့် မျက်စိ အစုံကိုအုပ်ကာ အားရပါးရ ငိုချလေတော့၏။ ပေါ်ထွန်းလည်း တိုးအောင်၏ ပုခုံးအား ဆုပ်ကိုင်ရင်း

”အားမငယ် နဲ့ … သူငယ်ချင်း ဆိုင်းမဌားနိုင်လဲဘာဖြစ်လဲ … ငါတီးပေးမယ်ကွာ ရွာဦးကျာင်းက ဆရာတော်ဆီမှာ ဒိုးပတ်ဝိုင်း … ရှိသားပဲ ဌားလိုက် ငါတီးပေးမယ်”

”ဟင် သူငယ်ချင်း …မင်း ..မင်းတကယ်ပြောတာလား ”

”နှစ်ခါမပြောဘူး …လုပ်လိုက် ငါတတ်နိုင်တာကူညီရတာပဲ ကျေနပ်တယ် ”

”ဒါပေမယ့် မင်းဆရာ ဦးတေဇ က … မသာအိမ်မှာမတီးဖို့ မှာထားတယ် မလား”

”ဟာ…ဟေ့ကောင် ဆိုင်းကွ ဘယ်မှာတီးတီး ဒီအသံပဲ ခုလည်း ဆရာကြီး မြို့တက်သွားတာ တော်တော် နဲ့ပြန်လာမယ် မဟုတ်ဘူး ငါတီးပေးမယ် မင်းစိတ်သာချ”

တိုးအောင် လည်း ဝမ်းသာအားရ မျက်ရည်များ ကို လက်ဖဝါးဖြင့် သုတ်ချလိုက်ရင်း

”ဝမ်းသာ လိုက်တာ သူငယ်ချင်းရာ … ငါမင်းကျေးဇူးတွေ ဒီတစ်သက် ဆပ်ကုန်မယ် မထင်တော့ပါဘူး ”

ပြောရင်း ပေါ်ထွန်းအား သိုင်းဖက်ချလိုက်လေတော့သည်။

ပေါ်ထွန်းလည်း ပြန်ကာ ဖက်ထားရင်း ပီတိမျကိရည် များ တွေတွေ စီးကျနေလေသည်။ သူငယ်ချင်း အတွက် မိုက်မဲသော ဆုံးဖြတ်ချက်ကို ပေါ်ထွန်း တစ်ယောက် ရဲရဲကြီး ချလိုက်တော့သည်။ သူမှားသွားခဲ့ပြီ ဆရာကြီးဦးတေဇ ပြောခဲ့သလို မျိုး မင်းတို့ ခေတ်လူငယ်တွေပြောရင်လည်း နားလည်မှာ မဟုတ်ပါဘူး ကွာ

ဟူသော စကားသည် မှန်လေစွ။ ။

************

ညပုရစ်များ၏ အသံကား မသာအိမ် ဝန်းကျင်တွင် စီစီညံလျက်။

”အိမ်စည် တန်ခိုး …နှစ်ကဒ်ပေါင်း ကိုး ”

”ဘူတဲ့ကွာ”

တိုးအောင် အိမ်ရှေ့တွင် မဏ္ဏပ်ထိုးထားလေသည်ထိုမဏ္ဏပ်နေရာအတွင်း ဝါးကပ်စင်ကြီးဖြင့် မအိမ်စည်၏ အခေါင်းကြီးကို အဖုံးလှပ်ကာ တင်ထားလေသည်။

နံဘေးတွင်လည်း ရွာကာလသားများ အကြိုက် မသာအိမ် တွင် ဖဲ ရိုက်နေကြခြင်းဖြစ်သည်။ ထိုစဉ် ရွာကာလသားခေါင်းသာဒင်က

”ဟေ့ကောင် ပေါ်ထွန်း … အိပ်ချင်ပြေ … မျောက်မင်းအူသံလေး တစ်ပုဒ်လောက်တီးစမ်းကွာ”

ရုတ်တရက်ထကာပြောလိုက်တော့ ပေါ်ထွန်းလည်းကြောင်အမ်းအမ်း ဖြစ်သွားရင်း

”ဟာ … ညကြီးကိုကွာ”

”အို … ဘာဖြစ်လဲ ချကွာ တစ်ပုဒ်ထဲရယ် ”

”ဟုတ်တယ်ဟေ့ …လုပ်စမ်းပါ”

အရက်တန်ခိုး နှင့် ထွေနေကြသော ရွာသားများကလည်း ပေါ်ထွန်းအား ဝိုင်းကာ အားပေးမြောက်ပင့်ကြတော့သည်။ ယခုမှ တက်စလူငယ်လေး ဖြစ်သည့်ပေါ်ထွန်းလည်း လူစုံတုန်း ပညာပြချင်လေ၏။ ထို့ကြောင့် ပတ် ဝိုင်းထဲတွင် အကျအနဝင်ထိုင်လိုက်ကာ တဗြောင်းဗြောင်းတီးခတ်လေတော့၏။

”ဟ …. ဦးတေဇ ကြီးကျနေတာပဲ လက်သံကတော့”

”ဟုတ်ပ … အိမ်စည်တောင် ထကလာတော့မယ် ထင်တယ်ဟေ့ … ဟားဟား”

”ဟေ့ကောင် … ဒိုးလုံး ဘာတွေပြောနေတာလဲ…မပြောကောင်းဘူး ညကြီးမိုးချုပ်”

သာဒင်ငေါက်လိုက်တော့မှ ဒိုးလုံး လည်း ဇက်ကလေး ပုကာ ငြိမ်ကျသွားလေတော့သည်။ဒီလိုနဲ့ ပေါ်ထွန်း သီချင်းတစ်ပုဒ်ပြီးသွားသည်မို့ဆိုင်းဝိုင်းအပြင်ထွက်ကာ ဆေး‌ပေါ့ လိပ်တစ်လိပ်ကိုမီးညှိကာ ဇိမ်ခံဖွာရှိုက်လို့ နေလေ၏။

သူ့သူငယ်ချင်းများ ကတော့ ပေါ်ထွန်းအား ခပ်ဆူဆူပင် ဝိုင်းဝန်းကာ လက်ခုပ်တီး အားပေကြသည် ။ အချိန်ကား ည ကိုးနာရီ ဝန်းကျင် ပတ်ဝန်းကျင်တွင်လည်း ပေါ်ထွန်း၏ ဆိုင်းသံ ပျောက်ကွယ်ပြီးနောက် ဘာသံမျှမထွက်ပေါ်လာတော့ပေ။

”ကဲ …. အိပ်မယ်ဟေ့”

”အေး … အိပ်ကြရအောင်ကွာ မျက်လုံးတွေလည်းမှေးလာပြီ”

”အိပ်ပြီဟေ့ … ဟိုကောင်တွေ ဟင်းအိုးတွေ သေချာသိမ်းထား ခွေးဆွဲမယ်”

ရွာကာလ သားများ လည်းတစ်ယောက်တစ်ပေါက်ပြောကာ ထိုဝါးကပ်ပေါ်တွင် တန်းစီကာအိပ်ကြလေတော့၏။ ပေါ်ထွန်းလည်းတနေကုန်ပင်ပန်း ထားပြီမို့ ကြမ်းခင်းပေါ် ခေါင်းချလိုက်သည်နှင့် တစ်ပြိုင်နက် နှစ်ခြိုက်စွာ အိပ်မောကျသွားလေတော့သတည်း။ ။

*************

”ဝုတ်… ဝုတ်… ဝုတ် အု …အူ’

ည၏ တိတ်ဆိတ်ခြင်းကို ကျက်သရေယုတ်လှသော ခွေးအူသံကြီးက ထိုးခွင်းသွားလေတော့သည်။ ခွေးအူသံမှာ တစ်စုံတစ်ခုသော မကောင်းမှု အငွေ့အသက်ကို ရနေ၍လား မပြောတတ် ။ နား၀င်မချိုလှသည်တော့ အမှန်ပင်။

ပေါ်ထွန်းလည်း ထိုခွေးအူသံကြောင့်ရုတ်တရက် လန့်နိုးလာတော့သည်။

”အု …. အုအု အူဝူး”

ခွေးမှာ နာနာဘာဝကို မြင်နေဘိအလား ကြောက်ရွံ့စွာ အူနေသည်ကို ပေါ်ထွန်းသတိထားမိသည်နှင့် တစ်ပြိုင်နက် ကျောများစိမ့် ကနဲ စိမ့်ကနဲအေးသွား ကာ မသိစိတ်ကြောင့် ခေါင်းမွှေးများ ထောင်တက်လာ တေ့ာသည်။ ထိုစဉ်

”ဟာ”

မအိမ်စည် အသက် ၂၃ နှစ်ဟုရေးထားသောမသာခေါင်းကြီးမှာ တကျွီကျွီ အသံပေးရင်း ဖြေးဖြေးချင်း လှုပ်လာသည်ကိုပေါ်ထွန်း အတိုင်းသား မြင်လိုက်ရလေသည်။

”ဖြုန်း …”

”အမလေး .. မြတ်စွာဘုရား ကယ်တော်မူပါ”

ထိုအခေါင်းထဲ မှ လက်ကြီးတစ်ဖက် ထွက်လာသည်ကို ပေါ်ထွန်းသေသေချာချာ မြင်လိုက်ရခြင်းပင် ။ကြောက်စိတ်များ ကြီးစိုးနေပြီး ပေါ်ထွန်းထိုအရာ ကိုဆက်မကြည့်နိုင်ပဲ မျက်စိကို အားကုန်စုံ မှိတ်ထားလိုက်လေတော့သည်။

ခနကြာတော့ အသံများတိတ်ဆိတ်သွားလေပြီ။ ထွန်းထားသော ရေနံဆီ မီးခွက်မှာလည်းမီးစာ ကုန်ခါနီးမို့ မီးရောင် မိန်မိန် မျှသာလင်းလို့နေသည်က လည်းမကောင်းဆိုးဝါး အားပေးဆိုသလို။

”ဟဲ့ … ပေါ်ထွန်း ဟဲ့”

”ဟင် … ဟာ အိမ် .. အိမ်စည် …သ … သရဲ”

အေးစက်သော လက်ကြီးနှစ်ဖက်ကာ ပေါ်ထွန်း၏ ခြေထောက်အား လာဆွဲကာ လှုပ်နိုးလေသည်။ နားထဲ တွင်လည်း ပေါ်ထွန်း ပေါ်ထွန်း ဟုခေါ်နေသည်ကို သွေးပျက်ဖွယ်ကြားနေရ၏။

”အေး …ငါ အိမ်စည်လေ နင့်ဆိုင်းသံလေး ကြားချင်လို့”

အိမ်စည် ဟုတ်တယ် ဒါအိမ်စည့် အသံ၊ သူကောင်းကောင်းမှတ်မိတယ်။ သူမျက်စိကို မရဲတရဲ ဖွင့်လိုက်ချိန်မှာတော့

”ဟာ …. ”

သူမြင်ရသော အရာကား အခေါင်းထဲမှ ထွက်လာပြီး သူ့ခြေရင်းတွင် တောင့်တောင့်ကြီး ရပ်နေသော အိမ်စည်ဖြစ်နေသည်။ မျက်ကွင်းများလည်း ညိုမဲကာ ဝတ်စုံဖြူကြီးကိုသာဝတ်ဆင်ထားသည်ကို တွေ့ရလေ၏။

ဆံပင်များ လည်းဖွာလန်ကျဲပြီး စူးရဲသောမျက်လုံး နီကြီးများဖြင့် သူ့အား စိုက်ကြည့်နေသည်ကား စားတော့ဝါးတော့မည်နှယ်။

”သွား … အိမ်စည် မလာနဲ့ ငါတို့ နဲ့နင်က ဘဝခြားသွားပြီ မလာပါနဲ့ …. မခြောက်ပါနဲ့ ”

ပေါ်ထွန်း အသံကား ကြောက်လန့်မှုကြောင့်တဆက်ဆက်တုန်နေလေသည်။

”နင် တီးမှာလား … ငါဂုတ်ချိုးသတ်ရမှာလား”

”ဘုရား ဘုရား”

ပေါ်ထွန်း ခေါင်းနပန်းကြီးသွားလေတော့သည်။သူမြင်နေသော မိန်းမကား အိမ်စည် မှဟုတ်ရဲ့လား အသံကြီးမှာ စူးရဲအက်ရှကာ ကြောက်စရာကောင်းလွန်းလှပေသည်။

ထိုထက်ကြောက်ဖို့ကောင်းသည်ကား ဒိုးပတ်ဝိုင်းကို ပေါ်ထွန်း မတီးပါက ဂုတ်ချိုးခံရမည် ဆိုသော အချက်ပင် ။ သေချာသည်ကတော့ အိမ်စည် ခိုင်းသည့် အတိုင်းမလုပ်ပါက ပေါ်ထွန်း သေရတော့မည်။

”နင်တီး …. ငါကမယ်”

အိမ်စည်၏ အသံကြီးကား နှလုံးသွေးများပင်ရပ်တန့်သွားလောက်အောင် ကြောက်စရာကောင်းလှပေ၏။ ပေါ်ထွန်းလည်း မတတ်သာ သည့်အဆုံး ပတ်ဝိုင်းထဲ ဝင်ကာ တီးပေးရလေတော့သည်။

အိမ်စည် သရဲမ မှာတော့ ပေါ်ထွန်းတီးသော ဆိုင်းသံ နှင့် အလိုက်ပျော်ပျော်ကြီးကနေသည်ကို သွေးပျက်ခြောက်ချားဖွယ်မြင်တွေ့နေရလေသည်။ ဆယ့်ငါးမိနစ်ခန့်ကြာတော့ အိမ်စည်သရဲမက

”ဟဲ့ … ငါ ဗိုက်ဆာတယ် ဘာရှိလဲ”

”ဟို … ဟိုဖက်မှာ ဟင်း ဟင်းအိုးတွေ”

သရဲမ အိမ်စည်လည်း ဟင်းအိုးများရှိရာသို့ဇက်ကြီး စောင်းကာ စောင်းကာ လျှောက်သွားရင်း ဝက်သားအိုးတစ်အိုးကို ယူကာ အထဲမှအသားတုံးများကို တစ်တုံးပြီးတစ်တုံးကောက်ကာ ပါးစပ်ထဲ သွပ်ထည့်လေ၏။သရဲမလည်း စားလို့ပြီးတော့ ပေါ်ထွန်းက

”အိမ်စည် ….. ဒီတစ်ခါ နင်တီး ငါကမယ်”

ပေါ်ထွန်းလည်း ၎င်း၏ အကြံအတိုင်း အိမ်စည်သရဲမ ပတ်ဝိုင်းထဲ ဈာန်၀င်သွားပါက သူပြေးမည်ပင် ။ သို့မဟုတ် အိပ်ပျော်နေသော ရွာသားများကို နှိုးကာ အကူအညီတောင်းမည် ။

သရဲမ လည်း ပေါ်ထွန်း၏ အကြံကို ရိပ်မိဟန် မတူ ထို့ကြောင့် ပတ်ဝိုင်းထဲဝင်ကာ လက်သံကြမ်းကြီးဖြင့် တဗြောင်းဗြောင်း တီးခတ်လေတော့သည်။

ပေါ်ထွန်း လည်း ကချင်ဟန်ဆောင်ရင်းမှ အိပ်ပျော်နေသော ရွာကာလသားများကိုခြေထောက်ဖြင့် တို့ကာ နှိုးသည် ။ သို့တိုင်အောင် တစ်ယောက်မှ နိုးမလာကြ။ သေဆုံး နေသော အလောင်းကောင်များ နှယ် မလှုပ် မယှက် ။

ပေါ်ထွန်းလည်း နှိုးမရသည့် အဆုံး အစီအစဉ်အတိုင်း အိမ်စည် သရဲမ၏ အရိပ်အချည်ကို ကြည့်ကာ သုတ်ခြေတင်ပါတော့သည်။

”ပေါ်ထွန်း …. မပြေးနဲ့”

သရဲမ လည်း ကြောက်စရာကောင်းလှသော အသံနက်ကြီးဖြင့် အော်ကာ လေပေါ်မှ တလွှားလွှား ပျံသန်းရင်း ပေါ်ထွန်းနောက်လိုက်လေ၏။

”မလာနဲ့ …. သွား ….သွား မလာနဲ့ …မလာနဲ့”

ပေါ်ထွန်း သွေးပျက်ခမန်း အော်ဟစ်ရင်း ခြေဦးတည့် ရသို့တရကြမ်းပြေးလေတော့သည်။

တစ်နေရာ အရောက်တွင် ပေါ်ထွန်း နတ်ကွန်းဆောက်ထား သော ညောင်ပင်ကြီး ကိုတွေ့တော့မှ အားတက်သွားလေတော့သည်။ ပေါ်ထွန်းလည်း ညောင်ပင် အောက်ရောက်တော့ သရဲမဆက်လိုက်မလာနိုင်တော့ပေ။

ထိုအပင်ကြီးတွင် ရွာသားများအဆိုရ ရုက္ခစိုးဗိမ္မာန်ဟု ပေါ်ထွန်းကြားဖူးသည် ။ ပေါ်ထွန်း အနားကပ်မရသည့် နောက်မှာတော့ သရဲမ အိမ်စည် အသံဩကြီးဖြင့်

”ပြန်လာခဲ့ …. ပေါ်ထွန်း ပြန်လာ”

ညောင်ပင် နှင့် ကိုက်နှစ်ဆယ် အကွာလောက်ကရပ်ရင်း လက်ကြီးယပ်ကာပေါ်ထွန်းအား အော်ခေါ်နေလေတော့သည်။နောက်ဆုံး ဘာမှ လုပ်မရတော့မှ ညောင်ပင်ကြီးကို ခုနစ်ပတ်တိတိ ပတ်ကာ အမှောင်ရိပ်ထဲ တိုးဝင်ပျောက်ကွယ်သွားသည်ကိုထူးဆန်းအံ့သြဖွယ် တွေ့လိုက်ရလေတော့၏။

***********

”ဟာ… ဟေ့ကောင် ပေါ်ထွန်း ဘာ လို့ညောင်ပင်အောက်မှာ လာအိပ်နေတာလဲ”

”အား… မလာနဲ့ သွား… သွား ”

”ဟ…ဟေ့ကောင်ရ ငါတို့ပါဟ”

ပေါ်ထွန်း လည်း မျက်စိကို ပွတ်သပ်ကြည့်လိုက်တော့မှ ရွာကာလသားများဖြစ်နေသည်ကိုတွေ့လိုက်ရလေတော့သည်။

”ငါ… ငါ့ကို ညက အိမ်စည် လိုက် လိုက် ခြောက် နေလို့ဟ”

”ဟေ ”

”ဘယ်လို ”

ပေါ်ထွန်းလည်း ညက အဖြစ်အပျက်များကိုသေသေချာချာပြန်ပြောပြလေ၏။ ကာလသားများကတော့ သိပ် လက်ခံပုံမရချေ။

”အေး မင်းတို့ မယုံရင် အိမ်စည့် အလောင်းမှာ

ဝက်သား ဟင်းတွေပေနေတာတွေ့ လိမ့်မယ်ကွာ”

ပော်ထွန်းပြောသည့် အတိုင်းထိုလူများလည်း အိမ်စည့်

အလောင်းကိုလိုက်ပါကြည့်ကြရာတွင်တော့မှန်ပေသည်။ပေါ်ထွန်းပြောခဲ့သလို မျိုး အိမ်စည်၏ အလောင်းတွင်ရော လက်ရော ပါးစပ်များတွင်ပါဝက်သား ဟင်းအနှစ်များ ပေကျံနေသည်ကိုခြောက်ချားဖွယ် တွေ့လိုက်ရလေတော့၏။

ထို အဖြစ်ပျက်များ ဖြစ်ပြီးနောက်မှာတော့ ပေါ်ထွန်း တစ်ယောက်လည်း အဖျားကြီးကာအိပ်ရာ ပေါ်ဘုန်းဘုန်းလဲသည့် အဆင့်သို့ရောက်ခဲ့ရလေတော့သည်။

ပေါ်ထွန်း အဖျားကြီးနေသည်ကား ယနေ့ နှင့် ဆိုလျှင် ခုနစ်ရက်တိတိရှိလေပြီ။ သူကယောင်ကတမ်း အော်ဟစ်ပြောဆ်ုသောစကားလုံး အချို့မှာ

”အိမ်စည်မလာနဲ့ …. သွားသွား …. မလိုက်ဘူး ငါ့ကိုမခေါ်သွားပါနဲ့ ကွာ … သွားပါ …သွား သရဲမ သွား”

စသည့် စကားလုံးများပါ အသံနက်ကြီးပင်။ ထူးဆန်းမှုကား ဆက်တိုက်ဆိုသလို ခုနစ်ရက်မြောက်တိတိ တွင်ပေါ်ထွန်းတစ် ယောက် အဖျားကြီး ပြီး အသက်ထွက်သွားခဲ့လေတော့၏။ သူမသေခင် ဝိုးတဝါး နောက်ဆုံးကြားနေရသော စကားသံကား

”မသာ အိမ်မှာ … ဘယ်တော့မှ … မင်းဆိုင်းသံကိုမတီးမိပါစေ နဲ့ ”

”မသာ အိမ်မှာ ဘယ်တော့မှ မင်းဆိုင်းကို မတီးပါနဲ့”

ဟူသော ဆရာကြီးဦးတေဇ ၏ ဆုံးမစကားပင်။

အမှန်တော့ အမှန်တကယ်တော့ နာမည်တစ်မျိုးပေးကာ ခေါ်ရမည် ဆို လျှင်ထိုပတ်ဝိုင်းထဲက အသံသည်ကား

”မသာ မြူးတဲ့ ဆိုင်းသံ ”

ပြီးပါပြီ

စာဖတ်သူတို့အားအစဉ်လေးစားလျက်

သူရေး Since 2017

#ညမဖတ်ရ