အရိပ်မဲ့လူသတ်သမား

အရိပ်မဲ့ လူသတ်သမား
အပိုင်း ၁
——————————

မနက်ခင်း၈နာရီအချိန် သနပ်ပင်မြို့နယ် တရားရုံးရှေ့တွင်ပျားပန်းခပ်မျှ စည်ကားနေသည်။ ကောင်းကင်တွင် တိမ်မည်းညိုများရစ်သိုင်းဆင်နေပြီး ရွာမယောင် ဟန်ရေးဆင်နေသည်။လေပြင်းတစ်ချက် မွှေ့ယမ်းလိုက်တိုင်း တိမ်အုပ်များ အပြေးနှင်နေကြလေသည်။
မိုးရွာတော့မည့် ရှေ့ပြေးလက္ခဏာအဖြစ်
လေနုအေးများ ဖြေးဖြေးညှင်သာစွာ တိုက်ခတ်နေလေပြီ။

မစည်ကားသင့်သော အရပ်ဖြစ်သော်လည်း ထူးထူးခြားခြား စည်ကားနေခြင်းမှာ နာမည်ကြီးလူသတ်မှုကို စတင်စစ်ဆေးမည်ဖြစ်၍ တရားရုံးတွင် လူများနေခြင်း ဖြစ်သည်။
တောသာသာမြို့လေးဖြစ်၍လည်း တဆင့်စကားတဆင့်ဖြင့် ထိုလူသတ်မှုမှာ ပိုပြီးလူသိများသွားခြင်းဖြစ်သည်။

တရားခံကို မမြင်ဘူး၍ လာရောက်ကြည့်ရှု
ခြင်းဖြစ်သလို ပြစ်မှု ဖြစ်ပွားရာ ရွာမှ တချို့ရွာသားများပါ လာရောက်လေ့လာကြည့်ရှုခြင်းကြောင့်လည်းဖြစ်သည်၊ တရားခံမှာ မိန်းကလေးတစ်ဦးဖြစ်နေပြီး သေဆုံးသူမှာ အမျိုးသားတစ်ယောက် ဖြစ်နေ၍ ဖြစ်စဥ်အကြောင်းရင်း သိလိုစိတ်ပြင်းပြနေကြကာ ဘာကြောင့်သတ်ရသည်ကို အများက ပိုပြီးစိတ်ဝင်စားနေကြလေသည်။ လူသတ်မှု သတင်းမှာ တောရွာများ၏ထုံးစံလို တောမီးပမာတမဟုတ်ခြင်း သတင်းပျံ့တတ်သည့်
အပြင် ကောလဟလ သတင်းက ပိုမိုပြီးချဲ့ကားတတ်ကြသည်။

မနက် ၉ နာရီ ထိုးပြီဖြစ်၍ ဆိုင်ရာ အမှုထမ်းများရောက်ရှိလာကြပြီး ရုံးတံခါးများဖွင့်နေပြီ ဖြစ်သည်။ ထို့နောက် သက်ဆိုင်ရာ အမှုများကို စစ်ဆေးမည့် တရားသူကြီး ၃ယောက်လည်း ရှေ့ဆင့်နောက်ဆင့် ဆိုသလို ရောက်ရှိလာကြပြီး အမှုစစ်ဆေးမည့် အခန်းရှိရာကို အသီးသီးဝင်သွားကြသည်။

တရားရုံးရှိ အမှုတွဲများတွင် ခိုးမှု လုယက်မှု
ဓါးပြမှု စသဖြင့် အမှုများစတင်စစ်ဆေးနေပြီဖြစ်သည်။ အများမျှော်လင့်နေသည့် တရားခံမိန်းကလေးကို ရုံးမထုတ်သေးသဖြင့် လည်တဆန့်ဆန့်နှင့်ရှိနေကြသည်။
တစ်ဖြေးဖြေးနှင့် မွန်းလွဲပိုင်းအချိန်သို့
ရောက်ရှိလာပြီး တရားရုံး၏ ရှေ့ဘက်ခပ်ယွန်း
ယွန်းရှိ အချုပ်ခန်းတံခါးပွင့်လာလေသည်။
လက်နက်ကိုင်ရဲ အစောင့်အရှောက်ဖြင့်
အချုပ်ခန်းအတွင်းမှ မိန်းကလေးတစ်ယောက်ကိုလက်ထိပ်ခတ် ခေါ်ဆောင်လာနေသည်။
ထို့နောက်တရားရုံးရှိ အမှုစစ်မည့်အခန်းတစ်ခု သို့ဝင်ရောက်သွားကြသည်။

“ဝေးထွက်လာပြီဟေ့”

“ဟယ်ငယ်ငယ်ချောချောလေးတော့်”

“ဟာ ချောလိုက်တာကွာ မင်းသမီး
ခိုင်ခင်ဦးကျနေတာပဲ။”

“သေသွားတဲ့ သူ့ရည်းစားကလည်းပြေငြိမ်းလို
ချောတယ်ကွ”

တစ်ယောက်တစ်ပေါက် အမျိုးမျိုးဝေဖန်နေကြတော့သည်။

“ရုပ်လေးက သနားကမားလေးနဲ့ ဘာဖြစ်လို့သတ်ရတာလဲမသ်ိဘူးဟယ်”

“ဟဲ့ ငါကြားတာတော့ ကောင်လေးက
သူ့အိမ်ကပေးစားတဲ့သူ ယူမလို့ ကောင်မလေးက မကျေနပ်လို့ သတ်တာတဲ့”

“ဟုတ်ဘူးဟဲ့။ငါကြားတာတော့ ကောင်မလေးနဲ့ ကြိုက်နေတဲ့ကောင်က သတ်တာလို့ပြောတာပဲ။

“သေတဲ့ကောင်လေးက ချမ်းသာတယ်၊
သနပ်ဖက်တို့ဆေးရိုးတို့ ပွဲရုံပိုင်ရှင်သားတဲ့”

တရားရုံးရှေ့တွင် အသုပ်စုံရောင်းသည့်
မိချောနှင့် ဘိန်းမုန့်သည် မအေးသောင်းတို့နှစ်ဦးအချီအချ ပြောနေကြသည်ကို ဘေးမှ အသာ
နားထောင်နေသည့် ကွမ်းယာစီးကရက်
ရောင်းနေသူ ဖြိုးမောင်က………

” နင်တို့ကလည်း မသိရဘဲနဲ့ရမ်းပြီး
မပြောကြနဲ့ ”

“အေးပါဟ၊ ကောင်မလေးကတော့
သတ်မယ်မထင်ပါဘူး၊ရုပ်လေးက နုနုဖတ်ဖတ်လေး၊ ကျုပ်တောင်သနားပြီးရင်ထဲငိုချင်လာတယ်။

လူကြားထဲတွင် သူတို့နှစ်ယောက်အသံကအကျ ယ်ဆုံးဖြစ်နေလေသည်။

“အားလုံး တိတ်မယ်၊တရာသူကြီးမင်းကြွလာပြီ”

ရှေ့ဖတ်စာရေးက ဆူညံနေသော
လူအုပ်ကြီးကို အော်ဟစ် သတိပေးလိုက်သည်။
တရားသူကြီး အခန်းထဲဝင်ရောက်လာပြီး
အမှုစစ်မည့်စားပွဲတွင်ဝင်ထိုင်လိုက်သည်။
ပြီးနောက် အမှုတွဲဖိုင်ကို လှန်လှောကြည့်လိုက်ကာ သူရှေ့တည့်တည့်ရှိ ထိုင်ခုံတွင်ထိုင်နေသော တရားခံမိန်းကလေးကို လှမ်းကြည့်လိုက်သည်။

မိန်းကလေးမှာ အသက်နှစ်ဆယ်ခန့်အရွယ်ဖြစ်သည်။ ။အသားဖြူနုဝင်းမွတ်ပြီးမျက်ခုံး
ကောင်းကောင်း နှာတံ ပေါ်ပေါ်နှင့် မျက်နှာ ပြေပြစ်ပြီး ချောမောလှပသည့် ရုပ်ရည်မျိုးဖြစ်လေသည်။ဆံပင်ရှည်ကို စုစည်းထားပြီးကျောလယ်ခန့်ရှိသည်။ မျက်လုံးများမှာဝိုင်းစက်၍
လှပသော်လည်း ငိုယိုထားသဖြင့် မျက် –
ကြောမှာ နီလျက် မျက်ခွံမှာ မို့ နေလေသည်။

တရားလို ရဲအရာရှိမှ အမှုအကြောင်းအရာကို
ဖတ်ပြပြီးတရားစွဲတင်ကာ ရုံးတော်ကို လျှောက်ထားလေသည်။ထို့နောက်တရားသူကြီးကမိန်းကလေးကို လှမ်းမေးလိုက်၏။

“နာမည်နဲ့ အဘ အမည်ပြောပါ”

“ခင်နှင်းရီပါ ရှင့်၊ အဖေက ဦးသိန်းမောင်ပါ”

တရားခံမိန်းမပျိုမှာ ကြောက်ရွံ့ထိတ်လန့်နေ
ဟန်နှင့် အသံ တုန်ရီနေလေသည်။တရားသူကြီးကို ဖြေအပြီးခေါင်းငုံ့ထားလိုက်၏။
တရားသူကြီးက အမှုတွဲကို ပြန်ဖတ်ကြည့်လိုက်ပြီး ထပ်​မေးလာသည်။

“တရားခံ ခင်နှင်းရီ ဘက်က လိုက်ပါပြီးလျှောက်လဲထုချေပေးမဲ့ အကျိုးဆောင်ပုဂ္ဂိုလ်တင်ပြထားတာမရှိဘူး၊ အဲ့ဒီအတွက် စီစဥ်ထားတာရှိလား”

“မရှိပါဘူးရှင့်၊ ကျွန်မတို့မိဘတွေကလည်း
နားမလည်ပါဘူး”

“ဟုတ်ပြီ၊ အဲ့ဒီတော့ မိဘတွေက ဘာပြောလဲ”

” အမှုဖြစ်ကတည်းက ခုထိ မတွေ့ရသေးပါဘူးရှင့်”

တရားသူကြီး မျက်မှောင်ကြုံ့ပြီး စဥ်းစားနေသည်။ လူသတ်မှုဖြစ်သည့်အတွက် ရဲဘက်
မှ တွေ့ခွင့်မပေးတာ ဖြစ်နိုင်သည်ကို ရိပ်စားမိ
နေသည်။

“ကောင်းပါပြီ အဲ့ဒီအတွက် ချေပပြောဆိုနိုင်ဖို့ အတွက် မိန်းကလေးအနေနဲ့ ဘာများပြောဖို့ရှိလဲ”

ခင်နှင်းရီက ရစ်ဝဲလာသည့် မျက်ရည်စများကို မျက်တောင်နှင့် ပုတ်ခတ်ပုတ်ခတ်လုပ်
လိုက်ပြီး အသံတုန်တုန်ယင်ယင်ဖြင့်..

“ကျွန်မ ဘာမှ နားမလည်ပါဘူးရှင့်၊
ကိုစိုးနောင်ကို ကျွန်မ သတ်မိပါတယ်အဟင့်
ဟင့် ဟင့် အီး အစ်အစ် အစ်…..”

“ဟာ ….”

ခင်နှင်းရီပြန်ဖြေသံအဆုံး အမှုစစ်အခန်းပြင်ပရှိ ချောင်းကြည့်လေ့လာနေသူများထံမှ ဝေါခနဲအသံ ဟိန်းထွက်သွားပြီး တီးတိုးဝေဖန်နေကြလေသည်။

တရားသူကြီးက ခင်နှင်းရီ ကို သေချာစူးစိုက်ပြီးကြည့်နေ၏။ထို့နောက် ဆွဲချဟုခေါ်ကြသည့် ဥပဒေအကျိုးဆောင် ဦးဘကောင်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။ အပြင်ရှိလူအုပ်ကြီး၏ စကားသံက ပိုပြီး ကျယ်လောင်လာ
သဖြင့် ရှေ့ဖတ်စာရေးက မာန်မဲ ကြိမ်းမောင်း
နေလေသည်။

ဗဟိုတရားရုံးရှေ့နေကြီးဦးဘကောင်းက
တရားခံ ခင်နှင်းရီကို အကဲခတ်ကြည့်ရှုနေလေသည်။ ရှေ့နေကြီးမှာ အသက် ၄၀ ခန့်ရှိကာ ဥပဓိခန့်ညားလေသည်။ ထိုနယ်တကြောတွင် နာမည်ကောင်းရထားသည့် ရှေ့နေတစ်ဦးဖြစ်သည်။တရားခံ မိန်းကလေး၏ မျက်နှာပြင်ပေါ်တွင် ရိုးသားမှု အရိပ်အရောင်တို့ မြင်နေရ၏။ သူ့စိတ်ထဲ ပိုင်းခြားဝေဖန်ကြည့်နေကာ ရိုးသားတိုင်းလည်း အခုလိုလူသတ်မှု မဖြစ်နိုင်ဘူးဆိုတာလည်းနားလည်သည်။
တရားသူကြီးက သစ်သား တူနှင့်စားပွဲပေါ်
တတောက်တောက်ခေါက်လိုက်ပြီး..

“တောက် တောက် တောက် ၊ အားလုံး ငြိမ်သက်ပြီးနားထောင်ကြပါ၊တရားခံမခင်နှင်းရီ၏ အကျိုးဆောင်အဖြစ် ဗဟိုတရားရုံးရှေ့နေဦးဘကောင်းမှ လိုက်ပါဆောင်ရွက်စေ၊
ရဲလုပ်ထုံးလုပ်နည်းများအရ အမှုကို ဆက်လက်စစ်ဆေးရန် တင်ပြလာ၍ ရမာန်လေးတစ်ပတ်
ချုပ်နှောင်ထားရန်နှင့် အမှုပြန်လည်စစ်ဆေးရန် ၁၉၉၀ ခုနှစ် ၈ လပိုင်း ၂၁ရက်သို့ သတ်မှတ်လိုက်သည် ”

တရားသူကြီးထံမှ အမိန့်သံထွက်လာပြီး
လူအုပ်ကြီးဆီက တစ်ယောက်တစ်ပေါက်သံများ ဝေါခနဲ ထွက်လာပြန်သည်။အမှုကို နောက်တစ်ပတ်ခြားပြီးချိန်းဆိုလိုက်ခြင်းဖြစ်သည်။ ခဏအကြာရဲတပ်ဖွဲ့ဝင်နှစ်ဦးက ခင်နှင်းရီတွဲခေါ်ကာအချုပ်ခန်းရှိရာဆီ ပြန်လည်ခေါ်ဆောင်သွားကြလေသည်။သနပ်ပင်မြို့နယ်တရားရုံးနှင့် အချုပ်ခန်းကဝန်းခြံကျယ် တစ်ခုအတွင်း ထားရှိ၏။။
အချုပ်ခန်းကို အောက်ခြေ အုတ်ပတ်ကားဆောက်လုပ်ထားပြီး ရင်စို့ခန့်ထားရှိကာ
အပေါ်ထည်ကို သစ်မာသားများ ကာရန်ထားသည်။ အတွင်းတွင် သီးခြားအခန်းထပ်ဖွဲ့ထားပြီး အလျားပေ၃၀ခန့်နှင့် အနံ ပေ၅၀ ခန့်ကို အလယ်မှ ရင်ခွဲပြီး ဟိုဖက်ဒီဖက်ကို သံတိုင်နှင့် ကာရံထားသည်။အခန်း ၂ ခန်းထားရှိပြီး
ချုပ်နှောင်ခြင်းဖြစ်သည်။အခန်းတစ်ခုကို လူသုံးလေးဆယ်ခန့်နေရလေသည်။။တရားခံတိုးလာချိန်ဆိုလျှင်တစ်ယောက်နှင့်တစ်ယောက် ထိကပ်ပြီးအိပ်ရတော့သည်။
မိန်းကလေး သီးသန့်အချုပ်ခန်းမရှိ၍
ခင်နှင်းရီကို အချုပ်ခန်းဝင်ရာ လမ်းဘေး
ကပ်လျက်အခန်းတွင် ကွပ်ပြစ်တစ်လုံးနှင့် ထားပြီး ဝင်ပေါက်တွင် အလှည့်ကျ ရဲအစောင့်များထားရှိသည်။

ခဏအကြာ အသက် ၅၀ခန့် အမျိုးသမီးကြီး
တစ် ယောက် နှင့် အ တူ အသက်ရွယ်တူအမျိုးသမီးကြီးတို့ အချုပ်ခန်းရှေ့သို့ ပြာယိပြာရာ ရောက်ရှိလာပြီးအစောင့်ရဲများကို မေးမြန်းလိုက်သည်။ အဒေါ်ကြီးတစ်ယောက်မှာ ငိုယိုထားပုံရသည့်အပြင် ထုံးထားသည့်
ဘီးဆံပတ် ဆံထုံးမှာလည်း ပြေလျော့နေပြီး
ဖရိုဖရဲ ဖြစ်နေသည်။

” တူကြီး ရေ ၊ခင်နှင်းရီဆိုတဲ့ ကလေးမလေး ရုံးထုတ်ပြီးပြီလားကွဲ့”

အမျိုးသမီးကြီး မျက်နှာတွင် မျှော်လင့်တကြီး
နှင့်ရှိနေသလို ပူပန်စိတ်များပါ ပေါ်လွင်နေ၏။

“ခုနတင်ပဲ ထုတ်ပြီးသွားပြီ၊အခုက ရက်ချိန်းပေးလို့ အချုပ်ထဲပြန်ထည့်ထားတယ်”

“ဟုတ်လား၊ ဒုက္ခပါပဲ၊ အဒေါ်တို့က ရစ်ကံလေးဘက်က လာရတာဆိုတော့ လမ်းမှာ အခက်အခဲ ဖြစ်နေလို့ ခုပဲရောက်တယ်”

သနပ်ပင်မြို့ကို ရစ်ကံလေးဘက်မှ လာလျှင်
ကဝ မြို့ ခမဲပြင် ဘက်ကလာသည့် ပါဆင်ဂျာကားကို စီးရသည်။ထိုကားမှာ တစ်နေ့တစ်ကြိမ်သာပြေးဆွဲပြီး ပဲခူးမြိ့ု့အထိ ရောက်သည်။
ပဲခူးမှ မွန်းလွဲ ၃နာရီခန့် ပြန်ထွက်ကာ ခမဲပြင်သို့ ပြန်ဆွဲသည်ဖြစ်ရာ ရစ်ကံလေးရွာမှ ဖြတ်သွားခြင်းဖြစ်၏။

” ခင်နှင်းရီက အဒေါ့်သမီးလေးပါ၊ ခဏလောက်တွေ့ချင်လို့ တွေ့ခွင့်ပေးပါလားကွယ်”

အစောင့်ရဲဘော်မှ အမျိုးသမီးကြီးပြောသည်ကို ခဏစဥ်းစားလိုက်ပြီး…

“နေအုံးအဒေါ် ၊ တာဝန်ရှိ ဂါတ်စာရေးကြီးကို မေးပေးမယ်”

ရဲဘော်လေးက အခန်းအပြင်ထွက်သွားပြီး
၅ မိနစ်ခန့်အကြာပြန်ရောက်လာသည်။

“အကြာကြီးတော့မရဘူးတဲ့ ၊ ၅မိနစ်လောက်ပဲ
ရမယ်၊ ကဲ… ဒီခုံက ထိုင်စောင့်နေ ကျွန်တော် သွားခေါ်ပေးမယ်”

အမျိုးသမီးကြီးနှစ်ယောက်ခုံတန်းလျားတွင်
ဝင်ထိုင်လိုက်ကြသည်။ အစောင့်ရဲဘော် အထဲဝင်သွားပြီး ခင်နှင်းရီကို ခေါ်လာပေးလေသည်။
သမီးဖြစ်သူကို မြင်သဖြင့်အမျိုးသမီးကြီးမှာ
ငိုချလိုက်လေသည်။
” သမီး လေး အဟီးဟီး ”

“အမေ .. အီး ..အစ် အစ် ”

သားအမိနှစ်ယောက်တင်းကျပ်နေအောင်
ဖက်ထားပြီး ရှိုက်ကြီးတငင် ငိုနေကြတော့
သည်။

“အဒေါ်ကြီး ပြောစရာရှိတာပြောကြပါ၊
ငိုနေလို့ မပြီးဘူး၊ အချိန်စေ့သွားလိမ့်မယ်”

အစောင့်ရဲဘော်မှ သတ်ိလှမ်းပေးနေ၍
သားအမိနှစ်ယောက် အငိုရပ်ကြတော့သည်။
အမေဖြစ်သူက ခင်နှင်းရည်၏ မျက်ရည်စများကို သူ၏ လက်ထဲ ကိုင်လာသည့် ချည်သဘက်
ဖြင့်သုတ်ပေးလိုက်၏

“ကျုပ်တို့မှာ စပြီးဖမ်းသွားကတည်းက
ခုမှတွေ့ခွင့်ရတော့တယ်၊ တရားသူကြီးဘာပြောသေးလဲ၊ .

“ဘာမှ မပြောပါဘူး၊ရှေ့နေ ထည့်ပေးမယ်
ပြောပြီး နောက်အပတ်ပြန်ချိန်းလိုက်တယ်”

.”ကျုပ်တို့လည်း ဘာမှ နားမလည်တော့ ဘာလုပ်ပေးရမှန်းမသိဘူး၊ ရွာထဲက ပြောတာတော့ ရှေ့နေ ရှေ့ရပ်နဲ့ လုပ်ရသတဲ့၊ ညည်းတကယ်သတ်လိုက်တာလားအေ ၊ ကျုပ်ကို မှန်မှန်ပြောစမ်းပါ”

အမေဖြစ်သူက စိုးရိမ်တကြီးမေးလာသဖြင့်
ခင်နှင်းရီ မျက်ရည်များ ယိုစီးလာကျလေသည်။ခင်နှင်းရည်၏ မိဘများဖြစ်သော
ဦးသိန်းမောင်နှင့် ဒေါ်ခင်အေးတို့မှာ တောသူတောင်သားများဖြစ်ကြပြီး ရိုးအေးကြသူတွေဖြစ်သည်။ လယ်ယာလုပ်ငန်းလုပ်ကိုင်ကြသူတွေဖြစ်သည်။လူချမ်းသာများ မဟုတ်ကြသော်လည်း အထိုက်အလျောက် နေနိုင်စားသောက်နိုင်ကြသူတွေဖြစ်သည်။

“ညည်းသတင်းကြားပြီးပြီး
ချင်း ညည်းအမေငိုပြီး တက်သွားလို့ ကျုပ်တို့မှာ ဝိုင်းပြီးနှာနှပ်ပေးလိုက်ရတာအေ၊ ညည်း မသတ်ဘူးမလား၊ အမှန်အတိုင်းပြောပြလိုက်ပါအေ”

မိခင်နှင့်အတူပါလာသည့် အဒေါ်ကြီး ဝင်
ပြောလာ၍ ခင်နှင်းရီ ငြိမ်သက်သွားလေ
သည်။သူ့စိတ်ထဲလည်းရှုပ်ထွေးနေပြီး ဘာတစ်ခုမှ မစဥ်းစားတတ်အောင်ဖြစ်နေရသည်။
ဒေါ်ခင်အေးက စိတ်ရှုပ်နေပုံနှင့် ပြောလာသည်။

“၊ ညည်းနှယ် မိုက်လိုက်တာအေ၊ အခုကိစ္စက လူသတ်မှု နော်၊သူများတွေ ပြောပုံအရ သေဒဏ်ကျနိုင်တယ်တဲ့ ၊ အဲ့လိုသာဖြစ်ရင် ကျုပ်တော့ သေမှာပဲ”

ခင်နှင်းရီမိခင်နှင့်အတူအဖော်လိုက်လာသည့် အမျိုးသမီးကမေးလာသည်။

“ညည်းကောင်လေးရော အခု ဘယ်မှာလဲ၊
ညည်းကိုလာမတွေ့ဘူးလား၊ သူဘာပြောလဲ”

ခင်နှင်းရီမျက်နှာတစ်ချက်ပျက်သွားပြီး
ပြန်ပြောလိုက်သည်။

“မသိပါဘူး ဒေါ်လေးမခင်ထွေးရယ် ”

ဒေါ်ခင်ထွေးမှာ ခင်နှင်းရီအမေ၏ ညီမ ဖြစ်
ပြီး တစ်ရွာစီနေကြသူဖြစ်သည်။ရွာချင်းမှာ
တမျှော်လောက်သာဝေးပြီး ကွင်းတစ်ခုခြား
လေသည်။ အမှုအခင်းဖြစ်
စဥ်က ဒေါ်ခင်အေးမှာ ညီမဖြစ်သူ ဒေါ်ခင်ထွေးတို့ရွာ ရောက်ရှိနေခြင်းဖြစ်သည်။ပြသနာဖြစ်၍ ရဲများခေါ်ဆောင်သွားချိန်အထိ သူတို့ မသိလိုက်ကြဘဲ တဆင့်စကားဖြင့်ကြားသိရပြီး ရစ်ကံလေးအပိုင်ရဲစခန်းသို့ အားချင်းလိုက်ကြလေသည်။ သို့သော် လူသတ်မှု ဖြစ်ထား၍ တရားခံကိုမည်သူ့ကိုမှ ပေးမတွေ့သဖြင့် ပြန်လာခဲ့ရသည်။
ဒီနေ့မနက်အစောပိုင်း ချုပ် ရမာန်ယူရမည်ရှိ၍ ဆိုကာ သနပ်ပင် မြို့နယ်တရားရုံးသို့
ခေါ်ဆောင်လာကြခြင်း ဖြစ်လေသည်။

“ဘယ်လိုကနေ စပြီးဖြစ်ကြတာလဲဆိုတာ
အမေ့ကိုပြောပါအုံး”

ဒေါ်ခင်အေးမှာ သမီးဖြစ်သူကို ချော့မောပြီး
မေးလိုက်သည်။ခင်နှင်းရီက မျက်နှာတစ်ဖက်လွှဲလိုက်ပြီး အဝေးကို ငေးကြည့်နေကာ စဥ်းစားနေလေသည်။ဒေါ်ခင်အေးက သမီးဖြစ်သူပခုံးကို အသာဖက်လိုက်ပြီး ထပ်မေးလိုက်၏။

“ပြောပါအုံးသမီးရယ်၊ အမေ ရင်တုန်လွန်းလို့ပါ
ငါ့သမီး နုနုထွတ်ထွတ်လေးက ဒီလိုဖြစ်ရတယ်လို့ကွယ်၊ပြောပြပါအုံး”

“အမေတို့ ဆေးခန်းသွားနေတုန်းကိုစိုးနောင်
ရောက်လာတယ်၊ပထမတော့ အေးအေးဆေးဆေးစကားပြောနေတာပါ၊
နောက်တော့ အဖေက ကြောင်းလမ်းဖို့ စီစဥ်ထားတယ်ပြောရာက ချစ်စကားကြိုက်စကား
ပြောတယ်၊သမီးက မချစ်နိုင်ဘူး လက်မထပ်နိုင်ဘူးပြောတော့ ဆွဲလားရမ်းလားလုပ်တယ်၊
သမီးလည်း ကြောက်ကြောက်လန့်လန့်နဲ့ ကတ်ကြေးနဲ့ ထိုးလိုက်တာပါ”

ခင်နှင်းရီက အေးဆေးတည်ငြိမ်သည့်အသံ
နှင့်ပြောလိုက်သည်။ ဒေါ်ခင်အေးက သမီး
ဖြစ်သူ မျက်နှာကို သေချာစိုက်ကြည့်နေ၏။

“ကျုပ်တော့ ညည်းပြောလ်ို့သာကြားရတယ်၊
မယုံနိုင်စရာပါအေ၊ စိတ်တွေလည်းညစ်ပါတယ်၊ အခု ဘယ်လိုလုပ်ကြမလဲ ၊ ညည်းထောင်ကျမှာနော်၊ညည်းအစားကျုပ်ပဲ ခံလိုက်
ချင်တယ် ”

ဒေါ်ခင်အေး စိတ်ညစ်ငြူးဟန်ဖြင့် ခေါင်းတဗြင်းဗြင်းကုပ်နေသည်။ ပြီးနောက် ဖွာကျနေသော
ဆံပင်ကို တစ်ပတ်လျှိုပြန်ထုံးလိုက်သည်။

“တကယ်ရော သတ်တာလား ခင်နှင်းရီရယ်”
ဒေါ်ခင်အေး ထပ်မေးနေသော်လည်း သူကိုယ်တိုင်ဓါးနှင့်ထိုးသတ်သည့်အကြောင်းပဲ ပြောနေသည်။
ထို့နောက် ဧည့်တွေ့ချိန် ပြည့်သွားကြောင်း ကင်းတာဝန်ကျ ရဲဘော်လာပြော၍ ဒေါ်ခင်အေးလည်း စားစရာနှင့်အဝတ်အစားအိပ်ရာခင်း စောင် စသဖြင့်ထုပ်ပိုးယူလာသည့် အထုပ်ကို ပေးခဲ့လိုက်သည်။

“ဒါဆို အမေတို့နောက်အပတ်ရုံးချိန်းကျရင်ပြန်လာခဲ့မယ်၊ ဒီပုတီးလေးယူထားပြီး ညတိုင်းစိပ်နေ၊ ဘုရားရှိခိုးပြီး ဆုတောင်းပါအေ”

ဒေါ်ခင်အေး တတွတ်တွတ် မှာကြားပြီး
ပြန်သွားတော့သည်။အမေ ပြန်သွားပြီးနောက်ခင်နှင်းရီလည်း ရှိုက်ကြီးတငင် ငိုချလေတော့သည်။

အပိုင်း ၂

ရှေ့နေဦးဘကောင်းလည်း တခြားလက်ခံထားသည့်အမှုတစ်ခုအတွက် ရုံးတော်တွင် လျှောက်လဲချက်ပေးအပြီး တရားရုံးအပြင်ဘက် ထွက်ခဲ့လိုက်သည်။ဦးဘကောင်းရုံးခန်းထဲက အထွက် တပည့်ဖြစ်သူ လင်းထွန်းက ဆရာဖြစ်သူလက်ထဲက စာရွက်စာတန်းဖိုင်နှင့်လက်ဆွဲအိတ်ကို လှမ်း
ယူလိုက်ပြှီး မေးမြန်းလိုက်သည်။

“ဆရာ ဘယ်ကိုသွားစရာရှ်ိသေးလဲ၊
ဒီနေ့ နောက်တစ်မှု မရှိတော့ဘူးဆရာ၊
သန်ဘက်ခါကျမှ ပဲခူးတိုင်းရုံးမှာ ဖိုးတွမ်တိမှု အတွက် သွားရမယ်”

လင်းထွန်းက ဥပဒေဘွဲ့ရပြီးနောက် ဦးဘကောင်းထံတွင်ချိန်ဘာဟု ခေါ်သော လုပ်ငန်းခွင် ပညာသင်ယူနေသည့် ရှေ့နေဖြစ်သည်။ဆရာဖြစ်သူ လက်ခံထားသည့်
အမှုများအတွက် ရက်ချိန်းများကို မှတ်သားထား၍ အသိပေးလိုက်ခြင်းဖြစ်သည်။

“အေးလေ လက်ဖက်ရည်ဆိုင် ခဏထိုင်ကြတာပေါ့ ”
ဆရာတပည့်နှစ်ယောက် တရားရုံးအဝင်ဝ
ဘေးနားရှိ လက်ဖက်ရည်ဆိုင် သွားလိုက်ပြီး
မှာယူလ်ိုက်ကြသည်။

“အခုမှ ၁၁ နာရီရှိသေးတယ်၊ငါတို့ ခင်နှင်းရီဆီ သွားတွေ့ပြီးမေးမြန်းကြည့်ရအောင်”

“ဟုတ်ကဲ့ဆရာ၊ အမှု အနေအထားကြည့်ရသလောက်ကျွန်တော်လည်း သိပ်ပြီး
မသင်ကာဘူး ”

“ဟုတ်ပြီ၊ မင်းက ဘယ်လို မြင်လို့လဲ
ပြောကြည့်လေ”

ဆရာဖြစ်သူက လင်းထွန်းဆီက သုံးသပ်ချက်ကို အကဲစမ်းပြီးမေးကြည့်ခြင်း ဖြစ်သည်။

“ဟုတ်ကဲ့ ၊ဘာရယ်မဟုတ်ပါဘူး၊
ကောင်မလေးကြည့်ရတာ နုနုဖတ်ဖတ်လေး
နဲ့ အခုလို လက်ရဲဇက်ရဲလုပ်ပါ့မလားလို့ပါ”

လင်းထွန်းစကားကြောင့် ဦးဘကောင်းက ပြုံးပြီးပြန်ပြောလိုက်သည်။

“ကြောက်ကျွဲခတ်တာမျိုးလည်းရှိနိုင်တာပဲကွ၊
ကောင်မလေးရဲ့ အရှက်နဲ့ သိက္ခာအတွက် မသိစိတ်က တွန်းပို့လိုက်တဲ့အချိန် ဆုံးဖြတ်ဆင်ခြင်တုံတရားက သတ်ိလက်လွတ်ဖြစ်ရာက
ပြစ်မှု ကျုးလွန်ကြတာပဲ၊ ငါတို့ဘက်က အမှု
လမ်းကြောင်းကို ကြည့်ပြီး သက်သာတဲ့ စီရင်မှုရအောင် လျှောက်လဲပေးဖို့ တာဝန်ရှိတယ်၊
မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ဆိုတဲ့ ဥပဒေ
အရ အသက်ညှာဆုံးဖြစ်စေရမယ်ပေါ့ကွာ၊

“မှန်ပါတယ်ဆရာ၊ ကောင်မလေးဆီက ရနိုင်မဲ့ သက်သေခံ တင်ပြကြည့်ရမှာပေါ့”

ထို့နောက် လက်ဖက်ရည်ဆိုင်မှ ပြန်ထွက်လာကြပြီး အချုပ်ခန်းရှိရာ သွားလိုက်ကြသည်။
အစောင့်ရဲဘော်ကို တရားခံခင်နှင်းရီကအမှုကြောင်းအရ မေးမြန်းချင််ကြောင်း ပြောဆိုလိုက်သည်။ဦးဘကောင်းတို့ ထိုင်ခုံတွင် ထိုင်စောင့်နေလိုက်ကြသည်။ ရဲဘော်မှ အထက်အရာရှိက်ို တင်ပြပြီး တွေ့ခွင့်ပေးလိုက်သည်။
ထို့နောက် ခင်နှင်းရီကို အခန်းထဲက ခေါ်လာပေးသည်။
ဦးဘကောင်းက ခင်နှင်းရီကို ထိုင်နေရာက
ပြုံးပြလိုက်ပြီးစာပွဲပေါ်တွင် အမှုတွဲဖိုင်များကို တင်ထားလိုက်သည်။

“နေကောင်းတယ် မလား၊ကျွန်တော်က
ဘကောင်းပါ၊မိန်းကလေးအတွက် လိုက်ပါဆောင်ရွက်ပေးမဲ့ ရှေ့နေပါ၊နည်းနည်းပါးပါး မေးမြန်းချင်လို့လာတာပါ”

ခင်နှင်းရီက ဦးဘကောင်းရှေ့ရှိ ထိုင်ခုံတွင်
ဝင်ထိုင်လိုက်ပြီး ခပ်ယဲ့ယဲ့ ပြုံးပြလိုက်သည်။

” ဟုတ်ကဲ့ ဘာသိချင်လို့လဲရှင့်”

” အမှုဖြစ်စဥ်အကျဥ်းတော့ ရဲစစ်မေးချက်အရ သိသင့်သလောက်သိထားပါပြီ၊
ဒါပေမဲ့ ထပ်ပြီး သိချင်တာရှိလို့ပါ”

ဦးဘကောင်းက တွေးတွေးဆဆ ပြောလိုက်ပြီး ခင်နှင်းရီကို အကဲခတ်ကြည့်နေလိုက်သည်။
တရားခံ၏ အမူအယာနှင့် ပြောဆိုချက်ကို
စိတ်ထဲ မသိုးမသန့်ဖြစ်နေသော်လည်း ပါးပါး
နပ်နပ် ကိုင်တွယ်ရမည်ကို သူ့အတွေ့အကြုံ
သမ္ဘာအရ သိထားလေသည်။ဦးဘကောင်းက
ဖိုင်တွဲကို လှန်လိုက်ပြီး စစ်ချက်ကို တစ်ချက်ကြည့် ပြီး ခင်နှင်းရီကို ဖတ်ပြလိုက်၏။

“နာမည်က ခင်နှင်းရီ၊(ဘ)ဦးသိန်းမောင် အသက် ၂၀ ၊ တက္ကသိုလ်စာပေးစာယူနောက်ဆုံးနှစ်၊အလုပ်အကိုင် အနေနဲ့ အိမ်မှာစက်ချုပ်ဆိုင်ဖွင့်ထားတယ်၊မောင်နှမနှစ်ယောက်ရှိတာမှာ အစ်ကိုကြီးက
မိဘနဲ့ အတူ လယ်ယာ လုပ်ငန်းဦးစီးပြီးလုပ်တယ်၊ နှစ်ယောက်လုံး လူလွတ်တွေဖြစ်တယ်၊
အခင်းဖြစ်ချိန် မနက်မှာ ဦးသိန်းမောင် က ပဲခူးကိုသွားနေတယ်၊ အစ်ကိုကြီးဖြစ်သူ ကိုထိန်မောင်က အခင်းဖြစ်တော့ အိမ်မှာမရှိဘူး၊ ကွင်းထဲကလယ်တဲမှာနေပြီး
အိမ်ကို သုံးလေးရက်မှ တစ်ကြိမ်လာတယ်။
၊မိခင်ဖြစ်သူက တစ်ရွာထဲနေတဲ့ ညီမဖြစ်သူနဲ့ တိုင်းရင်းဆေးခန်းသွားပြနေတယ်”

ဦးဘကောင်းက တည်ငြိမ်အေးဆေးသည့်
လေသံနှင့် ခင်နှင်းရီမျက်နှာကို စေ့စေ့ကြည့်ကာ ပြောပြနေသည်။

“ဟုတ်ကဲ့ပါရှင့် ၊ အဲ့ဒီအတိုင်းပါပဲ”

“ဆေးစစ်ချက်အရ ချွန်ထက်သောအရာနှင့် ထိုးသွင်းဒဏ်ရာ သုံးချက်တွေ့ရတယ်၊
ခင်နှင်းရီထွက်ချက်အရ ကတ်ကြေးနဲ့ ထိုးတာ
လို့ ထွက်ထားတယ်နော်”

“ဟုတ်ကဲ့ပါ”

ဦးဘကောင်းပြောအပြီး ပြုံးလိုက်သည်။

“ဒီမေးခွန်းကို ဖြေလို့ရရင် ဖြေပေးစေချင်တယ်၊မခင်နှင်းရီချစ်သူက
ကိုကျော်ခေါင်လို့သိရပါတယ်၊ အခုသေဆုံးသူ
ကိုစိုးနောင်နဲ့ပြသနာဖြစ်တာ ရန်ဖြစ်ပြီးစကားများတာရှိဖူးလားသိချင်ပါတယ်”

ဦးဘကောင်း မေးခွန်းကြောင့် ခင်နှင်းရီ
မျက်နှာတစ်ဖက်လွှဲသွားပြီးရှက်တက်တက်ဖြစ်သွားကာ ခေါင်းငုံ့နေလေသည်။

“အခင်းဖြစ်ချိန် ကိုကျော်ခေါင် ဘယ်မှာရှိနေလည်းဆိုတာ မခင်နှင်းရီ ပြောပြနိုင်မလား”

ခင်နှင်းရီ ခေါင်းမော့လာပြီး …

“သူနဲ့မတွေ့ဖြစ်တာ သုံးလေးရက်ရှိပါပြီ၊ ကိစ္စရှိလို့ ဒိုက်ဦးသွားစရာရှိတယ်ပြောဖူးတယ်၊ ကျန်တာတော့မသ်ိပါဘူး ၊ သူတို့နှစ်ယောက် ရန်မဖြစ်ဖူးပါဘူးရှင့် ”

“ဟုတ်ပါပြီ မခင်နှင်းရီ ၊ အဲ့ဒီနေ့က ဖြစ်ပျက်ခဲ့ပုံကို ဖြေးဖြေးချင်းပြန်စဥ်းစားပြီး ပြောပြပေးပါလား”

ခင်နှင်းရီ အဝေးကို လှမ်းကြည့်ပြီးတွေဝေ
စဥ်းစားနေ၏။ဦးဘကောင်းက အရိပ်အခြေစောင့်ကြည့်နေလေသည်။

“ရဲတွေစစ်တုန်းက အတိုင်းပါပဲ၊ဒီထက်လည်း
ကျွန်မ မပြောတတ်တော့ပါဘူး ၊ ကျွန်မ ခေါင်းတွေရှုပ်နေလို့ပါ”

ဦးဘကောင်း ခါးတစ်ချက်ဆန့်လိုက်ပြီး
​ခင်နှင်းရီကို အကဲခတ်လိုက်သည်။
ခင်နှင်းရီက ခေါင်းငုံ့ထားပြီး လက်နှစ်ဖက်ကို
တင်းကျပ်နေအောင် ဆုပ်ကိုင်ထားနေသည်။
ဦးဘကောင်းက အေးဆေးတည်ငြိမ်သံနှင့်
ရှင်းပြလိုက်သည်။

“ပြစ်မှုကြောင်းအရတော့ မခင်နှင်းရီကျုးလွန်လိုက်ပြီပေါ့ဗျာ၊ နားလည်လွယ်အောင်ပြောရရင် ဥပဒေအရ မခင်နှင်းရီအနေနဲ့ ခုခံကာကွယ်ပိုင်ခွင့်ဆ်ိုတာရှိတယ်၊ကိုယ့်ရဲ့ အရှက်နဲ့ သ်ိက္ခာကို လက်ရောက်ကျုးလွန်ခံရလို့ ကာကွယ်ရတဲ့အခါ အခုလို မထင်မှတ်ပဲ လူသတ်မိတာရှိကြတယ်၊ ဒါကြောင့် မခင်နှင်းရီဘက်က သတ်လိုက်ပါတယ်လို့ ဝန်ခံပေမဲ့ ပြစ်ဒဏ်ကနေ
လျော့ပေါ့အောင် ကျွန်တော်က တရားရုံးကို
လျှောက်လဲပေးရမှာပါ ”

ဦးဘကောင်း ပြောလာသည့် စကားကြောင့်
ခင်နှင်းရီ စဥ်းစားနေဟန်ရှိကာ အပြင်ဘက်
ငေးစိုက်ကြည့်နေ၏။ခင်နှင်းရီ အရိပ်အခြေကြည့်ပြီး ဦးဘကောင်းက ဆက်ပြောလိုက်သည်။

“ပြစ်မှု ထင်ရှားရင် ထောင်ဒဏ် ၁၀ နှစ်ကနေ
အနှစ်၂၀ အထိ ကျခံရတာရှိတယ်၊ ဒါပေမဲ့
ခုနပြောသလို ခုခံကာကွယ်ခွင့်အရ ပြစ်ဒဏ်က
အများကြီးလျော့သွားတာလည်းရှိတယ်ဆိုတော့ ထောင်ဒဏ်ပါ ၇ နှစ်ကနေ ၅ နှစ်အထိ လျော့ပေါ့သွားတာလည်း ဖြစ်နိုင်တယ်။
လျှောက်လဲ ထွက်ဆိုချက်က အရေးပါတယ်၊
နောက်ဆုံးစကားကုန်ပြောရရင် အမျိုးသမီးတစ်ယောက်ရဲ့ ကာမကို အတင်းရယူလို့
သတ်လိုက်မိတယ်ဆိုရင် ကွင်းလုံးကျွတ်ပါလွတ်နိုင်တယ် ၊ဒါကြောင့် မခင်နှင်းရီဘက်က
အခင်းဖြစ်ပွားစဥ်က အခြေအနေအမှန်ကို
ပြောပြမှ ကျွန်တော့်ဘက်က တရားသူကြီး
ကို လျှောက်လဲချက်ပေးနိုင်မှာပါ”

ဦးဘကောင်း စိတ်ရှည်လက်ရှည် ရှင်းပြလိုက်
တော့ ခင်နှင်းရီ မျက်နှာကြည်လင်သွားလေသည်။

“ကိုစိုးနောင်က အတင်းဖက်နမ်းဖို့ လုပ်လာတာပါ၊ဟိုလို ကိစ္စအတွက်လားဆိုတာတော့ သေချာမသိပါဘူး ၊ သူအတင်းလိုက်ဆွဲလို့ ကျွန်မ အင်္ကျီတစ်ခြမ်း ပြုတ်ထွက်သွားလို့ ကြောက်ပြီး စက်ခုံနား​ရောက်သွားတယ်၊ပြီးတော့ ကတ်ကြေးနဲ့ ထိုးမိလိုက်တယ်၊”

ခင်နှင်းရီ ပြန်ပြောသည့် စကားထဲတွင် ရိုးသားသည့် အရိပ်အယောင်များပါသည်ကို
ဦးဘကောင်း သဘောပေါက်သည်။

“ဟုတ်ပြီ၊ အဲသလို ရုန်းရင်းဆန်ခတ်ဖြစ်တော့ မခင်နှင်းရီက ကတ်ကြေးကို ဘယ်လိုတွေ့သွားပြီးထိုးမိတာလဲ”

ဦးဘကောင်း စကားအစ်ပြီး ထုတ်ကြည့်
လိုက်ရာ ခင်နှင်းရီ တစ်ချက်တွေဝေသွား
လေသည်။

“ကျွန်တော့်ရဲ့ အတွေ့အကြုံအရ အခုလို
ဖြစ်စဥ်တွေအတော်များများက ​ကြောက်လန့်ပြီး တစ်ချက်လောက်ထိုးမိရင် ဘာဆက်လုပ်ရမှန်းမသိဘဲ ဖြစ်သွားတတ်ကြတယ်၊ မခင်နှင်းရီ
ဘာကြောင့် ထပ်ထိုးဖြစ်ရတာလဲ ရှင်းပြလို့ရမလားဗျ”

ဦးဘကောင်း မေးခွန်းကြောင့် ခင်နှင်းရီ
ဆွံ့အပြီး ကြောင်ကြည့်နေသည်။သူ့အတွက်
စကားလုံးရှားပါးနေလေသည်။

“ကျွန်မလည်း ဘယ်လိုမှန်း မသိတော့ပါဘူး
အဟင့် ဟင့် အီး အီး အီး ”

ခင်နှင်းရီ ပြန်ဖြေပြီး ငိုချလေတော့သည်။
ဦးဘကောင်းထပ်ပြီးမမေးရန် ဆုံးဖြတ်
လိုက်ပြီး နှစ်သိမ့်ချော့မော့လိုက်သည်။
ထို့နောက်စားပွဲပေါ်တင်ထားသည့် ဖိုင်တွဲကို ပြန်ပိတ်လိုက်၏။ခင်နှင်းရီ အငိုရပ်သွားပြီး
နောက် …

“ကဲ မခင်နှင်းရီ နားပါခင်ဗျ၊ရုံးချိန်းရက်မတိုင်ခင် ထပ်ပြီးလာခဲ့ပါအုံးမယ်၊ကျွန်တော့်ကိုသွားခွင့်ပြုပါအုံး”

ဦးဘကောင်း နှုတ်ဆက်စကားပြောပြီး
အပြင်ပြန်ထွက်လာလိုက်သည်။ခင်နှင်းရီကို
အစောင့်ရဲဘော်က ပြန်ခေါ်သွားတော့သည်။

÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
နောက်တစ်နေ့ ဦးဘကောင်းတို့ ဆရာတပည့် အမှုတစ်ခုလိုက်ပါဆောင်ရွက်ပြီး၍ တရားရုံးမှ ပြန်ထွက်လာပြီး လက်မှ နာရီကို ကြည့်လိုက်ရာ ၁၀ နာရီခန့်ရှိပြီဖြစ်သည်။သူ လက်ခံထားသည့်တခြားအမှုတွဲများ၏ ရုံးချိန်းမရှိသဖြင့် မွန်းလွဲပိုင်းအနားယူခွင့်ရနေသည်။
လမ်းပေါ်ရောက်သည့်အခါ ရုံးရှေ့ကုက္ကိုလ်ပင်နားရပ်ထားသည့် ဂျစ်ကားပေါ်တက်ကာနီး
ယာဥ်မောင်းနေရာထိုင်နေသည့်တပည့်ဖြစ်သူ လင်းထွန်းကို ပြောလိုက်သည်။

“လင်းထွန်းရေ၊ ခင်နှင်းရီ အမှုက လာမဲ့အင်္ဂါ ရုံးချိန်းဆိုတော့ ငါတို့ ရစ်ကံလေးသွားပြီး
သက်သေခံရလိုရငြားသွားကြည့်ကြမယ်၊ ပြီးမှ ခင်နှင်းရီနဲ့ ထပ်တွေ့ကြမယ်၊ ကောင်မလေးနဲ့တွေ့ခဲ့တာ ၂ ရက်ရှိပြီ၊ ငါတို့ အဲ့ဒီသွားကြမယ်”ဟုပြောဆိုလိုက်လေသည်။

ဦးဘကောင်းတို့ ခင်နှင်းရီကို အချုပ်ခန်းတွင်
တစ်ကြိမ် စစ်မေးပြီး နောက်ထပ် မတွေ့ရသေးခင် အိမ်ကို အရင်သွားစုံစမ်းကြည့်ရန်
စီစဥ်ခြင်းဖြစ်သည်။ လင်းထွန်းလည်း ရစ်ကံလေးရှိရာ မောင်းခဲ့တော့သည်။

နာရီဝက်သာသာ မောင်းလာပြီး ရစ်ကံလေး
ရွာ ထိပ် ရောက်ရှိလာသည်။ ရွာထိပ်ရှိ စျေးဆိုင်တစ်ခုတွင် ကျော်ခေါင်အိမ်ကိုမေးစမ်းကြည့်လိုက်သည်။ဆိုင်တွင် အသက်၄၀ ခန့် အမျိုးသမီးစျေးရောင်းနေ၏။

“ညီမရေ ၊ ကျော်ခေါင်တို့အိမ်ကို တစ်ချက်လောက် လမ်းညွှန်ပေးပါလား၊ ကျွန်တော်က
ဒီရွာက ခင်နှင်းရီအမှုကို လိုက်ပါဆောင်ရွက်
ပေးနေတဲ့ ရှေ့နေပါ”

အမျိုးသမီးက ဦးဘကောင်းတို့ကို ကြည့်ပြီး
ငေးကြည့်နေသည်။

“သူက ဒီအချိန် အိမ်မှာ မရှိလောက်ဘူးထင်တယ်၊ ထွန်စက်မောင်းနေတယ်၊ ကွင်းထဲလိုက်
သွားမှ ရမယ်”

“ဟုတ်ကဲ့ ဘယ်လိုသွားရတာလဲဗျ”

“ဒီလိုလုပ်လေ၊ ကျွန်မ သားလေးထည့်ပေး
လိုက်ပါ့မယ်၊ဒီကနေဆိုရင် နာရီဝက်လောက်
သွားရမယ်”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်၊ ခဏ
လောက် ထိုင်ပါရစေ၊ နည်းနည်းမေးကြည့်ချင်လို့ပါ”

ဦးဘကောင်းက စျေးဆိုင်ရှေ့ တန်းလျားတွင်
ထိုင်လိုက်ပြီး မေးကြည့်လိုက်၏။

“ခင်နှင်းရီနဲ့ ကျော်ခေါင်က သမီးရည်းစား
တွေလို့ သိရပါတယ်၊အခု သေသွားတဲ့ ကိုစိုးနောင်နဲ့ ရန်ကြွေးရန်စ များရှိကြလား ၊
သိသလောက်ပြောပြပေးပါလား”

အမျိုးသမီးက ခဏစဥ်းစားနေဟန်ရှိသည်။

“ကျွန်မတို့က သက်သေလိုက်ရမှာလား၊
အဲ့လိုဆိုရင် ကြောက်တယ်”

အမျိုးသမီးပြောစကားအရ ရပ်ရွာများ၏
သက်သေလိုက်ရမည်ကို ကြောက်ရွံ့ကြသည်မှာ ထုံစံလိုဖြစ်နေသည်။

“မလိုက်ရပါဘူးခင်ဗျ၊အမှုအခြေအနေကို
သိထားရင် တရားခံအနေနဲ့ သက်သာရာ
ရတာပေ့ါဗျာ၊သေသွားတဲ့ သူအတွက်လည်း
အမှန်အတိုင်း ဖြစ်စေချင်လို့ပါ”

ဦးဘကောင်းရှင်းပြမှ အမျိုးသမီး စိတ်သက်သာရာ ရသွားပြီး ပြောလာလေသည်။

“ကျွန်မတို့ နဲ့က နည်းနည်းဝေးလို့
သူတို့ ဖြစ်တာ နောက်မှ သိရတာပါ၊
သိရသလောက်ဆိုရင်တော့ မောင်ကျော်ခေါင်က ဟော့ဟော့ရမ်းရမ်းမရှိပါဘူး၊
အနေအေးပါတယ်၊သေသွားတဲ့ မောင်စိုးနောင်နဲ့လည်း စကားပြောဆိုဖူးတယ်၊ ဒီရွာ အလည်
လာရင် ကျွန်မ ဆီမှာ စီးကရက်အမြဲဝယ်တယ်၊
သူ့ကားကို ဟိုနားက ကုက္ကိုလ်ပင်မှာ ရပ်ထား
ပြီး ခင်နှင်းရီတို့ အိမ်ကို လမ်းလျှောက်သွားတယ်၊ဒီကောင်လေးလည်းကြည့်ရသလောက်
မွန်မွန်ရည်ရည်ပါပဲ၊မောင်ကျော်ခေါင်နဲ့ ရန်
ဖြစ်ကြတာမျိုးတော့ မကြားမိဘူး၊မောင်စိုးနောင်က ရွာထဲက ကာလသားတချို့နဲ့တောင်
ခင်မင်နေကြတယ်၊ တစ်ခါတလေ စားသောက်ဆိုင် ခေါ်သွားပြီး ကျွေးမွေးသေးတာပါ၊ သူက ပေါင်းသင်းတတ်တယ်၊
လူငယ်တွေဆိုတော့ သောက်ကြ စားကြ
ရှိတာပေါ့”

ဦးဘကောင်းလည်း သဘောပေါက်သည်။
မြို့သားဖြစ်သူ စ်ိုးနောင်က ဒီရွာက မိန်းကလေးကို လာရောက်ပိုးပမ်းနေသည့်အတွက်
လူငယ်များကို ပေါင်းသင်းထားခြင်း ဖြစ်သည်။

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်၊ ဒါဆ်ို အဖော်ထည့်ပေးလိုက်ပါ၊ သွားခွင့်ပြုပါအုံး”

ဦးဘကောင်းတို့ကို အသက်၁၀ နှစ်ခန့် ကောင်လေးတစ်ယောက်လိုက်ပါပြီး ကျော်ခေါင်ရှိရာ
ကွင်းထဲ လိုက်ပို့လေသည်။ရွာထိပ်မှ လမ်းမ ပေါ် ပြန်ထွက်လိုက်ပြီး ကားလမ်းအတိုင်း
သွားလိုက်ကြသည်။ ၁၅ မိနစ်ခန့် လျှောက်အပြီး အိမ်တန်းများလွန်၍ ကွင်းရှိရာ
ရောက်လာကြ၏ ၊ လှည်းလမ်းအတိုင်း ကွင်းထဲ
ဖြတ်ချိုးလိုက်ကြပြီး ရွာအစပ်ကပ်၍ ဆက်
လျှောက်ကြရသည်။ အပင်ကြီးငယ်များကြောင့် အရိပ်ရနေသဖြင့် သက်သာနေကြသည်။
ခဏ အကြာ အဖော်ပါလာသူကလေးက
ကွင်းထဲ လက်ညိုးထိုးပြီး ပြလာသည်။

“ဟိုးက ထွန်စက်မောင်းနေတာ ဦးကျော်ခေါင်
လေ ၊ ဘဘ တို့ ဒီနားက စောင့်နေ၊ ကျွန်တော်
သွားပြောလိုက်မယ်”

“အေးကွယ် ကျေးဇူးပါ သားရေ”

ဦးဘကောင်းတို့ ဆရာတပည့် အပင်များ
အုပ်မိုးထားသည့်အောက်တွင် ထိုင်ချလိုက်ပြီး
ကျော်ခေါင်အလာကို စောင့်နေလိုက်သည်။
သွားခေါ်နေသည့် ကောင်လေး ကျော်ခေါင့်ဆီ
ရောက်သွားပြီး ဦးဘကောင်းတို့ရှိရာဘက်
လက်ည်ိုးထိုးပြီး ပြောနေသည်ကို တွေ့ရ၏။
ထို့နောက် ကောင်လေးကို ထွန်စက်ပေါ် တင်လာပြီး သူတို့ရှိရာဘက် မောင်းလာနေသည်။
အနားရောက်လာသည့်အခါ ထွန်စက်ပေါ်က
ဆင်းလာပြီး ပြုံးပြလာသည်။
လိုက်ပို့သည့်ကလေးပြန်မည်ပြောလာ၍
မုန့်ဖိုးပေးလိုက်၏။ကျော်ခေါင်က နှုတ်ဆကစကားဆိုလာသည်။

” ကျွန်တော်က ကျော်ခေါင်ပါ ၊ တွေ့ရတာ
ဝမ်းသာပါတယ်ဆရာ”

ဦးဘကောင်းတို့ အနေအထားကို မြင်သဖြင့် ရှေ့နေဖြစ်ကြောင်း ကျော်ခေါင်သဘောပေါက်နေသည်။ဦးဘကောင်းက ကျော်ခေါင့်က်ို လက်ဆွဲနှုတ်ဆက်လိုက်ပြီး အကဲခတ်လိုက်၏…

“ကျွန်တော် ဘကောင်းပါ၊ သိချင်တာရှိလို့ ခဏထိုင်ပြီးစကားပြောရအောင်ပါ”

“ဟုတ်ကဲ့ ဘာများသိချင်လို့လဲခင်ဗျ”

ကျော်ခေါင်မျက်နှာတွင် စိုးထိတ်သည့် အရိပ်
အယောင်များ ဦးဘကောင်း တွေ့နေရသည်။

“ခင်နှင်းရီနဲ့ ချစ်ကြိုက်နေတာကြာပြီလား
ဗျ”

ကျော်ခေါင် စဥ်းစားနေဟန်ဖြင့် မပြောသေးဘဲ
အဝေးကို ကြည့်နေ၏။သူ့နားနောက် ကပ်ပြီး
ထိုးထားသည့် ဆေးလိပ်က်ို ယူပြီး မီးညှိကာ
ဖွာထုတ်နေသည်။

“ကြိုက်တာတော့ ကြာပါပြီ၊ငယ်ငယ်ထဲက
ဆိုပါတော့”

ကျော်ခေါင်လည်း ခင်နှင်းရီနှင့် သက်တူရွယ်တူ ဖြစ်ပုံရပြီး ဘိုကေဆံပင်မှာ
ဖွာလန်ကျဲနေ၏။ နေလောင်ထားသည့် အသား
အရည်ကြောင့် ညိုယောင်သမ်းနေသည်။
အင်္ကျီ လက်ရှည်ကို တစ်တောင်ဆစ်အထိ
ခေါက်ထားပြီး ပုဆိုးတိုတို ဝတ်ထားသည်။ဘိနပ်နှစ်ဖက် ချွတ်ပြီး ဖင်ခုထိုင်ကာ ဒူးနှစ်ဖက်
ထောင်ထားသည်။ ဦးဘကောင်းက ကျော်ခေါင့်ကို အကဲခတ်ကြည့်ရင်းမေးကြည့်လိုက်သည်။

“အခင်းဖြစ်ချ်ိန်က ကိုကျော်ခေါင် ဘယ်မှာ
ရှိနေလည်းဆိုတာ ပြောပြပေးပါလား”

“အဲ့ဒီနေ့က ဒီကွင်းထဲ ထွန်စက်မောင်းနေတာပဲဗျ ၊”

” ဟုတ်ကဲ့၊ ထမင်းစားချိန်ကျတော့ ဘယ်မှာ
စားတာလဲ၊ အခင်းဖြစ်ချိန်က ၁၁ နာရီ ၃၅ မိနစ်
ရှိပြီဆိုတော့ ​ကိုကျော်ခေါင် အနေနဲ့ ခင်နှင်းရီ
တို့ အိမ်ဘက်ကိုများ သွားမိသေးလားလို့ပါ”

ဦးဘကောင်းအမေးကြောင့် ကျော်ခေါင့်မျက်နှာ ပျက်သွားသည်ကို မြင်လိုက်ရသည်။
လင်းထွန်းကပါ စိုက်ကြည့်နေ၍ ကျော်ခေါင်
စိတ်လှုပ်ရှားပုံရကာ ဆေးလိပ်ကို ဆက်တိုက်
ဖွာနေသည်။ ဦးဘကောင်း ထပ်ပြောလိုက်၏။

“ဒီလိုပါ၊ခင်ဗျားထမင်စားတော့ အိမ်ပြန်စားတာလားမေးကြည့်တာပါ’

“ဟုတ်ကဲ့ အိမ်ပြန်စားတာပါ၊အိမ်က ခင်နှင်းရီတို့ နဲ့ လှမ်းပါတယ်၊ ဒီက မြင်နေရတဲ့ အိမ်ရဲ့
ဟိုဘက် အုန်းပင်တန်းအောက်မှာပါ”
,
ကျော်ခေါင်ပြရာကြည့်တော့ ရွာနောက်ဘက်
ရှိ အုန်းပင်တန်းကို မြင်ရသည်။

“ခင်နှင်းရီပြသနာဖြစ်တော့ ကျွန်တော် ရွာထဲ
အရောက်လောက် ဖြစ်နေပါပြီ၊ အဲ့ဒီအချိန် ကျွန်တော် ဘာမှ မသိသေးပါဘူး၊
နောက်မှ စားသောက်ပြီး အိမ်က ပြန်အထွက်ကျမှ တစ်ယောက်ဆီက ကြားရတာနဲ့ ကျွန်တော် ရောက်သွားပါတယ်၊ အိမ်ရှေ့လမ်းပေါ်မှာလူတွေ အုံခဲနေတဲ့အပြင် ရဲတွေက
အိမ်ထဲ ပေးမဝင်လို့ အပြင်ကပဲ ရပ်ကြည့်ရတယ်”

“ဒါဆ်ို ခင်နှင်းရီ ခေါ်ထုတ်လာတော့ ခင်ဗျားတို့
ဆုံကြသေးလား”

ကျော်ခေါင် ချက်ခြင်းမပြောနိုင်ဘဲ
ဆွံ့အ နေသည်။ထ်ို့နောက် ထောင်ထားသည့်
ဒူးပေါ် မှောက်ချပြီး ရှိုက်ကြီးတငင် ငိုချလေ
တော့သည်။

“ကဲပါလေ၊ စိတ်ဖြေလိုက်ပါတော့၊
ခင်ဗျားတို့ချင်းမဆုံကြသေးဘူးပေ့ါ၊
အချုပ်ခန်းကို သွားမတွေ့ဘူးလား”

ကျော်ခေါင်အငိုရပ်သွားပြီး ဦးဘကောင်းဘက်
မျက်နှာလှည့်လာသည်။

“မတွေ့ရသေးပါဘူး၊သူတို့ဘက်က ကျွန်တော့်ကို မလာစေချင်ဘူးထင်တယ်၊ သူများတွေ
ပြောကြဆိုကြတာ ကြားတယ်”

“ဟုတ်ပါပြီလေ၊ ဒါဆိုရင် ကျွန်တော်တို့
ပြန်လိုက်ပါအုံးမယ်၊လိုအပ်ရင်တော့ သက်သေ
ထဲ ထည့်ခွင့်ပြုပါ ”

ဦးဘကောင်းတို့ နှုတ်ဆက်ပြီး ရွာထိပ်ကားရပ်ထားရာဆီ ပြန်ခဲ့လိုက်ကြသည်။
လေသည်။

လမ်းမှာဝင်လို့ရသော်လည်း ပတ်ဝန်းကျင်အနေအထားကိုလေ့လာလို၍ လမ်းလျှောက်ခြင်းဖြစ်သည်။

ဦးဘကောင်းအနေဖြင့် အလုပ်သဘောအရ ရစ်ကံလေးရဲစခန်းနှင့်ကျေးရွဥက္ကဌ အိမ်ကို
ရောက်ဖူးနေသော်လည်း ရွာထဲ တစ်ခါမှ မရောက်ဖူးသေးပေ။ရွာလယ်လမ်းအတိုင်း
လျှောက်လာပြီးနောက် စိတ်ကူးရလာ၍ အိမ်တစ်အ်မ်ရှေ့အရောက် ခြံထဲရှိ လူတစ်ယောက်ကို
တွေ့လိုက်ရသဖြင့် လင်းထွန်းကိုလှမ်းမေးကြည့်ခိုင်းလိုက်သည်။

“လင်းထွန်းရေ..၊ အဲ့ဒီပုဂ္ဂိုလ်ကို မေးလိုက်ပါကွာ၊ကိုကျော်ခေါင်တို့အိမ် ဘယ်လိုသွားရတာလဲလို့”
ဦးဘကောင်းခိုင်းသဖြင့် လင်းထွန်းလှမ်းမေး
လိုက်သည်။

” ဗျို့..ဘကြီးကိုကျော်ခေါင်တို့အိမ် ဘယ်ကနေ သွားရတာလဲခင်ဗျ”

ခြံထဲရှိ အသက် ၅၀ခန့် အမျိုးသားတစ်ဦးက
သူတို့ကို မြင်ပြီး တုံဏှိဘာဝေ လုပ်နေသည်။ ဦးဘကောင်းရောလင်းထွန်းပါ တိုက်ပုံအနက်ဝတ်ထားပြီး လက်ထဲတွင် ယောကျာ်းကိုင်လက်ဆွဲအိတ် ဆွဲထားသည်ဖြစ်၍ အရာရှိ
မှန်းသိသာနေ၍ တုံ့ဆိုင်းနေဟန်ရှိသည်။

“ဘကြီး ခင်ဗျ ၊ ကိုကျော်ခေါင်တို့ အိမ် လမ်းညွှန်ပေးပါလား”

သူထပ်ပြောတော့မှ လူကြီးက လက်ညိုး
ထိုးပြကာ …..

” ဒီလမ်းအတိုင်းလျှောက်သွားလိုက်တူကြီး၊
ရှေ့နားမှာ မြောက်ဘက်သွားတဲ့ လမ်းအတိုင်း
ဝင်သွားလိုက်၊ အိမ်ရှေ့မှာ သရက်ပင်ကြီးရှိတယ်၊ အဲ့ဒီအိမ်ပဲကွဲ့၊ ဒါပေမဲ့ သူမရှိလောက်ဘူး
လယ်ထဲ ဆင်းနေလောက်တယ်”

“သြော် ဟုတ်ကဲ့ ၊ကျေးဇူးတင်ပါတယ်
သွားခွင့်ပြုပါအုံး ခင်ဗျ”

ဦးဘကောင်း ရှေ့ကို ဆက်လျှောက်လာပြီး
ရွာအခြေအနေအကဲခတ်ကြည့်ရာ အိမ်ကြီးအိမ်ကောင်းများ လမ်းမဘေးအများအပြားတွေ့ရသည်။သူ သိထားသရွေ့ဆိုလျှငအိမ်ခြေ ၁၀၀၀ ခန့်ရှိသည့် ရွာကြီးတစ်ရွာဖြစ်
လေသည်။ဆက်လျှောက်လာရင်း ကျေးရွာဥက္ကဌ ဦးသိုက်စိုးအိမ် ဝင်လိုက်လေသည်။
ဦးသိုက်စိုးနှင့်တွေ့ပြီး အကျိုးအကြောင်းပြောပြလိုက်သည်။

“ဒီလိုပါဦးသိုက်စိုး၊ခင်နှင်းရီအမှုအတွက် သူတို့အိမ်မှာ သက်သေခံပစ္စည်းလေးများရမလားလို့ သွားစစ်ဆေးချင်လို့ပါ၊ အဲ့ဒါ ဦးသိုက်စိုးကို သတင်းပို့တာပါခင်ဗျ”

“ရပါတယ်ဗျ၊ ကျွန်တော်သော့ပေးပြီးအဖွဲ့ဝင်တစ်ဦးထည့်ပေးလိုက်ပါ့မယ်”

ခင်နှင်းရီတို့အိမ်တွင် လူသတ်မှု ဖြစ်ထား၍
မိဘများကလောလောဆယ်မနေရဲသေးဘဲ
ညီမဖြစ်သူဒေါ်ခင်ထွေးအိမ်တွင် ခေတ္တနေထိုင်
သည်ဟု သိထားရသည်။ ထို့အပြင် မှုခင်းအတွက် လ်ိုအပ်သည်များ စစ်ဆေးနိုင်ရန် အိမ်သော့ကို ဥက္ကဌ ထံတွင်ပေးထားခြင်းဖြစ်သည်။
ဦးဘကောင်းအနေဖြင့် ရဲစစ်မေးချက် ပထမအဆင့်တွင် လစ်ဟာမှုများတွေ့နေ၍ စစ်ဆေးခွင့်ပြုရန်တင်ပြထားလိုက်သည်။
တရားခံဖြစ်သူခင်နှင်းရီဖြောင့်ချက်အရ ပြစ်ဒဏ်စီရင်နိင်ပါရန် တင်ပြ
လျှောက်ထားဆဲဖြစ်ပြီး အမှုစွဲတင်ထားခြင်း
ဖြစ်ကာ ရဲလုပ်ထုံးလုပ်နည်း ကုန်ဆုံးပြီဟု သတ်မှတ်ထားရှိပြီး ဖြစ်သည်။သို့သော် အမှု
အသွားအလာကို သံသယရှ်ိနေ၍ အခုလို
လိုက်ပါ စုံစမ်းခြင်းလည်းဖြစ်သည်။

ဦးဘကောင်း ခြံအနေအထားအကဲခတ်ကြည့်ရာ အိမ်မှာ ခြံအဝင်ဝနှင့် ပေ ၅၀ အကွာ
ရှိနေသည်။ အိမ်က သုံးပင်ပျဥ်ထောင် တစ်ထပ်
ဖြစ်ပြီး သွပ်မိုး ပျဥ်ကာ ဖြစ်လေသည်။
ထို့ကြောင့် အခင်းဖြစ်ပွားစဥ် ဘေးနားပတ်ချာလည် ချက်ခြင်းမသိလိုက်ကြခြင်းဖြစ်သည်။ ခင်နှင်းရီငိုယ်ိုသံကြောင့် ဘေးအိမ်ရှိ အမျိုးသမီးတစ်ဦးကြားသိရပြီးမှ ဖြစ်စဥ်သ်ိကြရခြင်းဖြစ်သည်။
အခင်းဖြစ်ပွားချိန်မှာ မနက် ၉ နာရီခန့်ဖြစ်ပြီး
လူသူတ်ိတ်ဆိတ်နေချ်ိန်ဖြစ်၍ မည်သူမှ
မမြင်လိုက်ကြသဖြင့် အမှုစစ်ရဲ က မျက်မြင်သက်သေပါ မတင်သွင်းနိုင်ပေ။
ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်ပုဂ္ဂ်ိုလ်က အိမ်ဖွင့်ပေးပြီး ပြန်ထွက်သွား၍ ဦးဘကောင်းတို့ ဆရာတပည့် အိမ်ပေါ်တက်ပြီး လှည့်ပတ်ကြည့်ရှုလိုက်သည်။ပြတင်းတံခါးများ ပိတ်ထား၍ မှောင်နေ၏။

“လင်းထွန်း တံခါးတွေဖွင့်လိုက်ကွာ၊ ပြီးရင်
ထူးခြားတာရမလဲ လိုက်ရှာကြည့်”

သက်သေခံ တစ်ခုခု ရနိုင်မလားဆိုသည့်
စိတ်ကူးနှင့် ဆရာတပည့် အိမ်အတွင်းခန်းနှင့် နောက်ဖေးမီးဖိုခန်းအထိ လိုက်ရှာကြည့်လိုက်၏။
စက်ခုံနားနှင့် ဧည့်ခန်းအလယ်ရှိ ကြမ်းပျဥ်ပေါ်တွင် စွန်းပေနေသည့်သွေးစများ ခြောက်နေပြီ
ဖြစ်သည်။ဦးဘကောင်းက လင်းထွန်းကို
ဖြစ်စဥ်ပြန်ပြောလိုက်သည်။

” ခင်နှင်းရီက ကတ်ကြေးကို စက်ခုံကယူပြီးထိုးသတ်တယ်လို့ဆိုထားတယ်ကွ၊
စက်ခုံက အိမ်ရှေ့ တံခါးဝင်ပေါက်ဘေးမှာထား
ထားတယ် ”

ဦးဘကောင်း စက်ခုံနားသွားပြီး လေ့လာကြည့်လိုက်၏။ထိုးသတ်ခဲ့သည်ဆိုသော ကတ်ကြေးကိုသက်သေခံအဖြစ် တရားရုံးတင်ပြထားပြီဖြစ်သည်။ထွက်ဆိုချက်အကျဥ်းချုပ်ကို ပြန်လည် ပုံဖော်ကြည့်လိုက်၏။
ဖြစ်စဥ်အရ သေဆုံးသူ ကိုကျော်ခေါင်က အိမ်ကို အလည်ရောက်လာသည်။ထ်ို့နောက် ခင်နှင်းရီကို ချစ်စကားဆိုလာပြီး လက်ကို ဆွဲထား၏။ခင်နှင်းရီက ချစ်သူရှိကြောင်း တောင်းပန်ပြီးပြန်သွားရန်ပြောလေသည်။ကိုကျော်ခေါင်က လက်ကို ဆွဲထားမြဲဖြစ်၍ တွန်းထုတ်ရာ ခါးကို ဖက်ထားသည်ဆို၏။ရုန်းရင်းကန်ရင်း ခင်နှင်းရီ လွတ်ထွက်သွားပြီးနောက် စက်ခုံနားရောက်သွားသည်။ထို့နောက် ခင်နှင်းရီကို အတင်းဖက်နမ်းသဖြင့် ကြောက်လန့်တကြားနှင့် ကတ်ကြေးနှင့်ထ်ိုးလိုက်သည်ဟု ဆိုသည်။

“ဒါဆိုရင် ဆေးစာအရ ထိုးသွင်းဒဏ်ရာ
သုံးချက်ရှ်ိတာမှာ နှစ်ချက်က ဗိုက်ကိုထိုးတယ်။
နောက်တစ်ချက်က လက်ပြင်အောက် နံကြားမှာ
ဖြစ်နေတယ်”

ဦးဘကောင်းနှင့်လင်းထွန်း စဥ်းစားကြည့်လိုက်သည်။စက်ခုံနားတွင် နှစ်ယောက်သားမျက်နှာချင်းဆိုင် ရပ်ပြီး ကိုယ်နေဟန်ထားနှင့်ထ်ိုးသွင်းဟန် လုပ်ကြည့်ပြီး စိတ်ထဲက ရေရွတ်ကြည့်မိသည်။

” အင်း..ရုန်းရင်းဆန်ခတ် ဖြစ်နေချိန် ခင်နှင်းရီက စက်ခုံနဲ့ ခံနေတယ်။သူ့လက်ထဲက ကတ်ကြေးနဲ့ ဆက်တိုက်ထိုးမယ်၊
တစ်ချက်က ဘယ်သူထိုးတာဖြစ်မလဲ”

“ဟုတ်တယ်ဆရာ၊တတိယလူရှိရမယ်”

လေးလေးနက်နက် စဥ်းစားကာ သူပြုံးလိုက်ပြီး

“အေးကွ၊ တတိယလူ ဘယ်သူလဲ၊ပျောက်နေတယ်၊ ထည့်သွင်းရမဲ့ စာရင်းမှာ ခင်နှင်းရီ
ချစ်သူကိုကျော်ခေါင်၊အစ်ကို ဖြစ်သူ ကိုထိန်မောင်၊အဖေဖြစ်သူ ဦးသိန်းမောင်အပြင် ဘယ်သူရှိမလဲ”

ဦးဘကောင်း ဧည့်ခန်းပတ်ချာလည်ကို စေ့စေ့စပ်စပ် လိုက်ကြည့်နေ၏။
လင်းထွန်းက ပက်လက်ကုလားထိုင်တွင် ဝင်ထိုင်လိုက်ပြီးစဥ်းစားနေလိုက်သည်။ မျက်လုံးက ကုလားထိုင်လက်တန်း ပေါ်ရောက်သွားလေသည်။လက်တန်းတွင်ရှိသော သွေးစွန်းရာ မှာ
အကွက်လိုက်ဖြစ်နေသည်။

” ဆရာ၊ သတ်တဲ့လူက ကတ်ကြေးနဲ့ ထိုးပြီး ဒီခုံမှာလာထိုင်သေးတယ်၊ ပြီးတော့ လက်ကိုတင်ထားမယ်၊ သွေးကွက်အနေအထားက လက် ပုံစံပဲ”

လင်းထွန်းပြောလာ၍ ဦးဘကောင်းသေချာစိုက်ကြည့်လိုက်သည်။ ထို့နောက် အားရဝမ်းသာဖြစ်ကာ လင်းထွန်းပခုံးကို အသာရိုက်ပြီးပြန်ပြောလိုက်၏။

“ဟုတ်ပြီ၊ဖြစ်နိုင်တယ်၊ တခြားဘာရမလဲ
ရှာကြည့်ပါအုံး”

လင်းထွန်း ကုလားထိုင်မှ မတ်တတ်ထရပ်၍ သေချာပြန်ကြည့်ရင်းမျက်လုံးက
ပျဥ်ထရံနားရောက်သွားသည်။တစ်အိမ်လုံးကို ရေနံသုတ်ထားသဖြင့် အိမ်နံရံရှိ ပျဥ်များမှာလည်း ရေနံရောင်ဝပြီး မည်းမှောင်နေသည်။
ကုလားထိုင်ဘယ်ဘက်ခြမ်း ထရံအခြေတွင်
ဆေးလိပ်တို တစ်ခုတွေ့၍ ကောက်ယူကြည့်
လိုက်သည်။ ဆေးလိပ်မှာ သောက်လက်စ
ဖြစ်ပြီး အစီခံ ထိလုပြီဖြစ်သလို သွေးစတချို့
စွန်းပေနေသည်။ဖင်စီခံနေရာတွင် ပြားကပ်နေ
သည်။

“ဒီမှာဆရာ ၊ဂျိုးသိန်းဆေးလိပ်အတိုတွေ့တယ်၊ဒီအိမ်သားထဲက သောက်တာလား၊သေသွားတဲ့ကိုစိုးနောင်ဆေးလိပ်လား၊ ဆေးလိပ်သောက်ရင်းနဲ့ ဖင်စီခံကို ဖိကိုက်ထားပြီး တွေးတောနေပုံရှိတယ် ”

ဦးဘကောင်း ကို ဆေးလ်ိပ်တို လှမ်းပေးလိုက်သည်။ဆေးလိပ်ခွက်လိုက်ရှာကြည့်ရာ ခန်းစီးကာရန်ထားသည့်နေရာရှိ စားပွဲပုတစ်လုံးပေါ်တွင် တွေ့ရ၏။ ဆေးလိပ်ခွက်ထဲတွင် အိပ်စပို့ဒူးယားစီးကရက်အတို ၂ခုနှင့် ပြာစတချို့တွေရ၏။

“အိပ်စ်ပို့ဒူးယားက ကိုစိုးနောင်သောက်တာ
ပဲဖြစ်ရမယ်၊တောကလူတွေ စီးကရက်သောက်လေ့သောက်ထသိပ်မရှိကြဘူးကွ၊ ဒါပေမဲ့
ပြောလို့တော့မရသေးဘူး”

ဦးဘကောင်းက သူ့အိတ်ထဲက စာရွက်တစ်ရွက်ထုတ်ယူကာ ဆေးလိပ် ကိုထုပ်ပိုးပြီး သိမ်းထားလိုက်၏။တခြားနေရာလှည့်ပတ်ကြည့်ရာ ထူးခြားမှုမတွေ့ရတော့ပေ။

“ဒီမယ် လင်းထွန်း ၊ငါတို့ အိမ်နောက်ဘက် လိုက်ရှာရအောင်”

ဆရာတပည့်နှစ်ယောက် ခြံနောက်ဘက်
သွားလိုက်ကြလေသည်။ တောရွာထုံးစံအရ တစ်အိမ်နှင့်တစ်အိမ် ခြံစည်းရိုးကာရန်သည့်
အလေ့အထမရှိကြဘဲ မိမိအိမ်မှ တခြားအိမ်သို့
ဖြတ်သွားဖြတ်လာ လုပ်နိုင်ကြ၏။ထို့အပြင် ​ေနောက်ဘက်ကို ပေပိုအများကြီး ရှိနေ၍
တစိအိမ်နှင့်တစ်အိမ် အလှမ်းကွာလေသည်။
နောက်ဘက် ဝါးရုံပင်နားအရောကိ ဖြတ်အကူး ဘိနပ်ပြတ်တစ်ဖက် တွေ့လိုက်ကြရသည်။

“ဟိုမှာ ဘိနပ်ပြတ်တစ်ဖက်ကွ၊ ကောက်လိုက်ဟေ့ ”

လင်းထွန်းသွားပြီးယူခဲ့လိုက်ပြီးဦးဘကောင်းကို ပြလိုက်လေသည်။

” မြင်းကြယ်ဘိနပ်ဆရာ ၊ ပြီးတော့ညာက်
ဘိနပ်”

“အေးဟုတ်တယ်၊လူသတ်သမားဘိနပ်ဖြစ်နိုင်တယ်၊ မင်းဆီမှာ စက္ကူပါရင်
ထုပ်သိမ်းထားလိုက်၊နောက်တစ်ဖက်ရှာကြည့်ပါအုံး ။ပြီးရင် ငါတို့ဒီအိမ်ရှင်ကိုမေးကြည့်ရအောင်”

ဘိနပ်တစ်ဖက် လိုက်ရှာကြည့်ရာ ခပ်လှမ်းလှမ်းခြုံထဲက ရလာလေသည်။
ကြည့်ရသည့်ပုံစံက ကျန်နေသည့်ဘိနပ်အကောင်းကို လွှင့်ပစ်ခဲ့ပုံရလေသည်။ဦးဘကောင်း ဘိနပ်ကို သေချာလှည့်ပတ်ကြည့်လိုက်၏။စိတ်ထဲက သုံးသပ်ကြည့်လိုက်သည်။

“ဘိနပ်နံပါတ် ၁၃ဆိုတော့ ခြေထောက်ကြီးကြီး
ထဲကပဲ၊သဲကြိုးပြတ်တယ်ဆိုတော့ စီးထားတာကြာနေပုံရသလို ခလုတ်တိုက်လို့ဖြစ်ဖြစ်
အပြေးသွားလို့ဖြစ်ဖြစ် ပြတ်သွားတာဖြစ်မယ်
နောက်ပြီး ပြတ်တဲ့ဘက် ဘိနပ်မှာ ခွက်ဝင်နေတယ်ဆိုတော့ ညာဘက်ကို အားပြုပြီး
လျှောက်တဲ့ ပုံစံ၊ ဒီလူက ဘယ်ဘက်ခြေထောက် ဘာဖြစ်နေလို့လဲ”

 

လင်းထွန်းက ဘိနပ်နှစ်ဖက်လုံး ထုပ်ပိုးသိမ်းယူလိုက်၏။

ထို့နောက် နောက်ဘက်ရှိ အိမ်သားများကို မေးစမ်းရန် အိမ်ဘေးမှ ပတ်ပြီး အိမ်ရှေ့ကို လျှောက်လိုက်ကြလေသည်။ ထိုအိမ်ရှေ့ရောက်သည့်အခါ အသက် ၄၀ ခန့်အမျိုးသမီးကို ခြံထဲတွေ့လိုက်ရ၏။ အမျိုးသမီးက ခြံဝန်းထဲ တွင် ငြုပ်သီးများ နေလှမ်းနေသည်။

လင်းထွန်းက အမျိုးသမီးထံ သွားပြီးမေးကြည့်လိုက်၏

“အစ်မကြီးရေ၊ ကျွန်တော်တို့က ခင်နှင်းရီအမှုကို ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေပါ၊တစ်ခုလောက်မေးကြည့်ချင်လို့ပါ ”

အမျိုးသမီးက သူတို့ကို မြင်ပြီး အံ့သြသည့် ပုံစံနှင့် ကြည့်နေပြီးနောက်တော့ ပြုံးပြလာလေသည်။

“ဟုတ်ကဲ့ မေးပါရှင့်”

“ဒီဘိနပ်က အစ်မကြီးတို့ အိမ်သားထဲက
စီးတဲ့ဘိနပ်လားဗျ”

လင်းထွန်းပြသည့်ဘိနပ်ကို ထိုအမျိုးသမီး ကြည့်ပြီးပြန်ပြောလာသည်။

“မဟုတ်ဘူးရှင့် ကျွန်မတို့အိမ်က အပျိုကြီး
တွေပဲရှိတာ၊ ဒီဟာမျိုး မစီးကြဘူး”

ဦးဘကောင်းက ထပ်မေးကြည့်လိုက်သည်။

“ဟုတ်ပါတယ်၊ ဒါက ယောကျ်ားစီးပါ၊
နံပါတ်က ၁၂ ဆိုတော့ ခြေထောက်ခပ်ကြီးကြီး
ထဲကပါ၊ခင်နှင်းရီတို့အိမ်သားထဲက ဘယ်သူတွေစီးတတ်လဲ သိလားဗျ”

“အဲ့လိုတော့သေချာမသိပါဘူးရှင့်”

“ဒါနဲ့ ခင်နှင်းရီတို့နဲ့ ညီမတို့နဲ့ သွေးသား
တော်စပ်ကြသေးလားဗျ”

ရပ်ရွာများတွင် သွေးသားတော်စပ်သူများ
အများအပြားရှိကြ၍ မေးကြည့်ခြင်းဖြစ်သည်။

” ဟုတ်ကဲ့ ရပ်ဆွေရပ်မျိုးပေါ့၊စပ်မယ်ဆိုရင်
လည်းရတာပါပဲ၊ခြံချင်းကပ်နေတာဆိုတော့တစ်အိမ်နဲ့တစ်အိမ် သားချင်းတွေလိုနေကြတာပါ ၊”

“သြော် ဟုတ်ကဲ့၊ ဒါနဲ့ သူတို့ဖြစ်စဥ်လေး
အကျဥ်းလောက်ပြောပြပါလား၊ ကျွန်တော်တို့လည်း သိထားတာရှိပေမဲ့ ပိုပြီးသိရမလားလို့ပါ၊
ဒီအမှုကို အမှန်အတိုင်း ဖြစ်စေချင်လို့ပါ”

ဦးဘကောင်းက သွေးတိုးစမ်းပြီးမေးကြည့်လိုက်လေသည်။အမျိုးသမီးက စဥ်းစားဟန်ပြုပြီးနောက်…

“ဟုတ်ကဲ့ အိမ်ပေါ်တက်ပြီး၊ ရေနွေးလေး
သောက်ကြပါအုံးရှင့်”

သူတို့ကို ဖိတ်ခေါ်လာ၍ အိမ်ပေါ်တက်လိုက်ကြလေသည်။ထို့နောက်ဧည့်ခန်းတွင်ဖျာခင်းပေးလာပြီး ရေနွေးဗန်းချပေးလာ၏။

” ကျွန်မက မခင်သောင်းလို့လေ

ဇာတ်သိမ်းပိုင်း

ဒေါ်ခင်ထွေးခြံရှေ့တော့ ဦးဘကောင်း အထဲ

ကိုအသံလှမ်းပြုလိုက်သည်။ခြံအနေအထားအရ တောရွာတွေထုံးစံလ်ို အကျယ်ကြီးရှိနေ

သည်။အိမ်ကလည်း သွပ်မိုးပျဥ်ထောင်​ကို

အုတ်ဖိနပ်ခံပြီး ဆောက်ထား၏။

 

“အိမ်ရှင်တို့ ဝင်ခွင့်ပြုပါခင်ဗျ”

 

အိမ်ထဲရှိ အမျိုးသမီးတစ်ယောက်က ဦးဘကောင်း ကို မြင်သွားပြီး အိမ်ပေါက်ဝ ရပ်လာသည်။

 

“!ဟုတ်ကဲ့ ဝင်ပါရှင့် ”

 

ဦးဘကောင်း ခြံထဲဝင်သွားရာ ထိုအမျိုးသမီးက ငေးစိုက်ကြည့်နေပြီး အိမ်ထဲဝင်ရန် ဖိတ်ခေါ်လာ၏

 

“အိမ်ထဲကြွပါရှင့် ”

 

ဦးဘကောင်း အုတ်လှေခါးအတိုင်းတက်လိုက်ပြီး ဘိနပ်ချွတ်နေရာရှိ ဘိနပ်များကို

မသိမသာ ဝေ့ပြီးအကဲခတ်ကြည့်လိုက်၏။

 

အိမ်ရှေ့ဧည့်ခန်းတွင် လင်မယားနှစ်ယောက်ထိုင်နေသည်ကိုတွေ့ရ၍ ဦးသိန်းမောင်တို့ဇနီးမောင်နှံဖြစ်ရမည်ဟု တွေးမိသည်။

ထိုမောင်နှံကပါ သူ့ကို ငေးကြည့်နေကြသည်။

 

“ကျွန်တော်က ခင်နှင်းရီအမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဘကောင်းပါခင်ဗျ”

 

ဦးဘကောင်း မတ်တပ်ရပ်လျက်သားနှုတ်ဆက်လိုက်ရာ အသက်၅၀ ခန့်အရွယ်

ထိုင်နေသည့် အမျိုးသားက မတ်တပ်ရပ်ပြီး နှုတ်ဆက်လာသည်။

 

“ဟုတ်ကဲ့ ကျွန်တော်က သိန်းမောင်ပါ၊ ခေါင်းရင်းဘက် ကြွပါ ခင်ဗျ”

 

ဆက်တီစားပွဲနှင့်အတူ ကုလားထိုင်များချထား၍ ဦးဘကောင်း ဝင်ထိုင်လိုက်သည်။

စားပွဲပေါ်ရှိ မြေနှင့်ပြုလုပ်ထားသည့်ဆေးလိပ်ခွက်က်ို ကြည့်လိုက်၏။ဂျိုးသိန်းတံဆိပ်ဆေးလိပ် အသစ် ၃လိပ်ကို ဆေးလိပ်ခွက်နောက်ကျောဘက် အံဝှက်ထဲ ထောင်လျက်

ထည့်ထားပြီး သောက်လက်စ အတို တစ်တိုကို ရှေ့ခံခွက်တွင် တွေ့ရ၏။ဒေါ်ခင်ထွေးက စားပွဲပေါ်ရှိရေနွေးဓါတ်ဗူးလာယူသွားပြီးနောက် အသစ်ထပ်ဖြည့်လာပြီး စားပွဲပေါ်တင်ပေးလာသည်။

 

 

“ဒီလိုပါ၊ ခင်နှင်းရီကိစ္စနဲ့ပတ်သက်ပြီး

နောက်ကြောင်းအဖြစ်အပျက်ကို နည်းနည်းလောက်ပြောပြပေးစေချင်ပါတယ်၊

ပြီးတော့ မခင်နှင်းရီမှာ ချစ်သူရည်းစားရှိတယ်ဆိုတာ မိဘတွေ သိထားလားဆိုတာပါ

ပြောပြစေချင်ပါတယ်”

 

ဦးဘကောင်းပြောလာသဖြင့် ဦးသိန်းမောင်တို့

လင်မယား မျက်နှာချင်းဆိုင်ပြီး အသံတိတ်စကား ပြောနေကြသည်။ ခဏအကြာဦးသိန်းမောင်ဆီက စကားသံထွက်လာ၏။

 

“မခင်အေးပဲပြောပြလိုက်ပါ”

 

ဒေါ်ခင်အေး ခဏငြိမ်သွားပြီး စဥ်းစားနေဟန်ရှိသည်။ထို့နောက် ဖြေးဖြေးချင်းပြောပြလေတော့သည်။

 

 

÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

 

ဒေါခင်အေးပြောပြသည့်အချက်များမှာ

ခင်ပွန်းဖြစ်သူ ဦးသိန်းမောင် စီမံမှုကြောင့် စိုးနောင် တစ်ပတ်တစ်ခါလောက် အလည် ရောက်လာတတ်သည်။စိုးနောင်မှာ အသက် အစိတ် ခန့် ရှိ ပြီး ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်သည့်အပြင် မိဘများ၏ ပွဲရုံ လုပ်ငန်းကို ဦးစီးဦးဆောင်လုပ်နေသူဖြစ်သည်။

 

ကျော်ခေါင်နှင့် ခင်နှင်းရီမှာ ကျောင်းနေအရွယ်ထဲက အတူတူ ကျောင်းတက်ခဲ့ကြသည်ငယ်ပေါင်းကြီးဖော်ဖြစ်သည်။ နောက်တော့ ချစ်သူများ ဖြစ်သွားကြသည်။ ကျော်ခေါင်ကမုဆိုးမမိခင်နှင့် ညီမဖြစ်သူကို ရှာဖွေကျွေးမွေးနေသူဖြစ်၏။ ခင်နှင်းရီနှင့် လက်ထပ်ရန်ငွေပိုငွေလျှံလေးများလည်း အနည်းငယ် စုမိဆောင်းမိ ရှိလေသည်။

 

ခင်နှင်းရီမိဘများအနေဖြင့် ကျော်ခေါင်၏ အနေအထားကို သိထားပြီးဖြစ်သည့်အပြင်

လယ်ယာလုပ်ငန်းကိုလည်း အားလျှင်အားသလ်ို ကူညီလုပ်ကိုင်ပေးနေသူဖြစ်သည်။

ဒေါ်ခင်အေးအနေနှင့် ကျော်ခေါင်လို လူမျိုးနှင့် သမီးကို ပေးစားလျှင် သူတို့ အား

ကိုးရမည်ဆိုတာ သိထားသည်။ ဒေါ်ခင်အေး

ကြိတ်ပြီး သဘောတူထားသော်လည်း ဖခင်ဖြစ်သူ ဦးသိန်းမောင်မှာ ထိုအကြောင်း မသိရပေ။ဦးသိန်းမောင်မှာအလုပ်ကိစ္စဖြင့် ခရီးထွက်နေရသည်က များသောကြောင့် သားသမီးအရေး လှည့်မကြည့်နိူင်တာလည်း ပါသည်။

 

ကျော်ခေါင်မှာ အသောက်အစား အပျော် အပါး ကင်းကာ၊ ရသမျှ ကျစ်လျစ်စွာ စုဆောင်းပြီး တစ်ချို့ကို ခင်နှင်းရီထံ အပ်နှံပေးထားသည်။လာမည့်နှစ် သီတင်းကျွတ်တွင် လူကြီးစုံရာနှင့် လက်ထပ်ယူကြရန်လည်း နှစ်ဦးသား ကတိကဝတ်ပြုထားပြီး ဖြစ်လေသည်။

ကျော်ခေါင်က အနေအထိုင်ပိရိသဖြင့် ခင်နှင်းရီနှင့် သမီးရည်းစား ဖြစ်နေသော်လည်း

မခင်နှင်းရီတို့အိမ်တွင် ခိုင်းစရာရှိမှသာ

လာရောက်လေသည်။

ထိုသို့ ဖြစ်နေချိန် တစ်ရက်တွင် ဦးသိန်းမောင်က စိုးနောင်ကို အလည်အပတ်ခေါ်လာရာမှ

သမီးနှင့် ပေးစားရန် စီစဥ်လာခြင်းဖြစ်လေသည်။ထိုသို့စီစဥ်လာသည့်အတွက် ခင်နှင်းရီ

မှာ ဖခင်ကို မလွန်ဆန်နိုင်၍ အမေဖြစ်သူကို

ရင်ဖွင့်ပြီး အတင်းအဓမ္မ မစီစဥ်ရန် ပြောဆိုထားရလေသည်။ ထိုအကြောင်းအရာကြောင့် ကျော်ခေါင်မှာစိုးရိမ်ပူပန်မှုနှင့် ရတက်မအေးနိုင် ဖြစ်နေရသည်။ တစ်ရက်တွင် ခင်နှင်းရီတို့ယာထဲရှိ ပဲခင်းများနှုတ်ကြရာ ကျော်ခေါင်ရောက်လာပြီး ကူညီနှုတ်ပေးရင်း မေးလ်ိုက်လေသည်။

 

“အနှင်း ရယ်၊ ` ငါမှာတော့နေ့ရှိသမျှ အလုပ်ကိုကြုံးရုန်းပြီးမင်္ဂလာ ဆောင်ဖို့ အတွက် စုရ ဆောင်းရတယ်။ဒါပေမယ်. အချိန်တန်

ရင် နင်က ဟို မြို့သားဘက်ကို ပါသွားမယ် ဆိုရင် ငါတော့ ရင်ကျိုးရချည်ရဲ့”

 

“အစ်ကိုရယ်၊ကျွန်မ အစ်ကိုကလွဲရင်အားလုံး

ယောက်ျားမှန်သမျှ ဖွဲ့နဲ့ဆန်ကွဲကြီးပါပဲတော်၊ ဟိုမြို့သားက အဖေ့အပေါ်ကျေးဇူးမကင်းလို့့

မလွှဲသာဘဲ ဆက်ဆံပြောဆိုနေရတာပါ ”

 

“အေးလေ၊နင့် အဖေကြောင့် ၊စိတ် မချ နိုင်တာ၊ အခုတလော နင့်အမေကပါ စိုးနောင်

ကို အလေးပေးတာ တွေ့ရတယ် ဒါကြောင့် စိတ်မချလို့ ပြောရတာပါ”

 

“ဒီအတွက် မပူပါနဲ့ ကျွန်မသာ အဓိကပါ အစ်ကိုရယ်၊ ကျွန်မသဘောပါ”

 

“အင်းလေ၊နောက်မှလူတင်ပါလို့နွားကျားကိုက်တာမျိုးမဖြစ်ပါစေနဲ့ ”

 

ထို့နောက် စိုးနောင်က ဦးသိန်းမောင်တို့မိသားစုကို အထက်မြန်မာပြည် ဘုရားဖူး

ရန် အတင်းခေါ်၍ သူတို့ သားအမိသားအဖ

လိုက်သွားကြလေသည်။ခင်နှင်းရီမှာ မလိုက်ချင်ပါသော်လည်း မိဘများကို မလွန်ဆန်ချင်

၍ လိုက်သွားရတော့သည်။

 

ထိုရက်အ တွင်းကျော်ခေါင်မှာ နေမထိထိုင်မသာနှင့် မျောက်မီးခဲကိုင်မိသလို ဖြစ်နေလေသည်။ ခင်နှင်းရီ တို့ ပြန်ရောက်လာ

ကြသော်လည်း နေမကောင်းဟုဆိုကာ ယာထဲသို့ပင်မဆင်းချေ။ကျော်ခေါင်မှာ

မှာ ချစ်သူနှင့် လွတ်လွတ်လပ် လပ် မတွေ့ရ

သဖြင့် နေ့လည်ဘက် ထွန်စက်မောင်းအပြီး

ထမင်းစားချိန် ခင်နှင်းရီတို့အိမ်သို့ ရောက်လာလေသည်။ကျော်ခေါင်ရောက်လာချိန်တွင် ဦးသိန်းမောင်တို့ လင်မယားအပြင်သွား

နေကြချိန်ဖြစ်၍ အိမ်တွင် ခင်နှင်းရီ

တစ်ယောက်တည်း … တွေ့ရလေ

သည်။

 

“ဟော အစ်ကို၊ ယာထဲကလာတာလား’ ဟု မေးလေရာ..

 

“ဟုတ်တယ်၊နင်က ယာထဲကို မလာတော့လည်း ငါ လာရတာပေါ့’

 

”ကျွန်မ မအားလို့ပါ အစ်ကိုရယ်၊

အပ်ထည်လေးတွေချုပ်ပေးနေရတယ်၊

မနက်ဖြန် ယာထဲကို လာမလို့ပဲ၊ ပြီး

တော အစ်ကို့အတွက် လက်ဆောင်ဝယ်လာတာ

ပေးမလို့ပဲ”

 

ခင်နှင်းရီ ပြေရာပြေကြောင်းပြောသဖြင့် ကျော်ခေါင်စိတ်ပြေသွားလေသည်။ထိုစဥ် စိုးနောင်

အလည်ရောက်လာရာ ကျော်ခေါင်နှင့် နှစ်ယောက် ဆုံသွားကြ၏ ။

ဒေါ်ခင်အေးက မောသွားဟန်ဖြင့် ပြောလက်စကားခဏရပ်ပြီး ရေနွေးငှဲ့ပြီး သောက်နေ၏။ဦးသိန်းမောင်ပါ ငှဲ့သောက်ပြီး သောက်လက်စဆေးလ်ိပ်တို လှမ်းယူပြီး မီးညှိကာ ဖွာနေသည်။

 

“ဒါနဲ့ ကြယ်နီဆေးပေါ့လိပ်များ မရှိဘူးလား

ဗျ၊ ကျွန်တော်က သောက်နေကျ မို့ပါ”

 

ဦးဘကောင်း​သွေးတိုးစမ်းပြီး မေးကြည့်လိုက်

၏ ။ဦးသိန်းမောင်ကဝင်ပြောလာသည်။

 

“အဲ့ဒါတော့မရှိဘူးဗျ၊ကျွန်တော်က ဂျိုးသိန်းပဲ သောက်တာဆရာ၊ ဆရာ့အတွက် သွားဝယ်ပေးလိုက်ပါလား မခင်အေး”

 

“မရှိရင်နေပါစေ ရပါတယ်””

 

ဦးဘကောင်း အကဲခတ်ရသရွေ့ဦးသိန်းမောင်အနေအထားမှာ တည်ငြိမ်သည့်ဟန်မျိုးရှိနေ

သည်။

 

“ခုနစကားဆက်ပါအုံးဒေါ်ခင်အေး၊

မောင်စိုးနောင် အိမ်အလည်ရောက်လာတော့

စကားများရန်ဖြစ်ကြသေးလားပြောပါအုံး”

 

ဦးဘကောင်း စကားဝိုင်းကို ပြန်စပေးလိုက်

လေသည်။ဦးသိန်းမောင်က ဆေးလိပ်တစ်ချက်

ဖွာထုတ်အပြီး ဝင်ပြောလာသည်။

 

“ဒီလိုပါဆရာ၊ ကျွန်တော်လည်းစီးပွားရေးဘက် လှည့်နေရလို့ သားသမီးအရေးပြန်မကြည့်နိုင်ဘူးဗျ၊သမီးနဲ့ ကျောင်ခေါင်တို့ မေတ္တာမျှ

နေကြတာလည်း အခုလိုပြသနာဖြစ်မှ သိရတယ်၊ ပထမတစ်ကြိမ် ကျော်ခေါင်နဲ့ စိုးနောင်ဆုံကြလို့ ပြသနာဖြစ်တာ သိလိုက်ရတယ်။

အဲ့ဒီနေ့က ကျွန်တော်က သနပ်ဖက်

အရောင်းအဝယ်နဲ့ ပဲခူးကို မနက်ဘက်၇နာရီ

လောက်ထွက်သွားတာပါ၊နောက်ရက် ပြန်လာမှ

အကြောင်းစုံသိရတယ်၊ကျော်ခေါင် ရန်လုပ်လို့ စကားများကြသေးတယ်ပြောပါတယ်”

 

 

ဦးသိန်းမောင်ပြောဆိုပြီး ဒေါ်ခင်အေးဝင်ပြောလာသည်။

 

“ဟုတ်ပါတယ် ၊ မောင်ကျော်ခေါင်က

ဒေါသဖြစ်ပြီး ထိုးမယ်ကြိတ်မယ်ဖြစ်ကြတော့

ခင်နှင်းရီက ဖြန်ဖြေပေးလိုက်တော့ ရပ်သွားကြတယ်၊ နောက်တော့ သမီးလည်း စိတ်ဆိုးဆိုးနဲ့

နှစ်ယောက်လုံးကို ရန်တွေ့ပြီး ပြန်ခိုင်းလိုက်ပါတယ်”

 

သူတို့စကားပြောနေစဥ် ကိုထိန်မောင်နှင့် ကျော်ခေါင်တို့ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာလေသည်။ဦးသိန်းမောင်တို့အိမ်သားများ

သူတို့ကို ငေးကြည့်နေကြ၏။ ဦးဘကောင်းက အခြေအနေကို ဝင်ထိန်းပြီး ရှင်းပြလိုက်သည်။

 

” ကိုထိန်မောင်ရော ကိုကျော်ခေါင်ပါ လာကြဗျာ၊ကျွန်တော်မေးစရာလေးရှိလို့ပါ၊တကယ်တော့ ကိုစိုးနောင်ကို သတ်တဲ့ တရားခံ အစစ်က ခင်နှင်းရီမဟုတ်ဘူးဗျ၊ဒါကြောင့် လူစုံတက်စုံ ဖြစ်အောင် ကျွန်တော့်တပည့်ကို ခေါ်ခိုင်းလိုက်ရတာပါ”

 

 

ဦးဘကောင်းပြောစကားကြောင့် စကားဝိုင်းထဲရှိ လူအားလုံး အံ့သြသွားကြပြီး မျက်နှာ

အမူအယာ အမျိုးမျိုးရှိနေကြသည်။ ဦးဘကောင်းက ကိုထိန်မောင်ကို အကဲခတ်ကြည့်လိုက်သည်။ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်း

ထားပြီး အင်္ကျီကို ပခုံးပေါ်တင်ထားသည်။

လူကောင်ထွားပြီး ကျော်ခေါင်နှင့် အရပ်ချင်း

သိပ်မကွာကြပေ။လက်တစ်ဖက်က ဆက်တီ

ကုလားထိုင် နောက်ကျော်မှီကို လှမ်းကိုင်ထား ကျော်ခေါင်နှင့်အတူ ယှဥ်ပြီးရပ်နေ၏။

ကျော်ခေါင်က လမ်းမဘက် မျက်နှာ လှည့်

ထားလေသည်။ စကားဝိုင်းမှာ ခဏတိတ်ဆိတ်သွားပြီးငြိမ်သွားကြသည်။ဦးဘကောင်းက

အားလုံး၏ မျက်နှာကို သေသေချာချာ အကဲခတ်ကြည့်လိုက်သည်။တိတ်ဆိတ်နေသောစကားဝိုင်းကို ဦးဘကောင်းက ပြန်ပြီး

စတင်လိုက်၏။

 

“ကျွန်တော့်တပည့်ကို စခန်းမှူးပါ ခေါ်ခိုင်း

လိုက်ပါတယ်၊ခဏလေးစောင့်ပေးကြပါ”

 

အိမ်ထဲရှိ လူအားလုံး ယောက်ယက်ခတ်ပြီး

လှုပ်လှုပ်ရှားရှားရှိနေကြလေသည်။

ခဏအကြာ လင်းထွန်းနှင့်အတူ စခန်းမှူး

နှင့် ရဲတပ်ဖွဲ့ဝင် သုံးယောက်ပါ ရောက်ရှိလာကြ

သည်။

 

“စခန်းမှူးကြီး ဒီဘက်ကြွပါခင်ဗျ”

 

ဦးဘကောင်းက သူ့ထိုင်ခုံဘေး နေရာလွတ်တွင် စခန်းမှူးကို ဖိတ်ခေါ်လိုက်သည်။ကိုထိန်မောင်နှင့် ကျော်ခိုင်တို့က ထိုင်ခုံမလောက်၍ မတ်တပ်ရပ်လျက်သားရှိနေ၏။

ကိုထိန်မောင်က စားပွဲပေါ်တင်ထားသည့်မီးခြစ်ကိုလှမ်းယူကာ သူ့လက်ထဲ ကိုင်ထားသည့်ဆေးပေ့ါ့လိပ်တိုကို မီးညှိပြီး ရှိုက်ဖွာနေ၏။ထိုအချိန်တွင် တစ်ယောက်မျက်နှာတစ်ယောက် လိုက်ကြည့်နေသည်ကိုဦးဘကောင်း ရိပ်စားမိလေသည်။

 

လင်းထွန်း က ဦးဘကောင်းဆီရောက်လာပြီး လက်တစ်ဖက်ကာ၍ နားရွက်နားကပ်ပြီး ခပ်တိုးတိုးလာပြောနေ၏။ဦးဘကောင်း အားလုံး၏ အမူအယာကို

ဝေ့ကြည့်လိုက်သည်။ပြီးတော့ အိမ်တံခါးပေါက်ဝတွင် လက်နက်ကိုင်ပြီး စောင့်နေသည့် ရဲတပ်ဖွဲ့ဝင် နှစ်ယောက်ကိုပါ လှမ်းကြည့်လိုက်၏ ။ထို့နောက် တိတ်ဆိတ်သွားသောစကားဝိုင်းကို ဦးဘကောင်းပြန်လည်စတင်လိုက်သည်။

 

“အဟမ်းဟမ်း…၊ စိတ်တော့မကောင်းပါဘူး

တရားခံအစစ်က ဒီဝိုင်းထဲမှာရှိပါတယ်”

 

“ဟင် …၊ ဘယ်လို ”

 

မိန်းမသားများဖြစ်ကြသည့် ဒေါ်ခင်အေးတို့ညီအစ်မဆီက အံ့သြသံထွက်လာပြီး ဦးသိန်းမောင်အပါအဝင် ယောကျ်ားသုံးယောက်ပါ

အမူအယာပျက်သွားကြသည်။ဦးသိန်းမောင်ဆီက အကြောက်အကန် ဖြေရှင်းသံ ထွက်လာ

သည်။

 

“ကျွန်တော် ဘာမှ မသိဘူးဗျ၊ မနက်ထဲက

ထွက်သွားတာပါ၊ဒါဆို ဘယ်သူသတ်တာလဲ”

 

ဦးဘကောင်း ဘာမှ မပြောသေးဘဲ ပြုံးပြီး

ကြည့်နေလိုက်သည်။

 

“စခန်းမှုးကြီးခင်ဗျ၊တရားခံအစစ်က ခင်နှင်းရီ

မဟုတ်ပါဘူး၊ ခင်နှင်းရီအစ်ကို ကိုထိန်မောင်

ပါ၊ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ပေး

ပါခင်ဗျ”

 

“ကျုပ် ကျုပ် မသတ်ဘူးဗျ၊ သိလည်း မသိဘူး၊ကျုပ်က ယာထဲမှာ ပေါင်းသင်နေတာဗျ”

 

ကိုထိန်မောင်ထံက အကြောက်အကန် ဖြေရှင်း

သံထွက်လာပြီး အိမ်ပေါ်က ဆင်းပြေးတော့သည်။ အိမ်ပေါက်ဝရှိ တပ်ဖွဲ့ဝင်များက

တားဆီးပြီး လက်မောင်းကနေ ချုပ်ကိုင်ထား

လိုက်ကြသည်။ ထိုအခိုက်အတန့် အိမ်ပေါ်ရှိ

မိသားစုဝင်များပါ ဝုန်းဒိုင်းကြဲပြီး အော်ဟစ်နေကြတော့သည်။

 

“အမလေး လုပ်ကြပါအုံး၊ သားကြီး

သားကြီးက်ို မဖမ်းကြပါနဲ့၊ သူက ခြေတစ်ဖက်

မသန်ပါဘူးရှင့်၊ မိဘတွေကို လုပ်ကိုင် ရှာဖွေ

ပေးနေတာပါ၊ သူပဲ လယ်ယာကို ဦးစီးနေရတာပါ၊အဟီး ဟီး အစ်အစ် ”

 

ဒေါ်ခင်အေးဆီက အော်ပြီးငိုပြောသံထွက်လာလေသည်။ ကိုထိန်မောင် အတင်းရုန်းကန်နေ၍ ရဲတပ်ဖွဲ့ဝင်သုံးယောက် မရမက ချုပ်နှောင်ပြီး လက်ထိပ်ခတ်လိုက်ကြလေသည်။ခဏအကြာ

ငြိမ်သက်သွား၍ စခန်းမှုးက အိမ်ပေါ်ခေါ်လာရန် လှမ်းပြီး ညွှန်ကြားလိုက်သည်။

 

“သူ့ကို အိမ်ပေါ်ခေါ်ခဲ့ကြဟေ့၊ ဆရာဦးဘကောင်းအနေနဲ့ ကိုထိန်မောင်ကိုဘယ်လိုကြောင့် တရားခံလို့ ပြောနိုင်တာလည်းဆိုတာ အားလုံးရှင်းလင်းသွားအောင် ပြောပြပေးစေချင်ပါတယ်”

 

ဦးဘကောင်းက လက်ဆွဲအိတ်ထဲက စက္ကူထုပ်ကို ထုတ်ယူလိုက်ပြီး စားပွဲပေါ် ဖြန့်ချ

ထားလိုကျ၏။

 

“လင်းထွန်းက ဘိနပ်ထုပ်ယူခဲ့ပေးကွာ၊

ဒီပေါ်လာတင်လိုက်ပါ”

 

လင်းထွန်းက ဘိနပ်နှစ်ဖက်ကို စားပွဲပေါ်

တင်ပေးလိုက်သည်။အိမ်ပေါ်ရှိ လူအားလုံး

မျက်လုံးက စားပွဲပေါ်ရောက်နေကြသည်။

ဒေါ်ခင်အေးက ကိုထိန်မောင်ကို ဖက်ပြီး

ရှိုက်ငိုနေလေသည်။ ဦးသိန်းမောင်က ထိုင်နေရာက ထသွား၍ သားဖြစ်သူကို နှစ်သိမ့်ပေးနေသည်။

 

“ဒီဘိနပ်က အခင်းဖြစ်ပွားပြီး ကိုထိန်မောင်

အိမ်နောက်ဘက်ကနေ ထွက်သွားရာက ခလုပ်တိုက်မိတယ်ထင်ပါတယ်၊ ညာဘက်ဘိနပ်ပြတ်သွားတယ်၊ပြီးတော့ ဒီဆေးလိပ်တိုကလည်း

က်ိုထိန်မောင် ဆေးလိပ်ပါပဲ၊သူက ပြစ်မှုကျုးလွန်ပြီး ဆေးလိပ်ထိုင်သောက်ခဲ့တယ်၊

ပြီးတော့ ဆေးလိပ်ကို ဖိကိုက်ပြီး သောက်လေ့

ရှိတာ သတိထားမိတယ်၊အဲ့ဒါအပြင် ဘိနပ်ပြတ်သွားတဲ့အခါ ရွာထိပ် လမ်းမပေါ်က ဆိုင်မှာ

ဘိနပ်တစ်ရန် အကြွေးယူစီးသွားတယ်လို့

စုံစမ်းသိရှိရပါတယ်၊ ဘိနပ်နံပါတ်က ၁၀ လက်မခွဲပါ၊ ကိုထိန်မောင် အခုစီးလာတာလည်း

မြင်းကြယ်ဘိနပ် အသစ်နဲ့ နံပါတ်တူနေ

တာ တွေ့ရတယ်၊ ဘိနပ်အပြတ် သဲကြိုးက လတ်လတ်ဆတ်ဆတ် ရှိနေသေးတော့ အခင်း

ဖြစ်ပြီး မကြာခင် ပြတ်သွားတယ်လို့ ယူဆနိုင်ပါတယ်၊ဒီထဲက အမျိုးသားတွေဘိနပ်က

၁၀ လက်မ နဲ့ ၉ လက်မပဲရှိကြတယ်၊

အဲ့ဒါကြောင့်ကိုထိန်မောင် အနေနဲ့ ဘာများ

ပြောချင်တာရှိလဲ ခင်ဗျ၊အဲ့ဒိနေ့က ကိုထိန်မောင်ဟာ အကြောင်းကိစ္စတစ်ခုကြောင့် နေအိမ်

ပြန်အလာမှာ ခင်နှင်းရီနဲ့ ကိုစောနောင်တို့

ဆွဲလားရမ်းလားဖြစ်နေတာကို မြင်သွားပါလိမ့်မယ်၊ညီမဖြစ်သူ အင်္ကျီ ကပိုကရိုဖြစ်နေတာကို

မြင်လိုက်ရအပြီး ကိုထိန်မောင်က စက်ခုံပေါ်

ကရတဲ့ ကတ်ကြေးနဲ့ ကိုစိုးနောင်ရဲ့ ဘယ်ဘက်

နံကြားကို ပြေးထိုးပါတယ်၊ကိုစိုးနောင် ယိုင်ခနဲ

ဖြစ်ချိန်မှာ ဝမ်းပိုက်ကို ၂ ချက်ထပ်ထိုးလိုက်ပါတယ်၊ အဲ့သလို ရုန်းရင်းဆန်ခတ်ဖြစ်နေပြီးနောက် ကိုစိုးနောင်လဲကျပြီး သေဆုံးသွားချိန်မှာ ကိုထိန်မောင် ပက်လက်ကုလားထိုင်မှာ

ထိုင်ပြီး ဆေးလိပ်သောက်ပါတယ်၊ညီမဖြစ်သူက မသန်စွမ်းဖြစ်နေတဲ့ အစ်ကိုကြီးဖြစ်သူကို

ရှောင်ခိုင်းလိုက်ပြီး သူက အစားခံလိုက်ပုံရပါတယ်၊ကိုထိန်မောင်ရဲ့ ဘယ်ဘက်ခြေထောက်က ဆာနေသလို ဖြစ်နေတာ သူအိမ်ပေါ် တက်လာစဥ်က ကျွန်တော် တွေ့လိုက်တယ်၊ခြေတစ်ဖက် မသန်တဲ့အခါ ညာဘက်ခြေထောက်ကို အားပြုပြီး လျှောက်ရပါများတဲ့အခါ ဘိနပ်ခုံမှာ ချိုင့်ဝင်နေပါတယ်၊

သဲကြိုးကပါ ကြာတော့ခံနိုင်ရည် နည်းလာတယ်”

 

ဦးဘကောင်း ချက်ကျလက်ကျပြောအပြီး

ကိုထိန်မောင် ရှိုက်ကြီးတငင်ငိုကြွေးတော့သည်။ဒေါ်ခင်အေးကပါ သားဖြစ်သူကို ဖက်ပြီး ငိုနေလေသည်။ ကိုထိန်မောင်၏

ဘယ်ဘက်ခြေထောက်မှာမွေးရာပါ ခြေတစ်ဖက် ဆာနေခြင်းဖြစ်သည်။ မတ်တတ်ရပ်လျှင် မသိသာပေ။ လမ်းလျှောက်လျှင်

ဘယ်ဘက်ခြေထောက်က အနည်းငယ် ဆွဲနေ

ခြင်းဖြစ်သည်။သို့ရာတွင် လူကောင်းတစ်ယောက်လို အားကောင်းမောင်းသန် အလုပ်လုပ်နိုင်လေသည်။

 

“သားကြီးရယ်၊ ဘာ​ဖြစ်လို့ ဒီလိုလုပ်ရတာလဲ

အမေတော့ သေချင်တယ် အဟီးဟီး အီးအီး”

 

“မခင်အေးရယ်၊ တော်ပါတော့ကွာ၊သားကြီး

ကလည်း ဒေါသအလျောက် လုပ်မိတာနေမှာပါ၊

သမီးက သူ့အစ်ကို အစား ခံပေးလိုက်တာပဲ”

 

ဦးသိန်းမောင်တို့ မိသားစုတတွေ၏ အဖြစ်ကိဦးဘကောင်း စိတ်မကောင်းဖြစ်ရသော်လည်း

အမှုမှန်ဖော်ထုတ်နိုင်၍ ကျေနပ်နေမိသည်။

 

“ကဲပါဗျာ၊ ကျွန်တော့်အနေနဲ့ ပြစ်မှုအတွက်

အသက်သာဆုံးဖြစ်အောင် ထုချေ ပေးမှာပါ၊

ကိုထိန်မောင်ဘက်က အများရှေ့မှာ အမှန်အတိုင်း ထွက်ဆိုပေးစေချင်ပါတယ်”

 

ဦးဘကောင်းပြောလသဖြင့် ကိုထိန်မောင်

မျက်ရည်စများ လက်ခုံနှင့် သုတ်လိုက်သည်။

ထို့နောက် ဖြေးဖြေးမှန်မှန်ဖြင့် ဖြစ်စဥ်ကို

ပြောပြလေသည်။

 

“ဟုတ်ပါတယ်၊ ကျွန်တော် စိတ်မထိန်းနိုင်ပဲ

သတ်မိပါတယ်၊အဲ့ဒီနေ့က အပင်တွေ မြေသြဇာကျွေးဖို့ ဓါတ်ဆား(မြေသြဇာ)အိတ်လာယူရင်း

ညီမလေးတို့ ပြသနာဖြစ်နေတာနဲ့ကြုံသွားတယ်၊ကျုပ်လည်း ဒေါသထွက်သွားပြီးမျက်စ်ိထဲ ဘာမှ မမြင်တော့ဘဲ စက်ခုံပေါ်တွေ့တဲ့

ကတ်ကြေးနဲ့ ထိုးလိုက်တာပါ၊ ဆရာပြောသလို

မှန်ပါတယ်၊နောက်တော့ ညီမလေးက ကျုပ်

ကို ဖက်ပြီး ငိုတယ်၊ကျုပ်လည်း ဘာဆက်လုပ်

ရမှန်းမသိဘူး ဖြစ်နေတုန်း ကုလားထိုင်မှာ

ထိုင်ပြီး ဆေးလိပ်သောက်နေတယ်၊ ညီမလေးက ကျုပ်ကို အတင်းနှင်လွှတ်တယ်၊ကျုပ်လည်း

ပထမ ငြင်းသေးတယ်၊ ညီမလေးက ဘေးအိမ်က ဒေါ်ကြီးမတင်ရွှေ လှမ်းမေးသံကြားရလို့ကျုပ်ကို အတင်းပြေးခိုင်းတယ်”

 

ကိုထိန်မောင် စကားစဖြတ်ပြီး ရေနွေးငှဲ့သောက်

လိုက်၏။ ပြီးနောက် စကားပြန်ဆက်လာသည်။

 

“အိမ်နောက်ဘက်ကနေ ကမန်းကတန်းပြေးထွက် သွားလိုက်တာ သရက်ပင် အမြစ်နဲ့

ခလုပ်တိုက်မိပြီး ချော်လဲသွားတာ ဘိနပ်ပြတ်သွားတယ်၊ကျုပ်လည်း ဘိနပ်ကို လွှင့်ပစ်ပြီး နောက်ဖေးလမ်းကနေ ကွင်းထဲ ပြန်သွား

လိုက်တယ် နောက်တော့ ညီမလေးအဖမ်းခံရတယ်လို့ သိရလို့ နောက်ရက် အချုပ်ခန်းလိုက်

သွားပြီး သွားတွေ့ပါသေးတယ်၊ကျုပ်က

​အမှန်အတိုင်း ရဲကို ဖွင့်ပြောမယ်လုပ်ပါသေး

တယ်၊ ညီမလေးငိုယိုပြီး တားနေလို့ စိတ်မကောင်းဖြစ်ပြီး ပြန်လာခဲ့ရတယ်”

 

“ဟုတ်ပါပြီ၊ ကိုထိန်မောင်အနေနဲ့ လာမဲ့

အပတ်ရုံးချိန်းမှာ ဖြောင့်ချက်ပေးလိုက်ပါ၊

အခုတော့ တာဝန်ရှိသူတွေ ခေါ်သွားပါလိမ့်မယ်”

 

ဖြစ်ရပ်မှန်ပေါ်ပေါက်သွားပြီဖြစ်၍

တာဝန်တစ်ခု အောင်မြင်သွားသော်လည်း

ကိုထိန်မောင်အတွက် အသက်သာဆုံးဖြစ်

အောင် ထုချေ လျှောက်တင်ပေးမည်ဟု

ဦးဘကောင်း စိတ်ပိုင်းဖြတ်ထားလိုက်သည်။

တရားခံ ကိုထိန်မောင်ကို တာဝန်ရှိ သူများ

ခေါ်ဆောင်သွားကြချိန် ဦးဘကောင်းတို့လည်း

ဦးသိန်းမောင်တို့ကို နှုတ်ဆက်ပြီး အိမ်ထဲက

ထွက်လိုက်ကြလေသည်။

 

ရွာထဲရှိ လူတချို့ သူတို့အုပ်စုကို ကြည့်ပြီး

ဝေဖန်သုံးသပ်နေကြလေသည်။

ဒေါ်ခင်အေးတို့ ညီအစ်မနှစ်ယောက် ငိုယို

ပြီး ခြံဝတွင် ကျန်နေခဲ့လေပြီ။

 

ဦးဘကောင်းတို့ဆရာတပည့်လည်း

ရဲစခန်းအထိ လိုက်ပါပြီး ကိုထိန်မောင်ကို

အားပေးစကားပြောကြားလိုက်သည်။

 

“ကဲ ကိုထိန်မောင်၊ ကျွန်တော်တို့ပြန်ပါအုံး

မယ်၊ကျွန်တော့်ဘက်က တတ်စွမ်းနိုင်သရွေ့

ဆောင်ရွက်ပေးပါ့မယ်၊ လွတ်ရက်စေ့တဲ့အချိန်အထိ ကျန်းမာအောင်နေထိုင်ပြီး အိမ်ကိုပြန်

နိုင်ပါစေဗျာ၊ မိဘကို အလုပ်အကျွေးပြုနေသူက

အကြာကြီး ဒုက္ခမရောက်ပါဘူးလေ”

 

ဦးဘကောင်းစကားကြောင့် ကိုထိန်မောင်

အပြုံးနှင့်တုန့်ပြန်လာပြီး ခေါင်းညိတ်ပြလေ

သည်။ ကိုထိန်မောင်ကို စခန်းထဲ ခေါ်ဆောင်သွား

ကြပြီးနောက် ဦးဘကောင်းတို့လည်း သူတို့နေထိုင်ရာ သနပ်ပင်မြို့ ပြန်လာခဲ့ကြတော့သည်။

 

 

ပြီးပါပြီ

 

မိုးသီး