စွယ်စုံရှင်အဘနဲ့အောက်လမ်းခွေးသရဲ

*စွယ်စုံရှင်အဘနဲ့ရုပ်ပြောင်းရုပ်လွှဲ အောက်လမ်းခွေးသရဲ *📖📖📖
_____________________________________________________
****************************
“ဖျောင်း”

“ဖျောင်း”

“ဖျောင်း”

“အူဝူး…..”

“မှတ်ပြီလားကွ”

တောာနက်ကြီးတစ်ခု၏ နက်ရှိုင်းသော နေရာတစ်ခု။
ထိုနေရာမှ တစ်စုံတစ်ဦးအား မာန်ငေါက်၍ ကြိမ်းမောင်းရိုက်
နှက်သံ။အသည်းခိုက် အော်သံကြီးများ ချောက်ခြားဖွယ်
ထွက်ပေါ်လို့နေသည်။တည်နေရာကို ကြည့်ပါက ပိန်းပိတ်
မတတ် အမိုက်မှောင်များ ဖုံးလွှမ်းနေသော ဂူကြီးတစ်ဂူထဲ။
ထိုဂူထဲတွင်တော့ ပြူးကျယ်နီရဲသော မျက်လုံးတစ်စုံနှင့်
ရဲတောက်နေသော တောင်ဝှေးတစ်ချောင်းကို ဆုပ်ကိုင်ထား
သော ကြီးမားသည့် လက်ချောင်းကြီးများအား တွေ့ရမည်ဖြစ်
၏။

“ဖျောင်း”

“ဖျောင်း”

“ဖျောင်း”

“အူး….အာ့ဝူး…..”

“ခုမှ ငါ့ကို မျက်ရည်ခံ လာထိုးပြမနေနဲ့ကွ။မင်းကို ငါ မပြောခဲ့
ဘူးလား။ဒီစုန်းမက မာယာများတယ်။ကောက်ကျစ်ပါတယ်။စဥ်းလဲပါတယ်။သူက သိပ်ကို အန္တရာယ်ရှိပါတယ်။ဒီစုန်းမရဲ့မာယာတွေကို မင်း ယုံစားပြီး စိတ်မပါသွားပါစေနဲ့လို့ ငါ မင်းကို အတန်တန် မမှာခဲ့ဘူးလား”

“အူး……”

“မှာခဲ့တယ်…..ဟုတ်လား။ကဲကွာ…ကဲကွာ”

“ဖျောင်း”

“ဖျောင်း”

“ဖျောင်း”

“အာဝူး….အူ…အူ…အူ…”

“ခုမှ နာတတ်တယ်ပေါ့လေ….ဟုတ်လားကွ။ငါက နတ်မိစ္ဆာရဲ့
အစည်းဝေးကို အရေးတကြီးသွားရလို့ မင်းကို စိတ်ချပြီး
ငါ့ရဲ့အဖိုးတန် အမြုတေစုဗူးကို စောင့်ခိုင်းထားခဲ့တာ။လိုတဲ့
စွမ်းအားတွေလည်း ငါ အပြည့်ဖြည့်ထားပေခဲ့ရဲ့နဲ့။ဘာမဟုတ်
တဲ့ စုန်းမရဲ့မာယာနဲ့ဆွယ်တဲ့ အထိအတွေ့ကို မင်း သာယာလိုက်လို့ ငါ့အမြုတေစုဗူးက ခု စုန်းမလက်ထဲပါသွားရတာ။ငါ
မင်းကို အပြစ်ပေးသင့်သလား….မပေးသင့်ဘူးလား”

“အု….အု”

“အေး ပေးမယ် ပေးမယ်…..မင်းလို အသုံးမကျတဲ့ကောင်ကို
ငါက သတ်တောင်သတ်ပစ်လိုက်ချင်တာကွ။အသုံးမကျတဲ့
ကောင်ရ”

“ဖျောင်း” “ဖျောင်း” “ဖျောင်း”

“ဖျောင်း” “ဖျောင်း” “ဖျောင်း”

“ဖျောင်း” “ဖျောင်း” “ဖျောင်း”

“အား….အား…..ဝူး…..ဝါး…..”

“တော်ပြီ တော်ပြီ…..မင်းလိုကောင်ကိုရိုက်လည်း ကျွဲပါး
စောင်းတီးသလိုပဲ ရှိတော့မယ်။အဲ့တော့ မင်းကို ငါ့ရဲ့နှစ်ရှည်
လရှည် တပည့်တယောက်ဆိုတဲ့ အချက်တစ်ခုနဲ့မင်းကို ငါ
ဒီတစ်ခါတော့ သက်ညှာပေးလိုက်မယ်”

“အီ အီ”

“ဝမ်းမသာနဲ့။မင်း ငါနဲ့ဝေးတဲ့ အခြားတစ်နေရာကို ထွက်သွားပါ။အဝေးဆုံးကိုသာ သွားပါ။ဒါ မင်းရဲ့နောက်ဆုံးအခွင့်အရေးပဲ။ကြန့်ကြာနေရင်တော့ ငါ့ အဆိုးမဆိုနဲ့”

“အာဝု….ဝု….အီ…အီ…”

နီကျယ်နေသော မျက်လုံးအစုံသည် နောက်ဆုတ် နောက်ဆုတ်
နှင့်ဂူအပြင်သို့ ထွက်လာခဲ့သည်။အထဲမှာတော့ ဘာအသံမျှ
မကြားရတော့။တိတ်ဆိတ်လို့နေ၏။
မျက်လုံးတစ်စုံသည် အပြင်သို့ရောက်လေလျှင် အရောင်မှိန်
ဖျော့သွား၏။ထိုတဆက်တည်းပင် ခန္ဓာကိုယ်အစိတ်အပိုင်း
တို့သည်လည်း အကိုင်းအခက်များကြားမှတဆင့် ဖြဲအန်ကျ
နေသော ပြောက်တိပြောက်ကျား အလင်းကွက် အလင်းမှုန်
များကြား၌ ထင်ထင်ရှားရှား ပေါ်လာလေတော့၏။
ထွားထွားဖွံ့ဖွံ့နှင့်မြင့်မောက်သော ခန္ဓာကိုယ်။ကြီးမားသော
ဦးခေါင်း။ရှည်လျားသော အမွှေးအမျှင်များနှင့်နှစ်တောင်ခန့်
ရွဲကျနေသော အမြီးဖွားဖွားကြီးတစ်ချောင်း။
ခန္ဓာကိုယ်အနှံ့ရှိ နက်မှောင်သော အမွှေးဖွားများသည် ပြူး
ကျယ်နီစွေးသော မျက်လုံးတစ်စုံ၊တစ်ပေခန့် တွဲလွဲကျနေ
သော လျှာရဲရဲကြီးနှင့်တော့ လိုက်ဖက်မှုရှိနေသည်က အမှန်။
မကြာခင် ရက်စက်ကြမ်းကြုတ်တော့မည့် လက္ခဏာရှင်ဟု
ဆိုရင်လည်း မမှားနိုင်ပါပေ။သူသည် တော၏ပတ်ပတ်လည်
ကို နှာခေါင်းလေး ရှုံ့ကာရှုံ့ကာနှင့်အနံ့ခံလိုက်သည်။
တောအနှံ့က မျောက်အော်သံ၊ဆင်ရိုင်းအော်သံ၊သားရဲတိရစ္ဆာန် အော်သံများနှင့်ပဲ့တင်ရိုက်ကာ ဆူညံလို့နေ၏။သူ မျက်မှောင်ကျုံ့လိုက်သည်။တစ်ခုခုကို မကျေနပ်လို့
ပေလော။တစ်စုံတစ်ဦးကို တိုက်ခိုက်သတ်ပုတ် ဖို့ပေလော။
မည်သို့မျှ မပြောတတ်။အမြီးကလေး လှုပ်ကာ လှုပ်ကာနှင့်
သူရှေ့ဆက်သွား၏။ယင်းတောကြီးမှလွန်သော် အခြား
တောတောင် ရေမြေဒေသများသို့ သူဆက်ပြန်သည်။
မျက်မှောင်ကတော့ ကျုံ့ဆဲ။လျှာတသပ်သပ်။သွားတကြိတ်
ကြိတ်နှင့်။တွက်ဆရလျှင် အခြေနေ မဟန်သေးဟန်တူ၏။

သို့နှင့်ပင် ရက်ပေါင်းများစွာကြာမြင့်ခဲ့သည်။
တစ်ခုသော ရွာတစ်ရွာသို့ မယောင်မလည်နှင့်သူ ရောက်ရှိခဲ့
သောအခါတွင် သူ့မျက်နှာသည် လင်းခနဲဖြစ်သွား၍ ပြုံးသွား
လေ၏။
သူလျှာသပ်လိုက်သည်။ထောက်ရပ်ထားသော
ညာခြေထောက်ကိုသုံး၍ မြေကြီးကိုလည်း ဖွားခနဲ ဖွားခနဲ
ယက်ထုတ်လိုက်လေ၏။ထို့နောက် တစ်လှမ်းချင်း တစ်လှမ်း
ချင်း ရွာထဲသို့လျှောက်၍ ရွာလယ်သို့ရောက်သည်တွင် ဖန်ခုန်
နေကြသော ကလေးများအား သူတွေ့လိုက်ရ၏။
သူ့ရင်တွေ ဒိတ်ခနဲ ခုန်သွားသည်။
ဆူအောင်းနေသော သွေးကြောများသည် တပွက်ပွက် ဆောင့်
တက်လာကာ သွားရေတို့သည် ရွှဲရရဲ ယိုကျကုန်၏။
သူ ချက်ချင်းပင် ကိုးနှစ်အရွယ် ကလေးတစ်ယောက်ပုံစံ
ပြောင်းလိုက်သည်။ပြီးနောက်တွင် အပြေးအလွှား ခုန်ပေါက်
သွား၍ ကလေးများကြားတွင် ရောယောင်ကာ ဖန်ခုန်တမ်း ကစားနေလိုက်တော့၏။

××××××××××××××××××

ကျွန်တော်က အဘဆီကို ရောက်နေတာဗျ။
အဘဝယ်ခိုင်းတဲ့ ရွှေဆိုင်းပြားတွေဝယ်ပေးပြီး အဘ ဖိုထိုးနေ
တာကို ကြည့်နေတာပေါ့ဗျာ။
ကျွန်တော့်အဘ အကြောင်းကို ခင်ဗျားတို့လည်း သိလောက်ပြီးထင်ပါတယ်။အဘနာမည်က ဦးထွန်းမြင့်လေ။အသက်
ကတော့ (၅၀)ကျော်ရှိပြီဗျ။ခုထိတော့ သန်တုန်း မြန်တုန်း
ဖျတ်လတ်တုန်း။ဆေးကုတယ်။အထက်လမ်းလိုက်တယ်။
ဖို အဂ္ဂရိတ်ထိုးတယ်။တစ်ခါတလေကျတော့လည်း ရှေးဟောင်းပစ္စည်းတွေကို ရောင်းဝယ်တယ်ဗျ။
ကျွန်တော်တို့ စက်ကလေးရွာနဲ့အနီးတဝိုက်က ရွာတွေကတော့
အဘကို စွယ်စုံရှင်အဘလို့ ခေါ်ကြတယ်။ဘယ်လိုပဲ နာမတပ်
တပ် တစ်ခုခု အရေးဟေ့ဆိုရင် အဘက စေတနာထားပြီး
ရှေ့ဆုံးကနေကူညီဖို့ အသင့်ဖြစ်နေတာဗျ။

“အဘရေ….အဘ…အဘ”

အရှေ့ကနေ အဘကိုခေါ်သံ ကြားရတယ်ဗျ။

“တာတီး…..အရှေ့မှာ ဘယ်သူတွေတုန်းမသိဘူး။အဘကို
သွားကြည့်ပေးစမ်းကွယ်”

“ဟုတ် အဘ”

ကျွန်တော် အရှေ့ထွက်ပြီး ကပျာကဟာ ပြေးကြည့်တော့
ဒေါ်လေးဂျမ်းမောင်ရဲ့မောင်နှစ်ယောက်နဲ့ခပ်ဝဝ လူကြီး
တစ်ယောက်ပဲဗျ။ချွေးသန်တွေက ရွှဲနေကြတယ်။

“တာတီး…..အဘ ရှိလားကွ”

“ရှိတယ် ကိုအောင်ခန့်…..အနောက်မှာ ဖိုထိုးနေတယ်ဗျ”

“အေး…တချက်ခေါ်ပေးစမ်းပါ တာတီးရာ…..အရေးကြီးလို့ လို့
ပြောပေးစမ်းပါ”

“သြော်…. ဟုတ်ကဲ့ ဟုတ်ကဲ့ ကိုအောင်ခန့်”

ကျွန်တော်လည်း အဘဆီသွားတယ်။

“အဘ….ကိုအောင်ခန့်တို့ ညီအစ်ကိုနှစ်ယောက်နဲ့ဝဝ လူကြီး
တစ်ယောက်ဗျ။အရေးကြီးလို့တဲ့။အဲဒါ အဘကို တွေ့ချင်တယ်
ပြောတယ်”

“ဟုတ်လား….အင်း…ဘာတွေများ ဖြစ်လာကြပါလိမ့်”

အဘလည်း ဖိုထိုးတာ ရပ်လိုက်ပြီးတော့ အိမ်ရှေ့ထွက်ခဲ့တယ်
ဗျ။

“သြော်….ဘယ်သူတွေလည်းမှတ်တယ်။ဂျမ်းမောင်ရဲ့မောင်ထွေးတွေပဲ။အိမ်ထဲဝင်ခဲ့ဦးလေကွာ။ကိစ္စက အရေးကြီးလို့လား”

“ကြီးတယ် အဘရေ…..အမဂျမ်းမောင်သား ဖိုးခွေးလေးကို
ဘယ်ကခွေးမှန်းမသိဘူး။ကိုက်သွားလို့ အဘရဲ့။ဒဏ်ရာက
အတော်နက်တယ်။အရိုးတောင် ပေါ်နေတာ အဘ။အဲ့ဒါ ခု
သတိလစ်နေလို့ ကျွန်တော်တို့ ပြေးပြီး အဘကို လာခေါ်ကြတာ”

“အိမ်း အိမ်း…..။သူ့ယောကျာ်း ဒီလုံးရော ငါးဖမ်းသွားသလား”

“ဒီနေ့မသွားဘူး အဘ…..နေမကောင်းလို့တဲ့။အခု အိမ်မှာရှိတယ်”

“ကဲ…ဒါဆိုလည်း အဘ အခုလာခဲ့မယ်။မင်းတို့ သွားနှင့်ကြ။ဟုတ်လား။ကလေးနားမှာ စောင့်ရှောက်ပြီးနေကြ”

ကိုအောင်ခန့်တို့ ချွေးတလုံး သန်တလုံးနဲ့ပြန်ပြေးသွားကြတယ်။အဘက ခေါင်းပေါင်းကို ကျစ်ကျစ်ပေါင်းလို့ တိုက်ပုံကို
ဝတ်လိုက်တယ်ဗျ။

“တာတီး…..အဘ ဆေးကုသွားရမယ်။မင်းပါ လိုက်ခဲ့ကွယ့်။
အတွေ့ကြုံသစ်တွေရမယ်။ဗဟုသုတတွေလည်း ရမယ်ကွယ့်”

“ဟာ……လိုက်မှာပေါ့ အဘရဲ့”

“အေး…တန်းက ဆေးလွယ်အိတ်လွယ်ပြီး အဘနောက်မြန်မြန်
လိုက်ခဲ့”

အဘ ပြောပြီး ဆင်းသွားတယ်။ကျွန်တော်လည်း တန်းက
အဘရဲ့ဆေးလွယ်အိတ်ကြီးကို လည်ပင်းစွပ်လိုက်ပြီး အဘ
နောက်ကို သုတ်သုတ်လိုက်ရတယ်ဗျ။ဆေးလွယ်အိတ်ကြီးက
ကြည့်တော့သာ ဖောင်းပြီး ကြီးနေတာ။သူ့ကို လွယ်လိုက်
တော့ ဖက်ရွက်လေးတစ်ရွက်ကို ကိုင်လိုက်ရသလိုပဲဗျ။
ပေါ့ရွှတ်နေတာ။
ကျွန်တော် အားစိုက်ပြီး ပြင်းပြင်းလျှောက်လိုက်တော့ အဘနားကိုရောက်ပြီ။အဘက ပြောလို့သာပြောတာ။အသက်ကြီး
ပေမယ့်လည်း သန်တာ မြန်တာက လူငယ်တစ်ယောက်ထက်
ကို ပိုတယ်ဗျ။အဘများ ဇောကပ်လိုက်ပြီဆိုလို့ကတော့
မြန်ပါလေ့ သန်ပါလေ့ ဆိုတဲ့သူတွေတောင် လိုက်မမှီတော့ဘူး
ဗျို့။
ဟော၊အဘက ခြံရှေ့ရောက်တော့ ဖွင့်ထားတဲ့ တံခါးပေါက်ကနေ ခြံထဲကို ဝင်လိုက်တယ်ဗျ။အိမ်နားကို ရောက်ပြီ။

“ဟဲ့…..ငါ ဘယ်သူဆိုတာ နင်တို့ သိကြရဲ့လား”

“ဗုဒ္ဓေါ”

“သတိလစ်နေတဲ့သူက ဘယ်လိုဖြစ်သွားပါလိမ့်”

“အပမှီသွားတာထင်တယ်”

“ကောင်မတွေ နောက်ဆုတ်ကြစမ်းဟဲ့။ကြောက်စရာကြီးတော်”

“ဟဲ့….ငါ မေးနေတယ်လေ။ငါ ဘယ်သူဆိုတာ နင်တို့ သိကြရဲ့
လားလို့”

အိမ်ပေါ်ကနေ ရုတ်ရုတ် ရုတ်ရုတ်နဲ့ဆူဆူညံညံ အသံတွေကို
အတိုင်းသား ကြားနေရတယ်။အသံသြသြနဲ့အော်ငေါက်နေတဲ့
အသံကတော့ အကျယ်လောင်ဆုံးပဲဗျ။
အဘက အိမ်အောက်ကနေ အိမ်ပေါ်ကို မျက်မှောင်ကျုံ့ပြီး
တစ်ချက်ကြည့်လိုက်တယ်။ကျွန်တော်လည်း အိမ်ပေါ်ကို
အသာဝေ့ကြည့်တော့ စုနေတဲ့လူအုပ်ကြီးရဲ့အရှေ့ ဘုရားခန်းရဲ့အရှေ့ခပ်လှမ်းလှမ်းမှာ အသားရေ ဖြူဆုပ်ဆုပ်နဲ့တင်ပလ္လင်
ခွေထိုင်လို့ ခေါင်းကို တဆတ်ဆတ်ရမ်းနေတဲ့ ဆယ်နှစ်အရွယ်
ကောင်လေးတစ်ယောက်ကို တွေ့ရတယ်ဗျ။ဒါဆိုရင် ခွေးကိုက်
ခံရတဲ့ကောင်လေးဆိုတာ သူပဲဖြစ်မယ်။

“တာတီး…..ဘုရားခန်းရှေ့ကကောင်လေးကို မင်း ကြည့်စမ်း။
ထူးထူးခြားခြား ဘာမြင်ရလည်း”

အဘကို ကျွန်တော့်ကို ကြည့်ခိုင်းတယ်ဗျ။ကျွန်တော်လည်း
အာရုံစိုက်ပြီး ကြည့်လိုက်တယ်။

“အဘရဲ့….ထူးထူးခြားခြားတော့ ကျွန်တော် မတွေ့ဘူးဗျ။
ကောင်လေးကိုပဲ တွေ့ရတယ်”

“ဟုတ်ပြီ တာတီး…..အဘနားလာဦး”

အဘက ကျွန်တော့်ကို သူ့နားခေါ်ပြီးတော့ အိတ်ကပ်ထဲက
ဆေးပြင်းလိပ်တစ်လိပ်ကို ထုတ်လိုက်တယ်ဗျ။ပြီးတော့
မီးညှိလိုက်ပြီး ဆေးလိပ်ကို ဂါထာမန်းလို့ တစ်ချက်ရှိုက်သွင်း
လိုက်တယ်။

“ဖူး…..”

အဘက ကျွန်တော့်ခေါင်းကိုကိုင်ပြီး ဆေးလိပ်ငွေ့တွေကို
ကျွန်တော့်မျက်နှာတဝိုက်ကို မှုတ်ထုတ်လိုက်တယ်ဗျ။
မျက်လုံးထဲမှာတော့ ရှိန်းတိန်းတိန်းဖြစ်သွားတယ်။

“တာတီး…..မင်း ကောင်လေးကို ပြန်ကြည့်လိုက်စမ်း။
ဘာမြင်ရလည်းဆိုတာ အဘကိုပြော”

ကျွန်တော်လည်း အိမ်ပေါ်ကကောင်လေးကို ကြည့်လိုက်တယ်။
ဟာ…၊ခုနကကောင်လေး မဟုတ်တော့ဘူးဗျို့။
အကောင်ထွားထွားကြီးနဲ့သဘက်ကြီးတစ်ကောင် ဖြစ်နေပြီဗျို့။

“ဟာ…..အဘ။ကောင်လေးမဟုတ်တော့ဘူးဗျ။သဘက်ကြီး
တစ်ကောင်ဖြစ်နေပြီဗျို့”

“အင်း…ဒါဆို အဘတို့ တစ်ချက်စောင့်ကြည့်ရမယ်။တစ်ခုခု
ထူးလျှင် အဘကိုပြောကွယ့်”

“ဟုတ် အဘ”

အဘနဲ့ကျွန်တော်က အိမ်ပေါ်ကိုမတက်ကြသေးဘဲ အိမ်အောက်ကနေပဲ စောင့်ကြည့်နေကြတယ်။

“တယ်…..ဒီလူတွေ ငါမေးတာကို ပမာမခန့်နဲ့။နင်တို့တစ်ရွာလုံး
ကို ငါ ဂုတ်ချိုးသတ်ပြီး မီးလောင်တိုက်သွင်းလိုက်ရမလားဟဲ့”

“အို….မ…မလုပ်လိုက်ပါနဲ့ရှင်။ကျ…ကျ…ကျွန်မတို့ ရှင့်ကို
မသိပါဘူးရှင်။တကယ်မသိတာပါ။ဟဲ့….မဟုတ်ဘူးလား။
သိန်းညွန့်တို့ အောင်ခန့်တို့”

“ဟုတ်…ဟုတ်ပါတယ်ခင်ဗျ။ကျွန်တော်တို့ မသိရိုးအမှန်ပါ။
ဒီကပုဂ္ဂိုလ်က ဘယ်သူလည်းဆိုတာ ကျွန်တော်တို့ကို
တစ်ချက်လောက် ပြောပြပေးပါနော်”

“ကောင်းပြီ ….မင်းတို့က မသိဘူးဆိုတော့လည်း ငါ ပြောပြမယ်။ငါက နင်တို့ ပူဇော်ပသထားတဲ့ ဒီရွာကို စောင့်ရှောက်
ရတဲ့ ရွာတော်ရှင်ပဲဟဲ့။ရွာတော်ရှင်။နင်တို့ကလေးက ငါ ခွင့်မ
လွှတ်နိုင်တဲ့ အပြစ်တစ်ခုကို ကျူးလွန်ထားလို့ ငါ ဒေါသထွက်
ပြီး ခွေးဘီလူးတစ်ကောင်နဲ့တိုက်လိုက်တာပဲဟဲ့။ရှင်းပြီလား”

“ကလေး သနားပါတယ်”

“ဂျမ်းမောင်တို့ကလည်း ကလေးကို ပေါ့လျော့လွန်းတယ်”

“ရွာတော်ရှင်ကိုယ်တိုင် ကြွလာတာတဲ့”

“ဖိုးခွေးကလည်း ရွာတော်ရှင် စိတ်ကွက်အောင် ဘာတွေသွား
လုပ်လိုက်ပါလိမ့်”

ကျွန်တော် အဘကို ကြည့်လိုက်တယ်။အဘက မဟုတ်ဘူးဆို
တဲ့ အကြည့်နဲ့ခေါင်းခါပြတယ်ဗျ။

“ဒီအတွက် နင်တို့ ငါ့ကို ကြက်အရှင်နှစ်ကောင်နဲ့အမဲသား
တစ်ပိဿာကို ခုချက်ချင်း ငါ့ကို ဆက်သရမယ်။ဒါမှ
ဒီကလေးကို ငါ ခွင့်လွှတ်နိုင်မယ်။ဒဏ်ရာကိုလည်း ပကတိ
ဖြစ်အောင် ငါ ပြန်လုပ်ပေးမယ်ဟဲ့”

“ဟုတ် ဟုတ်ကဲ့ပါခင်ဗျာ။ရွာတော်ရှင် စိတ်တိုင်းကျ ဖြစ်စေရ
ပါမယ်။သောင်းတင်….မဲကြီးဆီကို ပြေးစမ်းကွာ။သူ ဒီနေ့ အမဲ
ပေါ်မယ်လို့ ကြားတယ်။ငါ့နာမည်နဲ့နှစ်ပိဿာလောက် မြန်မြန်
သွားဆွဲပေးစမ်းပါ”

“ဟုတ်ကဲ့….ကို ဒီလုံး”

“သောင်းတင်…..ပြန်ထိုင်လိုက်။ဘယ်မှသွားစရာမလိုဘူး”

“ဟာ….အဘ”

“ဘဆရာ”

“အဘ ရောက်လာပြီဟေ့”

အဘက အချိန်ကျလို့ လှေကားထစ်တွေကတဆင့် အိမ်ပေါ်
တက်သွားတယ်။လူတွေလည်း ဒီတော့မှ ဝမ်းသာသွားပြီး
ပြုံးနိုင်ကြတော့တယ်ဗျ။
ကျွန်တော်လည်း လွယ်အိတ်ကို ဂရုစိုက်လွယ်ရင်း ကယောဂ
ကပ်နေတဲ့ကောင်လေးဆီကို ကြည့်လိုက်တယ်။
ဟာ…၊ခုနက သဘက်ကြီး မဟုတ်တော့ဘူးဗျို့။
ခန္ဓာကိုယ်ကထွားထွား၊မျက်လုံးက ပြူးပြူးနဲ့အမွှေးမဲမဲကြီးတွေ အုပ်ကျနေတဲ့ ခွေးနက်ကြီးတစ်ကောင် ဖြစ်နေပြီဗျို့။

“ဂီး….ဂီး….ဂီး….”

“အူ…ဝူး…ဝူး….”

ဟာ၊သူက အဘကိုတွေ့တော့ အစွယ်ချွန်ကြီးတွေပေါ်အောင်
အားနဲ့မာန်ဖီလိုက်ပြီး ဆွဲဆွဲငင်ငင် အူတယ်ဗျို့။

“ဟင်…..ဘယ်လိုဖြစ်သွားတာလည်း”

“အစွယ်ကြီးတွေနဲ့ကြောက်စရာပါလားတော်”

“အူတာကလည်း ခွေးလိုကြီးဟ”

အကုန်လုံးလည်း အံ့သြသွားကြတာပေါ့ဗျာ။ခွေးကြီးကလည်း
ကြောက်စရာ အတော်ကောင်းတာဗျ။ဒီပုံကြီးသာ သူတို့မြင်
လိုက်ရရင် နေရာမှာတင် တုံးခနဲ ဖြစ်သွားကြမှာဗျို့။

“တာတီး…..မင်း အခု မြင်နေရတဲ့ ကလေးကိုယ်က ရုပ်သဏ္ဍာန်
ကို အားလုံးသိအောင် ပြောပြစမ်းကွယ့်”

အဘက ပြောလိုက်ပြီး ဆေးပြင်းလိပ်ကို ကိုင်လိုက်တယ်။

“ဟုတ် အဘ…..ခန္ဓာကိုယ် ထွားထွားကြီးနဲ့ခွေးနက်ကြီး
တစ်ကောင်ဗျ။မျက်လုံးကြီးက ဘူးသီးခေါင်းလောက်ရှိမယ်။
နီရဲနေတာဗျို့။လျှာကြီးကလည်း တစ်ပေကျော်လောက် တွဲကျနေတယ် အဘ။အခု သူက အဘကို မကျေမနပ်နဲ့ကြည့်
နေတယ်ဗျ”

လူတွေ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ကောင်လေးကိုကြည့်လို့
အနောက်ကို ဆုတ်ဆုတ်သွားကြတယ်။

“ခင်ဗျားတို့သားကို ကိုက်သွားတဲ့ခွေးက ရိုးရိုးခွေး မဟုတ်ဘူး
ဗျ။အောက်လမ်းဆရာတစ်ယောက်က နှင်လွှတ်လိုက်တဲ့
အောက်လမ်း သရဲခွေးတစ်ကောင်ပဲ”

“ဂီး…….”

“ဝုတ်”

ခွေးသရဲက အဘပြောတာကို မကျေနပ်တဲ့ အမူအရာနဲ့လှမ်း
ဟောင်တယ်ဗျ။အဘက ပြုံးလိုက်ပြီး ဆေးပြင်းလိပ်ကို
မီးညှိလို့ ဖွာလိုက်တယ်။ပြီးတော့ မာန်ဖီနေတဲ့ ခွေးသရဲကို
“ဖူး”ဆို လှမ်းမှုတ်လိုက်တယ်ဗျ။

“အူဝူး….ဝူး”

“ဂါး….ဂါး”

ခွေးသရဲက ကြမ်းပြင်မှာ လူးလှိမ့်ပြီး အော်တာဗျို့။
သူ့ကြည့်ရတာ တအားနာကျင်လွန်းလို့ မချိမဆန့် အော်ဟစ်
နေတဲ့ပုံဗျ။ဒါပေမယ့် ခြေနှစ်ဖက် လက်နှစ်ဖက်ကိုတော့
လုံးဝမလှုပ်ဘူး။တောင့်တောင့်ကြီးဗျ။ဒါဆိုရင် အဘက သူ့ကို
အစီအမံနဲ့ချုပ်လိုက်တာထင်တယ်။
ဟော၊အဘက ခွေးသရဲကို ကျောခိုင်းပြီး ဘုရားကို သုံးကြိမ်
ဦးတိုက်တယ်ဗျ။နောက်တော့ ခွေးသရဲဘက်ကိုလှည့်လို့
တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး…….

“အတုံ့အလှည့်ဆိုတာရှိတယ်။တစ်ခါတလေ အကျိုးဆက်ကို
ချက်ချင်းလက်ငင်း ကိုယ်က ပြန်ခံစားရတတ်သလို၊တစ်ခါ
တလေကျတော့လည်း ကာလအတော်ကြာကာမှ ကိုယ်က
ကိုယ့်ရဲ့အကျိုးဆက်ကို ပြန်ခံစားရတတ်တာမျိုးလည်း
ရှိတယ်ကွယ့်။ခွေးသရဲမှတ်ပါ။သင် နောက်ဆိုရင် လူတွေနေတဲ့
မြို့ ရွာတွေကို လုံးဝ လုံးဝ ဝင်ထွက်ခြင်း မလုပ်ရဘူး။အရိပ်
အယောင်တောင် ပြခွင့်မရှိဘူး။သင် ကျက်စားတဲ့နေရာက
လူသူကင်းတဲ့အရပ်မှာပဲ ဖြစ်ရမယ်။ဒါက နတ်မင်းကြီး
လေးပါးရဲ့အမိန့်”

“ဂီး” “ဂီး” “ဂီး”

“အူး…..”

“ဝုတ်” “ဝုတ်” “ဝုတ်”

အောက်လမ်းခွေးသရဲက မျက်နှာကြီး ရှုံ့တွပြီးတော့ အဘကို
လှမ်းဟောင်တယ်ဗျို့။
ကျွန်တော်ဖြင့် အံ့သြလို့ကို မဆုံးဘူးဗျာ။ဒီအတိုင်းဆို သူက
အဘစကားကိုနားထောင်မယ့် သဘောမှာတော့ မရှိဘူးဗျ။
အဘ သူ့ကို တစ်ခုခုလုပ်မှဖြစ်လိမ့်မယ်လို့ ကျွန်တော် တွေးမိတယ်။

“သြော်…..သတ္တဝါတွေလည်း တယ်မိုက်ကြသကိုးကွယ့်။
ကိုယ် ဒီလောက်ထိ ဒုက္ခခံနေရတဲ့အချိန်မှာတောင် ကိုယ့်အတ္တနဲ့မာနကို ခဝါမချနိုင်သေးကြဘူးပဲ”

အဘက ဆေးပြင်းလိပ်ကို ပြင်းပြင်းရှိုက်လိုက်တယ်။

“ဖူး…….”

“အား….အား….အား….”

“ဝူး….ဝါး…..ဝါး….”

“ဂရား…..အူး….”

“အီ..အီ..အီ..”

“အား…..အား…..”

အဘရဲ့ဆေးလိပ်ငွေ့ဒဏ်ကို ခွေးသရဲ အလူးအလှိမ့် ခံနေရ
တယ်ဗျို့။
သူ့ရုပ်ကလည်း အမျိုးမျိုးပြောင်းနေတယ်ဗျ။
တစ်ခါတစ်ခါ သဘက်ကြီးပုံပြောင်းသွားလိုက်၊တစ်ခါခါ
ခွေးနက်ကြီးပုံပြောင်းသွားလိုက်၊ကောင်လေးပုံကိုပြောင်းသွား
လိုက်နဲ့ဗျိူ့။
ခွေးသရဲလည်း အံတွေ တဆတ်ဆတ်ကြိတ်ပြီး ဝေဒနာကို
တင်းခံနေတယ်ဗျ။

“ကဲ…..မင်း ဆက်ပြီး ခေါင်းမာနေဦးမှာလား။နောက်တစ်ခါ
ဆေးလိပ်ငွေ့နဲ့ထပ်မှုတ်ရင်တော့ မင်းဘဝ မလွယ်လှပေဘူး
ကွယ့်။အမွှေးအမျှင်တွေ မီးကျွမ်းပြီး အရေပြားတွေ အလွှာ
လိုက် ကွာကုန်လိမ့်မယ်။ဆေးပြင်းလိပ်ထဲမှာက သိဒ္ဓိဝင်
နနွင်းနက်မှုန့် ထည့်ထားတာကွယ့်”

အဘက သူ့ရှေ့မှာ ဆေးပြင်းလိပ်ကို ဖွာပြလိုက်တယ်။

“မကြောက်ဘူးကွ။မင်းလို အထက်လမ်းကောင်ကို ငါ လုံးဝ
မကြောက်ဘူး။သတ်မှာလား သတ် ဟေ့ကောင်။ဟား…..အူ….
ဝူး….ဝူး….”

ခွေးသရဲကြီးက လူစကားနဲ့အဘကို ဂျစ်ကန်ကန်ပြောပြီး
ခေါင်းကိုယိမ်းလို့ ရယ်တယ်ဗျို့။
လူတွေကတော့ ခွေးသရဲကြီးကို မမြင်ကြရဘူး။အပမှီနေတဲ့
ကောင်လေးကိုပဲ တွေ့ကြရတာပေါ့ဗျာ။

“အင်း….စေတနာဟာ သတ္တဝါတိုင်းနဲ့မထိုက်ပေဘူး။ဆရာရဲ့
သွေး ဆရာရဲ့အယူအကျင့်တွေက သူ့အတွေးမှာ ခိုင်ခိုင်မာမာ
စွဲကပ်နေတော့ ချေချွတ်ရတာလည်း မတွင်ကျယ်လှဘူးပေါ့
လေ။ကဲ….တာတီး…..အဘကို လွယ်အိတ်ထဲက ကြေးစည်နဲ့
လက်ကိုင်ကို ပေးကွယ့်”

ကျွန်တော်လည်း ဆေးလွယ်အိတ်ထဲကနေ ကြေးစည်နဲ့
လက်ကိုင်ဘုလေးကို ယူပေးလိုက်တယ်။ကြေးစည်ရဲ့အချွန်
နှစ်ဖက်မှာက နဂါးနှစ်ကောင်လိမ်ပြီး မီးမှုတ်နေကြတဲ့
အင်းကွက်ပုံ တစ်ခုစီရှိတယ်ဗျ။

“ဥုံ….၊
ဗုဒ်ဓေါ မေ သရဏံ ဂစ်ဆာမိ”

“နောင်…..ဝေ…ဝေ…”

“အာဝူး…..ဝူး….”

“အား…….”

ဟာ…၊အဘက ဂါထာရွတ်ပြီး ကြေးစည်ကိုတီးလိုက်တာ
ခွေးသရဲကြီး ကြမ်းပြင်မှာ လူးလှိမ့်ပြီး အာခေါင်ကွဲမတတ်
အော်တယ်ဗျို့။
သူ့ရဲ့အော်သံ အကျယ်ကြီးကြောင့် လူတွေတောင် နားပိတ်ထားလိုက်ရတယ်ဗျ။သူက အော်ရင်း အော်ရင်းနဲ့လှိမ့်သွား
တာ အဝင်ဝ တံခါးပေါက်နားတောင် ရောက်သွားပြီ။

“ဒီကြေးစည်ကို ‘သံငိုကြေးစည်’လို့ ခေါ်တယ်။ငါ့ကိုပေးသွားတဲ့
ဖိုးသူတော်ကြီးခေါ်တာကတော့ ‘နယ်နှင်ကြေးစည်’လို့ ခေါ်
တယ်ကွ”

အဘလည်း သူ့ကို ဒေါသထွက်သွားတာထင်တယ်ဗျ။
သူ့နားကိုသွားပြီး နောက်တစ်ကြိမ် ကြေးစည်ကို ထပ်တီးတယ်။

“ဥုံ….၊
ဓမ္မော မေ သရဏံ ဂစ္ဆာမိ”

“နောင်…..ဝေ…ဝေ…”

“အား…..ရပ်ပါတော့”

“အူဝူး…..”

“အာဝူး…..”

“အား…..”

“ဒုန်း” “ဒုန်း” “ဒုန်း” “ဒုန်း”

အဘရဲ့ကြေးစည်သံကို မခံနိုင်တော့လို့ ခွေးသရဲကြီး
လှေကားကနေ အောက်ကို လှိမ့်ချလိုက်တယ်ဗျို့။
လူတွေလည်း ဆူသွားပြီး အပေါက်ဝကို ပြုံလာကြတယ်။
သူတို့မြင်နေရတာက ကောင်လေးကို ကိုးဗျ။

“အန္တရာယ်မရှိဘူး…..စိတ်မပူကြနဲ့ကွယ့်”

အဘကပြောပြီး လှေကားကနေ အောက်ကိုဆင်းတယ်။

“အူဝု…ဝူ…ဝူ…ဝူ”

“အီ…အီ…အီ…အား….”

အဘဆင်းလာတာကို ခွေးသရဲကြီးတွေ့တော့ ညည်းသံကြီးနဲ့
အနောက်ကို တွန်းတွန်းပြီး ဆုတ်သွားတယ်ဗျ။
အဘက သူ့ကို စူးစိုက်ကြည့်လိုက်ပြီးတော့ ကြေးစည်ကို
မြှောက်ကိုင်လိုက်တယ်။

“မလုပ်နဲ့…..မလုပ်နဲ့”

“အီ…အီ…အီ…”

“ဥုံ….၊
သံဃော မေ သရဏံ ဂစ္ဆာမိ”

“နောင်…..ဝေ…ဝေ…”

“ဝေါ…….”

“ဖလပ်” “ဖလပ်” “ဖလပ်” “ဖလပ်” “ဖလပ်”

“အား…….”

ကြေးစည်ရိုက်သံ၊ငှက်ပျံသံတွေနဲ့ခွေးသရဲကြီးရဲ့အော်သံတွေ
က ရောထွေးသွားတယ်။တဆက်တည်းမှာပဲ ငှက်အုပ်ကြီးက
ထိုးဆင်းလာပြီး ခွေးသရဲကြီးကို ထူနေအောင် ပတ်တယ်ဗျို့။
ကျွန်တော်ဆို ငှက်တွေနဲ့တိုက်မိမှာစိုးလို့ အနောက်ကိုတောင်
ဆုတ်လိုက်ရတယ်ဗျ။
ဟော၊ငှက်တွေ ကျဲသွားပြီ။တဖြည်းဖြည်း တဖြည်းဖြည်းနဲ့
ငှက်တွေ တစ်ကောင်စ နှစ်ကောင်စ ကျန်ရာကနေ နောက်ဆုံး
လုံးလုံး မရှိတော့ဘူးဗျ။
ဟာ…၊သရဲခွေးကြီး မရှိတော့ဘူးဗျို့။
သူ့နေရာမှာ ငုတ်တုတ်ကလေးထိုင်နေတဲ့ လူနာရှင်ကောင်လေး
နဲ့မြေမှုန့် မြေခဲ အပိုင်းအစတွေပဲ ကျန်ခဲ့တော့တယ်ဗျ။

“မအံ့သြနဲ့တာတီးရဲ့…..သရဲခွေးက မသေဘူး။နယ်နှင်ခံရတာ
မို့ ငှက်တွေက ခေါ်သွားကြတာကွယ့်”

အဘပြောအပြီးမှာ ကိုဒီလုံးနဲ့ဒေါ်လေးဂျမ်းမောင်က သူ့သား
ဖိုးခွေးလေးဆီကို ပြေးသွားပြီး ပွေ့လိုက်ကြတယ်ဗျ။
အနာဒဏ်ရာကိုလည်း အပြူးအပြဲ ကြည့်ကြည့်ကြတယ်။
ဒါပေမယ့် ခြေထောက်မှာက ဘာဒဏ်ရာမှ မရှိတော့ဘူး။
အမာရွတ်သေးသေးလေးပဲ ကျန်ခဲ့တော့တယ်ဗျ။

“ဂျမ်းမောင်တို့ ဒီလုံးတို့လည်း နောက်တစ်ခါ ကလေးကို ဒီလို
တရစေ လွှတ်မထားနဲ့ကွယ့်။စည်းလေး ကမ်းလေးထားပြီး ထိန်းကွပ်ချေ။ဖြစ်နိုင်ရင် ကိုယ့်အနီးအနားမှာပဲ ခေါ်ထား။
ကံနိမ့်ရင် ဒီလိုအဖြစ်မျိုး ကြုံရတတ်တယ်ကွယ့်”

ကိစ္စဝိစ္စပြီးတော့ ကျွန်တော်နဲ့အဘ အရှေ့ပိုင်းကို ပြန်ခဲ့ကြတယ်ဗျ။လမ်းခုလတ်ရောက်တော့ ကျွန်တော်က အဘကို
မေးကြည့်တယ်။

“အဘ…..ငှက်တွေက အောက်လမ်းခွေးသရဲကို နယ်နှင်တာက
ဘယ်ကို ခေါ်သွားကြတာတုန်းဗျ”

အဘက လမ်းလျှောက်တာ ရပ်လိုက်ပြီး ပြုံးလိုက်တယ်ဗျ။

“လူသူ လုံးဝမရှိတဲ့ ကန္တာရ တစ်ခုထဲကိုပေါ့ကွယ်”

×××××××××××××××××

ကျန်းမာ ချမ်းသာကြပါစေ

စာရေးသူ #စက်လေးတာတီးအားလေးစားလျက်