မှန်ထဲကလူ

မှန်ထဲကလူ (စ/ဆုံး)

——————————–

တစ်ခါက ရန်ကုန်မြို့ရှိ စိန့်ပေါလ်ကျောင်းကြီး၏ထောင့်တွင် အရိပ်ခိုကာ မိုးကာဖျင်ကြီးတစ်ချပ်ကို ခင်းလျက် ၎င်းအပေါ်တွင် ရှေးဟောင်းမီးခွက်များ မှန်အိမ်များတင်၍ ရောင်းချသော ကုလားကြီးတစ်ယောက် ရှိခဲ့ဖူးလေ၏။

ထိုကုလားကြီး၏အမည်မှာ “အီဗရာဟမ်” ဖြစ်သော်လည်း ကျွန်ုပ်တို့က ၎င်းအား “အာလာဒင်”ဟု ပင် ခေါ်ကြလေ၏။ ၎င်းအာလာဒင်၏ ဆိုင်တွင် ရှေးဟောင်း မီးခွက်များ၊ မှန်အိမ်များသာမက ဓားဟောင်းများ၊ ပုလင်းဟောင်းများ၊ ကြွေပန်းကန်ဟောင်းများ ရှိလေ၏။

ကျွန်ုပ်သည် အားလပ်သောအချိန်များ၌ အာလာဒင်၏ဆိုင်သို့ သွား၍ ဟိုပစ္စည်းကိုင်၊ ဒီပစ္စည်းကိုင်နှင့် အချိန်ဖြုန်းတတ်လေ၏။ ထို့ကြောင့် အာလာဒင်ဆိုသော ကုလားကြီးနှင့် ကျွန်ုပ်သည် ခင်မင်ရင်းနှီးနေပြီဖြစ်၏။ တစ်နေ့တွင် ကျွန်ုပ်သည် အာလာဒင်၏ဆိုင်သို့ ရောက်သွားပြီး ပစ္စည်းအဟောင်းများကို ကြည့်ရှုနေစဉ် သစ်သားပေါင်တပ်ရှေးဟောင်းကြည့်မှန် တစ်ချပ်ကို တွေ့မိသဖြင့် ဆွဲယူ၍ ကြည့်မိလေ၏။

ထိုသို့ ကြည့်မိရာ ထိုကြည့်မှန်သည် ကတ္တရာသုတ်၍ အင်္ဂလိပ်သတင်းစာဟောင်းတစ်ရွက်ဖြင့် မှန်သားကိုကပ်၍ ပိတ်ထားကြောင်းတွေ့ရလေ၏။ ထိုသတင်းစာဟောင်းကို စေ့စေ့စပ်စပ်ကြည့်မိရာ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က သတင်းစာဖြစ်ကြောင်းနေ့စွဲကို တွေ့ရလေတော့၏။

“ဦးအီဗရာဟမ်၊ ခင်ဗျားမှန်ကလည်း သတင်းစာစောင်းစက္ကူကြီးကပ်ပြီး ပိတ်ထားတော့ ဘယ်လိုလုပ် ကြည့်ရမှာတုံး” ဟု ကျွန်ုပ်ကမေးရာ အလာဒင်က.. ၊

“ဒွန်နယာကြီးမှာ အတော်ခက်ခဲတဲ့လူပဲ၊ ဒီဆိုင်ဟာ မှန်ရောင်းတဲ့ဆိုင်မဟုတ်ဘူးလေ။ ရှေးဟောင်းပစ္စည်းရောင်းတဲ့ဆိုင်ပဲ။ ဒီလိုပဲသုံးမရစွဲမရ အဟောင်းအစုတ်တွေ တွေ့ရမှာပေါ့။ အဲဒီမှန်ရယ်၊ ဟောဟိုမှန်အိမ်ရယ်၊ ဟောဒီ ဘူးသီးခြောက်ပုလင်းရယ်ဟာ ဒီဆိုင်ကိုတစ်ချိန်တည်း ရောက်လာတာ။ လာပြီးရောင်းတဲ့လူက “ကိုချိတ်ပန်းတဲ့။ ကျုပ်ကလည်း ခင်ဗျားပြောသလိုပဲမှန်ကြီး ကတ္တရာစေးသုတ်ပြီး သတင်းစာနဲ့ပိတ်ထားတာကို မကျေနပ်လို့ ပြောမိတော့ ကိုချိတ်ပန်းက… “အာလာဒင်ရေ၊ စေတနာနဲ့

ပြောမယ်နော်။ မှန်ကြီးကို ပိတ်တဲ့အတိုင်းထားပါ။ ဓာတ်ဆီတွေ၊ ရေနံဆီတွေနဲ့ ဆေးကြောပြီး မဖွင့်လိုက်ပါနဲ့၊ ဒုက္ခရောက်လိမ့်မယ်။ ဒီမှန်ကိုကြည့်ပြီး ရူးသွားတဲ့လူ သုံးယောက်ရှိပြီတဲ့” လို့ သူကပြောတယ်။

“ကျုပ်ကလည်းဆက်ပြီး မမေးတော့ပါဘူး၊ ဒါကြောင့် မှန်သားကို ကတ္တရာစေးပိတ်ပြီး သတင်းစာစောင်းတစ်ရွက်ကပ်ပြီး ပိတ်ထားတဲ့မှန်အကြောင်းကို ဒီထက်ပိုပြီး ဘာမျှ မပြောနိုင်ပါဘူးဗျာ။ စိတ်ဝင်စားရင် ဝယ်သွား၊ ဒါပဲ ပြောတတ်ပါတယ်” ဟု ဆိုသဖြင့် ကျွန်ုပ်လည်း ထိုမှန်ကြီးကို ဝယ်ခဲ့လေ၏။

မှန်မှာ အလျားနှစ်ပေ၊ အနံတစ်ပေခွဲရှိ၍ သစ်သားကျွန်းပေါင် တပ်ထားလေ၏။ သစ်သားပေါင်ကိုလည်း ရှေးဟောင်းအနောက်တိုင်း မှော်ဆရာများ အသုံးပြုလေ့ရှိသော ရူနေခေါ် သင်္ကေတတံဆိပ်များထွင်းထားသည်ကို တွေ့ရလေ၏။

| ၎င်းရူနေးတံဆိပ်များကို လေ့လာနိုင်ရန်အတွက် ဖော်ပြလိုက်ပါသည်။

အိမ်သို့ရောက်သောအခါ ကျွန်ုပ်သည် သတင်းစာစက္ကူများကို ကြိုးစား၍ခွာပြီးလျှင် မှန်မျက်နှာပြင်ကို ရေနံဆီဖြင့် ပွတ်ကာ နှပ်ထားပြီး အချိန်အတော်ကြာမျှ ပွတ်တိုက်ရလေ၏။ သုံးရက်ခန့် ကြိုးကြိုးစားစား လုပ်လိုက်သောအခါ ရှေးဟောင်းမှန်ကြီးသည် ကြည့်၍ရသော အဆင့်သို့ ရောက်သွားလေတော့၏။ ကျွန်ုပ်သည် လွန်စွာမှ ကျေနပ်သွား၏။ ထို့ကြောင့် မှန်ကြီးကို နံရံတွင် ချိတ်လိုက်၏။

နောက်တစ်နေ့နံနက် အိပ်ရာမှထသောအခါ မျက်နှာသစ်ပြီးနောက် ခေါင်းပြီးရန်အတွက် မှန်ကိုကြည့်လိုက်ရာ မှန်ကြီးသည် မျိုးကောင်း၍ လွန်စွာကြည်လင်သော မှန်ဖြစ်ကြောင်း တွေ့ရလေ၏။ ကျွန်ုပ်အခန်း၏ အရိပ်သည် မှန်ထဲတွင်ထင်ဟပ်နေ၏။ စားပွဲပေါ်တွင်တင်ထားသော စာအုပ်များကိုလည်း မှန်ထဲတွင် အတိုင်းသာ မြင်ရလေ၏။

မှန်နှင့်ဆန့်ကျင်ဘက်နံရံတွင် ချိတ်ထားသော ပန်းချီကားကိုလည်း မှန်ထဲတွင် တွေ့မြင်ရလေ၏။ ကျွန်ုပ်သည် မှန်ရှေ့တွင်ရပ်ပြီး မှန်တွင်းမှ ကျွန်ုပ်၏ရုပ်ကို ကျွန်ုပ်ကြည့်လိုက်၏။ မှန်ထဲတွင် ကျွန်ုပ်၏ရုပ်ပေါ်နေ၏။ သို့ရာတွင် တစ်ခုထူးခြားသည်မှာ အပြင်မှ ကျွန်ုပ်သည်ခေါင်းမြီးရသေး။ မှန်ထဲမှ ကျွန်ုပ်သည် ဆံပင်ကို ခေါင်းအလယ်မှခွဲ၍ အကျအနထားသည်ကို တွေ့ရ၏။ အပြင်မှ ကျွန်ုပ်သည် စွပ်ကျယ်အကျီသာ ဝတ်ထား၏။ မှန်အတွင်းမှ ကျွန်ုပ်သည် ရှပ်အင်္ကျီကုတ်အင်္ကျီတို့ ဝတ်ထား၏။ လည်ပင်းတွင်လည်းနက်ကတိုင်ခေါ် လှပသော လည်စည်းကလေးတစ်ခု စည်းထား၏။

| ကျွန်ုပ်သည် တအံ့တဩဖြစ်သွားပြီးလျှင် ကျွန်ုပ်၏ နှုတ်ခမ်းမွေးကို ကျွန်ုပ်၏လက်ဖြင့် စမ်းကိုင်မိ၏။ မှန်ထဲမှ ကျွန်ုပ်ကလည်း အပြင်က ကျွန်ုပ်အတိုင်းပင် နှုတ်ခမ်းမွေးကို လှမ်း၍ ကိုင်လိုက်၏။ ထို့ နောက် မှန်ထဲမှကျွန်ုပ်က အပြင်ကကျွန်ုပ်ကို လှမ်း၍စကားပြော၏။________________

 

“ဘယ်လိုလဲ ကိုအောင်ထွန်း၊ မအံ့သြသင့်တာတွေ အံ့ဩနေပြီလား။ အပြင်ကလူနဲ့ မှန်ထဲကလူဟာ အမြဲတမ်း ဆန့်ကျက်ဘက်လေဗျာ၊ အပြင်က ခင်ဗျားက ညာဘက်လက်ကို မြှောက်ရင် မှန်ထဲက ခင်ဗျားအရိပ်က ဘယ်ဘက်လက်ကို မြှောက်လိမ့်မယ်။”

“အပြင်က ခင်ဗျားက ဘယ်ဘက်မျက်လုံးနီနေရင် မှန်ထဲက ညာဘက်မျက်လုံးနီနေလိမ့်မယ်။ ဘယ်တော့မျှ မတူဘူး။ မှန်လည်းမမှန်ဘူး။ ဒါပေမဲ့ ဒီပစ္စည်းကို မှန်လို့တော့ ခေါ်ရမယ်နော်။ မမှန်လို့တော့ မခေါ်ရဘူး။ အဲဒီလိုခေါ်ရင်တော့ ခင်ဗျားကို ရူးနေပြီလို့ လူတွေကပြောကြလိမ့်မယ်။”

“အခုလည်း အပြင်ကခင်ဗျားက စွပ်ကျယ်အကျီပဲ ဝတ်ထားတယ်။ မှန်ထဲက ခင်ဗျားအရိပ်က ကုတ်အင်္ကျီဝတ်ထားတယ်။ နက်ကတိုင်စည်းထားတယ်ဗျား အဲဒါဆန်းသလား။ အပြင်က ခင်ဗျားက ကိုအောင်ထွန်းဆိုရင် အထဲက ခင်ဗျားဟာ ကိုထွန်းအောင်ပေါ့ ဗျာ။ နည်းနည်းလေး ဟိုဘက်ဒီဘက် ပြောင်းလိုက်ရင်ရပါတယ်” ။

“တစ်ခုပြောဦးမယ်၊ ဒီနေ့ ရုံးတက်ရင်ပိုက်ဆံအပိုထည့်သွား၊ ရုံးက စာရေးတစ်ယောက်ရဲ့ ယောက္ခမကြီးသေလို့ အသုဘအလှူငွေ ကောက်လိမ့်မယ်” ဟု ပြောလေ၏။

ကျွန်ုပ်သည် လွန်စွာ စိတ်ချောက်ချားသွား၏။ ရူးချင်သကဲ့သို့လည်း ဖြစ်သွား၏။ မှန်ကြီးကို ရိုက်ခွဲလိုက်ရမည်လား၊ သို့မဟုတ် ကတ္တရာစေးသုတ်၍ သတင်းစာစက္ကူကပ်ကာ နဂိုအတိုင်း ပိတ်ပစ်လိုက်ရမလားဟု ကြံမိလေ၏။

ထိုအခါ အတွင်းမှ ကျွန်ုပ်က… “မကြံကောင်းမစည်ကောင်းတွေ မကြံပါနဲ့ ကိုအောင်ထွန်းရယ်၊ ဒါကြီးခွဲပစ်လို့ ဘယ်ဖြစ်မလဲ။ ခင်ဗျားတို့ ပြောနေတဲ့ ဂမ္ဘီရဆိုတာ ဒါမျိုးမဟုတ်လား။ ပြီးတော့ ကတ္တရာစေးသုတ်ပြီး ပိတ်လိုက်ရင်လည်း တစ်ဖက်သားကို ချုပ်နှောင်သလို ဖြစ်မှာပေါ့၊ ဘယ်ကောင်းမလဲ။ ဒီအတိုင်းထား။”

“အားတဲ့အခါ မှန်ကိုလာကြည့်ပြီး ကျုပ်နဲ့စကားပြော၊ အနာဂတ်အကြောင်းလည်း ကျုပ်ပြောပြနိုင်တယ်၊ အတိတ်အကြောင်းလည်း ကောင်းကောင်းပြောနိုင်တယ်၊ အတိတ်က ရာဇဝင်သမိုင်းတွေအကြောင်း၊ ခင်ဗျားသိချင်တာရှိရင် ကျုပ်ကိုမေး၊ ကျုပ်ပြောပြမယ်။”

“ဥပမာဗျား၊ ကျန်စစ်သား ဘယ်နှစ်ခုနှစ်မှာ မွေးသလဲသိချင်တယ်ဆိုပါတော့၊ (၃၈၂)ခုနှစ်မှာ မွေးတယ်။ ဘာနေ့သားလဲသိချင်တယ် ဆိုပါတော့၊ အင်္ဂါသားဗျာ။ အဲဒီတော့ မဟာဘုတ်မှာ အထွန်းဖွားပေါ့။ ပုဂံခေတ်မှာ အထွန်းဖွားမင်းဆက် ဘယ်နှစ်ပါးရှိသလဲသိချင်တယ်လို့ မေးတယ်ဆိုပါတော့၊ (၁၂)ပါးရှိတယ်ဗျာ”

“အဲဒီတော့ မှန်ကို ခွဲမပစ်ပါနဲ့၊ ကတ္တရာစေးလည်း သုတ်မပစ်ပါနဲ့၊ အားတဲ့အခါ မှန်လာကြည့်ပြီး ကျုပ်နဲ့စကားပြောပါ။ ကျုပ်ကလည်း တခြားလူမဟုတ်ဘူးလေ၊ ခင်ဗျားပဲ မဟုတ်လား။ ခင်ဗျားတို့ အပြင်လောကမှာက ငါနဲ့သူတစ်ပါးဆိုတဲ့ မျဉ်းကြောင်းဟာ အတော့်ကိုခြားနားတယ်။ ကျုပ်တို့ မှန်လောကမှာတော့ ငါနဲ့သူတစ်ပါးဟာ တစ်ထပ်တည်းလောက်နီးနီးဖြစ်နေတယ်။ သူတစ်ပါးဆိုတာလည်း ငါပဲ၊ ငါဆိုတာလည်း သူတစ်ပါးပဲ” ဟု မှန်ထဲက ကျွန်ုပ်က အပြင်က ကျွန်ုပ်အား ပြောလေ၏။

ကျွန်ုပ်သည် ရုံးသို့ ထွက်လာခဲ့၏။ ရုံးသို့ ရောက်သောအခါရုံးမှ စံမတူဆိုသော စာရေးတစ်ဦး၏ ယောက္ခမသေဆုံးသဖြင့် အသုဘအလှူငွေ ကောက်ခံနေသည်ကို တွေ့ ရလေ၏။ ထို့ကြောင် ကျွန်ုပ်၏ စိတ်၌ “မှန်ထဲက လူပြောတာ မှန်သားပဲ” ဟု တွေးထင်မိလေ၏။ အိမ်ရောက်သောအခါ မှန်ကို သွားကြည့်၍ ခေါင်းပြီးပြန်၏။ မှန်တွင်းမှ လူ ပေါ်လာပြန်၏။ ထိုအခါ ကျွန်ုပ်ကစ၍.. ။

“ခင်ဗျားပြောတာ မှန်တယ်ဗျ၊ ရုံးလည်း ရောက်ရော စာရေးတစ်ယောက်ရဲ့ ယောက္ခမဆုံးလို့ အလှူငွေတွေ ထည့်ရတယ်ဗျ” ဟု ပြောလိုက်လျှင် မှန်တွင်းမှလူသည် ဟက်ဟက်ပက်ပက် လှောင်ရယ် ရယ်ပြန်၏။________________

 

“ကိုအောင်ထွန်းကလည်း လုပ်ပြီဗျာ၊ ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကလေးနဲ့လား လုပ်နေပြန်ပြီ၊ မှန်ပါတယ်ဗျ၊ ခင်ဗျားကိုထပ်ပြီး ပြောလိုက်ဦးမယ်။ ရှေ့လထဲမှာ အမေရိကန်သမ္မတ ကနေဒီလုပ်ကြံခံရမယ်ဗျ။ ကနေဒီ လုပ်ကြံခံရတဲ့ အဖြစ်အပျက်နဲ့ သမ္မတ လင်ကွန်းလုပ်ကြံခံရတဲ့ အဖြစ်အပျက်က ပြောင်းပြန်ဗျ။ သမ္မတ လင်ကွန်းကို လုပ်ကြံတဲ့လူက ပြဇာတ်ရုံထဲကို ဝင်ပြီး လုပ်ကြံတာဗျာ ပြီးမှ ဂိုဒေါင်ထဲမှာ ဝင်ပြီးပုန်းတာ။”

“ကနေဒီကို လုပ်ကြံတဲ့လူက ဂိုဒေါင်ထဲကထွက်ပြီး လုပ်ကြံတာ ပြီးမှ ပြဇာတ်ရုံထဲဝင်ပြီး ပုန်းတာဗျ။ ဒါတွေကလည်း အဆန်းတော့မဟုတ်ပါဘူးဗျာ။ အဖြစ်အပျက်တွေဟာ လူတွေလိုပဲ ဆင်တူယိုးမှား ပြန်ပြီး ဝင်စားတတ်တယ်ဗျ။”

“သန်ဘက်ခါကျရင် ခင်ဗျားတို့ရပ်ကွက် မီးလောင်လိမ့်မယ်။ လွန်ခဲ့တဲ့ နှစ်(၃၀)က ဒီရပ်ကွက်ဟာ တစ်ခါလောင်ပြီးပြီလေဗျာ။ အရပ်လူကြီးအိမ်က ထဘီစုတ်တောင် မကျန်အောင် ပါသွားလိမ့်မယ်။ အရင်တစ်ခါတုန်းက စိတ်မနှံ့တဲ့ မိန်းမကြောင့်၊ အရူးကြောင့်လောင်တာဗျ။ ဒီတစ်ခါ လောင်မှာကတော့ ကလေးကြောင့်ဗျ။ ကလေးနဲ့ အရူးက ဘာကွာလို့လဲဗျာ။ နောက်တစ်ခါ လောင်ရင် သဘင်သည်ကြောင့်များ လောင်မလား မသိဘူး” ဟု မှန်တွင်းမှ လူက ပြောလေ၏။

ကျွန်ုပ်လည်း လက်ဖက်ရည်ဆိုင်သို့ ထွက်လာပြီး လက်ဖက်ရည်သောက်ရင်း သန်ဘက်ခါတွင် ဤရပ်ကွက် မီးလောင်မည်ဖြစ်ကြောင်း၊ လောင်မည်မှာလည်း ကလေးကြောင့် လောင်မည်ဖြစ်ကြောင်း အတည်ပေါက်နှင့် ပြောလေတော့၏။

ထိုရက်သို့ရောက်သောအခါ၌ ဘတ်စ်ကားထောင်သောအိမ်မှ ကလေးတစ်ဦးက မီးခွက်ဖြင့်ဆော့ရာ မီးစတင်လောင်ကျွမ်းလေတော့၏။ ရပ်ကွက်လူကြီးအိမ်ပါသွား၏။ ထိုလူကြီးသည် ကျွန်ုပ်က ကြိုသိနေသည်။ ကျွန်ုပ်၏ အကြံအစည် ပါနိုင်သည်ဟုဆိုကာ မီးသတ်အရာရှိများကို တိုင်တန်း၍ အမှုဖွင့်သဖြင့် ကျွန်ုပ်မှာအတော်ပင် ရှင်းယူရလေ၏။

အေးအေးဆေးဆေး ဖြစ်သွားသောအခါ၌ ရပ်ကွက်လူကြီးကို ကျွန်ုပ်က လူရှင်းသောနေရာသို့ ခေါ်သွားပြီးလျှင် ထူးဆန်းသော ကျွန်ုပ်၏မှန်အကြောင်း ပြောပြရာ ရပ်ကွက်လူကြီးက “မယုံဘူး” ဟုဆိုလေ၏။

ထို့ကြောင့် ကျွန်ုပ်လည်း မှန်ကိုဖြုတ်၍ ရပ်ကွက်လူကြီးအား အိမ်တွင် နှစ်လခန့် ချိတ်ထားရန် ငှားလိုက်လေတော့၏။ ရပ်ကွက်လူကြီးသည် မှန်ရပြီး နောက်တစ်နေ့တွင် အိမ်တွင်းမှ အော်ဟစ်ခုန်ပေါက်၍ ပြေးထွက်လာ၏။ ပါးစပ်ကလည်း…

“ မှန်ထဲကလူက ကျုပ်မဟုတ်ဘူးဗျို့၊ တခြားတစ်ယောက်ဖြစ်နေတယ်၊ လုပ်ကြပါဦးဗါ” ဟု အော်ဟစ်နေလေ၏။ အကျိုးအကြောင်းကို မေးရာ ထိုလူကြီးသည် ကျွန်ုပ်ငှားလိုက်သောမှန်ကို ကြည့်သည်ဟု ဆို၏။ အပြင်မှ သူသည် စွပ်ကျယ်လက်ပြတ်ကို ဝတ်ထား၏။ မှန်တွင် အရိပ်ထင်နေသောသူသည် ဇာတ်မင်းသားကဲ့သို့ ထိုင်မသိမ်းအင်္ကျီ ကိုဝတ်ထား၏။ မှန်တွင်းမှ လူက အပြင်ကရပ်ကွက်လူကြီးအား..

“ခင်ဗျားက မှန်အပြင်က ကိုသောင်းဌေး၊ ကျုပ်က မှန်ထဲက ကိုဌေးသောင်း” လို့ ပြောတယ် ဟု ရပ်ကွက်လူကြီးက ရှင်းပြလေ၏။ ထို့ကြောင့် အနီးအပါးမှ လူများက ရပ်ကွက်လူကြီးကိုချုပ်ကာ စိတ်ကျန်းမာရေးဆေးရုံသို့ ပို့လိုက်လေတော့၏။ ။

ထိုရပ်ကွက်လူကြီး၏ မိန်းမသည် ထိုမှန်ရောက်ပြီးမှ သူ၏ယောက်ျားရူးသွပ်သွားသည်ဟု သံသယဖြစ်ကာ ထိုမှန်ကို ပေးလိုက်သော ကျွန်ုပ်အား လာရောက်ဆဲဆိုကြိမ်းမောင်းလေ၏။ ထို့နောက်မှန်ကိုဖြုတ်ကာ ဆွမ်းခံဘုန်းကြီးအား လှူလိုက်လေတော့၏။

များမကြာမီ ထိုဘုန်းကြီးလည်း စိတ်ကယောက်ယက်ဖြစ်ကာ လူထွက်သွားသည်ဟု ကြားသိရလေ၏။ ဆရာတော်သည် ထိုမှန်ကိုကြည့်၍ ရပ်ကွက်လူကြီးလည်း ရူးသည်၊ သူ့ကျောင်းမှ________________

 

ဦးပဉ္စင်းတစ်ပါးလည်း စိတ်နောက်သွားသည်ဟု သံသယဖြစ်ကာ ထိုမှန်ကို အလယ်တွင်ချကာ ဘုန်းကြီးများက ဝန်းရံပြီးလျှင် ပရိတ်တော်များ ရွတ်ဖတ်ခဲ့လေ၏။

| ထိုသို့ ပြုလုပ်ပြီးမှ ကျောင်းသို့ မကြာခဏလာလေ့ရှိသော အပျိုကြီးအား စွန့်လိုက်လေတော့၏။ ၎င်းအပျိုကြီးသည် မှန်ရပြီး နောက်ထူးထူးခြားခြားကြီး နုပျိုလာသည်ဟုဆို၏။ အသက် ၅၀ အရွယ်မှ သူ၏တူမ အသက် ၃၀ အရွယ်နှင့် ရွယ်တူကဲ့သို့ နုပျိုသွားသည်ဆို၏။

ထို့နောက် အတန်ကြာသောအခါ သူ၏တူမထက်ပင် နုပျိုသွားသည်ဟုဆို၏။ ထိုအပျိုကြီးသည် မှန်ထဲမှ အပျိုကြီး၏ ညွှန်ကြားချက်အတိုင်း စားသောက် နေထိုင်ခဲ့သဖြင့် ဤသို့ ဖြစ်သည်ဟု ဆို၏။ ထိုအပျိုကြီးစားသောက်ခဲ့သော အစားအသောက်များကို တစ်ဆင့်စကားဖြင့် လေ့လာကြည့်ရာ အများစုမှာ ပဲပင်ပေါက်များသာ ဖြစ်သည်ဟု ဆို၏။

ထိုအပျိုကြီးသည် ထိုထူးဆန်းသောမှန်ကြီးအား နေပြည်တော်ပျဉ်းမနားတွင်နေသော သူ၏အစ်မထံသို့ ပို့လိုက်ရာ သူ၏အစ်မသည် ထိုမှန်ကြီးရပြီးနောက် တစ်နေ့တွင် သွက်သွက်ခါအောင် ရူးသွားသဖြင့် မှန်ကြီးကို တခြားလူများမကြည့်နိုင်အောင် ကတ္တရာစေးသုတ်၍ သတင်းစာစက္ကူဟောင်းများ ကပ်ကာ ရှေးဟောင်းပစ္စည်းများ ရောင်းသော အီဗရာဟမ်” ဆိုသော ကုလားအား ရောင်းပစ်လိုက်လေတော့သတည်း။

 

#မင်းသိင်္ခ