တဏှာကျူးသောနတ်ဘီလူး

*တဏှာကျူးသော နတ်ဘီလူး*📖📖📖

*******************************

       ကျောင်းတိုက်ကြီးအပေါ်ဆီမှာ ဒိုးညီနောင်ကို ဆူပူနေတဲ့ ဘဘုန်းရဲ့အသံက လွှမ်းမိုးနေတယ်။ မကြာဘူး။ ကြိမ်ဒဏ်အပြစ်ပေးတဲ့ အသံကလည်း ထပ်ပြီး ထွက်ပေါ်လာပြန်တယ်။

       ” ဖြန်း…ဖြန်း…ဖြန်း…”

      ” နင်တို့ကို စိုးရိမ်လို့ ပြောဆိုနေရတာ။ နင်တို့က မအပ်စပ်သေးဘဲနဲ့ လျှောက်လုပ်တယ်…”

ဘဘုန်းရဲ့ ကြိမ်ဒဏ်ကို ဒိုးညီနောင်တို့ ကျောကော့အောင် ခံကြရတာကလား။

သို့ပေမယ့်လည်း ညီအကိုနှစ်ယောက်စလုံး အပြုံးမပျက်ကြဘူး။ ဦးဘတင့်နဲ့ မမယ်ဆုံတို့ကတော့ သားတွေကို ကြည့်ပြီး အတော့်ကို စိတ်မကောင်းဖြစ်နေကြတာ။ ကပ္ပိယကြီးကတော့ သူတို့ကို ကြည့်ပြီး သဘောတွေကျနေတော့တာပဲ။

      ” နင်တို့ ချည်းပဲသွားတယ်။ အဲ့ဒီ့ဘီလူးက နင်တို့်အတွက် ဘာမှမဟုတ်ဘူးဆိုတာ သိပေမယ့် မတော်လို့တခြားအနှောက်အယှက်၀င်လာရင် ဘယ်လိုလုပ်မတုန်း…တော်တော်ဆိုးတဲ့ လောင်းကျော်တွေ…”

       ဘဘုန်းက တပည့်နှစ်ယောက်ကို ရိုက်နှက်အပြစ်ပေးပြီး မချိတင်ကဲ ရေရွတ်ပြန်လေတယ်။

       ” ဟဲ့…တကာကြီး ဘတင့်။ ဒီကိစ္စမှာ တကာကြီးလည်း ကြံရာပါပဲ။ နောက်တစ်ခါဆိုရင် တကာကြီးကိုပါ အပြစ်ပေးမယ်…”

       ” တင်…တင်ပါ့ဘုရား…”

       ဦးဘတင့်ခမျာ ဖင်တွေတင်တွေကြိမ်းရချေရဲ့။

အဲ့ဒီ့အခိုက်မှာပဲ ကျောင်း၀န်းထဲကို မုတ်ဆိတ်ဖြူဖြူနဲ့ နီကျင်ကျင်အ၀တ်အစားကို ၀တ်ဆင်ထားတဲ့ လူကြီးတစ်ယောက်၀င်ရောက်လာတယ်။

      ” အင်း…ဧည့်ထူး၊ ကံထူး၊ ပုဂ္ဂိုလ်ထူးတော့ ရောက်လာပါပြီ…”

ဆရာတော်ရဲ့ မှတ်ချက်စကားမဆုံးခင်မှာပဲ လူကြီးက ကျောင်းပေါ်ကို ရောက်လာခဲ့တယ်။

လူကြီးက ကျောင်းပေါ်ကို ရောက်တာနဲ့ ဘုရားဆီကို အရင်ဆုံး ၀တ်ပြုပြီး ဘဘုန်းကို ဦးခိုက်လိုက်ပြန်ပြီး။

      ” ဟဲ့…တကာကြီး။ ဘယ်ကလာလို့ ဘယ်ကိုသွားမလဲ…”

” တပည့်တော်က ဂန္ဓာရီခရီးသည် ဦးသိဒ္ဒိပါဘုရား။ ဒီကို ရောက်လာရခြင်းရဲ့ အကြောင်းကတော့ ဒီက ကလေးနှစ်ယောက်က်ု ပါရမီဖြည့်စွက်ဖို့အတွက် အခေါ်ရှိခိုင်းလို့ပါ ဘုရား…”

” ဟင်…”

      ဆရာတော်နဲ့ ကပ္ပိယကြီးက ကြိုတင်ရိပ်မိထားကြပြီးမို့ သာမန်ဆိုပေမယ့် ဦးဘတင့်တို့ လင်မယားမှာတော့ တကယ့်ကို အံ့သြသွားကြကုန်တာ။

      ဆရာတော်က…။

      ” အင်း…မျှော်လင့်ထားတဲ့ အချိန်က ကျရောက်လာပြီပဲ။ ကဲ…တကာကြီး ဘတင့်တို့ရေ…ကိစ္စကတော့ တကာကြီးတို့ ကြားတဲ့အတိုင်းပဲ…”

      ဦးဘတင့်တို့ လင်မယား မျက်နှာတွေ မကောင်းကြ။ ဦးသိဒ္ဒိဆိုသူက…

” ဒီကိစ္စအတွက်တော့ ကျုပ်အနေနဲ့ သိပ်ပြီးအလျင်လိုဖို့ မလိုအပ်သေးပါဘူး။ ပြီးတော့ မခေါ်မဖြစ်ခေါ်သွားရမယ်လို့လည်း မဟုတ်ပြန်သေးဘူး။ ဒီတော့ ကိုဘတင့်တို့ မိဘတွေကမှ သဘောမတူရင် သူတို့ရဲ့ပါရမီလမ်းက အထမြောက်ဖို့ မဖြစ်နိုင်ဘူးရယ်။ ဒါကြောင့် ကိုဘတင့်တို့ မိသားစုတွေ တစ်ညတာလောက် စိတ်အေးအေးထားပြီး တိုင်ပင်ကြပါဦး…”

” ဟုတ်ကဲ့…ကျုပ်တို့ သေချာတိုင်ပင်ပါဦးမယ်…”

      ကတိက၀တ်ပေးခဲ့ပေမယ့် ကိုဘတင့်တို့လင်မယားနှစ်ယောက်စလုံး စိတ်တွေက ညှို့မှိုင်းရစ်နေကြရတော့တာ။

******

      ” ဟူး…”

ညဉ့်သန်းခေါင်ကျော်ပြီ။ ဦးဘတင့်တစ်ယောက် အိပ်မပျော်နိုင်သေးဘူး။ သူအတွေးတွေထဲမှာ သားတွေအတွက် ယောက်ယက်ခတ်နေရတာ။

” ကိုဘတင့် တော်…အိပ်မပျော်ဘူးလား…”

ဥိးဘတင့်နည်းတူပဲ အိပ်မပျော်နိုင်သေးတဲ့ ဒေါ်မယ်တင့်က မေးတာ။ ဦးဘတင့်က သက်ပြင်းကို ထပ်မံချလိုက်ပြီး…။

” ဟုတ်တယ် မယ်တင့်ရာ။ မင်းအိပ်မက်ကိုသိပြီးကတည်း တစ်နေ့နေ့မှာ ဒီလိုဖြစ်လာမယ်ဆိုတာကိုတော့ သိနှင့်နေမိတယ်။ ဒါပေမယ့်…ဒီလောက်ကြီး စောလာလိမ့်မယ်လို့ မထင်ခဲ့မိဘူး…”

” အင်း…ကျုပ်တော့ ဘယ်လိုပဲ စဉ်းစားစဉ်းစား သားတွေကို မခွဲနိုင်ဘူးတော်…”

      ” မင်းမှ မဟုတ်ပါဘူးကွာ။ ငါလည်း မင်းလိုပါပဲ။ ဒါပေမယ့်ကွာ…ခက်တာက သူတို့တွေဟာ တာ၀န်နဲ့လာတာ၊ တစ်ချိန်မှာ ဒီလိုခွဲသွားမယ်ဆိုတာ ငါတို့ကြိုပြီးသိနှင့်ထားတယ်မလား…”

” ဒါတော့ ဒါပေါ့တော့…ဒါပေမယ့်…”

” ဒါပေမယ့်ကို အသာထားချေပါ မယ်ဆုံရယ်။ ငါပြောတာကို အရင်စဉ်းစားကြည့်…”

” အင်း…”

” တကယ်တော့ဟာ…ကျောင်းကပြန်လာခဲ့ပြီးကတည်းက ငါသေချာစဉ်းစားကြည့်မိတယ်။ ငါတို့ သားတွေက သာမန်တွေမဟုတ်ဘူး။ ထူးကဲတဲ့ ပါရမီတွေပါလာတယ်ဆိုတာ မင်းလည်းအသိ၊ ငါလည်း အသိ၊ အားလုံးလည်း သိနေကြတယ်။ အလယ်အင်းရွာက ဖြစ်စဉ်ဆို ငါ့သားတွေလုပ်သွားတာ တကယ့်ကို အံဖွယ်ပဲ။ ဒါပေမယ့်ဟာ အခုနေ သူတို့ အဖြစ်က ဘာနဲ့တူနေသလဲဆိုတော့ သံကောင်းပေမယ့် ဓားမဖြစ်သေးသလိုပဲ…”

” တော့်…စကားက ဘာကိုပြောချင်တာလဲ။ ကျုပ်ကို ရှင်းရှင်းလင်းလင်းပြောစမ်ပါတော်…”

” အေးပါဟာ…ငါပြောချင်တာက သံကောင်းပေမယ့် ပန်းပဲဆရာလက်ကို မရောက်သေးသမျှ ဓားမဖြစ်သေးဘူး။ ဒီလိုအချိန်မှာ ပါရမီပါတယ်ဆိုပေမယ့် အသုံးပြုဖို့ရာမှာ သူတို့အနေနဲ့ ဘယ်လိုအသုံးချရမယ်ဆိုတာ ကောင်းကောင်းမွန်မွန်၊ တိတိပပသိဦးမှာ မဟုတ်သေးဘူး။ အင်း…တကယ်လို့သာဟာ အဲ့ဒီ့ကောင်းနေတဲ့ သံက မသမာသူ လက်ထဲရောက်သွားခဲ့ရင်…”

ဒီတစ်ကြိမ်တော့ ဦးဘတင့်ရဲ့ ဆိုလိုရင်းကို ဒေါ်မယ်ဆုံ သဘောပေါက်ရပြီ။

” တော်ပြောချင်တာက…ကျုပ်သားတွေကိုသာ မသမာသူက စည်းရုံးသွားခဲ့ရင် အဲ့ဒီလိုလား…”

” အေး…ဟုတ်တယ်ဟ။ ငါ အဓိက စိုးရိမ်နေတာ အဲ့ဒါ…။ တကယ်လို့သာ ဆရာကောင်းက လာခေါ်တာကို ငါတို့မထည့်ပေးလိုက်မိရင်၊ မသမာသူတွေကသာ…”

” အို…တော်ပါတော့ ကိုဘတင့်ရယ်။ တော် ပြောတာကို ကျုပ်သဘောပေါက်ပါပြီ။ ကျုပ်သားတွေကို မကောင်းတဲ့ အလုပ်၊ မတရားမယ့်အလုပ်မျိုးတော့ ကျုပ်ဘယ်တော့မှ မလုပ်စေဘူး…”

      ” အင်း…မင်းနားလည်ရင် ရပါပြီကွာ…”

ဦးဘတင့်တို့ လင်မယားနှစ်ယောက်ရဲ့ စကားသံတို့ တိတ်ဆိတ်သွားခဲ့ပြီ။

နံဘေးဆီက သားနှစ်ယောက်ဆီကတော့ ဟောက်သံသဲ့သဲ့ ထွက်ပေါ်လို့…။

*******

      ” တကာကြီး ကိုဘတင့်တို့ဆီက ဒီစကားကြားရတာ ဘုန်းကြီးတော့ဖြင့် တကယ်၀မ်းသာတယ်…”

ဘဘုန်းရှေ့မှာ ဦးဘတင့်တို့ လင်မယားအပြင် ဆရာကြီးဦးသိဒ္ဒိနဲ့ ကပ္ပိယကြီးတို့ပါ ရှိနေတယ်။

” တင်ပါ့ဘုရား…တပည့်တော်တို့လည်း ဒီဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူချခဲ့ရတာ မဟုတ်ပါဘူး ဘုရား။ ဆုံးဖြတ်ချက်ကို အတော့်ကိုပဲ ခဲရာခဲဆစ် ချခဲ့ရတာပါ ဘုရား…”

” အင်းလေ…ဒါကိုတော့ ဘုန်းကြီးအနေနဲ့ ကိုယ်ချင်းစာမိပါတယ်။ ဒါပေမယ့်ကွယ့်…တကာကြီးတို့ သိအောင်ပြောရရင် ဘုန်းကြီးတို့ သူတို့ကို ထိန်းကွပ်ပေးတယ်ဆိုတာက သူတို့ကို ထိထိရောက်ရောက်ဖြစ်စေဖို့ရာ မရှိဘူး။ ဒီက တကာကြီးသိဒ္ဒိတို့လို ပုဂ္ဂိုလ်မျိုးတွေကမှ သူတို့ကို တိတိပပထိန်းကွပ်သင်ကြားပေးနိုင်မှာ။ အခုပဲ ကြည့်လေ။ မင့်သားတွေ…တို့မသိဘဲ အလယ်အင်းရွာက ကိစ္စကို သွားလုပ်တယ်မလား။ နိုင်သွားလို့ တော်သေးရဲ့။ မနိုင်ဘူးဆိုရင် ကဲ…ဘယ့်နှယ့်လုပ်ကြမတုန်း…”

      ဘဘုန်းရဲ့ စိုးရိမ်ပူပန်မှု။ ဦးဘတင့်လင်မယား စကားတစ်ခွန်းမှ မဟ’သာ။

” ဒီက တကာကြီး သိဒ္ဒိကိုလည်း ကျုပ်ပဲ ကြားက မေတ္တာရပ်ခံလိုတယ်…”

” တင်ပါ့ဘုရား…”

” အေးကွယ့်…အခြားတော့ မဟုတ်ပါဘူး။ ဒီက ကလေးတွေကို သူ့မိဘတွေကိုယ်စား သေသေချာချာ စောင့်ရှောက်ပေးပါလို့…”

” တင်ပါ့ဘုရား။ တပည့်တော် အသက်နဲ့လဲပြီး စောင့်ရှောက်မှာပါ ဘုရား…”

” အိမ်း…ကောင်းပြီကွယ်။ ဒါဖြင့်ရင်တော့ ဘုန်းကြီး စိတ်ချလိုက်ပါပြီ…”

ဘဘုန်းနဲ့ လူကြီးသူမတွေ ပြောဆိုနေတာကို ဒိုးညီနောင်ကတော့ နားထောင်ရင်း ပျော်နေမိကြတယ်။

ငယ်ရွယ်စူးစမ်းချင်တဲ့ အရွယ်မို့လို့ မိဘနဲ့ ခွဲပြီး ဂန္ဓာရီခရီးလှမ်းနေသူ ဦးသိဒ္ဒိနဲ့ လိုက်ရမှာအတွက် သူတို့ ပျော်နေမိကြတာ။

      ဒီလိုနဲ့ပဲ ဦးသိဒ္ဒိရဲ့ ဆုံးဖြတ်ချက်နဲ့ ဒိုးညီနောင်တို့ဟာ နောက်တစ်နေ့မှာတော့ ခရီးစထွက်ဖို့ ဖြစ်လာကြတော့တယ်။

*****

     ယောဂီရောင်အ၀တ်အစားကို ဆင်မြန်းထားကြတဲ့ ဒိုးညီနောင်တို့ ကိုယ်စီကိုယ်ငှ အ၀တ်အစားထည့်ထားရာ လွယ်အိတ်တို့ကို ချရင်း ဘဘုန်းကို ဦးခိုက်တယ်။  ပြီးတော့ ကပ္ပိယကြီးနဲ့ မိဘနှစ်ပါးကို…။

      သားတွေရဲ့ ကန်တော့်မှုကို ခံယူပြီးချိန် ဒေါ်မယ်ဆုံမှာ သားတွေကို ကြည့်ရင်း မခံစားနိုင်ရပြီမို့ နေရာကနေ ပြေးထွက်သွားခဲ့တယ်။

ဘဘုန်းက ဒိုးညီနောင်ကို ဆုံးမသြ၀ါဒပြုတယ်။ ဒါပြီးတော့ ဦးဘတင့်က မျက်ရည်ဝဲနေလျက်က…။

     ” သားကြီးနဲ့ သားငယ်။ မင်းတို့ ခရီးလမ်းကို ဂရုတစိုက်သွားကြနော်။ ဘကြီးရဲ့ စကားကိုလည်း သေသေချာချာနားထောင်ကြ ကြားလား။ ပြီးတော့ အဖေတို့အတွက် မကောင်းသူပါယ် ကောင်းသူကို ကယ်နိုင်တဲ့ သားလှရတနာတွေဖြစ်ပါစေကွာ…”

      ဆုတောင်းသံအဆုံးမှာတော့ ဦးဘတင့် မျက်ရည်ကို သားတွေရှေ့မှာမကျစေဘဲ ထိန်းထားခဲ့တယ်။

      ဦးသိဒ္ဒိနဲ့အတူ ဒိုးညီနောင်တို့ ထွက်သွားတဲ့အခါကျမှ ဦးဘတင့်ရဲ့ မျက်ရည်တွေက တာဘောင်ကျိုးကျသလို အတားအဆီးမဲ့ စီးကျလာတော့တာ။

******

      ” ဘဘ ကျုပ်တို့က ဘယ်ကို သွားကြမှာတုန်း…”

      သွားနေတာ နေမွန်းတည့်လုပြီ။

ဥက္ကံရွာကနေ ထွက်လာခဲ့ကြပြီး ကြားထဲမှာ ရွာပေါင်း ၆ ရွာတိတိ ဖြတ်သန်းခဲ့ကြပြီးပြီလေ။ ဒီအခါမှာ စိတ်မြန်လက်မြန်ရှိတဲ့ ဒိုးငယ်က သိချင်ဇောနဲ့ မေးတော့တာ။

ဂန္ဓာရီခရီးသည်ကြီး ဦးသိဒ္ဒိက…။

     ” သွားရမှာကတော့ လူလေးတို့ရဲ့ မူလဋ္ဌာနေ ဟိမ၀န္တာက သူရိယမြို့ဆီကို သွားရမှာ။ ဒါပေမယ့် လမ်းခရီးမှာ တချို့ကိစ္စတွေကိုတော့ ဖြေရှင်းပေးရချေဦးမယ်။ အခုလောလောဆယ်တော့ ဒီကနေ နောက်ထပ် ရွာသုံးရွာကို ကျော်ရင် အင်ကြင်းတောတစ်ခုကို ရောက်လိမ့်မယ်ကွ။ ဘဘတို့ အဲ့ဒီ့မှာ ကိစ္စတစ်ခုကို ဖြေရှင်းပေးစရာရှိတယ်…”

” ဟင်…ဘာကိစ္စမို့လို့လဲ… ဘဘ”

” အင်း…ဒါကတော့ အခုနေ ပြောလို့ မဖြစ်သေးဘူး။ ဟိုရောက်ရင်တော့ လူလေးတို့ သိရမှာပေါ့…”

       သုံးဦးသား မနားမနေ ခရီးဆက်ထွက်လာကြတယ်။

ညနေစောင်းအချိန်မှာတော့ အင်းကြင်းတောအခြေကို ရောက်ခဲ့ကြပြီ။

” ကဲ…လူလေးတို့ မင်းတို့ကို အမြင်စွမ်းအင်ကို သာမန်ထက်မက တိုးလာအောင်လို့ ဘဘက လုပ်ပေးမယ်…”

ဦးသိဒ္ဒိက ပြောပြီးတော့ သူ့လွယ်အိတ်ကြီးထဲက ဆေးတောင့်လေးတစ်ခုကို ကျောက်ပြင်သေးသေးလေးဆီမှာ သွေးလို့ အနှစ်တွေကို ဒိုးညီနောင်တို့ရဲ့ နဖူးအလယ်မှာ အပေါင်းလက္ခဏာသဏ္ဍာန်ပြုလုပ်ပေးတယ်။ ပြီးတော့ မျက်စိမှိတ်စေပြီ သူရဲ့ လက်ညှိုးနဲ့ မှတ်သားထားတဲ့နေရာကို ထောက်လို့ ဂါထာမန္တာန်တချို့ကို ရွတ်ဆိုပြန်တယ်။

အချိန်အနည်းငယ်ကြာသွားတော့…။

” ရပြီ လူလေးတို့ကို ဘဘက ဆေးမြစ်မံပြီး ဒဿနသိဒ္ဒိမန္တန်အုပ်ပေးလိုက်ပြီ။ ကဲ…မင်းတို့ရဲ့ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်ချေ…”

” ဟင်…”

မျက်လုံးတွေကို ဖွင့်လိုက်တာနဲ့ အရင်ကနဲ့မတူ ကြည့်ရတာ ကြည်လင်ရှင်းလင်းနေတာမို့ ဒိုးညီနောင်တို့ သဘောကျသွားတယ်။

      ” ကဲ…အခုကနေ စပြီးတော့ လောကမှာ မြင်အပ် မမြင်အပ်တဲ့ ​ေဝနေယျသတ္တဝါအလုံးစုံကို လူလေးတို့ မြင်ကြရလိမ့်မယ်။ ဒီတော့ သူရိယမြို့ပျက်ကို မရောက်မချင်း လမ်းခရီးမှာ အဲ့ဒီမြင်အပ်၊ မမြင်အပ်တဲ့ ဝေနေယျသတ္တဝါတွေကို ဘဘနဲ့ မင်းတို့တတွေက ကူညီတန်တာကို ကူညီ။ ပဲ့ပြင်သင့်တာကို စွမ်းသမျှ ပဲ့ပြင်ပေးကြမယ်…”

” ဟုတ်ကဲ့ ဘဘ။ ကျုပ်တို့ကလည်း ဒါမျိုးသိပ်လုပ်ချင်တာ…”

      ဒိုးကြီးရဲ့ အားတက်သရောစကားကြောင့် ဦးသိဒ္ဒိ ပြုံးလိုက်တယ်။

” အေးပါ…တစ်ခုတော့ မင်းတို့ကို ဘဘပြောထားမယ်။ အခု မင်းတို့ရဲ့ အခု ဒဿနသိဒ္ဒိအမြင်က ခဏတာပေးအပ်ထားတာနော်။ ဘဘ စိတ်ဆိုးရင် ပြန်ရုတ်သိမ်းမယ်။ အဲ့ဒီ့လို ပြန်ရုတ်မသိမ်းတာကို မလိုစေချင်ရင် အမှားမလုပ်နဲ့။ ဒီလိုအမြင်မျိုးကို ရဖို့ကျတော့ တတိယမျက်လုံးကျင့်စဉ်ကျင့်ပြီး ကိုယ်ပိုင်ရအောင် ကြိုးစားဖို့ အခွင့်အလမ်း မင်းတို့မှာ ရှိတယ်…”

” ဟုတ်ကဲ့ပါ ဘဘ။ ကျုပ်တို့ ဘဘကို စိတ်မပျက်စေရပါဘူး။ ပြီးတော့ ဘဘပြောသလို တတိယမျက်လုံးအတတ်ကို ကိုယ်ပိုင်ရအောင်လည်း ကျင့်ဆောင်ပါ့မယ်…”

” အေး…အေး…ကောင်းပြီကွယ်။ ကဲလာလာ…ဒီအင်ကြင်းတောထဲမှာ ဒုက္ခရောက်နေတဲ့သူ ရှိတယ်။ ဘဘတို့ သွားကူကြစို့…”

      အချိန်က ညနေမှောင်ရီလုပြီ ဆိုပေမယ့် ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ကတော့ အင်ကြင်းတောကြီးထဲကို ၀င်ရောက်လာခဲ့ကြတော့တယ်။

******

       ” ဘဘ…ကျုပ်တို့ ငိုသံကြားမိသလိုပဲ…”

ဒိုးကြီးက ပြောလာတယ်။

အင်ကြင်းတောကြီးက အုံ့မှိုင်းထူပိန်းနေလေတော့ အထဲမှာ အမှောင်ရီစောစောသမ်းနေလေရဲ့။

” လူလေးတို့ အသံကြားရာဆီကို အာရုံခံပြီး ကြည့်ကြည့်…”

ဒိုးညီနောင်တို့ ငိုသံကြားရာဘက်ဆီို လှည့်ပြီး မျက်လုံးအစုံမှိတ်လို့ အာရုံခံကြည့်ကြတယ်။

မျက်စိအစုံကို မှိတ်ထားပေမယ့် သူတို့အမြင်မှာတော့ ထူးထူးဆန်းဆန်းကိုပဲ အရာအားလုံးကို နေ့ဘက်အလား လင်းလင်းထင်းထင်းမြင်နေကြရတယ်။

      ကြည့်နေရင်းနဲ့ပဲ မြင်မိကြတာက အင်ကြင်းပင်ကြီးတစ်ပင်ရဲ့ အခြေဆီမှာ  အစိမ်းရောင်နန်း၀တ်နန်းစားပုံစံ အ၀တ်အစားတွေကို ၀တ်ဆင်ထားပြီး ထိုင်ငိုနေတဲ့ မိန်းမတစ်ယောက်။

” ဘဘ…မိန်းမတစ်ယောက် ငိုနေတယ်…”

” ဟုတ်တယ် ဘဘ၊ သူ့ကြည့်ရတာ အတော့်ကို ၀မ်းနည်းနေတာပဲ…”

ဒိုးညီနောင်ရဲ့ အပြောကြောင့် ဦးသိဒ္ဒိ ခေါင်းညိတ်တယ်။

” သူ ဘာဖြစ်လို့ ၀မ်းနည်းနေသလဲ သိလား လူလေးတို့…”

” မသိဘူး ဘဘ…”

ဒိုးငယ်က ပွင့်ပွင့်လင်းလင်းပြောတော့ ဦးသိဒ္ဒိ သဘောကျသွားတယ်။

” အင်း…ကောင်းတယ်ကွယ်။ မသိတာကို မသိရိုး၀န်ခံတာ ရိုးသားခြင်းရဲ့ ဂုဏ်ပဲ။ ကဲ…သူဘာဖြစ်တာလဲ ဘဘပြောပြမယ်…”

ဒိုးညီနောင်တို့ ငိုနေတဲ့မိန်းမရှိရာ အပင်ဆီကို တစ်ချက်လှမ်းကြည့်မိကြတယ်။ ဒါပေမယ့် သာမန်မျက်လုံးနဲ့ ကြည့်တာမို့ မြင်တော့မမြင်ရဘူး။

” သူက နဂါးစိမ်းမလေးပဲ လူလေးတို့ရဲ့။ သူ့ကို အဲ့ဒီ့အင်ကြင်းပင်မှာနေတဲ့ ဘီလူးတစ်ကောင်က ဖမ်းထားတာ…”

      “ဘီလူးက ဖမ်းထားတာဆိုတော့ သူက နဂါးစိမ်းမလေးကို စားမလို့လား ဘဘ…”

ကလေးတွေရဲ့ ရိုးသားတဲ့ အမေး။ ဦးသိဒ္ဒိက ရယ်မောလိုက်ပြီး…။

” ဘယ်ဟုတ်မလဲ လူလေးတို့ရဲ့။ ဇနီးမယားလို ပေါင်းသင်းဖို့ ဖမ်းထားတာ…”

      ” ဟင်…အမျိုးမှမတူတာ၊ အဲ့ဒီ့ဘီလူးက တော်တော်ဆိုးတာပဲ…”

” ဟုတ်တယ် လူလေးတို့ရဲ့။ ဘယ်လောက်တောင်ဆိုးလဲဆို ဒီနဂါးမလေးဆီမှာ သူနဲ့မျိုးနွယ်တူ လင်သားရှိတယ်။ ဒါကို ဘီလူးက အတင်းအဓမ္မခိုးယူလာတာ။ ဒီတော့ ဘဘတို့က သူ့ကို ကယ်တင်ပေးရမယ်…”

” ဟုတ်ကဲ့ ဘဘ။ ကျုပ်တို့က ဘာလုပ်ပေးရမလဲ ဘဘ…”

” ရတယ် လူလေးတို့က အသာနေ။ ၀င်မပါနဲ့ဦး။ ဒီဘီလူးက နတ်ဘီလူးအနွယ်၀င်ဆိုတော့ သာမန်ဘီလူးတွေနဲ့ မတူဘူး။ ခေါင်းမာပြီး ထိန်းရသိမ်းရခက်လိမ့်မယ်…”

ဦးသိဒ္ဒိက စည်းဝိုင်းတစ်ခုကို ဝိုင်းလိုက်တယ်။ ပြီးတော့ ဒိုးညီနောင်ကို အထဲမှာ နေစေလိုက်ပြီး…။

” ကဲ…လူလေးတို့။ ဒီကနေ ထွက်မလာကြနဲ့။ ဘဘ နတ်ဘီလူးကို သွားဆုံးမချေဦးမယ်…”

ဦးသိဒ္ဒိက ပြောပြီး နဂါးစိမ်းမလေးငိုနေရာ အင်ကြင်းပင်ဆီကို လှမ်းသွားတယ်။ ဦးသိဒ္ဒိ အနားမလှမ်းမကမ်းကို ရောက်ချိန်မှာတော့ တဝုန်းဝုန်း၊ တဒိုင်းဒိုင်း အသံတွေက ရုတ်တရက်ထွက်ပေါ် အင်ကြင်းတောကြီးတစ်ခုလုံး သွက်သွက်ခါအောင် တုန်လှုပ်နေတော့တာ။

       ” ဟဲ့…နတ်ဘီလူး မာတိဂ…သင်ဟာ မကြာခင်မှာ ကာမေသုမိစ္စာစာရကံကို ကျူးလွန်မိတော့မှာမို့ ကျွန်ုပ်က လာရောက် သတိပေးခြင်းဖြစ်တယ်။ ဒါကို သင်က အခုလို ရန်လိုတာကတော့ မကောင်းဘူးပေါ့…”

ဦးသိဒ္ဒိကရဲ့ စကားအဆုံးမှာပဲ အင်ကြင်းပင်ရဲ့ ပင်စည်ဆီက အနီရောင်အ၀တ်အစားကို ဆင်မြန်းထားတဲ့ မာတိဂ ဘီလူးထွက်ပေါ်လာတယ်။

” သင်က ဘယ်သူမို့ ငါ့အရေးကိစ္စကို ၀င်ပါရတာလဲ…”

မာတိဂရဲ့ စကားက ခက်ထန်ထန် မာကြောကြော။ ဦးသိဒ္ဒိက…။

      ” အထက်ဆရာတွေရဲ့ အမိန့်အရ သင့်အရေးကို ၀င်ပါရတာပါ။ မျိုးမတူ ဇာတ်မတူ၊ မအပ်မစပ် သူတစ်ပါး သားမယားကို သိမ်းပိုက်ဖို့ ကြံရွယ်တာဟာ လောကီရေးအရတော့ မလုပ်သင့်တာ သင်သိမယ်ထင်ပါတယ်…”

မာတိဂဘီလူး တဏှာအမိုက်ကြောင့် အမှန်မမြင်နိုင်ဘူး။ မျက်လုံးက ဒေါသကြောင့် နီရဲတောက်လာခဲ့တယ်။

“သင်ဘာပြောပြော၊ ငါကတော့ ငါ့အရေးကိစ္စမှာ ဘယ်သူပဲ၀င်လာ၀င်လာ အမှိုက်လို သဘောထားပြီး ရှင်းပြစ်ဖို့ သန္နိဋ္ဌာန်ချထားတယ်…သင်အစွမ်းရှိရင်တော့ တားချေပေါ့…”

      မာတိဂက ပြောပြီးတာနဲ့ သူရဲ့ မီး၀င်း၀င်းတောက်နေတဲ့ မျက်၀န်းဆီကနေ အဂ္ဂိသိခါယံ(မီးလျှံ)များကို ထုတ်ပြီး ဦးသိဒ္ဒိရှိရာဆီကို အရှိန်ပြင်းပြင်း ပစ်လွှတ်လိုက်တယ်။

မီးလျှံရဲ့ အပူကြောင့် ဖြတ်သွားရာ လမ်းကြောင်းတစ်လျှောက်က အင်ကြင်းပင်တို့ မီးကျွမ်းခံကြရရဲ့။

ဦးသိဒ္ဒိကတော့ သူ့ဆီ တိုး၀င်ရောက်ရှိလာနေတဲ့ မီးလျှံတွေကို မတ္တိကသစ္စာမန္တာန်ကို (မြေသားထုကို သစ္စာပြုခြင်း) ရွတ်ဆိုလို့ မမှိတ်မသုန်ကြည့်နေရင်းက အနားရောက်ချိန်မှာတော့ သူ့လက်ကို မြေထုဆီဆန့်ထုတ်ပြီး အပေါ်ကို ရုတ်တရက်ဆွဲမြှောက်လိုက်တယ်။

      ” ဝုန်း…”

      ကျယ်လောင်တဲ့ အသံနဲ့အတူ မီးလျံတွေနဲ့ ဦးသိဒ္ဒိရဲ့အကြားမှာ ရုတ်တရက် ပေါ်ပေါက်လာတဲ့ တောင်ပူစာတစ်ခုစာ မြေသားစိုင်ကြီး။

      ” ဟင်…”

      မာတိဂဘီလူး အံ့အားသင့်သွားရတယ်။ ဒီလက်နက်က အကြိမ်ပေါင်းများစွာ အသုံးပြုဖူးနေကျ သူပိုင်သမျှထဲမှာ အပြင်းထန်ဆုံးလက်နက်ရယ်။

       ” သင်က နယ်နယ်ရရမဟုတ်ဘူးပဲ…”

မာတိဂရဲ့ မချင့်မရဲစကားသံ။ ဦးသိဒ္ဒိက ပြုံးလိုက်ပြီး…။

” သင်သိတယ်ဆိုရင်တော့ ပြင်းထန်တဲ့အခြေအနေကို မရောက်ခင် လက်လျော့အရှုံးပေးလိုက်ပါ…”

မာတိဂက အခြေအနေ မဟန်ပေမယ့် မာန်ကိုအသာ ပြန်တင်းလိုက်ပြီး…။

” အို…သင့်ဟာသင် ဘာကောင်ကြီးပဲ ဖြစ်နေပါစေ။ ကျွန်ုပ်မာတိဂဘ၀မှာ အရှုံးပေးတယ်ဆိုတာ မရှိစေရဘူး…”

မာတိဂက ရုတ်တရက် ချုပ်နှောင်ထားတဲ့ နဂါးမလေးကို ကောက်ပွေ့ပြီး ထွက်ပြေးဖို့ကြံရွယ်လိုက်တယ်။

အဲ့ဒီ့အခိုက်မှာပဲ ဦးသိဒ္ဒိက မတ္တိကသစ္စာမန္တာန်ကို ထပ်မံပြီး ရွတ်ဆိုကာ မာတိဂဆီ လက်ညှိုးညွှန်လိုက်ချိန်တွင်တော့…။

” ဟာ…ဘာဖြစ်တာလဲ…”

ကောင်းကင်ဆီကို ခုန်တက်ပြေးဖို့ ကြံရွယ်နေတဲ့ မာတိဂရဲ့ ခြေအစုံဆီကို အောက်ဆီက မြေသားထုက တစ်ရစ်ရစ်တက်ပြီး ဆွဲယူမြိုနေလေတယ်။

” မာတိဂ…အမှန်ကို မြင်ပါတော့။ မဟုတ်ရင် သင်ဟာ အရှင်လတ်လတ် အဝီဇိဆီကို ရောက်ရှိသွားလိမ့်မယ်။ အတိတ်က မကောင်းမှုတွေရှိခဲ့ပေမယ့် ပြုဖူးတဲ့ ကောင်းမှုကံတချို့ကြောင့် ကမ္မဝိပါကဇိဒ္ဓိရှိခဲ့တာကို အခွင့်ယူပြီး မကောင်းမှုလုပ်ဆောင်ဖို့ မကြိုးစားသင့်ဘူး။ ဒါကိုသာ ကောင်းကောင်းအသုံးချတတ်ရင် သင့်အနေနဲ့ ကောင်းမွန်ရာဘ၀ဆီ ထပ်မံပြီး တက်လှမ်းဖို့တောင် ဖြစ်နိုင်ပါရဲ့။ သတိချပ်ပြီး ဆင်ခြင်ပါ မာဂတိ။ အသင် သဘောပေါက်သင့်ပါပြီ…”

      မာတိဂ ခေါင်းငိုက်စိုက်ကျသွားရတယ်။ သူ ဘာမှမတတ်နိုင်ပြီ။ ဦးသိဒ္ဒိရဲ့ စကားသံကို နားထောင်ရင်း သူ့ကိုယ်သူ သူဆင်ခြင်မိလိုက်တယ်။

      ” ကျွန်ုပ် မာတိဂ တဏှာကျူးပြီး လွန်မှားမိတော့မလို့။ လမ်းမှန်ပြ ဆုံးမပေးတဲ့ အသင့်ကို ကျွန်ုပ် သိပ်ကို ကျေးဇူးတင်မိပါတယ်…”

မာတိဂဆီက ကတိသံအဆုံး သူ့ကို တစ်ရစ်ရစ် ဆွဲယူမြိုချနေတဲ့ မြေသားတို့က တမဟုတ်ချင်း ပြန်လည်လျော့ကျလာခဲ့တယ်။

မြေသားတို့ဆီက လုံးလုံးလျားလျား လွတ်မြောက်ချိန်မှာတော့ မာတိဂဟာ နဂါးမလေးကို မြေဆီအသာအယာချပေးပြီး အချုပ်အနှောင်က လွတ်စေလေရဲ့။

” နှမတော်လေးအပေါ်မှာ အပြစ်ပြုမိခဲ့ပါတယ်။ ကျွန်ုပ်ကို ခွင့်လွှတ်ပါ…”

နဂါးမလေးရဲ့ မျက်နှာက ကြည်လင်စွာနေပြှး အပြုံးကို ဆင်မြန်းလို့ ခွင့်လွှတ်ခေါင်းညိတ်ရှာတယ်။

” ကဲ…မာဂတိ၊ အချိန်မီ အမြင်မှန်ရသွားခဲ့လို့ သင့်အတွက် ၀မ်းသာပါတယ်။ ဒီက နဂါးမလေးကိုတော့ ကျွန်ုပ်ပဲ ပြန်ပို့ပေးလိုက်ပါ့မယ်…”

” ကောင်းပါပြီ။ ကျွန်ုပ်ဘက်ကလည်း အသင့်ရဲ့ ကျေးဇူးတရားတွေကို အမြဲအောက်မေ့နေမှာဖြစ်ပြီး အသင်ဆုံးမခဲ့တဲ့ တရားတွေအတိုင်း အကောင်းဆုံးပြုပြင်နေထိုင်ပါ့မယ်။ အကျွန်ုပ်ကို သွားခွင့်ပြုပါ…”

ဦးသိဒ္ဒိက ခေါင်းညိတ်ပြချိန်မှာတော့ မာဂတိဘီလူး နေရာက ကွယ်လေတယ်။

” ကဲ…နဂါးမလေး။ အသင့်ရဲ့ ခင်ပွန်းကို လာ​​ေရာ​က်ခေါ်ငင်ဖို့ ကျွန်ုပ်ဖိတ်ကြားပေးပါ့မယ်။ သင့် ခင်ပွန်းရဲ့ အမည်ကို ပြောပြပါ”

နဂါးမလေးက သူ့ခင်ပွန်းအမည်ကို ရွတ်ပြတယ်။ အမည်ကို သိတာနဲ့ ဦးသိဒ္ဒိက ဝိရုပက္ခနတ်မင်းကြီးထံ တိုင်တည်သစ္စာပြုပြီး နဂါးမလေးရဲ့ ခင်ပွန်းသည်ကို အခေါ်ပြုတော့တယ်။

ချက်ချင်းဆိုသလိုပဲ အစိမ်းရောင်၀တ်ဆင်ထားတဲ့ လုလင်တစ်ယောက် ဦးသိဒ္ဒိအရှေ့မှာ ထွက်ပေါ်လာခဲ့တယ်။

” အသင် နဂါးလုလင်။ အသင့်ရဲ့ ဇနီးသည်ကို အသင့်ဆီပြန်အပ်ဖို့ ဖိတ်ခေါ်ရခြင်းဖြစ်ပါတယ်…”

နဂါးလုလင်က ၀မ်းသာအားရဖြစ်ပြီး သူ့ဇနီးသည်ကို လှမ်းကြည့်တယ်။

” အသင် စိတ်မပူပါနဲ့။ ဒီနဂါးမလေးက သင့်အပေါ်မှာ သစ္စာဖောက်ဖျက်ခြင်းအလျင်းမရှိခဲ့ပါဘူး…”

     ဦးသိဒ္ဒိပြောပါမှ နဂါးလုလင် စိတ်ထဲရှင်းသွားဟန်နဲ့ သူ့ဇနီးဆီကို လှမ်းကြည့်တယ်။ ပြီးတော့…။

” အသင့်ကျေးဇူး ကျွန်ုပ်တို့အပေါ်မှာ သိပ်ကို ကြီးမားလှပါတယ်…”

” ကောင်းပါပြီ။ အသင်တို့ အသက်ထက်ဆုံး ပျော်ရွှင်ပေါင်းဖက်နိုင်ကြပါစေ…”

ဦးသိဒ္ဒိက ဆုတောင်းပေးတယ်။ နဂါးလုလင်က သူ့ဇနီးသည်ဆီကို ပျော်ရွှင်စွာနဲ့ သွားခဲ့တယ်။

ဇနီးမောင်နှံနှစ်ဦးကို ဦးသိဒ္ဒိက တစ်ချက်မျှ ကြည့်လိုက်ပြီးနောက်မှာတော့…။

” ကဲ…လုပ်သင့်လုပ်ရာကို ဆောင်ရွက်ပေးပြီးပြီဆိုတော့ ကျွန်ုပ်တို့ကို သွားခွင့်ပြုပါဦး…”

ဦးသိဒ္ဒိက နှုတ်ဆက်စကားပြောပြီးတာနဲ့ ဒိုးညီနောင်ရှိရာဆီကို လှည့်လာတယ်။

အနားရောက်တဲ့အထိ ဒိုးညီနောင်က သူဝိုင်းထားတဲ့ စည်းအတွင်းက မထွက်တော့ ဦးသိဒ္ဒိသဘောကျမိသွားရဲ့။

” လူလေးတို့က ဘဘစကားကို မြေ၀ယ်မကျ တကယ်နားထောင်တာပဲ။ ဘဘတော့ သဘောကျတယ်ဟေ့။ ကဲ…ကဲ…စည်းထဲက ထွက်လို့ပြီ။ တို့ ဒီကနေ သွားကြစို့ရဲ့…”

     ရယ်မောရင်း ပြောလာတဲ့ ဦးသိဒ္ဒိစကားကြောင့် ဒိုးညီနောင်တို့လည်း လိုက်ပါရယ်မောမိလိုက်ကြတယ်။

      အဲ့ဒီ့နောက်မှာတော့ အင်ကြင်းတောကြီးဆီကနေ ထွက်ခွာခဲ့ကြလေရဲ့။

      သူတို့ ထွက်ခွာသွားတာကို နဂါးမောင်နှံကတော့ မျက်စိတစ်ဆုံး လိုက်လံငေးကြည့်နေတယ်။

      မြင်ကွင်းကနေ သူတို့ကွယ်ပါမှ နဂါးမောင်နှံလည်း နေရာကနေ   တဖြေးဖြေးပျောက်ကွယ်သွားခဲ့ကြတော့တာ။

      ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာတော့ ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ဟာ နောက်ထပ်လမ်းခရီးကို ဆက်ကြရင်း ရွာသားတွေကို စုန်းအတတ်နဲ့ပြုစားပြီး လိမ်လည်ဆေးကုပေးနေတဲ့ နတ်ကတော် တစ်ယောက်နဲ့ ဆုံခဲ့ကြပါတော့တယ်။

    ပြီးပါပြီ…….

           ရွင်လန်းချမ်းမြေ့ကြပါစေ
နောင်ရိုး(ဆေးတပ်)အားလေးစားလျက်