“အစိမ်းသေ ရှာပုံတော် “(စ/ဆုံး)

“အစိမ်းသေ ရှာပုံတော် “(စ/ဆုံး)

ဂီး…. .

ငှက်ဆိုးတစ်ကောင်က ရုတ်တရက်
အော်ရင်း ဖြတ်ပျံသွားတာကြောင့် ကျွန်တော်
ထိတ်လန့်သွားမိတယ်…

ရွာပြင်သင်္ချိုင်းကို အရဲစွန့်ပြီးလာခဲ့ရပေ
မယ့် ကျွန်တော်ကသတ္တိအရမ်းကောင်းတဲ့သူ
တော့မဟုတ်ဘူးဗျ..
လိုချင်တာတစ်ခုရှိလို့သာ အရက်သောက်
ရဲဆေးတင်ပြီးအရောက်လာခဲ့ရတာ…

အူ….ဝူ…..ဝူ……… .. …

မလှမ်းမကမ်းအမှောင်ရိပ်တွေကနေ
ဆွဲဆွဲငင်ငင် အူလိုက်တဲ့ခွေးအူသံတွေကြောင့်
ကျွန်တော် အမူးတောင်ပြေချင်သွားတယ်…
ခြောက်ချားလာမိတာလည်းအမှန်ပဲ…

ဖရော…ဝေါ….ဖရော….

လေကအနည်းငယ်အရှိန်ပါပြီး ဟူးဟူး
ရားရား တိုက်ခက်နေပါတယ်… လေအရှိန်
ကြောင့် မလှမ်းမကမ်းမှာရှိတဲ့ညောင်မုန်ဆိတ်
ပင်ကြီးကလည်း အလင်းရောင်ဝိုးတဝါးအ
မှောင်ရိပ်အောက်မှာ ယိမ်းထိုးလှုပ်ရှားနေပုံ
ကိုကခြောက်ချားစရာတစ်မျိုးကောင်းနေသလို
ပဲ…
ဟောင်းနွမ်းဆွေးမြေ့စပြုနေပြီဖြစ်တဲ့
သင်္ချိုင်းဇရပ်က သွပ်မိုးတွေကလည်း လေတိုက်
လို့ တဝုန်းဝုန်း အသံတွေထွက်နေပါတယ်….
လေတိုက်သံ၊ ခွေးအူသံ၊ သွပ်ပြားတွေလေတိုး
တဲ့အသံတွေကလွဲရင်တော့ သင်္ချိုင်းတစ်ခုလုံး
ခြောက်ချားစရာကောင်းလောက်အောင်ကို
တိတ်ဆိတ်နေပါတယ်….

သုဘရာဇာ သာဗျောကတော့မရှိပါဘူး…
သာဗျောက ဖဲကစားတာဝါသနာကြီးတဲ့ကောင်
လေ…တစ်ဖက်ရွာက နာရေးဖဲဝိုင်းကိုရောက်နေ
တယ်ဆိုတာကျွန်တော်သိပြီးသားပါ…မိုးလင်းခါ
နီးမှပြန်ရောက်မှာ သချာပါတယ်…

မသိမသာဝင်လာတဲ့ကြောက်စိတ်ကို
မောင်းထုတ်ပစ်လိုက်ရင်း ဒီနေ့မှမြှုပ်ထားတဲ့
မြေပုံတစ်ခုအနားကို ကျွန်တော်တရွေ့ရွေ့တိုး
သွားမိတယ်…အသင့်ယူလာတဲ့ ပေါက်ပြားကို
ကျစ်ကျစ်ပါအောင်ကိုင်ထားမိတယ်…
ခေါင်းမှာအသင့်စွပ်လာတဲ့ ခေါင်းပတ်
ဓာတ်မီးလေးကို ခလုတ်ဖွင့်လိုက်တယ်…လူမ
သိအောင်လုပ်ရမယ့် အလုပ်ဆိုတော့…ဓာတ်ခဲ
အသစ်တွေမသုံးဘဲ အလင်းရောင်မှိန်မှိန်သာ
လင်းစေချင်တဲ့အတွက် ဓာတ်ခဲအဟောင်းတွေ
ကိုသာ တမင်ထည့်လာခဲ့တာပါ…
မြေပုံပေါ်က မှတ်တိုင်ကိုသေချာအောင်
တစ်ခေါက်ပြန်ကြည့်လိုက်မိတယ်…

မယွန်းကဗျာ အသက်(၁၉)နှစ်
—————————————

ကျွန်တော် မြေပုံပေါ်ကမှတ်တိုင်ကို အား
သုံးပြီး အတင်းဆွဲနှုတ်တယ်…ရိုက်ထည့်ထား
တာဖြစ်လို့ မနည်းကိုအားသုံးပြီး ဆွဲနှုတ်လိုက်ရ
တယ်….
ရပြီ…

မှတ်တိုင်ကို နှုတ်ပြီးတာနဲ့..ကျွန်တော်
အသင့်ပါလာတဲ့ ဂေါ်ပြားနဲ့ မြေပုံကိုတူးပါတော့
တယ်…
မြှုပ်ထားတာ နေ့လည်လောက်ကမှဆိုတော့
မြေသားကပွပြီး တူးရတာလွယ်ကူပါတယ်…
မိနစ်ပိုင်းအတွင်းမှာပဲ အခေါင်းပေါ်လာပါတယ်..
ကျွန်တော်အချိန်ဆွဲမနေတော့ဘူး..သံတွေနဲ့ရိုက်
ပိတ်ထားတဲ့ အခေါင်းအဖုံးကို ဂေါ်ပြားနဲ့ပဲက
လန့်ပြီး ဖွင့်လိုက်တယ်…

အသက်ရှင်စဉ်က ချောမောခဲ့ပေမယ့်တင့်
တယ်ခြင်းလျော့ပါးနေပြီဖြစ်သော မိန်းမပျိုတစ်
ဦးရဲ့ရုပ်အလောင်းကို တွေ့လိုက်ရတယ်…
ကျွန်တော် အသင့်ပါလာသောဓားတိုနဲ့
အလောင်းမှ လုံချည်စအောက်ဖက်အနားစွန်း
နေရာကနေ အနည်းငယ်ပြဲယူလိုက်တယ်…
အနံ၁လက်မ အလျား၆လက်မလောက်ပါ….
ပြီးတော့ အလောင်းလက်ဖျံကိုဓားနဲ့လှီး
လိုက်ပြီး ဖြတ်ယူထားတဲ့ လုံချည်စနဲ့သွေးစေး
ညိုမည်းမည်းတွေကိုသုတ်ယူလိုက်တယ်…သွေး
ကလူအရှင်တွေလိုစိမ့်ထွက်မလာပါဘူး လုံချည်
စကို စွန်းထင်းဖို့တောင် တော်တော်သုတ်ယူရ
တယ်…
ညိုညစ်ညစ်သွေးစေးစွန်းနေတဲ့လုံချည်စ
ကို ရပြီဆိုတော့ ကျွန်တော့်လုပ်ငန်းပြီးဆုံးပါပြီ..

အခေါင်းအဖုံးကို ဟန်မပျက်ပြန်ပိတ် သံ
ချက်တွေကို တက်နိုင်သလောက် ပုံစံမပျက်ပြန်
ရိုက်လိုက်ပြီး ကျင်းကိုမြေမြန်မြန်ပြန်ဖို့လိုက်
တယ်…

ကိစ္စပြီးပြီ….

ကျွန်တော်လိုချင်တာရပြီဆိုတော့…
သင်္ချိုင်းထဲကနေအပြေးတပိုင်းထွက်လာခဲ့တော့
တယ်…

?????

ညီးတွားသံလိုလို ကြားလိုက်ရတာကြောင့်
ကျွန်တော် အနောက်ကိုလှည့်ကြည့်လိုက်မိတယ်
… ညအမှောင်ထဲမှာ…ကျွန်တော့်ဆီကို ဒရိုင်းဒ
ယိုင်လှမ်းလာနေတဲ့မိန်းမပျိုတစ်ယောက်ရဲ့ ဝိုး
တဝါးပုံရိပ်ကို တွေ့လိုက်ရတယ်…

ကျွန်တော်အထိတ်တလန့်နဲ့ ခေါင်းမှာတပ်
ထားတဲ့ ဓာတ်မီးလေးကိုခလုတ်အမြန်ဖွင့်လိုက်
မိတယ်…

“ဟင်…”

မီးရောင်အောက်မှာ မြေပုံမို့မို့တွေကလွဲ
ရင် တခြားဘာမှရှိမနေပါဘူး…
ဒါဆို ခုဏ မိန်းကလေးအရိပ်ကရော…
ကျွန်တော်အမြင်မှားတာများလားလို့ တွေးလိုက်
မိတယ်…

ခေါင်းက ဓာတ်မီးခလုတ်လေးကို ပြန်ပိတ်
လိုက်မိတယ်…

“ဟင်….”

ကျွန်တော်ကြက်သီးတဖြန်းဖြန်းထသွား
မိတယ်…မိန်းကလေးအရိပ်က ကျွန်တော်နဲ့ပိုနီး
ကပ်လာပြီး ကျွန်တော့်ဆီကို နှေးကွေးစွာ
လျှောက်လာနေတုန်းပါလား…

ကျွန်တော်တွေဝေမနေတော့ဘူး…ရွာ
ဘက်ကိုသာ ခြေဦးလှည့်ပြီး တချိုးတည်းပြေး
ခဲ့တော့တယ်…

ကျွန်တော့်နာမည် သူရိန်… မိဘတွေက
နေလို တောက်ပလင်းလက်စေချင်လို့ ဒီနာမည်
ကိုပေးခဲ့ပေမယ့် ကျွန်တော့်ဘဝက နေလိုမ
တောက်ပဘဲ နေလိုပူပြင်းခက်ထန်လွန်းခဲ့တယ်..
ကျွန်တော့်မှာအဖေမရှိတော့ပါဘူး…ကျွန်
တော် ၁၀ နှစ်သားလောက်မှာ ပိုးထိပြီးဆုံးပါး
သွားခဲ့ပါပြီ…ကျွန်တော့်အသက်က အခုဆို ၂၁
နှစ်ပြည့်ပြီးပြီ…
ကျွန်တော်နေတာက မြို့ပြနဲ့အလှမ်းဝေး
တဲ့ ဝါးနက်ရွာဆိုတဲ့ရွာလေးမှာပါ…အိမ်ခြေနည်း
တဲ့ရွာကလေးဆိုပေမယ့် အတော်လေးစည်ကား
ပါတယ်…လျှပ်စစ်မီးမရသေးပေမယ့် ဆိုလာ
ပြားတွေရဲ့အစွမ်းနဲ့ ညဘက်ဆိုအိမ်တိုင်း ဖန်မီး
ချောင်းရောင်တွေ တောက်ပလို့ပေါ့…အရင်လို
ဖယောင်းတိုင်၊မီးအိမ်ခေတ်မဟုတ်တော့ဘူး
လေ…
ရွာရဲ့အဓိကစီးပွားရေးကတော့ လယ်၊ယာ
စိုက်ပျိုးတာနဲ့ မွေးမြူရေးတစ်နိုင်တစ်ပိုင်လုပ်
ကြတာပါပဲ…ရွာသားအချင်းချင်းစည်းလုံးကြ
ပြီး သဘာဝရှုခင်းတွေ တောင်တန်းကြီးတွေ
ကြားမှာ လူသိနည်းစွာနဲ့ သာယာချမ်းမြေ့နေပါ
တယ်…
ကြုံတုန်းကြွားရဦးမယ်…ကျွန်တော်တို့
ရွာမှာ အလှဆုံးအပျိုချော ကွမ်းတောင်ကိုင်
မြတ်ဖူးငုံ ဆိုတာကျွန်တော့်ချစ်သူပေါ့…ကျွန်
တော်သူ့ကို ဖူးလို့ပဲခေါ်တယ်…
မြို့ကြီးသူတွေလှတယ်ဆိုတာ ဖူးတစ်ရေး
နိုးလို့ ဆံပင်လေးတွေရှုပ်ပွနေတဲ့ရုပ်ကလေးကို
မမှီသေးဘူး…ကြွားတယ်မထင်နဲ့နော်…တကယ်
ပြောတာ…မြို့ကြီးသူတွေလှတယ်ဆိုတာ ပြင်
လို့ဆင်လို့လှတာ…အထင်မကြီးပါဘူး…ဖူးလို
မပြင်မဆင်ဘဲသဘာဝအတိုင်းလှတဲ့မိန်းကလေး
ဆိုတာ ရှားပါတယ်…
ခန္ဓာကိုယ်အချိုးအစားကခါးသေးလို့ရင်
ချီ ဂစ်တာရှိတ်လေးပေါ့ဗျာ..lcd မြို့ကြီးသူတွေ
မနာလိုစရာပေါ့… အသားအရည်ကလည်း နှင်း
ပွင့်လေးတွေနဲ့ တည်ဆောက်ထားသလို ဖြူဖွေး
နူးညံ့နေတာပဲ…
ဇင်ယော်တောင်မျက်ခုံး၂ဖက်နဲ့ ပန်းရောင်
နှုတ်ခမ်းဖူးလေးက မြင်လိုက်ရတိုင်းဘယ်တော့
မှမရိုးနိုင်တဲ့ အလှတရားတစ်ခုပေါ့…ကျွန်တော်
အမြတ်နိုးဆုံးက ဖူးရဲ့ ပေါင်လည်လောက်အထိ
အောင်ရှည်တဲ့ မဟူရာရောင်တောင်ပနေတဲ့ ဆံ
ပင် ထူထူလေးတွေပါ…
ရုပ်တင်ပဲမဟုတ်ဘူးနော်…စိတ်ထားလေး
ကလည်း အရမ်းကောင်းတာ…ရုပ်ရောစိတ်ရော
လှတဲ့ ရှားပါးမိန်းကလေး…အင်း..ဒီလောက်ကြီး
အမွှန်းတင်နေတော့ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တယ်
ထင်နေကြပြီမို့လား…

ကျွန်တော်က ၁၀တန်းကို ရိုးရိုးပဲအောင်
ခဲ့ပြီး မြန်မာစာအဝေးသင်နဲ့ကျောင်းပြီးခဲ့တယ်…
ဖူးကတော့ ဆယ်တန်းကိုထူးထူးချွန်ချွန်အောင်
ခဲ့တာပါ..ဂုဏ်ထူး၃ဘာသာနဲ့ အောင်ခဲ့ပေမယ့်
အဝေးသင်ပဲ တက်ခဲ့ပါတယ်..ဖူးကတော့ eco
အဝေးသင်ဒုတိယနှစ်တက်နေတုန်းပဲ…ကျွန်
တော့်ထက် ၃ နှစ်လောက်ငယ်ပါတယ်….သူက
ကျွန့်ကို ကိုကိုလို့ခေါ်တယ်…
ငယ်ငယ်လေးကတည်းကအတူကစား
ရင်းကြီးပြင်းလာကြရာကနေ အရွယ်ရောက်
တော့ ကျွန်တော်ဖူးကိုချစ်မိသွားခဲ့တယ်…အင်း
လေ ဖူးလိုရွှေစင်ရုပ်ကလေးနဲ့ လက်ပွန်းတတီး
နေပြီး မချစ်မိဘဲဘယ်နေနိုင်ပါ့မလဲ…ကျွန်တော်
လည်းလူသားပဲလေ…
ကျွန်တော် ဖူးကိုသိပ်ချစ်တယ်ဗျာ….ပြော
မပြတက်လောက်အောင်ကိုချစ်တာ..ဖူးက ကျွန်
တော့်ရဲ့ အသက် ကျွန်တော့်ရဲ့ဘဝပါ… အရာ
အားလုံးထက် ဖူးကအရေးအပါဆုံးပေါ့…

အခု…ဖူးရောဂါတစ်ခုဖြစ်လို့ မြို့ဆေးရုံ
မှာဆေးသွားစစ်တယ်လေ…ရန်ကုန်က ဖူးရဲ့ဦး
လေးအိမ်မှာတည်းကြတယ်ပြောတာပဲ… ဖူးတို့
သွားကြတာ ဒီနေ့နဲ့ဆိုရင် ၁ပတ်တင်းတင်းပြည့်
ပြီ…ဖူးကို လွမ်းလိုက်တာဗျာ…အလွမ်းဆိုတာ
ဘာလဲဆိုတာကို ကျွန်တော်ဖူးကြောင့် သေသေ
ချာချာ သိခွင့်ရခဲ့ပါပြီ….
ကျွန်တော် ဖူးကိုမျှော်နေရင်း ဆုတောင်း
ပေးနေမိတယ်…ဖူးရဲ့ရောဂါမြန်မြန်သက်သာပါ
စေလို့…ဖူးဝေဒနာတွေမခံစားရပါစေနဲ့လို့ပေါ့…

“ကိုကို….”

ရုတ်တရက် နောက်ဖက်ကခေါ်လိုက်တဲ့
အသံလေးကြောင့် ကျွန်တော် အတွေးစတွေ
ပျက်သွားပြီး လှည့်ကြည့်လိုက်မိတယ်…

“ဟာ.. ဖူး….”

ဟုတ်ပါတယ်…ကျွန်တော့်ရဲ့ ဖူးပါ…
ကျွန်တော့်ကို နွမ်းလျစွာပြုံးပြနေပြီး..သူမရဲ့
မျက်နှာလေးချောင်ကျသွားပါလား…. ခရီးပန်း
ခဲ့လို့များလား…

ကျွန်တော်ဖူးဆီကို ပြေးသွားမိပြီး သူမ
ရဲ့ ပုခုံးစွန်းလေး၂ဖက်ကို ဆုတ်ကိုင်လိုက်မိ
တယ်…

“ဖူးရယ်…သတိရလိုက်တာ…ဖူး..နည်း
နည်းပိန်သွားတယ်…မျက်နှာလေးလည်းချောင်
လို့…ပင်ပန်းလို့လားဟင်…
ဖူး..ဆေးသွားစစ်တာဆို…ဘာဖြစ်တာတဲ့
လဲဟင်…”

သူမငိုမဲ့မဲ့မျက်နှာလေးဖြင့်…

“ဖူး…ဖူးရဲ့ ကျောက်ကပ်တွေပျက်စီးနေ
ပြီတဲ့ကိုကို…ဖူးမကြာခင်သေရတော့မှာ…”

“ဟင်….”

မထင်မှတ်ထားတဲ့စကားကိုကြားလိုက်ရ
တော့ ကျွန်တော်ထိတ်လန့်သွားမိတယ်…ဖူးရဲ့
လက်ကလေးကို အထိတ်တလန့်ဆုတ်ကိုင်
လိုက်မိတယ်…

“ဟာ…ဖူးမသေရပါဘူး….ကိုယ်ဖူးကို
လုံးဝပေးမသေနိုင်ပါဘူး….ဖူး…ကိုယ့်အတွက်
အသက်ရှင်ပေးပါ…ဖူးမရှိရင် ကိုယ်လည်းသေ
မှာဖူးရဲ့…
ဖူးကို ကိုယ့်ကျောက်ကပ်တစ်လုံးပေး
မယ်လေ…နော်…ဖူးဘာမှအားမငယ်နဲ့…”

သူမနွမ်းလျစွာပြုံးလိုက်ရင်း….

“ဖူးရဲ့အမ ဝမ်းကွဲတစ်ယောက်က ဖူးကို
ကျောက်ကပ်လှူပါတယ်….ဒါပေမယ့်….ဆေးဖိုး
နဲ့ ခွဲစိတ်ကုန်ကျစရိတ်က သိန်း၄၀ ကျော်နိုင်
တယ်တဲ့….ဖူးတို့အခြေအနေကို ကိုကိုလည်းသိ
တာပဲ…အိမ်နဲ့ ယာကွက်လေးရောင်းလိုက်ရင်
တောင် သိန်း၄၀ မရနိုင်ပါဘူး…. ဖူးစိတ်ညစ်
တယ်ကိုကို….”

သူမ သစ်တုံးတစ်ခုပေါ် ကျုံ့ကျုံ့လေး
ထိုင်ချလိုက်ရင်း ရှိုက်ငိုနေတယ်… ကျွန်တော်
လည်းဘာလုပ်ရမှန်းမသိ၊ ဘာပြောရမှန်းလည်း
မသိတော့ဘူး…ကျွန်တော့်အိမ်နဲ့ ယာကွက်ကို
ရောင်းပစ်လျှင် ရောဂါသယ်ကျွန်တော့်အမေ ဒုက္ခရောက်ရလိမ့်မယ်…
ဖူးကို အဆုံးရှုံးမခံနိုင်ဘူး…ကျွန်တော်
ဖူးအတွက် ပထမဆုံးအကြိမ်ငွေကို အငမ်းမရ
လိုချင်လာမိတယ်….
ဖူးရဲ့ ကျောက်ကပ် ခွဲစိတ်မှုအတွက် ကုန်ကျ
စရိတ်ကို ကျွန်တော် နည်းလမ်းရှာပြီး ရှာကြည့်
ဖို့ ဆုံးဖြတ်လိုက်တယ်…ဘာပဲလုပ်ရလုပ်ရလို့
မိုက်မိုက်မဲမဲတွေးလိုက်မိတယ်…
ကျွန်တော့်ခေါင်းထဲမှာ ဖူးကိုအဆုံးရှုံးမခံ
နိုင်တာ တစ်ခုပဲရှိတော့တယ်…ငွေ…ငွေ…
ဘယ်လိုနည်းနဲ့မြန်မြန်ရအောင်ရှာရပါ့မလဲ….

ကျွန်တော့်သူငယ်ချင်း အုပ်စိုးနဲ့ ထန်းရည်
ဆိုင်အတူထိုက်ကြရင်း အုပ်စိုးကိုကျွန်တော်
ငွေအရေးတကြီးလိုကြောင်းပြောပြမိတယ်…

အုပ်စိုးက ကျွန်တော့်စကားတွေကို သေချာ
နားထောင်နေရင်းမှ…

“အင်း…မင်းကောင်မလေးက ငွေနဲ့အသက်
ဆက်ရမယ်ဆိုပါတော့….”

“အေး…ဟုတ်တယ်…ငါငွေလိုချင်တယ်ကွာ
ဘာပဲလုပ်ရလုပ်ရကွာ…ငါဖူးကို အဆုံးရှုံးမခံနိုင်
ဘူးကြာ….”

အုပ်စိုးက ထန်းရည်ခွက်ကို မော့သောက်
လိုက်ပြီးမှ…

“အင်း….ငွေများများရမယ်အလုပ်ရှိတယ်…
မင်းလုပ်မလား…သိန်း၃၀ လောက်ကိုရမှာ လုပ်
မလား…”

“ဘာ!….သိန်း…သိန်း ၃၀ရမှာ…ဘာ..ဘာ
အလုပ်လဲ မြန်မြန်ပြောစမ်းပါကွ…နောက်တာ
ဆိုရင် မင်းကိုငါဆွဲထိုးမှာနော်…”

ကျွန်တော် စိတ်လှုပ်ရှားစွာ အုပ်စိုးကို
ပြောလိုက်မိတယ်…

“ငါမင်းကို မနောက်ဘူးသူရိန် အတည်
ပြောတာ…ရွာပြင်မှာနေတဲ့ အောက်လမ်းဆရာ
စံမတူကို သိတယ်မဟုတ်လား….”

“အေး…သိတယ်လေ…”

“အင်း…အဲ့ဒီ့အောက်လမ်းဆရာဆီကို
မြို့က သူဌေးတစ်ယောက် တနေ့ကရောက်လာ
တယ်…ဘယ်ကဘယ်လို သတင်းရပြီးရောက်
လာတာလဲတော့မသိဘူး…
အောက်လမ်းဆရာ စံမတူဆီကို ပီယဆေး
လာဝယ်တာလေ….ငွေ ဘယ်လောက်ကုန်ကုန်
သုံးမယ်တဲ့…
ဦးစံမတူကလည်း ငွေကြိုက်တဲ့လောဘ
သမားဆိုတော့ လုပ်ပေးဖို့အဆင်သင့်ပေါ့…
အဲ့သူဌေးကို ဦးစံမတူက အာမခံနဲ့လုပ်ပေးမှာ
လေ…သူစီရင်ပေးတဲ့ ပီယအဆောင်က မစွမ်း
ဘူးဆိုရင် သူဌေးပေးထားတဲ့ငွေတွေ အားလုံး
ပြန်ပေးမှာတဲ့….
သူဌေးဆိုတဲ့လူက ဦးစံမတူကို ပီယဆေး
အတွက် သိန်း၁၀၀ ပေးပြီးစီရင်ခိုင်းထားတာ…
တယ်ချမ်းသာတဲ့လူပဲကွာ… သူကြိုက်နေတဲ့
တရုတ်မလေးက မာနခဲလေးမို့လို့တဲ့ ပီယဆေး
နဲ့ကြိုးစားမှ အဆင်ပြေမှာမို့လို့တဲ့လေ…ဟား..
ဟား…
ပီယအဆောင်စီရင်တဲ့နေရာမှာ ဦးစံမတူ
က ဘယ်လောက်စွမ်းတယ်ဆိုတာ မင်းလည်းသိ
သားပဲ…သူ့ပညာကို သူယုံလို့ အာမခံရဲတာပေါ့..”

ကျွန်တော်လည်း စိတ်မရှည်တော့သဖြင့်..

“အဲ့ဒါ ငါနဲ့ဘာဆိုင်လို့လဲကွ…”

“ငါပြောတာဆုံးအောင်နားထောင်ပါဦး
ကွ…ဒီလို…ဦးစံမတူက ပီယအဆောင်စီရင်ဖို့
အတွက် အစိမ်းသေ မိန်းမ၃ ယာက်ရဲ့လုံချည်
စနဲ့ သွေးလိုတာတဲ့ဗျာ…”

“ဟင်…အစိမ်းသေ မိန်းမ၃ယောက်ရဲ့
လုံချည်စ နဲ့သွေး…ဟုတ်လား…”

“အေး…ဟုတ်တယ်…ဦးစံမတူက အစိမ်း
သေ မိန်းမ ၃ယောက်ကို ၇ ရက်အတွင်းမှာ တွေ့
အောင်ရှာပြီး အစီအရင်လုပ်ရမှာတဲ့…၇ ရက်
ကျော်သွားရင်တော့ အစီအရင်ပျက်စီးသွားမှာ
တဲ့… ဆိုလိုတာက စပြီးစီရင်တဲ့ ရက်ကစပြီး
၇ ရက်ထက်ကြာလို့မရဘူး…အစိမ်းသေမိန်းမ
၃ ယောက်ကို ၇ ရက်အတွင်းရအောင်ရှာရမှာ…
ဦးစံမတူတပည့်သာဂိက ငါ့သူငယ်ချင်း
အရင်းကြီးဆိုတော့ငါ့ကိုပြောပြတာ…ငါလည်း ဘိုင်ပြတ်နေတာနဲ့ ဦးစံမတူဆီသွားပြီးအစိမ်း
သေကူရှာပေးမယ်…ဝေစုဘယ်လိုပေးမှာလဲလို့
မေးတော့ ဦးစံမတူက တစ်လောင်းရှာပေးရင်
၇ သိန်းပေးမယ်တဲ့…၃ လောင်းစလုံးတပတ်အ
တွင်းရှာပေးနိုင်ရင် သိန်း ၃၀ ပေးမှာတဲ့….
ငါနဲ့ သာဂိကို ယုံကြည်ရတဲ့လူ၊ နှုတ်လုံ
တဲ့လူ၊ အဲ့အလုပ် လုပ်ချင်တဲ့သူရှိရင် သူ့ဆီခေါ်
လာလို့မှာထားတယ်…မင်းလိုက်မလား…”

ကျွန်တော် စဉ်းစားမနေတော့…အုပ်စိုး
ကို ချက်ချင်းပြောလိုက်တယ်…

“လိုက်မယ်ကွာ….”

ဦးစံမတူက ကျွန်တော့်ကို သေချာစိုက်
ကြည့်ရင်း…

“ရွာတောင်ပိုင်းက သူရိန်ပဲ…ဒီအလုပ်လုပ်
ရင် မကြောက်တက်ဖို့တော့လိုမယ်နော်…”

“ဟုတ်ကဲ့…ကျွန်တော် မကြောက်တက်
ပါဘူး…”

“နောက်တစ်ခုက ဥပဒေအပြင်က အလုပ်
ဖြစ်လို့ နှုတ်လုံရမယ်…တွေ့ကရာလူကို ဒီအလုပ်
အကြောင်းပြောပြလို့မရဘူး…”

“အဲ့ဒါလည်း စိတ်ချပါ…”

“အေး…အလုပ်အကြောင်းပြောမယ်…
အစိမ်းသေမိန်းမ အလောင်းတွေ့ရင် အလောင်း
ကထမီစကို ခြောက်လက်မလောက် စတိဖြဲယူ
လာရမယ်…ပြီးရင် အလောင်းရဲ့ ခန္ဓာကိုယ်ကို တခုခုနဲ့ ထိုးဖောက်ပြီး အဲ့ထမီစကိုသွေးပေ
အောင်သုတ်ရမယ်…ပြီးရင် အဲ့ဒီထမီစကိုငါ့ဆီ
ယူလာယုံပဲ…လွယ်ပါတယ်…
သတိထားရမှာက အစိမ်းသေမိန်းမက
အသက် ၁၆ နှစ်အထက်ဖြစ်ဖို့လိုတယ်နော်…
တစ်ခုလုပ်ပေးရင် ၇သိန်းပေးမယ်…အေး
၇ ရက်အတွင်း၃ ခုရှာပေးနိုင်ရင်တော့ သိန်း၃၀ ပေးမယ်…. ငွေများများလိုချင်ရင်တော့ ၃ခု
ပြည့်အောင်ရှာပေါ့ကွာ….”

ကျွန်တော်လည်း ငွေကလွဲ၍ဘာမှမမြင်
သော အချိန်ဖြစ်နေသည်မို့…

“လုပ်မယ်ဗျာ….”

ဦးစံမတူက မည်းညစ်နေသောသွားများ
ပေါ်အောင် ပြုံးလိုက်ရင်း…

“ကောင်းပြီ ဒါဆို မင်းစလုပ်တော့…တခု
သတိထားရမှာက ပထမတစ်ယောက်စပြီဆိုတာ
နဲ့…ရက်စရေပြီနော် နောက်၂ယောက်ကို ၇ရက်
အတွင်းထပ်ရမှ မင်းကိုငါ သိန်း၃၀ ပေးနိုင်မှာ…
၇ရက်ကျော်မှ ထပ်လာပေးလည်းငါမယူတော့
ဘူး…မင်းလည်းငွေမရတော့ဘူး…
အစိမ်းသေရဲ့ ဝိညဉ်ခြောက်လှန့်နိုင်တယ်
ဒါပေမယ့် မင်းမကြောက်နဲ့ လတ်တလောသေ
ထားတဲ့ ဝိညာဉ်ရဲ့ကမ္မဇိတ္ထိက လူကိုသေအောင်
မတိုက်ခိုက်နိုင်ပါဘူး…
အေး…အကြောက်လွန်ပြီးဂန့်သွားရင်
တော့ မတက်နိုင်ဘူးပေါ့ကွာ… ငါဆိုလိုတာက
ခြောက်လှန့်ယုံပဲတက်နိုင်ကြတယ်လို့ပြောတာ..
မင်းအစိမ်းသေအလောင်းတွေ့လို့ ထမီ
စယူလာခဲ့လို့ အဲ့ဒီ့အစိမ်းသေ သရဲကမင်းကို
နှောက်ယှက်ခြောက်လှန့်ရင် ငါ့ကိုပြော ထပ်ပြီး
မခြောက်လှန့်အောင် ငါလုပ်ပေးမယ်…အဲ့ဒါငါ့
တာဝန်ထား…ဟုတ်ပြီလား…
တစ်ခုတော့ပြောထားမယ်နော် မင်းယူလာ
တာ အစိမ်းသေရဲ့လုံချည်စ အစစ်ဟုတ်လား
မဟုတ်လားဆိုတာ ငါစစ်ဆေးတာနဲ့ သိနိုင်တယ်
ငါ့ကို ဂျင်းထည့်ဖို့တော့ မကြိုးစားနဲ့…
မင်း…မကြောက်တက်တာ သေချာပါ
တယ်နော်…တကယ်လုပ်မှာလား…”

ကျွန်တော် အနည်းငယ် တွေဝေမိသော
အတွေးကို မောင်းထုတ်ပစ်လိုက်ရင်း…

“ကျွန်တော် လုပ်မှာပါ….ဘာပဲဖြစ်ဖြစ်
လုပ်မယ်ဗျာ…”

မနေ့ညက ရွာသင်္ချိုင်းမှ ယူလာခဲ့သော အစိမ်းသေ လုံချည်စကိုကြည့်ရင်း ကျွန်တော်
ပြုံးလိုက်မိတယ်… နောက်ထပ်၆ ရက်အတွင်း အစိမ်းသေ အလောင်း၂ခုကိုထပ်ရှာရဦးမယ်…

ဖူးကို အဆုံးရှုံးမခံနိုင်သော စိတ်က အရာ
အားလုံးထက် ထက်သန်နေမိတယ်…

“အမလေး….သမီးရယ်…အဖြစ်ဆိုးလှချည်
လား…”

“ဟင်…”

အမျိုးသမီးတစ်ယောက်၏ငိုသံနှင့်အတူ
စုစုရုံးရုံး ဖြစ်လာသော ရွာသားများရှိရာသို့
ကျွန်တော် သွားကြည့်မိတယ်…

“ဟင်….ရွာထဲမှ မိန်းကလေးတစ်ယောက်
ဝမ်းဗိုက်မှာ ဒဏ်ရာနဲ့ သေဆုံးနေတာပါလား…
ရွာလယ်ပိုင်းမှနှင်းနုဖြစ်ပြီး ၁၇ နှစ်အရွယ်သာ
ရှိပါသေးတယ်…သူမရဲ့ အမေကတော့ ရင်ဘက်
စည်တီး အော်ငိုနေတုန်းပါပဲ…”

ရွာသားတစ်ယောက်ကို ကျွန်တော်မေး
လိုက်မိတယ်..

“နှင်းနုက ဘယ်လိုဖြစ်တာလဲဗျ…”

“မျစ်ချိုးသွားရင်း ချော်လဲတာ…ငရဲငုတ်
အပေါ်ကို မှောက်ရက် လဲကျတာလေ…ပွဲချင်း
ပြီးပါပဲ…စိတ်မကောင်းစရာပဲဗျာ…”

ကျွန်တော် နှင်းနုအလောင်းကို လှမ်းကြည့်
မိရင်း စိတ်မကောင်းဖြစ်သွားမိတယ်…ငယ်ငယ်
ရွယ်ရွယ်နဲ့ အဖြစ်ဆိုးရှာပါလား…
ဒါပေမယ့် ကျွန်တော်တစ်စုံတစ်ခုကိုသတိ
ရလိုက်မိတာကြောင့် အနည်းငယ်ပြုံးလိုက်မိ
တယ်…သေတဲ့သူကသေပြီလေ သူ့ရဲ့ခန္ဓာကိုယ်
က ကျွန်တော့်အတွက် အသုံးဝင်နေသေးတယ်မ
ဟုတ်လား…

နှင်းနုအသုဘမှာ ကျွန်တော်လည်းရှိနေ
တယ်…ဖဲဝိုင်းကတော့ လူသိပ်မများပါဘူး ခြောက်ကပ်ကပ်ပါပဲ….
ကျွန်တော်အကြံအစည်ရှိတာကြောင့်
နှင်းနုအလောင်းကို အလစ်ချောင်းနေမိတယ်…
အိမ်သားတွေ အလစ်၊ ဖဲကစားနေတဲ့လူတွေအ
လစ်မှာ နှင်းနုအလောင်းမှာဝတ်ထားတဲ့ လုံချည်
အောက်နားစကို ဓားနဲ့ခြောက်လက်မလောက်
စတိဖြဲယူလိုက်တယ်…လူတွေသတိမထားမိ
အောင် လုံချည်အနားစကိုအလောင်းရဲ့ ခြေသ
လုံး အနောက်ဘက်ကနေ ဖြဲယူလိုက်တာပါ…
ပြီးတော့ခပ်သွပ်သွပ်ပဲ အလောင်းရဲ့ ခြေ
သလုံး နံဘေးကို ဓားဦးနဲ့ထိုးဖောက်လိုက်ပြီး
သွေးစေးတွေကို လုံချည်စနဲ့သုတ်ယူလိုက်တယ်

ကျွန်တော်လိုချင်တာ ရပြီမို့လို့ နာရေးအိမ်
ကနေ ဟန်မပျက်ပြန်လာခဲ့တယ်…

ကျွန်တော် လုံချည်စ၃ခုပြည့်မှ အောက်
လမ်းဆရာ ဦးစံမတူကိုအပ်မယ်လို့ စိတ်ကူးထား
တယ်…
အခုဆိုရင် နှင်းနုရဲ့လုံချည်စနဲ့ ယွန်းကဗျာ
ရဲ့ လုံချည်စ၂ခု ကျွန်တော့်မှာရှိနေပါပြီ…အချိန်
ကတော့ ၃ ရက်ကုန်လွန်ခဲ့ပါပြီ…
ဖူးကို ဆေးကုပေးနိုင်တော့မှာမို့လို့ ကျွန်
တော်အရမ်းပျော်နေမိပါတယ်…
နောက်ထပ် အစိမ်းသေအလောင်းတစ်ခု
ထပ်ရရင် ကျွန်တော့်ဆန္ဒတွေပြည့်ဝပါပြီ…

ရှပ်…ရှပ်…ရှပ်…ရှပ်…..

“ဟင်…”

နောက်ဖက်မှ ခြေသံတွေကြားနေရတာ
ကြောင့် ကျွန်တော်လမ်းလျှောက်တာကိုရပ်
လိုက်တယ်…
ဘာသံမှမကြားရတော့ပါလား…

နာရေးအိမ်မှ အပြန်လမ်းက မှောင်မိုက်
နေပြီး ခပ်လှမ်းလှမ်းကလမ်းမီးမှုံဝါးဝါး အလင်း
ရောင်လေးသာရှိနေပါတယ်…

ကျွန်တော် လမ်းပြန်လျှေက်တော့ ခြေ
သံတွေပြန်ကြားရပြန်တယ်…

ရှပ်…ရှပ်…ရှပ်…ရှပ်…

ကျွန်တော်သွားလျှင် လိုက်သွား ကျွန်
တော်ရပ်လျှင် လိုက်ရပ်နေသော ထိုခြေသံရှင်
များကို ကျွန်တော်လှည့်ကြည့်လိုက်မိတယ်…
မှုံဝါးဝါး လမ်းမီးတိုင်က အလင်းရောင်
အောက်မှာ နှင်းနုနဲ့ ယွန်းကဗျာကိုတွေ့လိုက်ရ
ပါတယ်…
အလင်းရောင်အားနည်းနေလို့ ပုံသဏ္ဍန်
အရမ်းမသဲကွဲပေမယ့် တစ်ရွာတည်းသားတွေ
ဖြစ်တာကြောင့် ကျွန်တော်သူမတို့ကိုမြင်တာနဲ့
မှတ်မိပါတယ်…

“ဟာ…ယွန်းတို့ပါလား..ဒီအချိန်ကြီးဘယ်
က ဟင်….”

ကျွန်တော်သူမတို့၂ယောက်ကို နှုတ်ဆက်
ရန်တွေးလိုက်မိပြီးမှ သူမတို့သည်သေဆုံးပြီးသူ
များဖြစ်သည်ကို သတိရမိသွားပြီး ကြက်သီးတ
ဖြန်းဖြန်းထကာ အလွန်တရာ ထိတ်လန့်သွားမိ
ပါတယ်…

“ဟင်…သ…သရဲ…”

ကျွန်တော်အမြန်ဆုံး အိမ်ရှိရာကိုထွက်
ပြေးလာခဲ့ပါတယ်…

ပြေးနေသည့်တိုင် နောက်ဖက်မှ အဆက်
မပြတ်လိုက်လာသော ခြေသံများကြောင့် ကျွန်
တော် အမြန်နှုံးကို မလျှော့ရဲ…အထိတ်တလန့်
ပြေးလာခဲ့ရာ အိမ်ရောက်သည်အထိပင်…

အိမ်ခြံဝန်းထဲ ရောက်သည်နှင့် ခြံတံခါး
ကို အမြန်ပိတ်လိုက်ပြီး အိမ်ပေါ်ပြေးတက်လာ
ခဲ့တယ်…ပြတင်းပေါက်ကို အနည်းငယ်ဟပြီး
အပြင် လမ်းမပေါ်ကို လှမ်းကြည့်လိုက်မိတယ်…

“ဟင်…”

မိန်းကလေး အရိပ်၂ခုက ကျွန်တော့်အိမ်
ခြံအရှေ့လမ်းမပေါ်ကနေ ကျွန်တော့်အိမ်ကို
လှမ်းကြည့်နေကြပါလား….
ကျွန်တော် သူမတို့၂ယောက် ရဲ့လုံချည်
စတွေကို ပီယအစီအရင်မှာသုံးဖို့ ဖြတ်ယူခဲ့တာ
ကို မကျေနပ်ကြတာများလား….
ကျွန်တော် ရာသီဥတု မပူဘဲဇောချွေးတွေ
တကိုယ်လုံးရွှဲနင့်နေပါတယ်…

ကျွန်တော်ဖူးနဲ့ ဆုံနေကျနေရာလေးမှာ
တွေ့ဖြစ်ကြပြန်တယ်…
ကျွန်တော်မြတ်နိုးတဲ့ ဖူးရဲ့မဟူရာ ဆံနွယ်
ရှည်လေးတွေကို တယုတယကိုင်ရင်း နမ်းရှိုက်
လိုက်မိတယ်…
ဖူးကတော့ ကျွန်တော့်ကို ပြုံးပြီးကြည့်နေ
တယ်…ဖူးပိုပိန်သွားတယ်… အသားအရည်တွေ
လည်း နည်းနည်းလေးခြောက်သွေ့နေသလိုပဲ..
ဝေဒနာခံစားရလို့ဖြစ်ပါလိမ့်မယ်…

ဖူးရဲ့ဝေဒနာဆိုးကြီးကို ကုသဖို့ ကိုယ်ငွေ
တွေ မကြာခင်ရတော့မှာပါ..ဖူးကိုကိုယ်ရအောင်
ကယ်မယ်…
ခဏလေးပဲ သီးခံပါဖူးရယ်…

ဖူးက ကျွန်တော့်ကိုပြုံးပြီးကြည့်နေရင်း..

“ဘာတွေတွေးနေတာလဲ ကိုကိုရဲ့…”

ကျွန်တော်လည်း သူမကိုပြန်ပြုံးပြ
လိုက်ရင်း…

“ဖူးရဲ့ ကျောက်ကပ်ရောဂါကုဖို့ ကိုယ်ငွေ
ရှာဖို့တွေးနေတာပါ…”

သူမနွမ်းလျစွာ ပြုံးလိုက်ရင်း…

“ကံစီမံရာပဲပေါ့ ကိုကိုရယ်…ဖူးသေရမှာ
မကြောက်ပါဘူးလေ…ကိုကိုနဲ့ခွဲရမှာကို ပိုပြီး
ကြောက်တာပါ….
ကိုကို…ဖူးမရှိတော့ရင်လည်းဖူးကိုမေ့ပစ်
ပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင်နေရမယ်နော်…
ဖူးတမလွန်ကနေ ကိုကိုမှိုင်တွေနေတာ
ကို မမြင်ပါရစေနဲ့…”

သူမရဲ့စကားဆုံးတာနဲ့ ကျွန်တော် သူမ
ကို မြတ်နိုးမွတ်သိပ်စွာ ပွေ့ဖက်လိုက်မိတယ်…
ဖူးကလည်း သူမရဲ့လက်ဖဝါးနုနုလေးနဲ့
ကျွန်တော့်ကျောပြင်ကို ခပ်ဖွဖွလေးပြန်ဖက်
ထားပါတယ်…
ကျွန်တော့်ရင်ထဲမှာ ဖော်ပြလို့မရတဲ့ စ
ကားတွေ အများကြီးနဲ့ပေါ့…

“ဖူးကိုဆေးကုဖို့ ကိုယ်ငွေရှာနေတယ်…
ကိုယ်…ဖူးကို ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးခံမှာမ
ဟုတ်ပါဘူး….”

🕐🕧🕛

ကျွန်တော် အရမ်းစိတ်ညစ်နေမိတယ်…
၅ရက်မြောက် ညကိုရောက်လာပြီလေ…
ရွာမှာရော ရွာနီးချုပ်စပ်ရွာတွေမှာရော
တခြားလက်လှမ်းမှီသမျှရွာတွေမှာရော အစိမ်း
သေသေတဲ့ မိန်းမလုံးဝရှိမလာလို့ပါပဲ…
အုပ်စိုးကလည်း ကျွန်တော့်ဒုက္ခကိုကိုယ်
ချင်းစာလို့ သူလက်လှမ်းမှီသမျှ ရှာပေးရှာပါ
တယ်…ဒါပေမယ့်သူလည်း ရှာမရဘူးလို့ပြော
တယ်….

၇ရက်ကျော်သွားမှာ ကြောက်တာကြောင့်
ကျွန်တော့်လက်ထဲမှာရှိတဲ့ လုံချည်စ၂ခုကိုပဲ
ဦးစံမတူဆီအပ်ရကောင်းမလားလို့တွေးလိုက်မိ
တယ်…
ဒါလည်းမဖြစ်သေးပါဘူး…သူက တစ်ခု
မှ ၇ သိန်းထဲပေးမှာဆိုတော့ ၂ခုမှ ၁၄ သိန်းပဲရ
မှာ… ဒီလောက်နဲ့တော့ ဖူးကိုဆေးကုဖို့ မလုံ
လောက်သေးဘူး….နောက်ထပ်တစ်ခုရလို့ ၃ခု
ပေါင်းပေးနိုင်မှသာသိန်း ၃၀ ရမှာမဟုတ်လား…

🕐🕧🕛

ညအမှောင်က အရာအားလုံးကို ဝါးမြို
ထားပြန်တယ်….
ဒွိဟ အတွေးပေါင်းစုံနဲ့ ရွာအဝင်လမ်းမှာ
ကျွန်တော်ထိုင်နေမိတယ်…ကျွန်တော့်ခေါင်းထဲ
မှာ ဖူးအတွက်ငွေရချင်စိတ်နဲ့မိန်းမတစ်ယောက်
အစိမ်းသေ သေပါစေလို့တောင် အောက်တန်း
ကျကျ ဆုတောင်းနေမိတယ်….
ဖူးအတွက် ကျွန်တော် အရာရာကို အတ္တ
မျက်လုံးနဲ့သာ ကြည့်နေမိတော့တယ်…

မလှမ်းမကမ်းမှာ မိန်းကလေးအရိပ်၂ခု
ကိုတွေ့နေရပေမယ့် ဦးစံမတူပေးထားတဲ့အ
ဆောင်ကို လည်ပင်းမှာဆွဲထားတာကြောင့် အ
ရိပ်၂ခု ကျွန်တော့်အနားကို မလာရဲကြဘူး…

ကျွန်တော်လည်း အတွေးတွေ ရှုတ်ရှပ်ခက်
နေတာကြောင့် သရဲကြောက်တဲ့စိတ်တောင်မရှိ
တော့ပါဘူး..နောက်ထပ်အစိမ်းသေတစ်လောင်း
ရဲ့ လုံချည်စကိုသာ သဲသဲမဲမဲလိုချင်နေမိတယ်…

🕐🕧🕛

ည ၈ နာရီထိုးပြီဖြစ်လို့ ရွာအဝင်လမ်းက
လူသွားလူလာမရှိတော့ပါဘူး…ခြောက်ကပ်
တိတ်ဆိတ်နေပါပြီ…

ရွာဦးစေတီဘက်ကနေ ရွာဘက်ကို တ
ဖြည်းဖြည်းလျှောက်လာနေသော မိန်းကလေး
အရိပ်တစ်ခု….
မလှမ်းမကမ်းကလမ်းမီးဝိုးတဝါးအလင်း
ရောင်ကြောင့် ကိုယ်လုံးလှလှလေးကိုမြင်နေရ
ပါတယ်…ဆံပင်အတိုလေးနဲ့ ဖြစ်ပြီး တဘက်
တထည်ကို ဘယ်ဘက်ပုခုံးပေါ်တင်ထားပါ
တယ်…
စေတီဖက်က ပြန်လာပုံပါပဲ…

စိတ်ညစ်ညစ်နဲ့ သောက်ထားတဲ့ ချက်အ
ရက်တန်ခိုးကြောင့် စိတ်ထဲမှာပုန်းနေတဲ့အတ္တ
မကောင်းဆိုးဝါးက ထကြွလာပါတော့တယ်…

အလောတကြီး အလိုရှိနေတဲ့ အစိမ်း
သေ မိန်းမအလောင်းကို ကျွန်တော် မရရတဲ့
နည်းနဲ့ဖန်တီးပြီးယူဖို့ ဆုံးဖြတ်လိုက်ပါတော့
တယ်…

ကျွန်တော် သူမအနားရောက်မလာခင်
ခြုံတစ်ခုနောက်မှာပုန်းနေလိုက်တယ်…
သူမ ကျွန်တော့်အနားကနေ ဖြတ်သွား
တော့မှ နောက်ဖက်ကနေ ခြေသံမကြားအောင်
ကပ်လိုက်သွားပြီး သူမရဲ့ပါးစပ်ကို လက်ဝါးနဲ့
အားကုန်ဖိအုပ်လိုက်ပါတယ်…

“အု….အွန်း….ဟွန်း….အွန်း…”

သူမကြောက်လန့်တကြား ရုန်းကန်နေ
ပေမယ့် အင်အားချင်းမမျှတာကြောင့် အချည်း
အနှီးသာဖြစ်ခဲ့ပါတယ်…
ကျွန်တော် အသင့်ပါလာတဲ့ဓားမြောင်နဲ့
သူမရဲ့ လည်ပင်းကို အမြန်လှီးဖြတ်လိုက်တော့
တယ်…

ဇွပ်….”အင့်… အ!…”

သူမလည်တိုင်က ကျလာတဲ့သွေးစက်
နွေးနွေးတွေ ကျွန်တော့်လက်ဖမိုးကို လာစင်
တယ်…
သူမ တစ်ကိုယ်လုံးတဆက်ဆက်ခါသွား
ပြီး ဒူးညွတ်လဲကျသွားပါတော့တယ်…

ကျွန်တော်လည်း သူမရဲ့လုံချည်အောက်
နားစကို ဓားနဲ့အမြန်ဖြဲယူလိုက်ပြီး သွေးနဲ့သုတ်
လိုက်တယ် ပြီးတော့ သူမရဲ့အင်္ကျီနဲ့ပဲ ကျွန်တော့်
လက်ဖမိုးကသွေးတွေကို သုတ်လိုက်တယ်…

ကျွန်တော် နှဖူးကဇောချွေးတွေကို သုတ်
ပြီး သက်ပြင်းချလိုက်ရင်း…

“ငါ့ကို ခွင့်လွတ်ပါ မိန်းကလေး…ငါစိတ်
မကောင်းပါဘူး…ငါ့အသက်လောက်ချစ်ရတဲ့
ငါ့ချစ်သူကိုကယ်ဖို့အတွက် မင်းကို စတေးလိုက်
ရတာပါ….”

မိန်းကလေးရဲ့အလောင်းကို နီးစပ်ရာခြုံ
ထဲဆွဲသွင်းလိုက်ပြီးကျွန်တော်မှောင်မဲတိတ်
ဆိတ်နေတဲ့ နေရာကနေ ဦးစံမတူအိမ်ကိုအမြန်
ဆုံးပြေးသွားမိပါတော့တယ်…

🕐🕧🕛

မနက် မိုးလင်းတာနဲ့ ကျွန်တော် ဦးစံမတူ
ဆီကရတဲ့ ငွေထုတ်ကိုပိုက်ပြီး ဖူးရဲ့အိမ်ကိုအ
မြန်ဆုံးပြေးလာခဲ့မိတယ်….
ကျွန်တော်ပျော်လွန်းလို့ တစ်ညလုံးကို
အိပ်လို့မရသေးဘူး….ဖူးကို ကယ်နိုင်ပြီလေ…

ဖူးခြံရှေ့ကို ရောက်တာနဲ့ ကျွန်တော်ဖူး
ကိုလှမ်းခေါ်တယ်…

“ဖူးရေ…ဖူး…”

ဖူးထွက်မလာပါ…ကျွန်တော်လည်းစိတ်
မရှည်တာနဲ့ ခြံထဲဝင်လာခဲ့တယ်…ဖူးတို့အိမ်မှာ
လူမရှိတာလား…တိတ်ဆိတ်နေတယ်…

ထိုစဉ်မှာပဲ ဖူးရဲ့မိခင် ခြံထဲကို ကမန်းက
တမ်းအမူအရာနဲ့ဝင်လာပါတယ်…ကျွန်တော့်ကို
တွေ့တာတောင်ပြူံးမပြဘူး…သူမ တစ်ခုခုကို
စိုးရိမ်သောက ရောက်နေပုံရပါတယ်…

“ဒေါ်လေး…ဖူးဘယ်သွားလဲဟင်…”

“သမီးညကတည်းက အိမ်ပြန်မလာတာ
သားရဲ့….အိမ်ကလူတွေရော အိမ်နားက လူတွေ
ရော ဝိုင်းရှာပေးနေကြတာ…
ညက မိုးချုပ်ကာနီးကာမရွာဦးစေတီ
မှာ ဘုရားဝတ်ပြုချင်လို့ဆိုပြီးထွက်သွားတာပါ
ပဲ….”

“ဟင်….ရွာဦးစေတီ….”

“ဟုတ်တယ် သားရေ…အခုတစ်လော
သမီးလေး ဘာသာရေးသိပ်လုပ်တယ်…သူ့ကိုယ်
သူလည်း မနေရတော့ဘူးလို့ထင်နေပုံရပါတယ်..
ရောဂါနဲ့ မသေခင် နောင်ဘဝပါမယ့်ကုသိုလ်
လေးတွေ တက်နိုင်သလောက်လုပ်မယ်လို့ပြော
တယ်….”

“ဝမ်းသာစရာပြောရဦးမယ်သားရေ မိုး
ကုတ်မှာအလုပ်သွားလုပ်နေတဲ့ သမီးဦးလေး
ဖိုးကျိုင်းလေ…ဒီမနက်ပဲရွာကိုရောက်လာတယ်… သမီးဖူးလေးရဲ့ ကျောက်ကပ်ရောဂါကို ကုဖို့
ကုန်ကျစရိတ်အားလုံး သူတာဝန်ယူမယ်တဲ့…
ဖိုးကျိုင်းက တော်တော်ချမ်းသာနေပြီလေ သူ့
တူမလေးကို ဒီရောဂါနဲ့ အသေမခံနိုင်ဘူးတဲ့..
ဒေါ်လေးဝမ်းသာလိုက်တာကွယ်…
ခက်တာက သမီးလေးက ညကတည်းက
ပြန်မလာဘူး…တဖက်ရွာကသူ့သူငယ်ချင်းမင်္ဂလာဆောင်များသွားလားမပြောတက်ဘူး..ဒါပေ
မယ့် ဒီကလေးအဲ့လို မပြောဘဲမသွားတက်ပါဘူး
….”

ကျွန်တော် ဒေါ်လေးစကားကြောင့်အ
ရမ်းဝမ်းသာသွားမိတယ်…ဖူးကိုအသက်ဆက်
ပေးမယ့်သူပေါ်လာပြီဆိုတော့ ကျွန်တော်ရှာ
ထားတဲ့ငွေတွေကိုတော့ ကျွန်တော်နဲ့ဖူး လက်
ထပ်ပြီးမှ အိမ်ယာအသစ်ထူထောင်တဲ့နေရာမှာ
သုံးဖို့ တွေးလိုက်မိတယ်…
တဆက်တည်းမှာဘဲ ဒီလိုမှန်းသိရင်..
ငွေအလောတကြီးမလိုတော့တဲ့အတွက် ညက
မိန်းကလေးကို မသတ်ခဲ့ပါဘူးလို့ ကျွန်တော်
တွေးမိလိုက်ပါတယ်….

ဒေါ်လေးကဆက်ပြောတယ်

“သမီးလေးကသူ့ကိုယ်သူ သေလူလို့သတ်
မှတ်နေပုံရတယ်…အရင်ကထက်ဘာသာရေးပိုလုပ်နေတယ်…
သူအမြတ်တနိုးထားတဲ့ ဆံပင်ကိုတောင်
မနေ့က ညနေကဖြတ်ပြီး ရောင်းပစ်လိုက်ပြီလေ
…အဲ့ဒီ့ဆံပင်ရောင်းလို့ရတဲ့ငွေကို ရွာဦးစေတီပြု
ပြင်တဲ့ အသုံးစရိတ်မှာ လှူမှာတဲ့လေ…”

“ဗျာ!!…”

ကျွန်တော့်ရင်ကို ၁၀ပေါင်တူနဲ့ထုလိုက်
သလို နင့်ကနဲကို ခံစားလိုက်ရတယ်…

ဘုရားရေ…ဒါဆိုဖူးက ဆံပင်အတိုနဲ့ပေါ့…
ည…ညက…ဘုရား ဘုရား…ဖူး…ဖူး..မဟုတ်ပါ
စေနဲ့….

ကျွန်တော် ရွာပြင်ဘက်ကိုအမြန်ဆုံးပြေး
လာခဲ့မိတယ် အလောသုံးဆယ်မို့လို့ ခြေလှမ်း
တွေ အလဲလဲအပြိုပြိုပါပဲ…..

ရွာပြင်လမ်းကလေးက အခုချိန်အထိလူအ
သွားအလာ နည်းနေဆဲပါ…

ကျွန်တော် ညက ခြုံထဲမှာဖွတ်ခဲ့တဲ့မိန်းက
လေးအလောင်းကို အမြန်ဆွဲထုတ်ပြီးကြည့်
လိုက်မိတယ်….

” ဟာာ!!!.. ….”

” ဖူး!!!……”

ကျွန်တော့်ရင်ကို အစူးရှဆုံးဓားနဲ့ထိုး
စိုက်သလိုခံစားလိုက်ရတယ်….

တစ်ကိုယ်လုံး သွေးတွေနင့်လို့ပါလား
ဖူးရယ်…အပ်ဖျားလေးနဲ့တောင်မတို့မထိရက်
တဲ့ ကျွန်တော်အမြတ်နိုးဆုံးပန်းလေး..အခုတော့
ကျွန်တော့်ရဲ့မိုက်မဲမှုကြောင့် ရက်စက်စွာကြွေ
လွင့်ခဲ့ရပြီ…

“ဖူး….အ!!…ငါ့ရဲ့ဖူး.. …. ..အ!!……
ဖူးရယ်… .. .. .”

ကျွန်တော့် ဘယ်ဘက်ရင်အုံမှ ပြင်းထန်
စွာလှုပ်ရှားအောင့်သက်လာတဲ့ဝေဒနာကြောင့်
ကျွန်တော်အသက်ရှုရခက်နေပါပြီ….
ဖူးရဲ့ သက်မဲ့ခန္ဓာကိုယ်လေးကို ကျစ်
ကျစ်ပါအောင် ဖက်ထားရင်း ကျွန်တော့်ရဲ့မျက်
လုံးအမြင်တွေ ပြာရာကနေမည်းလာတယ်…
အရာအားလုံး အမှောင်ပိတ်ဖုံးလို့ ထာဝရရပ်
တန့်တော့မယ့်ကျွန်တော့်နှလုံးသားကိုကျွန်တော်
ကျေးဇူးတင်လိုက်မိပါတယ်….
ကျွန်တော့်ကို နာကျင်မှုတွေနဲ့ အသက်
ရှင်ခွင့် မပေးခဲ့တဲ့အတွက်ပေါ့….

ပြီးပါပြီ

ရွင်လန်းချမ်းမေ့ကြပါစေ

စာရေးသူ= ဇာမဏီအားလေးစားလျက်

Like&shareလေးနဲ့အားပေးသွားကြပါအုံး