ကပ်စေးနည်းတဲ့ဝိညာဉ်(စ/ဆုံး)
ဆယ်နာရီခွဲခန့်ကတည်းက အိပ်ရာဝင်ခဲ့ကြသော်လည်း
ဆယ့်တစ်နာရီကျော်ပြီးမှသာ အိပ်ပျော်သွားရသည်။
“မေမေ …မေမေ”
“ဝါး …ဝါး…ဝါး”
“သားသား…သားသား ဘာဖြစ်တာလဲ ဗိုက်နာလို့လား”
တစ်နှစ်ကျော်ကျော်သာ ရှိသေးသော သားက အိပ်ပျော်
နေရာမှ ရုတ်တရက် မိခင်နာမည်ကို ခေါ်ပြီး ထငိုလိုက်
သည့်အတွက် အိပ်ပျော်နေပြီဖြစ်သည့် ဇနီးဖြစ်သူရော
ကိုလွင်ပါ လန့်နိုးသွားရသည်။
“မေမေ…ဟီး…ဟီး…ဟီး…”
“သား…သား…ဘာဖြစ်လို့လဲ မငိုနဲ့တိတ်…တိတ်”
“သား ဖွားဖွားကြီး ဒေါ်လုံးတင်တို့အိမ် သွားချင်
တယ် လိုက်ပို့ပေး…ဟီး…ဟီး”
“သား…သား…ဘာပြောတယ်”
“ဖွားဖွားကြီးဒေါ်လုံးတင်တို့အိမ် သွားချင်တယ် ဟီး
ဟီး …ဟီး …လိုက်ပို့ပေး…”
ကိုလွင်က
“ဟာ …သားကလည်း ဒီအချိန် အိမ်လည်တဲ့အချိန်
မဟုတ်ဘူးလေ၊ မနက်ကျရမှ …သွားပေါ့”
“ဝါး…လိုက်ပို့ပေး…ဝါး”
သားက ထိုသို့ပြောနေမှ …မိခင်ဖြစ်သော မြင့်မြင့်စန်း
လည်း သဘောပေါက်သွားသည်။
“သြော် …အေး…အေး၊ အိပ်ရာက ထတာနဲ့ ဖွားဖွား
ကြီးတို့အိမ် သွားကြမယ် ဟုတ်လား၊ ဖွားဖွားတို့ အိုး
လည်း ပို့စရာ ရှိသေးတယ်…အိပ်…အိပ်၊ မနက်စော
စော သွားမယ်”
မိခင်ဖြစ်သူက တင်ပါးကို တစ်ချက် နှစ်ချက် ရွရွလေးပုတ်ပြီး မနက်သွားမည်ဟု ပြောလိုက်မှ
သားဖြစ်သူ ပြန်၍ အိပ်ပျော်သွားခဲ့သည်။
“ကျမတို့ အိမ်ကို သူတို့အိမ်က ဒန်အိုးနှင့် ဟင်းရည်
ထည့်လာပြီး ပြန်မပို့ရသေးလို့ ကလေးကို နှိုးပြီး လူ
ကြီးတွေကို သတိပေးတာ”
ဇနီးဖြစ်သူက ယောကျ်ားဖြစ်သော ကိုလွင်အား
ကလေးငိုရခြင်းအကြောင်းကို ရှင်းပြလိုက်သည်။
“တော်တော့်ကို ကပ်စေးနဲတဲ့ အဖွားကြီး”
ကိုလွင်က ထိုသို့ မှတ်ချက်ပေးသည်။ ကလေး
အိပ်သွားပေမယ့် မြင့်မြင့်စန်းနှင့် ကိုလွင်တို့က
ချက်ချင်း ပြန်အိပ်မပျော်တော့။
“ညနေက မမြရင်က မုန့်ဟင်းရည်တွေ ပိုတာနဲ့ ထည့်ပေးလိုက်တာ၊ အိုးကို ချက်ချင်းပြန်မပို့လို့
လာပြန်တောင်းတာ ဖြစ်ရလေ ဒေါ်ကြီးရယ်”
မြင့်မြင့်စန်းက ထိုမျှပြောပြီး ပြန်အိပ်ပျော်သွားသည်။
ကိုလွင်က ပြန်အိပ်မရတော့။ သေပြီးသည်မှာ တစ်
နှစ်ရှိသည်တိုင် အိမ်ကြီးကို အစွဲအလန်းကြီးပြီး မ
ကျွတ်မလွတ်သေးသော ဒေါ်လုံးတင်၏အကြောင်း
ပြန်လည် တွေးနေမိတော့သည်။
XXXXXX
ဒေါ်လုံးတင်တို့က ရန်ကုန်ဇာတိ မဟုတ်ပါ ။ ဇာတိက
မိတ္တီလာဒေသမှ ဖြစ်သည်။ ထိုဒေသမှနေ၍ ရေကြည်ရာ
မြက်နုသို့ ပြောင်းလာကြခြင်းပါ။ ရန်ကုန်ရောက်တော့
ကြည့်မြင်တိုင်မှာ နေကြသည်။ ထိုကြည့်မြင်တိုင် ကျူး
ကျော်ရပ်ကွက်ကို ဖျက်၍ တောင်ဥက္ကလာမြို့သစ်
အကွက်ရိုက်၍ နေရာချပေးသည်။
သို့ကြောင့် ကြည့်မြင်တိုင်မှ တောင်ဥက္ကလာပမြို့သစ်သို့
ပြောင်းရွေ့လာကြသည်။ ဒေါ်လုံးတင်က တောင်ဥက္ကလာ
ဆယ့်သုံးရပ်ကွက်မှာ ပေ လေးဆယ်/ခြောက်ဆယ်
တစ်ကွက် ရလိုက်သည်။ ထိုမြေကွက်တွင် ယာယီဝါးတဲ
ထိုး၍ နေထိုင်ခဲ့သည်။
ထိုနေရာက ရပ်ကွက်အသစ်ဖြစ်၍ သစ်ပင်ဝါးပင် အပင်
ကြီးများ မရှိ။ သို့ပေမယ့် ဒေါ်လုံးတင်ခြံအတွင်း မန်ကျည်း
ပင်ကြီးတစ်ပင် ရှိနေသည်။ လမ်းများကလည်း အကွက်
ရိုက်မြေဖို့ ထားသဖြင့် မိုးတွင်းဆိုလျှင် ခြေမျက်စိမြှုပ်
သည်အထိ ဗွက်များရုန်း၍ သွားရသည်။
ဒေါ်လုံးတင်က နယ်မှ တူနှစ်ယောက်နှင့် တူမတစ်ယောက်ကို ခေါ်ကာ ရန်ကုန်တွင် အလုပ်ရှာ လုပ်စေသည်။ ဒေါ်လုံးတင်က အပျိုကြီးဖြစ်သည်။
အိမ်ထောင်ပြုရန်လည်း စိတ်မကူး၊ ရန်ကုန်လာစဉ်က
မောင်ဖြစ်သူ လင်မယားနှင့် အတူ လာပြီး ကြည့်မြင့်
တိုင် ကျူးကျော်ရပ်ကွက်မှာ လေးငါးနှစ်မျှ အတူ
နေခဲ့သည်။
ရပ်ကွက်ဖျက်ပြီး တောင်ဥက္ကလာတွင် နေရာပေးမည်
ဟု အမိန့်စာထွက်လာစဉ် ထိုရပ်ကွက်အခြေအနေကို
သွားလေ့လာကြည့်ရှုပြီး ရပ်ကွက်အသစ်မှာ မနေချင်
ဟုဆိုကာ မိတ္တိလာသို့ လင်မယားနှစ်ယောက် သားသ
မီးများနှင့်အတူ ပြန်သွားကြသည်။
ဒေါ်လုံးတင်က သတ္တိရှိရှိနှင့် ရရှိသော မြေကွက်ကို
ယူပြီး ပြောင်းလာခဲ့ခြင်း ဖြစ်သည်။ နေထိုင်၍ အ
တည်တကျဖြစ်သည့်အခါ ရပ်ကွက်ဈေးတွင် ဟင်း
သီးဟင်းရွက် ရောင်းသည်။ ဈေးရောင်းပေမယ့်
အသား၊ ငါး ဝယ်မစား ရောင်းမကုန်၍ ကျန်သော
ဟင်းသီးဟင်းရွက်များကိုသာ ချက်စားသည်။
ခြံအတွင်း အိမ်ရှေ့၌ရှိသော မန်ကျည်းပင်ကလည်း
အမြင့်ပေနှစ်ဆယ်ခန့်ရှိသည်။ ထိုအပင်မှာ မန်ကျည်း
ရွက်များ နုသည်နှင့် အပင်ပေါ် ကိုယ်တိုင်တက်ကာ
ရွက်နုများကို ခူးသည်။
ဈေးသိမ်းပြီး အိမ်ပြန်ရောက်လျှင် ထမင်းစားသည်၊
ထမင်းစားပြီးသည်နှင့် တနေကုန် မန်ကျည်းပင်
ပေါ်တက်ကာ မန်ကျည်းရွက်နုများကို ခူးတော့သည်။
မန်ကျည်းရွက်နု ရောင်း၍ ရသည့်ငွေ၊ ဟင်းသီးဟင်း
ရွက်ရောင်း၍ရသည့် အမြတ်ငွေတို့ကို မစားရက်
မသောက်ရက် စုသည်။ အိမ်မှာ ဟင်းချက်လျှင်
ဟင်းရွက်အနွမ်းအရော်များသာ နေ့စဉ်ချက်သဖြင့်
တူနှင့်တူမတို့က မစားနိုင်။
ဒေါ်လုံးတင်အလစ်မှာ ဟင်းဝယ်ပြီး စားကြသည်။
သူတို့ ရှာဖွေလုပ်ကိုင်သမျှ သူတို့ဝတ်တာ၊ စား
တာနှင့်ပင် ကုန်နေသည်။ ဒေါ်လုံးတင်အား ပြန်
လည်ထောက်ပံ့မှု မပေးနိုင်ကြ။
ဒေါ်လုံးတင်ကလည်း သူတို့ထံက အထောက်အပံ့
ငွေမရလည်း ပြသာနာမရှိ။ သူ့ထံက တစ်ပြားတစ်
ချပ် မထုတ်ပေးရလျှင် ပြီးပြီဟု သဘောထားသူဖြစ်
သည်။ သုံးလတစ်ခါ၊ လေးလတစ်ခါ စု၍ရသော
ငွေများကို အလကား သိမ်းမထား၊ အိမ်ကောင်း
ကောင်းတစ်လုံးဆောက်ရန် ရည်ရွယ်ချက်နှင့်
ပျဉ်းကတိုးသား၊ ကျွန်းသားများ ရသမျှ ငွေဖြင့်
ဝယ်၍ပုံထားသည်။
အကာနှင့်အခင်းအတွက် ပျဉ်းကတိုး ရှာထိုးများကို ဝယ်ယူစုဆောင်းထားသည်။ ဝါးအိမ်လေး၏ ခေါင်း
ရင်းမှာ သစ်ပုံကြီးက တစ်နှစ်ပြီး တစ်နှစ် များများ
လာသည်။ အသိလက်သမားကို အိမ်တစ်လုံးပြီးရန်
သစ်အရွယ်အစား၊ သစ်အရှည် ဘယ်နှချောင်း၊ တိုင်
အတွက် ခြောက်လက်မပတ်လည် ပျဉ်းကတိုး ဘယ်
နှစ်ချောင်း၊ ပေအရှည် စသဖြင့် တွက်ချက်ခိုင်းပြီး
စာရင်းစာရွက်အတိုင်း တဖြည်းဖြည်းချင်း ဝယ်ခဲ့သည်။
လေးနှစ်အတွင်းမှ သစ်မျိုးစုံတစ်အိမ်စာ စုဆောင်း
ရရှိခဲ့သည်။ သို့ကြောင့် ခြေတံရှည် သုံးပင်နှစ်ခန်း၊
မီးဖိုဆောင်ကပ်၊ ပျဉ်းကတိုးနှင့် ကျွန်းများဖြင့်ပြီး
သော အိမ်ကြီးတစ်လုံးကို အပျိုကြီး ဒေါ်လုံးတင်
တစ်ယောက်တည်း ဈေးရောင်းပြီး ဆောက်နိုင်
ခဲ့သည်။ အိမ်အမိုးကို သွပ်ဖြင့် မိုးနိုင်ခဲ့သည်။
ကြည့်မြင်တိုင်မှ အတူတူပြောင်းရွေ့လာခဲ့ကြသော
မိသားစုတော်တော်များများ ရောက်ကာစကအတိုင်း
တိုးတက်မှု မရှိသေး၍ အပျိုကြီးဒေါ်လုံးတင် မစား
ရက် မသောက်ရက် အိမ်တစ်လုံးရအောင် ဆောက်
နိုင်ခဲ့သော အရည်အချင်းကို မြင်ပြီး အံ့သြနေကြသည်။
“တို့မှ သူ့လို အငတ်မခံပြီး မစုနိုင်ပေါင်၊ သေရင်
ကိုယ့်နောက်ပါမှာကျနေတာပဲ၊ သေရင် တူတွေ
တူမတွေ စံစားသွားမှာ နည်းနည်းလေးမှ သဘော
မပေါက်ဘူး”
ကွယ်ရာမှာ အကောင်းမြင်သူက အကောင်းပြောသလို၊
အဆိုးမြင်သူများကလည်း အဆိုးအမြင်နှင့် ဝေဖန်ကြ
သည်။ ဒါပေမဲ့ ဒေါ်လုံးတင်ကတော့ အိမ်ကြီးဆောက်
ပြီးသွားပေမယ့် အရောင်းအဝယ်မပျက် ရောင်းဝယ်
နေခဲ့သည်။ အိမ်ကြီးပေါ်မှာလည်း အိမ်ထောင်မကျ
သည့် တူနှစ်ယောက်၊ တူမတစ်ယောက်တို့က အခန့်
သားတက်နေထိုင်ကြပေမယ့် အဒေါ်စီးပွားရေးကို
ဝင်မကူ ကိုယ်ရသည့်ငွေ ကိုယ်တိုင်သုံးကြသည်။
အိမ်ဆောက်ပြီး ငါးနှစ်ခန့်ကြာမှ တူအကြီးကောင်
တင် နှင့် တူမအေးအေးတို့ ရပ်ကွက်တွင်းမှာပင် ရပ်
ကွက်သားများနှင့် အိမ်ထောင်ကျသွားသည်။
ဒေါ်လုံးတင်က တစိမ်းလက်မခံဟု အပြတ်ပြော
သဖြင့် အားလုံးအိမ်ခွဲနေထိုင်ကြသည်။ နောက်
နှစ်ရောက်တော့ အလတ်ကောင် တင်ဖေလည်း
ရပ်ကွက်က မိန်းကလေးနှင့်ပင် အိမ်ထောင်ကျ
သွားသည်။တင်ဖေက ထိုမိန်းခလေးအိမ်မှာ
သွားနေသည်။
သို့ဖြင့် အိမ်ကြီးမှာ အပျိုကြီးဒေါ်လုံးတင်တစ်ယောက်
တည်း ကျန်တော့သည်။ ထိုအချိန် အပျိုကြီးအသက်
က ခြောက်ဆယ်နား ရောက်နေပြီဖြစ်သည်။ ဒေါ်လုံး
တင်လည်း လူက ကပ်စေးနည်းပေမင့် အိမ်မှာ တစ်
ယောက်တည်း မနေတတ်။
သို့ကြောင့် ညောင်တုန်းမှာနေသည့် ညီမအရင်း၏
သမီးမမြရင်ကို အဖော်အဖြစ် သွားခေါ်ခဲ့သည်။ မမြ
ရင်အသက်က ဆယ့်ကိုးနှစ်ရှိပြီဖြစ်သည်။ မမြရင်
ရောက်လာသည့်အခါ အဒေါ်ဖြစ်သူအား ဈေးမ
ရောင်းရန် ပြောသော်လည်း မရ၊ ဈေးအရောင်း
မပျက် ရောင်းခဲ့သည်။
ငွေရေးကြေးရေးလည်း ပူစရာမရှိ၊ လက်ဝတ်လက်စား
များပင် ဝယ်ယူစုဆောင်းနိုင်ခဲ့ပြီ၊ ဈေးမရောင်းပါနှင့်
ပြောသော်လည်း မရ၊ သို့ကြောင့် ဈေးတွင် ဈေးသွား
မရောင်းပဲ အိမ်ရှေ့တွင် ဆိုင်လေဆောက်ကာ ဈေး
ရောင်းရန် ပြောမှ အိမ်ဆိုင်လေး ထွက်ဖြစ်သည်။
အဒေါ်မရောင်းလျှင် တူမရောင်းသည်။ တူမက
အမြဲတမ်း မရောင်းရ။ လူစည်လူကျသောအချိန်
သူကိုယ်တိုင်ရောင်းသည်၊ ငွေရေးကြေးရေး တူမ
ကိုပင် စိတ်မချ။
ထို့နောက် နယ်မှ မောင်ဖြစ်သူ နေမကောင်း၍ ရန်
ကုန်ဆေးရုံကြီးမှာ ဆေးကုရန် ဒေါ်လုံးတင်အိမ်သို့
ရောက်လာသည်။ ကြည့်မြင်တိုင်မှာ အတူနေခဲ့သော
မောင်ဖြစ်သည်။ ဆေးရုံရောက်ပြီး တစ်ပတ်ပင်မကြာ
အသက်သေဆုံးသွားခဲ့သည်။
ဆေးရုံရေခဲတိုက်မှာပင်ထားပြီး သင်္ဂြိုဟ်လိုက်သည်။
ရက်လည်ဆွမ်းကပ်တော့ ဘုန်းကြီးသုံးပါးပင့် ဆွမ်း
ကပ်ပြီး သပိတ်သွတ်လိုက်သည်။ ရပ်ကွက်အတွင်း
မည်သူ့ကိုမှ မဖိတ်ကြားခဲ့။
မောင်ဖြစ်သူ သေဆုံးပြီး နောက်တစ်နှစ်မှာ လေဖြတ်
ရောဂါ ရလာသည်။ သို့ကြောင့် အိပ်ရာထဲ လဲတော့
သည်။ အဒေါ်ဖြစ်သူ နေမကောင်းသဖြင့် တူနှစ်ယောက်
နှင့် တူမတို့က လူမမာလာကြည့်ရှုဆိုသည်ဆိုပြီး မမြရင်
လစ်သည်နှင့် သေတ္တာထဲရော၊ ချောင်ကြိုချောင်ကြား
ပါမကျန် နေရာအနှံ့ရှာသည်။
ဒေါ်လုံးတင် ဝယ်ယူစုဆောင်းထားသော ရွှေငွေ
လက်ဝတ်လက်စားများကို ရှာဖွေယူငင်ကြသည်။
နောက်ဆုံးလေဖြတ်၍ မလှုပ်ရှာနိုင်သော ဒေါ်လုံးတင်၏နားမှာဝတ်ဆင်ထားသော နားကပ်ကို
အကြီးကောင် တင်ငွေက ချွတ်ယူသွားပြန်သည်။
မမြရင်သိတော့ ရန်ဖြစ်ရုံမှလွဲ၍ ပြန်ရအောင် မတောင်း
နိုင်။ အားလုံးဒေါ်လုံးတင်၏ တူနှင့်တူမများ ဖြစ်နေကြ
သည် မဟုတ်ပါလား။ ဒေါ်လုံးတင်တစ်ယောက် ပါးစပ်
က ဘာမှ မပြောနိုင်ဘဲ မျက်လုံးနှစ်ဘက်မှ မျက်ရည်
များသာ တစ်ပေါက်ပေါက်ကျရင်း မကျေမနပ် ရှိနေ
တော့သည်။
ထိုသို့ လေဖြတ်၍ အိပ်ရာပေါ်မှာ သုံးလနီးပါး လဲနေရာ
က နောက်ဆုံးတော့ သေမင်းခေါ်ရာနောက်သို့ လိုက်ပါ
ခဲ့ရတော့သည်။ ထိုအချိန်မှာစ၍ လူမမာအဖြစ် ရှိနေခဲ့
စဉ်က မျိုသိမ့်ထားရသမျှ ပွင့်အံထွက်သည့်အလား
ဒေါ်လုံးတင်ဝိညာဉ်၏ နှောင့်ယှက်မှုများကို မကြာခဏ
ကြုံတွေ့ရတော့သည်။
သူ၏နှမြောတွန့်တိုမှုများကို နာရေးသို့ မကင်းရာ
မကင်းကြောင်း သတင်းလာမေးသူများအပေါ်
ပြုမှုရာက အစပြုခဲ့သည်။
ဒေါ်လုံးတင် သေဆုံးသည့်အချိန်ကာလက အိမ်မှာ
သုံးရက်ထားပြီးမှ မိမိတို့မြို့နယ် နီးစပ်ရာသင်္ချိုင်းမှ
သာ သင်္ဂြိုဟ်ခဲ့သည်။
ကျိုက္ကဆံသင်္ချိုင်းရှိသေးသဖြင့် ထိုသင်္ချိုင်းမှာ သုံးရက်
နေလျှင် သင်္ဂြိုဟ်မည်ဖြစ်သည်။ ပထမသေသည့် ည
က အလောင်းကို အခေါင်းသွင်းထားပြီး အိမ်အောက်
မချရသေးပေ။ ရပ်ကွက်ထဲမှာ မကင်းရာ မကင်းကြောင်း
ရောက်လာကြသူများကို အိမ်ပေါ်မှာ ရေနွေးကြမ်း၊
ကွာစေ့၊ ဆေးပေါ့လိပ်များချ၍ ဧည့်ခံနေသည်။
ရေနွေးကြမ်းအိုး တစ်ခါထည့်ကုန်၍ နောက်တစ်ခါ
ထည့်ပြီး လာချလျှင် ရေနွေးကြမ်းအိုးကို လူကြားထဲ
မှ ဘေးသို့ ဆွဲသွားသည်။ ဆေးလိပ်များလည်း ထည့်
လိုက်၊ ပျောက်လိုက် ဖြစ်နေသည်။ ထိုအခါ လူကြီး
များက…
“ဟာ …ဒေါ်လုံးတင်တို့များ သေတာတောင် ကပ်စီးနဲ
နေသေးတယ်”
“ဟုတ်ပါ့ဗျာ၊ ဆေးလိပ်က ပိုက်ဆံနဲ့ ပေးဝယ်ရလို့
မသထာ ကိစ္စမရှိဘူး၊ အဝီစိကရတဲ့ ရေကိုကြိုထား
တဲ့ ရေနွေးတောင် မသထာဘူး”
တစ်ကြိမ်မက နှစ်ကြိမ် သုံးကြိမ် ဖြစ်နေတော့ ရေ
နွေးကြမ်း လာချပေးသော တူမ မမြရင်က…
“ဒေါ်ကြီး ကိုယ့်အိမ်လာလည်တဲ့ လူတွေကို ဧည့်ခံနေ
တာ အဲလို မလုပ်ပါနဲ့၊ အခုလို လုပ်နေရင် နောက်ည
တွေ ဘယ်သူမှ လာတော့မှ မဟုတ်ဘူး”
ထိုသို့ ပြောလိုက်မှ ရေနွေးအိုး၊ ရေနွေးဗန်း၊ ဆေး
လိပ်ယူသွားခြင်းကို မပြုလုပ်တော့ပေ။ လူတွေ
အားလုံးနီးပါး ပြန်သွားကြပြီး မကင်းရာမကင်း
ကြောင်း လူများသာ ကျန်တော့သည်။ ထိုအခါမှ
အခေါင်း၏ နောက်ကျောဘက်တွင် ဆေးပေါ့လိပ်
ဆယ်လိပ်ခန့်မျှကို တွေ့ကြရသည်။
ဧည့်သည်များ ကုန်အောင်သောက်သွားမည်ဆိုး၍
နှိုက်ယူထားခြင်းဖြစ်သည်။ ထိုညအပြင် နောက်ည
မှာလည်း ပြဿနာ အနည်းအငယ်တော့ ဖြစ်လိုက်
သေးသည်။ သုံးရက်မြောက်နေ့မှာ အသုဘချသည်။
အသုဘချပြီး ညနေပိုင်း အပြင်လူမရှိတော့။
ဒေါ်လုံးတင်၏ တူနှစ်ယောက် မိသားစု၊ တူမမိသား
စုနှင့် နယ်မှရောက်လာသော ဒေါ်လုံးတင် အမျိုး
တစ်စုသာ ရှိတော့သည်။ ဒေါ်လုံးတင်၏တူ တင်ငွေနှင့်
တင်ဖေတို့က အရက်လေး တမြမြ ဖြစ်နေသည်။
တင်ငွေက အိမ်ပေါ်မှာ အသိမိတ်ဆွေများနှင့် စ
ကားထိုင်ပြောနေသည်။ တင်ဖေက အိမ်ရှေ့မှာ
တည်ထားသော ရေနွေးဒန်အိုးကြီးကို မီးထိုးနေ
သည်။ ရေတစ်ထမ်းကောင်းစွာဝင်သော ရေနွေး
တည်သည့် ဒန်အိုးကြီးအတွင်း ရေနွေး ဆူလိုက်
ထည့်လိုက်၊ ရေထပ်ဖြည့်လိုက်နှင့် တစ်နေ့လုံး
မီးဖိုပေါ်မှ မချဘဲ တည်ထားခြင်းလည်းဖြစ်သည်။
“ကိုတင်ဖေ နေ့ခင်းက အလောင်းထမ်းပိုးတဲ့ကောင်တွေ
အရက်သောက်ချင်သေးတယ်လို့ ပြောနေတယ်”
“သင်္ချိုင်းက ပြန်လာတုန်း နှစ်ပုလင်းတောင် ပေး
လိုက်သေးတယ်”
“ကျော်မြင့်နဲ့ ဋ္ဌေးဝင်းတို့က ရှိသေးရင် သောက်ချင်
သေးတယ်တဲ့”
ကျော်မြင့်က သူ့မိန်းမ၏ မောင်၊ သူ၏ယောက်ဖဖြစ်
သဖြင့် ပြဿနာ ရှာမနေတော့ဘဲ…
“အေး…ဒါဆို၊ နှစ်ပုလင်း သွားဝယ်ခဲ့၊ ရော့ ပိုက်ဆံ”
“ငါ ဒီအုန်းပင်ပေါ်က အုန်းသီးလေးငါးလုံးတက်ခူးထား
မယ်၊ အုန်းရေနဲ့ အရက် ရောသောက်ရမယ်”
“ခင်ဗျား တတ်နိုင်ရင် တက်ထားလေ…ဟိုကောင်
တွေကိုပါ ဝင်ခေါ်ခဲ့မယ်”
အောင်စိုးက အရက်ဝယ်ရန် ထွက်သွားသည်။
တင်ဖေလည်း အုန်းပင်ပေါ်တက်ရန် ပြင်ဆင်
တော့သည်။ သူရွာမှာနေစဉ်က အုန်းပင်တက်နေကျ။
ယခု အုန်းပင်က အမြင့်ဆယ့်ငါးပေခန့်သာရှိသဖြင့်
အသာလေး တတ်နိုင်သည်။
သို့ကြောင့် ပုဆိုးကို ခါးတောင်းမြောက်အောင် ကျိုက်
ပြီး သစ်ပင်ပေါ်သို့ စတင်တက်လိုက်သည်။ တင်ဖေ
တစ်ယောက် ပင်စည်တစ်ဝက်ခန့်ပင် မရောက်သေး။
အုန်းပင်ထိပ်ဖျားက မည်ကဲ့သို့ ဖြစ်သွားသည် မသိ။
ဝေါခနဲ လှုပ်ရှားသွားကာ…
“ဝုန်း”
“ဂျိန်း”
“ဟာ”
“ဟဲ့ …ဟဲ့ …ဘာသံကြီးလဲ”
“ဘာက်တာလဲ”
အိမ်ပေါ်မှာ ထိုင်စကားပြောနေသူများ အိမ်အောက်သို့
အပြေးဆင်းလာသူက ဆင်းလာ၊ အိမ်ပြတင်းပေါက်
မှကြည့်သူက ကြည့်၊ အသံမျိုးစုံ မေးကြတော့သည်။
ထိုအချိန် တင်ဖေက အုန်းပင်ပေါ်က ပြန်ဆင်းလာ
သည်ကို အားလုံး တွေ့ကြတော့၊ တင်ဖေ အုန်းသီး
တက်ခူးသဖြင့် အုန်းခိုင်ကျတာဟု ထင်ကြသည်။
“တင်ဖေ…နင့်ကို ဒေါ်လေး ကန်ချလိုက်ပြီလားလို့”
“ဘယ်မှာလဲ အုန်းခိုင်”
“ဟိုမှာ…ကျုပ်အပင်ပေါ်တောင် မရောက်သေးဘူး
တက်မလို့ပြင်ရုံပဲ ရှိသေးတယ်၊ အုန်းပင်ပေါ်က
အုန်းသီးနဲ့ ပစ်ချလို့ ”
“မသေကောင်း မပျောက်ကောင်းကွာ”
ဖြစ်ပုံက တင်ဖေ အုန်းပင်တစ်ဝက်ခန့်ပင် တက်ရ
သေးသည် အုန်းပင်ပေါ်မှ အုန်းသီးတစ်လုံးကို အုန်း
ပင် ပင်စည်နှင့် ဆယ်ပေခန့် အကွာမှာ တည်ထား
သော ရေနွေးဒန်အိုးအဖုံးပေါ်သို့ အားကုန်ပစ်ချ
လိုက်သကဲ့သို့ ကျသွားသည်။
ရေနွေးဒန်အိုးအဖုံးကြီးက အုန်းသီးပစ်ချသည့်အတွက်
ကန်တော့ကြီးဖြစ်ကာ အိုးထဲသို့ ကျွံဝင်သွားသည်။
“ဟာ အစ်ကိုကလည်း အဒေါ်ရဲ့ နာရေးမှာ အကူ
အညီ မပေးဘဲ အနှောင့်အယှက်ပေးသလို ဖြစ်နေပြီ”
“ငါ တောင်းပန်ပါတယ်”
ဒေါ်လုံးတင် ဝိညာဉ်က တင်ဖေ အုန်းပင်ပေါ်သို့ ရောက်လျှင် တစ်ခိုင်လုံး ခုတ်ချမည်ဖြစ်၍ တစ်ခိုင်လုံး
တော့ အခုတ်မခံ၊ အုန်းသီးတစ်လုံးကို မကျေမနပ်
နှင့် ခူးပြီး ပစ်ချလိုက်ခြင်း ဖြစ်တော့သည်။
သို့ကြောင့် ရိုးရိုးတန်းတန်း ဒန်အိုးပေါ် အုန်းသီးကျ
ပါက ဒန်အိုးအဖုံး ချိုင့်သွားကာ အုန်းသီးလွင့်စင်သွား
မည်ဖြစ်သည်။ ယခု ထိုသို့ မဟုတ်၊ ဒန်အိုးထဲ အုန်း
သီးရော ဒန်အိုးအဖုံးပါ ကျွံဝင်သွားကာ အုန်းသီးအား
ဒန်အိုးအဖုံးက ပတ်လိုက်သကဲ့သို့ ဖြစ်သွားသည်။
အရှိန်ပြင်းပြင်းနှင့် ပစ်ချလိုက်ခြင်းကြောင့် ပုံသွင်း
သလို ဖြစ်သွားရခြင်းဖြစ်သည်။ မမြင်ရလည်း ဒန်အိုး
အဖုံးအစား ဝယ်ပေးလိုက်ရတော့သည်။
ရက်လည် သပိတ်သွတ်တွင် ကျွေးရန် မုန့်ဟင်းခါး
အချိန် ငါးဆယ်မှာမည်ဟု ဆွေမျိုးများ တိုင်ပင်နေ
ကြသည်။ ထိုစဉ် အိမ်ခေါင်မိုးပေါ်သို့ ခဲများ တဒုန်း
ဒုန်းနှင့် ကျလာသည်။ ထရံကိုလည်း ထုရိုက်နေသည်။
ထိုအခါ ရပ်ကွက်အတွင်းမှ ဟင်းချက်ရန် တာဝန်
ယူမည့် ဒေါ်ရီက…
“ဟဲ့ မြရင်…နင့်အဒေါ်က မုန့်ဟင်းခါ အချိန်ငါးဆယ်
ကျွေးမယ်ဆိုတာ မကျေနပ်လို့ အိမ်ကို လာထုရိုက်
နေတာ ဖြစ်မယ် အချိန်သုံးဆယ်လောက်ပဲ လုပ်ပေါ့
ကုန်တဲ့အချိန်ရပ်လိုက်၊ သူက ညည်းသိတဲ့အတိုင်းပဲ
သူ့ဝမ်းတောင် သူမသထာတာ… အချိန်ငါးဆယ်
လောက် ကျွေးမှာဆိုတော့ သူ ကျေနပ်မှာ မဟုတ်ဘူး”
“ကဲ …ဒေါ်ကြီးရေ၊ မုန့်အချိန်ငါးဆယ် မကျွေးတော့
ဘူး အချိန်သုံးဆယ်ပဲ ကျွေးတော့မယ်”
မမြရင်က အသံကုန်ဟစ်လိုက်တော့မှ ခဲကျခြင်း၊
ထရံကို ထုရိုက်ခြင်း မပြုတော့ချေ။
အကျွေးအမွေးရက်မှာလည်း ဒေါ်လုံးတင်၏ ကပ်စေးနဲ
မသထာမှုက ရပ်ကွက်သူ ရပ်ကွက်သားတို့၏ ပါးစပ်မှ
ပြောစမှတ် ဖြစ်ခဲ့ရသည်။ ငိုအားထက် ရယ်အားသန်ရ
သည့်အဖြစ်။ လူငယ် လူရွယ်အချို့က မုန့်ကို သုံးလေး
ပန်းကန်ကုန်အောင် စားနိုင်ကြသည်။
မုန့်ဟင်းခါးကြိုက်သော အချို့အမျိုးသမီးများကလည်း
သုံးလေးပန်းကန်တော့ အသာလေးပင်။
ထိုသို့ နာရေးလာသူများအား မုန့်ဟင်းခါးဖြင့် ဧည့်ခံ
စဉ်ပြင်ထားသောတစ်ပန်းကန်ကိုစား၍ အကြောင်း
မဟုတ်သေး။ မဝသေး၍ ထပ်ယူသည် အကြောင်း
မဟုတ်။ နှစ်ပန်းကန်ကုန်၍ သုံးကြိမ်မြောက် ထည့်
သူများ ပန်းကန်ဆွဲယူခံရသူများ ရှိသလို…နရင်းအ
ပုတ်ခံရသူများလည်း ရှိသည်။
ထိုအခါ…သုံးကြိမ်မြောက် ထည့်မစားကြတော့ဘဲ
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပန်း
ကန်ချကာ ဝိုင်းထဲမှ ထွက်ကြရတော့သည်။
“မင်းလိုတော့ ပန်းကန်အဆွဲ မခံရဘူး၊ ငါ သုံးပန်း
ကန်မြောက် ထည့်မယ်လည်း လက်လှမ်းရော ငါ့
ဇက်ကို ပုတ်လိုက်တယ်၊ ငါလည်း မုန့်ထပ်မထည့်
တော့ဘဲ ထခဲ့တာ”
“ငါ့ ဟိုဘက်က အစ်မကြီးက ငါ ခံလိုက်ရတာကို
သိလို့ ပြုံးပြီး ကျန်ခဲ့တယ်…ငါ့ဒီဘက်မှာ ဘယ်သူ
မှ မရှိဘူး။ တကယ်ပါပဲကွာ…ကပ်စေးနဲလိုက်တာ
လွန်ရော”
“မင်းကို ရိုက်တာ ဖြည်းဖြည်းလား ပြင်းပြင်းလား”
“ခပ်ရွရွပါပဲ…သိသာအောင် လုပ်ပြတာ”
အမျိုးသမီးအုပ်စုများကလည်း ဒေါ်လုံးတင်အကြောင်း
သိ၍စားနိုင်သမျှ ထည့်စားမည်ဟု တိုင်ပင်ကာ စား
ကြသည်။
“မင်းကို ရိုက်တာ ဖြည်းဖြည်းလား ပြင်းပြင်းလား”
“ခပ်ရွရွပါပဲ…သိသာအောင် လုပ်ပြတာ”
အမျိုးသမီးအုပ်စုများကလည်း ဒေါ်လုံးတင်အ
ကြောင်းသိ၍ စားနိုင်သမျှ ထည့်စားမည်ဟု တိုင်
ပင်ကာ စားကြသည်။ သူတို့ ထင်သည့်အတိုင်းပင်
ပန်းကန်အဆွဲခံရသူက ခံရ၊ ဇက်ကို အပုတ်ခံရသူက
အပုတ်ခံရ ပြောမဆုံးဖြစ်နေကြသည်။
အများနှင့် ဆိုတော့ မကြောက်ကြ။ အစားကြီးတဲ့
ကောင်မတွေ ဒေါ်လုံးတင်နဲ့မှပဲ လက်မြှောက်ကြ
တော့တယ်ဟု စကြ၊ ပြောင်ကြသည်ကို ခံရတော့
သည်။သို့ဖြင့် ရက်လည်အကျွေးအမွေးကိစ္စ ပြီး
မြောက်ခဲ့တော့သည်၊ ညဘက် တူအကြီးတင်ငွေနှင့်
ဇနီးသားသမီးတို့ လာစောင့်အိပ်ပေးသည်။ စကား
ထိုင်ပြောနေကြပြီး ဆယ့်နှစ်နာရီခန့် ရောက်မှ
အားလုံး အိပ်ကြသည်။
ညတစ်နာရီခန့်ရောက်တော့ တင်ငွေအား ခြေရင်း
ဘက်သို့ ခြေထောက်နှစ်ချောင်းကို ဆွဲချသွားသည်။
“အား…အား …အား…လွှတ်…လွှတ်”
“ဟဲ့ …ဟဲ့…အစ်ကို …အစ်ကိုက ဘာဖြစ်တာလဲ”
“ငါ့ကို ဒီအထိ ဆွဲချလာလို့ ”
“ခြေထောက်ကို ဆွဲသွားတာလား”
“ဟုတ်တယ်”
“ဒုက္ခပါပဲ…ဒေါ်ကြီးက သူ့အိမ်ပေါ် ငါတို့လာအိပ်တာ မကျေနပ်ဘူးလား မသိဘူး”
“ဒေါ်ကြီးနော် …ဒေါ်ကြီးရဲ့တူမ မြရင်ကြောက်မှာ
စိုးလို့၊ လာစောင့်အိပ်ပေးတာ၊ အခုလို လုပ်နေမယ်
ဆိုရင် ကျနော်တို့ လာမအိပ်တော့ဘူး..ပြန်မယ်”
“ဒုန်း…ဒုန်း…ဒုန်း”
သူ့စကားဆုံးသည်နှင့် မကျေနပ်သည့်အလား ခြေ
ဆောင့်သံများ အနီးကပ်ကြားလိုက်ရသည်။
“ဒေါ်ကြီးက ငါတို့ လာအိပ်ပေးတာ ကျေနပ်ပုံ
မရဘူး။ ပြန်ကြမယ်”
“အို …အစ်ကိုတင်ငွေကလည်း ပြန်မနေပါနဲ့၊
ကိုယ့် အဒေါ်ပဲ သည်းခံလိုက်ပါ။ ပြန်ရအောင်
ကလည်း နီးတာ မဟုတ်ဘူး။ အချိန်မတော်
ကလေးတွေနဲ့ မကောင်းပါဘူး”
တကယ်တော့ တင်ငွေ၊ တင်ဖေ၊ အေးအေးတို့က
ဒေါ်လုံးတင် ဝယ်ယူစုဆောင်းထားသော လက်
ကောက်နှစ်ကွင်း၊ ဆွဲကြိုးတို့ကို ရှာဖွေယူဆောင်
သွားသလို တင်ငွေကလည်း ရက်စက်စွာ လေဖြတ်
နေသော ဒေါ်လုံးတင်နားမှ နားကပ်ကို အတင်း
အဓမ္မ ဖြုတ်ယူသွားသည်။
သူတို့သုံးယောက်ကို ဒေါ်လုံးတင် တမလွန်ရောက်
သည်အထိ မကျေချမ်းနိုင်ခြင်း ဖြစ်ပုံရသည်။ သူတို့
ကိုယ်တိုင်လည်း သိကြသည်။ အလွန်မှ ကပ်စေးနဲ
သော ကြီးတော်ထံမှ ရွှေထည်များ၊ မကျန်းမားစဉ်
လက်ဦးမှုယူကာ သုံးယောက်သား ခွဲဝေယူခဲ့ကြ
သည် မဟုတ်ပါလား။
သို့ကြောင့် မိမိတို့ကလည်း မကောင်းခဲ့၍ သည်းခံ
ပြီး တစ်ညလွန်မြောက်ရန် ကြိုးစားအိပ်လိုက်ရတော့
သည် ထိုည တစ်ညလုံး မည်သူမှ မအိပ်ရတော့။
အိမ်ရှေ့၊ အိမ်ပေါ် အိမ်အောက်မကျန် ထရိုက်သံ
ခြေနင်းသံများ ကြားနေရသည်။
မိုးလင်းမှပင် ထိုအသံများ ငြိမ်သွားတော့သည်။
တင်ငွေတို့မိသားစုလည်း စောစောပြန်သွားကြ
သည်။ ညဘက်ရောက်တော့ မိသားစုနှင့် မဆိုင်
သော ရပ်ကွက်အသိမိတ်ဆွေ လူကြီးသုံးယောက်
ကို မမြရင်က အဖော်ခေါ်ပြီး အိပ်ခိုင်းရတော့သည်။
လူကြီးအချို့က မမြရင်ကို အကြံပေးသည်။ အိမ်
မှာ အဖော်လည်းရအောင် ဝင်ငွေလည်းရအောင်
အိမ်အောက်ပိုင်း အခန်းဖွဲ့ပြီး ငှားရန်ဖြစ်သည်။
အိမ်ဆောက်စဉ်က ပိုနေသော သစ်တိုသစ်စများ အိမ်ခေါင်းရင်းဘက်တွင် အပုံလိုက်ရှိနေသေးသည်။
အိမ်ငှားမည့်သူ ရှာပြီး စပေါ်ငွေ ကြိုယူကာ ရှိသော
သစ်နှင့် အိမ်အောက်မှာ အခန်းဖွဲ့လျှင် ရနိုင်ကြောင်း
အကြံပြုသည်။
လူကြီးများ အကြံပြုသည့်အတိုင်း သူ့အတွက်လည်း
အဖော်ရအောင်၊ ဝင်ငွေလည်း ရအောင် အိမ်ငှားတင်
ရန် လက်သမားခေါ်ပြီး အခန်းဖွဲ့လိုက်သည်။ တစ်
ပတ်ကျော်အတွင်းမှာပင် လူငှားတင်၍ ရသော အခန်း
ရရှိတော့သည်။ အခန်းငှားမည့်သူက မမြရင်နှင့် သိ
ကျွမ်းခင်မင်သူ တစ်လမ်းတည်းနေ မြင့်မြင့်စန်းတို့
မိသားစု လေးယောက် ဖြစ်သည်။
မြင့်မြင့်စန်းနှင့် ကိုလွင်တို့က အိမ်ထောင်ကျပြီးသည်
မှာ လေးနှစ်ခန့်ရှိပြီ။ သမီးလေးတစ်ယောက်၊ သား
လေးတစ်ယောက် ရှိသည်။ အိမ်ခွဲနေရန် မမြရင်၏
အိမ်ခန်းကို ငှားခဲ့ခြင်းလည်း ဖြစ်သည်။
ဒေါ်လုံးတင်နှင့် မြင့်မြင့်စန်း၏ မိဘတို့က ငယ်မွေး
ခြံပေါက် မိတ်ရင်းဆွေရင်းများ ဖြစ်သည်။ ကြည့်မြင်
တိုင်မှ ပြောင်းရွှေ့လာသူ လူရင်းများဖြစ်သည်။
ယခု မြင့်မြင့်စန်းတို့ အိမ်ပြောင်းရွှေ့နေထိုင်ပေမင့်
မကျေနပ်သည် အရိပ်အယောင် လုံးဝမပြ။ ချိုးချိုး
ချွတ်ချွတ် အသံပင် မကြားရ။ မြင့်မြင့်စန်းတို့ အခန်း
မှာ ဘာမှမကြား ဘာမှမဖြစ်ပေမယ့် အိမ်ကြီးအပေါ်
မှာ ညဆယ့်တစ်နာရီဆို အချိန်မှန်စွာ ဖျာဆွဲခင်း
သည့် အသံ ကြားရသည်။
ထိုအဖြစ်ကို ပထမပိုင်း သတိမပြုမိသေး ကိုလွင်
က စာရေးသူမို့ ညဉ့်နက်သည်အထိ စာရေးလေ့
ရှိသည်။ အိမ်အပေါ်မှာ မီးမှိတ်ကာ မမြရင် အိပ်
သွားပြီဖြစ်ကြောင်း သိရသည်။ သို့သော် မမြရင်
အိပ်သွားပေမယ့် ညဆယ့်တစ်နာရီ ရောက်သည်နှင့်
ဖျာဆွဲခင်းလိုက်သောအသံက ပေါ်လာသည်။ ည
တိုင်း ဖျာခင်းသံ ကြားပေမင့် အမှတ်တမဲ့ ရှိခဲ့သည်။
နောက်ပိုင်း ညစဉ် ဆက်လာတော့ သတိထားမိ
လာသည်။ ထိုကြောင့် ကိုလွင်လည်း ဇနီးဖြစ်သူ
အား ထိုအဖြစ်ကို ပြောပြသည်။ ဇနီးမြင့်မြင့်စန်း
က စိတ်ဝင်စား၍ စောင့်ပြီး နားထောင်သည်။
“ဆယ့်တစ်နာရီ ထိုးတော့မယ် နားစွင့်ထား”
စိတ်လှုပ်ရှားစွာနှင့် နာရီကိုကြည့်၍ နားစွင့်နေကြ
သည်။ ထိုအချိန် အပေါ်မှ…
ဖျာကိုဆွဲ၍ ခင်းသောအသံမှန်း အသေအချာ သိ
လိုက်သည်။ သည်အချိန်က သက်ကြီးခေါင်းချချိန်
ဖြစ်သည်။ ကိုလွင်တို့မိသားစုကို အခြောက်အလှန့်
မရှိဟု ထိုပေမင့်၊ တစ်ရက် ညဘက် အပြင်က ဝက်
သားဟင်း ဝယ်ခဲ့သည်။ အိမ်မှာ မည်သူမှ မစားရ
သေးသဖြင့်ဝယ်သော ဟင်းနှင့် မိသားစုသုံးယောက်
ဝိုင်းထိုင်စားကြသည်။
ထမင်းဝိုင်းလည်း သိမ်းတော့မည်။ အားလုံးလည်း
ဝကြပြီ။ ဟင်းပန်းကန်ထဲမှာ ဝက်သားတစ်တုံး ကျန်
သေးသည်။ ထိုဝက်သားတုံးကို ကိုလွင်အား မြင့်မြင့်
စန်းက ခပ်ထည့်ပေးလိုက်စဉ်…
အနီးမှာ ဝိုင်းထိုင်စားနေသော သမီးလေးက
နောက်ကို ပစ်လှဲချလိုက်ကာ အားရပါးရ ငိုတော့
သည်။ ဘယ်လိုမှ ချော့မရ၊ ကလေးပါးစပ်မှ…
“ကုန်သွားပြီ …ကုန်သွားပြီ…ဝါး …ဝါး …ဝါး…
ဟီး…”
ထိုစကားသာပြောပြီး ငိုနေသဖြင့် ကိုလွင်လည်း ပန်း
ကန်ထဲက အသားတုံးက မစားဖြစ်သေး။
“သမီးစားချင်လို့လား …ဖေဖေ ပေးမှာပေါ့”
“ဝါး…ဝါး…ဝါး…ကုန်သွားပြီ”
ထိုအချိန် မြင့်မြင့်စန်းက တစ်ခုခုကို သတိရသွားသည့်
နှင့် ကိုလွင်အား…
“ရှင် ဟင်းကို ဝယ်လာပြီး ခြံဝမှာ အပြင်ကို စတိ
ပစ်လိုက်သေးလား”
“ဟာ…ကိုယ်မေ့သွားတယ်၊ မပစ်လိုက်ရသေးဘူး”
ထိုအခါမှ အသိဝင်လာပြီး ပန်းကန်ထဲမှာ ရှိသေးသော
အသားတုံးလေးတစ်တုံးကို ယူ၍ ခြံပြင်သို့ သွားပစ်
လိုက်သည်။
“မေ့လျော့သွားလို့ ခွင့်လွှတ်ပါ”
ထိုကဲ့သို့ ပစ်လိုက်မှ ချော့မော့မရအောင် ငိုနေသော
သမီးလည်း အငိုတိတ်သွားတော့သည်။
“နောက်ကို ညဘက် ဘယ်တော့မှ အသားတွေ
အသားဟင်းတွေ ဝယ်မလာခဲ့နဲ့ ”
ဟင်းနည်းသည့်အခါ၊ ဟင်းမချက်ဖြစ်သည့်အခါ အပြင်
မှ အသားဟင်းတစ်မျိုးမျိုး ညနေဘက် ညဘက်ဝယ်ခဲ့
ပါက အနည်းငယ်ဖဲ့ပြီး ခြံပြင်သို့ ပစ်သည့်အကျင့်က
ဤခြံရောက်မှ လုပ်ဖြစ်ခဲ့သည်။ ယခု မေ့လျော့သွား
သည်နှင့် ကလေးကို ဝင်ပူးကပ်ကာ အစာတောင်းခြင်း
ဖြစ်သည်။
ထို့ကြောင့် နောက်ကို ဘယ်သောအခါမှ အသားဟင်း
ညဘက် မဝယ်ရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
ဤသို့ဖြင့် ဒေါ်လုံးတင် သေဆုံးခဲ့သည်မှာ တစ်လပင်
ပြည့်ခဲ့ပြီ။ လပတ်ဆွမ်းကျွေးရန် တိုင်ပင်ကြသည်။
ဘုန်းကြီးငါးပါးပင့်၍ ဆွမ်းကျွေးမည်ဖြစ်သည်။
ထိုအချိန်မှာပင် မမြရင်၏ ဖခင်ဘက်မှ အမျိုးများ
တိုက်ဆိုင်စွာ ရောက်လာကြသည်။ ယောကျ်ားလူ
ရွယ်သုံးယောက်၊ မိန်းကလေးနှစ်ယောက် မမြရင်
ဖခင်၏ အစ်မနှင့် ညီမတို့ ဦးဆောင်ပြီး ရန်ကုန်မှာ
ဘုရား လာဖူးကြခြင်းဖြစ်သည်။
နှစ်ရက်အိပ် သုံးရက်နေမည်ဟု ဆိုကြသည်။
ကိုယ့် စားအိုးစားခွက်နှင့် လာသည်ဟု ရှင်းပြ
သဖြင့် မမြရင်ရဲ့စိုးရိမ်ပူပန်မှု ပြေလျော့သွားရ
သည်။ ညအိပ်တည်းရုံပဲ တည်းမည်ဟု ရောက်
ရောက်ခြင်း စကားပလ္လင်ခံထား၍ ခဲနှင့် ပစ်သံ၊
ထုရိုက်သံ၊ ခြေဆောင့်နင်းသံများ မကြားရ။
သို့ဖြင့် ဧည့်သည်များ ရောက်သည့် ဒုတိယမြောက်
ညနေပိုင်း လပတ်ဆွမ်းကျွေးရန်အတွက် အိမ်ပေါ်
မှာ အမျိုးသမီးများချက်ပြုတ်နေကြသည်။
ဧည့်သည်များ မနက်ပိုင်း ဘုရားလျှောက်ဖူး၍
နေ့နှစ်နာရီခန့် အိမ်ပြန်ရောက်လာပြီး ညနေပိုင်း
ချက်ပြုတ် ကြော်လှော်ရာမှ ဝိုင်းလုပ်ပေးနေကြ
သည်။ ဧည့်သည်လူငယ်များက အိမ်အောက်ခြံ
အတွင်းမှ ခုံများဖြင့် ထိုင်နေကြသည်။
ဧည့်သည်သုံးယောက်မှ တစ်ယောက်က အုန်းပင်
ပေါ်မှ အပြွတ်လိုက် သီးနေသော အုန်းခိုင်သုံးခိုင်
ကို တွေ့သွားသည်။
တစ်ယောက်က တစ်ယောက်ကို အုန်းရေ သောက်
ရအောင် တက်ခူးရန် အကြံပေးသည်။ ဒေါ်လုံးတင်
နာရေးရက်က အုန်းသီးပစ်ချခံလိုက်ရသော တင်ဖေ
အကြောင်း လူငယ်များ မသိကြ။ သို့ကြောင့် အ
ကြောက်အလန့်မရှိ၊ အုန်းသီးခူးရန် တိုင်ပင်ကြခြင်း
ဖြစ်သည်။
လူငယ်သုံးယောက်မှ အသက်နှစ်ဆယ်ခန့်ရှိ လူရွယ်
က သူတက်မည်ဟု ဆိုကာ ပုဆိုးကတောင်းကျိုက်၍
တက်သွားသည်။ ခဏအတွင်းမှာပင် အုန်းပင်တလက်
များ အရင်းသို့ ရောက်သွားသည်။
အုန်းခိုင်နှင့် လက်ထိရန် အနည်းငယ်မျှသာ လို
တော့သည်။ ထိုအချိန် အပင်အပေါ်မှ အုန်းပင်
တက်နေသော လူရွယ်၏ ခေါင်းအား ဖိနင်ချခြင်း
ခံလိုက်ရသည်။
“ဟာ…ဟာ…ခြေထောက်ကြီး”
လူရွယ်လည်း အုန်းပင်ကို ဖက်ထားသည့်လက်ကို
မလွှတ်ရဲ လွှတ်လိုက်ပါက ပြုတ်ကျပြီး သေရုံသာ
ရှိသည်။ သို့ကြောင့် အပေါ်က နင်းချခြင်း ခံနေရ
သော်လည်း လက်ကို မလွှတ်ဘဲ အားကုန်ဖက်ထား
သည်။ ထိုအခါ အုန်းပင်အပေါ်မှ အောက်သို့ ပင်
စည်ကို ဖက်လျက်နှင့် လျောကျလာတော့သည်။
အောက်သို့ ရောက်လာသော လူရွယ်မှာ လက်
မောင်းနှစ်ဘက်၏ အတွင်းဘက်အရည်ခွံများ၊
ဗိုက်သားတစ်ပြင်လုံးနှင့် ပေါင်နှစ်ဘက်အတွင်း
ပိုင်း အရည်ခွံများ စုတ်ပြတ်သတ်ကုန်တော့သည်။
အောက်ရောက်မှ…
“အား…အား…ကယ်ကြပါဦးဗျ”
နာကျင်ကြောက်လန့်စွာနှင့် ထအော်သဖြင့် အိမ်ပေါ်
မှ လူများ အောက်သို့ ပြေးဆင်းလာကြသည်။ မမြရင်
က ထိုအဖြစ်ကို မြင်တော့ …
“နင်တို့ကလည်း ဒီအုန်းဦးတွေပဲ မျက်စောင်းထိုးနေ
ကြတယ်၊ ကိုတင်ဖေ အုန်းပင်ပေါ်တက်လို့ အုန်းသီး
နဲ့ ပစ်ချလို့ ဒန်အိုးအဖုံးတစ်ခု အလျော်ပေးလိုက်ရ
တယ်။ အခုလည်း မသေရုံတမယ်ပဲ ”
“ဟာ…အစ်မကလည်း နာလို့ သေတော့မယ်၊ အား
…အမေ…ရေ…ကယ်ပါဦး”
ထို့နောက် လူရွယ်လည်း ခြေနှစ်ဘက်ကားပြီး ပုဆိုး
ပင် မကပ်၊ တစ်နေ့လုံး တစ်ညလုံး အခန်းအောင်းပြီး
အော်ဟစ်နေရတော့သည်။
ဘုရားဖူးပြီး သုံးရက်မြောက်နေ့မှ ဧည့်သည်များလည်း
လူနာကို ကားငှားပြီး ပြန်ခေါ်သွားကြသည်။ ဒေါ်လုံးတင်
ဝိညာဉ်က ရပ်ကွက်အတွင်းက လူများကို မည်သို့မှ
ခြောက်လှန့်ခြင်း မပြုပေမယ့် ခြံအတွင်း ရောက်လာ
သော သူများကိုတော့ သည်းခံခွင့်လွှတ်ခြင်းမရှိ။
သူပိုင်ပစ္စည်းများကို မမြရင်ကလွဲပြီး မည်သူအားမျှ
ယူသုံး ဆွဲကိုင်ခွင့်မပြု။ မြင့်မြင့်စန်းတို့၊ ကိုလွင်တို့
ကလည်း စပ်စပ်စုစု မရှိ။ ကိုယ်အခန်းသာ ကိုယ်နေ
သည်။ ဒါပေမဲ့ ကလေးနှစ်ယောက်ရှိနေ၍ မိဘများ
ကလည်း အမြဲ သတိထား နေရသည်။
သမီးအကြီးက နှစ်နှစ်ကျော်ကျော်၊ သားငယ်က
ငါးလနီးပါး ရှိနေပြီ။ သမီးလေးကို အမြဲ စောင့်
ကြည့်နေရသည်။ ကလေးဆိုသည်က စပ်စုသည့်
အရွယ်မို့ ဒေါ်လုံးတင် မကြိုက်တာ တစ်ခုခုကို
လုပ်မိမှ စိုးရိမ်နေသည်။
ထိုအိမ်များ ငှားနေ၍ တစ်နှစ်ပြည့်ရန် သုံးလခန့်
အလိုမှာ နောက်လမ်းသို့ ကိုလွင်တို့မိသားစု
ပြောင်းရွှေ့သွားကြတော့သည်။ မမြရင်ကလည်း
သူ့အဒေါ် ဝိညာဉ် မကျွတ်မလွတ်သေးမှန်း သိ
သဖြင့် အိမ်မပြောင်းရန် မတားတော့။
ထိုသို့ အိမ်ပြောင်းရန် ဆုံးဖြတ်ချက်ချခဲ့ရခြင်းက
သမီးလေးကြောင့် ဆိုလျှင် မမှားပါချေ။ အဖြစ်က
ဤသို့တည်း။ သမီးငယ်က ခြံထဲမှာ အိုးပုတ်များ
ဖြင့် တစ်ယောက်တည်း ကစားနေသည့်အတိုင်း
ပြောဆိုနေသည်။
ခဏကြာတော့ ရေလိုချင်၍ ဒေါ်လုံးတင်၏ စဉ့်အိုး
ထဲမှာ ရှိသော ဒန်ဖလားနှင့် ရေတစ်ခွက် ခပ်ယူခဲ့
ပြီး အနီးမှာ ချထားကာ ကစားနေသည်။ ထိုအချိန်
ကလေးငယ်အနီးမှာ ချထားသော ဖလားခွက်ကို
လူမမြင်ရဘဲ ဆွဲယူလိုက်သည်။
အထဲက ရေများကို သွန်ချလိုက်ပြီး ရေဖလားကို
စဉ့်အိုးများ ရှိရာသို့ ပြန်ယူသွားလေသည်။ ထိုကဲ့
သို့ လုပ်ကိုင်သော ဝိညာဉ်ကို ကလေးမလေးက
မြင်ရသည်လားမသိ။ အော်ငိုပြီး အခန်းသို့ ပြန်
ပြေးလာသည်။
“ဖွားဖွားကြီးက ရေတွေသွန်ပြီး ခွက်ကို ပြန်ယူသွား
တယ် ဟီး…ဟီး…ဟီး”
“တိတ်…တိတ်…သမီး၊ သမီးက ဖွားဖွားကြီး ပစ္စည်း
တွေ လျှောက်ကိုင်တာပဲ၊ ဖွားဖွားကြီးက မကြိုက်
လို့ပေါ့”
“သမီးက ခဏလေး ယူကစားတာပါ”
“ကဲပါ သမီးရယ်၊ သမီးက သမီးကစားချင်ရင်
အိမ်ပေါ်မှာ ကစားဟုတ်လား၊ ဖေဖေ အိုးလေး
တွေ သွားပြန်ယူပေးမယ်”
ကိုလွင်သည် သမီး၏ ကစားစရာ အိုးပုတ်လေး
များကို အိမ်ပေါ်သို့ သွားယူပေးလိုက်သည်။
ထိုကဲ့သို့ အဖြစ်မျိုးနှင့် ကလေးများ မကြာမကြာ
ကြုံလျှင် အခက်ဆိုကာ မမြရင်အား သဘော
ပေါက်အောင် ရှင်းပြပြီး နောက်လမ်းသို့ ပြောင်း
ရွှေ့ခဲ့သည်။
XXXXX
ဒေါ်လုံးတင် သေဆုံးခဲ့သည်မှာ တစ်နှစ်တင်းတင်း
ပြည့်ခဲ့ပြီး ဒေါ်လုံးတင် တစ်နှစ်ပြည့် ဘုန်းကြီးငါးပါး
ဆွမ်းကပ်ရန် ဝိညာဉ်ဘဝက ကျွတ်ရန် အလှူလုပ်
မည်ဖြစ်ကြောင်း မမြရင်က မြင့်မြင့်စန်းနှင့် တိုင်
ပင်သည်။
မုန့်အချိန်တစ်ဆယ်ခန့်သာ မှာပြီး၊ အနီးနား မိတ်ဆွေ
များကို ဖိတ်၍ နှစ်ပတ်လည် အကျွတ်အလွတ် တရား
နာ အလှူပေး အမျှဝေခဲ့သည်။
မြင့်မြင့်စန်းက အလှူပြီးသော် မပြန်သေးဘဲ ဝိုင်းသိမ်း
ဆည်းပေးနေသည်။
ညနေပိုင်း အားလုံး ပြီးစီးပြီဖြစ်၍ အိမ်သို့ ပြန်မည်
ပြုသော အခါ မုန့်ဟင်းခါးရည်များ ပိုနေသဖြင့်
မမြရင်က…
“တပြည်ဝင်းအိုးနဲ့ အပြည့် ဟင်းရည်တွေ ပိုနေ
တယ်၊ အိုးသေးတစ်လုံးနဲ့ ဟင်းရည်တွေ ထည့်သွား၊
အိမ်မှာက စားမယ့်လူလည်း ရှိတာ မဟုတ်ဘူး”ဆို၍
ဆန်လေးလုံးဝင်အိုးထဲသို့ ဟင်းရည်အပြည့်နီးပါး
ထည့်ကာ ပေးလိုက်သည်။
“နင် မနက် ဈေးလာမှပဲ အိုးပြန်ယူခဲ့”
“အေး…ငါ မနက်မှပဲ ယူခဲ့တော့မယ် သွားပြီ”
“အေး…အေး”
မြင့်မြင့်စန်းကလည်း မမြရင်ထည့်ပေးလိုက်သော
ဟင်းရည်အိုးကို အိမ်သို့ ယူလာပြီး ညစာဟင်းမချက်
တော့ဘဲ ထိုဟင်းရည်များဖြင့်သာ စားလိုက်ကြသည်။
ထိုအိမ်မှ ယူလာသော ဒန်အိုးကို တူမဖြစ်သူက မနက်ဈေးလာမှ ယူခဲ့ရန် မှာလိုက်သည်။ ခုည
တွင်းချင်း သူ့အိမ်က ယူခဲ့သော ဒန်အိုးကို မမေ့
ရန် ကလေးအား နှိုးပြီး သတိလာပေးနေသည်။
ကလေးက ငိုသဖြင့် မိခင်ဖြစ်သူကလည်း ဒေါ်လုံး
တင် ဒန်အိုးပြန်မပေးသေး၍ လာပြန်တောင်းခြင်း
ဖြစ်ကြောင်း သတိရကာ မနက်စောစော ယူခဲ့
မယ် ပြောလိုက်မှ ကလေး အငိုတိတ်ကာ ပြန်
အိပ်သွားခြင်း ဖြစ်သည်။
ကိုလွင်လည်း သူကြုံတွေ့ခဲ့ရသော ကပ်စေးနဲလွန်း
လှသည့် ဒေါ်လုံးတင်၏ ဝိညာဉ်အကြောင်းစဉ်းစား
၍ အတော်လေး ကြာမှာပင် အိပ်ပျော်ခြင်းသို့
ရောက်ခဲ့ရသည်။
မူရင်းရေးသူ ဆရာ ဧကန်မင်း
စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ(ရွှေပေါက်ကံ)
မဖဲဝါနဲ့ လေလွင့်တစ္ဆေ စာအုပ်မှ ကောက်နုတ်
တင်ပြထားပါသည်။