ကဝေမြောက်စုန်းဒေါ်ညွန့်

*အောက်လမ်းဘိုးထင် နှင့် ကဝေမြောက်စုန်းဒေါ်ညွန့်*📖📖📖

****************************************************
အခန်း (၁)
မျက်နှာတွင် အညိုအမဲစွဲနေသော လူငယ်လေးဦးတို့သည် ရွာအပြင်ရှိ ညောင်ပင်ကြီး၏အရိပ်အောက်တွင် ထိုင်ရင်းမှ စကားဆိုနေကြသည် ။
“ဘိုးထင် မင်းနဲ့ မင်းအဘက မဟုတ်သေးဘူးကွာ ဒီနတ်စိမ်းကိုတောင် မထုတ်နိုင်ကြဘူးလား ဟိုမိုးကြိုးစက်တောင်ဝှေးကြီးနဲ့ လုပ်လေကွာ”
“ကိုသာရကလည်းဗျာ ခင်ဗျားလည်းသိရဲ့သားနဲ့ မိုးကြိုး စက်တောင်ဝှေးကို လက်တွေ့ကျကျ ဘယ်တုန်းက သုံးဖူးလို့လဲ မိုးပေါ်မြှောက်လိုက်တာနဲ့ မိုးချိန်းလာလို့ ရန်သူတွေက ကြောက်ကုန်တာမလား အခုက ကိုဖိုးထွေးကိုယ်ထဲဝင်နေတာလေဗျာ အရင်နဲ့ မတူဘူး တကယ်လို့ မိုးကြိုးပစ်ရင်တောင် ကိုဖိုးထွေးက မီးခဲဖြစ်သွားမှာ အခန့်မသင့်ရင် ကျုပ်တို့ပါ စက်ကွင်းမိနိုင်တယ် ”
“မင်းပြောမှပဲ သတိထားမိတယ် မင်းက အဲ့တာကြီးကို မြှောက်ပဲ မြှောက်ပြတာနော် မင်းအဘရော မနိုင်ဘူးလား”
“ကျုပ်အဘက အစီအရင်ကောင်းလို့သာ တန်ခိုးထွားနေတာဗျ နတ်စိမ်းတော့ မနိုင်ဘူး နတ်စိမ်းကို စုန်း၊ကဝေတွေက နိုင်တယ် အထက်လမ်းဆရာလည်း နိုင်တယ်ပြောတယ် ”
“အေးပေါ့ အဲ့တာကြောင့် မင်းတို့ငါတို့မျက်ခွက်တွေ ဖိုးထွေးရဲ့ ခြေထောက်စာမိတာကိုး ”
“ကဲ ပြောနေလို့လည်း မပြီးသေးဘူး မင်းတို့ ဘယ်လိုစီစဉ်ထားလဲ ”
သာရသည် မောင်ဘိုးထင်တို့သုံးယောက်ကို မေးလိုက်ခြင်းဖြစ်သည်။ထိုအခါ မောင်ဘိုးထင်သည်
“အဘကတော့ ကဝေမြောက်စုန်းဒေါ်ညွန့်ကို ခေါ်မယ်တဲ့ဗျ ”
“အဲ့တာဆို မြန်မြန်ခေါ်လေကွာ ဘာတွေစောင့်နေတာလဲဟ ”
သာရမှ ထိုသို့ပြောသောအခါ ဘေးတွင်ရှိနေသော ပေတူးမှ ဝင်ရောက်စကားဆိုလေသည်။
“ခင်ဗျားကလည်း မြန်မြန်ခေါ်ဆိုတာချည်းပဲ ပြောနေတော့တာပဲ ခေါ်ဖို့ဘယ်လောက်ခက်တယ်ဆိုတာကိုရော သိလား”
“သိမလားဟ လှည်းလိုရင် ပြော ငါ့လှည်းကောက်ခဲ့မယ် ”
“လှည်းလည်းမလိုဘူး အဝေးကြီးလည်း သွားစရာမလိုဘူး သင်္ချိုင်းကုန်းကို သွားရင် ရပြီ ”
“အဲ့တာဆိုလည်း သွားကြမယ်လေကွာ ဘာတွေ စဉ်းစားနေတာလဲ ”
“ခင်ဗျားကလည်းဗျာ ဘာမှမသိပဲနဲ့ လျှောက်ပြောနေတယ် တချက်၊နှစ်ချက်လောက်ပဲ အကန်ခံရတဲ့သူက အသည်းအ သန်ဖြစ်မနေစမ်းပါနဲ့ ”
သာအေးသည် စိတ်မရှည်စွာနှင့် ‌သာရအား စကားဆိုလေသည်။ထိုအခါ သာရသည် စိတ်ရှုပ်‌နေဟန်ဖြင့် ခေါင်းကို ကုတ်လိုက်ပြီး
“မင်းတို့ဟာက ဘာတွေလဲကွာ ဘယ်လိုလုပ်ရမှာလဲ ပြောပြစမ်းပါဦး”
သာရ ထိုသို့မေးလိုက်သောအခါ မောင်ဘိုးထင်သည် သက်ပြင်းရှည်တချက်ကို ဖြည်းညှင်းစွာချလိုက်ပြီး
“ကိုသာရ အဲ့ဒီကဝေကိုခေါ်မယ်ဆိုရင် လူအသား၊လူအရိုး လူအသွေးတွေ လိုတယ်ဗျ”
“ဟာ အဲ့တာကြီးက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲကွာ ”
“မဖြစ်နိုင်လို့ မရဘူး ”
“မင်းကို ဘယ်သူပြောတာလဲ ”
“ဦးကဲပြောတာ အဲ့ဒီနည်းလမ်းနဲ့ပဲ ခေါ်လို့ရမယ်တဲ့ ”
“မဖြစ်သေးပါဘူး တခြားနည်းလမ်းရှိရင် ရှိဦးမှာပါ ငါတို့ ဦးကဲဆီကို နောက်တခေါက်ပြန်သွားကြရအောင် ”
“ခင်ဗျားသဘောပဲဗျာ သွားကြတာပေါ့ ”
သူတို့သည် ကြံရာမရသည့်အဆုံး ဦးကဲဆီသို့ နောက်တကြိမ်ပြန်သွားရန် ဆုံးဖြတ်ချက်ချလိုက်ကြပါတော့သည်။
အခန်း (၂)
ရေအိုးစင်ရွာလေး၏ ရွာအဖျားတွင်နေထိုင်သော ဦးကဲတယောက် အိမ်ရှေ့တန်းလျားတွင် ငူငူငိုင်ငိုင်ဖြင့် ထိုင်နေလေသည်။သူသည် ဆေးပေါ့လိပ်တလိပ်ကို ဖွာရှိုက်ရင်း တခုခုကိုတွေးတောနေသည်။များမကြာသောအချိန်တွင် အိမ်ထဲသို့ လူငယ်လေးယောက်ဝင်လာပြီး ဦးကဲ၏ရှေ့ တန်းလျားတွင် ၀င်ထိုင်လိုက်ကြသည်။ဦးကဲသည် ထိုလူငယ်လေးများအား ကြည့်ကာ
“မင်းတို့ကောင်တွေ ငါနဲ့ အဝင်းကိစ္စကို ကူညီဖို့ ပြန်လာတာလားကွ”
“မဟုတ်ပါဘူး ဦးကဲရာ ကျုပ်တို့ရုပ်တွေကိုလည်း ကြည့်ဦး အေးဆေးနေတဲ့ ပုံပေါ်လို့လား ”
“မင်းတို့က အပြင်ပန်းဒဏ်ရာပါ သာရရာ အရေပြားပေါ်ရတဲ့ ဒဏ်ရာက အချိန်တန်ရင် ပျောက်တယ်ကွ အညိုအမဲစွဲတာလောက်က မပြောပလောက်ဘူး ငါ့လို ရင်တွင်းနာက သာလို့ဆိုးတာပေါ့ကွာ ”
“ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ ”
မောင်ဘိုးထင်တို့လေးယောက် မည်သို့ပြောရမည်မှန်း မသိအောင် ဖြစ်မိသည်။အဘယ့်ကြောင့်‌ဆိုသော် ဦးကဲမှာ မိန်းမဖြစ်သူဒေါ်ဝင်းအနားတွင် မရှိသောကြောင့် တန်းလျားပေါ်တွင် ဆေးပေါ့လိပ်ကိုဖွာကာ ဆွေးဆွေးမြေ့မြေ့ပြောနေခြင်းကြောင့် ဖြစ်သည်။ဦးကဲတယောက် ပီယဆေးများ ပြန်မိထားသလားလို့ပင် သူတို့ တွေးလိုက်မိသည်။ထို့နောက် ပေတူးသည် ဦးကဲကိုကြည့်ကာ
“ဦးကဲ ကျုပ်တို့ ဒေါ်ညွန့်ကို ခေါ်ချင်တယ်ဗျာ အကောင်းဆုံးနည်းလမ်းပေးပါ ”
“ငါ ပြောပြီးပါရောလား ကောင်လေးရာ လူ့အသွေး၊အသား၊အရိုးနဲ့မှ ခေါ်လို့ရမှာပါလို့ ”
“တခြားနည်းလမ်းများ မရှိတော့ဘူးလားဗျာ လုပ်ပါဦး ဦးကဲရာ ခင်ဗျားမိန်းမကို ‌ပြန်ခေါ်ပေးပါ့မယ် ”
ပေတူး၏စကားကြောင့် ဦးကဲ ခေတ္တတွေဝေသွားသည်။ ထို့နောက် တခုခုကို လေးလေးနက်နက်စဉ်းစားလိုက်ပြီး
“အသား၊အရိုးမပါပဲ ဝမ်းတွင်းကလီစာနဲ့လည်း ပင့်လို့ရလောက်တယ် ”
“ဗျာ အဲ့တာက ဆိုးတယ်လေဗျာ ”
မောင်ဘိုးထင်တို့ ပိုစိတ်ညစ်သွားရသည်။ထို့ကြောင့် တန်းလျားလက်ရန်းကိုမှီကာ သက်ပြင်းကိုယ်စီချမိစဉ် ဦးကဲမှ သူတို့ကို ကြည့်ကာ ထပ်မံစကားဆိုလေသည်။
“မင်းတို့ကောင်တွေကွာ ဦးနှောက်မရှိဘူး လူသေရက်ထားရင် ဘာလုပ်သလဲဆိုတာ မင်းတို့ မသိဘူးလား”
“သိတယ်လေဗျာ ဗိုက်ခွဲ အတွင်းကလီစာတွေကို ထုတ် အိုးတအိုးထဲထည့်ပြီး သွားမြုပ်တာလေ ”
“အဲ့တာပဲလေကွာ မင်းတို့ အဲ့ဒီအိုးကြီးရရင် ပွဲပြီးပြီ မဟုတ်လား”
“ဟုတ်တယ် ဦးကဲ‌က တော်တော်ကိုစဉ်းစားတတ်တာပဲဗျာ ကျုပ်တို့ လူသေတာ‌ လိုက်ရှာလိုက်ဦးမယ် ”
မောင်ဘိုးထင်တို့သည် တန်းလျားတွင် ထိုင်နေရာမှ မတ်တတ်ရပ်ကာ ပြန်မည်ပြုစဉ် ဦးကဲမှ ခပ်သွက်သွက်လေးတားလိုက်သည်။
“ဟေ့ကောင်တွေ နေဦး မင်းတို့ကို ငါ ပြောပြထားပြီးနော် ငါ့ကို ပြန်ကူညီရမယ်နော် ကြားလား”
“စိတ်ချပါ ဦးကဲရာ ကျုပ်တို့ကိစ္စပြီးတာနဲ့ ပြန်လာခဲ့မယ်”
“တကယ်နော် မင်းတို့စတဲ့ဇာတ်လမ်း မင်းတို့ ပြန်ဆက်ရမယ် သွားကြ”
ပီယဝိဇ္ဇာငကဲကြီးသည် ယခုသူ၏မိန်းမကို ပြန်ပေါင်းထုတ်ချင်၍ မောင်ဘိုးထင်တို့ကိုအပူကပ်နေခြင်းဖြစ်သည်။ထို့နောက် မောင်ဘိုးထင်တို့သည် ဦးကဲအား နှုတ်ဆက်ကာ အိမ်ဝိုင်းထဲမှ ထွက်ခွာသွားပါတော့သည် ။
အခန်း (၃)
ပေပင်ရွာအဝင်လမ်းတွင် မောင်ဘိုးထင်တို့ လမ်းလျှောက်နေကြသည်။ရွာပြင် သင်္ချိုင်းကုန်းအနီးရောက်သောအခါ သူတို့၏အနောက်မှာ ပြေးလိုက်လာသော အောင်သန်းတို့အား တွေ့လိုက်၍ ရပ်ပြီး စောင့်နေလိုက်ကြသည်။
“ကိုသာရတို့ ခဏနေဦး ကျုပ်တို့လည်း အတူသွားမယ် ”
“လာ လာ အောင်သန်း မင်းတို့ ဘာဖြစ်လာကြတာလဲ”
“ဘာမှ မဖြစ်ပါဘူး ရွာထဲမှာ လူသေတယ်လေ ”
“ဟေ ဘယ်သူတုန်းကွ ”
“ဦးစံတူးလေဗျာ နာမကျန်းဖြစ်နေတာကြာပြီ ”
“အေး ငါ သိတယ် ”
“ဘကြီးသေတာ ရက်ထားမယ်လို့တော့ ကြားတယ် သူက လူပျော်ကြီးဆိုတော့ ကလေးတွေကို စတယ်နောက်တယ် အဲ့တာကြောင့် ကျုပ်တို့ ကြောက်နေတာ ”
အောင်သန်း၏စကားကြောင့် သာရသည် ကျန်လူများကို အဓိပ္ပါယ်ပါသည့်မျက်လုံးတို့ဖြင့် ကြည့်လိုက်သည်။သူတို့ သည် သာရ၏အကြည့်ကို နားလည်ကာ တယောက်နှင့်တယောက် ခေါင်းညိတ်ပြလိုက်ကြသည်။ထို့နောက် သူတို့အားလုံးသည်ရွာထဲသို့ စကားတပြောပြောနှင့် လမ်းလျှောက်သွားကြသည်။ရွာထဲသို့ ရောက်သောအခါ အောင်သန်းတို့မှာ သူ့တို့လမ်းသူတို့ ဆက်သွားကြပြီး မောင်ဘိုးထင်တို့သာ ကျန်ခဲ့လေသည်။ထိုအခါမှ သာရသည်
“ဟေ့ကောင်တွေ လူသေတာနဲ့တော့ ကြုံပြီ ဗိုက်ခွဲမှာလား စုံစမ်းကြရအောင် ”
“ဘယ်လိုစုံစမ်းကြမလဲဗျ ”
“မင်းကလည်း လွယ်ပါတယ်ကွာ ရွာတောင်ပိုင်းအစွန်မှာ နေတဲ့ ကိုပွေးဆီကို သွားကြတာပေါ့ ”
“ဘာလို့လဲ ကိုသာရ ”
“မင်းတို့ကလည်း တော်တော်တုံးတာပဲကွာ ဦးစံတူးကြီး ဗိုက်ခွဲမယ်ဆိုရင် ကိုပွေးကိုပဲ ခေါ်မှာလေ အဲ့ဒီတော့ ငါတို့သွားပြီး စနည်းနာကြတာပေါ့ ”
“ကောင်းတယ် ကိုသာရတို့များ အကြံကတော့ ပိုင်လိုက်တာ လာဗျာ သွားကြရအောင်”
မောင်ဘိုးထင်တို့သည် သာရအား ချီးကျုးစကားပြောပြီးနောက် ရွာအစွန်ရှိ ကိုပွေး၏အိမ်သို့ ခြေဦးလှည့်လိုက်ကြပါတော့သည် ။
အခန်း (၄)
” ကိုပွေး ” သူသည်ရွာထဲရှိလူများ သေဆုံးကြသည့်အခါ၌ ရက်ထားချင်ကြသောသူများရှိပါက အလောင်းအား ဗိုက်ခွဲပေး သည့်အလုပ်ကို လုပ်ကိုင်သည်။သူ၏အလုပ်သည် မသတီစရာမို့ အယူသီးသောရွာသားများမှာ သူ့အား အပေါင်းအသင်းမလုပ်ကြပေ။ယခုလည်း ရွာထဲမှ ဦးစံတူး ဆုံးပါးသွားသောကြောင့် ဦးစံတူး၏ သားဖြစ်သူတို့မှာ သူတို့၏ဖခင်ကြီးအား သုံးရက်ကျော်မျှထားချင်ကြသဖြင့် သူ့အားလာရောက် ပြောဆိုသွားပြီး ဖြစ်သည်။ထိုအတွက် လက်သုံးတော်ဓားအား အိမ်ရှေ့တွင် ဓားသွေးကျောက်ဖြင့် ပွတ်တိုက်သွေးနေလေသည်။ရေခွက်ထဲမှ ရေ‌လေးကို ဓားသွေးကျောက်ပေါ်လောင်းလိုက် ဓားအားသွေးလိုက်နှင့် အလုပ်ရှုပ်နေစဉ် အိမ်ဝိုင်းဝမှ ခေါ်သံကြား၍ လှမ်းကြည့်လိုက်သည်။
“ကိုပွေး ဗျို့ ကိုပွေး”
“ဟေ့ ဘယ်သူ‌တုန်းကွ ဝင်ခဲ့လေ ”
အိမ်ဝိုင်းထဲဝင်လာကြသူများမှာ ရွာထဲမှ ကောင်လေးများသာ ဖြစ်သည်။ထို့နောက် ကိုပွေးသည် သူတို့ကို တန်းလျားတွင်ထိုင်စေပြီး ဓားသွေးနေရင်းမှ စကားဆိုလေသည် ။
“သာရတို့ပါလား ကဲ သာရ ပြော မင်းအဖေ ဆုံးလို့လား”
“ဟာ ကိုပွေးကလည်းဗျာ ပြောရော့မယ် ”
“မသိဘူးလေကွာ မင်းတို့အပါအဝင် ရွာကလူတွေအကုန်လုံးက ခိုင်းစရာရှိမှပဲ ငါ့အိမ်ကို လာကြတာလေ ”
“ကျုပ်တို့က ခင်ဗျားဆီမှာ တပည့်ခံချင်လို့ဗျာ့ ”
“ဟေ အဆန်းပါလား ”
ကိုပွေး ဓားသွေးနေရင်းမှ မယုံကြည်နိုင်ဟန်ဖြင့် သာရအားကြည့်နေသည်။ထိုအခါ မောင်ဘိုးထင်သည်
“ဟုတ်တယ် ကိုကြီးပွေးရ ကျုပ်တို့ ခင်ဗျားဆီမှာ ပညာသင်မလို့ ကိုကြီးပွေးပဲ စဉ်းစားကြည့်ဗျာ အခုလို လူသေတွေကို ဗိုက်ခွဲပေးတဲ့ အလုပ်က ဘယ်သူတွေကများ လုပ်လို့လဲ ကျုပ်တို့ကပဲ ခင်ဗျားဆီက လက်ဆင့်ကမ်းပြီး ပညာယူရမှာ မဟုတ်ဘူးလား”
“အေး မင်းပြောတာလည်း ဟုတ်သားဟ ”
မောင်ဘိုးထင်တို့ ကိုပွေးအား အမျိုးမျိုးမြှောက်ပင့်ပြောဆိုလိုက်ရာ ကိုပွေးသည် အလွန်သဘောကျသွားပြီး
“မင်းတို့ပြောမှ ငါ့အလုပ်က ဘယ်လောက်တောင် တန်ဖိုးရှိသလဲဆိုတာ သိတော့တယ် ”
“လူတရာမှာ မဟုတ်ဘူးနော် တရွာလုံးမှာ ကိုကြီးပွေးတယောက်တည်းပဲ လုပ်နိုင်တာလေဗျာ သာမာန်လယ်စိုက်၊ယာစိုက်က ကလေးတောင် လုပ်တတ်တယ် မဟုတ်ဘူးလား”
“အေး ဟုတ်တယ်ကွ ”
“ကျုပ်တို့ ကိုပွေးနောက်ကလိုက်ပြီး သင်ယူမယ်ဗျာ လိုအပ်တာ ခိုင်းပေါ့ ”
“မင်းတို့က စိတ်အားထက်သန်နေတယ်ဆိုတော့ ငါ မငြင်းတော့ပါဘူးကွာ ကဲ ဒီနေ့ပဲ လက်တွေ့သင်ခန်းစာ စမယ် ”
“ဟုတ်ကဲ့ ဟုတ်ကဲ့ ”
မောင်ဘိုးထင်တို့သည် သူတို့၏အကြံအစည်အောင်မြင်သွားပြီမို့ ကိုပွေးကို နှုတ်ဆက်ကာ ပြန်ခဲ့လိုက်ကြပါတော့သည်။
အခန်း (၅)
ဦးစံတူး၏နာရေးအိမ်တွင် ဖြစ်သည်။သေဆုံးသူအား နှစ်သိမ့်ရန်အတွက် ရွာလူကြီးအပါအဝင် ရွာမှ ရပ်မိရပ်ဖများ၊ ဖဲသမားများနှင့် လူငယ်လူရွယ်များ စည်ကားသိုက်မြိုက်စွာ ရောက်ရှိနေကြသည်။သူတို့သည် အလောင်းတင်ထားသော ခုတင်ကြီးနှင့် ခပ်လှမ်းလှမ်းတွင် စကားပြောသူက ပြော၊ဖဲရိုက်သူရိုက်နှင့် ရှိနေကြချိန် ကိုပွေးဦးဆောင်သော မောင်ဘိုးထင်နှင့်အဖွဲ့ အိမ်ပေါ်သို့ တက်လာကြသည်။သူတို့၏ လက်ထဲတွင် ကျောက်ဖရုံသီးများ ပါလာကြပြီး အိုးတလုံးကိုလည်း ယူလာကြသည်။ ရွာလူကြီးနှင့် သာရ၏မိဘများအပါအဝင် အိမ်ပေါ်ရှိလူများသည် မောင်ဘိုးထင်တို့အား တအံ့တဩဖြင့် ကြည့်နေကြသော်လည်း မည်သို့သောစကားမှ ၀င်ရာက်မပြောဆိုကြပေ။ အိမ်ပေါ်သို့ရောက်သောအခါ ကိုပွေးမှ မောင်ဘိုးထင်တို့အား
“ငါ့တပည့်တို့ အရင်ဆုံး ကျောက်ဖရုံသီးတွေကို ခုတင်အောက်မှာ ထားလိုက် ပြီးတော့ အိုးကို ဒီအနား ယူခဲ့”
“ဟုတ်ကဲ့ ဆရာပွေး”
“အေး အေး အသုဘရှင်ရေ မီးခွက်တွေကို ကျုပ်တပည့်တွေဆီ ပေးလိုက်ကြစမ်းပါ ”
ကိုပွေး၏စကားကြောင့် အိမ်ပေါ်မှလူများ အတော်အံ့ဩနေကြသည်။ကိုပွေးသည်ပင် တပည့်တပန်းများရနေပြီဟု တွေးသူများ ရှိသော်လည်း သာအေးနှင့် သာရတို့၏ဖခင်တို့မှာဖြင့် မကျေမနပ်ဖြစ်နေကြကာ မည်သည့်စကားမှ မဆိုသော်လည်း သားဖြစ်သူတို့အား စူးစိုက်ကြည့်နေလေသည်။သို့ပေမဲ့ သာရနှင့် သာအေးသည်က ဂရုမပြုဘဲ သူတို့၏ဆရာဖြစ်သူ ကိုပွေး ခိုင်းသည်များကိုသာ ပြုလုပ်ရန် စိုင်းပြင်းနေပြီး
“ဗျို့ ဦးစံဦး မီးခွက်တွေ ပေးကြလေဗျာ ဒီမှာ ကျုပ်တို့ဆရာ အလုပ် လုပ်တော့မယ် ”
“အေး အေးပါ သာရရာ ”
ဆုံးပါးသူ ဦးစံတူး၏ညီဖြစ်သူ ဦးစံဦးအား သာရမှ မီးခွက်များ ယူခိုင်းလိုက်လေသည်။များမကြာသောအချိန်တွင် ဦးစံဦးသည် တခြားသောလူရွယ်များနှင့်အတူ ရေနံဆီမီးခွက်များကို ယူလာပေးလေရာ သာအေးနှင့် သာရမှ မီးခွက်တယောက်တခွက်ဆီကိုင်ကာ ကိုပွေးအနီးတွင် ရပ်လိုက်သည်။ထို့နောက် ကိုပွေးသည် ဆုံးပါးသူ၏မိသားစုဝင်များကို ကြည့်ကာ
“ကဲ ကျုပ် ခွဲရတော့မလား”
“အေး ကိုပွေး အဆင်ပြေသလို လုပ်ကွာ ”
“သင်္ချိုင်းထဲမှာရော မြေတူးထားပြီးပြီလား ”
“မြကြီးနဲ့ ချိုးသိမ်း တူးထားပြီးပြီ ထင်တယ် ”
“အဲ့တာဆိုလည်း ပြီးတာပဲ ကဲ တပည့်တို့ မီးပြကြကွာ ”
မောင်ဘိုးထင်တို့သည် ကိုပွေးအား သူ၏အလုပ်က မနိမ့်ကျကြောင်း အချက်အလက်နှင့် ပြောဆိုထား၍ ကိုပွေးမှာ သိမ်ငယ်စိတ်တို့ဖြစ်မနေပဲ မြောက်ကြွမြောက်ကြွဖြစ်နေသည်ကို သတိထားမိလေသည်။ထို့နောက် သူသည် ခါးကြားမှ လက်သုံးတော်ဓားကို ယူလိုက်ပြီး
“ဘိုးထင်နဲ့ ပေတူး ဦးစံတူးရဲ့အင်္ကျီ ချွတ်ကွာ ”
“ဟုတ်ကဲ့ ဆရာပွေး”
“ပြီးရင် မင်းတို့ယူလာတဲ့အိုးက သေးတယ် နှစ်အိုးမှ ရမယ် ”
“ဟုတ်ကဲ့ပါ ဆရာပွေး ”
မောင်ဘိုးထင်သည် အသုဘရှင်များကို နောက်ထပ်အိုးတလုံးရှာခိုင်းလိုက်လေသည်။မကြာသောအချိန်တွင် အိုးရလာပြီမို့ ကိုပွေးသည် အလောင်းကြီးအား စတင်၍ ဗိုက်ခွဲတော့သည်။ ဗိုက်ခွဲနေစဉ် ကိုပွေးသည် သူ၏တပည့်များအား ဓားကိုင်ရပုံ၊ မည်သည့်နေရာအား လှီးဖြတ်ရပုံနှင့် အတွင်းကလီစာများကို ဘယ်နေရာမှ ကိုင်ပြီး ဘယ်လိုဘယ်ပုံ အိုးထဲထည့်မည်များအား သင်ပြပေးတော့သည်။မောင်ဘိုးထင်တို့မှာလည်း သူတို့၏ အကြံအစည်ကြောင့်သာ ကြိတ်မှိတ်ပြီး ဟုတ်ကဲ့ လိုက်နေရပေမဲ့ ပျို့အန်ချင်စိတ်များဖြစ်နေမိသည်။ဝမ်းတွင်းကလီစာများကို အိုးထဲထည့်ပြီးသွားသောအခါ ဗိုက်ထဲသို့ အဝတ်စများထိုးထည့်ပြီး စပါးအိတ်ချုပ်သောအပ်ဖြင့် ဗိုက်အား ပြန်ချုပ်ပေး လိုက်ပြီး အိုးနှစ်လုံးအား သင်္ချိုင်းပို့မည့်အလုပ်ကို မင်းနောင် နှင့် ရွာထဲမှ ကစော်သမားစိုးကြီးတို့အဖွဲ့က တာဝန်ယူလေသည် ။သူတို့သည် အိုးနှစ်လုံးအား သယ်သွားချိန် မောင်ဘိုးထင်တို့အဖွဲ့သည်လည်း နောက်မှ လိုက်ပါသွားပါတော့သည်။
အခန်း (၆)
ညအချိန်ဖြစ်၍ ခွေးများက အူနေသည် ။ရွာလမ်းတွင်တော့ မင်းနောင်နှင့် စိုးကြီးအပါအဝင် ရွာသားအချို့သည် အိုးနှစ်လုံးကို ဝါးလုံးနှင့် လျှိုထမ်းကာ ရွာအပြင်သင်္ချိုင်းသို့ သွားနေကြသည်။သူတို့၏နောက်တွင်တော့ မောင်ဘိုးထင်တို့ လေးယောက် ပါလာကြသည်။သူတို့သည် မင်းနောင်တို့အဖွဲ့အား အမှီလိုက်လာပြီး သာရမှ ကိုစိုးကြီးအား
“ကိုကြီးစိုး”
“ဟေ့ သာရ မင်းတို့ ဘာလိုက်လုပ်တာလဲ”
“ကျုပ်တို့က ဒီအလုပ်တွေကို ဝါသနာပါလို့ ကိုပွေးဆီမှာ ပညာသင်နေတာ ဒါနဲ့ ခင်ဗျား အရက်မသောက်ချင်ဘူးလား”
“သောက်တာတော့ သောက်ချင်တာပေါ့ကွာ အသုဘအိမ်က တိုက်မလားလို့ စောင့်နေတာ အခုထိ မတိုက်ဘူး”
“စောင့်မနေနဲ့ ဦးစံတူးက အရက်သောက်တာမကြိုက်လို့ သူ့ညီရော သူ့သားသမီးတွေကပါ အရက်မတိုက်ဘူးလို့ ကြားတယ်နော် ”
သာရ၏စကားကို ကြားသောအခါ စိုးကြီးနှင့် အပေါင်းအပါများသည် လှမ်းနေသော ခြေလှမ်းတို့ကို ရပ်လိုက်သဖြင့် မင်းနောင်မှ မေးမြန်းလိုက်လေသည် ။
“ကိုစိုးကြီး ဘာဖြစ်တာလဲဗျ မြန်မြန်သွားမယ်လေ ”
“သာရပြောတာ တကယ်လား မင်းနောင် ငါတို့ကို အရက်တောင် မတိုက်ဘူးဆိုတာ”
“အဲ့တာတော့ ကျုပ်လည်း ဘယ်လိုလုပ်သိမှာလဲ”
“အရက်မတိုက်ရင်တော့ ဒါတွေကို သွားမမြှုပ်ပေးနိုင်တော့ဘူးကွာ ”
“ဟာ ဖြစ်မလားဗျ”
“မသိဘူးကွာ မကျေနပ်ရင် မင်းတ‌ယောက်တည်း သွားမြှုပ် ရော့ ဒီမှာ မီးအိမ်နဲ့ မီးခြစ် ငါကတော့ မကူညီတော့ဘူး ဟေ့ကောင်တွေ မင်းတို့ရော ”
“အရက်မတိုက်မှတော့ ကျုပ်တို့လည်း မကူညီနိုင်တော့ဘူး ကိုစိုး”
စိုးကြီးနှင့်အပေါင်းအပါများ၏လုပ်ရပ်ကြောင့် မင်းနောင် စိတ်ညစ်နေမိသည်။ထိုအခါ သာရနှင့် မောင်ဘိုးထင်တို့သည် သူတို့၏အစီအစဉ်များကို မင်းနောင်နှင့် စိုးကြီးအား ပြောပြလိုက်သည် ။
“ဟေ့ကောင်တွေ မင်းတို့က ဒါတွေလုပ်တတ်လို့လား”
“ကျုပ်တို့အကြောင်းလဲ သိရဲ့သားနဲ့ ကိုမင်းနောင်ရာ ”
“အဲ့တာဆို ငါနဲ့ ကိုစိုးကြီးတို့က ကိုညိုမောင်တဲကို သွားရမှာပေါ့ ”
“ဟုတ်တယ် အဲ့ဒီမှာ အရက်ရော အမြည်းရော ကျုပ်တို့ အစုံ လုပ်ထားတယ် ကိုမင်းနောင် ခင်ဗျားလည်း အသဲကွဲနေတာမို့လား အရက်နဲ့ မျောချလိုက်ဗျာ နော့်”
သာရနှင့် မောင်ဘိုးထင်တို့ အပြောကောင်းမှုကြောင့် သူတို့ကိုညို‌မောင်၏တဲသို့ သွားကြမည်ဖြစ်ပြီး အိုးနှစ်လုံးနှင့် မီးခွက်များကို သာရထံ မင်းနောင်မှ လွှဲပေးလိုက်‌တော့သည်။
“သာရ မင်းက အကြီးဆုံးနော် သင်္ချိုင်းအစွန်ဖက်လောက်မှာ ကျင်းတူးထားတယ် သေချာလုပ်အုံး ဘာပြဿနာမှ မဖြစ်စေနဲ့”
“စိတ်ချပါဗျာ ”
ဤသို့ဖြင့် မင်းနောင်နှင့် စိုးကြီးတို့သည် ကိုညိုမောင်ကြီး၏ တဲဆီသို့ ထွက်သွားကြသည်။သာရ၊ပေတူး၊မောင်ဘိုးထင်နှင့် သာအေးတို့သည်လည်း နှစ်ယောက် တအိုးစီထမ်းကာ သင်္ချိုင်းဆီသို့ သွားလိုက်ကြပါလေတော့သည် ။
အခန်း (၇)
မှောင်မဲနေသော သင်္ချိုင်းအတွင်း မီးအလင်းရောင်‌အချို့ ရှိနေသည်။သင်္ချိုင်းအုတ်ဂူကြီးပေါ်တွင် အိုးနှစ်လုံးအား တင်ထားပြီး မလှမ်းမကမ်းတွင် သာရဦးဆောင်သော မောင်ဘိုးထင်တို့အဖွဲ့ ရှိနေသည်။ထို့နောက် မောင်ဘိုးထင်သည် အုတ်ဂူအနီးသို့ တိုးကပ်သွားကာ
“ကျုပ် အောက်လမ်းဘိုးထင်မှ ကဝေမြောက်စုန်းဒေါ်ညွန့်ကို ဖိတ်ခေါ်ပါတယ် ဒေါ်ညွန့်မှလွဲပြီး မည်သည့်တစ္ဆေ၊သရဲ၊ဖုတ်၊ပြိတ္တာ၊ဘီလူး ဘယ်သူမှ မလာစေရ။ကဝေမြောက်စုန်း ဒေါ်ညွန့်သင့်ကို ဖိတ်ပါတယ် သင်ကြိုက်တဲ့ အစားအသောက်များကို ကျုပ်တို့ ပြင်ဆင်ထားပါတယ် လာရောက်စားသောက်ပြီး ကျုပ်တို့ကို ကူညီလော့”
မောင်ဘိုးထင်၏အသံသည် အတော်ကျယ်၍ သင်္ချိုင်းထဲရှိ တချို့သစ်ပင်များမှ အိပ်တန်းဝင်‌နေသောငှက်အချို့ ပျံသန်းသွားကြလေသည် ။
သာအေးနှင့် ပေတူးတို့လည်း ကျောထဲစိမ့်ခနဲ ဖြစ်သွားသည်မို့ သာရအနား တိုးကပ်နေကြသည်။များမကြာသောအချိန်တွင် ငြိမ်သက်နေရာမှ လေပြင်းများ စတင်တိုက်ခတ်လာလေသည်။ မီးအိမ်ထဲထည့်ထားသော မီးခွက်များမို့သာ ငြိမ်းမသွားခြင်းဖြစ်သည်။သင်္ချိုင်းထဲမှ သစ်ပင်အချို့မှာလည်း အတော်လှုပ်ရမ်းနေသည်။များမကြာသောအချိန်တွင်တော့ လူရိပ်တခုရောက်ရှိလာသည်ကို မီးရောက်အောက်မှနေ၍ မြင်တွေ့လိုက်ရသည်။ထိုလူရိပ်သည် တဖြည်းဖြည်းနီးကပ်လာပြီးနောက် အိုးနှစ်လုံးတင်ထားသော အုတ်ဂူအနီးရောက်ရှိလာချိန်တွင် ထိုအရိပ်၏ပုံပန်းသဏ္ဍန်ကို စတင်မြင်လိုက်ရသည်။ဆံပင်ရှည်တို့မှာ အဖြူရောင်ဖြစ်ပြီး မျက်နှာသည် အရိုးပေါ်အရည်တင်ဖြစ်ကာ အသက်ခြောက်ဆယ်ကျော်ခန့် အမျိုးသမီးကြီးတယောက်ဖြစ်သည်။သူမသည် ခက်ထန်နေသောမျက်နှာထားနှင့်ဖြစ်ပြီး သာမာန်ကျေးတောသူတယောက်ပမာ ဝတ်စားဆင်ယင်ထား သည်။မောင်ဘိုးထင်သည် ထိုအမျိုးသမီးကြီးအား မြင်သော အခါ
“ဟို ကဝေမြောက်စုန်း ဒေါ်ညွန့်ဆိုတာ အရီးလား”
“အေး ဟုတ်တယ် နင်တို့ ငါ့ကိုခေါ်တာ ဘာအတွက်လဲ ”
“ကျုပ် ပြောပြပါ့မယ် အရီး အခုတော့ ဟော့ဒီက လူရဲ့ အသွေးနဲ့ ကလီစာတွေကို စားနိုင်ပါပြီ”
မောင်ဘိုးထင်၏စကားကြောင့် ကဝေမြောက်စုန်းဒေါ်ညွန့်သည် အုတ်ဂူပေါ်၌ တင်ထားသော အိုးနှစ်လုံးအနားသွားကာ အနံ့ခံကြည့်လိုက်ပြီး
“အမလေး မြန်မြန်မြေမြှုပ်ပစ်လိုက်ကြစမ်းပါဟယ် ငါ ပျို့တက်လာပြီ ”
“အရီးက စားမှာ မဟုတ်လား”
“စားစရာလားဟဲ့ ဒီလောက်အစားအသောက်တွေပေါတာ ငါက ဒီလိုဟာတွေကို စားစရာလား ”
“အဲ့တာဆို ဒီလိုနည်းနဲ့ ဘာလို့ ခေါ်ခိုင်းတာလဲ”
“ငါ့ကို လွယ်လွယ်နဲ့ ခေါ်လို့ရအောင် ပြည့်တန်ဆာများ ထင်နေလား”
ကဝေမြောက်စုန်းဒေါ်ညွန့်၏စကားကြောင့် မောင်ဘိုးထင်တို့ မည်သို့ပြောရမည်မှန်းမသိ ဖြစ်သွားရသည်။ထို့နောက် သူတို့ သည် ဒေါ်ညွန့်ပြောသည့်အတိုင်း အိုးနှစ်လုံးအား အသင့်တူးထားသော မြေကြီးထဲတွင် မြှုပ်လိုက်ပြီး သက်ပြင်းကိုယ်စီချလိုက်ကြသည်။သူတို့ထင်ထားသည်မှာ ကဝေမကြီးသည် အိုးထဲမှ အူ၊အသည်း၊အဆုတ်၊အူသိမ်အူမများကို လက်ကြီးနှင့် အားရပါးရနှိုက်စားမည်ဟု ထင်ထားမိသည်။သို့ပေမဲ့ လက်တွေ့မှာတော့ ကဝေမကြီးမှာ ရွံရှာလွန်း၍ထင် နှာခေါင်းတရှုံရှုံပင်ဖြစ်နေသေးသည်။ဘာဖြစ်ဖြစ် တော်သေး၏။တကယ်စားခဲ့လျှင်ဖြင့် အမြင်မသင့်တော်သလို သူတို့သည် သေဆုံးသူ ဦးစံတူးအပေါ်၌လည်း အတော်ရက်စက်ရာရောက်လိမ့်မည်သာ ဖြစ်သည်။အိုးနှစ်လုံးအား မြေမြှုပ်ပြီးချိန်တွင် ဒေါ်ညွန့်သည် မောင်ဘိုးထင်အား စကားဆိုလေသည်။
“ကောင်လေး နင်တို့တွေ ဒီလောက်ထိတောင်ကြိုးစားပြီး ငါ့ကို ခေါ်တယ်ဆိုတော့ ဘာကိစ္စလဲဟဲ့ ”
“နတ်စိမ်းက လူတယောက်ထဲဝင်ပြီး သောင်းကျန်နေလို့ပါအရီး ”
“နင်တို့ပင့်လို့ သူက လာတာနေမှာပေါ့”
“ကျုပ်တို့ မပင့်ရပါဘူးဗျာ ”
“နင်တို့ မပင့်၊ဘယ်သူပင့်သလဲ”
ဒေါ်ညွန့်မှ ထိုသို့မေးသောအခါ ပေတူးမှ ဝင်၍ စကားဆိုလေသည်။
“ဘယ်သူရှိရမှာလဲ အရီးရာ သူ့အဘ အောက်လမ်းဆရာကြီးပေါ့ ”
“ကဲ ထားပါတော့ ငါက ဘာလုပ်ပေးရမှာလဲ ”
“နတ်စိမ်းကို သူ့နေရာသူ ပြန်ပို့ပေးရမှာ ”
“အလကားတော့ မရဘူးဟေ့ ”
“အဲ့တာတော့ ကျုပ်တို့လည်း စဉ်းစားထားပါတယ် ငွေငါးဆယ်လောက်တော့ ပေးမယ်လို့ ”
“ဟားးးးး ဟားးးးဟားးးး”
ဒေါ်ညွန့်သည် မောင်ဘိုးထင်၏စကားကြောင့် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ရာ သူတို့အားလုံး ကြောင်ငေးနေမိ သည်။အတန်ကြာ ရယ်မောပြီးသွားသောအခါ ဒေါ်ညွန့်သည် ချောင်းတချက်ဟန့်လိုက်ပြီး
“ဟဲ့ ငါးဆယ်က ဘာလုပ်ရမှာလဲ ငါ့လမ်းစရိတ်တောင် မရှိဘူး”
“ဟာ မဟုတ်တာ ခင်ဗျားတို့ကဝေတွေက လမ်းစရိတ် မလိုပါဘူး ကျုပ် ကြားဖူးတာတော့ စက်ကြိုးဆိုလား ဘာဆိုလား အဲ့တာ စီးလာတာမဟုတ်လား ”
“ဟဲ့ကောင် နင်က အကြီးဆုံးဖြစ်ပြီး ဘာမှမသိဘူးလား အဲ့ဒီစက်ကြိုးက အလကားရတယ်ထင်နေလား”
“ငှားရတာလား”
“တယ် ဒီကောင်လေးကတော့လေ ငါ ပြောပြမယ် ဒီစက်ကြိုးစီးနိုင်ဖို့ ငါတို့ရဲ့ဘဝတွေကို ရင်းနှီးမြှုပ်နှံထားခဲ့ရတာ ငွေနဲ့တန်ဖိုးဖြတ်လို့မရတဲ့ဘဝကို အရင်းအနှီးလုပ်ထားရတာဟဲ့ အဲ့တာကြောင့် ငါ ငွေမယူဘူး”
ငွေမယူဘူးဆိုသော စကား‌ကြောင့် မောင်ဘိုးထင်တို့ သက်ပြင်းချလိုက်မိသည်။တော်သေးတယ် နည်းတယ်လို့ ပြောမှာလားဟု သူတို့ တွေးမိနေသည်။ထို့နောက် သာရသည်
“တော်သေးတာပေါ့ အရီးရာ ကျုပ်လည်း ထင်ပါတယ် အရီးက အသပြာကဝေမဟုတ်ပါဘူးလို့ လူတွေ ဒုက္ခရောက်ရင် ကူညီနေတဲ့ကဝေမှန်း မျက်နှာမြင်ကတည်းက သိနေတာ ”
“အေး မှန်တယ် ငါက အသပြာကဝေ မဟုတ်ဘူး နင်တို့ကို ငါ ကူညီပေးမယ် ငွေမယူဘူးနော် ”
“ကျေးဇူးတင်လိုက်တာ အရီးရာ ကျုပ်အဘသာသိရင် တယ် ဝမ်းသာမှာ ”
“အေး အေး ငါက ငွေမယူဘူး စပါးတရာပဲ ယူမယ် ”
“ဗျာ ”
“မပေးနိုင်ဘူးလား အဲ့တာဆို ပြန်ရုံပဲ တဘဝလုံးရင်းထားတာ တရာတောင် နင်တို့က ကလေးတွေမို့ လျှော့ပေးထားတာ”
“ဟုတ်ကဲ့ပါဗျာ ကျုပ်တို့လည်း နတ်စိမ်းအကန်မခံနိုင်တော့ဘူး အဘလည်း ကျုပ်တို့နဲ့အတူတူပဲ လက်ခံလိမ့်မယ်ဗျာ အိမ်ကိုသာ လိုက်ခဲ့ပါတော့”
မောင်ဘိုးထင်တို့လည်း ဘယ်လိုမှ မတတ်သာသောကြောင့် အခကြေးအဖြစ် စပါးတရာယူသော ကဝေမြောက်စုန်းဒေါ်ညွန့်ကိုသာ အိမ်သို့ ခေါ်လာခဲ့ပါလေတော့သည် ။
အခန်း (၈)
ပေပင်ရွာရှိ ဦးအုန်း၏နေအိမ်တွင် ဖြစ်သည်။စားပွဲနှစ်လုံးကို ဆက်ထားပြီး ထိုစားပွဲပေါ်တွင် စောင်များခင်းထားကာ ထိုစောင်ခင်းထားသောစားပွဲပေါ်၌ လက်ထောက်ပြီး တစောင်းအိပ်နေသူမှာ နတ်စိမ်းဝင်ပူးခံနေရသော ဖိုးထွေးဖြစ်သည်။သူ၏ ရှေ့တွင်တော့ ဦးအုန်းရှိနေပြီး ကြက်ကြော်ပန်းကန်ကို ကိုင်ထား သည်။အိမ်ပေါ်တွင် ရေနံဆီမီးခွက်သုံးခွက်မျှ ထွန်းထားပြီး အတော်လင်းထိန်နေလေသည်။ခဏကြာသောအခါ မျက်လုံးမှိတ်နေသော ဖိုးထွေးသည် ဆတ်ခနဲ မျက်လုံးဖွင့်လာပြီး
“ဟယ် ငအုန်း နင့်ကောင်တွေ ပြန်မလာသေးဘူးလား”
“ပြန်မလာသေးပါဘူး ကိုယ်တော်လေး ”
“အတော်ကြာနေပြီနော် ”
“ကိုယ်လုပ်တော်က တယောက်တည်း ခေါ်နေရတာ မဟုတ်လို့ပါ တဖွဲ့လုံးကို ပတ်ခေါ်နေရလို့ပါ ကိုယ်တော်လေး”
“အေးကွယ် အေး တယောက်တည်းမဟုတ်ဘူးဆိုတော့လည်း ကြာမပေါ့ ”
“ဟုတ်ပါတယ် ကိုယ်တော်လေး ကိုယ်လုပ်တော်တွေက တရွာစီဆိုတော့ သွားခေါ်ရတာ ကြာတယ် ကိုယ်တော်လေးရဲ့”
“အေး အေး ဒီညရောက်ရင်ပဲ ရပါပြီကွယ်”
ဦးအုန်း မနည်းစိတ်ထိန်းထားရသည်။ဖြစ်ချင်တာဖြစ်ရင်ဆိုင်တိုက်ခိုက်မည်ကြံသော်လည်း ဝင်ပူးခံ ဖိုးထွေးမှာ ပျက်စီးခြင်းသို့ ကြုံလေမည်ဖြစ်သည်။ထိုအတွက် နတ်စိမ်းများ ဖိန့်ဖိန့်တုန်အောင်ကြောက်ရသော ကဝေမြောက်စုန်းဒေါ်ညွန့်သည်သာ ဖိုးထွေးအတွက် အန္တရာယ်အကင်းဆုံးနည်းလမ်းဖြစ်သည်။သူတို့ တယောက်ကိုတယောက် စကားမပြောပဲ ငြိမ်နေစဉ် မောင်ဘိုးထင်တို့အဖွဲ့ အိမ်ပေါ်သို့ တက်လာလေသည်။ နတ်စိမ်းသည် မောင်ဘိုးထင်တို့အား မြင်သည်နှင့် တင်ပျဉ်ခွေ ချိတ် ပြောင်းထိုင်လိုက်ကာ
“သားတော်လေးတို့ နှမတော်လေးတွေ ပါရဲ့လားကွယ့်”
“ပါ ပါတယ် ကိုယ်တော် ပါ ပါလာတယ် ”
“အေး အေး သားတော်လေးတို့ တော်ပေတယ် ကဲ နှမလေးတွေကို ခေါ်ကွယ် ”
နတ်စိမ်းဝင်ပူးနေသော ဖိုးထွေးသည် ဟန်နှင့်ပန်နှင့် ထိုင်ကာ မောင်ဘိုးထင်တို့အား စကားဆိုလေသည်။ထိုအခါ ပေတူးသည် တံခါးအပေါက်ဝကို ကြည့်ရင်း
“အရီးရေ လာခဲ့တော့ဗျာ စပါးတရာနဲ့ တန်အောင်တော့ ဆုံးမပေးနော် ”
ပေတူးစကားဆုံးသည်နှင့် အိမ်ပေါ်သို့ ခြေသံပြင်းပြင်းနင်းတက်လာသူမှာ ကဝေမြောက်စုန်းဒေါ်ညွန့်ဖြစ်သည်။သူမသည် ထမိန်စွန်တောင်စွဲကာ ဖိုးထွေးနှင့် မလှမ်းမကမ်းတွင် ရပ်လိုက်ပြီး ကြမ်းပြင်ကို ဖနောင့်တချက်ပေါက်လိုက်ရင်း မာထန်သောလေသံဖြင့် စကားဆိုလေသည်။
“ဟဲ့ နတ်စိမ်း သူတပါးကိုယ်ခန္ဓာကိုယ်ထဲဝင်ပြီး အလုပ်မဟုတ်တာ အလုပ် လုပ်နေတာလား”
“နင် ဘယ်သူလဲ ”
“ငါရဲ့ရုပ်ကိုတောင် နင် မမြင်နိုင်ဘူးလား ကြည့်စမ်း”
“က‌ ကဝေ ”
“နင့်ကို ငါ ပြန်ပြီး ဖမ်းစားလိုက်ရမလား”
“မ မလုပ်ပါနဲ့ မလုပ်ဝံ့တော့ပါဘူး ”
“နင် သူများတွေကို အနိုင်ကျင့်သလို နင့်ကို ငါ့ဆီမှာ အစေ အပါးအဖြစ် နေခိုင်းရမလား”
“မလုပ်ပါနဲ့ ကျုပ်ဘုံကျုပ် ပြန်ပါ့မယ် ”
“ကဲ သွား နင်နဲ့ဆိုင်တဲ့ နေရာမှာပဲ ပြန်နေ”
ဒေါ်ညွန့် မည်သည့်ပညာကိုမှ မပြရသေးခင်မှာပင် နတ်စိမ်းမှာ သူမ၏ကဝေရုပ်သွင်ကို မြင်ပြီး ဖိုးထွေး၏ကိုယ်မှ ကြောက် လန့်တကြားထွက်သွားလေသည်။နတ်စိမ်းထွက်သွားမှ ဖိုးထွေး၏ကိုယ်သည် ဆက်ခနဲတုန်သွားပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်ကာ
“ဘယ် ဘယ်ရောက်နေတာလဲ ”
“ငါ့ကို မမြင်ဘူးလား ”
“ဪ ဦးအုန်း”
ထို့နောက် ဦးအုန်းသည် ဒေါ်ညွန့်ကို ကြည့်လိုက်ပြီး
“ကျေးဇူးတင်လိုက်တာဗျာ ကျုပ်တို့ကို ခင်ဗျားမကယ်ရင် မတွေးဝံ့စရာပဲ”
“ရပါတယ်ရှင် ”
“ကျေးဇူးရှင်က ကျေးဇူးရှင်ပါပဲ”
ဦးအုန်း ဒေါ်ညွန့်အား မရမကကျေးဇူးတင်နေသည့်မြင်ကွင်းကို ကြည့်နေရသည်မှာ စိတ်မချမ်းသာဖြစ်မိသော သာအေးသည်
“ဘကြီးအုန်း စွတ်ပြီးကျေးဇူးတင်မနေနဲ့ အရီးကို စပါးတရာပေးဖို့ ပြင်တော့ အရီးက စပါးတရာနဲ့ လိုက်လာတာ ”
“ဘာ”
ဦးအုန်း၏အာမေဠိတ်သံကြောင့် ဒေါ်ညွန့်သည် ဦးအုန်းအား မကျေမနပ်ကြည့်လာပြီး
“မပေးချင်ဘူးလား နတ်စိမ်းကို ပြန်ခေါ်လိုက်ရမလား”
“မလုပ်ပါနဲ့ဗျာ ပေးပါ့မယ် ”
“ပြီးရော စပါးကများတော့ တလက်စတည်း လှည်းနဲ့ လိုက်ပို့ပေးဦး”
ဒေါ်ညွန့်မှ လှည်းနှင့်လိုက်ပို့ဖို့ပါပြောလာရာ ပေတူးသည် ထူးဆန်းအံ့ဩသည့်အကြည့်နှင့် သူမကို ကြည့်လိုက်ပြီး
“လာတုန်းက စက်ကြိုးစီးလာတာ မဟုတ်လား စပါးတွေကိုလည်း စက်ကြိုးပေါ်တင်ပြီး ပြန်ပေါ့ အရီးရ”
“ဟဲ့မသာလေးရဲ့ ဖြစ်မလား စက်ကြိုးက ငါ့တယောက်တောင်အနိုင်နိုင် ”
“အင်းပါ အင်းပါ လိုက်ပို့ပါ့မယ်”
ဤသို့ဖြင့် မောင်ဘိုးထင်တို့သည် ကဝေမြောက်စုန်းဒေါ်ညွန့်ကို ပေးရမည့် စပါးတရာအား လိုက်ပို့ပေးဖို့ရာ သဘောတူလိုက်ကြပါလေတော့သည်။
အောက်လမ်းဘိုးထင်နှင့် ကဝေမြောက်စုန်း ဒေါ်ညွန့်သည်က ဤမျှသာ။မကြာမီ အောက်လမ်းဘိုးထင်နှင့် ကဝေနေသည့်ရွာ အမည်ရ ဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။
စာဖတ်သူများကို လေးစားစွာဖြစ်
📝မောင်တင်ဆန်း