ကံစေရာလားဥပါဒါန်လား(စ/ဆုံး)
——————————-
“မီးမီးရေ… ငါလာလည်တယ်ဟေ့”
“ဟယ် ကမ… ဖုန်းမဆက်ဘာမဆက်နဲ့ ဘယ်လိုလုပ်ပြီးရောက်လာတာတုန်း… ငါ့အိမ်မှာအလှူလုပ်တယ်လို့များဟိုကောင်တွေဆေးထိုးလိုက်သလားဟေ…. ဘာမှကျွေးစရာမရှိဘူး… ပြန်ပြန်.. ခစ်ခစ်”
မီးမီးက မခံချင်အောင်စနောက်ရင်း ခြံထဲကားရပ်ပြီးဆင်းလာတဲ့ပြောမနာဆိုမနာငယ်သူငယ်ချင်းဖြစ်သူ ဂူဂူးကို အပြေးလေးထွက်ကြိုလိုက်ပါသည်။
သူငယ်တန်းကနေဘွဲ့ရသည်အထိတစ်တွဲတွဲနေခဲ့ကြသူတွေမို့ တစ်ယောက်အကြောင်းတစ်ယောက်အတွင်းသိအစင်းသိဖြစ်ကြကာ အပျိုကြီးပေါက်စလေးတွေဖြစ်ပြီးလုပ်ငန်းခွင်ကိုယ်စီဝင်နေကြပြီဖြစ်တာတောင် ကလေးဆန်နေကြတုန်းပင်။
“အောင်မာ… ဒီလောက်အလန်းစားစတိုင်လ်နဲ့ကျုပ်ကိုများ အလှူအိမ်လိုက်စားတဲ့ရုပ်ထင်နေလို့လား.. တော်ပြီ အခုပဲလှည့်ပြန်ပြီ… စိတ်ဆိုးတယ်”
“ဟဲ့…ဟဲ့… အမလေး.. ဒါလေးပြောတာကိုများဖြစ်နေလိုက်တာဟယ်… ဘွာတေး…ဘွာတေး”
မျက်နှာကြီးစူပုတ်ပြီး ပြန်လှည့်ထွက်တော့မယ့်ဟန်ပြင်နေတဲ့ ဂူဂူးကိုလှမ်းဆွဲရင်းချော့တော့
တမင်ဟန်လုပ်ထားတဲ့ဂူဂူးမျက်နှာကြီးပြုံးလာပြီး…
“ဟီးဟီး… ပြန်စရာလား.. တစ်ခုခုချကျွေးရင်ထည့်သွားဖို့ ကားပေါ်ကချိုင့်ပြန်ယူမလို့ပါ… ဟီးဟီး”
“ကဲဟယ်… ကဲဟယ်… ပဲများဦး”
မီးမီးနဲ့ဂူဂူးတို့တစ်ယောက်ကိုတစ်ယောက်
အနိုင်မခံပဲ သူရိုက်ကိုယ်ရိုက် တဖတ်ဖတ်ရိုက်နေကြတာကို ခြံထဲမှာ လက်ဖက်အုပ်တစ်အုပ်နဲ့ အေးအေးလူလူထိုင်နေတဲ့ မီးမီးရဲ့ကြီးကြီးက
လှမ်းဟန့်လိုက်ပါသည်။
“ဟဲ့… ကောင်မလေးတွေ… တော်ကြတော့…
ညည်းတို့နှစ်ကောင်ကတွေ့တာနဲ့ကိုက်နေကြတာချည်းပဲ”
“ဟယ်… ကြီးကြီးရောက်နေတယ်လား… ဘယ်တုန်းကရောက်နေတာလဲဟင်…
ဂူးတောင်မသိရပါလား”
ဂူဂူးက ကြီးကြီးကို အခုမှလှမ်းမြင်လိုက်တာမို့
ကြီးကြီးဆီအပြေးသွားပြီး အိညှောင့်အိညှောင့်
အသံနဲ့ချွဲနေတော့သည်။
“ကြီးကြီးဖြင့်ရောက်နေတာနှစ်ပါတ်လောက်တောင်ရှိနေပြီ… ပြန်တောင်ပြန်တော့မှာသမီးရဲ့”
“ဪ.. ဂူးသိပြီ… မီးမီးတစ်ယောက် ရုံးပိတ်ရက်တောင်အပြင်မထွက်တာ… ကြီးကြီးရှိနေလို့ကိုး… ကြီးကြီးတူမကလေ ကြီးကြီးရှေ့မှာမို့ အိမ်တွင်းပုန်း၊ အလိမ္မာလေးလုပ်နေတာသိလား…. သူမုန့်ဖိုးများများမရမှာစိုးလို့ဟန်ဆောင်ပြနေတာကြီးကြီးရေ့… မယုံနဲ့သိလား”
“ကမ…. ငါတို့တူအရီးကြား နင်လာပြီးဂုံးတိုက်မနေနဲ့…. ငါဘယ်လောက်လိမ္မာလဲဆိုတာကြီးကြီးအသိဆုံး… နော်.. ကြီးနော်”
ကြီးကြီးက စကားနိုင်လုနေပြန်တဲ့သူတို့နှစ်ယောက်ကိုသဘောတကျနဲ့ပြုံးပြုံးကြီးကြည့်နေရင်းကပြောပါသည်။
“ညည်းသူငယ်ချင်းလိမ္မာရင် ကြီးကြီးပိုင်ဆိုင်သမျှကသူ့ဖို့ချည်းပါပဲအေ…”
ကြီးကြီးသည် ဖေဖေရဲ့တစ်ဦးတည်းသောအစ်မကြီးဖြစ်ကာ အပူမရှာပဲတစ်ကိုယ်တည်းအပျိုကြီးလုပ်နေသူဖြစ်သည်။ မန္တလေးမြို့ဇာတိဖြစ်ကြပြီး ဖေဖေက ရန်ကုန်သူမေမေနဲ့အိမ်ထောင်ကျကာ ရန်ကုန်မှာအခြေကျတော့၊ ကြီးကြီးကမိဘအမွေအိမ်ကြီးကိုမခွဲနိုင်ဟုဆိုကာ ဆွေမျိုးနီးစပ်ကလေးတစ်ချို့ကို ခေါ်ယူ စောင့်ရှောက်ထားရင်း မန္တလေးမှာသာကျန်ခဲ့လေသည်။
မိဘတွေခေါင်းမချခင်ကတည်းက မောင်နှစ်မနှစ်ယောက်ကိုအမွေခွဲဝေပေးထားခဲ့တာမို့ ကြီးကြီးကသူပိုင်ဆိုင်သမျှကို စိတ်ချရတဲ့လုပ်ငန်းတွေမှာရှယ်ယာထည့်ဝင်ထားကာ တစ်လတစ်လရတဲ့အတိုးတွေနဲ့စိတ်ကြိုက်လှူတန်းစားသောက်ရင်း အပူအပင်မရှိနေထိုင်နိုင်သူဖြစ်သည်။ တစ်ဦးတည်းသောတူမလေးမီးမီးကိုအလွန်ချစ်တာမို့ တစ်နှစ်ကို နှစ်ခါ၊ သုံးခါလောက် ရန်ကုန်ဆင်းလာတွေ့တတ်သလို၊ မီးမီးတို့မိသားစုကလည်း ကျောင်းအားရင်အားသလို၊
ရုံးအားရင်အားသလို ကြီးကြီးဆီ ကူးချည်သန်းချည်အလည်သွားတတ်ကြပါသည်။
“ဟီးဟီး… ဒါဆိုရင်တော့ ငါ့သူငယ်ချင်းမီးမီးကို
အခုကတည်းကကပ်ဖားထားမှဖြစ်တော့မှာပေါ့… အဟမ်းအဟမ်း… ရော့ မီးမီးလေး စားစား”
ဂူဂူးက ပြောင်ချော်ချော်ပြောရင်း ကြီးကြီးရှေ့စားပွဲပေါ်က လက်ဖက်အုပ်ထဲက ရွှေပုစွန်ခြောက်ကြီးတွေခပ်ပြီး မျက်နှာလိုမျက်နှာရပုံစံနဲ့ခွံ့ကျွေးနေပြန်တာကြောင့် အားလုံးရယ်ကြရသေးသည်။
သုံးယောက်သားခြံထဲမှာထိုင်ကာ မေမေလာချကျွေးသမျှတစ်မျိုးပြီးတစ်မျိုးထိုင်စားကြပြီး
ဟိုအကြောင်းဒီအကြောင်းရောက်တတ်ရာရာပြောကြရင်း ဗေဒင်၊ လက္ခဏာနဲ့ယတြာတွေအကြောင်းရောက်သွားကြလေသည်။
ကြီးကြီးသည် အကြားအမြင်၊ လက္ခဏာ၊
ဆန်းကျမ်းဗေဒင်ပညာတွေကိုမေးမြန်းတွက်ချက်
ရတာအလွန်ဝါဿနာပါသလို၊ အဆိုးတစ်ခုခုများဟောပြောခံရပြီဆိုလျှင်လည်း သူတစ်ပါးထက်ကြောက်တတ်သူဖြစ်ကာ ပေးသမျှယတြာအစုံကို
မရရအောင်လှည့်ပတ်ချေတတ်သူလည်းဖြစ်သေးသည်။
“ဟဲ့… ဂူဂူးရေ အတော်ပဲ… နင်ရောက်တုန်းလေး
ကြီးကြီးကို လက္ခဏာကြည့်ပေးလိုက်ပါလား….
ကြီးကြီးရေ ဂူဂူးဟောတာလေးတွေမဆိုးဘူး တော်တော်မှန်တယ်သိလား… မီးမီးတို့သူငယ်ချင်းတွေကို သူဟောပေးနေကျ”
“ဟုတ်လားသမီး….
သမီးက လက္ခဏာလည်းကြည့်တတ်တယ်လား…”
ဂူဂူးက ရယ်ကျဲကျဲနဲ့…
“သမီးကဝါဿနာပါလို့အနည်းအကျဉ်းလေ့လာထားတာပါကြီးကြီးရယ်… ဆရာကြီးတော့မဟုတ်ပါဘူး.. အဟီး”
“ဟဲ့ ငါ့ကိုအရင်ကြည့်ပေး… နင်မကြည့်ပေးတာတောင်တော်တော်ကြာနေပြီ”
ဂူဂူးက မီးမီးရဲ့လက်နှစ်ဖက်ကို သူ့ရှေ့ချပြခိုင်းပြီး လက္ခဏာအရေးအကြောင်းတွေကိုပြူးပြဲကြည့်ကာ…
“နင့်အိမ်ထောင်ရေးလမ်းကြောင်းကဖြောင့်ဖြူးနေတာပဲ… ဘာကျွန်းမှခံမနေဘူး…. အဲဒီတော့ အချစ်ရေး၊ အိမ်ထောင်ရေးကကံကောင်းတယ်…
ပြီးတော့ မကြာခင်အချိန်အတွင်းမှာ လာဘ်ဝင်ဖို့လည်းရှိသေးတယ်… နင်အကြီးအကျယ်ပွဦးမှာ… အမွေရသလိုကိုပိုက်ဆံတွေအပုံလိုက်ဝင်မှာဟ…. နင်ဒီလထီထိုးပြီးပြီလား…မထိုးရသေးရင်အမြန် ပြေးထိုးလိုက်တော့နော်… မပြောမရှိနဲ့”
“ငါမနေ့ကမနက်က ဈေးကအပြန်မှာ ထီထိုးလာတယ်ဟဲ့.. ဘုရားစင်ပေါ်မှာတင်ထားတယ်…
ဘုရားသိကြားမလို့ နင်ပြောတဲ့အတိုင်းထီပေါက်ပါစေဟယ်”
“ကျန်းမာရေးတော့နည်းနည်းချူချာမယ်… အထူးသဖြင့် ဝမ်းဗိုက်ပိုင်းဆိုင်ရာဂရုစိုက်ပေးပါ”
“မီးမီး ကြားလား… အဲဒါကြောင့်ဓမ္မတာလာခါနီး လက်ဖက်တွေတအားမစားပါနဲ့ဆိုတာကိုပြောမရဘူး.. ပြီးရင်ဗိုက်နာတယ် ခေါင်းနာတယ်နဲ့နော်”
ကြီးကြီးက မျက်လုံးပြူးကြီးနဲ့ဝင်ဆူတာမို့ မီးမီး
မချိပြုံးလေးပြုံးပြလိုက်ရသည်။
“ကဲ…ကဲ… ငါတော်ပြီ… ကြီးကြီးကိုကြည့်ပေးဦး”
ဂူဂူးက ကြီးကြီးကိုလည်း လက်နှစ်ဖက်လုံးဖြန့်ပြခိုင်းပြီးသေသေချာချာ စေ့စေ့စပ်စပ်ကြည့်ပေးလေသည်။
“ကြီးကြီးကစီးပွားရေးလည်းကောင်းတယ်… အလှူအတန်းကြီးကြီးမားမားလည်းအခုတစ်လောလုပ်ဖြစ်သေးတယ်ထင်တယ်နော်”
“ဟယ်… ဟုတ်လိုက်တာဂူဂူးရယ်…
ကြီးကြီးဒီမလာခင်လေးတင်ကမှ ဘိုးဘွားမိဘအစဉ်အဆက်ကိုးကွယ်ခဲ့တဲ့ဘုန်းကြီးကျောင်းမှာ သိမ်အသစ်ဆောက်ပြီးရေစက်ချလှူဒါန်းခဲ့သေးတာ”
ဂူဂူးက ကြီးကြီးကိုဆက်ကြည့်ပေးရင်း ကြီးကြီးလက္ခဏာအရေးအကြောင်းတစ်ခုကိုကြည့်ကာ မျက်မှောင်ကြုတ်ရင်းခေတ္တငြိမ်သက်နေလေသည်။
ခဏအကြာမှာမှ ပြောသင့်မပြောသင့်ချင့်ချိန်နေတဲ့ ချီတုံချတုံပုံသဏ္ဌန်နဲ့…..
“ကြီးကြီးရေ… သမီးမြင်တာလေးတစ်ခုတော့ပြောမယ်နော်… ကြီးကြီးမွေးနေ့ဘယ်တော့လဲဆိုတာ သမီးသိလို့ရမလား”
“သီတင်းကျွတ်လဆန်းတစ်ရက်နေ့လေ သမီးရဲ့…
ရှေ့အပါတ်ထဲကျမှာပေါ့…
ကြီးကြီးအသက်ခြောက်ဆယ့်နှစ်နှစ်ပြည့်တော့မှာ”
ဂူဂူးက သက်ပြင်းတစ်ချက်ချရင်း ကြီးကြီးကိုစိတ်ပူသလိုကြည့်ကာ….
“ကြီးကြီး ကျန်းမာရေးကတော့ကောင်းပါတယ်…
ဘာပြဿနာမှကြီးကြီးမားမားမတွေ့ရဘူး…
ဒါပေမယ့် ကြီးကြီးရဲ့မွေးနေ့မွေးရက်မကျော်မခြင်းအသက်အန္တရာယ်တစ်ခုတော့မြင်တယ်ကြီးကြီးရဲ့”
ဂူဂူးစကားကြားတော့ ကြီးကြီးလန့်ဖြန့်သွားပုံရပြီး အလောတကြီးမေးလေသည်။
“အသက်အန္တရာယ်.. ဟုတ်လား… ဘယ်လိုမျိုးလဲဟင်သမီး… ကြီးကြီးကိုသေချာရှင်းပြပါဦး”
“ဒီလို ကြီးကြီးရယ်…
ကြီးကြီးမွေးနေ့မကျော်မခြင်း ခရီးတွေဘာတွေ
မသွားဘဲ အိမ်မှာပဲသတိဝီရယနဲ့နေနိုင်ရင်
အကောင်းဆုံးပဲ…
အထူးသဖြင့် “ရေ”နဲ့ပတ်သက်တာမျိုးကိုရှောင်ပါ… ရေလမ်းခရီးလုံးဝမသွားပါနဲ့”
“ဟဲ့… ငါတို့တောင် ကြီးကြီးရောက်တုန်းဆိုပြီး
တစ်ရက်နှစ်ရက်အတွင်း ငွေဆောင်သွားဖို့စီစဉ်ထားကြတာဟ”
“အဲဒါဆို ခရီးသွားဖို့အစီအစဉ်ဖျက်လိုက်ပါမီးမီးရေ… ရေလမ်းလုံးဝမသွားပါနဲ့၊ ရေမကူးပါနဲ့၊ ကုန်ကုန်ပြောရရင် ရေကူးကန်မှာတောင်ရေမကူးပါနဲ့ကြီးကြီး”
ဂူဂူးက မီးမီးတို့ခြံထဲက ရေကူးကန်အသေးစားလေးကိုပါဝေ့ကြည့်ရင်းသတိပေးလေသည်။
“သမီးရယ်… ကြီးကြီးကြောက်လိုက်တာကွယ်… ယတြာ…. ဘယ်လိုယတြာချေလို့ရမလဲဟင်..
ပြောပါဦး… ဘယ်လောက်ကုန်ကုန် ကြီးကြီးချေနိုင်ပါတယ်”
တုန်တုန်ရီရီဖြစ်နေတဲ့ကြီးကြီးကို ဂူဂူးက ပွေ့ဖက်နှစ်သိမ့်ရင်း…
“သိပ်လည်းအစိုးရိမ်မကြီးပါနဲ့ကြီးကြီးရယ်…
ဘုရားတရားသာအာရုံပြုပြီး ရက်ပိုင်းကလေးဂရုတစိုက်နေရုံပါပဲ…. မွေးနေ့ကျော်တာနဲ့ပြန်ကောင်းသွားမှာပါနော်”
ထိုနေ့က ကြီးကြီးကိုအာရုံလွှဲပြီး တစ်ခြားအကြောင်းအရာတွေလျှောက်ပြောရယ်မောနေခဲ့ကြပေမယ့် ကြီးကြီးမျက်နှာမသာယာတော့တာကြောင့်
ဂူဂူးလည်း သူကပညာရှင်မဟုတ်တာမို့၊ သူဟောခဲ့တာတွေစိတ်ထဲသိပ်စွဲမထားဖို့ ကြီးကြီးကိုမှာရင်း စိတ်မကောင်းစွာနဲ့ပြန်သွားရှာပါတယ်။
************
“ဒှိ..ဒှိ…ဒှိ…”
မီးမီးတို့အိမ်ကပြန်လာပြီး လေးရက်မြောက်နေ့မှာဖြစ်ပါသည်။ လက်ကိုင်ဖုန်းကအသံမြည်လာတာမို့ ခေါ်သူကိုလှမ်းကြည့်လိုက်တော့ မီးမီးဆီကဖုန်းဖြစ်နေတာမို့ လုပ်လက်စအလုပ်ကိုခဏချထားရင်း ဂူဂူးဖုန်းဖြေလိုက်မိသည်။
“ဟဲလို… ဂူဂူး… အီး..ဟီး..ဟီး..”
ဖုန်းဖြေဖြေလိုက်ချင်း မီးမီးရဲ့ငိုသံကြီးကြားလိုက်ရတာကြောင့် ဂူဂူးခေါင်းနပန်းကြီးကာ ရင်ထိတ်သွားရပါသည်။
“ဟဲ့ မီးမီး…. ဘာဖြစ်လို့လဲ… ဘာလို့ငိုနေရတာလဲသူငယ်ချင်းရယ်.. စိတ်အေးအေးထားပြီးငါ့ကိုသေချာလည်းပြောပြစမ်းပါဦး”
“ကြီးကြီး…. ကြီးကြီးခုနလေးတင်ကပဲ ဆုံးသွားပြီ
ဂူဂူးရေ…. အီးဟီးဟီး”
ဝမ်းပန်းတနည်းရှိုက်ငိုနေတဲ့မီးမီးရဲ့ဗလုံးဗထွေးစကားသံတွေကိုနားထောင်အပြီးမှာတော့ တတ်နိုင်သမျှနှစ်သိမ့်ပေးပြီး ဖုန်းချလိုက်မိပါသည်။
ကြီးကြီးသည် ဂူဂူးပြန်သွားတဲ့နေ့ကတည်းကအကြောက်ကြီးကြောက်နေခဲ့ပါသည်တဲ့။
မိသားစုငွေဆောင်သွားဖို့အစီအစဉ်ဖျက်ကာ
အိမ်မှာပဲနေကြစဉ်၊ ကြီးကြီးဟာရေကူးကန်နားသွားဖို့နေနေသာသာ၊ ရေချိုးခန်းကရေချိုးကန်အနားတောင်ယောင်လို့မှမသီခဲ့ပါ။
ဘေစင်မှာတောင်မျက်နှာမသစ်ပဲ စနိုးတာဝါနဲ့သာမျက်နှာသစ်၊ ကိုယ်လက်သန့်စင်ကာရေလည်းလုံးဝမချိုးတော့ပါတဲ့။ မနေ့ညကတော့ကောက်ခါငင်ခါနဲ့ မန္တလေးပြန်တော့မည်ဆိုကာ မီးရထားလက်မှတ်ဝယ်ခိုင်းသည်တဲ့။ အကယ်၍များကားနှင့်ပြန်လျှင် လမ်းမှာချောင်းကူးတံတားတွေဖြတ်ရသည့်အခါ ကားထက်၊ ရထားကပိုပြီးလုံခြုံစိတ်ချရသည်လို့တွေးကာ ကားလက်မှတ်အစား၊ ရထားလက်မှတ်ဖြတ်ခိုင်းခဲ့ခြင်းဖြစ်လေသည်။
အိမ်သားတွေအားလုံးဝိုင်းတားကြလည်းမရတာကြောင့် ဒီနေ့ မီးရထားဘူတာရုံကိုလိုက်ပို့တော့အင်းလျားကန်လို၊ ကန်တော်ကြီးလိုရေကန်တွေရှိတဲ့နေရာတောင်ရှောင်မောင်းပြီးပို့ပေးခဲ့ရသည်။
ဘူတာရုံရောက်တော့ မီးမီးကိုယ်တိုင် ကြီးကြီးကိုအထက်တန်းတွဲဆီလိုက်ပို့စောင့်နေပေးပြီး ရထားထွက်ခါနီးမှ စိတ်ချလက်ချရထားပေါ်ကဆင်းကာ ကြီးကြီးကို နှုတ်ဆက်ရသည်။
ကြီးကြီးလည်း ရှေ့လျှောက်အန္တရာယ်မရှိနိုင်တော့ပြီမို့ သက်ပြင်းမောကြီးချပြီးပြုံးလာနိုင်တော့သည်။ အဲဒီတော့မှစိတ်သက်သာရာရပြီမို့ ရေဆာနေတာသတိရပြီး ရေသန့်ဘူးကိုကမူးရှူးထိုးမော့သောက်လိုက်ချိန်မှာ ရေက မတော်တဆလေပြွန်ထဲအလုံးအရင်းနဲ့လမ်းကြောင်းမှားဝင်သွားကာ
ရေသီးပြီးသတိပြန်လည်မလာတော့ပဲ ဆုံးပါးသွားရှာသည်တဲ့လေ။
ဒီအဖြစ်အပျက်ကိုကြားရတော့ ကြီးကြီးကိုမျက်လုံးထဲမြင်ယောင်ပြီး ဂူဂူးစိတ်မကောင်းခြင်းကြီးစွာနဲ့အကြာကြီးထိုင်ငိုင်နေမိသည်။
ကြီးကြီးဆုံးသွားပြီဆိုတော့ ကြီးကြီးပိုင်ဆိုင်သမျှပစ္စည်းဥစ္စာတို့သည် သူမတဖွဖွပြောခဲ့သည့်အတိုင်း မီးမီးအတွက်အမွေသာဖြစ်တော့မည်ပေါ့။
“သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ၊
သူတစ်ယောက်မှာပျက်လင့်ကာသာ၊ ဓမ္မတာတည်း” တဲ့လေ။ လောကကြီးမှာ အဖြစ်အပျက်တွေသည် ဤမျှတိုက်ဆိုင်တတ်လေသလား….
လူတွေရဲ့ကံကြမ္မာသည် တစ်နေ့ကိုတစ်မျက်နှာသာဖတ်ခွင့်ရှိတဲ့ ကြိုတင်ရေးထားပြီးသားစာအုပ်တစ်အုပ်….လို့ဆိုကြတာမှန်များမှန်နေလေသလား….
ဒါမှမဟုတ်….
ဥပါဒါန်ကြောင့် ဥပါဒ်ရောက်ရခြင်းများလေလား….
ဂူဂူးလည်းမတွေးတတ်တော့ပါချေ…..
“ပြီးပါပြီ”
#Way
၁၁၀၇၂၀၂၄
ငယ်စဉ်ကတစ်ဆင့်စကားတစ်ဆင့်နားဖြင့်ကြားခဲ့ဖူးသောအကြောင်းအရာကိုစာဖတ်သူများအား
ပြန်လည်မျှဝေလိုစိတ်ဖြင့်ရေးဖွဲ့ပါသည်။