ကျိန်စာ

ကျိန်စာ(စ/ဆုံး)
———————–
တကယ်တော့ဖွားစာဥဘ၀ကသနားစရာကောင်းလှပါတယ်။အားလုံးရဲ့စွန့်ပစ်ခံဘ၀နှင့် ဖွားစာဥနေလာတာ ဘယ်လောက်များကြာနေပြီလဲ။ကြာဆို အနှစ်နှစ်ဆယ်ကျော်လောက်တော့ ရှိရောပေါ့။ ခင်ပွန်းသည်ဖိုးသာအေးကြီး ဆုံးတာတောင်အတော်ကြာလွန်းလို့ လူတွေတောင်မေ့မေ့ပျောက်ပျောက်ဖြစ်နေပြီကိုး။
သေသောသူကြာရင်မေ့ဆိုသလိုတစ်ခါကရွာမှာသျှန်းသျှန်းတောက်နာမည်ကြီးခဲ့ပေမယ့်ခုနေများဖိုးသာအေးကြီး အကြောင်းကို ဘယ်သူမှတွေယောင်လို့တောင် မဟကြတော့ပါဘူး။
တခါတုန်းကပေါ့။
ဆေးဆရာဖိုးသာအေးဆိုတာကျွန်တော်တို့ရွာတစ်ကျောမှာမသိတဲ့သူမရှိဘူး။လူတွေချောင်းဆိုး ရင်ကြပ်မှ အစ နာတာရှည်ဖျားနာတာမှအဆုံးဖိုးသာအေး ဆေးနဲ့ပျောက်ခဲ့တာချည်း။တစ်ရွာလုံးဖိုးသာအေးဆေးနဲ့လွတ်ကင်း တဲ့သူမရှိပါဘူး။
ကုန်ကုန်ပြောရရင်ဖိုးသာအေးကြောင့်အသက်ဆက်ရှင်နေတဲ့သူများများဆိုပါတော့လေ။
အဲဒီတုန်းက ကျွန်တော်တို့ရွာမှာ ဆေးရုံဆေးခန်းမဆိုပါနဲ့ ဆေးဆိုင်တောင်မရှိပါဘူး။ ခုနေလည်းဆေးရုံဆေးခန်းရှိ တယ်တော့မဟုတ်ပါဘူးလေ။တစ်အိမ်ကိုငါးထောင် တစ်သောင်းကောက်လို့ ကျေးလက်ဆေးပေးခန်းဆောက်ပြီးတော့ ဖွင့်ထား တာပါ။ဖွင့်ပွဲတွေနှင့်အမှန်ကန်ဆိုင်းဘုတ်တင်လိုက်တာတော့ ကျေးလက်ဆေးပေးခန်းပေါ့လေ။ဒါပေမဲ့ ဖွင့်တဲ့နေ့ပြီးနောက်နေ့ကစလို့ ကျွန်တော်တို့ရွာမှာတာ၀န်ကျတဲ့ ဆေးထိုးဆရာမဆိုတာလည်း ပျောက်သွားလိုက်တာ ဒီထိပေါ်မလာတော့ဘူး။
ကျေးလက်ဆေးပေးခန်းဆိုတာလည်း ပေါင်းတွေမြှုပ်လို့ ဆိုင်းဘုတ်တောင်မနည်းဖြဲကြည့်မှမြင်ရတဲ့အဆင့်။
တော်သေးတာပေါ့။ရွာမှာဆိုင်ကယ်နဲ့လာလာပြီးဆေးလာလာထိုးနေတဲ့ ဆေးဆရာကိုသောင်းထိုက်ရှိနေလို့သာ။ ဆေးဆရာ ကိုသောင်းထိုက်ဆိုတာကလည်း စျေးကြီးလိုက်တာပြောမနေပါနဲ့ဆေးတစ်ချောင်းထိုးပြီးတောင်းလိုက်တဲ့ဆေးဖိုးက နှလံထ တောင်ပြန်ဖျားချင်စိတ်ပေါက်သွားလောက်တယ်။
ဆေးဆရာဆိုတာရွာကပေးထားတဲ့နာမည်ပါ။
ဆရာ၀န်တော့မဟုတ်ဘူး။မြို့ပေါ်ဆေးရုံကအကူဆိုလား ဘာဆိုလား။ကျွန်တော်တို့တော့သိပ်နားမလည်ပါဘူးဒါတွေ ။ ဘယ်လိုပဲဖြစ်ဖြစ်လေအရေးအကြောင်းဆိုသာရှိတာမို့တော်ပါသေးရဲ့။သူကတစ်ပတ်ကိုနှစ်ရက်လောက်မှရွာကိုရောက်ရောက်လာတတ်တာဆိုတော့ တော်ရုံဖျားနာဆို ကျုပ်တို့ရွာသားတွေမယ် စောင်ကိုခေါင်းမှီးတင်းအောင်ခြုံချွေးထုတ်ပြီး ဆေးဆရာကိုစောင့်ရတာ။
အဖိုးသာအေးကြီးမကွယ်လွန်ခင်ကတော့ဒီလိုမဟုတ်ပါဘူး။
တစ်ရွာလုံးနည်းနည်းဖျားပြီဆိုတာနဲ့ ဖိုးသာအေးအိမ်အပြေးလေးသွား ဖိုးသာအေးရေ နေမကောင်းလို့ဆေးပေးပါဦးဆို ပေးလိုက်တဲ့တိုင်းရင်းဆေးကို တစ်ခွက်သောက်လိုက်ရုံနှင့်ဒီဌပျောက်ပါပဲ။ စွမ်းလိုက်တာလည်းလွန်ပါရော..။ စွမ်းသလားတော့မမေးပါနဲ့ ဖိုးသာအေးဆေးဆိုတာ နယ်နယ်ရရတော့မဟုတ်ဘူး။ ပိုးထိထားတဲ့သူတောင်အဆိပ်ပြေတာ။
ဒီလိုဆေးစွမ်းလွန်းလို့လည်းဖိုးသာအေးကြီးက ဆေးခတွေအများကြီးယူတယ်မထင်ပါနဲ့။ပေးသလောက်ပဲယူရှာတာ။ ခြံထွက်အသီးအရွက်လေးကိုအလိုက်သတိပေးရင်လည်းဖိုးသာအေးကြီးကကျေနပ်နေတတ်တာ။မရှိတဲ့သူတွေဆို ဆေးဖိုး မယူတဲ့အပြင် အိမ်ကရှိတဲ့မုန့်ပဲသွားရေစာတွေတောင်ပြန်ပေးလိုက်သေးတာ။တယ်လည်းသဘောကောင်းတဲ့ ဖိုးသားအေး ကြီးပါပဲ။
ဖိုးသာအေးကြီးက ဆေးကုရာမှာတင်တော်တာမဟုတ်ပါဘူး။ရှေ့မှီနောက်မှီလူကြီးဆိုတော့ အကုန်သိအကုန်တတ် ပါပဲ။ပယောဂ ညှိနေတဲ့သူတွေတောင်ဖိုးသာအေးကုရင် ခဏပဲ။အဲဒါတွေအပြင် လက်ဖွဲ့၊ အင်းအိုင်၊မန္တန်တွေ၊ ဗေဒင်၊ ယတြာတွေပါ ရတာ။
ပြီးတော့ နွားစာကျင်းခွက်တွေ၊ မောင်းဆုံတွေ၊ ဘုရားဆင်းတုတော်တွေ ထွင်းရာမှာလည်းအရမ်းကိုလက်ရာမြောက် တာ။ကျွန်တော့်အိမ်မှာတောင် အဖိုးဆီကငွေ ရှစ်ရာနှင့်၀ယ်ထားတဲ့ နွားစာကျင်းခွက်ကို ခုထိသုံးနေတုန်းပဲ။ အိမ်ဆောက်ရက်ရွေးတာမှအစ။တောင်သူတွေမိုးလိုရင်မိုးရွာအောင်လုပ်ပေးတာ၊ မလိုရင်မိုးတားပေးတာတွေရော အဖိုးသာအေးကိုအားကိုရတာချည်းပဲ။
အဖိုးသာအေးပုံက ကျွန်တော်မှတ်မိသလောက်ပြောရရင် အသားဖြူဖြူ အရပ်ရှည်ရှည်နှင့် ရှမ်းလူမျိုးကြီးပါ။ယောင်ထုံး အကြီးကြီးကို တစောင်းထုံးပြီး ခေါင်းပေါ်က အဝါလားအဖြူလားမသည်းကွဲတဲ့ညစ်ထပ်ထပ်တဘက်ကြီးကို ၁၂ရာသီပေါင်း ထားတတ်တာ။
အရောင်ကျွတ်ပြီးအနက်ရောင်ကနေ မှိုတက်ရောင်ပြောင်းနေတဲ့ရှမ်းဘောင်းဘီကြီးက ပိန်လီနေတဲ့ခန္ဓာကိုယ်ကြောင့် ဖားဖားကြီးဖြစ်လို့။ကျွန်တော်တို့ကလေးတွေရွာစွန်နတ်စင်ကြီးဆီသရက်သီးသွားကောက်တိုင်း အိမ်ရှေ့မှာ နွားစာကျင်းထွင်း နေတဲ့အဖိုးရဲ့ ပုံစံကိုကျုပ်ဖြင့်ခုထိမျက်စိထဲကမထွက်သေးဘူး။
အဖိုးသာအေးတို့အိမ်က ရွာအစွန်ဆုံးမှာ ။ အစွန်ဆုံးဆို အဖိုးတို့အိမ်ပြီးရင်နောက်မှာ ရွာနတ်စင်တောကြီးပဲရှိတော့ တယ်။ရွာနတ်စင်တောရဲ့အလွန်မှာတော့ တစ်ရွာလုံးလုပ်စားကြတဲ့ ယာတောကုန်းကြီးပေါ့။ဖိုးသာအေး အိမ်ကလေးက ပျဉ်ထောင်အိမ်ပုပုသေးသေးလေး။ဘေးမှာဝိုင်းနေတဲ့မန်ကျည်းပင်တွေကြောင့်အိမ်ကအလယ်မှာ ပျောက်နေတယ်။ အိမ်ထဲမှာနေ့နေ့ညည မှောင်မှည်းလို့။တစ်ယောက်တည်းဆိုအသည်းငယ်ချင်စရာကြီး။ အထဲမှာ ဘုရားစင် ၊ နတ်စင်တွေနှင့် အဖိုးရဲ့ဆေးပစ္စည်းတွေကလည်း စုံစီနေတာပဲ။
အိမ်သေးသလောက်တိုလီထွာလီပစ္စည်းတွေကများမှများပါပဲ။အဲဒီအိမ်လေးမှာ ဖိုးသာအေးနှင့်ဖွားစာဥတို့လင်မယားနှစ်ယောက် တည်းနေတာ။နှစ်ယောက်တည်းဆို သားသမီးလည်းမထွန်းကားပဲကိုး။
ဖိုးသာအေးရော ဖွားစာဥရော နှစ်ယောက်စလုံးက ကလေးအရမ်းချစ်တတ်တာ။ ကျွန်တော်တို့ကိုငယ်ငယ်ကိုရင်ဘ၀ကသူ့အိမ်ရှေ့ကဖြတ်တိုင်း ငှက်ပျောသီးတို့၊ ကောက်ညှင်းမုန့်တို့ခေါ်ခေါ်ပေးနေကြပါ။ အဲဒီလိုခေါ်ပေးရင်လည်းအိမ်ပေါ်ထိခေါ်ပြီး ဖွားစာဥက ကျွန်တော်တို့ကိုရင်လေးတွေကိုဦးချပြီး လက်နှစ်ဖက်နှင့်သေချာ ကပ်တာ။
တကယ်လည်းစေတနာကောင်းတဲ့အဖိုးနှင့်အဖွားပါ။
ဖွားစာဥအကြောင်းပြောရရင်တော့…….။
အဲဒီတုန်းက ဖွားစာဥအသက်ကအဖွားတပ်ခေါ်ကြပေမဲ့အရမ်းကြီးတော့မကြီးသေးပါဘူး။ လွန်ရောကျွံရောရှိလှမှ ငါးဆယ်ကျော်လောက်ပေါ့။အဖိုးသာအေးနဲ့ဆို နှစ် နှစ်ဆယ်လောက်အသက်ကွာတယ်ဆိုပဲ။ဖိုးသာအေးကြီးက အသက်ကြီးမှ ဖွားစာဥနှင့်အိမ်ထောင်ကျတာဆိုတော့ သားသမီးလည်းမထွန်းကားဖြစ်နိုင်ပါတယ်။
ဒါကြောင့်ဖွားစာဥက ကလေးတွေဆိုအရမ်းချစ်တတ်တာ။ဒါပေမဲ့ကလေးတွေကတော့ဖွားစာဥကိုအရမ်းမုန်းတာလား မသိပါဘူး။ဖွားစာဥမြူရင်ငယ်သံပါအောင် ထ ထငိုကြတာ။ဖွားစာဥရဲ ဥပဓိရုပ်ကြောင့်လည်းပါမှာပေါ့လေ။ဖွားစာဥက ရုတ်တရက် ကြည့်ရင်အတော်လေးကြည့်ရဆိုးတဲ့သူပါ။မျက်စိတစ်ဖက်ကငယ်ကအတည်းကကွယ်နေပြီး အထဲမှာ သူများမျက် လုံးလို အနက်ရောင်အဆံမရှိဘူး။တစ်လုံးလုံးအဖြူချည်းပဲ။
တစ်ဖက်တည်းကိုအားယူပြီးကြည့်ရတော့ ကျန်တဲ့မျက်လုံးတစ်ဖက်ပါစောင်းနေတာ။လိမ်တွန့်နီကျင်နေတဲ့ဆံပင်က ကျိုးတို ကျဲတဲနှင့်ဆိုတော့ နဂိုကတည်းက အသားညိုညိုကုလားဆင်ဖွားစာဥရုပ်က ကလေးတွေ ကြောက်လည်းကြောက် စရာပဲကိုး။
အဲဒီကတည်းက ဖွားစာဥမြူရင်ကလေးတွေလန့်ပြီးနေမကောင်းဖြစ်ကြတယ်လို့တချို့ကပြောကြတယ်။တချို့ကလည်း ဖွားစာဥကစုန်းတတ်တဲ့ စုန်းမကြီးဆိုလား။ကွယ်ရာမှာတစ်ယောက်တစ်မျိုးမရိုးနိုင်အောင်ဝေဖန်ကြတော့တာပါပဲ။လူတွေဆိုတဲ့ အမျိုးက မရှိရင်ခိုးနိုးနိုးထင်ပြီး မလှရင်စုန်းနိုးနိုးနှင့်မြင်ကြတာမဟုတ်လား။
ဘယ်လိုပဲဖြစ်ပါစေ ဖိုးသာအေးကြီးရော ဖွားစာဥရောစေတနာကောင်းတာတော့အသေအချာပါပဲ။
မှတ်မိသေးတယ်။အဖိုးသာအေးကြီးဆုံးတော့ ကျွန်တော်တို့ ကိုရင်ဘ၀နှင့်။ဆရာတော်ဘုရားကြီးက အသုဘဆွမ်းကျွေးတရားနာကြွဖို့ ကျောင်းမှာရှိတဲ့ကျုပ်တို့ကိုရင်လေးတွေပါခေါ်သွားကြတာ။ လူတွေလူတွေဆိုတာမှ အများကြီးပဲ။အဖိုးသာအေးကိုလိုက်ပို့ကြတာ ရွာသင်္ချ ိုင်းက အသုဘတရားနာဇရပ်မှာဆို လူတောင်မဆံဘူး။ ဘေးရွာကလူတွေရောလာပြီးလိုက်ပို့ကြတာ။
ငိုတဲ့သူတွေလည်းငိုလို့ပေါ့။
အဖိုးသာအေးဆုံးတုန်းက အသက်၇၈ နှစ်တောင်ရှိပါပြီ။ လူတိုင်နှမြောကြတာပေါ့။အဖိုးသာအေးက တစ်ရွာလုံး အားကိုရတဲ့တန်ဖိုးရှိလူပဲလေ။လူကြီးတွေမပြောနဲ့ အဲဒီတုန်းက ကလေးဘ၀ပဲရှိသေးတဲ့ ကျုပ်တောင်ဖိုးသာအေးကြီးကို အရမ်း နှမြောခဲ့တာ….။
***************
ဖိုးသာအေးဆုံးပြီးကတည်းက ဖွားစာဥခမျာတစ်ရွာလုံးရဲအပြစ်ပယ်ခံစဖြစ်တော့တာပါပဲ။
အစက အဖိုးသာအေးကြောင့်အိမ်ကို ၀င်ထွက်သွားလာကြပေမဲ့ ခုတော့ဖွားစာဥဆီယောင်လို့တောင်ဘယ်သူမှ မသွား တတ်ကြတော့ပါဘူး။လူတွေကလည်းတရားကျဖို့တော့ကောင်းသား။အဖိုးသာအေးရှိတုန်းက ဖွားစာဥကို ခင်သလိုလို မင်သလို လို မြောက်ပင်ပြီးပေါင်းခဲ့ကြပေမဲ့ ခုများ ဖွားစာဥကိုပစ်ပယ်လိုက်ကြတာ ပြောမနေပါနဲ့။
ဖွားစာဥ မြူတဲ့ကလေးက ငိုပြီးနောက်နေ့ဖျားတယ်။ဖွားစာဥကြီးက စုန်းမကြီးဆိုပြီး တစ်ယောက်တစ်မျိုးပြောဆိုကြ တာနှင့်ဖွားစာဥဆီဘယ်သူမှမသွားကြသလို ဘယ်သူမှလည်းအဆက်ဆံမလုပ်တာ နှစ် ပေါင်းနှစ်ဆယ်တောင်ကျော်ပြီ။ လူသူ မနီးတဲ့ရွာစွန်မှာ ဖွားစာဥတစ်ယောက်တည်းဘယ်လောက်များအထီးကျန်လိမ့်မလဲမသိ။
သူ့ကိုလူတွေပစ်ပယ်ကြတော့ဖွားစာဥလည်း ယောင်လို့တောင်ရွာထဲကိုမလာတော့ပါဘူး။သူ့ကိုလူတွေကြောက်မှာရယ် မကောင်းပြောကြမှာရယ်ကြောက်လို့ထင်ပါရဲ့။
ခုနေများဖွားစာဥတစ်ယောက်အိုစာနေလိုက်တာ အရမ်းပါပဲ။အိုစာဆို အသက်ကလည်းမနည်းတော့ပဲလေ။ ဖိုးသာအေးကြီးဆုံးတာတောင် နှစ်နှစ်ဆယ်ကျော်ပြီဆိုတော့ မသကာ ဖွားစာဥလည်း ၇၀ ကျော်လောက်တော့ ရှိရောပေါ့။ ကျွန်တော်တို့တောင်အသက် ၂၅နှစ်ကျော်ကျော်တွေရှိကုန်ပြီကိုး။
ကျွန်တော်တို့ယာတောကအပြန် တောင်ယာကုန်းပေါ်က လှမ်းကြည့်ရင် ရွာကိုမမြင်ရခင်ဖွားစာဥအိမ်ကမီးခိုးတန်းကြီးကို အရင်းဆုံးမြင်ရတာ။ ဖွားစာဥအိမ်မီးဖိုက ထွက်လာတဲ့ မီးခိုးလုံးကြီးက လေငြိမ်ငြိမ်မှာ အထက်ကိုတငြိမ့်ငြိမ့်တက်ပြီး ပန်းချီကားထဲကလို လှမှလှပဲ။ ဖွားစာဥရဲ့အထီးကျန်တဲ့ပုံရိပ်တွေကိုဖော်ပြနေသယောင်။
ကျွန်တော်ယာတောက ပြန်တိုင်းတိတ်ဆိတ်ခြောက်ကပ်နေတဲ့ ဖွားစာဥအိမ်လေးကို အမြဲတမ်းလှမ်းလှမ်းကြည့်မိတယ်။ ဖွားစာဥတစ်ယောက်ဘာတွေများလုပ်နေမလဲလို့ပေါ့။ ဒါပေမဲ့ မြင်ရဖို့ကမလွယ်ပါဘူး။ ဖွားစဥခြံကအကျယ်ကြီး အိမ်ကိုရောက်ဖို့ခြံလမ်းလေးကိုအတော်လေး၀င်ရတာ။
ရွာကလူတွေကတော့ ညနေနည်းနည်းမှောင်ပြီဆိုတာနဲ့ ဖွားစာဥအိမ်ရှေ့ကဖြတ်မလျှောက်ရဲကြတော့ ပါဘူး။ ဖွားစာဥ သူ့ဘာသာနေလည်း ရွာကလူတွေကို ကြောက်ကိုကြောက်နေကြတာ ။
ဖွားစာဥစုန်းမကြီးပါ ဆိုပြီးသက်သေထူကြတဲ့သတင်းတွေကလဲရွာထဲမှာ တစ်နေ့တစ်မျိုးမရိုးနိုင်အောင်ပျံ့လို့။
*********
အဲဒီနေ့ညက ရွာမှာ အုန်းအုန်းတင်းတင်းဖြစ်တာနဲ့ ကျွန်တော်ရွာထဲကိုအပြေးလေးလာခဲ့တယ်။ ရွာမှာတစ်ခုခုဆိုမသိမှာဆိုး လို့အမေသွားကြည့်ခိုင်းတာလည်းပါပါတယ်။
ရွာထဲမှာက ငိုသံတွေရော စကားပြောသံတွေရော ဆူညံနေတော့ကျွန်တော်လည်း ပုဆိုးစလွယ်သိမ်းပြီးမြန်မြန်သုတ်ခြေ တင်ခဲ့တာပေါ့။မီးဆိုဖယောင်းတိုင်မီးတောင်လင်းလင်းထွန်းဖို့မရှိတဲ့ကျွန်တော်တို့ရွာက နေ၀င်ပြီဆိုတာနဲ့ပတ်၀န်းကျင်တစ်ခုလုံး မှောင်ပိန်းနေတာပဲ။အရေးထဲ လကွယ်ရောက်ခါနီးနောက်ပိုင်းဖြစ်တာရယ် မိုးတွေညှို့နေတာရယ်ကြောင့် မှောင်သထက်မှောင် ပဲဆိုပါတော့။
ဒါပေမဲ့ ရွာလမ်းကတော့ကျွန်တော်တို့အဖို့ဘယ်နေရာမှာ ချိုင့်ခွက်ရှိတယ်၊ဘယ်နေရာမှာဖြင့်ကမူရှိတာကအစ အကုန် အလွတ်ရထားပြီးသား။အလင်းမရှိလည်းစမ်းပြီးသွားရုံနှင့်တင်အဆင်ပြေပါတယ်။
ဒီလိုနှင့်ကျွန်တော်တစ်ယောက်တည်းရွာထဲကအသံကိုနားစွင့်ရင်းခပ်သွက်သွက်လျှောက်လာရာက ရှေ့က ပုပုမည်းမည်းနှင့်တုတ်တုတ် တုတ်တုတ်သွားနေတဲ့သူကြောင့် ကျွန်တော့်ခြေလှမ်းတွေတောင်တွန့်ဆုတ်သွားလေရဲ့။ ရှေ့မှာအပြေးတပိုင်းသွားနေပေမဲ့အရပ်ပုပြီးခြေလှမ်းကျင်းလို့လားတော့မသိ ကျွန်တော်တောင် သူနှင့်တဖြည်းဖြည်းနီးကပ်လာပြီ။
မှောင်မှောင်မည်းမည်းထဲမှာသာမာန်လူတွေထက်ပုတိုတိုဖြစ်နေတော့ ကျွန်တော်နည်းနည်းတော့တွေဝေမိသား။ လူမှဟုတ်ပါ့မလား………..။မကြောက်တတ်ဘူးဆိုပေမဲ့စိုးရိမ်စိတ်တွေကနည်းနည်းတော့လွန်ကဲလာတယ်။
ရွာမှာခုတလောကြနေရတဲ့ သတင်းကသိပ်တော့မကောင်း။
ညသန်းခေါင်လောက်အချိန်ဆို မှင်စာလေးတွေရွာထဲမှာအနှံ့လျှောက်သွားနေတယ်လို့ပြောနေကြတယ်။ရွာထဲက အရက်သမား ကိုမောင်ကြီးက တွေ့တာဆိုလား။ကိုမောင်ကြီးပဲအရက်မူးပြီးမြင်ချင်ရာမြင်ကြတာလားတော့မသိဘူး။ရွာထဲမှာ တော့ကလေးတွေရောလူကြီးတွေရောကြောက်နေကြတာအားကြီးပဲ။
မှင်စာဆိုတာလည်း နာနာဘာ၀တစ်မျိုးပဲကိုး…………။
တဖြည်းဖြည်းရှေ့က မည်းမည်းသည်းသည်းလူပုကြီးနဲ့နီးကပ်လာတော့ ကျွန်တော်ရှေ့ဆက်တိုးဖို့ခြေလှမ်းတွေ တွန့်ဆုတ်သွားခဲ့တယ်။လူဆိုရင်တော့ အသံပြုရင်ပြန်လှည့်ကြည့်မှာပဲအသိနဲ့ချောင်းသံပေးလိုက်မိတယ်။
“အဟွတ်…အဟွတ်… အဟင်း…ဟင်း….။’’
ရော………ခက်ချေပြီ။
လှည့်မကြည့်လာသလို ကျွန်တော့်ကိုလည်းအရေးမလုပ်ပါဘူး။သူဘာသာပုံမှန်အတိုင်းတုတ်တုတ် တုတ်တုတ် ဆက်သွားနေဆဲ။ရွာထဲကအသံက ငိုသူကငို အော်သူကအော်နှင့်ပိုကျယ်လာပြန်ပြီ။ အရေးအကြောင်းတစ်ခုခုဆိုရွာကာလသားခေါင်းဖြစ် တဲ့ကျွန်တော်က ရောက်အောင်မသွားလို့လဲမကောင်း။
ရှေ့က မည်းမည်းပုပု အရာကြီးကို ကျော်သွားဖို့ကသိပ်မရဲချင်။
သို့သော်…။ မတတ်နိုင်ပြီ။
သရဲကြောက်၍ပြေးရတဲ့အကြောင်းသူများသိပါက ရွာထဲမှာ ကျွန်တော်ကာလသားခေါင်းနာမည် အကြီးကျယ်ပျက်ပေတော့မည်။အရဲစွန့်ပြီးကျော်တက်ဖို့လုပ်တော့ မရှောင်နိုင်မတိမ်းနိုင်ကျွန်တော် ၀င်တိုက်မိပါလေရဲ။ ကျွန်တော်ပဲကြောက်ကြောက်နှင့်ခြေလှမ်းတွေယိုင်ပြီးသူ့ကို၀င်တိုက်မိတာလား၊ သူပဲကျွန်တော်ရှောင်ရာဘက်ကို၀င်တိုက်မိ တာလားမသိဘူး။
ဒုန်းခနဲ့တိုက်မိသွားတာနှင့်တပြိုင်ထဲ ကျွန်တော်ကြောက်နေတဲ့ကြားက ခေါင်းနပန်းကြီးသွားပြီး တစ်ကိုယ်လုံးကျက်သီး ဖျန်းဖျန်းတောင်ထသွားပါတယ်။တိုက်မိတဲ့အရှိန်ကတော်တော်ပြင်းတာကြောင့် ကျွန်တော်တောင် တစ်ဖက်ကိုယိုင်လှဲမလိုဖြစ် ပြီး မနည်းအားယူထိန်းလိုက်ရတယ်။
ရင်ထဲမှာအကြောက်လွန်ပြီးနှလုံးခုန်သံတဒိန်းဒိန်းနှင့်။စိတ်ထဲမှာတော့တတ်သမျှဘုရားစာတွေကုန်သလောက် ရွတ်ပြီးပါပြီ။ကြောက်ကြောက်နှင့်ကြီးတိုက်မိရာ ထိုသူဘက်ကိုကျွန်တော်မဝံ့ မရဲလှည့် အကြည့်မှာ တော့ထိုသူရဲမျက်နှာကိုမှောင်မှောင်မှဲမှဲထဲ ကြယ်အလင်းရောင်နှင့် ကျွန်တော်ကောင်းကောင်းကြီးမြင်လိုက်ပါတော့တယ်။
“ဟင်……….။ ဒေါ်ပု…………….။’’
“အယ်….။ ဘယ်သူများလဲလို့ ဖိုးချိုကိုး…။ နင်ငါ့တစ်ယောက်လုံးတောင်မမြင်ဘူးလားဟဲ့။’’
“ဒေါ်ပုရယ် လန့်လိုက်တာ…။ မှောင်မှောင်မည်းမည်းထဲမှာ ပုကွကွနှင့် သုတ်ခြေတင်နေတော့ ကျွန်တော် လူလို့တောင်မထင်ဘူး…။သရဲများလားလို့….။’’
“ဖြစ်ရမယ်နင်တော့ ငါ့ကို ….။ အမလေး ဘုရား… ဘုရား…ငါလည်း လန့်သွားတာပဲဟယ်…။’’
“နေပါဦး ဒေါ်ပုက ဘာလို့ အဲလောက်ထိအလောတကြီး အပြေးတပိုင်းသွားနေရတာလဲ…။ ဘာတွေများအရေးကြီးနေလို့လဲ….။’’
“ဘယ်ကိုသွားရမလဲ…။ ရွာထဲမှာ နင်အသံတွေမကြားဘူးလား…။’’
“ကြားတယ်လေ…။ ကြားလို့ကျွန်တော်လည်းထွက်လာတာ…။ဘာဖြစ်နေကြလဲမသိဘူးဆိုပြီးထွက်လာကြည့်တာ’’
ကျွန်တော်တို့ဆက်သွားနေရင်းအတည်းက ဒေါ်ပုကကျွန်တော့်နားတိုးကပ်လာပြီး အသံနိမ့်ပြီးပြောပါတော့တယ်။
“ဟဲ့…..။အော်နေတာ မြင့်နိုင်လေ….။ညနေကနွားပျောက်လို့ရှာရင်းက မိုးစုန်းစုန်ချုပ်တဲ့အချိန်မှ ဖွားစာဥ အိမ်ဘက် ရောက်သွားတယ်တဲ့တော်….။ဒီလိုနဲ့အရမ်းလည်းမမှောင်သေးတော့ ဖွားစာဥခြံထဲလှမ်းကြည့် လိုက်တယ်တဲ့။ဖွားစာဥ ခြံအစွန်မှာ ဖြူဖြူ ဖြူဖြူနှင့် သူ့နွားကို လှမ်းမြင်တော့သူလည်း ၀မ်းသာအားရနဲ့ နွားကိုသွားဆွဲတာပေါ့ဟယ်…..။ သွားလည်းဆွဲရော သူ့နွားမဟုတ်ပဲနှင့် ဖွားစာဥကြီးဖြစ်နေတယ်တဲ့ဖိုးခိုင်ရေ…။ ပြီးတော့ ဖွားစာဥက အစွယ်တွေနှင့်တဲ့။ ဘုရား… ဘုရား … ငါပြောတာများကြားနေမလားမသိဘူး။ ရွှေပါးစပ်စကား ရွှေနားပဲကြားပါစေတော်….။’’
“ဟုတ်လို့လား ….. ဒေါ်ပုရယ်…။’’
“ဟဲ့…… ဖွားစာဥက စုန်းမကြီးဆိုတာ နင်မသိလို့မေးနေတာလား…။အဟုတ်ပဲ ဖိုးချိုရေ…။ အခုပဲငါ့သမီးအငယ်မှ မြင့်နိုင်အိမ်ကပြန်လာတာ…။ မြင့်နိုင်တစ်ယောက်ကြောက်ကြောက်နှင့်အော်ပြီးပြေးပြန်လာလို့ ငါ့သမီးလည်းကြောက်လို့ဆို အိမ်ကိုပြေးပြန်လာတာ စောနလေးက…။လာ…. လာ….လေကျောတွေရှည်မနေနဲ့ မြင့်နိုင်မိန်းမက ကြောက်ကြောက်တတ်နဲ့ရယ်…။ ငါတို့အမြန်သွားကြည့် ရအောင်…။’’
ပြောပြောဆိုဆိုကျွန်တော်လည်း ဒေါ်ပု ဦးဆောင်ရာနောက်ကိုကောက်ကောက်ပါအောင်လိုက်ခဲ့ပါတော့တယ်။
******
ကိုမြင့်နိုင်အိမ်ရောက်တော့ လူတွေတောင်အတော်လေးစုံစုံရောက်နေကြပြီ။သူကြီးအပါအ၀င် ရွာဦးကျောင်းက ဆရာ တော်ဘုရားကြီးပါရောက်နေကြတယ်။
ကိုမြင့်နိုင်ကတော့ လူပုံအလယ်မှာမျက်လုံးကလေးအဝုိင်းသားနဲ့ တစ်ခုခုကိုကြောက်နေသလိုဟိုကြည့်ဒီကြည့်ရယ်။ တစ်ချက်တချက်ခြေထောက်တွေလက်တွေကို တုန့်ခနဲ တုန့်ခနဲ့ ကွေးလိုက်ဆန့်လိုက်လုပ်နေလေရဲ့။ သူ့ကြည့်ရတာတော့ တကယ်လည်းလန့်နေပုံပေါက်ပါတယ်။
ဒါပေမဲ့ ကိုမြင့်နိုင်က အရက်သမား။တနေကုန်မူးရူးနေတဲ့သူ။ သူ့ဘာသာအရက်မူးပြီးမြင်ချင်ရာမြင်တာလားမသိပဲ ရွာထဲကလူတွေကတော့ ဖွားစာဥစုန်းအတတ်နှင့်ပြုစားလိုက်တာဆိုပြီးတစ်ယောက်တစ်မျိုးပြောနေကြလေရဲ့။ကိုမြင့်နိုင်က လည်း တချက်တချက် “ကြောက်တယ်…။ ဖွားစာဥ.. စုန်းမကြီးလို့ ”ထထ အော်တော့ ထင်ကြေးပေးနေကြသူတွေက အကြိုက်ပေါ့။
ကျွန်တော်တို့ရွာကလူတွေဆိုတဲ့ဟာကလည်းသိတဲ့အတိုင်း။ တစ်ခုခုဆိုပုံကြီးချဲ့လိုက်ရမှ။ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေလိုက်ယုံလိုက်ရမှ။ဖွားစာဥကြီးဆီမသွားကြဖို့နဲ့။ဒင်းစုန်းမကြီးမြန်မြန်သေပါစေဆိုပြီး ဆုတောင်းနေကြလေ ရဲ့။
“သူကြီး….။ ဒီအဖွားကြီးကို ဒီအတိုင်းထားတော့မှာလား….။’’
မြင့်နိုင်ရဲ့သူငယ်ချင်းအရက်သမား ကိုသိန်းဇော်က ရုတ်တရက်ကြီး အရက်မူးသံသြသြကြီးနှင့်ထမေးတော့ အကုန်လုံး ပါးစပ် အဟောင်းသားနှင့် ကိုသိန်းဇော်ဆီလှမ်းကြည့်ကြလေရဲ့။သူမိန်းမ မိတုတ်ကတော့ ကိုသိန်းဇော်ကိုလက်တို့ပြီး ပါးစပ်က ဂါထာရွတ်သလို ပွစိပွစိရွတ်နေလေရဲ့။ သူ့မျက်နှာမှာလည်းကြောက်နေတဲ့ပုံက အတိုင်းသား။
ရွာကလူတွေအားလုံးက ဖွားစာဥစုန်းမကြီးက သူအကြောင်းကွယ်ရာမှာပြောလည်း ပြန်ကြားရတယ်လို့ ယုံကြည့်ထား ကြတာမို့ သူ့မကောင်းကြောင်းကိုကွယ်ရာမှာတော်ရုံမပြောရဲကြပါဘူး။ အားလုံးပြောချင်နေတဲ့စကားကို အရက်သမား ကိုသိန်းဇော်က ထပြောတော့ အကုန်လုံးပါးစပ်အဟောင်းသားဖြစ်သွားကြတာပေါ့။
ဒင်းအရက်သမားကိုသိန်းဇော်ဆိုတာလည်း မကြောက်တတ်သူတော့မဟုတ်၊ အရက်မူးလို့သာဒီစကားထွက်တာသေ ချာပါတယ်။
“ကိုသိန်းဇော်…။ ရှင်မူးနေရင်တိတ်တိတ်နေစမ်း။ ဟိုကကြားသွားမှဖြင့် ရှင့်ကို ဇက်ချိုးသတ်နေမယ်။’’
“လုပ်ကြည့်ပါလား အဲဒီအဖွားကြီး ငါ့အကြောင်းကောင်းကောင်းသိစေရမယ်။ ငါ့သူငယ်ချင်းကိုဒီလိုလုပ်တာ ငါနည်း နည်းလေးမှမကျေနပ်ဘူး…။သူကြီးပြော…. မနက်ဖန် ကျုပ်တို့လူစုပြီးအဲဒီအဖွားကြီးကိုသွားသတ်ကြမယ်…။’’
“ကိုသိန်းဇော် ကျွန်မပြောနေတာ မရဘူးလား ရှင်…။ ဖွားစာဥကြားသွားမှဖြင့် စိတ်ညစ်ပါတယ်တော်…။ ရှင်တစ်ယောက်နဲ့တော့ …။ ခက်တော့တာပဲ…။’’
“ဒီမှာ …. သိန်းဇော်ပြောသလို အားလုံးပဲ ဖွားစာဥကိုအဲဒီလောက်ထိ မပုတ်ခတ်ကြပါနဲ့…။ သူလုပ်တာလို့ ဘယ်သူမှလည်း လက်ပူးလက်ကျပ်မိတာလည်းမဟုတ်ပဲနဲ့…။’’
“သြော်… သူကြီးရယ်..။ ခုလည်းမြင့်နိုင်ခံလာရတာ သူကြီးလည်းမြင်နေတာပဲကို…။ ပါးစပ်ကလည်း ဖွားစာဥ စုန်းမကြီးလို့ တဖွဖွအော်နေတာ သူကြီးမကြားလို့လား..။’’
“ဟုတ်တယ် … ဟုတ်တယ်…။ သူကြီးကသာဖွားစာဥဘက်ကာပြီးပြောပေးနေတာ..။ ဖွားစာဥစုန်းမကြီးဆိုတာ တစ်ရွာလုံးသိတယ်…။’’
“ဟုတ်တယ်…. သူကြီး ။ အဲဒီစုန်းမကြီးမြန်မြန်သေမှ ကျုပ်တို့တစ်ရွာလုံးအေးအေးဆေးဆေးနေရမယ်…။’’
“မင်းတို့ကလည်းကွာ…။ အရင်ဖိုးသာအေးကြီး ကျေးဇူးတွေလည်းငါတို့ ရွာမှာရှိတယ်လေကွာ….။ ခုလို ဖွားစာဥကို တစ်ယောက်မှအဖက်မလုပ်ပဲ ရွာပြင်မှာပစ်ထားရတာနဲ့တင်မင်းတို့တွေက မကျေနပ်ကြသေးဘူးလား….။ ခုလည်းငါပြောတာက ဖွားစာဥလုပ်တယ်ဆိုတာ သေချာဘယ်သူမှမသိသေးဘူး။
မြင်နိုင်ဆိုတာလည်း ခုထိအမူးပြေသေးတဲ့ကောင်မဟုတ်ဘူး။ ဒီကောင်အရက်မူးပြီး မြင်မိမြင်ရာ မြင်တာလားမှမသိတာ…။ တကယ်လို့ ဖွားစာဥက တကယ်စုန်းမကြီးဖြစ်ပြီး ရွာကိုဒုက္ခပေးနေတာဆိုရင်တော့ ငါလည်းဒီ အတိုင်းကြည့်မနေပါဘူး….။ကဲ… အာလုံးကိုယ့်အိမ်ကိုပြန်ကြတော့ ..။
မြင့်နိုင်လည်း ဆရာတော်ရေမန်းတိုက်ပေးပီးပီပဲ။ဘေးကင်းလောက်ပါပြီ။ခုကိစ္စကိုဖွားစာဥလုပ်တယ်ဆိုပြီး ကလေးတွေ လန့်အောင်လျှောက်မပြောကြနဲ့။ငါပြောတာကြားကြလား…။ ကဲ… ပြန်ကြတော့…။’’
သူကြီးစကားဆုံးတော့ အကုန်လုံး မကျေနပ်သလိုတွန့်ဆုတ်တွန့်ဆုတ်လုပ်ပြီး ပြန်ကုန်ကြလေရဲ့။စိတ်ထဲမှတော့ တစ်ယောက်မှ ကျေနပ်ဟန်မရှိတာကို သူကြီးကကောင်းကောင်းရ်ိပ်မိပါတယ်။
ကျွန်တော်လည်း ကိုမြင့်နိုင် ကောင်းကောင်းအိပ်ပျော်မှ အိမ်ပြန်ပြီးခဲ့ပါတော့တယ်။
တစ်ညလုံးလည်း ဖွားစာဥရဲ့ သနားစရာဖြစ်ရပ်ကိုစဉ်းစားပြီး တကယ်ပဲဖွားစာဥက ရွာကိုဒုက္ခပေးမဲ့စုန်းမကြီးများ ဖြစ်နေမလား စဉ်းစားရင်း ညဉ့်အတော်လေးနက်ချိန် ရွာထဲက ခွေးတွေအူသံကြားမှ ကျွန်တော်အတွေးစတို့ဖျောက်ဖျက်ပြီး အိမ်စက်ခဲပါတော့တယ်……။
*****************
အဲဒီနေ့ညနေက ကျွန်တော်ယာတောက ပြန်လာတာတော့ ခပ်စောစောပဲ။မိုးရိပ်ရှိလို့ထင်ပါရဲ့။ ပြန်လာရင်း လမ်းတစ်၀က်တွင်ပဲ ပတ်၀န်းကျင်ကတဖြည်းဖြည်းမှောင်လာရော..။ ပုံမှန်ဆို ဒီအချိန်က နေ၀င်ခါနီးအချိန်လောက်ပဲရှိပါတယ်။ ဒီနေ့မှ မိုးရိပ်တွေကြောင့်မှောင်နေလိုက်တာ…။
တချက်တချက်လျှပ်စီးလက်ပြီး ချိန်းထဲမိုးချိန်းသံက ကျောထဲတောင်စိမ့်စိမ့်သွားတယ်။မိုးမရွာခင်ရွာကိုပြန်ရောက်ဖို့ အရေးအသားကုန်သုတ်ခြေတင်ပေမဲ့လည်း ယာတောမှာမကုန်လို့အိမ်ကိုပြန်သယ်လာတဲ့မြေသြဇာအိတ်က တစ်၀က်ကျော်ကျော်တောင်ဆိုတော့ လေးနေတာနဲ့ ခရီးကသိပ်တော့မသွင်ပါဘူး။နဖူးကကျလာတဲ့ခြွေးတွေကို လက်မောင်းနှင့် ခပ်ကြမ်းကြမ်း သုတ်တင်ရင်းမပြေးရုံသမယ်လာခဲ့တာဆိုတာ ဒူးတွေတောင်ပြုတ်ထွက်မတတ်ပါပဲ။
ဒူးကျော်အောင်တိုတို၀တ်ထားတဲ့ပုဆိုးစတို့က ပါးလွှလွန်းနေတာကြောင့် မိုးအကြိုလေရဲ့တိုက်ခတ်မူတွေနှင့် တဖျတ်ဖျတ်နှင့် လွှင့်ချင်တိုင်းလွှင့်လို့။ တနေကုန်စပါးကျဲခါနီးထယ်ရေးထဲ ဂျုံနှယ်သလို မွှေနှောက်နှယ်လာတဲ့ခြေထောက်က မြေကြီးရောင်နှင့်တစ်ရောင်တည်း။
ယာတောကုန်းလေးကနေမိုးလွှတ်ဖို့အရေးပြေးဆင်းလာရတာကြောင့် တခါခါအရှိန်လွန်ပြီးချိုင့်ခွက်တွေထဲ ပစ်လှဲကျမတတ်ပါပဲ။တစ်နှစ်ပတ်လုံးစီးလာတဲ့ သားရေဖိနပ်ကလည်းပါးလွှာပြီး ခြေဆီတွေကြောင့် ချော်လွှတ်မသွားအောင် ခြေမကိုအားကုန်ကုတ်ထားရတာက အလုပ်တစ်ခု။
ကြိုးစားပေမဲ့အရာမထင် ။ မိုးက တစ်စက်နှစ်စက်ကျရာကနေ တဖြည်းဖြည်းများလာလေပြီ။ပတ်၀န်းကျင်တစ်ခုလုံးက လည်းမှဲမှောင်သွားပြီး မကြာခင်သည်းကြီးမဲကြီးရွာပေတော့မည်။
ထိုမှဒုက္ခ။ ကျွန်တော်ထမ်းလာတဲ့မြေသြဇာတွေ မိုးထဲအရေပျော်သွားလို့ကမဖြစ်။ယာတောက တဲထဲတွင်ထားရမှာစိတ် မချလိုအလေးခံပြီးအိမ်ပြန်သယ်လာတဲ့အခါမှ ဆုံးတော့မလိုလိုဖြစ်နေပြီ။
မိုးကတဖြည်းဖြည်းသည်းလာတော့ ကျွန်တော့်ခြေလှမ်းတွေဆိုတာလည်း မပြေးရုံသမယ်ပါပဲ။လေးကလေး မောကမောဆိုတော့ ပစ်တောင်ပစ်လှဲချင်စိတ်တွေပေါက်နေပါပြီ။အနီးအနားမှာလည်း ခိုစရာတဲ မရှိတဲ့အပြင် သစ်ပင်ရိပ်ကောင်းကောင်းတောင်မရှိ။
တဖြည်းဖြည်းမိုးစက်တွေကြီးပြီးစိပ်လာတော့ကျွန်တော်ပတ်၀န်းကျင်ကအနီးဆုံးမိုးခိုနိုင်မယ့်နေရာကိုပြေးရှာရပါတော့ တယ်။
ကျွန်တော်နှင့်အနီးဆုံးဆိုလို့ဖွားစာဥအိမ်ပဲရှိတယ်။ဖွားစားဥအိမ်ပြီးရင်နောက်တစ်အိမ်ဆိုတာကလည်း အတော်လေးလိုသေးတယ်။ဒီအတိုင်းဆက်သွားရင်တော့ကျွန်တော့်မြေသြဇာတွေလည်း မိုးမိပြီးအရေတွေပျော်ကျကုန်တော့မယ်။
မတတ်နိုင်………။
ဖွားစာဥအိမ်ကို၀င်ပြီးမိုးခိုမှကိုဖြစ်တော့မယ့်အခြေနေမို့ ကျွန်တော့်ခြေလှမ်းတွေ ဖွားစာဥအိမ်ကို စတင်ဦးတည်ခဲ့ ပါတော့တယ်။ ကျွန်တော့်နေရာမှာ တခြားသူသာဆို မြေသြဇာတွေအရှုံးခံလိမ့်မယ်ထင်ရဲ့။ဖွားစာဥကိုကြောက်လို့ ဘယ်သူမှ သွားဖို့စိတ်ကူးရှိမှာမဟုတ်ကြပါဘူး။
ဘာဖြစ်ဖြစ်ကျွန်တော်ကတော့ ဖွားစာဥကိုယုံပါတယ်။ပြီးတော့ ဖွားစာဥဆိုတာက ကျွန်တော်တို့ငယ်ငယ်ကတည်းက ကျွန်တော်တို့ကိုမုန့်ကျွေးနေကြပဲလေ။သူလည်းကျွန်တော့်ကိုကောင်းကောင်းကြီးမှတ်မိမှာသေချာပါတယ်။
ယိုင်နှဲနှဲခြေလမ်းတွေကိုအားယူလှမ်းရင်းဖွားစာဥအိမ်ကိုကျွန်တော်အပြေးလေးသွားလိုက်ပါတော့တယ်။ ရောက်တော့မယ်ဆိုတော့မှ မိုးကသည်းကြီးမဲကြီးရွာလေပြီ။ဖွားစာဥအိမ်ရှေ့ရောက်ခါနီးတော့ ဘာရယ်မသိ ကျွန်တော်တကိုယ်လုံး ကြက်သီးတွေဖျန်းဖျန်းထလာတယ်။မိုးအေးလို့လည်းဖြစ်နိုင်ပါတယ်လေ။
လူသွားလူလာသိပ်မရှိတော့ဖွားစာဥအိမ်အ၀င်လမ်းလေးက မိုးရေ၀လို့ပေါင်းပင်တွေထပြီးလမ်းတောင်ပျောက်ချင်နေ ပါပြီ။ကျွန်တော်လည်း ဆူးမစူးအောင်သာသတိထားလျှောက်ရင်း ဖွားစာဥအိမ်ကိုအပြေးနှင်ခဲ့တယ်။

အနီးရောက်တော့ အိမ်ရှေ့မီးဖိုလေးမှာ ငုတ်တုတ်ထိုင်နေတဲ့ ဖွားစာဥကိုလှမ်းတွေ့ရတယ်။ ဖွားစာဥ ခေါင်းက ဆံပင်တွေက ပွယောင်းပြီး မီးအရောင်ဟပ်နေတာကြောင့် ကြေးနီရောင်တောက်တော်ကြီးဖြစ်နေတယ်။ ကျွန်တော် ဖွားစာဥကိုအော်ခေါ်အသံပြုချင်ပေမဲ့ ကျွန်တော် အသံတွေမထွက်ဘူး။အရမ်းမောနေလို့လား တော့မသိ။လည်ချောင်းထဲမှာတစ်လို့နေတယ်။ဒီလိုနှင့်ကျွန်တော် ရှေ့ကိုခြေတစ်လှမ်းလှမ်းလိုက်တဲ့အခါမှာတော့ ဖွားစာဥ ကျွန်တော့်ကိုဆတ်ခနဲလှည့်ကြည်လာတော့ ဘာရယ်မသိ ။ ကျွန်တော်ကြက်သီးတွေထလာတာ အသားတွေတောင်တဆတ်ဆတ်တုန်တဲ့အထိပါပဲ။
ဖွားစာဥရဲ့တစ်လုံးတည်းရှိတဲ့မျက်လုံးနှင့်ကျွန်တော့်ကိုစောင်းကြည့်လိုက်တဲ့အချိန်ကျွန်တော် တစ်ကိုယ်လုံးနောက်လှန်လှဲမတတ်ကြောက်သွားခဲ့တယ်။ ဒူးတွေလည်းတဆတ်ဆတ်တုန်လို့။
ဖွားစာဥရဲ့နီကြောင်ကြောင်မျက်လုံးတစ်လုံးက အရင်ကနဲ့မတူတော့။တစ်လုံးလုံးဖြူနေတဲ့ မျက်လုံးက မီးရောင်ကြောင့် အရောင်မျိုးစုံပြောင်းနေတယ်။ မည်းချပ်နေတဲ့မျက်နှာမှာ ဘုတွေအများကြီး။ ဖရိုဖရဲ ပွဲကျဲနေတဲ့ဆံပင်တို့ကတမင်လုပ်ဖွထားသလိုပဲ။ အရေတွန့်နေတဲ့နုတ်ခမ်းတွေကအပေါ်ကိုလိပ်တက်နေပြီး အထဲက ကျိုးတိုးကျဲတဲသွားတွေကိုမြင်နေရတယ်။
“ဘယ်သူလဲ….။’’
ပြတ်ပြတ်သားသားမေးလိုက်တဲ့အသံအော်အော်ကြီးရဲ့အဆုံးမှာတော့ကျွန်တော်လည်း ရုတ်တရက်မို့လန့်သွားပြီး ပုခုံးပေါ်ကမြေသြဇာအိတ်ကို အောက်ကိုပစ်ချလိုက်မိတယ်။
ကျွန်တော်လည်းကြောက်လွန်းလို့ ဒူးတွေတဆတ်ဆတ်တုန်နေပါပြီ။လာလိုက်တာမှားသွားပြီလားဟု တွေးလိုက်မိတဲ့အချိန် ဖွားစာဥရဲ့ အာဏာဆန်တဲ့စကားသံက ထပ်မံထွက်ပေါ်လာခဲ့ပြန်တယ်။
“ဘယ်သူလဲ……. မေးနေတယ်…….။’’
“ကျ….. ကျ….ကျနော်…ပါ ဖွားစာ….ဥ….။’’
ကျွန်တော်စကားကြားတော့ဖွားစာဥဘေးမှာအသင့်ထောင်ထားတဲ့တောင်ဝှေးကိုယူပြီး ထလာတယ်။ကျွန်တော်လည်း မြေသြဇာအိတ်ကိုပြန်မပြီး ကြောက်ကြောက်နှင့် ဖွားစာဥရဲ့ မန်ကျည်းပင်အောက်ကတဲထဲကို၀င်ခဲ့မိပါတော့တယ်။
“ကျတော်…. ဖိုးချိုပါ…။’’
“အော်…. ဖိုးချိုလား….။ လာ.. လာ … သားအထဲကို…..။ဘယ်သူမှ အိမ်ကိုမလာဖူးတော့ ဘယ်သူလဲလို့’’
တော်ပါသေးရဲ့။ ဖွားစာဥကျွန်တော့်ကိုမှတ်မိနေလို့။
“လာ…. ထိုင်… မိုးတွေလည်းမိလာတာပဲ ချမ်းနေရောပေါ့။ မီးလှုံဦး။
ဖွားစာဥကပြောပြောဆိုဆိုမီးဖိုကမီးကိုဖွပေးတယ်။ကျွန်တော်လည်း မြေသြဇာအိတ်ကိုပစ်ချပြီး ဘေးပတ်လည်ကို ဝှေ့ကြည့်လိုက်မိသေးတယ်။ ထူးထူးခြားခြားတော့ဘာမှမတွေ့။ အိုးခွက်ပန်းကန်တစ်ချို့နဲ့ ခြေထောက်တစ်ချောင်းကျိုးနေတဲ့ သစ်သားထိုင်ခုံတစ်လုံး။ ပြီးလှဲပါများလို့ အဆံတုံးနေတဲ့ တံမြက်စည်းတစ်ခုက မန်းကျည်းပင်အောက်မှာ ခပ်လျှောလျှောလေး ထောင်ထားတယ်။ ထင်းတိုထင်းစတွေက ဘေးပတ်လည်မှာ ပုံလို့။ တံစက်မြိတ်မှာ မိုးရေခံထားတဲ့ ရေပုံက မိုးရေပြည့်ပြီး လျှံကြနေပြီ။ ကျွန်တော်ပတ်၀န်းကျင်ကိုလျှောက်ကြည့်ရင်း မီးဖိုဘေးကို၀င်ထိုင်လို့အလွန်တရာချမ်းနေတာကြောင့် လက်နှစ်ဖက်ကို ဖျန့်ပြီးမီးကင်လိုက်တယ်။
အစကဖွားစာဥကိုကြောက်နေပေမဲ့ ဖွားစာဥရဲ့ဖော်ဖော်ရွေရွေနုတ်ဆက်မူကြောင့် အကြောက်တွေအတော်သက်သာ သွားသလိုရှိပါတယ်။ဒါပေမဲ့ မသိစိတ်ကတော့ ကြောက်နေတုန်းထင်ရဲ့။ ဖွားစာဥမျက်နှာကိုမ၀င့်မရဲ ခိုးကြည့်မိတယ်။
ဖွားစာဥအတော်လေးအိုစာလိုပါပဲ။ပါးရေတွေအလိမ့်လိမ့်တက်ပြီး အသားတွေခြောက်ကပ်လို့။မည်းချပ်နေတဲ့အသား ရေပေါ်မှာ အရေခွံတွေတောင်ကွာလို့။ အကျောပြိုင်းပြိုင်းထနေတဲ့ လက်ဖမိုးပေါ်မှာ အက်ကွက်ကြောင်းကြီးတွေကအများကြီး။ ရွဲ့စောင်းနေတဲ့လက်တွေက အရင်လိုတည်တည်ငြိမ်ငြိမ်မရှိတော့။တဆတ်ဆတ်တုန်ယင်လို့။လက်သည်းတွေလည်း ဘယ်အချိန်ကတည်းက မညှပ်ပဲထားထားသည်မသိ ဂျီးတွေအလိပ်လိပ်တက်ပြီး မည်းချပ်နေတာ မြင်ရတာပင်မသတီစရာ ဖြစ်လို့…။
“သားအမေတို့ရော…နေကောင်းကြရဲ့လား…။’’
“ကောင်းပါတယ် … ဖွားစာဥ။ အဖွားရော… နေရတာအဆင်ပြေရဲ့လား….။’’
“ဒီလိုပဲပေါ့ သားရယ်…..။ မပြေလည်းပြေအောင်နေရတာပဲလေ…။ သားအဖိုးဆုံးပြီးကတည်းက တစ်ရွာလုံးက အဖွားကိုပစ်ထားကြတာ။ခုဆိုဘယ်လောက်များကြာခဲ့ပြီလဲ။တစ်ယောက်တည်းနေသားတော့ကြခဲ့ပါပြီသားရယ်…။’’
“ဟုတ်ကဲ့ပါအဖွား….။သားလည်းယာတောကပြန်လာတာ ။မိုးတွေအရမ်းသည်းလာတော့ မြေသြဇာတွေစိုကုန်မှာ စိုးလို့ ၊ နီးနီးနားနားမှာရှိတဲ့အဖွားအိမ်လေးဆီမိုးလာခိုတာ…။’’
“အေး…. အေး….ဖြေးဖြေးပေါ့ … မိုးစဲမှပြန်ပေါ့သား…။အဖွားလည်းမိုးအေးလို့မီးလှုံနေတာ…။
အသက်လည်းကြီးလာတော့အရင်လိုလည်းနေလို့ထိုင်လို့မကောင်းတော့ပါဘူး။အဖွားလည်းသေချင်နေပါပြီကွယ်။ ရွာကလူတွေအရမ်းကို အဖွားပေါ်မှာရက်စက်ကြတယ်သားရယ်…။ အဖွားကို မကောင်းဆိုးဝါးတစ်ယောက်လို့ ထင်ကြတာတော့ အဖွားစိတ်မကောင်းဘူး။ ရွာဦးကျောင်းကိုအဖွားမရောက်တာတောင်အရမ်းကြာပြီ။ အားလုံးက အဖွားကို စုန်းမကြီးလို့သတ်မှတ်ပြီးကြောက်နေကြတော့ အဖွားမသွားတော့တာပါ။
ရွာသားတွေအဖွားကြောင့်ကြောက်လန့်နေရမှာအဖွားမလိုလားဘူးလေ။အဖွားလည်း သူများလိုဘုရားသွားကျောင်း တက်လုပ်ချင်တာပေါ့။ အဖွားကြောင့်သူများတွေ စိတ်အနှောင့်ယှက်ဖြစ်မှာကိုမလိုလားလို့အဖွားမလားတော့တာပါ။ ကြာပါပြီလေ..။ ဒါတွေလည်းမပြောချင်တော့ပါဘူးသားရယ်…။
တကယ်တော့အဖွားကသဘောရိုးနဲ့အားလုံးကိုခင်တာပါ။ အဖွားက စုန်းမကြီးလည်းမဟုတ်ပါဘူးသားရယ်..။ လူတွေက မလှမျိုး စုန်းနိုးထင်ကြတယ်မဟုတ်လား။ အရင်ဘ၀က ၀ဋ်ကြွေးတွေကြီးခဲ့လို့ ခုလိုမနူမဝဲပဲစွန်ပစ်ခံရတယ်လို့ပဲ အဖွားသတ်မှတ်ပါတယ်ကွယ်…။’’
အဖွားအသံတွေတုန်လို့ပါ။ဘယ်လောက်များရင်ဖွင့်ချင်နေသည်မသိ။ကျွန်တော့်ကိုပြောပြနေတာများခံစားချက်တွေအပြည့်နဲ့ ။ ပြောပြရင်းအဖွားရဲ့ နီကြောင်ကြောင်မျက်လုံးအိမ်က မျက်ရေဥတွေတွဲခိုလာတယ်။
ကျွန်တော်စိတ်မကောင်းလိုက်တာ။ဖွားစာဥတစ်ယောက်တည်းဘယ်လောက်များအထီးကျန်လိမ့်မလဲမသိ။ သူပြောပြ နေတာတွေကအမှန်တွေဆိုတာကျွန်တော် ကောင်းကောင်းကြီးသိပါတယ်။ပြီးတော့ ဖွားစာဥနေရာက ၀င်ခံစားပေးလို့လည်း ရပါတယ်လေ။ ကျွန်တော်စကားကြားတော့စိတ်မကောင်းလွန်းလို့ ဘာဆက်ပြောရမလဲမိတော့။ ုတုန်တုန်ယင်ယင်နှင့် မီးဖိုက မီးခဲတွေကိုထိုးဆွနေတဲ့ ဖွားစာဥရဲ့ အကျောပြိုင်းပြိုင်းထနေတဲ့လက်မည်းကြီးကိုသာ ကျွန်တော်ငေးကြည့်နေလိုက်မိပါတော့ တယ်။
“ဟိုတနေ့ကလည်း အဖွားအရမ်းစိတ်မကောင်းဖြစ်ရတယ်။ မြင့်နိုင်လေ…။ မူးမူးထိုးထိုးနှင့်နွားလိုက်ရှာနေတာ။ သူ့နွားကကြိုးပြတ်ပြီး အဖွားခြံထဲကိုရောက်လာတာ။အဖွားက ကိုယ်ချင်းစာလို့ တစ်ရွာတည်းသားမို့ ဖမ်းပြီးသူ့ကိုသွားပေးပါတယ် ကွယ်…။ ဖြစ်ချင်တော့ ရုတ်တရက်နွားက လွှတ်ပြေးသွားတယ်။ အဲတာကိုမြင့်နိုင်က အဖွားကိုမြင်ပြီး ဖွားစာဥ စုန်းမကြီးလို့ အော်ပြီး ပြန်ပြေးသွားလေရဲ့။
အဖွားလေ စိတ်မကောင်းလိုက်တာ။ ကွယ်ရာမှာ အဖွားကိုစုန်းမကြီးဆိုပြီးခေါ်ကြတာသိပါတယ်။ဒါပေမဲ့ ခုလို ပေါ်တင်ကြီးအော်ပြီးထွက်ပြေးသွားတော့ အဖွားလေ လုံး၀စိတ်မကောင်းဘူး….။’’
“အင်းပါ အဖွားရယ်….။ ကျွန်တော်အဖွားကိုယုံပါတယ်…။’’
“ကျေးဇူးတင်ပါတယ် ဖိုးချိုလေးရယ်….။ မင်းငယ်ငယ်က ခဏခဏနေမကောင်းလို့ ဖိုးသာအေးဆီ မင်းအမေ ခဏခဏ ချီပြီးပြေးလာရတာ…။ ခုများမင်း ထွားလာလိုက်တာ…။ လူကြီးတောင်ဖြစ်နေပြီနော်…။’’
ဖွားစာဥကပြောရင်း အားပါးတရရယ်တော့ ကျွန်တော်ပါလိုက်ရယ်မိသေးလေရဲ့။
ပြောနေရင်းစကားကျောကပြတ်သွားတာကြောင့် ကျွန်တော်လည်း အချမ်းပြေနေပြီဆိုပေမဲ့ လက်ဖဝါးနှစ်ဖက်ကို ပွတ်လိုက် မီးဖျန့်ကင်လိုက်လုပ်နေမိတယ်။ဖွားစာဥကတော့ အုတ်နီခဲသုံးလုံးဆိုင်ထားတဲ့ဖိုခနောက်ပေါ် ကြပ်ခိုးတွေကြောင့် မည်းနက်နေတဲ့ ရေနွေးအိုကြီးကိုကောက်တင်လိုက်တယ်။
မိုးက အပြင်မှာ သည်းလို့ကောင်းတုန်း တချက်ချက်လျှပ်စီးလက်ပြီးချိန်းတဲ့မိုးချိန်းသံက မြေကြီးတွေတောင်တုန်ခါသွား တဲ့အထိပါပဲ။ဖွားစာဥကတည်ထားတဲ့ရေနွေးအိုးလေးဆူလာတော့ မည်းညစ်ညစ်ဖလားငယ်လေးထဲငှဲ့ထည့်ပြီးကျွန်တော့်ကို လှမ်းပေးတယ်။
တဆတ်ဆတ်တုန်နေတဲ့လက်တွေကြောင့်အငွေ့တထောင်းထောင်းထနေတဲ့ရေနွေးတွေက ဖလားထဲမှာ လှုပ်ယမ်းပြီးလှိုင်းတွေ ထလို့ပါ။

ခဏမျှ ဖွားစာဥနဲ့ရောက်တတ်ရာရာပြောဆိုပြီး မိုးလည်းလင်းသွားပြီမို့ကျွန်တော်လည်းပြန်ဖို့ပြင်ပါတော့တယ်။ဖွားစာဥက မပြန်ခင် သူ့အိမ်ကိုရောက်သေးတဲ့ အကြောင်းကိုဘယ်သူ့ကိုမှမပြောပြဖို့ ကျွန်တော့်ကိုအတန်တန်မှာလေရဲ့။ ကျွန်တော့်ကို သူ့ကြောင့်ရွာကလူတွေ တမျိုးထင်သွားမှာ မလိုလားဘူးတဲ့လေ။ ဘယ်လောက်ထိ စိတ်ထားမွန်မြတ်တဲ့ အဖွားလဲ။ ကျွန်တော်လည်းမပြောပါဘူးလို ကတိပေးခဲ့ ပါတယ်။
ကျွန်တော်ပြောလည်း ဘာမှအကျိုးရှိမှာမှ မဟုတ်တာ။ ဘယ်သူတွေဘယ်လိုပြောပြောကျွန်တော်တော့ဖွားစာဥကိုယုံတယ်။ဖွားစာဥကိုသနားတယ်။လူတွေရဲ့စွန့်ပယ်မူကြောင့် တစ်ယောက်တည်း အထီးကျန်စွာ နေနေရတဲ့ ဖွားစာဥရဲ့ဘ၀ကိုကျွန်တော်နားလည်ပါတယ်။

*********************************
ကျွန်တော်ဖွားစာဥအိမ်ရောက်ပြီးသုံးလေးလလောက်နေတော့ ဖွားစာဥဆုံးသွားခဲ့တယ်။ဖွားစာဥဆုံးတယ်ဆိုတာကို လည်းဘယ်ကမှန်းမသိတဲ့လူတစ်ယောက်က လာပြီး သူကြီးကိုသတင်းပေးလို့ သူကြီးနှင့်အတူကျွန်တော်တို့ ကာလသား လေးငါးယောက် ဖွားစာဥအိမ်ကိုသွားခဲ့ကြတယ်။
အိမ်ရောက်တော့ ဖွားစာဥက အိမ်ရှေ့ဧည့်ခန်းမှာ အိပ်နေသလို ဆုံးနေလေရဲ့။ပုံစံက ရုတ်တရက်သေသွားတဲ့ဖွား စာဥကို အိမ်ယာပေါ်ခေါ်တင်ပြီး အသုဘပြင်ဆင်ထားတဲ့ပုံစံ။အလောင်းကောင်က အိပ်ယာထက်မှာ စောင်ကိုလည်ပင်းထိဖုန်း ထားပြီး အခင်းတွေကလည်းသပ်သပ်ရပ်ရပ်ပြင်ဆင်ထားလို့ပါ။
သူကြီးနှင့်ရွာသားတွေက အဲဒီအရာတွေကိုကြည့်ပြီးအံ့သြနေကြလေရဲ့။
ဒီလိုနှင့်ဖွားစာဥရဲ့အသုဘကိုကျွန်တော်တို့တွေအကောင်းဆုံးစီစဉ်ပေးပြီး ဖွားစာဥအိမ်နှင့်ခြံလေးကိုတော့ ခြေရာလက်ရာမပျက်အောင် ဒီအတိုင်းပဲသော့ခတ်သိမ်းထားခဲ့ပေးလိုက်ပါတယ်။
အဲဒီတုန်းကဖွားစာဥဆုံးသွားပြီဆိုတော့ တစ်ရွာလုံးကအပျော်ကြီးပျော်ကြတာပေါ့။ဖွားစာဥကံဆိုးပါတယ်။နောက်ဆုံး အချိန်ထိလူတွေအားလုံးကသူ့ကို စုန်းမကြီးလို့သတ်မှတ်ခဲ့ကြပါတယ်။ ဒါကလည်း ဖွားစာဥပြောသလို အတိတ်က ၀ဋ်ကြွေးကံ ကြောင့်လိုပဲ သတ်မှတ်ရပါတော့မယ်။
နောက်ဘဝတွေမှာခုလိုအဖြစ်ဆိုးမျိုးနှင့်မကြုံပါစေနဲ့။
ဖွားစာဥတစ်ယောက် ကောင်းရာသုဂတိရောက်ပါစေ………………….။
လို့ ကျွန်တော်ဆုတောင်းပေးခဲ့ပါတယ်။
************************
တစ်နေ့…
ကျွန်တော်အိမ်မှာရှိနေတုန်းရွာထဲကဒေါ်ပုတစ်ယောက်အလောတကြီးအိမ်ကိုရောက်လာတယ်။
ဘာတွေသိထား ကြားထားပြန်ပြီမသိ၊ တစ်ခုခုဆိုရွာကကာလသားခေါင်းကျွန်တော့်ကိုသူကြီးထက်ဦးအောင်လာ ပြောတတ်တာသူ့အကျင့်။
“ဟဲ့….. ဖိုးချို….။ နင်ကြားပြီးပီလား…။ ဖွားစာဥမကျွတ်ဘူးဟဲ့သိလား….။’’
“ဒေါ်ပုရယ်….။ ဖွားစာဥဆုံးတာ ခြောက်လတောင်ကျော်ပြီ။ မကျွတ်ဘူးဆိုတော့ဘာဖြစ်ပြန်ပြီလား။”
“ဖြစ်တာက ဒီလိုဟေ့…။ မနေ့ညနေက ရွာထဲကဘကြီးသောင်း ထင်းခွေပြီးပြန်လာတာ ဖွားစာဥအိမ်ဘက်မှာ လူသံကြားလို့ကြည့်လိုက်တာ အိမ်ရှေ့မှ မီးဖိုထားတယ်တဲ့။ဒီလိုနဲ့ ဘကြီးသောင်းက မကြောက်တတ်သူဆိုတော့ သူခိုးတွေဘာတွေများ ၀င်နေလာမသိဘူးဆိုပြီးခြံထဲ ၀င်ကြည့်ခဲ့တယ်တဲ့။
သူလည်းရောက်ရော အထဲမှာ ဘယ်သူမှမရှိဘူးတဲ့။ဖိုထားတဲ့မီးဖိုကလည်း ဘယ်ရောက်သွားမှန်းကိုမသိတာတဲ့။ ပြာတွေတောင်မတွေ့ရဘူးတဲ့လေ…။ ပြီးတော့ အိမ်ရှေ့တလင်းတွေရော အိမ်ဘေးပတ်ပတ်လည်ရော လူနေနေသလို ရှင်းလင်း နေတာပဲတဲ့။ အခုမှ တံမြက်စည်းလှဲထားသလို အမှိုက်တစ်စမရှိဘူးဆိုပဲ။
နင်စဉ်းစားကြည့်သာမန်ဆိုဖြစ်နိုင်စရာလား။ လူမနေတာခြောက်လလောက်ရှိနေတဲ့အိမ်က အမှိုက်တစ်စမရှိဘူး ပေါင်းတစ်ပင်မရှိဘူးဆိုတာ..။ဖွားစာဥစုန်းမကြီး အိမ်စွဲခြံစွဲနှင့်မကျွတ်တာလား၊ သူ့စုန်းအတတ်ပညာနှင့် သရဲတွေများမွေးခဲ့သလားမသိပါဘူးအေ။ခုလည်းရွာထဲမှာ အာ့အကြောင်းကြားပြီး လူတွေကြောက်နေကြတာ။ မကြောက်တတ်ဘူးဆိုတဲ့ ဘကြီးသောင်းတောင် အခုဆို အာ့ဘက်ကိုမသွားရဲတော့ဘူး။
ဖွားစာဥကတော့ မသေခင်လည်းကြောက်ရသေပြီးလည်းကြောက်ရပဲအေ….။’’
ဒေါ်ပုစကားကြားတော့ ကျွန်တော် ပြုံးမိတယ်။ မတတ်နိုင်​ေတာ့။ ​ရွာကသူတွေတွေးပြီးကြောက်နေကြတာတော့ သူ့ဥပါဒါန်နှင့်သူပဲရှိပါတော့မယ်။ဒါက သူတို့စိုက်ခဲ့သောအပင်ရဲ့အသီးကို သူတို့ပဲဆက်စားသုံး ဖို့ လောကကြီးက မတရားသူတွေအတွက် ချမှတ်လိုက်တဲ့ ကျိန်စာ တစ်ခုပင်ဖြစ်ပေမည်။ ဖွားစာဥ ကတော့သိနိုင်တော့မည်မဟုတ်တော့။
စိတ်ထားကောင်းတဲ့ဖွားစာဥကြီး ကောင်းရာသုဂတိမှာ အေးချမ်းပျော်ရွှင်စွာရောက်ရှိနေမည်ကိုတော့ ကျွန်တော်ကလွဲလို့ ဘယ်သူမှ ယုံကြည်ကြမည်မထင်ပါ….။

(လျှို့ဝှက်ဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သောဝတ္ထုဖြစ်ပါသည်။)

ညီလေးငယ်

 

*************************