” ကျိန်စာသင့်သည့်ရွာ “(စ/ဆုံး)

” ကျိန်စာသင့်သည့်ရွာ “(စ/ဆုံး)

———————————————

” ဒီနေ့ကစလို့ကျိန်စာကြီးအသက်ဝင်ပါစေ….ဟားဟားဟား….”

ချိုမွှေးသည်အရူးမကြီးသဖွယ်ကျိန်စာတိုက်လိုက်ရင်း တဟားဟားရီမောကာ မေ့လဲကျသွားတော့သည်။

” ဒီကောင်မကိုမီးတောက်ထဲပစ်ထည့်လိုက်ကြမလားသူကြီး…”

” မလုပ်နဲ့…ငါတို့ရာဇဝတ်မှုသင့်နေမယ်…ဒီကောင်မကသေခါနီးတောင်ငါတို့ရွာကိုကျိန်စာတိုက်သွားသေးတယ်…သူ့ကိုတောကောင်ကြီးတွေစားဖို့ တောထဲသွားပစ်လိုက်ကြဟေ့…”

” ဟုတ်သူကြီး…”

ရွာသားတို့လည်း မေ့မျောနေသောချိုမွှေးကိုသယ်သူပြီး ရွာနှင့်ဝေးရာတောနက်ထဲသို့သွားပစ်ထားလိုက်ကြသည်။

ခန္ဓာကိုယ်တစ်ခုလုံးတူနှင့်ထုထားသလိုနာကျင်နေသည်။ မျက်လုံးဖွင့်ကြည့်ရန်ကြိုးစားသော်လည်း အလင်းရောင်စူးနေသဖြင့်ချက်ချင်းဖွင့်၍မရ။ လက်ဖြင့်အလင်းရောင်ကိုကာထားလိုက်ရင်း မျက်လုံးကိုတဖြည်းဖြည်းဖွင့်ကြည့်လိုက်သည်။

” အား…ကျွတ်…ကျွတ်…ငါဘယ်ရောက်နေတာလဲ…”

မျက်လုံးကိုဖွင့်ကြည့်လိုက်ရာသူမရောက်သောနေရာသည်လူသူကင်းမဲ့နေသည့်တောကြီးမျက်မည်းအတွင်းပင်ဖြစ်နေသည်။
ထို့အတူ မနေ့ကအဖြစ်အပျက်ကိုပြန်လည်သတိရမိသွားသည်။ တောကြီးမျက်မည်းထဲတွင်သူမတစ်ယောက်တည်းသာရှိနေသဖြင့် ကြောက်နေမိသည်မှာအမှန်ပင်။ တစ်စုံတစ်ခုကိုသတိရလိုက်သဖြင့် ထဘီအထက်ဆင့်ကိုစမ်းကြည့်လိုက်သည်။

” ဟူး…တော်သေးတာပေါ့အဖေပေးထားတဲ့ကြေးစည်လေးရှိနေသေးလို့…”

သူမကထိုအရာကိုထုတ်ကြည့်လိုက်ရင်းလေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်၏။ ထို့နောက်ထိုနေရာမှထလာကာ တောထဲမှထက်၍ရနိူင်သည့်လမ်းကိုရှာဖွေနေမိ၏။

” အား…ကျွတ်…ကျွတ်…ဗိုက်ကနာလာလိုက်တာ…”

စူးခနဲနာလာသောဗိုက်ကြောင့် သူမခြေလှမ်းတို့ရပ်သွား၏။

” ငါမွေးတော့မယ်ထင်တယ်….မဖြစ်ဘူး…ငါဒီတောထဲမွေးလို့မဖြစ်ဘူး…”

ဗိုက်ကိုနှိပ်ထားလိုက်ရင်းဆက်လျှောက်သွား၏။ ဗိုက်မှာဆက်တိုက်နာနေခြင်းမျိုးမဟုတ်ဘဲ တချက်တချက်နာနေခြင်းဖြစ်၏။ သို့သော် တစ်နေရာအရောက်တွင်ကား ဗိုက်ကမခံမရပ်နိူင်အောင်နာလာပြီးကလေးမွေးချင်လာ၏။ သူမဘာလုပ်ရမှန်းမသိတော့။ နီးစပ်ရာသစ်ပင်အောက်တွင်လှဲလျောင်းလိုက်၏။ ခဏ၌သေမတတ်ဗိုက်နာလာပြီး ကလေးငယ်ကိုမွေးဖွားလိုက်တော့၏။ ကလေးမွေးဖွားပြီးသန့်ရှင်းရေးလုပ်ပေးကာ အကူအညီရလိုရညားလိုက်ရှာနေမိ၏။ တစ်နေရာအရောက်တွင်ကား သူမအားအင်ကုန်ခမ်းကာ လောကကြီးနှင့်အဆက်အသွယ်ပြတ်တောက်သွား၏။

အမျိုးသမီးက အနှီးထုပ်ထဲရှိကလေးငယ်ကိုပွေ့ဖက်ထားရင်း အတိတ်မှအကြောင်းကိုပြန်တွေးနေမိ၏။ မည်မျှကြာအောင်တွေးနေမိသည်မသိ။ ဆရာကြီးကသူ့ကိုပုတ်နိူးလိုက်မှပသိစိတ်တို့ပြန်ဝင်သွား၏။

” တူမကြီး မျက်ရည်တွေကျနေလို့ပါလားကွဲ့…မသက်သာဘူးလား…”

” ရှင်…မဟုတ်ဘူးဦးကြီး…ကျွန်မအတိတ်ကအကြောင်းတွေပြန်တွေးမိလို့ပါ..”

” ဪတူမကြီးရယ်…အတိတ်ကိုအတိတ်မှာဘဲ ထားခဲ့ပြီးအနာဂတ်မှာကောင်းအောင်နေဖို့ကြိုးစားပါကွယ်….”

” ဦးကြီး…ကျွန်မကိုကူညီလက်စဆက်ပြီးကူညီပေးပါ…ကျွန်မမနေရတော့ဘူးဆိုတာသိတယ်…ကျွန်မကလေးကိုပြုစုစောင့်ရှေုာက်ပေးပါ…ဟောဒါကကျွန်မသမီးကြီးလာရင်ပေးပေးပါနော်…”

” သတိထားဦးမှပေါ့တူမကြီးရဲ့… တူမကြီးနေပြန်ကောင်းလာအောင်ဦးကြီးအတတ်နိူင်ဆုံးကုသပေးမယ်…”

” ကျွန်မအတွက်အပင်ပန်းမခံပါနဲ့တော့ရှင်…ကျွန်မကလေးကိုသာကောင်းကောင်းမွန်မွန်ကြီးပြင်းအောင်ပြုစုစောင့်ရှောက်ပေးပါနော်…ကျွန်မ စိတ်ချခဲ့ပါရစေရှင်…အဟွတ်…အဟွတ်… ”

အမျိုးသမီးမှာစကားပြောနေရင်းအမောဖောက်လာ၏။ ဆေးဆရာကြီးလည်းအမျိုးသမီးလှမ်းပေးသည့်ရွှေကြေးစည်ကိုယူရင်း

” တူမကြီးစိတ်ချပါ…တူမကြီးရဲ့ကလေးကိုဦးကြီးအသက်ပေးပြီးစောင့်ရှောက်ပါ့မယ်….”

” အရမ်းကိုကျေးဇူးတင်ပါတယ်ရှင့်…အရမ်းကိုကျေးဇူးတင်ပါတယ်…”

အမျိုးသမီးတိုးညှင်းသောလေသံဖြင့်ပြောရင်း ငြိမ်သက်သွားတော့သည်။ သူ၏မျက်ဝန်းသည်ကားဖွင့်လျက်သားဖြစ်နေပြီး မျက်ဝန်းထောင့်၌မျက်ရည်စတို့ကတဖြည်းဖြည်းစီးကျလာလေသည်။

ဤအဖြစ်အပျက်ဖြစ်ပြီးလူတို့လည်းအမျိုးသမီးကြီးကိုမေ့လျော့စပြုလာသည်။ ကမျိုးသမီးအပ်ခဲ့သောကလေးငယ်သည်လည်းအသက်၁၀နှစ်အရွယ်သို့ပင်ရောက်နေပေပြီ။ ဆေးဆရာကြီးသည် ကွပ်ပျစ်ပေါ်တွင်ဆေးမှတ်တမ်းစာအုပ်ရေးနေရင်းကလေးမလေးကိုလှမ်းခေါ်သည်။

” မယ်ကြေးစည်….မယ်ကြေးစည်…ဘဘနားလာပါဦးကွဲ့ …”

ဆေးဆရာကြီး၏ခေါ်သံကိုကြားသော် မန်ကျည်းပင်အောက်၌ဆော့နေသောကလေးငယ်သည်ဆေးဆရာကြီးထံအပြေးလာကာ

” ဘာခိုင်းဖို့လဲဘဘကြီး…သမီးရောက်လာပြီ….”

” ဘာမှခိုင်းဖို့မဟုတ်ပါဘူးကွယ်…ရော့ဆေးမှတ်စုကြမ်းကိုသမီးသေချာသိမ်းထား…သမီးကြီးလာရင်ဒီဆေးမှတ်စုကြမ်းကိုသေချာလေ့လာပြီး လူတွေရဲ့အသက်ကိုကယ်တင်ပေးကွဲ့….”

” ဟုတ်ဘဘကြီး…”

” အေးကွယ်လိမ္မာလိုက်တဲ့သမီးလေး….”

မယ်ကြေးစည်ကဆေးမှတ်စုကျမ်းကိုယူလိုက်ပြီးမိမိ၏အခန်းထဲသို့သွားသိမ်းထားလိုက်သည်။

မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်လည်းဇင်းကျိုက်တောင်၌ရက်တစ်ရာအဓိဋ္ဌာန်ဝင်ရင်း ယနေ့မှပြီးမြောက်သွားသဖြင့် ခရီးဆက်ရန်စတင်ခဲ့ကြသည်။ တောင်ပေါ်မှဆင်းလာပြီးခရီးဆက်ကြရင်း မြေခြားကျေးရွာသို့ရောက်ရှိလာသည်။ ထိုရွာသို့ဝင်ဝင်ခြင်း ရွာထိပ်ရှိညောင်ပင်ကြီး၏အောက်ရှိနတ်စင်မှ အမွှေးတိုင်ရနံ့ကြိုင်ထွက်လာသည်ကိုတွေ့လိုက်ရ၏။

နတ်ကွန်းသေးသေးလေးပင်ဖြစ်သော်ငြားလည်းပူဇော်ပသထားသည်မှာ နတ်စင်နှင့်ပင်မလိုက်ချေ။

” ဆရာ…နတ်စင်ကြီးပြိုကျတော့မယ်ထင်တယ်နော်…”

မောင်ထင်ပေါ်ကပြုံးလိုက်ရင်း ဆရာဖြစ်သူကိုပြောလိုက်၏။ မောင်ရေခဲက ညောင်ပင်အောက်မှနတ်စင်ကိုကြည့်လိုက်ပြီး

” တစ်ခုခုအကြောင်းရှိလို့နေမှာပေါ့ထင်ပေါ်ရ….ဒါမှမဟုတ်ရင်လည်းဒီညောင်ပင်ကြီးကဆုတောင်းပြည့်လို့နေမှာပေါ့….”

ဆရာတပည့်နှစ်ယောက်ရပ်ကြည့်နေစဉ်မှာပင် အမျိုးသမီးတစ်ဦးသည် မုန့်ဖြူမုန့်နီ၊ထမင်းဆုပ်နှင့်ပန်းပွင်များပါသော နတ်စာခွက်ကိုကိုင်ယူလာရင်း ညောင်ပင်အောက်ရှိနတ်စင်ရှိရာသို့သွားလိုက်၏။ မောင်ရေခဲတို့လည်းထိုအမျိုးသမီးကိုလုပ်သမျှကိုလိုက်ကြည့်နေမိ၏။

အမျိုးသမီးကနတ်စင်ပေါ်သို့နတ်စာခွက်ကိုပူဇော်ပသလိုက်ပြီး နတ်စင်ရှေ့တွင်ထိုင်ချကာ လက်အုပ်ချီမိုးပြီး

” ညောင်ပင်စောင့်အရှင်ရုက္ခစိုးနတ်မင်းကြီးဘုရား….တပည့်တော်မဆက်သည့်နတ်စာကိုသုံးဆောင်တော်မူပါ….ပြီးရင်တော့ တပည့်တော်မကိုသားသမီးရတနာတွေပေးသနားတော်မူပါ…ဟိုသုဘရာဇာမတိုက်ထားခဲ့သောကျိန်စာကြီးကိုလည်း အရှင့်အစွမ်းဖြင့် ဖယ်ရှားပေးတော်မူပါ အရှင်ရုက္ခစိုးနတ်မင်းကြီးဘုရား…”

အမျိုးသမီး၏ဆုတောင်းကြောင့်မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်လည်းထူးဆန်းသွား၏။ အမျိုးသမီးလည်း ရုက္ခစိုးနတ်ကိုပူဇော်ပသပြီးသည်နှင့်ညောင်ပင်အောက်မှထွက်လာ၏။ မောင်ထင်ပေါ်ကထိုအမျိုးသမီးထံသွားလိုက်ပြီး

” ဒီညောင်ပင်ကြီးကတကယ်ဆုတောင်းပြည့်တာလားအစ်မ… ”

ဆိုပြီးမေးလိုက်၏။ မောင်ထင်ပေါ်၏အမေးကြောင့်အမျိုးသမီးလည်း မောင်ထင်ပေါ်ကိုခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး

” ရှင်တို့ကဧည့်သည်တွေထင်တယ်…ဟုတ်တယ်ရှင့်ဒီညောင်ပင်စောင့်ရုက္ခစိုးကြီးကဆုတောင်းသမျှကိုဖြည့်ဆည်းပေးတယ်…ဒါပေမဲ့ ကျိန်စာကြီးကြောင့်ကျွန်မတို့ဆုတောင်းတွေမပြည့်ခဲ့ကြပါဘူး….”

ထိုအမျိုးသမီး၏စကားကြောင့် မောင်ထင်ပေါ်နားရှုပ်သွားရသည်။

” အစ်မစကားကဘယ်လိုကြီးလဲဗျ…ကျွန်တော်နားမရှင်းလို့….”

” အမျိုးသမီးတစ်ယောက်က ကျွန်မတို့ရွာကိုကျိန်စာတိုက်ထားလို့ရှင့်….”

” ဟုတ်လား….ကျိန်စာကအသက်ဝင်လို့လားအစ်မရ…”

” မသိပါဘူးကွယ်…ရွာကလူတွေဘဲအစွဲကြီးကြတာလား…ကျိန်စာကဘဲတကယ်အသက်ဝင်နေတာလားမသိပါဘူး….ဒါပေမဲ့သူကျိန်စာတိုက်ပြီးထဲကဘယ်ကမျိုးသမီးမှကိုယ်ဝန်မအောင်တော့ဘူး….”

” ဒီကိစ္စကိုကျွန်တော်ရှင်းရှင်းလင်းလင်းသိချင်ပါတယ်….အစ်မပြောပြပေးလို့ရမလား….ကျွန်တော်တို့ဒီကျိန်စာကိုဖျက်လို့ရလိုရငြားပေါ့….”

မောင်ထင်ပေါ်၏စကားကြောင့် အမျိုးသမီး၏မျက်နှာသည်ဝမ်းသာမှုအရိပ်အယောင်ပေါ်သွား၏။

” ဒီကမောင်လေးတို့က ကျိန်စာကိုဖျက်နိူင်တာလား…ဝမ်းသာလိုက်တာရှင့်…အစ်မကတော့ဒီအကြောင်းကိုသူကြီးတို့လောက်လုံးစေ့ပတ်စေ့မသိတာမို့ မောင်လေးတို့သိလိုရာကိုသိရဖို့ သူကြီးအိမ်ကိုခေါ်သွားပေးမယ်နော်….”

ထိုစကားကြောင့်မောင်ထင်ပေါ်က မောင်ရေခဲကိုလှမ်းကြည့်လိုက်ရာ မောင်ရေခဲကခေါင်းငြိမ့်ပြသဖြင့် မောင်ထင်ပေါ်လည်း

” ဒါဆိုကျွန်တော်တို့ကို သူကြီးအိမ်ခေါ်သွားပေးပါဦးဗျ… ”

” ဟုတ်ကဲ့ဒီဖက်ကြွပါရှင့်….”

အမျိုးသမီးဦးဆောင်ရာနောက်သို့ ဆရာတပည့်နှစ်ယောက်လိုက်ခဲ့ကြသည်။ ရွာထဲဝင်လာသည်နှင့် ကလေးငိုသံမကြားရ။ တစ်ရွာလုံးတိတ်ဆိတ်ငြိမ်သက်နေ၏။ ရွာလမ်းမထက်၌လည်း ဆော့နေသည့်ကလေးဟူ၍တစ်ယောက်တစ်လေမျှမရှိချေ။

ကွမ်းတစ်ယာညှက်လောက်ကြာသည်နှင့် တိုက်ခံပျဉ်ထောင်အိမ်ကြီးဆီသို့ရောက်လာ၏။ အိမ်ရှေ့အရိပ်ရပင်အောက်တွင်ကား မိန်းမကြီးတစ်ဦးသည် ဆန်ကြမ်းရွေးနေ၏။

” အရီးမြ…သူကြီးရှိလား…ဒီကဧည့်သည်တွေကသူကြီးနှင့်တွေ့ချင်လို့တဲ့….”

အိမ်ပေါက်ဝရောက်သည်နှင့် သူတို့နှင့်ပါလာသောအမျိုးသမီးက ကွပ်ပျစ်ပေါ်ရှိမိန်းမကြီးကိုလှမ်းခေါ်လိုက်၏။ အမျိုးသမီး၏အသံကြောင့် ကွပ်ပျစ်ပေါ်ရှိအမျိုးသမီးကြီးကခြံဝသို့လှမ်းကြည့်လာပြီး

” ဘယ်သူတုံးကွဲ့….သူကြီးမရှိဘူးရွာထဲခဏသွားတယ်….အိမ်ထဲလာကြကွဲ့….”

” ဟုတ်ဟုတ်အရီးမြ….”

အမျိုးသမီးကြီးမှာအမြင်အာရုံသိပ်ကောင်းပုံမပေါ်ချေ။ သူတို့လည်းခြံထဲသို့ဝင်သွား၏။ ထိုအခါမှအမျိုးသမီးကြီးသည် မောင်ရေခဲတို့ကိုခေါ်လာသည့်အမျိုးသမီးကိုမှတ်မိသွားဟန်တူပြီး

” အော်မိအေးမြဘဲ…လာကြလာကြ….”

” သူကြီးကကြာဦးမှာလားအရီးမြ…”

” မကြာလောက်ဘူး…ပြန်လာတော့မှာပါ…ဒီကဧည့်သည်တွေကဘာကိစ္စရှိလို့လဲကွဲ့….”

” သူတိူ့ကကျုပ်တို့ရွာကကျိန်စာကိုဖြေပေးမလို့တဲ့အရီးမြရဲ့….”

” ညည်းဘာတွေလျှောက်ဖွထားလို့လဲမိအေးမြ….”

” ဟီး….ဘာမှလျှောက်မဖွပါဘူးအရီးမြရဲ့….ဟို….ကျိန်စာအကြောင်းဘဲနည်းနည်းပြောပြလိုက်တာပါ….”

” ညည်းကတော့လေ….ဟင်းနော်….”

အမျိုးသမီးကြီးကတစ်ခုခုကိုဖုံးကွယ်ထားလိုဟန်ရှိသည်။

” အကြမ်းရည်တွေသောက်ပြီး အချိုတည်းကြကောင်လေးတို့…”

အမျိုးသမီးကြီးကစကားလမ်းကြောင်းလွဲပစ်လိုက်၏။

” ကောင်လေးတို့ကဘယ်ကလဲကွဲ့….”

” ကျွန်တော်တို့ကရှမ်းပြည်ဘက်ကပါအကြီး….”

” ဪရှမ်းပြည်ဘက်ကကိုး….အကြီးလည်းရှမ်းပြည်ကိုရောက်ဖူးတယ်…ဒါပေမဲ့ကြာခဲ့ပြီကွဲ့….အသက်ကြီးတော့လည်းစိတ်သွားတိုင်းကိုယ်မပါနိူင်တော့ဘူးပေါ့ကွယ်….”

စကားကောင်းနေကြစဉ် ခြံထဲသို့လူကြီးတစ်ယောက်ဝင်လာ၏။

” ဘယ်ကလှည့်လာတာလားမိအေးမြ….ဪဧည့်တွေလည်းရောက်နေတာကိုး….”

လူကြီးကအိမ်ထဲရောက်ရောက်ချင်းပြော၏။

” ရွာထိပ်နတ်စင်ကလာပြန်လာတာသူကြီးရဲ့…ဒီကဧည့်သည်တွေကသူကြီးနှင့်တွေ့ချင်တယ်ဆိုလို့ခေါ်လာခဲ့တာ….”

” ဪ…ဒီကမောင်ရင်တို့ကဘာကိစ္စရှိလို့လဲကွဲ့….”

” ဘာကိစ္စရှိရမှာလဲ….မိအေးပေါ့ပါးစပ်ပွာကြီးနဲ့လျှောက်ပြောထားလို့….”

အမျိုးသမီးကြီးကမအေးမြဆိုသူကိုမျက်စောင်းထိုးလိုက်ရင်း ပြောလိုက်၏။ မအေးမြကလည်း

” အိုအရီးမြကလည်း….သူတို့ကရွာရဲ့ကျိန်စာကိုဖျက်ပေးမယ်ဆိုလို့ပါတော့….”

ထိုအခါသူကြီးကမထူးတော့ပြီမို့

” မောင်ရင်တို့ကတကယ်ဘဲကျိန်စာဖြေပေးနိူင်သလားကွဲ့….”

” အဖြစ်သနစ်ကိုအလုံးစုံကြားသိရမှ ကျွန်တော်တို့လည်း အဖြေပေးနိုင်မှာဗျ…”

” ဪဒီလိုလားကွဲ့….ပြောရရင်တော့ဒီအဖြစ်ကဦးလေးတို့ဆင်ခြင်တုံတရားမဲ့ခဲ့မိလို့ ဖြစ်လာရတာကွဲ့…”

ဟုပြောပြီး မှိုင်ပျပျတောင်တန်းဆီသို့ငေးကြည့်လိုက်ရင်း အဖြစ်အပျက်ကိုပြန်ပြောင်းပြောပြလိုက်၏။ ထို့နောက်မောသွားဟန်ဖြင့် အကြမ်းရည်ခွက်ကိုယူရင်းမော့သောက်လိုက်၏။ မောင်ရေခဲတို့လည်း သူကြီးပြောသမျှကိုနားထောင်ရင်း

” ဦးကြီးတို့က တကယ့်အမှားကြီးကိုကျူးလွန်မိခဲ့ကြတာဘဲ….အဲဒီမိန်းကလေးကရောဘယ်ရောက်သွားတာလဲ….”

” ဒါတော့မသိဘူး…ရွာသားတွေတောထဲသွားပစ်ထားလိုက်တာ….သေလားရှင်လားလဲမသိပါဘူး….”

” ဦးကြီးတို့အရမ်းရက်စက်ရာကျလွန်းတယ်….သူကနေ့စေ့လစေ့လိုဆိုတယ်နော်….သူမသေခဲ့ရင်ခုလောက်ဆိုအဲဒီကလေးကဆယ်နှစ်အရွယ်ရလောက်ပြီပေါ့….”

” ဟုတ်တယ်….ဦးတို့လည်းအသက်ရလာမှဒီအကြောင်းကိုစေ့စေ့စပ်စပ်ပြန်တွေးကြည့်မိတော့ တကယ့်ကိုမှားသွားမှန်းသိခဲ့ရတယ်လေ….ဒါပေမဲ့ဒီအမှားကဘယ်လိုမှပြန်ပြင်လို့မရတော့ဘူး….”

” ဒီအမျိုးသမီးအသက်ရှိနေသေးရင်တော့ကျိန်စာဟာဖြေလို့ရကောင်းရနိူင်သေးတယ်…မဟုတ်ရင်ဒီတစ်ရွာလုံးကလူရဲ့သားစဉ်မြေးဆက်တွေ ဒီကျိန်စာဆိုးကြီးကိုခံစားရလိမ့်မယ်ဗျ….”

” ဦးလေးတို့အမှားပါကွယ်….”

သူကြီးမှာသူ့အမှားသူပြန်သိသွားပြီးနောင်တရနေဟန်ရှိသည်။

” အဲနောက်ပိုင်း တောထဲကိုသူကြီးတို့ပြန်ရှာကြည့်သေးလား..”

” သူထွက်သွားပြီးတစ်နှစ်လောက်ကြာတော့ ကျိန်စာကအသက်ဝင်လာတယ်…ရွာကကအမျိုးသမီးတွေကိုယ်ဝန်ဆောင်တိုင်းအမြဲပျက်ကျတယ်….အစကတော့ဒါဟာတိုက်ဆိုင်မှုတစ်ခုလို့သာမှတ်ယူထားပေမဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးလေးငါးယောက်ဆက်တိုက်ဖြစ်နေတော့ ဒါဟာကျိန်စာဆိုတာကိုသိလာခဲ့တယ်…ဒါကြောင့်လူစုပြီးတောထဲကိုသွားရှာခဲ့တယ်….ဒါပေမဲ့အဲဒီနေရာမှာ ဘာမှကိုမတွေ့ခဲ့ရဘူး….”

” တောကောင်တွေဘာတွေများဆွဲသွားခဲ့တာလား…”

” မဖြစ်နိူင်ဘူး….တောကောင်တွေဆွဲသွားရင်အစအနတော့ကျန်ခဲ့ရမှာ…ခုဟာကဘာမှသဲလွန်စကိုမကျန်ခဲ့တာ…”

” ဒါဆိုသူအသက်ရှင်နေသေးတယ်ဆိုတဲ့သဘောဘဲ….သူအသက်ရှိနေသေးရင်ဒီရွာပေါ်ကျတဲ့ကျိန်စာကိုဖျက်လို့ရနိူင်သေးတယ်….သေချာအောင်လို့ကျွန်တော်အာရုံခံကြည့်ချင်တယ်…ကျွန်တော်ဘုရားခန်းသုံးလို့ရမလား….”

” ရပါတယ်ရပါတယ်…အိမ်ပေါ်ကိုကြွပါ…”

သူကြီးလည်း မောင်ရေခဲကိုအိမ်ပေါ်ရှိဘုရားခန်းသို့ပို့ပေးလိုက်၏။ ဘုရားခန်းသို့ရောက်သည်နှင့်မောင်ရေခဲလည်း ဘုရားကိုရှိခိုးဦးချလိုက်ပြီး အထက်ဝိဇ္ဇာဆရာကြီးများကိုအာရုံပြုကန်တော့လိုက်ပြီး ဆဋ္ဌမအာရုံတောင်းခံလိုက်သည်။ ထို့နောက် ရွာကိုကျိန်စာတိုက်သူသုဘရာဇာသမီးကိုအာရုံခံကြည့်လိုက်၏။ အချိန်အတော်ကြာသည်အထိအာရုံခံကြည့်သော်လည်း အမျိုးသမီး၏အကြောင်းအရာ ရေးရေးမျှပင်ပေါ်မလာချေ။ ထို့နောက်စိတ်ကိုပိုနှစ်ထားလိုက်ပြီး ထပ်မံအာရုံခံကြည့်လိုက်သည်။

ထိုအခါအမျိုးသမီးနှင့်သက်ဆိုင်သည့်အရာတစ်ခုသည်ရေးတေးတေးပေါ်လာ၏။ သို့သော် ထင်ထင်ရှားရှားကြီးမဟုတ်သဖြင့် ခန့်မှန်းရခက်နေ၏။ ထို့နောက်ထိုင်ရာမှထပြီးအောက်ထပ်သို့ဆင်းလာခဲ့သည်။

” ဆရာ…တစ်ခုခုထူးလား…”

” အင်းထူးတော့ထူးတယ်…ဒါပေမဲ့ ရေးတေးတေးပါဘဲ….”

” ပြောပါဦးဆရာလေး… ”

သူကြီးကပြောလိုက်ရာ မောင်ရေခဲကသူကြီးဘက်သို့လှည့်ပြီး

” ဦးကြီး… အဲဒီအမျိုးသမီးမှာထူးဆန်းတဲ့ပစ္စည်းတစ်ခုခုများရှိသလား….ရွှေစငွေစတို့ပေါ့….”

မောင်ရေခဲကမေးလိုက်ရာ သူကြီးကတချက်စဉ်းစားလိုက်ပြီး

” အင်း…သူကသုဘရာဇာသမီးဆိုတော့ ထွေထွေထူးထူးဘာမှသိပ်ရှိပုံမရပါဘူး….”

” ကျွန်မကြားတာတော့ သုဘရာဇာကြီးမသေခင်သူ့သမီးကိုရွှေကြေးစည်တစ်ခုပေးခဲ့တယ်လို့ဆိုတယ်….ကျွန်မတော့မမြင်ဖူးဘူး….”

သူကြီးကတော်ကဝင်ပြောလိုက်၏။

” မင်းကိုဘယ်သူပြောတာလဲ…”

” မုဆိုးမကြီးမသေခင်တုန်းကပြောပြဖူးတယ်…အဲဒါကိုရောင်းပြီးတခြားရွာပြောင်းနေကြမယ်လို့ဆိုတယ်…ဒါပေမဲ့မုဆိုးမကြီးကချွေးမရဲ့တစ်ခုတည်းသောအမွေကိုမရောင်းရက်လို့ရွာပြင်ကယာတောမှာတဲထိုးပြီးနေနေကြတာတဲ့….”

သူကြီးကတော်၏စကားကြောင့်မောင်ရေခဲလည်းအားတက်သွားမိ၏။

” ဒါဆိုရင်အဲဒီရွှေကြေးစည်ကိုသုံးပြီး ကျိန်စာတိုက်တဲ့သူကိုခေါ်ရမှာမို့ အဲဒီအရာကိုရအောင်ရှာကြပါ…”

” စိတ်ချတူကြီးတို့…ဦးကြီးတို့လည်းကိုယ့်အမှားအတွက်ပြန်လည်တောင်းပန်ချင်လို့ အဲဒီအရာကိုမတွေ့တွေ့အောင်ရှာရမယ်…”

မြေခြားရွာသူကြီးလည်းလူအားသုံးပြီးထိုရွှေကြေးစည်ကိုနေရာအနှံ့ရှာ၏။ ရွာသူရွာသားများလည်းထိုနည်းတူပင်။

တစ်ခုသောရက်တစ်တစ်ရက်တွင်ဆရာကြီးဦးပေါက်ကြီးသည် မြေးမငယ်မယ်ကြေးစည်ကိုခေါ်ပြီး တခြားရွာ၌ဆေးကုထွက်သွား၏။ ထိုရွာသည်အလွန်စည်ကားပြီးအချက်အချာကျလှသဖြင့် စီးပွားရေးတောင့်တင်း၏။ ထိုရွာသို့တခြားရွာမှလူများလည်း အလုပ်လာလုပ်ကြ၏။ ထိုလုပ်သားများထဲတွင်မြေခြားရွာသားလည်းပါ၏။ ထိုလုပ်သားတို့ကဘုန်းကြီးကျောင်းတွင်တည်းနေကြသည်။
ဆေးဆရာကြီးတို့မြေးအဖိုးကရွာထဲဆေးကုသပြီးသည်နှင့်ဆရာတော်ဘုရားကိုဖူးမျှော်ရန်အလို့ငှါ ဘုန်းကြီးကျောင်းသို့ရောက်လာခဲ့ကြသည်။ ထိုကျောင်းထိုင်ဘုန်းကြီးနှင့်ဆေးဆရာကြီးတို့မှာအလွန်ရင်းနှီးဟန်ရှိသည်။

” ဒကာဆေးဆရာကြီး…လာဟေ့…မလာတာကြာတော့မျှော်နေတာ…မယ်ကြေးစည်လေးလည်းပါလာတာကိုး…လာကွဲ့…”

” တင့်ပါဘုရား…မလာဖြစ်တဲ့အကြောင်းကတော့တပည့်တော်နေထိုင်မကောင်းလို့ပါဘုရား…အသက်ကြီးလာတော့ရောဂါကလည်းအစုံကိုဝင်လာတော့တာဘဲဘုရား….”

” ဒကာဆေးဆရာကြီးကလည်း တယ်ဆိုပါလားကွဲ့… ”

ဆရာတော်ကြီးနှင့် ဆေးဆရာကြီး၏စကားကိုမြေခြားရွာသားကကြားပြီး အလွန်အံ့ဩသွား၏။ အကြောင်းမှာထိုစကားထဲတွင်ကြေးစည်ဟူသောစကားလုံးပါဝင်နေသောကြောင့်ပင်တည်း။ ဟုတ်သော်ရှိမဟုတ်သော်ရှိ ရေနှစ်နေသောလူသည်ကောက်ရိုးတစ်မျှင်မျှပင်အားကိုးရာရလိုရငြား ဆွဲကိုင်ထားကြသည်မဟုတ်ပါလား။ သို့ကြောင့်ဆရာတော်တို့စကားဝိုင်းသို့လာခဲ့၏။

” ဘဘုန်းတို့ဘာအကြောင်းပြောကြတာပါလဲဘုရား….”

ထိုလူကပြောလည်းပြော ကလေးမကိုလည်းလှမ်းကြည့်လိုက်၏။ ကလေးမ၏လည်ပင်းတွင်ကား အဝါရောင်ကြေးစည်သေးသေးလေးကိုဆွဲထားသဖြင့် သူ့ရင်အစုံတဒိန်းဒိန်းခုန်သွားရတော့သည်။ သူ့အမူအယာလည်းပျင်ယွင်းသွားသဖြင့် ဆေးဆရာကြီးနှင့်ဆရာတော်ဘုရားလည်းသတိထားမိသွား၏။ မိန်းကလေးငယ်လည်းအဖိုးဖြစ်သူအနားသို့တိုးကပ်သွား၏။
ဆရာတော်ဘုရားက

” ဘာဖြစ်လို့လဲဒကာလေး….”

” ဒီကလေးကဘယ်သူပါလဲဘုရား…”

” ဒါကျုပ်မြေးဘဲကွဲ့…သူ့ကိုသိလို့လားလူလေး…”

” သိတော့မသိပါဘူးဘုရား…ဒါပေမဲ့တပည့်တော်တို့ရွာအရေးနှင့်ပတ်သက်တဲ့ရွှေကြေးစည်က ဒီကလေးရဲ့လည်ပင်းမှာဆွဲထားတာတွေ့လို့ပါဘုရား…”

ထိုစကားကြောင့်ဆေးဆရာကြီးနှင့်ဆရာတော်ဘုရားလည်း နားမလည်နိူင်သလိုဖြစ်သွား၏။

” ဒီကလေးနဲ့တကာတို့ရွာအရေးဆိုတာကိုရှင်းစမ်းပါဦးကွဲ့… ”

” ဒီလိုပါဘုရား…လွန်ခဲ့တဲ့ဆယ်နှစ်လောက်က တပည့်တော်တို့ရွာကနေအမျိုးသမီးတစ်ယောက်ကိုတဖက်သတ်အနိူင်ကျင့်ခဲ့မိတယ်…အဲဒီကနေစပြီးအမျိုးသမီးကတပည့်တော်တို့ရွာကိုကျိန်စာတိုက်ခဲ့တာပါဘုရား…ခုကကျိန်စာဖြေဖို့ဆရာတွေရောက်လာတာမို့အမျိုးသမီးနှင့်သက်ဆိုင်သောပစ္စည်းတစ်ခုရှာနေတာပါဘုရား…အဲဒီအရာက ခုဒီကလေးမလည်မှာဆွဲထားတဲ့ရွှေကြေးစည်ကလေးနှင့်ပုံစံတူတာပါဘုရား…”

ထိုစကားကြောင့်ဆေးဆရာကြီးသည် အံဩသွားပြီး

” လူကလေးပြောတဲ့အထဲမှာ လွန်ခဲ့တဲ့ဆယ်နှစ်ကလို့ဆိုတယ်နော်.အဲဒီအမျိုးသမီးကဘယ်အရွယ်လောက်လဲ….”

” ကျွန်တော်တော့သေချာမမှတ်မိပါဘူး…လူကြီးသူမတွေပြောတာကတော့အသက်ခပ်ငယ်ငယ်ပါဘဲဘုရား….”

ထိုစကားကြောင့်ဆေးဆရာကြီးနှင့်ဆရာတော်ဘုရားမှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြ၏။ ထို့နောက် ဆေးဆရာကြီးက

” အဲဒီကောင်မလေးရွာထဲကနေထွက်သွားတာကိုယ်ဝန်ဆောင်လား…သူ့တစ်ယောက်ထဲလား…”

” သူ့မှာရက်စေ့လစေ့ကိုယ်ဝန်နှင့်ပါဘကြီး…”

” ဘုရား…ဒါဆိုရင်… ”

ဆေးဆရာကြီးကမြေးမငယ်ကိုလှမ်းကြည့်ပြီးဘုရားတလိုက်၏။ ဆရာတော်ဘုရားက

” အိမ်း…ကံကြမ္မာရဟတ်ကြီးကတပတ်လည်နေပြီဘဲကွယ်…ဘာမှမကြာလိုက်တဲ့အချိန်အတွင်းမှာ ပြန်လည်ဆုံတွေ့ကြရပြီပေါ့…”

” ဒီကလေးကအဲဒီအမျိုးသမီးရဲ့ကလေးဘဲကွဲ့….”

” ဟင်…ဒါဆိုအဲဒီအမျိုးသမီးမသေဘူးပေါ့ဘကြီး…”

” အမျိုးသမီးက မရှိတော့ပါဘူး…သူ့သမီးလေးဘဲကျန်ခဲ့တာပါ… လူလေးတို့ရွာကဘာတွေကြုံတွေ့နေရလို့လဲ…”

ဆေးဆရာကြီး၏အမေးကြောင့် မြေခြားရွာသားလည်း အဖြစ်အပျက်အားလုံးကိုပြောပြလိုက်၏။

” ဒါဆိုဒီကလေးနှင့်ဆိုင်တဲ့ပစ္စည်းက အပြစ်မဲ့တဲ့ကလေးတွေရဲ့အသက်ကိုကယ်ပေးနိူင်တာဘဲ….ဒါဆိုရင်တော့ကျုပ်တို့မြေးအဖိုးကို အဲဒီရွာကိုပို့ပေးစမ်းပါကွယ်….”

” ဟုတ်ဘဘကြီး…ဒီနေ့ဘဲကျုပ်တို့ရွာကိုလိုက်ခဲ့ပေးပါ…”

ထိုနေ့၌ပင်ဆေးဆရာကြီးတို့မြေးအဖိုးလည်းမြေခြားရွာသို့ရောက်လာခဲ့သည်။ တစ်ရွာနှင့်တစ်ရွာအတော်အလှမ်းဝေးနေသဖြင့် ညနေ၆နာရီခန့်မှရောက်လာခဲ့ကြရာ ထိုည၌ဘာတစ်ခုမှမလုပ်နိူင်ခဲ့ကြချေ။
နောက်နေ့မနက်ရောက်သော် ဆေးဆရာကြီးတို့မြေးအဖိုးကို ရွာသူကြီးအိမ်သို့ခေါ်ဆောင်သွား၏။

” သူကြီးဒါကကျွန်တော်တို့ကိုကူညီနိူင်မဲ့ရွှေကြေးစည်ပိုင်ရှင်ပါ…ဒီကလေးကလည်းမချိုမွှေးရဲ့သမီးပါ…”

” ဟင်…”

လူငယ်၏စကားကြောင့်သူကြီးမှာအလွန်တုန်လှုပ်သွားရသလို ထိုကလေးအပေါ်အပြစ်လုပ်မိသကဲ့သို့ခံစားလိုက်ရ၏။

” အေး.. အေးပါကွယ်…”

သူကြီး၏အသံပင်တုန်ရီနေရှာ၏။

” ကျုပ်တို့အကြောင်းစုံသိပြီးပါပြီ…အပြစ်မဲ့ကလေးတွေထပ်မသေရအောင် ကာကွယ်ပေးလိုက်ကြရအောင်…”

ထိုစဉ်မောင်ရေခဲတို့လည်းအပေါ်ထပ်မှဆင်းလာခဲ့၏။

” လာတူကြီးတို့…ဒါကတူကြီးတို့ရှာခိုင်းတဲ့ရွှေကြေးစည်ဘဲ…ဒါကကျိန်စာတိုက်သူအမျိုးသမီးရဲ့ရင်သွေးတဲ့….”

သူကြီးကမောင်ရေခဲကိုဆီးကြိုပြောပြလိုက်၏။

” ဒါဆိုပိုကောင်းတာပေါ့….အခုဘဲအလုပ်စလိုက်ကြရအောင်….ကလေးကိုအိမ်ပေါ်ဘုရားခန်းဆီပို့ပေးပါ….တိတ်ဆိတ်ငြိမ်သက်နေမှရမှာမို့ ဒီကိစ္စနှင့်သက်ဆိုင်တဲ့သူကသာ ကျုပ်နဲ့လိုက်ခဲ့ကြပေးပါ….”

မောင်ရေခဲ၏စကားကြောင့် ကျန်လူများမှာအောက်ထပ်တွင်ကျန်နေရစ်ခဲ့ပြီး ဆေးဆရာကြီးနှင့်သူကြီးကအပေါ်ထပ်သို့လိုက်လာခဲ့ကြသည်။ ထို့နောက် ကလေးငယ်ကိုဘုရားစင်ရှေ့၌လှဲလျောင်းခိုင်းလိုက်ပြီး အိမ်မွေ့ချလိုက်သည်။ ထို့နောက်မောင်ရေခဲလည်းအလင်းတိုင်ထွန်းပြီး တရားထိုင်ကာကိုယ်ပွားဝိဥာဉ်ထုတ်လိုက်သည်။ မောင်ထင်ပေါ်ကဘေးမှနေ၍အခြေအနေကိုစောင့်ကြည့်ပေးသည်။

” မယ်ကြေးစည်…မယ်ကြေးစည်….ဒီကိုလာခဲ့….”

” ဟင်…ဦးဦး….ဦးဦးဘယ်လိုရောက်လာတာလဲ….”

” ဦးဦးက သမီးလေးရဲ့မေမေကိုကူရှာပေးဖို့လာခဲ့တာ….လာဦးဦးလက်ကိုသေချာဆွဲထား….ဘာတွေ့တွေ့မလွှတ်လိုက်နဲ့နော်…”

” ဟုတ်ဦးဦး…”

မောင်ရေခဲကကလေးငယ်၏လက်ကိုဆွဲလိုက်ရင်းကျန်လက်တစ်ဖက်၌အလင်းတိုင်ကိုကိုင်ဆောင်ထားလေသည်။ သူတို့နှစ်ယောက်သည် ပိန်းပိတ်အောင်မှောင်နေသောအမှောင်ထုထဲသို့တိုးဝင်သွားခဲ့ကြသည်။

” လူသားလေး…လူသားလေးပါလား….ငါ့အဖော်အဖြစ်ခေါ်ထားရမယ်…ဟင်းဟင်း…”

အမှောင်ထုထဲမှအသံတစ်သံထွက်ပေါ်လာပြီးမောင်ရေခဲကိုလှမ်းဆွဲ၏။ သို့သော်အနားမရောက်မှီမှာပင် ရွှေရောင်ဝတ်စုံဝတ်ထားသောလူနှစ်ယောက်က ဆီးပြီးရိုက်ထုတ်ပစ်လိုက်သည်။

” အား…….”

အားဟူသောအသံထွက်သွားပြီး ပြန်လည်ပျောက်ကွယ်သွားသည်။ ထို့နောက် ဆက်သွားရင်း တစ်နေရာအရောက်တွင်

” ဒကာလေး….ဒကာလေးလက်ကိုဆွဲထားတဲ့ကလေးမကိုအလှူခံပါရစေ…”

” မလှူနိူင်ဘူး…သွား….”

ရဟန်းတစ်ပါးအသွင်ဆောင်ထားသောပုဂ္ဂိုလ်က မောင်ရေခဲအသံကြားသည်နှင့်ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ အနှောင့်အယှက်အမျိုးမျိုးကိုဖြတ်ကျော်ပြီးနောက်အလင်းတံခါးနားသို့ရောက်လာခဲ့သည်။ မောင်ရေခဲတို့ရောက်လာသည်နှင့် အလင်းတံခါးကတဖြည်းဖြည်းပွင့်သွားပြီး တံခါးပေါက်ကဲ့သို့ဖြစ်သွား၏။ မောင်ရေခဲလည်းကလေးငယ်ကိုထိုအထဲသို့ခေါ်ဆောင်သွားလိုက်၏။
အလင်းတံခါးကိုဖြတ်ပြီးဆက်သွားကြရင်း ရွာတစ်ရွာသို့ရောက်လာခဲ့သည်။ ရွာထဲဝင်သွားသည်နှင့် ရွာခံလူများသည် သူတို့ကိုဂရုမစိုက်ဘဲ မျက်နှာသေကြီးဖြင့် သွားလာလှုပ်ရှားနေကြ၏။ မောင်ရေခဲလည်း သုဘရာဇာကြီး၏သမီးကိုလိုက်ရှာနေမိသည်။ တစ်ခုသော တောင်စောင်းထက်၌ကား အမျိုးသမီးတစ်ဦးသည်ကျိန်စာတစ်ခုကိုအဆက်မပြတ်ရွတ်ဆိုနေ၏။ ထိုအမျိုးသမီး၏မျက်နှာမှာခက်ထန်နေပြီး အလွန်ဒေါသထွက်နေဟန်ရှိသည်။
မောင်ရေခဲကထိုအမျိုးသမီးနားရောက်လာသည်နှင့် အသံကိုထိန်းလိုက်ပြီး

” ခုလိုကျိန်စာတိုက်နေတာတွေကိုချက်ချင်းရပ်လိုက်….”

ဟုပြောလိုက်၏။ ထိုအသံကြောင့်အမျိုးသမီးမှာ မောင်ရေခဲဘက်လှည့်လာပြီး မျက်ထောင့်နီကြီးဖြင့်ကြည့်နေ၏။ နူတ်မှာမူ ကျိန်စာကိုဆက်ရွတ်နေဆဲပင်။

” အဲဒါတွေဆက်မရွတ်နဲ့ရပ်လိုက်လို့ပြောနေတယ်….”

ထိုသို့ထပ်ပြောလိုက်မှအမျိုးသမီးသည် ရွတ်ဆိုနေသည်များကိုရပ်လိုက်ပြီး ရှည်မျောမျောသဏ္ဍာန်ပြောင်းကာ မောင်ရေခဲ၏အရှေ့သို့့ရောက်လာခဲ့၏။

” လူ့ဘုံကအကောင်တွေ…ဒီကိုဘာလာလုပ်တာလဲ….”

” သင်တိုက်ထားတဲ့ကျိန်စာတွေကိုရပ်ပစ်ဖို့ရောက်လာတာ….”

” ဟားဟားဟား….ဟားဟားဟား…သိပ်ကိုရယ်ရတာဘဲ…ငါဒီကျိန်စာကိုဘယ်တော့မှမရပ်ပစ်နိူင်ဘူး…ငါ့အပေါ်ရက်စက်ကြတဲ့လူတွေအကုန်ကျိန်စာမိပြီးသောကရောက်စေရမယ်….”

” အဲဒီကျိန်စာရဲ့အကျိုးဆက်က သင့်ရဲ့ရင်သွေးအပေါ်ကျရောက်နေပြီဆိုတာ သင်သိရဲ့လား….”

” ဘာ! မင်းဘာပြောလိုက်တယ်….”

မောင်ရေခဲ၏စကားကြောင့် အမျိုးသမီးမှာအသံကျယ်သွား၏။

” ငါနဲ့အတူပါလာတဲ့ကလေးကိုကြည့်လိုက်စမ်း….ဒါသင့်ရဲ့ကျိန်စာစက်ကွင်းထဲမိနေတဲ့အနာဂတ်မိခင်လောင်းဘဲ….ဒါသင့်ရဲ့ရင်သွေးဘဲ…”

” ဟင်…မဖြစ်နိူင်ဘူး…မဖြစ်နိူင်ဘူး…”

” သင်သေချာကြည့်လိုက်စမ်း….သူ့ရဲ့လည်ပင်းမှာဆွဲထားတဲ့အရာကသင်ကိုယ်တိုင်ပေးခဲ့တဲ့အရာဘဲ…”

မောင်ရေခဲကထိုသို့ပြောလိုက်ရာ အမျိုးသမီးသည် မြေပေါ်ထိုင်ချလိုက်ပြီး ကလေးငယ်၏လည်ပင်း၌ရှိသောရွှေကြေးစည်ကိုနမ်းရှုံ့ကြည့်လိုက်၏။

” သမီး…ငါ့သမီးဘဲ…ငါ့သမီးလေး…”

ထိုအမျိုးသမီးကကလေးငယ်ကိုပွေ့ဖက်လိုက်၏။ သို့သော် ပွေ့ဖက်၍မရ။

” ဟင်…ဘာ…ဘာဖြစ်တာလဲ…”

” အပါယ်လေးဘုံသားနှင့် လူ့ဘုံသားတွေထိတွေ့လို့မရဘူး…”

မောင်ရေခဲကထိုသို့ပြောလိုက်ရာ အမျိုးသမီး၏မျက်နှာသည်ဝမ်းနည်းမှုအရိပ်အယောင်ဖြတ်သန်းသွား၏။

” မြေခြားရွာအပေါ်တိုက်ထားတဲ့ကျိန်စာတွေဖယ်ရှားပေးပါ…”

” မဖယ်နိူင်ဘူး…အဲရွာကလူတွေငါ့အပေါ်ရက်စက်ကြတယ်…ဟားဟားဟား…”

အမျိုးသမီးကထိုသို့ပြောလိုက်၏။

မောင်ရေခဲလည်း အမျိုးသမီးကိုကြည့်ရင်း

” ဒီထက်ပိုပြီးဒုက္ခမခံပါနဲ့….ကိုယ့်ဒေါသကကိုယ့်ကိုအရင်ပြန်ပြီးပူလောင်စေတယ်…ပြုသူအသစ်ဖြစ်သူအဟောင်းတဲ့…အပြစ်ပြုလုပ်ခဲ့ကြတဲ့သူဟာ အပြစ်ပြန်ခံရမှာဘဲ….ခွင့်လွှတ်ပေးလိုက်ပါ…အပြစ်လုပ်ခဲ့တဲ့သူလည်းသူလုပ်ခဲ့တဲ့မိုက်ပြစ်တွေကအရိပ်လို သူ့အနောက်လိုက်လံခြောက်လှန့်နေပါပြီ…သင့်ရဲ့ကလေးငယ်အတွက်မေတ္တာတရားထားပြီး ခွင့်လွှတ်ပေးလိုက်ပါ….”

မောင်ရေခဲကထိုသို့ပြောလိုက်ရာ အမျိုးသမီးသည် မိမိကိုယ်ကိုယ်ပြန်ကြည့်ပြီး ကိုယ့်ဒေါသကြောင့် နေ့စံညခံဘဝရောက်နေသည်ကိုသတိကပ်မိသွားသည်။ သို့ကြောင့်

” ဆရာရဲ့တောင်းဆိုမှုကြောင့် ဒီကျိန်စာကိုရပ်ပစ်လိုက်မယ်….ငါလည်းဒီဒုက္ခတွေများလွန်းတဲ့ဘဝကနေလွှတ်မြောက်ချင်လှပြီ…ငါ့သမီးလေးကိုနောက်ဆုံးတစ်ခေါက်လောက်ထိတွေ့ခွင့်ပေးပါလား…”

ထိုအမျိုးသမီး၏စကားကြောင့် မောင်ရေခဲသည် လူ့ဘုံနှင့်အပါယ်ဘုံကိုကာထားသည့်အလွှာပါးကိုဖယ်ရှားလိုက်၏။

” အမေ့သမီးလေး…”

ထိုအမျိုးသမီးကကလေးငယ်ကိုပွေ့ဖက်လိုက်ရင်း ငိုနေရှာ၏။ ကလေးငယ်လည်းပြန်လည်ပွေ့ဖက်ထားလိုက်၏။

” အချိန်မရှိတော့ဘူး…ကျုပ်တို့ပြန်တော့မယ်…သင်လည်းကောင်းတဲ့ဘုံဘဝကိုကူးပြောင်းပေတော့…”

မောင်ရေခဲကထိုသို့ပြောပြီး ကလေးငယ်လက်ကိုဆွဲကာပြန်လှည့်ထွက်သွား၏။ လက်မှကိုင်ထားသောအလင်းတိုင်မှာတစ်ဝက်သာကျန်တော့သည်။ မယ်ကြေးစည်သည်မိခင်ဖြစ်သူကိုလှည့်ကြည့်လိုက်ရင်း ပြုံးပြလိုက်၏။ အမျိုးသမီးလည်းသမီးငယ်ကိုပြန်လည်ပြုံးပြလိုက်ရင်း အမှုန်အမွှားများအဖြစ်ပျောက်ကွယ်သွားတော့၏။

” အမေ…အမေ…”

ကလေးငယ်မှာထိုသို့ခေါ်ရင်းမျက်လုံးပွင့်လာ၏။ မောင်ရေခဲလည်းမျက်လုံးဖွင့်လာ၏။

” ဆရာ..အဆင်ပြေခဲ့ရဲ့လား…”

” လူကလေး…အဆင်ပြေရဲ့လား…ကျိန်စာရောဖျက်ပြီးပြီလား…”

” အားလုံးလုပ်ပြီးသွားပြီ…ခုကစပြီးဘာကျိန်စာမှမရှိတော့ဘူးဗျ…”

ဆေးဆရာကြီးမှာမြေးမလေးကိုဖက်ထားလိုက်၏။ သူကြီးမှာမောင်ရေခဲကိုကျေးဇူးတင်၍မဆုံး။

ကျိန်စာဖယ်ပေးပြီးသည်နှင့် မြေခြားရွာမှထွက်လာခဲ့ကြသည်။ မောင်ထင်ပေါ်က ကျိန်စာအကြောင်းနားမလည်သဖြင့်ဆရာဖြစ်သူကိုမေးကြည့်သည်။

” ဆရာ…ဘာကြောင့်ကျိန်စာတွေအသက်ဝင်ရတာလဲဗျ…”

” မှတ်ထားထင်ပေါ်…ကျိန်စာဆိုတာက လူတစ်ယောက်စိတ်ဆိုးဒေါသထွက်တဲ့အခါကျိန်ဆဲလိုက်တဲ့အရာဟာ ဒီကျိန်စာဆိုတာကြီးကိုဖြစ်ပေါ်လာစေတာဘဲ…”

” ဟုတ်လားဆရာ…အတော်ကြောက်ဖို့ကောင်းတာဘဲနော်…”

” ကျိန်စာတိုင်းကြောက်ဖို့ကောင်းတယ်…ကြောက်ဖို့ကောင်းတဲ့ကျိန်စာ(၁၃)မျိုးရှိတယ်…အဲဒါတွေက

(၁) အမျိုးသမီးကျိန်စာ
(၂)သေသူကျိန်စာ
(၃)အာစရိယကျိန်စာ
(၄)မြွေကျိန်စာ
(၅)သက်ကြီးရွယ်အိုကျိန်စာ
(၆)နွားကျိန်စာ
(၇)ပထဝီမြေကြီးကျိန်စာ
(၈)မြစ်ရေကျိန်စာ
(၉)သီးပင်ကျိန်စာ
(၁၀)နတ်များကျိန်စာ
(၁၁)ပုဂ္ဂိုလ်မြတ်များကျိန်စာ
(၁၂)ဘိုးတော်ကျိန်စာ
(၁၃) ရိုးရာနတ်များကျိန်စာ ဆိုပြီးအမျိုးမျိုးရှိတယ်ကွ…ဒီကျိန်စာတွေဟာသက်ဆိုင်ရာပုဂ္ဂိုလ်တွေမူတည်ပြီး ကျိန်စာတည်ကြတယ်…”

” အလွန်ကြောက်စရာကောင်းတာဘဲ”

ဆရာတပည့်နှစ်ယောက် စကားပြောဆိုလာရင်း မြေခြားရွာနဲ့အဝေးဆုံးသို့ရောက်သွားကြတော့သတည်း။…..။

ပြီးပါပြီ

ရေးသားသူ- ခွန်း