ကျွတ်ချိန်တန် ကျွတ်လိမ့်မယ်

ကျွတ်ချိန်တန် ကျွတ်လိမ့်မယ် (စ/ဆုံး)

—————————————-

ဝါလကင်းလွတ် သီတင်းကျွတ်ကာလ ရောက်လျှင်

လူပျိုကြီးကိုအိကော် တစ်ယောက် နေရခက်တဲ့ချိန်လို့

ပြောရမလားပဲ။ ရွာထဲက မြီးကောက်ပေါက်တွေ

နှာတွဲလောင်း ခါးတွင်းချီနေရပြီ။

 

ကိုအိကော်က ဒုံရင်ကဒုံရင်းပဲလေ။

ကျွတ်ချိန်တန် မကျွတ်တော့ တစ်ရွာလုံးက

သူ့မြင် စနေကြတာပေါ့။

 

“ကိုအိကော်ဝါကျွတ်ပြီနော် ဘယ်တော့စားရမှာလဲ”

 

သူကလည်းမခေဘူး။ အမေးရှိရင်အဖြေ ရှိနေရော

 

“ကျွတ်ချိန်တန် ကျွတ်လိမ့်မယ်”

 

ဒါကကိုအိကော်ရဲ့ ဘယ်သူမေးမေးပြန်ပြောတဲ့

အာလုတ်စကား။

သီတင်းတွေခါခါကျွတ်လဲ ကိုအိကော်ကတော့

ရွာထဲလူပျိုကြီးဘွဲ့ခံနေတုံးပဲ။မိဘမရှိ။

တကိုယ်တည်းလူပျိုကြီးမို့။

 

ကြာတော့ဆွေမျိုးသားရင်းတွေက မျိုးဆက်

ပျက်မှကြောက်ပြီ။ ကိုအိကော်ကိုမိန်းမယူဖို့

တွန်းအားပေးကြတယ်။

 

ဆွေမျိုးထဲ မိန်းမသုံးဆက်ယူဖူးတဲ့

အတွေ့အကြုံရှိ ထဆင်ထူးက

ရွှေပေါက်ကံရွာရဲ့လှရီရွှမ်း

အေးချမ်းနဲ့အောင်သွယ်ပေးတာပေါ့။

 

အေးချမ်းလှချက်ကတော့

မိန်းမချင်းငေးကြည့်ရမယ်

အလှမျိုးကို ပိုင်ဆိုင်ထားတာလေ။

နာရေးလာမလား။

 

သာရေးလာမလား ရွာရဲ့ကွမ်းတောင်ကိုင်

ပန်းတောင်ကိုင် သတို့သမီးရံပဲ။

 

ဲဝတ်ရွတ်သင်းမှလည်း

မပါမဖြစ်ပဲ့ကိုင်ရှင်ပေါ့။

 

အဖက်ဖက်က အပြစ်ပြောစရာမရှိတော့

ထဆင်ထူး ဖိတ်ချင်ဖိတ်

ကိုယ့်အိတ်ထဲဖိတ်ချင်တာပေါ့။

 

ဒါပင့်မယ်ငါးခုတ်တုံး ကိုအိကော်ကို

အေးချမ်းအားရီးစားစကားပြောခိုင်းရင်

တီကောင်ဆားနဲ့တို့ထားသလို

တွန့်တွန့်လူးတော့ ထဆင်ထူးဂဟက်ထတာပေါ့။

 

“ကိုအိကော်ကလည်း ယောင်္ကျားလေးကအရင်ဟမှ

မိန်းခလေးကကြွမှာပေါ့ လက်သည်ကြီးပဲ

အားမကိုးနဲ့လေ အားလေးပါလေးစိုက်ဦး

လိမ္မာရင် ကိုအိကော်တွက်ချည်းပဲ”

 

ပြောလည်းအာပေါက်ရုံပဲရှိတယ်။

 

ကိုအိကော်ကမိန်းမနဲ့ပတ်သတ်လာလျှင်

ကျွန်ခံနေလားမသိ။သူ့ကိုယ်တိုင်က

ရှိုးတိုးရှိုးတိမ်နဲ့ ရိုးတိုးရိတ်တိတ်တောင်မရှိဘူး။

 

ကြားလူကကျားကန်ပေးတာတောင် မလှုပ်တလှုပ်မို့။

ထဆင်ထူးကိုယ်ဘက်က လူကိုအားမရတော့ဘူး။

တစ်ဖက်လူပဲစည်းရုံးရတာပေါ့။

 

အလုပ်ပျက်အကိုင်ပျက် ထမင်းမေ့ဟင်းမေ့

အေးချမ်းအိမ်ရှေ့ခေါက်တုန့်ခေါက်တုန့် လျှောက်လို့

လူကြီးတွေ အလစ်စောင့်နေရတာပေါ့။

အေးချမ်းအိမ်ရှေ့လျှောက်သာလျှောက်နေရတဲ့

ထဆင်ထူး နောက်ကျောတော့မလုံဘူး။

 

အေးချမ်းအမေ ဒေါ်ကျော့ကေခိုင်က

ထဆင်ထူးဆို ကြည့်မရဘူးလေ။

ထဆင်ထူး ယူခဲ့တဲ့တတိယမယား

ဆူးလေပြေက သူ့တူမကို့။

ဆူးလေပြေကလည်းကံဆိုးပါတယ်။

 

လယ်ထဲဆင်းတဲ့ထဆင်ထူးဆီ

ထမင်းချိုင့်ပို့ပြီ …ပြန်အလာလမ်းမှပိုးထိပြီ

ဆုံးပါးခဲ့တာလေ။

 

တူမသေတော့ထဆင်ထူးကြောင့်ဆိုတဲ့

အစွဲဥပဒါန။်ဒေါ်ကျော့ကေခိုင်စွဲကပ်လာတယ်။

ဒါကြောင့်ထဆင်ထူးဒေါ်ကျော့ကေခိုင်ကိုရှိန်တာပေါ့

မရှိန်လို့လဲမရ။ဒေါ်ကျော့ကေခိုင်ကပါးစပ်ရဲတယ်။

 

ကွမ်းစားလို့မဟုတ်။

အပြောအဆိုကြမ်းတာကို …ပြောတာပါ။

လက်သံလဲပြောင်သလား မမေးနဲ့။

အရင်ကရွှေပေါက်ကံရွာရယ်ဘောင်စင်မယ်ကို့။

 

ရွာအဆင့်။မြို့နယ်အဆင့်။တိုင်းအဆင့်ထိတောင်

နာမည်မှားပြီးပါဘူးခဲ့တာလေ။

ဂုဏ်ပုဒ်ကျော်တော့ ထဆင်ထူးလန့်တာပေါ့။

 

လန့်ပင့်မယ်လည်း ဒေါ်ကျော့ကေခိုင်ရဲ့

အရိပ်အယောင်မတွေ့ရင် ခြံဝိုင်းထဲဝင်ရမှာပဲ။

ကြည့်ရင်းရှုရင်း မတွေ့တော့အောင်သွယ်ရေးကို

အားသွန်ခွန်စိုက်ကြိုးစားဖို့ပဲကြံတော့တယ်။

 

“ဗျို့ မအေးချမ်း မအေးချမ်းရှိလား”

 

ရှိတဲ့ဆိုတာထဆင်ထူးအတပ်သိတယ်။

ဒီလိုပဲ ဟိုယောင်နဲ့ဒီယောင်ပြ၍

စကားနှိုက်ယူရမှာပဲ။

 

“ထဆင်ထူး ဝင်ခဲ့လေ အမေမရှိဘူး”

 

ကြားချင်ဆုံးစကားမို့ထဆင်ထူးပျော်သွားတယ်။

ခြံဝိုင်းထဲဝင်အိမ်ပေါက်ဝရောက်တော့

အေးချမ်းကိုရှိုးလိုက်တယ်။

 

tvရှေ့ပိပိပြားပြားထိုင်ရင်း

5 ပလပ်လိုင်းကလာတဲ့

ကုလားကားကြည့်နေတာ။

ကုလားကားက ဘယ်လောက်တောင်

ဆွဲဆောင်ထားလဲမသိ။ အေးချမ်းမျက်နှာ

မျက်ရည်ဘာတွေထွက်လို့။

ထဆင်ထူးတွေ့တော့ကပျာကယာ

လက်ဖမိုးနဲ့ကောက်သုတ်လိုက်တယ်။

 

“ဆိုစမ်းပါဦး မလာသဖူး အလာထူးလို့”

 

အေးချမ်းစကားစက ကောင်း၍

ထဆင်ထူးဝေ့ မနေတော့ဘူး။

လိုတိုရှင်း ဗြောင်ပဲပြောချလိုက်တယ်။

 

“ဒီလိုအမရေ ကျုပ်အကိုလူပျိုကြီးအိကော်

အကြောင်းပြောချင်လို့လာခဲ့တာပဲ”

 

ထဆင်ထူးအပြောကြောင့်အေးချမ်း

ပျာပျာသလဲဖြစ်သွားတဲ့

ကုလားကားကိုအာရုံမစိုက်တော့ဘူး။

 

“ဗုဒ္ဓါ ကိုအိကော်အကြောင်းပြောရအောင် ငါ့နဲ့ဘာဆိုင်လို့လဲ”

 

“အမကမဆိုင်ပင်မယ့် သူကဆိုင်ချင်နေတာလေ

အမကိုမပြောရဲလို့ ကျုပ်သူ့အစားလာပြောပေးတာ

သူ့အမကိုချစ်တဲ့တယ်

ကျုပ်နဲ့တွေ့တိုင်းလည်း …အမအကြောင်းပဲ

မေးမေးနေတာ အမဘာလုပ်လဲ

အမဘာစားလဲ အမဘာဝတ်လဲ

တစ်’မ’တဲ့’မ’နေတာ ကြာရင်အမစိတ်နဲ့ရူးသွားမလားမသိဘူး

သနားပါတယ်ဗျာ ကျုပ်အကို

စဉ်းစားပေးပါနော်”

 

ထဆင်ထူးလိုတာထက်

ပိုလျှံဖောလိုက်တော့မအေးချမ်း

မျက်စီမျက်နှာပျက်သွားတယ်။

ထဆင်ထူးမျက်နှာစေ့စေ့ကြည့်ပြီ

 

“ထဆင်ထူး သူများဖို့ချည်းပဲ လိုက်ပြောပေးနေရအောင်

အောင်သွယ်ခဘယ်လောက်ရလိုလဲ

နင်ရောမယူတော့ဘူးလား”

 

“အောင်သွယ်ခ မရပါဘူး ကျနော်ကအမနဲ့

ကိုအိကော်ကို ညားစေချင်တာ”

 

“ငါတို့က မိန်းမသားလေ ချင့်ချိန်တတ်မှတော်ရကျမှပေါ့”

 

မအေးချမ်း အိုက်တင်ခံနေ၏။

 

“ကျုပ်အကိုက လူပျိုကြီးစစ်စစ်ပါဗျာ

ချို့ယွင်းချက်ဆိုလို့ အသက်ကြီးတာတစ်ခုပဲရှိတယ်

ကျန်တာက အမှတ်ပြည့်ပဲ ပိုမပြောဘူး

လိုတာဆိုလို သူမှာအမအချစ်ပဲကျန်တော့တာ”

 

အာမခံချက်က တင်းပြည့်တောင်းပြည့်ပဲ။

 

အေးချမ်းထိုင်ရာမှထပြီ

အိမ်ခန်းထဲပြေးဝင်တော့သည်။

 

“အမ သိပ်ကြာကြာ အချိန်မဆွဲနော်

ကျုပ် နောက်အပတ် အကိုပါခေါ်လာခဲ့မယ်”

 

မိန်းမ ဆိုတဲ့ အမျိုးအစားက ရည်းစား

စကားပြောရင် ရှက်ကိုးရှက်ကန်း

ဖြစ်နေတတ်တယ်ဗျ။

ထဆင်ထူးလည်း သမ္မာရင် ဝါရင့်

ဆိုတော့ သဘောပေါက်လွယ်၏။

 

လိုရာခရီးပေါက်၍ လာလမ်းအတိုင်း

ပြန်လာခဲ့၏။

 

XXXX

 

“ကျုပ်တော့ မအေးချမ်းကို ကိုအိကော်

ဘယ်လောက် ချစ်ကြောင်း ဘယ်လောက်

မြတ်နိုးကြောင်းတွေ ရင်ဖွင့်ခဲ့တယ်

ကိုအိကော် ကျုပ် ပြောတဲ့အတိုင်း

ဆက်လုပ် ကြားလား”

 

“ဟေ …ငါ က ဘာလုပ်ရမှာတုံး”

 

“ဒီလိုဗျာ ရှေ့အပတ်ဆို တနင်္ဂနွေနေ့လေဗျာ

တန်ဆောင်မုန်းလပြည့်နေ့ပေါ့

ကျုပ်တို့ရွာ လွမ်းစေတီမှာ ညပိုင်း

ဆီမီး တစ်ထောင် ပူဇော်မှာ

အဲဒီခါ ရွာထဲက နှာတွဲလောင်းပုစု

မကျန် ထွက်ကြမှာဗျာ ။မအေးချမ်းလည်း

ဝတ်လာရွတ်မှာဗျာ။ ဝတ်ရွတ်ပြီးလို့

အပြန်

 

ကျုပ်က မအေးချမ်းကို ညာတာပါတေးနဲ့

သူ့ဝတ်ရွတ်အဖွဲ့ကြားက မရမကခေါ်ထုတ်ခဲ့မယ်

ဲ့ ကိုအိကော်သာ ကျုပ်စောင့်ခိုင်းတဲ့

နေရာကနေ မအေးချမ်းကို

အပီသားရည်းစားစကားပြောဗျာ”

 

ထဆင်ထူးက အတင်းချည်းကို အရောက်ပို့၏။

 

“မင်းပဲ ငါ့အစား ရည်းစားစကားပြောခဲ့တယ်ဆို

ငါက ပြောဖို့လိုသေးလို့လား”

 

“လိုတာပေါ့ဗျာ ၊ ကာယကံရှင်က

ကိုအိကော်လေဗျာ ရည်စားစကား

ပြောတာ လွယ်ပါတယ်ဗျာ နင်ကိုချစ်တယ်

ငါကို ပြန်ချစ် ဒါပဲ လွယ်လွယ်လေးဗျာ”

 

“နင်ကို ချစ်တယ် ငါ့ကို ပြန်ချစ်

အဲလိုပြောရင် ရည်းစားရလား”

 

“ကျုပ်တို့က တောသားတွေဗျာ။

ပြောစရာ ရှိရင် ဗြောင်ပဲပြော။ အဲလို

ဗြောင်ပြောလို့ ကျုပ်မိန်းမသုံးယောက်

ရဖူးတာပဲကြည့် …”

 

ဟုတ်တော့လည်း ဟုတ်၏။

 

“အေးကွ ပြောသာ ပြောရမှာ

အခုထဲက ရင်ခုန်သား”

 

“အချစ်ဆိုတာ ဒီလိုပဲဗျာ ပထမတော့

ရင်ခုန်တာပဲ။ နောက်မှာ ရင်တုန်ရတာ”

 

“ဟုတ်လား ”

 

“ဟုတ်တယ်ဗျာ ”

 

“ဒါနဲ့ နေပါဦး ငါက ဘယ်နေရာမှ

စောင့်ရမှာတုံး”

 

“ကို အိကော်က သရဲခြောက်တယ်

နှစ်ဆောင်မြိုင်အိမ်ရှေ့

မန်ကျည်းပင်မှာ စောင့်ရမယ်”

 

“ဟကောင်ရ အဲဒီနေရာက

ညဆို လူမပြောနဲ့ ခွေးတောင်

လျှောက်ရဲတာ မဟုတ်ဘူး။

မင်းဟာက ဟုတ်ပါ့မလား”

 

နှစ်ဆောင်မြိုင်အိမ်ကြီးလည်း ကြားရော

ကိုအိကော် မျက်လုံးပြူး မျက်စံပြာဖြစ်ပြီး

မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်သွားတယ်။

 

တကယ်တော့ ဒီအိမ်ကြီးသည် ရာဇဝင်

ရှိ၏။ ထိုအိမ်ကြီး၏ပိုင်ရှင်များသည်

ဓါးမြတိုက်၍အသတ်ခံရ၏။

 

အိမ်စွဲ ပစ္စည်းစွဲကြောင့် ထင်ပါတယ်။

ယနေ့ထက်တိုင် မကျွတ်မလွတ်ဘဲ

ရှိနေသည့်ဟု လူပြောသူပြောများ၏။

 

လဆန်းရက် လပြည့်ရက်တွေ

ရောက်သည့်နှင့် မည်းမည်းအရိပ်ကြီး

သုံးရိပ်ကို တွေ့ရသည့်ဟု တွေ့သူ

မြင်သူများက တဆင့်စကား ပြောကြ

သဖြင့် ထိုအိမ်ကြီးနား မကပ်ဝံ့ကြပေ။

 

“အဲဒီအိမ်ကြီးက မခြောက်ပါဘူးဗျာ

လူတွေက တစ်စိတ်ကို တစ်အိတ်လုပ်

ပြောကြတာပါ ၊ ကျုပ် အရင် မိန်းမတွေတုံးက

အဲဒီနေရာမှာ ချိန်း,ချိန်းတွေ့တာ ၊ ဘာ

သရဲမှ မလာဘူး”

 

“ဟုတ်ပါမလား မောင်ကာဠုရယ်

မိုးတွင်းတုံးက ဦးလေး မျိုးမင်း

မီးအုပ်ဆောင်းထဲ မီးခွက်ထွန်းပြီး

ဖားလိုက်ရိုက်တာ

အဲဒီအိမ်နား မျက်စိလည် လမ်းမှားပြီး

ရောက်သွားတုံးက သူ့ကို ဟိုက ပြူးပြ

ပြဲပြလို့ ပြေးလာခဲ့ရောလား”

 

“ကိုကြီးအိကော်ရယ် ဦးလေးမျိုးမင်းက

သိပ်ကျပ်ပြည့်တာ မဟုတ်ဘူး အရက်

ကလည်း သောက်တော့ မြင်ချင်ရာမြင်ပြီး

လျှောက်ပြောတာပါဗျ အဲဒီ သရဲခြောက်

တဲ့ နေရာဟာ ချိန်းတွေ့လို့ အကောင်းဆုံးဗျ

ဘယ်သူမှာလဲ မလာဘူး။

အခန့်မသင့် အိမ်ထောင်တောင်ကျနိုင်

သေးတယ် ကျုပ်ပြောအတိုင်းသာ လုပ်စမ်းပါဗျာ”

 

“ဖြစ်ပါမလား ထဆင်ထူးရယ်”

 

“ကိုအိကော် ကျုပ်ပြောတဲ့အတိုင်းသာ

လုပ်ရင် သင်္ကြန်မတိုင်ခင် မိန်းမ ရနိုင်တယ်ဗျ”

 

ရွှန်းရွှန်းဝေအောင် ပြောလိုက်တော့လည်း

ကိုအိကော် အပူလုံးကျရပြန်တယ်။

ထဆင်ထူးဆိုတာလည်း နယ်နယ်ရရမှ

မဟုတ်တာ ။ တကယ် မိန်းမကျမ်းကြေတာလေ။

 

ကံမကောင်း အကြောင်းမလှလို့သာ

မိန်းမတွေနဲ့ မမြဲပေမယ့် ရခဲ့တဲ့မိန်းမတွေများ

မိန်းမရေ ဆိုလိုက်တာနဲ့ ရောက်တဲ့အရပ်ကနေ

ပျာနေတာပဲ ။ ရှေ့တော်မှောက် ရောက်ပြီးသားဗျ

 

ဒီလိုလူမှ မယုံရင် ဘယ်လိုလူကို

ယုံရမလဲ။

 

XXX

 

တန်ဆောင်မုန်းလပြည့်နေ့ရောက်တော့

တက်ကြွတဲ့ခြေလှမ်းတွေနဲ့ ကိုအိကော်

ဆိုက်ကယ်စီး၍ နှစ်ဆောင်မြိုင်အိမ်ရှေ့သို့

မောင်းလာခဲ့တယ်။ လမ်းမီးက ရှိသည်

ဓါတ်မီးတိုင် ရှိသလို မရှိသည့်ဓါတ်မီးတိုင်က

မရှိ။ လရောင်ကိုသာ အားကိုးနေရတယ်

ချိုင့်ခွက်များကလည်း နေရာအနှံ့မို့

သတိကလည်း ထားရသေး၏။

 

နှစ်ဆောင်မြိုင် အိမ်ရှေ့ရောက်တော့

ကိုအိကော် ဆိုက်ကယ်စက်သတ်လိုက်တယ်

ရှူရှူပေါက်ချင်လာသဖြင့် နီးစပ်ရာ

သစ်ပင်ခြေရင်းနား ငုတ်တုတ်လေးထိုင်

ပုဆိုးလေးလှန် သူ့ကိစ္စ လွှတ်လိုက်တယ်။

 

ထိုအချိန် …

 

“နံလိုက်တဲ့ အပုပ်နံ ဘယ်ကပါလဲ”

 

နှာခေါင်းထဲ အကောင်တစ်ကောင်၏ အပုပ်နံ့က

ထောင်းခနဲ ထလာ၍ ဘေးဘယ်ညာ ဝေ့ကြည့်

လိုက်တယ်။ မထင်မက်ဘဲ သူကို

ခါးထောက်ပြီး ကြည့်နေသူကို တွေ့လိုက်ရ၏

 

“ခင်ဗျား ဘယ်သူလဲ”

 

“ငါက ဒီနှစ်ဆောင်မြိုင်ပိုင်ရှင် ဦးကိုမင်းပဲ”

 

“ဗျာ …ဟုတ်လို့လားဗျ ဒီနှစ်ဆောင်မြိုင်

ပိုင်ရှင်က သေတာ ကြာနေပြီ ဒီလောက်

သက်တမ်းရှည်ပါမလား မနောက်ပါနဲ့ ”

 

“ငါတို့ မိသားစုကို တစ်ရွာလုံးက အစိမ်းသေ

ဆိုပြီး ကြောက်လန့်လို့လား မသိဘူး

အိမ်ထဲ ဘယ်သူမှ သပိတ်လည်း လာမသွတ်ဘူး

အမျှလည်း မဝေကြဘူး။

ငါတို့ ဘယ်လိုလုပ် အမျှကြရမှာလဲကွာ”

 

“ဒါကြောင့်မို့ ခင်ဗျားတို့က မကျွတ်တာပေါ့

ဟုတ်လား”

 

“ငါမိသားစုကတော့ ကျွတ်ချိန်တန်လို့

ကျွတ်ကုန်ပါပြီ ငါပဲ ကျန်တော့တာ”

 

“ဘာလို့ဗျ ခင်ဗျားမိသားစုက

ကျွတ်ချိန်တန်လို့ ကျွတ်ကုန်ပြီ ဟုတ်လား

ကျုပ် နားရှုပ်သွားပြီ သေချာရှင်းပြပါဦး”

 

“ဒီလိုကွာ လူ့ဘဝတုန်းက ငါ့မိသားစုက

ကုသိုလ်ကောင်းမှု ငါ့ကွယ်ရာမှပြုကြတဲ့

ငါ့ရှေ့ဘာလို့ ကုသိုလ်မပြုလဲဆိုတော့ ငါက

ကပ်စီးနှဲတတ်လေ၊ ပေးကမ်း လှူဒါန်း

ရမှာ ဝန်လေးတွန့်တိုတော့ ကုသိုလ်ကို

တားမှာဆိုးလို့တဲ့ကွ ငါ့ကွယ်ရာမှ

ကုသိုလ်ကောင်းမှု ပြုတယ်ဆိုပဲ၊

ဒါကြောင့် သူတို့က

ပရလောကသားဘဝနဲ့ ခဏပဲ

ခံလိုက်ရတာပေါ့

အခုတော့ မရှိတော့ဘူး

ကျွတ်ချိန်တန်လို့ ကျွတ်ကုန်ပြီ

တခြားဘုံတောင် ရောက်နေလောက်ပြီ”

 

“အမျှမဝေ သာဓုမခေါ်ဘဲ လူ့ဘဝက

ကုသိုလ်လေးတောင် ကျွတ်တယ်

ဟုတ်လား”

 

“ဟကောင် ဒီဘဝရောက်တာတောင်

မင်းကို ငါ့က လိမ်ပါမလား”

 

“ကျုပ်က ရည်းစားနဲ့ ချိန်းတွေ့မလို့

ဒီကို လာခဲ့တာဗျ။ ခင်ဗျား ဇာတ်ကြောင်းကြား

ရတာ စိတ်မကောင်းလိုက်တာဗျ”

 

ကိုအိကော် အတော်စိတ်မကောင်း

ဖြစ်သွားတာဗျ။ ပရသားကြီးကလည်း

အားတက်သရော ပြောတယ်

 

“ဟုတ်လား အဲဒီ အာဝါဟ ဝိဝါဟ

ကိစ္စတွေဆို ငါက အရောက်ပို့တာ

ဝါသနာပါတယ်ကွ အရင်တုန်းက

ငါလုပ်ပေးလို့ ညားတဲ့သူတွေ

မနည်းဘူး မင်းလည်း ငါကူညီမယ်”

 

“တကယ်လား ”

 

“တကယ်ပေါ့ကွာ”

 

သိပ်မကြာ ထဆင်ထူးတို့ စက်ဘီးလေးတစ်စီးနဲ့

ရောက်လာကြတယ်

 

ပရသားကြီးလည်းအခြေအနေကို

သဘောပေါက်၍ ကိုယ်ယောင်ဖျောက်ကာ

အကဲခတ်နေ၏

 

“ကိုအိကော်ရေ ပြောစရာ ရှိတာ ပြောပြီး

အိမ်ပြန်ပို့လိုက်နော် ”

 

ပြောပြောဆိုဆို စက်ဘီးနင်း၍ ထွက်သွားတယ်

ကိုအိကော်လည်း မအေးချမ်းအား

အောင်းထားသမျှကို အိတ်သွန်ဖာမှောက်

ပြောချလိုက်တယ်

 

ထိုအချိန် ပရသားကြီးက သူတို့နှစ်ဦးရှေ့သို့

မြွေတစ်ကောင်ဖန်ဆင်းပြလိုက်တယ်

 

အမှတ်တမဲ့မို့ မအေးချမ်းလည်း ရင်တွေ

ဘာတွေ တုန်သွားတာပေါ့။ ကြောက်လွန်းလို့

မျက်နှာမဖော်ရဲ မျက်စိမှတ် မျက်လွှာချ

လိုက်တယ်

 

ထိုအခါ ကိုအိကော်က မအေးချမ်းကို

 

“အေးချမ်း ကြောက်နေလား ကြောက်ရင်

ကိုယ့်ကို ဖက်ထားနော်”

 

“ကိုအိကော် ကျမတို့ အိမ်ပြန်ကြရအောင်

ဒီနေရာက မသန့်ဘူး ”

 

“အေး အေး ”

 

ကိုအိကော်လည်း အေးချမ်းပြောသည့်အတိုင်း

ဆိုက်ကယ်စက်နိုးကာ အိမ်ပြန်ပို့လိုက်ရတယ်

 

စိတ်ထဲလည်း အဆင်ပြေ

လမ်းကြောင်းဖြောင့်လို့ ထဆင်ထူးနဲ့

ပရသားကြီးကို ကျေးဇူးတင်နေမိ၏။

 

XXXX

နောက်တစ်နေ့ရောက်သော်

ကိုအိကော် ဘုန်းကြီးငါးပါးပင့်၍

နှစ်ဆောင်မြိုင်အိမ်တွင်းသို့ လူကြီးတချို့နဲ့

ရောက်လာကြတယ်

 

သံဃာတော်တွေအား ပရသားကြီး အတွက်

ရည်စူး၍ အလှူဒါနပြုတယ်။ ပရသားကြီးကိုလည်း

အမျှ အတန်း ပေးဝေတယ်

 

ပရသားကြီးလည်း ကိုအိကော်ပေးသော

အမျှရ၍ ကျွတ်လွတ်သွားတယ်။

 

ကိုအိကော်လည်း သင်္ကြန်နားနီးတော့

မင်္ဂလာဆောင်ဖြစ်၏။

 

သတို့သမီးကတော့ အထူးပြောစရာပင်

မလိုပေ ။

 

မအေးချမ်းပင် ဖြစ်ချေတော့သည်။

 

ပြီးပါပြီ

 

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ