* ကျွန်မကိုကယ်ပါ*📖📖📖(စ/ဆုံး)
*********************************
“ဗျို့…ကိုသက်မောင်…ဒီနေ့ဘယ်လောက်ရပြီလဲဗျ…”
“နေ့တွက်မကိုက်ပါဘူးဗျာ…အခုချိန်နှစ်ထောင်လောက်ပဲရသေးတယ်…အခုခေတ်ကုန်စျေးနှုန်းကကြီးကကြီးနဲ့…မလွယ်ပါဘူးဗျာ”
စက်လှေမောင်းသမားအချင်းချင်းမို့…တစ်စီးနဲ့တစ်စီးအလှမ်းမကွာလှေဆိတ်မှာရပ်ထားရာကနေအော်ပြောလိုက်၏…
“ကျုပ်ကတော့ပြန်ပြီကိုသက်မောင်ရေ…အိမ်မှာမိန်းမကမီးဖွားပြီးခါစဆိုတော့စိတ်မချဘူးဗျ…”
“ကျုပ်ကတော့မပြန်သေးဘူးကိုလူလှရေ…ရသလောက်လေးဆက်ဆွဲလိုက်ဦးမယ်…”
“ဟုတ်ပါပြီဗျာ…”
“ဘုတ်…ဘုတ်…ဗျော…”
ပါးစပ်ကလဲပြောစက်ကိုနှိုးကာမောင်းထွက်သွားသောကိုလူလှကိုကြည့်ကာကိုသက်မောင်စိတ်ထဲပြန်ချင်စိတ်ကပေါ်လာမိသလိုလို…ဒီငွေနှစ်ထောင်နဲ့အိမ်ပြန်လို့ကတော့မနက်ဖြန်ဆန်ဖိုးပင်လောက်ငှမယ်မထင်…အချိန်ကလဲည7နာရီဝန်းကျင်မို့…လှေဆိတ်၌လှေသမားအနဲငယ်သာကျန်ရှိတော့သည်။
“ဒီမှာမောင်ရင်…စက်လှေအားလား”
အတွေးလွန်နေတုန်းကုန်းပေါ်ကလှမ်းအော်လိုက်သောအသံကြောင်ကိုသက်မောင်တစ်ယောက်ပျာပျာသလဲဖြစ်သွားမိသည်။ဒီနေ့အဖို့ဒုတိယမြောက်ခရီးသည်ပို့ဆောင်ရတော့မည်လေ…
“အားပါတယ်ခင်ဗျ…အားပါတယ်”
“ဒါဆိုခဏစောင့်ဦးလူငယ်…နောက်လူတွေကျန်သေးလို့…စျေးမနဲစေရပါဘူးလူငယ်တောင်းသလောက်ဦးတို့ဖက်ကအတက်နိုင်ဆုံးပေးပါ့မယ်”
“ဟုတ်ကဲ့…ကျွန်တော်ကလည်းကျသင့်တာထက်ပိုမယူတက်ပါဘူးခင်ဗျ”
စကားစကိုဖြတ်ပြီးအပေါ်ပြန်တက်သွားသောထိုဦးလေးအားကိုသက်မောင်ခဏစောင့်နေလိုက်သည်။
သိပ်မကြာပြန်ဆင်းလာတော့လူတစ်ယောက်အားစောင်ပုခက်ဖြင့်ရှေ့နောက်ထမ်းလာသည်ကိုတွေ့လိုက်ရတော့ကိုသက်မောင်နားလည်လိုက်သည်။သူရပ်ထားသောလှေဆိပ်ကဆေးရုံနဲ့မဝေးဘူးဆိုတာပင်…
မနိုင်မနင်းဖြင့်…လှိုင်းဒဏ်ကြောင့်လှုပ်ခက်နေသောလှေပေါ်တက်ရန်ကြိုးစားနေကြသည်မို့ကိုသက်မောင်မနေသာတော့…ခေါင်းထိုးဓါတ်မီးလေးအားခေါင်းမှာစွတ်ရင်း…
“ဦးလေးဖယ်…ဘေးကထိန်းပေးထား”
အရှေ့မှထမ်းလာသူဦးလေးကိုဖယ်ခိုင်းပြီးကိုသက်မောင်ဝင်ထမ်းရင်းစောင်ပုခက်တွင်းသို့အမှတ်မထင်ကြည့်မိလိုက်တော့…အသက်၁၈နှစ်အရွယ်ခန့်ရှိမိန်းကလေးတစ်ဦး…မျက်နှာတစ်ခုလုံးပြာနှမ်းနေသည့်ကြားမှသူ့ကိုခပ်ယဲ့ယဲ့အပြုံးလေးနှင့်ပြုံးပြရှာသည်။
လှေပေါ်ရောက်ပြီးလှေအလယ်မှာသက်တောင့်သက်သာဖြစ်စေရန်နေရာထိုင်ခင်းလုပ်ပေးပြီးတာနှင့်လှေပေါ်သို့အမျိုးသမီးကြီးနှစ်ဦးအထုပ်အပိုးတွေနဲ့ထပ်တက်လာသည်မို့ကိုသက်မောင်ခဏစောင့်ဆိုင်းလိုက်ပြီး…ကမ်း၌ချည်ထားသောလှေကြိုးကိုဖြည်ကာစက်ကိုစတင်နှိုးလိုက်သည်။
“ဘုတ်…ဘုတ်…”
“ဗျော……”
“ဦးလေး…ဘယ်ကိုလဲခင်ဗျ…”
“မြိုင်ချောင်းကိုငါ့တူရေ…နဲနဲတော့လှမ်းတာပေါ့”
မြိုင်ချောင်းဆို၍ကိုသက်မောင်လန့်သွားရသည်။ခရီးကမနဲမနောအဝေးမှမဟုတ်တာ…ဒီအချိန်မောင်းရင်ဟိုကိုမနက်3နာရီနီးပါးမှရောက်မည့်ခရီး…မမေးမစမ်းလိုက်လာမိသည့်သူ့ကိုယ်သူလဲအပြစ်တင်မဆုံး…အပြန်ဆိုသူတစ်ယောက်ထဲ…မထူးတော့ပြီမို့ဒီခရီးဆုံးကိုရောက်ရန်သာအာရုံစိုက်ရတော့မည်။
______________________________________
လမိုက်ညမို့…ဝန်းကျင်တစ်ခုလုံးမှောင်မိုက်နေမှု့ကို…သူ့ခေါင်းရှိခေါင်းထိုးဓါတ်မီးလေးကအလင်းရောင်ကိုလုံလောက်စွာမပေးစွမ်းနိုင်ချေ…မောင်းလာသည်ကလမ်းခရီးထက်ဝက်ပင်ကျိုးလုလုဖြစ်နေ၏…တိုက်ခက်သောလေတွေက…သူ့ကျောရိုးထဲထိအအေးဓါတ်ကဝင်ရောက်သွားသလိုလို…ကြက်သီးတွေပါထလာသည့်အထိ…
“ငါ့တူ…ဦးသမီးလေးအသက်မရှိတော့ဘူးကွယ်…”
“ဗျာ………”
ထိုစကားကသူ့နားထဲဗုံးတစ်လုံးပေါက်ကွဲသွားသလိုခံစားမိလိုက်သည်။သူကလူလူချင်းသာနပမ်းဖက်လုံးရလုံးရသတ္တိကအပြည့်…ဒီလိုမတွေ့ရမမြင်ရသည့်နာနာဘာဝဆိုအရမ်းကိုကြောက်သည့်လူစားမျိုး…ယောက်ျားတန်မယ့်သွေးကြောင်တယ်ပြောလဲခံရယုံသာရှိတော့သည်
“အဟင့်…ဟီးးး…အဖြစ်ဆိုးလိုက်တာသမီးလေးရယ်…အဲ့ဒီမြွေအမေ့ကိုသာကိုက်လိုက်ပါလား…”
မှောင်မိုက်နေသောညထဲ…သေဆုံးသူကောင်မလေးရဲ့မိခင်ဖြစ်သူ၏ဟီးလုံးချငိုသံကြောင့်သူ့စိတ်တွေပိုပြီးခြောက်ခြားလာမိသည်။အချိန်ကညတစ်နာရီ…သူ့လှေပေါ်မှာအစိမ်းသေမသာအလောင်နဲ့လူတစ်စု…သူကယောင်ကတမ်းဖြင့်စက်အရှိန်ကိုထပ်တင်ပြီးမောင်းနှင်လိုက်မိသည်။
တဖြည်းဖြည်းဝင်လာသောချောင်းအကျယ်ကနေလှေနှစ်စင်းယှဉ်တွဲသွားသာယုံလောက်မျှအထိသာကျယ်ဝန်းတော့သည်မို့စက်ရှိန်ကိုရှော့ချကာဂရုတစိုက်မောင်းနှင်နေကြသည်။ဒီကြားထဲချောင်းဘေးကမ်းနဖူးပေါ်မှာပေါက်နေသောလမုပင်ဓနိပင်တွေရဲ့အလက်တွေရှောင်ရှားနေရသေးသည်။လေတိုက်တိုင်းလှုပ်ခက်သွားသောအပင်တွေကတစ္စေတစ်ကောင်ကသူ့ကိုလှောင်ပြောင်နေသလိုလို…
“ရွဲ…ရွဲ…ရွဲ…”
“ဝုတ်…ဝုတ်…ဝုတ်…”
“အု…အူး…အူးးးးး”
ကမ်းပေါ်ကနေတောက်ရှောက်ပြေးလိုက်လာရင်းဟောင်လိုက်အူလိုက်လုပ်နေသောခွေးတွေကသူတို့လှေကိုကြည့်ပြီးဟောင်နေတာလား…ဒါမှမဟုတ်တခြားအရာကိုပဲကြည့်ပြီးဟောင်နေတာလားမသိပေမယ့်…သူကတော့ကျောချမ်းနေမိသည်။
“ရောက်တော့မယ်ငါ့တူ…”
“ဟုတ်ကဲ့ဦးလေး…”
ချောင်းကကျဉ်းမြောင်းလာသည်နှင့်အမျှစက်ရှိန်ကိုပါလျှော့ချပြစ်လိုက်ရသည်။
ခက်ခက်ခဲခဲမောင်းနှင်ပြီးသည့်နောက်…ခရီးဆုံးကိုရောက်ပြီဆိုတာ…လှေပေါ်ရှိဦးလေးအပြောကြောင့်သိလိုက်ရသည်။
“ရောက်ပြီငါ့တူ…အဲ့ဒီတံတားမှာကပ်လိုက်”
သူလှေကိုကပ်ပြီးသည်နှင့်အမျိုးသမီးကြီးနှစ်ဦးကတံတားပေါ်အရင်တက်သွားကြသည်။သူနှင့်ကျန်ဦးလေးနှစ်ယောက်မှာတော့လှေပေါ်ကအလောင်းကိုစောင်ပုခက်ထဲထည့်ပြီးသည်နှင့်…
“ဦးလေးအပေါ်တက်လိုက်…အပေါ်ကဆွဲတင်ပေး…”
ရေကျချိန်ဖြစ်လို့…လှေပေါ်ကနေတံတားပေါ်ကိုအလောင်းအားခက်ခက်ခဲခဲတင်ယူရသည့်အထိ…
“အူး……ဝူး…ဝူးးး”
“ဝုတ်…ဝုတ်…”
“တောက်…ဒီခွေးတွေကတမှောက်…”
မှောင်မဲကြီးထဲသူရဲ့ခေါင်းထိုးဓါတ်မီးသာရှိသောကြောင့်အလင်းရောင်ကိုလုံလောက်စွာမရချေ…
“ငါ့တူ…မနက်လင်းမှပြန်ပါလား…ဒီမှာညအိပ်သွားလိုက်လေ”
“နေပါစေဦးလေး…ရပါတယ်…ကျွန်တော်ပြန်လိုက်ပါ့မယ်”
“ဒီလိုလဲဘယ်ဟုတ်ပါ့မလဲ…လင်းဖို့ကသိပ်မှမလိုတော့တာ…လင်းမှပြန်ရင်မောင်ရင့်အတွက်ပိုကောင်းတာပေါ့”
ကိုသက်မောင်ဘယ်လိုမှငြင်းမရသည့်အဆုံးထိုအိမ်မှာပဲမနေတက်သည့်ကိုသက်မောင်ဖို့လုပ်စရာရှိသည်များကိုဝိုင်းကူလုပ်ပေးရသည်။
သူတို့နေသည့်အိမ်ကရွာပြင်ကွင်းထဲမှာဆိုတော့အိမ်ပုံစံကတဲသာသာထိုအိမ်အနောက်မှာနောက်ထပ်တဲငယ်လေးတစ်လုံးကတွဲရက်ရှိနေသေးသည်။ကွင်းထဲဖြစ်သောကြောင့်တစ်တဲနဲ့တစ်တဲကအလှမ်းကွာလှသည်။ကိုသက်မောင်အပါအဝင်မသာတစ်လောင်းနဲ့သူတို့အိမ်သား၄ဦးသတင်းကြား၍ရောက်လာသောဘေးတဲတွေမှလူ၃ဦးဒါပဲရှိသည်။လျှပ်စစ်မီးမရှိမှောင်မဲနေသောပတ်ဝန်းကျင်…အိမ်ထဲမှာတော့ရေနံဆီမီးခွက်နှစ်လုံးနှင့်ဖယောင်းတိုင်တစ်တိုင်အားထွန်းညှိထားသည်မို့အတော်အသင့်တော့အလင်းရောင်ရ၏။
“မောင်ရင်…တစ်ရေးလောက်မှေးပါလား…”
“မမှေးတော့ဘူးဦးလေး…မိုးကလင်းတော့မယ်လေ”
“သေဘာပါကြာ…”
ဘယ်လောက်တောင်ပင်ပန်းနေသည်မသိ…ကိုသက်မောင်ကိုလှမ်းပြောရင်းပက်လက်လှန်ကာမျက်လုံးကိုအသာအယာမှိတ်ထားသောဦးလေးကိုကြည့်လိုက်…ဘေးဘီဝဲယာကိုကြည့်လိုက်နှင့်…မျက်လုံးတွေကအလင်းရောင်ရှိသည့်နေရာမှန်သမျှကိုရောက်နေမိသည်။နောက်ဆုံးကိုသက်မောင်အကြည့်တွေရပ်တန့်သွားသည့်နေရာကတော့သေဆုံးသူကောင်မလေး၏ရင်ဘက်…ကိုသက်မောင်ကြည့်နေရင်းနှင့်ထိုကောင်မလေးအသက်ရှုနှုန်းတွေကမြန်လာသလိုလိုကောင်မလေး၏ရင်ဘက်ကနိမ့်ချည်မြင့်ချည်နှင့်…မဖြစ်နိုင်ပါဘူးဆိုတာသိပေမယ့်မျက်လုံးတွေကထိုအလောင်းကနေမခွာဖြစ်…သူ့စိတ်ကပဲထင်နေတာလား
“မောင်ရင်…မပြန်သေးဘူးလား…ဦးကပြန်သွားပြီတောင်ထင်တာ”
လှဲလျှောင်းနေရာမှထလာသောဦးလေးရဲ့အသံကြောင့်ကိုသက်မောင်အကြည့်တွေကိုသက်မောင်၏စိတ်အာရုံတွေကပြန်လည်အသက်ဝင်လာလေသည်။ပတ်ဝန်းကျင်ကိုကြည့်တော့အလင်းရောင်ကောင်းစွာရနေ၏။
“ဟုတ်ကဲ့ဦး…ကျွန်တော်အခုဘဲပြန်တော့မှာ”
“အခကြေးငွေနဲ့ခေါ်ရတယ်ဆိုပေမယ့်မောင်ရင့်ကိုဦးလေးကျေးဇူးတင်ပါတယ်ကွယ်”
“ရပါတယ်ဦးလေး…ကျွန်တော်ပြန်လိုက်ပါ့ဦးမယ်”
ကိုသက်မောင်…ပါလာသည့်အနွေးထည်ကိုလက်ပေါ်ကောက်တင်ခေါင်းထိုးဓါတ်မီးလေးကိုကိုင်ကာသူ၏အပြန်ခရီးကိုစတင်တော့သည်။
____________________________________
အိမ်ပြန်ရောက်တော့နေ့လည်တစ်နာရီနီးပါး…အိမ်ပေါ်တက်ထမင်းတက်စားပြီးစက်လှေတစ်ကြောင်းနှစ်ကြောင်းလောက်ဆွဲလိုက်သေးသည်။ညကတစ်ညလုံးမအိပ်ရသေးသည့်မျက်လုံးတွေကညနေစောင်းတော့ဆန္ဒပြလာသည်မို့ညစာထမင်းကိုအိမ်ပြန်စားပြီးစက်လှေပြန်မထွက်ဘဲအိပ်ယာထဲဝင်တန်းအိပ်ပြစ်လိုက်သည်။
“ဝုတ်…ဝုတ်…ဝုတ်…”
“အိ…အိ…အူ…………”
ညနက်နက်အချိန်…ကိုသက်မောင်တို့အိမ်ပက်ဝန်းကျင်ရှိခွေးများကတစ်စုံတစ်ရာကိုတွေ့သည့်အလားစူးစူးဝါးဝါးထိုးဟောင်လိုက်အူလိုက်ဖြင့်…ဝန်းကျင်တစ်ခုလုံးခွေးလေခွေးလွှင့်များ၏အသံများကဆူညံပွက်လောရိုက်နေတော့သည်။
“ကျွန်မကိုကယ်ပါ…ကျွန်မကိုကယ်ပါရှင်…ကျွန်မကိုကယ်ပါ…”
အိပ်ပျော်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေသောကိုသက်မောင်ဆူညံသောခွေးသံများကြား၌ကြားလိုက်ရသောမိန်းကလေးတစ်ယောက်၏အသံကြောင့်မျက်လုံးများပြူးကျယ်ဝိုင်းစက်သွားသည်။
“ကျွန်မကိုကယ်ပါ…ကျွန်မ…မသေသေးဘူး…ကျွန်မကိုကယ်ပါ”
“မင်းဘယ်သူလဲ…ဘာလို့ငါ့ကိုလာကယ်ခိုင်းနေတာလဲ”
“ကျွန်မကိုကယ်ပါ…သူတို့ကိုပြောမရဘူး…ကျွန်မကိုကယ်ပါ”
“မသိဘူး…မင်းဘယ်ကလဲဘယ်သူလဲ…ငါမသိဘူး…သွား…သွားးးး”
အာခေါင်ခြစ်ပြီးထိန့်လန့်တကြားအော်သံကြောင့်ဘေးနားအိပ်နေသောဇနီးသည်ပါလန့်နိုးသွားပြီး……
“ကိုသက်မောင်…ရှင်ဘာဖြစ်တာလဲ…ဘာတွေအော်နေတာလဲ”
ပါးစပ်ကလဲပြောရင်းခြေရင်းရှိဖယောင်းတိုင်မီးအားထွန်းလိုက်တော့ခြင်ထောင်ထဲပက်လက်အနေအထားနဲ့မျက်လုံးပြူးကာချွေးသံတရွှဲရွှဲဖြစ်နေသောခင်ပွန်းဖြစ်သူအားတွေ့ရသည်။
“မြခင်…နင်ကြားလိုက်လား…ကျွန်မကိုကယ်ပါတဲ့မိန်းကလေးတစ်ယောက်အသံလေ”
“အို…ဘာမှမကြားပါဘူး…ရှင်အိမ်မက်မက်နေတာနေမှာပါ…ဘုရားစာရွက်ပြီးပြန်အိပ်လိုက်…”
မမြခင်ပြောသာပြောလိုက်ရသည်ခွေးတွေအူထဲကနိုးနေသောသူမ…ဒီအသံကိုပါကောင်းကောင်းကြားလိုက်ရသည်။ဒါဘာလဲဆိုတာတော့သူမ…မသိတာအမှန်…အနည်းငယ်တော့ထိန့်လန့်မိသည်။
_____________________________________
မနက်လင်းသည်နှင့်စက်လှေထွက်ပြီး…လှေဆိပ်မှာရပ်ထားတုန်းညကအသံကိုစဉ်းစားရင်းသတိရမိသွားသည်။
သတိရသည်နှင့်ကိုသက်မောင်တစ်ယောက်စက်လှေကိုချက်ချင်းကောက်နှိုးကာညကသွားခဲ့သောရွာလေးသို့စက်ကုန်ဖွင့်ပြီးအပြင်းမောင်းတော့သည်။
သို့ပေမယ့်သူရောက်သွားသည့်အချိန်ကညနေ၄နာရီ…နေ့လည်၁နာရီထဲကအသုဘချပြီးတာတဲ့…သူ့ရဲ့ပေါ့ဆမှု့ကြောင့်အသက်တစ်ချောင်းကိုသူမကယ်လိုက်နိုင်ပေ…အိမ်ရှင်တွေကိုဘာမှမပြောဖြစ်ပေမယ့်ကူငွေတော့ထည့်ပေးခဲ့သည်။
ဒီကောင်မလေးသူ့ကိုမှဘာလို့ရွေးပြီးကယ်ခိုင်းတာလဲသူနားမလည်အခုထိလဲစဉ်းစားမရခဲ့……
စာရေးသူကျွန်မလဲဘာ့ကြောင့်စက်လှေသမားကိုမှကယ်ခိုင်းလဲဆိုတာနားမလည်ပါ…တကယ့်ဖြစ်ရပ်မှန်အားနေရာနဲ့နာမည်တွေလွှဲပြောင်းရေးသားထားတာပါ…အမှားတစ်စုံတစ်ရာပါခဲ့ရင်လဲခွင့်လွှတ်ပေးကြပါ…အားပေးကြသောကျွန်မရဲ့friများကိုကျေးဇူးတင်ပါတယ်ရှင့်
ယွန်းလဲ့ဖြူ
ဖြစ်ရပ်မှန်