*ကျွဲရိုင်းဖမ်းချိန်*📖📖📖
*************************
နန်းလွယ် အိမ်ထဲဝင်လာသည်။ အိုက်လော ငေးကြည့်နေ၏။ နန်းလွယ် သည် တစ်နှစ်ထက်တစ်နှစ် ပိုပြီး ချစ်စရာကောင်းလာပါလားဟု တွေးကာ အိုက်လော မျက်နှာက မချိုမချဉ် ဖြစ်နေသည်။
အိမ်ရှေ့ လှေကားထစ်တွင် ခြေချိတ်ထိုင်နေသော အိုက်လောကို မြင်သည်နှင့် နန်းလွယ်က နှာခေါင်းရှုံ့၍ ခြေလှမ်းရပ် ပြောလိုက်၏။
“အိုက်လော … နင့်ကို အဖေက အိမ်လာခဲ့ပါတဲ့”
“ဘာလုပ်ဖို့လဲ”
“နင် ဘာလုပ်တတ်လဲ”
“ငါ… ငါလား၊ နင့်ကို ချစ်တတ်တယ်လေ”
“ပါးကွဲချင်လို့”
“ဟဲ … ဟဲ”
ပါးနှစ်ဖက်ကို လေမှုတ် ပူပြ၍ အိုက်လောက
“ဘယ်တော့လဲ”
ဟု ထပ်မေးလိုက်၏။
“ညနေ”
“ညနေ ဘယ်အချိန်လဲ”
“ငါ မသိဘူးဟာ”
“ဟဲ … ဟဲ၊ ထမင်းစားသောက်ပြီးချိန် ဆိုပါတော့”
“ဟုတ်တယ် … ဟုတ်တယ်၊ တကတဲ”
နန်းလွယ်က စိတ်မရှည်သံနှင့် ခြေဆောင့်၍ အော်ပစ်လိုက်၏။
ဘယ်နေရာတွေ့တွေ့ သူ့ကိုတွေ့တိုင်း အိုက်လောက ချစ်စကား ကြိုက်စကား ပြောတတ်သည်မှာတော့ ရိုးနေပြီ။ ထို့ကြောင့် သူ့အမေ မရှိလျှင် အိုက်လော အနားကို သူ မကပ်ရဲ။
ယခုလည်း ပြန်မည်ဟု လှည့်လိုက်စဉ် –
“ဟဲ့ … နေ … နေပါဦးဟာ”
“ဘာလုပ်မလို့လဲ”
“နင့်ကို ငါ့မျက်စိထဲ ဝင်ကြည့်ခိုင်း မ…”
“သေခြင်းဆိုး၊ ကာလ… ဪ… ကြီးကြီး၊ ဟီး… ဟီး”
“ဟဲ့… ဘယ်သူတုံး၊ နန်းလွယ်အသံ ထင်တယ်”
သူ့အသံကြား၍ နောက်ဘက်ခြံထဲမှ လှည့်လာပုံရသော အိုက်လော အမေက နန်းလွယ်ကို လှမ်းမေးသည်။
“ဟုတ်… ဟုတ်ကဲ့ ကြီးကြီး၊ ကျွန်မပါ”
“ဘာကိစ္စလဲ လုံမလေးရယ်”
“သူ့အမေက ဒီနှစ် ဝါမဝင်ခင် ကျွန်တော်နဲ့ နန်းလွယ်ကို နားဖောက်ထားဖို့ ပြောခိုင်းလိုက်လို့တဲ့ အမေရာ”
“အိုက်လော … နင်… နင်နော်၊ ပြောလေ ကဲ…”
“သားကလည်းကွယ်၊ နန်းလွယ်ကို မစပါနဲ့ဆို”
“ဟာ… အမေကလည်းဗျာ၊ စတာ မဟုတ်ပါဘူး၊ ကျွန်တော် တကယ်”
“အိုး”
“ဟဲ့”
ချက်ချင်း နန်းလွယ် ခြံဝထဲက ထွက်ပြေးသွားသည်။
“ခွေးကောင်လေး၊ သူများ သားပျို သမီးပျိုလေးကို အဲသလို မစရဘူး။ ဟိုက မိန်းကလေး၊ လူကောင်းသူကောင်း၊ ရှက်သွားမှာပေါ့”
“အမေကသာ အကဲပါနေ၊ နန်းလွယ်ကို သူ့အမေကတောင် ဒီကောင်မလေး ရူးပေါပေါနဲ့လို့ ကျွန်တော့်ရှေ့ ပြောတာဗျ။ အဲဒါကျတော့”
ဒေါ်လုံးသည် သူ့သား၏မျက်နှာကို စေ့စေ့ကြည့်ကာ သက်မချလိုက်မိသည်။
သားလေးမှာ ငယ်စဉ်ကပင် ရူးရူးပေါပေါလေး ဖြစ်နေသည်။ နန်းလွယ်နှင့်က အိမ်နီးနားချင်း ကစားဖော် ကစားဖက် ဆိုတော့လည်း ငယ်စဉ်က သူငယ်ချင်း၊ ညီအစ်ကိုမောင်နှမလို ချစ်လာခဲ့သော အချစ် သည် ခုတော့ –
ရူးရူးပေါပေါဟု ပြောကြသော်လည်း ဤသားသည် ဒေါ်လုံးအတွက်တော့ အားကိုးအားထားစရာ သားကြီးသြရသ။
သူ့အဖေ ကျွဲရဲဖမ်းသမားကြီး မြစ်ညာက သောင်စပ်မှာ ကျွဲခတ်၍ သေကတည်းကပင် ဤသားသည် သူ့ကို လုပ်ကျွေးလာသည်။ တောင်းရက်၊ ပလုံးရက်၊ ခမောက်မိုး၊ သက်ငယ်ပျစ်၊ ယာထွန်၊ ဆူးစိုက် အကုန်လုပ်တတ်သည်။
လူကောင်း ကာလသားတစ်ယောက်ထက် တော်သလို လူကောင်း တစ်ယောက်ထက်လည်း လုပ်တတ် ကိုင်တတ်ရှိသည်။ ထို့ကြောင့် အိုက်လောကို တစ်ရွာလုံးက ဝိုင်းခိုင်းကြသည်။
သားလုပ်အားကြောင့် မိုးစပါး မိုးဆန်ကို ဘာမျှ မပူပန်ရ။ သူ့အမေမှာ အသက် ၆ဝ နီးပါး။ မျက်စိ ကလည်း မမြင်ရသဖြင့် ဤသားကိုသာ အားထားနေရသည်။
ယခု နန်းလွယ်၏အဖေ မောင်ဉာဏ်က သားကို ဘာခိုင်းချင်၍ ခေါ်သည် မသိ။ မောင်ဉာဏ်တို့အိမ်က ခိုင်းလျှင် သားကလည်း မောရပန်းရမှန်း မသိ။
“ဘုရား … ဘုရား၊ ကျွဲဖမ်းခိုင်းဖို့ ခေါ်တာတော့ မဖြစ်ပါစေနဲ့”
ဟု ဒေါ်လုံး ကျိတ်၍ ဆုတောင်းနေလိုက်သည်။
XXX XXX XXX
“ကျွဲရိုင်းဖမ်းတွေ ကျွဲခတ်သေ” ဆိုသော စကားအတိုင်း အိုက်လော အဖေသည် မြစ်ညာသောင်စပ်တွင် ကျွဲခတ်၍ သေသွား၏။ ထိုစဉ်ကပင် ဒေါ်လုံးက သူ့သား အိုက်လောကို ကျွဲနောက် မလိုက်ခိုင်းတော့။ သူ့သားသည်လည်း တစ်နေ့ကျ သူ့အဖေလို ကျွဲခတ်ခံရပြီး သေသွားမှာ ဒေါ်လုံး တွေးကြောက်နေသည်။
မြစ်ညာ ကျွဲတွေမှာ သစ်ဆွဲချိန် မိုးတွင်း၊ ဆောင်းတွင်းလောက်သာ လူနှင့် လက်ပွန်းတတီး နေရသည်။ နွေရောက်လျှင် တောမြိုင် ဗျိုက်ထဲ လွှတ်ထားကြသဖြင့် ကျွဲတွေမှာ အရိုင်းတစ်ပိုင်း ဖြစ်နေကြသည်။
ထို့ကြောင့် မိုးဦးကျ သစ်ဆွဲစခန်း ဝင်ကြတော့မည်ဆိုလျှင် ကျွဲများကို သူ့ကျွဲ၊ ကိုယ့်ကျွဲ ပြန်ဖမ်းကြရသည်။ ထိုအခါ ကျွဲရဲဖမ်းများကိုသာ အားကိုးအားထား ပြုကြရသည်။
အိုက်လော၏အဖေ အိုက်လူမှာ ကျွဲရဲဖမ်း နာမည်ကြီးတစ်ယောက် ဖြစ်သည်။ မည်သူမျှ မဖမ်းရဲ၊ ဖမ်းမရသော ကျွဲများကို အိုက်လူ ဖမ်းပေးရသည်။ ထို့ကြောင့် ရွာတွင် ကျွဲရဲဖမ်း သူရဲကောင်းအဖြစ် နာမည် ကြီးသည်။
အင်္ဂလိပ် သစ်ကုမ္ပဏီများခေတ်ကဆိုလျှင် ကျွဲရဲဖမ်း ရွှေတံဆိပ်ဆုကိုပင် ခရိုင်သစ်တောဝန်က ပေးခဲ့သည်။ ထိုရွှေတံဆိပ်မှာ ယခုထိ ရှိသေးသည်။
အိုက်လော ငယ်စဉ်က လည်ပင်းတွင် သူ့အဖေ ဆွဲပေးထားသည်။
အိုက်လူ ကျွဲခတ်ခံရပြီး သေသည့် နောက်နေ့ကပင် ဒေါ်လုံးသည် အိုက်လော လည်ပင်းက ရွှေတံဆိပ်ကို ဖြုတ်၍ သိမ်းထား၏။ ဤတံဆိပ်ကို မြင်လျှင် အိုက်လော ကျွဲရဲဖမ်းရာ၌ ပိုပြီး ရဲတင်းစွန့်စားလာမှာ စိုး၍ ဖြစ်၏။
ထို့ကြောင့် ကျွဲဖမ်းရာတွင် မရဲဖို့၊ မခန့်လေးစား မလုပ်ဖို့ ဒေါ်လုံးက အမြဲမှာရသည်။ သူ့သား အရူးအပေါကမူ …
“အမေကလည်းဗျာ … ကျွန်တော် သိပါတယ်။ အဖေက သူများမြှောက်ပေးတိုင်း အတင်းဝင် အတင်းရဲ လုပ်ဖမ်းလို့ သေရတာ။ ကျွန်တော်က သူများမြှောက်ပြောတိုင်း ဘာမှန်းညာမှန်းမသိ မြောက်တတ်တဲ့ ကောင်မှ မဟုတ်တာ။ ဘာမှမပူစမ်းပါနဲ့ အမေရာ” တဲ့။
အရူးက တစ်မူးသာသည်ဟု ဆိုရမည်လား။ သူ့အဖေလို လူကောင်းရင့်မာကြီးသည်ပင် သူများမြှောက်ပေး၍ ကျွဲကတ်၊ ကျွဲဆိုးတွေကို အတင်းဝင်ဖမ်းလျှင် သူ့သား အရူးအပေါလေးမှာမူ …
ဒေါ်လုံးမှာ သူ့သား ကျွဲဖမ်းလိုက်သွားတိုင်း ရင်တမမ၊ သောက တပွေ့တပိုက်နှင့်။ အဖေ့သွေးပါသော သားကိုလည်း ပြောမရ။
လွမ်းလွမ်းတတနှင့် မိုးပေါ်ကို တစ်ချက် မော့ကြည့်လိုက်သည်။ နွေဆေးသားတို့ ပါးလျားစ ပြုနေသော မိုးကောင်းကင်တွင် ဝသန္တ၏ ဆေးကွက် ဆေးစက်များက ပြည့်နှက်လာ၏။
မြစ်သာတစ်လျှောက်တွင် ငုံးပိတောက်၊ အင်ကြင်းရနံ့တို့ ကြိုင်ကြိုင်မွှေးပျံ့လာချိန်သည် ကျွဲရိုင်းဖမ်းချိန်၊ ကျွဲချဉ်းဖွဲ့ချိန်တည်း။
XXX XXX XXX
ကျွဲချဉ်းဖွဲ့ချိန်၊ တောတက် သစ်ဆွဲချိန် ဖြစ်သဖြင့် လွယ်လာသောင်ပြင်တွင် ကျွဲရိုင်းဖမ်းသမား သုံးလေးယောက်နှင့်အတူ အိုက်လောလည်း ကျွဲဖမ်းရန် ရောက်နေသည်။ သောင်စပ် မြက်တော ချုံပုတ်တွေကြားမှ အခြေအနေကို သူတို့ ကြည့်နေကြသည်။
တောကြီးမြိုင်ယံထဲမှ ညနေချမ်း ရေသောက်ရန် ဆင်းလာကြသော ကျွဲအုပ်များကို သူတို့ အကဲခတ် နေကြ၏။
အလုပ်ခွင် ဝင်ကြရတော့မည်ကို သိနေကြသော ကျွဲဘို့တင်ကြီးများကလည်း လူရိပ်မြင်သည်နှင့် မြိုင်ထဲ ပြန်ဝင်ပြေးသွားကြလေ့ ရှိ၏။
ကျွဲသားပေါက်မများနှင့် အရွယ်မရောက်ကြသေးသော ကျွဲများကမူ သောင်ပြင်ကျယ်ကြီးကို ဖြတ်၍ ရေစပ်သို့ ဆင်းလာနေကြသည်။
ထိုအထဲတွင် သစ်ဆွဲကျွဲများ ရောနှော ပါ မပါကို ကျွဲဖမ်းသမားများမှာလည်း မျက်လုံးဒေါက်ထောက် ကြည့်နေကြရသည်။
သစ်ရိုင်းပင်ဖျားမှ ကျွဲကျောင်းငှက်များ အိပ်တန်းလု ရန်ဖြစ်နေကြချိန်မှာ ကျွဲမကြီးနှင့် ကျွဲကလေးတချို့ ရေစိမ်နေကြပြီ။ ကျွဲမနှင့် ကျွဲကလေးများ အရိပ်အခြည်ကိုကြည့်ကာ သောင်ပြင်ဆင်းမည့် သစ်ဆွဲ ကျွဲများမှာ တောစ မြိုင်စ၌ ရှိနေကြမည်ကို ကျွဲရဲဖမ်းတို့က သိကြသည်။
ထို့ကြောင့် သဲသောင်ပြင်ကျယ်ထဲ လူတစ်ထိုင်စာ ကျင်းယက် ဝင်ပုန်းနေကြသော ကျွဲရဲဖမ်းတွေမှာ ခေါင်းပင် မပြူရဲကြ။
ရေစိမ်၊ ရေသောက်နေကြသော အလုပ်လွတ် ကျွဲမ၊ ကျွဲကလေးများ အခြေအနေ ပျက်မသွားအောင်လည်း ချောင်းဟန့် စကားပြောကိုပင် ရဲရဲမလုပ်ဝံ့ကြ။ အားလုံး နှုတ်ဆိတ်ကာ သစ်ဆွဲကျွဲကြီးများ ဆင်းအလာကိုသာ စောင့်နေကြသည်။
ကျွဲကျောင်းငှက်များ အသံတိတ်စ ပြုချိန်မှာ ဘို့တင်ကြီးတစ်ကောင်နှင့် ကျွဲမတမ်းကြီးတစ်ကောင်တို့ သောင်ပြင်ထဲ ဆင်းလာကြသည်။ နှစ်ကောင်စလုံးပင် သစ်ဆွဲကျွဲချည်း။
“ဟေ့… အိုက်လော၊ ဟိုမတမ်းမကြီးက ဝဖီးနေလိုက်တာကွာ မင်း မတမ်းမကြီး ကျနေတာပဲ။ ဟဲ… ဟဲ”
အိုက်ထွန်းရ ဆိုသူ ကျွဲရဲဖမ်းတစ်ယောက်က အိုက်လော ကျင်းထဲ ခဲလုံးလေး တစ်လုံးနှင့် လှမ်းပေါက်၍ တီးတိုး စ၏။
“နန်းလွယ်တို့အိမ်ကကျွဲ မဟုတ်ပါဘူးဗျ။ ရွာဖျားက ဦးအထော်တို့ရဲ့ ဘို့တင်ကြီးလားမှ မသိတာ။ ဖမ်းမိမှ ချိုအမှတ် ကြည့်ရမှာပ”
နွေဦးကပင် သစ်ဆွဲကျွဲတွေကို တောတောင်ထဲ လွှတ်ထားရာ ကျွဲတွေမှာ လွတ်လွတ်လပ်လပ် စားသောက်နေကြရသဖြင့် ဝဖီးဆူဖြိုးနေကြသည်။ ချိုရင်းက အမှတ်အသားကို မကြည့်ဘဲ မည်သူ့ ကျွဲ၊ မည်ဝါ့ ကျွဲဟု မည်သူကမျှ မခွဲခြားတတ်။
တစ်နှစ်တလေတွင် တောထဲ၊ တောင်ထဲ မြူးထူးပျော်ပါး၍ သားသမီးများ ပွားစီးလာသော ကျွဲမကြီးများလည်း ရှိလေသည်။
မည်သူ့ကျွဲ၊ မည်ဝါ့ကျွဲဟု ခွဲခြားရန်မှာ ဦးချိုရင်း၌ လေးထောင့်၊ တြိဂံ၊ အဝိုင်း၊ အစင်းကြောင်း၊ ငှက်ရုပ်၊ လိပ်ရုပ်၊ ရှဉ့်ရုပ် စသည် အမှတ်အသားများကို ကျွဲပိုင်ရှင်များက မိမိသင်္ကေတနှင့် မိမိနေ့နံ တိရစ္ဆာန်အရုပ်တွေနှင့် ပြုလုပ်ထားကြသည်။
ဦးချိုဖျားတွင် အမှတ်သင်္ကေတ မထားဘဲ ဦးချိုရင်း၌ ထားခြင်းမှာ ကျွဲများ ချိုသွေး ချိုချွန် လုပ်သော်လည်း အမှတ်သင်္ကေတ မပျောက်နိုင်သဖြင့် ဖြစ်သည်။ ထို့ကြောင့် မည်သူ့ကျွဲဖြစ်ကြောင်းကို ဖမ်းမိပြီးမှ အမှတ်သင်္ကေတကို ကြည့်ရမည်ဟု အိုက်လောက ပြောလိုက်ခြင်းဖြစ်သည်။
“မင်း ယောက္ခမ ကျွဲတွေကော ဖမ်းပြီးပြီလား”
“မိုးပဲ ကျနေပြီ၊ ကျုပ်တစ်ယောက်လုံး ရှိနေတာ ခုထိ နေမလားဗျ။ ဟိုအပတ်ကတင် ဦးဉာဏ်မောင်တောင် တောတက်သွားပြီ”
“တယ်ဟုတ်ပါလား။ သူ့ကျွဲတွေအားလုံး မင်း ဖမ်းပေးလိုက်တယ် ဆိုပါတော့”
“ဒါပေါ့ဗျ”
“ဟဲ… ဟဲ၊ အဲဒါကြောင့် ဦးဉာဏ်မောင်က မင်းကို အားကိုးနေတာ”
အိုက်ထွန်းရနှင့် အိုက်လောတို့ အပြောကို အိုက်ငထီက ကျိတ်၍ ရယ်နေသည်။ ဦးဉာဏ်မောင် ကျွဲသုံးရှဉ်းထဲက အိုက်ငထီ ဖမ်းမိ၍ အပ်လိုက်ရသော ကျွဲမှာ နှစ်ရှဉ်းစာ အတွဲဖြစ်သည်။
“ကောင်မလေး အခြေအနေကကောကွ အိုက်လော”
“တွေ့တိုင်း စူဆောင့် ဆဲနေတာပဲဗျ”
“ဟား… ဟား”
မအောင့်နိုင်သဖြင့် အိုက်ငထီ ရယ်သည်။
“မင်းက ဘာ… ဘာရယ်တာလဲ”
“ဪ… အိုက်လောတို့ ကံကောင်းတာ အားကျလို့ပါဗျာ။ ကောင်မလေးက ရုပ်ကလေးကလည်း လှ၊ အပြောအဆိုကလည်း ချို”
“ဟာ… ခင်ဗျားကလည်း၊ တစ်ဆဲတည်း ဆဲနေပါတယ်ဆို”
“အဲဒါ အချစ်ဆဲကွ ငါ့လူရာ။ မင်းကုသနဲ့ ပပဝတီဇာတ် ရှင်ပင်ဆွဲလဲ ဘုရားပွဲမှာ ဒီနှစ် တပေါင်းလက ကပြသွားတာ မင်းလည်း ကြည့်လိုက်ရသားနဲ့ အိုက်လောရာ။ ဘာ အားငယ်စရာရှိလဲ။ ယောက္ခမ အထီး အမတွေကိုလည်း မင်း ပိုင်ရဲ့နဲ့”
“ဟဲ… ဟဲ ဟုတ်တယ်ဗျ၊ ဦးဉာဏ်မောင်နဲ့ ဒေါ်ရန်တို့ကတော့ ကျွန်တော့်ကို သဘောကျ…”
“ဟေ့ကောင်… ပော့ကောင်၊ ဘို့တင်ကြီးတို့ လင်မယား တို့နဲ့ နီးလာပြီဟ”
အိုက်ထွန်းရက ကမန်းကတန်း သတိပေးလိုက်သဖြင့် အားလုံး အသံတိတ်သွားကြသည်။
မြိုင်စပ်မှ ဆင်းလာကြသော ကျွဲလင်မယားသည် ရေစပ်နား ဆင်းသွားကြ၏။ ရေထဲတွင် ရေစိမ် ကစားနေကြသော သစ်ဆွဲကျွဲများကို တစ်ကောင်ပြီးတစ်ကောင် ဝိုင်းဖမ်းကာ သောင်စပ်မှ အော်လဲနတ်သတ်ပင်များတွင် ချည်ထားလိုက်ကြသည်။
သို့သော် လသာည ဖြစ်သဖြင့် ကျွဲဖမ်း၍ မကောင်း။ လူရိပ်မြင်သည်နှင့် ကျွဲတွေက ရှောင်ဖယ်သွားကြသည်။
လက်ဝါးပေါ် ဆားတင် ၍ “တယော့… ယော့”ခေါ်သော်လည်း အနားသိပ်မကပ်ကြ။
လမိုက်ည ဆိုလျှင်တော့ ကျွဲသားပေါက်မတွေ ကျွဲယဉ်တွေနား ပုန်းကပ်ပြီး ဖမ်းကောင်း၏။ သောင်ပြင်တွင် အိပ်ကြမည့် ကျွဲတွေ မလန့်အောင် သက်ငယ် ခေါင်းချချိန်တွင် သူတို့ ပြန်လာကြသည်။ သောင်စတွင် ဖမ်းချည်ထားခဲ့ကြသော သစ်ဆွဲကျွဲ လေးငါးကောင်ကို မနက်မိုးလင်းမှ မည်သူ့ကျွဲတွေဖြစ်ကြောင်း ပိုင်ရှင်တွေက လာကြည့်ကြလိမ့်မည်။ ထိုအခါမှ ကျွဲဖမ်းသမားတွေမှာလည်း အဖိုးအခရကြမည်။
XXX XXX XXX
ကျွဲရဲဖမ်း အဖွဲ့ခေါင်းဆောင် အိုက်ထွန်းရတို့ အိမ်ရှေ့တွင် လူစုခွဲလိုက်ကြသည်။ အိုက်ငထီနှင့် အိုက်လောတို့ကလည်း တစ်ယောက် တစ်လမ်းစီ။
နန်းလွယ်တို့အိမ်ရှေ့ အရောက်တွင် အိုက်လော တစ်ချက် လှမ်းကြည့်လိုက်၏။ အဆဲသန်မ နန်းလွယ် မအိပ်သေး။ အိမ်ရှေ့ ကဆွန်တွင် မီးခွက်ထွန်း၍ ရဟတ်တစ်လုံးနှင့် ဗိုင်းငင်နေသည်။
အိုက်လော ခြံထဲဝင်လာ၏။
“နန်း… နန်းလွယ်၊ ငါ့… ငါ့ကို ကယ်ပါဦးဟာ။ ဒီအတိုင်းဆို ငါ… ငါ အမေ့ကို”
“ဟင်… အိုက်လော၊ နင်… နင် ဘယ်လိုဖြစ်လာလဲဟာ”
နန်းလွယ်က ငိုသံပါကြီးနှင့် အိုက်လောအနား ပြေးချလာ၏။
“ငါ့… ငါ့ကို ကျွဲ…. ကျွဲရိုင်းခတ်လိုက်လို့၊ အူ… အူတွေထွက်….”
“ဟင်… အိုက်”
ဗိုက်ကိုနှိပ်၍ ခြံထဲ တစ်လှမ်းချင်း ဝင်လာသော အိုက်လောကို နန်းလွယ်က လှမ်းအပွေ့မှာ အိုက်လော ရင်ခွင်ထဲ နန်းလွယ် ရောက်သွား၏။
“ဟင်… ( ) ရူး၊ တော်တော်ဉာဏ်များတယ်။ ငါ့မှာဖြင့် တကယ်မှတ်လို့။ လွှတ်စမ်း … ဖယ်စမ်း၊ ငါ… ငါ အော်လိုက်မယ်နော်”
“ဟား… ဟား၊ နင် ငါ့ကို တကယ်မှ ချစ်ရဲ့လားလို့ အချစ် စမ်းကြည့်တာပါဟာ။ မ… မအော်ပါနဲ့ဟာ၊ ဟဲ… ဟဲ”
“ကာ… ကာလနာ … ဖယ်ဟာ”
“ဟဲ… ဟဲ၊ ငါ… ငါ ကျေနပ်ပါပြီဟာ”
မြဝတီမဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၁၉၉၇။
– ပြီး –
စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ