ကြွေးဟောင်းကြွေးသစ် ပေးဆပ်ချစ်(စ/ဆုံး)
——————————————-
ကျွန်တော်သည် အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်သည်။ အိမ်ထောင့် တာဝန်များကိုလည်း ကျေပွန်စွာထမ်းဆောင်ရ၏။မိသားစုဝင်၅ဦးလုံးကလည်း ကျွန်တော့်ကို မှီခိုနေခြင်းကြောင့် သူတို့၏ ကိစ္စအဝဝသည်ကျွန်တော်ပင် ဖြေရှင်းရသည်။
သမီးကြီးက ဘွဲ့ရ၍အလုပ်လက် မဲ့၊ သားက တတိယနှစ်တက္ကသိုလ်ကျောင်းသား၊သမီးငယ်က ၁၀တန်း၊အငယ်ဆုံး ၅နှစ်သမီးလေးအတွက်တော့ သိပ်မပူရသေးပါ။ကျွန်တော်မိသားစု ဝမ်းရေး အဆင်ပြေစေရန်အတွက် အလုပ်မျိုးစုံလင်အောင် အကုန်ပင်လုပ်ဆောင်ဖူးသည်။
ကျွန်တော်အခုလုပ်ဆောင်နေသောအလုပ်သည် ဆိုင်ကယ်လေးနှင့် ကုန်စိမ်းရောင်းခြင်း ဖြစ်သည်။အစ်ကိုတစ်ဦး၏ အကြံပေးချက်အရ နေ့တွက်ခ ကိုက်သည်ဟုပြောသောကြောင့် လုပ်ခဲ့လေသည်။
“တီ … တီ… တီ…´´
၃ နာရီနှိုးစက်ပေးထားသော ဖုန်းမြည်သံကို ကြားလျှင်ကြားချင်းပင် ကျွန်တော်လန့်နိုးလာခဲ့သည်။နိုးပေမယ့် မျက်လုံးမဖွင့်ပါ။ ဇိမ်ခံ၍မှိန်းနေခြင်းဖြစ်သည်။အိပ်ရာကမထချင်ပေ။ သို့သော် မထ၍မဖြစ်ပါ။ ကျွန်တော် မနက်အလုပ်သွားမှ ဒီနေ့အတွက် ပိုက်ဆံရမည်။ ကျွန်တော့်ဝင်ငွေသည် ကျွန်တော်လုပ်အားပေါ်၌မူ တည်သည်။ကျွန်တော်ပိုက်ဆံရမှ မိသားစု အူစိုလိမ့်မည် ဖြစ်သည်။
ကျွန်တော့် အတွေးများကို ရပ်၍ မျက်စိနှစ်လုံးကို အားတင်းစွာ ဖွင့်ခဲ့လေသည်။လက်နှိပ်ဓာတ်မီးကို ရှာကာ ရေချိုးခန်းဆီသို့ မျက်နှာသစ်ရန်လာလေသည်။ရေခွက်ကို ကိုင်၍ ပထမဦးဆုံးရေခွက်ကို ခပ်လိုက်သည်။အေးလိုက်သည်မှာ ပြောဖွယ်ရာမရှိပေ။ဆောင်းတွင်းဆိုတော့ ခိုက်ခိုက်တုန်နေလေသည်။သရဏဂုံ (၃)ပါးကို ရွတ်ပြီး လက်ဖဝါးပေါ်သို့ ရေလောင်း၍ မျက်နှာသစ်လေသည်။ ထို့နောက်သွားတိုက်ဆေးကို သွားတိုက်တံပေါ်သို့ ညှစ်ထည့်၍ ပါးစပ်ကိုဟကာအားရပါးရတိုက်လေသည်။ မျက်နှာသစ်ပြီးသောအခါ အနွေးထည်ထူထူထဲထဲနှင့်ဘောင်းဘီရှည်ကိုဝတ်ဆင်ခဲ့လေသည်။
ကျွန်တော်၏ ဈေးလိုက်တိုင်း ကိုယ်နှင့်မကွာအမြဲပါသော ဟောင်းနွမ်းနွမ်းလွယ်အိတ်ကလေးကို လွယ်ခဲ့သည်။ ထို့နောက် ကျွန်တော့်စီးတော်ကယ်ကို စစ်ဆေးကာ ကျွန်တော့်ဇနီးသည်အား ဈေးသွားတော့မည်ကို အချက်ပြသည့်အနေဖြင့်ဆိုင်ကယ်သော့လ်ကို ဖွင့်ကာ ဟွန်းခလုတ်ကို နှိပ်ခဲ့လေသည်။
“ချိုရေ အစ်ကို ဈေးသွားတော့မယ်နော်´´
“တံခါးလေးထ ဖွင့်ပေးပါဦး´´
ကျွန်တော့်ဇနီးသည်၏ မျက်နှာလေးကို ဈေးမသွားမီကြည့်ချင်သောကြောင့် တမင်ထဖွင့်ခိုင်းခြင်းဖြစ်သည်။ဒီအချိန်ကျမှ သူမျက်နှာလေးကို ခြင်ထောင်လေးမ,ပြီး မကြည့်ရဲတော့ပေ။ သား၊သမီးများပင် အရွယ်ရောက်နေပြီမို့ သူတို့မြင်မှာကို စိုးကြောက် မိပါသည်။
ကျွန်တော့်မိန်းမက“အိပ်နေတာကြီးကို´´ဟု ငြူစူကာ စောင့်ကြီးအောင့့်ကြီးဖြင့်ထဖွင့်ပေးသည်။ “ မိန်းမတို့အလှ အိပ်ရာထ´´ဟု ရှေးလူကြီးများကဆိုကြသည်။ ထဘီကပိုကယို၊ မျက်နှာတွင် သနပ်ခါးလေးများ မကျန်တကျန်လေးနှင့် ဆံနွယ်လေးများက ပြေလျော့လျော့များကြောင့် ကျွန်တော့်ချစ်ဇနီး၏အလှသည် နဂိုအလှထက် ပို၍ပင် ချစ်စရာကောင်းနေသည်။
မျက်လုံးလေးကိုပွတ်နေခြင်းကြောင့် အိပ်ရေးမဝခြင်းကို သက်သေပြနေသလိုပင်ဖြစ်သည်။ အိပ်ချင်မူးတူးအသံလေးဖြင့်ဆိုင်ကယ်ဂရုတစိုက် မောင်းဖို့ ဆိုင်ကယ်ကို မြန်မြန်မမောင်းအောင် တတွတ်တွတ်မှာလေသည်။
အေးမြမှုရှိသော ပြာသိုလ၏ ညတွင် နှင်းမှုန်တွေတဖွဲဖွဲကြား၌ဆိုင်ကယ်တစ်စင်းဖြင့် ဈေးသို့သွားရလေသည်။အေးလွန်းသောကြောင့် အထက်သွားနှင့်အောက်သွားများ အချင်းချင်းဂိုက်ဂိုက်ပင်ခုတ်မိလေသည်။ညပုရစ်တို့၏တကျီ ကျီ မြည်တွန်သံလေများသည် တိတ်ဆိတ်သောညကို သံစဉ်လေးများထည့်ပေးသလို မြူးမြူးကြွကြွဖြစ်ပေါ်စေသည်။
ဆိုင်ကယ်လီဗာကို လက်ဖဝါးလေးနှင့်ဆုပ်ကိုင်ရင်းပင် ကျွန်တော့်တွင် အတွေးတစ်ခုဝင်လာသည်။ ကျွန်တော်ဆင်းရဲလျှင် ဒီထက် မကဆင်းရဲချင် ဆင်းရဲပါစေ။ကျွန်တော်၏ သားသမီးနှင့်ဇနီးသည်ကိုဖြင့် အိပ်ရာထဲ၌ဇိမ်ကလေးနှင့် နှပ်နေစေချင်သည်။အေးပေမယ့်လည်း နွေးထွေးတဲ့မိသားစုလေး ရှိခြင်းကြောင့် ဘဝသည် အဓိပ္ပာယ်အပြည့် နှင့်ဖြစ်သည်။ဘဝအဓိပ္ပာယ်ရှိမှ လူဖြစ်ရကျိုးနပ်မည်မဟုတ်လား။ ကျွန်တော်သည် ကိုယ့်ကိုယ်ကို မေးလိုက်ဖြေလိုက် လုပ်၍ ရောက်တတ်ရာရာစဥ္းစားနေသည်။၁၅မိနစ်လောက် အကြာတွင် ဈေးသို့ရောက်သွားလေသည်။
၂။
ဈေးသို့ရောက်သောအခါ ကျွန်တော်၏ဆိုင်ကယ်လေးကို ဒေါက်ထောက်ခဲ့သည်။ခရမ်းချဉ်သီး ၅ပိဿာနှင့် ငရုတ်သီး ၂ပိဿာယူရန် အမြဲတမ်းဝယ်ယူသော မမြထွေးဆိုင်သို့ သွားယူလေသည်။ ထို့နောက် ကျွန်တော်၏ နောက်က ၉ နှစ်အရွယ်ကလေးတစ်ယောက် နောက် မှလိုက်လာ၍
“ဦးလေး ဘယာကြော်တွဲလေး ယူပါဦးလားဗျာ မရောင်းရသေးလို့ပါ´´
“ တစ်တွဲဘယ်လောက်လဲ ´´
“၅၀၀ ပါဦးလေး ၊ခြောက်ထုပ်ပါတယ်´´
“၃ တွဲပေးကွာ ရော့ ၁၅၀၀ ´´
“ မင်းက ငယ်ငယ်ပဲရှိသေးတယ် အစောကြီးထပြီး ဈေးရောင်းလို့ မင်းအဖေကရော…´´
“ ဦးလေးကလည်း ညကအဖေ အရက်သောက်ထားတော့ မနက် မထနိုင်ဘူး´´
“အဲတော့ အမေကကြော်ပြီး ကျွန်တော်က လိုက်ရောင်းနေရတာပေါ့ဗျာ၊ အဖေ နားရတာပေါ့ဗျာ´´
“အေးပါကွာ နောက်ထပ်နှစ်တွဲလောက် ထပ်ပေးခဲ့ပါဦး ´´
“ရော့ ၁၀၀၀´´
“ဦးလေးက မင်းကိုသနားလို့ ထပ်အားပေးတာ´´
“ ကဲ… ငါ့တူလေးရေ မင်းလည်းရောင်းဦး´´
“ဦးလေးလည်း ကုန်တွေစုံအောင်ဝယ်လိုက်ဦးမယ်´´
ရုံးပတီသီး၊မျှစ်ချဥ္၊ပိန္နဲသီး၊ကန်စွန်းရွက်၊ပဲပင်ပေါက် ၊မရမ်းသီး၊ချဥ်ပေါင်ရွက်နှင့် ဟင်းသီးဟင်းရွက်အစုံဝယ်ခဲ့ပြီး ဆိုင်ကယ်လေးဆီသို့ လမ်းလျှောက်လာခဲ့လေသည်။
ကျွန်တော်သယ်လာသောအစုံထုပ်ကလေးများကို ဆိုင်ကယ်၏နောက် ခြင်းတောင်းတွင် သေချာစွာချိတ်ထားလိုက်သည်။ ကျွန်တော့်အတွေးများသည် ဘယာကြော်သည်ကလေးကို တစိမ့်စိမ့်တွေး၍ တသိိမ့်သိမ့်သနားမိနေသည်။
သူ့အဖေကို ချစ်တတ်ရန်ကော ဟုလည်း တွေးမိသည်။အတွေးလေးကိုခဏရပ်၍ အထုပ်စုံအောင် အခါခါစစ်ဆေးပြီး အသည်းအမြစ်လေးတွေပါ မပါနှင့့် ငါးကြင်း၊ငါးဒန်တို့ကိုလည်း မမေ့ရစေရန် သေချာဝယ်ခဲ့လေသည်။ပလာတာ၊အီကြာကွေးနှင့်ပဲပြုတ်၊ကောက်ညှင်းပေါင်းပါမကျန် အကုန်တင်ရောင်းသည်။ခုံမင်စရာ စုံလင်စွာဖြင့့် ကျွန်တော့်ဈေးခြင်းတောင်းကြီးမှာ လှလှပပစိမ်းစိမ်းစိုစိုကြီးဖြစ်လေသည်။မြင်သူတိုင်း ဝယ်ချင်စရာနှင့် တွယ်ချင်စရာဖြစ်အောင် ဈေးခြင်းကို အလှဆင်ပေးခဲ့သည်။
ကျွန်တော်ဈေးမှထွက်ရန်အတွက် ဆိုင်ကယ်ပေါ်သို့မြန်မြန်တက်ကာ ဈေးရောင်းခြင်း ခရီးစဥ်ကို စတင်ခဲ့လေသည်။ ကျွန်တော်ရောင်းသော ရွာ၏ ရွာထိပ်သို့ရောက်လျှင် ဆိုင်ကယ်၏ ပီခလုတ်ကို တဂျီဂျီမြည်အောင် ကြာကြာနှိပ်ထားလိုက်လေသည်။ ကျွန်တော်ဈေးရောင်းသောရွာက ကျွန်တော့်အမည်ကို ကိုဝင်းလို့မခေါ်ဘဲ ချစ်စနိုးအမည်ဖြင့် ဦးကုလားလို့ မှည့်၍ခေါ်ကြသည်။
ဦးကုလားလို့ခေါ်ခြင်းမှာ အသားမဲသောကြောင့်ဖြစ်သည်။ထိုနာမည်ကို တစ်ရွာလုံးနှုတ်ကျိုးနေသည်။
“ဦးကုလား ကြက်သားတစ်ထုပ်၊ပဲပြုတ်၊ချဥ္ေပါင်ရွက် အဲ့ ၃ မျိုးပဲဘယ်လောက်ကျလဲ ´´
“ ၁၁၀၀ပဲပေး ပဲပြုတ်က ဦးကုလားက လက်ဆောင်ပေးတာ´´
“ဦးကုလားက ဒစ်စကောင့်တွေ ပရိုမိုးရှင်းတွေပေးလို့ပါလား´´
“ခင်ဗျားတို့ဝယ်မှ ကျွန်တော်အဆင်မှာလေဗျာ၊ရောင်းသူဝယ်သူ ကြည်ဖြူမှပေါ့´´
“ ဦးကုလားတို့များ မနက် မိုးမလင်းသေးဘူး ဘော်ချက်တတ်ပါ့တော်´´
“ငွေမရှာလို့မရဘူး မတင်စန်းရေ´´
“အိမ်က ကျောင်းသားတွေချည်းပဲဗျ´´
ကျွန်တော်သည် ဈေးဝယ်လာသူများနှင့် အလွန်ပင်ခင်မင်ရင်းနှီးရှာ၏။ ကျွန်တော်ရွာ၌ ဈေးရောင်းသည် မှာလည်း ၅နှစ်ခန့့်ပင်ဖြစ်လေသည်။ တချို့ဆိုလျှင် ကျွန်တော်ဈေးရောင်းသည့့် ဆီသို့ ဘာမှမဝယ်ဘဲနှင့် ကျွန်တော့်စကားကို လာ၍နားထောင်တတ်ကြသည်။ ကျွန်တော်ကလည်း ဒုက္ခကို ဟာသသို့ ပြောင်းလဲတတ်သူတစ်ယောက်ပီပီ ၊ပုံတိုပတ်စလေးများနှင့် ဟာသကလေးများပြောပြလေ့ရှိသည်။
မိန်းမကြီးတစ်ယောက်က အစမရှိ၊အဆုံးမရှိဖြင့်
“ဦးကုလားဟာကြီးက ပျော့ပျော့ကြီး´´
“ဟ …သေချာစမ်းကြည့်ပါဗျ ၊မာပါတယ်´´
“ပေါက်တတ်ကရပြောပြီ ဦးကုလားကတော့ ကျွန်မက အီကြာကွေးကိုပြောတာ´´
“ဟောဗျာ ကျွန်တော်ကလည်း အီကြာကွေးကို သေချာစမ်းခိုင်းတာပါပဲ´´
“ ကဲ … ရောင်းစရာ အသားငါးလေးကုန်ရအာင် ရွာကိုပတ်လိုက်ဦးမယ်ဗျာ။
“ ပီ… ပီ… ပီ´´
“ ဈေးသည်ဗျို့… ဈေးသည်ဗျို့´´
“ ကဲ…လိုချင်တာတွေအကုန်ရမယ့် ကုလားအစုံသည်လာပြီဗျ´´
ကိုစိုးတစ်ယောက်က
“ကိုကုလား ခင်ဗျားကို ကျွန်တော်ကြည့်နေတာကြာပြီ´´
“ ဟ … မကြည့်ပါနဲ့ဗျာ ခင်ဗျားကိုဓာတ်ပုံပေးထားမယ်၊ ရုပ်ကချောတယ်ဆိုတော့ နေတိုးလို့ ထင်လို့လား´´
“ မဟုတ်ဘူးဗျ ခင်ဗျားအလုပ်လုပ်တဲ့ရက် နားတယ်လို့လည်း မရှိဘူးဗျာ၊တစ်ရက်တလေလေးများ နားသင့့်ပါတယ်´´
“နေပူလည်း လာတယ်၊မိုးရွာလည်းလာတယ်၊ခင်ဗျားကိုသနားလိုက်တာဗျာ´´
“နောက်ပြီး ခင်ဗျားရောင်းတဲ့ကုန်စိမ်းတွေလည်း မကုန်ုန်တာမရှိဘူး၊ဝေများပေးခဲ့သလားဗျာ၊ ဘာလို့တောင် အဲ့လောက်ငွေတွေရှာနေတာလဲ ကိုကုလား၊ နောက် မိန်းမလေးများယူမို့လား´´
“အမလေးဗျာ… ပေါက်ပေါက်ရှာရှာ´´
“ ခင်ဗျားတို့က ငွေရှာတာပဲသိတာ အိမ်ရောက်ရင်ကျွန်တော့်မိန်းမ နန္ဒာလှိုင်က ကျွန်တော့်ကို ဈေးရောင်းပြီးပြန်လာတာနောက်ကျလို့ငေါက်ဦးမှာဗျ´´ဟု ရယ်စရာလေးများပြောပြီး
“တစ်ယောက်တောင် မိုးလင်းအောင်မအိပ်ရပါဘူးဆို နှစ်ယောက်ဆိုရင်တော့ ကျွန်တော်ဒီတစ်သက် မအိပ်ရလောက်ဘူးဗျို့´´
“ ကိုင်း …စကားပြောလို့ကောင်းတယ်၊
ရောင်းစရာလေးတွေ ကုန်အောင်ရောင်းလိုက်ဦးမယ်ဗျာ´´
ကျွန်တော့့်ကို တစ်ရွာလုံးက ချစ်ခင်ကြသည်။ ကလေး၊လူငယ်၊လူကြီးများ အားလုံးပင် ကျွန်တော့်ကို စကြ၊နောက်ကြ တတ်သည်။ကျွန်တော်ကလည်း ပြန်၍စတတ်သည်။ကျွန်တော်သည် ဆင်းရဲချို့တဲ့သော ကလေးများနှင့်သက်ကြီးရွယ်အိုများကို မုန့်ထုပ်လေးတွေ ဖြုတ်ပေးလေ့ရှိသည်။သူတို့ကလည်း ကျွန်တော့်အလာကို အမြဲမျှော်နေတတ်သည်။ ဒီရွာသူ/သားများနှင့်ကျွန်တော်သည် ကိုင်းကျွန်းမီှ၊ကျွန်းကို်င်းမီှဆိုသလို တစ်ဦးကိုတစ်ဦး မှီခိုနေထိုင်ကြလေသည်။ ကျွန်တော့်အပေါ်၌လည်း သံယောဇဥ် အင်မတန်ကြီးရှာသည်။ ရောင်းမကုန်ဘူးဆိုလျှင် ခွဲတမ်းချသည်ဟုခေါ်ကာ ဝေစုခွဲ၍ ယူပစ်လိုက်ကြသည်။ ဝေစုယူသောပစ္စည်း၏ တန်ဖိုးကိုလည်းချက်ချင်းပေးကြလေသည်။
ဒီရွာမှာလည်း ကျွန်တော်က အလွန်စေတနာထားသည်။ နေမကောင်းရင်တောင် ဒီရွာသူ၊ရွာသားများ အသားငါးစားရစေရန် ဈေးနေ့တိုင်းထွက်ခဲ့သည်။တစ်ဦးကစေတနာပေးတော့ တစ်ဦးမေတ္တာပြန်ပေးတာပေါ့။ ကျွန်တော်ဈေးနောက်ကျသော ရက် များတွင် ကျွန်တော့်ကို စောင့်ပြီးမှဝယ်ကြသည်။ တချို့ဈေးသည်တွေက “ဦးကုလားဆီကလည်း ပိုက်ဆံပေးရတာပဲ၊ စောစောလာတဲ့သူဆီပဲ ဝယ်ပေါ့´´ဟုပြောကြသည်။ သူတို့ရွာ၏ အစွဲအလမ်းကြီးမှုမှာ ဘယ်လောက်ပင် အရေးကြီးကြီး ကျွန်တော်မဟုတ်သော တခြားဈေးသည်ဆီကို တစ်ကျပ်ဖိုးမှမဝယ်ပေ။
၃။
ကျွန်တော်ဈေးရောင်းပြီး ဈေးဖိုးလေးများတောင်းပြီး၍ပြန်ခါနီးအချိန်ဖြစ်သည်။ ကျွန်တော်ပြန်တိုင်းဝင်လေ့ရှိသော ကိုမောင်စိုးအိမ်သို့ သွားလေသည်။ကိုမောင်စိုးသည် ကျွန်တော့်ကို မြင်လိုက်သည်နှင့်
“ကိုကုလား ခင်ဗျားကို ကြည့်ရတာ စိတ်ချမ်းသာလိုက်တာဗျာ´´
“စိတ်ညစ်စရာရော ရှိရဲ့လား၊ သီချင်းလေး တအေးအေး၊ ပျော်တပြုံးပြုံးနဲ့မို့´´
“ကိုမောင်စိုးရေ လူပါဆို စိ်တ်ညစ်စရာတော့ ရှိကြစမြဲပဲပေါ့ဗျာ´´
“စိတ်ညစ်စရာကြီးကို စိတ်ညစ်နေရင် ပိုပြီးစိတ်ညစ်ဖို့ပဲရှိတာပေါ့၊မေ့မေ့ပျောက်ပျောက်နေတော့ စိတ်သက်သာရာရတာပေါ့ဗျာ´´
“ကျွန်တော့်မှာလည်း အခက်အခဲတွေရှိတာပေါ့ဗျာ´´
“လူတွေကတော့ ကျွန်တော်ပြုံးတာကိုပဲတွေ့တာကို´´
“အခု ကျွန်တော့်သားက သူစီးချင်တဲ့ဆိုင်ကယ် မရရင်ကျောင်းမတက်ဘူးတဲ့ဗျာ´´
“ကျွန်တော့်မှာ သူကျောင်းတက်အောင် လိုချင်တာလေးဝယ်ပေးဖို့ ကြိုးစားနေရတာ´´
“ချွေးနှဲစာနဲ့စုရတော့ ရှာရတာ ခက်တော့ခက်တယ်ဗျာ´´
“ ဆိုင်ကယ်ကတော့ ၁၀သိန်းဝန်ကျင် Honda Flash လေးပါ´´
“ဝမ်းရေးနဲ့ ပညာရေးပြင် အဲ့လိုဟာလေးတွေ ဝယ်ခိုင်းတော့လည်း စားဝတ်နေရေးကျပ် တာပေါ့ဗျာ´´
“ပြန်လိုက်ဦးမယ် ကိုမောင်စိုး နေတောင်တော်တော် ပူလာပြီ´´
ကျွန်တော်သည် ကိုမောင်စိုးနှင့်စကားပြောဖြတ်ခဲ့ကာ အိမ်သို့ပြန်ရန် ဆိုင်ကယ်ပေါ်သို့တက်ခဲ့လေသည်။ကျွန်တော့်ခေါင်းထဲတွင် ဒီနေ့ဘယ်လောက် မြတ်သည်ကို စိတ်ထဲ၌ တွက်ကြည့်မိနေသည်။
“ အင်း… အနည်းဆုံးတော့ ၈၀၀၀ မြတ်ပြီ´´
“အိမ်ရောက်ရင်တော့ စုထားတဲ့ပိုက်ဆံ ဘယ်လောက်ရှိပြီလဲ ကျွန်တော့်ဇနီးသည် ချို ကို မေးရမည်´´
“ ဒီတဒီ … ဒီတဒီ….´´
ကျွန်တော်ဖုန်းမြည်သံကို ကြားသောကြောင့် ဆိုင်ကယ်ကို ခေတ္တရပ်၍ကြည့်လိုက်သည်။ အိမ်ကဖုန်းဆက်ခြင်းပင်ဖြစ်သည်။
“ဖေဖေ့ သမီးဖို့ စပျစ်သီးနဲ့ လိမ္မော်သီးလည်း ဝယ်ခဲ့ဦး´´
ကျွန်တော်သည် ဆိုင်ကယ်ကို ဈေးဘက်သို့ကွေ့သောလမ်းဆီသို့ ခေါင်းတည့်ပေးလိုက်လေသည်။မွန်းလွဲချိန်တို့ရောက်ပြီဖြစ်သောကြောင့် ဈေးခေါင်းကွဲချိန်၊ဈေးဘောင်ကျိုးချိန်တောင် ရောက်နေပါပြီ။ကျွန်တော်သည် သမီးငယ်လေး မှာသောစပျစ်သီးနှင့် လိမ္မော်သီးကို ဝယ်၍ ပြန်လာခဲ့လေသည်။
သူတို့ကိုသာ ကျွေးနေခြင်းဖြစ်သည်။ ကျွန်တော်ထမင်းမစားရသေးသည်မှာ မနက်ကတည်းကပင်ဖြစ်သည်။ ဝမ်းလည်းတော်တော်ဟာနေသည်။အိမ်ရောက် မှ စားလိုက်မည်ဟု ကြိမ်းထားသည်။ ဆိုင်ကယ်စီးနေရင်း သီချင်းတအေးအေးနှင့် လာခဲ့သည်မှာ အိမ်ပေါက်ဝနားတောင် ရောက်နေပါပြီ။
“ပီ… ပီ…. ပီ´´ ဟု အချက်ပေးလိုက်သောကြောင့်
ကျွန်တော်၏ သမီးငယ်လေးက
“ ဟေး…. ဖေဖေရောက်လာပြီကွ´´ဟုဆိုကာ တံခါးဝနားးထိပြေးလာခဲ့သည်။ကျွန်တော်၏သမီးလေးအား ပွေ့ချီကာ အမောပြေအနမ်းလေးပင် ပေးခဲ့လေသည်။သမီးက ရေမိုးချိုးပြီး သနပ်ခါးလိမ်းထားသောကြောင့် မွှေးလိုက်လေသည်။ကျွန်တော့်အမောများပင်ပျောက်ခြင်းမလှ ပျောက်သွားလေသည်။
ကျွန်တော် အိမ်ရောက်သောအခါ သမီးလတ်က ကျွန်တော့်လွယ်အိတ်ကို မှောက်ကာ ပိုက်ဆံမည်၍ မည်မျှရှိသည်ကို စစ်ဆေးလေသည်။
“ဖေဖေ ပိုက်ဆံက ၄၉၀၀၀ရတယ်
အကြွေးက ၃၀၀၀ကျတယ်´´
“ချိုရေ ရော့ နင့်သားဆိုင်ကယ်ဖိုး စုဖို့အတွက်က ၅၀၀၀၊
သမီးကြီး ဖုန်းဘေ က ၁၀၀၀၊ သမီးလတ် ကျောင်းစရိတ်စုတာက ၂၀၀၀၊ကျန်တဲ့တစ်ထောင်က မင်းဈေးဖိုးပေါ့ကွာ´´
“ ဟွန့် ဒီတစ်ထောင်နဲ့မိသားစု ၆ယောက် ဒီကုန်ဈေးနှုန်းဘယ်လိုလောက်ပါ့မလဲ ´´
“အငယ်ဆုံးကလည်း အခုပါတဲ့အသီးတွေက ညနေထိမကျန်ဘူးတော်ရေ့´´
ကျွန်တော့်ဇနီးညည်းညူနေစဥ် လက်သွားဆေးလိုက်သည်။ ကျွန်တော်လက်သွားဆေးပြီး ပြန်အလာတွင် ကျွန်တော့်သားက စကားပြောလေသည်။
“ ဖေဖေ့… ကျွန်တော့်ကို ဆိုင်ကယ်အခုလိုက်ဝယ်ပေး´´
“အေးပါ လူလေး´´
“နေပါဦးကွာ ခဏနေမှ သွားဝယ်တာပေါ့၊ဖေဖေ နားလိုက်ဦးပါမယ်ကွာ´´
“ဟာ ဖေဖေကလည်း အခုသွားဝယ်အောင်ဗျာ´´
“ဆိုင်ကယ်နဲ့သွားတာပဲ ခြေလျင်သွားတာမှ မဟုတ်တာ၊
တော်ကြာနောက်ကျသွားလို့ ဆိုင်ပိတ်သွားလိမ့်မယ်၊ ဆိုင်ကယ်စီးရင်းနားဗျာ ´´
ကျွန်တော့့်သားသည် လိုချင်မိလျှင်ဇွတ်ပင်ဖြစ်သည်။မရလျှင်လည်း မဖြစ်ပေ။ကျွန်တော့်အပေါ်၌ စိတ်ဆိုး စိတ်ကောက် မှုကို မလိုလားသောကြောင့် မနားတော့ပါ။
ဆိုင်ကယ်၏နောက်၌ ထားသော ဈေးခြင်းတောင်းကို ဖြုတ်လိုက်သည်။ကျွန်တော့်ဇနီးသည်ကို ဆိုင်ကယ်ဝယ်ဖို့ငွေ ပြည့်မပြည့်လှမ်းမေးလိုက်သည်။
“ချိုရေ ပိုက်ဆံကပြည့်ပြီလား´´
“မပြည့်သေးဘူး ကိုရေ´´
“သားက တစ်မနက်လုံးဒီဆိုင်ကယ်ပဲပြောနေတာ´´
“ဒီနေ့မဝယ်ပေးရင် ဒီကိုမနေတော့ဘူးတဲ့´´
“မပြည့်သေးရင် ဘယ်လောက်လောက်လိုနေလဲ´´
“ကိုးသိန်းလောက်တော့ရှိတယ် ၊တစ်သိန်းလောက်လိုတယ်´´
“ရော့ပါ ကျွန်မနားကပ်နဲ့ လက်စွပ်လေး ယူသွားလိုက်´´
“နားကပ်ကတော့ ပေါင်ခဲ့ ၊လက်စွပ်ကရောင်းပစ်လိုက်´´
ကျွန်တော်သည် သူလှမ်းပေးသော လက်ဝတ္်လက်စားလေးကိုလှမ်းယူလိုက်လေသည်။
ကျွန်တော်ဇနီးမှာ သူ့သားအတွက်ပေးရသောကြောင့်မျက်နှာလေးပင် တစ်ချက် မညှိုးခဲ့ပါ။သူ့သားလိုချင်သော အရာလေးကို ဖြည့်ဆည်းပေးရသောကြောင့် ပျော်ရွှင်နေသည်။ကျွန်တော်တို့ သားဖနှစ်ယောက်ဆိုင်ကယ်ဝယ်ရန် သွားခဲ့လေသည်။
“နေဦးလူလေး အပေါင်ဆိုင်ကိုအရင်သွားရအောင်´´
“ဟာ ဖေဖေတို့ကလည်းဗျာ အပေါင်ဆိုင်တော့မလိုက်ရဲပါဘူးဗျာ´´
“အေးပါလူလေးရာ မင်း ဒီနားလေးက ခဏစောင့်နေ ဖေဖေသွားပေါင်လိုက်ဦးမယ်´´
“သမီးရေ ဒီပစ္စည်းလေးပေါင်ချင်လို့ ဘယ်လောက်ရမလဲ´´
“တစ်သိန်းတစ်သောင်းလောက်ရမယ်´´
ကျွန်တော်သည် ပိုက်ဆံတစ်သိန်းတစ်သောင်းနှင့်ဘောင်ချာလေးကို သေချာစုပ်လာကာ လူလေးစောင့်နေသောနေရာသို့လာခဲ့လေသည်။
နားကပ်နှင့်လက်စွပ် ပေါင်ပြီး၍ ဆိုင်ကယ်ဆိုင်သို့ပင်ရောက်ခဲ့လေသည်။သူလိုချင်သော Honda Flash ဘီးကလေးများ အရောင်စုံစုံလင်လင်ကျွန်တော့်သား၏စိတ်ကို သူတို့လေးတွေအား ဝယ်ပေးပါ၊ဝယ်ပေးပါဟု လက်ယက်ခေါ်နေသလိုပင်ဖြစ်သည်။
“ဖေဖေ… ဒီ အနက်လေး မိုက်တယ်လားလို့´´
“လူလေး ကြိုက်လား၊ကြိုက်ရင် ယူလေကွာ´´
“ကြိုက်တယ် ယူလိုက်ပြီနော်´´
ဘောင်ချာဖြတ်ခိုင်းလိုက်သည်။ ၁၀သိန်းနှင့်၅ထောင်ကျပ် ကျသည်ဟု ဆိုင်ကယ်ဆိုင်က ငွေကိုင်စာရေးမက လှမ်းပြောလေသည်။
ပိုက်ဆံကို ၂ခါ ၊၃ခါ ၍ပေးသောကြောင့်
“ဟာ ဖေဖေကလည်း အဲ့လောက်အကြာကြီးရေမနေပါနဲ့ဗျာ´´
“ပေးပေး ကျွန်တော့်ကိုပေး´´
“အစ်မ ၁၀သိန်းနဲ့၅ထောင်နော် ၊ရော့…´´
“ဖေဖေ့ ဆိုင်ကယ်လေး လှတယ်နော့်´´
“အေး လှပါတယ်ကွ´´
ကျွန်တော်သည် သား၏စကားများကို စိတ်ထဲ၌ မထားဘဲ သူပျော်ရွှင်နေသော မျက်နှာလေးကိုကြည့်ကာ ပီတိလေးဖြစ်ပေါ်နေသည်။ထိုပျော်ရွှင်မှုကြောင့် ထမင်းတောင် မစားားလိုက်ပါဘဲ အလိုလိုဗိုက်ပြည့်သွားသည်။တစ်ပါးသူပျော်ရွှင်အောင်လုပ်ပေးသော သူသည် ပို၍ပျော်ရွှင်ရသည်မည်မဟုတ်ပါလား။
ကျွန်တော်တို့သားအဖ ဆိုင်ကယ် ကိုယ်စီဖြင့်သွားနေရင်း၌ မနက်ကတွေ့ခဲ့သော ဘယကြော်သည် ကလေးလေးကို တွေ့သောကြောင့် နှုတ်ဆက်လိုက်လေသည်။
“ ဟေ့ကောင်လေး´´
“ဟာ ဦးလေးပါလား´´
“မင်းက လူက လက်တောက်လောက်ရယ် လက်ထဲမှာပုလင်းကြီးနဲ့´´
“ဟာ ဦးလေးကလည်း ထင်ရာပြောတော့မယ်၊အဖေ့အတွက်ဗျ´´
“အဖေအရမ်းကြိုက်တဲ့အရာလေး အဖေသောက်ရအောင်ဝယ်လာခဲ့ပေးတာ ဦးလေးရ…ကျွန်တော့်ချစ်သော ကျွန်တော့်အဖေကို ဒီလိုလေးဝယ်ပေးရတာကိုကျေနပ်နေတာ…ဒါလေးပါလာလို့ရှိရင် အဖေ ပျော်နေတာလေးကို မြင်တော့ ကျွန်တော်လည်း ကြည်နူးမိလို့ဗျ´´
ထို့နောက်မိဘကို သိတတ်လွန်းတဲ့၉ နှစ်အရွယ်ဘယာကြော်သည်လေးနှင့် ကျွန်တော့်သားကို တစ်လှည့်စီကြည့်ရင်း…။
စာဖတ်သူအား အစဉ်လေးစားလျက်။
လွင်ကိုကိုထက်
၂၆.၆.၂၀၂၂(တနင်္ဂနွေနေ့)