ခင်မောင်ဖော်တဲ့ပီယဆေး

စုန်းထီးကြီးဦးဘသာနှင့် ခင်မောင်ဖော်တဲ့ပီယဆေး
(၁)
ဒီနေ့တော့ ကျုပ်ဒေါသထွက်ထွက်နဲ့ ဦးဘသာအိမ်ကိုလာခဲ့လိုက်တယ်၊ မိုးတွေကစွေနေတာဆိုတော့ ဒီနေ့ကတော့အလုပ်နားတယ်လေဗျာ၊ အညာမှာ ဒီလိုမိုးတွေစွေနေရင် ဘယ်သူမှအလုပ်မလုပ်ကြဘူးဗျ၊ သူ့အလိုလိုအလုပ်တွေရပ်ထားလိုက်ကြတာ၊ ဒါကြောင့် ဒီလိုမိုးတွေစွေနေရင် ဆင်းရဲသားထမင်းငတ်တဲ့မိုးလို့ တင်စားကြတယ်၊ စုမိဆောင်းမိရှိတဲ့လူတွေအတွက်ကတော့ မိုးအေးအေးနဲ့အိမ်ထဲကွေးနေနိုင်ပေမယ့် တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ဆင်းရဲသားတွေအဖို့ အလုပ်မရှိတော့ စားဖို့ထမင်းငတ်တယ်ဆိုပါတော့၊ ဒါက စကားအဖြစ်ပြောတာပါ၊ ကျုပ်တို့ရွာမှာ ထမင်းနပ်မမှန်အောင်စားနိုင်တဲ့လူမရှိဘူး၊ အဆင်းရဲဆုံးဆိုတဲ့ မုဆိုးမသားအမိတောင်မှ လယ်ထဲမဆင်းတဲ့နေ့ဆို ငါးရှာ၊ ဖားရှာ၊ ဟင်းရွက်ခူးနဲ့ တစ်နပ်ကတော့ ၀၀လင်လင်စားရတာပါပဲ။
ဦးဘသာအိမ်ထဲကိုဝင်ခဲ့လိုက်တော့ ဦးဘသာက အိမ်ရှေ့မှာဖျာလေးခင်းပြီး စောင်ကလေးခြုံလို့ဗျ၊ သူ့လက်ထဲမှာလည်း စာရွက်ဝါကျင်ကျင်နဲ့ စာအုပ်တစ်အုပ်ကို ကိုင်ထားသေးတယ်၊ ကျုပ်က ဦးဘသာဘေးကိုဝင်ထိုင်လိုက်ပြီး
“ဦးဘသာ မကောင်းဘူး၊ လုံးဝမကောင်းဘူးဗျာ”
ဦးဘသာက ကျုပ်ကိုတအံ့တသြနဲ့ကြည့်ရင်း
“ဟ၊ အလတ်ကောင်၊ ဘယ်ကနေဘယ်လိုဖြစ်ပြီး ငါကမကောင်းတဲ့အကောင်ဖြစ်သွားရတာလဲကွ”
“ဘာကြောင့်ဖြစ်ရမလဲ ဦးဘသာရဲ့၊ ကျုပ်က ဦးဘသာနဲ့ပေါင်းနေတာပဲ ကြာလှနေပြီ အခုထိမိန်းမ မရသေးဘူးလေဗျာ၊ မိန်းမရဖို့ကဝေးပါတယ်ဗျာ၊ ရည်းစားသညာတောင် မရှိဘူးမဟုတ်လား”
ဦးဘသာက အိပ်နေရာကနေကုန်းထလာရင်း
“နေစမ်းပါအုံးဟေ့ကောင် မင်းဖာသာမင်း အစွမ်းအစမရှိလို့ ရည်းစားမရတာကို ဘာလို့ငါ့ကိုလာပတ်ရမ်းနေတာလဲကွ”
“ဦးဘသာပဲ စဉ်းစားကြည့်ဗျာ၊ ပေတောရွာက ကိုရွှေခေါက အခု သူတို့ရွာက ကွမ်းတောင်ကိုင် မြဝင်းနဲ့မင်္ဂလာဆောင်တော့မှာတဲ့ဗျ၊ အခုနကပဲ အိမ်ကိုလာဖိတ်သွားတယ်”
“ရွှေခေါ မိန်းမရတာနဲ့ ငါကမကောင်းဖြစ်သွားရောလားကွ”
“ကိုရွှေခေါလို အသားမဲမဲ၊ အရုပ်ဆိုးဆိုး၊ မွဲလိုက်တာကလည်း ဖွတ်ကတောင်အဖေခေါ်ရမယ့်လူက လှလှပပထွားထွားကျိုင်းကျိုင်း မမြဝင်းလို့လူနဲ့ညားတာ ဘာကြောင့်လို့ ဦးဘသာထင်လဲ”
ဦးဘသာက လက်ထဲကစာအုပ်ကလေးဘေးချလိုက်ပြီးတော့
“ဖူးစာဆိုတာ ပြောရတာမဟုတ်ဘူးလေကွာ၊ ရုပ်ဆိုးတဲ့လူနဲ့ ချောတဲ့လူနဲ့ မညားရဘူးလို့ကန့်သတ်ထားတာမှမရှိတာကွ၊ နတ်ရေးတဲ့ရွှေဖူးစာဆိုတာ မြင်ရတာမဟုတ်ဘူး”
“တော်စမ်းပါဦးဘသာရာ၊ ကိုရွှေခေါ မမြဝင်းနဲ့ညားသွားတာ ပီယဆေးကြောင့်တဲ့ဗျ”
ဦးဘသာက မျက်မှောင်ကြုတ်လိုက်ပြီး
“ငါသိပြီအလတ်ကောင်၊ မင်းကိုငါက ပီယဆေးဖော်မပေးတိုင်း မင်းကငါ့ကို အကျင့်မကောင်းဘူးလို့ စွပ်စွဲတာပေါ့လေ”
“ဒီလိုပဲဆိုကြပါတော့ဗျာ”
“နေပါအုံး ရွှေခေါလို တုံးတုံးအအကောင်က ဘယ်လိုလုပ်ပြီး ပီယဆေးရသွားတာလဲကွ”
“အဲဒါတော့မသိဘူးဗျာ၊ အောက်ပြည်အောက်ရွာက တက်လာတဲ့ မွန်ဆရာကြီးတစ်ယောက်က သူ့ကိုနည်းပေးသွားတာဆိုပဲ၊ အဲဒီနည်းအတိုင်းကြိုးစားလိုက်တာ တစ်လတောင်မကြာပါဘူး၊ သူချိန်နေတဲ့ ကွမ်းတောင်ကိုင် မမြဝင်းက သူ့ကိုချစ်ပါတယ်လို့အဖြေပြန်ပေးတယ်ဆိုပဲဗျ၊ ပြီးတော့ ချစ်လှပါချည်ရဲ့ မခွဲနိုင်လို့ပါ၊ တစ်ရက်ကလေးတောင် ဝေးဝေးမနေနိုင်တော့ပါဘူးဆိုပြီး မိဘတွေကိုပူဆာလို့ နောက်ဆုံးတော့ ရွှေခေါနဲ့လက်ထပ်ပေးဖို့ စီစဉ်ရတာပဲတဲ့ဗျာ”
“ရွှေခေါကတော့ လုပ်ပြီကွာ၊ ဒီလိုဖြစ်ပုံထောက်ရင်တော့ ဒီကောင့်ဆေးက ညစ်ညစ်ပတ်ပတ်အောက်လမ်းနည်းပဲဖြစ်ရမယ်ကွ”
“အောက်လမ်းဖြစ်ဖြစ် အထက်လမ်းဖြစ်ဖြစ် အရေးကြီးတာက မိန်းမရဖို့ပဲမဟုတ်ဘူးလား၊ အခုနက ကိုရွှေခေါက အိမ်လာပြီးတော့တောင်ပြောသွားသေးတယ်ဗျာ၊ အလတ်ကောင် မင်းက စုန်းဆိုတဲ့ဦးဘသာကြီးနဲ့ပေါင်းပြီး အခုထိမစွံသေးဘူးလားတဲ့ဗျာ”
“ဒီကောင်က ငါနဲ့မင်းနဲ့ကြားကို စကားနဲ့အဖျားခတ်သွားသေးတာပဲ”
“အဖျားခတ်တာတွေဘာတွေထားဗျာ၊ သူပြောတာလဲ ဟုတ်တာပဲ၊ ဦးဘသာက ကျုပ်ကိုတူတစ်ယောက်လို သားတစ်ယောက်လိုခင်တယ်ဆိုပြီး အခုထက်ထိကျုပ်ကိုစွံအောင်ကျတော့ မလုပ်ပေးဘူး”
“အောင်မာ၊ မင်းက ငါ့ကိုလာပြီးအကူအညီတောင်းနေရအောင် ငါကရော မိန်းမဘယ်နှစ်ယောက်ယူထားလို့လဲကွ”
“အော်၊ ဒါဆို ဦးဘသာက ကျုပ်ကိုဦးဘသာလို လူပျိုကြီးဖြစ်အောင်လို့ လူပျိုကြီးဇာတ်သွင်းနေတာမဟုတ်လား”
ဦးဘသာက စိတ်ညစ်ညစ်နဲ့ သူ့နဖူးပြောင်ပြောင်ကြီးကို လက်နဲ့တဗြင်းဗြင်းကုပ်ရင်း
“အလတ်ကောင်ရာ၊ မင်းနဲ့တော့ ငါသေချင်တာပါပဲကွာ”
“နေအုံး၊ ဦးဘသာမသေနဲ့အုံး၊ မသေခင် ကျုပ်ကိုတော့ အိမ်ထောင်လေးဘာလေးချပေးခဲ့အုံး”
ဦးဘသာက အနောက်ကိုလှည့်လိုက်ပြီးတော့ သံသေတ္တာတစ်လုံးကိုဖွင့်လိုက်တယ်၊ ပြီးတော့ သေတ္တာထဲ ဟိုလှန်ဒီလှန်လုပ်နေရင်း စာအုပ်အဟောင်းတစ်အုပ်ကို ဆွဲထုတ်လိုက်ပါရော၊ စာအုပ်က တော်တော်ဟောင်းနေတာ အဖုံးတောင်မပါတော့ဘူး၊ စာရွက်တွေကလည်း ဝါဝါကျင်ကျင်နဲ့ ခပ်ထူထူကြီးတွေဗျ၊ သူ့စာရွက်တစ်ခုတစ်ခုက အခုခေတ် ကျောင်းဗလာစာအုပ်အဖုံးကတ်ထူတွေလောက်ကို ထူတာ။
စာအုပ်ကလည်း ပိုးနံ့လိုလို မှိုနံ့လိုလို မွန်ထူနေပါသေးတယ်၊ ဦးဘသာက လက်ကိုတံတွေးဆွတ်လိုက်ပြီးတော့ စာအုပ်ကိုဟိုလှန်ဒီလှန်လုပ်နေတယ်။ ကျုပ်စိတ်ထင်တော့ ဦးဘသာက ကျုပ်အတွက် ပီယဆေးဖော်ပေးဖို့များ ရှာနေတာလားပဲ။
“ဦးဘသာ စာရွက်တွေလှန်ပြီးတော့ ဘာတွေလုပ်နေတာလဲဗျ”
“မင်းပဲ ပီယဆေးဆိုကွ”
ကျုပ်ဖြင့် ပျော်သွားမိတယ်။
“ဦးဘသာက ကျုပ်အတွက် ပီယဆေးကိုဖော်ပေးတော့မလို့လားဗျ”
“မဟုတ်ဘူးအလတ်ကောင်ရ၊ ငါကမင်းကို မဖော်ပေးဘူး၊ ပီယဆေးဆိုတာက သူများဖော်ပေးတာထက် ကိုယ်တိုင်ဖော်မှ စွမ်းတာကွ”
“ကျုပ်ကတော့ မဖော်တတ်ပါဘူး ဦးဘသာရာ၊ ဦးဘသာ ဖော်ပေးလို့မရဘူးလား”
“အေး၊ ငါဖော်ပေးလိုက်တော့ မင်းချိန်ထားတဲ့ကောင်မလေးက ငါနဲ့မခွဲနိုင်ပါဘူးဆိုပြီးဖြစ်သွားလို့ အသက်ကြီးမှ ငါအိမ်ထောင်ကျပြီး အိုနေရပါအုံးမယ်ကွ”
“အင်းဗျာ၊ ဒါဆိုလည်း ဘယ်လိုဖော်ရမလဲဆိုတာသာပြောတော့”
“မင်းမေးလို့သာ ပြောရမှာကွ၊ လူတစ်ယောက်နဲ့ ချစ်အောင်ခင်အောင်လုပ်ဖို့အတွက် ဆေးတွေဝါးတွေသုံးတာကို ငါကတော့ အားမပေးချင်ဘူး၊ အဲဒီလိုသုံးပြီး ချစ်တာခင်တာကလည်း ရေရှည်မမြဲဘူးလို့ငါထင်တယ်ကွ”
“လုပ်ပါဗျာ၊ ကျုပ်ကိုတရားချမနေပါနဲ့ဆေးဖော်နည်းသာပေးဗျာ”
(ယခုဖော်ပြမည့်နည်းများသည့် စာပေကျမ်းဂန်များအတွင်းမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်၊ စွမ်းမစွမ်းကတော့ ကိုယ်တိုင်စမ်းကြည့်ကြပါကုန် ၊ စာရေးသူ)
“အရင်ဆုံး ကျီးမနားထန်းရွက်နဲ့ ပီယဆေးစီရင်တာရှိတယ်ကွ”
“ပြောပါအုံးဗျာ”
“ကျီးမနားထန်းရွက်ကိုယူပြီးတော့ မိမိအလိုရှိတဲ့လူရဲ့ နေ့နံကို ခဲတံနဲ့အဲဒီထန်းရွက်မှာရေး၊ ပြီးရင်တော့ ထန်းရွက်ကိုမီးရှို့ပြာချပြီး အဲဒီပြာနည်းနည်းကို စားစရာတစ်ခုခုအပေါ်မှာဖြူးသင့်ရင်ဖြူး နယ်သင့်ရင်နယ်ရမယ်၊ ပြီးတဲ့အခါ မန္တန်တစ်ခုကို ရွတ်ရမယ်ကွ”
“နေပါအုံးဦးဘသာ၊ ကျီးမနားထန်းရွက်ဆိုတာက ထန်းပင်အမျိုးမှာ ကျီးမနားမျိုးဆိုပြီး ရှိသေးတာလား၊ အဲဒီကျီးမနားထန်းပင်က ထန်းရွက်ကိုယူရမှာလား”
“မင်းကွာ တော်တော်ပိန်းတာပဲ၊ ကျီးမနားထန်းရွက်ဆိုတာ ထန်းပင်ပေါ်က ကျီးကန်းမနားသေးတဲ့ ထန်းရွက်ကိုပြောတာကွ”
“ထန်းပင်ပေါ်က ထန်းရွက်ကို ကျီးနားမနားကျုပ်ကဘယ်လိုသိမှာလဲဗျ”
“အလတ်ကောင်ရာ မင်းကတော့ လိုချင်လိုက်တာကလည်း ပြာလို့ ညံ့လိုက်တာကလည်း ချာလို့ဆိုတာ မင်းပဲကွ၊ ထန်းရွက်ထန်းလက်တွေကြီးလာတဲ့အခါ ဘေးကိုကိုင်းကျသွားတယ်၊ ဆိုလိုတာက ကျီးနားလို့ရသွားတယ်ပေါ့ကွာ၊ ဒီလိုမဟုတ်ဘဲ အသစ်ထွက်လာတဲ့ ထန်းလက်အနုကျတော့ မိုးပေါ်ကိုထောင်ထောင်လေးထွက်လာတယ်မဟုတ်လား၊ အဲဒီလိုထန်းလက်ကို ကျီးနားလို့မရဘူးလေကွာ”
“ဦးဘသာကတော့ လွယ်တာကိုခက်အောင်လုပ်နေပြန်ပါပြီ၊ ကျီးမနားထန်းရွက်လို့ပြောမယ့်အစား အသစ်ထွက်လာတဲ့ ထန်းလက်နုနုကအရွက်လို့ပြောရင် ပြီးနေတာပဲကို”
“ဟာ၊ ဒါက ရှေးလူကြီးတွေပြောခဲ့တာကိုးကွ”
“အဲဒီရှေးလူကြီးတွေကလည်း တော်တော်ခက်တာပဲဗျာ၊ ကဲလုပ်ပါအုံး ထန်းလက်ရလာပါပြီတဲ့ ကိုယ်လိုချင်တဲ့လူရဲ့ နေ့နံကိုရေးဆိုတော့ တနင်္လာဆို တနင်္လာလို့ ရေးရမှာလား”
“မဟုတ်ဘူးကွ၊ နံကိုရေးခိုင်းတာက ဂဏန်းနဲ့ရေးခိုင်းတာ၊ ဆိုပါစို့ကွာ မင်းက ငါ့ကိုလိုချင်တယ်ဆိုပါတော့ ငါ့နာမည်က ဘသာ၊ နေ့နံကသောကြာဆိုတော့ မင်းက ကျီးမနားထန်းရွက်အပိုင်းကလေးပေါ်မှာ ခြောက်လို့ ရေးလိုက်ပေါ့ကွာ၊ ဒါပါပဲ”
“အော်၊ ပေါက်ပြီ ပေါက်ပြီ၊ ဒါထက် မန္တန်ရွတ်ရမယ်ဆို”
“ဟုတ်တယ်၊ သေချာနားထောင်နော်၊ “ဥုံ မောကတော သွာဟယျ သွာဟယျ၊ ဥုံဗန္ဓတု မဟာဗန္ဓတု၊ ဥုံဆေးစု သွာဟယျကပ်၊ ပုပ္ပတ္တာသွာဟယျကပ်” အဲဒါကို သုံးဆယ့်ခုနစ်ခေါက် လက်နဲ့အုပ်ပြီးတော့မန်း၊ ပြီးရင် ချစ်ခင်လိုသူကို ကျွေးလိုက်၊ အစွမ်းကတော့ မင်းမျက်နှာ မမြင်ရရင်ကို မနေနိုင်ဘူးကွ”
ကျုပ်သွားကြီးဖြီးနေမိတယ်။
“အဲ ကိုယ်နဲ့အတူတူလက်စုံစားတဲ့သူကို ချစ်ခင်စေချင်လာရင်တော့ “ချောင်ကလိအောင် ကူရူဖရာန” ဆိုပြီး စားသောက်ဖွယ်ရာကိုမန်းရတယ်၊ ပြီးရင် အဲဒီလူနဲ့အတူတူလက်စုံစားရင် ချစ်ခင်တယ်တဲ့ကွ၊ ဒါကျတော့ အိမ်ထောင်သက်ကြာနေတဲ့အိမ်ထောင်သည်တွေလုပ်ကြတာမျိုးထင်ပါ့”
ဦးဘသာက စာအုပ်တွေကိုလှန်ရင်း
“မိန်းမတွေအိမ်ပေါ်ကဆင်းသွားလို့ ပြန်လာစေချင်တယ်ဆိုရင်တော့ ရေလုံအိုးကွဲမှာ မိန်းမနာမည်ရယ်၊ နေ့နံရယ်ကို ကွမ်းဦးရေနဲ့ရေးပြီးတော့ “ဥုံ ဣတ္ထိ ညောင်ကပ် တိတ်တိတ်” ဆိုပြီး သုံးဆယ့်ခုနစ်ခေါက်မန်း ပြီးရင် အိုးကွဲကိုအိမ်ရှေ့နားမှာ ပက်လက်လှန်ထား အဲဒီမိန်းမ ပြန်ကိုလာတယ်တဲ့ကွ”
“တစ်ခါ မိန်းကလေးတွေအတွက်ကတော့ ပန်းမန်းဆိုတာရှိတယ်၊ ပန်းသုံးပွင့်ကိုယူပြီး လက်မှာကိုင်ပြီးတော့ “ဥုံ သိန္ဒေဟံ ဣတ္ထိစိတ္တံ ပီယံ မမ၊ ဒေဝစိတ္တံပီယ့မမ သူရဿတီ ရှင်ဒေဝီ ချဉ်းစရာချဉ်း ကပ်စရာကပ်” ဆိုပြီး သုံးဆယ့်ခုနစ်ခေါက်မန်း၊ ပြီးရင် နှစ်ပွင့်ကို ဘုရားတင်၊ တစ်ပွင့်ကို ခေါင်းမှာပန်ရတယ်၊ ကောင်လေးတွေဆိုတာ ဝိုင်းဝိုင်းလည်နေတာပဲတဲ့ဟေ့၊ ဒါပေမယ့် ပန်းညှိုးရင်မစွမ်းတော့ဘူးတဲ့ကွ”
“တော်ပါပြီဗျာ၊ အဲဒါတွေမလိုချင်ပါဘူး၊ ဘာပဲပြောပြော အခုကျီးမနားပီယအစီအရင်လေးတော့ စမ်းလိုက်အုံးမယ်ဦးဘသာ”
ဒါကြောင့် ဦးဘသာဆီက မန္တန်ကို စာရွက်နဲ့ကူးယူခဲ့ပြီး ပြုံးဖြီးဖြီးနဲ့ ဦးဘသာအိမ်ကနေထွက်ခဲ့တာပေါ့ဗျာ၊ ထန်းပင်ထန်းလက်နဲ့ပတ်သက်ရင်တော့ ကိုကြွက်နီကိုပဲ အားကိုးရမှာမဟုတ်လား၊ ဒီလိုနဲ့ရွာစွန်က ကိုကြွက်နီထန်းတဲကိုလာခဲ့လိုက်တော့ ကိုကြွက်နီက ထန်းပင်တက်ဖို့ ရင်းထောင်ကိုတောင်ဆင်နေပါရော။
“ဟာ ကိုကြွက်နီ၊ ထန်းပင်တက်မလို့လား”
“အေးလကွာ၊ ညကခံထားတဲ့ ထန်းရည်တွေ မိုးရွာလို့ မိုးရေဝင်ကုန်ရင် ပေါ့ကုန်မှာစိုးလို့ အမြန်တက်ဖြုတ်မလို့ကွ”
“ဒါဖြင့်အတော်ပဲဗျာ၊ ကျုပ်အတွက် ထန်းပင်ပေါ်က ထွက်လက်စ ထန်းရွက်နုကလေး တစ်ခိုင်လောက်ခူးပေးစမ်းပါဗျာ”
“အဲဒါကျီးမနားထန်းရွက်ခေါ်တယ် အလတ်ကောင်ရ မင်းဘာလုပ်မလို့လဲ၊ ကျီးမနားထန်းရွက်က အလကားမရဘူးနော်”
“အဖေကတောင်းခိုင်းလိုက်တာပါဗျ”
အလကားနေရင်း ထန်းရွက်တောင်ငွေတောင်းချင်နေတဲ့ ကိုကြွက်နီကို အဖေနဲ့ကိုင်ပေါက်ထည့်လိုက်တယ်၊ ဒီတော့မှ ကိုကြွက်နီက ခေါင်းညိတ်ပြီး
“အေးလေ၊ သူကြီးအတွက်ဆိုတော့လည်း လုပ်ပေးရတာပေါ့ကွာ”
ကိုကြွက်နီထန်းတက်တာမြန်ချက်ပဲဗျာ၊ ပြီးတော့ ထန်းလက်နုတစ်ခိုင်ခုတ်ပြီး ဆင်းလာတယ်၊ ကျုပ်လည်းထန်းလက်ရတော့ ပျော်သွားပြီး အိမ်ကိုအမြန်ပြေးလာခဲ့ပါရော။
(၂)
အိမ်ရောက်တော့ အဖေနဲ့အမေက ခုံမှာထိုင်ရင်း ရေနွေးသောက်နေကြတယ်၊ ကျုပ်က ထန်းလက်ဖူးကိုင်ပြီး အိမ်ထဲဝင်လာရင်း
“အမေရေ အမေ့သားတော့ မိန်းမရပြီလို့သာ မှတ်လိုက်ပေတော့”
အဖေက ဘယ်လိုမှမနေပေမယ့် အမေကတော့ အံ့သြသွားတဲ့ရုပ်ပဲဗျ။
“ဟဲ့အလတ်ကောင် နင်ရည်စားရနေပြီလား”
“အခုထိတော့မရသေးဘူးပေါ့ဗျာ၊ ဒါနဲ့ ရွာကွမ်းတောင်ကိုင်တွေထဲမှာ ဘယ်သူ့ကိုအမေမျက်စိထဲတွေ့သလဲဗျ”
အမေက မေးစေ့ကိုလက်ညှိုးနဲ့ထောက်ပြီး စဉ်းစားရင်း
“ကွမ်းတောင်ကိုင်ထဲကဆိုရင်တော့ ရွာအရှေ့ဖျားက ဖိုးလေးချိုရဲ့ မြေး၊ ချိုချိုခိုင်ဆိုရင်မဆိုးဘူးအလတ်ကောင်ရဲ့၊ ဒီကောင်မလေးက ရုပ်ကလေးကလည်း သနားကမားလေး၊ ကိုယ်လုံးကိုယ်ပေါက်လည်းကောင်းတယ်၊ ပြီးတော့ အိမ်မှုကိစ္စဆိုရင်လည်း ပြောစရာမလိုအောင် နိုင်နင်းတယ်ဆိုပဲ၊ ဒီလိုမိန်းကလေးကိုသာ ချွေးမတော်ရရင် အမေတော့ သေပျော်ပါပြီသားရယ်”
“ချိုချိုခိုင် . . . ချိုချိုခိုင်၊ အင်း သူက တခြားသူတွေလိုတော့ အသားဖြူပြီးမချောပေမယ့် အမေကလိုချင်နေတယ်ဆိုတော့လည်း ကျုပ်က ကြိုးစားပေးရမှာပေါ့ဗျာ”
အမေ့ကိုကြည့်ပြီး ကျုပ်ကပြုံးပြလိုက်တယ်၊ အဖေက ကျုပ်ကိုကြည့်ရင်း
“မသန်း . .မသန်း၊ အလတ်ကောင်လို ရူးတူးပေါတောကောင်ပြောတဲ့စကားကိုများ နင်မို့နားယောင်နေသေးတယ်၊ တော်ကြာ လိုက်တောင်းပေးပါဆိုလို့ ငါတို့ကလိုက်တောင်းပေးပါပြီတဲ့ ဟိုအိမ်ရောက်မှ မိန်းကလေးဘက်က ငြင်းထုတ်လိုက်လို့ ငါတို့အရှက်ကွဲပြီး ပြန်လာနေရပါအုံးမယ်ကွ”
အဖေကတော့ ကျုပ်ကိုသိပ်အထင်သေးတာပဲဗျာ။
“အဖေစောင့်ကြည့်နေပါ၊ ကျုပ်မကြာခင်မှာပဲ အဖေ့ချွေးမကို အိမ်ခေါ်လာပြမယ်၊ စောင့်ကြည့်လိုက်စမ်းပါ”
ကျုပ်ဒေါသထွက်ထွက်နဲ့ အိမ်ပေါ်ကိုတက်လာခဲ့တယ်။
အိမ်ပေါ်ရောက်တော့ ကျီးမနားထန်းရွက်က ထန်းရွက်ဖူးကလေးကို နှစ်လက်မလောက်ဖြတ်ပြီး ခဲတံကိုအသင့်ယူလိုက်တယ်။ ချိုချိုခိုင်ဆိုတော့ ထန်းရွက်အပေါ်မှာ နှစ်ဆိုတဲ့ဂဏန်းကိုရေးလိုက်တာပေါ့ဗျာ၊ ပြီးတဲ့နောက်မှာတော့ ဒယ်အိုးကင်းလေးတစ်လုံးယူလိုက်ပြီးတော့ ဒယ်အိုးထဲ ထန်းရွက်ထည့်ရင်း မီးကင်ထည့်လိုက်တော့ ထန်းရွက်က ခဏလေးနဲ့ခြောက်ပြီး ပြာကျသွားပါရော၊ အဲဒီပြာကို စက္ကူထဲထည့်ပြီး အသာသိမ်းထားရတယ်။
ခက်တာကတော့ ဘယ်ထဲထည့်ကျွေးရမလဲဆိုတာပါပဲ၊ ချိုချိုခိုင်နဲ့ကျုပ်တို့အိမ်နဲ့ဆိုတာ မေးထူးခေါ်ပြောလောက်ပဲရှိတာဆိုတော့ အသားလွတ်ကြီး ထမင်းတွေသွားပေး၊ ဟင်းတွေသွားပေးလို့မကောင်းဘူးလေဗျာ၊ ပြီးတော့ ပြာကိုထည့်ဖြူးပြီး နယ်ရမှာဆိုတော့ မသိသာအောင်ကျွေးမှဖြစ်မယ်မဟုတ်လား။
ကျုပ်တွေးနေတုန်း အိမ်ရှေ့က ဈေးသည်တစ်ယောက်ဖြတ်သွားတယ်၊ ဆိုင်းထမ်းကြီးထမ်းထားတဲ့ ဦးလေးကြီးတစ်ယောက်ပါ။
“ကရေကရာ၊ ကရေကရာ စားကြအုံးမလားနော်၊ ချိုချိုလေး . . .”
ဦးလေးကြီးအော်သံကြားရင်း ကျုပ်ခေါင်းထဲ ဖြတ်ခနဲအကြံရသွားတာနဲ့ ဦးလေးကြီးကိုလှမ်းခေါ်လိုက်ရတယ်။ ကရေကရာဆိုတဲ့မုန့်ကို ခင်ဗျားတို့သိကြမယ်ထင်ပါရဲ့ဗျာ၊ အထဲမှာအုန်းသီးထည့်ထားပြီးတော့ ပေါက်ပေါက်ဆုပ်နဲ့မံထားတဲ့မုန့်ပေါ့၊ အပြင်ကနေ ဖွဲနုမှုန့်ကလေးတွေ ဖြူးထားသေးတာဆိုတော့ စားလို့ကတော့ ချိုဆိမ့်ပြီးကောင်းချက်ပဲဗျာ။ ကျုပ်ကရေကရာဝယ်တာကလည်း အကြောင်းရှိတယ်၊ တစ်ချက်က ကရောကရာပေါ်မှာ ဖွဲနုမှုန့်ဖြူးထားတော့ ကျုပ်ရဲ့ပီယဆေးပြာတွေဖြူးလိုက်ရင် သိပ်မသိသာဘူးမဟုတ်လား၊ နောက်တစ်ခုကတော့ ဖိုးလေးချိုဆိုတာ နာမည်ကသာချိုပါပေမယ့် လူကတော့ ဆီးချိုရှိလို့ အချိုမစားရရှာဘူး၊ ချိုချိုခိုင်ဆိုတာကလည်း အမေမရှိတော့ဘူး၊ အဖေက တစ်နယ်တစ်ကျေးမှာအလုပ်သွားလုပ်တယ်ဆိုတော့ အဘိုးရဲ့အုပ်ထိန်းတာကိုခံနေရတဲ့သူမဟုတ်လား၊ ဒီကရေကရာတွေကို ဖိုးလေးချိုမစားရင် စားမယ့်လူက သူတစ်ယောက်ပဲရှိတယ်လေဗျာ၊ ကဲ ကျုပ်အကြံမပိုင်ဘူးလား။
ကရေကရာ လေးငါးခုကိုဝယ်ပြီးတော့ ပန်းကန်ပြားတစ်ခုထဲထည့်လိုက်ပြီး အပေါ်က ပြာမှုန့်တွေဖြူးလိုက်တယ်၊ နှစ်လက်မလောက်ရှိတဲ့ ထန်းပြာက တကယ်ကိုနည်းနည်းကလေးပါ၊ ပြာဖြူးပြီး မုန့်တွေကို ဟိုဘက်ဒီဘက်လှန်လိုက်တော့ ပြာတွေဖြူးထားတယ်ဆိုတာ သိတောင်မသိသာတော့ပါဘူး။ ပြီးတော့မှ မုန့်တွေပေါ်လက်အုပ်ပြီး ဦးဘသာပေးထားတဲ့ မန္တန်ကို သုံးဆယ့်ခုနစ်ခေါက်အုပ်လိုက်တယ်၊ ပြီးတာနဲ့ ပန်းကန်ကလေးကိုင်ပြီးတော့ အိမ်ကထွက်လာမိတယ်၊ ဒီတစ်ခါတော့ မိန်းမရဖို့ ကံပါလာတယ်ထင်တယ်ဗျာ၊ လုပ်သမျက အဆင်ချောပြီးတော့ ဟောခနဲ ဟောခနဲဖြစ်နေရှာတာ။
ဖိုးလေးချိုတို့အိမ်ကိုတက်လိုက်တော့ ဖိုးလေးချိုက အိမ်ရှေ့ထိုင်နေတယ် ဘေးနားမှာ ချိုချိုခိုင်ကလည်း အဆင်သင့်ပဲဗျာ။ ကျုပ်က ကရေကရာပန်းကန်ကလေးချလိုက်ပြီး
“ဖိုးလေးချို၊ အမေကလေ ဖိုးလေးချိုစားဖို့ ကရေကရာတွေ ပေးခိုင်းလိုက်လို့ဗျ”
“ဟင်၊ မသန်းက ပေးခိုင်းလိုက်တာလား၊ နေစမ်းပါအုံး မသန်းက ငါဆီးချိုရှိတာ မသိဘူးလား”
“ဒါကတော့ စားစေချင်လို့ပေးတာပဲဗျာ၊ ဖိုးလေးချိုမတည့်ရင်လည်း တည့်တဲ့လူစားလို့ရတာပေါ့ဗျ”
ကျုပ်က ချိုချိုခိုင်ကို ပြုံးရင်းကြည့်နေမိတယ်၊ ချိုချိုခိုင်ကတော့ ကျုပ်ကိုမျက်စောင်းထိုးပြီးပြန်ကြည့်တယ်ဗျ။
“အေး၊ မင်းအမေကို ကျေးဇူးပါပဲလို့ပြောလိုက်စမ်းပါ”
ပြောပြောဆိုဆိုနဲ့ ဖိုးလေးချိုက ကရေကရာတစ်ခုကိုလက်လှမ်းနှိုက်တယ်၊ ကျုပ်ကလည်း အတင်းဝင်တားရတော့တယ်။
“နေအုံးဖိုးလေးချို၊ ဖိုးလေးချိုက ဆီးချိုရှိတယ်ဆို၊ ဒီမုန့်တွေဘယ်လိုလုပ်ပြီး စားလို့မရလဲဗျ၊ မဟုတ်ဘူးလား ချိုချို”
ချိုချိုခိုင်က ကျုပ်ကိုမီးဝင်းဝင်းတောက်နေတဲ့မျက်လုံးတွေနဲ့ကြည့်ရင်း
“ဟဲ့အလတ်ကောင် နင်ငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ”
“ချိုချိုလို့ခေါ်လိုက်တာလေ”
“ဟဲ့ ချိုချိုဆိုတာ ဟိုဟာကိုခေါ်တာ နင်မသိဘူးလား၊ ကလေးတွေနို့ဆာရင် ချိုျချိုစို့မယ်လို့ ပြောတာ နင်မကြားဖူးဘူးလား”
“ဘွာတေးပါ ချိုချို . . အဲလေ ချိုချိုခိုင်ရာ ငါက နင့်နာမည်ကိုအဖျားဆွတ်ပြီးခေါ်လိုက်မိတာပါ”
“ငါ့ကိုအဲဒီလိုလာမခေါ်နဲ့ ငါမကြိုက်ဘူး၊ ရော့ နင့်ပန်းကန်နင်ပြန်ယူ”
“စားစေချင်လို့လာပို့တာပဲ၊ နင်ပြန်ပေးလိုက်ရင် ငါ့အမေစိတ်မကောင်းဖြစ်နေပါ့မယ်ဟ၊ ယူထားလိုက်ပါ”
“ဟုတ်ပါတယ်မြေးရယ်၊ ယူထားလိုက်ပါ၊ တို့မစားချင်လဲ ခွေးကျွေးလိုက်ပေါ့”
ချိုချိုခိုင်က ပန်းကန်ကိုလှယ်ပြီးယူထားတယ်လိုက်တယ်၊ ကျုပ်လည်း ပန်းကန်လေးကိုင်ပြီး အိမ်ပေါ်ကနေဆင်းလာခဲ့တယ်၊ ခြံဝရောက်လို့ အသာလှည့်ကြည့်လိုက်တော့ ချိုချိုခိုင်က ကရေကရာတစ်ခုကိုလက်နဲ့ကိုင်ပြီး ကြည့်နေတယ်ဗျ၊ ဒီလောက်ကောင်းတဲ့မုန့်ကို လူတိုင်းက စားမှာပါပဲဗျာ၊ ကျုပ်ကတော့ ပျော်ရင်း အိမ်ကိုပြန်လာခဲ့တာပေါ့။
နောက်နေ့ရောက်တော့ ကျုပ်ဆေးအစွမ်းတွေစွမ်းပြီလားဆိုပြီး ချိုချိုင်ခိုင်အိမ်ရှေ့ကို ဖြတ်ဖြတ်လျှောက်နေမိတယ်၊ ချိုချိုခိုင်ကတော့ကျုပ်ကိုမျက်စောင်းထိုးပြီး ကြည့်နေတုန်းပဲဗျ၊ ဦးဘသာရဲ့နည်းကမစွမ်းတာလား၊ ဒါမှမဟုတ် ကျုပ်လုပ်တာပဲ မဟုတ်တာလားပေါ့။
တစ်ခုထူးခြားတာကတော့ ကျုပ်အနောက်ကို ခွေးမတစ်ကောင်လိုက်နေတာပဲဗျ၊ ခွေးမက အဖြူရောင်ဗျ၊ လယ်ထဲသွားရင်လည်း လယ်ထဲလိုက်တာပဲ၊ လယ်တဲပေါ်ရောက်တော့လည်း မယောင်မလည်နဲ့တဲအောက်ခွေနေတယ်၊ ညနေ လယ်ထဲကပြန်တော့လည်း လိုက်လာတာပဲ၊ ခြံထဲဝင်မယ်လုပ်တာတောင် အနောက်က ယောင်ပေယောင်ပေနဲ့လိုက်လာလို့ မနည်းမောင်းထုတ်ရတယ်၊ မောင်းထုတ်လည်း ခဏပါပဲဗျာ၊ နောက်တော့ ပြန်လိုက်တာပဲ၊ ကျုပ်အိမ်ထဲမှာရှိတဲ့အချိန် ခြံဝကနေငုတ်တုတ်ထိုင်ပြီး ကျုပ်ကိုလိုက်ကြည့်နေတယ်။
“ဟာ၊ အလတ်ကောင်၊ ဒီခွေးက မင်းအနောက်ကိုလိုက်နေတာကွ”
အကိုကြီးတောင် သတိထားမိသွားပြီ
“ဟုတ်ပါ့၊ ဘယ်က ခွေးလဲမသိပါဘူးအကိုကြီးရာ”
“ဘယ်ကခွေးဖြစ်ရမလဲကွ၊ ဒါ ဖိုးလေးချိုတို့အိမ်မှာမွေးထားတဲ့ ဖြူမဆိုတဲ့ခွေးမကွ၊ မင်းသူ့ကိုတစ်ခုခုများကျွေးခဲ့လို့လား၊ မင်းအနောက် တောက်လျှောက်လိုက်လာတာနော်”
ဒီတော့မှ ကျုပ်မျက်လုံးပြူးသွားမိတယ်။
“ဘုရား၊ ဘုရား မဟုတ်မှလွဲရော ငါ့မုန့်တွေကို ချိုချိုခိုင်က တကယ်ပဲခွေးကျွေးပစ်လိုက်တာများလား”
ကျုပ်စိတ်ထဲတော်တော်ဒေါသထွက်သွားမိတယ်ဗျ။
“အေးလေ၊ တစ်ယောက်မရတော့လည်း နောက်တစ်ယောက်ပေါ့၊ စွမ်းတာကတော့ တော်တော်စွမ်းတာပဲ၊ သူများအိမ်ကခွေးတောင်မှ ငါ့ကိုလာချစ်နေရတယ်လို့”
အိမ်ပေါ်တက်ခဲ့ပြီး မနက်ကထားခဲ့တဲ့ ကျီးမနားထန်းရွက်ခိုင်ကြီးကိုကြည့်လိုက်တော့ မရှိတော့ဘူးဗျ၊ အနားမှာရှိတဲ့အကိုကြီးကတော့ ပါးစပ်ကတမြုံ့မြုံ့နဲ့
“အကိုကြီး၊ ဒီနားက ထန်းရွက်အနုလေး ဘယ်ရောက်သွားသလဲဗျ”
အကိုကြီးက ပါးစပ်ထဲလက်ညှိုးထိုးပြရင်း
“ထန်းရွက်အနုကဆိမ့်ဆိမ့်သက်သက်လေးနဲ့ ဝါးလို့သိပ်ကောင်းတာပဲကွ”
ကျုပ်အကိုကြီးကိုလည်ပင်းထညှစ်လိုက်မိတော့တယ်။
“အကိုကြီးရာ ဒီလောက်ငတ်ရသလားဗျာ”
“ဟေ့အလတ်ကောင် ဖြည်းဖြည်းလုပ်စမ်းပါကွ၊ မင်းလုပ်တာနဲ့ ငါသေတော့မယ်ဟ”
ဒီလိုနဲ့ ကျီးမနားထန်းရွက်အစီအရင်ကို ကျုပ်လက်လျော့လိုက်ရတော့တယ်၊ အဲဒီထန်းရွက်ပြန်ခူးဖို့ အစာထဲကိုပြန်ခတ်ဖို့ကို လုံးဝကိုစိတ်မပါတော့ဘူးဗျာ။
ခွေးကလည်း ကျုပ်မှကျုပ်ပဲချစ်တာ၊ ကျုပ်ရပ်နေရင် ခြေသလုံးတွေကို ကိုယ်လုံးနဲ့ပွတ်လိုပွတ်၊ အမြီးနံ့လိုနံ့နဲ့ တော်တော်ကိုရွတဲ့ခွေးဗျာ၊ ပိုဆိုးတာက ခြေထောက်အောက်ချပြီးခုံမှာထိုင်ရင် ခြေသံလုံးကိုဖက်ဖက်တက်လို့ ကျုပ်ဖြင့် ခြေထောက်တောင်ဆင်းမထိုင်ရဲဘဲ ဆောင့်ကြောင့်ကြီးထိုင်ရရှာတယ်။
(၃)
ကိုရွှေခေါမင်္ဂလာဆောင်ကို အဖေနဲ့ကျုပ်တို့ညီအကိုတွေသွားကြတယ်၊ ကိုရွှေခေါက ရှပ်အင်္ကျီဆင်စွယ်ရောင်နဲ့ အောက်က ပြောင်ပြောင်လက်လက်တွေပါတဲ့ပုဆိုးကိုဝတ်ထားတယ်၊ ခေါင်းပေါင်းကလည်း စောင်းနေသေးတယ်ဗျာ၊ နဂိုကတည်းရုပ်ဆိုးပါတယ်ဆိုမှ သွားကလည်း အရှေ့ကိုခေါထွက်နေသေးတာ၊ သွားတောင်မှ သွားဝါကြီးဗျ၊ မျက်နှာကိုမိတ်ကပ်တွေဖုံနေအောင်ရိုက်ထားလို့ ပြာနှမ်းနေပါရော၊ ဒါပေမယ့် သူ့လက်မောင်းကိုတွဲထားတဲ့ မြမြဝင်းကတော့ လှလိုက်တာပြောမနေပါနဲ့ဗျာ၊ နဂိုကတည်းကလည်း ပေတောရွာရဲ့ကွမ်းတောင်ကိုင်ကလည်းဖြစ်ပြန် မိတ်ကပ်တွေခြယ်ပါးနီတွေဆိုးထားတော့ လှလိုက်တာ နတ်သမီးလေးကျနေတာပါပဲ။
ဘယ်လိုမှ မလိုက်ဖက်တဲ့လူနှစ်ယောက်ညားကြတော့ မင်္ဂလာဆောင်လာတဲ့လူတိုင်းက အတင်းတုပ်ကြတာပါပဲ၊ ဒါပေမယ့် ဘယ်လောက်ပဲအတင်းတုပ်တုပ် ကိုရွှေခေါကတော့ ပြုံးပြုံးနဲ့ အပြုံးကိုမပျက်ပါဘူး၊ ရထားတဲ့လူကိုလည်းကြည့်အုံးလေဗျာ။ မင်္ဂလာပွဲအပြီး ကျုပ်တို့ပြန်မယ်လုပ်တော့ ကျုပ်က ကိုရွှေခေါအနားကိုကပ်သွားလိုက်တယ်။
“ကိုရွှေခေါ ခင်ဗျားလုပ်ခဲ့တဲ့ပီယအစီအရင်လေး ကျုပ်ကိုပြောပြပါလားဗျာ”
“ဟာကွာ၊ မပြောနိုင်ပါဘူးကွ”
ကျုပ်က ကိုရွေခေါအင်္ကျီလက်မောင်းကိုအသာဆွဲလိုက်ရင်း
“ခင်ဗျားပြောမလားမပြောဘူးလား”
“ဟ၊ မင်းကိုငါကဘာဖြစ်လို့ပြောရမှာလဲဗျ”
“ရတယ်လေ ခင်ဗျားမပြောရင် ခင်ဗျားပီယဆေးဖော်ပြီး မြမြဝင်းကိုခတ်တယ်ဆိုတဲ့အကြောင်းကို ကျုပ်အဖေကိုပြောမယ်၊ ပေတောရွာသူကြီးကိုပြောလိုက်မယ်ဗျာ”
ကျုပ်ခြိမ်းချောက်လိုက်တော့ ကိုရွှေခေါတစ်ယောက်လန့်သွားတယ်။
“ဟာ အလတ်ကောင် အဲဒီလိုတော့မလုပ်ပါနဲ့ကွာ၊ လူတွေသိကုန်ရင် ငါ့ကိုမြမြဝင်းအမျိုးတွေက ရိုက်သတ်မှာကွ”
“ဒါဆိုလည်း ခင်ဗျားနည်းပေးလိုက်လေဗျာ”
“အေးကွာ၊ ဒါပေမယ့် ဒီနည်းကိုတော့ ဘယ်သူ့ကိုမှမပြောနဲ့ ဟုတ်ပြီလား”
“စိတ်ချစမ်းပါ”
“ဒီလိုကွ၊ အရင်ဆုံး လူတစ်ရပ်စာလောက်ရှိတဲ့ ငှက်ပျောပင်တစ်ပင်ကိုတူးကွာ၊ အဲဒါကို ကိုယ့်အိမ်ခြံဝန်းရဲ့အနောက်ဘက်မှာ မြေသန့်သန့်ကလေးရှင်းပြီးတော့ စိုက်ထား၊ ငှက်ပျောပင်ရှင်အောင်စိုက်ရမယ်နော်၊ မရှင်ရင် နောက်တစ်ပင်ထပ်စိုက်ကွာ၊ ဒါပေမယ့် အဲဒီငှက်ပျောပင်ကို ရေလောင်းတာ၊ အစာကျွေးတာအကုန် မင်းပဲလုပ်ရမယ်”
“သိပါပြီဗျာ၊ ဆက်သာပြောစမ်းပါ”
“အဲဒီလိုငှက်ပျောပင်စိုက်ပြီး ခုနစ်ရက်ကြာလို့ ငှက်ပျောပင်ရှင်လာပြီဆိုရင် မင်းက ငှက်ပျောပင်အနားကိုကပ်ပြီး ရည်းစားစကားပြောရမယ်ကွ”
“ဗျာ၊ ငှက်ပျောပင်ကို ရည်းစားစကားပြောရမယ်တဲ့လား”
“အဟုတ်ပါဆိုကွာ၊ ပြောတာကတော့ နေ့တိုင်းပြော၊ ဒါပေမယ့် လူခြေတိတ်တဲ့ညသန်းခေါင်အချိန်လောက်ပြောရင် ပိုပြီးအဆင်ပြေတယ်၊ ရည်းစားစကားပြောရင်းနဲ့ ငှက်ပျောပင်ကို ကိုယ့်ချစ်သူလိုသဘောထား၊ ငှက်ပျောပင်ကို ပွေ့ဖက်ပေး”
“ခင်ဗျားဟာက ဟုတ်ရောဟုတ်ရဲ့လားဗျာ”
“ငါလုပ်ခဲ့တဲ့အတိုင်း မင်းကိုပြောတာကွ၊ ရည်းစားစကားပြောရင်းနဲ့ တဖြည်းဖြည်းထူးလာလိမ့်မယ်၊ လကွယ်ညလို ညမျိုးရောက်ရင် လူရိပ်လူယောင်တွေ့ရတတ်တယ်၊ ဒါဆိုရင်တော့ အောင်မြင်ဖို့နီးလာပြီဟေ့”
“နောက်တော့ဘာဆက်လုပ်ရမှာလဲ”
“ငါ့တုန်းကတော့ ငှက်ပျောပင်ကနေ မိန်းကလေးတစ်ယောက်အဖြစ်ပြောင်းလဲသွားတယ်ကွ၊ အဲဒီမိန်းကလေးကလည်း ငါ့ကိုချစ်တယ်ဆိုပြီး ဖက်လားလျက်လားနဲ့လုပ်တာကွာ၊ ဒီအချိန်မှာ အဲဒီမိန်းကလေးဆီက ပစ္စည်းတစ်ခုခုကိုရအောင်ယူဟေ့၊ ငါ့တုန်းကတော့ အဲဒီမိန်းကလေးလည်ပင်းမှာပတ်ထားတဲ့ ပုဝါကိုရအောင်ယူပြီးပြေးတာ၊ ပြီးလို့မနက်ရောက်တဲ့အခါကျရင် ငှက်ပျောပင်ကို သူများကိုခေါ်ခုတ်ခိုင်းပြီး လွှင့်ပစ်ထည့်လိုက်တာပဲ”
“အဲဒီပုဝါက မပျောက်သွားဘူးလားဗျ”
“ငါ့ဆီမှာရှိနေတုန်းပဲကွ၊ ကိုယ်ကြိုက်တဲ့လူကို လိုချင်ရင် အဲဒီပုဝါနဲ့ မျက်နှာကိုပွတ်ပြီးပြောရင် စန်းပွင့်တယ်၊ ပြောသမျှအောင်တယ်ဟေ့၊ ရည်းစားစကားလာပြောသမျှလူတိုင်းကို ငြင်းငြင်းလွှတ်နေတဲ့ မြမြဝင်းလိုလူတောင်မှ ငါ့ကိုအဖြေပေးပါတယ်ဆိုကွာ”
“ကျေးဇူးပါ ကိုရွှေခေါရာ၊ ကျေးဇူးအများကြီး တင်သွားပြီဗျာ၊ ကျုပ်မင်္ဂလာဆောင်ဖြစ်ရင်လည်း ကိုရွှေခေါကိုမမေ့ပါဘူးဗျာ”
“အေး၊ ဒါပေမယ့် နှုတ်တော့လုံစေနော်ကွ၊ ဘယ်သူ့မှလျှောက်မပြောရဘူး”
ကျုပ်ခေါင်းညိတ်ပြီးတော့ အကိုကြီးမောင်းတဲ့လှည်းပေါ်တက်ပြီး ပေတောရွာကနေပြန်လာခဲ့တာပေါ့။
ရွာရောက်တယ်ဆိုရင်ပဲ ပီယအစီအရင်ကို အကောင်အထည်ဖော်ဖို့လုပ်ရတော့တယ်၊ ရွာမှာက ငှက်ပျောစိုက်တဲ့လူရှားတာကြောင့်မို့လို့ ဘယ်မှာမှဝယ်မရဘူး၊ ရှားရှားပါးပါး ဘုန်းကြီးကျောင်းအနောက်ဘက်မှာတော့ ငှက်ပျောပင် ဆယ့်လေးငါးပင်လောက်ရှိနေတယ်၊ ကပ္ပိယကြီးစိုက်ထားတဲ့အပင်တွေနေမှာပါဗျာ။ နောက်ဆုံးကြံရာမရတာနဲ့ ဘုန်းကြီးကျောင်းအနောက်ဘက်က ငှက်ပျောပင်တစ်ပင်လောက်ခိုးခုတ်ရတော့တယ်၊ ဘုန်းကြီးကျောင်းကအပင်ကိုခိုးတာ သိပ်မခက်ပါဘူးဗျာ၊ ကျောင်းနောက်ဖက်မှာက သစ်ပင်ချုံပင်တွေနဲ့ဆိုတော့ တော်ရုံလူမလာဘူးမဟုတ်လား၊ ငှက်ပျောပင်တွေထဲက လူတစ်ရပ်မရှိတစ်ရှိငှက်ပျောပင်တစ်ပင်ကိုခုတ်ပြီး ရွာအပြင်ပတ်လမ်းကနေ အိမ်နောက်ဖေးအထိရောက်အောင် ထမ်းသယ်ရတယ်၊ လမ်းမှာတော့ ကာလသားတစ်သိုက်နဲ့ တွေ့ဖြစ်အောင်တွေ့သေးတယ်ဗျာ။
“ဟာ၊ အလတ်ကောင် ငှက်ပျောပင်ကြီးထမ်းလို့ပါလားကွ”
ကျုပ်ဘယ်လိုပြောရမှန်းကိုမသိတော့ဘူး။
“အလကားပါကွာ၊ လူပျိုတွေသေရင် ငှက်ပျောတုံးဖက်သေရတယ်မဟုတ်လားကွ၊ ဒီကောင်သေဖို့ ငှက်ပျောတုံးယူလာတာဖြစ်မှာကွ”
သူတို့ကိုဘာမှပြန်မပြောဘဲ အိမ်ကိုပဲယူချလာရတယ်၊ အိမ်နောက်ဖေး ဝါးရုံပင်ဘေးနားမှာ မြေသန့်သန့်ကလေးဖြစ်အောင်လို့ လှဲကျင်းပြီးတော့ ငှက်ပျောပင်ကိုထိုးစိုက်ထည့်လိုက်တာပါပဲ၊ မြေနဲ့အသာပြန်ဖို့ပြီးတော့ ရေတွေဘာတွေသေချာလောင်းပေးလိုက်တယ်။
“ငှက်ပျောပင်ရာ မင်းငါတို့အိမ်မှာ ရှင်ပေးပါကွ၊ မင်းသေသွားရင် ငါဘုန်းကြီးကျောင်းက ငှက်ပျောပင်ထပ်ခိုးရမှာကွ”
ပြောဆိုပြီးတဲ့အချိန်မှာပဲ ငှက်ပျောပင်ရဲ့အကိုင်းလေးတွေက ခေါင်းညိတ်ပြသလိုမျိုး တညိတ်ညိတ်နဲ့လှုပ်သွားပါတယ်၊ ကျုပ်လည်း ပြီးစီးသွားတာနဲ့ အိမ်ထဲပြန်ဝင်ခဲ့တာပေါ့။ နောက်တစ်နေ့မနက်ရောက်တော့ အိမ်ကလူတွေက တော်တော်အံ့သြနေကြတယ်ဗျ၊ နေရင်းထိုင်ရင်း အိမ်နောက်ဖေးမှာ ငှက်ပျောပင်တစ်ပင်က ဗြုန်းစားကြီးပေါက်နေတာကိုး၊
“အလတ်ကောင် ဒီငှက်ပျောပင်က ဘာလုပ်တာလဲ”
“ဒီလိုပါပဲအမေရာ ငှက်ပျောပင်စိုက်ချင်လို့ စိုက်ထားလိုက်တာပါ”
“နင့်ဟာကလည်းအလတ်ကောင်ရယ်၊ ငှက်ပျောပင်စိုက်ချင်ရင် သားတက်ကနေစစိုက်ရတယ်ဆိုတာ နင်မသိဘူးလား”
“အိုဗျာ၊ သားတက်စစိုက်တော့ကြာတယ်၊ အခုလိုစိုက်တော့ရော မမြန်ဘူးလား”
အမေက ငှက်ပျောပင်ကိုကြည့်ရင်း
“ထိပ်ကအရွက်ကလေးတွေတော့ စိမ်းပြီးတော့ထောင်နေသားပဲ ဒီအတိုင်းဆိုရင် ဒီအပင်ရှင်ဖို့များပါတယ်”
အမေကရှင်မယ်ပြောလို့ ကျုပ်တောင်မှပျော်သွားတယ်၊ ဒီလိုနဲ့ ငှက်ပျောပင်ကိုအရိပ်တကြည့်ကြည့်နဲ့ ရေလောင်းလိုက် မြေဆီထည့်လိုက်နဲ့ စိုက်လာလိုက်တာ တစ်ပတ်တောင်ပြည့်ပြီပေါ့ဗျာ၊ ငှက်ပျောပင်ထိပ်က အရွက်သစ်ဆိုရင်လည်း ကားပြီးဖျာကျလာတယ်၊ အရွက်ထပ်ထွက်တယ်ဆိုကတည်းက ဒီအပင်ရှင်လို့ပေါ့ဗျာ၊ နောက်တစ်ညကစပြီး ကျုပ်လုပ်ငန်းစရတယ်၊ ညည့်နက်သန်းခေါင်အိပ်ရာကနေထပြီးတော့ ငှက်ပျောပင်ဆီကိုချီတက်ရတာပါပဲ၊ ပြီးတာနဲ့ ကိုရွှေခေါပြောလိုက်တဲ့အတိုင်း ငှက်ပျောပင်ကို ကိုယ့်ချစ်သူတစ်ယောက်လိုသဘောထားပြီးတော့ သေသေချာချာစူးစူးစိုက်စိုက်နဲ့ကြည့်နေမိတယ်။
“မင်းကိုငါချစ်တယ်၊ မင်းကိုငါအရမ်းချစ်တယ်”
ငှက်ပျောပင်ကြီးကိုကြည့်ပြောပြီးတော့ ပင်စည်ကိုလက်နှစ်ဖက်နဲ့သေသေချာချာကိုထွေးပွေ့ပြီးဖက်ထည့်လိုက်တယ်၊ ဘာဆိုဘာမှကိုမထူးခြားဘူး၊ ကျုပ်ဖြင့် သုံးကြိမ်သုံးခါလောက်ကို ပြန်ပြီးပြောရတယ်၊
“အင်းလေ၊ ဒါမျိုးက တစ်နေ့တစ်ရက်နဲ့ပြီးတာမှမဟုတ်တာ ငါသေသေချာချာဇွဲရှိရှိနဲ့လုပ်မှဖြစ်မှာ”
ဒီလိုနဲ့ကျုပ်ညတိုင်း ငှက်ပျောပင်ဆီကို ဆင်းပြီးပြောရတယ်၊ ရည်းစားစကားတွေဆိုရင်လည်း စုံနေတာပါပဲ၊ ရှစ်ရက်မြောက်တဲ့နေ့မှာတော့ နည်းနည်းထူးဆန်းလာတယ်၊ ငှက်ပျောပင်ကိုချစ်တယ်လို့စကားပြောတဲ့အချိန်မှာ သနပ်ခါးနံ့တွေ၊ နံ့သာဖြူ၊ ကရမက်နံ့လို အနံ့တွေရနေတာပါပဲ၊ ဒီအနီးပတ်ဝန်းကျင်မှာ ဒီလိုအနံ့ရစရာအကြောင်းကိုမရှိတာဗျ၊ ကျုပ်ဆိုအစက ကြက်သီးတွေပါထတယ်။
နောက်ရက်တွေကျတော့ ငှက်ပျောဖတ်တွေလှုပ်လာတယ်၊ ပြီးတော့ လူရိပ်လိုလိုဘာလိုလိုကို ရိုးတိုးရိပ်တိတ်တွေ့ရတယ်၊ ထူးခြားလာပြီဆိုတော့ ကျုပ်ကြိုးစားပမ်းစားဆက်လုပ်တယ်၊ ဆယ်ရက်မြောက်တဲ့နေ့မှာတော့ ကျုပ်အိပ်နေတုန်း အိပ်မက်တစ်ခုမက်တယ်၊ အိပ်မက်ထဲမှာ မိန်းကလေးတစ်ယောက်က ကျုပ်ဆီကိုတန်းတန်းမတ်မတ်လာတာဗျ၊ ဒီမိန်းကလေးရဲ့ရုပ်က ချောတယ်လို့တော့ ပြောလို့ရတယ်၊ ကိုယ်လုံးကိုယ်ပေါက်တွေဘာတွေကလည်း ကွမ်းတောင်ကိုင်အလှမှီတယ်ဗျာ၊ ဒါပေမယ့် ဝတ်ထားစားထားတာကျတော့ ရှေးဆန်တယ်။ ခြေမျက်စိအထိ ထမီကိုဖုံးအောင်ဝတ်ထားပြီးတော့ အပေါ်က ရင်ဖုံးအင်္ကျီနဲ့ဗျ၊ ခေါင်းမှာလည်း ဆံထုံးတွေထုံးပြီး ပန်းတွေဝေနေအောင်ပန်ထားတယ်၊ ပုခုံးပေါ်မှာတော့ ချည်ထည်ပုဝါကလေးတစ်ခုကို စုံချထားသေးတယ်။
“မောင်ကြီး . . . မောင်ကြီး ထပါအုံးရှင်”
အိပ်မှုန်စုန်မွှားနဲ့ထပြီး ကျုပ်ကြည့်လိုက်မိတယ်။
“ဟင်၊ မင်း . . . မင်းဘယ်သူလဲ”
“မောင်ကြီးက နှမကိုအခုတော့ မမှတ်မိတော့ဘူးပေါ့”
“မင်းဘယ်သူလဲ”
“ဘယ်သူရှိရမလဲ မောင်ကြီးနေ့တိုင်း ရေလောင်းပေါင်းသင်နေတဲ့ ငှက်ပျောပင်က နှမရဲ့နေအိမ်ပေါ့”
ကျုပ်ကိုယ့်နဖူးကိုယ် ယောင်ပြီးပုတ်လိုက်မိတယ်။
“ဒီည မောင်ကြီးလာတာကိုစောင့်နေတာ၊ မောင်ကြီးမလာတာနဲ့ နှမလိုက်လာရတာ၊ မောင်ကြီးနှမဆီကိုလာပါအုံး၊ နှမလွမ်းလှပြီ”
သူပြောပြီးတာနဲ့ ကျုပ်လန့်နိုးသွားတယ်၊ တိုင်ကပ်နာရီကြီးကိုကြည့်လိုက်တော့ ညတစ်နာရီတောင်ကျော်နေပြီဗျာ၊ ကျုပ်က အရင်တုန်းကဆိုရင် ညသန်းခေါင်မထိုးခင်လောက်သွားနေကျဆိုတော့ အခုအချိန်ကျော်သွားလို့ သူက လာနှိုးတာလားပဲ”
ကျုပ် ကမန်းကတန်းနဲ့ ငှက်ပျောပင်ဆီကို ထပြေးရတယ်၊ ငှက်ပျောပင်ကြီးကိုဖက်လိုက်တဲ့အခါကျတော့ ငှက်ပျောပင် ပင်စည်ကနေ မိန်းကလေးတစ်ယောက်ရဲ့ကိုယ်လုံးလိုမျိုးဖြစ်သွားတယ်ဗျာ၊ ကျုပ်ရည်းစားစကားပြောလိုက်တော့ အဲဒီမိန်းကလေးက ရှက်သလိုလိုတောင်ဖြစ်သွားသေးတာ၊ ကျုပ်လည်း အိပ်မက်ပဲဖြစ်မှာဆိုပြီး ကိုယ့်ပါးကိုယ်ရိုက်ထည့်လိုက်တာ ဖြန်းခနဲနာလိုက်တာဗျာ၊ ဒါဆိုရင် အခုကျုပ်ဖြစ်နေတာ အိပ်မက်မဟုတ်ဘူးပေါ့။
“ဒါ . . ဒါအိပ်မက်မဟုတ်ဘူးပေါ့နော် နှမလေး”
“ဟုတ်တာပေါ့ မောင်ကြီးရယ်၊ ကဲပါ နှမကလေးကိုပွေ့ဖက်ပါအုံး”
သူပြောတာနဲ့ပွေ့လိုက်ရတယ်ဗျ။
“မောင်ကြီး နှမလေးကိုတကယ်ချစ်တယ်ဆိုရင် နှမလေးနဲ့အတူတူပေါင်းသင်းနေရအောင်လေ”
“အို၊ မောင်ကြီးကလူ၊ နှမလေးက ငှက်ပျောပင်လေ ဘယ်လိုပေါင်းသင်းနေကြမလဲ”
“ဒါများဘာခက်လို့လဲမောင်ကြီးရယ်၊ မောင်ကြီးဝိညာဉ်ကို အသက်နှုတ်လိုက်ပြီးတော့ ဟောဒီသစ်ပင်နန်းမှာ အတူတူနေကြမယ်လေ”
ကျုပ်ထိတ်လန့်သွားပြီးတော့ တံတွေးမျိုချလိုက်မိတယ်၊ ငှက်ပျောပင်နဲ့ ပီယဆေးလုပ်ပါမယ်ဆိုမှ ငှက်ပျောပင်မှာနေတဲ့သရဲမနဲ့ ညားတော့မယ့်ကိန်းပဲဗျ၊ တကယ်က ကျုပ်သူ့ကိုမချစ်ပါဘူး၊ ကျုပ်လိုချင်တာက သူ့ဆီကအရာတစ်ခုခုပါ၊ ရှင်းရှင်းပြောရရင် ပုဝါပေါ့။
“နောက်တော့ ပေါင်းတာပေါ့နှမရယ်၊ ဒါနဲ့ မောင်ကြီးကိုပစ္စည်းတစ်ခုငှားပါလား”
“ဘာလိုချင်လို့လဲ”
“နှမဝတ်ထားတဲ့ပုဝါကလေးကို မောင်ကြီးကိုခဏငှားပါလား”
ကျုပ်ပြောလိုက်တော့ မိန်းကလေးက လန့်သွားတဲ့ပုံပဲ။
“တခြားဟာယူရင်ယူပါမောင်ကြီးရယ်၊ ဟောဒီပုဝါကလေးကိုတော့ ပေးလို့မဖြစ်ပါဘူး”
“ဘယ်လိုဖြစ်လို့လဲနှမ၊ နှမပြောတော့ မောင်ကြီးကိုချစ်တယ်ဆို”
ငှက်ပျောပင်ထဲက မိန်းကလေးက မျက်နှာကလေးညှိုးကျသွားတယ်ဗျ၊ နောက်တော့ သူပတ်ထားတဲ့ပုဝါကလေးကို ကျုပ်ကိုလှမ်းပေးရှာတယ်။
“မောင်ကြီးလိုချင်တယ်ဆိုလို့တစ်ညငှားပေးလိုက်မယ်၊ မနက်ဖြန်တော့ ဆက်ဆက်ပြန်ပေးပါမောင်ကြီးရယ်”
ကျုပ်ပုဝါကိုလှမ်းကိုင်လိုက်တယ်၊ ပုဝါက ချည်သားတစ်မျိုးနဲ့ရက်လုပ်ထားတဲ့ ပုဝါမျိုးဗျ၊ ချည်သားကလည်း ခပ်ချောချောနဲ့၊ မသိရင် ဖဲသားလိုလို ပိုးသားလိုလိုမျိုးပဲ။ သူ့ဆီက ပုဝါကလေးရတာနဲ့ကျုပ်လည်း ငှက်ပျောပင်ဆီကနေ အနောက်ဆုတ်လာခဲ့လိုက်တယ်၊ ဟိုမိန်းကလေးက ကျုပ်ကိုလှမ်းကြည့်ရင်း
“မောင်ကြီး၊ မောင်ကြီး ဘယ်ကိုသွားတာလဲ”
“ဟိုလေ . . . ကျုပ် . . . ကျုပ်ပြန်လာခဲ့မယ်”
ပြောပြီးတာနဲ့ ကျုပ်အိမ်ပေါ်ကိုတစ်ချိုးတည်းပြေးပါရောဗျာ၊ ငှက်ပျောပင်မိန်းကလေးက ကျုပ်ကိုလှမ်းကြည့်ရင်းကျန်နေခဲ့တယ်။ ကျုပ်မှာဖြင့်ကြောက်လိုက်တာ ပြောမနေပါနဲ့၊ ဒါပေမယ့် ပုဝါရတာကိုတော့ ကျေနပ်နေမိတယ်။ ကိုရွှေခေါပြောတာကိုလည်း ကျုပ်အခုမှယုံသွားမိတာ။
မနက်မိုးလင်းတာနဲ့ ငှက်ပျောပင်ကိုရှင်းပစ်ဖို့ကြံရတယ်၊ အကိုကြီးကို ငွေအစိတ်ပေးပြီးတော့ ငှက်ပျောပင်ခုတ်ခိုင်းလိုက်ရတယ်။
“အလတ်ကောင် မင်းပြောတော့ ငှက်ပျောသီးစားချင်လို့စိုက်ထားတာဆိုကွ”
“အခုမစားချင်တော့ဘူးအကိုကြီးရာ ခုတ်သာခုတ်ပစ်လိုက်စမ်းပါ၊ ခုတ်ပြီးရင် တောထဲသွားလွှင့်ပစ်ပေးဗျာ၊ ကျုပ် ငွေအစိတ်ပေးမယ်”
“မင်းကွာ၊ အပင်က တော်တော်အရှိန်ကလေးရကာမှ၊ အင်းလေ မင်းကခုတ်ဆိုတော့လည်း ခုတ်ရမှာပေါ့၊ ပေး အစိတ်”
အကိုကြီးက ငွေအစိတ်ယူပြီးတာနဲ့ကိုင်းခုတ်ဓါးကြီးထမ်းသွားပြီး ငှက်ပျောပင်ကို ပင်စည်အရင်းကနေ တဒုတ်ဒုတ်နဲ့ခုတ်တော့တာပါပဲ၊ ကျုပ်လည်း ပုဝါအစွမ်းကို စမ်းသပ်ရမယ်ဆိုပြီးတော့ ရွာထဲကိုထွက်လာခဲ့တယ်၊ လက်ထဲမှာလည်း ပုဝါကိုမသိမသာကလေး လုံးထွေးပြီးကိုင်လာခဲ့တယ်။
ရွာလယ်ရေတွင်းနားရောက်တော့ ချိုချိုခိုင်တို့ မိန်းကလေးတစ်သိုက် ရေခပ်နေတယ်၊ ကျုပ်ကိုလည်းမြင်ရော ချိုချိုခိုင်က မျက်စောင်းလှမ်းထိုးတာပါပဲ၊ ကျုပ်လည်း သူနဲ့စမ်းကြည့်ရမယ်လို့ စိတ်ကူးပြီးတော့ကျုပ်မျက်နှာကို ခုနကပုဝါကလေးနဲ့ ပွတ်ထည့်လိုက်တယ်။ ပြီးတော့မှ ချိုချိုခိုင်အနားကိုကပ်သွားတယ်။
“ချိုလေး ရေခပ်မလို့လား”
ကျုပ်ပြောလိုက်တော့ ချိုချိုခိုင်က ကျုပ်မျက်နှာကိုကြည့်ရင်း တစ်မျိုးကြီးဖြစ်သွားတယ်ဗျ၊
“ဟုတ်၊ ဟုတ်ကဲ့”
“ချိုလေးရေခပ်ရတာ ပင်ပန်းနေမှာပေါ့ အကိုခပ်ပေးမယ်လေ”
“ဟုတ် ရပါတယ်ရှင့်”
ချိုချိုခိုင်နဲ့အတူတူပါလာတဲ့ ကာလသမီးတစ်သိုက်ဆိုရင် ကျုပ်တို့နှစ်ယောက်ကိုကြည့်ပြီး အံ့တွေသြနေပါရော။ ကျုပ်က ရေခပ်ပုံးကိုင်ရင်း
“ဒါနဲ့ ချိုလေးကို အကိုတစ်ခုမေးထားတာ ချိုလေးပြန်မဖြေသေးဘူးနော်”
“ဘာ . . . ဘာမေးထားတာလဲ အကို”
“ချိုလေးကတော့ လုပ်ပြီကွာ၊ ဟိုနေ့ကပဲ အကိုပြောလိုက်တယ်လေ၊ အကို ချိုလေးကိုချစ်တယ်၊ ချိုလေး အကို့ကိုပြန်ချစ်မလားဆိုပြီး အဖြေတောင်းထားတာလေ”
ကာလသမီးတွေဆိုရင် တအံ့တသြနဲ့ပါးစပ်တောင်မစေ့နိုင်ဘူးဗျာ။ ကျုပ်က ဘွင်းဘွင်းကြီးပြောချလိုက်တာကိုး၊ ချိုချိုခိုင်က ကျုပ်ကိုကြည့်ရင်း
“ကျွန်မကလည်း အကို့ကိုချစ်ပါတယ်”
ဒီအခါ ကာလသမီးတွေ ပွဲဆူကုန်တော့တာပဲဗျာ၊ ချိုချိုခိုင်ကို ဝိုင်းဆွဲကြရင်း
“ဟင် ကောင်မ၊ ညည်းက လူပုံအလယ်မှာတောင် အဖြေပေးရဲတယ်တဲ့လား ညည်းမရှက်ဘူးလား”
ကျုပ်က အောင်နိုင်သူအပြုံးနဲ့ပြုံးရင်း
“ချိုလေးရဲ့ သဘောကိုသိရလို့ အကိုဝမ်းသာပါတယ်၊ အကိုလည်းတစ်ခုပြောချင်တာရှိတယ်၊ အဲဒါဘာလဲဆိုတော့ အကိုချိုလေးကိုမချစ်တော့ဘူး”
ချိုချိုခိုင်မျက်နှာက မှိုင်ကျသွားတယ်။ ကျုပ်ကလည်း တစ်ချိန်က ကျုပ်ကိုချေမိုးနေခဲ့တဲ့ ချိုချိုခိုင်ကို ပြန်လက်စားချေဖို့လုပ်လိုက်တာပဲလေဗျာ။
“ဘယ်လိုပြောလိုက်တယ်အကို”
“အကိုပြောတာရှင်းရှင်းလေး အကိုချိုလေးကိုမချစ်ဘူး၊ ဒါကြောင့် ချိုလေးလည်း အကို့ကိုပြန်ချစ်စရာမလိုဘူး”
ပြောရင်း ကျုပ်က ရေပုံးကိုပစ်ချပြီး ရွာလယ်ရေတွင်းကနေ ခပ်တည်တည်နဲ့ပြန်ထွက်လာခဲ့တယ်၊ ခင်ဗျားတို့ပဲစဉ်းစားကြည့်ဗျာ၊ ဒီလောက်စွမ်းတဲ့ ပီယအဆောင်ရနေပြီဆိုတော့ ကျုပ်က ဘာဖြစ်လို့ ကျုပ်တို့ရွာသူ အနုတ်စုတ်ဂုတ်စုတ် ချိုချိုခိုင်လောက်ကို ယူရမှာလဲ၊ မြို့သူ ချောချောလှလှ ပိုက်ဆံရှိတဲ့သူဌေးမကိုပဲ ရွှေးယူမှာပေါ့ဗျ။ ကာလသမီးတစ်သိုက်ဆိုရင် ကုလားသိုက်ကျားဝင်ကိုက်ဆိုသလိုကို ဆူညံပွက်လောရိုက်ပြီး ကျန်ခဲ့ပါရော။
လမ်းမှာတော့ နွားတွေမောင်းရင်းထွက်လာတဲ့ ဦးဘသာနဲ့တွေ့တယ်၊ ဦးဘသာက ကျုပ်ကိုကြည့်ရင်း
“အလတ်ကောင် ဘယ်လိုလဲကွ၊ မင်းစမ်းကြည့်သေးလား”
“စမ်းကြည့်တာပေါ့ ဦးဘသာရာ၊ ဦးဘသာပေးတဲ့ ဆေးနည်းက မဟန်ပါဘူး၊ အခုတော့ ကျုပ်နည်းကျုပ်ဟန်နဲ့ ပီယဆေးရလာခဲ့ပြီဗျ”
ကျုပ်က ပုဝါကလေးကိုင်ရင်း လှည့်ထွက်လာခဲ့တယ်၊ ဦးဘသာကတော့ မျက်မှောင်ကြီးကျုတ်ပြီး ကျုပ်ကိုကြည့်ရင်းကျန်နေခဲ့တယ်ဗျာ။
(၄)
အိမ်ရောက်တော့ ကျုပ်ခုံမှာ ဝင်ထိုင်လိုက်ရင်း ရေနွေးတစ်ခွက်ကို ကောက်ငှဲ့လိုက်တယ်၊ ဒီအချိန် အိမ်ထရံမှာထောင်ထားတဲ့ ငှက်ပျောတုံးကြီးကိုမြင်လိုက်ရတော့ ကျုပ်ဖြင့် လန့်ဖျပ်သွားတယ်။
“အမေ၊ ဒီငှက်ပျောတုံးက ဘယ်ကနေရောက်လာတာလဲ”
အမေက မီးဖိုချောင်ထဲက ထွက်လာရင်း
“မင်းအကိုကြီးက ငှက်ပျောပင်ခုတ်ပြီး ထမ်းသွားတာမြင်လိုက်တာနဲ့ငါတောင်းယူထားလိုက်တာ၊ ငှက်ပျောပင်ကြီးခါမှ ခုတ်ရတယ်လို့အလတ်ကောင်ရယ်၊ ငှက်ပျောသီးမစားရလည်း ငှက်ပျောအူကို ချဉ်ဖတ်စိမ်ပြီးစားမလားလို့ဟဲ့”
“ဟာ၊ အမေကတော့ လုပ်ပြီဗျာ”
ကျုပ်ငှက်ပျောတုံးကြီးကိုပြေးယူပြီး လွင့်ပစ်မယ်လုပ်တဲ့အချိန်မှာပဲ ငှက်ပျောတုံးထဲကနေ လက်မဲကြီးနှစ်ဖက်ထွက်လာပြီး ကျုပ်လက်တွေကိုချုပ်ကိုင်ထားလိုက်တယ်၊ ကျုပ်အံ့သြနေတဲ့အချိန် အကိုကြီးက ကိုင်းခုတ်ဓါးကြီးကိုင်ရင်း အိမ်အပေါ်ထပ်ကနေ တစ်လှမ်းချင်းဆင်းလာပါရော၊ အကိုကြီးမျက်လုံးတွေက နီကျင်ကျင်နဲ့ဖြစ်နေတယ်။
“အကိုကြီးကို လွင့်ပစ်ခိုင်းတာကို၊ အကိုကြီးက ဘာလို့မလွင့်ပစ်တာလဲဗျ”
ကျုပ်ပြောတာကြားတော့ အကိုကြီးက တဟားဟားနဲ့ရယ်တယ်၊
“နင်က ငါ့ဆီကလိုချင်တာကိုယူပြီးတော့ ငါ့ကိုလွင့်ပစ်ဖို့ ကြံတယ်ပေါ့ ဟုတ်လား”
အကိုကြီးစကားသံက မိန်းမသံကြီးဖြစ်နေတယ်၊ အကိုကြီးတစ်ခုခုထူးနေပြီဆိုတာ ကျုပ်သိလိုက်ပြီ
“ခင်ဗျား . . . ခင်ဗျားဘယ်သူလဲ”
“ငါက နင့်ချစ်သူပဲ၊ အခုတော့ နင်ဘာကြောင့် ငါ့ကိုချစ်တာလဲဆိုတာ ငါသိသွားပြီ၊ နင်ကငါ့ဆီကပုဝါကိုလိုချင်လို့ ငါ့ကိုချစ်တယ်ဆိုပြီး လီဆယ်ပြောခဲ့တာပဲ၊ ဒီတော့ နင့်ကိုငါအရှင်မထားဘူး၊ နင့်ကိုငါသတ်မယ်”
အကိုကြီးက ဓါးဝင့်ပြီးလာပါရော၊ ကျုပ်ပြေးဖို့လုပ်ပေမယ့် ငှက်ပျောတုံးကြီးနဲ့လက်နဲ့က ကပ်နေပြီးလှုပ်မရဘူးဗျာ၊ အမေက အကိုကြီးကိုဝင်တားတော့ အကိုကြီးက အမေ့ကိုဆောင့်တွန်းထည့်လိုက်တာ အမေတစ်ယောက် မြေပြင်ပေါ်ကိုခွေပြီးလဲကျသွားပါရော၊ အကိုကြီးက ကိုင်းခုတ်ဓါးကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး မိုးပေါ်ကိုမြှောက်ထည့်လိုက်တယ်။ ပြီးတော့ အားကုန်လွှဲပြီး ကျုပ်ကိုခုတ်ချထည့်လိုက်တယ်ဗျာ၊ ကျုပ်ဆိုကြောက်ကြောက်နဲ့ ငယ်သံပါအောင်အော်ပြီး မျက်စိကိုစုံမှိတ်ထားမိလိုက်တယ်။
ဒါပေမယ့် ကျုပ်ခေါင်းမှာ နာတာကျင်တာမခံစားရလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ အကိုကြီးခုတ်တဲ့ဓါးသွားကကျုပ်ငယ်ထိပ်နဲ့ တစ်ထွာလောက်အလိုမှာ တန့်ခနဲရပ်နေသဗျ၊ ဦးဘသာက ကြိမ်လုံးကြီးကိုင်ပြီးကျုပ်အနားကိုရောက်လာတယ်။ အကိုကြီးကို နွားရိုက်တဲ့ကြိမ်နဲ့ သုံးလေးချက်လောက်ရိုက်ထည့်လိုက်ပြီး
“ဟေ့ကောင်၊ ငြိမ်ငြိမ်နေ မလှုပ်နဲ့၊ လက်ထဲကဓါးကိုချထားလိုက်စမ်း”
အကိုကြီးက ဓါးကိုပစ်ချလိုက်တယ်။ ပြီးတော့ လက်နှစ်ဖက်ကို ကိုယ်ဘေးမှာကပ်ပြီး ကျောက်ရုပ်ကြီးလိုတောင့်တောင့်ကြီးရပ်နေတယ်၊ ဦးဘသာက ကြိမ်လုံးနဲ့ချိန်ထားပြီးတော့
“ပြောစမ်း၊ လမိုင်းမ နင်ဘာဖြစ်လို့ သူ့ကိုသတ်ချင်တာလဲ”
“သူက ကျု့ပ်ကိုချစ်တယ်လို့ပြောတယ်”
ဦးဘသာက ကျုပ်ကိုလှမ်းကြည့်တယ် ကျုပ်လည်းဘာမှမပြောသာတော့ဘူးပေါ့။
“ပရလောကသားနဲ့ လူနဲ့ဆိုတာ လောကချင်းမတူဘူး၊ ဘုံချင်းမတူဘူး၊ နင်တို့အချင်းချင်းချစ်လို့မရဘူးဆိုတာ နင်နားမလည်ဘူးလား”
“ဒီလူက ကျုပ်ကိုနေ့တိုင်း ချစ်လှပါချည်ရဲ့ ကြိုက်လှပါချည်ရဲ့ဆိုပြီးပြောတာကိုး”
“နင်ကယုံတာပဲလား”
“ယုံမိတာပေါ့ရှင်၊ ယုံလို့လဲ ကျုပ်ရဲ့ပုဝါကို သူ့ကိုခဏငှားလိုက်တာပေါ့”
“အလတ်ကောင် မင်းသူ့ဆီက လမိုင်းပုဝါယူထားတယ်မဟုတ်လား”
ကျုပ်ခေါင်းညိတ်လိုက်ပြီးတော့ စားပွဲပေါ်က ပုဝါကို မေးငေါ့ပြလိုက်တယ်။ ဦးဘသာက အဲဒီပုဝါကိုပြေးယူပြီးတော့ လက်ထဲကိုင်ထားရင်း
“နင့်ပုဝါနင့်ကိုပြန်ပေးမယ် နင်ကျေနပ်မလား”
“မကျေနပ်ဘူး၊ ကျုပ်ကိုချစ်တယ်ပြောပြီး လိမ်လည်သွားတဲ့ ဒီလူကို ကျုပ်သတ်မယ်”
“တော်စမ်း လမိုင်းမ၊ နင်သူ့ကိုလွတ်ပေးမယ်ဆိုရင် နင့်ရဲ့ပုဝါငါပြန်ပေးမယ်၊ မဟုတ်လို့ကတော့ နင့်ပုဝါကို ငါဖျောက်ဖျက်ပစ်မယ်”
“ဒီလိုတော့ မလုပ်ပါနဲ့ရှင်၊ ကျုပ်တို့လမိုင်းတွေမှာ ပုဝါမရှိရင် မဖြစ်ဘူးရှင့်”
“ဒါဆို ပုဝါကိုယူမလား၊ ဟိုကောင့်အသက်ကိုယူမလား”
လမိုင်းမကတော်တော်စဉ်းစားသွားပုံရတယ်၊
“ပုဝါကိုပဲပြန်ယူပါမယ်”
“အေး ပုဝါကိုယူပြီးရင် နင်သူ့ကိုနောက်ထပ်တစ်သက်လုံး ဘယ်တော့မှ မနှောင့်ယှက်ရဘူးလို့ ကတိပေးသလား”
“ပေး . . ပေးပါတယ်ဆရာကြီး”
“နင့်ကတိကိုဖျက်ရင် လမိုင်းအဆင့်ကနေ လျောကျမယ်လို့ နင်ကတိခံပါ”
“ခံပါတယ်ဆရာကြီး၊ နောက်ထပ် ဒီလူကိုထပ်နှောင့်ယှက်မိရင် ကျုပ်လမိုင်းအဖြစ်ကနေလျောကျပါစေသား”
“ရော့၊ နင့်ပုဝါနင်ပြန်ယူ၊ ပြီးတော့ နင်လုပ်ခဲ့သမျှအကုန်လုံးကို နင်ပြန်သိမ်းခဲ့”
အကိုကြီးက ပုဝါယူပြီးတာနဲ့ ဖြုတ်ခနဲထိုင်ကျသွားတယ်၊ သူ့လက်ထဲက ပုဝါကလည်း ပျောက်သွားပါရော၊ လဲကျနေတဲ့အမေ့ကို ကျုပ်ပြေးနှိုးရတယ်၊ အမေက နိုးလာပြီးတော့ ဘာကိုမှ မမှတ်မိဘူးဗျာ၊ ဦးဘသာက ကျုပ်လက်ကိုအသာတို့ပြီးခေါ်ထုတ်သွားတယ်။
“အလတ်ကောင် မင်းဘာတွေလျှောက်လုပ်တာလဲကွ”
“ဦးဘသာဆူရင်လည်းခံရမှာပဲ ကိုရွှေခေါပေးတဲ့နည်းအတိုင်း လုပ်လိုက်တာဗျ”
ကျုပ်လည်း ကိုရွှေခေါပြောတဲ့နည်းကို ပြောပြလိုက်တာပေါ့။ ဦးဘသာက ဒေါသထွက်ထွက်နဲ့
“တော်သေးတာပေါ့အလတ်ကောင်ရာ၊ မင်းလက်ထဲမှာ ကိုင်ထားတဲ့ပုဝါက လမိုင်းပုဝါနဲ့တူပါတယ်ဆိုပြီး ငါမင်းအနောက်ကိုလိုက်လာခဲ့လို့သာပေါ့၊ ငါသာမလာရင်း မင်းဒီအချိန်လောက်ဆိုရင် ခေါင်းနဲ့ကိုယ်အိုးစားကွဲနေလောက်ပြီကွ”
“အဲဒီလမိုင်းဆိုတာ ဘာလဲဗျာ”
“လမိုင်းဆိုတာ နတ်စိမ်းတစ်မျိုးပေါ့၊ အစိမ်းသရဲထက်အဆင့်မြင့်ပြီး နတ်တွေထက်တော့အဆင့်နိမ့်တယ်၊ ဒါပေမယ့် သူလည်းအစွမ်းတွေရှိတယ်၊ လူတွေကိုပူးကပ်လို့ရတာ လမိုင်းပဲကွ၊ လမိုင်းပေါင်းက အမျိုးအစားပေါင်းရာနဲ့ချီပြီးရှိတယ်၊ ကိုယ်ခေါ်ထားရင်ခေါ်ထားသလို၊ မွေးရင်မွေးသလို လမိုင်းကလာတတ်တယ်၊ မင်းကြားဖူးမှာပေါ့ ဇာတ်သမားတွေပြောတဲ့ လမိုင်းကပ်တယ်ဆိုတာမျိုး လမိုင်းကပ်သွားရင် အတီးသမားဆိုလည်း အတီးကောင်းပြီးသွက်လာသလို အကသမားဆိုရင်လည်း သေချာကနိုင်ခုန်နိုင်တယ်မဟုတ်လား”
“ဒါဆို ကျုပ်စိုက်ထားတဲ့ ငှက်ပျောပင်မှာ လမိုင်းလာကပ်တာပေါ့ ဒီလိုဆိုလိုတာလား”
“မင်းက ငှက်ပျောပင်ကို ဂရုစိုက်ပြတော့ ဂရုစိုက်တာခံချင်တဲ့လမိုင်းက လာကပ်နေတာပေါ့ကွ၊ ပြီးတော့ လမိုင်းတွေတိုင်းမှာ ပုဝါရှိတယ်၊ အဲဒီပုဝါက သူတို့ရဲ့အစွမ်းတွေစုနေတဲ့အရာပဲ၊ ပုဝါမရှိတော့ဘူးဆိုရင် အစွမ်းတစ်ဝက်လောက်ကျသွားတယ်”
“အခုပြန်တွေးမှကြောက်စရာကြီးဗျာ”
“ရွှေခေါကို အောက်လမ်းဆရာက နည်းကောင်းပြခဲ့တာပဲဟေ့၊ ပုဝါအလုခံရတဲ့လမိုင်းက ကျေနပ်မှာမဟုတ်ဘူးကွ၊ တစ်ချိန်မဟုတ်တစ်ချိန် ရွှေခေါကို ဒုက္ခပေးလိမ့်မယ်၊ ဒီကောင်ပုဝါပြန်မပေးသရွေ့ပေါ့”
“သူက ပုဝါကိုပြန်ပေးရမယ်လို့တော့ မှာမသွားဘူးဗျ”
“ဒါဆိုရင်တော့ ဒီကောင်ဒုက္ခတော့တွေ့တော့မယ်ဟေ့”
“ဟာဗျာ၊ သူက ဒုက္ခတွေ့ဖို့နေနေသာသာအခုလောက်ဆိုရင် သူ့မယားအသစ်နဲ့နှပ်နေလောက်ပြီဗျ”
ကျုပ်တို့ပြောနေတုန်းရှိသေးတယ် ကိုရွှေခေါညီက ခြံထဲကိုပြေးဝင်လာတယ်။
“သူကြီး . . . သူကြီးရှိသလား”
“ဟေ၊ အဖေမရှိဘူး ဘယ်သွားတယ်မသိဘူးကွ”
“ပြဿနာပဲဗျာ၊ သူကြီးနဲ့တွေ့မှရမှာ”
“ဘာဖြစ်လို့လဲကွ”
“ကျုပ် အကိုကြီး ကိုရွှေခေါတစ်ယောက် ပေတောရွာနဲ့ ဇီးကုန်းရွာနှစ်ရွာကြားမှာ ဓါးခုတ်ဒဏ်ရာဗရပွနဲ့ သေရှာပြီဗျ”
ကျုပ်ဆိုတော်တော်လန့်သွားတာ။
“အဲဒါ နှစ်ရွာလုံးက သူကြီးတွေတိုင်ပင်ပြီးတော့ ဆက်လုပ်ကြမှာမို့လို့ သူကြီးကိုလာပြေးခေါ်တာ”
ဦးဘသာက ခါးထောက်ရင်း
“သူကြီးကို ခုနက ဦးဘဖြူတို့အိမ်ရှေ့မှာတွေ့ခဲ့တယ်၊ ကဲအလတ်ကောင် သူကြီးကိုသွားခေါ်ပေးလိုက်စမ်းပါအုံးကွာ”
ကျုပ်လည်း ဦးဘသာကိုနှုတ်တောင်မဆက်ဘဲ အိမ်ထဲကနေအပြေးထွက်ခဲ့တာပေါ့၊ ဒါဘာကြောင့်လဲဆိုတာတော့ ကျုပ်ကသိပြီးသားပါ၊ ကိုရွှေခေါက လမိုင်းရဲ့ပုဝါကို လုယူထားတာဆိုတော့ သူ့လမိုင်းက သူ့ကိုဘယ်ကျေနပ်ပါ့မလဲဗျာ၊ ဒါကြောင့် အခွင့်သင့်တဲ့အချိန်ကိုစောင့်ပြီး အသေသတ်ပစ်လိုက်တာပဲဗျ၊ ဒီလိုနဲ့ ပေတောရွာက ကွမ်းတောင်ကိုင် မြမြဝင်းတစ်ယောက် ကိုရွှေခေါနဲ့ညားပြီး တစ်လမကြာခင်မှာပဲ မုဆိုးမပူပူနွေးနွေးဖြစ်သွားရှာပါတယ်၊ အခုတော့ မြမြဝင်းက နောက်အိမ်ထောင်နဲ့ သားတွေသမီးတွေနဲ့ဖြစ်နေပါပြီ၊ ကိုရွှေခေါကိုသတ်သွားတဲ့လူက ဘယ်သူလဲဆိုတာ ဒီနေ့အထိအဖြေမပေါ်သေးတဲ့ မှုခင်းတစ်ခုပါပဲဗျာ။
ပြီးပါပြီ။