ခရီးတစ်ထောက်

ခရီးတစ်ထောက်(စ/ဆုံး)

———————–

ဤဝတ္ထုသည် စိတ်ကူးယဉ်သက်သက်ဖြင့်သာ ပုံဖော်ဖန်တီးရေးသားထားသည့် ပရဝတ္ထုအမျိုးအစားဖြစ်ပါသည်။

သူရဇ္ဇနေမင်းကြီး၏ အလင်းရောင်ပျောက်ကွယ်ကာ အမှောင်ထုက ကြီးစိုးနေသည့် ညတစ်ည…။
မညှာမတာဖြင့် အငြိုးကြီးစွာ သည်းကြီးမည်းကြီးရွာသွန်းနေသော မိုးရေစက်များ၏အောက်၌ လူတစ်ယောက်က လေးလံသည့်ခြေလှမ်းများဖြင့် လျှောက်လှမ်းနေလေသည်။

ထိုသူ၌ ဦးတည်ချက်ကရေရေရာရာမရှိ။ ခြေဦးတည့်ရာလျှောက်လှမ်းနေခြင်းဖြစ်သည်။ အသက်က ငါးဆယ်ကျော်နေပြီဖြစ်သည် ကတစ်ကြောင်း၊ မိုးရေထဲ၌အချိန်ကြာမြင့်စွာလျှောက်လှမ်းနေရသည်က တစ်ကြောင်း၊ နံနက်ကတည်းက မည်သည့်အစားအစာမှမစားရသေးသည်က တစ်ကြောင်း စသည်တို့ကြောင့် သူ၏ခန္ဓာကိုယ်မှာ အားအင်ချည့်နဲ့လာပြီး အဖျားပိုးပါ ဝင်လာတော့လေ၏။

ထိုသို့လျှောက်လှမ်းလာနေရင်း ခဏကြာတော့ သူနှင့်ခဲတစ်ပစ်စာလောက်အကွာအဝေးရှိ တဲတစ်လုံးမှထွက်ပေါ်လာသည့် မီးအလင်းရောင်လေးအား လှမ်းမြင်လိုက်ရတော့သည်။ ထို့ကြောင့် အလွန်အားတက်သွားပြီး တစ်ညတာအတွက် မိုးခို၍ရနိုင်ပြီဟုဆိုကာ ထိုတဲအိမ်ဆီသို့ ခပ်သုတ်သုတ်ကလေး လျှောက်သွားတော့လေ၏။
တဲအိမ်ကလေး၏ အရှေ့သို့ရောက်သော်…

“အိမ်ရှင်တို့…ဗျို့…အိမ်ရှင်တို့…”

“လာပြီ…လာပြီ…”

တဲအိမ်အတွင်းမှ လူလတ်ပိုင်းအရွယ်ကောင်လေးတစ်ယောက်က အသံပေးရင်းတဲအရှေ့ဆီသို့ ထွက်လာလေသည်။

“မောင်ရင်ရယ်…အဘကို ဒီတစ်ညအတွက်နားခိုခွင့်ပြုပါ”

တဲပိုင်ရှင်ဖြစ်သည့် ကိုသာအေးသည် မိုးရေများရွဲစိုကာ တုန်တုန်ယင်ယင်ဖြစ်နေသော အဘကြီးအား ဂရုဏာသက်မိသွားတော့သည်။

“ရပါတယ်ဗျ…လာပါ…”

“ကျေးဇူးတင်ပါတယ်ကွယ်…”

ဤသို့ဖြင့် အဘကြီးကလည်း တဲအပေါ်ထိတက်လာတော့သည်။ ထို့နောက် ကိုသာအေးကလည်း ရေစိုနေသည့်အဝတ်အစားများလဲလှယ်နိုင်ရန်အတွက် သူ၏အဝတ်အစားတစ်ချို့အား ပေးလိုက်တော့သည်။ သို့သော် အဘကြီးကမယူချေ။
“လူလေးရဲ့အဝတ်အစားတွေကို
ယူမဝတ်ပါရစေနဲ့…
အခုလိုတည်းခိုခွင့်ပြုတာကိုပဲ ကျေးဇူးတင်လှပါပြီ”

“ဟာ…မဟုတ်တာ အဘရယ်… ဒီအတိုင်းနေရင် အအေးပတ်ပြီးဖျားနေပါဦးမယ်”

“ရပါတယ်…အဘအဆင်ပြေပါတယ်”

“မဟုတ်တာဗျာ…ဝတ်လိုက်ပါ…အားမနာနဲ့ ရော့ရော့….”

ကိုသာအေးက အတင်းပြောနေသောကြောင့် အဘကြီးကလည်း ပြန်၍အားနာလာသဖြင့် ကိုသာအေး၏အဝတ်အစားများအား ယူဝတ်လိုက်တော့သည်။ ပြီးနောက် ကိုသာအေး ထမင်းကြမ်းပန်းကန်နှင့် အမဲသား၊ ဝက်သား၊ ဆိတ်သား၊ ကြက်သား စသည်တို့ကိုယူဆောင်လာ
ကာ ကျွေးတော့လေ၏။

“အဘရော့… ထမင်းလေးဘာလေးစားလိုက်ပါဦး…အချိန်တောင် အတော်နှောင်းနေပြီ…ဗိုက်ဆာရောပေါ့”

“အေးကွယ်…ကျေးဇူးတင်ပါတယ်”

“ဒါနဲ့ အဘနာမည်ကဘယ်သူလဲ၊
ဘယ်ကလာပြီး ဘယ်ကိုသွားမှာလဲ”

“ကျုပ်နာမည်က ဝင်းအောင်ပါ…ရှင်းရှင်းပြောရရင် ကျုပ်ကအမှိူက်ကောက်သမားတစ်ယောက်ပါ…ဆွေမရှိ၊ မျိုးမရှိ တစ်ကောင်ကြွက်ပေါ့”

“ဪ…အဘရယ်”

ကိုသာအေးသည် ဦးဝင်းအောင်အား အလွန်သနားသည့်ပုံစံဖြင့်ကြည့်နေလေသည်။ ပြီးနောက်စကားဆက်လေ၏။

“ဒါဖြင့်ရင်လည်း အဘရယ်…ဒီမှါပဲကျုပ်တို့နဲ့ တစ်သက်လုံး လာနေပါလား”

“မဟုတ်တာကွယ်…ရပါတယ်”

“ဘာမှအားနာမနေပါနဲ့အဘရယ်…အဘဖက်က တစ်သက်လုံးနေပါ့မယ်လို့သာပြောလိုက်…ကျန်တာကျုပ်အကုန်စီစဉ်ပေးမယ်”

ထိုအချိန် ဦးဝင်းအောင်မှာ အလွန်အံ့အားသင့်သွားတော့လေသည်။ ထိုမျှလောက် သဘောမနောကောင်းသည့်လူနှင့်လည်း တစ်ခါမျှမကြုံဖူး၊ မကြားဖူးသေးပေ။ ယခုအခါ၌ ကိုယ်တိုင်ကြုံတွေ့နေရသော်လည်း ဝမ်းသာရမလို၊ ဝမ်းနည်းရမလိုဖြင့် ယုံရခက်နေတော့သည်။

လောလောဆယ်၌ နေစရာထိုင်စရာ မယ်မယ်ရရမရှိသေးသည့် ဦးဝင်းအောင်၏စိတ်ထဲတွင်တော့ ထိုတဲအိမ်လေးတွင်သာ တစ်သက်လုံးနေချင်မိနေသည်။ သို့ပေမယ့်လည်း “မကောင်းပါဘူးလေ” ဟုဆိုကာ ကိုသာအေး၏ကမ်းလှမ်းချက်အား ငြင်းပယ်လိုက်တော့လေ၏။

“ရပါတယ် လူလေးရယ်…
အားနာစရာကြီး…လူလေးအတွက် ဝန်ပိုနေပါဦးမယ်… အခုလို ကျုပ်ကိုကျွေးမွေးဧည့်ခံထားတာကိုပဲ ကျေးဇူးတင်လှပါပြီ”

“မဟုတ်တာဗျာ…ဒီမှာက ကျုပ်တို့မိသားစုပဲရှိတာပါ”

ကိုသာအေး၏ပြောစကားကြောင့် ဦးဝင်အောင်က တဲအိမ်ကလေးအတွင်းသို့တစ်ချက်လှည့်ကြည့်လိုက်လေသည်။ ထိုအခါ…

“ဪ…ကျွန်တော့်မိန်းမနဲ့ကလေးက အနောက်ထဲမှာအိပ်နေကြပြီ”

“ဪ…”

“လာပါ အဘရယ်…ဒီမှာ တစ်သက်လုံးနေမယ်လို့သာပြောလိုက်စမ်းပါ”

“မလုပ်ပါနဲ့ကွယ်…လူလေးမှာက ကလေးငယ်လေးလည်းရှိနေတာဆိုတော့ အဆင်ပြေမှာမဟုတ်ပါဘူး”

“ပြေပါတယ် အဘရယ်…”

“မလုပ်ပါနဲ့…ရတယ်…”

“ကဲဗျာ…အဘဘက်က ဒီလောက်ငြင်းနေမှတော့ ကျုပ်လည်းမခေါ်တော့ပါဘူး ဒါပေမယ့် ဟင်းတွေတော့ကုန်အောင်စားလိုက်ဦး”

“ဟုတ်ပါပြီ…”

ကိုသာအေးသည် ထိုသို့ပြောလိုက်ပြီးနောက် ဆောင့်ကြီးအောင့်ကြီးဖြင့် အနောက်ထဲသို့ဝင်သွားတော့သည်။ ထိုအချိန် ဦးဝင်းအောင်၏စိတ်ထဲ၌ ဇဝေဇဝါဖြစ်ကာ ဝေခွဲမရဖြစ်နေတော့သည်။ ပြီးနောက်

“ကိုသာအေးက ဘာကြောင့်အတင်းကြီး သူတို့နဲ့နေဖို့ခေါ်နေရတာလဲ”

“ပြီးတော့ သူပြောတာကိုလက်မခံလို့ စိတ်ဆိုးမာန်ဆိုးဖြစ်သွားတာကရော ဘာကြောင့်လဲ”

“ငါ့ကို သူတို့ကသိနေတာလား”

စသည့်အတွေးများက ဝင်ရောက်လာတော့သည်။

သို့ပေမယ့်လည်း အလွန်ဗိုက်ဆာနေသောကြောင့် ထိုကိစ္စကိုဆက်မတွေးတော့ပဲ အရှေ့၌ရှိနေသည့် ဟင်းခွက်များထဲမှ ဟင်းတုံးကြီးများကို အားရပါးရနှိူက်ယူကာစားသောက်နေတော့သည်။

ထိုသို့စားနေသည့်အချိန်၌ ဤမျှလောက်သေးငယ်သည့်တဲအိမ်လေးထဲတွင်နေထိုင်သည့်လူတွေက အဘယ်ကြောင့် ဒီလောက်များပြားတဲ့ဟင်းတွေချက်စားနေရတာလဲ ဟူသော အတွေးကတစ်ချက်ဝင်လာသေးသည်။ သို့ပေမယ့်လည်း ထိုအတွေးက သူ၏ဆာလောင်နေသဖြင့် အငမ်းမရစားသောက်နေသည့် အခြေအနေ၏အောက်၌ လွင့်ပါးပျောက်ကွယ်သွားလေ၏။

ဦးဝင်းအောင်သည် စားပြီးသောက်ပြီးခဏကြာတော့ သူ၏ မျက်ခွံများကစဉ်းလာတော့သည်။ ထိုအချိန် အအေးဓာတ်ကလည်းပိုလာသောကြောင့် နေရာတင်ခွေခွေကလေးလှဲလိုက်ကာ ကွေးနေလေ၏။

“ဟီး…ဟီး..ဟီး..ဝူး..ဟူး..ဝါး..ဟား..ဟား”

ဦးဝင်အောင်၏နားထဲ၌ အသံမျိုးစုံကို
မပီကလာ ပီကလာဖြင့် သဲ့သဲ့ကလေးကြားနေရလေသည်။
တစ်ခါတရံ မိန်းမကြီးအသံ၊ တစ်ခါတရံ ယောကျာ်းကြီးအသံ တို့ဖြင့်စကားပြောကာ ရယ်မောနေသည့်အသံတို့ကိုကြားနေလေ၏။ ထိုအချိန် ဦးဝင်းအောင်ကလည်း ထိုအသံက ကိုသာအေးတို့လင်မယားနှစ်ယောက် စကားပြောနေခြင်းဖြစ်မည်ဟုဆိုကာ စိတ်ထဲ၌ထားမနေတော့ပဲ အိပ်စက်လိုက်တော့သည်။

*****

“အဘ..”

“အဘေရ…အဘ”

ဦးဝင်းအောင်၏နားထဲ၌ သူ့အားခေါ်နေသည့်အသံကို ကြားလိုက်ရတော့သည်။ ထို့ကြောင့် သူ၏မျက်လုံးအစုံအား ဖွင့်ကြည့်လိုက်သည့်အခါ နေမင်းကြီး၏ အလင်းရောင်တောင် ကောင်းကောင်းမရသေးသည့် နံနက်စောစောအချိန်ဖြစ်နေသည်ကို သိလိုက်ရလေ၏။

ပြီးနောက် သူ့အရှေ့၌ ကိုယ်ဝန်လွယ်ထားသည့် မိန်းကလေးတစ်ဦးကလည်း မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရတော့သည်။ ထိုမိန်းကလေးက သူ၏လက်ထဲ၌် ပန်းစည်းတစ်ချို့နှင့် စားသောက်ဖွယ်ရာတစ်ချို့ကိုလည်း ကိုင်ဆောင်ထားသေး၏။

“အဘ…ဒီမှာ..ဘာလို့လာအိပ်နေတာလဲ”

“ဒီက ကလေးမကရော…ဒီကိုဘာလာလုပ်တာလဲ”

“ဒီနေရာက သမီးရဲ့သေဆုံးသွားတဲ့ မိဘနှစ်ပါးနဲ့မောင်လေးတို့ကို မြုပ်ထားတဲ့နေရာပါ…ဒီနေ့က တစ်နှစ်ပြည့်တဲ့နေ့မို့ လာခဲ့တာပါ..အဘကရော…ဘာလာလုပ်တာလဲ”

“ဟမ်.”

ဦးဝင်းအောင်လည်း သူ၏ပတ်ဝန်းကျင်အနီးတစ်ဝိုက်အား လှည့်လည်ကြည့်ရှူလိုက်တော့သည်။ ထိုအခါမှ သူ၏အနောက်တွင် မို့မို့မောက်မောက်ဖြစ်နေသော မြေစာပုံကြီးနှစ်ပုံ နှင့် မြေစာပုံ အသေးလေး တစ်ပုံအား တွေ့လိုက်ရလေ၏။

ထိုအချိန် ဦးဝင်းအောင်က ကိုသာအေးကသူ့အား သင်္ချိုင်းကုန်းထဲသို့ပြောင်းရွေ့ထားသည်ဟုထင်ပြီး စိတ်တိုသွားသေးသည်။ ပြီးမှ သူ၏စိတ်ထဲ၌ သိပ်မသင်္ကာသဖြင့် အနားတွင်ရှိနေသည့် မိန်းကလေးအား မေးလိုက်လေ၏။

“ဒါနဲ့ ဒီက မိန်းကလေးရဲ့ မိဘနှစ်ပါးရဲ့ပုံပန်းသွင်ပြင်က ဘယ်လိုမျိုးလဲ”

ထိုအခါ ထိုမိန်းကလေးကလည်း သူ့မိဘနှစ်ပါး၏ ရုပ်ရည်အသွင်အပြင်ကို အတိအကျပြောပြလိုက်သည့်အခါ ဦးဝင်းအောင်တစ်ယောက် ကြက်သီးများ ထောင်ထ,သွားတော့လေသည်။ ညက သူ့အားဧည့်ခံကျွေးမွေးခဲ့သည့် ကိုသာအေးက သရဲဖြစ်နေသည်ကိုပါ တစ်ခါတည်းသိလိုက်ရလေ၏။

ထိုသို့အသိနှင့်အတူ ညကသူစားခဲ့သည့်အရာများက မည်သည့်အရာများဖြစ်နေမလဲ ဟုဆိုပြီး သူ၏အနီးတဝိုက်သို့ကြည့်ရှူလိုက်ရာ ကော်ပန်းကန်ပြားအစုတ်တစ်ချပ်ထဲ၌ လောက်နှင့်တီကောင်များက ရောထွေးနေသည်ကို အော်ဂလီဆန်ရလောက်အောင် တွေ့လိုက်ရတော့သည်။

ပြီးနောက် သူ၏ကိုယ်ပေါ်၌ဝတ်ဆင်ထားသည့် အင်္ကျီအစုတ်ကြီးကလည်း မသာအဝတ်အစားဆိုသည်ကိုသိရှိသွားသဖြင့် အလျင်အမြန်ချွတ်ပစ်လိုက်လေ၏။

ထို့နောက် ဦးဝင်းအောင်လည်း ထိုနေရာ၌ကြာကြာမနေဝံ့တော့ပဲ ထပြေးမည့်အချိန်တွင် အနား၌ရှိနေသည့်မိန်းကလေးက သူ၏လက်အားလှမ်းဆွဲလိုက်တော့သည်။ ပြီးနောက် စကားစပြောလေ၏။

“အဘ…သမီးနာမည်က… မိအေးပါ…
သမီးမှာ အရမ်းချစ်ရတဲ့ အဖေရယ်..အမေရယ်…မောင်လေးရယ်ရှိတယ်”

မိအေးက ငိုသံကလေးဖြင့် ပြောနေသောကြောင့် ဦးဝင်းအောင်လည်း ဂရုဏာသက်ကာ ဆက်လက်နားထောင်မိလေတော့သည်။

“တစ်နေ့ကျတော့…သမီးက လူငယ်တို့ရဲ့သဘာဝအတိုင်း ရည်းစားတစ်ယောက်ထားမိခဲ့တာပေါ့…

သူက သမီးတို့ရွာကတော့မဟုတ်ဘူး…ဟိုဘက်ရွာက… ရွာချင်းကဝေးနေပေမယ့်…သမီးတို့နှစ်ယောက်က အရမ်းချစ်ခဲ့ကြတယ်…ဒီလိုနဲ့.အချိန်ကြာလာတဲ့အခါ သမီးရဲ့မိဘတွေက ဒီအကြောင်းတွေအကုန်သိလာတော့ သမီးတို့နှစ်ယောက်ကို သဘောမတူခဲ့ဘူး…

ဘာလို့လဲဆိုတော့ သမီးရဲ့ချစ်သူကောင်လေးက အရက်အရမ်းသောက်တယ်… ဒီအချက်ကို သမီးမိဘတွေက သဘောမကျခဲ့ဘူး…ဒါပေမယ့်လည်း သူကအရက်သာသောက်သာ သမီးအပေါ်ကိုအရမ်းဂရုစိုက်တာ…အဘရဲ့
အဲ့ဒါနဲ့ပဲ…သမီးကသူနဲ့ ခိုးရာလိုက်ပြေးခဲ့တာပေါ့…

သမီးရဲ့မိဘတွေကို နောက်မှပြန်ချော့မယ်လို့ သမီးကမျှော်လင့်ထားတာ…ဒါပေမယ့် မျှော်လင့်ချက်တွေက တစ်ကယ်မဖြစ်ခဲ့ဘူး အဘရယ်…ဟီး..ဟီး…”

မိအေးသည် ပြောပြောဆိုဆိုဖြင့် ခေါင်းငုံ့ကာငိုချလိုက်တော့သည်။ ထိုအချိန် ဦးဝင်းအောင်ကလည်း ပို၍သနားသွားပြီး မျက်နာငယ်လေးဖြင့်သာ ကြည့်နေလေ၏။ ထိုအချိန် မိန်းကလေးက စကားဆက်လေသည်။

“တစ်နေ့တော့…သမီးနဲ့သမီးရဲ့ယောကျာ်းနဲ့ စကားများပြီး ရန်ဖြစ်ကြတယ်…အချိန်ကြာလာတာနဲ့အမျှ သူ့ဘက်ကနေ သမီးကိုလက်ပါလာတယ်…ခေါင်းတွေကိုရိုက်တယ်…ခြေထောက်တွေနဲ့ပါ ကန်တာ…

အဲ့ဒီ့အချိန် သမီးကလည်း အသားနာတော့ ပိုစိတ်တိုသွားပြီးပြန်လုပ်တော့တာပေါ့… ဒီလိုနဲ့နှစ်ယောက်သား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး
သူကသမီးကိုဆောင့်တွန်းလိုက်တာ သမီးအိမ်အောက်အထိပြုတ်ကျသွားပြီး သတိပါလစ်သွားတယ်…အဲ့ဒီ့အချိန်ကတည်းက သမီးမှာ ကိုယ်ဝန်ရှိနေပြီလေ…

သမီးသတိရလာတဲ့အခါကျတော့ သူနဲ့ဆက်မပေါင်းနိုင်ဘူးဆိုပြီး အဲ့ဒီ့အိမ်ကနေထွက်လာခဲ့တယ်…ဒီလိုနဲ့ သမီးမိဘတွေရှိတဲ့ဟော့ဒီ့နေရာကို ရောက်လာခဲ့တော့တာပေါ့…

ဒါပေမယ့် သမီးအတွက်အခါနှောင်းသွားပြီ….ဒီရောက်တော့ သမီးတွေ့လိုက်ရတာက အိမ်တိုင်လေးတစ်တိုင်၊ နှစ်တိုင်သာကျန်နေပြီး ကျန်တာတွေကအကုန်မီးလောင်ပြာကျနေပြီ…

သမီးရဲ့အဖေ၊ အမေနဲ့မောင်လေးရော မီးလောင်တဲ့အထဲပါသွားတာ…
အဲ့ဒါနဲ့ပဲ ရွာသူ၊ ရွာသားတွေက
သူတို့ကိုဒီနေရာမှာပဲ မြေမြုပ်သဂြိုလ်ပေးလိုက်ကြတာ…”

ဦးဝင်းအောင်သည် မိအေး၏အဖြစ်အားသိလိုက်ရသည့်အခါ နဂိုဖြစ်နေသည့်ကြောက်စိတ်ထက် သနားသည့်စိတ်က ပိုကဲလာတော့လေသည်။

“ဒါဆို… သမီးကအခု ဘယ်မှာနေတာလဲ”

“ဘယ်မှာနေရမှန်းမသိပါဘူး အဘရယ်…”

“ဟင်…သမီးရဲ့ယောကျာ်းက လက်မခံတော့ဘူးလား”

“လက်မခံတော့ဘူး…သမီးကို ဘယ်သူမှလည်းမမြင်ကြတော့ဘူးလေ”

“ဘာဖြစ်လို့လဲ”

“ဘာဖြစ်လို့လဲဆိုတော့….”

မိအေးသည် ထိုသို့ပြောနေရင်းဖြင့် သူ၏ဗိုက်အားလှန်ပြလိုက်တော့သည်။ ထိုအချိန် အရှေ့သို့ပူထွက်နေသည့် မိအေး၏ဗိုက်က အက်ကွဲရာများ ထလာတော့သည်။ တဖြည်းဖြည်းဖြင့် အက်ကွဲရာကြီးက ပိုမိုကြီးမားလာကာ ထိုနေရာမှသွေးများက ဒလဟောကျနေလေ၏။

နေ၏အလင်းရောင်ကောင်းစွာ မရရှိသေးသော်လည်း တစ်ယောက်နှင့်တစ်ယောက်က နီးကပ်နေသဖြင့် ထိုမြင်ကွင်းအား ဦးဝင်းအောင်က အတိုင်းသားမြင်တွေ့နေရလေသည်။

ခဏကြာတော့ မိအေး၏ဗိုက်မှာ လုံးဝ ပွင့်ထွက်သွားလေသည်။ ထို့နောက် ဗိုက်အတွင်းမှ အလွန်သေးငယ်သည့် ကလေး၏ဦးခေါင်းကအပြင်သို့ ငေါက်ခနဲ ထွက်လာပြီး ပါးစပ်ကြီးဖြဲကာ “အူဝဲ…အူဝဲ”ဟု အော်ငိုနေတော့သည်။ ထိုကလေး၏ခေါင်းတစ်ခုလုံး၌လည်း သွေးများက အရွှဲသားဖြစ်နေလေ၏။

“အား…သရဲ…သရဲ”

ထိုအချိန်မှ ဦးဝင်းအောင်လည်း ခဏတာအံ့သြမှင်တက်နေရာမှ သတြိပန်ဝင်လာပြီး အလွန်ကြောက်လန့်သွားသဖြင့် အော်ဟစ်ကာ ခြေဦးတည့်ရာ ပြေးတော့လေ၏။ ထိုသို့ပြေးသွားသည့်တိုင် သူ၏နားထဲတွင်တော့ ကလေးအော်ငိုသံကို ကြားနေရသေးသည်။

ဦးဝင်းအောင်သည် ပြေးနေရင်းနှင့်ပင် သူ၏ခေါင်းထဲသို့ အတွေးတစ်ခုကဝင်လာသဖြင့် နဂိုထက်ပို၍ တုန်လှူပ်ခြောက်ခြားသွားရတော့သည်။
ဤသည်မှာ ” သေပြီးသည့်လူနှင့် အချိန်အကြာကြီးစကားပြောဆိုနေထိုင်ခဲ့ရသဖြင့် သူလည်းမကြာခင်သေရတော့မည်” ဟူ၍ပင်။
ဦးဝင်းအေင်သည် ထိုထိုသော အတွေးများဖြင့် စိတ်ဂယောင်ခြောက်ခြားဖြစ်ကာ ပြေးနေရင်းဖြင့် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

ဦးဝင်းအောင်တစ်ယောက် အသက်ရှင်နေမလား၊ အကြောက်လွန်သွားသဖြင့် စိတ်ထိခိုက်ကာ ရူးသွားမလား၊ သို့မဟုတ် သေဆုံးသွားမလား ဆိုသည်ကိုတော့ ကာယကံရှင်ကိုယ်တိုင်မှလွဲ၍ မည်သူမျှမသိနိုင်တော့ပေ။

— ပြီးပါပြီ–

စာဖတ်သူများအား
အစဉ်ချစ်ခင် လေးစားလျှက်

စိုင်း(ချယ်ရီမြေ)