ခါးပိုက်နှိုက်ဖိုးမိုက်(စဆုံး)
—————————
ကျုပ်နာမည်ဖိုးမိုက်တဲ့ဗျာ၊ မိုက်တိမိုက်ကန်းမို့လို့ ဖိုးမိုက်လို့ခေါ်ကြတာတော့မဟုတ်ပါဘူး၊ ကျုပ်ကို လမိုက်ည သန်းခေါင်ယံအချိန်မှာ မွေးခဲ့လို့ ကျုပ်နာမည်ကို ဖိုးမိုက်လို့ခေါ်ကြရင်းနဲ့ အဲဒီနာမည်တွင်သွားတာပေါ့ဗျာ၊ လူကတော့ မိုက်တိမိုက်ကန်းမဟုတ်ဘူးပေါ့ဗျာ၊ ကျုပ်တို့မှာ မောင်နှမကလေးနှစ်ယောက်တည်းရှိတာဗျ၊ ကျုပ်ရယ်၊ ကျုပ်အမကြီးရယ် နှစ်ယောက်တည်း ရွာစွန်နားမှာနေကြတယ်၊ ကျုပ်တို့မိဘတွေကတော့ ကျုပ်တို့ခပ်ငယ်ငယ်ကပဲ သေသွားကြတယ်၊ ကျုပ်တို့ကို ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တာကတော့ ကျုပ်ဒေါ်ကြီးပဲဗျ၊ ဒါပေမယ့် ဒေါ်ကြီးလည်း ကံမကောင်းရှာပါဘူးဗျာ၊ တမြန်နှစ်ကပဲ ပိုးထိပြီးဆုံးသွားရှာတယ်၊ ဒီတော့ ကျုပ်တို့မောင်နှမနှစ်ယောက်ပဲ လူ့လောကကြီးအလယ် ကျန်ခဲ့တယ်ဆိုပါတော့။ အမကြီးက အပျိုဖားဖားဖြစ်နေတဲ့အရွယ်မှာ ကျုပ်က လူပျိုပေါက်ကလေးဖြစ်နေပြီပေါ့ဗျာ။
ကျုပ်တို့မောင်နှမ ဆင်းရဲလိုက်တာကလည်း ပြောမနေပါနဲ့တော့ဗျာ၊ လယ်မြေယာမြေမရှိတဲ့ သူရင်းငှားတွေဆိုပါတော့၊ အမကြီးက ကောက်စိုက်တန်စိုက်၊ ပျိုးနှုတ်ချိန်ပျိုးနှုတ်ပေါ့ဗျာ၊ ကျုပ်ကလည်း နွားကျောင်း၊ မြက်ရိတ်၊ ပေါင်းကောက် လိုက်လုပ်ရင်း မောင်နှမနှစ်ယောက် ဝမ်းတစ်ထွာကို ခက်ခက်ခဲခဲဖြေရှင်းကြရတယ်ဗျ။ ကျုပ်အမကြီးကို ရွာခံတွေထဲက သဘောကျတယ်ဆိုပေမယ့်လည်း အမကြီးက ကျုပ်ကိုငဲ့ပြီးတော့ အိမ်ထောင်ရက်သားပြုဖို့ကိုဝန်လေးနေတယ်ဗျ။
ဒီလိုနဲ့တစ်နေ့တော့ ကြမ္မာဆိုးက ဝင်ပါလေရောဗျာ။ အဲဒီနေ့က ရွာကိုတောင်ကျရေတွေကျပြီး ရွာမှာရေတွေကြီးပါရော၊ ကျုပ်တို့မောင်နှမတွေနေတဲ့တဲကလေးဆိုရင် ရေတွေဝိုင်းနေပြီပေါ့ဗျာ၊ တဲကြမ်းခင်းကိုတောင်မှ ရေကကျော်နေပြီဗျ၊ ဒီအချိန် ဘယ်အချိန်ကတည်းက အိမ်ပေါ်တက်ခွေနေမှန်းမသိတဲ့ မြွေဆိုးတစ်ကောင်က အိမ်ခေါင်ထုပ်တန်းပေါ်ကနေပြုတ်ကျပြီး အမကြီးငယ်ထိပ်တည့်တည့်ကိုပေါက်မိပါရောဗျာ၊ မိုးတွေလေတွေကြားထဲမှာပဲ အမကြီးတစ်ယောက် မြွေဆိပ်တက်ပြီးသေရှာတယ်ဗျ၊ လူလားမမြောက်သေးတဲ့ကျုပ်က ဘာလုပ်ပေးနိုင်မှာလဲဗျာ၊ ရွာမှာလည်း ရေတွေကြီးနေတယ်ဆိုတော့ ရွာသားတွေကလည်း အကူအညီမပေးနိုင်ဘူးပေါ့။
နဂိုကတည်းက မျက်နှာမွဲဖြစ်တဲ့ ကျုပ်မှာ အမကြီးအလောင်းကို ကိုယ်တိုင်ဦးစီးပြီးတော့ မြေချလိုက်ရတယ်ဗျ၊ ရွာမှာလည်း ရေဘေးသင့်ထားတာဆိုတော့ ဘယ်သူကမှ မကူညီနိုင်ကြဘူး၊ အားလုံးက ကိုယ်စီဒုက္ခရောက်နေကြတဲ့လူတွေမဟုတ်လားဗျာ။ ကာလသားတစ်သိုက်ရဲ့လုပ်အားနဲ့ သုဿန်မှာပဲ မြေချပေးလိုက်ရတယ်၊ ဗုဒ္ဓဘာသာ ထုံးစံအရ သပိတ်သွပ်တာ ဘာညာတောင်မလုပ်နိုင်ပါဘူးဗျာ။ ကျုပ်ကလည်း တစ်ကောင်ကြွက်ဖြစ်သွားပြီဆိုတော့ ပိုပြီးအားငယ်ရသဗျ၊ ရွာကလူတွေကိုလည်း စိတ်နာတယ်။ အမကြီးကိုမြှုပ်ပြီးတဲ့အချိန်မှာ ကျုပ်က အမကြီးရဲ့မြေပုံဘေးမှာထိုင်နေပြီး ငိုလို့ပေါ့ဗျာ။
သုဿန်ကြီးထဲ ကျုပ်တစ်ယောက်တည်းဗျ၊ မိုးတွေလေတွေက မကင်းသေးဘူးဆိုတာ့ မကြာခင်မှာပဲ လေပြင်းတွေတိုက်လာတယ်၊ သုဿန်ဘေးနားက သစ်ပင်ကြီးတွေဆိုရင် လေပြင်းဒဏ်ကြောင့် ယိမ်းထိုးနေတာပါပဲဗျာ၊ ရေဘေးဒဏ်ခံထားရတဲ့ ရွာကလေးကိုတော့ ဟိုးအဝေးမှာ လှမ်းမြင်နေရတယ်၊ သုဿန်က ကုန်းကြီးဖြစ်နေလို့ ရေတော့မမြှုပ်ဘူးရယ်ဗျ၊ ကျုပ်ဖြင့် အဲဒီတုန်းက ကြောက်ရကောင်းမှန်းလည်းမသိပါဘူးဗျာ၊ အမအရင်းဆုံးသွားတာဆိုတော့ ဝမ်းနည်းပြီး မြေပုံဘေးနားမှာပဲ ထိုင်ငိုနေမိတယ်။
“ဟေ့ကောင်လေး၊ မင်းဒီမှာဘာလုပ်နေတာလဲကွ၊ မကြောက်ဘူးလား”
ညနေစောင်းခါနီးရောက်တော့ လူကြီးတစ်ယောက်က သုဿန်ထဲကိုဝင်လာတယ်ဗျာ၊ ဒီလူကြီးက သျှောင်ထုံးကြီးထုံးလို့ဗျ၊ ပြီးတော့ ဖျင်နီတိုက်ပုံနဲ့အောက်က ပုဆိုးအကွက်ကျဲကြီးဝတ်ထားတယ်၊ လွယ်အိတ်ဖောင်းဖောင်းကြီးတစ်လုံးကိုလည်း ချိုင်းအောက်မှာကပ်ပြီးလွယ်ထားသေးသဗျာ။ သူ့ပုံစံကြည့်ရတာ ဆေးဆရာကြီးတစ်ယောက်နဲ့တောင်တူတယ်ဗျ၊ ဒီလူကြီးက ကျုပ်အနားမှာလာထိုင်ပြီး
“ကောင်လေး၊ ဒီမြေပုံက သေသွားတဲ့အပျိုကြီးဆိုတဲ့ မိန်းကလေးရဲ့ မြေပုံလား”
“ဟုတ်တယ်ဗျ၊ သူက ကျုပ်အမပဲ”
ဦးလေးကြီးက တစ်ချက်ပြုံးလိုက်ပြီးတော့
“ဟန်ကျတာပေါ့ကွာ၊ အလောင်းရှင်နဲ့တန်းတွေ့တာပဲဟေ့၊ ဒါနဲ့ မင်းအမအလောင်းကို ငါ့ကိုရောင်းမလား”
“ဘယ်လိုဗျ”
“မင်းနားရှုှုပ်သွားမယ်ထင်တယ်၊ ငါထပ်ပြောမယ်၊ မင်းအမအလောင်းကို ငါ့ကိုရောင်းမလား”
“ဟာဗျာ၊ အလောင်းဆိုတာ ရောင်းကုန်မှမဟုတ်တာဗျ၊ ကျုပ်ကရောင်းစရာလား”
“ဒီမှာကောင်လေး၊ ငါရှင်းရှင်းပဲပြောမယ်၊ ငါကဆေးဆရာတစ်ယောက်ပဲ၊ မင်းအမရဲ့အလောင်းနဲ့ ငါ့အတွက်သိပ်အသုံးဝင်တဲ့ဆေးတစ်မျိုးဖော်စပ်ရမှာကွ၊ အဲဒီလိုဖော်စပ်ဖို့ကလည်း အလောင်းရှင်ရဲ့ခွင့်ပြုချက်၊ တစ်နည်းပြောရရင် မင်းရဲ့ခွင့်ပြုချက်လိုသကွ”
ကျုပ်လည်း နည်းနည်းတော့တွေးမိတယ်ဗျ၊ ကျုပ်အမကလည်း သေပြီ၊ ကျုပ်ကလည်း စားဝတ်နေရေးအတွက် ငွေလိုတယ်မဟုတ်လားဗျာ၊ ဒါပေမယ့် ကိုယ့်အမရဲ့အလောင်းကို သူကဘာလုပ်မယ်မှန်းကလည်း မသိဘူးမဟုတ်လား။
“နေပါအုံး၊ ကျုပ်ကရောင်းပြီဆိုပါတော့ ဦးလေးကြီးက ဒီအလောင်းကိုဘာလုပ်မှာလဲ”
“မင်းအလောင်းကို ပုံမပျက်စေရပါဘူးကွာ၊ ငါကမင်းအမကို နံ့သာလိမ်းပေးပြီးတော့ အဲဒီနံ့သာကိုပဲ ခြစ်ယူမှာပါကွ၊ ဘယ်လိုလဲဖြစ်တယ်မဟုတ်လား၊ ပြီးရင် ငါကိုယ်တိုင် သေသေချာချာပြန်မြှုပ်ပေးမယ်ကွာ”
“ဖြစ်ပါတယ်၊ ဒါနဲ့ ကျုပ်ကိုဘယ်လောက်ပေးမှာလဲ”
ဦးလေးကြီးက ပြုံးလိုက်ပြီးတော့
“မင်းကိုအရမ်းအဖိုးတန်တဲ့အရာတစ်ခုပေးမယ်ကွ”
ကျုပ်တောင် စိတ်ဝင်စားသွားတယ်ဗျာ။
“ဘယ်လိုအဖိုးတန်တဲ့အရာလဲဗျ”
“အဲဒီအရာရှိရင် မင်းတစ်သက်လုံး ထမင်းမငတ်တော့ဘူးကွ”
“ဟာ၊ တကယ်လား”
“ဘယ်လိုလဲကောင်လေး၊ မင်းအမကိုရောင်းမယ်မဟုတ်လား”
တစ်သက်လုံးထမင်းမငတ်ဘူးဆိုတဲ့အရာကို ကျုပ်စိတ်ဝင်စားတယ်ဗျာ၊ အမကြီးမရှိတော့ လူမမယ်ဖြစ်တဲ့ကျုပ်က ဘာလုပ်စားလို့ လုပ်စားရမှန်းမသိဘူးမဟုတ်လားဗျ၊ ဒါနဲ့ပဲ ကျုပ်ခေါင်းညိတ်လိုက်တော့တယ်။
“ကောင်းပြီဗျာ၊ ကျုပ်အမကိုရောင်းမယ်၊ ဒါပေမယ့် ခင်ဗျားပြောထားတဲ့အတိုင်းတော့ ကတိတည်ရမယ်၊ ကျုပ်အမကို ပုံမပျက်စေရဘူး၊ ပြီးရင် ပြန်မြှုပ်ပေးရမယ်”
ဦးလေးကြီးက ခေါင်းညိတ်တယ်ဗျ၊ ပြီးတော့ စည်းဝိုင်းတစ်ခုကို မြေကြီးပေါ်မှာတားလိုက်ပြီးတော့ ကျုပ်ကိုဝင်ထိုင်ခိုင်းတယ်။
“ကောင်လေး၊ ဘာပဲဖြစ်နေပါစေ ဒီစည်းဝိုင်းထဲက မထွက်နဲ့၊ ဒီထဲမှာနေသမျှ မင်းအန္တရာယ်ကင်းလိမ့်မယ်”
ကျုပ်လည်း စည်းထဲထိုင်နေမိတယ်၊ ဦးလေးကြီးက သူ့လွယ်အိတ်ကြီးထဲလက်နှိုက်ပြီး စက္ကူညိုညိုကြီးနဲ့ထုပ်ပိုးထားတဲ့ အထုပ်တစ်ထုပ်ကိုဖွင့်လိုက်တယ်ဗျ၊ အထဲကဆေးတွေက ဆနွင်းတွေလို ဝါထိန်နေတာပဲဗျာ၊ အဲဒီအမှုန့်တွေ ကျုပ်အမမြေပုံပေါ်ဖြူးလိုက်တာနဲ့ သိပ်မကြာဘူး မြေပုံကြီးက ပွစိပွစိဖြစ်လာတယ်ဗျ။
ပြီးတော့ မြေကြီးထဲက ဖျာလိပ်ကြီးပေါ်လာတယ်၊ ဦးလေးကြီးက ဖျာလိပ်ကိုသေချာဆင်းဖြေလိုက်တဲ့အခါ ကျုပ်အမအလောင်းကို ကျုပ်တွေ့လိုက်ရတာတော့တယ်၊ ဦးလေးကြီးက လွယ်အိတ်ထဲက ပန်းအဖြူတစ်ပွင့်ကိုထုတ်ယူလိုက်ပြီး
“ကိုင်း၊ ဒီမိန်းကလေးက အပျိုစင်စစ်ဖြစ်မယ်ဆိုရင် ပန်းကမညှိုးပါစေနဲ့၊ အပျိုမစစ်ရင် ပန်းညှိုးပါစေ”
အဲဒီလိုရေရွတ်ပြီး ကျုပ်အမနားရွက်ကြားထဲ ပန်းကိုထိုးပေးလိုက်တော့ ပန်းကမညှိုးဘဲ ဒီအတိုင်းကလေးရှိနေတယ်ဗျာ၊ ဦးလေးကြီးက သိပ်ကျေနပ်သွားတဲ့အသံနဲ့ရယ်တယ်ဗျ။
“ရှားတယ်၊ ဒီလိုမသာမျိုးရဖို့က ရှားတယ်၊ ဒါကြောင့်လည်း အပျိုတစ်ယောက်သေတယ်ကြားတိုင်း အမိအရပြေးလာရတာပေါ့”
ပြောရင်း ဦးလေးကြီးက လက်ခုပ်တစ်ချက်တီးလိုက်တယ်။
“ဟဲ့ ကောင်မ၊ ထစမ်းဟဲ့”
သူလက်ခုပ်တီးလိုက်တဲ့အချိန်မှာ သုဿန်ထဲကို လေအေးတစ်ချက်က ဝေ့တိုက်သွားသဗျာ၊ သစ်ပင်ကြီးတွေအကုန်လုံး လှုပ်ယမ်းခါကုန်ကြတယ်၊ လေအေးတွေတိုက်တော့ ကျုပ်ဖြင့် ကျောတောင်ချမ်းတယ်ဗျာ။ ဦးလေးကြီးပြောပြီးမကြာပါဘူး ကျုပ်အမက ငေါက်ခနဲကောက်ထိုင်လိုက်တယ်ဗျ၊ ဦးလေးကြီးက သူ့လွယ်အိတ်ထဲက ကျောက်ပြင်ခပ်လတ်လတ်တစ်လုံးထုတ်လိုက်ပြီးတော့ အမရဲ့ပေါင်ပေါ်ကိုပစ်တင်ပေးလိုက်တယ်။ ပြီးတာနဲ့ သစ်မွှေးတုံးတွေထုတ်ပါရောဗျာ။
“ဟဲ့သရဲမ၊ ဟောဒီ နံ့သာဖြူ၊ နံ့သာနီတွေကို များများရအောင်သွေးဟဲ့”
သူအမိန့်ပေးလိုက်တာနဲ့ အမက နံ့သာဖြူတုန်းကိုကောက်ယူလိုက်ပြီးတော့ ကျောက်ပြင်မှာသွေးတော့တာပဲဗျာ၊ ဦးလေးကြီးကတော့ သံနဲ့လုပ်ထားတဲ့ စစ်သုံးရေဘူးကြီးတစ်ခုထဲက ရေတွေကိုတစ်တောက်တောက်နဲ့ ကျောက်ပြင်ပေါ်ချပေးသဗျ၊ ပြီးတော့ ကျုပ်အနားလာထိုင်တယ်။
“ကောင်လေး၊ မင်းငြိမ်ငြိမ်နေနော်၊ အဲဒါ မင်းအမ အစစ်မဟုတ်ဘူး”
“ဗျာ၊ အစစ်မဟုတ်တော့ အတုများလား”
“အဲဒါ မင်းအမကိုယ်ထဲကို ဝင်နေတဲ့သရဲကွ”
ညကတဖြည်းဖြည်းနက်လာပြီဗျာ၊ သုဿန်ထဲမှာလည်း ကျောက်ပြင်မှာနံ့သာသွေးတဲ့ အသံတဂျစ်ဂျစ်ကိုကြားနေရတယ်၊ နံ့သာတွေတော်တော်ရတော့
“ကဲ အဲဒီနံ့သာတွေကို နင့်ပါးမှာလူးစမ်း”
နံ့သာပျစ်ပျစ်ကြီးတွေကို ကျုပ်အမက လက်နဲ့ကျုံးကျုံးယူပြီး ပါးမှာပယ်ပယ်နယ်နယ်လူးတာပဲဗျာ၊ ပါးကွက်ကြီးနှစ်ဖက်ကို ထင်းနေအောင်ကွက်ထားတာဗျ၊ နံ့သာတွေက ပျစ်ခဲနေတာဆိုတော့ အဲဒီနံ့သာတွေခြောက်အောင်ကို တော်တော်စောင့်ယူရတာ၊ ရာသီဥတုကလည်း ခပ်အေးအေးဆိုတော့ တော်တော်နဲ့မခြောက်ဘူးဗျ။
“ကျုပ်နားမလည်ဘူး ဦးလေးကြီး၊ ဒီနံ့သာတွေကို ဘယ်ဆေးမှာသုံးဖို့လဲ”
“ဟား၊ ဟား မင်းနားမလည်တာလဲ ခပ်ကောင်းကောင်းပဲဟေ့၊ ဆေးဆရာဆိုလို့ ငါက ရောဂါတွေကုတဲ့ ဗိန္ဒောဆေးဆရာမဟုတ်ဘူးကွ၊ ငါက အောက်လမ်းဆေးဆရာ”
“အောက်လမ်းဆေးဆရာတဲ့လားဗျာ”
“ဟုတ်တယ်၊ ငါဖော်တဲ့ဆေးတွေက အဖျားပျောက်ဆေး၊ ငန်းဆေးလို ဆေးတွေမဟုတ်ဘူးကွ၊ ဒီထက်ပိုပြီးအဆင့်မြင့်တဲ့ ဆေးတွေဖော်စပ်နေတာကွ”
ကျုပ်တို့ထွေရာလေးပါးစကားပြောရင်း အချိန်တစ်နာရီလောက်ကြာသွားတယ်၊ ဒီတော့မှ ဦးလေးကြီးက နှီးပြားကလေးတစ်ပြားထုတ်ပြီးတော့ စက္ကူစလေးတစ်ခုနဲ့ ကျုပ်အမအနားကိုကပ်သွားသဗျာ၊ ပြီးတော့ ပါးက ခဲနေတဲ့နံ့သာတွေကို နှီးပြားကလေးနဲ့ခြစ်ချပါလေရော၊ ရတာမှ နည်းနည်းကလေးရတာဗျ၊ ပြီးတော့ သူက စက္ကူကိုသေချာပြန်ထုတ်ရင်း
“ကဲ၊ အိပ်နိုင်ပြီ၊ နားနိုင်ပြီ၊ အေးအေးလူလူသာ အိပ်နေလိုက်တော့”
အဲဒီလိုပြောလိုက်တာနဲ့ အလောင်းကြီးက လဲကျသွားတာပဲဗျာ၊ သူကိုယ်တိုင်ပဲ ဖျာကြီးကိုပြန်ပတ်ပေးပြီးတော့ အပေါ်က မြေတွေကို ယက်ကန်ချပြီး သေချာပြန်မြှုပ်ပေးလိုက်တယ်။ ပြီးတော့ ကျုပ်အနားမှာ ဝိုင်းထားတဲ့ စည်းဝိုင်းကိုခြေထောက်နဲ့ဖျက်လိုက်ရင်း
“ရပြီကောင်လေး ကိစ္စပြီးပြီ”
“ဟာ၊ ဦးလေးကြီးပြောတော့ ကိစ္စပြီးရင် တစ်သက်လုံးထမင်းမငတ်ဘူးဆိုတဲ့ဟာကို ပေးမယ်ဆိုဗျ”
ဦးလေးကြီးက ခေါင်းညိတ်ရင်း
“အေးပါကွ၊ ငါစိတ်လောသွားလို့ပါ”
ပြောရင်းဆိုရင်း သူ့တိုက်ပုံအင်္ကျီထဲကိုနှိုက်တယ်ဗျ၊ နောက်တော့ ကျုပ်ကိုအကြွေစေ့ကလေးတစ်စေ့ထုတ်ပေးတယ်၊ အကြွေစေ့က အဝါရောင်ခပ်ပါးပါးကလေးဗျ၊ အလယ်မှာလည်း သံရိုက်ရာအလိုလိုအပေါက်ဝိုင်းကလေးတစ်ခုပါသေးတယ်။ ကျုပ်က သူပေးတဲ့အကြွေစေ့ကိုကြည့်ရင်း
“ဟာဗျာ၊ ဒီအကြွေစေ့ကဘာလုပ်လို့ရမှာလဲဗျ”
“မင်းနှယ်၊ တုံးလိုက်တာကွာ၊ ဒီမှာ ငါပြောပြမယ် မင်းလက်ဝါးကိုဖြန့်လိုက်”
ကျုပ်လက်ဝါးဖြန့်လိုက်တော့ အကြွေစေ့ကို ကျုပ်လက်ဝါးထဲထည့်ပြီး သူ့လက်ဝါးနဲ့အပေါ်က ဖြောင်းခနဲမြည်အောင်ရိုက်ပြီးပိတ်လိုက်တယ်၊ နောက်တော့ ပါးစပ်ကလည်း ပွစိပွစိနဲ့ရွတ်နေသေးတယ်ဗျာ၊ ကျုပ်နောက်ဆုံးကြားလိုက်တာကတော့ “မင်းကိုအပ်လိုက်ပြီ၊ သူပြောတာနားထောင်” ဆိုတဲ့ပုံစံမျိုးပဲဗျ၊
“ဒါ စေလိုရာစေ မှင်စာကလေးတွေပဲကွ၊ ဒီအကြွေပြားကလေးကို ပုတ်ပုတ်ပြီးတော့ မင်းခိုင်းချင်တာကို သူ့ကိုခိုင်းလို့ရတယ်၊ ခိုးတဲ့ဝှက်တဲ့နေရာမှာတော့ ဒီကောင်လေးတွေက အကျွမ်းကျင်ဆုံးပဲဟေ့၊ မင်း ဉာဏ်ရှိသလိုသာ သုံးပေတော့ကွာ”
ဦးလေးကြီးက ပြောဆိုပြီး သုဿန်အပြင်ကိုခြေလှမ်းကျဲကြီးနဲ့ထွက်သွားပါရော၊ သူထွက်သွားမှ ကျုပ်လည်းကြောက်လာတယ်ဗျာ၊ ဒါနဲ့ပဲ ကျုပ်လည်း သုဿန်ထဲကနေ အပြေးထွက်ခဲ့ရပါရော။
(၂)
တစ်နေ့လုံး ဘာမှမစားရသေးတော့ ဗိုက်ဆာနေတယ်ဗျ၊ ဒါနဲ့ ရွာမြောက်ပိုင်းဘက်ကိုထွက်လာခဲ့လိုက်တယ်၊ ရွာမြောက်ပိုင်းက ကုန်းကျတော့ ရေဘေးမခံလိုက်ရဘူးဗျ၊ သူဌေးသူကြွယ်ဆိုတာတွေကလည်း ရွှာမြောက်ပိုင်းမှာပဲနေကြတာ၊ အဲဒီမှာ ကျုပ်တို့ရဲ့လယ်ရှင် ဦးသာဝဆိုတာရှိတယ်ဗျ၊ ကျုပ်တို့သူ့လယ်ကိုလုပ်ပေးနေတဲ့အချိန်မှာ သူက ကျုပ်တို့မောင်နှမဖို့ စားစရာတွေတစ်မိုးတွင်းလုံး ထောက်ပံ့တဲ့သူပေါ့ဗျာ၊ စပါးပေါ်ပြီ လယ်ပေါ်ပြီဆိုတော့မှ လုပ်ခတွေထဲကနေ ပြန်နှုတ်ယူတာပေါ့၊ အခုကျုပ်ဗိုက်ဆာလို့ သူ့အိမ်မှာ စားစရာရှိလိုရှိငြား လာခဲ့လိုက်တယ်။
ဦးသာဝက ညနေလောက်ဆိုရင် အရက်တစ်လုံးနဲ့ ကောင်းနေတတ်တဲ့လူဗျ၊ စိတ်ကလည်း သိပ်ကြီးတော့ သူအရက်သောက်နေတဲ့အချိန်ဆိုရင် တော်ရုံလူ စကားမပြောကြဘဲရှောင်တယ်၊ ကျုပ်ကတော့ ရှောင်မရတော့ဘူးဗျာ၊ ဗိုက်ကလည်း ဆာနေပြီဆိုတော့ အိမ်ရှေ့စားပွဲခုံမှာ စားသောက်နေတဲ့သူ့အနား သွားကပ်လိုက်ရတာပေါ့ဗျာ။ ဦးသာဝက အရက်တစ်ပုလင်းထောင်ထားပြီးတော့ အရှေ့မှာလည်း ကြက်ကြော်တစ်ခြမ်းချထားသေးတယ်ဗျ၊ ကြက်ကြော်ကလည်း မွှေးနေတာပဲဗျာ။
“ဟေ့ကောင်ဖိုးမိုက်၊ မင်းငါ့အိမ်ကိုဘာလာလုပ်တာလဲ”
“ဟိုလေ၊ ကျုပ်ဗိုက်ဆာလို့ အဲဒါ ဆန်လေး တစ်စလယ်လောက် ချထားပါလားဗျာ၊ အရင်လို စပါးပေါ်တော့ ပြန်နှုတ်ယူပေါ့ဗျ”
“အောင်မာ၊ မင်းလိုမလောက်လေးမလောက်စားကောင်က ငါ့လယ်ကိုလုပ်နိုင်မှာတဲ့လားကွ၊ အခုတောင် လယ်တွေပျက်လို့ စိတ်ညစ်နေရတဲ့အထဲမှာ မင်းကတစ်မှောင့် . . . သွားစမ်းကွာ၊ မင်းကို ဆန်တစ်စလယ်မပြောနဲ့ တစ်စေ့တောင်မပေးနိုင်ဘူး၊ ငါ့အိမ်ကနေထွက်သွားစမ်း”
ကျုပ်လည်း စိတ်ထဲတော်တော်ဝမ်းနည်းသွားတယ်ဗျာ၊ ဒါနဲ့ သူ့အရှေ့ကနေထွက်ခဲ့ရင်း သူ့စားပွဲပေါ်က ကြက်ကြော်ကို လည်ပြန်တစ်ချက်လှည့်ကြည့်မိလိုက်သေးတယ်၊ ဒီတော့မှ ဟိုဦးလေးကြီးပေးခဲ့တဲ့ အကြွေစေ့ကလေးကို သတိရသွားတယ်။ ဒါနဲ့ခြံအပြင်ရောက်ရောက်ခြင်းပဲ ကျုပ်က အကြွေစေ့ကလေးကို ပုတ်ရင်း
“ကဲ စေလိုရာစေ မှင်စာကလေးရေ၊ ငါဗိုက်ဆာတယ်ကွာ၊ ဟောဟိုလူကြီးအရှေ့က ကြက်ကြော်ကို မင်းရအောင်ယူနိုင်မလား”
ကျုပ်လက်ထဲက အကြွေပြားကလေးက သုံးချက်လောက်ခုန်သွားတယ်ဗျ၊ ကျုပ်လည်း စိတ်လှုပ်ရှားတာနဲ့ ဘာဆက်ဖြစ်မလဲဆိုပြီးကြည့်နေမိတယ်၊ ကျုပ်အရှေ့က မြေပြင်မှာ ခြေရာကလေးတွေကို တွေ့လိုက်ရတယ်၊ ခြေရာကလေးတွေက ခြံထဲကိုဦးတည်ပြီးဝင်သွားသဗျာ၊ မြေကြီးက ဗွက်ပေါက်နေတာဆိုတော့ ခြေရာတွေအတိုင်းသားပဲပေါ့။ ခဏနေတော့ ကျုပ်အနားမှာ အမွှေးနံ့တစ်ခုရတယ်ဗျ၊ အနံ့ကတော့ ကြက်ကြော်နံ့ပဲ၊ ကျုပ်လက်ဝါးဖြန့်ကြည့်လိုက်တော့ ကြက်ကြော်က ကျုပ်လက်ဝါးထဲလာပေါ်သဗျာ၊ ကြက်ကြော်က တစ်ခြမ်းလုံးဗျာ၊ လေးငါးတုံးလောက်ရှိမယ်ဗျ။ ကျုပ်ဆာဆာနဲ့ သစ်ပင်အောက်တင်ထိုင်စားပစ်လိုက်တာ ကုန်ပါရော၊ ဒီအချိန် အိမ်ထဲက ဆူဆူညံညံအသံတွေကြားရတယ်၊ ကြည့်ရတာ ဦးသာဝတစ်ယောက် သူစားမယ့် ကြက်ကြော်တွေပျောက်လို့ ရန်ရှာနေပုံပဲဗျ။
“ဟား၊ ဟား ကောင်းလိုက်တာမှင်စာကလေးရာ၊ ငါဗိုက်ဆာသေးတယ်ကွ၊ ခုနက အိမ်ထဲဝင်ပြီးတော့ စားစရာတစ်ခုခုရှာလာခဲ့စမ်းပါကွာ”
ခြေရာကလေးတွေက တဗျက်ဗျက်နဲ့ထွက်သွားပြန်သဗျ၊ ကျုပ်လည်း လက်ဝါးဖြန့်ထားမိတယ်၊ မကြာခင် ကျုပ်လက်ဝါးအပေါ်မှာ ထမင်းပန်းကန်တစ်ချပ်ပေါ်လာပြန်ရောဗျို့၊ ထမင်းပန်းကန်ထဲမှာလည်း ငါးကြော်တုံးရယ်၊ ငါးပိချက်ရယ်ပါသဗျ။
“ဟာ၊ ဟေ့ကောင်၊ ပန်းကန်လိုက်ကြီး ယူလာရသလားကွ”
ကျုပ်ပြောနေတုန်း အိမ်ထဲက ဦးသာဝရဲ့မိန်းမ အော်သံကြားလိုက်ရတယ်။
“ဟေတော်၊ ကျုပ်စားဖို့ပြင်ထားတဲ့ ထမင်းပန်းကန် ဘယ်ရောက်သွားတာလဲ”
ကျုပ်လည်း ရယ်မောပြီးတော့ ပန်းကန်ကြီးကိုင်လို့ အိမ်ကိုအပြေးပြန်လာခဲ့တာပေါ့ဗျာ။ ကျုပ်ထမင်းတွေကျုံးကျုံးစားတော့ ဒီကောင်လည်း စားချင်တဲ့ပုံစံပဲဗျ၊ ဒါနဲ့ ငါးကြော်ဖင်ပိုင်းကလေးကို ဒီကောင့်ကိုချပေးလိုက်တယ်၊ ဒီအခါ မည်းမည်းအကောင်လေးတစ်ကောင်က အခန်းထဲပေါ်လာတယ်ဗျာ၊ ကလေးလေးတစ်ယောက်နဲ့တူတယ်ဗျ၊ အရွယ်ကတော့ သုံးလေးနှစ်အရွယ်လောက်ပဲရှိမှာဗျ။
“သြော်၊ လတ်စသတ်တော့ ခိုးနေတာက မင်းကိုးကွ”
ဒီကောင်လေးက ဘာမှပြန်မပြောဘူူးဗျ။
“ဒါနဲ့ မင်းနာမည်ဘယ်လိုခေါ်သလဲ”
ဒီကောင်လေးက ခေါင်းခါပြတယ်။
“ဟာ၊ ကိုယ့်နာမည်ကိုယ်တောင်မသိဘူးတဲ့လား၊ ဒါဆိုမင်းက မိန်းမလား၊ ယောက်ျားလား”
ဒီအခါလည်း ခေါင်းခါပြပြန်တယ်ဗျာ။
“မင်းက ဘာကိုမှမသိပါလားကွ၊ ဘာမှမသိတဲ့မင်းကို မသိလို့ နာမည်ပေးရမယ်ကွ၊ ဟား၊ ဟား”
ဒီကောင်လေးက မသိ မသိ ဆိုပြီးတော့ အော်နေသေးတယ်ဗျ၊ အသံက တကယ်စူးစူးကလေးဗျာ။ ဒီလိုနဲ့ အဲဒီ မသိဆိုတဲ့ကောင်လေးနဲ့ ကျုပ်နဲ့သူငယ်ချင်းတွေဖြစ်ခဲ့တယ်ဆိုပါတော့။
အဲဒီနောက်ပိုင်းကစပြီး ကျုပ်တို့ရွာမှာ ပစ္စည်းတွေပျောက်ကုန်ပါရောဗျာ၊ စားစရာသောက်စရာကစလို့ အဝတ်အစား၊ အသုံးအဆောင်တွှေအထိ အကုန်လုံးပျောက်နေတာဗျ၊ တစ်ရက်တော့ ရွာသားတွေက ကျုပ်အိမ်ထဲကိုဝင်လာကြတယ်၊ အိမ်ကိုလည်းဝိုင်းထားကြတယ်ဗျာ၊
“ဟာ၊ ဒီကောင် ဖိုးမိုက်က သူခိုးပဲကွ”
“ဟုတ်ပါ့၊ ငါတို့ပျောက်နေတဲ့ပစ္စည်းတွေအကုန်၊ ဒီကောင့်အိမ်ကိုရောက်နေပါရောလား”
“ဒါကြောင့် ဒီကောင် သူ့အမသေသွားတယ်ဆိုပေမယ့် အနေအစားမပျက်တာကိုးကွ”
“သူခိုးလေးကနေ မဆုံးမရင် သူခိုးကြီးဖြတ်တတ်တယ်ကွာ၊ ဒီကောင့်ကို မှတ်လောက်သားလောက်အောင် ဝိုင်းရိုက်ကြစမ်းကွာ”
ရွာသားတွေက ကျုပ်ကိုဝိုင်းဆော်ကြပါရောဗျာ၊ ကျုပ်ဖြင့်ခံလိုက်ရတာ သေလုမြောပါးပါပဲ၊ ရွာဦးကျောင်းဆရာတော် ဝင်တားလို့သာ ကံကောင်းလို့မသေတာဗျ၊ ရွာကလူတွေက ကျုပ်ကိုမထားချင်တော့ဘူးဆိုပြီး ကျုပ်ကိုနှင်လွှတ်လိုက်ကြတယ်ဗျာ။ ဒီလိုနဲ့ ကျုပ်ရွာကနေထွက်လာပြီး မြို့တက်တဲ့ကားတစ်စီးပေါ် လိုက်စီးခဲ့ပါရောဗျာ။ ကားစပယ်ယာက ကားပေါ်တက်တဲ့လူတွေကို ပိုက်ဆံတောင်းနေပြီဗျ၊ ကျုပ်မှာလည်း ပိုက်ဆံက ပါမလာဘူး၊ ဒါနဲ့ပဲ အကြွေစေ့ကလေးကို ပုတ်ရတော့တယ်၊ အကြွေစေ့ကလေးကို ကျုပ်က လည်ပင်းမှာဆွဲထားလို့သာ ကျန်နေခဲ့တာ။
“မသိရေ၊ ငါ့ကိုပိုက်ဆံတောင်းနေပြီဟ၊ လုပ်စမ်းပါအုံးကွာ”
မသိမသာကလေးပြောရင်း လက်ကိုအနောက်ကိုဖွက်ထားလိုက်ရတယ်၊ ဒီအချိန် စပယ်ယာက ကျုပ်ဆီကိုရောက်လာပါရော။
“ဟေ့ကောင်လေး၊ ပိုက်ဆံပေးစမ်း၊ တစ်ယောက်ပြားငါးဆယ်”
“ဗျာ၊ ဟုတ်၊ ပေး . . . ပေးပါ့မယ်”
ကျုပ်မှာ ပေးစရာပိုက်ဆံမရှိဘူးဗျ၊ ကျုပ်အချိန်ဆွဲနေမှန်း စပယ်ယာကသိတော့ ကျုပ်ကိုဘုကြည့်ကြည့်တယ်
“ဟေ့ကောင်လေး၊ ပိုက်ဆံမပါရင် မစီးရဘူးကွ၊ ပိုက်ဆံပေးမလား မပေးဘူးလား”
လက်အနောက်ပစ်ထားတဲ့ ကျုပ်လက်ထဲကို မာမာအရာကလေးတစ်ခုစမ်းမိတယ်ဗျ၊ ဒါနဲ့ စပယ်ယာကိုထုတ်ပေးလိုက်တော့ ကျပ်စေ့လေးတွေဖြစ်နေပါရော၊ စပယ်ယာက ကျပ်စေ့တစ်စေ့ကိုယူပြီး ကျုပ်လက်ထဲကို ငါးမူးစေ့တစ်စေ့လှမ်းပေးတယ်။ အဲဒီတော့မှပဲ ကျုပ်က အသက်ရှူချောင်နိုင်တာပေါ့ဗျာ။
ဒီလိုနဲ့ကားစီးလာရင်း အရှေ့က မြို့တစ်မြို့ကိုရောက်ခဲ့ပါရောဗျာ၊ မသိကောင်လေးရဲ့အစွမ်းနဲ့ ကျုပ်လိုချင်တာတွေ ရအောင်လုပ်ခဲ့တာပေါ့၊ မြို့မှာကျတော့ ရွာနဲ့မတူဘူးဗျ၊ လူတွေများတယ်၊ အိမ်တွေလည်းများတယ်ဆိုတော့ တော်ရုံတန်ရုံ ကျုပ်လုပ်မှန်းကို ဘယ်သူမှမသိကြဘူးမဟုတ်လား၊ ဒီထက်ကြီးတဲ့မြို့တွေ၊ လူနေပိုပြီးထူထပ်တဲ့မြို့တွေဆိုရင် ကျုပ်ပိုပြီးအနေအစားချောင်မယ်ဆိုတာ သိလိုက်တာမို့ နောက်ဆုံးကျုပ်က မြန်မာပြည်ရဲ့အစည်ကားဆုံးမြို့ကြီးဖြစ်တဲ့ ရန်ကုန်မြို့ကြီးဆီ ခြေဦးလှည့်ခဲ့တယ် ဆိုပါတော့ဗျာ။
ရန်ကုန်မြို့ကြီးရောက်တော့ နေရစားရတာချောင်တယ်လို့ပြောရမယ်ဗျ၊ ဘာလို့လဲဆိုတော့ ရန်ကုန်မြို့ကြီးဟာ လူတွေသိပ်ပေါတယ်မဟုတ်လားဗျာ၊ လူတွေပေါရင်တော့ ငွေတွေလည်းပေါတာပေါ့၊ သူတို့ရဲ့ငွေတွေက ကျုပ်ငွေတွေပဲပေါ့ဗျာ၊ ဒါကြောင့် လူများတဲ့နေရာတွေကို ကျုပ်ကလိုက်ပြီးတော့ ဂွင်ဖန်တယ်၊ မသိဆိုတဲ့ မှင်စာကောင်လေးကို အသုံးချပြီးတော့ ခါးပိုက်လိုက်နှိုက်တယ်ပေါ့ဗျာ။
ရန်ကုန်မြို့ကြီးရဲ့ လိုင်းကားတွေ၊ ရထားတွေဆိုတာ ကျုပ်ကျင်လည်နေကျနေရာတွေပေါ့ဗျာ။ ဒီလိုနဲ့ ရန်ကုန်မြို့မှာနေထိုင်လာတာ ဆယ်နှစ်တောင်ကျော်ခဲ့ပြီဆိုပါတော့။
ရုံးဆင်းချိန်ဆိုရင် လိုင်းကားပဲဖြစ်ဖြစ်၊ ရထားပဲဖြစ်ဖြစ် လူတွေနဲ့ကြပ်ညပ်နေတတ်တာ ရန်ကုန်မြို့ရဲ့ထုံးစံပဲဗျ၊ ဒိုင်နာကားကြီးတွေဆိုရင် ယောက်ျားလေးတွေက ခြေနင်းခုံမှာ ခြေတစ်ဖက်နင်းရုံကလေး ဖက်တွယ်စီးပြီးတော့ သွားကြရတယ်၊ ဒါနဲ့ ကျုပ်လည်းဂွင်ဖန်ဖို့အတွက် လူတော်တော်ကြပ်တဲ့ လိုင်းကားတစ်ခုကို တွယ်စီးလိုက်တယ်၊ ကားစမောင်းခဲ့ပြီဆိုရင်ပဲ ကျုပ်ဝတ်ထားတဲ့ ရှပ်အင်္ကျီအိတ်ကပ်ထဲမှာ ထည့်ထားတဲ့ အကြွေစေ့ကလေးကို လက်နဲ့အသာပုတ်ရင်း
“ဟေ့ကောင်မသိ၊ မင်းလှုပ်ရှားဖို့အချိန်ရောက်ပြီနော်၊ ငွေများများပါမယ့်လူမျိုးကို ရှာပြီးလှုပ်ရှားပေတော့ဟေ့”
ကျုပ်ပြောလိုက်တဲ့အခါ မသိက လူတွေကြားကိုလှစ်ခနဲတိုးဝင်သွားတယ်ဗျာ၊ ဒီကောင်က သူ့လက်သေးသေးကလေးနဲ့ ဟိုလူရဲ့အိတ်ကိုစမ်းကြည့်လိုက်၊ ဒီလူရဲ့လွယ်အိတ်ကို လက်နဲ့နှိုက်လိုက်နဲ့လုပ်နေတယ်ဗျ၊ ရှေ့ဂိတ်ကျတော့ လိုင်းကားပေါ်က လူတွေတော်တော်များများဆင်းသွားလို့ လူချောင်သွားတယ်၊ မသိက ပိုက်ဆံတွေရော အကြွေစေ့တွေပါ ယူပြီးကျုပ်လွယ်ထားတဲ့ လွယ်အိတ်ထဲကိုအသာထည့်လိုက်တယ်ဗျ၊ ကျုပ်လည်း နေရာရသွားတာနဲ့ ကားအနောက်ခန်းက ဘေးခုံတန်းမှာထိုင်ပြီး ကားပေါ်ကိုတစ်ချက်ဝေ့ကြည့်လိုက်တယ်။
“ဟေ့ကောင် မသိ၊ မင်းယူလာတာနည်းလိုက်တာကွာ၊ ဟိုးမှာ ကားအရှေ့ပိုင်းနားထိုင်နေတဲ့မိန်းမကြီးကိုတွေ့တယ်မဟုတ်လား၊ လက်ထဲမှာရွှေတွေဝတ်ထားပြီး ဆွဲကြိုးတွေလည်း ဆွဲထားတာဆိုတော့ တော်တော်ချမ်းသာပုံပဲကွ၊ မင်းသွားပြီး ဆွဲကြိုးလေးဘာလေး ချွတ်ထားလိုက်စမ်းကွာ”
“ဟာ၊ အဲဒီလူကိုတော့မလုပ်နဲ့၊ ကျွန်တော်သူ့ကိုထိလို့မရဘူး”
“ဟေ ဘာဖြစ်လို့ထိမရတာလဲ”
“ဒီအဒေါ်ကြီးက ပါးစပ်က ပွစိပွစိနဲ့ ဘုရားစာရွတ်နေတာဗျ၊ သူ့အသားကိုထိဖို့မပြောနဲ့ သူ့အနားသွားတာနဲ့တင် လူက ပူတာ မနေနိုင်ဘူး”
မသိက ကျုပ်နားအနားကိုကပ်ပြီး အသံသေးသေးကလေးနဲ့ပြောပါရောဗျာ၊ နောက်ဆုံး ကျုပ်လည်း ကြံရာမရတော့တာနဲ့ မသိကိုသိမ်းပြီး ကားပေါ်က ပြန်ဆင်းခဲ့တာပေါ့ဗျာ။ မသိက အကုန်ခိုင်းလို့ရပေမယ့် ဘုရားစာရွတ်နေတဲ့လူတွေရှိတဲ့အနားကိုတော့ သွားမရဘူးတဲ့ဗျ၊ ဒါကြောင့်လည်း လူတွေက လမ်းသွားရင်ဘုရားစာရွတ်ဆိုပြီး ပြောတတ်ကြတာကိုး၊ ဒါပေမယ့် ဘုရားစာရွတ်တဲ့လူက အတော်နည်းပါတယ်ဗျာ၊ ကားစီးရင်း တွေးနေတဲ့သူကများတာ၊ တစ်ချို့ကလည်း အာဖောင်အာရင်းသန်သန်နဲ့ စကားတွေပြောနေကြတာပေါ့၊ ဒီလိုလူများတွေ့ရင်တော့ ကျုပ်ကတမင်ကိုရအောင်နှိုက်ခိုင်းတာဗျ၊ ဟန်အကျဆုံးကတော့ အိပ်နေတဲ့လူပေါ့ဗျာ၊ အိပ်နေတဲ့လူနဲ့တွေ့လို့ကတော့ ဟင်းကောင်းစားရပြီသာမှတ်တော့ဗျို့။ အိပ်နေတော့ ဘာမှမသိဘူးမဟုတ်လား၊ နှိုက်ချင်ရာကို စိတ်ကြိုက်နှိုက်လို့ရတယ်လေဗျာ။
ကျုပ်ကလည်း လူတစ်မျိုးဗျ၊ ငွေဆိုတာ အမြဲရနေတော့ စုရဆောင်းရမယ်ဆိုတာလည်း မသိဘူး၊ တစ်နေ့ကို မနက်တစ်ခါ ညနေတစ်ခါလောက် ခါးပိုက်လိုက်နှိုက်တယ်၊ ခါးပိုက်နှိုက်ပြီး ပြန်လာရင်တော့ ကျုပ်တို့နေတဲ့လမ်းထိပ်က ဘုံဆိုင်ကိုဝင်တာပဲဗျို့၊ အခုလည်း ညနေတစ်ကြောနှိုက်ပြီး စားဖို့သောက်ဖို့ရလာတော့ ဘုံဆိုင်ကိုဝင်လာခဲ့တယ်၊ ဘုံဆိုင်က ကျုပ်အမြဲထိုင်နေကျဆိုတော့ တော်တော်တောင်ရင်းနှီးနေပါပြီဗျာ၊ ကျုပ်ဝင်ထိုင်လိုက်တယ်ဆိုရင်ပဲ ဘုံဆိုင်ပိုင်ရှင်က ပြေးလာသဗျ။
“ဟာ ဆရာမြင့်တောင် ရောက်လာပါပကော၊ ဟေ့ကောင်လေးတွေ ထုံးစံအတိုင်းလုပ်ဟေ့”
ရန်ကုန်ရောက်တယ် ကျုပ်နာမည် ဖိုးမိုက်လို့မခေါ်တော့ဘဲ ဦးမြင့်မောင်လို့ နာမည်ပြောင်းလိုက်သဗျာ၊ ဘုံဆိုင်ဆိုပေမယ့် အထင်မသေးနဲ့ဗျ၊ ထမင်းဟင်း အကုန်ရတယ်၊ အရက်ဆိုရင်လည်း ခိုးချက်တဲ့ တောအရက် ချက်အရက်ကနေစပြီး အာမီရမ်၊ ဘီအီး ပါမကျန် နိုင်ငံခြားကနေ မှောင်ခိုသွင်းတဲ့အရက်တွေပါ အစုံရတယ်ဗျ၊ ပြောမယ့်သာပြောတာ ဒီဘုံဆိုင်မှာ အမြဲတမ်းစိုစိုပြေပြေ စားနိုင်သောက်နိုင်တာဆိုလို့ ကျုပ်တစ်ယောက်ပဲရှိတာ၊ ကျန်တဲ့လူတွေက လက်လုပ်လက်စားတွေများလို့ ဟင်းကောင်းကောင်းနဲ့စားဖို့နေနေသာသာ အရက်ကိုတောင်မှ ပဲကြီးလှော်လောက်နဲ့ မြည်းနိုင်ကြတဲ့လူတွေမဟုတ်လား၊ ဒါကြောင့်လည်း ဆိုင်ရှင်က ကျုပ်ကိုအလေးပေးပြီးဆက်ဆံတာပေါ့ဗျာ။
ဆိုင်မှာစိတ်ကြိုက်စားသောက်ပြီးလို့ အိမ်ပြန်ခါနီးရင်တော့ ကျုပ်က အမဲသားဟင်းနဲ့ ထမင်းတစ်ပွဲအမြဲမှာတယ်ဗျ၊ ဆိုင်ရှင်ကလည်း အထာနပ်နေပြီဆိုတော့ ကျုပ်နည်းနည်းရေချိန်ကိုက်လာတာနဲ့ သူက ထမင်းထုပ်ပြင်ပြီးသားဗျ၊ ပြီးရင်တော့ ထမင်းထုပ်ကလေးဆွဲပြီး ယိုင်ထိုးယိုင်ထိုးနဲ့ ပြန်လာခဲ့တယ်။
ကျုပ်က မကောင်းတာလုပ်စားတဲ့လူဆိုတော့ နေတဲ့အိမ်ကို ရန်ကုန်ဆင်ခြေဖုံးက လူသူမနီးတဲ့နေရာမှာ ဝယ်ထားတယ်၊ အိမ်ကတော့ သစ်သားပျဉ်ထောင်အိမ်ကလေးပါပဲဗျာ။ အိမ်ပြန်တဲ့လမ်းက တော်တော်မှောင်သဗျ၊ ညရှစ်နာရီလောက်ဆိုရင် လမ်းသွားလမ်းလာ လူတစ်ယောက်မှတောင်မရှိတော့ဘူး၊ အိမ်နဲ့မလှမ်းမကမ်း အနားမှာ အုတ်ရေတွင်းကြီးတစ်ခုရှိတယ်၊ ဒီရပ်ကွက်ကလူတွေ ဘုံသုံးတဲ့ရေတွင်းပေါ့ဗျာ၊ ရေတွင်းနားရောက်တာနဲ့ ကျုပ်က ထမင်းထုပ်ကိုဖြေပြီး မြေပေါ်မှာခင်းလိုက်တာပါပဲ၊ ပြီးတော့ အကြွေစေ့ကလေးကိုပုတ်ရင်း
“ကဲ မသိရေ စားကွ၊ စားကွ၊ များများသာစား၊ ပြီးရင် ငါ့အတွက်လည်း များများနှိုက်ပေးစမ်းပါဟေ့”
ကျုပ်ပြောလိုက်တဲ့အချိန်မှာပဲ အိတ်ကပ်ထဲကနေ မသိက ခုန်ထွက်လာတယ်ဗျာ၊ အပြင်ရောက်တော့မှ အကောင်အကြီးကြီးဖြစ်သွားတယ်၊ ဆယ်နှစ်ကျော်ပြီဆိုတော့ ဒီကောင်လည်း တော်တော်ထွားလာလိုက်တာ အခုဆိုလူကြီးတစ်ရပ်နီးပါးလောက် ရှိနေပြီဗျ၊ ခြေတံလက်တံကြီးတွေကတော့ အရှည်ကြီးပါပဲဗျာ။ ထမင်းထုပ်ကို သူ့လက်တံရှည်ရှည်ကြီးတွေနဲ့ ကျုံးကျုံးပြီးစားနေတာကြည့်ရင်း ကျုပ်တောင်ပီတိဖြစ်မိတယ်ဗျ၊
“သြော်၊ မေ့လို့ဟေ့ကောင်ရေ၊ ငါတို့စားဖို့သောက်ဖို့ ဖူလှုံရုံလောက်ပဲ နှိုက်စမ်းကွာ၊ တော်ကြာ မင်းများများနှိုက်လိုက်လို့ လူတွေမွဲကုန်မှဖြင့် ငါတို့စားပေါက်ပျောက်နေအုံးမယ်ကွ၊ ဟား၊ ဟား”
ကျုပ်ရယ်တော့ မသိကလည်းလိုက်ရယ်တယ်ဗျ၊ ဒီကောင့်ပါးစပ်ထဲ အစွယ်ဖွေးဖွေးကြီးတွေက လေးလက်မလောက်တောင်ရှိမယ်ထင်တာပါပဲ၊ မသိကိုကျွေးမွေးပြီးတဲ့အခါ ကျုပ်တို့အတူတူပြန်လာခဲ့ကြတယ်၊ ကျုပ်အိမ်ကိုသော့တွေဘာတွေဖွင့်ဝင်ပြီး အိမ်ထဲမှာအသင့်ခင်းထားတဲ့ ကုတင်ပေါ်လှဲအိပ်ချလိုက်တာပါပဲဗျာ၊ ယောက်ျားလေးတစ်ယောက်တည်းနေတဲ့အိမ်ဆိုတော့ သိတဲ့အတိုင်းအိမ်ထဲမှာ ရှုပ်ပွပြီး ခြေချစရာတောင်မရှိဘူးပေါ့၊ ဟိုကောင် မသိကတော့ ကျုပ်ကုတင်ဘေးနားမှာ ကွေးကွေးလေး လာလာအိပ်နေသဗျ၊ သရဲမွေးထားတဲ့ကောင်ဆိုတော့ အိမ်မှာ ဘုရားမရှိ နတ်မရှိပေါ့ဗျာ၊ ဘုရားတွေ နတ်တွေဆိုတာလည်း ကျုပ်မယုံပါဘူး၊ ဘာလို့ဆိုတော့ ကျုပ်အခုထမင်းစားနေတာ ဘုရားတွေနတ်တွေကျေးဇူးကြောင့်မှမဟုတ်ပဲဗျ၊ မသိဆိုတဲ့ သရဲကောင်းမှုနဲ့စားသောက်နေတာမဟုတ်လား။
ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ပုံသေကားကျအတိုင်း ဖြတ်သန်းလာခဲ့ရင်းနဲ့ တစ်နှစ်လောက်ကြာတော့ ကိစ္စတစ်ခုဖြစ်ပါရောဗျာ။
(၃)
ဘုံဆိုင်မှာ မိန်းကလေးတစ်ယောက်ရောက်နေသဗျ၊ တောကနေတက်လာပြီး အလုပ်လာလုပ်တဲ့ မိန်းကလေးပေါ့ဗျာ၊ ရုပ်ရည်က အလှကြီးလို့ပြောလို့တော့မရပေမယ့် ရွက်ကြမ်းရေကျိုထက်တော့ သာတယ်လို့ပြောလို့ရတယ်၊ ကျုပ်က ဘုံဆိုင်မှာ နေ့လည်စာရော ညစာပါသွားသွားစားနေတဲ့ကောင်ဆိုတော့ ကျုပ်နဲ့သူနဲ့ အမြဲထိတွေ့နေဖြစ်တယ်လို့ ပြောရမှာပေါ့ဗျာ။
ဒီမိန်းကလေးနာမည်ကတော့ အေးဘုံလို့ခေါ်တယ်၊ ကျုပ်အဲဒီဆိုင်ကိုသွားလိုက်တိုင်း သူကိုယ်တိုင်ကျုပ်အတွက် ထမင်းပွဲ ဟင်းပွဲတွေပြင်ပေးရှာတယ်၊ ကျုပ်လည်း ယောက်ျားတစ်ယောက်ပဲဆိုတော့ ကြာလာတဲ့အခါ ဒီမိန်းကလေးအပေါ်ကို စိတ်နည်းနည်းရှိလာတယ်၊ ရင်ခုန်လာတယ်ပဲ ဆိုကြပါစို့ဗျာ။
အရက်ဆိုင်မှာလုပ်တာဆိုတော့လည်း တခြားလူတွေက ထိကပါးရိကပါးလုပ်ကြတာတွေလည်း ရှိတာပေါ့၊ ဒါပေမယ့် ဆိုင်ပိုင်ရှင်ကိုကြောက်ရလို့သာ သိပ်ပြောင်ပြောင်တင်းတင်းမလုပ်ရဲကြတာ၊ တစ်ရက်တော့ ကျုပ်ခါးပိုက်နှိုက်ပြီး ဈေးမှာဆင်းလိုက်တယ်၊ လိုအပ်တာလေးဝယ်မယ်ဆိုပြီး ဈေးထဲရောက်တော့ အေးဘုံနဲ့တွေ့ပါရောဗျာ၊ အေးဘုံကို ကျုပ်ပြုံးပြလိုက်ပြီးတော့ ဘာရယ်မဟုတ်ဘဲ စကားစပြောလိုက်တယ်။
“အေးဘုံ၊ ဈေးလာတာလား၊ တစ်ယောက်တည်းလား”
“ဟုတ်တယ်ကိုကြီး၊ ကိုကြီးရော တစ်ယောက်တည်းလား”
“လူပျိုကြီးဆိုမှတော့ တစ်ယောက်တည်းပေါ့ဟာ”
ကျုပ်က ခပ်ပေါ့ပေါ့ပြောလိုက်ပေမယ့် အေးဘုံမျက်နှာကလေးရဲသွားတာ သတိထားမိလိုက်တယ်။
“ဒါနဲ့ အေးဘုံ၊ နင်လည်းအရွယ်ကောင်းသေးတာပဲဟာ၊ ဘုံဆိုင်ဆိုတာ ယောက်ျားတွေဆုံတဲ့နေရာကြီးဟ၊ နင်အဲဒီမှာမလုပ်စမ်းပါနဲ့၊ တခြားမိန်းကလေးတွေလို စက်ချုပ်ရင်ချုပ်၊ မချုပ်ရင် ဆေးလိပ်ခုံဝင်လိပ်ရင်လိပ်ပေ့ါဟ”
ကျုပ်ပြောတော့ အေးဘုံမျက်နှာကလေးက မှိုင်ကျငသွားတယ်ဗျ။
“လုပ်ချင်တာပေါ့ ကိုကြီးရယ်၊ အေးဘုံလည်း ဘုံဆိုင်မှာ ဘယ်လုပ်ချင်ပါ့မလဲ၊ မလုပ်မဖြစ်လို့သာ လုပ်ရတာပေါ့”
“ဘယ်လိုမဖြစ်တာလဲ”
“အေးဘုံတို့က ဆင်းရဲပါတယ်၊ မောင်နှမတွေတင် ဆယ်ယောက်လောက်ရှိတာ၊ အဖေကလည်း အဆုတ်တီဘီဖြစ်ပြီး သေသွားတာဆိုတော့ အေးဘုံတို့မှာ နေရေးစားရေးကြပ်တည်းလာတယ်လေ၊ ဘုံဆိုင်ပိုင်ရှင်က အေးဘုံတို့ ဦးလေးတစ်ဝမ်းကွဲတော်တယ်၊ အမေက ဦးလေးဆီမှာ ငွေတွေချေးထားတာရှိတော့ အခုအေးဘုံက ဦးလေးကို လုပ်အားနဲ့ပြန်ဆပ်နေရတာ”
ကျုပ်တောင် အေးဘုံစကားကြားပြီး သက်ပြင်းချမိသွားတယ်။
“ဒါဆို နင့်ဟာက မလွယ်ပါလားဟ၊ နေစမ်းပါအုံး နင့်ဦးလေးဆီမှာ နင်ကအကြွေးဘယ်လောက်တင်နေတာလဲ၊ သိပ်မများရင် ငါစိုက်ဆပ်ပေးလို့ရပါတယ်ဟ”
အေးဘုံက ကျုပ်ကိုလှည့်ကြည့်ပြီးတော့
“စိုက်ဆပ်ပြီးရင် ကိုကြီးက ဘာဆက်လုပ်မှာလဲ”
ကျုပ်စကားမှားသွားပြီဆိုတာ သိလိုက်ပြီဗျ၊
“မဟုတ်ပါဘူးအေးဘုံ၊ ကိုကြီးပြောချင်တာ ဒီအဓိပ္ပါယ်မဟုတ်ပါဘူး”
“လောကမှာ ဆန်ပေးမှဆီရတာကို အေးဘုံနားလည်ပြီးသားပါကိုကြီးရယ်၊ အေးဘုံကတော့ အေးဘုံကြောင့် ဘယ်သူ့ကိုမှ မထိခိုက်စေချင်တော့ဘူး”
အေးဘုံက ဈေးထဲကိုဆက်ဝင်သွားတယ်၊ ကျုပ်ဘဝမှာ လူတစ်ယောက်ကို သနားဖူးတာ ဒါပထမဆုံးပဲဗျ။ ဒီလိုနဲ့ ကျုပ်ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်၊ အေးဘုံကို ကျုပ်ရအောင် ကယ်ထုတ်မယ်ဆိုပြီးတော့ပေါ့။
တစ်ရက်တော့ ဘုံဆိုင်မှာ ကျုပ်စားဖို့ထိုင်တဲ့အချိန် အေးဘုံက ကျုပ်အတွက်ထမင်းပွဲတွေလာချပေးတယ်၊ အေးဘုံနဲ့ကျုပ်နဲ့က အဲဒီအချိန်မှာ ဘာလိုလိုတွေဖြစ်နေပြီဗျ၊ ဒီအချိန် အနောက်က ဝိုင်းကခေါ်လို့ အေးဘုံက ပြေးသွားတယ်၊ အနောက်ဝိုင်းမှာကတော့ အသားမည်းမည်းနဲ့လူမိုက်တစ်ယောက်ထိုင်နေတာဗျ။
အေးဘုံအနားရောက်တော့ အေးဘုံရဲ့လက်ကို ဒီကောင်ကဆွဲကိုင်လိုက်တယ်ဗျာ။ အေးဘုံကလည်း ပြန်ရုန်းတာပေါ့
“ရှင်ဘာလုပ်တာလဲ၊ ကျွန်မလက်ကိုလွှတ်ပါရှင်”
“ဘာလဲအေးဘုံ၊ မင်းက ငွေရှိတဲ့ကောင်တွေကိုကျတော့ မျက်နှာထားချိုချိုနဲ့ဆက်ဆံပြီး ငါတို့လိုကောင်တွေကိုကျတော့ မတူသလိုမတန်သလို လုပ်တယ်ပေါ့ဟုတ်လား၊ နင့်ကိုနင် ဘာကောင်မများမှတ်နေသလဲ”
ကျုပ်ဒေါသထွက်သွားတာနဲ့ ချက်ချင်းမတ်တပ်ကောက်ရပ်လိုက်တယ်၊ ပြီးတော့ အေးဘုံလက်ကိုဆောင့်ဆွဲပြီးတော့
“ဟေ့ကောင်၊ မင်းဒါဘာလုပ်တာလဲ”
ဒီလူက ပြီတီတီမျက်နှာထားနဲ့ ထိုင်ခုံကနေထလာတယ်။
“မင်းက ဘာဖြစ်ချင်လဲ၊ အေးဘုံဆိုတာ ဟောဒီဘုံဆိုင်က မိန်းကလေးကွ၊ မင်းက ဒီလောက်အဖြစ်သည်းနေရလောက်အောင် မင်းမိန်းမမဟုတ်ဘူး”
ကျုပ်ဒေါသတွေပေါက်ကွဲထွက်လာပြီးတော့ ဒီလူ့မျက်နှာကိုလက်သီးနဲ့ပစ်ထိုးလိုက်ပါရောဗျာ။ ဒါပေမယ့် ဒီလူက ကျုပ်လက်သီးချက်ကို တိမ်းရှောင်လိုက်သဗျ၊ ပြီးတော့ ကျုပ်လက်ကိုဖမ်းပြီး သူ့ရဲ့လက်တစ်နဲ့ ကျုပ်နံကြားထဲကို လက်သီးတစ်လုံးပစ်သွင်းလိုက်ပါရောဗျာ၊ ကျုပ်ဆိုနံကြားက အောင့်ထွက်သွားတာပါပဲ၊ ဒီလူက ရယ်မောပြီးတော့ ကျုပ်ကိုသုံးလေးချက်လောက် ဆက်တိုက်ထိုးပါရောဗျာ၊ ကျုပ်မှာ ထိုင်ကျပြီး ခွေသွားတော့တယ်၊ ဒီလူကဒါတောင်မှ ကျုပ်ကိုခြေထောက်နဲ့ကန်ဖို့ ဆက်လုပ်နေသေးသဗျာ၊ အေးဘုံက ကျုပ်အရှေ့မှာဝင်ကာပေးတယ်။
“မလုပ်ပါနဲ့ရှင်၊ မလုပ်ပါနဲ့တော့”
ဘုံဆိုင်ပိုင်ရှင်ဦးလေးလည်း ဓါးကြီးတစ်လက်ကိုင်ဆွဲပြီး ပြေးထွက်လာတယ်။
“ဟေ့ကောင်၊ ငါ့ဆိုင်မှာ အေးအေးလူလူသောက်စရာရှိတာသောက်နော်၊ ပြဿနာမရှာချင်နဲ့၊ မင်းဘာဖြစ်သွားမယ်ထင်လဲ”
ဒီတော့မှ ဒီလူက ဆိုင်ထဲကနေထွက်သွားပါရောဗျာ၊ ကျုပ်ဆိုရင်တော်တော်ကို အောင့်သီးအောင့်သက်နဲ့ခံလိုက်ရတာ၊ ဒဏ်ရာတွေက နာတယ်ဆိုတာထက် ကိုယ့်ကိုအားကိုးတဲ့လူတစ်ယောက်အရှေ့မှာ အမှောက်ဆော်ခံလိုက်ရတာကို ခံအပြင်းဆုံးပဲဗျာ၊ ဒါနဲ့ ကျုပ်လူးလဲထပြီးတော့ ဒီလူရဲ့အနောက်ကိုပြေးလိုက်သွားတယ်။ ဒီလူက တခြားအရက်ဆိုင်ဝင်ပြီးတော့ အရက်သောက်နေသေးသဗျ၊ ကျုပ်က အမှောင်ရိပ်ထဲကနေ စောင့်နေရတာပေါ့ဗျာ၊ ကိုးနာရီလောက်မှ ဒီလူအဲဒီဆိုင်ကနေပြန်ထွက်လာတယ်၊ သူနေတဲ့ရပ်ကွက်ကလေးဆီကို လေကလေးတချွန်ချွန်နဲ့ ပြန်သွားပါရော၊ ကျုပ်က မယောင်မလည်နဲ့ သူ့အနောက်ကနေ အသာကလေးလိုက်ခဲ့တယ်ဆိုပါတော့ဗျာ။
လူပြတ်တဲ့စက်ရုံဟောင်းကြီးရဲ့ ဘေးလမ်းကလေးထဲရောက်တော့ ကျုပ်က ဒီလူကိုလှမ်းခေါ်လိုက်တယ်။
“ဟေ့လူ၊ ဒီမှာ ဟေ့လူ”
ကျုပ်ခေါ်တော့ ဟိုလူက လှည့်ကြည့်တယ်ဗျ၊ ကျုပ်ကိုသေချာပြူးပြဲကြည့်ရင်း
“အောင်မယ်၊ ခွေးကောင်၊ မင်းက ဒီအထိလိုက်လာတာလားကွ၊ ဘာလဲ ဒီနေရာမှာဆိုရင် ငါ့ကိုနိုင်မယ်လို့များထင်ထားလို့လားကွ၊ ဟား၊ ဟား၊ ငါကတော့ မင်းလိုပျော့တိပျော့ဖတ်ကောင်မျိုးကို တစ်ယောက်မဟုတ်ဘူး၊ ဆယ်ယောက် အကြောပေးတယ်ကွ၊ ဟား၊ ဟား”
ကျုပ်အံကိုတင်းနေအောင်ကြိတ်ထားလိုက်တယ်၊ ပြီးတော့ အိတ်ကပ်ကိုလက်နဲ့ပုတ်ပြီး
“မသိရေ ထွက်ခဲ့တော့၊ ဒီလူငါ့ကိုစော်ကားတာများနေပြီ၊ ဒီလူကို ဆော်စမ်းကွာ”
ကျုပ်စိတ်ထဲက ရေရွတ်ပြီးမကြာခင် ကျုပ်အနောက်မှာ မသိကပေါ်ထွက်လာတယ်၊ ဟိုလူက ကျုပ်ကိုကြည့်ပြီး ခွက်ထိုးခွက်လန်ရယ်နေရာကနေ မျက်နှာချက်ချင်းတည်သွားပြီး အံ့သြသွားတဲ့ရုပ်ဖြစ်သွားပါရော၊ ကျုပ်ကိုလက်ညှိုးထိုးပြီးတော့
“မင်းအနောက်မှာ၊ ဘာ . . ဘာကောင်ကြီးလဲ”
“ဟား၊ ဟား အဲဒါခင်ဗျားပြောတဲ့ ပျော့တိပျော့ဖတ်ကောင်ပဲဗျ”
မသိက ဒီလူကြီးဆီကိုပြေးဝင်သွားရောဗျာ၊ ဒီလူကလည်း သတ္တိတော့ကောင်းသားဗျ၊ ထွက်မပြေးဘဲ ပြန်ပြီးထိုးတာ၊ ဒါပေမယ့် မသိလိုနှစ်ချို့ပြီး ရှယ်စားထားတဲ့ကောင်ကို လူတစ်ယောက်က နိုင်မှာတဲ့လားဗျာ၊ သုံးလေးချီလောက် နပမ်းလုံးပြီးတဲ့အခါ ဒီလူကြီး ဖတ်ဖတ်ကိုမောနေပါရော၊ မသိက သူ့လက်သီးတွေနဲ့ တဘုန်းဘုန်းထုတဲ့အသံကြီးက ကြားရတာနဲ့တင် တော်တော်နာမယ်လို့ထင်ရတယ်။ ဒီလူမှောက်သွားတဲ့အခါ မသိက ကျုပ်ကိုလှည့်ကြည့်တယ်ဗျ။ သဘောကတော့ ဘာဆက်လုပ်ရမလဲဆိုတဲ့သဘောပေါ့ဗျာ။
“မသိ၊ မင်းဘာလုပ်ချင်တယ်”
“ငါစားချင်တယ်၊ ဒီလူကိုစားချင်တယ်”
“အေးကောင်းပြီ၊ မင်းကြိုက်သလိုသာလုပ်၊ ဒီလူကို ဂုတ်ချိုးပြီးပဲစားစား၊ အကောင်လိုက်ပဲ မြိုမြို မင်းကြိုက်သလိုသာ လုပ်စမ်းဟေ့”
ကျုပ်လည်း ဒေါသထွက်ထွက်နဲ့ပြောပြီးအိမ်ကိုပြန်လာခဲ့တာပေါ့ဗျာ။ ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ မောမောနဲ့ ကုတင်မှာထိုးအိပ်လိုက်မိတယ်၊ ညကျတော့ အဲဒီလူထိုးကြိတ်ထားတဲ့ ဒဏ်ရာတွေကြောင့် တစ်ကိုယ်လုံးကို ကိုက်ခဲနေတာပဲဗျာ၊ ကျုပ်တရေးနိုးတော့ ကျုပ်ရဲ့ဘေးနားမှာ မသိက ခွေခွေကလေးလာအိပ်နေသဗျ။
ဒီလိုနဲ့ နောက်တစ်နေ့ရောက်သွားပါရောဗျာ၊ မနက်အစောကြီးထပြီးတော့ မျက်နှာတွေဘာတွေသစ်ပြီး လက်ဖက်ရည်ဆိုင်ကိုထွက်လာခဲ့တယ်၊ လူတွေရုံးသွားချိန်အမီလှုပ်ရှားရမှာဆိုတော့ ဝီရိယကောင်းမှ ရမယ်မဟုတ်လားဗျာ၊ ကျုပ်လမ်းထိပ်လက်ဖက်ရည်ဆိုင်ထိုင်တော့ ဘေးဝိုင်းကလူတွေက ဆူညံဆူညံနဲ့ပြောနေသဗျ။
“ဟေ့ကောင်တွေ မင်းတို့ကွက်သစ်ထဲက လူမိုက်ဗလကြီးကိုသိတယ်မဟုတ်လား”
“သိတယ်လေကွာ၊ အမြဲပြဿနာရှာနေပြီးတော့ အချုပ်ထဲကိုဝင်လိုက်ထွက်လိုက်နဲ့လုပ်နေတဲ့ကောင်မဟုတ်လား”
“အေး၊ ညကပဲ အဲဒီကောင် စက်ရုံဘေးကလမ်းမှာ လဲပြီးသေနေပြီတဲ့ကွ”
“ဟာ၊ အမူးလွန်ပြီး လဲသေတာလား၊ ဒါမှမဟုတ် ဘယ်သူများသတ်သွားတာလဲဗျာ”
“အဲဒါကပဲထူးဆန်းတာကွ၊ ဗလကြီးသေနေတာ ပုံမှန်မဟုတ်ဘူးတဲ့ကွာ၊ တစ်ကိုယ်လုံးမှာရှိသမျှ အရိုးတွေအကုန်လုံး မွစိတက်အောင်ကျေပြီးတော့ သေနေတာတဲ့ကွ”
“ဟင် ဟုတ်လား ထူးဆန်းလိုက်တာဗျာ”
“ရဲတွေကတော့ အုပ်စုဖွဲ့ပြီး ချောင်းရိုက်ခံရတာလို့ ယူဆကြတယ်ကွ၊ အလောင်းက မြင်လို့တောင်မကောင်းဘူးဆိုပဲကွာ”
ကျုပ်လည်း လက်ဖက်ရည်လေးတစ်ကျိုက်သောက်ပြီးတော့ ပြုံးနေလိုက်မိတယ်ဗျ၊ ဘာပဲပြောပြော ကျုပ်ကိုရန်ရှာထားတဲ့ ငနဲတစ်ကောင်တော့ ကြွသွားပြီမဟုတ်လားဗျာ။
အဲဒီနေ့ လုပ်ငန်းလုပ်ပြီးပြန်တော့ ညနေစာကို ဘုံဆိုင်ကိုပဲ ဝင်ခဲ့လိုက်ပါတယ်၊ အေးဘုံက ကျုပ်ကိုကြည့်ပြီး သိပ်စိတ်ပူနေပုံပဲ၊ ကျုပ်ကလည်း ဒဏ်ရာတွေကို ဆေးမကုဘဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဒီအတိုင်းထားတာဆိုတော့ အနာတွေက ရောင်ကိုင်းနေတယ်ပေါ့ဗျာ၊ ထုံးစံအတိုင်းပါပဲ အေးဘုံက ကျုပ်ကိုထမင်းပြင်ပေးတယ်။
“ကိုကြီး ရရဲ့လား”
“ရပါတယ်၊ ဒီလောက်ကတော့ စာမဖွဲ့ပါဘူး အေးဘုံရာ”
ဒီအခါ ဘုံဆိုင်ပိုင်ရှင်က ကျုပ်စားပွဲမှာဝင်ထိုင်သဗျ၊ အေးဘုံကတော့ အလိုက်တသိပဲ ဆိုင်နောက်ကိုဝင်သွားတယ်၊ ဘုံဆိုင်ပိုင်ရှင်က ကျုပ်အရှေ့ကခွက်အလွတ်ထဲကို အရက်ငှဲ့ထည့်ပေးပြီး
“ကဲ လူပျိုကြီး၊ ခင်ဗျားနဲ့အေးဘုံအကြောင်းတွေ ကျုပ်ကြားပြီးပါပြီ”
ကျုပ်ကြောင်အမ်းအမ်းဖြစ်သွားတယ်၊ ဘုံဆိုင်ပိုင်ရှင်က
“ဘာမှမဖြစ်ပါနဲ့၊ အေးဘုံဆိုတာကလည်း အရွယ်ရောက်နေပြီမဟုတ်လား၊ ခင်ဗျားကလည်း လူပျိုလူလွတ်ဆိုတော့ လူလွတ်အချင်းချင်းတစ်ယောက်နဲ့တစ်ယောက်ချစ်နေကြတာကို ကျုပ်ဘာမှမပြောလိုပါဘူးလေ၊ ပြီးတော့ ကျုပ်တူမတော်တဲ့အေးဘုံကို ကျုပ်က ခင်ဗျားနဲ့ဆိုရင် ပိုပြီးသဘောတူတယ်၊ ခင်ဗျားက တစ်ယောက်တည်းလည်း ကောင်းကောင်းစားနိုင်သောက်နိုင်တယ်ဆိုတော့ တကယ်လို့သာ ခင်ဗျားနဲ့အေးဘုံနဲ့ အမှန်တကယ်ချစ်ကြိုက်ပြီးတော့ ယူဖြစ်သွားတယ်ဆိုရင်တောင် ကျုပ်ကန့်ကွက်စရာအကြောင်းမရှိပါဘူးဗျာ”
ကျုပ်ဘာပြောရမှန်းမသိတာနဲ့ ခေါင်းပဲညိတ်လိုက်တော့တယ်။
“ဒါပေမယ့် ကျုပ်တစ်ခုတော့ပြောချင်တယ်၊ အေးဘုံတို့ မိသားစုက ကျုပ်အပေါ်အကြွေးလေးတွေရှိတယ်”
သူဘာကိုဆိုလိုချင်တယ်ဆိုတာကိုကျုပ်သိလိုက်ပါပြီ၊ ဒါနဲ့ပဲ ကျုပ်က အရက်ခွက်ကိုကောက်ကိုင်လိုက်ပြီးတော့
“သူဘယ်လောက်တောင် တင်နေတာလဲ”
ဘုံဆိုင်ပိုင်ရှင်က လက်ငါးချောင်းထောင်ပြပြီးတော့
“ငါးသောင်းတင်နေတာပါ”
ငါးသောင်းဆိုတဲ့ငွေက အဲဒီခေတ်အနေအထားနဲ့ကြည့်ရင် နည်းနည်းများတယ်လို့ ပြောလို့ရတယ်၊ အစိုးရလခစာတောင်မှ တစ်လကိုလေးရာလောက်ရတဲ့ခေတ်မှာ ငါးသောင်းဆိုတာက ငွေပမာဏများတယ်လို့ပဲဆိုပါတော့ဗျာ၊ ကားတောင်ဝယ်စီးလို့ရသဗျ။
“ဟုတ်ပြီလေ၊ အဲဒီငါးသောင်းကျုပ်ဆပ်ပေးနိုင်တယ်ဆိုရင် ခင်ဗျားဆိုင်မှာအေးဘုံကို အလုပ်မလုပ်ခိုင်းနဲ့တော့”
ဘုံဆိုင်ပိုင်ရှင်က ပြုံးလျှက်
“သေချာတာပေါ့ကွာ၊ ဒါ့အပြင် အေးဘုံမိဘတွေကိုပါပြောပြီးတော့ ခင်ဗျားနဲ့လက်ထပ်နိုုင်အောင် စီစဉ်ပေးမယ်”
ကျုပ်လည်းကြိုက်သွားပြီလေဗျာ၊ အမှန်အတိုင်းပြောရရင် အေးဘုံကိုကျုပ်ချစ်နေမိပြီ ချစ်မိတဲ့အခါ ပိုင်ဆိုင်ချင်တာ ဘသာဝပဲမဟုတ်လား၊ ကျုပ်အေးဘုံကို ရဖို့အတွက် ဘာမဆိုလုပ်ရဲတဲ့အချိန်မှာ ကျုပ်အတွက် ငွေငါးသောင်းဆိုတာက သိပ်ခက်ခက်ခဲခဲတော့မဟုတ်တော့ဘူးပေါ့ဗျာ။
ဒီလိုနဲ့ နောက်ရက်ပဲ ကျုပ်လေဟာပြင်ဈေးထဲကိုလာခဲ့တယ်၊ အဲဒီမှာ တကယ့်ရွှေအစစ်နဲ့တူတဲ့ ရွှေအတုတွေရှိတယ်၊ ကျုပ်က ရွှေအတုတန်းကိုပတ်ပြီးတော့ ကျုပ်လိုချင်တဲ့ရွှေထည်တွေကိုဝယ်ယူခဲ့တယ်၊ မောင်းကွင်းတွေ၊ ဘတ်ကြိုးတွေပေါ့ဗျာ၊ လူတွေများများသုံးမယ့်ပုံစံ၊ ရွှေဆိုင်တွေမှာ များများရောင်းမယ့်ပုံစံကိုဝယ်ခဲ့တာပေါ့။
ကျုပ်ရဲ့ပစ်မှတ်ကတော့ ရွှေဘုံသာလမ်းက ရွှေဆိုင်တွေပဲဗျ၊ ရွှေဘုံသာလမ်းဆိုတာ လမ်းနာမည်အတိုင်း ရွှေဆိုင်လည်းသိပ်ပေါတာကိုး၊ ဒီလိုနဲ့ ရွှေဆိုင်ကြီးတစ်ဆိုင်ထဲကိုဝင်လိုက်တယ်၊ ရွှေဝယ်မယ်ဆိုပြီးတော့ အရောင်းစာရေးမလေးကို ရွှေလက်စွပ်တွေ ထုတ်ပြခိုင်းတယ်။ အရောင်းစာရေးမလေးတွေ လစ်တဲ့အချိန်မှာ အိတ်ကပ်ကိုပုတ်ကြည့်ရင်း
“ကဲ မသိရေ၊ မင်းရဲ့အစွမ်းတွေပြဖို့အချိန်ရောက်ပြီ၊ ငါ့အိတ်ထဲက ရွှေလက်စွပ်အတုတွေယူပြီးတော့ ရွှေဆိုင်က ပုံစံတူလက်စွပ်တွေနဲ့ လဲယူပေးရမယ်”
မသိကလည်း ကျုပ်ခိုင်းတဲ့အတိုင်း တစ်သွေမတိမ်းလုပ်ရှာပါတယ်ဗျာ၊ မောင်းကွင်းတို့ ဘတ်ကြိုးတို့ဆိုတာ ရွှေဆိုင်တွေမှာပေါတယ်ဆိုတော့ အတုနဲ့အစစ်လဲလိုက်လို့ သိပ်မသိပါဘူးဗျာ၊ ပြီးတော့ ကျုပ်က ရွှေမဝယ်ဘဲ ပြန်ထွက်လာခဲ့တော့တယ်၊ ဒီလိုနဲ့ ဆိုင်လေးငါးဆိုင်လောက် ပတ်လိုက်တဲ့အခါ ကျုပ်လွယ်အိတ်ထဲမှာ ရွှေတော်တော်များများစုမိနေပြီဗျ။ ဒီရွှေတွေရတဲ့အခါ ရန်ကုန်မှာ မထုခွဲရဲဘူးဗျာ၊ ဒါနဲ့ ပဲခူးကိုဆင်းရတယ်၊ ကျုပ်ဆီက ရွှေတွေကို ပဲခူးမှာရှိတဲ့ ရွှေဆိုင်တွေမှ ထုခွဲရောင်းချရတယ်၊ အဲဒီခေတ်က ရွှေစစ်တယ်ဆိုရင် ဆိုင်တော်တော်များများက ဝယ်တဲ့ခေတ်ကိုးဗျ။
ဒီလိုနဲ့ ပိုက်ဆံငါးသောင်းက လက်ထဲထွေးခနဲစုမိတယ်ပေါ့ဗျာ၊ ရတဲ့ပိုက်ဆံတွေကို ဘုံဆိုင်ပိုင်ရှင်ကိုအပ်လိုက်တဲ့အခါ ဘုံဆိုင်ပိုင်ရှင်လဲပျော်သလို အေးဘုံလည်း တော်တော်ပျော်ရှာတယ်ဗျ၊
“ကဲ အေးဘုံ၊ အခုအကြွေးတွေကျေပြီဆိုတော့ ဘုံဆိုင်မှာမနေနဲ့တော့၊ အခုပဲ ကိုကြီးအိမ်ကိုလိုက်ခဲ့ပါတော့”
အေးဘုံက ခေါင်းညိတ်တယ်ဗျာ၊ ဘုံဆိုင်ပိုင်ရှင်ကလည်း
“ကောင်းပြီ ကိုမြင့်မောင်၊ တစ်ပတ်ကြာတဲ့အခါ အေးဘုံမိဘတွေနဲ့ တိုင်ပင်ပြီးတော့ မင်္ဂလာဆောင်ဖို့ ကျုပ်ပြင်ဆင်ပေးမယ်”
ဒါနဲ့ ကျုပ်အိမ်ကလေးဆီကို မိန်းမတစ်ယောက် ပါလာခဲ့တယ်ဆိုပါတော့ဗျာ၊ အေးဘုံက တောသူမို့ အားကိုးရတယ်ဗျ၊ အိမ်ရောက်တဲ့အခါ အိမ်ကိုသန့်ရှင်းရေးလုပ်ပြီးတော့ ကျုပ်ရဲ့အဝတ်အစားတွေကို လျှော်ဖွပ်ပေးပါရောဗျာ၊ ညနေကျတော့ သူကိုယ်တိုင်ဈေးသွားပြီး ကျုပ်ကိုဟင်းတွေချက်ကျွေးသဗျ၊ ကျုပ်ဖြင့် ညားခါစလင်မယားတွေလိုမျိုး ပျော်ရွှင်နေမိပါရော။ ညကျတော့ ကျုပ်နဲ့အေးဘုံနဲ့ အချစ်ရေယာဉ်ကျောမှာ အတူတူစီးမြောကြတယ်ပေါ့ဗျာ။
မိန်းမယူတာ တစ်ခုတော့ကောင်းတယ်ပြောရမယ်ဗျ၊ တခြားမတွေးပါနဲ့ဗျာ၊ ဘာမဆိုအဆင်သင့်ရယ်ဗျ၊ မနက်မိုးလင်းတာနဲ့ အေးဘုံက ကျုပ်စားဖို့ အစားအသောက်တွေအသင့်ပြင်ဆင်ပြီးပါရောဗျာ၊ သွားပွတ်တံနဲ့ မျက်နှာသစ်ဆပ်ပြာတောင်အဆင်သင့်ပဲ၊
“အေးဘုံရယ်၊ ဒါတွေလုပ်မနေစမ်းပါနဲ့ အေးဘုံပင်ပန်းတာပေါ့၊ မနက်စာက လက်ဖက်ရည်ဆိုင်မှာစားလို့လည်းရပါတယ်”
“အို ကိုကြီးကလည်း၊ မိန်းမတစ်ယောက်လုံးရှိနေပြီးတော့မှ လက်ဖက်ရည်ဆိုင်မှာ ထွက်စားနေရတယ်ဆိုရင် ပတ်ဝန်းကျင်က ညီမကိုပြောမှာပေါ့၊ ပြီးတော့ အမြဲဝယ်စားနေရတော့ ကုန်ကျစားရိတ်များတာပေါ့”
“အောင်မယ်လေး၊ ငွေအတွက်တော့ မပူပါနဲ့အေးဘုံရယ်၊ အေးဘုံလိုချင်တာရှိရင်ပြော အကိုအားလုံးဖြည့်ဆည်းပေးမယ်”
ကျုပ်မျက်နှာသစ်ပြီး အေးဘုံပြင်ပေးတဲ့ ထမင်းပူပူကလေးကိုစားလိုက်တယ်၊ စားသောက်ပြီးတော့ အဝတ်အစားလဲပြီး လွယ်အိတ်ကိုလွယ်လိုက်တယ်။
“ကဲ အေးဘုံ၊ အကိုအလုပ်သွားတော့မယ်”
“ဟုတ်ကဲ့ ကိုကြီး၊ ဒါနဲ့ ကိုကြီးက ဘာအလုပ်လုပ်တာလဲ”
အေးဘုံရဲ့ ရုတ်တရက်အမေးကို ကျုပ်ဘယ်လိုဖြေရမလဲကို မသိတော့ဘူးဗျာ၊ ဒါနဲ့ခေါင်းထဲရှိတာ စဉ်းစားရင်း
“ဟိုလေ၊ ကိုကြီးက စာရေးလုပ်တာပါ”
“ဟုတ်လား ဘယ်ရုံးမှာစာရေးလုပ်တာလဲ”
“ပြန်ကြားရေး . . ပြန်ကြားရေးရုံးမှာ”
“ကိုကြီးတို့ရုံးက လစာကောင်းတယ်ပြောရမယ်နော်၊ နေ့တိုင်း ဘုံဆိုင်မှာ ကောင်းကောင်းစား ကောင်းကောင်းသောက်နိုင်တယ်”
“အင်း၊ ဒီလိုပါပဲ အေးဘုံရယ်၊ ဟော၊ ရုံးသွားချိန်တောင် နောက်ကျတော့မယ်၊ သွားတော့မယ်အေးဘုံ”
ကျုပ်အေးဘုံကို နှုတ်ဆက်ပြီးတော့ အိမ်ကနေအမြန်ပြေးထွက်လာခဲ့တယ်၊ အိမ်မှာကြာကြာနေရင်လည်း အလိမ်ပေါ်သွားနိုင်တယ်မဟုတ်လားဗျာ၊ ဒီလိုနဲ့ ကားပေါ်ရောက်တော့ အကြွေစေ့ကလေးကို ပုတ်လိုက်ရင်း
“ကဲ မသိရေ၊ မင်းလုပ်ငန်းစဖို့အချိန်ရောက်ပြီဟေ့”
ကျုပ်ပုတ်ပြီးပြောလိုက်ပေမယ့် မသိက ထွက်မလာဘူးဗျ၊ ဒါနဲ့ ကျုပ်ဒီကောင်မကြားတာများလားဆိုပြီး သုံးလေးခါလောက် ပုတ်ကြည့်သေးတယ်ဗျာ၊ ဒါပေမယ့် ထူးမလာဘူးဗျ၊ နောက်ဆုံးတော့ အရှေ့က မှတ်တိုင်မှာဆင်းလိုက်ရတယ်၊ လူရှင်းတဲ့နေရာကိုရောက်တော့ ဒီကောင်မသိကို ကြိတ်ပြီးဆူရတယ်ဗျ။
“ဟေ့ကောင် မင်းဘယ်လိုဖြစ်နေတာလဲ၊ မင်းကို ငါခိုင်းတဲ့အတိုင်းလုပ်ရင်လုပ်နော်ဟေ့ကောင်၊ မဟုတ်ရင် မင်းကိုငါထမင်းမကျွေးဘူး”
မသိဆီက ဘာမှမထူးခြားခဲ့ပါဘူးဗျာ၊ ဒါနဲ့ နောက်ထပ်ကားတစ်စီးပေါ်တက်ပြီး ကြိုးစားပြန်တယ်၊ လုံးဝမရဘူးဗျ၊ နောက်ဆုံးကျုပ်တော်တော်စိတ်ပျက်လာခဲ့တယ်၊ ညနေရောက်တဲ့အထိ ဘယ်လိုမှလုပ်မရလို့ နောက်ဆုံးစိတ်ညစ်ညစ်နဲ့ အိမ်ကိုပြန်လာခဲ့တယ်၊ လက်ထဲရှိသမျှကို သောက်စားသုံးဖြုန်းနေတဲ့လူဆိုတော့ လက်ထဲမှာ ကားခအပြင် ပိုက်ဆံမရှိဘူးဗျာ၊ ဘုံဆိုင်ရှေ့ရောက်တော့ စိတ်ညစ်ညစ်နဲ့ ဘုံဆိုင်ထဲကိုဝင်သွားလိုက်တယ်။
“ဟာ ကိုမြင့်မောင်ပါလား၊ အိမ်မှာ မိန်းမရှိနေပြီပဲ ဒီကိုလာစရာလိုသေးလို့လားဗျ”
ကျုပ်ဘာမှမပြောနိုင်ပါဘူးဗျာ၊ အရက်တစ်ပုလင်းအကြွေးနဲ့ဝယ်ပြီးတော့ အိမ်ကိုခြေဦးလှည့်လာခဲ့တော့တယ်၊ ဆိုင်ကမထွက်ခင် အမဲသားဟင်းနဲ့ ထမင်းတစ်ထုပ်လောက်တော့ သယ်သွားချင်သေးသဗျ၊ ဒါပေမယ့် ဘုံဆိုင်ပိုင်ရှင်က အမေးအမြန်းထူနေမှာမို့လို့ မသယ်ဘဲ အရက်ပုလင်းဆွဲပြီးပြန်လာခဲ့တယ်။
အချိန်က နွားရိုင်းသွင်းချိန်လောက်ပေါ့ဗျာ၊ အိမ်ကိုပြန်တဲ့လမ်းကလည်း လူပြတ်တယ်ဆိုတော့ အရင်ဖြတ်နေကျ ရေတွင်းကြီးနားရောက်တဲ့အချိန်မှာ မသိက ကျုပ်ဘေးနားမှာ ဘွားခနဲပေါ်လာခဲ့ပါရော။ ကျုပ်ဆိုဒေါသတွေထွက်တာ ပြောမနေပါနဲ့ဗျာ။
“ဟေ့ကောင် မသိ မင်းကဘာအချိုးချိုးတာလဲ၊ မင်းကိုငါက ကောင်းကောင်းမွေးပြီး ကောင်းကောင်းကျွေးထားတာကို မင်းက အခုဘာဖြစ်ချင်တာလဲ၊ မင်းတစ်သက်လုံး ငတ်ချင်လို့လားကွ”
စိတ်ညစ်ညစ်နဲ့ ကျုပ်အော်ပြောလိုက်တယ်၊ မသိကတော့ ကျုပ်ကိုမထုံတတ်တေးမျက်နှာပေးနဲ့ပဲကြည့်နေတယ်။
“မင်းက ထမင်းဝတော့ ဒီအချိုးချိုးတာလား၊ ငါတစ်သက်လုံး မင်းအပေါ်ကို ကောင်းပေးခဲ့တယ်၊ မင်းကိုငါ ကောင်းကောင်းကျွေးခဲ့တယ်၊ အောက်လမ်းဆရာတွေတောင်မှ မင်းလိုသရဲကို နေ့တိုင်းအမဲသားနဲ့မကျွေးနိုင်တဲ့အချိန်မှာ ငါကမင်းကို အမဲသားဟင်းနဲ့ ကျွေးခဲ့တယ်မဟုတ်လားကွ”
“ဒီနေ့ရော ငါ့ဖို့ပါမလာဘူးမဟုတ်လား”
မသိက အသံလေးလေးပင်ပင်ကြီးနဲ့ပြောတော့ ကျုပ်ခေါင်းညိတ်လိုက်မိတယ်၊ မသိက အနားကသစ်ကိုင်းတစ်ကိုင်းပေါ်ကို လှမ်းခုန်တက်လိုက်ပြီးတော့
“မနေ့ကလည်း မင်းငါ့ကိုမကျွေးဘူး၊ ဒီနေ့လည်း ငါ့ကိုမကျွေးဘူး၊ အစားမစားရရင် ငါအလုပ်လုပ်မပေးဘူး”
“သြော်၊ မင်းက ထမင်းမကျွေးလို့ ငါ့ကိုတမင်အရွဲ့တိုက်တာပေါ့ဟုတ်လား”
“ထမင်းကျွေးတာနဲ့မဆိုင်ဘူး၊ မင်းကိုငါမကျေနပ်ဘူး”
“အောင်မာ၊ မင်းက မကျေနပ်ရအောင် ငါကမင်းကို ဘာတွေလုပ်နေလို့လဲကွ”
“မင်းအိမ်ကို မိန်းမတစ်ယောက်ခေါ်လာတယ်မဟုတ်လား”
“အေး၊ ဘာဖြစ်လဲကွာ၊ သူ့ကိုငါချစ်တယ်၊ ငါချစ်လို့ အိမ်ခေါ်ထားတယ် ဘာဖြစ်လဲ”
“မချစ်ရဘူး သူ့ကိုမချစ်ရဘူး၊ သူက မကောင်းဘူး”
“တော်စမ်း မသိ၊ မင်းမဟုတ်တာတွေ ဆက်မပြောနဲ့၊ ငါ့အိမ်မှာ ငါ့မိန်းမကိုခေါ်ထားတာ ဘာဖြစ်သလဲ၊ မင်းမနေချင်ရင် ငါ့အိမ်ကနေထွက်သွား”
ဒီအချိန် ရေပုံးတွေဆွဲလာတဲ့ လူနှစ်ယောက်ရောက်လာတယ်ဗျ၊ တစ်ယောက်တည်း အော်ဟစ်နေတဲ့ကျုပ်ကို အူကြောင်ကြောင်နဲ့ကြည့်နေကြတယ်၊ ကျုပ်လှည့်ကြည့်လိုက်တော့ မသိတစ်ယောက်မရှိတော့ဘူး၊ မရှိတာမှ ဘယ်ကိုရောက်သွားမှန်းမသိအောင်မရှိတော့တာ။
အိမ်ကိုပြန်လာတော့ အေးဘုံက လှေကားရင်းကနေထိုင်စောင့်နေသဗျ၊ ကျုပ်ကိုမြင်တာနဲ့ ကျုပ်ဆီပြေးလာပြီးတော့ လွယ်အိတ်တွေဘာတွေဆွဲယူရှာတယ်။
“ကိုကြီး ပြန်လာပြီလား၊ ဟောတော် အရက်ပုလင်ကြီးလည်း ကိုင်လို့ပါလား၊ စောစောစီးစီးသောက်လာတာလားဟင်”
အေးဘုံမျက်နှာကိုမြင်လိုက်ရတော့မှ စိတ်ထဲနည်းနည်းပြေသလိုဖြစ်သွားတယ်။
“အကိုကြီး ရေမိုးချိုးပြီးအဝတ်အစားလဲလိုက်တော့၊ အေးဘုံထမင်းပြင်ထားတယ်၊ ထမင်းစားပြီးတော့မှ အေးအေးဆေးဆေးအရက်သေက်ပေါ့”
ကျုပ်အဝတ်အစားတွေချွတ်ပြီးတော့ ရေတိုင်ကီထဲက ရေတွေကိုခပ်လောင်းချလိုက်တော့တယ်၊ စိတ်ညစ်ညစ်နဲ့ ရေတိုင်ကီထဲက ရေတွေအကုန်လုံး ခေါင်းကိုတဝေါဝေါနဲ့လောင်းချလိုက်တော့မှ ပူထူနေတဲ့ကျုပ်ခေါင်းတွေအေးသွားသလိုခံစားလိုက်ရတယ်၊ ခေါင်းအေးသွားတော့မှ ကျုပ်မှားမှန်းသိလိုက်တယ်၊ ဒါနဲ့ ညအိပ်ခါနီးကျတော့ အိမ်သာထဲကိုဝင်လိုက်ပြီးတော့ အကြွေစေ့ကလေးကို ကိုင်ရင်း
“မသိရေ၊ ငါမှားသွားပါတယ်ကွာ၊ ငါမင်းကို အော်ခဲ့မိပါတယ်၊ ငါ့ကိုခွင့်လွှတ်ပါ၊ ငါ့ဆီကိုမင်းပြန်လာခဲ့ပါကွာ”
ဒီအချိန် အိမ်သာတံခါးအရှေ့မှာ မသိက ပေါ်လာခဲ့တယ်၊
“ငါ့ကိုအိမ်မှာထားမယ်ဆိုရင် အဲဒီမိန်းမကို အိမ်မှာမထားနဲ့”
“မင်းဘယ်လိုပြောလိုက်တာလဲ မသိရာ”
“အဲဒီမိန်းမကို အိမ်မှာမထားနဲ့၊ အဲဒီမိန်းမက မကောင်းဘူး၊ လုံးဝမကောင်းဘူး”
“မင်းက ဘာဖြစ်ပြန်ပြီလဲကွ၊ ဒီအတိုင်းငါတို့ အတူတူနေလို့မရဘူးလား”
“ဒီမိန်းမက မကောင်းဘူး၊ ဒီမိန်းမက မိန်းမယုတ်၊ ဒီအိမ်မှာ မင်းနဲ့ငါနဲ့နှစ်ယောက်တည်းနေမယ်၊ တခြားသူမလိုချင်ဘူး”
မသိက ပြောချင်ရာပြောပြီး ပျောက်သွားပါရောဗျာ။
မနက်ရောက်တော့ အေးဘုံတစ်ယောက် ထိတ်ထိတ်ပြာပြာနဲ့ဖြစ်နေသဗျ။
“ကိုကြီး ဒီအိမ်မှာ သရဲရှိတယ်၊ သရဲခြောက်တယ်”
“စိတ်အေးအေးထားပါအေးဘုံရာ၊ အေးဘုံ စိတ်ထင်လို့ဖြစ်မှာပါ”
“စိတ်ထင်တာမဟုတ်ဘူးကိုကြီး ညက အေးဘုံအိပ်နေတုန်း အေးဘုံရဲ့ခြေထောက်ကို အဆွဲခံရတယ်၊ ပြီးတော့ အိပ်မက်ထဲမှာ လူကြီးတစ်ယောက်က ဒီအိမ်မှာမနေနဲ့ ဆက်နေရင်သေမယ်ဆိုပြီး အေးဘုံကိုပြောဆိုသွားတယ်”
ဒါဘယ်သူ့ရဲ့လက်ချက်လဲဆိုတာတော့ ပြောစရာမလိုတော့ပါဘူးဗျာ၊ အိမ်မှာ အေးဘုံကို အမြင်မကြည်တာက မသိတစ်ကောင်ထဲရှိတာမဟုတ်လား၊ ဒါနဲ့မသိကို အေးဘုံကိုမခြောက်ဖို့ ကြိမ်းမောင်းရတော့တယ်။ ကျုပ်နဲ့မသိ ပြန်ပြီးအဆင်ပြေလာတယ်ဆိုပါတော့ဗျာ၊ မသိက အရင်လိုလှုပ်ရှားပေးတယ်၊ ကျုပ်ကလည်း သူ့ကိုပြန်ပြီးအစာတွေကျွေးပေါ့ဗျာ၊ ဒီလိုဖြစ်ပြီးတော့ တစ်ပတ်လောက်ကြာတဲ့အခါမှာတော့ မသိက ဗွေဖောက်တော့တာပါပဲ။ အဲဒီနေ့က မသိကိုဘယ်လိုမှ လှုပ်ရှားခိုင်းလို့မရဘူးဗျ၊ မနက်ခင်းတစ်ခင်းလုံး ကြိုးစားလို့မထူးတဲ့အခါကျတော့ နေ့လည်မတိုင်ခင်မှာပဲ အိမ်ကိုပြန်လာခဲ့တယ်၊ မသိကိုတော့ ကျုပ်အပြစ်မမြင်ပါဘူးဗျာ၊ ဒီကောင်လည်း တစ်ရက်တစ်လေတော့ နားသင့်တယ်လို့ပဲယူဆလိုက်တယ်။
အိမ်ကိုပြန်လာတော့ အိမ်က တိတ်ဆိတ်နေသဗျ၊ အေးဘုံတစ်ယောက် အပြင်ကိုသွားတဲ့ပုံပဲဗျာ၊ ကျုပ်လည်း အော်ခေါ်မနေဘဲ အိမ်အောက်ကိုဝင်ခဲ့လိုက်တယ်၊ ကျုပ်တို့အိမ်က ခြေတံရှည်အိမ်ဗျ။ အိမ်အောက်ရောက်ပြီး ရှပ်အင်္ကျီကလေးချွတ်လို့ တန်းပေါ်လွှားတင်လိုက်တုန်းရှိသေးတယ် အိမ်ပေါ်ကနေ ရယ်သံသဲ့သဲ့ကြားရတယ်ဗျ၊
“အေးဘုံ အိမ်မှာရှိတာပဲ”
အိမ်ပေါ်တက်မယ်လုပ်တော့ ယောက်ျားလေးအသံတစ်ခုပါကြားရသဗျာ၊ ဒါနဲ့ အိမ်ပေါ်ကိုအသာကလေးတက်သွားပြီး အိမ်ခန်းထရံကိုနားနဲ့ကပ်ကြည့်လိုက်တယ်။
“ဟာ၊ ဦးကလည်း သိပ်ဆိုးတာပဲ”
“အိုကွာ ဆိုးတယ် ဆိုးတယ် ဘာဖြစ်လဲ၊ အေးက ဆိုးမှကြိုက်တာမဟုတ်လား”
အသံက အေးဘုံအသံနဲ့ ဘုံဆိုင်ပိုင်ရှင် သူ့ဦးလေးအသံဗျ၊ ဒါနဲ့ကျုပ်လည်း သေချာအောင်လို့ ထရံပေါက်ကနေဖြဲပြီးကြည့်လိုက်တယ်။
မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကျုပ်အံ့အားသင့်မိသွားတယ်ဗျ၊ အေးဘုံနဲ့ သူ့ဦးလေးနဲ့က ကျုပ်တို့အိပ်တဲ့ကုတင်ပေါ်မှာ လင်မယားတွေလိုအိပ်နေကြတာဗျာ၊ ကြည့်နေရင်း ဘုံဆိုင်ပိုင်ရှင်က ပြောသဗျ။
“အေးလေး၊ သိပ်အချိန်ဆွဲမနေနဲ့၊ ဒီလူက ဆိုင်မှာနေ့တိုင်း ငါးဆယ်ဖိုးတစ်ရာဖိုးလောက် စားနိုင်ပုံထောက်ရင် သူ့မှာ ပိုက်ဆံတွေဘာတွေ သိမ်းထားတာတော်တော်ရှိမှာပဲ”
“အို မထင်ပါနဲ့ ဦးရယ်၊ သူအလုပ်သွားနေတုန်း အေးဘုံက တစ်အိမ်လုံးကို ရှာကြည့်ပြီးပါပြီ၊ ပိုက်ဆံနဲ့တူတာ တစ်ခုမှမရှိဘူး”
“အင်းလေ၊ ဘာပဲပြောပြော စိတ်ရှည်ရမှာပေါ့၊ ဒီကောင့်ကောင်းမှုနဲ့ တို့တွေ ငါးသောင်းတောင်ရခဲ့တယ်မဟုတ်လား”
“ဟုတ်ပါ့ ဦးလေးရယ်၊ ဒီလူက သူ့ကိုယ်သူတော့ လူရည်လည်လှပြီထင်တာ၊ တကယ်တမ်းကတော့ ငတုံးတစ်ယောက်ပဲ၊ အေးနဲ့ဦးနဲ့ကို တူဝရီးတွေလို့ ပြောတာလည်းယုံတယ်၊ ပြီးတော့ အေးမှာအကြွေးငါးသောင်းရှိတယ်ဆိုတာလည်း ယုံတာပဲ”
“ကောင်းတယ်၊ ကောင်းတယ် ယုံပါစေအေးရယ်၊ အခုဒီလူက ငါတို့ဂွင်ထဲမှာရောက်နေပါပြီ၊ ရှေ့အပတ်ကျရင် အေးရဲ့မိဘတွေလို့ လူတစ်ချို့ကိုအယောင်ဆောင်ခိုင်းပြီးတော့ မိသားဖသားပီပီတင်တောင်းပါဆိုပြီး တင်တောင်းခိုင်းမယ်၊ ငွေလိုတဲ့အခါတိုင်း သူ့ကို နည်းမျိုးစုံနဲ့ ညှစ်ကြရင်မကောင်းဘူးလား၊ ဟော ဒါနဲ့ အခုအချိန်သူပြန်လာမှ အခက်ပဲ”
“ဘာမှမစိုးရိမ်ပါနဲ့ ဦးရယ်၊ ဒီလူက မနက်အိမ်ကထွက်သွားပြီး တစ်နေ့လုံးအလုပ်သွားနေတာ၊ ညနေမိုးချုပ်မှ အိမ်ပြန်လာတာပါဦးရဲ့၊ မသွားပါနဲ့အုံး၊ အေးရဲ့အနားမှာ နေပေးပါအုံး”
“အေး၊ နေမယ်၊ နေပေးမယ်ဟေ့”
ကျုပ်အော်ပြီးတော့ အိမ်ခန်းထဲကိုပြေးဝင်သွားလိုက်တယ်၊ သူတို့နှစ်ယောက်က တအံ့တသြနဲ့ အံ့အားသင့်နေကြတယ်ဗျာ၊ ဘုံဆိုင်ပိုင်ရှင်က ကျုပ်ကိုမြင်တာနဲ့ အိမ်ပေါ်ကနေပြေးဆင်းသွားတာပဲဗျာ၊ ကျုပ်က ဒီလူ့နောက်ကို လိုက်မနေတော့ပါဘူး၊ ကုတင်ပေါ်က အေးဘုံကို လက်ညှိုးငေါက်ငေါက်ထိုးပြီးတော့
“ဟဲ့ကောင်မ၊ မိန်းမယုတ်၊ ဒါကြောင့် နင့်ကိုမသိက မိန်းမယုတ်လို့ပြောတာကိုး၊ ငါ့မှာတော့ ဘုမသိဘမသိနဲ့ မသိကိုစိတ်ဆိုးလိုက်ရတာ၊ နင့်ကိုငါသတ်မယ်၊ နင့်ကိုငါသတ်မယ်”
ကျုပ်စိတ်တွေ ဘယ်လိုမှထိန်းမရတော့ပါဘူးဗျာ၊ ဒါနဲ့ ကုတင်ပေါ်ကိုခုန်တက်ပြီးတော့ အေးဘုံကိုလည်ပင်းညှစ်လိုက်မိတယ်၊ အေးဘုံတစ်ယောက် လည်ပင်းအစ်သွားတော့ တအစ်အစ်နဲ့ဖြစ်နေတာပေါ့ဗျာ၊ ကျုပ်က အဲဒီတော့မှ လန့်သွားပြီး လက်ကိုလွှတ်လိုက်မိတယ်။
“မဖြစ်ဘူး၊ ငါလူသတ်လို့မဖြစ်ဘူး”
ကျုပ်အနောက်ဆုတ်လိုက်တဲ့အချိန်မှာ အေးဘုံရဲ့အနောက်မှာ မသိက ပေါ်လာတယ်ဗျ၊ မသိက ကျုပ်ကို ပြုံးကြည့်နေရင်း အေးဘုံရဲ့လည်ပင်းကို လက်နဲ့ဆုပ်ကိုင်လိုက်တယ်။
“ဟေ့ကောင်မသိ၊ မလုပ် . . . မလုပ်နဲ့”
ကျုပ်အသံပြဲကြီးနဲ့ အော်ထည့်လိုက်ပေမယ့် မရတော့ပါဘူးဗျာ၊ မသိက အေးဘုံရဲ့လည်ပင်းသွယ်သွယ်ကို သူ့လက်ချောင်းကြီးတွေနဲ့ ကိုင်ပြီး တစ်ချက်တည်းညှစ်ချထည့်လိုက်ပါရော၊ အေးဘုံက လူးလွန့်နေပြီးတော့ နှစ်မိနစ်လောက်ကြာတဲ့အခါ ငြိမ်ကျသွားတော့တယ်၊ မျက်လုံးကြီးနှစ်ဖက်လည်း ပြူးနေရောပေါ့ဗျာ။
အရပ်ထဲကလူတွေက အော်သံကြားလို့ပြေးလာတဲ့အချိန်မှာ အခန်းထဲမှာ ငေါင်ငေါင်ကြီးရပ်နေတဲ့ကျုပ်ရယ်၊ ကုတင်ပေါ်မှာ လည်ပင်းညှစ်ခံရပြီးသေနေတဲ့ အေးဘုံရယ်ကို တွေ့သွားကြပါရောဗျာ။
“မသတ်ဘူး၊ ကျုပ်မသတ်ဘူး၊ အေးဘုံကို ကျုပ်မသတ်ဘူး”
ကျုပ်ဘယ်လိုပြောပြော မရတော့ပါဘူးဗျာ၊ အားလုံးကတော့ ကျုပ်သတ်တယ်လို့ပဲ ထင်နေကြတာဗျ၊ အရပ်ထဲကလူတွေက ကျုပ်ကိုဖမ်းချုပ်ပြီးတော့ ရဲစခန်းကိုဆွဲခေါ်သွားကြတယ်၊ ကျုပ်အိမ်ပေါ်ကဆင်းခါနီးမှာ အိမ်ကိုတစ်ချက်လှည့်ကြည့်လိုက်တော့ မသိက အိမ်ပေါ်အတက်အဆင်းလှေကားမှာထိုင်ရင်း ကျုပ်ကိုပြုံးရင်းကြည့်နေပါရောဗျာ။
အခုဆိုကျုပ်ထောင်ထဲမှာပေါ့ဗျာ၊ အေးဘုံကိုသတ်တဲ့အမှုနဲ့ ကျုပ်ထောင်ဆယ်နှစ်ကျတယ်၊ ကျုပ်ရဲဘက်စခန်းမှာနေရင်း တစ်ခါတစ်ခါတော့ မိန်းမလည်အေးဘုံကို သတိရမိတယ်ဆိုပေမယ့် ကျုပ်သတိအရဆုံးလူကတော့ မသိဆိုတဲ့ သရဲကြီးကိုပဲဗျ၊ မသိလည်း ကျုပ်ကိုသတိရရင် ရနေအုံးမှာပါဗျာ၊ မသိနေတဲ့ အကြွေပြားကလေးက ကျုပ်အိမ်အောက်က လှန်းထားတဲ့ ရှပ်အင်္ကျီရဲ့ အိပ်ကပ်ထဲမှာ ကျန်နေခဲ့တယ်မဟုတ်လား။
ကျုပ်ထောင်ကနေလွတ်သွားတဲ့တစ်နေ့ကျရင် ကျုပ်အိမ်ကိုပြန်သွားပြီး မသိကိုသွားပြန်ရှာမယ်၊ ကျုပ်နဲ့သူနဲ့အရင်လိုပြန်ပြီးတော့ အလုပ်တွေပြန်လုပ်ချင်ပါသေးတယ်ဗျာ။
(၄)
“ဘယ်လိုလဲဆရာ သူရေးထားတဲ့စာက ထူးဆန်းတယ်မဟုတ်လား”
ထောင်မှူးကြီးမှာ အကျဉ်းသားမြင့်မောင်ရေးထားသည့် ဗလာစာအုပ်အတွင်းမှ စာသားများကိုဖတ်ရှုပြီးနောက်
“ထူးတာလား ရူးတာလားတော့ မသိပါဘူးကွာ၊ ဒါနဲ့ အကျဉ်းသားမြင့်မောင်ကို သဂြိုဟ်ဖို့ အကုန်စီစဉ်ပြီးပြီလား”
“စီစဉ်ပြီးပါပြီ ဆရာ၊ ဒါပေမယ့် သူ့ရဲ့ဆွေမျိုးတွေကို လိုက်လံစုံစမ်းပေမယ့် စုံစမ်းလို့မရပါဘူး”
“သူက တစ်ကောင်ကြွက်လို့ ပြောထားပြီးသားပဲမဟုတ်လား၊ အကျဉ်းသားမြင့်မောင် ရဲဘက်စခန်းမှာ ငှက်ဖျားအပြင်းအထန်ဖြစ်ပြီးတော့ သေဆုံးသွားတာကို မှတ်တမ်းတင်ထားလိုက်ပါ၊ ပြီးတော့ သူ့ကိုယ်ပိုင်ပစ္စည်းတွေကိုလည်း ဖျက်ဆီးပစ်ဖို့ကို စီစဉ်လိုက်ပါ”
“ဟုတ်ကဲ့ဆရာ၊ ဒါနဲ့ ဟောဒီစာအုပ်ကရော”
“ဟောဒီစာအုပ်ကိုတော့ ငါသိမ်းထားချင်တယ်၊ အကျဉ်းသားမြင့်မောင်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ရေးသားထားတာဖြစ်လို့ ငါသိမ်းထားချင်တယ်”
အကျဉ်းထောင်အရာရှိက ထောင်မှူးကြီးကို အလေးပြုကာ အခန်းအတွင်းမှပြန်ထွက်သွားသည်။ ထောင်မှူးကြီးက ဖောင်တိန်ကိုကောက်ကိုင်လိုက်ပြီး အကျဉ်းသားမောင်မြင့်၏ ဗလာစာအုပ်အဖုံးတွင် ခါးပိုက်နှိုက် ဖိုးမိုက် ဟု လက်ရေးထူထူဖြင့် ရေးသားလိုက်လေတော့သည်။
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျက်
အဂ္ဂဇော်
#အဂ္ဂဇော် #ဖြစ်ရပ်မှန်