ခိုလှုံရာရင်ခွင်

ခိုလှုံရာရင်ခွင်(စ/ဆုံး)

———————

မိစုက ကျွန်မရင်ခွင်ထဲသို့ တိုးဝင်ကာ တအိအိ ရှိုက်ငိုနေသည်။ မှတ်မှတ်ရရ သည်နေ့က ကျွန်မတို့အိမ်ကို မိစုရောက်လာတာ တစ်လပြည့်တဲ့နေ့ ဖြစ်သည်။ “မငိုပါနဲ့ကွယ်”ဟု ကျွန်မ မတားမိပါ။`မိစုရေ ငိုချလိုက်။ ထိန်းချုပ်ခဲ့ရတဲ့ မျက်ရည်တွေ ကုန်ခန်းသွားတဲ့ အထိသာ ငိုချလိုက်ပါ။’ မိစု၏ ကျောပြင်ကို ပွတ်သပ်အားပေးရင်း ကျွန်မ၏ ပါးပြင်မှာလည်း မျက်ရည်စတွေ စီးကျနေသည်။

ထိုနေ့နေ့လယ်က ကျွန်မ၏သားနှစ်ယောက် အိပ်ပျော်နေချိန်ဖြစ်ပြီး ကျွန်မက မဂ္ဂဇင်းစာအုပ်တစ်အုပ်ကို ဖတ်နေချိန်ဖြစ်သည်။ ပို၍တိတိကျကျပြောရလျှင် ထိုမဂ္ဂဇင်းစာအုပ်ထဲပါသည့် “အမေ့လှေ”ဟူသော ကဗျာလေးကို ဖတ်ပြီး အမေ့ကို သတိရကာ မျက်ရည်ကျ နေချိန်ဖြစ်၏။

မြူခိုးတွေဝေနေသည့် ဆောင်းမနက်ခင်းမှာပဲ `မူးလိုက်တာသမီး ရယ်’ ဟုပြောကာ လဲကျရင်း အမေက ကျွန်မတို့ကို အပြီးခွဲခွာသွားခဲ့လေသည်။ အမေဆုံးတော့ သားကြီးက စတုတ္ထ တန်း၊ သားငယ်က ပထမတန်းကို တက်နေရချိန်ဖြစ်သည်။ အမေ မရှိတော့မှ အမေ့ကို တမ်းတရင်း အမေ့၏ မေတ္တာစေတနာတွေကို ပိုမိုနားလည်လာမိသည်။

“အမေ့ကို လွမ်းလို့ ငိုနေပြန်ပြီလား။ တရားနဲ့သာ ဖြေပါမိန်းမရာ။ အမေ မဆုံးခင် ငါတို့ တတ်နိုင်သလောက် ကျေးဇူး ဆပ်နိုင်ခဲ့တာပဲ”

မောင်က ကျွန်မ၏ ဘေးကို ဝင်ထိုင်ကာ ကျွန်မပခုံးကို ခပ်ဖွဖွဖက်ရင်း အားပေးစကားတွေ တတွတ်တွတ် ပြောနေသည်။ ထိုအချိန်မှာပင် မောင့်ဆီကို ဖုန်းဝင်လာသည်။

“ဟယ်လို” ”……”

“ဟုတ်ကဲ့။ ခဏစောင့်ပါနော်။ ကျွန်တော် ခြံတံခါး လာဖွင့်ပေးပါ့မယ်”

ကျွန်မက မောင့်မျက်နှာကို စူးစမ်းသလိုကြည့်မိတော့ မောင်က

‌”မနက်က မြင့်မောင်ကို ဖုန်းဆက်ပြီး အိမ်အကူရှာပေးဖို့ အကူအညီတောင်းလိုက်တာ။ အခု အိမ်အကူပွဲစားနဲ့ အိမ်အကူနဲ့ မောင်တို့ ခြံရှေ့ကို ရောက်နေပြီတဲ့။ မြန်ချက်ပဲ။ မောင်တံခါး သွားဖွင့်ပေးလိုက်ဦးမယ်”

မောင့်ကို ခေါင်းညိတ်ပြရင်း အမေ့အကြောင်းကို တွေးနေမိပြန်သည်။ အမေရှိစဉ်အခါက အိမ်၏ မီးဖိုချောင်ကိစ္စအပြင် သူ့မြေးနှစ်ယောက်၏ ကျောင်းကြို၊ ကျောင်းပို့၊ ထမင်းစားဆင်းချိန် ထမင်းကျွေးသည့် အလုပ်တာဝန်တွေကိုပါ အမေက စွမ်းအားရှင်အလား ထောင့်စေ့အောင်လုပ်သည်။ ကျွန်မ၏ အလုပ်တာဝန်မှာ အဝတ်လျှော်၊ မီးပူ တိုက်ရုံ သက်သက်သာရှိသည်။ ဒါကလည်း အဝတ်လျှော်စက်ရှိသည်မို့ သိပ်ပင်ပန်းလှတာမဟုတ်။ အမေဆုံးသည့် အခါ ကျွန်မနှင့်မောင် ရုံးကနေ ခွင့်နှစ်ပတ်ယူခဲ့ရသည်။ ကျွန်မတို့လင်မယား ရုံးပြန်တက်ရချိန်တွင် ကလေးငယ်တွေ ကို ကျောင်းကြို၊ ကျောင်းပို့လုပ်ဖို့နှင့် အိမ်မှု့ကိစ္စတချို့ကို ကူညီလုပ်ကိုင်ဖို့ အိမ်အကူတစ်ဦးကို အပူတပြင်း ရှာရတော့သည်။

မောင်နှင့်အတူ စလင်းဘတ်အိတ်အဝါရောင်ကို လွယ်ထားသောအသားမည်းမည်း ခပ်ဝဝ အမျိုးသမီးတစ်ဦး နှင့် ပိန်ဖျော့ကွေးလှီနေသော အသက်ဆယ့်လေးနှစ် အရွယ် ဆံပင်နီကျင်ကျင်ကလေးမလေးတစ်ယောက် ပါလာ ကြသည်။ အမျိုးသမီး၏ မျက်နှာမှာ ခပ်ကောက်ကောက်ဖြစ်ပြီး မိတ်ကပ်တွေပြာနှမ်းနေအောင် လိမ်းထားကာ နှုတ်ခမ်း နီအရောင်ရင့်ရင့်ဆိုးထားသည်။ သူ၏ သေးသွယ်မှုန်မှိုင်းနေသော မျက်လုံးတွေက ဂနာမငြိမ်ဘဲ အိမ်ထဲကို ကျီးကန်းတောင်းမှောက်ကြည့်နေသည်။

“ထိုင်ပါဦးဗျ။ ဒါ ကျွန်တော့်အမျိုးသမီးပါ။”

မောင်က ကျွန်မ၏ ဘေးကို ဝင်ထိုင်ရင်း ထိုအမျိုးသမီးကို ထိုင်ခုံနေရာညွှန်ပြသည်။ ထိုအမျိုးသမီးက ကျွန်မတို့နဲ့ မျက်နှာချင်းဆိုင်ထိုင်ခုံပေါ် ဝင်ထိုင်ရင်း ကျွန်မကို ပြုံးပြသည်။ ထိုအမျိုးသမီးက မြွေရေခွံအိတ်လေးကိုင်ပြီး မတ်တပ်ရပ် နေရှာသော ကလေးမဘက်လှည့်ကာ

“ဟဲ့ လာထိုင်လေ။ ဘာကြောင်နေတာလဲ။ ဒီလိုအလုပ်ကို မလုပ်ဘူးတာကျနေတာပဲ”

ကလေးမလေးက မောင်နှင့်ကျွန်မကို မဝံ့မရဲကြည့်ကာ ထိုအမျိုးသမီးဘေး၌ ဝင်ထိုင်သည်။ ခဏတာ တိတ်ဆိတ် သွားသည့် အခြေအနေကို မောင်က ချောင်းတစ်ချက်ဟန့်ရင်း

“မနက်ကမှ မြင့်မောင်ကို အကူအညီတောင်းလိုက်တာ။ ဒီလောက် မြန်မြန်ရမယ်လို့ မထင်မိဘူး”

“အဟင်းဟင်း။ ဒါက အစ်မတို့အလုပ်ပဲလေ။ ကိုမြင့်မောင်ရဲ့ အိမ်ကိုလည်း အစ်မပဲ အိမ်ဖော်တွေ ပို့ပေးထားရတာ။ အမြဲ အဆင့်သင့် ဖြစ်အောင် လူတွေ ကြိုရှာထားပြီးသား။ ဒီကလေးမလေး နာမည်က မိစုတဲ့”

ထိုအမျိုးသမီးက မိစုဆိုသည့် ကလေးမ၏လက်ကို ဆုပ်ကိုင် လိုက်ရင်း

“မိစုအတွက်တော့ အစ်မ အာမခံပါတယ်။ ကိုးနှစ်ကတည်းက အိမ်ဖော်လုပ်စားလာတာမို့ အိမ်လုပ်ငန်းအတွေ့အကြုံ ကလည်း ပြန်ကြည့်စရာ မလိုပါဘူး”

ကိုးနှစ်ကတည်းက ဆိုပါလား။ အခု သားကြီးအရွယ်ပေါ့။ ကျွန်မ၏သားကြီးကတော့ ကျွန်မ၏ရင်ခွင်ထဲ တိုး ဝှေ့ပြီး ချွဲနွဲ့လို့ကောင်းတုန်းပဲ ရှိသေးသည်။ ဘဝကံတွေ ဆိုးလိုက်တာ။ ကျွန်မ၏ သားကြီးနှင့်သားငယ် အိပ်ပျော်နေသော အခန်းဘက်ကို လှမ်းကြည့်ရင်း သက်ပြင်းသဲ့သဲ့ချမိသည်။

“လုပ်အားခကတော့ တစ်လငါးသောင်း၊ ထုံးစံအတိုင်းပဲ သုံးလစာကြိုပေးရမယ်။ သုံးလစာအပြင် အစ်မကို ပွဲခတစ်လ စာ အိမ်ရှင်ဘက်က ပေးရမယ်။ မောင်မြင့်မောင်ပြောထားပြီးသား ဖြစ်မှာပါ”

“ဟုတ်ကဲ့ရှင့်”

အငယ်ကောင်က အိပ်ပျော်နေရာမှ လန့်ပြီး နိုးလာပုံရသည်။အငယ်ကောင်၏ အော်ငိုသံ ကြားရ၍ မောင်က ထကာ အိပ်ခန်းထဲ ဝင်သွားသည်။

“ဒါနဲ့ အစ်မ။ မိစုက ကျောင်းနေဖူးလား”

မောင့်အနောက်ကို လိုက်ကြည့်နေသော ထိုအမျိုးသမီးက ကျွန်မ၏ မျက်နှာကို မကြည့်ဘဲ”နေဖူးတယ်။ နေဖူးတယ်။ သုံးတန်းထိနေဖူးတယ်။ သုံးတန်းအောင်ပြီး သူ့အမေဆုံးတော့ သူ ဒီအလုပ်စလုပ်ရတာ။ သူ့အဖေက အရက်သမားလေ။ သူ့အောက်မှာ ညီမနှစ်ယောက်ရှိသေးတယ်။ကျွန်မနဲ့ သူ့အဖေက ဆွေးမျိုး မကင်းတာ မို့ နှစ်ဦးနှစ်ဘက် အဆင်ပြေအောင် လူကြီးလူကောင်းအိမ်တွေမှာပဲ သူ့ကိုအပ်ပေးခဲ့တာ။ အခု အရင်အိမ်က လူမလိုတော့လို့ ဒီအိမ်ကို လာပို့ရတာ”

“သြော်..”

ထိုအမျိုးသမီးက စကားပြောရင်း ဖင်တကြွကြွဖြစ်နေသည်။သွားစရာနေရာ ကျန်နေသေးသည် ထင်၏။

“မောင်ရေ။ သေတ္တာထဲက ပိုက်ဆံ နှစ်သိန်း ယူခဲ့ပါဦး။”

မောင်က ငွေတွေရေတွက်ပြီး ထိုအမျိုးသမီးကို ပေးတော့ ငွေတွေကို အမြန်ရေတွက်ရင်းက”ဟဲ့ မိစု ညည်းလစာတွေကို ညည်းအဖေကို ပေးလိုက်မယ်နော်။ ညည်းက ဒီအိမ်မှာနေရမှာဆိုတော့ တစ်ပြားမှ ကုန်မှာ မဟုတ်ဘူး။ တစ်ခုခုဆို ငါ့ဆီကိုဖုန်းဆက်။

ရော့”မိစုက အင်းမလုပ် အဲမလုပ် မထုံတက်တေး ပုံစံနှင့်။အိမ်အကူပွဲစားအစ်မက သူ့စလင်းဘတ်အိတ်ထဲက တရုတ်ခလုတ်ဖုန်းလေးတစ်လုံးကို ထုတ်ကာ မိစုအားပေး သည်။ ထိုအမျိုးသမီး ပြန်သွားသည်နှင့့် ကြောင်တောင်တောင် ယောင်နနကျန်နေခဲ့ရှာသော မိစုဆိုသည့်ကလေးမကို အားမငယ်စေရန် စကားစမြည်ပြောရပြန်သည်။

“ညီမလေး ။အစ်မနာမည်က မာလာတဲ့။ အစ်မရဲ့ အမျိုးသားနာမည်က ကိုမင်း။ အစ်ကိုရင်း အစ်မရင်းလိုပဲ သဘောထား။ ကိုယ့်အိမ်လို့ သဘောထား၊လုပ်စရာရှိတာလုပ်၊ စားစရာရှိတာစားပေါ့အေ”

“ဟုတ်ကဲ့”

“ဒီအိမ်မှာ ညီမလေး လုပ်ရမဲ့အလုပ်က အစ်မ ထမင်းဟင်းချက်တဲ့အခါ ဝိုင်းကူရမယ်။ အဝတ်လျှော်တာကတော့ စက်နဲ့ပဲ လျှော်ရမယ်။ မောင်လေးနှစ်ယောက်ကို ကျောင်းကြို ကျောင်းပို့ လုပ်ရမယ်။ မီးပူတိုက်ရမယ်။ အဲ့ဒီလောက်ပါပဲ။ လုပ်နိုင်ပါ့မလား”

“ဟုတ်ကဲ့”

“ငါ့သားနှစ်ယောက်ကတော့ အလိုလိုက်ထားတော့ နည်းနည်းဆိုးကြတယ်။ နိုင်အောင်ထိန်းနော်။ ကိုယ့်မောင်လေးတွေလို သဘောထား”

မောင်က သားငယ်ကို ပွေ့ချီချော့မြူနေရင်း ဝင်ပြောတော့ မိစုက မထုံတက်တေး မျက်နှာဘေးဖြင့် မခို့တရို့ လေးပြုံးသည်။ သည်လိုနှင့် ကျွန်မတို့၏ မိသားစုကမ္ဘာလေးထဲကို မိစုက ဝင်ရောက်လာခဲ့သည်။

ကျွန်မတို့အိမ်သို့ မိစု ရောက်လာပြီး တတိယနေ့။

“ခွမ်း”

“အမလေး”

ရုံးသွားဖို့ ပြင်ဆင်ပြီး သားနှစ်ယောက်ကို သနပ်ခါး လိမ်းပေးနေစဉ် မီးဖိုချောင် ဘက်ဆီမှ ပန်းကန်ကျကွဲသံ ကြားရ၍ အမြန်ပြေးရသည်။မီးဖိုချောင်၏ သံမန်တလင်းပေါ်၌ ပန်းကန်ပြားငါးချပ်က အထပ်လိုက် ကျကွဲနေသည်။ မိစုကတော့ သူ၏ ပင်ကိုယ် မထုံတက်တေး မျက်နှာဘေးနှင့် အသက်မဲ့သော အေးစက်စက်စကားကို ဆိုသည်။

“ရေဆေးမလို့ အထပ်လိုက်မရင်း ကျကွဲသွားတာအစ်မ”

မင်္ဂလာဦးပစ္စည်းတွေမို့ ကျွန်မနှမြောမိသော်လည်း မိစုအရွယ်လောက်တုန်းက ကျွန်မကြောင့် ပန်းကန်ပြား တွေ အထပ်လိုက် ကွဲခဲ့စဉ် အမေ ပြောဖူးသော စကားတွေကို နားထဲမှာ ပြန်လည် ကြားယောင်လာမိသည်။ ထိုအချိန် က အမေက ကျွန်မကို ဆူတော့မည်ထင်ပြီး ကြောက်ဒူးတုန်နေခဲ့သည်။

“ဘယ်အလုပ်မဆို စလုပ်တဲ့အခါ အဆင်မပြေမှု့နဲ့ အမှားတွေ ကြုံတတ်တယ်သမီး။ မမှားဖူးတဲ့လူဟာ အလုပ် မလုပ်ဖူးတဲ့လူပဲ။ အမှားကို မကြောက်နဲ့ နောက် ပန်းကန်းဆေးရင် ဒီလို မဖြစ်အောင် သင်ခန်းစာယူ၊ အဲတာအမြတ်ပဲ”

အမေက ကျွန်မကို ဆုံးမစကားပြောခဲ့စဉ်က လေသံမျိုး၊ အပြုံးမျိုး ပုံတူယူပြီး

“ဘယ်အလုပ်မဆို စလုပ်တဲ့အခါ အဆင်မပြေမှု့နဲ့ အမှားတွေ ကြုံတတ်တယ်ညီမရဲ့။ မမှားဖူးတဲ့လူဟာ အလုပ် မလုပ်ဖူးတဲ့လူတဲ့။ အမှားကို မကြောက်နဲ့။ နောက် ပန်းကန်ဆေးရင် ဒီလို မဖြစ်အောင် သင်ခန်းစာယူ၊ နောက်ထပ်တော့ ထပ်မကွဲစေနဲ့တော့နော်”

ပန်းကန်ကွဲတွေကို အမှိုက်တောင်းထဲ ကောက်ထည့်နေသော မိစုက ကျွန်မ၏ မျက်ဝန်းတွေကို လှမ်းကြည့် သည်။ မိစု၏ မှိန်ဖျော့ဖျော့မျက်ဝန်းတွင် ကျွန်မ အဓိပ္ပါယ် မဖော်ပြနိုင်သော ခံစားမှု တချို့ ဖြတ်ပြေးသွားသည်။

“အရင် အိမ်တွေဆိုရင် ဒီလိုကျကွဲတာနဲ့ မိစုရဲ့ ဗိုက်ကို ဆွဲလိမ်ရင်လိမ် မလိမ်ရင် ခေါင်းကို ခေါက်ပြီးသားပဲ..ဟီး..”

“ဟင် အရင်အိမ်တွေမှာ ဒီလိုဖြစ်ဖူးရဲ့သားနဲ့ ပန်းကန်းတွေ ထပ်ကွဲတာဆိုရင်တော့ မိစုရဲ့ အလွန်ဖြစ်သွားပြီနော်။ သေချာဂရုစိုက်မှပေါ့။”

“ဟုတ်ကဲ့ အစ်မ။ နောက် မဖြစ်စေရပါဘူး”

“အေးအေး လာ။ ပန်းကန်အသစ်တွေ သွားထုတ်ရအောင်”

“ဟုတ်ကဲ့အစ်မ”

အိမ်ကို မိစုရောက်လာပြီး ငါးရက်မြောက်သောနေ့။
ထိုနေ့ညက ကျွန်မတို့မိသားစုနှင့်အတူ မိစုပါ ညစာစားအပြီးချိန်တွင် မြန်မာ ဇာတ်ကားတစ်ကားကို ကြည့်နေကြချိန်ဖြစ်၏။

“မိန်းမ ငါ့နှာခေါင်းထဲ ညှော်နံရတယ်နော်။ ဘာအိုးတည်ထားသေးလဲ”

ကျွန်မ နှာခေါင်းကို ပွစိပွစိလုပ်ပြီး အနံ့ခံကြည့်မိသည်။

“ဟုတ်တယ်မေမေ။ သားလည်း ညှော်နံ့ရတယ်”

သားကြီးကပါ ညှော်နံ့ရကြောင်း ထောက်ခံသည်။ ကျွန်မ၏ နှာခေါင်းထဲသို့ ညှော်နံ့ကတိုးဝင်လာသည်။ တရား ခံကို လိုက်ရှာလိုက်တော့ မီးပူတိုက်နေသည့်မိစုကို အိပ်ငိုက်လျက်သား တွေ့ရသည်။ ကျွန်မတို့မိသားစုက ဆိုဖာပေါ်ထိုင်ပြီး ကြည့်နေကြပေမဲ့ မိစုကတော့ ကြမ်းပြင်မှာ ထိုင်ကာ အဝတ်အစားတွေ မီးပူတိုက်ရင်း ဇာတ်ကားကြည့်နေခဲ့သည်။တိုက်လက်စ မောင့်၏ ရုံးတက်ပုဆိုးမှာ မီးပူကျွမ်းနေပေပြီ။မောင်က အပြေးအလွှား သွားကာ မီးပလပ်ကို ဖြုတ်လိုက်ရင်း

“မိစု မိစု ထ ထ။ မိစု ”

“ရှင်”

သူ့အရှေ့က မီးကျွမ်းနေသော ပုဆိုး ကိုမြင်တော့ မိစု၏ ခန္ဓာကိုယ် က ဆတ်ခနဲ တုန်သွားသည်။

“ရှင် လုပ်မနေနဲ့။ အလုပ်ကို သေချာလည်း မလုပ်ဘူး။ ဒီပုံစံနဲ့ဆို အလုပ်ထုတ်ပစ်လိုက်မယ်၊ နောင် ဒီလို မဖြစ်စေနဲ့”

မောင်ကတော့ ခပ်အေးအေးသမားမို့ အနည်းငယ်ဆူပြီး တီဗွီဆက်ကြည့်နေခဲ့သော်လည်း ကျွန်မ၏ စိတ်ထဲတွင် မိစုကို စပြီး သံသယဝင်လာခဲ့သည်။ မီးပူမတိုက်ခင် မီးအတိုးအလျော့ခလုတ်နံပါတ်ကို နှစ်အထိသာ ကျွန်မက သေချာထားပေးခဲ့သော်လည်း မောင့်ပုဆိုး မီးကျွမ်းနေစဉ်ကြည့်မိတော့ ခလုတ်ကို ဂိတ်ဆုံးထိ တင်ထားသည်။

“မိစု။ ခလုတ်ကို ဘာလို့ အဆုံးထိ တင်ထားရတာလဲ။ နံပါတ် နှစ်နဲ့ပဲ တိုက်ရမယ်လို့ အစ်မ သေချာမှာထားတယ်လေ”

မိစုကတော့ ထုံးစံအတိုင်း၊ မထုံတက်တေး မျက်နှာပေးနှင့်

“ဟို…ဟိုဟာ…အိပ်ငိုက်ရင်း တင်မိသွားတာထင်တယ်အစ်မ၊နောက် မဖြစ်စေရပါဘူးအစ်မ”လို့ ပြောပြန်သည်။

မိစုသည် တချို့အရာတွေကို တမင်လုပ်နေသလား ထင်ရအောင် နမော်နမဲ့ နိုင်လွန်းလှသည်။ ပန်းကန်းတွေ ခဏခဏ ကျကွဲသည်။ အဝတ်တွေကို အဝတ်လျှော်စက်ထဲ ဆပ်ပြာမထည့်ဘဲ ရေနဲ့ချည်း လျှော်သည်။ ကျွန်မ မအား သည့်နေ့တွင် မိစုကို မီးဖိုချောင် ဝင်ခိုင်းလျှင် ထမင်းတွေကို ပျော့လိုက်မာလိုက် ချက်သည်။ ဟင်းတွေကို ပေါ့လိုက်၊ ချိုလိုက်၊ ငန်လိုက်၊ စပ်လိုက်နှင့် တစ်နေ့တစ်မျိုး မရိုးနိုင်အောင် လက်စွမ်းပြသည်။ မိစုက ကျွန်မကို တစ်နေ့တစ်မျိုး မရိုးရအောင် စိတ်အနှောင့်အယှက်ပေးသည်။ မိစုရဲ့ အကြောင်းကို မောင်နှင့် တိုင်ပင်ဖြစ်တော့

“တစ်လလောက်တော့ သင်ပေးရင်း စောင့်ကြည့်ပါဦးကွာ။ ကလေးအရွယ်သာသာမို့ မောင်တို့ စိတ်ရှည်ပေးကြတာ ပေါ့။ အဆင်မပြေတော့လည်း ဘယ်တတ်နိုင်မလဲ။ အိမ်အကူအသစ်ထပ်ရှာကြတာပေါ့”ဟု ပြောရှာသည်။ မိစုကို အစစအရာရာ အားလုံး လက်ထပ်ပြီး သင်ကြားပေးရသည်။ ထိုအခါ မိစုသည် အိမ်မှု့ကိစ္စ အားလုံးကို နိုင်နင်းနေပြန်သည်ကို သတိထားမိသောကြောင့်ကျွန်မ အံ့အားသင့် ရပြန်သည်။

ကျွန်မတို့အိမ်ကို မိစုရောက်လာပြီး ဆယ်ငါးရက်မြောက်သောနေ့။

ထိုနေ့က ရုံးပိတ်ရက်ဖြစ်သော်လည်း မောင်နှင့်ကျွန်မတို့ မင်္ဂလာ ဆောင် တစ်ခုသို့ သွားရသည်။ မင်္ဂလာ ဆောင်မှ အပြန် နီးစပ်ရာ စူပါမားကပ်တစ်ခုသို့ ဝင်ကာ အိမ်အတွက်လိုအပ်နေသည့် ပစ္စည်းများကို ဝင်ဝယ်ကြသည်။ မိစုအတွက်ပါ တစ်ကိုယ်ရည်သုံး ပစ္စည်းများ ဝယ်ဖြစ်ခဲ့သည်။ မိစုလည်း အပျိုဖော်ဝင်စမို့ လှချင်ပချင်နေမှာပဲ ဟူသော အတွေးနှင့် ဝယ်ဖြစ်ခဲ့ခြင်းဖြစ်သည်။
အိမ်ပြန်ရောက်တော့ ဘီရိုထဲမှ အဝတ်အစားဟောင်းများကို လိုက်ရှာရသည်။ အဝတ်အစားအဟောင်းဆိုပေမယ့် ကျွန်မ အပျိုတုန်းက ဝတ်ခဲ့သည့် အဝတ်အစားများဖြစ်ပြီး တချို့မှာ အသစ်အတိုင်းပင် ရှိသေးသည်။
မိစုကို အဝတ်အစားနှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ ပေးဖို့ လိုက်ရှာရသည်။ ထမင်းစားခန်းထဲတွင် မိစုက သားငယ်ကို ထမင်းခွံ့နေသည်။ မိစုက ကလေးကို ခွံ့တာကနည်းနည်း သူစားနေတာက များများ ဖြစ်သည်။

သားငယ်ကို ထမင်းသာ ခွံ့ပြီး ကြက်သားကြော်ကို သူတစ်ယောက်တည်း စားနေသည်။ ကျွန်မတို့လင်မယား အိမ်မှာ ရှိတာ သိလျက်နှင့် သည်လိုလုပ်နေလျှင် ကျွန်မတို့ ကွယ်ရာမှာဆိုရင် ဆိုဖွယ်ရာမရှိပေ။ ကျွန်မ၏ စိတ်ထဲ ဒေါသက ထောင်း ကနဲ ဖြစ်သွားကာ

“မိစု”

ကျွန်မ ရောက်နေတာကို သိပုံပေါ်သော်လည်း မိစုက တုန်လှုပ် သွားခြင်း မရှိပါ။ ထုံးစံအတိုင်း မထုံတက်တေး မျက်နှာပေးနှင့် ပြန်ကြည့်သည်။

“ညည်းကို ငါတို့က အငတ်ထားနေလို့လား။ ညည်း ငါတို့အိမ်ကို ရောက်လာကတည်းက ငါတို့ မိသားစုဝင်လို့ ဆက်ဆံခဲ့တာပဲအေ။ ငါ့မှာ ညည်းကို ညီမချင်း ကိုယ်ချင်းစာပြီး သံယောဇဉ်ထားလိုက်ရတာ၊ ညည်းကတော့ ငါတို့အပေါ်ကို စေတနာ မထားဘူး။ ..အီး..ဟီး…ဟီး..”
မိစုကို အော်ရင်း ကျွန်မ၏ ပါးပြင်မှာ မျက်ရည် တွေ စီးကျလာသည်။

“ညည်းကတော့ ပြဿနာတွေ တစ်ခုပြီး တစ်ခု တမင်လုပ်နေသလိုပဲ။ ညည်းတမင်တကာ လုပ်နေတာ ငါသိတယ်အေ့။ ဘယ်အချိန်မှာများ အချိုးတွေ ပြောင်းမလဲ စောင့်ကြည့်နေတာ။ ဒီပုံစံနဲ့ဆိုရင် ညည်း ငါတို့ အိမ်မှာ မနေနဲ့တော့”

မိစုက ထမင်းပန်းကန်းကို စားပွဲခုံ ပေါ်တင်ရင်း

“သားငယ်ကို ထမင်းခွံ့ရင်း ဗိုက်ဆာ လာလို့ စားမိတာပါအစ်မ။ နောက် မဖြစ်စေရပါဘူး အစ်မ”

“ညည်းအေ ပြောလိုက်ရင် ဒီလိုချည်းပဲ”

“ဒီတစ်ခါ တကယ်ပါ အစ်မရယ် နောက် ဒီလိုမျိုး လုံးဝ မဖြစ်စေရပါဘူး အစ်မ”

“မမကို ချစ်လို့ သားသားက စားခိုင်းတာပါမေမေရဲ့”

မိစု၏ ရင်ခွင်ထဲမှသားငယ်က လှမ်းအော်သည်။သားငယ်၏ စကားသံကိုကြားရတော့ ထွက်လာသည့်ဒေါသကို အတတ်နိုင်ဆုံးထိန်းပြီး ငိုမဲ့မဲ့ဖြစ်လာသော မိစုကို နစ်နစ်နာနာ စကားတွေ ဆက်မပြောဖြစ်ခဲ့တော့ပါ။ စိတ်ထဲမှာတော့ တစ်လပြည့်သည်အထိ စောင့်ကြည့်ပြီး ပုံစံမပြောင်းပါက အိမ်အကူအသစ် ထပ်ရှာဖို့သာ ဆုံးဖြတ်ထားလိုက်သည်။ ထွက်ပေါ်ထားသည့် စေတနာကို အပျက်မခံတော့ဘဲ မိစုအတွက် ဝယ်လာသည့် ပစ္စည်းများနှင့် အဝတ်အစားများကို မိစုဆီ လှမ်းပေးမိသည်။

“ရော့ ညည်းအတွက် ဝယ်လာတာ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ။ ဟိုဂွမ်းထုပ်က ညည်းဓမ္မတာလာရင်သုံးဖို့။ ပါတိတ်ဝမ်း ဆက်တွေကလည်း ငါအပျိုတုန်းက နှစ်ခါသုံးခါလောက်ပဲ ဝတ်ဖူးတာ”

မိစုက ဂွမ်းထုပ်ကို မသုံးဖူးကြောင်းပြောသောကြောင့် သုံးပုံသုံးနည်း သေချာပြပေးရင်း ထွက်နေတဲ့ ဒေါသတွေပင် ပျောက်ကွယ်သွားပြီး သနားလာမိပြန်သည်။ မိခင်၏ ရင်ခွင်နှင့် ငယ်စဉ်ကတည်းက ဝေးကွာခဲ့သော မိစုကို သင်ကြားပေးရမည့် အရာတွေက အများကြီး ရှိသေးပါလားဟု တွေးမိပြန်သည်။

“ကျေးဇူးပါအစ်မရယ်။ မိစုလေ ပါတိတ်ဝမ်းဆက် အရမ်းဝတ်ချင်ခဲ့တာ။ အရင်အိမ်တုန်းက မမလေးရဲ့ ပါတိတ်ဝမ်း ဆက်ခိုးဝတ်ကြည့်တာမိလို့ အရိုက်ခံရသေးတယ်”

ပါတိတ်ဝမ်းဆက်တွေကို အငမ်းမရ ကြည့်ပြီး ပျော်ရွှင်နေသော မိစု၏ မျက်နှာက ကျွန်မကိုလည်း ဝမ်းသာစေပါသည်။

အိမ်သို့ မိစု ရောက်လာပြီး ဆယ့်ငါးရက်နောက်ပိုင်းတွင်တော့ ကျွန်မတို့၏ မိသားစု နှင့် မိစုကသဟဇာတ ဖြစ်လာခဲ့ပြီထင်ပါသည်။ မိစု မဟုတ်တော့ဘဲ လူသစ်တစ်ယောက် ထပ်ရောက်လာသည်ဟု ထင်ရအောင်ပင် အစစ အရာရာ ပြောင်းလဲသွားသည်။ သူ ပြုလုပ်ခဲ့ဖူးသော အမှားတွေ ကို ထပ်မတွေ့ရတော့ပါ။ မိစု၏ ရုတ်တရက်ပြောင်း လဲမှုများကို ကျွန်မနှင့် မောင်တို့ အထူးတလည် အံ့သြခဲ့ရသည်။ သူ၏ မူပိုင် မထုံတက်တေး မျက်နှာက တဖြည်းဖြည်း ပြုံးပြုံးရွှင်ရွှင် ဖြစ်လာသည်။ အချက်အပြုတ်၊ အလျှော်အဖွပ်၊ ကလေးကျောင်းကြိုကျောင်းပို့၊ မီးပူတိုက်၊ စျေးသွားရ သည့် ကိစ္စအားလုံးကို ကျွန်မ ကူစရာမလိုအောင်ပင် မိစုက နိုင်နင်းသည်။ ထို့အပြင် မိစုက သားနှစ်ယောက်စလုံး၏ ကစားဖော်ကစားဘက်ပါ ဖြစ်သေးသည်။ သားနှစ်ယောက်စလုံးကလည်း မိစုကို “မမ၊ မမ”နှင့် ခင်တွယ်လာကြသည်။

ကျွန်မတို့၏ မိသားစုလေးမှာ ပျော်ရွှင်စရာ အတိဖြစ်နေပေသည်။မိစုသည် တချို့သော ညတွေတွင် သူ့ဖုန်းလာလျှင် ကျွန်မတို့နားမှ အမြန်ထကာ ခြံထောင့်တွင် တီးတိုးတီးတိုး သွားပြောတတ်သည်။ မိစုကို စျေးသို့ တစ်ယောက်တည်းလွှတ်တာများ ကျွန်မ အမှားဖြစ်သွားပြီလား။ မိစုက အပျံသင်ခါစအရွယ်မို့ ချစ်သူရည်းစား တွေများ ရနေတာလား။ ခြံထောင့်မှ မိစုဖုန်းပြောပြီး အိမ်ထဲသို့ ပြန်အဝင်လာ

“မိစု အစ်မကို မှန်မှန် ပြောစမ်း။ ညည်း ရည်းစားရနေတာလား။ ညည်းက ကလေးပဲ ရှိသေးတာနော်။ အဲ့ကိစ္စတွေကို စိတ်မဝင်စားနဲ့ဦး”

မိစုကလက်တကာကာနှင့် ပြာပြာသလဲ ငြင်းရှာသည်။

“မဟုတ်ပါဘူးအစ်မရဲ့။ အိမ်က ညီမလေး နှစ်ယောက်ကို လွမ်းလို့ ဖုန်းဆက်တာပါ။ မိစုဖုန်းက စပီကာပိတ်ထားလည်း ဖုန်းသံက အကျယ်ကြီး ထွက်တော့ အစ်မတို့ကို အားနာလို့ပါ”

ဟုတ်ပါရဲ့။ မိစုမှာ အရက်သမား အဖေအပြင် ညီမ နှစ်ယောက် ရှိသေးတာကို ကျွန်မ မေ့လျော့ နေသည်။

“လွမ်းရင် ဒီတပတ် စနေ၊တနင်္ဂနွေ အိမ်ခဏပြန်လေ”

“မပြန်တော့ပါဘူး အမရယ်”

“ဟင်..ဘာဖြစ်လို့လဲ”

မိစု၏ မျက်ဝန်းတွေက မျက်ရည် တွေ ဝိုင်းလာသည်။ မိစုက ကျွန်မ၏ အကြည့်ကို ရှောင်ဖယ်ကာ ခေါင်းငုံရင်း
“အိမ်ပြန်လည်း အမူးသမား.အဖေကိုမြင်ရရင် မိစု စိတ်ညစ်လို့”

“အို မိစုရယ်။ မမ စိတ်မကောင်းပါဘူး”

“ရပါတယ် အစ်မရဲ့။ မိစုမှာ မမတို့ မိသားစု ရှိနေတာပဲ။ ဒီအိမ်မှာ နေရတာ မိစုပျော်ပါတယ်။ အစ်မနဲ့ အစ်ကို့ကို မိစု ချစ်တယ်။ ဒီအိမ်က မောင်လေးနှစ်ယောက်ကိုလည်းမိစုချစ်တယ်”

မိစု၏ မျက်ဝန်းများက အဖြူထည်ဖြစ်သောကြောင့် မိစု၏ ပြောစကားများကို အကြွင်းမဲ့ ယုံကြည်မိခဲ့ပါသည်။

မိစု ကျွန်မတို့အိမ်သို့ရောက်လာပြီး တစ်လပြည့်သောနေ့။

သည်နေ့က ရုံးပိတ်ရက်ဖြစ်သောကြောင့် ကျွန်မတို့ မိသားစုအားလုံး အိမ်၌ စုံစုံလင်လင် ရှိနေကြသည်။ အိမ်သန့်ရှင်းရေးကို မိစုနဲ့အတူ လုပ်ဖြစ်ကြသည်။ သည်နေ့ မိစု၏ အမူအရာတွေက အတော်လေးပင် ပျက်ယွင်းပြီး ဂနာမငြိမ်ဖြစ်နေတာကို ကျွန်မသတိထားမိသည်။ ကြက်မွှေးနှင့် တီဗွီမှန်သားပြင်ကို ဖုန်သုတ် နေပေမဲ့ မိစု မျက်နှာက သူ၏ ဖုန်းတင်ထားရာ စားပွဲပေါ်သာ ရောက်နေသည်။

“မိစု၊ ညည်းကြည့်ရတာ တစ်ခုခုပဲ။ ဘာဖြစ်နေတာလဲ။ ဘာ ပြဿနာရှိလို့လဲ”

“ဘာမှ မဖြစ်ပါဘူး အစ်မ”

ထိုအချိန်တွင် မိစု၏ ဖုန်းလေးက အသံထမြည်သည်။ မိစုက ဖုန်းကို ယူရင်း “အစ်မ၊ဟင်းနွေးထားတာ မိစု သွားကြည့်လိုက်ဦးမယ်နော်”ဟုပြောကာ အပြေးအလွှား သွားသည်။ ကျွန်မ၏ စိတ်ထဲ မိစုကို မသင်္ကာ၍ အနောက်ကနေ တိတ်တိတ်လေး လိုက်သွားဖြစ်သည်။ မီးဖိုချောင်၏ ထောင့်ထဲ၌ မိစုက မီးဖိုချောင်တံခါးကို ကျောပေးထိုင်ကာ ဖုန်းပြောနေသည်။

“ဒီအိမ်ကနေ ဒီလ အလုပ် ထွက်လို့ မရဘူးအဖေ”

မိစုက ခပ်တိုးတိုးပြောနေပေမယ့် သူမ၏ ခလုတ်ဖုန်းထဲက ယောက်ျားသံကြီးက ဟိန်းထွက်လာသည်။

“ဟမ် ခွေးမ။ ငါ ပြောသလိုတွေ မလုပ်ဖူးလား”

“လုပ်ပါတယ်အဖေ။ ဒါပေမဲ့ အစ်ကိုနဲ့ အစ်မက အရမ်းသဘောကောင်းတယ်”

“တောက်..။မိစု မှတ်ထားစမ်း ။နင်က ငါကမွေးလို့ လူဖြစ်လာတာ။ ငါပြောသလို ပြဿနာတွေ တစ်မျိုးပြီး တစ်မျိုး လုပ်ပါဆိုတာ။ နင် မလုပ်လို့နေမှာပေါ့”

“လုပ်တယ်အဖေ။ ဒါပေမဲ့ အကိုနဲ့အစ်မ က သမီးကို သူတို့သမီးလိုပဲ ဆက်ဆံကြတာ။ အရင်အိမ်ကလူတွေလို မိစုကို မရိုက်ကြဘူး။မိစုကို အဝတ်အစားတွေလည်းဝယ်ပေးတယ်။ မိစု ဒီအိမ်မှာ နေရတာ အရမ်းပျော်တယ်။သမီး သူတို့ ကို ချစ်တယ်။ ဒီအိမ်မှာပဲ ဆက်နေချင်တယ်”

“ခွေးမ။ နင်က ရာရာစစ အတွန့်တက်နေပါလား။နင့်အောက်က ညီမနှစ်ယောက်တောင် အလုပ်ကထုတ်ခံရလို့ နောက်တစ်အိမ်ရောက်နေပြီ။ ခွေးမ..။ နင်ပဲ ကျန်တယ်။ဒီည ငါ နင့်ကို လာဆွဲထုတ်ရမှာလား။ အိမ်ရှင်တွေက နင့်ကို အလုပ်ဖြုတ်အောင် နင့်ဘာသာလုပ်မှာလား စဉ်းစား။ နင် အိမ်ပြန်လာမှ ဓားနဲ့ပိုင်းပြီး ခွေးစာ ကျွေးပစ်မယ်။ ငါ………….”

မိစု၏အနားကို ကျွန်မ ဘယ်လိုရောက်သွားသလဲမသိခဲ့ပါ။ ဆဲနည်းပေါင်းစုံနှင့် သမီးဖြစ်သူကို ဆဲနေသော စကားသံများကြောင့် မိစု၏ လက်ထဲမှ ဖုန်းကို ယူပြီး ပါဝါပိတ်ပစ်လိုက်သည်။

“ဟင်အစ်မ..အဟင့် အဟင့်”

မိစုက ကျွန်မ၏ ရင်ခွင်ထဲတိုးဝင်ကာ တအိအိ ရှိုက်ငိုနေသည်။

“မိစု အစ်မကို ပြောပြစမ်း။အဲ့တာ ပထွေး လား”

မိစုက ခေါင်းခါယမ်းသည်။ နှာခေါင်း တရှုံ့ရှုံ့လုပ်ရင်း ကျွန်မ မကြားချင်သော အဖြေကို ပေး၏။

“အဖေရင်းပါအစ်မ။”

“ဟာ….”

မိစု၏ ရင်ထဲ၌သိမ်းဆည်း ထားရသည့် စကားလုံးများက ဆည်ရေကျိုးသည့်အလား တားမရဆီးမရ ထွက်ပေါ်လာတော့သည်။

“ဒီအိမ်ကို လိုက်ပို့ပေးတဲ့ ဒေါ်မိုးနိုင်က အဖေ့ရဲ့ နောက်မိန်းမ။ မိစုတို့ ညီမတတွေရဲ့ မိထွေး။ မိထွေးက မြှောက်ပေးတာနဲ့ မိစုတို့ ညီမသုံးယောက်ကို ကျောင်းထွက်ခိုင်းပြီး အိမ်ဖော်လုပ်ခိုင်းတယ်။ အိမ်ရှင်ဆီက လစာသုံးလစာနဲ့ ပွဲစားခ တစ်လစာယူပြီး သူတို့က အိမ်မှာ ပျော်နေကြတာ။ မိစုတို့ ညီမတွေကို အိမ်ရှင်မကြိုက်အောင် အလုပ်တွေ တလွဲလုပ်ခိုင်းတယ်။ တစ်လ မပြည့်ခင် အိမ်ရှင့်ဘက်ကနေ အလုပ်ထုတ်အောင် လုပ်ခိုင်းတာ။ အိမ်ရှင်ကအလုပ်ထုတ်တာနဲ့ နောက်တစ်အိမ်ပြောင်းပို့တာ..အီး..ဟီး..ဟီး…”

“အို ဘုရား ဘုရား အဖေရင်းမှ ဟုတ်ပါလေစ”

မိစုကို ခပ်တင်းတင်းဖက်ရင်း “လူမဆန်တဲ့ လူရိုင်းလင်မယားတွေ”ဟု ပျစ်ပျစ်နှစ်နှစ် တွေးမိသည်။

“မိစုရယ်၊ ညီမလေးရယ်။ ကံဆိုးရှာတဲ့ ငါ့ညီမလေးရယ်”

မိစုက ကျွန်မ၏ရင်ခွင်ထဲသို့ တိုးဝင်ကာ တအိအိရှိုက်ကာ ငိုနေသည်။ မှတ်မှတ်ရရ သည်နေ့က မိစု ကျွန်မတို့ အိမ်ကိုရောက်တာ တစ်လပြည့်တဲ့နေ့ ဖြစ်သည်။

“မငိုပါနဲ့ကွယ်”ဟူ၍ ကျွန်မ မတားမိပါ။ `မိစုရေ ငိုချလိုက်။ ထိန်းချုပ်ခဲ့ရတဲ့ မျက်ရည်တွေ ကုန်ခန်းသွားတဲ့ အထိသာ ငိုချလိုက်ပါ။

’ မိစု၏ ကျောပြင်ကို ပွတ်သပ်အားပေးရင်း ကျွန်မ၏ ပါးပြင်မှာလည်း မျက်ရည်စတွေ စီးကျနေသည်။ သည်အချိန်မှာ မိစုက မဖြစ်မနေ အလုပ်ထွက်မည်ဆိုရင်လည်း ကျွန်မဘက်က ခွင့်ပြုမိမည်သာ။ မိစု၏ အဖေက ပြန်ခေါ်ချင်ပေမဲ့ ကျွန်မတို့အိမ်၌ မိစုက ဆက်နေဦးမည်ဆိုလျှင်လည်း နောက်ထပ်နှစ်လထိ ကျွန်မဘက်က ဆက်ခေါ်ထားခွင့်ရှိသည်။ ထိုနှစ်လကို ကျော်လွန်ခဲ့လျှင်တော့……။

ကျွန်မဆက်ပြီး မတွေးတတ်တော့ဘဲ မိစုကိုသာ ခပ်တင်းတင်း ထပ်ဖက်ထားလိုက်သည်။ မိစုက ကျွန်မ၏ရင်ခွင်ထဲသို့ တိုးဝင်ကာ တအိအိရှိုက်ကာ ငိုနေဆဲ။ ကျွန်မ၏ ရင်ခွင်သည် သည်ခဏမှာတော့ သူ့အဖေ၏ ရင်ခွင်ထက် နွေးထွေးလုံခြုံနေမည်ဟု ယုံကြည်မိပါသည်။

April, 2017,ရွှေအမြုတေမဂ္ဂဇင်း