ခုတ်လှဲ၍မရသော သစ်ပင်ကြီး (ဖြစ်ရပ်မှန်) (စဆုံး)
အခန်း (၁)
ဘိုဘိုတို့အဖွဲ့မှာ တောအုပ်ကြီးတစ်ခုအနီးတွင် စခန်းချနေကြသည်။ သူတို့မှာ ဆောက်လုပ်ရေးကုမ္မဏီတစ်ခုမှ ဝန်ထမ်းများဖြစ်ကြသည်။ တောတောင်ကြီးများကို ရှင်းလင်းပြီးနောက် လူနေထိုင်သည့် မြို့သစ်ကြီးတစ်ခုတည်ဆောက်ရန်အတွက် အစိုးရက စီစဉ်ထားပြီးနောက် ကုမ္မဏီများအား ပြန်လည်ကန်ထရိုက်ပေးခဲ့လေသည်။ ဘိုဘိုတို့ အခုရောက်နေသည့် နေရာကတော့ ယခင်က လူပင်အရောက်အပေါက်နည်းသည့် တောကြီးတစ်ခုပင်ဖြစ်သည်။ ယခုတော့ ထိုတောကြီးကို ရှင်းလင်းပြီး လမ်းဖောက်လုပ်ရမည်ဖြစ်သည်။ လမ်းဖောက်လုပ်ပြီးပါက မြို့ကွက်သစ်ပုံစံချခြင်းနှင့် အဆောက်အအုံများ ဆောက်လုပ်ခြင်းများကို စတင်မည်ဖြစ်သည်။
စခန်းဆိုသော်လည်း အတော်အတန်ပင်ကျယ်ဝန်းသည်။ သစ်များ ဝါးများဖြင့် စခန်းကိုကာရံထားပြီးနောက် အတွင်းတွင် လမ်းဖောက်လုပ်ရေး လုပ်ငန်းသုံး စက်ကိရိယာကြီးများကို အစီအရီရပ်ထားကြသည်။ ဘူဒိုဇာကြီးများ၊ ဘက်ဟိုး မြေကော်စက်များ၊ မြေညှိသည့်စက်၊ လမ်းကြိတ်စက် စသည့် စက်များပင် အစီးရေ ၃၀ ခန့်ရှိသည့် စခန်းဖြစ်သည်။ ထိုစခန်းတွင် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများက တဲကလေးများထိုးကာ နေထိုင်ကြပြီး စခန်းတစ်ခုလုံး လူဦးရေ ၁၀၀ ကျော်ခန့်ရှိသည်။ တောနက်ပြီး ဝေးလံခေါင်သီသဖြင့် ဝန်ထမ်းမိသားစုများ တော်တေ်ာများများမရှိဘဲ နှစ်စု သုံးစုသာ ဒုက္ခခံပြီး လိုက်နေကြခြင်းဖြစ်သည်။
စခန်းသို့ ဝင်ဝင်ချင်းတွင် ရှင်းလင်းပြသသည့် စီမံရေးအဆောက်အဦရှိသည်။ အဆောက်အဦးဆိုသော်လည်း ဝါးများ၊ သစ်လုံးများဖြင့် ပြုလုပ်ထားသော အကာအရံမပါသော အဆောက်အအုံဖြစ်သည်။ ထိုအဆောက်အအုံအလယ်တွင်တော့ စားပွဲနှင့် ထိုင်ခုံကို သစ်သားများဖြင့် အရှည်ကြီးရိုက်ထားသည်။ အလုပ်မဆင်းခင် သူတို့စခန်းကို ကိုင်တွယ်သည့် အရာရှိများက တစ်နေ့တာလုပ်ကိုင်မည့် လုပ်ငန်းများကို ညွှန်ကြားသည့် အစည်းအဝေးလုပ်ရာ နေရာဖြစ်သည်။
ထိုအဆောက်အဦးကို ကျော်လွန်ပြီးလျှင် စခန်း၏ အလယ်ဗဟိုနေရာလောက်တွင် ထမင်းစားဆောင်အဖြစ် တဲကြီးတစ်လုံးကို ထိုးထားလေသည်။ ထိုတဲကြီးအတွင်း မနက်၊ နေ့လည်နှင့် ညနေအချိန်များတွင် အလုပ်သမားများ ထမင်းစုဝေးပြိး စားသောက်ကြသည့်နေရာဖြစ်သည်။ ထိုနေရာနှင့် မနီးမဝေးတွင် စားဖိုဆောင်ရှိကာ ဝန်ထမ်းများအတွက် ထမင်းဟင်းများ ချက်ပြုတ်ရာနေရာလဲဖြစ်သည်။
အခန်း (၂)
မနက်မိုးလင်း ၆ နာရီထိုးသည်နှင့် ဝန်ထမ်းများအားလုံး ထမင်းစားဆောင်တွင် ထမင်းစားနေကြပြီဖြစ်သည်။ မနက်ခင်းပိုင်းတွင် ထမင်းနှင့် ပဲပြုတ်ဆီဆမ်း၊ ပဲထောပတ်များကို ကြက်သွန်များများဖြင့်သုပ်ထားသည့် ပဲသုပ်၊ ဘာလချောင်ကြော်၊ ငရုတ်သီးခြောက်ကြော်များဖြင့် စားသောက်ရသည်ကများသည်။ မနက်စာထမင်းကို အလုအယက်ဗိုက်ပြည့်အောင် စားထားရသည်။
“ပီ . . . ပီ”
အချက်ပေးသံကိုကြားလိုက်ရလျှင် ထမင်းစားဆောင်အတွင်းမှ အပြေးအလွှားထွက်ကြရပြီး လုပ်ငန်းရှင်းလင်းဆောင်သို့သွားကာ ခုံတန်းရှည်ကြီးတွင် စုထိုင်လိုက်ကြသည်။ ထိုအချိန်သည် နံနက် ၈ နာရီအချိန်ဖြစ်သည်။ ထိုအခါ စခန်းတာဝန်ခံနှင့် အင်ဂျင်နီယာများက သူတို့တစ်နေ့တာ ပြုလုပ်ရမည့် လုပ်ငန်းများနှင့် တာဝန်များကို အသီးသီးခွဲဝေပေးလေသည်။ ထိုရှင်းလင်းဆောင်တွင် နာရီဝက်မျှ ဆွေးနွေးပြီးသောအခါတွင် လုပ်ငန်းစပြီဖြစ်သည်။
အထူးသဖြင့် စက်မောင်းများမှာ တာဝန်ကျရာ စက်ယန္တယားကြီးများကို မောင်းနှင်လိုက်ကြပြီးနောက် စခန်းမှ တန်းစီပြီး ထွက်ကြတော့သည်။ ယခုရှင်းရမည့် တောက စခန်းနှင့် နီးသဖြင့် ၈ နာရီခွဲမှ ထွက်ကြခြင်းဖြစ်သည်။
ဘိုဘိုက ဘူဒိုဇာကြီးကို မောင်းနှင်ရသည်။ ဘူဒိုဇာကြီးမှာ တင့်ကားသဖွယ်ချိန်းကြိုးကြီးများဖြင့် ဖြေးဖြေးမှန်မှန်မောင်းနှင်နေလေသည်။ ဘိုဘိုလဲ စီးကရက်တစ်လိပ်ကိုဖွာပြီး ပြတင်းပေါက်မှ ပစ်ချလိုက်သည်။ သိပ်မကြာခင် သူတို့ကားများ တောစပ်သို့ ရောက်လာကြသည်။ စက်ယန္တယားများ စုံလင်အောင် ခေတ္တမျှစောင့်နေကြရသည်။ ထို့နောက် ဆိုဒ်တာဝန်ခံက အဖွဲ့များဖွဲ့ပေးပြီးနောက် ကိုယ့်တာဝန်ကိုယ် အဖွဲ့အသီးသီးဖြင့် ဆောင်ရွက်ကြလေသည်။
သစ်ပင်ခုတ်သည့်နေရာတွင် လက်ဖြင့်ခုတ်ခြင်းမဟုတ်ပေ။ နိုင်ငံခြားမှ သစ်ပင်ခုတ်ရန်တီထွင်ထားသည့် စက်ကြီးများဖြင့် ခုတ်ရခြင်းဖြစ်သလို၊ ဘူဒိုဇာကြီးများဖြင့်လဲ အပြင်ကြီးများကို ထိုးပြီး လှဲရလေသည်။ ထို့နောက် မြေညှိပြီးနောက် ကားသုံးလေးစီး တက်နင်းလိုက်လျှင် မြေပြန့်ဖြစ်သွားပြီဖြစ်သည်။ ထိုအခါ ခုတ်ပြီးသား သစ်ပင်ကြီးများအား ခုတ်ထစ်ဖြတ်တောက်ကာ ကရိန်းဖြင့်မြေသယ်ကားကြီးများက တင်ဆောင်ပြီးသယ်ရလေသည်။
အခန်း(၃)
“ဝုန်း”
သစ်ပင်ကြီးများ တစ်ပင်ပြီးတစ်ပင်လဲကျနေလေသည်။ ဘိုဘိုလဲ သစ်ခုတ်စက်ကို ကူညီပြီး အလွန်ကြီးမားသောအပင်ကြီးများကို ဘူဒိုဇာဖြင့် တိုက်လှဲပေးရသည်။ အပင်ငယ်များ၊ လုံးပတ် တစ်ပေခန့်ရှိသည့်အပင်များမှာတော့ ဘူဒိုဇာတစ်ချက်ထိုးသည်နှင့် အမြစ်ကကျွတ်ပြီး လန်လေသည်။ အပင်များလဲသွားသည်နှင့် မြေကိုဘူဒိုဇာဖြင့်ထိုးပြီး ညှိရသည်။ မြေညီသွားသောအခါ မြေတူးစက်များက ရောက်လာပြီး တောင်နံရံများကိုကုတ်ဖဲ့ကာ တူးချရတော့သည်။
နှစ်ပေါင်းများစွာ ပေါက်ရောက်နေသည့် လူပင်သိပ်မရောက်သည့် တောနက်ကြီးမှာ ယခုတော့ ဘိုဘိုတို လက်ထဲတွင် တစ်နေ့တာမျှဖြင့် တော်တော်ကုန်သွားပြီဖြစ်သည်။ သို့သော်လည်း ရှေ့သို့ လှမ်းကြည့်လျှင် မရေမတွက်နိုင်သော သစ်ပင်ပေါင်းများစွာ ကျန်နေသေးသည်။ ထိုနေ့ တစ်နေ့တာ ပြီးဆုံးပြီးတော့ စခန်းသို့ပြန်လာခဲ့ကြသည်။
တစ်နေ့တာပြီးဆုံးသဖြင့် စခန်းမှလူငယ်များ ဂီတာတီးသူတီးကြသည်။ သီချင်းနားထောင်သူ၊ သီချင်းဆိုသူများလဲ ရှိကြသည်။ စခန်းအတွင်းတွင် သစ်လုံးများဖြင့် မီးပုံကြီးများဖိုထားသည်။ အသောက်အစား ဝါသနာပါသူများကလဲ အသောက်အစားလုပ်ကြသလို၊ သက်ကြီးပိုင်း ဝန်ထမ်းများကတော့ ရေနွေးတစ်အိုးချပြီး ရောက်တတ်ရာရာပြောဆိုနေကြသည်။ အင်ဂျင်နီယာများ၊ ဆိုဒ်တာဝန်ခံများမှာတော့ စာရင်းအင်းများ၊ စာရွက်စာတမ်းများဖြင့် ရှင်းလင်းဆောင်အတွင်း အလုပ်ရှုပ်နေတတ်ကြသည်။ စခန်းတစ်ခုလုံးကို ဓါတ်အားပေးရန်အတွက်တော့ စခန်းထောင့်နားတွင် တဲတစ်လုံးဆောက်ထားကာ မီးစက်ကြီးမောင်းထားသည်။ မီးစက်ကြီးကို ညနေ ၆ နာရီမှ စတင်ကာမောင်းပြီး နောက်တစ်နေ့မနက် ၅ နာရီလောက်တွင် မီးစက်ပိတ်သည်။ မီးစက် ပိတ်ရန်နှင့် မီးစက်ကိုစောင့်ရန်အတွက် ညစောင့်တစ်ယောက်ကို အလှည့်ချထားပေးသည်။ ထိုသူမှာ ညစောင့်ကျလျှင် နောက်နေ့ အလုပ်ဆင်းရန်မလိုပေ။
“ဘိုဘို . . . ဒီည မင်းမီးစက်စောင့်ရမယ်မဟုတ်လား၊ သိပ်မသောက်နဲ့တော့”
ဘကြီးအောင်က သတိပေးလိုက်သဖြင့် ဘိုဘိုလဲ အရက်ဆက်မသောက်တော့ပေ။ ဘကြီးအောင်မှာ စခန်းထဲမှ အလုပ်သမားများကို အုပ်ချုပ်ရသည့် အလုပ်သမားခေါင်းပင်ဖြစ်ပြီး အသက်က ခြောက်ဆယ်ကျော်နေပြီဖြစ်သည်။ ဘကြီးအောင်ကို စခန်းတာဝန်ခံမှအစ အောက်ခြေထမင်းချက်အဆုံး လေးစားကြသည်။
ဘိုဘိုတို့လို အိမ်ထောင်မရှိ လူပျိုလူလွတ်တွေအတွက်တော့ တဲအရှည်ကြီးတစ်လုံးကို ဆောက်ထားပေးပြီး ထရံများဖြင့်ကန့်ထားသည့် ဘားတိုက် တွင်နေထိုင်ရသည်။ လူပျိုများ ညနေဆို အရက်ကလေးတော့ တစ်ခွက်တစ်ဖလား သောက်တတ်ကြသည်။ သီချင်းဆိုကြသည်။ တစ်ခါတစ်ရံ ဘားတိုက်အတွင်း ဖဲရိုက်ကြလေသည်။
ည ၉နာရီထိုးတော့ အားလုံးလူစုခွဲပြီဖြစ်သည်။ ဘိုဘိုလဲ ဓါတ်မီးတစ်လက်ကိုယူပြီး မီးစက်တဲအနီးသို့လာခဲ့သည်။ မီးစက်တဲအနီးတွင် မီးခိုးတွေနှင့် ညှော်နေသည်။ ဘိုဘိုက ဝါးဖြင့်ပြုလုပ်ထားသည့် ခုံတစ်ခုတွင်ထိုင်လိုက်သည်။ ထိုအချိန် ကိုကြီးစံပေါက ကင်းတဲကလေးပေါ်မှဆင်းလာလေသည်။
“ဘာထူးလဲ ကိုကြီးရဲ့”
“ဘာမှ မထူးပါဘူးကွာ၊ အေးဆေးပါ”
မီးစက်ရုံနှင့် သိပ်မလှမ်းမကမ်းတွင် ခြေတံရှည်ကင်းတဲကလေးကို စခန်းခြံစည်းရိုးနှင့်ကပ်လျှက်တည်ဆောက်ထားသည်။ စခန်းကို နေ့ကင်း၊ ညကင်းချထားရသည်။ စခန်းအတွင်းတွင် တန်ဖိုးကြီးစက်ကိရိယာများနှင့် စခန်းဝန်ထမ်းများ၏ ပစ္စည်းများရှိလေရာ အပြင်လူမဝင်စေရန်အတွက် ကင်းချထားရခြင်းဖြစ်သည်။ စခန်းခြံစည်းရိုးကိုတော့ သစ်လုံးများ ဝါးကပ်များဖြင့် အခိုင်အမာလူတစ်ရပ်ခန့် ကာထားရသည်။ အခုအလုပ်လုပ်သည့်နေရာသည် တောနှင့်အလွန်နီးသဖြင့် ကင်းသမားများကို ပိုမိုချထားရလေသည်။
“တစ်ညလုံးဆိုတော့ ပျင်းစရာကြီးကွာ၊ နဲနဲပါးပါးချပါလား”
“ဟာ . . ကိုကြီးစံပေါကလဲ ကင်းစောင့်ရင်း ကစ်နေတာလား ဘကြီးအောင်သိသွားရင်လစာဖြတ်ခံနေရဦးမယ်”
“ရပါတယ်ကွာ၊ အဲဒီလောက်လဲ မဟုတ်ပါဘူး”
ထို့နောက် နှစ်ယောက်သား စကားလေးပြောလိုက် အရက်ကလေး သောက်လိုက်နှင့် အချိန်ဖြုန်းနေကြသည်။ မီးစက်က ဆီကုန်ပြီလားဆိုတာ တစ်ချက်တစ်ချက်ထကြည့်ရုံသာရှိသည်။ ကင်းသမားကတော့ ကင်းတဲလေးပေါ်တက်ပြီး အနီးပတ်ဝန်းကျင်ကို ဓါတ်မီးနှင့်ထိုးကြည့်လိုက်၊ ဟိုနားသည်နား ကင်းလှည့်ပြီး ပြန်လာလိုက်သာလုပ်နေသည်။
“အူ . . ဝူ . . ဝူး . . . ဝူး”
ဘယ်ကမှန်းမသိသော ခွေးအူသံကြီးကိုကြားလိုက်ရသည်။ ကိုကြီးစံပေါနှင့် ဘိုဘိုတို့ ခေါင်းထောင်ကာ နားစွင့်နေလိုက်ကြသည်။ စခန်းအတွင်း ခွေးများမွေးမြူထားသော်လည်း ထိုအူသံမှာ စခန်းအပြင် သစ်တောကြီးဆီမှ အသံဖြစ်သည်။ ဘိုဘိုက လက်ကနာရီကို ကြည့်လိုက်တော့ အချိန်က ည (၁)နာရီခွဲပင်ရှိပြီ။
“တောခွေးတွေ အူတာဖြစ်မယ်ကွ”
“ဟုတ်မယ်ထင်တယ် . . . အကျယ်ကြီးပဲနော်”
သူတို့ပြောနေစဉ်မှာပင် သူတို့နှင့်မလှမ်းမကမ်း စခန်းခြံစည်းရိုးကို လူတစ်ယောက်က လွှားခနဲကျော်ပြီး ခုန်ဆင်းလာလေသည်။ ထို့နောက် မီးစက်ကြီးထားသည့် တဲကလေးအနောက်သို့ ဝင်သွားလေသည်ကို နှစ်ယောက်သားမြင်လိုက်ကြသည်။ နှစ်ယောက်လုံး အံ့အားသင့်ပြီး ခဏတာငြိမ်သက်နေရာမှာ ကိုစံပေါက ဘိုဘို့ကို မျက်စပစ်ပြလိုက်လေသည်။ ဘိုဘိုလဲ သူ့အနားတွင်ထောင်ထားသည့် ဝါးရင်းတုတ်ကိုကောက်ယူလိုက်ပြီး ကိုစံပေါက ငှက်ကြီးတောင်ဓါးကို အသာယူလိုက်ပြီး ဓါတ်မီးများဆွဲကိုင်ကာ တိုးတိုးကလေး လာခဲ့ကြသည်။
မီးစက်ထားသည့် တဲမှာ ဆယ်ပေခန့်သာကျယ်ဝန်းသည့် တဲကလေးဖြစ်ပြီး ထရံကို ခါးတစ်ဝက်လောက်ကာရံထားကာ အပေါ်ပိုင်းကိုတော့ ဝါးဖြင့် အကွက်ကျဲများရပ်လုပ်ပြီးလေးဖက်လေးတန်ကာရံထားသဖြင့် တဲနောက်ကိုဖောက်ထွင်းပြီး လှမ်းမြင်ရနိုင်လေသည်။ အခုတော့ ခုနက ဝင်လာသည့်သူကို မမြင်ရသဖြင့် ထိုသူမှာ လေးဘက်ထောက်ပြီးပုန်းနေချင်းဖြစ်မည်ဟု ယူဆလိုက်သည်။ ကိုစံပေါက တဲခေါင်းရင်းဘက်မှ သွားမည်ဟု လက်ဟန်ခြေဟန်ပြလိုက်သဖြင့် ဘိုဘိုက တဲခြေရင်းဘက်မှ ပတ်ပြီးလာခဲ့လေသည်။ ထို့နောက် ကိုစံပေါက လက်ကို တစ်ချောင်းချင်းစီထောင်နေပြီးနောက် လက်ချောင်းသုံးချောင်းအရောက်တွင် အတူတူ ပြေးပြီး တဲကိုဝိုင်းလိုက်ကြသည်။
“ဟင် . . . ဘယ်ရောက်သွားလဲ”
သူတို့နှစ်ယောက် တဲနောက်ရောက်တော့ ဘာမှမတွေ့တော့။ တဲကို သုံးလေးပတ်ရှာကြည့်သည်။ မီးစက်အတွင်းဝင်ကြည့်သည် ဘာမှထူးထူးခြားခြားမတွေ့ရေ။ ကိုစံပေါလဲ ခေါင်းကုပ်နေသည်။
“မင်းရော သေချာတွေ့လိုက်တယ်မဟုတ်လား”
“သေချာတာပေါ့ ကိုကြီးစံပေါရာ လူမှ လူအစစ်”
စခန်းအတွင်း ရှင်းလင်းထားရုံသာမက ဓါတ်မီးတိုင်များထွန်းထားသောကြောင့် လင်းထိန်နေသည်။ ထိုတဲအနီးတွင်လဲ ခြုံပုတ်များ၊ လူပုန်းခိုစရာများ ဘာမှကြီးကြီးမားမားမရှိပေ။ ထိုတဲနှင့် ပေ သုံးရာ လောက်အကွာမှာသာ ဝန်ထမ်းလိုင်းခန်းတစ်ချို့ရှိပြီး ထိုသို့ပြေးသွားလျှင်လဲ သူတို့မြင်တွေ့ရမည်ဖြစ်သည်။ သူတို့နှစ်ယောက်လဲ စိတ်ရှုပ်ထွေးကာ ထူပူနေကြတော့သည်။
အခန်း (၄)
“တောင် . . . တောင် . . . တောင် . . . . တောင်”
ထိုအခါ သူတို့စခန်းတစ်ဖက်ခြမ်း စက်ကိရိယာကြီးများ ရပ်နားထားသည့် နေရာအနီးမှ သံချောင်းခေါက်သံကို ကြားလိုက်ရသည်။ ကိုစံပေါကော ဘိုဘိုကော သံချောင်းခေါက်သံကို နားစွင့်နေမိသည်။
“လေးချက်ကွ . . . . ဒါတစ်ခုခုဖြစ်နေတာပဲ”
ထိုသို့ပြောလိုက်ပြီးတော့ သူတို့နှစ်ယောက်လဲ သံချောင်းခေါက်သည့်နေရာသို့ ပြေးသွားကြတော့သည်။ သံချောင်းသံ လေးချက်စိပ်စိပ်ခေါက်လျှင် အန္တရာယ်ရှိသည့် အချက်ပေးသံအဖြစ် ဝန်ထမ်းများအားလုံး သိကြသည်။ စခန်းကြီးက ကျယ်ဝန်းလှသဖြင့် ချက်ခြင်းတော့ မရောက်သေးပေ။ ကင်းသမားတွေက အားလုံးပြေးလာကြပြီး၊ ဝန်ထမ်းတွေကလဲ အိပ်ဆောင်တွေထဲမှ ဆင်းလာကြသည်။
ဝင်းအောင် ဆိုသည့် ဝန်ထမ်းတစ်ဦးက ကင်းတဲကလေးပေါ်မှနေ၍ သံချောင်းကို အဆက်မပြတ်ခေါက်နေလေသည်။
“ဝင်းအောင် ဘာဖြစ်တာလဲ ဝင်းအောင်”
ကင်းသမားများက စုပြီးမေးတော့မှ ဝင်းအောင်လဲ သတိပြန်ကပ်သည်။ ဝင်းအောင်က အလွန်ကြောက်လန့်သဖြင့် တုန်လှုပ်နေသည်။ ဘကြီးအောင်နှင့် အခြားဝန်ထမ်းများ ချက်ချင်းတုတ်ဓါးများဖြင့် ရောက်လာကြသည်။
“တိုးကြီးဘယ်သွားလဲ”
ထိုအခါ တိုးကြီးဆိုသူက ပြေးလာလေသည်။
“ဒီ . . ဒီလိုပါ၊ တိုးကြီးက အပေါ့သွားချင်တယ်ဆိုတာနဲ့ အိမ်သာကိုထသွားတာ အဲဒီအချိန်မှာ ကျွန်တော်လဲ ကင်းတဲပေါ်တက်ပြီးတော့ ဟိုဟိုသည်သည် ပတ်ဝန်းကျင်ကို ဓါတ်မီးနဲ့ထိုးကြည့်ပါတယ်။ အဲဒီအခါမှာ ခွေးအူသံတွေကြားလိုက်ရပြီးတော့ လူလိုလိုအကောင်တွေ လေးငါးခြောက်ကောင် တောအုပ်ထဲကနေ ပြေးထွက်လာပြီးတော့ စခန်းခြံစည်းရိုးကို လွှားကနဲခုန်တက်လိုက်ကြပါတယ်။ သူတို့က ခုန်တက်ပြီးတော့ စက်ကြီးတွေ ရပ်ထားတဲ့နားမှာ ပျောက်ကွယ်သွားကြပါတယ်”
ဘကြီးအောင်က မျက်မှောင်ကြုတ်လိုက်သည်။
“လူလိုလိုအကောင်ဆိုတော့ မင်းသေချာမတွေ့လိုက်ဘူးလား”
“ကျွန်တော် ဓါတ်မီးနဲ့သေချာထိုးကြည့်ပါတယ်။ ဒါပေမယ့် ပြေးတာအရမ်းမြန်လို့ ရိပ်ကနဲပဲတွေ့လိုက်ရပါတယ်။ လူလိုပဲ လမ်းလျှောက်ပြေးတာပါ”
“ကောင်းပြီ၊ တစ်စခန်းလုံးက လူတွေကို လိုက်ပြီးသတိပေးပါ၊ ပြီးရင် ကိုယ်အိပ်တဲ့နေရာတွေကိုအရင်ဆုံး စစ်ဆေးကြည့်ကြပါ။ ကျန်တဲ့လူတွေကတော့ စက်ကြီးတွေထားတဲ့နေရာကို ဝိုင်းပြီးရှာကြရအောင်”
စက်ယန္တယားကြီးများ ရပ်ထားသည့်နေရာမှာ စက်များတစ်စီးနှင့်တစ်စိးကပ်နေသဖြင့် မှောင်ရိပ်များကျနေလေသည်။ ထိုနေရာကို စခန်းမှ လူအင်အားဖြင့်ဝိုင်းလိုက်ပြီးနောက် သေချာဓါတ်မီးထိုး၍ ရှာကြည့်ကြသည်။
“ဘကြီးရေ . . . ဟိုမှာ . . . ဟိုမှာ”
လူရိပ်တစ်ခုသည် မြေသယ်ကားကြီးတစ်စီး၏ ဘီးများအကြားတွင် ဝပ်နေလေရာ သူတို့အော်သံကြောင့် ထပြီး စခန်းအပေါက်ဝဖက်သို့ ပြေးတော့သည်။ စခန်းမှာ အဝိုင်းပုံစံရှိပြီး အပေါက်ဝက တစ်ပေါက်တည်းသာရှိသည်။ ဝန်ထမ်းများအားလုံးလဲ ထိုလူနောက်ကိုပြေးလိုက်ကြသည်။ မီးရောင်ထဲတွင် ထိုလူကိုကြည့်ရတာ ပိန်ပိန်ပါးပါးနှင့် ဖြစ်ပြီး အလွန်အပြေးလဲ မြန်လှသည်။ သူတို့ပြေးလိုက်ရင်း ထိုလူသည် စခန်းဂိတ်ပေါက်ဝကို ခုန်ကျော်ပြီးနောက် ပျောက်ကွယ်သွားတော့သည်။ သူတို့အားလုံးမောပန်းနေကြသည်။
“ဖုတ် . . . . ဖုန်း”
ထိုအသံကြီးကို ကြားလိုက်ရပြီးနောက် စခန်းတစ်ခုလုံး မီးမှောင်ကျသွားတော့သည်။
“မီးစက်ဘာဖြစ်တာလဲဟေ့ . . .”
ထိုတော့မှ မီးစက်ကို ပြေးကြည့်ကြတော့ မီးစက်တဲမှာ မီးခိုးလုံးများအူပြီးထွက်နေလေသည်။
“စက်ပြင်ဆရာလာပါဦး . . . စက်ပြင်ဆရာ”
ထိုသို့ခေါ်လိုက်သည့်အခါတွင် စက်ပြင်ဆရာတွေက လာရောက်ပြီးမီးစက်ကိုကြည့်ကြသည်။ ထို့နောက် ခေါင်းခါကြသည်။
“မရတော့ဘူး . . . အဓိက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပျက်စီးသွားတယ်”
စခန်းတာဝန်ခံက
“စခန်းက ဂိုဒေါင်မှာ အပိုပစ္စည်းမရှိဘူးလား”
“မရှိဘူးဆရာ၊ ကားအတွက် အပိုပစ္စည်းတွေရှိပေမယ့် မီးစက်ရဲ့ ဒီအစိတ်အပိုင်းကတော့ တော်ရုံနဲ့ ပျက်ခဲလို့ အပိုမရှိဘူးဆရာ”
“ကောင်းပါပြီ၊ ဒါဆို ဒီညတော့သတိဝိရိယနဲ့ နေကြပါ၊ မီးပုံတွေဖိုပြီး ကင်းသမားတွေ ဆက်စောင့်ကြပါ၊ မနက်ဖြန် ရုံးချုပ်ကိုပြောပြီးတော့ အပိုပစ္စည်းလှမ်းယူပေးမယ်၊ ဒီညတော့ သည်းခံကြဦး”
ထိုသို့ပြောလိုက်သဖြင့် လူစုခွဲလိုက်ကြသည်။ သူတို့မြင်တွေ့ခဲ့သည့် အရာကိုတော့ ဝန်ထမ်းများက တစ်ယောက်တစ်မျိုး ထင်ကြေးပေးနေကြသည်။
နောက်တစ်နေ့တော့ ဘိုဘိုတို့က ညကင်းစောင့် ကျထားသဖြင့် အလုပ်ဆင်းရန်မလိုပေ။ စခန်းမှာသာ အိပ်လိုက်စားလိုက်နှင့် အချိန်ကုန်နေလေသည်။ သူတို့ညက တွေ့ခဲ့သည့် လူခုန်ဝင်လာသည့် နေရာကို သွားကြည့်ရာ ထိုနေရာတွင် မြေကပျော့နေသဖြင့် လူခြေရာတစ်ခုကို အထင်းသား တွေ့မြင်ရသည်။ ခြေရာမှာ ရှည်ရှည်မြောမြောဖြစ်သည်။
“လူလို့ပဲထင်တယ်၊ တို့စခန်းက ဆီတို့၊ တန်ဖိုးရှိတာတွေ လာခိုးတာဖြစ်မယ်”
“လူဆိုရင် ဒီနားမှာ လူနေတဲ့နေရာ နီးလို့လား ဘကြီးအောင်ရဲ့”
“ခုနစ်မိုင်လောက်အကွာမှာ ရွာတစ်ရွာရှိတယ်၊ ဆိုတော့ အဲဒီကလူတွေများ မနက်ကတည်းက ကြိုလာပြီး စခန်းထဲဝင်ကာ ပုန်းအောင်းနေသလားပဲ”
စခန်းတာဝန်ခံနှင့် ဘကြီးအောင်တို့ အတူတူစဉ်းစား တိုင်ပင်နေကြသည်။
“ဒါဆို စခန်းကို နေ့ဘက်ပါ ကင်းချမှရတော့မယ် ဘကြီးအောင်”
“ကောင်းပြီ အဘစီစဉ်လိုက်ပါ့မယ်”
ဘကြီးအောင်က ပြောလိုက်ပြီးနောက် တဲအတွင်းမှ ထွက်သွားရန်ပြင်ဆင်လိုက်လေသည်။ သို့သော် နောက်ပြန်လှည့်၍
“ဒါနဲ့ ဆရာမျိုး၊ မီးစက် ကိစ္စကော ဘာထူးလဲ”
“ကျုပ် ခုနကပဲ ဒီက အထိုင်စခန်းနဲ့ဆက်သွယ်လိုက်တော့ သူတို့ဆီမှာလဲ အဲဒီပစ္စည်းမရှိဘူးဖြစ်နေတယ်။ နောက် နှစ်ရက်၊ သုံးရက်လောက်ကြာရင် ရန်ကုန်ကနေ တွဲကားတွေလာဖို့ရှိတယ်။ အဲဒီတော့ ပစ္စည်းကို ထည့်ပေးလိုက်မယ်ပြောတယ်”
“ဒါဆို ကြာဦးမှာပေါ့”
ဘကြီးအောင်က ကွမ်းဝါးရင်း ပြောလိုက်သည်။
“နောက်သုံးလေးရက်ဆို ရမယ်ထင်တယ် ဘကြီး”
ဘိုဘိုလဲ နေ့လည် ထမင်းစားပြီးတော့ ပြန်အိပ်ရန် ကြိုးစားသည်။ သို့သော် တဲအတွင်းမှာ ပူလှသဖြင့် တဲအပြင်သို့ထွက်လာခဲ့သည်။ စခန်းအပြင်တွင် ဝါးနှင့်ပြုလုပ်ထားသည့် ခုံတန်းကလေးများ၊ သစ်သားဖြင့် ပြုလုပ်ထားသည့် ခုံတန်းများ နေရာအနှံ့ရှိလေရာ ထိုခုံတန်းကလေးများတွင် လေတဖြူးဖြူးနှင့် အိပ်လိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။ ရာသီဥတုက ပူလောင်နေသည်ဆိုသော်လည်း မိုးက ရွာမလိုလိုနှင့် အုံ့နေလေသည်။
ဘိုဘိုလဲ လဲလျောင်းရင်း မှေးကနဲ ဖြစ်သွားလေသည်။ ထိုစဉ် စခန်းအတွင်း ကားများဝင်လာသံကို ကြားလိုက်ရပြီး လူများပူညံပူညံအသံကိုလဲ ကြားလိုက်ရသဖြင့် ဘိုဘိုလဲ အိပ်နေရာမှ လန့်နိုးသွားပြီး ထိုနေရာသို့ပြေးသွားတော့သည်။ ရှင်းလင်းဆောင်တွင် လူများဝိုင်းကြည့်နေကြသည်။ သူတို့အလယ်တွင် ကိုအေး ဆိုသည့် ဝန်ထမ်းတစ်ယောက်မှာ ချွေးစေးများပြန်ပြီးနောက် ကယောင်ကတမ်းဖြစ်နေသည်။
“ဘာဖြစ်ကြတာလဲဗျ”
“ကိုအေး တောထဲမှာ ကျားနဲ့တွေ့ခဲ့တယ် ဆိုပဲဗျ”
“ဘယ်လို . . . ကျားဟုတ်လား”
“သူလဲ အရှေ့က လူတွေ အပင်တွေလှဲချပြီးသွားတုန်း သူတို့က အနောက်ကနေ မြေတွေ လိုက်ညှိနေတာပေါ့။ အဲဒီအချိန် သူု့အနားက ကျောက်တုံးပေါ်မှာ ကျားကြီးတစ်ကောင် သူ့ကိုကြည့်ရင်း မာန်ဖီနေတာကို တွေ့လိုက်ရသတဲ့ကွာ”
“အဲဒီကျားဘယ်ရောက်သွားလဲ”
“သူဖြစ်တဲ့နားမှာ တခြားသူတွေလဲရှိတယ်၊ တစ်ခြားသူတွေကတော့ ကျားကိုမတွေ့ရဘူး၊ အဲဒီနေရာမှာလဲ ကျားခြေရာတွေ ဘာတွေမကျန်ခဲ့ပါဘူးကွာ”
“ထူးတော့ ထူးဆန်းတယ်နော်”
“ဘိုဘို မင်းနှုတ်လုံနော်၊ ငါ့အထင် ဒီကိစ္စက မရိုးသားဘူးကွ၊ တောအုပ်ကြီးက တို့ကို ခြောက်လှန့်နေတာပဲဖြစ်ရမယ်”
ဘိုဘိုလဲ မတွေးတတ်တော့ဘဲ ခေါင်းကိုသာကုတ်နေလိုက်သည်။ ကိုအေးကတော့ အခုထိအကြောက်မပြေသေးပေ။
ညရောက်ခဲ့ပြန်ပြီ။ ရှင်းလင်းဆောင်အတွင်း တစ်စခန်းလုံးမှ ဝန်ထမ်းများစုဝေးနေကြသည်။ ရှင်းလင်းဆောင်အတွင်းတွင် မီးခွက်များ၊ ဖယောင်းတိုင်များထွန်းထားသလို၊ အားသွင်းသည့် ဓါတ်မီးကလေးများကိုလဲ ထွန်းထားကြသည်။
“ကဲ အားလုံးပဲနားထောင်ပါ၊ မီးစက်က ပြင်မရသေးဘူး၊ သုံးလေးရက်လောက်တော့ ကြာဦးမယ်၊ ဒါကြောင့်မို့လို့ အားလုံးသတိဝိရိယနဲ့နေကြပါ။ စခန်းထဲမှာ မီးဖိုတွေဖိုထားကြမယ်၊ နောက်ပြီး ကင်းသမားတွေ အသောက်အစားမလုပ်ပဲ သေသေချာချာကင်းစောင့်ကြပါ၊ ကင်းသမားတွေဆီကို ကင်းလှည့်ဖို့ ကင်းအဖွဲ့တစ်ဖွဲ့ကိုလဲ စီစဉ်ပေးထားတယ်၊ ကျုပ်ကိုယ်တိုင်ဦးစီးပြီးတော့ ကင်းလှည့်မယ်”
ထိုအခါ ဝန်ထမ်းများအားလုံး သဘောတူလိုက်ကြသည်။
ကင်းအဖွဲ့တွင် စခန်းတာဝန်ခံဦးမျိုး၊ ဘကြီးအောင် ခေါင်းဆောင်ပြီး အခြားဝန်ထမ်း ၁၀ယောက်ခန့်ပါဝင်ကာ စခန်းအတွင်း နှစ်နာရီခြားတစ်ခါလောက် လှည့်ပတ်ကာ ကင်းသမားများကို စစ်ဆေးရတော့သည်။ နေ့ခင်းဘက်တွင် အလုပ်လုပ်ရ ညဘက်ကင်းစောင့်ရပြန်တာမို့ အလွန်ပင်ပန်းနေကြသည်။ ကင်းသမားမဟုတ်သည့် ဝန်ထမ်းများမှာလဲ ကောင်းကောင်းမအိပ်ရဲဘဲ နိုးနိုးကြားကြားနေကြရသည်။
ည (၁) နာရီထိုးပြီ။
“ဆရာမျိုး နေခဲ့ပါလား၊ ကျုပ်ပဲသွားလိုက်မယ်”
“မဟုတ်တာ ဘကြီးရယ် ဘကြီးက အသက်ကြီးနေပြီ ဒီတစ်ခေါက်တော့ နားလိုက်ပါ”
ဘကြီးအောင်ကလဲ ခေါင်းခါသည်။ သို့နှင့် ရှင်းလင်းဆောင်အတွင်း အိပ်မောကျနေကြသော ကင်းအဖွဲ့ကို နှိုးလိုက်ပြီး ကင်းလှည့်ရန် ထွက်လာခဲ့ကြသည်။
ထိုစဉ်
“ဝေါ . . . ဝရော . . .”
“ဒုန်း . . . ဒုန်း”
ကောင်းကင်ပေါ်မှ ခဲလုံးများ ကျဆင်းလာပြီးနောက် စခန်းအတွင်းရှိ အဆောက်အဦးများပေါ်သို့ ကျတော့သည်။ သွပ်မိုးများဖြစ်သဖြင့် အသံက ကျယ်လောင်စွာထွက်လာလေသည်။ ကျောက်ခဲများမှာ တစ်လုံးခြင်းပစ်ခတ်ခြင်းမဟုတ်ဘဲ အဆုပ်လိုက် အခဲလိုက် ပစ်နေသဖြင့် မိုးရွာသကဲ့သို့ ကျနေလေသည်။ ကင်းအဖွဲ့လဲ နီးစပ်ရာ တဲအရိပ်ကိုခိုကာ အသံကိုနားစွင့်နေသည်။
“ဆရာမျိုးစခန်းအနောက်ဘက်ကနေ ပစ်နေတာဖြစ်မယ်”
“ကဲ အားလုံးပဲ စခန်းအနောက်ဘက်ကိုသွားကြမယ်၊ မသင်္ကာတာတွေ့ရင် ဆော်သာဆော်ကြ”
ထိုသို့ပြောပြီး ကင်းအဖွဲ့က စခန်းအနောက်ဖက်သို့ ပြေးကြသည်။ ခဲများမှာ မိုးရွာသလိုကျနေသဖြင့် ကင်းအဖွဲ့ကိုလဲ ခဲများလာမှန်နေလေသည်။ တဲများအတွင်းမှ နိုးနေကြသူများလဲ အပြင်သို့မထွက်ရဲသေးဘဲ ကြည့်နေကြသည်။
ကင်းအဖွဲ့လဲ ခဲအမှန်ခံပြီး စခန်းအနောက်ဘက်သို့ပြေးကြသည်။ ထိုနေရာတွင် ကင်းကျသည့်သူများရှိပြီး ထိုကင်းသမားနှစ်ဦးမှာလဲ စခန်းခြံစည်းရိုးအောက်တွင် ဝပ်နေကြလေသည်။
“ဘယ်သူတွေ ပစ်နေတာလဲ”
“မသိဘူးဆရာ အပြင်ကနေပစ်နေတာ”
ဆယ်မိနစ်လောက်နေတော့ စခန်းတစ်ခုလုံး ညိမ်သက်သွားသည်။ ခဲများမကျလာတော့ပေ။ ထိုတော့မှ စခန်းအတွင်းမှလူများထွက်လာလေသည်။ စခန်းအတွင်း တစ်လက်မခန့်ရှိသော ကျောက်စရစ်ခဲကလေးများ အများအပြားကျနေလေသည်။
ဘိုဘိုလဲ ခဲတွေမကျတော့မှ အပြင်သို့ထွက်ခဲ့သည်။ ရှင်းလင်းဆောင်တွင် လူများစုဝေးနေကြသည်။
“ကဲ ဝန်ထမ်းအားလုံးနားထောင်ကြပါ၊ ကျုပ်တို့တော့ ဘာမှန်းမသိတဲ့တိုက်ခိုက်တာကို ခံနေရပြီ၊ ဒီတော့ ဘယ်လိုလုပ်ကြမလဲ။ စဉ်းစားထားတာရှိရင် ပြောကြပါ”
“ကျုပ်တို့ ပြန်တိုက်မယ်”
လူတစ်ယောက်ကပြောလိုက်ကာ လက်သီးဆုပ်ကိုထောင်ပြလိုက်သည်။ ထိုအခါ အခြားလူများကလဲ အားရှိသွားကာ အကုန်လက်သီးများကို ထောင်လိုက်ကြသည်။
“ကျုပ်တို့ တိုက်မယ်၊ ကျုပ်တို့ ပြန်တိုက်မယ်”
ဘကြီးအောင်က ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ ဒီတစ်ခါ လက်နက်တွေစုထားပါ၊ လေးခွရှိတဲ့သူတွေက လေးခွတွေအသင့်ပြင်ထားကြ၊ သူတို့ကို ငါတို့ ခြံစည်းရိုးနားက စောင့်နေကြမယ်၊ သူတို့လာပစ်ရင် ငါတို့လဲ လေးခွတွေ၊ ခဲတွေနဲ့ ပြန်ပေါက်ကြမယ်”
စခန်းအတွင်းမှ ဝန်ထမ်းများအားလုံး ညာသံပေးပြီး အော်ဟစ်လိုက်ကြသည်။ အများစုက ယောက်ျားသားတွေ၊ လုပ်နိုင်ကိုင်နိုင်သည့်အရွယ်တွေမို့ အင်အားတက်ကြွနေကြသည်။
စခန်းအတွင်း တုတ်များ၊ ဓါးများကို စုဆောင်းလိုက်ကြသည်။ ဝါးရင်းတုတ်များလဲ အသင့်ပြင်ထားကြသည်။ လေးခွကတော့ လေးငါးလက်သာရှိသည်။ ဘိုဘို့ထံတွင်လဲ ကျွဲချိုလေးခွကြီးတစ်လက်ရှိသည်။
“လေးခွသမားတွေလာကြ မင်းတို့လက်တည့်ရဲ့လား”
“တည့်မတည့် စမ်းပစ်ပြရမလား”
ဘိုဘိုက ထိုသို့ပြောလိုက်ပြီးနောက် ထမင်းစားဆောင်အတွင်းရှိ နို့ဆီဗူးခွံတစ်ခုကို ရှင်းလင်းဆောင်မှနေ၍လှမ်းပြီး ပစ်ခတ်ပြလိုက်တော့သည်။ ထိုအဆောင်နှစ်ခုမှာ အတန်ငယ်ဝေးလေသည်။
“ကောင်းပြီ လေးခွသမားတွေက သေချာထိအောင်ပစ်နော်”
ထို့နောက် သူတို့ဝန်ထမ်းတွေ တစ်ဖွဲ့ကြီးအနောက်ဖက်ခြံစည်းရိုးသို့ ချီတက်သွားကြပြီး ခြံစည်းရိုးအနားတွင်နေရာယူထားကြသည်။ ခြံစည်းရိုးပေါ်တက်ရန် လှေကားများကိုလဲ အားချင်းသစ်သားများဖြင့် ရိုက်လိုက်ကြသည်။ ခဲလုံးများ၊ ကျောက်တုံးများကိုလဲ အသင့်အနေအထားဖြင့် ခြံစည်းရိုးအောက်ခြေတွင် ပုံထားလိုက်ကြသည်။
ည ၂ နာရီထိုးပြီ။
“ဝေါ . . . ဝေါ”
“ဒုန်း . . . ဒုန်း”
ခဲတွေကျလာပြန်သည်။ ဘကြီးအောင်က အော်ဟစ်လိုက်သည်။
“ချကြဟေ့”
ထိုအခါ ခြံစည်းရိုးနောက်မှလူများသည် လှေကားများပေါ်တက်ကြပြီးနောက် အပြင်သို့ချိန်ရွယ်လိုက်ကြသည်။ ဓါတ်မီးများနှင့်လဲ အပြင်ကိုလှမ်းထိုးလိုက်ကြသည်။ အနောက်ဖက်ခြံစည်းရိုးနှင့် မနီးမဝေးတွင် လူသဏ္ဍာန်အရိပ်များ တန်းစီပြီးရပ်နေကြပြီး သူတို့ကခဲများဖြင့် လှမ်းလှမ်းပြီးပေါက်နေကြသည်။
“ပစ်ကြတော့ . . . .”
ဘကြီးအောင်မှပြောလိုက်သည်နှင့် ဝန်ထမ်းများက ခြံစည်းရိုးပေါ်မှနေ၍ ခဲများဖြင့်လှမ်းပစ်တော့သည်။ သို့သော် သူတို့ပြန်ပစ်သောခဲများမှာ သူတို့ကိုလာပစ်သော သူများဆီသိပ်မရောက်ပေ။
“ခဲတွေ မရောက်ဘူးဗျာ၊ လောက်လေးမရှိတာ နာတယ်”
ထိုသို့ငြီးတွားကြလေသည်။
“ကဲ လောက်လေးသမားတွေ အသင့်နေရာယူပြီးပစ်ကြတော့”
ဘိုဘိုက လှေကားပေါ်ကိုတက်လိုက်ပြီးနောက် သူတို့ကိုပစ်နေသည့် သူများကို ထိုးချိန်လိုက်သည်။ သူတို့ကိုပစ်နေသည့်သူများက အမှောင်ထဲတွင် အနက်ရောင်သာမြင်ရလေသည်။ ဓါတ်မီးနှင့်ထိုးကြည့်သောအခါလဲ လူလိုအသားမတွေ့ရပဲ မီးသွေးတုံးတွေလို မည်းနက်နေသည်။ ထိုလူတွေက လက်ကြီးတွေကို လွှဲကာ လွှဲကာနှင့် လောက်လွှဲကြီးများကဲ့သို့ ပစ်ခတ်နေကြသည်။
ဘိုဘိုက လောက်လေးခွဖြင့် သေချာချိန်လိုက်သည်။ လူအတန်းလိုက်ကြီးထဲမှ လူတစ်ယောက်၏ ခေါင်းကိုချိန်ရွယ်လိုက်ပြီး မှန်းကာ ပစ်ချလိုက်သည်။
“ဘုတ် . . .”
ထိုလူကို လောက်စာလုံးက တည့်တည့်ထိမှန်ပြီး ထိုလူမှာ ယိုင်ကျသွားသည်။ ထို့နောက် ပြန်ထလိုက်ပြီး ပြန်ပစ်နေပြန်သည်။
“ထိတော့ထိတယ်ဗျ . . . ဘာမှမဖြစ်ဘူး”
ဆယ့်ငါးမိနစ်ခန့် အပြန်အလှန်ပစ်ခတ်ကြပြီးနောက် ထိုလာရောက်ပစ်ခတ်သူများသည် ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားတော့သည်။ ဝန်ထမ်းများလဲ ခဲမှန်ပြီးဖူးယောင်သည့်သူများလဲရှိကြသည်။ ယခုတော့ ရှင်းလင်းဆောင်တွင် လူမစုတော့ဘဲ စခန်းအလယ်ရှိ ကွက်လပ်ကြီးတွင် မီးပုံကြီးဖိုကာ စုထိုင်နေကြသည်။
“သေချာတာကတော့ တို့ကိုတိုက်ခိုက်နေတာ လူတွေမဟုတ်ဘူး၊ မကောင်းဆိုးဝါး နာနာဘာဝတွေ တိုက်ခိုက်နေကြတာပဲ”
စခန်းတာဝန်ခံ ဦးမျိုးက ခေါင်းကိုက်နေပြီဖြစ်သည်။
“ဒါဆို ဘယ်လိုဆက်လုပ်ကြမလဲ”
အားလုံးကလဲ ထင်ရာထင်ကြေးများပြောနေကြသည်။ ဘကြီးအောင်က မုတ်ဆိတ်မွှေးကျိုးတို့ကျဲတဲနှင့် သူ့မေးစေ့ကို ပွတ်နေလေသည်။
“ဒီညတော့ သည်းခံလိုက်ကြမယ်၊ မနက်ရောက်ရင်တော့ အနားက ရွာက ဦးဇင်းတွေပင့်ဖိတ်ပြီး ပရိတ်တရားနာကြမယ်၊ ပရိတ်ရွတ်ကြမယ်”
အများစုက ထိုအကြံကို လက်ခံလိုက်လေသည်။ သို့သော် လူအနည်းစု လူငယ်တော်တော်များများမှာ ဒေါသကိုမထိန်းနိုင်တော့။
“အိုဗျာ . . . သရဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကျုပ်တို့မကြောက်ဘူး၊ ဒီတစ်ခါလာရင် ကျုပ်တို့ထွက်ရိုက်မယ်”
“တိတ်ကြတော့။ ဘယ်သူမှ အထွန့်မတက်ကြနဲ့၊ အခုနေရာမှာ ငါကတာဝန်ခံဆိုတော့ ငါ့စကားကိုနာခံကြရမယ်၊ ငါတို့ ဘကြီးအောင်ပြောတဲ့အတိုင်း လုပ်ကြမယ်။ လောလောဆယ် ကင်းသမားတွေချထားပြီး ကျန်တဲ့လူတွေက ပြန်အိပ်ကြတော့”
လူစုကွဲသွားသော်လည်း ခြံစည်းရိုးနှင့်နီးသည့် မိသားစုများနေထိုင်သည့် တဲကလေးများမှ သူများမှာမနေရဲကြတော့သဖြင့် သူတို့နေထိုင်ဖို့အတွက်ကို စီစဉ်ပေးနေရလေသည်။
ည (၃) နာရီထိုးပြီ၊ ကင်းအဖွဲ့နှင့် ကျန်သည့်လူများသည် ရှင်းလင်းဆောင်နှင့် ထမင်းစားသောက်ဆောင်အတွင်း၌ပင် အိပ်စက်နေကြသည်။ မိုးတွင်းမို့ အေးမြမှုက တိုး၍လာလေသည်။
“ဝေါ . . . ဝရော”
“ဒုန်း . . . . ဒုန်း”
အသံဗလံများကြားသဖြင့် အားလုံးလန့်နိုးသွားကြသည်။ နောက်တစ်ခေါက်လာရောက် ပစ်ခတ်ကြခြင်းပင်ဖြစ်သည်။ ယခုတစ်ခါတွင်တော့ အနောက်ဖက်ခြံစည်းရိုးအနီးမှ မဟုတ်ဘဲ မြောက်ဘက်ခြံစည်းရိုးမှ လာရောက်ပစ်ခတ်ခြင်းဖြစ်သည်။ ထိုမြောက်ဖက်ခြံစည်းရိုးသည် တောအုပ်နှင့်ပိုနီးပြီး ထိုနေရာရှိ တောအုပ်ကို မရှင်းလင်းရသေးပေ။
“ဘာမှပြန်မလုပ်ကြနဲ့တော့ . . . အကာအကွယ်တွေယူပြီးတော့သာနေကြတော့၊ သူတို့ခြံစည်းရိုးထဲကို မဝင်လာရဲပါဘူး”
အားလုံးကိုအော်ပြောရင်း ထရံများ၊ အမိုးများအောက်တွင် အကာအကွယ်ယူထားကြသည်။ ထိုစဉ် စိုးကြီးဟုခေါ်သည့် စက်ပြင်ဆရာနှင့် လူငယ် ၁၅ ယောက်တို့က ဓါးများကိုင်ပြီးနောက် သူတို့အိပ်ဆောင်အတွင်းမှ ထွက်လာကြသည်။ သုံးထပ်သားပြားများကို ရာဘာလက်ကိုင်ကွင်းများရိုက်ပြီး ဒိုင်းအဖြစ်လုပ်ထားသည့် အရာများဖြင့် ခဲလုံးများကို ကာကွယ်ပြီးထွက်လာကြသည်။
“စိုးကြီး ဘာလုပ်မလို့လဲ”
“ဆရာတို့ မထွက်ရင်နေ . . . ကျွန်တော်တို့ထွက်ပြီး ဒီကောင်တွေကို ဆော်မလို့”
“နေ . . . နေကြပါဦး”
ပြော၍ပင်မဆုံးလိုက် စိုးကြီးတို့မှာ လှေကားများယူကာ မြောက်ဘက်ခြံစည်းရိုးသို့ ပြေးသွားကြသည်။ ဘကြီးအောင်နှင့် ကင်းအဖွဲ့လဲ သူတို့နောက်မှပြေးလိုက်သွားကြသည်။ စိုးကြီးတို့က ခြံစည်းရိုးကို လှေကားဖြင့်ထောင်လိုက်ပြီးနောက် လှေကားပေါ်တက်ကာ ခြံစည်းရိုးတစ်ဖက်သို့ လွှားကနဲ ခုန်ချလိုက်ကြတော့သည်။ ထို့နောက် လူစုပြီး ဒိုင်းများဖြင့် အကာအကွယ်လုပ်ကာ ထိုလူအုပ်ကြီးဆီသို့ပြေးသွားကြတော့သည်။
စခန်းအတွင်းမှလူများလဲ ဓါတ်မီးများဖြင့် ဝိုင်းထိုးပေးကြပြီးနောက် လေးခွသမားများကလဲကူပစ်ပေးကြသည်။ ထိုလူအုပ်ကြီးဆီသို့ စိုးကြီးတို့ မရောက်မီမှာပင် အလွန်ကျယ်လောင်သော အသံကြီးကိုကြားလိုက်ကြရတော့သည်။
“ဝေါင်း . . . ဝေါင်း”
အသံမှာ ကြားသံကြီးဖြစ်ပြီးတောအုပ်အတွင်းမှာ ကျားကြီးတစ်ကောင် ခုန်ထွက်လာလေသည်။ ကျားကြီးမှာ ၁၅ ပေခန့်ရှည်လျားပြီး လူတစ်ယောက်နီးပါးအရပ်မြင့်ကာ မျက်လုံးကြီးများမှာ နီရဲနေလေသည်။
“အဲ . . . အဲဒါ ကိုးတောင်ကျားကြီးဟ”
သူတို့ စခန်းထဲမှလူများက အော်ဟစ်ပြောလိုက်ကြသည်။ စိုးကြီးနှင့်အဖွဲ့က ကျားကိုတွေ့တော့ ရပ်တန့်သွားကြသည်။ ကျားကြီးက တောအုပ်ထဲမှနေ၍ စခန်းဆီသို့ပြေးလာနေသည်။ စိုးကြီးတို့အဖွဲ့လဲ အလဲလဲအပြိုပြိုနှင့် စခန်းဆီသို့ ပြန်ပြေးကြတော့သည်။ သို့သော် စခန်းက ဝင်ပေါက်မရှိပေ။ ခြံစည်းရိုးကြီးသာရှိပြီး ထိုခြံစည်းရိုးကြီးမှာလဲ မြင့်သည့်အပြင် အပြင်မှ အလွယ်တကူမတက်နိုင်သည်မို့ ခြံစည်းရိုးနားတွင် ကပ်နေကြသည်။ ကျားကြီးမှာ ဓါတ်မီးရောင်များအောက်တွင် အဝါရောင်နှင့် အနက်ရောင် အကျားကြီးများကို ထင်ရှားစွာမြင်ရလေသည်။ ကျားကြီးမှာ စခန်းဆီသို့ တဖြေးဖြေးပြေးလာလေသည်။ သို့သော် စခန်းနားအထိမလာတော့ဘဲ တစ်ချက်သာဟိန်းဟောက်ပြီးနောက် တောအုပ်အတွင်းသို့ ပြန်လှည့်ဝင်ပြေးသွားတော့သည်။
အခန်း (၅)
“ဆရာ ကျုပ်တို့မလုပ်တော့ဘူး။ ပြန်တော့မယ်၊ အလုပ်လဲထွက်စာတင်ပြီ”
ရှင်းလင်းဆောင်အနားတွင် ပြန်မည့်သူများ အထုပ်အပိုးများနှင့်တန်းစီနေကြသည်။ အများစုမှာ အသက်ကြီးသည့် ဝန်ထမ်းများဖြစ်ပြီး သူတို့က မိသားစုလိုက် လာရောက်နေကြသဖြင့် ကလေးတွေလဲ ပါဝင်ကြသည်။ တစ်စခန်းလုံး တစ်ညလုံး မအိပ်ရသေးသည်မို့ ထိုနေ့တော့ အလုပ်မဆင်းနိုင်ကြတော့ပေ။
“အင်းလေ ခင်ဗျားတို့မနေချင်ဘူးဆိုမှတော့ ဘယ်တတ်နိုင်မလဲ၊ ဟုတ်ပြီလေ၊ ခင်ဗျားတို့ထွက်စာတွေကို ခုံပေါ်တင်ခဲ့ပါ”
စခန်းအတွင်းမှ အလုပ်သမားလေးဆယ်လောက်က ထွက်သွားသဖြင့် အလုပ်ထွက်စာတွေ စားပွဲပေါ်တွင် အပုံလိုက်ကြီးကျန်နေခဲ့တော့သည်။
“ကဲ ပြန်မည့်သူတွေ မြေသယ်ကားကြီးပေါ်တက်ကျတော့၊ ကျုပ်လဲ အထိုင်ရုံးကိုသွားပြီး ဒီအကြောင်းကိုတင်ပြရမယ်၊ ဘကြီးအောင်ကတော့ မနေ့ကပြောထားတဲ့အတိုင်း ရွာကိုသွားပြီး ဘုန်းကြီးတွေနဲ့ ပရိတ်ရွတ်ဖို့စီစဉ်လိုက်ပါ။ ကျန်တဲ့သူတွေကတော့ စခန်းကိုသေချာစောင့်ကြပ်ပြီးတော့ အလှည့်နဲ့အိပ်ထားကြပါ၊ ဒီညဘာဖြစ်မယ်ဆိုတာ ဘယ်သူမှမပြောနိုင်ဘူးလေ”
စခန်းတာဝန်ခံ ဦးမျိုးကပြောပြီးနောက် မြေသယ်ကားကြီးပေါ်တွင် လူများတက်လိုက်ကာ ထိုကားကြီးက ထွက်ခွာသွားတော့သည်။ စခန်းမှာ ရှေ့တန်းစခန်းမို့ အဆက်အသွယ်ဝေးသည်။ စခန်းအတွင်းကျန်နေခဲ့သူများမှာ လူငယ်ပိုင်းများသာ ကျန်နေခဲ့ကြတော့သည်။ လူလတ်ပိုင်းတစ်ချို့နှင့် မိသားစုပါသူများကတော့ ပြန်ကုန်ကြပြီဖြစ်သည်။
ဘကြီးအောင်က ဆေးလိပ်တစ်လိပ်ကိုဖွာလိုက်ပြီးနောက် ရှင်းလင်းဆောင်အတွင်းမှထလိုက်သည်။ ဘိုဘိုကလဲ ဘကြီးအောင်အနားတွင် ရပ်နေလေသည်။
“ကဲ တို့တွေလဲ မြေသယ်ကားတစ်စီးနဲ့ ရွာကိုသွားရအောင်ဟေ့”
ထိုသို့ပြောလိုက်သဖြင့် ကိုစံပေါနှင့် ဘိုဘိုတို့လဲ တစ်ယောက်နှင့်တစ်ယောက် မျက်စပစ်လိုက်ကြပြီးနောက် ဘကြီးအောင်နောက်သို့ လိုက်လာခဲ့ကြတော့သည်။
“နှမ်းခါးရွာ”
ရွာကလေးမှာ ကားလမ်းမနံဘေးတွင်ရှိသည်။ ထိုကားလမ်းမမှ မြေသားလမ်းသစ်ကြီးတစ်ခုခင်းထားပြီး သူတို့စခန်းချရာ တောစပ်သို့လမ်းဖောက်လုပ်ထားသည်။ ထိုလမ်းကြီးမှာ ၈မိုင်ခန့်ဝေးလေသည်။ ရွာကလေးမှာတော့ ရွာသေးလေးတစ်ရွာဖြစ်သည်။ အိမ်ခြေ ၅၀ေ လာက်သာရှိပြီး ခေါင်လှသည်။ ရွာထိပ်တွင် ရေကန်တစ်ကန်နှင့် ဘုန်းကြီးကျောင်းတစ်ကျောင်းရှိသည်။ မြေသယ်ကားကြီးက ရွာထိပ်က ကွမ်းယာဆိုင်ကလေးတွင် ရပ်တန့်လိုက်လေသည်။
“သူကြီးအိမ် ဘယ်အိမ်လဲဗျ”
သို့နှင့် သူကြီးကိုပါ အကျိုးအကြောင်းပြောပြီး ဝင်ခေါ်ကာ ရွာဦးဘုန်းကြီးကျောင်းသို့ ထွက်လာခဲ့တော့သည်။ ဘုန်းကြီးကျောင်းမှာ အရိပ်ကောင်းပြီး အပင်ကြီးများလဲရှိသည်။ ကျောင်းထိုင်အပါအဝင် ဦးဇင်း သုံးပါးသာ သီတင်းသုံးနေလေသည်။
ဘကြီးအောင်က ဘုန်းကြီးကျောင်းရောက်မှ အကျိုးအကြောင်းကို အသေးစိတ်ပြောပြလိုက်တော့ ဦးဇင်းများသာမက ရွာသူကြီးပါ ထိန်လန့်တုန်လှုပ်ကုန်သည်။
“ဒကာကြီးတို့က မသိကြသေးတာ၊ အဲဒီနေရာက ကျတ်မြေကြီးပဲ”
“ကျတ်မြေ . . . ဟုတ်လားဘုန်းဘုန်း”
“ရှေးလူကြီးသူမတွေ တစ်ဆင့်စကားတစ်ဆင့်နားပြောခဲ့တာပါ. . . . ဦးဇင်းတို့လဲ မမီလိုက်ပါဘူး၊ အဲဒီတောအုပ်ကြီးက ဟိုးယခင်မြန်မာမင်းတွေ လက်ထက်တုန်းက ထင်ရှားတဲ့ရွာဟောင်းကြီးတစ်ခုပေါ့၊ အခုတော့ ကျတ်ကုန်းကြီးဖြစ်ပြီး တောကြီးဖြစ်နေတယ်”
“ဟုတ်တယ်ဗျ၊ ရွာကလူတွေကိုငယ်ငယ်ကတည်းက အဲဒီတောကို ခြေမချဖို့ မှာထားပြီးသား၊ တစ်ယောက်နှစ်ယောက်မပြောနဲ့၊ လူလေးငါးဆယ်ယောက်တောင်မှ စုပြီးမသွားရဲကြပါဘူး”
ရွာသားများပြောတာကြားတော့မှ ဘိုဘိုတို့ ဝန်ထမ်းတွေလဲ ကျောတွေချမ်းလာတော့သည်။
“ကောင်းပြီလေ၊ ဒကာကြီးတို့လဲ အခက်အခဲဖြစ်နေတယ်ဆိုတော့ အခုတော့ နေ့ဆွမ်းနီးပြီမို့ ညနေ ၃ နာရီလောက်တော့ ဦးဇင်းတို့ကိုလာပင့်ပါ၊ ဦးဇင်းတို့ ကြွခဲ့ပြီး အန္တရာယ်ကင်း ပရိတ်တရားတွေ ရွတ်ဖတ်ပေးမယ်”
ဘကြီးအောင်တို့လဲ ဦးဇင်းကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခဲ့ပြီးနောက် ပြန်လာခဲ့တော့သည်။
စခန်းရောက်တော့ စခန်းအလယ် မြေကွက်လပ်တွင် သန့်ရှင်းရေး သေချာပြုလုပ်ပြီး တာလပတ်စများခင်းထားလိုက်သည်။ ဦးဇင်းများအတွက် ထိုင်ခုံများလဲ အသင့်လုပ်ထားကြသည်။ စားပွဲအရှည်တစ်လုံးကိုလဲ ပြုလုပ်ထားပြီး ထိုအပေါ်တွင် ပရိတ်ရေ၊ ပရိတ်ပန်း၊ ပရိတ်ချည်၊ ပရိတ်သဲများကို ပြုလုပ်ကာတင်ထားလိုက်ကြသည်။
လူကြီးများက ထိုသို့အလုပ်များနေစဉ် လူငယ်များမှာလဲ စခန်းအတွင်း တုတ်၊ ဓါး၊ လေး၊ မြားများ ပြလုပ်နေကြသည်။ သစ်ကိုင်းအခက်ခွများကို လေးခွပြုလုပ်ကြသည်။ ဝါးချွန်များကို ချွန်ထားလိုက်ကြသည်။ သစ်ကိုင်းခြောက်များ၊ သစ်သားချောင်းကြီးများကို ဒီဇယ်စွတ်ထားသည့် အဝတ်များဖြင့် ပတ်လိုက်ပြီးနောက် မီးတုတ်များပြုလုပ်ထားကြသည်။
“ဘိုဘိုနဲ့ စံပေါ မင်းတို့အိပ်တော့၊ ညကျရင်အားမွေးထားကြဦး”
ဘကြီးအောင်က ထိုသို့ပြောသဖြင့် ဘိုဘိုတို့လဲ ဘားတိုက်ကိုပြန်ကာ အိပ်စက်လိုက်ကြတော့သည်။ အိပ်မက်ထဲတွင်တော့ ထိုကျတ်ကောင်ကြီးတွေက ဘိုဘို့ကို ဝိုင်းဆွဲနေသဖြင့် တုတ်ဖြင့်လိုက်ရိုက်ထုတ်နေရတော့သည်။
“ဘိုဘို ထတော့”
မည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ၊ ကိုစံပေါ နှိုးတော့မှ ဘိုဘိုလဲနိုးသည်။
“ဘယ်အချိန်ရှိပြီလဲ”
“နေတောင်စောင်းပြီကွ ပရိတ်တရားတောင်ရွတ်ပြီးလို့ ဦးဇင်းတွေတောင် ပြန်ကြွသွားကုန်ကြပြီ”
ဘိုဘိုလဲ ထလိုက်ပြီးနောက် မျက်နှာသစ်လိုက်ကာ ဗိုက်ဆာလာသဖြင့် ထမင်းစားဆောင်ဘက်သို့ ကူးခဲ့သည်။ ထမင်းတွေက ပျော့ပြဲနေပြီး ဟင်းကလဲ စားမကောင်းပေ။
“ထမင်းချက် စိန်အေးက အလုပ်ထွက်သွားလို့ ငါတို့လဲ တတ်သလိုမှတ်သလို ချက်ထားတယ်ဟေ့”
ထိုစဉ် မြေသယ်ယဉ်ကြီးနှစ်စီး စခန်းအတွင်းသို့ မောင်းဝင်လာကြသည်။ ထိုမြေသယ်ယဉ်ကြီးများပေါ်တွင်လဲ လူများလိုက်ပါလာလေသည်။ ဘိုဘိုတို့စခန်းအတွင်းမှ လူများအားလုံးလဲ ဝမ်းသာအားရဖြင့် အပြင်သို့ပြေးထွက်လာကြသည်။ ရှင်းလင်းဆောင်အနီးတွင် လူများစုရုံးလိုက်တော့လေသည်။
“ဆရာမျိုး ဘာထူးလဲ”
“ထူးတာကတော့ ရုံးကလူတွေက ကျုပ်ပြောတာကို မယုံကြဘူးဗျ၊ အလုပ်ထွက်မယ်ဆိုပြီး ဝန်ထမ်းတွေပါလာလို့သာ ယုံသလိုလိုရှိတယ်၊ ဒါနဲ့ လူအင်အား ၃၀ လောက်ထပ်ဖြည့်ပေးလိုက်ပြီးတော့ မီးစက်အသေးတစ်လုံးလဲ ကျုပ်ယူလာခဲ့တယ်”
ထိုစဉ် တာဝန်ခံဆရာမျိုး၏ နောက်တွင် အခြားလူတစ်ယောက်ကို ထပ်တွေ့လိုက်ရသည်။
“သူကတော့ ရုံးချုပ်က ထည့်ပေးလိုက်တဲ့ အင်ချပ်ပဲ၊ တို့စခန်းမှာ သုံးလေးရက်လောက်နေပြီးတော့ သူကဖြစ်ပျက်ခဲ့သမျှကို မှတ်တမ်းတင်ပြီးတော့ ရုံးချုပ်ကိုသတင်းပို့ရမှာပဲ”
“ဟုတ်ကဲ့၊ ကျုပ်နာမည် ဦးထွန်းလို့ ခေါ်ပါတယ်”
အင်ချပ်အတွက် ယခင်က ဝန်ထမ်းမိသားစုများနေထိုင်သွားသည့် တဲကလေးတစ်လုံးကို စီစဉ်ပေးလိုက်ကြသည်။
“ဆရာ အဆင်ပြေပါ့မလား”
ဘကြီးအောင်က စခန်းတာဝန်ခံကို မေးလာလေသည်။
“မပြောတတ်ဘူး။ အခြေအနေအရပေါ့ဗျာ၊ အင်ချပ်လာတယ်ဆိုတော့ ဝန်ထမ်းတွေ ထိန်းထိန်းသိမ်းသိမ်းနေကြဖို့ကို ဘကြီးအောင်က တိတ်တဆိတ်ကလေး ပြောထားပေးပါ”
ဘကြီးအောင်လဲ ခေါင်းညိတ်လိုက်လေသည်။
“ဒါနဲ့ ပရိတ်ရွတ်ပွဲကကော အဆင်ပြေရဲ့လား”
“ပြေပါတယ်၊ ဆရာတော်တွေက အကုန်လုပ်ပေးသွားတယ်”
“အင်းဗျာ၊ ဒီညတော့ စောင့်ကြည့်ရမှာပေါ့”
“ဆရာလဲ ပင်ပန်းနေပြီထင်တယ်၊ ညကလဲ ကောင်းကောင်းအိပ်မရတော့ နားလိုက်ပါတော့”
အင်ချပ်က မနားတော့ဘဲ စခန်းထဲပတ်ကြည့်သည်။ စခန်းအတွင်းလိုက်လံမှတ်သားပြီး ဓါတ်ပုံများလဲရိုက်ကြည့်သည်။ ရုံးချုပ်မှလူများက စခန်းမှလူများ အလုပ်မလုပ်ချင်ကြသဖြင့် အကြောင်းရှာသည်ဟု ယူဆ၍ အင်ချပ်ထည့်လိုက်ခြင်းဖြစ်သည်။ ဦးထွန်းက အရင်ဆုံး မီးစက်ကို သွားကြည့်သည်။ ရုံးချုပ်မှထည့်ပေးလိုက်သည့် အကြီးတန်းစက်ပြင်ဆရာကိုယ်တိုင် စက်ကို နှိုက်ချွတ်စစ်ဆေးလေသည်။ ထို့နောက် မှတ်သားကာ ဓါတ်ပုံများလဲ ကင်မရာဖြင့်ရိုက်သွားသည်။
ထို့နောက် အလုပ်သမားများ ကောက်ယူထားသော ညဘက်အပစ်ခံရသည့် ကျောက်စရစ်ခဲများကိုပြသသည်။ အနောက်ဖက်ခြံစည်းရိုးတစ်ဝိုက်ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များကိုပြသည်။ နောက်ပြီး မြောက်ဘက်ခြံစည်းရိုးတွင် ကျားနှင့်တွေ့ခဲ့သည့်နေရာများကို လိုက်လံပြသသော်လည်း အင်ချပ်က မယုံကြည်ပေ။ အကြောင်းမှာ ကျားနှင့်တွေ့သည်ဆိုသော်လည်း မြေသားပျော့ပျော့တွင် ကျားခြေရာ မကျန်ခဲ့သောကြောင့်ဖြစ်သည်။ ကျောက်စရစ်များမှာလဲ သိပ်မထူးဆန်းပေ။ ထိုတစ်ဝိုက်တွင် ကျောက်စရစ်ကျင်းများရှိသဖြင့် ထိုမှကျောက်တုံးများသာဖြစ်နိုင်သည်။ မီးစက်မှာလဲ မတော်တဆပျက်စီးတာဖြစ်ကြောင်း မှတ်တမ်းရေးလိုက်တော့သည်။
အခန်း (၆)
ညရောက်ပြန်ပြီ။ မီးစက်အသေးလေးမောင်းထားသဖြင့် စခန်းအတွင်းတွင် မီးတွေထိန်လင်းနေသည်။ ရှင်းလင်းဆောင်အတွင်း ဦးထွန်းကို လက်ဖက်သုပ်နှင့် ရေနွေးကြမ်းချပေးထားသည်။ ထိုစဉ် ကင်းစောင့်မည့်သူများ ရောက်လာလေသည်။ ဓါးများ၊ ဝါးချွန်များ၊ လောက်လေးခွများ ကိုင်ဆောင်ထားသည်ကို ဦးထွန်းက ကြည့်ပြီးခေါင်းခါလိုက်လေသည်။
“ခင်ဗျားတို့ကဗျာ ကင်းစောင့်တာလဲစောင့်တာပေါ့၊ ဒီလိုလက်နက်တွေ လိုလို့လား”
စခန်းတာဝန်ခံကို အပြစ်တင်စကားဆိုသည်။
“ကျုပ်တို့လဲ ထူးဆန်းတဲ့အဖြစ်အပျက်တွေ တွေ့ကြုံထားတာဆိုတော့ အရေးကြုံရင် အသုံးပြုဖို့ပါ”
“ကျုပ်တော့ ခင်ဗျားတို့ပြောတာတွေ တစ်ခုမှမယုံဘူး၊ ခေတ်ကိုက အင်တာနက်ခေတ်ဖြစ်နေပြီ၊ နောက်ပြီး ကျုပ်တစ်ခါထဲပြောထားရဦးမယ်နော်၊ တုတ်တွေဓါးတွေကိုင်ပြီး ဝန်ထမ်းတွေအချင်းချင်း ခုတ်ကြထစ်ကြဖြစ်ရင် ဦးမျိုး . . . ခင်ဗျားတာဝန်ပဲ”
ပရိတ်ရွတ်ထားလို့လား ဦးထွန်းပဲရောက်နေလို့လားတော့ မပြောတတ်။ ထိုညတော့ ဘာမှမဖြစ်ပေ။
မနက်မိုးလင်းပြီ။
ဝန်ထမ်းများအားလုံးရှင်းလင်းဆောင်ရှေ့တွင် စုရုံးနေကြသည်။
“ညကင်းသမားတွေ ဘာထူးဆန်းတာတွေဖြစ်လဲ”
“ဘာမှမဖြစ်ပါဘူး”
ထိုအခါ ဦးထွန်းက မျက်နှာကိုတစ်ချက်မဲ့လိုက်သည်။
“တွေ့လားဗျ၊ ခင်ဗျားတို့ စခန်းကလူတွေအလုပ်ပင်ပန်းတာနဲ့ မလုပ်ချင်လို့ ဂွင်ဆင်ပြီးူ ဇတ်လမ်းတိုက်နေတာတွေ ရပ်သင့်ပြီ”
ထိုသို့ပြောလိုက်သည့်အခါ ဘကြီးအောင်ကော ဦးမျိုးနှင့် စခန်းမှ လူဟောင်းများမှာ ဒေါသထွက်ကုန်ကြသည်။
“ဘယ်လိုဗျ . . . ကျုပ်တို့က အလုပ်မလုပ်ချင်လို့ ဒီလိုမျိုးပြောမယ်ထင်လား”
ဘကြီးအောင်အသံက အနည်းငယ်ကျယ်သွားလေသည်။
“ဒီမှာအဖိုးကြီး ကျုပ်ဒီမှာ တစ်နေ့နဲ့တစ်ညလောက်ရှိနေခဲ့ပြီ၊ ဘာဆိုဘာမှမဖြစ်ဘူးမဟုတ်လားဗျ၊ ခင်ဗျားလဲ ကိုယ့်အသက်အရွယ်ကိုယ်ထောက်ပြီး မဟုတ်တာတွေ မပြောသင့်တော့ဘူး”
ထိုသို့ပြောဆိုလိုက်သဖြင့် ဘကြီးအောင်က လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ပြီး ရှေ့သို့တိုးလာလေသည်။ စခန်းတာဝန်ခံဦးမျိုးက အခြေအနေမကောင်းတော့မှန်းသိ၍ သူတို့နှစ်ဦးကြားတွင် ဝင်ရပ်လိုက်သည်။ စခန်းမှ လူဟောင်းများကလဲ ဘကြီးအောင်ကိုထိလျှင် မကျေနပ်ကြဘဲ ရန်ပွဲကြီးထဖြစ်မည်ကို စိုးရိမ်ရလေသည်။
“ကဲ ဘကြီးအောင်ရေ၊ ဒီနေ့တော့ လုပ်ငန်းတွေပြန်စလုပ်မယ်ဗျာ၊ ဝန်ထမ်းတွေကို စုလိုက်တော့”
ထိုအခါ ဘကြီးအောင်က ဒေါသကိုလျှော့လိုက်ကာ ခေါင်းညိတ်လျှက် ရှင်းလင်းဆောင်အတွင်းမှ ထွက်သွားတော့သည်။
“ပီ . . . . ပီ”
ဘကြီးအောင် ဝီစီမှုတ်လိုက်သံကိုကြားတော့ အလုပ်သမားများအားလုံး ထမင်းစားဆောင်အတွင်းမှ ပြေးထွက်လာပြီး ရှင်းလင်းဆောင်အတွင်းသို့ ဝင်လာကြပြီး ထိုင်ခုံရှည်ကြီးတွင် ဝင်ထိုင်လိုက်ကြတော့သည်။
“ဒီနေ့ ကျုပ်တို့မြောက်ဘက်က တောအုပ်ကိုရှင်းကြမယ်၊ အဲဒီတောအုပ်က စခန်းနဲ့တအားကပ်လွန်းနေတဲ့အတွက် ကျုပ်တို့ အဲဒီနေရာကို ရှင်းရမယ်”
စခန်းတာဝန်ခံဦးမျိုးကပြောပြီးနောက် အလုပ်သမားများကို လုပ်ငန်းလုပ်ကိုင်ရမည့်နေရာများကို ညွှန်ကြားနေတော့သည်။ မကြာခင် တစ်ရက်ခန့် ရပ်နားထားခဲ့သည့် စက်ယန္တယားကြီးများမှာ ဥသြများဆွဲ ၊ ဟွန်းများတီးကာ စခန်းအတွင်းမှ အလျှိုလျှိုထွက်ခွာသွားကြတော့သည်။ အလုပ်သမားများလဲ အနှောင့်အယှက်များမကြုံရတော့သဖြင့် အားအင်များတက်ကြွနေသည်။ စခန်းမှထွက်သွားကြတော့ မနက် ကိုးနာရီပင် မထိုးသေးပေ။
တောကြီးတစ်ခုလုံး တဝုန်းဝုန်းနှင့် ဆူညံနေလေသည်။ စက်သံများ၊ သစ်ပင်ကြီးများလဲပြိုသံများနှင့် ဆူညံနေကြသည်။
“ဆရာရေ လာပါဦး”
ဝန်ထမ်းတစ်ယောက်ကလာခေါ်သဖြင့် စခန်းတာဝန်ခံဦးမျိုးနှင့် အင်ဂျင်နီယာများ ပြေးသွားကြသည်။ ဘကြီးအောင်လဲ ပြေးလိုက်လာသည်။ သူတို့ခေါ်သည့်နေရာကိုရောက်တော့ အားလုံးအံ့အားသင့်သွားကြသည်။
အလွန်သစ်ပင်များထူထပ်နေသည့် တောကြီးအတွင်းတွင် ပေ၆၀ ပတ်လည်လောက်ရှိမည့် မြေကွက်ကြီးတစ်ကွက်သည် မြက်တစ်ပင်၊ သစ်ရွက်တစ်ရွက်မှ မရှိဘဲ ပြောင်ရှင်းနေလေသည်။ တောအုပ်ကြီးဖြစ်သဖြင့် မြက်ပင်များ၊ ပေါင်းပင်များ၊ ခြုံပုတ်များက ရှုတ်ပွပြီး ထူထပ်စွာပေါက်ရောက်နေသော်လည်း ထိုနေရာတွင်တော့ မြေသားမှာ ပြောင်တလင်းခါနေသည်။ ထိုမြေကွက်၏ အလယ်တည့်တည့်လောက်တွင် အလွန်ကြီးမားပြီးအရွက်မရှိသည့် သစ်ပင်ကြီးတစ်ပင်ကိုတွေ့လိုက်ရသည်။
“ဆရာ ဘယ်လိုလုပ်ရမလဲ”
“ထုံးစံအတိုင်းပေါ့ကွာ၊ ဒိုဇာနဲ့ထိုးလိုက်ပေါ့”
ထိုအခါ ဘူဒိုဇာကြီးကို မောင်းနှင်လာပြီးနောက် ထိုမြေကွက်ပေါ်ကိုနင်းရုံရှိသေးသည် ထိုဘူဒိုဇာကြီးမှာ မီးခိုးမည်းကြီးများထွက်ကာ ရှေ့ဆက်မတိုးတော့ပေ။
“ပျက်ပြီလား . . .”
အောက်က အော်မေးလိုက်တော့ ဘူဒိုဇာမောင်းသည့်သူက ခေါင်းခါပြရင်း ပြတင်းပေါက်မှာ ခေါင်းပြူလိုက်လေသည်။
“ပျက်တော့မပျက်ဘူးဆရာရဲ့ ရှေ့ဆက်မသွားတော့တာ”
ထိုသို့ပြောရင်း စက်ကြီးကို အနောက်ကိုပြန်ဆုတ်လိုက်တော့သည်။ အနောက်ကိုတော့ ဆုတ်၍ရသည်။ တစ်ဖန်စက်မောင်းက ပြန်ပြီးအရှေ့ကိုသွားကြည့်သည်။ သို့သော်မြေကွက်အနားရောက်လျှင် အရှေ့ဆက်မတိုးတော့ချေ။ သို့နှင့်စက်ကြီးကို ရပ်ထားလိုက်ရသည်။
“ဟေ့ကောင်တွေ အင်ချပ်ဦးထွန်းကို သွားခေါ်စမ်းပါ”
ဘကြီးအောင်က ပြောလိုက်သဖြင့် အလုပ်သမားတစ်ချို့ ဦးထွန်းကို ပြေးခေါ်ကြသည်။ ဦးထွန်းက တောအုပ်နှင့်မလှမ်းမကမ်းတွင် ထိုင်နေလေသည်။
“ဘာဖြစ်ကြတာလဲ . . . ဘာဖြစ်တာလဲ”
ဦးထွန်းက မကြာခင်ရောက်လာလေသည်။ သူတို့လဲ ဦးထွန်းကို လုပ်ကိုင်ပြသည်။ စက်က အရှေ့သို့မတက်တော့ဘဲ အနောက်တော့ပြန်ဆုတ်၍ရသည်။
“ဘာထူးဆန်းလဲကွ၊ ဂီယာဘောက်ပျက်တာနေမယ်၊ သွား . . . နောက်တစ်စီးသွားခေါ်လာခဲ့”
ဦးထွန်းစကားကြောင့် ဘူဒိုဇာ နောက်တစ်စီးရောက်လာလေသည်။ ထိုဘူဒိုဇာကြီးက တခြားတစ်ဖက်မှနေ၍ မြေကွက်လပ်ပေါ်သို့ တက်လိုက်လေသည်။ ထိုဘူဒိုဇာကြီးမှာလဲ ရှေ့တက်မရဘဲဖြစ်သွားလေသည်။ ဘကြီးအောင်နှင့် ဦးမျိုးက ဦးထွန်းကို ဘယ့်နှယ့်ရှိစဟူသည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။
“မင်းတို့တွေ စက်တွေ ကြံ့ခိုင်မှုကို သေချာမစစ်ဆေးဘူးနဲ့တူတယ် . . . နောက်တစ်စီးလာဟေ့”
နောက်ထပ်ဘူဒိုဇာကြီးသည် ထပ်ပြီးလာသော်လည်း ထိုဘူဒိုဇာကြီးပါ ရပ်တန့်နေလေသည်။ ပျက်ခဲလှသည်ဆိုသည့် ဘူဒိုဇာကြီးသုံးစီးမှာ သစ်ပင်ခြေရင်းမရောက်မီပင် ရပ်တန့်နေပြီး ရှေ့ဆက်မရတော့ပေ။ ထိုတော့မှ ဦးထွန်းလဲ ခေါင်းညိတ်လိုက်လေသည်။
“ဘာဖြစ်မှန်းတော့ သေချာမသိသေးဘူး၊ ဒါပေမယ့် သရဲတွေကြောင့်လို့တော့် တထစ်ချမပြောနဲ့ဦးဗျ”
စက်ပြင်ဆရာများကိုခေါ်ပြီး ကြည့်ခိုင်းတော့ စက်တွေက အကောင်းပကတိဖြစ်သည်။ သို့နှင့် နေ့လည်သို့ရောက်သွားလေသည်။ စက်တွေက အရှေ့သွားမရ . . . အနောက်ဆုတ်သွားလျှင်တော့ရသည်။ သို့နှင့် နောက်ဆုတ်နောက်ဆုတ်နှင့် ပြန်မောင်းလာခဲ့သည်။
“စခန်းအထိ မသွားတော့ဘူးဗျာ၊ ပြီးရင်လုပ်ငန်းပြန်လုပ်ရမှာဆိုတော့ ဒီစက်ကြီးတွေကို တောစပ်မှာပဲထားခဲ့မယ်”
ဦးထွန်းက ထိုသို့ဆုံးဖြတ်လိုက်ပြီးနောက် စခန်းသို့ကားများဖြင့် ပြန်လာကြတော့သည်။ ဦးထွန်းက သူ့စာအုပ်ထဲတွင်တော့ လုပ်ငန်းမစခင် စက်ကိရိယာများကို စစ်ဆေးမှုအားနည်းချင်းဟု ရေးမှတ်ထားလိုက်တော့သည်။
နေ့လည် ၁၂ နာရီ နေ့လည်စာ စားပြီးနောက် အလုပ်သမားများ၊ ဝန်ထမ်းများ ခေတ္တအနားယူနေကြသည်။ ရှင်းလင်းဆောင်အတွင်း ဦးထွန်းထိုင်နေသဖြင့် ဘကြီးအောင်က ကြာကြာထိုင်မနေဘဲ ရှင်းလင်းဆောင်နှင့်ခပ်လှမ်းလှမ်းတွင် ကင်းတဲကလေးအနီးထိုင်နေသည့် ဘိုဘိုတို့အနားတွင် လာထိုင်လေသည်။
ဘိုဘိုနှင့်စံပေါက ဆေးလိပ်သောက်နေရာ ဘကြီးအောင်လာတော့ ဆေးလိပ်တစ်လိပ်ပေးလိုက်သည်။
“ဘာဖြစ်တယ်လို့ ထင်လဲဗျ အဘ”
“ငါထင်တာတော့ ကျတ်ကုန်းဆိုတာသေချာပြီကွ၊ တို့ငယ်ငယ်က ကြားဖူးတာက ကျတ်တွေက တောထဲနေရင် သူတို့နေတဲ့ ပတ်ဝန်းကျင်ကို သန့်ပြန့်နေအောင် သန့်ရှင်းရေးလုပ်ထားကြတယ်လို့ ကြားဖူးတယ်၊ ငါ့အထင်တော့ အဲဒီသစ်ပင်ကြီးဟာ ကျတ်တွေရဲ့ ရပ်ရွာပဲဖြစ်မယ်”
“ရပ်ရွာ . . . ဟုတ်လား”
“ကျတ်တွေက တခြားတစ္ဆေသရဲတွေလို မဟုတ်ဘဲ သူတို့က အစုအဝေးနဲ့နေကြတယ်၊ မနက်ဖက်ဆိုရင် ပုံစံတစ်မျိုးဖန်ဆင်းပြီးနေထိုင်ကြတယ်၊ တောက်တဲ့တွေ၊ ပုတ်သင်ညိုတွေ၊ အိမ်မြှောင်တွေအဖြစ်နဲ့ နေထိုင်ကြတယ်”
“ဒါဆိုရင် အဲဒီကျတ်တွေကို ဘယ်လိုအနိုင်ယူမလဲ”
ဘကြီးအောင်က ခေါင်းခါလိုက်သည်။
“အဲဒါတော့ ငါလဲမကြားဖူးဘူးကွ၊ ငါတို့ကြားဖူးနေကြအဖြစ်အပျက်တွေဆိုရင် ကျတ်တွေနဲ့တွေ့တဲ့အခါ ပြေးကြလွှားကြတဲ့အကြောင်းပဲ ကြားဖူးတာ၊ ဘယ်လိုအနိုင်ယူမယ်ဆိုတာတော့ မသိသေးဘူး”
ဘကြီးအောင်က လက်ပတ်နာရီကို ကြည့်လိုက်သည်။ နေ့လည် တစ်နာရီ ထိုးတော့မည်ဖြစ်သဖြင့် ရှင်းလင်းဆောင်အနီးသွားလိုက်ပြီး ဝီစီကိုမှုတ်လိုက်လေသည်။ ဝန်ထမ်းများအားလုံးလဲ နေရာယူလိုက်ကြပြီးနောက် လုပ်ငန်းခွင်ဝင်ရန်အတွက် ပြင်ဆင်နေကြတော့သည်။ ထိုစဉ် စခန်းအတွင်းသို့ ဝန်ထမ်းနှစ်ဦးပြေးဝင်လာသည်။
“ဆရာရေ . . . ဆရာရေ”
ထိုနှစ်ဦးမှာ တောအုပ်အတွင်း စက်များကိုစောင့်ရန်အတွက် ထားခဲ့သောသူနှစ်ဦးဖြစ်သည်။ သူတို့က တောစပ်တွင်နေကြကာ ဘူဒိုဇာကြီးများကို စောင့်ကြပ်နေသူများဖြစ်လေသည်။ အမောတကောနှင့် ရှင်းလင်းဆောင်အတွင်းသို့ ပြေးဝင်လာကြလေသည်။
“ဘာဖြစ်လာတာလဲ”
“ဒို . . . ဒိုဇာကြီးတွေ မရှိတော့ဘူး”
ရှင်းလင်းဆောင်အတွင်းမှလူများအားလုံး အလန့်တကြားနှင့် ထလိုက်ကြသည်။
“ဘာဖြစ်လို့လဲကွ”
“မသိဘူးဆရာ၊ ကျွန်တော်တို့လဲ စောင့်နေတာပါပဲ၊ နောက်တော့ အသံတစ်ခုကိုကြားလိုက်ရတယ်၊ ဒါနဲ့ ကျွန်တော်တို့နှစ်ယောက်လဲ အသံကြားကိုသွားကြည့်တော့ ဘာမှမတွေ့ဘူး၊ ပြန်လဲပြန်လာရော ဒိုဇာကြီးတွေမရှိတော့တာပဲ၊ အဲဒီအနားအနီးတစ်ဝိုက်ကိုလဲ ရှာခဲ့ပါသေးတယ်၊ ဒါပေမယ့် ဘာမှမတွေ့ရတော့လို့”
ခက်ပြီ၊ စခန်းတာဝန်ခံကော ဦးထွန်းပါ ခေါင်းကုပ်လိုက်ကြပြီးနောက် ထိုနေရာသို့ အားလုံးထွက်ခဲ့ကြသည်။ အမှန်ပင်။ ထိုနေရာတွင် ဘူဒိုဇာကြီးများမရှိတော့။ လေးလံလွန်းသည့် ဘူဒိုဇာကြီးများကို မည်သူကရွှေ့သွားသနည်း။ အားလုံးပဟေဠိဖြစ်ကုန်ကြသည်။
“တောထဲရှာကြဟေ့”
အတန်ကြာရှာပြီးတော့မှ ထိုသစ်ပင်ကြီးအနားတွင် ဘူဒိုဇာကြီးများရောက်နေ့သည်ကိုပြန်တွေ့ရသည်။ သို့သော် ဘူဒိုဇာကြီးများကတော့ ဘေးတစ်စောင်းလဲကျလျှက်ရှိသည်။ ဘကြီးအောင်ကတော့ ခေါင်းခါလိုက်သည်။
“တစ်ခုခုတော့မှားနေတာသေချာပြီ၊ ဒီသစ်ပင်ကြီးက ငါထင်နေသလိုမျိုး ကျတ်တွေနေတဲ့အပင်ကြီးပဲဖြစ်မယ်”
စစ်ဆေးရေးမှူး ဦးထွန်းလဲ အလွန်ဒေါသထွက်နေပြီဖြစ်သည်။
“ကရိန်းခေါ်ပြီး ဒီစက်ကြီးတွေကို မဖို့လုပ်ကြဟေ့”
ထိုနေ့တော့ ဘူဒိုဇာကြီးများကို ကရိန်းများနှင့်မနည်းပြန်မပြီး ရွှေ့ရသည်။ အခြားဝန်ထမ်းများကတော့ သစ်တောများရှင်းရင်း တဖြည်းဖြည်းနေဝင်လာခဲ့လေသည်။
အခန်း (၇)
ညရောက်တော့ ထမင်းစားသောက်ပြီး ဝန်ထမ်းများအပန်းဖြေနေကြသည်။ မီးစက်အသေးများလဲ ထွန်းထားသဖြင့် စခန်းအတွင်း အလင်းရောင် ကောင်းစွာရနေသည်။ ပုံမှန်အတိုင်း ကင်းသမားနှစ်ယောက်စီချထားပြီး ကင်းစောင့်နေကြလေသည်။ ည ၁၂ နာရီထိုးတော့ စခန်းပတ်လည်တွင် ကျားဟိန်းသံများကြားရပြန်သည်။ ကင်းသမားများ၏ သံချောင်းခေါက်သံများလဲ ဆူညံသွားပြီးနောက် စခန်းအတွင်းလူများစုဝေးလိုက်ကြသည်။ ဦးထွန်းလဲ အလန့်တကြားနှင့် သူ့တဲကလေးထဲမှ ပြေးထွက်လာလေသည်။
“ဘာ . . . ဘာသံလဲ”
“ကျားသံဗျ”
ဘကြီးအောင်က စကားကိုဖြတ်ပြောလိုက်ပြီးနောက် ဦးထွန်းကို တစ်ချက်ကြည့်လိုက်သည်။ ဦးထွန်းက သွေးပျက်နေပြီဖြစ်သည်။
“ဒါ . . . ဒါဆို ကျားတကယ်ရှိတယ်ပေါ့”
“ဒီမှာ ဦးထွန်း ခင်ဗျားကို ကျုပ်တို့ ဘယ်တုန်းကမှ လိမ်မပြောခဲ့ဖူးဘူး”
စခန်းတာဝန်ခံဦးမျိုးကပြောလိုက်သည်။ ထိုစဉ် မြောက်ဘက်ထောင့်နားတွင် တာဝန်ကျသည့် ကင်းသမားများကပြေးလာလေသည်။
“ဆရာတို့ အကြီးကြီးပဲဗျ”
စခန်းထဲမှ ဝန်ထမ်းများအားလုံး တုတ်ဓါးနှင့် လေးခွများဆွဲကာ ထိုနေရာသို့ပြေးသွားကြသည်။ ဝန်ထမ်းအဟောင်းများမှာ သိပ်မထူးဆန်းတော့သော်လည်း ဝန်ထမ်းအသစ်များကတော့ အလွန်ထူးဆန်းကာ ကြောက်ရွံ့နေကြလေသည်။ စခန်းခြံစည်းရိုးအတွင်းမှနေ၍ လှမ်းကြည့်လိုက်သောအခါတွင် မီးရောင်အောက်တွင် ဝင်းလက်တောက်ပနေသောမျက်လုံးကြီးများနှင့် ကိုးတောင်ကျားအကြီးကြီးတစ်ကောင်က ဟိန်းဟောက်နေကာ တောအုပ်အတွင်းမှထွက်လာပြီးနောက် တောရှင်းထားသော ဟင်းလင်းပြင်ကြီးမှနေ၍ ခြံစည်းရိုးဆီသို့ပြေးလာနေလေသည်။
“ဆော်ကြပါဟ”
ဝန်ထမ်းများအားလုံး တုတ်များ၊ ခဲများ၊ လေးခွများနှင့် ဝါးချွန်များ အသုံးပြုပြီး ကျားကြီးကို ဝိုင်းဝန်းတိုက်ခိုက်ကြသော်လည်း ကျားကြီးမှာ စခန်းသို့သာ တဟုန်ထိုးပြေးလာလေသည်။ ထို့နောက် စခန်းခြံစည်းရိုးကို လွှားကနဲခုန်ကျော်လိုက်ကာ စခန်းအတွင်းပြေးလွှားနေတော့သည်။
ဝန်ထမ်းများအားလုံးကြောက်လန့်တကြားထွက်ပြေးကြတော့သည်။ အချို့က စက်ယန္တယားကြီးများပေါ်သို့ တက်ပြေးကြသလို၊ အချို့ကတဲခေါင်မိုးများ၊ အဆောက်အဦးခောင်မိုးများပေါ်တက်ကြသည်။ အချို့ကတော့ ကင်းတဲများ၊ စခန်းအတွင်းရှိသစ်ပင်ငယ်များပေါ်သို့ ခုန်တက်ကြသည်။ သို့သော် ဦးထွန်းကတော့ ခြေလှမ်းနောက်ကျပြီးနောက် ရှင်းလင်းဆောင်အတွင်းသို့ ပြေးဝင်နေသည်။
စခန်းတာဝန်ခံဦးမျိုးနှင့် ဘကြီးအောင်တို့ကတော့ ထမင်းစားဆောင်ခေါင်မိုးပေါ် အမြန်ပြေးတက်ကြသည်။ ခေါင်မိုးမှာ လူတစ်ရပ်ကျော်ကျော် မနိမ့်မမြင့်ကလေးဖြစ်သည်။ ကျားကြီးက စခန်းအတွင်းလှည့်ပတ်ရင်း ဦးထွန်းကိုတွေ့ရှိသွားပြီးနောက် ဦးထွန်းဆီသို့ ပြေးလာတော့သည်။
“ဦးထွန်း ခင်ဗျားဆီလာနေပြီဗျ . . . .”
အားလုံးဝိုင်းအော်ဟစ်သော်လည်း ဦးထွန်းနောက်ကျသွားပြီဖြစ်သည်။ ရှင်းလင်းဆောင်အတွင်းတွင် ပိတ်မိနေပြီဖြစ်သည်။ ကျားကြီးကတော့ ဦးထွန်းရှေ့မျက်နှာချင်းဆိုင်တွင် ရောက်နေလေပြီ၊ ရှင်းလင်းဆောင်အတွင်း စားပွဲရှည်ကြီး၏တစ်ဖက်တွင် ကျားကြီး၊ နောက်တစ်ဖက်တွင်တော့ ဦးထွန်းဖြစ်သည်။ ဦးထွန်းက ကျားကြီးကိုကြည့်ပြီး ကြက်သေသေနေပြီး မလှုပ်ရှားနိုင်တော့။ ကျားကြီးက စားပွဲခုံပေါ်တက်ပြီး တစ်လှမ်းချင်းလှမ်းလာလေသည်။ နောက်ဆုံးကျားကြီးက ဦးထွန်းမျက်နှာနားကပ်ပြီးနောက် ပြင်းထန်စွာတစ်ချက် ဟိန်းဟောက်လိုက်ပြီး စခန်းးအတွင်းမှပြန်လည်ပြေးထွက်သွားတော့သည်။ ဦးထွန်းလဲ ကျောက်ရုပ်တစ်ရုပ်ကိုကျန်နေခဲ့ပြီးနောက် သူ့ခြေရင်းတွင် ဆီးများအိုင်ထွန်းပြီး ကျန်နေခဲ့လေသည်။
နောက်တစ်နေ့ရောက်သည်နှင့် ဦးထွန်းလဲကားတစ်စီးနှင့် စခန်းမှပြန်တော့သည်။ စခန်းတာဝန်ခံဦးမျိုးနှင့် အခြားစာရေးနှစ်ယောက်လိုက်ပါသွားလေသည်။ ထိုနေ့ကလဲ အလုပ်မတွင်ပေ၊ တောအုပ်အတွင်းသို့ မည်သူမျှ မသွားရဲကြတော့ပေ။
ညနေ ၄ နာရီခန့်ရောက်တော့မှ ပြန်လာကြသည်။ ထိုအခါ စခန်းမှလူများက ထုံးစံအတိုင်း ပြေးသွားကြိုကြသည်။ ထိုအခါတွင်တော့ ကားပေါ်မှလူများဆင်းလာသည်။ အရှေ့ဆုံးတွင် သေနတ်တစ်လက်လွယ်ထားသည့် လူတစ်ယောက်က ဟန်ပါပါဖြင့် ဆင်းလာလေသည်။
“အဲ . . အဲဒါဘယ်သူလဲဟင် ဘကြီးအောင်”
“အဲဒါ အလုပ်သမားခေါင်းဆောင် အာဆပ် ဆိုတဲ့သူပဲ”
အာဆပ်သည် လူမျိုးခြားဖြစ်သည်။ သူသည်လဲ ဘကြီးအောင်တို့နှင့် အဆင့်တူတူလောက်ဖြစ်ပြီး အလုပ်သမားအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ရသည်။ အာဆပ်တို့က ရှမ်းပြည်နယ်တွင်ဖောက်လုပ်သော လမ်းလုပ်ငန်းတွင် တာဝန်ကျနေခြင်းဖြစ်ပြီး ကုမ္မဏီက ပြန်ခေါ်ထားခြင်းဖြစ်သည်။ ယခု ဦးထွန်းနှင့်တွေ့တော့ အာဆပ်ကို ထည့်ပေးလိုက်ခြင်းဖြစ်သည်။ အာဆပ်သည် ကုမ္မဏီအတွင်း နာမည်ကြီးသူတစ်ယောက်ဖြစ်သည်။ လက်ရဲဇက်ရဲရှိပြီး တော်ရုံ သရဲတစ္ဆေကိစ္စမျိုးဆို အာဆပ်ကို ယုံကြည်စွာ လက်လွှဲထားလို့ရလေသည်။
“ကဲ အားလုံးပဲ အခုမိတ်ဆက်ပေးမယ့်သူကတော့ အာဆပ် လို့ခေါ်ပါတယ်၊ အားလုံးလဲ သတင်းတွေကြားဖူးကြမယ်ထင်ပါတယ်”
စခန်းတာဝန်ခံ ဦးမျိုးက မိတ်ဆက်ပေးလိုက်သည့်အခါ ကောင်းဘွိုင်ဦးထုပ်ကိုဆောင်းထားပြီး ဂျင်းရှပ်တစ်ထည်နှင့် ဂျင်းဘောင်းဘီဝတ်ကာ စတိုင်ကျလှသည့် အာဆပ်က လက်ကိုထောင်လိုက်ပြီးနောက် အရှေ့ထွက်လာလေသည်။
“အားလုံးနဲ့တွေ့ရတာဝမ်းသာပါတယ်၊ ဒီသစ်ပင်ကြီးအကြောင်းကို ဦးမျိုးပြောလို့ ကျုပ်လဲ သိသင့်သလောက်သိထားပါတယ်၊ ကဲ အားလုံးစိတ်မပူပါနဲ့တော့ ကျုပ်နဲ့တွေ့ရင် ဒီသစ်ပင်ကြီး ကိစ္စပြတ်ပြီလို့သာမှတ်လိုက်ပေတော့”
အာဆပ်ပြောပြီးနောက် ဝန်ထမ်းများအားလုံး စိတ်ဓါတ်တက်ကြွသွားကာ အော်ဟစ်ကြွေးကြော်လိုက်ကြတော့သည်။
အခန်း (၈)
နံနက်လုပ်ငန်းခွင်ဝင်ကြပြီ၊ အာဆပ်ကတော့ ဘူဒိုဇာကြီးကို စီးပြီး စခန်းမှထွက်လာကြသည်။ ဝန်ထမ်းအချို့ကလဲ စိတ်ဝင်စားသဖြင့် အာဆပ်နှင့်လိုက်လာခဲ့ကြတော့သည်။ မကြာမီသစ်ပင်ကြီးနားသို့ ရောက်လာခဲ့ကြသည်။
“ကဲ စက်ကြီးနဲ့ ထိုးထည့်လိုက်တော့”
စက်ကြီးမှာ မောင်းလာပြီးမကြာခင် သစ်ပင်ကြီးနားမရောက်ခင်ရပ်တန့်သွားလေသည်။ အာဆပ်လဲ မျက်ခုံးပင့်လိုက်ပြီးနောက် စက်ကြီးပေါ်မှ ခုန်ဆင်းလာတော့သည်။
“ငါ့ကို စိန်လာခေါ်နေတာလား၊ ပေးစမ်း၊ ငါ့ကို ချိန်းဆောပေးစမ်း”
ချိန်းဆော ဆိုသည်မှာ သစ်ပင်ခုတ်ရာတွင်အသုံးပြုသည့် စက်ဆွဲလွှစက်ကြီးဖြစ်သည်။ အာဆပ်က ချိန်းဆော ကိုကိုင်ပြီးနောက် သစ်ပင်ကြီးဆီသို့ တစ်လှမ်းချင်းဆက်လျှောက်သွားသည်။ ကျန်သည့်ဝန်ထမ်းများတော့ မည်သူမျှ မလိုက်သွားဝံ့ပေ။ အာဆပ်က သစ်ပင်ခြေရင်းသို့ရောက်သောအခါ သစ်ပင်ကို တစ်ချက်မော့ကြည့်လိုက်သည်။
“တောက်”
တောက်တစ်ချက်ခေါက်လိုက်ပြီးနောက် အာဆပ်က စကားပြောလေသည်။
“ကဲ သစ်ပင်ကြီးရေ မင်းပဲကြမ်းနိုင်မလား၊ အာဆပ်ပဲ ကြမ်းမလားဆိုတာ တွေ့ကြသေးတာပေါ့”
အာဆပ်က ထိုသို့ပြောပြီးနောက် ချိန်းဆောကို စက်ဖွင့်လိုက်ပြီး သစ်ပင်ကြီး၏ ပင်စည်ကို ခုတ်ဖြတ်လိုက်သည်။ သို့သော် လွှစက်က လွှသွားများက သစ်ပင်ကြီးကိုဖြတ်နေသော်လည်း သစ်စ သစ်နများသာ ထွက်သည် သစ်ပင်ကြီးကတော့ မပြတ်သေးပေ။
အာဆပ် စိတ်ဆိုးနေပြီဖြစ်သည်။ ထို့ကြောင့် ချိန်းဆောကို စက်ပြန်ပိတ်လိုက်ပြီးနောက် မြေပေါ်တွင်ချလိုက်သည်။
“မင်းတို့ မကောင်းဆိုးဝါးတွေက လူသေးကို အကြောက်ဆုံးဆို . . . လာစမ်းကြည့်ရမယ်”
အာဆပ်က ထိုသို့ပြောကာ ချိန်းဆော၏ လွှသွားများကို သေးဖြင့်ကော့ပန်းနေသည်။ ဘကြီးအောင်နှင့် စခန်းတာဝန်ခံဦးမျိုးကတော့ မျက်ခုံးပင့်ပြီး ခေါင်းတွေခါနေပြီဖြစ်သည်။ ဘကြီးအောင်က ဦးမျိုးအနားသို့ ကပ်လာလေသည်။
“ဆရာ တောင်းပန်လိုက်”
လေသံကလေးဖြင့် လာကပ်ပြောလေသည်။
“ဘယ်လိုတောင်းပန်ရမလဲ”
“ဆရာက စခန်းတာဝန်ခံဆိုတော့ စခန်းကလူတွေ ဘေးမတွေ့အောင် ဆရာတောင်းပန်လိုက်ပါ”
အာဆပ်က ချိန်းဆောဖြင့် သစ်ပင်ကြီး၏ ပင်စည်အား ၄၅ ဒီဂရီဖြတ်တောက်ပြီး သစ်ခွဲသားထုတ်ကာ သစ်ပင်ကြီးကို တစ်ဖက်သို့ လှဲချရန် ကြံစည်လိုက်ပြီးနောက် စတင်ခုတ်ဖြတ်လိုက်တော့သည်။ ထူးဆန်းစွာပင် အာဆပ်သေးပေါက်ထားသည့် ချိန်းဆောကြီးက သစ်ပင်ကြီးကို ခဏအတွင်းဖြတ်တောက်ပြီးနောက် သစ်ပင်ကြီးလဲ ပြိုလဲသွားတော့သည်။
“တွေ့လား၊ အာဆပ်နဲ့တွေ့ရင် သစ်ပင်ကြီးလဲမ ခံနိုင်ပါဘူးလို့”
အာဆပ်ထိုသို့ပြောပြီးနောက် လဲကျသွားသော သစ်ပင်ကြီးခါးဘယ်လောက်တွင် သစ်ခေါင်းပေါက်ကြီးတစ်ခုရှိရာ ထိုအထဲမှ ပုတ်သင်ညိုများ အများအပြားထွက်ပြေးကြသည်ကို တွေ့လိုက်ရတော့သည်။ အာဆပ်နှင့် ဝန်ထမ်းများ အောင်ပွဲခံပြီးနောက် ထိုသစ်ပင်ကြီးအား စက်အားဖြင့် ရွေ့ကာ သစ်လုံးပုံသည့်နေရာတွင် ပုံထားလိုက်တော့သည်။ လူရှင်းတော့မှ ဦးမျိုးက သစ်ငုတ်တိုကြီးနားသို့သွားပြီး တိုးတိုးလေးကပ်ကာပြောလိုက်သည်။
“စခန်းကလူတွေ လုပ်တာမဟုတ်လို့ စခန်းကလူတွေကို ဗွေမယူပါနဲ့၊ ကျွန်တော်တို့လဲ မလုပ်မဖြစ်လို့ လုပ်ရတာပါ”
ထိုသို့ တိုးတိုးလေး ကပ်ပြောပြီး တောင်းပန်ခဲ့သည်။ ထို့နောက် ဦးမျိုး ကျောကုန်းမှ အေးချမ်းလာပြီး ကျက်သီးများ ထလာသဖြင့် ထိုနေရာမှ ထွက်လာခဲ့တော့သည်။ ညနေပိုင်းတွင်တော့ ထိုသစ်ပင်ကျန်ခဲ့သည့် သစ်ငုတ်ကြီးအား တူးဖော်ပြီး လမ်းညှိ၊ မြေညှိခြင်းများကို ပြုလုပ်ခဲ့ကြတော့သည်။
ညရောက်ပြန်ပြီ။
စခန်းအတွင်း အာဆပ်နှင့် ဝန်ထမ်းများမှာ အောင်ပွဲခံနေကြသည်။ ရွာထဲမှ ဝယ်ယူလာသည့် ကြက်များကို ကင်ကြပြီးနောက် အရက်ဝိုင်းဖွဲ့ကာ ပျော်ပျော်ရွှင်ရွင် စားသောက်နေကြသည်ကို ရှင်းလင်းဆောင်အတွင်းမှ ဘကြီးအောင်နှင့် ဦးမျိုးက ငေးကြည့်နေလေသည်။
“တော်ပါသေးရဲ့ ဘကြီးအောင်ရဲ့ ကျုပ်တော့ ဒီကိစ္စနဲ့ ခေါင်းခြောက်နေပြီ၊ အာဆပ်နဲ့ပြီးသွားလို့ တော်သေးတာပေါ့”
ဘကြီးအောင်ကတော့ ခေါင်းခါလိုက်သည်။
“မဟုတ်လောက်ဘူးဆရာ၊ ဒီလောက်နဲ့ မပြီးသွားလောက်ဘူးထင်တယ်”
ည ၁၂ နာရီထိုးပြန်ပြီ၊
အာဆပ်တို့က အရက်သောက်ရင်း စားသောက်ဆောင်အတွင်းပင် အိပ်ပျော်နေကြသည်။ ထိုစဉ် အာဆပ်တစ်ယောက် အိပ်နေရာမှထပြီး အော်ဟစ်လိုက်သည်။
“လုပ်ကြပါဦး . . . ဘယ်သူတွေလဲဗျာ”
အာဆပ်အော်ဟစ်လိုက်သဖြင့် အတူအိပ်နေသူများနိုးလာကြသည်။
“ဘယ်မှာလဲကွ . . . ဘာမှမရှိပါဘူး”
“မလာကြနဲ့ . . . . သွား . . . သွား မလိုက်ဘူး”
အာဆပ်မှာ အရူးတစ်ယောက်လိုအော်ဟစ်ရင်း ထမင်းစားဆောင်တိုက်ကိုဖက်တက်နေသဖြင့် ဝန်ထမ်းများက ဆွဲထားရသည်။ တစ်စခန်းလုံးလဲ အလန့်တကြားဖြစ်ကာ နောက်ဆုံးတော့ စခန်းတာဝန်ခံဦးမျိုးကို သွားနှှိုးရသည်။ ဘကြီးအောင်လဲ ရောက်လာခဲ့ပြီ။
“အောင်မာ . . . မင်းတို့က သတ္တိရှိတယ်ပေါ့လေ၊ လာ ငါနဲ့ ဓါးချင်းခုတ်မလား . . . ငါ့ကို ဓါးပေးကြ . . .”
ထိုသို့ပြောလိုက်
“မလုပ်ကြပါနဲ့ . . . ကျွန်တော့်ကို မလုပ်ကြပါနဲ့”
ထိုသို့ပြောရင်း ငိုလိုက်ဖြင့် အရူးတစ်ယောက်လိုဖြစ်နေတော့သည်။
“အာဆပ်ကို ကြိုးနဲ့ချုပ်ထားလိုက်တော့”
ဘကြီးအောင်က ပြောလိုက်သည်နှင့် အာဆပ်ကို လက်နှစ်ဖက်၊ လက်မောင်းမှနေ၍ နိုင်လွန်ကြိုးဖြင့် ချည်ထားလိုက်တော့သည်။
“ဘကြီးအောင် ချုပ်ထားလို့ဖြစ်ပါ့မလား”
“ဖြစ်တာပေါ့ ဆရာရဲ့၊ သူ့ကြည့်ရတာ ရူးနေပုံရတယ်၊ မသကာ စခန်းက ဝန်ထမ်းတွေကို ဒုက္ခပေးနေမှ ခက်နေဦးမယ်”
ထို့နောက် အာဆပ်ကိုမေးကြည့်သည်။ အာဆပ်ကတော့ အကြောက်လွန်နေဆဲဖြစ်သည်။
“လူတွေ . . . ခမောက်တွေနဲ့ . . . ဟိုမှာ . . . လာနေကြပြီ”
သူလက်ညှိုးထိုးပြသည့်နေရာကို ကြည့်တော့လဲ ဘာမှမရှိတော့။
“ကဲ မထူးဘူး၊ အာဆပ်ကို တဲတစ်လုံးထဲထည့်ထား၊ ဝန်ထမ်းနှစ်ယောက်လောက် စောင့်နေ၊ မနက်ကျတော့ စခန်းပြန်ပို့ရမယ်”
ဦးမျိုးလဲ ထိုသို့ပြောပြီး ပြန်ထွက်ခဲ့လေသည်။ ဝန်ထမ်းများကတော့ အာဆပ်ဖြစ်ပုံကို တစ်ယောက်တစ်မျိုး ထင်ကြေးပေးနေကြသည်။ ဘိုဘိုတို့က ထိုညက အရက်အမူးလွန်ပြီး အိပ်နေသဖြင့် ဘာဖြစ်မှန်းသေချာမသိလိုက်။
မိုးလင်းပြီ၊ လုပ်ငန်းခွင် ဆင်းရန်ပြင်ကြသည်။ အာဆပ်ကိုတော့ ကားတစ်စီးနှင့် ပြန်ပို့လိုက်ရသည်။ အာဆပ်မှာ ဖျားနေပြီး ကယောင်ကတမ်းတွေပြောဆိုနေသည်။ ဘိုဘိုလဲ စက်ကြီးမောင်းပြီး တောထဲလုပ်ငန်းခွင်သို့ မောင်းလာကြသည်။
“ဆရာရေ . . . . ဆရာရေ”
ရှေ့ပြေးကားများက ပြန်မောင်းလာကြပြီး ဝန်ထမ်းများကပြေးလာကြသည်။
“ဘာဖြစ်တာလဲဟ”
ဘိုဘိုလဲ ရေရွတ်လိုက်ပြီး စက်ကိုသတ်လိုက်ကာ လူများကြည့်နေကြသည့်နေရာသို့ ပြေးထွက်လာခဲ့သည်။
“အောင်မယ်လေး”
မြင်တွေ့လိုက်ရသည့် မြင်ကွင်းက ချောက်ခြားဖွယ်ရာဖြစ်သည်။ ပြောင်ရှင်းနေသည့် မြေပြင်တွင် သစ်ပင်အိုကြီးတစ်ပင်က ထီးတည်းကြီးတည်ရှိနေလေသည်။ ထိုသစ်ပင်ကြီးမှာ အခြားမဟုတ်၊ မနေ့က အာဆပ်ခုတ်ခဲ့သည့် သစ်ပင်ကြီးပင်ဖြစ်သည်။ အားလုံးလဲ ကြောက်လန့်ကုန်ပြီဖြစ်သည်။ ဦးမျိုးလဲ အရဲစွန့်ပြီး သစ်ပင်ကြီးကိုသွားကြည့်တော့ ဖြတ်ရာ ခုတ်ရာပင်မရှိဘဲ ပကတိအတိုင်းပေါက်ရောက်နေလေသည်။
“ဘယ်လိုလုပ်ကြမလဲ ဘကြီးအောင်”
“မရတော့ဘူးဆရာ ကျုပ်တို့ ဒီအပင်ကြီးကိုတောင်းပန်ပြီးတော့ ဒီအတိုင်းထားခဲ့မှထင်တယ်”
“ဖြစ်ပါ့မလားဗျ ၊ ကုမ္မဏီက ဆူနေပါဦးမယ်”
“မတတ်နိုင်ဘူးဗျာ၊ သူတို့အလုပ်ထုတ်လဲ ကျုပ်တို့ထွက်ရမှာပဲ”
“ကဲ အားလုံး ကားပေါ်ကဆင်းပြီး ဒီသစ်ပင်ကြီးနားမှာ ဒူးထောက်ထိုင်လိုက်ကြပါ”
ဘကြီးအောင်ပြောလိုက်တော့ အားလုံးက ဆင်းလာပြီးသစ်ပင်ကြီးကို ဝိုင်းထိုင်လိုက်သည်။
“ဆိုင်ရာ ပိုင်ရာ ပုဂ္ဂိုလ်အပေါင်းတို့ခင်ဗျာ၊ ကျွန်တော်တို့မှာလဲ သူများ၏ဝန်ထမ်းများဖြစ်သောကြောင့် အလုပ်ရှင်များခိုင်းသည့်အတိုင်း လုပ်ကိုင်ရခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ကို အနှောင့်အယှက်များ မပေးကြပါနှင့်၊ ကျွန်တော်တို့ ယခင်က ကျူးလွန်ခဲ့မိတာရှိပါကလည်း တောင်းပန်အပ်ပါတယ်”
ထိုသို့ပြောပြီးနောက် ကန်တော့လိုက်ကြတော့သည်။ ထိုနောက်ပိုင်းမှစပြီး စခန်းအတွင်း ခြောက်လှန့်မှုများကို မတွေ့ကြုံရတော့ပေ။
အချိန်တစ်လခန့်ကြာသောအခါ ထိုတောနက်ကြီးလဲ ဟင်းလင်းပြင်ကြီးဖြစ်သွားလေသည်။ ဘိုဘိုတို့အဖွဲ့လဲ လမ်းဖောက်လုပ်ကြလေသည်။ ကုမ္မဏီကိုလဲ တင်ပြရာ ထိုသစ်ပင်ကို မခုတ်ဘဲ ထားခဲ့သည်ကို အပြစ်မတင်ကြပါ။ သို့နှင့် လုပ်ငန်းများ ပြီးစီးသည်နှင့် ဘိုဘိုတို့စခန်းလဲ စခန်းသိမ်းပြီးပြန်ခဲ့တော့သည်။ ထိုနေရာတွင် အခြားကုမ္မဏီများက ကွန်ကရစ်လမ်းများခင်းချင်းနှင့် မြို့ကွက်ဖော်ခြင်းများကို ဆက်လက်ဆောင်ရွက်တော့မည်ဖြစ်သည်။
ဘိုဘိုလဲ ကားကြီးမောင်းရင်း ထိုသစ်ပင်ကြီးကို တစ်ချက်ငေးကြည့်မိရင်း စခန်းတွင် ကြုံတွေ့ခဲ့သည့် အဖြစ်အပျက်များကို ပြန်လည်မြင်ယောင်နေမိသည်။ ထိုသစ်ပင်ကြီးမှာ ယခုတော့ အလွန်ကျယ်ပြောလှသည့် ကားလမ်းမကြီး၏ ဘေးတွင်တည်ရှိနေလေသည်။
ဘိုဘိုတစ်ယောက်အခုအချိန်အထိ ထိုစခန်းတွင်တွေ့ကြုံခဲ့သည့် ပရလောကဖြစ်ရပ်ဆန်းများကို မျက်လုံးထဲကပင်မထွက်သေးပေ။ ထိုသစ်ပင်ကြီးကတော့ အလွန်တရာ ခေတ်မီတိုးတက်လှသည့် မြို့သစ်ကြီး၏ လမ်းနံဘေးတွင် ယခုတိုင် တည်ရှိနေဦးမည်ဖြစ်ပါသည်။
ပြီးပါပြီ။
စာဖတ်သူ တစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
….အဂ္ဂဇော်…..
ခုတ္လွဲ၍မရေသာ သစ္ပင္ႀကီး (ျဖစ္ရပ္မွန္) (စဆုံး)
အခန္း (၁)
ဘိုဘိုတို႔အဖြဲ႕မွာ ေတာအုပ္ႀကီးတစ္ခုအနီးတြင္ စခန္းခ်ေနၾကသည္။ သူတို႔မွာ ေဆာက္လုပ္ေရးကုမၼဏီတစ္ခုမွ ဝန္ထမ္းမ်ားျဖစ္ၾကသည္။ ေတာေတာင္ႀကီးမ်ားကို ရွင္းလင္းၿပီးေနာက္ လူေနထိုင္သည့္ ၿမိဳ႕သစ္ႀကီးတစ္ခုတည္ေဆာက္ရန္အတြက္ အစိုးရက စီစဥ္ထားၿပီးေနာက္ ကုမၼဏီမ်ားအား ျပန္လည္ကန္ထ႐ိုက္ေပးခဲ့ေလသည္။ ဘိုဘိုတို႔ အခုေရာက္ေနသည့္ ေနရာကေတာ့ ယခင္က လူပင္အေရာက္အေပါက္နည္းသည့္ ေတာႀကီးတစ္ခုပင္ျဖစ္သည္။ ယခုေတာ့ ထိုေတာႀကီးကို ရွင္းလင္းၿပီး လမ္းေဖာက္လုပ္ရမည္ျဖစ္သည္။ လမ္းေဖာက္လုပ္ၿပီးပါက ၿမိဳ႕ကြက္သစ္ပုံစံခ်ျခင္းႏွင့္ အေဆာက္အအုံမ်ား ေဆာက္လုပ္ျခင္းမ်ားကို စတင္မည္ျဖစ္သည္။
စခန္းဆိုေသာ္လည္း အေတာ္အတန္ပင္က်ယ္ဝန္းသည္။ သစ္မ်ား ဝါးမ်ားျဖင့္ စခန္းကိုကာရံထားၿပီးေနာက္ အတြင္းတြင္ လမ္းေဖာက္လုပ္ေရး လုပ္ငန္းသုံး စက္ကိရိယာႀကီးမ်ားကို အစီအရီရပ္ထားၾကသည္။ ဘူဒိုဇာႀကီးမ်ား၊ ဘက္ဟိုး ေျမေကာ္စက္မ်ား၊ ေျမညႇိသည့္စက္၊ လမ္းႀကိတ္စက္ စသည့္ စက္မ်ားပင္ အစီးေရ ၃၀ ခန႔္ရွိသည့္ စခန္းျဖစ္သည္။ ထိုစခန္းတြင္ ဝန္ထမ္းႏွင့္ ဝန္ထမ္းမိသားစုမ်ားက တဲကေလးမ်ားထိုးကာ ေနထိုင္ၾကၿပီး စခန္းတစ္ခုလုံး လူဦးေရ ၁၀၀ ေက်ာ္ခန႔္ရွိသည္။ ေတာနက္ၿပီး ေဝးလံေခါင္သီသျဖင့္ ဝန္ထမ္းမိသားစုမ်ား ေတာ္ေတ္ာမ်ားမ်ားမရွိဘဲ ႏွစ္စု သုံးစုသာ ဒုကၡခံၿပီး လိုက္ေနၾကျခင္းျဖစ္သည္။
စခန္းသို႔ ဝင္ဝင္ခ်င္းတြင္ ရွင္းလင္းျပသသည့္ စီမံေရးအေဆာက္အဦရွိသည္။ အေဆာက္အဦးဆိုေသာ္လည္း ဝါးမ်ား၊ သစ္လုံးမ်ားျဖင့္ ျပဳလုပ္ထားေသာ အကာအရံမပါေသာ အေဆာက္အအုံျဖစ္သည္။ ထိုအေဆာက္အအုံအလယ္တြင္ေတာ့ စားပြဲႏွင့္ ထိုင္ခုံကို သစ္သားမ်ားျဖင့္ အရွည္ႀကီး႐ိုက္ထားသည္။ အလုပ္မဆင္းခင္ သူတို႔စခန္းကို ကိုင္တြယ္သည့္ အရာရွိမ်ားက တစ္ေန႔တာလုပ္ကိုင္မည့္ လုပ္ငန္းမ်ားကို ၫႊန္ၾကားသည့္ အစည္းအေဝးလုပ္ရာ ေနရာျဖစ္သည္။
ထိုအေဆာက္အဦးကို ေက်ာ္လြန္ၿပီးလွ်င္ စခန္း၏ အလယ္ဗဟိုေနရာေလာက္တြင္ ထမင္းစားေဆာင္အျဖစ္ တဲႀကီးတစ္လုံးကို ထိုးထားေလသည္။ ထိုတဲႀကီးအတြင္း မနက္၊ ေန႔လည္ႏွင့္ ညေနအခ်ိန္မ်ားတြင္ အလုပ္သမားမ်ား ထမင္းစုေဝးၿပိး စားေသာက္ၾကသည့္ေနရာျဖစ္သည္။ ထိုေနရာႏွင့္ မနီးမေဝးတြင္ စားဖိုေဆာင္ရွိကာ ဝန္ထမ္းမ်ားအတြက္ ထမင္းဟင္းမ်ား ခ်က္ျပဳတ္ရာေနရာလဲျဖစ္သည္။
အခန္း (၂)
မနက္မိုးလင္း ၆ နာရီထိုးသည္ႏွင့္ ဝန္ထမ္းမ်ားအားလုံး ထမင္းစားေဆာင္တြင္ ထမင္းစားေနၾကၿပီျဖစ္သည္။ မနက္ခင္းပိုင္းတြင္ ထမင္းႏွင့္ ပဲျပဳတ္ဆီဆမ္း၊ ပဲေထာပတ္မ်ားကို ၾကက္သြန္မ်ားမ်ားျဖင့္သုပ္ထားသည့္ ပဲသုပ္၊ ဘာလေခ်ာင္ေၾကာ္၊ င႐ုတ္သီးေျခာက္ေၾကာ္မ်ားျဖင့္ စားေသာက္ရသည္ကမ်ားသည္။ မနက္စာထမင္းကို အလုအယက္ဗိုက္ျပည့္ေအာင္ စားထားရသည္။
“ပီ . . . ပီ”
အခ်က္ေပးသံကိုၾကားလိုက္ရလွ်င္ ထမင္းစားေဆာင္အတြင္းမွ အေျပးအလႊားထြက္ၾကရၿပီး လုပ္ငန္းရွင္းလင္းေဆာင္သို႔သြားကာ ခုံတန္းရွည္ႀကီးတြင္ စုထိုင္လိုက္ၾကသည္။ ထိုအခ်ိန္သည္ နံနက္ ၈ နာရီအခ်ိန္ျဖစ္သည္။ ထိုအခါ စခန္းတာဝန္ခံႏွင့္ အင္ဂ်င္နီယာမ်ားက သူတို႔တစ္ေန႔တာ ျပဳလုပ္ရမည့္ လုပ္ငန္းမ်ားႏွင့္ တာဝန္မ်ားကို အသီးသီးခြဲေဝေပးေလသည္။ ထိုရွင္းလင္းေဆာင္တြင္ နာရီဝက္မွ် ေဆြးေႏြးၿပီးေသာအခါတြင္ လုပ္ငန္းစၿပီျဖစ္သည္။
အထူးသျဖင့္ စက္ေမာင္းမ်ားမွာ တာဝန္က်ရာ စက္ယႏၲယားႀကီးမ်ားကို ေမာင္းႏွင္လိုက္ၾကၿပီးေနာက္ စခန္းမွ တန္းစီၿပီး ထြက္ၾကေတာ့သည္။ ယခုရွင္းရမည့္ ေတာက စခန္းႏွင့္ နီးသျဖင့္ ၈ နာရီခြဲမွ ထြက္ၾကျခင္းျဖစ္သည္။
ဘိုဘိုက ဘူဒိုဇာႀကီးကို ေမာင္းႏွင္ရသည္။ ဘူဒိုဇာႀကီးမွာ တင့္ကားသဖြယ္ခ်ိန္းႀကိဳးႀကီးမ်ားျဖင့္ ေျဖးေျဖးမွန္မွန္ေမာင္းႏွင္ေနေလသည္။ ဘိုဘိုလဲ စီးကရက္တစ္လိပ္ကိုဖြာၿပီး ျပတင္းေပါက္မွ ပစ္ခ်လိုက္သည္။ သိပ္မၾကာခင္ သူတို႔ကားမ်ား ေတာစပ္သို႔ ေရာက္လာၾကသည္။ စက္ယႏၲယားမ်ား စုံလင္ေအာင္ ေခတၱမွ်ေစာင့္ေနၾကရသည္။ ထို႔ေနာက္ ဆိုဒ္တာဝန္ခံက အဖြဲ႕မ်ားဖြဲ႕ေပးၿပီးေနာက္ ကိုယ့္တာဝန္ကိုယ္ အဖြဲ႕အသီးသီးျဖင့္ ေဆာင္႐ြက္ၾကေလသည္။
သစ္ပင္ခုတ္သည့္ေနရာတြင္ လက္ျဖင့္ခုတ္ျခင္းမဟုတ္ေပ။ ႏိုင္ငံျခားမွ သစ္ပင္ခုတ္ရန္တီထြင္ထားသည့္ စက္ႀကီးမ်ားျဖင့္ ခုတ္ရျခင္းျဖစ္သလို၊ ဘူဒိုဇာႀကီးမ်ားျဖင့္လဲ အျပင္ႀကီးမ်ားကို ထိုးၿပီး လွဲရေလသည္။ ထို႔ေနာက္ ေျမညႇိၿပီးေနာက္ ကားသုံးေလးစီး တက္နင္းလိုက္လွ်င္ ေျမျပန႔္ျဖစ္သြားၿပီျဖစ္သည္။ ထိုအခါ ခုတ္ၿပီးသား သစ္ပင္ႀကီးမ်ားအား ခုတ္ထစ္ျဖတ္ေတာက္ကာ ကရိန္းျဖင့္ေျမသယ္ကားႀကီးမ်ားက တင္ေဆာင္ၿပီးသယ္ရေလသည္။
အခန္း(၃)
“ဝုန္း”
သစ္ပင္ႀကီးမ်ား တစ္ပင္ၿပီးတစ္ပင္လဲက်ေနေလသည္။ ဘိုဘိုလဲ သစ္ခုတ္စက္ကို ကူညီၿပီး အလြန္ႀကီးမားေသာအပင္ႀကီးမ်ားကို ဘူဒိုဇာျဖင့္ တိုက္လွဲေပးရသည္။ အပင္ငယ္မ်ား၊ လုံးပတ္ တစ္ေပခန႔္ရွိသည့္အပင္မ်ားမွာေတာ့ ဘူဒိုဇာတစ္ခ်က္ထိုးသည္ႏွင့္ အျမစ္ကကြၽတ္ၿပီး လန္ေလသည္။ အပင္မ်ားလဲသြားသည္ႏွင့္ ေျမကိုဘူဒိုဇာျဖင့္ထိုးၿပီး ညႇိရသည္။ ေျမညီသြားေသာအခါ ေျမတူးစက္မ်ားက ေရာက္လာၿပီး ေတာင္နံရံမ်ားကိုကုတ္ဖဲ့ကာ တူးခ်ရေတာ့သည္။
ႏွစ္ေပါင္းမ်ားစြာ ေပါက္ေရာက္ေနသည့္ လူပင္သိပ္မေရာက္သည့္ ေတာနက္ႀကီးမွာ ယခုေတာ့ ဘိုဘိုတို လက္ထဲတြင္ တစ္ေန႔တာမွ်ျဖင့္ ေတာ္ေတာ္ကုန္သြားၿပီျဖစ္သည္။ သို႔ေသာ္လည္း ေရွ႕သို႔ လွမ္းၾကည့္လွ်င္ မေရမတြက္ႏိုင္ေသာ သစ္ပင္ေပါင္းမ်ားစြာ က်န္ေနေသးသည္။ ထိုေန႔ တစ္ေန႔တာ ၿပီးဆုံးၿပီးေတာ့ စခန္းသို႔ျပန္လာခဲ့ၾကသည္။
တစ္ေန႔တာၿပီးဆုံးသျဖင့္ စခန္းမွလူငယ္မ်ား ဂီတာတီးသူတီးၾကသည္။ သီခ်င္းနားေထာင္သူ၊ သီခ်င္းဆိုသူမ်ားလဲ ရွိၾကသည္။ စခန္းအတြင္းတြင္ သစ္လုံးမ်ားျဖင့္ မီးပုံႀကီးမ်ားဖိုထားသည္။ အေသာက္အစား ဝါသနာပါသူမ်ားကလဲ အေသာက္အစားလုပ္ၾကသလို၊ သက္ႀကီးပိုင္း ဝန္ထမ္းမ်ားကေတာ့ ေရေႏြးတစ္အိုးခ်ၿပီး ေရာက္တတ္ရာရာေျပာဆိုေနၾကသည္။ အင္ဂ်င္နီယာမ်ား၊ ဆိုဒ္တာဝန္ခံမ်ားမွာေတာ့ စာရင္းအင္းမ်ား၊ စာ႐ြက္စာတမ္းမ်ားျဖင့္ ရွင္းလင္းေဆာင္အတြင္း အလုပ္ရႈပ္ေနတတ္ၾကသည္။ စခန္းတစ္ခုလုံးကို ဓါတ္အားေပးရန္အတြက္ေတာ့ စခန္းေထာင့္နားတြင္ တဲတစ္လုံးေဆာက္ထားကာ မီးစက္ႀကီးေမာင္းထားသည္။ မီးစက္ႀကီးကို ညေန ၆ နာရီမွ စတင္ကာေမာင္းၿပီး ေနာက္တစ္ေန႔မနက္ ၅ နာရီေလာက္တြင္ မီးစက္ပိတ္သည္။ မီးစက္ ပိတ္ရန္ႏွင့္ မီးစက္ကိုေစာင့္ရန္အတြက္ ညေစာင့္တစ္ေယာက္ကို အလွည့္ခ်ထားေပးသည္။ ထိုသူမွာ ညေစာင့္က်လွ်င္ ေနာက္ေန႔ အလုပ္ဆင္းရန္မလိုေပ။
“ဘိုဘို . . . ဒီည မင္းမီးစက္ေစာင့္ရမယ္မဟုတ္လား၊ သိပ္မေသာက္နဲ႔ေတာ့”
ဘႀကီးေအာင္က သတိေပးလိုက္သျဖင့္ ဘိုဘိုလဲ အရက္ဆက္မေသာက္ေတာ့ေပ။ ဘႀကီးေအာင္မွာ စခန္းထဲမွ အလုပ္သမားမ်ားကို အုပ္ခ်ဳပ္ရသည့္ အလုပ္သမားေခါင္းပင္ျဖစ္ၿပီး အသက္က ေျခာက္ဆယ္ေက်ာ္ေနၿပီျဖစ္သည္။ ဘႀကီးေအာင္ကို စခန္းတာဝန္ခံမွအစ ေအာက္ေျခထမင္းခ်က္အဆုံး ေလးစားၾကသည္။
ဘိုဘိုတို႔လို အိမ္ေထာင္မရွိ လူပ်ိဳလူလြတ္ေတြအတြက္ေတာ့ တဲအရွည္ႀကီးတစ္လုံးကို ေဆာက္ထားေပးၿပီး ထရံမ်ားျဖင့္ကန႔္ထားသည့္ ဘားတိုက္ တြင္ေနထိုင္ရသည္။ လူပ်ိဳမ်ား ညေနဆို အရက္ကေလးေတာ့ တစ္ခြက္တစ္ဖလား ေသာက္တတ္ၾကသည္။ သီခ်င္းဆိုၾကသည္။ တစ္ခါတစ္ရံ ဘားတိုက္အတြင္း ဖဲ႐ိုက္ၾကေလသည္။
ည ၉နာရီထိုးေတာ့ အားလုံးလူစုခြဲၿပီျဖစ္သည္။ ဘိုဘိုလဲ ဓါတ္မီးတစ္လက္ကိုယူၿပီး မီးစက္တဲအနီးသို႔လာခဲ့သည္။ မီးစက္တဲအနီးတြင္ မီးခိုးေတြႏွင့္ ေညႇာ္ေနသည္။ ဘိုဘိုက ဝါးျဖင့္ျပဳလုပ္ထားသည့္ ခုံတစ္ခုတြင္ထိုင္လိုက္သည္။ ထိုအခ်ိန္ ကိုႀကီးစံေပါက ကင္းတဲကေလးေပၚမွဆင္းလာေလသည္။
“ဘာထူးလဲ ကိုႀကီးရဲ႕”
“ဘာမွ မထူးပါဘူးကြာ၊ ေအးေဆးပါ”
မီးစက္႐ုံႏွင့္ သိပ္မလွမ္းမကမ္းတြင္ ေျခတံရွည္ကင္းတဲကေလးကို စခန္းၿခံစည္း႐ိုးႏွင့္ကပ္လွ်က္တည္ေဆာက္ထားသည္။ စခန္းကို ေန႔ကင္း၊ ညကင္းခ်ထားရသည္။ စခန္းအတြင္းတြင္ တန္ဖိုးႀကီးစက္ကိရိယာမ်ားႏွင့္ စခန္းဝန္ထမ္းမ်ား၏ ပစၥည္းမ်ားရွိေလရာ အျပင္လူမဝင္ေစရန္အတြက္ ကင္းခ်ထားရျခင္းျဖစ္သည္။ စခန္းၿခံစည္း႐ိုးကိုေတာ့ သစ္လုံးမ်ား ဝါးကပ္မ်ားျဖင့္ အခိုင္အမာလူတစ္ရပ္ခန႔္ ကာထားရသည္။ အခုအလုပ္လုပ္သည့္ေနရာသည္ ေတာႏွင့္အလြန္နီးသျဖင့္ ကင္းသမားမ်ားကို ပိုမိုခ်ထားရေလသည္။
“တစ္ညလုံးဆိုေတာ့ ပ်င္းစရာႀကီးကြာ၊ နဲနဲပါးပါးခ်ပါလား”
“ဟာ . . ကိုႀကီးစံေပါကလဲ ကင္းေစာင့္ရင္း ကစ္ေနတာလား ဘႀကီးေအာင္သိသြားရင္လစာျဖတ္ခံေနရဦးမယ္”
“ရပါတယ္ကြာ၊ အဲဒီေလာက္လဲ မဟုတ္ပါဘူး”
ထို႔ေနာက္ ႏွစ္ေယာက္သား စကားေလးေျပာလိုက္ အရက္ကေလး ေသာက္လိုက္ႏွင့္ အခ်ိန္ျဖဳန္းေနၾကသည္။ မီးစက္က ဆီကုန္ၿပီလားဆိုတာ တစ္ခ်က္တစ္ခ်က္ထၾကည့္႐ုံသာရွိသည္။ ကင္းသမားကေတာ့ ကင္းတဲေလးေပၚတက္ၿပီး အနီးပတ္ဝန္းက်င္ကို ဓါတ္မီးႏွင့္ထိုးၾကည့္လိုက္၊ ဟိုနားသည္နား ကင္းလွည့္ၿပီး ျပန္လာလိုက္သာလုပ္ေနသည္။
“အူ . . ဝူ . . ဝူး . . . ဝူး”
ဘယ္ကမွန္းမသိေသာ ေခြးအူသံႀကီးကိုၾကားလိုက္ရသည္။ ကိုႀကီးစံေပါႏွင့္ ဘိုဘိုတို႔ ေခါင္းေထာင္ကာ နားစြင့္ေနလိုက္ၾကသည္။ စခန္းအတြင္း ေခြးမ်ားေမြးျမဴထားေသာ္လည္း ထိုအူသံမွာ စခန္းအျပင္ သစ္ေတာႀကီးဆီမွ အသံျဖစ္သည္။ ဘိုဘိုက လက္ကနာရီကို ၾကည့္လိုက္ေတာ့ အခ်ိန္က ည (၁)နာရီခြဲပင္ရွိၿပီ။
“ေတာေခြးေတြ အူတာျဖစ္မယ္ကြ”
“ဟုတ္မယ္ထင္တယ္ . . . အက်ယ္ႀကီးပဲေနာ္”
သူတို႔ေျပာေနစဥ္မွာပင္ သူတို႔ႏွင့္မလွမ္းမကမ္း စခန္းၿခံစည္း႐ိုးကို လူတစ္ေယာက္က လႊားခနဲေက်ာ္ၿပီး ခုန္ဆင္းလာေလသည္။ ထို႔ေနာက္ မီးစက္ႀကီးထားသည့္ တဲကေလးအေနာက္သို႔ ဝင္သြားေလသည္ကို ႏွစ္ေယာက္သားျမင္လိုက္ၾကသည္။ ႏွစ္ေယာက္လုံး အံ့အားသင့္ၿပီး ခဏတာၿငိမ္သက္ေနရာမွာ ကိုစံေပါက ဘိုဘို႔ကို မ်က္စပစ္ျပလိုက္ေလသည္။ ဘိုဘိုလဲ သူ႔အနားတြင္ေထာင္ထားသည့္ ဝါးရင္းတုတ္ကိုေကာက္ယူလိုက္ၿပီး ကိုစံေပါက ငွက္ႀကီးေတာင္ဓါးကို အသာယူလိုက္ၿပီး ဓါတ္မီးမ်ားဆြဲကိုင္ကာ တိုးတိုးကေလး လာခဲ့ၾကသည္။
မီးစက္ထားသည့္ တဲမွာ ဆယ္ေပခန႔္သာက်ယ္ဝန္းသည့္ တဲကေလးျဖစ္ၿပီး ထရံကို ခါးတစ္ဝက္ေလာက္ကာရံထားကာ အေပၚပိုင္းကိုေတာ့ ဝါးျဖင့္ အကြက္က်ဲမ်ားရပ္လုပ္ၿပီးေလးဖက္ေလးတန္ကာရံထားသျဖင့္ တဲေနာက္ကိုေဖာက္ထြင္းၿပီး လွမ္းျမင္ရႏိုင္ေလသည္။ အခုေတာ့ ခုနက ဝင္လာသည့္သူကို မျမင္ရသျဖင့္ ထိုသူမွာ ေလးဘက္ေထာက္ၿပီးပုန္းေနခ်င္းျဖစ္မည္ဟု ယူဆလိုက္သည္။ ကိုစံေပါက တဲေခါင္းရင္းဘက္မွ သြားမည္ဟု လက္ဟန္ေျခဟန္ျပလိုက္သျဖင့္ ဘိုဘိုက တဲေျခရင္းဘက္မွ ပတ္ၿပီးလာခဲ့ေလသည္။ ထို႔ေနာက္ ကိုစံေပါက လက္ကို တစ္ေခ်ာင္းခ်င္းစီေထာင္ေနၿပီးေနာက္ လက္ေခ်ာင္းသုံးေခ်ာင္းအေရာက္တြင္ အတူတူ ေျပးၿပီး တဲကိုဝိုင္းလိုက္ၾကသည္။
“ဟင္ . . . ဘယ္ေရာက္သြားလဲ”
သူတို႔ႏွစ္ေယာက္ တဲေနာက္ေရာက္ေတာ့ ဘာမွမေတြ႕ေတာ့။ တဲကို သုံးေလးပတ္ရွာၾကည့္သည္။ မီးစက္အတြင္းဝင္ၾကည့္သည္ ဘာမွထူးထူးျခားျခားမေတြ႕ေရ။ ကိုစံေပါလဲ ေခါင္းကုပ္ေနသည္။
“မင္းေရာ ေသခ်ာေတြ႕လိုက္တယ္မဟုတ္လား”
“ေသခ်ာတာေပါ့ ကိုႀကီးစံေပါရာ လူမွ လူအစစ္”
စခန္းအတြင္း ရွင္းလင္းထား႐ုံသာမက ဓါတ္မီးတိုင္မ်ားထြန္းထားေသာေၾကာင့္ လင္းထိန္ေနသည္။ ထိုတဲအနီးတြင္လဲ ၿခဳံပုတ္မ်ား၊ လူပုန္းခိုစရာမ်ား ဘာမွႀကီးႀကီးမားမားမရွိေပ။ ထိုတဲႏွင့္ ေပ သုံးရာ ေလာက္အကြာမွာသာ ဝန္ထမ္းလိုင္းခန္းတစ္ခ်ိဳ႕ရွိၿပီး ထိုသို႔ေျပးသြားလွ်င္လဲ သူတို႔ျမင္ေတြ႕ရမည္ျဖစ္သည္။ သူတို႔ႏွစ္ေယာက္လဲ စိတ္ရႈပ္ေထြးကာ ထူပူေနၾကေတာ့သည္။
အခန္း (၄)
“ေတာင္ . . . ေတာင္ . . . ေတာင္ . . . . ေတာင္”
ထိုအခါ သူတို႔စခန္းတစ္ဖက္ျခမ္း စက္ကိရိယာႀကီးမ်ား ရပ္နားထားသည့္ ေနရာအနီးမွ သံေခ်ာင္းေခါက္သံကို ၾကားလိုက္ရသည္။ ကိုစံေပါေကာ ဘိုဘိုေကာ သံေခ်ာင္းေခါက္သံကို နားစြင့္ေနမိသည္။
“ေလးခ်က္ကြ . . . . ဒါတစ္ခုခုျဖစ္ေနတာပဲ”
ထိုသို႔ေျပာလိုက္ၿပီးေတာ့ သူတို႔ႏွစ္ေယာက္လဲ သံေခ်ာင္းေခါက္သည့္ေနရာသို႔ ေျပးသြားၾကေတာ့သည္။ သံေခ်ာင္းသံ ေလးခ်က္စိပ္စိပ္ေခါက္လွ်င္ အႏၲရာယ္ရွိသည့္ အခ်က္ေပးသံအျဖစ္ ဝန္ထမ္းမ်ားအားလုံး သိၾကသည္။ စခန္းႀကီးက က်ယ္ဝန္းလွသျဖင့္ ခ်က္ျခင္းေတာ့ မေရာက္ေသးေပ။ ကင္းသမားေတြက အားလုံးေျပးလာၾကၿပီး၊ ဝန္ထမ္းေတြကလဲ အိပ္ေဆာင္ေတြထဲမွ ဆင္းလာၾကသည္။
ဝင္းေအာင္ ဆိုသည့္ ဝန္ထမ္းတစ္ဦးက ကင္းတဲကေလးေပၚမွေန၍ သံေခ်ာင္းကို အဆက္မျပတ္ေခါက္ေနေလသည္။
“ဝင္းေအာင္ ဘာျဖစ္တာလဲ ဝင္းေအာင္”
ကင္းသမားမ်ားက စုၿပီးေမးေတာ့မွ ဝင္းေအာင္လဲ သတိျပန္ကပ္သည္။ ဝင္းေအာင္က အလြန္ေၾကာက္လန႔္သျဖင့္ တုန္လႈပ္ေနသည္။ ဘႀကီးေအာင္ႏွင့္ အျခားဝန္ထမ္းမ်ား ခ်က္ခ်င္းတုတ္ဓါးမ်ားျဖင့္ ေရာက္လာၾကသည္။
“တိုးႀကီးဘယ္သြားလဲ”
ထိုအခါ တိုးႀကီးဆိုသူက ေျပးလာေလသည္။
“ဒီ . . ဒီလိုပါ၊ တိုးႀကီးက အေပါ့သြားခ်င္တယ္ဆိုတာနဲ႔ အိမ္သာကိုထသြားတာ အဲဒီအခ်ိန္မွာ ကြၽန္ေတာ္လဲ ကင္းတဲေပၚတက္ၿပီးေတာ့ ဟိုဟိုသည္သည္ ပတ္ဝန္းက်င္ကို ဓါတ္မီးနဲ႔ထိုးၾကည့္ပါတယ္။ အဲဒီအခါမွာ ေခြးအူသံေတြၾကားလိုက္ရၿပီးေတာ့ လူလိုလိုအေကာင္ေတြ ေလးငါးေျခာက္ေကာင္ ေတာအုပ္ထဲကေန ေျပးထြက္လာၿပီးေတာ့ စခန္းၿခံစည္း႐ိုးကို လႊားကနဲခုန္တက္လိုက္ၾကပါတယ္။ သူတို႔က ခုန္တက္ၿပီးေတာ့ စက္ႀကီးေတြ ရပ္ထားတဲ့နားမွာ ေပ်ာက္ကြယ္သြားၾကပါတယ္”
ဘႀကီးေအာင္က မ်က္ေမွာင္ၾကဳတ္လိုက္သည္။
“လူလိုလိုအေကာင္ဆိုေတာ့ မင္းေသခ်ာမေတြ႕လိုက္ဘူးလား”
“ကြၽန္ေတာ္ ဓါတ္မီးနဲ႔ေသခ်ာထိုးၾကည့္ပါတယ္။ ဒါေပမယ့္ ေျပးတာအရမ္းျမန္လို႔ ရိပ္ကနဲပဲေတြ႕လိုက္ရပါတယ္။ လူလိုပဲ လမ္းေလွ်ာက္ေျပးတာပါ”
“ေကာင္းၿပီ၊ တစ္စခန္းလုံးက လူေတြကို လိုက္ၿပီးသတိေပးပါ၊ ၿပီးရင္ ကိုယ္အိပ္တဲ့ေနရာေတြကိုအရင္ဆုံး စစ္ေဆးၾကည့္ၾကပါ။ က်န္တဲ့လူေတြကေတာ့ စက္ႀကီးေတြထားတဲ့ေနရာကို ဝိုင္းၿပီးရွာၾကရေအာင္”
စက္ယႏၲယားႀကီးမ်ား ရပ္ထားသည့္ေနရာမွာ စက္မ်ားတစ္စီးႏွင့္တစ္စိးကပ္ေနသျဖင့္ ေမွာင္ရိပ္မ်ားက်ေနေလသည္။ ထိုေနရာကို စခန္းမွ လူအင္အားျဖင့္ဝိုင္းလိုက္ၿပီးေနာက္ ေသခ်ာဓါတ္မီးထိုး၍ ရွာၾကည့္ၾကသည္။
“ဘႀကီးေရ . . . ဟိုမွာ . . . ဟိုမွာ”
လူရိပ္တစ္ခုသည္ ေျမသယ္ကားႀကီးတစ္စီး၏ ဘီးမ်ားအၾကားတြင္ ဝပ္ေနေလရာ သူတို႔ေအာ္သံေၾကာင့္ ထၿပီး စခန္းအေပါက္ဝဖက္သို႔ ေျပးေတာ့သည္။ စခန္းမွာ အဝိုင္းပုံစံရွိၿပီး အေပါက္ဝက တစ္ေပါက္တည္းသာရွိသည္။ ဝန္ထမ္းမ်ားအားလုံးလဲ ထိုလူေနာက္ကိုေျပးလိုက္ၾကသည္။ မီးေရာင္ထဲတြင္ ထိုလူကိုၾကည့္ရတာ ပိန္ပိန္ပါးပါးႏွင့္ ျဖစ္ၿပီး အလြန္အေျပးလဲ ျမန္လွသည္။ သူတို႔ေျပးလိုက္ရင္း ထိုလူသည္ စခန္းဂိတ္ေပါက္ဝကို ခုန္ေက်ာ္ၿပီးေနာက္ ေပ်ာက္ကြယ္သြားေတာ့သည္။ သူတို႔အားလုံးေမာပန္းေနၾကသည္။
“ဖုတ္ . . . . ဖုန္း”
ထိုအသံႀကီးကို ၾကားလိုက္ရၿပီးေနာက္ စခန္းတစ္ခုလုံး မီးေမွာင္က်သြားေတာ့သည္။
“မီးစက္ဘာျဖစ္တာလဲေဟ့ . . .”
ထိုေတာ့မွ မီးစက္ကို ေျပးၾကည့္ၾကေတာ့ မီးစက္တဲမွာ မီးခိုးလုံးမ်ားအူၿပီးထြက္ေနေလသည္။
“စက္ျပင္ဆရာလာပါဦး . . . စက္ျပင္ဆရာ”
ထိုသို႔ေခၚလိုက္သည့္အခါတြင္ စက္ျပင္ဆရာေတြက လာေရာက္ၿပီးမီးစက္ကိုၾကည့္ၾကသည္။ ထို႔ေနာက္ ေခါင္းခါၾကသည္။
“မရေတာ့ဘူး . . . အဓိက အေရးႀကီးတဲ့ အစိတ္အပိုင္းတစ္ခုပ်က္စီးသြားတယ္”
စခန္းတာဝန္ခံက
“စခန္းက ဂိုေဒါင္မွာ အပိုပစၥည္းမရွိဘူးလား”
“မရွိဘူးဆရာ၊ ကားအတြက္ အပိုပစၥည္းေတြရွိေပမယ့္ မီးစက္ရဲ႕ ဒီအစိတ္အပိုင္းကေတာ့ ေတာ္႐ုံနဲ႔ ပ်က္ခဲလို႔ အပိုမရွိဘူးဆရာ”
“ေကာင္းပါၿပီ၊ ဒါဆို ဒီညေတာ့သတိဝိရိယနဲ႔ ေနၾကပါ၊ မီးပုံေတြဖိုၿပီး ကင္းသမားေတြ ဆက္ေစာင့္ၾကပါ၊ မနက္ျဖန္ ႐ုံးခ်ဳပ္ကိုေျပာၿပီးေတာ့ အပိုပစၥည္းလွမ္းယူေပးမယ္၊ ဒီညေတာ့ သည္းခံၾကဦး”
ထိုသို႔ေျပာလိုက္သျဖင့္ လူစုခြဲလိုက္ၾကသည္။ သူတို႔ျမင္ေတြ႕ခဲ့သည့္ အရာကိုေတာ့ ဝန္ထမ္းမ်ားက တစ္ေယာက္တစ္မ်ိဳး ထင္ေၾကးေပးေနၾကသည္။
ေနာက္တစ္ေန႔ေတာ့ ဘိုဘိုတို႔က ညကင္းေစာင့္ က်ထားသျဖင့္ အလုပ္ဆင္းရန္မလိုေပ။ စခန္းမွာသာ အိပ္လိုက္စားလိုက္ႏွင့္ အခ်ိန္ကုန္ေနေလသည္။ သူတို႔ညက ေတြ႕ခဲ့သည့္ လူခုန္ဝင္လာသည့္ ေနရာကို သြားၾကည့္ရာ ထိုေနရာတြင္ ေျမကေပ်ာ့ေနသျဖင့္ လူေျခရာတစ္ခုကို အထင္းသား ေတြ႕ျမင္ရသည္။ ေျခရာမွာ ရွည္ရွည္ေျမာေျမာျဖစ္သည္။
“လူလို႔ပဲထင္တယ္၊ တို႔စခန္းက ဆီတို႔၊ တန္ဖိုးရွိတာေတြ လာခိုးတာျဖစ္မယ္”
“လူဆိုရင္ ဒီနားမွာ လူေနတဲ့ေနရာ နီးလို႔လား ဘႀကီးေအာင္ရဲ႕”
“ခုနစ္မိုင္ေလာက္အကြာမွာ ႐ြာတစ္႐ြာရွိတယ္၊ ဆိုေတာ့ အဲဒီကလူေတြမ်ား မနက္ကတည္းက ႀကိဳလာၿပီး စခန္းထဲဝင္ကာ ပုန္းေအာင္းေနသလားပဲ”
စခန္းတာဝန္ခံႏွင့္ ဘႀကီးေအာင္တို႔ အတူတူစဥ္းစား တိုင္ပင္ေနၾကသည္။
“ဒါဆို စခန္းကို ေန႔ဘက္ပါ ကင္းခ်မွရေတာ့မယ္ ဘႀကီးေအာင္”
“ေကာင္းၿပီ အဘစီစဥ္လိုက္ပါ့မယ္”
ဘႀကီးေအာင္က ေျပာလိုက္ၿပီးေနာက္ တဲအတြင္းမွ ထြက္သြားရန္ျပင္ဆင္လိုက္ေလသည္။ သို႔ေသာ္ ေနာက္ျပန္လွည့္၍
“ဒါနဲ႔ ဆရာမ်ိဳး၊ မီးစက္ ကိစၥေကာ ဘာထူးလဲ”
“က်ဳပ္ ခုနကပဲ ဒီက အထိုင္စခန္းနဲ႔ဆက္သြယ္လိုက္ေတာ့ သူတို႔ဆီမွာလဲ အဲဒီပစၥည္းမရွိဘူးျဖစ္ေနတယ္။ ေနာက္ ႏွစ္ရက္၊ သုံးရက္ေလာက္ၾကာရင္ ရန္ကုန္ကေန တြဲကားေတြလာဖို႔ရွိတယ္။ အဲဒီေတာ့ ပစၥည္းကို ထည့္ေပးလိုက္မယ္ေျပာတယ္”
“ဒါဆို ၾကာဦးမွာေပါ့”
ဘႀကီးေအာင္က ကြမ္းဝါးရင္း ေျပာလိုက္သည္။
“ေနာက္သုံးေလးရက္ဆို ရမယ္ထင္တယ္ ဘႀကီး”
ဘိုဘိုလဲ ေန႔လည္ ထမင္းစားၿပီးေတာ့ ျပန္အိပ္ရန္ ႀကိဳးစားသည္။ သို႔ေသာ္ တဲအတြင္းမွာ ပူလွသျဖင့္ တဲအျပင္သို႔ထြက္လာခဲ့သည္။ စခန္းအျပင္တြင္ ဝါးႏွင့္ျပဳလုပ္ထားသည့္ ခုံတန္းကေလးမ်ား၊ သစ္သားျဖင့္ ျပဳလုပ္ထားသည့္ ခုံတန္းမ်ား ေနရာအႏွံ႔ရွိေလရာ ထိုခုံတန္းကေလးမ်ားတြင္ ေလတျဖဴးျဖဴးႏွင့္ အိပ္လိုက္မည္ဟု ဆုံးျဖတ္လိုက္သည္။ ရာသီဥတုက ပူေလာင္ေနသည္ဆိုေသာ္လည္း မိုးက ႐ြာမလိုလိုႏွင့္ အုံ႔ေနေလသည္။
ဘိုဘိုလဲ လဲေလ်ာင္းရင္း ေမွးကနဲ ျဖစ္သြားေလသည္။ ထိုစဥ္ စခန္းအတြင္း ကားမ်ားဝင္လာသံကို ၾကားလိုက္ရၿပီး လူမ်ားပူညံပူညံအသံကိုလဲ ၾကားလိုက္ရသျဖင့္ ဘိုဘိုလဲ အိပ္ေနရာမွ လန႔္ႏိုးသြားၿပီး ထိုေနရာသို႔ေျပးသြားေတာ့သည္။ ရွင္းလင္းေဆာင္တြင္ လူမ်ားဝိုင္းၾကည့္ေနၾကသည္။ သူတို႔အလယ္တြင္ ကိုေအး ဆိုသည့္ ဝန္ထမ္းတစ္ေယာက္မွာ ေခြၽးေစးမ်ားျပန္ၿပီးေနာက္ ကေယာင္ကတမ္းျဖစ္ေနသည္။
“ဘာျဖစ္ၾကတာလဲဗ်”
“ကိုေအး ေတာထဲမွာ က်ားနဲ႔ေတြ႕ခဲ့တယ္ ဆိုပဲဗ်”
“ဘယ္လို . . . က်ားဟုတ္လား”
“သူလဲ အေရွ႕က လူေတြ အပင္ေတြလွဲခ်ၿပီးသြားတုန္း သူတို႔က အေနာက္ကေန ေျမေတြ လိုက္ညႇိေနတာေပါ့။ အဲဒီအခ်ိန္ သူု႔အနားက ေက်ာက္တုံးေပၚမွာ က်ားႀကီးတစ္ေကာင္ သူ႔ကိုၾကည့္ရင္း မာန္ဖီေနတာကို ေတြ႕လိုက္ရသတဲ့ကြာ”
“အဲဒီက်ားဘယ္ေရာက္သြားလဲ”
“သူျဖစ္တဲ့နားမွာ တျခားသူေတြလဲရွိတယ္၊ တစ္ျခားသူေတြကေတာ့ က်ားကိုမေတြ႕ရဘူး၊ အဲဒီေနရာမွာလဲ က်ားေျခရာေတြ ဘာေတြမက်န္ခဲ့ပါဘူးကြာ”
“ထူးေတာ့ ထူးဆန္းတယ္ေနာ္”
“ဘိုဘို မင္းႏႈတ္လုံေနာ္၊ ငါ့အထင္ ဒီကိစၥက မ႐ိုးသားဘူးကြ၊ ေတာအုပ္ႀကီးက တို႔ကို ေျခာက္လွန႔္ေနတာပဲျဖစ္ရမယ္”
ဘိုဘိုလဲ မေတြးတတ္ေတာ့ဘဲ ေခါင္းကိုသာကုတ္ေနလိုက္သည္။ ကိုေအးကေတာ့ အခုထိအေၾကာက္မေျပေသးေပ။
ညေရာက္ခဲ့ျပန္ၿပီ။ ရွင္းလင္းေဆာင္အတြင္း တစ္စခန္းလုံးမွ ဝန္ထမ္းမ်ားစုေဝးေနၾကသည္။ ရွင္းလင္းေဆာင္အတြင္းတြင္ မီးခြက္မ်ား၊ ဖေယာင္းတိုင္မ်ားထြန္းထားသလို၊ အားသြင္းသည့္ ဓါတ္မီးကေလးမ်ားကိုလဲ ထြန္းထားၾကသည္။
“ကဲ အားလုံးပဲနားေထာင္ပါ၊ မီးစက္က ျပင္မရေသးဘူး၊ သုံးေလးရက္ေလာက္ေတာ့ ၾကာဦးမယ္၊ ဒါေၾကာင့္မို႔လို႔ အားလုံးသတိဝိရိယနဲ႔ေနၾကပါ။ စခန္းထဲမွာ မီးဖိုေတြဖိုထားၾကမယ္၊ ေနာက္ၿပီး ကင္းသမားေတြ အေသာက္အစားမလုပ္ပဲ ေသေသခ်ာခ်ာကင္းေစာင့္ၾကပါ၊ ကင္းသမားေတြဆီကို ကင္းလွည့္ဖို႔ ကင္းအဖြဲ႕တစ္ဖြဲ႕ကိုလဲ စီစဥ္ေပးထားတယ္၊ က်ဳပ္ကိုယ္တိုင္ဦးစီးၿပီးေတာ့ ကင္းလွည့္မယ္”
ထိုအခါ ဝန္ထမ္းမ်ားအားလုံး သေဘာတူလိုက္ၾကသည္။
ကင္းအဖြဲ႕တြင္ စခန္းတာဝန္ခံဦးမ်ိဳး၊ ဘႀကီးေအာင္ ေခါင္းေဆာင္ၿပီး အျခားဝန္ထမ္း ၁၀ေယာက္ခန႔္ပါဝင္ကာ စခန္းအတြင္း ႏွစ္နာရီျခားတစ္ခါေလာက္ လွည့္ပတ္ကာ ကင္းသမားမ်ားကို စစ္ေဆးရေတာ့သည္။ ေန႔ခင္းဘက္တြင္ အလုပ္လုပ္ရ ညဘက္ကင္းေစာင့္ရျပန္တာမို႔ အလြန္ပင္ပန္းေနၾကသည္။ ကင္းသမားမဟုတ္သည့္ ဝန္ထမ္းမ်ားမွာလဲ ေကာင္းေကာင္းမအိပ္ရဲဘဲ ႏိုးႏိုးၾကားၾကားေနၾကရသည္။
ည (၁) နာရီထိုးၿပီ။
“ဆရာမ်ိဳး ေနခဲ့ပါလား၊ က်ဳပ္ပဲသြားလိုက္မယ္”
“မဟုတ္တာ ဘႀကီးရယ္ ဘႀကီးက အသက္ႀကီးေနၿပီ ဒီတစ္ေခါက္ေတာ့ နားလိုက္ပါ”
ဘႀကီးေအာင္ကလဲ ေခါင္းခါသည္။ သို႔ႏွင့္ ရွင္းလင္းေဆာင္အတြင္း အိပ္ေမာက်ေနၾကေသာ ကင္းအဖြဲ႕ကို ႏႈိးလိုက္ၿပီး ကင္းလွည့္ရန္ ထြက္လာခဲ့ၾကသည္။
ထိုစဥ္
“ေဝါ . . . ဝေရာ . . .”
“ဒုန္း . . . ဒုန္း”
ေကာင္းကင္ေပၚမွ ခဲလုံးမ်ား က်ဆင္းလာၿပီးေနာက္ စခန္းအတြင္းရွိ အေဆာက္အဦးမ်ားေပၚသို႔ က်ေတာ့သည္။ သြပ္မိုးမ်ားျဖစ္သျဖင့္ အသံက က်ယ္ေလာင္စြာထြက္လာေလသည္။ ေက်ာက္ခဲမ်ားမွာ တစ္လုံးျခင္းပစ္ခတ္ျခင္းမဟုတ္ဘဲ အဆုပ္လိုက္ အခဲလိုက္ ပစ္ေနသျဖင့္ မိုး႐ြာသကဲ့သို႔ က်ေနေလသည္။ ကင္းအဖြဲ႕လဲ နီးစပ္ရာ တဲအရိပ္ကိုခိုကာ အသံကိုနားစြင့္ေနသည္။
“ဆရာမ်ိဳးစခန္းအေနာက္ဘက္ကေန ပစ္ေနတာျဖစ္မယ္”
“ကဲ အားလုံးပဲ စခန္းအေနာက္ဘက္ကိုသြားၾကမယ္၊ မသကၤာတာေတြ႕ရင္ ေဆာ္သာေဆာ္ၾက”
ထိုသို႔ေျပာၿပီး ကင္းအဖြဲ႕က စခန္းအေနာက္ဖက္သို႔ ေျပးၾကသည္။ ခဲမ်ားမွာ မိုး႐ြာသလိုက်ေနသျဖင့္ ကင္းအဖြဲ႕ကိုလဲ ခဲမ်ားလာမွန္ေနေလသည္။ တဲမ်ားအတြင္းမွ ႏိုးေနၾကသူမ်ားလဲ အျပင္သို႔မထြက္ရဲေသးဘဲ ၾကည့္ေနၾကသည္။
ကင္းအဖြဲ႕လဲ ခဲအမွန္ခံၿပီး စခန္းအေနာက္ဘက္သို႔ေျပးၾကသည္။ ထိုေနရာတြင္ ကင္းက်သည့္သူမ်ားရွိၿပီး ထိုကင္းသမားႏွစ္ဦးမွာလဲ စခန္းၿခံစည္း႐ိုးေအာက္တြင္ ဝပ္ေနၾကေလသည္။
“ဘယ္သူေတြ ပစ္ေနတာလဲ”
“မသိဘူးဆရာ အျပင္ကေနပစ္ေနတာ”
ဆယ္မိနစ္ေလာက္ေနေတာ့ စခန္းတစ္ခုလုံး ညိမ္သက္သြားသည္။ ခဲမ်ားမက်လာေတာ့ေပ။ ထိုေတာ့မွ စခန္းအတြင္းမွလူမ်ားထြက္လာေလသည္။ စခန္းအတြင္း တစ္လက္မခန႔္ရွိေသာ ေက်ာက္စရစ္ခဲကေလးမ်ား အမ်ားအျပားက်ေနေလသည္။
ဘိုဘိုလဲ ခဲေတြမက်ေတာ့မွ အျပင္သို႔ထြက္ခဲ့သည္။ ရွင္းလင္းေဆာင္တြင္ လူမ်ားစုေဝးေနၾကသည္။
“ကဲ ဝန္ထမ္းအားလုံးနားေထာင္ၾကပါ၊ က်ဳပ္တို႔ေတာ့ ဘာမွန္းမသိတဲ့တိုက္ခိုက္တာကို ခံေနရၿပီ၊ ဒီေတာ့ ဘယ္လိုလုပ္ၾကမလဲ။ စဥ္းစားထားတာရွိရင္ ေျပာၾကပါ”
“က်ဳပ္တို႔ ျပန္တိုက္မယ္”
လူတစ္ေယာက္ကေျပာလိုက္ကာ လက္သီးဆုပ္ကိုေထာင္ျပလိုက္သည္။ ထိုအခါ အျခားလူမ်ားကလဲ အားရွိသြားကာ အကုန္လက္သီးမ်ားကို ေထာင္လိုက္ၾကသည္။
“က်ဳပ္တို႔ တိုက္မယ္၊ က်ဳပ္တို႔ ျပန္တိုက္မယ္”
ဘႀကီးေအာင္က ေခါင္းညိတ္လိုက္သည္။
“ေကာင္းၿပီ၊ ဒီတစ္ခါ လက္နက္ေတြစုထားပါ၊ ေလးခြရွိတဲ့သူေတြက ေလးခြေတြအသင့္ျပင္ထားၾက၊ သူတို႔ကို ငါတို႔ ၿခံစည္း႐ိုးနားက ေစာင့္ေနၾကမယ္၊ သူတို႔လာပစ္ရင္ ငါတို႔လဲ ေလးခြေတြ၊ ခဲေတြနဲ႔ ျပန္ေပါက္ၾကမယ္”
စခန္းအတြင္းမွ ဝန္ထမ္းမ်ားအားလုံး ညာသံေပးၿပီး ေအာ္ဟစ္လိုက္ၾကသည္။ အမ်ားစုက ေယာက္်ားသားေတြ၊ လုပ္ႏိုင္ကိုင္ႏိုင္သည့္အ႐ြယ္ေတြမို႔ အင္အားတက္ႂကြေနၾကသည္။
စခန္းအတြင္း တုတ္မ်ား၊ ဓါးမ်ားကို စုေဆာင္းလိုက္ၾကသည္။ ဝါးရင္းတုတ္မ်ားလဲ အသင့္ျပင္ထားၾကသည္။ ေလးခြကေတာ့ ေလးငါးလက္သာရွိသည္။ ဘိုဘို႔ထံတြင္လဲ ကြၽဲခ်ိဳေလးခြႀကီးတစ္လက္ရွိသည္။
“ေလးခြသမားေတြလာၾက မင္းတို႔လက္တည့္ရဲ႕လား”
“တည့္မတည့္ စမ္းပစ္ျပရမလား”
ဘိုဘိုက ထိုသို႔ေျပာလိုက္ၿပီးေနာက္ ထမင္းစားေဆာင္အတြင္းရွိ ႏို႔ဆီဗူးခြံတစ္ခုကို ရွင္းလင္းေဆာင္မွေန၍လွမ္းၿပီး ပစ္ခတ္ျပလိုက္ေတာ့သည္။ ထိုအေဆာင္ႏွစ္ခုမွာ အတန္ငယ္ေဝးေလသည္။
“ေကာင္းၿပီ ေလးခြသမားေတြက ေသခ်ာထိေအာင္ပစ္ေနာ္”
ထို႔ေနာက္ သူတို႔ဝန္ထမ္းေတြ တစ္ဖြဲ႕ႀကီးအေနာက္ဖက္ၿခံစည္း႐ိုးသို႔ ခ်ီတက္သြားၾကၿပီး ၿခံစည္း႐ိုးအနားတြင္ေနရာယူထားၾကသည္။ ၿခံစည္း႐ိုးေပၚတက္ရန္ ေလွကားမ်ားကိုလဲ အားခ်င္းသစ္သားမ်ားျဖင့္ ႐ိုက္လိုက္ၾကသည္။ ခဲလုံးမ်ား၊ ေက်ာက္တုံးမ်ားကိုလဲ အသင့္အေနအထားျဖင့္ ၿခံစည္း႐ိုးေအာက္ေျခတြင္ ပုံထားလိုက္ၾကသည္။
ည ၂ နာရီထိုးၿပီ။
“ေဝါ . . . ေဝါ”
“ဒုန္း . . . ဒုန္း”
ခဲေတြက်လာျပန္သည္။ ဘႀကီးေအာင္က ေအာ္ဟစ္လိုက္သည္။
“ခ်ၾကေဟ့”
ထိုအခါ ၿခံစည္း႐ိုးေနာက္မွလူမ်ားသည္ ေလွကားမ်ားေပၚတက္ၾကၿပီးေနာက္ အျပင္သို႔ခ်ိန္႐ြယ္လိုက္ၾကသည္။ ဓါတ္မီးမ်ားႏွင့္လဲ အျပင္ကိုလွမ္းထိုးလိုက္ၾကသည္။ အေနာက္ဖက္ၿခံစည္း႐ိုးႏွင့္ မနီးမေဝးတြင္ လူသ႑ာန္အရိပ္မ်ား တန္းစီၿပီးရပ္ေနၾကၿပီး သူတို႔ကခဲမ်ားျဖင့္ လွမ္းလွမ္းၿပီးေပါက္ေနၾကသည္။
“ပစ္ၾကေတာ့ . . . .”
ဘႀကီးေအာင္မွေျပာလိုက္သည္ႏွင့္ ဝန္ထမ္းမ်ားက ၿခံစည္း႐ိုးေပၚမွေန၍ ခဲမ်ားျဖင့္လွမ္းပစ္ေတာ့သည္။ သို႔ေသာ္ သူတို႔ျပန္ပစ္ေသာခဲမ်ားမွာ သူတို႔ကိုလာပစ္ေသာ သူမ်ားဆီသိပ္မေရာက္ေပ။
“ခဲေတြ မေရာက္ဘူးဗ်ာ၊ ေလာက္ေလးမရွိတာ နာတယ္”
ထိုသို႔ၿငီးတြားၾကေလသည္။
“ကဲ ေလာက္ေလးသမားေတြ အသင့္ေနရာယူၿပီးပစ္ၾကေတာ့”
ဘိုဘိုက ေလွကားေပၚကိုတက္လိုက္ၿပီးေနာက္ သူတို႔ကိုပစ္ေနသည့္ သူမ်ားကို ထိုးခ်ိန္လိုက္သည္။ သူတို႔ကိုပစ္ေနသည့္သူမ်ားက အေမွာင္ထဲတြင္ အနက္ေရာင္သာျမင္ရေလသည္။ ဓါတ္မီးႏွင့္ထိုးၾကည့္ေသာအခါလဲ လူလိုအသားမေတြ႕ရပဲ မီးေသြးတုံးေတြလို မည္းနက္ေနသည္။ ထိုလူေတြက လက္ႀကီးေတြကို လႊဲကာ လႊဲကာႏွင့္ ေလာက္လႊဲႀကီးမ်ားကဲ့သို႔ ပစ္ခတ္ေနၾကသည္။
ဘိုဘိုက ေလာက္ေလးခြျဖင့္ ေသခ်ာခ်ိန္လိုက္သည္။ လူအတန္းလိုက္ႀကီးထဲမွ လူတစ္ေယာက္၏ ေခါင္းကိုခ်ိန္႐ြယ္လိုက္ၿပီး မွန္းကာ ပစ္ခ်လိုက္သည္။
“ဘုတ္ . . .”
ထိုလူကို ေလာက္စာလုံးက တည့္တည့္ထိမွန္ၿပီး ထိုလူမွာ ယိုင္က်သြားသည္။ ထို႔ေနာက္ ျပန္ထလိုက္ၿပီး ျပန္ပစ္ေနျပန္သည္။
“ထိေတာ့ထိတယ္ဗ် . . . ဘာမွမျဖစ္ဘူး”
ဆယ့္ငါးမိနစ္ခန႔္ အျပန္အလွန္ပစ္ခတ္ၾကၿပီးေနာက္ ထိုလာေရာက္ပစ္ခတ္သူမ်ားသည္ ႐ုတ္ခ်ည္းဆိုသလို ေပ်ာက္ကြယ္သြားေတာ့သည္။ ဝန္ထမ္းမ်ားလဲ ခဲမွန္ၿပီးဖူးေယာင္သည့္သူမ်ားလဲရွိၾကသည္။ ယခုေတာ့ ရွင္းလင္းေဆာင္တြင္ လူမစုေတာ့ဘဲ စခန္းအလယ္ရွိ ကြက္လပ္ႀကီးတြင္ မီးပုံႀကီးဖိုကာ စုထိုင္ေနၾကသည္။
“ေသခ်ာတာကေတာ့ တို႔ကိုတိုက္ခိုက္ေနတာ လူေတြမဟုတ္ဘူး၊ မေကာင္းဆိုးဝါး နာနာဘာဝေတြ တိုက္ခိုက္ေနၾကတာပဲ”
စခန္းတာဝန္ခံ ဦးမ်ိဳးက ေခါင္းကိုက္ေနၿပီျဖစ္သည္။
“ဒါဆို ဘယ္လိုဆက္လုပ္ၾကမလဲ”
အားလုံးကလဲ ထင္ရာထင္ေၾကးမ်ားေျပာေနၾကသည္။ ဘႀကီးေအာင္က မုတ္ဆိတ္ေမႊးက်ိဳးတို႔က်ဲတဲႏွင့္ သူ႔ေမးေစ့ကို ပြတ္ေနေလသည္။
“ဒီညေတာ့ သည္းခံလိုက္ၾကမယ္၊ မနက္ေရာက္ရင္ေတာ့ အနားက ႐ြာက ဦးဇင္းေတြပင့္ဖိတ္ၿပီး ပရိတ္တရားနာၾကမယ္၊ ပရိတ္႐ြတ္ၾကမယ္”
အမ်ားစုက ထိုအႀကံကို လက္ခံလိုက္ေလသည္။ သို႔ေသာ္ လူအနည္းစု လူငယ္ေတာ္ေတာ္မ်ားမ်ားမွာ ေဒါသကိုမထိန္းႏိုင္ေတာ့။
“အိုဗ်ာ . . . သရဲျဖစ္ျဖစ္ ဘာျဖစ္ျဖစ္ က်ဳပ္တို႔မေၾကာက္ဘူး၊ ဒီတစ္ခါလာရင္ က်ဳပ္တို႔ထြက္႐ိုက္မယ္”
“တိတ္ၾကေတာ့။ ဘယ္သူမွ အထြန႔္မတက္ၾကနဲ႔၊ အခုေနရာမွာ ငါကတာဝန္ခံဆိုေတာ့ ငါ့စကားကိုနာခံၾကရမယ္၊ ငါတို႔ ဘႀကီးေအာင္ေျပာတဲ့အတိုင္း လုပ္ၾကမယ္။ ေလာေလာဆယ္ ကင္းသမားေတြခ်ထားၿပီး က်န္တဲ့လူေတြက ျပန္အိပ္ၾကေတာ့”
လူစုကြဲသြားေသာ္လည္း ၿခံစည္း႐ိုးႏွင့္နီးသည့္ မိသားစုမ်ားေနထိုင္သည့္ တဲကေလးမ်ားမွ သူမ်ားမွာမေနရဲၾကေတာ့သျဖင့္ သူတို႔ေနထိုင္ဖို႔အတြက္ကို စီစဥ္ေပးေနရေလသည္။
ည (၃) နာရီထိုးၿပီ၊ ကင္းအဖြဲ႕ႏွင့္ က်န္သည့္လူမ်ားသည္ ရွင္းလင္းေဆာင္ႏွင့္ ထမင္းစားေသာက္ေဆာင္အတြင္း၌ပင္ အိပ္စက္ေနၾကသည္။ မိုးတြင္းမို႔ ေအးျမမႈက တိုး၍လာေလသည္။
“ေဝါ . . . ဝေရာ”
“ဒုန္း . . . . ဒုန္း”
အသံဗလံမ်ားၾကားသျဖင့္ အားလုံးလန႔္ႏိုးသြားၾကသည္။ ေနာက္တစ္ေခါက္လာေရာက္ ပစ္ခတ္ၾကျခင္းပင္ျဖစ္သည္။ ယခုတစ္ခါတြင္ေတာ့ အေနာက္ဖက္ၿခံစည္း႐ိုးအနီးမွ မဟုတ္ဘဲ ေျမာက္ဘက္ၿခံစည္း႐ိုးမွ လာေရာက္ပစ္ခတ္ျခင္းျဖစ္သည္။ ထိုေျမာက္ဖက္ၿခံစည္း႐ိုးသည္ ေတာအုပ္ႏွင့္ပိုနီးၿပီး ထိုေနရာရွိ ေတာအုပ္ကို မရွင္းလင္းရေသးေပ။
“ဘာမွျပန္မလုပ္ၾကနဲ႔ေတာ့ . . . အကာအကြယ္ေတြယူၿပီးေတာ့သာေနၾကေတာ့၊ သူတို႔ၿခံစည္း႐ိုးထဲကို မဝင္လာရဲပါဘူး”
အားလုံးကိုေအာ္ေျပာရင္း ထရံမ်ား၊ အမိုးမ်ားေအာက္တြင္ အကာအကြယ္ယူထားၾကသည္။ ထိုစဥ္ စိုးႀကီးဟုေခၚသည့္ စက္ျပင္ဆရာႏွင့္ လူငယ္ ၁၅ ေယာက္တို႔က ဓါးမ်ားကိုင္ၿပီးေနာက္ သူတို႔အိပ္ေဆာင္အတြင္းမွ ထြက္လာၾကသည္။ သုံးထပ္သားျပားမ်ားကို ရာဘာလက္ကိုင္ကြင္းမ်ား႐ိုက္ၿပီး ဒိုင္းအျဖစ္လုပ္ထားသည့္ အရာမ်ားျဖင့္ ခဲလုံးမ်ားကို ကာကြယ္ၿပီးထြက္လာၾကသည္။
“စိုးႀကီး ဘာလုပ္မလို႔လဲ”
“ဆရာတို႔ မထြက္ရင္ေန . . . ကြၽန္ေတာ္တို႔ထြက္ၿပီး ဒီေကာင္ေတြကို ေဆာ္မလို႔”
“ေန . . . ေနၾကပါဦး”
ေျပာ၍ပင္မဆုံးလိုက္ စိုးႀကီးတို႔မွာ ေလွကားမ်ားယူကာ ေျမာက္ဘက္ၿခံစည္း႐ိုးသို႔ ေျပးသြားၾကသည္။ ဘႀကီးေအာင္ႏွင့္ ကင္းအဖြဲ႕လဲ သူတို႔ေနာက္မွေျပးလိုက္သြားၾကသည္။ စိုးႀကီးတို႔က ၿခံစည္း႐ိုးကို ေလွကားျဖင့္ေထာင္လိုက္ၿပီးေနာက္ ေလွကားေပၚတက္ကာ ၿခံစည္း႐ိုးတစ္ဖက္သို႔ လႊားကနဲ ခုန္ခ်လိုက္ၾကေတာ့သည္။ ထို႔ေနာက္ လူစုၿပီး ဒိုင္းမ်ားျဖင့္ အကာအကြယ္လုပ္ကာ ထိုလူအုပ္ႀကီးဆီသို႔ေျပးသြားၾကေတာ့သည္။
စခန္းအတြင္းမွလူမ်ားလဲ ဓါတ္မီးမ်ားျဖင့္ ဝိုင္းထိုးေပးၾကၿပီးေနာက္ ေလးခြသမားမ်ားကလဲကူပစ္ေပးၾကသည္။ ထိုလူအုပ္ႀကီးဆီသို႔ စိုးႀကီးတို႔ မေရာက္မီမွာပင္ အလြန္က်ယ္ေလာင္ေသာ အသံႀကီးကိုၾကားလိုက္ၾကရေတာ့သည္။
“ေဝါင္း . . . ေဝါင္း”
အသံမွာ ၾကားသံႀကီးျဖစ္ၿပီးေတာအုပ္အတြင္းမွာ က်ားႀကီးတစ္ေကာင္ ခုန္ထြက္လာေလသည္။ က်ားႀကီးမွာ ၁၅ ေပခန႔္ရွည္လ်ားၿပီး လူတစ္ေယာက္နီးပါးအရပ္ျမင့္ကာ မ်က္လုံးႀကီးမ်ားမွာ နီရဲေနေလသည္။
“အဲ . . . အဲဒါ ကိုးေတာင္က်ားႀကီးဟ”
သူတို႔ စခန္းထဲမွလူမ်ားက ေအာ္ဟစ္ေျပာလိုက္ၾကသည္။ စိုးႀကီးႏွင့္အဖြဲ႕က က်ားကိုေတြ႕ေတာ့ ရပ္တန႔္သြားၾကသည္။ က်ားႀကီးက ေတာအုပ္ထဲမွေန၍ စခန္းဆီသို႔ေျပးလာေနသည္။ စိုးႀကီးတို႔အဖြဲ႕လဲ အလဲလဲအၿပိဳၿပိဳႏွင့္ စခန္းဆီသို႔ ျပန္ေျပးၾကေတာ့သည္။ သို႔ေသာ္ စခန္းက ဝင္ေပါက္မရွိေပ။ ၿခံစည္း႐ိုးႀကီးသာရွိၿပီး ထိုၿခံစည္း႐ိုးႀကီးမွာလဲ ျမင့္သည့္အျပင္ အျပင္မွ အလြယ္တကူမတက္ႏိုင္သည္မို႔ ၿခံစည္း႐ိုးနားတြင္ ကပ္ေနၾကသည္။ က်ားႀကီးမွာ ဓါတ္မီးေရာင္မ်ားေအာက္တြင္ အဝါေရာင္ႏွင့္ အနက္ေရာင္ အက်ားႀကီးမ်ားကို ထင္ရွားစြာျမင္ရေလသည္။ က်ားႀကီးမွာ စခန္းဆီသို႔ တေျဖးေျဖးေျပးလာေလသည္။ သို႔ေသာ္ စခန္းနားအထိမလာေတာ့ဘဲ တစ္ခ်က္သာဟိန္းေဟာက္ၿပီးေနာက္ ေတာအုပ္အတြင္းသို႔ ျပန္လွည့္ဝင္ေျပးသြားေတာ့သည္။
အခန္း (၅)
“ဆရာ က်ဳပ္တို႔မလုပ္ေတာ့ဘူး။ ျပန္ေတာ့မယ္၊ အလုပ္လဲထြက္စာတင္ၿပီ”
ရွင္းလင္းေဆာင္အနားတြင္ ျပန္မည့္သူမ်ား အထုပ္အပိုးမ်ားႏွင့္တန္းစီေနၾကသည္။ အမ်ားစုမွာ အသက္ႀကီးသည့္ ဝန္ထမ္းမ်ားျဖစ္ၿပီး သူတို႔က မိသားစုလိုက္ လာေရာက္ေနၾကသျဖင့္ ကေလးေတြလဲ ပါဝင္ၾကသည္။ တစ္စခန္းလုံး တစ္ညလုံး မအိပ္ရေသးသည္မို႔ ထိုေန႔ေတာ့ အလုပ္မဆင္းႏိုင္ၾကေတာ့ေပ။
“အင္းေလ ခင္ဗ်ားတို႔မေနခ်င္ဘူးဆိုမွေတာ့ ဘယ္တတ္ႏိုင္မလဲ၊ ဟုတ္ၿပီေလ၊ ခင္ဗ်ားတို႔ထြက္စာေတြကို ခုံေပၚတင္ခဲ့ပါ”
စခန္းအတြင္းမွ အလုပ္သမားေလးဆယ္ေလာက္က ထြက္သြားသျဖင့္ အလုပ္ထြက္စာေတြ စားပြဲေပၚတြင္ အပုံလိုက္ႀကီးက်န္ေနခဲ့ေတာ့သည္။
“ကဲ ျပန္မည့္သူေတြ ေျမသယ္ကားႀကီးေပၚတက္က်ေတာ့၊ က်ဳပ္လဲ အထိုင္႐ုံးကိုသြားၿပီး ဒီအေၾကာင္းကိုတင္ျပရမယ္၊ ဘႀကီးေအာင္ကေတာ့ မေန႔ကေျပာထားတဲ့အတိုင္း ႐ြာကိုသြားၿပီး ဘုန္းႀကီးေတြနဲ႔ ပရိတ္႐ြတ္ဖို႔စီစဥ္လိုက္ပါ။ က်န္တဲ့သူေတြကေတာ့ စခန္းကိုေသခ်ာေစာင့္ၾကပ္ၿပီးေတာ့ အလွည့္နဲ႔အိပ္ထားၾကပါ၊ ဒီညဘာျဖစ္မယ္ဆိုတာ ဘယ္သူမွမေျပာႏိုင္ဘူးေလ”
စခန္းတာဝန္ခံ ဦးမ်ိဳးကေျပာၿပီးေနာက္ ေျမသယ္ကားႀကီးေပၚတြင္ လူမ်ားတက္လိုက္ကာ ထိုကားႀကီးက ထြက္ခြာသြားေတာ့သည္။ စခန္းမွာ ေရွ႕တန္းစခန္းမို႔ အဆက္အသြယ္ေဝးသည္။ စခန္းအတြင္းက်န္ေနခဲ့သူမ်ားမွာ လူငယ္ပိုင္းမ်ားသာ က်န္ေနခဲ့ၾကေတာ့သည္။ လူလတ္ပိုင္းတစ္ခ်ိဳ႕ႏွင့္ မိသားစုပါသူမ်ားကေတာ့ ျပန္ကုန္ၾကၿပီျဖစ္သည္။
ဘႀကီးေအာင္က ေဆးလိပ္တစ္လိပ္ကိုဖြာလိုက္ၿပီးေနာက္ ရွင္းလင္းေဆာင္အတြင္းမွထလိုက္သည္။ ဘိုဘိုကလဲ ဘႀကီးေအာင္အနားတြင္ ရပ္ေနေလသည္။
“ကဲ တို႔ေတြလဲ ေျမသယ္ကားတစ္စီးနဲ႔ ႐ြာကိုသြားရေအာင္ေဟ့”
ထိုသို႔ေျပာလိုက္သျဖင့္ ကိုစံေပါႏွင့္ ဘိုဘိုတို႔လဲ တစ္ေယာက္ႏွင့္တစ္ေယာက္ မ်က္စပစ္လိုက္ၾကၿပီးေနာက္ ဘႀကီးေအာင္ေနာက္သို႔ လိုက္လာခဲ့ၾကေတာ့သည္။
“ႏွမ္းခါး႐ြာ”
႐ြာကေလးမွာ ကားလမ္းမနံေဘးတြင္ရွိသည္။ ထိုကားလမ္းမမွ ေျမသားလမ္းသစ္ႀကီးတစ္ခုခင္းထားၿပီး သူတို႔စခန္းခ်ရာ ေတာစပ္သို႔လမ္းေဖာက္လုပ္ထားသည္။ ထိုလမ္းႀကီးမွာ ၈မိုင္ခန႔္ေဝးေလသည္။ ႐ြာကေလးမွာေတာ့ ႐ြာေသးေလးတစ္႐ြာျဖစ္သည္။ အိမ္ေျခ ၅၀ေ လာက္သာရွိၿပီး ေခါင္လွသည္။ ႐ြာထိပ္တြင္ ေရကန္တစ္ကန္ႏွင့္ ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းရွိသည္။ ေျမသယ္ကားႀကီးက ႐ြာထိပ္က ကြမ္းယာဆိုင္ကေလးတြင္ ရပ္တန႔္လိုက္ေလသည္။
“သူႀကီးအိမ္ ဘယ္အိမ္လဲဗ်”
သို႔ႏွင့္ သူႀကီးကိုပါ အက်ိဳးအေၾကာင္းေျပာၿပီး ဝင္ေခၚကာ ႐ြာဦးဘုန္းႀကီးေက်ာင္းသို႔ ထြက္လာခဲ့ေတာ့သည္။ ဘုန္းႀကီးေက်ာင္းမွာ အရိပ္ေကာင္းၿပီး အပင္ႀကီးမ်ားလဲရွိသည္။ ေက်ာင္းထိုင္အပါအဝင္ ဦးဇင္း သုံးပါးသာ သီတင္းသုံးေနေလသည္။
ဘႀကီးေအာင္က ဘုန္းႀကီးေက်ာင္းေရာက္မွ အက်ိဳးအေၾကာင္းကို အေသးစိတ္ေျပာျပလိုက္ေတာ့ ဦးဇင္းမ်ားသာမက ႐ြာသူႀကီးပါ ထိန္လန႔္တုန္လႈပ္ကုန္သည္။
“ဒကာႀကီးတို႔က မသိၾကေသးတာ၊ အဲဒီေနရာက က်တ္ေျမႀကီးပဲ”
“က်တ္ေျမ . . . ဟုတ္လားဘုန္းဘုန္း”
“ေရွးလူႀကီးသူမေတြ တစ္ဆင့္စကားတစ္ဆင့္နားေျပာခဲ့တာပါ. . . . ဦးဇင္းတို႔လဲ မမီလိုက္ပါဘူး၊ အဲဒီေတာအုပ္ႀကီးက ဟိုးယခင္ျမန္မာမင္းေတြ လက္ထက္တုန္းက ထင္ရွားတဲ့႐ြာေဟာင္းႀကီးတစ္ခုေပါ့၊ အခုေတာ့ က်တ္ကုန္းႀကီးျဖစ္ၿပီး ေတာႀကီးျဖစ္ေနတယ္”
“ဟုတ္တယ္ဗ်၊ ႐ြာကလူေတြကိုငယ္ငယ္ကတည္းက အဲဒီေတာကို ေျခမခ်ဖို႔ မွာထားၿပီးသား၊ တစ္ေယာက္ႏွစ္ေယာက္မေျပာနဲ႔၊ လူေလးငါးဆယ္ေယာက္ေတာင္မွ စုၿပီးမသြားရဲၾကပါဘူး”
႐ြာသားမ်ားေျပာတာၾကားေတာ့မွ ဘိုဘိုတို႔ ဝန္ထမ္းေတြလဲ ေက်ာေတြခ်မ္းလာေတာ့သည္။
“ေကာင္းၿပီေလ၊ ဒကာႀကီးတို႔လဲ အခက္အခဲျဖစ္ေနတယ္ဆိုေတာ့ အခုေတာ့ ေန႔ဆြမ္းနီးၿပီမို႔ ညေန ၃ နာရီေလာက္ေတာ့ ဦးဇင္းတို႔ကိုလာပင့္ပါ၊ ဦးဇင္းတို႔ ႂကြခဲ့ၿပီး အႏၲရာယ္ကင္း ပရိတ္တရားေတြ ႐ြတ္ဖတ္ေပးမယ္”
ဘႀကီးေအာင္တို႔လဲ ဦးဇင္းကို လႉဖြယ္ပစၥည္းမ်ား ဆက္ကပ္ခဲ့ၿပီးေနာက္ ျပန္လာခဲ့ေတာ့သည္။
စခန္းေရာက္ေတာ့ စခန္းအလယ္ ေျမကြက္လပ္တြင္ သန႔္ရွင္းေရး ေသခ်ာျပဳလုပ္ၿပီး တာလပတ္စမ်ားခင္းထားလိုက္သည္။ ဦးဇင္းမ်ားအတြက္ ထိုင္ခုံမ်ားလဲ အသင့္လုပ္ထားၾကသည္။ စားပြဲအရွည္တစ္လုံးကိုလဲ ျပဳလုပ္ထားၿပီး ထိုအေပၚတြင္ ပရိတ္ေရ၊ ပရိတ္ပန္း၊ ပရိတ္ခ်ည္၊ ပရိတ္သဲမ်ားကို ျပဳလုပ္ကာတင္ထားလိုက္ၾကသည္။
လူႀကီးမ်ားက ထိုသို႔အလုပ္မ်ားေနစဥ္ လူငယ္မ်ားမွာလဲ စခန္းအတြင္း တုတ္၊ ဓါး၊ ေလး၊ ျမားမ်ား ျပလုပ္ေနၾကသည္။ သစ္ကိုင္းအခက္ခြမ်ားကို ေလးခြျပဳလုပ္ၾကသည္။ ဝါးခြၽန္မ်ားကို ခြၽန္ထားလိုက္ၾကသည္။ သစ္ကိုင္းေျခာက္မ်ား၊ သစ္သားေခ်ာင္းႀကီးမ်ားကို ဒီဇယ္စြတ္ထားသည့္ အဝတ္မ်ားျဖင့္ ပတ္လိုက္ၿပီးေနာက္ မီးတုတ္မ်ားျပဳလုပ္ထားၾကသည္။
“ဘိုဘိုနဲ႔ စံေပါ မင္းတို႔အိပ္ေတာ့၊ ညက်ရင္အားေမြးထားၾကဦး”
ဘႀကီးေအာင္က ထိုသို႔ေျပာသျဖင့္ ဘိုဘိုတို႔လဲ ဘားတိုက္ကိုျပန္ကာ အိပ္စက္လိုက္ၾကေတာ့သည္။ အိပ္မက္ထဲတြင္ေတာ့ ထိုက်တ္ေကာင္ႀကီးေတြက ဘိုဘို႔ကို ဝိုင္းဆြဲေနသျဖင့္ တုတ္ျဖင့္လိုက္႐ိုက္ထုတ္ေနရေတာ့သည္။
“ဘိုဘို ထေတာ့”
မည္မွ်ၾကာေအာင္ အိပ္ေပ်ာ္သြားသည္မသိ၊ ကိုစံေပါ ႏႈိးေတာ့မွ ဘိုဘိုလဲႏိုးသည္။
“ဘယ္အခ်ိန္ရွိၿပီလဲ”
“ေနေတာင္ေစာင္းၿပီကြ ပရိတ္တရားေတာင္႐ြတ္ၿပီးလို႔ ဦးဇင္းေတြေတာင္ ျပန္ႂကြသြားကုန္ၾကၿပီ”
ဘိုဘိုလဲ ထလိုက္ၿပီးေနာက္ မ်က္ႏွာသစ္လိုက္ကာ ဗိုက္ဆာလာသျဖင့္ ထမင္းစားေဆာင္ဘက္သို႔ ကူးခဲ့သည္။ ထမင္းေတြက ေပ်ာ့ၿပဲေနၿပီး ဟင္းကလဲ စားမေကာင္းေပ။
“ထမင္းခ်က္ စိန္ေအးက အလုပ္ထြက္သြားလို႔ ငါတို႔လဲ တတ္သလိုမွတ္သလို ခ်က္ထားတယ္ေဟ့”
ထိုစဥ္ ေျမသယ္ယဥ္ႀကီးႏွစ္စီး စခန္းအတြင္းသို႔ ေမာင္းဝင္လာၾကသည္။ ထိုေျမသယ္ယဥ္ႀကီးမ်ားေပၚတြင္လဲ လူမ်ားလိုက္ပါလာေလသည္။ ဘိုဘိုတို႔စခန္းအတြင္းမွ လူမ်ားအားလုံးလဲ ဝမ္းသာအားရျဖင့္ အျပင္သို႔ေျပးထြက္လာၾကသည္။ ရွင္းလင္းေဆာင္အနီးတြင္ လူမ်ားစု႐ုံးလိုက္ေတာ့ေလသည္။
“ဆရာမ်ိဳး ဘာထူးလဲ”
“ထူးတာကေတာ့ ႐ုံးကလူေတြက က်ဳပ္ေျပာတာကို မယုံၾကဘူးဗ်၊ အလုပ္ထြက္မယ္ဆိုၿပီး ဝန္ထမ္းေတြပါလာလို႔သာ ယုံသလိုလိုရွိတယ္၊ ဒါနဲ႔ လူအင္အား ၃၀ ေလာက္ထပ္ျဖည့္ေပးလိုက္ၿပီးေတာ့ မီးစက္အေသးတစ္လုံးလဲ က်ဳပ္ယူလာခဲ့တယ္”
ထိုစဥ္ တာဝန္ခံဆရာမ်ိဳး၏ ေနာက္တြင္ အျခားလူတစ္ေယာက္ကို ထပ္ေတြ႕လိုက္ရသည္။
“သူကေတာ့ ႐ုံးခ်ဳပ္က ထည့္ေပးလိုက္တဲ့ အင္ခ်ပ္ပဲ၊ တို႔စခန္းမွာ သုံးေလးရက္ေလာက္ေနၿပီးေတာ့ သူကျဖစ္ပ်က္ခဲ့သမွ်ကို မွတ္တမ္းတင္ၿပီးေတာ့ ႐ုံးခ်ဳပ္ကိုသတင္းပို႔ရမွာပဲ”
“ဟုတ္ကဲ့၊ က်ဳပ္နာမည္ ဦးထြန္းလို႔ ေခၚပါတယ္”
အင္ခ်ပ္အတြက္ ယခင္က ဝန္ထမ္းမိသားစုမ်ားေနထိုင္သြားသည့္ တဲကေလးတစ္လုံးကို စီစဥ္ေပးလိုက္ၾကသည္။
“ဆရာ အဆင္ေျပပါ့မလား”
ဘႀကီးေအာင္က စခန္းတာဝန္ခံကို ေမးလာေလသည္။
“မေျပာတတ္ဘူး။ အေျခအေနအရေပါ့ဗ်ာ၊ အင္ခ်ပ္လာတယ္ဆိုေတာ့ ဝန္ထမ္းေတြ ထိန္းထိန္းသိမ္းသိမ္းေနၾကဖို႔ကို ဘႀကီးေအာင္က တိတ္တဆိတ္ကေလး ေျပာထားေပးပါ”
ဘႀကီးေအာင္လဲ ေခါင္းညိတ္လိုက္ေလသည္။
“ဒါနဲ႔ ပရိတ္႐ြတ္ပြဲကေကာ အဆင္ေျပရဲ႕လား”
“ေျပပါတယ္၊ ဆရာေတာ္ေတြက အကုန္လုပ္ေပးသြားတယ္”
“အင္းဗ်ာ၊ ဒီညေတာ့ ေစာင့္ၾကည့္ရမွာေပါ့”
“ဆရာလဲ ပင္ပန္းေနၿပီထင္တယ္၊ ညကလဲ ေကာင္းေကာင္းအိပ္မရေတာ့ နားလိုက္ပါေတာ့”
အင္ခ်ပ္က မနားေတာ့ဘဲ စခန္းထဲပတ္ၾကည့္သည္။ စခန္းအတြင္းလိုက္လံမွတ္သားၿပီး ဓါတ္ပုံမ်ားလဲ႐ိုက္ၾကည့္သည္။ ႐ုံးခ်ဳပ္မွလူမ်ားက စခန္းမွလူမ်ား အလုပ္မလုပ္ခ်င္ၾကသျဖင့္ အေၾကာင္းရွာသည္ဟု ယူဆ၍ အင္ခ်ပ္ထည့္လိုက္ျခင္းျဖစ္သည္။ ဦးထြန္းက အရင္ဆုံး မီးစက္ကို သြားၾကည့္သည္။ ႐ုံးခ်ဳပ္မွထည့္ေပးလိုက္သည့္ အႀကီးတန္းစက္ျပင္ဆရာကိုယ္တိုင္ စက္ကို ႏႈိက္ခြၽတ္စစ္ေဆးေလသည္။ ထို႔ေနာက္ မွတ္သားကာ ဓါတ္ပုံမ်ားလဲ ကင္မရာျဖင့္႐ိုက္သြားသည္။
ထို႔ေနာက္ အလုပ္သမားမ်ား ေကာက္ယူထားေသာ ညဘက္အပစ္ခံရသည့္ ေက်ာက္စရစ္ခဲမ်ားကိုျပသသည္။ အေနာက္ဖက္ၿခံစည္း႐ိုးတစ္ဝိုက္ျဖစ္ပ်က္ခဲ့သည့္အျဖစ္အပ်က္မ်ားကိုျပသည္။ ေနာက္ၿပီး ေျမာက္ဘက္ၿခံစည္း႐ိုးတြင္ က်ားႏွင့္ေတြ႕ခဲ့သည့္ေနရာမ်ားကို လိုက္လံျပသေသာ္လည္း အင္ခ်ပ္က မယုံၾကည္ေပ။ အေၾကာင္းမွာ က်ားႏွင့္ေတြ႕သည္ဆိုေသာ္လည္း ေျမသားေပ်ာ့ေပ်ာ့တြင္ က်ားေျခရာ မက်န္ခဲ့ေသာေၾကာင့္ျဖစ္သည္။ ေက်ာက္စရစ္မ်ားမွာလဲ သိပ္မထူးဆန္းေပ။ ထိုတစ္ဝိုက္တြင္ ေက်ာက္စရစ္က်င္းမ်ားရွိသျဖင့္ ထိုမွေက်ာက္တုံးမ်ားသာျဖစ္ႏိုင္သည္။ မီးစက္မွာလဲ မေတာ္တဆပ်က္စီးတာျဖစ္ေၾကာင္း မွတ္တမ္းေရးလိုက္ေတာ့သည္။
အခန္း (၆)
ညေရာက္ျပန္ၿပီ။ မီးစက္အေသးေလးေမာင္းထားသျဖင့္ စခန္းအတြင္းတြင္ မီးေတြထိန္လင္းေနသည္။ ရွင္းလင္းေဆာင္အတြင္း ဦးထြန္းကို လက္ဖက္သုပ္ႏွင့္ ေရေႏြးၾကမ္းခ်ေပးထားသည္။ ထိုစဥ္ ကင္းေစာင့္မည့္သူမ်ား ေရာက္လာေလသည္။ ဓါးမ်ား၊ ဝါးခြၽန္မ်ား၊ ေလာက္ေလးခြမ်ား ကိုင္ေဆာင္ထားသည္ကို ဦးထြန္းက ၾကည့္ၿပီးေခါင္းခါလိုက္ေလသည္။
“ခင္ဗ်ားတို႔ကဗ်ာ ကင္းေစာင့္တာလဲေစာင့္တာေပါ့၊ ဒီလိုလက္နက္ေတြ လိုလို႔လား”
စခန္းတာဝန္ခံကို အျပစ္တင္စကားဆိုသည္။
“က်ဳပ္တို႔လဲ ထူးဆန္းတဲ့အျဖစ္အပ်က္ေတြ ေတြ႕ႀကဳံထားတာဆိုေတာ့ အေရးႀကဳံရင္ အသုံးျပဳဖို႔ပါ”
“က်ဳပ္ေတာ့ ခင္ဗ်ားတို႔ေျပာတာေတြ တစ္ခုမွမယုံဘူး၊ ေခတ္ကိုက အင္တာနက္ေခတ္ျဖစ္ေနၿပီ၊ ေနာက္ၿပီး က်ဳပ္တစ္ခါထဲေျပာထားရဦးမယ္ေနာ္၊ တုတ္ေတြဓါးေတြကိုင္ၿပီး ဝန္ထမ္းေတြအခ်င္းခ်င္း ခုတ္ၾကထစ္ၾကျဖစ္ရင္ ဦးမ်ိဳး . . . ခင္ဗ်ားတာဝန္ပဲ”
ပရိတ္႐ြတ္ထားလို႔လား ဦးထြန္းပဲေရာက္ေနလို႔လားေတာ့ မေျပာတတ္။ ထိုညေတာ့ ဘာမွမျဖစ္ေပ။
မနက္မိုးလင္းၿပီ။
ဝန္ထမ္းမ်ားအားလုံးရွင္းလင္းေဆာင္ေရွ႕တြင္ စု႐ုံးေနၾကသည္။
“ညကင္းသမားေတြ ဘာထူးဆန္းတာေတြျဖစ္လဲ”
“ဘာမွမျဖစ္ပါဘူး”
ထိုအခါ ဦးထြန္းက မ်က္ႏွာကိုတစ္ခ်က္မဲ့လိုက္သည္။
“ေတြ႕လားဗ်၊ ခင္ဗ်ားတို႔ စခန္းကလူေတြအလုပ္ပင္ပန္းတာနဲ႔ မလုပ္ခ်င္လို႔ ဂြင္ဆင္ၿပီးူ ဇတ္လမ္းတိုက္ေနတာေတြ ရပ္သင့္ၿပီ”
ထိုသို႔ေျပာလိုက္သည့္အခါ ဘႀကီးေအာင္ေကာ ဦးမ်ိဳးႏွင့္ စခန္းမွ လူေဟာင္းမ်ားမွာ ေဒါသထြက္ကုန္ၾကသည္။
“ဘယ္လိုဗ် . . . က်ဳပ္တို႔က အလုပ္မလုပ္ခ်င္လို႔ ဒီလိုမ်ိဳးေျပာမယ္ထင္လား”
ဘႀကီးေအာင္အသံက အနည္းငယ္က်ယ္သြားေလသည္။
“ဒီမွာအဖိုးႀကီး က်ဳပ္ဒီမွာ တစ္ေန႔နဲ႔တစ္ညေလာက္ရွိေနခဲ့ၿပီ၊ ဘာဆိုဘာမွမျဖစ္ဘူးမဟုတ္လားဗ်၊ ခင္ဗ်ားလဲ ကိုယ့္အသက္အ႐ြယ္ကိုယ္ေထာက္ၿပီး မဟုတ္တာေတြ မေျပာသင့္ေတာ့ဘူး”
ထိုသို႔ေျပာဆိုလိုက္သျဖင့္ ဘႀကီးေအာင္က လက္သီးက်စ္က်စ္ပါေအာင္ဆုပ္ၿပီး ေရွ႕သို႔တိုးလာေလသည္။ စခန္းတာဝန္ခံဦးမ်ိဳးက အေျခအေနမေကာင္းေတာ့မွန္းသိ၍ သူတို႔ႏွစ္ဦးၾကားတြင္ ဝင္ရပ္လိုက္သည္။ စခန္းမွ လူေဟာင္းမ်ားကလဲ ဘႀကီးေအာင္ကိုထိလွ်င္ မေက်နပ္ၾကဘဲ ရန္ပြဲႀကီးထျဖစ္မည္ကို စိုးရိမ္ရေလသည္။
“ကဲ ဘႀကီးေအာင္ေရ၊ ဒီေန႔ေတာ့ လုပ္ငန္းေတြျပန္စလုပ္မယ္ဗ်ာ၊ ဝန္ထမ္းေတြကို စုလိုက္ေတာ့”
ထိုအခါ ဘႀကီးေအာင္က ေဒါသကိုေလွ်ာ့လိုက္ကာ ေခါင္းညိတ္လွ်က္ ရွင္းလင္းေဆာင္အတြင္းမွ ထြက္သြားေတာ့သည္။
“ပီ . . . . ပီ”
ဘႀကီးေအာင္ ဝီစီမႈတ္လိုက္သံကိုၾကားေတာ့ အလုပ္သမားမ်ားအားလုံး ထမင္းစားေဆာင္အတြင္းမွ ေျပးထြက္လာၿပီး ရွင္းလင္းေဆာင္အတြင္းသို႔ ဝင္လာၾကၿပီး ထိုင္ခုံရွည္ႀကီးတြင္ ဝင္ထိုင္လိုက္ၾကေတာ့သည္။
“ဒီေန႔ က်ဳပ္တို႔ေျမာက္ဘက္က ေတာအုပ္ကိုရွင္းၾကမယ္၊ အဲဒီေတာအုပ္က စခန္းနဲ႔တအားကပ္လြန္းေနတဲ့အတြက္ က်ဳပ္တို႔ အဲဒီေနရာကို ရွင္းရမယ္”
စခန္းတာဝန္ခံဦးမ်ိဳးကေျပာၿပီးေနာက္ အလုပ္သမားမ်ားကို လုပ္ငန္းလုပ္ကိုင္ရမည့္ေနရာမ်ားကို ၫႊန္ၾကားေနေတာ့သည္။ မၾကာခင္ တစ္ရက္ခန႔္ ရပ္နားထားခဲ့သည့္ စက္ယႏၲယားႀကီးမ်ားမွာ ဥၾသမ်ားဆြဲ ၊ ဟြန္းမ်ားတီးကာ စခန္းအတြင္းမွ အလွ်ိဳလွ်ိဳထြက္ခြာသြားၾကေတာ့သည္။ အလုပ္သမားမ်ားလဲ အေႏွာင့္အယွက္မ်ားမႀကဳံရေတာ့သျဖင့္ အားအင္မ်ားတက္ႂကြေနသည္။ စခန္းမွထြက္သြားၾကေတာ့ မနက္ ကိုးနာရီပင္ မထိုးေသးေပ။
ေတာႀကီးတစ္ခုလုံး တဝုန္းဝုန္းႏွင့္ ဆူညံေနေလသည္။ စက္သံမ်ား၊ သစ္ပင္ႀကီးမ်ားလဲၿပိဳသံမ်ားႏွင့္ ဆူညံေနၾကသည္။
“ဆရာေရ လာပါဦး”
ဝန္ထမ္းတစ္ေယာက္ကလာေခၚသျဖင့္ စခန္းတာဝန္ခံဦးမ်ိဳးႏွင့္ အင္ဂ်င္နီယာမ်ား ေျပးသြားၾကသည္။ ဘႀကီးေအာင္လဲ ေျပးလိုက္လာသည္။ သူတို႔ေခၚသည့္ေနရာကိုေရာက္ေတာ့ အားလုံးအံ့အားသင့္သြားၾကသည္။
အလြန္သစ္ပင္မ်ားထူထပ္ေနသည့္ ေတာႀကီးအတြင္းတြင္ ေပ၆၀ ပတ္လည္ေလာက္ရွိမည့္ ေျမကြက္ႀကီးတစ္ကြက္သည္ ျမက္တစ္ပင္၊ သစ္႐ြက္တစ္႐ြက္မွ မရွိဘဲ ေျပာင္ရွင္းေနေလသည္။ ေတာအုပ္ႀကီးျဖစ္သျဖင့္ ျမက္ပင္မ်ား၊ ေပါင္းပင္မ်ား၊ ၿခဳံပုတ္မ်ားက ရႈတ္ပြၿပီး ထူထပ္စြာေပါက္ေရာက္ေနေသာ္လည္း ထိုေနရာတြင္ေတာ့ ေျမသားမွာ ေျပာင္တလင္းခါေနသည္။ ထိုေျမကြက္၏ အလယ္တည့္တည့္ေလာက္တြင္ အလြန္ႀကီးမားၿပီးအ႐ြက္မရွိသည့္ သစ္ပင္ႀကီးတစ္ပင္ကိုေတြ႕လိုက္ရသည္။
“ဆရာ ဘယ္လိုလုပ္ရမလဲ”
“ထုံးစံအတိုင္းေပါ့ကြာ၊ ဒိုဇာနဲ႔ထိုးလိုက္ေပါ့”
ထိုအခါ ဘူဒိုဇာႀကီးကို ေမာင္းႏွင္လာၿပီးေနာက္ ထိုေျမကြက္ေပၚကိုနင္း႐ုံရွိေသးသည္ ထိုဘူဒိုဇာႀကီးမွာ မီးခိုးမည္းႀကီးမ်ားထြက္ကာ ေရွ႕ဆက္မတိုးေတာ့ေပ။
“ပ်က္ၿပီလား . . .”
ေအာက္က ေအာ္ေမးလိုက္ေတာ့ ဘူဒိုဇာေမာင္းသည့္သူက ေခါင္းခါျပရင္း ျပတင္းေပါက္မွာ ေခါင္းျပဴလိုက္ေလသည္။
“ပ်က္ေတာ့မပ်က္ဘူးဆရာရဲ႕ ေရွ႕ဆက္မသြားေတာ့တာ”
ထိုသို႔ေျပာရင္း စက္ႀကီးကို အေနာက္ကိုျပန္ဆုတ္လိုက္ေတာ့သည္။ အေနာက္ကိုေတာ့ ဆုတ္၍ရသည္။ တစ္ဖန္စက္ေမာင္းက ျပန္ၿပီးအေရွ႕ကိုသြားၾကည့္သည္။ သို႔ေသာ္ေျမကြက္အနားေရာက္လွ်င္ အေရွ႕ဆက္မတိုးေတာ့ေခ်။ သို႔ႏွင့္စက္ႀကီးကို ရပ္ထားလိုက္ရသည္။
“ေဟ့ေကာင္ေတြ အင္ခ်ပ္ဦးထြန္းကို သြားေခၚစမ္းပါ”
ဘႀကီးေအာင္က ေျပာလိုက္သျဖင့္ အလုပ္သမားတစ္ခ်ိဳ႕ ဦးထြန္းကို ေျပးေခၚၾကသည္။ ဦးထြန္းက ေတာအုပ္ႏွင့္မလွမ္းမကမ္းတြင္ ထိုင္ေနေလသည္။
“ဘာျဖစ္ၾကတာလဲ . . . ဘာျဖစ္တာလဲ”
ဦးထြန္းက မၾကာခင္ေရာက္လာေလသည္။ သူတို႔လဲ ဦးထြန္းကို လုပ္ကိုင္ျပသည္။ စက္က အေရွ႕သို႔မတက္ေတာ့ဘဲ အေနာက္ေတာ့ျပန္ဆုတ္၍ရသည္။
“ဘာထူးဆန္းလဲကြ၊ ဂီယာေဘာက္ပ်က္တာေနမယ္၊ သြား . . . ေနာက္တစ္စီးသြားေခၚလာခဲ့”
ဦးထြန္းစကားေၾကာင့္ ဘူဒိုဇာ ေနာက္တစ္စီးေရာက္လာေလသည္။ ထိုဘူဒိုဇာႀကီးက တျခားတစ္ဖက္မွေန၍ ေျမကြက္လပ္ေပၚသို႔ တက္လိုက္ေလသည္။ ထိုဘူဒိုဇာႀကီးမွာလဲ ေရွ႕တက္မရဘဲျဖစ္သြားေလသည္။ ဘႀကီးေအာင္ႏွင့္ ဦးမ်ိဳးက ဦးထြန္းကို ဘယ့္ႏွယ့္ရွိစဟူသည့္အၾကည့္ျဖင့္ လွမ္းၾကည့္လိုက္ေလသည္။
“မင္းတို႔ေတြ စက္ေတြ ႀကံ့ခိုင္မႈကို ေသခ်ာမစစ္ေဆးဘူးနဲ႔တူတယ္ . . . ေနာက္တစ္စီးလာေဟ့”
ေနာက္ထပ္ဘူဒိုဇာႀကီးသည္ ထပ္ၿပီးလာေသာ္လည္း ထိုဘူဒိုဇာႀကီးပါ ရပ္တန႔္ေနေလသည္။ ပ်က္ခဲလွသည္ဆိုသည့္ ဘူဒိုဇာႀကီးသုံးစီးမွာ သစ္ပင္ေျခရင္းမေရာက္မီပင္ ရပ္တန႔္ေနၿပီး ေရွ႕ဆက္မရေတာ့ေပ။ ထိုေတာ့မွ ဦးထြန္းလဲ ေခါင္းညိတ္လိုက္ေလသည္။
“ဘာျဖစ္မွန္းေတာ့ ေသခ်ာမသိေသးဘူး၊ ဒါေပမယ့္ သရဲေတြေၾကာင့္လို႔ေတာ့္ တထစ္ခ်မေျပာနဲ႔ဦးဗ်”
စက္ျပင္ဆရာမ်ားကိုေခၚၿပီး ၾကည့္ခိုင္းေတာ့ စက္ေတြက အေကာင္းပကတိျဖစ္သည္။ သို႔ႏွင့္ ေန႔လည္သို႔ေရာက္သြားေလသည္။ စက္ေတြက အေရွ႕သြားမရ . . . အေနာက္ဆုတ္သြားလွ်င္ေတာ့ရသည္။ သို႔ႏွင့္ ေနာက္ဆုတ္ေနာက္ဆုတ္ႏွင့္ ျပန္ေမာင္းလာခဲ့သည္။
“စခန္းအထိ မသြားေတာ့ဘူးဗ်ာ၊ ၿပီးရင္လုပ္ငန္းျပန္လုပ္ရမွာဆိုေတာ့ ဒီစက္ႀကီးေတြကို ေတာစပ္မွာပဲထားခဲ့မယ္”
ဦးထြန္းက ထိုသို႔ဆုံးျဖတ္လိုက္ၿပီးေနာက္ စခန္းသို႔ကားမ်ားျဖင့္ ျပန္လာၾကေတာ့သည္။ ဦးထြန္းက သူ႔စာအုပ္ထဲတြင္ေတာ့ လုပ္ငန္းမစခင္ စက္ကိရိယာမ်ားကို စစ္ေဆးမႈအားနည္းခ်င္းဟု ေရးမွတ္ထားလိုက္ေတာ့သည္။
ေန႔လည္ ၁၂ နာရီ ေန႔လည္စာ စားၿပီးေနာက္ အလုပ္သမားမ်ား၊ ဝန္ထမ္းမ်ား ေခတၱအနားယူေနၾကသည္။ ရွင္းလင္းေဆာင္အတြင္း ဦးထြန္းထိုင္ေနသျဖင့္ ဘႀကီးေအာင္က ၾကာၾကာထိုင္မေနဘဲ ရွင္းလင္းေဆာင္ႏွင့္ခပ္လွမ္းလွမ္းတြင္ ကင္းတဲကေလးအနီးထိုင္ေနသည့္ ဘိုဘိုတို႔အနားတြင္ လာထိုင္ေလသည္။
ဘိုဘိုႏွင့္စံေပါက ေဆးလိပ္ေသာက္ေနရာ ဘႀကီးေအာင္လာေတာ့ ေဆးလိပ္တစ္လိပ္ေပးလိုက္သည္။
“ဘာျဖစ္တယ္လို႔ ထင္လဲဗ် အဘ”
“ငါထင္တာေတာ့ က်တ္ကုန္းဆိုတာေသခ်ာၿပီကြ၊ တို႔ငယ္ငယ္က ၾကားဖူးတာက က်တ္ေတြက ေတာထဲေနရင္ သူတို႔ေနတဲ့ ပတ္ဝန္းက်င္ကို သန႔္ျပန႔္ေနေအာင္ သန႔္ရွင္းေရးလုပ္ထားၾကတယ္လို႔ ၾကားဖူးတယ္၊ ငါ့အထင္ေတာ့ အဲဒီသစ္ပင္ႀကီးဟာ က်တ္ေတြရဲ႕ ရပ္႐ြာပဲျဖစ္မယ္”
“ရပ္႐ြာ . . . ဟုတ္လား”
“က်တ္ေတြက တျခားတေစၦသရဲေတြလို မဟုတ္ဘဲ သူတို႔က အစုအေဝးနဲ႔ေနၾကတယ္၊ မနက္ဖက္ဆိုရင္ ပုံစံတစ္မ်ိဳးဖန္ဆင္းၿပီးေနထိုင္ၾကတယ္၊ ေတာက္တဲ့ေတြ၊ ပုတ္သင္ညိဳေတြ၊ အိမ္ေျမႇာင္ေတြအျဖစ္နဲ႔ ေနထိုင္ၾကတယ္”
“ဒါဆိုရင္ အဲဒီက်တ္ေတြကို ဘယ္လိုအႏိုင္ယူမလဲ”
ဘႀကီးေအာင္က ေခါင္းခါလိုက္သည္။
“အဲဒါေတာ့ ငါလဲမၾကားဖူးဘူးကြ၊ ငါတို႔ၾကားဖူးေနၾကအျဖစ္အပ်က္ေတြဆိုရင္ က်တ္ေတြနဲ႔ေတြ႕တဲ့အခါ ေျပးၾကလႊားၾကတဲ့အေၾကာင္းပဲ ၾကားဖူးတာ၊ ဘယ္လိုအႏိုင္ယူမယ္ဆိုတာေတာ့ မသိေသးဘူး”
ဘႀကီးေအာင္က လက္ပတ္နာရီကို ၾကည့္လိုက္သည္။ ေန႔လည္ တစ္နာရီ ထိုးေတာ့မည္ျဖစ္သျဖင့္ ရွင္းလင္းေဆာင္အနီးသြားလိုက္ၿပီး ဝီစီကိုမႈတ္လိုက္ေလသည္။ ဝန္ထမ္းမ်ားအားလုံးလဲ ေနရာယူလိုက္ၾကၿပီးေနာက္ လုပ္ငန္းခြင္ဝင္ရန္အတြက္ ျပင္ဆင္ေနၾကေတာ့သည္။ ထိုစဥ္ စခန္းအတြင္းသို႔ ဝန္ထမ္းႏွစ္ဦးေျပးဝင္လာသည္။
“ဆရာေရ . . . ဆရာေရ”
ထိုႏွစ္ဦးမွာ ေတာအုပ္အတြင္း စက္မ်ားကိုေစာင့္ရန္အတြက္ ထားခဲ့ေသာသူႏွစ္ဦးျဖစ္သည္။ သူတို႔က ေတာစပ္တြင္ေနၾကကာ ဘူဒိုဇာႀကီးမ်ားကို ေစာင့္ၾကပ္ေနသူမ်ားျဖစ္ေလသည္။ အေမာတေကာႏွင့္ ရွင္းလင္းေဆာင္အတြင္းသို႔ ေျပးဝင္လာၾကေလသည္။
“ဘာျဖစ္လာတာလဲ”
“ဒို . . . ဒိုဇာႀကီးေတြ မရွိေတာ့ဘူး”
ရွင္းလင္းေဆာင္အတြင္းမွလူမ်ားအားလုံး အလန႔္တၾကားႏွင့္ ထလိုက္ၾကသည္။
“ဘာျဖစ္လို႔လဲကြ”
“မသိဘူးဆရာ၊ ကြၽန္ေတာ္တို႔လဲ ေစာင့္ေနတာပါပဲ၊ ေနာက္ေတာ့ အသံတစ္ခုကိုၾကားလိုက္ရတယ္၊ ဒါနဲ႔ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လဲ အသံၾကားကိုသြားၾကည့္ေတာ့ ဘာမွမေတြ႕ဘူး၊ ျပန္လဲျပန္လာေရာ ဒိုဇာႀကီးေတြမရွိေတာ့တာပဲ၊ အဲဒီအနားအနီးတစ္ဝိုက္ကိုလဲ ရွာခဲ့ပါေသးတယ္၊ ဒါေပမယ့္ ဘာမွမေတြ႕ရေတာ့လို႔”
ခက္ၿပီ၊ စခန္းတာဝန္ခံေကာ ဦးထြန္းပါ ေခါင္းကုပ္လိုက္ၾကၿပီးေနာက္ ထိုေနရာသို႔ အားလုံးထြက္ခဲ့ၾကသည္။ အမွန္ပင္။ ထိုေနရာတြင္ ဘူဒိုဇာႀကီးမ်ားမရွိေတာ့။ ေလးလံလြန္းသည့္ ဘူဒိုဇာႀကီးမ်ားကို မည္သူကေ႐ႊ႕သြားသနည္း။ အားလုံးပေဟဠိျဖစ္ကုန္ၾကသည္။
“ေတာထဲရွာၾကေဟ့”
အတန္ၾကာရွာၿပီးေတာ့မွ ထိုသစ္ပင္ႀကီးအနားတြင္ ဘူဒိုဇာႀကီးမ်ားေရာက္ေန႔သည္ကိုျပန္ေတြ႕ရသည္။ သို႔ေသာ္ ဘူဒိုဇာႀကီးမ်ားကေတာ့ ေဘးတစ္ေစာင္းလဲက်လွ်က္ရွိသည္။ ဘႀကီးေအာင္ကေတာ့ ေခါင္းခါလိုက္သည္။
“တစ္ခုခုေတာ့မွားေနတာေသခ်ာၿပီ၊ ဒီသစ္ပင္ႀကီးက ငါထင္ေနသလိုမ်ိဳး က်တ္ေတြေနတဲ့အပင္ႀကီးပဲျဖစ္မယ္”
စစ္ေဆးေရးမႉး ဦးထြန္းလဲ အလြန္ေဒါသထြက္ေနၿပီျဖစ္သည္။
“ကရိန္းေခၚၿပီး ဒီစက္ႀကီးေတြကို မဖို႔လုပ္ၾကေဟ့”
ထိုေန႔ေတာ့ ဘူဒိုဇာႀကီးမ်ားကို ကရိန္းမ်ားႏွင့္မနည္းျပန္မၿပီး ေ႐ႊ႕ရသည္။ အျခားဝန္ထမ္းမ်ားကေတာ့ သစ္ေတာမ်ားရွင္းရင္း တျဖည္းျဖည္းေနဝင္လာခဲ့ေလသည္။
အခန္း (၇)
ညေရာက္ေတာ့ ထမင္းစားေသာက္ၿပီး ဝန္ထမ္းမ်ားအပန္းေျဖေနၾကသည္။ မီးစက္အေသးမ်ားလဲ ထြန္းထားသျဖင့္ စခန္းအတြင္း အလင္းေရာင္ ေကာင္းစြာရေနသည္။ ပုံမွန္အတိုင္း ကင္းသမားႏွစ္ေယာက္စီခ်ထားၿပီး ကင္းေစာင့္ေနၾကေလသည္။ ည ၁၂ နာရီထိုးေတာ့ စခန္းပတ္လည္တြင္ က်ားဟိန္းသံမ်ားၾကားရျပန္သည္။ ကင္းသမားမ်ား၏ သံေခ်ာင္းေခါက္သံမ်ားလဲ ဆူညံသြားၿပီးေနာက္ စခန္းအတြင္းလူမ်ားစုေဝးလိုက္ၾကသည္။ ဦးထြန္းလဲ အလန႔္တၾကားႏွင့္ သူ႔တဲကေလးထဲမွ ေျပးထြက္လာေလသည္။
“ဘာ . . . ဘာသံလဲ”
“က်ားသံဗ်”
ဘႀကီးေအာင္က စကားကိုျဖတ္ေျပာလိုက္ၿပီးေနာက္ ဦးထြန္းကို တစ္ခ်က္ၾကည့္လိုက္သည္။ ဦးထြန္းက ေသြးပ်က္ေနၿပီျဖစ္သည္။
“ဒါ . . . ဒါဆို က်ားတကယ္ရွိတယ္ေပါ့”
“ဒီမွာ ဦးထြန္း ခင္ဗ်ားကို က်ဳပ္တို႔ ဘယ္တုန္းကမွ လိမ္မေျပာခဲ့ဖူးဘူး”
စခန္းတာဝန္ခံဦးမ်ိဳးကေျပာလိုက္သည္။ ထိုစဥ္ ေျမာက္ဘက္ေထာင့္နားတြင္ တာဝန္က်သည့္ ကင္းသမားမ်ားကေျပးလာေလသည္။
“ဆရာတို႔ အႀကီးႀကီးပဲဗ်”
စခန္းထဲမွ ဝန္ထမ္းမ်ားအားလုံး တုတ္ဓါးႏွင့္ ေလးခြမ်ားဆြဲကာ ထိုေနရာသို႔ေျပးသြားၾကသည္။ ဝန္ထမ္းအေဟာင္းမ်ားမွာ သိပ္မထူးဆန္းေတာ့ေသာ္လည္း ဝန္ထမ္းအသစ္မ်ားကေတာ့ အလြန္ထူးဆန္းကာ ေၾကာက္႐ြံ႕ေနၾကေလသည္။ စခန္းၿခံစည္း႐ိုးအတြင္းမွေန၍ လွမ္းၾကည့္လိုက္ေသာအခါတြင္ မီးေရာင္ေအာက္တြင္ ဝင္းလက္ေတာက္ပေနေသာမ်က္လုံးႀကီးမ်ားႏွင့္ ကိုးေတာင္က်ားအႀကီးႀကီးတစ္ေကာင္က ဟိန္းေဟာက္ေနကာ ေတာအုပ္အတြင္းမွထြက္လာၿပီးေနာက္ ေတာရွင္းထားေသာ ဟင္းလင္းျပင္ႀကီးမွေန၍ ၿခံစည္း႐ိုးဆီသို႔ေျပးလာေနေလသည္။
“ေဆာ္ၾကပါဟ”
ဝန္ထမ္းမ်ားအားလုံး တုတ္မ်ား၊ ခဲမ်ား၊ ေလးခြမ်ားႏွင့္ ဝါးခြၽန္မ်ား အသုံးျပဳၿပီး က်ားႀကီးကို ဝိုင္းဝန္းတိုက္ခိုက္ၾကေသာ္လည္း က်ားႀကီးမွာ စခန္းသို႔သာ တဟုန္ထိုးေျပးလာေလသည္။ ထို႔ေနာက္ စခန္းၿခံစည္း႐ိုးကို လႊားကနဲခုန္ေက်ာ္လိုက္ကာ စခန္းအတြင္းေျပးလႊားေနေတာ့သည္။
ဝန္ထမ္းမ်ားအားလုံးေၾကာက္လန႔္တၾကားထြက္ေျပးၾကေတာ့သည္။ အခ်ိဳ႕က စက္ယႏၲယားႀကီးမ်ားေပၚသို႔ တက္ေျပးၾကသလို၊ အခ်ိဳ႕ကတဲေခါင္မိုးမ်ား၊ အေဆာက္အဦးေခာင္မိုးမ်ားေပၚတက္ၾကသည္။ အခ်ိဳ႕ကေတာ့ ကင္းတဲမ်ား၊ စခန္းအတြင္းရွိသစ္ပင္ငယ္မ်ားေပၚသို႔ ခုန္တက္ၾကသည္။ သို႔ေသာ္ ဦးထြန္းကေတာ့ ေျခလွမ္းေနာက္က်ၿပီးေနာက္ ရွင္းလင္းေဆာင္အတြင္းသို႔ ေျပးဝင္ေနသည္။
စခန္းတာဝန္ခံဦးမ်ိဳးႏွင့္ ဘႀကီးေအာင္တို႔ကေတာ့ ထမင္းစားေဆာင္ေခါင္မိုးေပၚ အျမန္ေျပးတက္ၾကသည္။ ေခါင္မိုးမွာ လူတစ္ရပ္ေက်ာ္ေက်ာ္ မနိမ့္မျမင့္ကေလးျဖစ္သည္။ က်ားႀကီးက စခန္းအတြင္းလွည့္ပတ္ရင္း ဦးထြန္းကိုေတြ႕ရွိသြားၿပီးေနာက္ ဦးထြန္းဆီသို႔ ေျပးလာေတာ့သည္။
“ဦးထြန္း ခင္ဗ်ားဆီလာေနၿပီဗ် . . . .”
အားလုံးဝိုင္းေအာ္ဟစ္ေသာ္လည္း ဦးထြန္းေနာက္က်သြားၿပီျဖစ္သည္။ ရွင္းလင္းေဆာင္အတြင္းတြင္ ပိတ္မိေနၿပီျဖစ္သည္။ က်ားႀကီးကေတာ့ ဦးထြန္းေရွ႕မ်က္ႏွာခ်င္းဆိုင္တြင္ ေရာက္ေနေလၿပီ၊ ရွင္းလင္းေဆာင္အတြင္း စားပြဲရွည္ႀကီး၏တစ္ဖက္တြင္ က်ားႀကီး၊ ေနာက္တစ္ဖက္တြင္ေတာ့ ဦးထြန္းျဖစ္သည္။ ဦးထြန္းက က်ားႀကီးကိုၾကည့္ၿပီး ၾကက္ေသေသေနၿပီး မလႈပ္ရွားႏိုင္ေတာ့။ က်ားႀကီးက စားပြဲခုံေပၚတက္ၿပီး တစ္လွမ္းခ်င္းလွမ္းလာေလသည္။ ေနာက္ဆုံးက်ားႀကီးက ဦးထြန္းမ်က္ႏွာနားကပ္ၿပီးေနာက္ ျပင္းထန္စြာတစ္ခ်က္ ဟိန္းေဟာက္လိုက္ၿပီး စခန္းးအတြင္းမွျပန္လည္ေျပးထြက္သြားေတာ့သည္။ ဦးထြန္းလဲ ေက်ာက္႐ုပ္တစ္႐ုပ္ကိုက်န္ေနခဲ့ၿပီးေနာက္ သူ႔ေျခရင္းတြင္ ဆီးမ်ားအိုင္ထြန္းၿပီး က်န္ေနခဲ့ေလသည္။
ေနာက္တစ္ေန႔ေရာက္သည္ႏွင့္ ဦးထြန္းလဲကားတစ္စီးႏွင့္ စခန္းမွျပန္ေတာ့သည္။ စခန္းတာဝန္ခံဦးမ်ိဳးႏွင့္ အျခားစာေရးႏွစ္ေယာက္လိုက္ပါသြားေလသည္။ ထိုေန႔ကလဲ အလုပ္မတြင္ေပ၊ ေတာအုပ္အတြင္းသို႔ မည္သူမွ် မသြားရဲၾကေတာ့ေပ။
ညေန ၄ နာရီခန႔္ေရာက္ေတာ့မွ ျပန္လာၾကသည္။ ထိုအခါ စခန္းမွလူမ်ားက ထုံးစံအတိုင္း ေျပးသြားႀကိဳၾကသည္။ ထိုအခါတြင္ေတာ့ ကားေပၚမွလူမ်ားဆင္းလာသည္။ အေရွ႕ဆုံးတြင္ ေသနတ္တစ္လက္လြယ္ထားသည့္ လူတစ္ေယာက္က ဟန္ပါပါျဖင့္ ဆင္းလာေလသည္။
“အဲ . . အဲဒါဘယ္သူလဲဟင္ ဘႀကီးေအာင္”
“အဲဒါ အလုပ္သမားေခါင္းေဆာင္ အာဆပ္ ဆိုတဲ့သူပဲ”
အာဆပ္သည္ လူမ်ိဳးျခားျဖစ္သည္။ သူသည္လဲ ဘႀကီးေအာင္တို႔ႏွင့္ အဆင့္တူတူေလာက္ျဖစ္ၿပီး အလုပ္သမားအဖြဲ႕တစ္ဖြဲ႕ကို ဦးေဆာင္ရသည္။ အာဆပ္တို႔က ရွမ္းျပည္နယ္တြင္ေဖာက္လုပ္ေသာ လမ္းလုပ္ငန္းတြင္ တာဝန္က်ေနျခင္းျဖစ္ၿပီး ကုမၼဏီက ျပန္ေခၚထားျခင္းျဖစ္သည္။ ယခု ဦးထြန္းႏွင့္ေတြ႕ေတာ့ အာဆပ္ကို ထည့္ေပးလိုက္ျခင္းျဖစ္သည္။ အာဆပ္သည္ ကုမၼဏီအတြင္း နာမည္ႀကီးသူတစ္ေယာက္ျဖစ္သည္။ လက္ရဲဇက္ရဲရွိၿပီး ေတာ္႐ုံ သရဲတေစၦကိစၥမ်ိဳးဆို အာဆပ္ကို ယုံၾကည္စြာ လက္လႊဲထားလို႔ရေလသည္။
“ကဲ အားလုံးပဲ အခုမိတ္ဆက္ေပးမယ့္သူကေတာ့ အာဆပ္ လို႔ေခၚပါတယ္၊ အားလုံးလဲ သတင္းေတြၾကားဖူးၾကမယ္ထင္ပါတယ္”
စခန္းတာဝန္ခံ ဦးမ်ိဳးက မိတ္ဆက္ေပးလိုက္သည့္အခါ ေကာင္းဘြိဳင္ဦးထုပ္ကိုေဆာင္းထားၿပီး ဂ်င္းရွပ္တစ္ထည္ႏွင့္ ဂ်င္းေဘာင္းဘီဝတ္ကာ စတိုင္က်လွသည့္ အာဆပ္က လက္ကိုေထာင္လိုက္ၿပီးေနာက္ အေရွ႕ထြက္လာေလသည္။
“အားလုံးနဲ႔ေတြ႕ရတာဝမ္းသာပါတယ္၊ ဒီသစ္ပင္ႀကီးအေၾကာင္းကို ဦးမ်ိဳးေျပာလို႔ က်ဳပ္လဲ သိသင့္သေလာက္သိထားပါတယ္၊ ကဲ အားလုံးစိတ္မပူပါနဲ႔ေတာ့ က်ဳပ္နဲ႔ေတြ႕ရင္ ဒီသစ္ပင္ႀကီး ကိစၥျပတ္ၿပီလို႔သာမွတ္လိုက္ေပေတာ့”
အာဆပ္ေျပာၿပီးေနာက္ ဝန္ထမ္းမ်ားအားလုံး စိတ္ဓါတ္တက္ႂကြသြားကာ ေအာ္ဟစ္ေႂကြးေၾကာ္လိုက္ၾကေတာ့သည္။
အခန္း (၈)
နံနက္လုပ္ငန္းခြင္ဝင္ၾကၿပီ၊ အာဆပ္ကေတာ့ ဘူဒိုဇာႀကီးကို စီးၿပီး စခန္းမွထြက္လာၾကသည္။ ဝန္ထမ္းအခ်ိဳ႕ကလဲ စိတ္ဝင္စားသျဖင့္ အာဆပ္ႏွင့္လိုက္လာခဲ့ၾကေတာ့သည္။ မၾကာမီသစ္ပင္ႀကီးနားသို႔ ေရာက္လာခဲ့ၾကသည္။
“ကဲ စက္ႀကီးနဲ႔ ထိုးထည့္လိုက္ေတာ့”
စက္ႀကီးမွာ ေမာင္းလာၿပီးမၾကာခင္ သစ္ပင္ႀကီးနားမေရာက္ခင္ရပ္တန႔္သြားေလသည္။ အာဆပ္လဲ မ်က္ခုံးပင့္လိုက္ၿပီးေနာက္ စက္ႀကီးေပၚမွ ခုန္ဆင္းလာေတာ့သည္။
“ငါ့ကို စိန္လာေခၚေနတာလား၊ ေပးစမ္း၊ ငါ့ကို ခ်ိန္းေဆာေပးစမ္း”
ခ်ိန္းေဆာ ဆိုသည္မွာ သစ္ပင္ခုတ္ရာတြင္အသုံးျပဳသည့္ စက္ဆြဲလႊစက္ႀကီးျဖစ္သည္။ အာဆပ္က ခ်ိန္းေဆာ ကိုကိုင္ၿပီးေနာက္ သစ္ပင္ႀကီးဆီသို႔ တစ္လွမ္းခ်င္းဆက္ေလွ်ာက္သြားသည္။ က်န္သည့္ဝန္ထမ္းမ်ားေတာ့ မည္သူမွ် မလိုက္သြားဝံ့ေပ။ အာဆပ္က သစ္ပင္ေျခရင္းသို႔ေရာက္ေသာအခါ သစ္ပင္ကို တစ္ခ်က္ေမာ့ၾကည့္လိုက္သည္။
“ေတာက္”
ေတာက္တစ္ခ်က္ေခါက္လိုက္ၿပီးေနာက္ အာဆပ္က စကားေျပာေလသည္။
“ကဲ သစ္ပင္ႀကီးေရ မင္းပဲၾကမ္းႏိုင္မလား၊ အာဆပ္ပဲ ၾကမ္းမလားဆိုတာ ေတြ႕ၾကေသးတာေပါ့”
အာဆပ္က ထိုသို႔ေျပာၿပီးေနာက္ ခ်ိန္းေဆာကို စက္ဖြင့္လိုက္ၿပီး သစ္ပင္ႀကီး၏ ပင္စည္ကို ခုတ္ျဖတ္လိုက္သည္။ သို႔ေသာ္ လႊစက္က လႊသြားမ်ားက သစ္ပင္ႀကီးကိုျဖတ္ေနေသာ္လည္း သစ္စ သစ္နမ်ားသာ ထြက္သည္ သစ္ပင္ႀကီးကေတာ့ မျပတ္ေသးေပ။
အာဆပ္ စိတ္ဆိုးေနၿပီျဖစ္သည္။ ထို႔ေၾကာင့္ ခ်ိန္းေဆာကို စက္ျပန္ပိတ္လိုက္ၿပီးေနာက္ ေျမေပၚတြင္ခ်လိုက္သည္။
“မင္းတို႔ မေကာင္းဆိုးဝါးေတြက လူေသးကို အေၾကာက္ဆုံးဆို . . . လာစမ္းၾကည့္ရမယ္”
အာဆပ္က ထိုသို႔ေျပာကာ ခ်ိန္းေဆာ၏ လႊသြားမ်ားကို ေသးျဖင့္ေကာ့ပန္းေနသည္။ ဘႀကီးေအာင္ႏွင့္ စခန္းတာဝန္ခံဦးမ်ိဳးကေတာ့ မ်က္ခုံးပင့္ၿပီး ေခါင္းေတြခါေနၿပီျဖစ္သည္။ ဘႀကီးေအာင္က ဦးမ်ိဳးအနားသို႔ ကပ္လာေလသည္။
“ဆရာ ေတာင္းပန္လိုက္”
ေလသံကေလးျဖင့္ လာကပ္ေျပာေလသည္။
“ဘယ္လိုေတာင္းပန္ရမလဲ”
“ဆရာက စခန္းတာဝန္ခံဆိုေတာ့ စခန္းကလူေတြ ေဘးမေတြ႕ေအာင္ ဆရာေတာင္းပန္လိုက္ပါ”
အာဆပ္က ခ်ိန္းေဆာျဖင့္ သစ္ပင္ႀကီး၏ ပင္စည္အား ၄၅ ဒီဂရီျဖတ္ေတာက္ၿပီး သစ္ခြဲသားထုတ္ကာ သစ္ပင္ႀကီးကို တစ္ဖက္သို႔ လွဲခ်ရန္ ႀကံစည္လိုက္ၿပီးေနာက္ စတင္ခုတ္ျဖတ္လိုက္ေတာ့သည္။ ထူးဆန္းစြာပင္ အာဆပ္ေသးေပါက္ထားသည့္ ခ်ိန္းေဆာႀကီးက သစ္ပင္ႀကီးကို ခဏအတြင္းျဖတ္ေတာက္ၿပီးေနာက္ သစ္ပင္ႀကီးလဲ ၿပိဳလဲသြားေတာ့သည္။
“ေတြ႕လား၊ အာဆပ္နဲ႔ေတြ႕ရင္ သစ္ပင္ႀကီးလဲမ ခံႏိုင္ပါဘူးလို႔”
အာဆပ္ထိုသို႔ေျပာၿပီးေနာက္ လဲက်သြားေသာ သစ္ပင္ႀကီးခါးဘယ္ေလာက္တြင္ သစ္ေခါင္းေပါက္ႀကီးတစ္ခုရွိရာ ထိုအထဲမွ ပုတ္သင္ညိဳမ်ား အမ်ားအျပားထြက္ေျပးၾကသည္ကို ေတြ႕လိုက္ရေတာ့သည္။ အာဆပ္ႏွင့္ ဝန္ထမ္းမ်ား ေအာင္ပြဲခံၿပီးေနာက္ ထိုသစ္ပင္ႀကီးအား စက္အားျဖင့္ ေ႐ြ႕ကာ သစ္လုံးပုံသည့္ေနရာတြင္ ပုံထားလိုက္ေတာ့သည္။ လူရွင္းေတာ့မွ ဦးမ်ိဳးက သစ္ငုတ္တိုႀကီးနားသို႔သြားၿပီး တိုးတိုးေလးကပ္ကာေျပာလိုက္သည္။
“စခန္းကလူေတြ လုပ္တာမဟုတ္လို႔ စခန္းကလူေတြကို ေဗြမယူပါနဲ႔၊ ကြၽန္ေတာ္တို႔လဲ မလုပ္မျဖစ္လို႔ လုပ္ရတာပါ”
ထိုသို႔ တိုးတိုးေလး ကပ္ေျပာၿပီး ေတာင္းပန္ခဲ့သည္။ ထို႔ေနာက္ ဦးမ်ိဳး ေက်ာကုန္းမွ ေအးခ်မ္းလာၿပီး က်က္သီးမ်ား ထလာသျဖင့္ ထိုေနရာမွ ထြက္လာခဲ့ေတာ့သည္။ ညေနပိုင္းတြင္ေတာ့ ထိုသစ္ပင္က်န္ခဲ့သည့္ သစ္ငုတ္ႀကီးအား တူးေဖာ္ၿပီး လမ္းညႇိ၊ ေျမညႇိျခင္းမ်ားကို ျပဳလုပ္ခဲ့ၾကေတာ့သည္။
ညေရာက္ျပန္ၿပီ။
စခန္းအတြင္း အာဆပ္ႏွင့္ ဝန္ထမ္းမ်ားမွာ ေအာင္ပြဲခံေနၾကသည္။ ႐ြာထဲမွ ဝယ္ယူလာသည့္ ၾကက္မ်ားကို ကင္ၾကၿပီးေနာက္ အရက္ဝိုင္းဖြဲ႕ကာ ေပ်ာ္ေပ်ာ္႐ႊင္႐ြင္ စားေသာက္ေနၾကသည္ကို ရွင္းလင္းေဆာင္အတြင္းမွ ဘႀကီးေအာင္ႏွင့္ ဦးမ်ိဳးက ေငးၾကည့္ေနေလသည္။
“ေတာ္ပါေသးရဲ႕ ဘႀကီးေအာင္ရဲ႕ က်ဳပ္ေတာ့ ဒီကိစၥနဲ႔ ေခါင္းေျခာက္ေနၿပီ၊ အာဆပ္နဲ႔ၿပီးသြားလို႔ ေတာ္ေသးတာေပါ့”
ဘႀကီးေအာင္ကေတာ့ ေခါင္းခါလိုက္သည္။
“မဟုတ္ေလာက္ဘူးဆရာ၊ ဒီေလာက္နဲ႔ မၿပီးသြားေလာက္ဘူးထင္တယ္”
ည ၁၂ နာရီထိုးျပန္ၿပီ၊
အာဆပ္တို႔က အရက္ေသာက္ရင္း စားေသာက္ေဆာင္အတြင္းပင္ အိပ္ေပ်ာ္ေနၾကသည္။ ထိုစဥ္ အာဆပ္တစ္ေယာက္ အိပ္ေနရာမွထၿပီး ေအာ္ဟစ္လိုက္သည္။
“လုပ္ၾကပါဦး . . . ဘယ္သူေတြလဲဗ်ာ”
အာဆပ္ေအာ္ဟစ္လိုက္သျဖင့္ အတူအိပ္ေနသူမ်ားႏိုးလာၾကသည္။
“ဘယ္မွာလဲကြ . . . ဘာမွမရွိပါဘူး”
“မလာၾကနဲ႔ . . . . သြား . . . သြား မလိုက္ဘူး”
အာဆပ္မွာ အ႐ူးတစ္ေယာက္လိုေအာ္ဟစ္ရင္း ထမင္းစားေဆာင္တိုက္ကိုဖက္တက္ေနသျဖင့္ ဝန္ထမ္းမ်ားက ဆြဲထားရသည္။ တစ္စခန္းလုံးလဲ အလန႔္တၾကားျဖစ္ကာ ေနာက္ဆုံးေတာ့ စခန္းတာဝန္ခံဦးမ်ိဳးကို သြားႏွႈိးရသည္။ ဘႀကီးေအာင္လဲ ေရာက္လာခဲ့ၿပီ။
“ေအာင္မာ . . . မင္းတို႔က သတၱိရွိတယ္ေပါ့ေလ၊ လာ ငါနဲ႔ ဓါးခ်င္းခုတ္မလား . . . ငါ့ကို ဓါးေပးၾက . . .”
ထိုသို႔ေျပာလိုက္
“မလုပ္ၾကပါနဲ႔ . . . ကြၽန္ေတာ့္ကို မလုပ္ၾကပါနဲ႔”
ထိုသို႔ေျပာရင္း ငိုလိုက္ျဖင့္ အ႐ူးတစ္ေယာက္လိုျဖစ္ေနေတာ့သည္။
“အာဆပ္ကို ႀကိဳးနဲ႔ခ်ဳပ္ထားလိုက္ေတာ့”
ဘႀကီးေအာင္က ေျပာလိုက္သည္ႏွင့္ အာဆပ္ကို လက္ႏွစ္ဖက္၊ လက္ေမာင္းမွေန၍ ႏိုင္လြန္ႀကိဳးျဖင့္ ခ်ည္ထားလိုက္ေတာ့သည္။
“ဘႀကီးေအာင္ ခ်ဳပ္ထားလို႔ျဖစ္ပါ့မလား”
“ျဖစ္တာေပါ့ ဆရာရဲ႕၊ သူ႔ၾကည့္ရတာ ႐ူးေနပုံရတယ္၊ မသကာ စခန္းက ဝန္ထမ္းေတြကို ဒုကၡေပးေနမွ ခက္ေနဦးမယ္”
ထို႔ေနာက္ အာဆပ္ကိုေမးၾကည့္သည္။ အာဆပ္ကေတာ့ အေၾကာက္လြန္ေနဆဲျဖစ္သည္။
“လူေတြ . . . ခေမာက္ေတြနဲ႔ . . . ဟိုမွာ . . . လာေနၾကၿပီ”
သူလက္ညႇိဳးထိုးျပသည့္ေနရာကို ၾကည့္ေတာ့လဲ ဘာမွမရွိေတာ့။
“ကဲ မထူးဘူး၊ အာဆပ္ကို တဲတစ္လုံးထဲထည့္ထား၊ ဝန္ထမ္းႏွစ္ေယာက္ေလာက္ ေစာင့္ေန၊ မနက္က်ေတာ့ စခန္းျပန္ပို႔ရမယ္”
ဦးမ်ိဳးလဲ ထိုသို႔ေျပာၿပီး ျပန္ထြက္ခဲ့ေလသည္။ ဝန္ထမ္းမ်ားကေတာ့ အာဆပ္ျဖစ္ပုံကို တစ္ေယာက္တစ္မ်ိဳး ထင္ေၾကးေပးေနၾကသည္။ ဘိုဘိုတို႔က ထိုညက အရက္အမူးလြန္ၿပီး အိပ္ေနသျဖင့္ ဘာျဖစ္မွန္းေသခ်ာမသိလိုက္။
မိုးလင္းၿပီ၊ လုပ္ငန္းခြင္ ဆင္းရန္ျပင္ၾကသည္။ အာဆပ္ကိုေတာ့ ကားတစ္စီးႏွင့္ ျပန္ပို႔လိုက္ရသည္။ အာဆပ္မွာ ဖ်ားေနၿပီး ကေယာင္ကတမ္းေတြေျပာဆိုေနသည္။ ဘိုဘိုလဲ စက္ႀကီးေမာင္းၿပီး ေတာထဲလုပ္ငန္းခြင္သို႔ ေမာင္းလာၾကသည္။
“ဆရာေရ . . . . ဆရာေရ”
ေရွ႕ေျပးကားမ်ားက ျပန္ေမာင္းလာၾကၿပီး ဝန္ထမ္းမ်ားကေျပးလာၾကသည္။
“ဘာျဖစ္တာလဲဟ”
ဘိုဘိုလဲ ေရ႐ြတ္လိုက္ၿပီး စက္ကိုသတ္လိုက္ကာ လူမ်ားၾကည့္ေနၾကသည့္ေနရာသို႔ ေျပးထြက္လာခဲ့သည္။
“ေအာင္မယ္ေလး”
ျမင္ေတြ႕လိုက္ရသည့္ ျမင္ကြင္းက ေခ်ာက္ျခားဖြယ္ရာျဖစ္သည္။ ေျပာင္ရွင္းေနသည့္ ေျမျပင္တြင္ သစ္ပင္အိုႀကီးတစ္ပင္က ထီးတည္းႀကီးတည္ရွိေနေလသည္။ ထိုသစ္ပင္ႀကီးမွာ အျခားမဟုတ္၊ မေန႔က အာဆပ္ခုတ္ခဲ့သည့္ သစ္ပင္ႀကီးပင္ျဖစ္သည္။ အားလုံးလဲ ေၾကာက္လန႔္ကုန္ၿပီျဖစ္သည္။ ဦးမ်ိဳးလဲ အရဲစြန႔္ၿပီး သစ္ပင္ႀကီးကိုသြားၾကည့္ေတာ့ ျဖတ္ရာ ခုတ္ရာပင္မရွိဘဲ ပကတိအတိုင္းေပါက္ေရာက္ေနေလသည္။
“ဘယ္လိုလုပ္ၾကမလဲ ဘႀကီးေအာင္”
“မရေတာ့ဘူးဆရာ က်ဳပ္တို႔ ဒီအပင္ႀကီးကိုေတာင္းပန္ၿပီးေတာ့ ဒီအတိုင္းထားခဲ့မွထင္တယ္”
“ျဖစ္ပါ့မလားဗ် ၊ ကုမၼဏီက ဆူေနပါဦးမယ္”
“မတတ္ႏိုင္ဘူးဗ်ာ၊ သူတို႔အလုပ္ထုတ္လဲ က်ဳပ္တို႔ထြက္ရမွာပဲ”
“ကဲ အားလုံး ကားေပၚကဆင္းၿပီး ဒီသစ္ပင္ႀကီးနားမွာ ဒူးေထာက္ထိုင္လိုက္ၾကပါ”
ဘႀကီးေအာင္ေျပာလိုက္ေတာ့ အားလုံးက ဆင္းလာၿပီးသစ္ပင္ႀကီးကို ဝိုင္းထိုင္လိုက္သည္။
“ဆိုင္ရာ ပိုင္ရာ ပုဂၢိဳလ္အေပါင္းတို႔ခင္ဗ်ာ၊ ကြၽန္ေတာ္တို႔မွာလဲ သူမ်ား၏ဝန္ထမ္းမ်ားျဖစ္ေသာေၾကာင့္ အလုပ္ရွင္မ်ားခိုင္းသည့္အတိုင္း လုပ္ကိုင္ရျခင္းျဖစ္ပါသည္။ ထို႔ေၾကာင့္ ကြၽန္ေတာ္တို႔ကို အေႏွာင့္အယွက္မ်ား မေပးၾကပါႏွင့္၊ ကြၽန္ေတာ္တို႔ ယခင္က က်ဴးလြန္ခဲ့မိတာရွိပါကလည္း ေတာင္းပန္အပ္ပါတယ္”
ထိုသို႔ေျပာၿပီးေနာက္ ကန္ေတာ့လိုက္ၾကေတာ့သည္။ ထိုေနာက္ပိုင္းမွစၿပီး စခန္းအတြင္း ေျခာက္လွန႔္မႈမ်ားကို မေတြ႕ႀကဳံရေတာ့ေပ။
အခ်ိန္တစ္လခန႔္ၾကာေသာအခါ ထိုေတာနက္ႀကီးလဲ ဟင္းလင္းျပင္ႀကီးျဖစ္သြားေလသည္။ ဘိုဘိုတို႔အဖြဲ႕လဲ လမ္းေဖာက္လုပ္ၾကေလသည္။ ကုမၼဏီကိုလဲ တင္ျပရာ ထိုသစ္ပင္ကို မခုတ္ဘဲ ထားခဲ့သည္ကို အျပစ္မတင္ၾကပါ။ သို႔ႏွင့္ လုပ္ငန္းမ်ား ၿပီးစီးသည္ႏွင့္ ဘိုဘိုတို႔စခန္းလဲ စခန္းသိမ္းၿပီးျပန္ခဲ့ေတာ့သည္။ ထိုေနရာတြင္ အျခားကုမၼဏီမ်ားက ကြန္ကရစ္လမ္းမ်ားခင္းခ်င္းႏွင့္ ၿမိဳ႕ကြက္ေဖာ္ျခင္းမ်ားကို ဆက္လက္ေဆာင္႐ြက္ေတာ့မည္ျဖစ္သည္။
ဘိုဘိုလဲ ကားႀကီးေမာင္းရင္း ထိုသစ္ပင္ႀကီးကို တစ္ခ်က္ေငးၾကည့္မိရင္း စခန္းတြင္ ႀကဳံေတြ႕ခဲ့သည့္ အျဖစ္အပ်က္မ်ားကို ျပန္လည္ျမင္ေယာင္ေနမိသည္။ ထိုသစ္ပင္ႀကီးမွာ ယခုေတာ့ အလြန္က်ယ္ေျပာလွသည့္ ကားလမ္းမႀကီး၏ ေဘးတြင္တည္ရွိေနေလသည္။
ဘိုဘိုတစ္ေယာက္အခုအခ်ိန္အထိ ထိုစခန္းတြင္ေတြ႕ႀကဳံခဲ့သည့္ ပရေလာကျဖစ္ရပ္ဆန္းမ်ားကို မ်က္လုံးထဲကပင္မထြက္ေသးေပ။ ထိုသစ္ပင္ႀကီးကေတာ့ အလြန္တရာ ေခတ္မီတိုးတက္လွသည့္ ၿမိဳ႕သစ္ႀကီး၏ လမ္းနံေဘးတြင္ ယခုတိုင္ တည္ရွိေနဦးမည္ျဖစ္ပါသည္။
ၿပီးပါၿပီ။
စာဖတ္သူ တစ္ဦးတစ္ေယာက္ခ်င္းစီအား အစဥ္ေလးစားလွ်က္
….အဂၢေဇာ္…..