*ခုတ်လှဲ၍မရသော သစ်ပင်ကြီး *📖📖📖
*****************************
(ဖြစ်ရပ်မှန်) (စဆုံး)
အခန်း (၁)
ဘိုဘိုတို့အဖွဲ့မှာ တောအုပ်ကြီးတစ်ခုအနီးတွင် စခန်းချနေကြသည်။ သူတို့မှာ ဆောက်လုပ်ရေးကုမ္မဏီတစ်ခုမှ ဝန်ထမ်းများဖြစ်ကြသည်။ တောတောင်ကြီးများကို ရှင်းလင်းပြီးနောက် လူနေထိုင်သည့် မြို့သစ်ကြီးတစ်ခုတည်ဆောက်ရန်အတွက် အစိုးရက စီစဉ်ထားပြီးနောက် ကုမ္မဏီများအား ပြန်လည်ကန်ထရိုက်ပေးခဲ့လေသည်။ ဘိုဘိုတို့ အခုရောက်နေသည့် နေရာကတော့ ယခင်က လူပင်အရောက်အပေါက်နည်းသည့် တောကြီးတစ်ခုပင်ဖြစ်သည်။ ယခုတော့ ထိုတောကြီးကို ရှင်းလင်းပြီး လမ်းဖောက်လုပ်ရမည်ဖြစ်သည်။ လမ်းဖောက်လုပ်ပြီးပါက မြို့ကွက်သစ်ပုံစံချခြင်းနှင့် အဆောက်အအုံများ ဆောက်လုပ်ခြင်းများကို စတင်မည်ဖြစ်သည်။
စခန်းဆိုသော်လည်း အတော်အတန်ပင်ကျယ်ဝန်းသည်။ သစ်များ ဝါးများဖြင့် စခန်းကိုကာရံထားပြီးနောက် အတွင်းတွင် လမ်းဖောက်လုပ်ရေး လုပ်ငန်းသုံး စက်ကိရိယာကြီးများကို အစီအရီရပ်ထားကြသည်။ ဘူဒိုဇာကြီးများ၊ ဘက်ဟိုး မြေကော်စက်များ၊ မြေညှိသည့်စက်၊ လမ်းကြိတ်စက် စသည့် စက်များပင် အစီးရေ ၃၀ ခန့်ရှိသည့် စခန်းဖြစ်သည်။ ထိုစခန်းတွင် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများက တဲကလေးများထိုးကာ နေထိုင်ကြပြီး စခန်းတစ်ခုလုံး လူဦးရေ ၁၀၀ ကျော်ခန့်ရှိသည်။ တောနက်ပြီး ဝေးလံခေါင်သီသဖြင့် ဝန်ထမ်းမိသားစုများ တော်တေ်ာများများမရှိဘဲ နှစ်စု သုံးစုသာ ဒုက္ခခံပြီး လိုက်နေကြခြင်းဖြစ်သည်။
စခန်းသို့ ဝင်ဝင်ချင်းတွင် ရှင်းလင်းပြသသည့် စီမံရေးအဆောက်အဦရှိသည်။ အဆောက်အဦးဆိုသော်လည်း ဝါးများ၊ သစ်လုံးများဖြင့် ပြုလုပ်ထားသော အကာအရံမပါသော အဆောက်အအုံဖြစ်သည်။ ထိုအဆောက်အအုံအလယ်တွင်တော့ စားပွဲနှင့် ထိုင်ခုံကို သစ်သားများဖြင့် အရှည်ကြီးရိုက်ထားသည်။ အလုပ်မဆင်းခင် သူတို့စခန်းကို ကိုင်တွယ်သည့် အရာရှိများက တစ်နေ့တာလုပ်ကိုင်မည့် လုပ်ငန်းများကို ညွှန်ကြားသည့် အစည်းအဝေးလုပ်ရာ နေရာဖြစ်သည်။
ထိုအဆောက်အဦးကို ကျော်လွန်ပြီးလျှင် စခန်း၏ အလယ်ဗဟိုနေရာလောက်တွင် ထမင်းစားဆောင်အဖြစ် တဲကြီးတစ်လုံးကို ထိုးထားလေသည်။ ထိုတဲကြီးအတွင်း မနက်၊ နေ့လည်နှင့် ညနေအချိန်များတွင် အလုပ်သမားများ ထမင်းစုဝေးပြိး စားသောက်ကြသည့်နေရာဖြစ်သည်။ ထိုနေရာနှင့် မနီးမဝေးတွင် စားဖိုဆောင်ရှိကာ ဝန်ထမ်းများအတွက် ထမင်းဟင်းများ ချက်ပြုတ်ရာနေရာလဲဖြစ်သည်။
အခန်း (၂)
မနက်မိုးလင်း ၆ နာရီထိုးသည်နှင့် ဝန်ထမ်းများအားလုံး ထမင်းစားဆောင်တွင် ထမင်းစားနေကြပြီဖြစ်သည်။ မနက်ခင်းပိုင်းတွင် ထမင်းနှင့် ပဲပြုတ်ဆီဆမ်း၊ ပဲထောပတ်များကို ကြက်သွန်များများဖြင့်သုပ်ထားသည့် ပဲသုပ်၊ ဘာလချောင်ကြော်၊ ငရုတ်သီးခြောက်ကြော်များဖြင့် စားသောက်ရသည်ကများသည်။ မနက်စာထမင်းကို အလုအယက်ဗိုက်ပြည့်အောင် စားထားရသည်။
“ပီ . . . ပီ”
အချက်ပေးသံကိုကြားလိုက်ရလျှင် ထမင်းစားဆောင်အတွင်းမှ အပြေးအလွှားထွက်ကြရပြီး လုပ်ငန်းရှင်းလင်းဆောင်သို့သွားကာ ခုံတန်းရှည်ကြီးတွင် စုထိုင်လိုက်ကြသည်။ ထိုအချိန်သည် နံနက် ၈ နာရီအချိန်ဖြစ်သည်။ ထိုအခါ စခန်းတာဝန်ခံနှင့် အင်ဂျင်နီယာများက သူတို့တစ်နေ့တာ ပြုလုပ်ရမည့် လုပ်ငန်းများနှင့် တာဝန်များကို အသီးသီးခွဲဝေပေးလေသည်။ ထိုရှင်းလင်းဆောင်တွင် နာရီဝက်မျှ ဆွေးနွေးပြီးသောအခါတွင် လုပ်ငန်းစပြီဖြစ်သည်။
အထူးသဖြင့် စက်မောင်းများမှာ တာဝန်ကျရာ စက်ယန္တယားကြီးများကို မောင်းနှင်လိုက်ကြပြီးနောက် စခန်းမှ တန်းစီပြီး ထွက်ကြတော့သည်။ ယခုရှင်းရမည့် တောက စခန်းနှင့် နီးသဖြင့် ၈ နာရီခွဲမှ ထွက်ကြခြင်းဖြစ်သည်။
ဘိုဘိုက ဘူဒိုဇာကြီးကို မောင်းနှင်ရသည်။ ဘူဒိုဇာကြီးမှာ တင့်ကားသဖွယ်ချိန်းကြိုးကြီးများဖြင့် ဖြေးဖြေးမှန်မှန်မောင်းနှင်နေလေသည်။ ဘိုဘိုလဲ စီးကရက်တစ်လိပ်ကိုဖွာပြီး ပြတင်းပေါက်မှ ပစ်ချလိုက်သည်။ သိပ်မကြာခင် သူတို့ကားများ တောစပ်သို့ ရောက်လာကြသည်။ စက်ယန္တယားများ စုံလင်အောင် ခေတ္တမျှစောင့်နေကြရသည်။ ထို့နောက် ဆိုဒ်တာဝန်ခံက အဖွဲ့များဖွဲ့ပေးပြီးနောက် ကိုယ့်တာဝန်ကိုယ် အဖွဲ့အသီးသီးဖြင့် ဆောင်ရွက်ကြလေသည်။
သစ်ပင်ခုတ်သည့်နေရာတွင် လက်ဖြင့်ခုတ်ခြင်းမဟုတ်ပေ။ နိုင်ငံခြားမှ သစ်ပင်ခုတ်ရန်တီထွင်ထားသည့် စက်ကြီးများဖြင့် ခုတ်ရခြင်းဖြစ်သလို၊ ဘူဒိုဇာကြီးများဖြင့်လဲ အပြင်ကြီးများကို ထိုးပြီး လှဲရလေသည်။ ထို့နောက် မြေညှိပြီးနောက် ကားသုံးလေးစီး တက်နင်းလိုက်လျှင် မြေပြန့်ဖြစ်သွားပြီဖြစ်သည်။ ထိုအခါ ခုတ်ပြီးသား သစ်ပင်ကြီးများအား ခုတ်ထစ်ဖြတ်တောက်ကာ ကရိန်းဖြင့်မြေသယ်ကားကြီးများက တင်ဆောင်ပြီးသယ်ရလေသည်။
အခန်း(၃)
“ဝုန်း”
သစ်ပင်ကြီးများ တစ်ပင်ပြီးတစ်ပင်လဲကျနေလေသည်။ ဘိုဘိုလဲ သစ်ခုတ်စက်ကို ကူညီပြီး အလွန်ကြီးမားသောအပင်ကြီးများကို ဘူဒိုဇာဖြင့် တိုက်လှဲပေးရသည်။ အပင်ငယ်များ၊ လုံးပတ် တစ်ပေခန့်ရှိသည့်အပင်များမှာတော့ ဘူဒိုဇာတစ်ချက်ထိုးသည်နှင့် အမြစ်ကကျွတ်ပြီး လန်လေသည်။ အပင်များလဲသွားသည်နှင့် မြေကိုဘူဒိုဇာဖြင့်ထိုးပြီး ညှိရသည်။ မြေညီသွားသောအခါ မြေတူးစက်များက ရောက်လာပြီး တောင်နံရံများကိုကုတ်ဖဲ့ကာ တူးချရတော့သည်။
နှစ်ပေါင်းများစွာ ပေါက်ရောက်နေသည့် လူပင်သိပ်မရောက်သည့် တောနက်ကြီးမှာ ယခုတော့ ဘိုဘိုတို လက်ထဲတွင် တစ်နေ့တာမျှဖြင့် တော်တော်ကုန်သွားပြီဖြစ်သည်။ သို့သော်လည်း ရှေ့သို့ လှမ်းကြည့်လျှင် မရေမတွက်နိုင်သော သစ်ပင်ပေါင်းများစွာ ကျန်နေသေးသည်။ ထိုနေ့ တစ်နေ့တာ ပြီးဆုံးပြီးတော့ စခန်းသို့ပြန်လာခဲ့ကြသည်။
တစ်နေ့တာပြီးဆုံးသဖြင့် စခန်းမှလူငယ်များ ဂီတာတီးသူတီးကြသည်။ သီချင်းနားထောင်သူ၊ သီချင်းဆိုသူများလဲ ရှိကြသည်။ စခန်းအတွင်းတွင် သစ်လုံးများဖြင့် မီးပုံကြီးများဖိုထားသည်။ အသောက်အစား ဝါသနာပါသူများကလဲ အသောက်အစားလုပ်ကြသလို၊ သက်ကြီးပိုင်း ဝန်ထမ်းများကတော့ ရေနွေးတစ်အိုးချပြီး ရောက်တတ်ရာရာပြောဆိုနေကြသည်။ အင်ဂျင်နီယာများ၊ ဆိုဒ်တာဝန်ခံများမှာတော့ စာရင်းအင်းများ၊ စာရွက်စာတမ်းများဖြင့် ရှင်းလင်းဆောင်အတွင်း အလုပ်ရှုပ်နေတတ်ကြသည်။ စခန်းတစ်ခုလုံးကို ဓါတ်အားပေးရန်အတွက်တော့ စခန်းထောင့်နားတွင် တဲတစ်လုံးဆောက်ထားကာ မီးစက်ကြီးမောင်းထားသည်။ မီးစက်ကြီးကို ညနေ ၆ နာရီမှ စတင်ကာမောင်းပြီး နောက်တစ်နေ့မနက် ၅ နာရီလောက်တွင် မီးစက်ပိတ်သည်။ မီးစက် ပိတ်ရန်နှင့် မီးစက်ကိုစောင့်ရန်အတွက် ညစောင့်တစ်ယောက်ကို အလှည့်ချထားပေးသည်။ ထိုသူမှာ ညစောင့်ကျလျှင် နောက်နေ့ အလုပ်ဆင်းရန်မလိုပေ။
“ဘိုဘို . . . ဒီည မင်းမီးစက်စောင့်ရမယ်မဟုတ်လား၊ သိပ်မသောက်နဲ့တော့”
ဘကြီးအောင်က သတိပေးလိုက်သဖြင့် ဘိုဘိုလဲ အရက်ဆက်မသောက်တော့ပေ။ ဘကြီးအောင်မှာ စခန်းထဲမှ အလုပ်သမားများကို အုပ်ချုပ်ရသည့် အလုပ်သမားခေါင်းပင်ဖြစ်ပြီး အသက်က ခြောက်ဆယ်ကျော်နေပြီဖြစ်သည်။ ဘကြီးအောင်ကို စခန်းတာဝန်ခံမှအစ အောက်ခြေထမင်းချက်အဆုံး လေးစားကြသည်။
ဘိုဘိုတို့လို အိမ်ထောင်မရှိ လူပျိုလူလွတ်တွေအတွက်တော့ တဲအရှည်ကြီးတစ်လုံးကို ဆောက်ထားပေးပြီး ထရံများဖြင့်ကန့်ထားသည့် ဘားတိုက် တွင်နေထိုင်ရသည်။ လူပျိုများ ညနေဆို အရက်ကလေးတော့ တစ်ခွက်တစ်ဖလား သောက်တတ်ကြသည်။ သီချင်းဆိုကြသည်။ တစ်ခါတစ်ရံ ဘားတိုက်အတွင်း ဖဲရိုက်ကြလေသည်။
ည ၉နာရီထိုးတော့ အားလုံးလူစုခွဲပြီဖြစ်သည်။ ဘိုဘိုလဲ ဓါတ်မီးတစ်လက်ကိုယူပြီး မီးစက်တဲအနီးသို့လာခဲ့သည်။ မီးစက်တဲအနီးတွင် မီးခိုးတွေနှင့် ညှော်နေသည်။ ဘိုဘိုက ဝါးဖြင့်ပြုလုပ်ထားသည့် ခုံတစ်ခုတွင်ထိုင်လိုက်သည်။ ထိုအချိန် ကိုကြီးစံပေါက ကင်းတဲကလေးပေါ်မှဆင်းလာလေသည်။
“ဘာထူးလဲ ကိုကြီးရဲ့”
“ဘာမှ မထူးပါဘူးကွာ၊ အေးဆေးပါ”
မီးစက်ရုံနှင့် သိပ်မလှမ်းမကမ်းတွင် ခြေတံရှည်ကင်းတဲကလေးကို စခန်းခြံစည်းရိုးနှင့်ကပ်လျှက်တည်ဆောက်ထားသည်။ စခန်းကို နေ့ကင်း၊ ညကင်းချထားရသည်။ စခန်းအတွင်းတွင် တန်ဖိုးကြီးစက်ကိရိယာများနှင့် စခန်းဝန်ထမ်းများ၏ ပစ္စည်းများရှိလေရာ အပြင်လူမဝင်စေရန်အတွက် ကင်းချထားရခြင်းဖြစ်သည်။ စခန်းခြံစည်းရိုးကိုတော့ သစ်လုံးများ ဝါးကပ်များဖြင့် အခိုင်အမာလူတစ်ရပ်ခန့် ကာထားရသည်။ အခုအလုပ်လုပ်သည့်နေရာသည် တောနှင့်အလွန်နီးသဖြင့် ကင်းသမားများကို ပိုမိုချထားရလေသည်။
“တစ်ညလုံးဆိုတော့ ပျင်းစရာကြီးကွာ၊ နဲနဲပါးပါးချပါလား”
“ဟာ . . ကိုကြီးစံပေါကလဲ ကင်းစောင့်ရင်း ကစ်နေတာလား ဘကြီးအောင်သိသွားရင်လစာဖြတ်ခံနေရဦးမယ်”
“ရပါတယ်ကွာ၊ အဲဒီလောက်လဲ မဟုတ်ပါဘူး”
ထို့နောက် နှစ်ယောက်သား စကားလေးပြောလိုက် အရက်ကလေး သောက်လိုက်နှင့် အချိန်ဖြုန်းနေကြသည်။ မီးစက်က ဆီကုန်ပြီလားဆိုတာ တစ်ချက်တစ်ချက်ထကြည့်ရုံသာရှိသည်။ ကင်းသမားကတော့ ကင်းတဲလေးပေါ်တက်ပြီး အနီးပတ်ဝန်းကျင်ကို ဓါတ်မီးနှင့်ထိုးကြည့်လိုက်၊ ဟိုနားသည်နား ကင်းလှည့်ပြီး ပြန်လာလိုက်သာလုပ်နေသည်။
“အူ . . ဝူ . . ဝူး . . . ဝူး”
ဘယ်ကမှန်းမသိသော ခွေးအူသံကြီးကိုကြားလိုက်ရသည်။ ကိုကြီးစံပေါနှင့် ဘိုဘိုတို့ ခေါင်းထောင်ကာ နားစွင့်နေလိုက်ကြသည်။ စခန်းအတွင်း ခွေးများမွေးမြူထားသော်လည်း ထိုအူသံမှာ စခန်းအပြင် သစ်တောကြီးဆီမှ အသံဖြစ်သည်။ ဘိုဘိုက လက်ကနာရီကို ကြည့်လိုက်တော့ အချိန်က ည (၁)နာရီခွဲပင်ရှိပြီ။
“တောခွေးတွေ အူတာဖြစ်မယ်ကွ”
“ဟုတ်မယ်ထင်တယ် . . . အကျယ်ကြီးပဲနော်”
သူတို့ပြောနေစဉ်မှာပင် သူတို့နှင့်မလှမ်းမကမ်း စခန်းခြံစည်းရိုးကို လူတစ်ယောက်က လွှားခနဲကျော်ပြီး ခုန်ဆင်းလာလေသည်။ ထို့နောက် မီးစက်ကြီးထားသည့် တဲကလေးအနောက်သို့ ဝင်သွားလေသည်ကို နှစ်ယောက်သားမြင်လိုက်ကြသည်။ နှစ်ယောက်လုံး အံ့အားသင့်ပြီး ခဏတာငြိမ်သက်နေရာမှာ ကိုစံပေါက ဘိုဘို့ကို မျက်စပစ်ပြလိုက်လေသည်။ ဘိုဘိုလဲ သူ့အနားတွင်ထောင်ထားသည့် ဝါးရင်းတုတ်ကိုကောက်ယူလိုက်ပြီး ကိုစံပေါက ငှက်ကြီးတောင်ဓါးကို အသာယူလိုက်ပြီး ဓါတ်မီးများဆွဲကိုင်ကာ တိုးတိုးကလေး လာခဲ့ကြသည်။
မီးစက်ထားသည့် တဲမှာ ဆယ်ပေခန့်သာကျယ်ဝန်းသည့် တဲကလေးဖြစ်ပြီး ထရံကို ခါးတစ်ဝက်လောက်ကာရံထားကာ အပေါ်ပိုင်းကိုတော့ ဝါးဖြင့် အကွက်ကျဲများရပ်လုပ်ပြီးလေးဖက်လေးတန်ကာရံထားသဖြင့် တဲနောက်ကိုဖောက်ထွင်းပြီး လှမ်းမြင်ရနိုင်လေသည်။ အခုတော့ ခုနက ဝင်လာသည့်သူကို မမြင်ရသဖြင့် ထိုသူမှာ လေးဘက်ထောက်ပြီးပုန်းနေချင်းဖြစ်မည်ဟု ယူဆလိုက်သည်။ ကိုစံပေါက တဲခေါင်းရင်းဘက်မှ သွားမည်ဟု လက်ဟန်ခြေဟန်ပြလိုက်သဖြင့် ဘိုဘိုက တဲခြေရင်းဘက်မှ ပတ်ပြီးလာခဲ့လေသည်။ ထို့နောက် ကိုစံပေါက လက်ကို တစ်ချောင်းချင်းစီထောင်နေပြီးနောက် လက်ချောင်းသုံးချောင်းအရောက်တွင် အတူတူ ပြေးပြီး တဲကိုဝိုင်းလိုက်ကြသည်။
“ဟင် . . . ဘယ်ရောက်သွားလဲ”
သူတို့နှစ်ယောက် တဲနောက်ရောက်တော့ ဘာမှမတွေ့တော့။ တဲကို သုံးလေးပတ်ရှာကြည့်သည်။ မီးစက်အတွင်းဝင်ကြည့်သည် ဘာမှထူးထူးခြားခြားမတွေ့ရေ။ ကိုစံပေါလဲ ခေါင်းကုပ်နေသည်။
“မင်းရော သေချာတွေ့လိုက်တယ်မဟုတ်လား”
“သေချာတာပေါ့ ကိုကြီးစံပေါရာ လူမှ လူအစစ်”
စခန်းအတွင်း ရှင်းလင်းထားရုံသာမက ဓါတ်မီးတိုင်များထွန်းထားသောကြောင့် လင်းထိန်နေသည်။ ထိုတဲအနီးတွင်လဲ ခြုံပုတ်များ၊ လူပုန်းခိုစရာများ ဘာမှကြီးကြီးမားမားမရှိပေ။ ထိုတဲနှင့် ပေ သုံးရာ လောက်အကွာမှာသာ ဝန်ထမ်းလိုင်းခန်းတစ်ချို့ရှိပြီး ထိုသို့ပြေးသွားလျှင်လဲ သူတို့မြင်တွေ့ရမည်ဖြစ်သည်။ သူတို့နှစ်ယောက်လဲ စိတ်ရှုပ်ထွေးကာ ထူပူနေကြတော့သည်။
အခန်း (၄)
“တောင် . . . တောင် . . . တောင် . . . . တောင်”
ထိုအခါ သူတို့စခန်းတစ်ဖက်ခြမ်း စက်ကိရိယာကြီးများ ရပ်နားထားသည့် နေရာအနီးမှ သံချောင်းခေါက်သံကို ကြားလိုက်ရသည်။ ကိုစံပေါကော ဘိုဘိုကော သံချောင်းခေါက်သံကို နားစွင့်နေမိသည်။
“လေးချက်ကွ . . . . ဒါတစ်ခုခုဖြစ်နေတာပဲ”
ထိုသို့ပြောလိုက်ပြီးတော့ သူတို့နှစ်ယောက်လဲ သံချောင်းခေါက်သည့်နေရာသို့ ပြေးသွားကြတော့သည်။ သံချောင်းသံ လေးချက်စိပ်စိပ်ခေါက်လျှင် အန္တရာယ်ရှိသည့် အချက်ပေးသံအဖြစ် ဝန်ထမ်းများအားလုံး သိကြသည်။ စခန်းကြီးက ကျယ်ဝန်းလှသဖြင့် ချက်ခြင်းတော့ မရောက်သေးပေ။ ကင်းသမားတွေက အားလုံးပြေးလာကြပြီး၊ ဝန်ထမ်းတွေကလဲ အိပ်ဆောင်တွေထဲမှ ဆင်းလာကြသည်။
ဝင်းအောင် ဆိုသည့် ဝန်ထမ်းတစ်ဦးက ကင်းတဲကလေးပေါ်မှနေ၍ သံချောင်းကို အဆက်မပြတ်ခေါက်နေလေသည်။
“ဝင်းအောင် ဘာဖြစ်တာလဲ ဝင်းအောင်”
ကင်းသမားများက စုပြီးမေးတော့မှ ဝင်းအောင်လဲ သတိပြန်ကပ်သည်။ ဝင်းအောင်က အလွန်ကြောက်လန့်သဖြင့် တုန်လှုပ်နေသည်။ ဘကြီးအောင်နှင့် အခြားဝန်ထမ်းများ ချက်ချင်းတုတ်ဓါးများဖြင့် ရောက်လာကြသည်။
“တိုးကြီးဘယ်သွားလဲ”
ထိုအခါ တိုးကြီးဆိုသူက ပြေးလာလေသည်။
“ဒီ . . ဒီလိုပါ၊ တိုးကြီးက အပေါ့သွားချင်တယ်ဆိုတာနဲ့ အိမ်သာကိုထသွားတာ အဲဒီအချိန်မှာ ကျွန်တော်လဲ ကင်းတဲပေါ်တက်ပြီးတော့ ဟိုဟိုသည်သည် ပတ်ဝန်းကျင်ကို ဓါတ်မီးနဲ့ထိုးကြည့်ပါတယ်။ အဲဒီအခါမှာ ခွေးအူသံတွေကြားလိုက်ရပြီးတော့ လူလိုလိုအကောင်တွေ လေးငါးခြောက်ကောင် တောအုပ်ထဲကနေ ပြေးထွက်လာပြီးတော့ စခန်းခြံစည်းရိုးကို လွှားကနဲခုန်တက်လိုက်ကြပါတယ်။ သူတို့က ခုန်တက်ပြီးတော့ စက်ကြီးတွေ ရပ်ထားတဲ့နားမှာ ပျောက်ကွယ်သွားကြပါတယ်”
ဘကြီးအောင်က မျက်မှောင်ကြုတ်လိုက်သည်။
“လူလိုလိုအကောင်ဆိုတော့ မင်းသေချာမတွေ့လိုက်ဘူးလား”
“ကျွန်တော် ဓါတ်မီးနဲ့သေချာထိုးကြည့်ပါတယ်။ ဒါပေမယ့် ပြေးတာအရမ်းမြန်လို့ ရိပ်ကနဲပဲတွေ့လိုက်ရပါတယ်။ လူလိုပဲ လမ်းလျှောက်ပြေးတာပါ”
“ကောင်းပြီ၊ တစ်စခန်းလုံးက လူတွေကို လိုက်ပြီးသတိပေးပါ၊ ပြီးရင် ကိုယ်အိပ်တဲ့နေရာတွေကိုအရင်ဆုံး စစ်ဆေးကြည့်ကြပါ။ ကျန်တဲ့လူတွေကတော့ စက်ကြီးတွေထားတဲ့နေရာကို ဝိုင်းပြီးရှာကြရအောင်”
စက်ယန္တယားကြီးများ ရပ်ထားသည့်နေရာမှာ စက်များတစ်စီးနှင့်တစ်စိးကပ်နေသဖြင့် မှောင်ရိပ်များကျနေလေသည်။ ထိုနေရာကို စခန်းမှ လူအင်အားဖြင့်ဝိုင်းလိုက်ပြီးနောက် သေချာဓါတ်မီးထိုး၍ ရှာကြည့်ကြသည်။
“ဘကြီးရေ . . . ဟိုမှာ . . . ဟိုမှာ”
လူရိပ်တစ်ခုသည် မြေသယ်ကားကြီးတစ်စီး၏ ဘီးများအကြားတွင် ဝပ်နေလေရာ သူတို့အော်သံကြောင့် ထပြီး စခန်းအပေါက်ဝဖက်သို့ ပြေးတော့သည်။ စခန်းမှာ အဝိုင်းပုံစံရှိပြီး အပေါက်ဝက တစ်ပေါက်တည်းသာရှိသည်။ ဝန်ထမ်းများအားလုံးလဲ ထိုလူနောက်ကိုပြေးလိုက်ကြသည်။ မီးရောင်ထဲတွင် ထိုလူကိုကြည့်ရတာ ပိန်ပိန်ပါးပါးနှင့် ဖြစ်ပြီး အလွန်အပြေးလဲ မြန်လှသည်။ သူတို့ပြေးလိုက်ရင်း ထိုလူသည် စခန်းဂိတ်ပေါက်ဝကို ခုန်ကျော်ပြီးနောက် ပျောက်ကွယ်သွားတော့သည်။ သူတို့အားလုံးမောပန်းနေကြသည်။
“ဖုတ် . . . . ဖုန်း”
ထိုအသံကြီးကို ကြားလိုက်ရပြီးနောက် စခန်းတစ်ခုလုံး မီးမှောင်ကျသွားတော့သည်။
“မီးစက်ဘာဖြစ်တာလဲဟေ့ . . .”
ထိုတော့မှ မီးစက်ကို ပြေးကြည့်ကြတော့ မီးစက်တဲမှာ မီးခိုးလုံးများအူပြီးထွက်နေလေသည်။
“စက်ပြင်ဆရာလာပါဦး . . . စက်ပြင်ဆရာ”
ထိုသို့ခေါ်လိုက်သည့်အခါတွင် စက်ပြင်ဆရာတွေက လာရောက်ပြီးမီးစက်ကိုကြည့်ကြသည်။ ထို့နောက် ခေါင်းခါကြသည်။
“မရတော့ဘူး . . . အဓိက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပျက်စီးသွားတယ်”
စခန်းတာဝန်ခံက
“စခန်းက ဂိုဒေါင်မှာ အပိုပစ္စည်းမရှိဘူးလား”
“မရှိဘူးဆရာ၊ ကားအတွက် အပိုပစ္စည်းတွေရှိပေမယ့် မီးစက်ရဲ့ ဒီအစိတ်အပိုင်းကတော့ တော်ရုံနဲ့ ပျက်ခဲလို့ အပိုမရှိဘူးဆရာ”
“ကောင်းပါပြီ၊ ဒါဆို ဒီညတော့သတိဝိရိယနဲ့ နေကြပါ၊ မီးပုံတွေဖိုပြီး ကင်းသမားတွေ ဆက်စောင့်ကြပါ၊ မနက်ဖြန် ရုံးချုပ်ကိုပြောပြီးတော့ အပိုပစ္စည်းလှမ်းယူပေးမယ်၊ ဒီညတော့ သည်းခံကြဦး”
ထိုသို့ပြောလိုက်သဖြင့် လူစုခွဲလိုက်ကြသည်။ သူတို့မြင်တွေ့ခဲ့သည့် အရာကိုတော့ ဝန်ထမ်းများက တစ်ယောက်တစ်မျိုး ထင်ကြေးပေးနေကြသည်။
နောက်တစ်နေ့တော့ ဘိုဘိုတို့က ညကင်းစောင့် ကျထားသဖြင့် အလုပ်ဆင်းရန်မလိုပေ။ စခန်းမှာသာ အိပ်လိုက်စားလိုက်နှင့် အချိန်ကုန်နေလေသည်။ သူတို့ညက တွေ့ခဲ့သည့် လူခုန်ဝင်လာသည့် နေရာကို သွားကြည့်ရာ ထိုနေရာတွင် မြေကပျော့နေသဖြင့် လူခြေရာတစ်ခုကို အထင်းသား တွေ့မြင်ရသည်။ ခြေရာမှာ ရှည်ရှည်မြောမြောဖြစ်သည်။
“လူလို့ပဲထင်တယ်၊ တို့စခန်းက ဆီတို့၊ တန်ဖိုးရှိတာတွေ လာခိုးတာဖြစ်မယ်”
“လူဆိုရင် ဒီနားမှာ လူနေတဲ့နေရာ နီးလို့လား ဘကြီးအောင်ရဲ့”
“ခုနစ်မိုင်လောက်အကွာမှာ ရွာတစ်ရွာရှိတယ်၊ ဆိုတော့ အဲဒီကလူတွေများ မနက်ကတည်းက ကြိုလာပြီး စခန်းထဲဝင်ကာ ပုန်းအောင်းနေသလားပဲ”
စခန်းတာဝန်ခံနှင့် ဘကြီးအောင်တို့ အတူတူစဉ်းစား တိုင်ပင်နေကြသည်။
“ဒါဆို စခန်းကို နေ့ဘက်ပါ ကင်းချမှရတော့မယ် ဘကြီးအောင်”
“ကောင်းပြီ အဘစီစဉ်လိုက်ပါ့မယ်”
ဘကြီးအောင်က ပြောလိုက်ပြီးနောက် တဲအတွင်းမှ ထွက်သွားရန်ပြင်ဆင်လိုက်လေသည်။ သို့သော် နောက်ပြန်လှည့်၍
“ဒါနဲ့ ဆရာမျိုး၊ မီးစက် ကိစ္စကော ဘာထူးလဲ”
“ကျုပ် ခုနကပဲ ဒီက အထိုင်စခန်းနဲ့ဆက်သွယ်လိုက်တော့ သူတို့ဆီမှာလဲ အဲဒီပစ္စည်းမရှိဘူးဖြစ်နေတယ်။ နောက် နှစ်ရက်၊ သုံးရက်လောက်ကြာရင် ရန်ကုန်ကနေ တွဲကားတွေလာဖို့ရှိတယ်။ အဲဒီတော့ ပစ္စည်းကို ထည့်ပေးလိုက်မယ်ပြောတယ်”
“ဒါဆို ကြာဦးမှာပေါ့”
ဘကြီးအောင်က ကွမ်းဝါးရင်း ပြောလိုက်သည်။
“နောက်သုံးလေးရက်ဆို ရမယ်ထင်တယ် ဘကြီး”
ဘိုဘိုလဲ နေ့လည် ထမင်းစားပြီးတော့ ပြန်အိပ်ရန် ကြိုးစားသည်။ သို့သော် တဲအတွင်းမှာ ပူလှသဖြင့် တဲအပြင်သို့ထွက်လာခဲ့သည်။ စခန်းအပြင်တွင် ဝါးနှင့်ပြုလုပ်ထားသည့် ခုံတန်းကလေးများ၊ သစ်သားဖြင့် ပြုလုပ်ထားသည့် ခုံတန်းများ နေရာအနှံ့ရှိလေရာ ထိုခုံတန်းကလေးများတွင် လေတဖြူးဖြူးနှင့် အိပ်လိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။ ရာသီဥတုက ပူလောင်နေသည်ဆိုသော်လည်း မိုးက ရွာမလိုလိုနှင့် အုံ့နေလေသည်။
ဘိုဘိုလဲ လဲလျောင်းရင်း မှေးကနဲ ဖြစ်သွားလေသည်။ ထိုစဉ် စခန်းအတွင်း ကားများဝင်လာသံကို ကြားလိုက်ရပြီး လူများပူညံပူညံအသံကိုလဲ ကြားလိုက်ရသဖြင့် ဘိုဘိုလဲ အိပ်နေရာမှ လန့်နိုးသွားပြီး ထိုနေရာသို့ပြေးသွားတော့သည်။ ရှင်းလင်းဆောင်တွင် လူများဝိုင်းကြည့်နေကြသည်။ သူတို့အလယ်တွင် ကိုအေး ဆိုသည့် ဝန်ထမ်းတစ်ယောက်မှာ ချွေးစေးများပြန်ပြီးနောက် ကယောင်ကတမ်းဖြစ်နေသည်။
“ဘာဖြစ်ကြတာလဲဗျ”
“ကိုအေး တောထဲမှာ ကျားနဲ့တွေ့ခဲ့တယ် ဆိုပဲဗျ”
“ဘယ်လို . . . ကျားဟုတ်လား”
“သူလဲ အရှေ့က လူတွေ အပင်တွေလှဲချပြီးသွားတုန်း သူတို့က အနောက်ကနေ မြေတွေ လိုက်ညှိနေတာပေါ့။ အဲဒီအချိန် သူု့အနားက ကျောက်တုံးပေါ်မှာ ကျားကြီးတစ်ကောင် သူ့ကိုကြည့်ရင်း မာန်ဖီနေတာကို တွေ့လိုက်ရသတဲ့ကွာ”
“အဲဒီကျားဘယ်ရောက်သွားလဲ”
“သူဖြစ်တဲ့နားမှာ တခြားသူတွေလဲရှိတယ်၊ တစ်ခြားသူတွေကတော့ ကျားကိုမတွေ့ရဘူး၊ အဲဒီနေရာမှာလဲ ကျားခြေရာတွေ ဘာတွေမကျန်ခဲ့ပါဘူးကွာ”
“ထူးတော့ ထူးဆန်းတယ်နော်”
“ဘိုဘို မင်းနှုတ်လုံနော်၊ ငါ့အထင် ဒီကိစ္စက မရိုးသားဘူးကွ၊ တောအုပ်ကြီးက တို့ကို ခြောက်လှန့်နေတာပဲဖြစ်ရမယ်”
ဘိုဘိုလဲ မတွေးတတ်တော့ဘဲ ခေါင်းကိုသာကုတ်နေလိုက်သည်။ ကိုအေးကတော့ အခုထိအကြောက်မပြေသေးပေ။
ညရောက်ခဲ့ပြန်ပြီ။ ရှင်းလင်းဆောင်အတွင်း တစ်စခန်းလုံးမှ ဝန်ထမ်းများစုဝေးနေကြသည်။ ရှင်းလင်းဆောင်အတွင်းတွင် မီးခွက်များ၊ ဖယောင်းတိုင်များထွန်းထားသလို၊ အားသွင်းသည့် ဓါတ်မီးကလေးများကိုလဲ ထွန်းထားကြသည်။
“ကဲ အားလုံးပဲနားထောင်ပါ၊ မီးစက်က ပြင်မရသေးဘူး၊ သုံးလေးရက်လောက်တော့ ကြာဦးမယ်၊ ဒါကြောင့်မို့လို့ အားလုံးသတိဝိရိယနဲ့နေကြပါ။ စခန်းထဲမှာ မီးဖိုတွေဖိုထားကြမယ်၊ နောက်ပြီး ကင်းသမားတွေ အသောက်အစားမလုပ်ပဲ သေသေချာချာကင်းစောင့်ကြပါ၊ ကင်းသမားတွေဆီကို ကင်းလှည့်ဖို့ ကင်းအဖွဲ့တစ်ဖွဲ့ကိုလဲ စီစဉ်ပေးထားတယ်၊ ကျုပ်ကိုယ်တိုင်ဦးစီးပြီးတော့ ကင်းလှည့်မယ်”
ထိုအခါ ဝန်ထမ်းများအားလုံး သဘောတူလိုက်ကြသည်။
ကင်းအဖွဲ့တွင် စခန်းတာဝန်ခံဦးမျိုး၊ ဘကြီးအောင် ခေါင်းဆောင်ပြီး အခြားဝန်ထမ်း ၁၀ယောက်ခန့်ပါဝင်ကာ စခန်းအတွင်း နှစ်နာရီခြားတစ်ခါလောက် လှည့်ပတ်ကာ ကင်းသမားများကို စစ်ဆေးရတော့သည်။ နေ့ခင်းဘက်တွင် အလုပ်လုပ်ရ ညဘက်ကင်းစောင့်ရပြန်တာမို့ အလွန်ပင်ပန်းနေကြသည်။ ကင်းသမားမဟုတ်သည့် ဝန်ထမ်းများမှာလဲ ကောင်းကောင်းမအိပ်ရဲဘဲ နိုးနိုးကြားကြားနေကြရသည်။
ည (၁) နာရီထိုးပြီ။
“ဆရာမျိုး နေခဲ့ပါလား၊ ကျုပ်ပဲသွားလိုက်မယ်”
“မဟုတ်တာ ဘကြီးရယ် ဘကြီးက အသက်ကြီးနေပြီ ဒီတစ်ခေါက်တော့ နားလိုက်ပါ”
ဘကြီးအောင်ကလဲ ခေါင်းခါသည်။ သို့နှင့် ရှင်းလင်းဆောင်အတွင်း အိပ်မောကျနေကြသော ကင်းအဖွဲ့ကို နှိုးလိုက်ပြီး ကင်းလှည့်ရန် ထွက်လာခဲ့ကြသည်။
ထိုစဉ်
“ဝေါ . . . ဝရော . . .”
“ဒုန်း . . . ဒုန်း”
ကောင်းကင်ပေါ်မှ ခဲလုံးများ ကျဆင်းလာပြီးနောက် စခန်းအတွင်းရှိ အဆောက်အဦးများပေါ်သို့ ကျတော့သည်။ သွပ်မိုးများဖြစ်သဖြင့် အသံက ကျယ်လောင်စွာထွက်လာလေသည်။ ကျောက်ခဲများမှာ တစ်လုံးခြင်းပစ်ခတ်ခြင်းမဟုတ်ဘဲ အဆုပ်လိုက် အခဲလိုက် ပစ်နေသဖြင့် မိုးရွာသကဲ့သို့ ကျနေလေသည်။ ကင်းအဖွဲ့လဲ နီးစပ်ရာ တဲအရိပ်ကိုခိုကာ အသံကိုနားစွင့်နေသည်။
“ဆရာမျိုးစခန်းအနောက်ဘက်ကနေ ပစ်နေတာဖြစ်မယ်”
“ကဲ အားလုံးပဲ စခန်းအနောက်ဘက်ကိုသွားကြမယ်၊ မသင်္ကာတာတွေ့ရင် ဆော်သာဆော်ကြ”
ထိုသို့ပြောပြီး ကင်းအဖွဲ့က စခန်းအနောက်ဖက်သို့ ပြေးကြသည်။ ခဲများမှာ မိုးရွာသလိုကျနေသဖြင့် ကင်းအဖွဲ့ကိုလဲ ခဲများလာမှန်နေလေသည်။ တဲများအတွင်းမှ နိုးနေကြသူများလဲ အပြင်သို့မထွက်ရဲသေးဘဲ ကြည့်နေကြသည်။
ကင်းအဖွဲ့လဲ ခဲအမှန်ခံပြီး စခန်းအနောက်ဘက်သို့ပြေးကြသည်။ ထိုနေရာတွင် ကင်းကျသည့်သူများရှိပြီး ထိုကင်းသမားနှစ်ဦးမှာလဲ စခန်းခြံစည်းရိုးအောက်တွင် ဝပ်နေကြလေသည်။
“ဘယ်သူတွေ ပစ်နေတာလဲ”
“မသိဘူးဆရာ အပြင်ကနေပစ်နေတာ”
ဆယ်မိနစ်လောက်နေတော့ စခန်းတစ်ခုလုံး ညိမ်သက်သွားသည်။ ခဲများမကျလာတော့ပေ။ ထိုတော့မှ စခန်းအတွင်းမှလူများထွက်လာလေသည်။ စခန်းအတွင်း တစ်လက်မခန့်ရှိသော ကျောက်စရစ်ခဲကလေးများ အများအပြားကျနေလေသည်။
ဘိုဘိုလဲ ခဲတွေမကျတော့မှ အပြင်သို့ထွက်ခဲ့သည်။ ရှင်းလင်းဆောင်တွင် လူများစုဝေးနေကြသည်။
“ကဲ ဝန်ထမ်းအားလုံးနားထောင်ကြပါ၊ ကျုပ်တို့တော့ ဘာမှန်းမသိတဲ့တိုက်ခိုက်တာကို ခံနေရပြီ၊ ဒီတော့ ဘယ်လိုလုပ်ကြမလဲ။ စဉ်းစားထားတာရှိရင် ပြောကြပါ”
“ကျုပ်တို့ ပြန်တိုက်မယ်”
လူတစ်ယောက်ကပြောလိုက်ကာ လက်သီးဆုပ်ကိုထောင်ပြလိုက်သည်။ ထိုအခါ အခြားလူများကလဲ အားရှိသွားကာ အကုန်လက်သီးများကို ထောင်လိုက်ကြသည်။
“ကျုပ်တို့ တိုက်မယ်၊ ကျုပ်တို့ ပြန်တိုက်မယ်”
ဘကြီးအောင်က ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ ဒီတစ်ခါ လက်နက်တွေစုထားပါ၊ လေးခွရှိတဲ့သူတွေက လေးခွတွေအသင့်ပြင်ထားကြ၊ သူတို့ကို ငါတို့ ခြံစည်းရိုးနားက စောင့်နေကြမယ်၊ သူတို့လာပစ်ရင် ငါတို့လဲ လေးခွတွေ၊ ခဲတွေနဲ့ ပြန်ပေါက်ကြမယ်”
စခန်းအတွင်းမှ ဝန်ထမ်းများအားလုံး ညာသံပေးပြီး အော်ဟစ်လိုက်ကြသည်။ အများစုက ယောက်ျားသားတွေ၊ လုပ်နိုင်ကိုင်နိုင်သည့်အရွယ်တွေမို့ အင်အားတက်ကြွနေကြသည်။
စခန်းအတွင်း တုတ်များ၊ ဓါးများကို စုဆောင်းလိုက်ကြသည်။ ဝါးရင်းတုတ်များလဲ အသင့်ပြင်ထားကြသည်။ လေးခွကတော့ လေးငါးလက်သာရှိသည်။ ဘိုဘို့ထံတွင်လဲ ကျွဲချိုလေးခွကြီးတစ်လက်ရှိသည်။
“လေးခွသမားတွေလာကြ မင်းတို့လက်တည့်ရဲ့လား”
“တည့်မတည့် စမ်းပစ်ပြရမလား”
ဘိုဘိုက ထိုသို့ပြောလိုက်ပြီးနောက် ထမင်းစားဆောင်အတွင်းရှိ နို့ဆီဗူးခွံတစ်ခုကို ရှင်းလင်းဆောင်မှနေ၍လှမ်းပြီး ပစ်ခတ်ပြလိုက်တော့သည်။ ထိုအဆောင်နှစ်ခုမှာ အတန်ငယ်ဝေးလေသည်။
“ကောင်းပြီ လေးခွသမားတွေက သေချာထိအောင်ပစ်နော်”
ထို့နောက် သူတို့ဝန်ထမ်းတွေ တစ်ဖွဲ့ကြီးအနောက်ဖက်ခြံစည်းရိုးသို့ ချီတက်သွားကြပြီး ခြံစည်းရိုးအနားတွင်နေရာယူထားကြသည်။ ခြံစည်းရိုးပေါ်တက်ရန် လှေကားများကိုလဲ အားချင်းသစ်သားများဖြင့် ရိုက်လိုက်ကြသည်။ ခဲလုံးများ၊ ကျောက်တုံးများကိုလဲ အသင့်အနေအထားဖြင့် ခြံစည်းရိုးအောက်ခြေတွင် ပုံထားလိုက်ကြသည်။
ည ၂ နာရီထိုးပြီ။
“ဝေါ . . . ဝေါ”
“ဒုန်း . . . ဒုန်း”
ခဲတွေကျလာပြန်သည်။ ဘကြီးအောင်က အော်ဟစ်လိုက်သည်။
“ချကြဟေ့”
ထိုအခါ ခြံစည်းရိုးနောက်မှလူများသည် လှေကားများပေါ်တက်ကြပြီးနောက် အပြင်သို့ချိန်ရွယ်လိုက်ကြသည်။ ဓါတ်မီးများနှင့်လဲ အပြင်ကိုလှမ်းထိုးလိုက်ကြသည်။ အနောက်ဖက်ခြံစည်းရိုးနှင့် မနီးမဝေးတွင် လူသဏ္ဍာန်အရိပ်များ တန်းစီပြီးရပ်နေကြပြီး သူတို့ကခဲများဖြင့် လှမ်းလှမ်းပြီးပေါက်နေကြသည်။
“ပစ်ကြတော့ . . . .”
ဘကြီးအောင်မှပြောလိုက်သည်နှင့် ဝန်ထမ်းများက ခြံစည်းရိုးပေါ်မှနေ၍ ခဲများဖြင့်လှမ်းပစ်တော့သည်။ သို့သော် သူတို့ပြန်ပစ်သောခဲများမှာ သူတို့ကိုလာပစ်သော သူများဆီသိပ်မရောက်ပေ။
“ခဲတွေ မရောက်ဘူးဗျာ၊ လောက်လေးမရှိတာ နာတယ်”
ထိုသို့ငြီးတွားကြလေသည်။
“ကဲ လောက်လေးသမားတွေ အသင့်နေရာယူပြီးပစ်ကြတော့”
ဘိုဘိုက လှေကားပေါ်ကိုတက်လိုက်ပြီးနောက် သူတို့ကိုပစ်နေသည့် သူများကို ထိုးချိန်လိုက်သည်။ သူတို့ကိုပစ်နေသည့်သူများက အမှောင်ထဲတွင် အနက်ရောင်သာမြင်ရလေသည်။ ဓါတ်မီးနှင့်ထိုးကြည့်သောအခါလဲ လူလိုအသားမတွေ့ရပဲ မီးသွေးတုံးတွေလို မည်းနက်နေသည်။ ထိုလူတွေက လက်ကြီးတွေကို လွှဲကာ လွှဲကာနှင့် လောက်လွှဲကြီးများကဲ့သို့ ပစ်ခတ်နေကြသည်။
ဘိုဘိုက လောက်လေးခွဖြင့် သေချာချိန်လိုက်သည်။ လူအတန်းလိုက်ကြီးထဲမှ လူတစ်ယောက်၏ ခေါင်းကိုချိန်ရွယ်လိုက်ပြီး မှန်းကာ ပစ်ချလိုက်သည်။
“ဘုတ် . . .”
ထိုလူကို လောက်စာလုံးက တည့်တည့်ထိမှန်ပြီး ထိုလူမှာ ယိုင်ကျသွားသည်။ ထို့နောက် ပြန်ထလိုက်ပြီး ပြန်ပစ်နေပြန်သည်။
“ထိတော့ထိတယ်ဗျ . . . ဘာမှမဖြစ်ဘူး”
ဆယ့်ငါးမိနစ်ခန့် အပြန်အလှန်ပစ်ခတ်ကြပြီးနောက် ထိုလာရောက်ပစ်ခတ်သူများသည် ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားတော့သည်။ ဝန်ထမ်းများလဲ ခဲမှန်ပြီးဖူးယောင်သည့်သူများလဲရှိကြသည်။ ယခုတော့ ရှင်းလင်းဆောင်တွင် လူမစုတော့ဘဲ စခန်းအလယ်ရှိ ကွက်လပ်ကြီးတွင် မီးပုံကြီးဖိုကာ စုထိုင်နေကြသည်။
“သေချာတာကတော့ တို့ကိုတိုက်ခိုက်နေတာ လူတွေမဟုတ်ဘူး၊ မကောင်းဆိုးဝါး နာနာဘာဝတွေ တိုက်ခိုက်နေကြတာပဲ”
စခန်းတာဝန်ခံ ဦးမျိုးက ခေါင်းကိုက်နေပြီဖြစ်သည်။
“ဒါဆို ဘယ်လိုဆက်လုပ်ကြမလဲ”
အားလုံးကလဲ ထင်ရာထင်ကြေးများပြောနေကြသည်။ ဘကြီးအောင်က မုတ်ဆိတ်မွှေးကျိုးတို့ကျဲတဲနှင့် သူ့မေးစေ့ကို ပွတ်နေလေသည်။
“ဒီညတော့ သည်းခံလိုက်ကြမယ်၊ မနက်ရောက်ရင်တော့ အနားက ရွာက ဦးဇင်းတွေပင့်ဖိတ်ပြီး ပရိတ်တရားနာကြမယ်၊ ပရိတ်ရွတ်ကြမယ်”
အများစုက ထိုအကြံကို လက်ခံလိုက်လေသည်။ သို့သော် လူအနည်းစု လူငယ်တော်တော်များများမှာ ဒေါသကိုမထိန်းနိုင်တော့။
“အိုဗျာ . . . သရဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကျုပ်တို့မကြောက်ဘူး၊ ဒီတစ်ခါလာရင် ကျုပ်တို့ထွက်ရိုက်မယ်”
“တိတ်ကြတော့။ ဘယ်သူမှ အထွန့်မတက်ကြနဲ့၊ အခုနေရာမှာ ငါကတာဝန်ခံဆိုတော့ ငါ့စကားကိုနာခံကြရမယ်၊ ငါတို့ ဘကြီးအောင်ပြောတဲ့အတိုင်း လုပ်ကြမယ်။ လောလောဆယ် ကင်းသမားတွေချထားပြီး ကျန်တဲ့လူတွေက ပြန်အိပ်ကြတော့”
လူစုကွဲသွားသော်လည်း ခြံစည်းရိုးနှင့်နီးသည့် မိသားစုများနေထိုင်သည့် တဲကလေးများမှ သူများမှာမနေရဲကြတော့သဖြင့် သူတို့နေထိုင်ဖို့အတွက်ကို စီစဉ်ပေးနေရလေသည်။
ည (၃) နာရီထိုးပြီ၊ ကင်းအဖွဲ့နှင့် ကျန်သည့်လူများသည် ရှင်းလင်းဆောင်နှင့် ထမင်းစားသောက်ဆောင်အတွင်း၌ပင် အိပ်စက်နေကြသည်။ မိုးတွင်းမို့ အေးမြမှုက တိုး၍လာလေသည်။
“ဝေါ . . . ဝရော”
“ဒုန်း . . . . ဒုန်း”
အသံဗလံများကြားသဖြင့် အားလုံးလန့်နိုးသွားကြသည်။ နောက်တစ်ခေါက်လာရောက် ပစ်ခတ်ကြခြင်းပင်ဖြစ်သည်။ ယခုတစ်ခါတွင်တော့ အနောက်ဖက်ခြံစည်းရိုးအနီးမှ မဟုတ်ဘဲ မြောက်ဘက်ခြံစည်းရိုးမှ လာရောက်ပစ်ခတ်ခြင်းဖြစ်သည်။ ထိုမြောက်ဖက်ခြံစည်းရိုးသည် တောအုပ်နှင့်ပိုနီးပြီး ထိုနေရာရှိ တောအုပ်ကို မရှင်းလင်းရသေးပေ။
“ဘာမှပြန်မလုပ်ကြနဲ့တော့ . . . အကာအကွယ်တွေယူပြီးတော့သာနေကြတော့၊ သူတို့ခြံစည်းရိုးထဲကို မဝင်လာရဲပါဘူး”
အားလုံးကိုအော်ပြောရင်း ထရံများ၊ အမိုးများအောက်တွင် အကာအကွယ်ယူထားကြသည်။ ထိုစဉ် စိုးကြီးဟုခေါ်သည့် စက်ပြင်ဆရာနှင့် လူငယ် ၁၅ ယောက်တို့က ဓါးများကိုင်ပြီးနောက် သူတို့အိပ်ဆောင်အတွင်းမှ ထွက်လာကြသည်။ သုံးထပ်သားပြားများကို ရာဘာလက်ကိုင်ကွင်းများရိုက်ပြီး ဒိုင်းအဖြစ်လုပ်ထားသည့် အရာများဖြင့် ခဲလုံးများကို ကာကွယ်ပြီးထွက်လာကြသည်။
“စိုးကြီး ဘာလုပ်မလို့လဲ”
“ဆရာတို့ မထွက်ရင်နေ . . . ကျွန်တော်တို့ထွက်ပြီး ဒီကောင်တွေကို ဆော်မလို့”
“နေ . . . နေကြပါဦး”
ပြော၍ပင်မဆုံးလိုက် စိုးကြီးတို့မှာ လှေကားများယူကာ မြောက်ဘက်ခြံစည်းရိုးသို့ ပြေးသွားကြသည်။ ဘကြီးအောင်နှင့် ကင်းအဖွဲ့လဲ သူတို့နောက်မှပြေးလိုက်သွားကြသည်။ စိုးကြီးတို့က ခြံစည်းရိုးကို လှေကားဖြင့်ထောင်လိုက်ပြီးနောက် လှေကားပေါ်တက်ကာ ခြံစည်းရိုးတစ်ဖက်သို့ လွှားကနဲ ခုန်ချလိုက်ကြတော့သည်။ ထို့နောက် လူစုပြီး ဒိုင်းများဖြင့် အကာအကွယ်လုပ်ကာ ထိုလူအုပ်ကြီးဆီသို့ပြေးသွားကြတော့သည်။
စခန်းအတွင်းမှလူများလဲ ဓါတ်မီးများဖြင့် ဝိုင်းထိုးပေးကြပြီးနောက် လေးခွသမားများကလဲကူပစ်ပေးကြသည်။ ထိုလူအုပ်ကြီးဆီသို့ စိုးကြီးတို့ မရောက်မီမှာပင် အလွန်ကျယ်လောင်သော အသံကြီးကိုကြားလိုက်ကြရတော့သည်။
“ဝေါင်း . . . ဝေါင်း”
အသံမှာ ကြားသံကြီးဖြစ်ပြီးတောအုပ်အတွင်းမှာ ကျားကြီးတစ်ကောင် ခုန်ထွက်လာလေသည်။ ကျားကြီးမှာ ၁၅ ပေခန့်ရှည်လျားပြီး လူတစ်ယောက်နီးပါးအရပ်မြင့်ကာ မျက်လုံးကြီးများမှာ နီရဲနေလေသည်။
“အဲ . . . အဲဒါ ကိုးတောင်ကျားကြီးဟ”
သူတို့ စခန်းထဲမှလူများက အော်ဟစ်ပြောလိုက်ကြသည်။ စိုးကြီးနှင့်အဖွဲ့က ကျားကိုတွေ့တော့ ရပ်တန့်သွားကြသည်။ ကျားကြီးက တောအုပ်ထဲမှနေ၍ စခန်းဆီသို့ပြေးလာနေသည်။ စိုးကြီးတို့အဖွဲ့လဲ အလဲလဲအပြိုပြိုနှင့် စခန်းဆီသို့ ပြန်ပြေးကြတော့သည်။ သို့သော် စခန်းက ဝင်ပေါက်မရှိပေ။ ခြံစည်းရိုးကြီးသာရှိပြီး ထိုခြံစည်းရိုးကြီးမှာလဲ မြင့်သည့်အပြင် အပြင်မှ အလွယ်တကူမတက်နိုင်သည်မို့ ခြံစည်းရိုးနားတွင် ကပ်နေကြသည်။ ကျားကြီးမှာ ဓါတ်မီးရောင်များအောက်တွင် အဝါရောင်နှင့် အနက်ရောင် အကျားကြီးများကို ထင်ရှားစွာမြင်ရလေသည်။ ကျားကြီးမှာ စခန်းဆီသို့ တဖြေးဖြေးပြေးလာလေသည်။ သို့သော် စခန်းနားအထိမလာတော့ဘဲ တစ်ချက်သာဟိန်းဟောက်ပြီးနောက် တောအုပ်အတွင်းသို့ ပြန်လှည့်ဝင်ပြေးသွားတော့သည်။
အခန်း (၅)
“ဆရာ ကျုပ်တို့မလုပ်တော့ဘူး။ ပြန်တော့မယ်၊ အလုပ်လဲထွက်စာတင်ပြီ”
ရှင်းလင်းဆောင်အနားတွင် ပြန်မည့်သူများ အထုပ်အပိုးများနှင့်တန်းစီနေကြသည်။ အများစုမှာ အသက်ကြီးသည့် ဝန်ထမ်းများဖြစ်ပြီး သူတို့က မိသားစုလိုက် လာရောက်နေကြသဖြင့် ကလေးတွေလဲ ပါဝင်ကြသည်။ တစ်စခန်းလုံး တစ်ညလုံး မအိပ်ရသေးသည်မို့ ထိုနေ့တော့ အလုပ်မဆင်းနိုင်ကြတော့ပေ။
“အင်းလေ ခင်ဗျားတို့မနေချင်ဘူးဆိုမှတော့ ဘယ်တတ်နိုင်မလဲ၊ ဟုတ်ပြီလေ၊ ခင်ဗျားတို့ထွက်စာတွေကို ခုံပေါ်တင်ခဲ့ပါ”
စခန်းအတွင်းမှ အလုပ်သမားလေးဆယ်လောက်က ထွက်သွားသဖြင့် အလုပ်ထွက်စာတွေ စားပွဲပေါ်တွင် အပုံလိုက်ကြီးကျန်နေခဲ့တော့သည်။
“ကဲ ပြန်မည့်သူတွေ မြေသယ်ကားကြီးပေါ်တက်ကျတော့၊ ကျုပ်လဲ အထိုင်ရုံးကိုသွားပြီး ဒီအကြောင်းကိုတင်ပြရမယ်၊ ဘကြီးအောင်ကတော့ မနေ့ကပြောထားတဲ့အတိုင်း ရွာကိုသွားပြီး ဘုန်းကြီးတွေနဲ့ ပရိတ်ရွတ်ဖို့စီစဉ်လိုက်ပါ။ ကျန်တဲ့သူတွေကတော့ စခန်းကိုသေချာစောင့်ကြပ်ပြီးတော့ အလှည့်နဲ့အိပ်ထားကြပါ၊ ဒီညဘာဖြစ်မယ်ဆိုတာ ဘယ်သူမှမပြောနိုင်ဘူးလေ”
စခန်းတာဝန်ခံ ဦးမျိုးကပြောပြီးနောက် မြေသယ်ကားကြီးပေါ်တွင် လူများတက်လိုက်ကာ ထိုကားကြီးက ထွက်ခွာသွားတော့သည်။ စခန်းမှာ ရှေ့တန်းစခန်းမို့ အဆက်အသွယ်ဝေးသည်။ စခန်းအတွင်းကျန်နေခဲ့သူများမှာ လူငယ်ပိုင်းများသာ ကျန်နေခဲ့ကြတော့သည်။ လူလတ်ပိုင်းတစ်ချို့နှင့် မိသားစုပါသူများကတော့ ပြန်ကုန်ကြပြီဖြစ်သည်။
ဘကြီးအောင်က ဆေးလိပ်တစ်လိပ်ကိုဖွာလိုက်ပြီးနောက် ရှင်းလင်းဆောင်အတွင်းမှထလိုက်သည်။ ဘိုဘိုကလဲ ဘကြီးအောင်အနားတွင် ရပ်နေလေသည်။
“ကဲ တို့တွေလဲ မြေသယ်ကားတစ်စီးနဲ့ ရွာကိုသွားရအောင်ဟေ့”
ထိုသို့ပြောလိုက်သဖြင့် ကိုစံပေါနှင့် ဘိုဘိုတို့လဲ တစ်ယောက်နှင့်တစ်ယောက် မျက်စပစ်လိုက်ကြပြီးနောက် ဘကြီးအောင်နောက်သို့ လိုက်လာခဲ့ကြတော့သည်။
“နှမ်းခါးရွာ”
ရွာကလေးမှာ ကားလမ်းမနံဘေးတွင်ရှိသည်။ ထိုကားလမ်းမမှ မြေသားလမ်းသစ်ကြီးတစ်ခုခင်းထားပြီး သူတို့စခန်းချရာ တောစပ်သို့လမ်းဖောက်လုပ်ထားသည်။ ထိုလမ်းကြီးမှာ ၈မိုင်ခန့်ဝေးလေသည်။ ရွာကလေးမှာတော့ ရွာသေးလေးတစ်ရွာဖြစ်သည်။ အိမ်ခြေ ၅၀ေ လာက်သာရှိပြီး ခေါင်လှသည်။ ရွာထိပ်တွင် ရေကန်တစ်ကန်နှင့် ဘုန်းကြီးကျောင်းတစ်ကျောင်းရှိသည်။ မြေသယ်ကားကြီးက ရွာထိပ်က ကွမ်းယာဆိုင်ကလေးတွင် ရပ်တန့်လိုက်လေသည်။
“သူကြီးအိမ် ဘယ်အိမ်လဲဗျ”
သို့နှင့် သူကြီးကိုပါ အကျိုးအကြောင်းပြောပြီး ဝင်ခေါ်ကာ ရွာဦးဘုန်းကြီးကျောင်းသို့ ထွက်လာခဲ့တော့သည်။ ဘုန်းကြီးကျောင်းမှာ အရိပ်ကောင်းပြီး အပင်ကြီးများလဲရှိသည်။ ကျောင်းထိုင်အပါအဝင် ဦးဇင်း သုံးပါးသာ သီတင်းသုံးနေလေသည်။
ဘကြီးအောင်က ဘုန်းကြီးကျောင်းရောက်မှ အကျိုးအကြောင်းကို အသေးစိတ်ပြောပြလိုက်တော့ ဦးဇင်းများသာမက ရွာသူကြီးပါ ထိန်လန့်တုန်လှုပ်ကုန်သည်။
“ဒကာကြီးတို့က မသိကြသေးတာ၊ အဲဒီနေရာက ကျတ်မြေကြီးပဲ”
“ကျတ်မြေ . . . ဟုတ်လားဘုန်းဘုန်း”
“ရှေးလူကြီးသူမတွေ တစ်ဆင့်စကားတစ်ဆင့်နားပြောခဲ့တာပါ. . . . ဦးဇင်းတို့လဲ မမီလိုက်ပါဘူး၊ အဲဒီတောအုပ်ကြီးက ဟိုးယခင်မြန်မာမင်းတွေ လက်ထက်တုန်းက ထင်ရှားတဲ့ရွာဟောင်းကြီးတစ်ခုပေါ့၊ အခုတော့ ကျတ်ကုန်းကြီးဖြစ်ပြီး တောကြီးဖြစ်နေတယ်”
“ဟုတ်တယ်ဗျ၊ ရွာကလူတွေကိုငယ်ငယ်ကတည်းက အဲဒီတောကို ခြေမချဖို့ မှာထားပြီးသား၊ တစ်ယောက်နှစ်ယောက်မပြောနဲ့၊ လူလေးငါးဆယ်ယောက်တောင်မှ စုပြီးမသွားရဲကြပါဘူး”
ရွာသားများပြောတာကြားတော့မှ ဘိုဘိုတို့ ဝန်ထမ်းတွေလဲ ကျောတွေချမ်းလာတော့သည်။
“ကောင်းပြီလေ၊ ဒကာကြီးတို့လဲ အခက်အခဲဖြစ်နေတယ်ဆိုတော့ အခုတော့ နေ့ဆွမ်းနီးပြီမို့ ညနေ ၃ နာရီလောက်တော့ ဦးဇင်းတို့ကိုလာပင့်ပါ၊ ဦးဇင်းတို့ ကြွခဲ့ပြီး အန္တရာယ်ကင်း ပရိတ်တရားတွေ ရွတ်ဖတ်ပေးမယ်”
ဘကြီးအောင်တို့လဲ ဦးဇင်းကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခဲ့ပြီးနောက် ပြန်လာခဲ့တော့သည်။
စခန်းရောက်တော့ စခန်းအလယ် မြေကွက်လပ်တွင် သန့်ရှင်းရေး သေချာပြုလုပ်ပြီး တာလပတ်စများခင်းထားလိုက်သည်။ ဦးဇင်းများအတွက် ထိုင်ခုံများလဲ အသင့်လုပ်ထားကြသည်။ စားပွဲအရှည်တစ်လုံးကိုလဲ ပြုလုပ်ထားပြီး ထိုအပေါ်တွင် ပရိတ်ရေ၊ ပရိတ်ပန်း၊ ပရိတ်ချည်၊ ပရိတ်သဲများကို ပြုလုပ်ကာတင်ထားလိုက်ကြသည်။
လူကြီးများက ထိုသို့အလုပ်များနေစဉ် လူငယ်များမှာလဲ စခန်းအတွင်း တုတ်၊ ဓါး၊ လေး၊ မြားများ ပြလုပ်နေကြသည်။ သစ်ကိုင်းအခက်ခွများကို လေးခွပြုလုပ်ကြသည်။ ဝါးချွန်များကို ချွန်ထားလိုက်ကြသည်။ သစ်ကိုင်းခြောက်များ၊ သစ်သားချောင်းကြီးများကို ဒီဇယ်စွတ်ထားသည့် အဝတ်များဖြင့် ပတ်လိုက်ပြီးနောက် မီးတုတ်များပြုလုပ်ထားကြသည်။
“ဘိုဘိုနဲ့ စံပေါ မင်းတို့အိပ်တော့၊ ညကျရင်အားမွေးထားကြဦး”
ဘကြီးအောင်က ထိုသို့ပြောသဖြင့် ဘိုဘိုတို့လဲ ဘားတိုက်ကိုပြန်ကာ အိပ်စက်လိုက်ကြတော့သည်။ အိပ်မက်ထဲတွင်တော့ ထိုကျတ်ကောင်ကြီးတွေက ဘိုဘို့ကို ဝိုင်းဆွဲနေသဖြင့် တုတ်ဖြင့်လိုက်ရိုက်ထုတ်နေရတော့သည်။
“ဘိုဘို ထတော့”
မည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ၊ ကိုစံပေါ နှိုးတော့မှ ဘိုဘိုလဲနိုးသည်။
“ဘယ်အချိန်ရှိပြီလဲ”
“နေတောင်စောင်းပြီကွ ပရိတ်တရားတောင်ရွတ်ပြီးလို့ ဦးဇင်းတွေတောင် ပြန်ကြွသွားကုန်ကြပြီ”
ဘိုဘိုလဲ ထလိုက်ပြီးနောက် မျက်နှာသစ်လိုက်ကာ ဗိုက်ဆာလာသဖြင့် ထမင်းစားဆောင်ဘက်သို့ ကူးခဲ့သည်။ ထမင်းတွေက ပျော့ပြဲနေပြီး ဟင်းကလဲ စားမကောင်းပေ။
“ထမင်းချက် စိန်အေးက အလုပ်ထွက်သွားလို့ ငါတို့လဲ တတ်သလိုမှတ်သလို ချက်ထားတယ်ဟေ့”
ထိုစဉ် မြေသယ်ယဉ်ကြီးနှစ်စီး စခန်းအတွင်းသို့ မောင်းဝင်လာကြသည်။ ထိုမြေသယ်ယဉ်ကြီးများပေါ်တွင်လဲ လူများလိုက်ပါလာလေသည်။ ဘိုဘိုတို့စခန်းအတွင်းမှ လူများအားလုံးလဲ ဝမ်းသာအားရဖြင့် အပြင်သို့ပြေးထွက်လာကြသည်။ ရှင်းလင်းဆောင်အနီးတွင် လူများစုရုံးလိုက်တော့လေသည်။
“ဆရာမျိုး ဘာထူးလဲ”
“ထူးတာကတော့ ရုံးကလူတွေက ကျုပ်ပြောတာကို မယုံကြဘူးဗျ၊ အလုပ်ထွက်မယ်ဆိုပြီး ဝန်ထမ်းတွေပါလာလို့သာ ယုံသလိုလိုရှိတယ်၊ ဒါနဲ့ လူအင်အား ၃၀ လောက်ထပ်ဖြည့်ပေးလိုက်ပြီးတော့ မီးစက်အသေးတစ်လုံးလဲ ကျုပ်ယူလာခဲ့တယ်”
ထိုစဉ် တာဝန်ခံဆရာမျိုး၏ နောက်တွင် အခြားလူတစ်ယောက်ကို ထပ်တွေ့လိုက်ရသည်။
“သူကတော့ ရုံးချုပ်က ထည့်ပေးလိုက်တဲ့ အင်ချပ်ပဲ၊ တို့စခန်းမှာ သုံးလေးရက်လောက်နေပြီးတော့ သူကဖြစ်ပျက်ခဲ့သမျှကို မှတ်တမ်းတင်ပြီးတော့ ရုံးချုပ်ကိုသတင်းပို့ရမှာပဲ”
“ဟုတ်ကဲ့၊ ကျုပ်နာမည် ဦးထွန်းလို့ ခေါ်ပါတယ်”
အင်ချပ်အတွက် ယခင်က ဝန်ထမ်းမိသားစုများနေထိုင်သွားသည့် တဲကလေးတစ်လုံးကို စီစဉ်ပေးလိုက်ကြသည်။
“ဆရာ အဆင်ပြေပါ့မလား”
ဘကြီးအောင်က စခန်းတာဝန်ခံကို မေးလာလေသည်။
“မပြောတတ်ဘူး။ အခြေအနေအရပေါ့ဗျာ၊ အင်ချပ်လာတယ်ဆိုတော့ ဝန်ထမ်းတွေ ထိန်းထိန်းသိမ်းသိမ်းနေကြဖို့ကို ဘကြီးအောင်က တိတ်တဆိတ်ကလေး ပြောထားပေးပါ”
ဘကြီးအောင်လဲ ခေါင်းညိတ်လိုက်လေသည်။
“ဒါနဲ့ ပရိတ်ရွတ်ပွဲကကော အဆင်ပြေရဲ့လား”
“ပြေပါတယ်၊ ဆရာတော်တွေက အကုန်လုပ်ပေးသွားတယ်”
“အင်းဗျာ၊ ဒီညတော့ စောင့်ကြည့်ရမှာပေါ့”
“ဆရာလဲ ပင်ပန်းနေပြီထင်တယ်၊ ညကလဲ ကောင်းကောင်းအိပ်မရတော့ နားလိုက်ပါတော့”
အင်ချပ်က မနားတော့ဘဲ စခန်းထဲပတ်ကြည့်သည်။ စခန်းအတွင်းလိုက်လံမှတ်သားပြီး ဓါတ်ပုံများလဲရိုက်ကြည့်သည်။ ရုံးချုပ်မှလူများက စခန်းမှလူများ အလုပ်မလုပ်ချင်ကြသဖြင့် အကြောင်းရှာသည်ဟု ယူဆ၍ အင်ချပ်ထည့်လိုက်ခြင်းဖြစ်သည်။ ဦးထွန်းက အရင်ဆုံး မီးစက်ကို သွားကြည့်သည်။ ရုံးချုပ်မှထည့်ပေးလိုက်သည့် အကြီးတန်းစက်ပြင်ဆရာကိုယ်တိုင် စက်ကို နှိုက်ချွတ်စစ်ဆေးလေသည်။ ထို့နောက် မှတ်သားကာ ဓါတ်ပုံများလဲ ကင်မရာဖြင့်ရိုက်သွားသည်။
ထို့နောက် အလုပ်သမားများ ကောက်ယူထားသော ညဘက်အပစ်ခံရသည့် ကျောက်စရစ်ခဲများကိုပြသသည်။ အနောက်ဖက်ခြံစည်းရိုးတစ်ဝိုက်ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များကိုပြသည်။ နောက်ပြီး မြောက်ဘက်ခြံစည်းရိုးတွင် ကျားနှင့်တွေ့ခဲ့သည့်နေရာများကို လိုက်လံပြသသော်လည်း အင်ချပ်က မယုံကြည်ပေ။ အကြောင်းမှာ ကျားနှင့်တွေ့သည်ဆိုသော်လည်း မြေသားပျော့ပျော့တွင် ကျားခြေရာ မကျန်ခဲ့သောကြောင့်ဖြစ်သည်။ ကျောက်စရစ်များမှာလဲ သိပ်မထူးဆန်းပေ။ ထိုတစ်ဝိုက်တွင် ကျောက်စရစ်ကျင်းများရှိသဖြင့် ထိုမှကျောက်တုံးများသာဖြစ်နိုင်သည်။ မီးစက်မှာလဲ မတော်တဆပျက်စီးတာဖြစ်ကြောင်း မှတ်တမ်းရေးလိုက်တော့သည်။
အခန်း (၆)
ညရောက်ပြန်ပြီ။ မီးစက်အသေးလေးမောင်းထားသဖြင့် စခန်းအတွင်းတွင် မီးတွေထိန်လင်းနေသည်။ ရှင်းလင်းဆောင်အတွင်း ဦးထွန်းကို လက်ဖက်သုပ်နှင့် ရေနွေးကြမ်းချပေးထားသည်။ ထိုစဉ် ကင်းစောင့်မည့်သူများ ရောက်လာလေသည်။ ဓါးများ၊ ဝါးချွန်များ၊ လောက်လေးခွများ ကိုင်ဆောင်ထားသည်ကို ဦးထွန်းက ကြည့်ပြီးခေါင်းခါလိုက်လေသည်။
“ခင်ဗျားတို့ကဗျာ ကင်းစောင့်တာလဲစောင့်တာပေါ့၊ ဒီလိုလက်နက်တွေ လိုလို့လား”
စခန်းတာဝန်ခံကို အပြစ်တင်စကားဆိုသည်။
“ကျုပ်တို့လဲ ထူးဆန်းတဲ့အဖြစ်အပျက်တွေ တွေ့ကြုံထားတာဆိုတော့ အရေးကြုံရင် အသုံးပြုဖို့ပါ”
“ကျုပ်တော့ ခင်ဗျားတို့ပြောတာတွေ တစ်ခုမှမယုံဘူး၊ ခေတ်ကိုက အင်တာနက်ခေတ်ဖြစ်နေပြီ၊ နောက်ပြီး ကျုပ်တစ်ခါထဲပြောထားရဦးမယ်နော်၊ တုတ်တွေဓါးတွေကိုင်ပြီး ဝန်ထမ်းတွေအချင်းချင်း ခုတ်ကြထစ်ကြဖြစ်ရင် ဦးမျိုး . . . ခင်ဗျားတာဝန်ပဲ”
ပရိတ်ရွတ်ထားလို့လား ဦးထွန်းပဲရောက်နေလို့လားတော့ မပြောတတ်။ ထိုညတော့ ဘာမှမဖြစ်ပေ။
မနက်မိုးလင်းပြီ။
ဝန်ထမ်းများအားလုံးရှင်းလင်းဆောင်ရှေ့တွင် စုရုံးနေကြသည်။
“ညကင်းသမားတွေ ဘာထူးဆန်းတာတွေဖြစ်လဲ”
“ဘာမှမဖြစ်ပါဘူး”
ထိုအခါ ဦးထွန်းက မျက်နှာကိုတစ်ချက်မဲ့လိုက်သည်။
“တွေ့လားဗျ၊ ခင်ဗျားတို့ စခန်းကလူတွေအလုပ်ပင်ပန်းတာနဲ့ မလုပ်ချင်လို့ ဂွင်ဆင်ပြီးူ ဇတ်လမ်းတိုက်နေတာတွေ ရပ်သင့်ပြီ”
ထိုသို့ပြောလိုက်သည့်အခါ ဘကြီးအောင်ကော ဦးမျိုးနှင့် စခန်းမှ လူဟောင်းများမှာ ဒေါသထွက်ကုန်ကြသည်။
“ဘယ်လိုဗျ . . . ကျုပ်တို့က အလုပ်မလုပ်ချင်လို့ ဒီလိုမျိုးပြောမယ်ထင်လား”
ဘကြီးအောင်အသံက အနည်းငယ်ကျယ်သွားလေသည်။
“ဒီမှာအဖိုးကြီး ကျုပ်ဒီမှာ တစ်နေ့နဲ့တစ်ညလောက်ရှိနေခဲ့ပြီ၊ ဘာဆိုဘာမှမဖြစ်ဘူးမဟုတ်လားဗျ၊ ခင်ဗျားလဲ ကိုယ့်အသက်အရွယ်ကိုယ်ထောက်ပြီး မဟုတ်တာတွေ မပြောသင့်တော့ဘူး”
ထိုသို့ပြောဆိုလိုက်သဖြင့် ဘကြီးအောင်က လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ပြီး ရှေ့သို့တိုးလာလေသည်။ စခန်းတာဝန်ခံဦးမျိုးက အခြေအနေမကောင်းတော့မှန်းသိ၍ သူတို့နှစ်ဦးကြားတွင် ဝင်ရပ်လိုက်သည်။ စခန်းမှ လူဟောင်းများကလဲ ဘကြီးအောင်ကိုထိလျှင် မကျေနပ်ကြဘဲ ရန်ပွဲကြီးထဖြစ်မည်ကို စိုးရိမ်ရလေသည်။
“ကဲ ဘကြီးအောင်ရေ၊ ဒီနေ့တော့ လုပ်ငန်းတွေပြန်စလုပ်မယ်ဗျာ၊ ဝန်ထမ်းတွေကို စုလိုက်တော့”
ထိုအခါ ဘကြီးအောင်က ဒေါသကိုလျှော့လိုက်ကာ ခေါင်းညိတ်လျှက် ရှင်းလင်းဆောင်အတွင်းမှ ထွက်သွားတော့သည်။
“ပီ . . . . ပီ”
ဘကြီးအောင် ဝီစီမှုတ်လိုက်သံကိုကြားတော့ အလုပ်သမားများအားလုံး ထမင်းစားဆောင်အတွင်းမှ ပြေးထွက်လာပြီး ရှင်းလင်းဆောင်အတွင်းသို့ ဝင်လာကြပြီး ထိုင်ခုံရှည်ကြီးတွင် ဝင်ထိုင်လိုက်ကြတော့သည်။
“ဒီနေ့ ကျုပ်တို့မြောက်ဘက်က တောအုပ်ကိုရှင်းကြမယ်၊ အဲဒီတောအုပ်က စခန်းနဲ့တအားကပ်လွန်းနေတဲ့အတွက် ကျုပ်တို့ အဲဒီနေရာကို ရှင်းရမယ်”
စခန်းတာဝန်ခံဦးမျိုးကပြောပြီးနောက် အလုပ်သမားများကို လုပ်ငန်းလုပ်ကိုင်ရမည့်နေရာများကို ညွှန်ကြားနေတော့သည်။ မကြာခင် တစ်ရက်ခန့် ရပ်နားထားခဲ့သည့် စက်ယန္တယားကြီးများမှာ ဥသြများဆွဲ ၊ ဟွန်းများတီးကာ စခန်းအတွင်းမှ အလျှိုလျှိုထွက်ခွာသွားကြတော့သည်။ အလုပ်သမားများလဲ အနှောင့်အယှက်များမကြုံရတော့သဖြင့် အားအင်များတက်ကြွနေသည်။ စခန်းမှထွက်သွားကြတော့ မနက် ကိုးနာရီပင် မထိုးသေးပေ။
တောကြီးတစ်ခုလုံး တဝုန်းဝုန်းနှင့် ဆူညံနေလေသည်။ စက်သံများ၊ သစ်ပင်ကြီးများလဲပြိုသံများနှင့် ဆူညံနေကြသည်။
“ဆရာရေ လာပါဦး”
ဝန်ထမ်းတစ်ယောက်ကလာခေါ်သဖြင့် စခန်းတာဝန်ခံဦးမျိုးနှင့် အင်ဂျင်နီယာများ ပြေးသွားကြသည်။ ဘကြီးအောင်လဲ ပြေးလိုက်လာသည်။ သူတို့ခေါ်သည့်နေရာကိုရောက်တော့ အားလုံးအံ့အားသင့်သွားကြသည်။
အလွန်သစ်ပင်များထူထပ်နေသည့် တောကြီးအတွင်းတွင် ပေ၆၀ ပတ်လည်လောက်ရှိမည့် မြေကွက်ကြီးတစ်ကွက်သည် မြက်တစ်ပင်၊ သစ်ရွက်တစ်ရွက်မှ မရှိဘဲ ပြောင်ရှင်းနေလေသည်။ တောအုပ်ကြီးဖြစ်သဖြင့် မြက်ပင်များ၊ ပေါင်းပင်များ၊ ခြုံပုတ်များက ရှုတ်ပွပြီး ထူထပ်စွာပေါက်ရောက်နေသော်လည်း ထိုနေရာတွင်တော့ မြေသားမှာ ပြောင်တလင်းခါနေသည်။ ထိုမြေကွက်၏ အလယ်တည့်တည့်လောက်တွင် အလွန်ကြီးမားပြီးအရွက်မရှိသည့် သစ်ပင်ကြီးတစ်ပင်ကိုတွေ့လိုက်ရသည်။
“ဆရာ ဘယ်လိုလုပ်ရမလဲ”
“ထုံးစံအတိုင်းပေါ့ကွာ၊ ဒိုဇာနဲ့ထိုးလိုက်ပေါ့”
ထိုအခါ ဘူဒိုဇာကြီးကို မောင်းနှင်လာပြီးနောက် ထိုမြေကွက်ပေါ်ကိုနင်းရုံရှိသေးသည် ထိုဘူဒိုဇာကြီးမှာ မီးခိုးမည်းကြီးများထွက်ကာ ရှေ့ဆက်မတိုးတော့ပေ။
“ပျက်ပြီလား . . .”
အောက်က အော်မေးလိုက်တော့ ဘူဒိုဇာမောင်းသည့်သူက ခေါင်းခါပြရင်း ပြတင်းပေါက်မှာ ခေါင်းပြူလိုက်လေသည်။
“ပျက်တော့မပျက်ဘူးဆရာရဲ့ ရှေ့ဆက်မသွားတော့တာ”
ထိုသို့ပြောရင်း စက်ကြီးကို အနောက်ကိုပြန်ဆုတ်လိုက်တော့သည်။ အနောက်ကိုတော့ ဆုတ်၍ရသည်။ တစ်ဖန်စက်မောင်းက ပြန်ပြီးအရှေ့ကိုသွားကြည့်သည်။ သို့သော်မြေကွက်အနားရောက်လျှင် အရှေ့ဆက်မတိုးတော့ချေ။ သို့နှင့်စက်ကြီးကို ရပ်ထားလိုက်ရသည်။
“ဟေ့ကောင်တွေ အင်ချပ်ဦးထွန်းကို သွားခေါ်စမ်းပါ”
ဘကြီးအောင်က ပြောလိုက်သဖြင့် အလုပ်သမားတစ်ချို့ ဦးထွန်းကို ပြေးခေါ်ကြသည်။ ဦးထွန်းက တောအုပ်နှင့်မလှမ်းမကမ်းတွင် ထိုင်နေလေသည်။
“ဘာဖြစ်ကြတာလဲ . . . ဘာဖြစ်တာလဲ”
ဦးထွန်းက မကြာခင်ရောက်လာလေသည်။ သူတို့လဲ ဦးထွန်းကို လုပ်ကိုင်ပြသည်။ စက်က အရှေ့သို့မတက်တော့ဘဲ အနောက်တော့ပြန်ဆုတ်၍ရသည်။
“ဘာထူးဆန်းလဲကွ၊ ဂီယာဘောက်ပျက်တာနေမယ်၊ သွား . . . နောက်တစ်စီးသွားခေါ်လာခဲ့”
ဦးထွန်းစကားကြောင့် ဘူဒိုဇာ နောက်တစ်စီးရောက်လာလေသည်။ ထိုဘူဒိုဇာကြီးက တခြားတစ်ဖက်မှနေ၍ မြေကွက်လပ်ပေါ်သို့ တက်လိုက်လေသည်။ ထိုဘူဒိုဇာကြီးမှာလဲ ရှေ့တက်မရဘဲဖြစ်သွားလေသည်။ ဘကြီးအောင်နှင့် ဦးမျိုးက ဦးထွန်းကို ဘယ့်နှယ့်ရှိစဟူသည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။
“မင်းတို့တွေ စက်တွေ ကြံ့ခိုင်မှုကို သေချာမစစ်ဆေးဘူးနဲ့တူတယ် . . . နောက်တစ်စီးလာဟေ့”
နောက်ထပ်ဘူဒိုဇာကြီးသည် ထပ်ပြီးလာသော်လည်း ထိုဘူဒိုဇာကြီးပါ ရပ်တန့်နေလေသည်။ ပျက်ခဲလှသည်ဆိုသည့် ဘူဒိုဇာကြီးသုံးစီးမှာ သစ်ပင်ခြေရင်းမရောက်မီပင် ရပ်တန့်နေပြီး ရှေ့ဆက်မရတော့ပေ။ ထိုတော့မှ ဦးထွန်းလဲ ခေါင်းညိတ်လိုက်လေသည်။
“ဘာဖြစ်မှန်းတော့ သေချာမသိသေးဘူး၊ ဒါပေမယ့် သရဲတွေကြောင့်လို့တော့် တထစ်ချမပြောနဲ့ဦးဗျ”
စက်ပြင်ဆရာများကိုခေါ်ပြီး ကြည့်ခိုင်းတော့ စက်တွေက အကောင်းပကတိဖြစ်သည်။ သို့နှင့် နေ့လည်သို့ရောက်သွားလေသည်။ စက်တွေက အရှေ့သွားမရ . . . အနောက်ဆုတ်သွားလျှင်တော့ရသည်။ သို့နှင့် နောက်ဆုတ်နောက်ဆုတ်နှင့် ပြန်မောင်းလာခဲ့သည်။
“စခန်းအထိ မသွားတော့ဘူးဗျာ၊ ပြီးရင်လုပ်ငန်းပြန်လုပ်ရမှာဆိုတော့ ဒီစက်ကြီးတွေကို တောစပ်မှာပဲထားခဲ့မယ်”
ဦးထွန်းက ထိုသို့ဆုံးဖြတ်လိုက်ပြီးနောက် စခန်းသို့ကားများဖြင့် ပြန်လာကြတော့သည်။ ဦးထွန်းက သူ့စာအုပ်ထဲတွင်တော့ လုပ်ငန်းမစခင် စက်ကိရိယာများကို စစ်ဆေးမှုအားနည်းချင်းဟု ရေးမှတ်ထားလိုက်တော့သည်။
နေ့လည် ၁၂ နာရီ နေ့လည်စာ စားပြီးနောက် အလုပ်သမားများ၊ ဝန်ထမ်းများ ခေတ္တအနားယူနေကြသည်။ ရှင်းလင်းဆောင်အတွင်း ဦးထွန်းထိုင်နေသဖြင့် ဘကြီးအောင်က ကြာကြာထိုင်မနေဘဲ ရှင်းလင်းဆောင်နှင့်ခပ်လှမ်းလှမ်းတွင် ကင်းတဲကလေးအနီးထိုင်နေသည့် ဘိုဘိုတို့အနားတွင် လာထိုင်လေသည်။
ဘိုဘိုနှင့်စံပေါက ဆေးလိပ်သောက်နေရာ ဘကြီးအောင်လာတော့ ဆေးလိပ်တစ်လိပ်ပေးလိုက်သည်။
“ဘာဖြစ်တယ်လို့ ထင်လဲဗျ အဘ”
“ငါထင်တာတော့ ကျတ်ကုန်းဆိုတာသေချာပြီကွ၊ တို့ငယ်ငယ်က ကြားဖူးတာက ကျတ်တွေက တောထဲနေရင် သူတို့နေတဲ့ ပတ်ဝန်းကျင်ကို သန့်ပြန့်နေအောင် သန့်ရှင်းရေးလုပ်ထားကြတယ်လို့ ကြားဖူးတယ်၊ ငါ့အထင်တော့ အဲဒီသစ်ပင်ကြီးဟာ ကျတ်တွေရဲ့ ရပ်ရွာပဲဖြစ်မယ်”
“ရပ်ရွာ . . . ဟုတ်လား”
“ကျတ်တွေက တခြားတစ္ဆေသရဲတွေလို မဟုတ်ဘဲ သူတို့က အစုအဝေးနဲ့နေကြတယ်၊ မနက်ဖက်ဆိုရင် ပုံစံတစ်မျိုးဖန်ဆင်းပြီးနေထိုင်ကြတယ်၊ တောက်တဲ့တွေ၊ ပုတ်သင်ညိုတွေ၊ အိမ်မြှောင်တွေအဖြစ်နဲ့ နေထိုင်ကြတယ်”
“ဒါဆိုရင် အဲဒီကျတ်တွေကို ဘယ်လိုအနိုင်ယူမလဲ”
ဘကြီးအောင်က ခေါင်းခါလိုက်သည်။
“အဲဒါတော့ ငါလဲမကြားဖူးဘူးကွ၊ ငါတို့ကြားဖူးနေကြအဖြစ်အပျက်တွေဆိုရင် ကျတ်တွေနဲ့တွေ့တဲ့အခါ ပြေးကြလွှားကြတဲ့အကြောင်းပဲ ကြားဖူးတာ၊ ဘယ်လိုအနိုင်ယူမယ်ဆိုတာတော့ မသိသေးဘူး”
ဘကြီးအောင်က လက်ပတ်နာရီကို ကြည့်လိုက်သည်။ နေ့လည် တစ်နာရီ ထိုးတော့မည်ဖြစ်သဖြင့် ရှင်းလင်းဆောင်အနီးသွားလိုက်ပြီး ဝီစီကိုမှုတ်လိုက်လေသည်။ ဝန်ထမ်းများအားလုံးလဲ နေရာယူလိုက်ကြပြီးနောက် လုပ်ငန်းခွင်ဝင်ရန်အတွက် ပြင်ဆင်နေကြတော့သည်။ ထိုစဉ် စခန်းအတွင်းသို့ ဝန်ထမ်းနှစ်ဦးပြေးဝင်လာသည်။
“ဆရာရေ . . . ဆရာရေ”
ထိုနှစ်ဦးမှာ တောအုပ်အတွင်း စက်များကိုစောင့်ရန်အတွက် ထားခဲ့သောသူနှစ်ဦးဖြစ်သည်။ သူတို့က တောစပ်တွင်နေကြကာ ဘူဒိုဇာကြီးများကို စောင့်ကြပ်နေသူများဖြစ်လေသည်။ အမောတကောနှင့် ရှင်းလင်းဆောင်အတွင်းသို့ ပြေးဝင်လာကြလေသည်။
“ဘာဖြစ်လာတာလဲ”
“ဒို . . . ဒိုဇာကြီးတွေ မရှိတော့ဘူး”
ရှင်းလင်းဆောင်အတွင်းမှလူများအားလုံး အလန့်တကြားနှင့် ထလိုက်ကြသည်။
“ဘာဖြစ်လို့လဲကွ”
“မသိဘူးဆရာ၊ ကျွန်တော်တို့လဲ စောင့်နေတာပါပဲ၊ နောက်တော့ အသံတစ်ခုကိုကြားလိုက်ရတယ်၊ ဒါနဲ့ ကျွန်တော်တို့နှစ်ယောက်လဲ အသံကြားကိုသွားကြည့်တော့ ဘာမှမတွေ့ဘူး၊ ပြန်လဲပြန်လာရော ဒိုဇာကြီးတွေမရှိတော့တာပဲ၊ အဲဒီအနားအနီးတစ်ဝိုက်ကိုလဲ ရှာခဲ့ပါသေးတယ်၊ ဒါပေမယ့် ဘာမှမတွေ့ရတော့လို့”
ခက်ပြီ၊ စခန်းတာဝန်ခံကော ဦးထွန်းပါ ခေါင်းကုပ်လိုက်ကြပြီးနောက် ထိုနေရာသို့ အားလုံးထွက်ခဲ့ကြသည်။ အမှန်ပင်။ ထိုနေရာတွင် ဘူဒိုဇာကြီးများမရှိတော့။ လေးလံလွန်းသည့် ဘူဒိုဇာကြီးများကို မည်သူကရွှေ့သွားသနည်း။ အားလုံးပဟေဠိဖြစ်ကုန်ကြသည်။
“တောထဲရှာကြဟေ့”
အတန်ကြာရှာပြီးတော့မှ ထိုသစ်ပင်ကြီးအနားတွင် ဘူဒိုဇာကြီးများရောက်နေ့သည်ကိုပြန်တွေ့ရသည်။ သို့သော် ဘူဒိုဇာကြီးများကတော့ ဘေးတစ်စောင်းလဲကျလျှက်ရှိသည်။ ဘကြီးအောင်ကတော့ ခေါင်းခါလိုက်သည်။
“တစ်ခုခုတော့မှားနေတာသေချာပြီ၊ ဒီသစ်ပင်ကြီးက ငါထင်နေသလိုမျိုး ကျတ်တွေနေတဲ့အပင်ကြီးပဲဖြစ်မယ်”
စစ်ဆေးရေးမှူး ဦးထွန်းလဲ အလွန်ဒေါသထွက်နေပြီဖြစ်သည်။
“ကရိန်းခေါ်ပြီး ဒီစက်ကြီးတွေကို မဖို့လုပ်ကြဟေ့”
ထိုနေ့တော့ ဘူဒိုဇာကြီးများကို ကရိန်းများနှင့်မနည်းပြန်မပြီး ရွှေ့ရသည်။ အခြားဝန်ထမ်းများကတော့ သစ်တောများရှင်းရင်း တဖြည်းဖြည်းနေဝင်လာခဲ့လေသည်။
အခန်း (၇)
ညရောက်တော့ ထမင်းစားသောက်ပြီး ဝန်ထမ်းများအပန်းဖြေနေကြသည်။ မီးစက်အသေးများလဲ ထွန်းထားသဖြင့် စခန်းအတွင်း အလင်းရောင် ကောင်းစွာရနေသည်။ ပုံမှန်အတိုင်း ကင်းသမားနှစ်ယောက်စီချထားပြီး ကင်းစောင့်နေကြလေသည်။ ည ၁၂ နာရီထိုးတော့ စခန်းပတ်လည်တွင် ကျားဟိန်းသံများကြားရပြန်သည်။ ကင်းသမားများ၏ သံချောင်းခေါက်သံများလဲ ဆူညံသွားပြီးနောက် စခန်းအတွင်းလူများစုဝေးလိုက်ကြသည်။ ဦးထွန်းလဲ အလန့်တကြားနှင့် သူ့တဲကလေးထဲမှ ပြေးထွက်လာလေသည်။
“ဘာ . . . ဘာသံလဲ”
“ကျားသံဗျ”
ဘကြီးအောင်က စကားကိုဖြတ်ပြောလိုက်ပြီးနောက် ဦးထွန်းကို တစ်ချက်ကြည့်လိုက်သည်။ ဦးထွန်းက သွေးပျက်နေပြီဖြစ်သည်။
“ဒါ . . . ဒါဆို ကျားတကယ်ရှိတယ်ပေါ့”
“ဒီမှာ ဦးထွန်း ခင်ဗျားကို ကျုပ်တို့ ဘယ်တုန်းကမှ လိမ်မပြောခဲ့ဖူးဘူး”
စခန်းတာဝန်ခံဦးမျိုးကပြောလိုက်သည်။ ထိုစဉ် မြောက်ဘက်ထောင့်နားတွင် တာဝန်ကျသည့် ကင်းသမားများကပြေးလာလေသည်။
“ဆရာတို့ အကြီးကြီးပဲဗျ”
စခန်းထဲမှ ဝန်ထမ်းများအားလုံး တုတ်ဓါးနှင့် လေးခွများဆွဲကာ ထိုနေရာသို့ပြေးသွားကြသည်။ ဝန်ထမ်းအဟောင်းများမှာ သိပ်မထူးဆန်းတော့သော်လည်း ဝန်ထမ်းအသစ်များကတော့ အလွန်ထူးဆန်းကာ ကြောက်ရွံ့နေကြလေသည်။ စခန်းခြံစည်းရိုးအတွင်းမှနေ၍ လှမ်းကြည့်လိုက်သောအခါတွင် မီးရောင်အောက်တွင် ဝင်းလက်တောက်ပနေသောမျက်လုံးကြီးများနှင့် ကိုးတောင်ကျားအကြီးကြီးတစ်ကောင်က ဟိန်းဟောက်နေကာ တောအုပ်အတွင်းမှထွက်လာပြီးနောက် တောရှင်းထားသော ဟင်းလင်းပြင်ကြီးမှနေ၍ ခြံစည်းရိုးဆီသို့ပြေးလာနေလေသည်။
“ဆော်ကြပါဟ”
ဝန်ထမ်းများအားလုံး တုတ်များ၊ ခဲများ၊ လေးခွများနှင့် ဝါးချွန်များ အသုံးပြုပြီး ကျားကြီးကို ဝိုင်းဝန်းတိုက်ခိုက်ကြသော်လည်း ကျားကြီးမှာ စခန်းသို့သာ တဟုန်ထိုးပြေးလာလေသည်။ ထို့နောက် စခန်းခြံစည်းရိုးကို လွှားကနဲခုန်ကျော်လိုက်ကာ စခန်းအတွင်းပြေးလွှားနေတော့သည်။
ဝန်ထမ်းများအားလုံးကြောက်လန့်တကြားထွက်ပြေးကြတော့သည်။ အချို့က စက်ယန္တယားကြီးများပေါ်သို့ တက်ပြေးကြသလို၊ အချို့ကတဲခေါင်မိုးများ၊ အဆောက်အဦးခောင်မိုးများပေါ်တက်ကြသည်။ အချို့ကတော့ ကင်းတဲများ၊ စခန်းအတွင်းရှိသစ်ပင်ငယ်များပေါ်သို့ ခုန်တက်ကြသည်။ သို့သော် ဦးထွန်းကတော့ ခြေလှမ်းနောက်ကျပြီးနောက် ရှင်းလင်းဆောင်အတွင်းသို့ ပြေးဝင်နေသည်။
စခန်းတာဝန်ခံဦးမျိုးနှင့် ဘကြီးအောင်တို့ကတော့ ထမင်းစားဆောင်ခေါင်မိုးပေါ် အမြန်ပြေးတက်ကြသည်။ ခေါင်မိုးမှာ လူတစ်ရပ်ကျော်ကျော် မနိမ့်မမြင့်ကလေးဖြစ်သည်။ ကျားကြီးက စခန်းအတွင်းလှည့်ပတ်ရင်း ဦးထွန်းကိုတွေ့ရှိသွားပြီးနောက် ဦးထွန်းဆီသို့ ပြေးလာတော့သည်။
“ဦးထွန်း ခင်ဗျားဆီလာနေပြီဗျ . . . .”
အားလုံးဝိုင်းအော်ဟစ်သော်လည်း ဦးထွန်းနောက်ကျသွားပြီဖြစ်သည်။ ရှင်းလင်းဆောင်အတွင်းတွင် ပိတ်မိနေပြီဖြစ်သည်။ ကျားကြီးကတော့ ဦးထွန်းရှေ့မျက်နှာချင်းဆိုင်တွင် ရောက်နေလေပြီ၊ ရှင်းလင်းဆောင်အတွင်း စားပွဲရှည်ကြီး၏တစ်ဖက်တွင် ကျားကြီး၊ နောက်တစ်ဖက်တွင်တော့ ဦးထွန်းဖြစ်သည်။ ဦးထွန်းက ကျားကြီးကိုကြည့်ပြီး ကြက်သေသေနေပြီး မလှုပ်ရှားနိုင်တော့။ ကျားကြီးက စားပွဲခုံပေါ်တက်ပြီး တစ်လှမ်းချင်းလှမ်းလာလေသည်။ နောက်ဆုံးကျားကြီးက ဦးထွန်းမျက်နှာနားကပ်ပြီးနောက် ပြင်းထန်စွာတစ်ချက် ဟိန်းဟောက်လိုက်ပြီး စခန်းးအတွင်းမှပြန်လည်ပြေးထွက်သွားတော့သည်။ ဦးထွန်းလဲ ကျောက်ရုပ်တစ်ရုပ်ကိုကျန်နေခဲ့ပြီးနောက် သူ့ခြေရင်းတွင် ဆီးများအိုင်ထွန်းပြီး ကျန်နေခဲ့လေသည်။
နောက်တစ်နေ့ရောက်သည်နှင့် ဦးထွန်းလဲကားတစ်စီးနှင့် စခန်းမှပြန်တော့သည်။ စခန်းတာဝန်ခံဦးမျိုးနှင့် အခြားစာရေးနှစ်ယောက်လိုက်ပါသွားလေသည်။ ထိုနေ့ကလဲ အလုပ်မတွင်ပေ၊ တောအုပ်အတွင်းသို့ မည်သူမျှ မသွားရဲကြတော့ပေ။
ညနေ ၄ နာရီခန့်ရောက်တော့မှ ပြန်လာကြသည်။ ထိုအခါ စခန်းမှလူများက ထုံးစံအတိုင်း ပြေးသွားကြိုကြသည်။ ထိုအခါတွင်တော့ ကားပေါ်မှလူများဆင်းလာသည်။ အရှေ့ဆုံးတွင် သေနတ်တစ်လက်လွယ်ထားသည့် လူတစ်ယောက်က ဟန်ပါပါဖြင့် ဆင်းလာလေသည်။
“အဲ . . အဲဒါဘယ်သူလဲဟင် ဘကြီးအောင်”
“အဲဒါ အလုပ်သမားခေါင်းဆောင် အာဆပ် ဆိုတဲ့သူပဲ”
အာဆပ်သည် လူမျိုးခြားဖြစ်သည်။ သူသည်လဲ ဘကြီးအောင်တို့နှင့် အဆင့်တူတူလောက်ဖြစ်ပြီး အလုပ်သမားအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ရသည်။ အာဆပ်တို့က ရှမ်းပြည်နယ်တွင်ဖောက်လုပ်သော လမ်းလုပ်ငန်းတွင် တာဝန်ကျနေခြင်းဖြစ်ပြီး ကုမ္မဏီက ပြန်ခေါ်ထားခြင်းဖြစ်သည်။ ယခု ဦးထွန်းနှင့်တွေ့တော့ အာဆပ်ကို ထည့်ပေးလိုက်ခြင်းဖြစ်သည်။ အာဆပ်သည် ကုမ္မဏီအတွင်း နာမည်ကြီးသူတစ်ယောက်ဖြစ်သည်။ လက်ရဲဇက်ရဲရှိပြီး တော်ရုံ သရဲတစ္ဆေကိစ္စမျိုးဆို အာဆပ်ကို ယုံကြည်စွာ လက်လွှဲထားလို့ရလေသည်။
“ကဲ အားလုံးပဲ အခုမိတ်ဆက်ပေးမယ့်သူကတော့ အာဆပ် လို့ခေါ်ပါတယ်၊ အားလုံးလဲ သတင်းတွေကြားဖူးကြမယ်ထင်ပါတယ်”
စခန်းတာဝန်ခံ ဦးမျိုးက မိတ်ဆက်ပေးလိုက်သည့်အခါ ကောင်းဘွိုင်ဦးထုပ်ကိုဆောင်းထားပြီး ဂျင်းရှပ်တစ်ထည်နှင့် ဂျင်းဘောင်းဘီဝတ်ကာ စတိုင်ကျလှသည့် အာဆပ်က လက်ကိုထောင်လိုက်ပြီးနောက် အရှေ့ထွက်လာလေသည်။
“အားလုံးနဲ့တွေ့ရတာဝမ်းသာပါတယ်၊ ဒီသစ်ပင်ကြီးအကြောင်းကို ဦးမျိုးပြောလို့ ကျုပ်လဲ သိသင့်သလောက်သိထားပါတယ်၊ ကဲ အားလုံးစိတ်မပူပါနဲ့တော့ ကျုပ်နဲ့တွေ့ရင် ဒီသစ်ပင်ကြီး ကိစ္စပြတ်ပြီလို့သာမှတ်လိုက်ပေတော့”
အာဆပ်ပြောပြီးနောက် ဝန်ထမ်းများအားလုံး စိတ်ဓါတ်တက်ကြွသွားကာ အော်ဟစ်ကြွေးကြော်လိုက်ကြတော့သည်။
အခန်း (၈)
နံနက်လုပ်ငန်းခွင်ဝင်ကြပြီ၊ အာဆပ်ကတော့ ဘူဒိုဇာကြီးကို စီးပြီး စခန်းမှထွက်လာကြသည်။ ဝန်ထမ်းအချို့ကလဲ စိတ်ဝင်စားသဖြင့် အာဆပ်နှင့်လိုက်လာခဲ့ကြတော့သည်။ မကြာမီသစ်ပင်ကြီးနားသို့ ရောက်လာခဲ့ကြသည်။
“ကဲ စက်ကြီးနဲ့ ထိုးထည့်လိုက်တော့”
စက်ကြီးမှာ မောင်းလာပြီးမကြာခင် သစ်ပင်ကြီးနားမရောက်ခင်ရပ်တန့်သွားလေသည်။ အာဆပ်လဲ မျက်ခုံးပင့်လိုက်ပြီးနောက် စက်ကြီးပေါ်မှ ခုန်ဆင်းလာတော့သည်။
“ငါ့ကို စိန်လာခေါ်နေတာလား၊ ပေးစမ်း၊ ငါ့ကို ချိန်းဆောပေးစမ်း”
ချိန်းဆော ဆိုသည်မှာ သစ်ပင်ခုတ်ရာတွင်အသုံးပြုသည့် စက်ဆွဲလွှစက်ကြီးဖြစ်သည်။ အာဆပ်က ချိန်းဆော ကိုကိုင်ပြီးနောက် သစ်ပင်ကြီးဆီသို့ တစ်လှမ်းချင်းဆက်လျှောက်သွားသည်။ ကျန်သည့်ဝန်ထမ်းများတော့ မည်သူမျှ မလိုက်သွားဝံ့ပေ။ အာဆပ်က သစ်ပင်ခြေရင်းသို့ရောက်သောအခါ သစ်ပင်ကို တစ်ချက်မော့ကြည့်လိုက်သည်။
“တောက်”
တောက်တစ်ချက်ခေါက်လိုက်ပြီးနောက် အာဆပ်က စကားပြောလေသည်။
“ကဲ သစ်ပင်ကြီးရေ မင်းပဲကြမ်းနိုင်မလား၊ အာဆပ်ပဲ ကြမ်းမလားဆိုတာ တွေ့ကြသေးတာပေါ့”
အာဆပ်က ထိုသို့ပြောပြီးနောက် ချိန်းဆောကို စက်ဖွင့်လိုက်ပြီး သစ်ပင်ကြီး၏ ပင်စည်ကို ခုတ်ဖြတ်လိုက်သည်။ သို့သော် လွှစက်က လွှသွားများက သစ်ပင်ကြီးကိုဖြတ်နေသော်လည်း သစ်စ သစ်နများသာ ထွက်သည် သစ်ပင်ကြီးကတော့ မပြတ်သေးပေ။
အာဆပ် စိတ်ဆိုးနေပြီဖြစ်သည်။ ထို့ကြောင့် ချိန်းဆောကို စက်ပြန်ပိတ်လိုက်ပြီးနောက် မြေပေါ်တွင်ချလိုက်သည်။
“မင်းတို့ မကောင်းဆိုးဝါးတွေက လူသေးကို အကြောက်ဆုံးဆို . . . လာစမ်းကြည့်ရမယ်”
အာဆပ်က ထိုသို့ပြောကာ ချိန်းဆော၏ လွှသွားများကို သေးဖြင့်ကော့ပန်းနေသည်။ ဘကြီးအောင်နှင့် စခန်းတာဝန်ခံဦးမျိုးကတော့ မျက်ခုံးပင့်ပြီး ခေါင်းတွေခါနေပြီဖြစ်သည်။ ဘကြီးအောင်က ဦးမျိုးအနားသို့ ကပ်လာလေသည်။
“ဆရာ တောင်းပန်လိုက်”
လေသံကလေးဖြင့် လာကပ်ပြောလေသည်။
“ဘယ်လိုတောင်းပန်ရမလဲ”
“ဆရာက စခန်းတာဝန်ခံဆိုတော့ စခန်းကလူတွေ ဘေးမတွေ့အောင် ဆရာတောင်းပန်လိုက်ပါ”
အာဆပ်က ချိန်းဆောဖြင့် သစ်ပင်ကြီး၏ ပင်စည်အား ၄၅ ဒီဂရီဖြတ်တောက်ပြီး သစ်ခွဲသားထုတ်ကာ သစ်ပင်ကြီးကို တစ်ဖက်သို့ လှဲချရန် ကြံစည်လိုက်ပြီးနောက် စတင်ခုတ်ဖြတ်လိုက်တော့သည်။ ထူးဆန်းစွာပင် အာဆပ်သေးပေါက်ထားသည့် ချိန်းဆောကြီးက သစ်ပင်ကြီးကို ခဏအတွင်းဖြတ်တောက်ပြီးနောက် သစ်ပင်ကြီးလဲ ပြိုလဲသွားတော့သည်။
“တွေ့လား၊ အာဆပ်နဲ့တွေ့ရင် သစ်ပင်ကြီးလဲမ ခံနိုင်ပါဘူးလို့”
အာဆပ်ထိုသို့ပြောပြီးနောက် လဲကျသွားသော သစ်ပင်ကြီးခါးဘယ်လောက်တွင် သစ်ခေါင်းပေါက်ကြီးတစ်ခုရှိရာ ထိုအထဲမှ ပုတ်သင်ညိုများ အများအပြားထွက်ပြေးကြသည်ကို တွေ့လိုက်ရတော့သည်။ အာဆပ်နှင့် ဝန်ထမ်းများ အောင်ပွဲခံပြီးနောက် ထိုသစ်ပင်ကြီးအား စက်အားဖြင့် ရွေ့ကာ သစ်လုံးပုံသည့်နေရာတွင် ပုံထားလိုက်တော့သည်။ လူရှင်းတော့မှ ဦးမျိုးက သစ်ငုတ်တိုကြီးနားသို့သွားပြီး တိုးတိုးလေးကပ်ကာပြောလိုက်သည်။
“စခန်းကလူတွေ လုပ်တာမဟုတ်လို့ စခန်းကလူတွေကို ဗွေမယူပါနဲ့၊ ကျွန်တော်တို့လဲ မလုပ်မဖြစ်လို့ လုပ်ရတာပါ”
ထိုသို့ တိုးတိုးလေး ကပ်ပြောပြီး တောင်းပန်ခဲ့သည်။ ထို့နောက် ဦးမျိုး ကျောကုန်းမှ အေးချမ်းလာပြီး ကျက်သီးများ ထလာသဖြင့် ထိုနေရာမှ ထွက်လာခဲ့တော့သည်။ ညနေပိုင်းတွင်တော့ ထိုသစ်ပင်ကျန်ခဲ့သည့် သစ်ငုတ်ကြီးအား တူးဖော်ပြီး လမ်းညှိ၊ မြေညှိခြင်းများကို ပြုလုပ်ခဲ့ကြတော့သည်။
ညရောက်ပြန်ပြီ။
စခန်းအတွင်း အာဆပ်နှင့် ဝန်ထမ်းများမှာ အောင်ပွဲခံနေကြသည်။ ရွာထဲမှ ဝယ်ယူလာသည့် ကြက်များကို ကင်ကြပြီးနောက် အရက်ဝိုင်းဖွဲ့ကာ ပျော်ပျော်ရွှင်ရွင် စားသောက်နေကြသည်ကို ရှင်းလင်းဆောင်အတွင်းမှ ဘကြီးအောင်နှင့် ဦးမျိုးက ငေးကြည့်နေလေသည်။
“တော်ပါသေးရဲ့ ဘကြီးအောင်ရဲ့ ကျုပ်တော့ ဒီကိစ္စနဲ့ ခေါင်းခြောက်နေပြီ၊ အာဆပ်နဲ့ပြီးသွားလို့ တော်သေးတာပေါ့”
ဘကြီးအောင်ကတော့ ခေါင်းခါလိုက်သည်။
“မဟုတ်လောက်ဘူးဆရာ၊ ဒီလောက်နဲ့ မပြီးသွားလောက်ဘူးထင်တယ်”
ည ၁၂ နာရီထိုးပြန်ပြီ၊
အာဆပ်တို့က အရက်သောက်ရင်း စားသောက်ဆောင်အတွင်းပင် အိပ်ပျော်နေကြသည်။ ထိုစဉ် အာဆပ်တစ်ယောက် အိပ်နေရာမှထပြီး အော်ဟစ်လိုက်သည်။
“လုပ်ကြပါဦး . . . ဘယ်သူတွေလဲဗျာ”
အာဆပ်အော်ဟစ်လိုက်သဖြင့် အတူအိပ်နေသူများနိုးလာကြသည်။
“ဘယ်မှာလဲကွ . . . ဘာမှမရှိပါဘူး”
“မလာကြနဲ့ . . . . သွား . . . သွား မလိုက်ဘူး”
အာဆပ်မှာ အရူးတစ်ယောက်လိုအော်ဟစ်ရင်း ထမင်းစားဆောင်တိုက်ကိုဖက်တက်နေသဖြင့် ဝန်ထမ်းများက ဆွဲထားရသည်။ တစ်စခန်းလုံးလဲ အလန့်တကြားဖြစ်ကာ နောက်ဆုံးတော့ စခန်းတာဝန်ခံဦးမျိုးကို သွားနှှိုးရသည်။ ဘကြီးအောင်လဲ ရောက်လာခဲ့ပြီ။
“အောင်မာ . . . မင်းတို့က သတ္တိရှိတယ်ပေါ့လေ၊ လာ ငါနဲ့ ဓါးချင်းခုတ်မလား . . . ငါ့ကို ဓါးပေးကြ . . .”
ထိုသို့ပြောလိုက်
“မလုပ်ကြပါနဲ့ . . . ကျွန်တော့်ကို မလုပ်ကြပါနဲ့”
ထိုသို့ပြောရင်း ငိုလိုက်ဖြင့် အရူးတစ်ယောက်လိုဖြစ်နေတော့သည်။
“အာဆပ်ကို ကြိုးနဲ့ချုပ်ထားလိုက်တော့”
ဘကြီးအောင်က ပြောလိုက်သည်နှင့် အာဆပ်ကို လက်နှစ်ဖက်၊ လက်မောင်းမှနေ၍ နိုင်လွန်ကြိုးဖြင့် ချည်ထားလိုက်တော့သည်။
“ဘကြီးအောင် ချုပ်ထားလို့ဖြစ်ပါ့မလား”
“ဖြစ်တာပေါ့ ဆရာရဲ့၊ သူ့ကြည့်ရတာ ရူးနေပုံရတယ်၊ မသကာ စခန်းက ဝန်ထမ်းတွေကို ဒုက္ခပေးနေမှ ခက်နေဦးမယ်”
ထို့နောက် အာဆပ်ကိုမေးကြည့်သည်။ အာဆပ်ကတော့ အကြောက်လွန်နေဆဲဖြစ်သည်။
“လူတွေ . . . ခမောက်တွေနဲ့ . . . ဟိုမှာ . . . လာနေကြပြီ”
သူလက်ညှိုးထိုးပြသည့်နေရာကို ကြည့်တော့လဲ ဘာမှမရှိတော့။
“ကဲ မထူးဘူး၊ အာဆပ်ကို တဲတစ်လုံးထဲထည့်ထား၊ ဝန်ထမ်းနှစ်ယောက်လောက် စောင့်နေ၊ မနက်ကျတော့ စခန်းပြန်ပို့ရမယ်”
ဦးမျိုးလဲ ထိုသို့ပြောပြီး ပြန်ထွက်ခဲ့လေသည်။ ဝန်ထမ်းများကတော့ အာဆပ်ဖြစ်ပုံကို တစ်ယောက်တစ်မျိုး ထင်ကြေးပေးနေကြသည်။ ဘိုဘိုတို့က ထိုညက အရက်အမူးလွန်ပြီး အိပ်နေသဖြင့် ဘာဖြစ်မှန်းသေချာမသိလိုက်။
မိုးလင်းပြီ၊ လုပ်ငန်းခွင် ဆင်းရန်ပြင်ကြသည်။ အာဆပ်ကိုတော့ ကားတစ်စီးနှင့် ပြန်ပို့လိုက်ရသည်။ အာဆပ်မှာ ဖျားနေပြီး ကယောင်ကတမ်းတွေပြောဆိုနေသည်။ ဘိုဘိုလဲ စက်ကြီးမောင်းပြီး တောထဲလုပ်ငန်းခွင်သို့ မောင်းလာကြသည်။
“ဆရာရေ . . . . ဆရာရေ”
ရှေ့ပြေးကားများက ပြန်မောင်းလာကြပြီး ဝန်ထမ်းများကပြေးလာကြသည်။
“ဘာဖြစ်တာလဲဟ”
ဘိုဘိုလဲ ရေရွတ်လိုက်ပြီး စက်ကိုသတ်လိုက်ကာ လူများကြည့်နေကြသည့်နေရာသို့ ပြေးထွက်လာခဲ့သည်။
“အောင်မယ်လေး”
မြင်တွေ့လိုက်ရသည့် မြင်ကွင်းက ချောက်ခြားဖွယ်ရာဖြစ်သည်။ ပြောင်ရှင်းနေသည့် မြေပြင်တွင် သစ်ပင်အိုကြီးတစ်ပင်က ထီးတည်းကြီးတည်ရှိနေလေသည်။ ထိုသစ်ပင်ကြီးမှာ အခြားမဟုတ်၊ မနေ့က အာဆပ်ခုတ်ခဲ့သည့် သစ်ပင်ကြီးပင်ဖြစ်သည်။ အားလုံးလဲ ကြောက်လန့်ကုန်ပြီဖြစ်သည်။ ဦးမျိုးလဲ အရဲစွန့်ပြီး သစ်ပင်ကြီးကိုသွားကြည့်တော့ ဖြတ်ရာ ခုတ်ရာပင်မရှိဘဲ ပကတိအတိုင်းပေါက်ရောက်နေလေသည်။
“ဘယ်လိုလုပ်ကြမလဲ ဘကြီးအောင်”
“မရတော့ဘူးဆရာ ကျုပ်တို့ ဒီအပင်ကြီးကိုတောင်းပန်ပြီးတော့ ဒီအတိုင်းထားခဲ့မှထင်တယ်”
“ဖြစ်ပါ့မလားဗျ ၊ ကုမ္မဏီက ဆူနေပါဦးမယ်”
“မတတ်နိုင်ဘူးဗျာ၊ သူတို့အလုပ်ထုတ်လဲ ကျုပ်တို့ထွက်ရမှာပဲ”
“ကဲ အားလုံး ကားပေါ်ကဆင်းပြီး ဒီသစ်ပင်ကြီးနားမှာ ဒူးထောက်ထိုင်လိုက်ကြပါ”
ဘကြီးအောင်ပြောလိုက်တော့ အားလုံးက ဆင်းလာပြီးသစ်ပင်ကြီးကို ဝိုင်းထိုင်လိုက်သည်။
“ဆိုင်ရာ ပိုင်ရာ ပုဂ္ဂိုလ်အပေါင်းတို့ခင်ဗျာ၊ ကျွန်တော်တို့မှာလဲ သူများ၏ဝန်ထမ်းများဖြစ်သောကြောင့် အလုပ်ရှင်များခိုင်းသည့်အတိုင်း လုပ်ကိုင်ရခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ကို အနှောင့်အယှက်များ မပေးကြပါနှင့်၊ ကျွန်တော်တို့ ယခင်က ကျူးလွန်ခဲ့မိတာရှိပါကလည်း တောင်းပန်အပ်ပါတယ်”
ထိုသို့ပြောပြီးနောက် ကန်တော့လိုက်ကြတော့သည်။ ထိုနောက်ပိုင်းမှစပြီး စခန်းအတွင်း ခြောက်လှန့်မှုများကို မတွေ့ကြုံရတော့ပေ။
အချိန်တစ်လခန့်ကြာသောအခါ ထိုတောနက်ကြီးလဲ ဟင်းလင်းပြင်ကြီးဖြစ်သွားလေသည်။ ဘိုဘိုတို့အဖွဲ့လဲ လမ်းဖောက်လုပ်ကြလေသည်။ ကုမ္မဏီကိုလဲ တင်ပြရာ ထိုသစ်ပင်ကို မခုတ်ဘဲ ထားခဲ့သည်ကို အပြစ်မတင်ကြပါ။ သို့နှင့် လုပ်ငန်းများ ပြီးစီးသည်နှင့် ဘိုဘိုတို့စခန်းလဲ စခန်းသိမ်းပြီးပြန်ခဲ့တော့သည်။ ထိုနေရာတွင် အခြားကုမ္မဏီများက ကွန်ကရစ်လမ်းများခင်းချင်းနှင့် မြို့ကွက်ဖော်ခြင်းများကို ဆက်လက်ဆောင်ရွက်တော့မည်ဖြစ်သည်။
ဘိုဘိုလဲ ကားကြီးမောင်းရင်း ထိုသစ်ပင်ကြီးကို တစ်ချက်ငေးကြည့်မိရင်း စခန်းတွင် ကြုံတွေ့ခဲ့သည့် အဖြစ်အပျက်များကို ပြန်လည်မြင်ယောင်နေမိသည်။ ထိုသစ်ပင်ကြီးမှာ ယခုတော့ အလွန်ကျယ်ပြောလှသည့် ကားလမ်းမကြီး၏ ဘေးတွင်တည်ရှိနေလေသည်။
ဘိုဘိုတစ်ယောက်အခုအချိန်အထိ ထိုစခန်းတွင်တွေ့ကြုံခဲ့သည့် ပရလောကဖြစ်ရပ်ဆန်းများကို မျက်လုံးထဲကပင်မထွက်သေးပေ။ ထိုသစ်ပင်ကြီးကတော့ အလွန်တရာ ခေတ်မီတိုးတက်လှသည့် မြို့သစ်ကြီး၏ လမ်းနံဘေးတွင် ယခုတိုင် တည်ရှိနေဦးမည်ဖြစ်ပါသည်။
ပြီးပါပြီ။
စာဖတ်သူ တစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်