ခေါစာ

ခေါစာ (စ/ဆုံး)

—————-

နေပူ လေပူအောက်မှာ ကျပ်တီးကုန်းမြေပေါ်က ပြောင်းပင်၊ ဆပ်ပင်တွေ ယိမ်းယိုင်လှုပ်ရှား နေကြတယ်။ ပြောင်းပင်၊ ဆပ်ပင်တွေကြားက တဲအိမ်စု လေးငါးအိမ်ကို ဟိုနားတလုံး ဒီနားတလုံး လှမ်းမြင်နေရတယ်။

သစ်ပင်လေတိုးသံက လွဲရင် အားလုံးဟာ ငြိမ်သက်တိတ်ဆိတ်လို့။

တချက်တချက် ထွက်ပေါ်လာတဲ့ ချိုးကူသဲသဲ့သဲ့နဲ့အတူ နေပူလေ မှုတ်ထားတဲ့ တဲအိမ်စုလေးတွေပေါ်မှာ လွှမ်းခြုံထားတာက မန်းမှုတ်ရွှတ်ဖတ်သံသဲ့သဲ့။

“ ဥုံ …ယံဒုန္နိမိတ္တံ၊ အဝမင်္ဂလဥ္စ၊ ဥုံ….ယံဒုန္နိမိတ္တံ …ဘုရား၊ တရား၊ သံဃာ၊ သမ္မာဒေဝနတ်ကောင်း နတ်မြတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ကျပ်တီးကုန်းကို စောင့်သောနတ်အပေါင်းတို့ အားလုံး …အားလုံး…မတော်မူကြပါ။ မကျေနပ်သော အပြစ်များရှိရင်လည်း အမိုက်အမဲများအား ခွင့်လွှတ်တော်မူပါ “

အသားအရေ နက်မှောင်၊ ဆံပင်ဖြူဖားလျား၊ ထဘီရင်ရှားနဲ့ ရွတ်ဖတ် မန်းမှုတ်နေတဲ့ အဘွားအိုကို တဲအိမ်လေးနဲ့အပြည့် ယောကျာ်း၊ မိန်းမတွေက ဝိုင်းကြည့်နေကြတယ်။

အဘွားအိုရှေ့နားမှာ မည်းညစ်ညစ်စောင်စုတ် အထပ်ထပ်နဲ့ ရစ်ပတ်ထားတဲ့ သုံးနှစ်အရွယ်ကလေးလေးတယောက်၊ က​​လေးခေါင်းရင်းမှာတော့ အဘွားအို မြှောက်ချီပြီး ပြန်ချထားတဲ့ ဆပ်နဲ့ပြောင်းအရော ထမင်းစလောင်းဖုံးတချပ်…။

“ သောကြာသား၊ သောကြာသားမှာ ဖိစီးကပ်ရောက်သမျှ အမှောင့်ပရောဂများ ​​ရှောင်ကြ၊ ရှားကြ ဥုံ…ဝေးရာသို့ ရှောင်ကြ၊ ရှားကြ ”

မျက်လုံးမှိတ်ထားတဲ့ အဘွားအိုရဲ့ ခန္ဓာကိုယ်ပိန်ပိန်လေး ရုတ်တရက် ယိမ်းထိုး လှုပ်ရှားလာပြီး ဝုန်းခနဲ ထခုန်လိုက်တော့ တဲအိမ်လေးပေါ်က လူပရိသတ်တွေဆီက အထိတ်တလန့်အော်သံတွေ ထွက်လာတယ်။ ကလေးတချို့က ဆင်းပြေးပြီး ရင်ခွင်ထဲက ကလေးတွေက အော်ငိုကြတယ်။

“ ဟေ့…ကလေးအမေ ဘယ်မလဲကောင်မ မိထွေးစိန် ဘယ်မလဲ ဟေ့ လာခဲ့ ရှေ့ကိုတိုးခဲ့ ”

အဘွားအိုလိုပဲ ထမိန်ရင်ရှားနဲ့ ရှေ့နားမှာထိုင်နေတဲ့ ထွေးစိန်ဆိုတဲ့ ကလေးအမေ ခပ်ငယ်ငယ်လေးက ဟီးခနဲ ငိုချလိုက်တယ်။ ပြီးတော့ ကြောက်ကြောက်လန့်လန့်နဲ့ နောက်ဆုတ်ရင်း…

“ အမေ…ခေါ်နေပြီ၊ ကျုပ်ကြောက်တယ်၊ အမေသွားလိုက်၊ အမေ​ရှေ့တိုးလိုက် ”

“ အောင်မာ ငါ့ကို မခန့်လေးစား လုပ်သလားဟေ့ ”

အဘွားအို ခုန်လိုက်တာကြောင့် တဲကလေး တလှုပ်လှုပ် ယိမ်းထိုးသွားတယ်။ တဲပေါ်က ထမီရင်ရှားနဲ့ မိန်းမတွေ အင်္ကျီတုံးလုံးကျွတ်နဲ့ ယောကျာ်းတွေအကုန်လုံး လက်အုပ်တွေချီလိုက်ကြတယ်။

“ ဟဲ့…နင့်ကို ငါ မှတ်လောက်သားလောက်အောင် ဆုံးမထားတာ နင်မမှတ်ဘူး၊ ဟေ့…နင့်လင် တောထဲမှာ ဝါးခုတ်ရင်း ဝါးချွန်စူးသေအောင် ငါလုပ်တာဟဲ့၊ ငါလုပ်တာ ”

လက်အုပ်ချီထားတဲ့ ထွေးစိန် မျက်လုံးတွေ ပြူးဝိုင်းပြီး တကိုယ်လုံးတုန်နေတယ်။

“ အေး အခု နင့်သားကိုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်သေအောင် ငါတခါတည်းသေအောင် လုပ်လိုက်ရလို့နော် ”

“ မလုပ်ပါနဲ့…မလုပ်ပါနဲ့ … အမေ …ဒေါ်ကျတ်ကြီးကို ပြောပါဦး ကျုပ်သားလေးကို မလုပ်ပါနဲ့လို့ ”

အဘွားအိုက ဝုန်းခနဲ တခါခုန်လိုက်ပြန်တယ်။

“ ဟဲ့…ထွေးစိန်၊ နတ်ဝင်နေတာကို အဲ့လို မပြောရဘူး။ ဒီကောင်မလေးနဲ့တော့ ” ဆိုတဲ့ အထိတ်တလန့်သံတွေ ထွက်လာတယ်။

“ အမိုက်အမဲမို့ မသိလို့ပါဘုရား၊ မသိလို့ပါ…ထွေးစိန်ဟဲ့ ငါပြောသလိုပြောလေ ”

“ မသိလို့ပါ…မသိလို့ပါဘုရား၊ ကျုပ်သားလေးကို သေအောင်မလုပ်ပါနဲ့ ဘုရား ”

အဘွားအိုက ဆံပင်ဖြူလေးတွေ တလှုပ်လှုပ်ဖြစ်သွားအောင် ခေါင်းတညိတ်ညိတ် လုပ်လိုက်တယ်။

“အေး ဒီလိုဆို နင့်သား အသက်မသေချင်ရင် ငါ့ကို ကျွေးရမယ်၊ နေဝင်ရီတရောမှာ ဆန်ထမင်း ခုနှစ်ဆုပ် အမဲသားဟင်းနဲ့ ခေါစာပစ်ကျွေး နင့်သား ချက်ချင်း နေကောင်း သွားစေရမယ်ဟေ့…ကြားလား…ကြားလား ”

“ ဟဲ့…ပြောလိုက်လေ ထွေးစိန်၊ ကျွေးပါ့မယ်၊ ပစ်ပါ့မယ်လို့ ”

“ အမေ…ကျုပ်တို့… ”

“ သြော်…ပြောလို့ပါဆို ဒီရူးတူးပေါတောမနဲ့တော့ ငါသေချင်တယ် ”

“ ကျွေးပါ့မယ်၊ ကျွေးပါ့မယ် ပစ်ပါ့မယ်ဘုရား ”

အဘွားအို ခေါင်းညိတ်ရင်း ပစ်လှဲလိုက်တဲ့ အရှိန်ကြောင့် ဝါးကြမ်းခင်းပေါ် သိပ်ထားတဲ့ ကလေးက အော်ငိုလိုက်တယ်။ မီးခဲလေးလို ပူလောင်လှတဲ့ သားကလေးကို ထွေးစိန် ပွေ့ယူလိုက်ရင်း အမေ့ကို မကြေမနပ် နှုတ်ခမ်းကိုက်မိတယ်။

ရူးတူးပေါတောပေမယ့် နေရာတကာ ထွေးစိန်မရူးဘူး…မပေါဘူး အမေရဲ့၊ ခေါင်လှဝေးလှတဲ့ ထွေးစိန်တို့ ကျပ်တီးကုန်းမြေ တဲအိမ်စုလေးဟာ ပြောင်း၊ ဆပ်ကို စိုက်ပျိုးပြီး ပြောင်း၊ ဆပ်ထမင်းနဲ့ပဲ အသက်ရှင်ကြတယ်လေ။ ဆန်ထမင်းဆိုတာ ဘယ်လိုဟာလဲလို့ ကျပ်တီးကုန်းတဲအိမ်စု မသိတော့ဘူးဆိုတာ အမေလည်းသိသားနဲ့ အမေရယ်။

ကားလမ်းမနဲ့နီးတဲ့ ထွေးစိန်တို့ အမျိုးရွာဟာ ကျပ်တီးကုန်းကနေဆို အသွားအပြန် နေကုန်ခရီးလောက်ရှိပေမယ့် ထွေးစိန်မမောပါဘူး။

ဒီမှာလေ ဒီမှာကြည့် ထွေးစိန်လည်ပင်းက ပုဆိုးအိတ်ထောင်ထဲမှာ ထမင်းထုပ်၊ ထမင်းဆုပ်၊ ဆန်ဖြူထမင်းနဲ့ အမဲသားဟင်းထုပ်။

အသွားတုန်းကတော့ ဒီပုဆိုး အိတ်ထောင်ထဲမှာ လမ်းတလျှောက်တွေ့တဲ့ ဟင်းရွက်တွေ၊ မျှစ်တွေနဲ့ အပြည့်ပါ။ အမေ့အကြံလေ အမေက ထွေးစိန်နဲ့ မုဆိုးမချင်း တူပေမယ့် ဥာဏ်ချင်းမတူဘူး၊ အမေက ဥာဏ်ကောင်းတယ်။

ထွေးစိန်ကို အဖေ့ အမျိုးတွေရွာ သွားခိုင်းတာလည်း အမေပဲ။ အဖေ့အမျိုးတွေကို ပေးဖို့ သွားရင်းလာရင်း ဟင်သီးဟင်းရွက်တွေခူးခိုင်း၊ မျှစ်တွေချိုးခိုင်းတာလည်း အမေပဲ။ မျက်နှာပန်းမလှတဲ့ လက်ဆောင်တွေကို ထွေးစိန် မယူချင်ဘူး။

အမေက အတင်းခိုင်းတာ အဖိုးတန်တန် မတန်တန် ကိုယ်က ပေးစရာလေးပါတော့ ကောင်းတာပေါ့၊ ဟိုက ပေးရမယ့်သူကလည်း ပေးချင်စိတ် ရှိတာပေါ့တဲ့။

အမေ ပြောတာမှန်တယ်၊ အဖေတို့ အမျိုးတွေလည်း ဆင်းရဲ ရှာကြတာပါပဲ။ ထွေးစိန်ခူးသွားတဲ့ ဟင်းရွက်တွေ မျှစ်တွေကို သူတို့လည်း မက်ရှာတယ်။ ပြီးတော့ အဲ့ဒီ လက်ဆောင်တွေကြောင့်ပဲ အဖေ့အမျိုးတွေက ထမင်းတထုပ်နဲ့ အမဲသားဟင်းကို တအိမ်တက်ဆင်း လိုက်စုပေးခဲ့ကြတာပေါ့။

ထွေးစိန်မှာ နားတောင် မနားနိုင်ပါဘူး။ လိုချင်တာလေးရတာနဲ့ ရေလေးတခွက်ခပ်သောက်ပြီး အပြေးအလွှား ပြန်ပြေးခဲ့တာ။ ဒါတောင် ကြည့်ဦး၊ အချိန်ကလေ…ရွာပြန်ရောက်တာနဲ့ နေဝင်မှာပဲ။ ခေါစာက နေဝင်ရီတရောမှာ ပစ်ရမှာဆိုတော့ အတော်လောက်ပါပဲ။ ဒီခေါစာ ပစ်ပြီးရင်တော့ ဒေါ်ကျတ်ကြီးက သားလေးချက်ချင်း နေကောင်းမယ်တဲ့။ ဒေါ်ကျတ်ကြီးက ကြောက်စရာကောင်းလိုက်တာ။ ထွေးစိန်ဖြင့် ခုမှသိတော့တယ်။ ထွေးစိန် ဗိုက်ကြီးကြီးနဲ့ “ မှတ်ကြီး ” တောထဲမှာ ဝါးခုတ်ရင်း ဝါးချွန်ကြီး စူးပြီးသေအောင်လုပ်တာ သူလုပ်တာတဲ့။ ဒေါ်ကျတ်ကြီးကို “ မှတ်ကြီး ” မူးမူးရူးရူးနဲ့ စိတ်ဆိုးအောင် ဘာတွေပြောပါလိမ့်။ မှတ်ကြီးကလည်း ထွေးစိန်ယောကျ်ားရယ် မပြောရဘူး၊ အပြောမတတ် အဆိုမတတ်၊ မှတ်ကြီးတို့ ဝါးခုတ်တဲ့ တောတွေဟာ ဒီတောတွေပေါ့။

လေအဝှေ့မှာ ဝါးရုံပင်တွေ ယိမ်းနွဲသွားတော့ ထွေးစိန်ရင်ထဲ ဒိတ်ခနဲဖြစ်သွားတယ်။ မှတ်ကြီး ဝါးချွန်စူးတာ ဒီဝါးရုံတောများလား။ ထွေးစိန် နင်းလျှောက်နေတဲ့ ဝါးရွှက်ခြောက်တွေဟာ ခုမှ အသံပိုမြည် လာသလိုပဲ။ ထွေးစိန် မြန်မြန်လျှောက်ခါမှ ဝါးရုံပင်တွေက ပိုပြီး ယိမ်းနွဲ့လာသလို…၊ သစ်ရွက်ခြောက်သံတွေ ပိုပြီး ဆူညံလာသလို…။

ဘုရား မခြောက်နဲ့နော်။ ငါကြောက်တတ်တာ နင်သိရဲ့သားနဲ့။ နင် နင်က အမဲသားများကို ငမ်းငမ်းတက်။ အမလေး ဒါလေးတော့ မလုလိုက်ပါနဲ့ဟယ်…။ နင့်သားအတွက် ဟဲ့ နင့်သားလေး နေမကောင်းဖြစ်နေလို့ ခေါစာပစ်ဖို့ဟဲ့…။

ထွေးစိန် ခြေလှမ်းတွေ ပိုမြန်လာရင်း ကြောက်စိတ်က ထိန်းမရတော့ဘူး။ ဝေါကနဲ့ ဝါးရုံတော လေပြင်းတချက် အ​ဝှေ့မှာတော့ သစ်ရွက်ခြောက်တွေပေါ်မှာ ထွေးစိန် ကဆုန်ပေါက်ပြေးပြီ။ ပုဆိုးအိတ်ထောင်ကို ကျစ်ကျစ်ပါဆုပ်ရင်း ဆံပင်ဖားလျား ဦးရေဖားလျားနဲ့ပေါ့။ အမေသာသိရင် ဘယ်လောက် ဆူလိုက်မလဲ။ ကြောက်တယ် အမေရဲ့…။ မှတ်ကြီး…ရှစ်ကြီးခိုးပါရဲ့…။ ငါ့နောက်လိုက်မလာနဲ့နော်။

ကျပ်တီးကုန်းရဲ့ နေဝင်ရီတရောက အမှောင်ဘက်ကို လုချင်နေပြီ။ ရွာပြင်ဘက် သစ်ပင်အုပ်တွေရဲ့ အရိပ်က ပိုပြီး မှောင်အောင် လုပ်နေသလိုပဲ။ အမေ ရက်ထားတဲ့ ဝါးဗန်းအသစ်လေးက ဝါးစိမ်းနံလေးမွှေးနေတယ်။ ဗန်းကလေးထဲမှာ ငှက်ပျောဖက်ခင်းပြီး ဆန်ထမင်း ခုနှစ်ပုံ ပုံထားတယ်။ ဆန်ထမင်းပေါ်မှာ အမဲသားဟင်းကို ပုံလို့ပေါ့။

ရွာပြင်ဘက် ချုံပုတ်တွေနားမှာ ခေါစာဗန်းကို ထွေးစိန်ချလိုက်တယ်။ ပြီးတော့ အမေမှာတဲ့အတိုင်း ဝါးယောက်မအသစ်လေးနဲ့ ခေါစာဗန်းကို တဒေါက်ဒေါက် ခေါက်ရင်း အမေသင်ပေးတဲ့အတိုင်း

“ အရှင်ကြီး အရှင်ကောင်းတို့အား ဆန်ဖြူထမင်းနဲ့ အမဲသားဟင်းဖြင့် ခေါစာများ ကျွေးပါတယ်ဘုရား၊ အပြစ်ရှိက ကျေတော်မူပါ၊ တပည့်တော်မ၏ သားလေးအား အမြန်နေကောင်းအောင် မတော်မူပါ ”

ဆိုတဲ့ စကားကို အထပ်ထပ် ရွတ်တယ်။ အမေက ခေါစာပစ်ပြီးတာနဲ့ မြန်မြန်ပြန်ခဲ့တဲ့။ ကလေးက တအီအီနဲ့ ထွေးစိန်ဆီ လက်ကလေး လှမ်းလို့…။ ဘယ်လိုလုပ် ချီအားပါ့မလဲ…။ အမေ့ရင်ခွင်ထဲက ကလေးကို တချက် ငုံ့နမ်းခဲ့ရတယ်။ မျက်နှာလေးက ပူတုန်းပဲ။ ဒါပေမယ့် မနက်ဖြန်ဆို သက်သာသွားမှာပါ။

အမေ့စကားကို နားမထောင်ဘဲ ခေါစာဗန်းနဲ့ မလှမ်းမကမ်းက အင်ရွက် ခြောက်တွေပေါ်မှာ ထွေးစိန်ထိုင်ချ ပစ်လိုက်တယ်။ ခုမှ မောလာတယ်။ တနေကုန် တနေခန်း သွားခဲ့ရတဲ့ ဗိုက်ထဲမှာ ရေပဲရှိတယ်။

အဲ အမျိုးတွေ ကျွေးတဲ့ ထန်းလျက် နှစ်လုံးရယ်ပေါ့။

ခေါစာဗန်းဘက်ကို ထွေးစိန် လှည့်ကြည့်တယ်။ ခေါစာထမင်းနဲ့ အမဲသားဟင်းပုံလေးတွေက ဒီအတိုင်းပဲရှိနေဆဲ။

“ အလို…ဘုရား…ဘုရား ချုံပုတ်တွေ နားဆီက ရိပ်ခနဲ အလိုလိုမြင်လိုက်ရသလား ”

ထွေးစိန် တကိုယ်လုံး ကြက်သီးတွေ တဖြန်းဖြန်း ထသွားတယ်။ ခေါစာကို စားဖို့ နတ်တွေ လာကြပြီလား။ နတ်တွေက တကယ် စားသလား။ အမေ ပြောဖူးတာ ထွေးစိန် မှတ်မိပါတယ်။ နတ်ဆိုတာ အငွေ့ပဲ စားတာတဲ့။ ထွေးစိန် ဒီဘက် ပြန်လှည့်လိုက်တယ်။ အမေကတော့ မျှော်နေတော့မှာပဲ။ ပြန်ရကောင်းမလား။ အို မပြန်သေးဘူး။ နတ်တွေ အငွေ့စားက သိပ်ကြာမှာ မဟုတ်ပါဘူး။ ချွတ်ချွတ်နဲ့ ချုံပုတ်လှုပ်ရှားသံတွေ…။ ထွေးစိန် လန့်ဖျပ်ပြီး ခုန်ထလိုက်တယ်။

ခေါစာဗန်းဆီ ကြည့်လိုက်တော့…ကြည့်စမ်း…ကြည့်စမ်း ထွေးစိန်ထက် အကြံဦးသူတွေ၊ လက်ထဲက ဝါးယောက်မကို ကျစ်ကျစ်ပါအောင်ဆုတ်ရင်း ထွေးစိန် တဟုန်ထိုး ပြေးတယ်။

ဝက်ကြီး၊ ဖိုးလုံး၊ သံခဲ၊ ဂေါက်တေးမ ကလေးတွေ ဝိုင်းနေတဲ့ ခေါစာဗန်းနားကို ထွေးစိန် ရောက်တာနဲ့ ကလေးတွေကို အတင်း တွန်းထိုးပစ်လိုက်တယ်။

“ ဟဲ့…ဖယ်စမ်း၊ ဖယ်စမ်း နင်တို့နော် နင်တို့နော် ”

ကလေးတွေက ထွေးစိန်ကို နည်းနည်းမှ အရေးမလုပ်ဘဲ ထမင်းဆုပ်တွေကို လုစားကြတော့ ထွေးစိန်တယောက် ကလေးတွေကို ဝါးယောက်မနဲ့ခုတ်ရင်း သူပါအတင်း လုစားပစ်လိုက်တယ်။

ထမင်း…ထမင်း၊ ဆန်ဖြူထမင်းနဲ့ အမဲသားဟင်းတလုပ်က ရေပဲရှိတဲ့ ဗိုက်ထဲကို အရသာရှိရှိခုန်ဝင်သွားကြတယ်။

“ ပေးဦးဟေ့…ငါ့ပေးဦး၊ သွား…သွား…သွားကြတော့ ကုန်ပြီ ဗန်းပဲ ကျန်တော့တယ် ”

အမေသာသိရင်တော့ ထွေးစိန်ကို ဝါးစိမ်းတုတ်နဲ့ ဆော်ပလော်တီး လိမ့်မယ်။ ပါးစပ်ထဲက ထမင်းလုတ်ကို အားရပါးရ ဝါးရင်း ထွေးစိန် ပြန်ပြေးခဲ့တယ်။ဝက်ကြီးတို့ ဖိုးလုံးတို့ ကလေးတသိုက်က ဆံပင်ဖို့ရို့ဖားရှား ထဘီရင်ရှားနဲ့ ထွေးစိန်နောက်က တဟေးဟေးနဲ့၊ တဲပေါက်ဝမှာ အမေထိုင်နေတယ်။ အမေ့ကို ကြောက်ကြောက်နဲ့ အမေ့ရင်ခွင်ထဲက သားလေးကို ပွေ့ယူလိုက်တယ်။

“ ဟယ် အမေ ခေါစာပစ်လိုက်တာ ကလေးကိုယ်အေးသွားပြီ ”

နွေးနွေးလေးပဲ ရှိနေတဲ့ ကလေးခန္ဓာကိုယ်ကို စမ်းသပ်ရင်း ဝမ်းသာအားရအော်တဲ့ ထွေးစိန်အသံ အဆုံးမှာ အော်သံနက်နက်ကြီးပေါ်လာတယ်။

“ ဟဲ့ အရူးမ အပေါမရဲ့ နင့်သား သေနေတာဟဲ့ သိရဲ့လား၊ နင့်သားသေပြီ မိထွေးစိန်ရဲ့ ”

ကျောက်ရုပ်တရုပ်လို ငြိမ်သက် တောင့်တင်းသွားတဲ့ ထွေးစိန်ရဲ့ မေးစေ့ပေါ်မှာတော့ ထမင်းစေ့ ဖြူဖြူလေးတွေက ဖိတ်စင်လို့…။

#နုနုရည်အင်းဝ
#ခေါစာ

#shared_by_louis_augustine
#sbla